အခန်း (၄၄၇-၄၄၈)
Vol. 42 Ch. 447-448
အခန်း (၄၄၇)။
“ဘယ်သူလဲ... ဒါကို ဘယ်သူလုပ်တာလဲ၊ တောက်... ကာစီကော…. ကာစီ ဘယ်မှာလဲ။ ဒီလောက်များတဲ့ ရဲရင့်တဲ့ စစ်သည်တော်တွေ သေကုန်ကြပြီ။”
ဟုန်ယွိ ‘ပုံရိပ်ယောင်တံခါး’ထဲသို့ အတင်း တိုးဝင်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင် တဲနန်းကြီးအတွင်းသို့ အလွန်အေးစက်သော လေပြင်းတစ်ချက် တိုးဝှေ့ဝင်ရောက်လာ သည်။ ထိုလေထဲတွင် ပိုးကောင်ပေါင်း သောင်းချီ တွားသွားနေသကဲ့သို့ တစီစီ အသံများ ထွက်ပေါ်နေပြီး လူတိုင်းကို ကြက်သီးမွှေးညင်း ထသွားစေသည်။
တစ်ချိန်တည်းမှာပင် လေနှင့်အတူ ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးကြီးကလည်း ပါလာခဲ့၏။
ထို့နောက် ထိုလေပြင်းသည် တဲ၏အလယ်ဗဟိုတွင် ဝဲကရက်တစ်ခုကဲ့သို့ လှည့်ပတ်သွား ပြီးနောက် အညိုရောင်ဝတ်ရုံဝတ် တာအိုကျင့်ကြံသူတစ်ဦး ပေါ်လာသည်။ ထိုသူသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း သူ၏ရုပ်ရည်မှာ တော်ဝင်ချန်နိုင်ငံနှင့် အနောက်ဘက်ဒေသတို့မှ ကပြားတစ်ဦးနှင့် တူလှသည်။ သူ၏ဆံပင်များမှာ နက်မှောင် နေပြီး နှာတံမှာ မြင့်မားကာ မျက်လုံးများမှာ အညိုရောင် ဖြစ်၏။ သူ၏နက်မှောင်သော မျက်ဝန်းအိမ်ထဲတွင်မူ လူတစ်ဦးကို အချိန်မရွေး ခုန်အုပ်ကိုက်သတ်ရန် အသင့်ပြင်နေသည့် အလွန်ရက်စက်ပြီး အဆိပ်ပြင်းလှသည့် ကင်းခြေများတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ပင်။
“ပညာရှင်ပဲ…၊ စခန်းကို လာရောက်တိုက်တဲ့လူက တကယ့်ကို ထိပ်တန်းပညာရှင်ပဲ။ ငါ... ‘ကင်းခြေများသခင်’ တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”
မိမိကိုယ်ကိုယ် ‘ကင်းခြေများသခင်’ ဟု ခေါ်ဆိုသော ထိုကပြားတာအိုကျင့်ကြံသူသည် တဲအတွင်း ပြန့်ကျဲနေသော အလောင်းများကို မြင်လျှင်မြင်ချင်း ပထမဆုံး ထိတ်လန့်သွား ပြီးနောက် မျက်နှာမှာ လေးနက်တည်ကြည်သွားတော့သည်။
ရှုး... ရှုး... ရှုး...
သူ တုန်လှုပ်နေစဉ်မှာပင် နောက်ထပ် လေပြင်းအချို့ တိုးဝှေ့ဝင်ရောက်လာပြီး လူငါးဦး ပေါ်လာသည်။ ထိုငါးဦးစလုံးမှာ ဝတ်စားဆင်ယင်ပုံ မတူကြပေ။ အချို့မှာ အနောက်ဘက် ဒေသသားများ ဖြစ်ကြပြီး အချို့မှာမူ အလယ်ပိုင်းဒေသ ပြည်နယ်များမှ ဖြစ်ကြသည်။ သူတို့ ဘယ်ကလာသလဲဆိုသည်ကို မသိနိုင်သော်လည်း သူတို့၏ ကျင့်စဉ်အခြေခံများမှာ မနိမ့်ကြောင်း ထင်ရှားနေသည်။
“ကောင်းကင်ကင်းခြေများသခင်... မင်း ဝင်လာတုန်းက ဘာသဲလွန်စများ တွေ့ခဲ့သေးလဲ။”
ထိုငါးဦးအနက်မှ အရိုးပေါ်အရေတင်ဖြစ်နေသော အရပ်ရှည်ရှည် လူပိန်တစ်ဦးက မေးလိုက်သည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အပေါ်၌ လူဦးခေါင်းခွံတစ်ခု တပ်ဆင်ထားသည့် ‘ဖြူဆွတ်သော အရိုးတောင်ဝှေး’ တစ်ခုကို ကိုင်ဆောင်ထားသည်။ သူသည် အနောက်ဘက်ဒေသမှ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“သခင်မိုနီ ... ကျွန်တော် ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ခုနက ကြယ်တာရာစွမ်းအား တွေရဲ့ ပြင်းထန်တဲ့ တုန်ခါမှုကတော့ စစ်သေနာပတိရဲ့ တဲနန်းကနေ ထွက်ပေါ်လာတာပါ။ ဘာတွေများ ဖြစ်ခဲ့တာလဲ ခင်ဗျာ” ကင်းခြေများသခင်သည် အောက်လက်ငယ်သားတစ်ဦး က အထက်လူကြီးအား ပြုမူသည့် အနောက်ဘက်ဒေသ အမူအရာဖြင့် အရိုအသေပေးကာ ပြန်ဖြေလိုက်သည်။
ဤအရပ်ရှည်ရှည် ပိန်ပိန်နှင့် ‘ဝိညာဉ်ဖြူခေါ်သူတစ်ဦးနှင့် တူလှသော ထိုအနောက်ဘက် ဒေသ ကျင့်ကြံသူ၏ ရာထူးအဆင့်အတန်းမှာ အလွန်မြင့်မားပုံရသည်။
“ဒါက အနှစ်သာရနှင့်သွေးစုစည်းမှုကျမ်းရဲ့ သိုင်းတာအိုအခန်းမှာပါတဲ့ လျှို့ဝှက်မှတ်တမ်း တွေအရဆို, ဒါဟာ သိုင်းသူတော်စင် တစ်ယောက် လူသားအင်မော်တယ်အဆင့်ကို ချိုးဖျက်တဲ့အခါမှာပဲ ဖြစ်ပေါ်လာတတ်တဲ့ နက္ခတ်ကြယ်တာရာတွေရဲ့ ဖြစ်ရပ်ဆန်း ဖြစ်စဉ်ပဲ။ ငါတောင် အခုနက သတိမထားမိခင်မှာ အံ့ဩသွားခဲ့သေတယ်။ ကာစီ တစ်ယောက် အဆင့်တက်သွားပြီလို့တောင် ငါ ထင်နေတာ။”
ထိုသခင်မိုနီသည် သူ၏ အရိုးတောင်ဝှေးကို ဝှေ့ယမ်းလိုက်ပြီး သူ့မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းအောင် လင်းလက်သွားခဲ့သည်။
“ကြည့်ရတာ သခင်ကာစီတော့ တစ်ခုခုဖြစ်သွားပြီ ထင်တယ်။ ကာစီက ဒီဘဝမှာ သခင်ခန်းရဲ့ ညီအရင်းလေ။ တကယ်လို့ သူ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်တို့တော့...” ကင်းခြေများသခင်၏ မျက်နှာတွင် စိုးရိမ်သော အမူအရာ ပေါ်လာသည်။
“ရန်သူက အလွန်အစွမ်းထက်လွန်းတယ်။ သခင်ခန်းက ငါတို့ကို သိပ်ပြီး အပြစ်တင်မှာ မဟုတ်ပါဘူး။ ငါက အင်ပါယာရဲ့ ‘မဟာမှော်တပ်မတော်’ ရဲ့ ဒု - စစ်ဗိုလ်ချုပ်တစ်ဦး အနေနဲ့ ငါ့ရဲ့အဓိက တာဝန်က တော်ဝင်ချန်ဧကရာဇ် မိသားစုရဲ့ လျှို့ဝှက်တပ်ဖွဲ့ဖြစ်တဲ့ ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ ကို ခြေမှုန်းဖို့ပဲ။ ကာစီကို ကာကွယ်ပေးဖို့ဆိုတာက ဒုတိယ တာဝန်ပဲ ရှိတာ။ ဒါက သခင်ခန်း ကိုယ်တိုင် အမိန့်ပေးထားတာပဲ။ အခုချိန်မှာ သခင်ခန်း ကိုယ်တိုင်ကလည်း တော်ဝင်ချန်ဧကရာဇ် မိသားစုရဲ့ ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ ရဲ့ ခေါင်းဆောင်၊ လျှို့ဝှက်ဆန်းပြားပြီး ခန့်မှန်းရခက်တဲ့ ‘ချူ’နဲ့ သွားရောက် တိုက်ခိုက်နေ ပြီလေ။” (စကြဝဠာနဂါးအစောင့်တပ်နှင့် တူမတူ မသိရသေးပါ။ ပါသည့်အတိုင်း ပြန်ဆိုပါ သည်။)
မိုနီသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် တဲ၏နောက်ကွယ်ရှိ ဧရာမ ‘ပုံရိပ်ယောင် တံခါး’ ကြီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ကာစီရဲ့ ကိစ္စကို ငါ အထက်လူ ကြီးတွေဆီ တင်ပြပေးပါ့မယ်။ သိပ်ပြီး မထိတ်လန့်ကြနဲ့။”
“ရန်သူက ‘ပုံရိပ်ယောင်တံခါး’ ထဲကို ဝင်သွားတာလား။ ဒါမှမဟုတ် ရန်သူက အစွမ်းထက် လွန်းလို့ သခင်ကာစီပဲ ‘ပုံရိပ်ယောင်တံခါး’ ထဲကို ဝင်ပြေးသွားတာလား” ကင်းခြေများ သခင်သည် ထိုပုံရိပ်ယောင်တံခါးကို ကြောက်ရွံ့စရာကောင်းသည့် အရာတစ်ခုအဖြစ် ကြည့်လိုက်သည်။
“ဒီ ‘ပုံရိပ်ယောင်တံခါး’ ဆိုတာ ရှေးဟောင်း ရာရှိုမွန်တံခါးရဲ့ ကိုယ်ပွားတစ်ခုပဲ။ အဲဒါက ဘယ်ဆီကို ဦးတည်နေသလဲ ငါလည်း မသိဘူး။ ဒါက အမြင့်မြတ်ဆုံး မူလဝိညာဉ် နတ်ဘုရားရဲ့ နယ်မြေပဲ။ သခင်ကာစီက ရန်သူ့လက်ကနေ လွတ်အောင် ‘ပုံရိပ်ယောင် တံခါး’ ထဲကို ဝင်သွားခဲ့ပြီဆိုရင်တော့ ဒါက ငါတို့ တာဝန်မဟုတ်တော့ဘူး။ ဒီနေရာကို ဘာမှ မထိခိုက်အောင် သေချာစောင့်ကြပ်ထားကြ။ ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။ စစ်တပ်အတွင်းမှာ မငြိမ်မသက် မဖြစ်ရအောင် ဒါကို လျှို့ဝှက်ထားရမယ်။ ငါ ဒါကို အင်ပါယာရဲ့ အထက်လူကြီးတွေဆီ တိတ်တိတ်လေး တင်ပြပြီး သူတို့ရဲ့ ဆုံးဖြတ် ချက်ကို စောင့်မယ်။” (ရှေးဟောင်း လျှိုရှန်တံခါးအစား ရှေးဟောင်းရာရှိုမွန်တံခါးဟု ပြန်ဆိုပါမည်)။
မိုနီက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ခင်ဗျာ။”
ထိုနေရာရှိ တာအိုပညာရှင်များ အားလုံးက ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။
“တော်ဝင်ချန်ဧကရာဇ် ရဲ့ ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ ဟုတ်လား။”
ထိုအခိုက်အတန့်တွင် သူတို့ ပြောသမျှ စကားအားလုံး တစ်လုံးမကျန် ဟုန်ယွိ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ ဟုန်ယွိကို အံ့အားသင့်စေသည်မှာ ခုနက ဝင်လာသည့် မိုနီနှင့် ကောင်းကင်ကင်းခြေများသခင်တို့မှာ အတွေ့အကြုံရင့်ကျက်သည့် တစ္ဆေအင်မော်တယ် များ ဖြစ်နေခြင်းပင်။ သူတို့သည် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်ရသေးသော်လည်း တာအိုပညာရပ်များမှာ သေချာပေါက် နက်ရှိုင်းနေပြီ။ သူတို့တစ်ဦးချင်းစီမှ ထွက်ပေါ်နေ သော ရက်စက်သော အငွေ့အသက်များမှာ ‘ရွှေပင့်ကူဘုရင်’နှင့်ပင် အဆင့်တူမယောင် ရှိနေသည်။
ဤကဲ့သို့သော တစ္ဆေအင်မော်တယ် အုပ်စုမျိုးမှာ ဤကမ္ဘာလောကကို တုန်လှုပ်စေနိုင် သည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်သင့်သော်လည်း ယခုမူ သူတို့သည် ‘မဟာမှော်တပ်မတော်’ အဖြစ် ဖွဲ့စည်းထားကာ တော်ဝင်ချန်အင်ပါယာ၏ ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ ကို ရင်ဆိုင်နေကြခြင်း ဖြစ်သည်။
ဟုန်ယွိသည် ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ ဆိုသည့် အမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သူ သိထားသည်မှာ ဧကရာဇ်သင်္ချိုင်းတော်ကို စောင့်ကြပ်သော တော်ဝင်ချန်ဧကရာဇ် မိသားစု၏ လျှို့ဝှက်တပ်ဖွဲ့ ‘စကြာဝဠာနဂါးစောင့်တပ်’မှာ အနိမ့်ဆုံး ‘မဟာဆရာသခင်’ အဆင့်ရှိ သိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။
ထို ‘စကြာဝဠာနဂါးစောင့်တပ်’ ၏ စစ်သေနာပတိမှာ ‘ဆေဘာသူတော်စင်’ ဂွန်ယန်ယု ဖြစ်သည်။
သို့သော် ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ ၏ ခေါင်းဆောင်၊ သခင်မိုနီ ခုနက ပြောသွားသည့် ‘ချူ’ ဆိုသူနှင့် ပတ်သက်၍မူ ဟုန်ယွိတွင် သူ့ခေါင်းထဲတွင် မည်သည့် အမှတ်သညာမျှ မရှိပေ။ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း မှတ်တမ်းလည်း မရှိပေ။
“ကြည့်ရတာ ‘ဆေဘာသူတော်စင်’ ဂွန်ယန်ယု အပြင် တော်ဝင်ချန်ဧကရာဇ် မိသားစုမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေသေးတာပဲ။ လျှို့ဝှက်ချက်တွေက များလွန်းမနေဘူးလား” ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်မိသည် “အဲဒီချူဆိုတဲ့ လူရဲ့ တာအိုကျင့်စဉ်က ဘယ်လိုမျိုး လဲဆိုတာ သိချင်မိသား။ တော်ဝင်ချန်ဧကရာဇ်ရဲ့ လျှို့ဝှက်တပ်ဖြစ်တဲ့ ‘စကြာဝဠာနဂါး စောင့်တပ်’ ကတော့ သိုင်းပညာကိုပဲ ကျင့်ကြံကြတာ။ ဒီ ‘ဖန်ဆင်းခြင်းအရိပ်စောင့်တပ်’ က တာအိုကျင့်စဉ်တွေကိုပဲ ကျင့်ကြံကြတာ ဖြစ်ရမယ်။”
ထိုအချိန်တွင် ဟုန်ယွိသည် ရှေးဟောင်း ရာရှိုမွန်၏ ကိုယ်ပွားဟုဆိုသော ‘ပုံရိပ်ယောင် တံခါး’ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
‘ပုံရိပ်ယောင်တံခါး’ အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ယွိသည် ပြင်းထန်လှသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အတွေးစများနှင့် သူ၏ ခန္ဓာကိုယ်ကိုပါ ပုံဖျက်ပစ်ရန် ကြိုးပမ်းနေသည့် လက်တံအချို့ကို ခံစားနေရသည်။
ပြင်းထန်လှသော တုန်ခါမှုများ၊ ဆူညံသံများနှင့် ရှုပ်ထွေးလှသော လေစီးကြောင်းများမှာ အဆက်မပြတ် လည်ပတ်နေကြသည်။
သူသည် ပင်လယ်ထဲရှိ ရေဝဲတစ်ခုအတွင်းသို့ ကျသွားသော ရေနစ်သူတစ်ဦးကဲ့သို့ မည်သည့် အရာကိုမျှ မမြင်ရ၊ မကြားရတော့ပေ။ သူ၏စိတ်ထဲတွင် အဆုံးမဲ့ မျှော်လင့်ချက် ကင်းမဲ့မှုနှင့်အတူ မိစ္ဆာဝိညာဉ်များရှိရာ ငရဲဘုံ သို့မဟုတ် အရည်ပျော်နေသော ကန့်ဓာတ် များကဲ့သို့ အမျိုးမျိုးသော ကြောက်မက်ဖွယ် မြင်ကွင်းများမှာ သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာပြီး၊ သူသည် တကယ်ပင် ထိုနေရာသို့ ရောက်နေသကဲ့သို့ ခံစားရစေကာ ရုန်းထွက် ၍ မရနိုင်အောင် ဖြစ်နေသည်။
သို့သော် ဟုန်ယွိ၏ ကျင့်စဉ်အဆင့်မှာ အလွန်နက်နဲလှသည်။ သူသည် ‘လူသားအင်မော် တယ်’လမ်းစဉ်ကို နားလည်သဘောပေါက်ထားပြီး၊ သူ့ကိုယ်ပိုင် နားလည်မှုဖြစ်သော ‘ကောင်းကင်၊ မြေပြင်၊ လေနှင့် မိုးကြိုး’၊ ‘လူကြီးလူကောင်းတစ်ဦး၏ ကိုယ်ကျင့်သီလ လေးပါး’ တို့ဖြင့် သူသည် ‘ပါရမီတံတား’ (တဖက်ကမ်းသို့ ကူးခတ်မည့်တံတား) ကို တည်ဆောက်ခဲ့သည်။ ထိုတံတားမှာ မပြည့်စုံသေးသလို သူ၏ သိုင်းဆန္ဒမှာ အားနည်းနေ သေးသော်လည်း၊ ၎င်း၏ ကြီးကျယ်လှသော စိတ်ဆန္ဒနှင့် အရှိန်အဝါမှာ မည်သည့် ပုံရပ်ယောင် မှော်ပညာရပ်မျိုးကိုမဆို တွန်းလှန်ရန် လုံလောက်သည်။
မည်သည့် တာအိုမှော်ပညာကိုမျှ အသုံးမပြုဘဲ ဟုန်ယွိသည် သူ ယခုလေးတင် ဆင်ခြင်း နားလည်ထားသော သူ၏သိုင်းဆန္ဒကို ထုတ်လွှတ်လိုက်သည်။ တစ်ခဏချင်းမှာပင် စုတ်ပြဲသွားသောအသံများ ပေါ်ထွက်လာပြီး သူ၏ရှေ့ရှိ ပုံရိပ်ယောင် မြင်ကွင်းများမှာ လွင့်စင်သွားတော့သည်။ ဖရိုဖရဲ ရှုပ်ထွေးနေသော မြူခိုးများကို မမြင်ရသော ရွှေရောင် တံတားကြီးက ရှင်းထုတ်ပစ်လိုက်သဖြင့် အစစ်အမှန် မြင်ကွင်း ပေါ်ထွက်လာခဲ့သည်။
“ဖရိုဖရဲတွေကြားမှာ ကြည်လင်တဲ့ စွမ်းအင်တွေက အထက်ကို တဟုန်ထိုး ဆန်တက်ပြီး ကောင်းကင်ဖြစ်လာတယ်၊ နောက်ပြီး ညစ်ထေးတဲ့စွမ်းအင်တွေက အောက်ကိုဆင်းပြီး မြေကြီး ဖြစ်လာတယ်။ ဒါဟာ အလယ်အလတ်အဆင့် ကမ္ဘာတစ်ခုကို ဖန်တီးထားတာများ လား။”
သူ၏ ‘ပါရမီတံတား’ ကြောင့် ဖရိုဖရဲဖြစ်နေသော စွမ်းအားများမှာ လှုပ်ခါသွားပြီး၊ အချို့က အထက်သို့တက်၊ အချို့က အောက်သို့ဆင်းနေသည်ကို မြင်သောအခါ ဟုန်ယွိသည် သူကိုယ်တိုင် ကောင်းကင်နှင့်မြေကြီးကို ဖန်တီးနေသည့်အလား ကြည်လင်မူနှင့် ညစ်ထေးမူ ကွဲပြားခြင်းဆိုသည့် သဘောတရားကို သူ့စိတ်ထဲတွင် ချက်ချင်း ခံစားလိုက်ရ သည်။
ယခုအခါ ဟုန်ယွိသည် သူ၏သိုင်းဆန္ဒကို ‘လူသားအင်မော်တယ်’ အဆင့်အထိ ကျင့်ကြံ ထားသဖြင့် မိုင်ပေါင်းများစွာသော ဧရိယာအထိ ထိုစွမ်းအားကို အပြည့်အဝ ထုတ်လွှတ် နိုင်ပေသည်။
သူ၏ ရှေ့မှောက် မိုင်ပေါင်းများစွာအတွင်းရှိ ဖရိုဖရဲ စွမ်းအားများနှင့် အဆုံးမရှိသော ပုံရိပ်ယောင် မြင်ကွင်းများ ကွယ်ပျောက်သွားပြီးနောက် ဟုန်ယွိသည် အစစ်အမှန် မြင်ကွင်းကို မြင်လိုက်ရသည်။
မိုင်ပေါင်းများစွာ အကွာအဝေးရှိ ဖရိုဖရဲစွမ်းအင်များ အကြားတွင် ဧရာမ ခံတပ်ကြီးများ တစ်ခုပြီးတစ်ခု မှိန်ပျပျ ပေါ်လာသည်။ ထိုခံတပ်များမှာ အနောက်ဘက်ဒေသ၏ ဟန်ပန် အတိုင်း ဖြစ်ပြီး ခံတပ်များမှ ဂျုံနှင့် စပါးနံ့များမှာ သင်းပျံ့နေသဖြင့် ဟုန်ယွိသည် ‘ကျီ’ စားနပ်ရိက္ခာကျီ) ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ သည်။
သံသယဖြစ်စရာမလိုပေ။ အဝေးမှ မြူခိုးများဖုံးလွှမ်းနေသော ထိုနေရာမှာ စားနပ်ရိက္ခာ ကျီပင် ဖြစ်၏။
ထို့အပြင် ထိုဧရာမ ခံတပ်များနှင့် ရိက္ခာကျီများ၏ အလယ်တွင် ကြည်လင်သော ရေများရှိ သည့် ဧရာမ ရေကန်ကြီးတစ်ကန်လည်း ရှိနေသည်။
ဟုန်ယွိသည် အဝေးမှ တန်းစီနေသော ခံတပ်များကို ကြည့်လိုက်သည်။ သူသည် ခြေတစ် လှမ်း လှမ်းလိုက်ပြီး ထိုဖရိုဖရဲ နယ်မြေအတွင်းမှ ထွက်ခွာလိုက်သည်။
ဝုန်း….
လေတိုးသံတစ်ချက် ကြားလိုက်ရပြီးနောက် ဖရိုဖရဲစွမ်းအင်များ အားလုံး ပျောက်ကွယ် သွားသည်။
ဟုန်ယွိသည် ချက်ချင်းပင် လန်းဆန်းမှုကို ခံစားလိုက်ရပြီး အစစ်အမှန် ကမ္ဘာအတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
ထိုခြေလှမ်းနှင့်အတူ ဟုန်ယွိ၏ ခြေထောက်များသည် မြေပြင်သို့ ထိတွေ့သွားသည်။ သူသည် မြေကြီးကို ကြည့်လိုက်သောအခါ မွှေးရနံ့ရှိသော မြေဆီလွှာကို တွေ့လိုက်ရပြီး ဖရိုဖရဲစွမ်းအင် အရောင်အသွေးများ မရှိတော့ပေ။
ရှင်းလင်းလှသည်မှာ သူ ခုနက ဖြတ်သန်းခဲ့သော ပုံရိပ်ယောင် တံခါးမှာ ကမ္ဘာတစ်ခု မဟုတ်ပေ။ ထိုတံတားကို ဖြတ်ကျော်ပြီးနောက် တခြားတစ်နေရာသို့ ရောက်ရှိလာခြင်း သာ ဖြစ်၏။
ပုံရိပ်ယောင် တံခါးဆိုသည်မှာ တံတားတစ်ခုသာ ဖြစ်ပြီး ရှေးဟောင်း ရာရှိုမွန်တံခါး၏ ကိုယ်ထည်အစစ် မဟုတ်ပေ။
အကယ်၍ ရှေးဟောင်း ရာရှိုမွန်တံခါးကို တာအိုကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်မည်ဆိုပါက ထိုပုံရိပ်ယောင်တံခါးမှာ သူ အပြင်ဘက်တွင် ချန်ထားရစ်ခဲ့သည့် အတွေးစတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဤနေရာမှာ ‘ဟွာလျှိုအင်ပါယာ’၏ စားနပ်ရိက္ခာများ သိုလှောင်ထားရာ အနောက်ဘက် ဒေသ၏ ဗဟိုချက်မပင် ဖြစ်သည်။
ဤသည်မှာ ဧရာမ မြို့ကြီးတစ်မြို့ ဖြစ်၏။ မြို့အတွင်း၌ ခံတပ်ကြီးများ အဆက်မပြတ် ရှိနေပြီး အားလုံးမှာ စားနပ်ရိက္ခာများဖြင့် ပြည့်နှက်နေသည်။ ဟုန်ယွိသည် လေထဲမှ အနံ့ကို ရှူရှိုက်ကြည့်ရုံဖြင့် ဤနေရာတွင် စားနပ်ရိက္ခာ တန်ချိန် သန်းပေါင်းဆယ်ချီ သို့မဟုတ် သန်းပေါင်းရာချီ၍ပင် ရှိနိုင်ကြောင်း သိလိုက်ရသည်။
“လခွမ်း... ဒီပုံရိပ်ယောင်တံခါးက ဟွာလျှိုနိုင်ငံရဲ့ လျှို့ဝှက်ရိက္ခာကျီတွေဆီကို ဦးတည်နေ တာပါလား။ ဒါပေမဲ့ ဒီပုံရိပ်ယောင်တံခါးက အရမ်းအစွမ်းထက်လွန်းတယ်။ ဖြတ်သန်းသွား တဲ့အချိန်မှာ အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်တောင် အဲဒီထဲမှာ ပိတ်မိ သွားနိုင်ပြီး လွတ်အောင်ထွက်ဖို့ ခက်လိမ့်မယ်။ ရိက္ခာသယ်တဲ့ စစ်သားတွေက ဘယ်လို လုပ် လွတ်အောင်ထွက်ခဲ့ကြတာလဲ။ ဒါမှမဟုတ် စွမ်းအင်နဲ့ နတ်ဘုရားစွမ်းအား ပေးသနား ခံထားရသူတွေပဲ ဘေးကင်းကင်းနဲ့ ဖြတ်လာနိုင်တာလား။ ဒါပေမဲ့ ဒီကာစီမှာ ဘာစွမ်းအင် ဘာနတ်ဘုရားတန်ခိုးမှလည်း မရှိပါဘူး...။”
ဟုန်ယွိသည် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏ နောက်ကွယ်တွင် ဧရာမ အကာအကွယ် အစီအရင်ကြီး တစ်ခုရှိနေပြီး ထိုအစီအရင် ၏ အပေါ်တွင် နောက်ထပ် ပုံရိပ်ယောင်တံခါးတစ်ခု ရှိနေသည်။ ၎င်းမှာ အလွန်မြင့်မား ကြီးမားလှပြီး အတွင်းပိုင်းမှာတော့ ဖရိုဖရဲ စွမ်းအင်များဖြင့်သာ ပြည့်နေခဲ့သည်။ ၎င်းတံခါး မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိနိုင်ပေ။
သူ အရာအားလုံးကို နားလည်သွားပြီ။
သူသည် အနောက်ဘက်ဒေသ နယ်စပ်ရှိ ကာစီ၏ စစ်သေနာပတိတဲနန်းမှ ပုံရိပ်ယောင် တံခါးကို ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။ ပုံရိပ်ယောင်အတားဆီးများကို အောင်မြင်စွာ ခုခံနိုင် ပြီးနောက် သူသည် ဟွာလျှိုနိုင်ငံ၏ အရေးအကြီးဆုံး စားနပ်ရိက္ခာ သိုလှောင်စခန်းသို့ ရောက်ရှိလာခြင်း ဖြစ်၏။
ဟုန်ယွိ သိသည်မှာ ဤနေရာသည် ဟွာလျိုနိုင်ငံ၏ ဗဟိုချက်မသို့ ရောက်ရှိနေခြင်းပင်။
တံခါးတစ်ခုကို ဖြတ်ကျော်ရုံဖြင့် တခြားသတ်မှတ်ထားသော နေရာတစ်ခုသို့ ရောက်ရှိနိုင် ခြင်း၊ ဤကဲ့သို့သော မှော်စွမ်းအားမျိုးမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ခြင်းထက်ပင် ကျော်လွန်နေပြီ ဖြစ်ကာ ပို၍ပင် အစွမ်းထက်လှပေသည်။ ဟုန်ယွိသည် ဤကဲ့သို့သော နယ်ပယ်မျိုးကို တစ်ခါမှ မကြားဖူးခဲ့သလို မြင်လည်း မမြင်ဖူးခဲ့ပေ။
“ဟွန့်…၊ ဒီစစ်သားတွေက ဒီမှာ စောင့်နေကြတာလား။ သူတို့က ငါ့ကို ရှာတွေ့နိုင်မယ်လို့ ထင်နေတာလား”
ဟုန်ယွိသည် ပုံရိယောင်တံခါးအတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မီးတုတ်များကို ကိုင်ဆောင်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသော မြင်းတပ်အုပ်စုတစ်စုကို တွေ့လိုက်ရ သည်။ သူတို့သည် ထိုတံခါးကို သေချာစွာ စောင့်ကြပ်နေကြသည့်ပုံပင်။
အဝေးတစ်နေရာတွင်လည်း ဤကဲ့သို့သော တံခါးပေါင်း ရာနှင့်ချီ၍ ရှိနေသည်။ စစ်သားများသည် လှည်းများကို တွန်းကာ ခံတပ်များအတွင်းမှ စားနပ်ရိက္ခာများကို ပုံရိပ်ယောင် တံခါးအတွင်းသို့ ပစ်ထည့်နေကြပြီး အထူးမြင်းတပ်သားများကလည်း ထိုတံခါးများကို စောင့်ကြပ်နေကြသည်။
သို့သော် ဟုန်ယွိ ထွက်လာသည့်အခါ ထိုမြင်းတပ်သားများမှာ မျက်စိကွယ်နေသကဲ့သို့ပင်။ သူတို့သည် ဟုန်ယွိကို လုံးဝ မမြင်ကြပေ။ အကြောင်းမှာ ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် ‘လေဟာနယ်ပုံရိပ်ယောင်ကမ္ဘာ’ကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ သာမန်စစ်သားများက သူ့ကို မည်သို့ မြင်နိုင်ပါမည်နည်း။
“ဒါက ဟွာလျှိုနိုင်ငံရဲ့ အကြီးဆုံး စားနပ်ရိက္ခာ သိုလှောင်စခန်းပဲ။ ဒါပေမဲ့ ကံမကောင်းတာ က ငါတို့ လာချင်တဲ့ နေရာက ဒါမဟုတ်ဘူး။”
ဆန်းဝေဝေသည် သူမရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည် “ဒါပေမဲ့ ငါတို့ ‘ပုံရိပ်ယောင် တံခါး’ ထဲ နောက်တစ်ခါ ပြန်ဝင်ပြီး ရှေးဟောင်း ရာရှိုမွန်ရဲ့ ကိုယ်ထည်အစစ်ကို ရှာလို့ရပါ တယ်။ ဒါပေမဲ့ ဟုန်ယွိ... မင်းရဲ့ မှော်စွမ်းအားနဲ့ဆိုရင် ဒီနေရာကို မီးတင်ရှို့ပြီး ရိက္ခာ အားလုံးကို ဖျက်ဆီးပစ်လိုက်ရင် အနောက်ဘက်ဒေသရဲ့ စစ်တပ်က အလိုလို ပြိုကွဲသွား မှာပဲ။”
“မြို့ကို ဖျက်ဆီးပြီး ရိက္ခာတွေကို မီးရှို့မယ် ဟုတ်လား။” ဟုန်ယွိ မျက်မှောင်ကြုတ်လိုက်မိ သည် “ဒီမှာ ရိက္ခာတွေက အများကြီးပဲ။ ဒါတွေကို စိုက်ပျိုးဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရမလဲဆိုတာ မသိနိုင်ဘူး။ ဒါတွေကို ဖျက်ဆီးပစ်လိုက်တာက သဘာဝ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်လိုက်တာပဲ။ ငါ့အမြင်အရတော့ ရာရှိုမွန်ရဲ့ ကိုယ်ထည် အစစ်ကို သိမ်းပိုက်လိုက်တာက ပိုကောင်းလိမ့်မယ်။ တကယ်လို့ ဒီရိက္ခာတွေကို အလယ်ပိုင်းဒေသဆီ သယ်သွားနိုင်ရင် လူပေါင်း ဘယ်လောက်တောင် ဗိုက်ဝသွားမလဲ မသိဘူး။ ဒီအတိုင်း ဖျက်ဆီးပစ်လိုက်ရတာကတော့ နှမြောစရာကြီးပဲ။”
စကားပြောရင်းနှင့်ပင် ဟုန်ယွိသည် ဆန်းဝေဝေကို ခေါ်ဆောင်ကာ သူ၏ နောက်ကွယ်ရှိ ပုံရိပ်ယောင်တံခါးအတွင်းသို့ ပြန်လည် ဝင်ရောက်လိုက်ပြန်သည်။
အဆုံးမရှိသော ပုံရိပ်ယောင် လှည့်စားမှုများက ဟုန်ယွိအား နောက်တစ်ကြိမ် လွှမ်းခြုံ လာပြန်သည်။
သို့သော် ဟုန်ယွိမှာမူ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ အေးဆေးတည်ငြိမ်စွာပင် လမ်းလျှောက်နေသည်။
အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက် ဟုန်ယွိသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ အငွေ့အသက် အားလုံးကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ၏ အတွေးစအများစုကို သိုင်းဆန္ဒနှင့် ပေါင်းစပ်လိုက်ပြီး ရွှေရောင်တံတားလေးများအဖြစ် ပြောင်းလဲကာ ပုံရိပ်ယောင်နယ်မြေအတွင်း အရပ်မျက်နှာ အသီးသီးသို့ စူးစမ်းရှာဖွေရန် စေလွှတ်လိုက်တော့သည်။
“တွေ့ပြီ…၊ ဒါက ပုံရိပ်ယောင်တံခါးရဲ့ မူလအငွေ့အသက်ပဲ။ ဒီပုံရိပ်ယောင် နယ်မြေကို ဖြတ်ကျော်ပြီးသွားရင် ငါတို့ ရှေးဟောင်း ရာရှိုမွန်ရဲ့ ကိုယ်ထည်အစစ်ရှိတဲ့ နေရာကို ရောက်မှာ သေချာတယ်။ ငါသာ ‘ပါရမီတံတား’ အကြောင်းကို နားမလည်ခဲ့ရင် ဒါကို ဒီလောက် အလွယ်တကူ ရှာတွေ့မှာ မဟုတ်ဘူး။”
ရုတ်တရက်ပင် အရပ်မျက်နှာအသီးသီးသို့ သွားလာနေသော သူ၏ အတွေးစများမှာ ထူးခြားပြင်းထန်လှသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ဟုန်ယွိက အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ အတွေးစများကို ပြန်လည်ရုပ်သိမ်းကာ ဦးတည်ချက် တစ်ခုဆီသို့ ရုတ်တရက် ခုန်ဝင်လိုက်တော့သည်။
ဘုန်း။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
ဟုန်ယွိသည် နောက်ထပ် ပုံရိပ်ယောင်တံခါး တစ်ခုအတွင်းမှ ထွက်လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ မြေပြင်ပေါ်တွင် အလွန်တရာ အဖိုးတန်လှပြီး ခမ်းနားထည်ဝါသော ကော်ဇောကြီးတစ်ခု ခင်းထားပြီး ၎င်းမှာ ရွှေရောင်မျောက်ဝံတစ်မျိုး၏ အမွှေးအမျှင်များ ဖြင့် ပြုလုပ်ထားပုံရသည်။
မှတ်တမ်းများအရ အနောက်ဘက်ဒေသ ဟွာလျှိုနိုင်ငံ၏ နန်းတော်အတွင်းရှိ ကော်ဇောကို ရွှေရောင်မျောက်ဝံ၏ အမွှေးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဟုန်ယွိသည် ထိုပုံရိပ်ယောင် တံခါးအတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထူးခြား ပြင်းထန်လှသော အငွေ့အသက်အချို့ သူ့အထံသို့ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရ သည်။
ထိုအငွေ့အသက်များမှာ အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ် ဘုန်းတော် ကြီးနှင့် ကျိုးထိုက်ကျူတို့နှင့်ပင် အဆင့်ချင်း တူမယောင် ရှိနေသည်။ ရည်မှန်းချက်ကြီးမား ပြီး ရက်စက်ကြမ်းကြုတ်လှသော ဘီလူးကြီးအချို့မှာ သူတို့၏ ရှေ့တည့်တည့်တွင်ပင် ရှိနေကြတော့သည်။
အခန်း (၄၄၈)။
ဟုန်ယွိသည် ‘ပုံရိပ်ယောင်တံခါး’ အတွင်းမှ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော အငွေ့အသက်အချို့ကို ခံစားလိုက်ရသည်။ ထိုအငွေ့အသက်များမှာ ကြည်လင်သော မိုးကောင်းကင်ထက်မှ နေမင်းကဲ့သို့၊ ကျယ်ပြောလှသော သမုဒ္ဒရာထဲမှ ရွှေရောင်သဲပွင့်များကဲ့သို့ အဆုံးမရှိသလို အတိုင်းအဆလည်း မရှိပေ။
တစ်ချိန်တည်းမှာပင် လူအချို့၏ မျက်နှာများသည် သူ၏မျက်ဝန်းထဲတွင် ထင်ဟပ်လာခဲ့ သည်။
ထိုသူများအနက် လူလေးဦးမှာ ဦးခေါင်းထက်တွင် သရဖူများကို ဆောင်းထားကြ၏။
အလယ်ဗဟိုတွင် ထိုင်နေသောသူမှာ ပလက်တီနမ်သရဖူကို ဆောင်းထားပြီး လက်ထဲတွင် ရာဇလှံတံကို ကိုင်ဆောင်ကာ ပလက်တီနမ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာကို ထူထဲသော မျက်နှာဖုံးပုဝါဖြင့် ဖုံးအုပ်ထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း လုံးဝမမြင်ရ ပေ။ သို့သော် ဟုန်ယွိအတွက် ထိုသူမှာ အလွန်ရင်းနှီးနေသကဲ့သို့ ပထမဆုံး အာရုံခံစား လိုက်ရသည်။
အခြားကြောင့်မဟုတ်ပေ၊ ထိုသူ၏လက်ထဲရှိ ရာဇလှံတံမှာ ‘ဘုန်းတန်ခိုးအာဏာစက် လှံတော်’ ဟူသည့် နတ်ဘုရားလက်နက် ဖြစ်နေသောကြောင့်ပင်။ ယခင်က ယဇ်ပုရော ဟိတ် ဘုန်းတော်ကြီးသည် ဤလှံတံကို အသုံးပြု၍ ဟုန်ယွိကို သတ်ရန် ကြိုးပမ်းခဲ့ဖူး သည်။ ထိုစဉ်က ဟုန်ယွိမှာ အလွန်တရာ ကြီးမားသည့် အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူး၏။
ဤသူကား အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး ပင် ဖြစ်သည်။ အနောက်ဘက်ဒေသ မြောက်ပိုင်းရှိ လူဦးရေ သန်း ၆၀၀ မှ ၇၀၀ ခန့်၏ စိတ်ဝိညာဉ်ရေးရာ ခေါင်းဆောင်ကြီး ဖြစ်ပေသည်။
ထိုနေ့က ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးသည် သူ၏ မူလဝိညာဉ်ဖြစ်သော ပေ ၁၀၀ မြင့် သည့် ပလက်တီနမ် နတ်ဘုရားပုံရိပ်ကိုသာ ထုတ်ပြခဲ့ခြင်းဖြစ်သော်လည်း၊ ယခုအခါ နန်းတော်အတွင်း ရောက်ရှိနေသူက သူ၏ ခန္ဓာကိုယ်အစစ် ဖြစ်ကြောင်းကို ဟုန်ယွိအနေ ဖြင့် သူ၏ အရှိန်အဝါကို ကြည့်ရုံဖြင့် တိကျစွာ သိလိုက်သည်။
အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ဘေးဝဲယာတွင်လည်း ရွှေနှင့် ကျောက်စိမ်း သရဖူများ ဆောင်းထားသည့် လူနှစ်ဦး ရှိနေသည်။ ၎င်းတို့အနက် တစ်ဦးမှာ ဓားဖြင့် ထွင်းထုထားသကဲ့သို့ ခက်ထန်မာကျောသော မျက်နှာထားရှိသည်။ သူ၏ ရုပ်ရည်သွင်ပြင် အရ အသက်အရွယ်ကို ခန့်မှန်းရခက်လှ၏။ ပထမတစ်ချက် ကြည့်လိုက်လျှင် အသက် ၅၀ ကျော်ဟု ထင်ရသော်လည်း သေချာစိုက်ကြည့်လျှင် ထိုထက် ငယ်ပုံရပြန်သည်။ သို့သော် ပို၍ လေးလေးနက်နက် စဉ်းစားကြည့်မည်ဆိုပါက သူသည် ရှေးဟောင်းသမိုင်းကြောင်း မြေမှုန့်များကြားမှ လမ်းလျှောက် ထွက်လာသူတစ်ဦးကဲ့သို့ ထင်ရ၏။ သူ၏ ခန္ဓာကိုယ်မှာ ရှေးဟောင်းမော်ကွန်းတစ်ခုကဲ့သို့ လေးလံထူထဲသော အရှိန်အဝါများဖြင့် လွှမ်းခြုံထား၏။
ဤဧကရာဇ်သည် သူ၏ ကျောရိုးကို ဖြောင့်တန်းစွာ ထား၍ ထိုင်နေပုံမှာ နိုင်ငံတော် တစ်ခုလုံး၏ အလေးချိန်ကို ထမ်းပိုးထားနိုင်သည့်ပုံမျိုး ရှိနေသည်။
သံသယဖြစ်စရာမလိုပေ၊ ဤသူသည် ဟွာလျိုနိုင်ငံ၏ ဧကရာဇ် အသောကပင် ဖြစ်သည်။
သူ၏ အရှိန်အဝါကို ခံစားလိုက်ရုံဖြင့် ဤဧကရာဇ်သည် ထူးခြားသော ပါရမီနှင့် မဟာဗျူဟာများကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ သူ၏ ဟန်ပန်မှာ တော်ဝင်ချန်ဧကရာဇ် ရန်ဖန်နှင့်ပင် အနည်းငယ် ဆင်တူနေသည်။
ထိုဧကရာဇ်အပြင် တခြားသော ဧကရာဇ်တစ်ဦးမှာလည်း အလယ်ပိုင်းဒေသ၏ ပုံစံဖြစ်သော ပြားချပ်သည့် သရဖူကို ဆောင်းထားသည်။ ပုတီးစေ့ လိုက်ကာများ တွဲလောင်းကျနေသည့် ထိုသရဖူအောက်မှ သိသာထင်ရှားသော လျှို့ဝှက်ဆန်းပြားမှုနှင့် အဆုံးမရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။ စစ်ပွဲနှင့် သတ်ဖြတ်ခြင်းကို အစိုးရသော ‘မဟာဖျက်ဆီးခြင်းနတ်ဘုရား’ တောင်မှ ဤဧကရာဇ် လောက် ပြင်းထန်လေးလံသော အရှိန်အဝါမျိုး ရှိမည်မဟုတ်ဟု ဆိုနိုင်ပေသည်။
ဟုန်ယွိသည် ဤသတ်ဖြတ်လိုသော အရှိန်အဝါနှင့်လည်း အလွန်ရင်းနှီးနေသည်။ ၎င်းမှာ ‘အဝီစိပလ္လင်’ ပင် ဖြစ်၏။
မှန်ပေသည်၊ ဤဧကရာဇ်မှာ မဟာကျိုးနိုင်ငံကို တည်ထောင်သူ ဘိုးဘေးကြီးပင် ဖြစ်သည်။
ဟုန်ယွိကို ပို၍ ထိတ်လန့်သွားစေသည်မှာ ဤသုံးဦးအပြင် သရဖူဆောင်းထားသည့် နောက်ထပ် ဧကရာဇ်တစ်ဦး ရှိနေသေးခြင်းပင်။ ထိုဧကရာဇ်သည် မလှုပ်မယှက် တည်ငြိမ် စွာ ထိုင်နေပြီး သူ၏ အရှိန်အဝါမှာ တိတ်ဆိတ်နေသည်။ သူ၏ စိတ်ဝိညာဉ်မှာ ကောင်းကင်၊ မြေကြီးနှင့်အတူ တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ သူ၏ အသက်ရှူသံ အနည်းငယ်က ပင် သူက ဤလောကရှိ အလင်းရောင်အားလုံးကို စုပ်ယူနေသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရ သည်။ နေနှင့် လကိုပင် ဝါးမြိုပစ်နိုင်သည့် အရှိန်အဝါမျိုး ရှိနေ၏။
“ကွန်ဖန်ပညာ၊ ယွန်မင်နိုင်ငံ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ပညာရပ်။ ဒါဆို ဒါက ယွန်မင် ဧကရာဇ် နာလန်ယိဟုန်လား” ဟုန်ယွိသည် ဤဧကရာဇ်မှာ မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သူကား အခြားသူမဟုတ်၊ ယွန်မင်အင်ပါယာ၏ မဟာဧကရာဇ် နာလန်ယိဟုန်ပင် ဖြစ်သည်။
အတိတ်တုန်းက ‘ချန်ပီယံမြို့စား’ မြက်ခင်းပြင်ပေါ်တွင် အဟန့်အတားမရှိ လှုပ်ရှားနေစဉ် အခါက ယွန်မင်ဧကရာဇ် နာလန်ယိဟုန်သည် ‘ချန်ပီယံမြို့စား’ ၏ အမည်ကို ကြားလိုက် ရုံဖြင့် ထမင်းမေ့၊ ဟင်းမေ့ဖြစ်ကာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်ဟု ကောလာဟလ များ ရှိခဲ့ဖူးသည်။ သို့သော် ယခုကြည့်ရသည်မှာ ထိုစကားမှာ ကောလာဟလ သက်သက် သာ ဖြစ်ပုံရပြီး ‘ချန်ပီယံမြို့စား’ က သူ၏ နာမည်ဂုဏ်သတင်း ကျော်ကြားစေရန် လုပ်ကြံ ပြောဆိုခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤမျှ အစွမ်းထက်လှသော မဟာဧကရာဇ်တစ်ဦးမှာ ထိုမျှအထိ ကြောက်ရွံ့တုန်လှုပ်နေ မည်ဆိုသည်မှာ မဖြစ်နိုင်ပေ။
အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၊ ဟွာလျို ဧကရာဇ်၊ ကျိုးထိုက်ကျူ၊ ယွန်မင်ဧကရာဇ် နာလန်ယိဟုန်၊ ဧကရာဇ်လေးပါးစလုံး တစ်နေရာတည်းတွင် ဆုံတွေ့နေကြခြင်း ဖြစ်သည်။
သူတို့အားလုံးမှာ ဟွာလျိုနိုင်ငံ၏ နန်းတော်အတွင်း ရောက်ရှိနေကြပြီး မည်သို့သော လျှို့ဝှက်ကိစ္စများကို ဆွေးနွေးနေကြသည်ကို မည်သူမျှ မသိနိုင်ပေ။ ထိုအချိန်တွင် ဟုန်ယွိက ‘ပုံရိပ်ယောင်တံခါး’ ကို ဖောက်ထွက်ကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ အတင်းဝင်ရောက်လာသည့် အခိုက်အတန့်တွင် ဧကရာဇ်လေးပါးစလုံး၏ အကြည့်များ မှာ သူ၏အပေါ်သို့ ကျရောက်လာတော့သည်။ သူတို့၏ အကြည့်များသည် သံနှင့် ကျောက်ခဲကိုပင် အရည်ပျော်သွားစေနိုင်လောက်အောင် ပြင်းထန်လှပေသည်။
ဟုန်ယွိ၏ အကြည့်များကလည်း သူတို့ဆီသို့ စိုက်ကြည့်လိုက်သည်။
ထိပ်တန်းပညာရှင် ငါးဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အနည်းငယ် ကြောင်အ သွားကြသည်။
ဟုန်ယွိ ကြောင်အသွားရခြင်းမှာ ဧကရာဇ်လေးပါးစလုံး တစ်နေရာတည်းတွင် ဆုံနေကြ သောကြောင့် ဖြစ်ပြီး၊ ဧကရာဇ်လေးပါး ကြောင်အသွားကြရခြင်းမှာ တစ်စုံတစ်ယောက်က ‘ပုံရိပ်ယောင်တံခါး’ ကို ဖောက်ထွက်လာနိုင်သောကြောင့် ဖြစ်၏။ ထို ‘ပုံရိပ်ယောင်တံခါး’ အတွင်းရှိ အဆုံးမရှိသော ပုံရိပ်ယောင် လှည့်စားမှုများအကြားတွင် မိုးကြိုးကပ်ဘေး အဆင့် (၄) သို့မဟုတ် အဆင့် (၅) ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦးတောင်မှ လွတ်မြောက်ပြီး ထွက်လာရန် ခက်ခဲလှသည်ကို သိထားကြသည်။ မိုးကြိုးကပ်ဘေး အဆင့် (၆) ပညာရှင်တစ်ဦး ဆိုလျှင်ပင် ဟင်းလင်းပြင်ကို ဖောက်ထွက်၍သာ လွတ်အောင် ပြေးနိုင်မည်ဖြစ်ပြီး အစစ်မှန် တံခါးပေါက်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရန်သူတစ်ယောက်က တကယ်ပဲ အတင်းဝင်လာတာလား။ ဒီရန်သူက ဘယ်လောက် တောင် အစွမ်းထက်နေလို့လဲ။
အမှန်စင်စစ် ဟုန်ယွိသည် သူ၏ စိတ်စွမ်းအားကို ‘လူသားအင်မော်တယ်’ နယ်ပယ်အထိ ချိုးဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် ‘ကောင်းကင်၊ မြေပြင်၊ လေနှင့်မိုးကြိုး’ စွမ်းအား ဖြင့် ‘ပါရမီတံတား’ ကို တည်ဆောက်နိုင်ခဲ့သောကြောင့်သာ အဆုံးမဲ့ ပုံရိပ်ယောင် လှည့်စားမှုများနှင့် ဖရိုဖရဲ စွမ်းအင်များ၏ သက်ရောက်မူဒဏ်ကို မခံရခြင်း ဖြစ်သည်။
လူသားအင်မော်တယ်၏ သိုင်းဆန္ဒ၊ နိဗ္ဗာနလမ်းစဉ် (လွတ်မြေက်ခြင်းလမ်းစဉ်)... ၎င်းတို့မှာ သာမန်အရာများ မဟုတ်ပေ။
သို့မဟုတ်ပါက သူ၏ ယခုကျင့်စဉ်အရ အသက်အန္တရာယ် မရှိနိုင်သော်လည်း မှန်ကန်သော တံခါးပေါက်ကို ရှာတွေ့ရန်မှာမူ အလွန်တရာ အလုပ်ရှုပ်သွားပေလိမ့်မည်။
…
“ရှေးဟောင်း ရာရှိုမွန်”
ဟုန်ယွိသည် ဟွာလျှိုနိုင်ငံ ဧကရာဇ်၏ လက်ထဲသို့ လှမ်းကြည့်လိုက်သည်။ ၎င်းမှာ ဖရိုဖရဲ အရောင်အသွေးရှိပြီး အလံတံခါးတစ်ခုနှင့် တူလှသည်။ ၎င်းသည် ၁၀ လက်မခန့် မြင့်မား ပြီး တံခါးတစ်ချပ်စီတွင် သားရဲဦးခေါင်း ၁၀ ခုစီ ပါဝင်သည်။ ထိုသားရဲဦးခေါင်းများမှာ လက်မအရွယ်အစားခန့်သာ ရှိသော်လည်း အလွန်တရာ ရက်စက်ကြမ်းကြုတ်ပုံရကာ ရှေးဟောင်း အငွေ့အသက်များကို ပေးစွမ်းနေသည်။
တစ်ချိန်တည်းမှာပင် ထိုအလံတံခါးအတွင်း၌ မရေမတွက်နိုင်သော လိုင်းကြောင်းများ ရှိနေ သည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။ ထိုလိုင်းကြောင်းများသည် ဟင်းလင်းပြင်အတွင်းသို့ နက်ရှိုင်းစွာ စီးဝင်နေပြီး မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိနိုင်ပေ။ ၎င်းတို့မှာ ပုံသဏ္ဍာန်မရှိသဖြင့် ဟုန်ယွိပင်လျှင် သေချာစွာ အာရုံမခံနိုင်ပေ။
သံသယဖြစ်စရာမရှိပေ။ ဤအလံတံခါးမှာ ဟင်းလင်းပြင်ဆိုင်ရာ နတ်ဘုရားလက်နက်များ အနက် နံပါတ်တစ်ဟု ကျော်ကြားလှသော ရှေးဟောင်း ရာရှိုမွန်ပင် ဖြစ်သည်။ ၎င်းသည် ‘စကြာဝဠာအိတ်’ နှင့် ‘ဖန်ဆင်းခြင်းဘူးသီး’ တို့ထက်ပင် အဆပေါင်းများစွာ သာလွန်သည်။
ဤနတ်ဘုရားလက်နက်သည် တစ်ချိန်က ‘မူလဝိညာဉ်’တစ်ခုကိုပင် မွေးဖွားပေးခဲ့ဖူးသည်။
ဤအခိုက်အတန့်တွင် ဧကရာဇ်လေးပါးနှင့် ထိပ်တန်းပညာရှင်များ အားလုံးမှာ တစ်နေရာ တည်း၌ ဆုံနေကြပြီ ဖြစ်သည်။ ဟုန်ယွိသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ ရှေးဟောင်း ရာရှိုမွန်ကို အရင်ဆုံး ရအောင်ယူရမည်။ သူ၏ ကျင့်စဉ်အဆင့်မှာ မြင့်မားသော်လည်း ဤပညာရှင်လေးဦးစလုံးကို တစ်ပြိုင်တည်း ခုခံနိုင်ရန်မှာမူ မသေချာပေ။
“ကောင်းကင်၊ မြေပြင်၊ လေနှင့်မိုးကြိုး၊ ချန်ခွန်ရွှင့်ကျန့်၊ လေနှင့်မိုးကြိုး ဓားလေးစင်း၊”
ထိပ်တန်းပညာရှင် ငါးဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ ခဏမျှ ကြောင်အ သွားပြီးနောက် သူတို့အားလုံး ချက်ချင်း သတိပြန်ဝင်လာကြသည်။
သို့သော် ပထမဆုံး သတိပြန်ဝင်လာသူမှာ ဟုန်ယွိပင် ဖြစ်၏။ သူသည် ‘လူသားအင်မော် တယ်’ နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ၏ တုံ့ပြန်မှုမှာ အလွန်တရာ လျင်မြန်လှ ပေသည်။
သူ သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဟုန်ယွိသည် ဘာမှမစဉ်းစားတော့ဘဲ ‘အတွေးမဲ့ တည်ငြိမ်ခြင်း’ နယ်ပယ်သို့ ချက်ချင်း ဝင်ရောက်လိုက်သည်။ သူ့အစစ်မှန် ခန္ဓာကိုယ်၏ လက်ထဲရှိ ဓားရှည်မှာ တုန်ခါသွားပြီး ကောင်းကင်ဓား၊ မြေပြင်ဓား၊ လေဓားနှင့် မိုးကြိုးဓားတို့ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်တော့သည်။ တစ်ချိန်တည်း မှာပင် သူ၏ သိုင်းဆန္ဒမှာ ပေါက်ကွဲထွက်လာပြီး ရွှေရောင်တံတားတစ်ခုက ဟင်းလင်းပြင် ကို ဖောက်ထွက်ကာ အဆုံးမရှိသော မျှော်လင့်ချက်များကို ထုတ်လွှတ်လိုက်သည်။
ဤဓားချက်မှာ ‘ဟွာလျှိုနိုင်ငံ’၏ ဧကရာဇ် အသောက ထံသို့ မဆိုင်းမတွ ဦးတည်သွားတော့ သည်။
ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ ‘လူသားအင်မော်တယ်’ နယ်ပယ် သို့ ခြေတစ်လှမ်း ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ‘နတ်ဘုရားဓား’ ကို အသုံးပြု၍ ကောင်းကင်၊ မြေပြင်၊ လေနှင့် မိုးကြိုး လေးဓားကို ထိန်းချုပ်ကာ အနီးကပ် သတ်ဖြတ်ရန် ကြိုးပမ်းခြင်း ဖြစ်၏။ သူသည် ‘လုပ်ကြံသတ်ဖြတ်သူများခန်းမ’တွင် နားလည်ခဲ့သော မဟာသတ္တိကို အသုံးပြု၍ နန်းတော်အတွင်းရှိ ဧကရာဇ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နန်းတော်တစ်ခုလုံးမှာ ဓားအလင်းတန်းများဖြင့် ပြည့်နှက် သွားတော့သည်။ ကောင်းကင်ယံမှ တိမ်တိုက်များ၊ လေးလံသော မြေပြင်၊ ချောမွေ့သော လေနှင့် တုန်ဟည်းနေသော မိုးကြိုးသံများ ပေါ်ထွက်လာသည်။
ကောင်းကင်လမ်းစဉ်နှင့် လူသားလမ်းစဉ်တို့မှာ ဓားစွမ်းအင်အတွင်းသို့ အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ဖျတ်…။
ပြင်းထန်လှသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ဧကရာဇ် အသောက၏ လက်ထဲရှိ အလံတံခါးမှ ပြင်းထန်လှသော ဖရိုဖရဲ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ အလံတံခါး တစ်ခုလုံးသည် လျင်မြန်စွာ လည်ပတ်နေပြီး ဖရိုဖရဲ စွမ်းအင်များသည် အချိန်ဆွဲစရာမလို ဘဲ ဧကရာဇ် အသောက၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။
၎င်းမှာ ရှေးဟောင်း ရာရှိုမွန်၏ မိမိသခင်အား အလိုအလျောက် ကာကွယ်ရေးစနစ်ပင်။
သို့သော် ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ ကျယ်ပြောလှသော ဓားစွမ်းအားနှင့် ‘ပါရမီ တံတား’ ၏ သိုင်းဆန္ဒတို့မှာ ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုဓားစွမ်းအားနှင့် သိုင်းဆန္ဒတို့အောက်တွင် ပုံသဏ္ဍာန်ပင် မဖော်ရသေးသော ဖရိုဖရဲစွမ်းအင် အငွေ့အသက် များသည် ချက်ချင်းပင် ဆုတ်ဖြဲခံလိုက်ရတော့သည်။
အလွန်တရာ မြန်ဆန်လွန်းလှပေသည်။
‘လူသားအင်မော်တယ်’ တစ်ယောက်၏ အနီးကပ်တိုက်ခိုက်မှုမှာ ဘယ်လောက်တောင် မြန်လိုက်သနည်း။
နတ်ဘုရားတွေနှင့် ဗုဒ္ဓတွေတောင်မှ ထွက်ပြေးရမယ့် အရှိန်ဟုန်မျိုးပင်။
ရှေးဟောင်း ရာရှိုမွန်မှာ လျင်မြန်သော်လည်း ဖရိုဖရဲ စွမ်းအင်များမှာ အပြည့်အဝ ပုံမပေါ် သေးပေ။ ထို့ပြင် ဟုန်ယွိ၏ သိုင်းဆန္ဒနှင့် ဓားစွမ်းအားတို့က ထိုဖရိုဖရဲ စွမ်းအင်များကို ပြန်လည်ခုခံနိုင်သဖြင့် ၎င်းမှာ ဆုတ်ဖြဲခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ သူသာ အနည်းငယ် နှေးသွားခဲ့မည်ဆိုပါက ထိုဖရိုဖရဲ စွမ်းအင်များမှာ အပြည့် အဝ ပုံဖော်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟုန်ယွိသည် ‘လူသားအင်မော် တယ်’ ဖြစ်နေလင့်ကစား အထဲတွင် ပိတ်မိသွားနိုင်ပြီး လွတ်အောင်ထွက်ရန် ခက်ခဲသွား ပေလိမ့်မည်။
…
ပြင်းထန်လှသော ဓားစွမ်းအားသည် ပုံမပေါ်သေးသော ဖရိုဖရဲ စွမ်းအင်များကို ဆုတ်ဖြဲပစ် လိုက်ပြီး ဧကရာဇ် အသောက၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်တွင် ဟွာလျှိုဧကရာဇ်၏ မျက်လုံးများထဲ၌ မည်သည့်ကြောက်ရွံ့မှုမျှ မရှိဘဲ အလွန်တရာ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။ လောကကြီး ပျက်သုဉ်းသွားလျှင် တောင်မှ သူသည် လှုပ်ရှားမည် မဟုတ်သည့်ပုံမျိုး ရှိနေ၏။
ဤကဲ့သို့သော မျက်နှာပေးမျိုးမှာ ဟုန်ယွိ အမုန်းဆုံး မျက်နှာပေးမျိုးပင်။
ရှုး….။
ဓားဦးသည် ဧကရာဇ်၏ လက်နှင့် ထိလုနီးပါး ဖြစ်သွားသည်။ သူ၏ လက်မောင်းကို ဖြတ်ပစ်တော့မည့် အခိုက်အတန့်မှာပင် ဘယ်ကမှန်းမသိသော ဓားအလင်းတန်းတစ်ခု ရောက်ရှိလာပြီး ဓားချက်ကို ကြားဖြတ်တိုက်ခိုက်လိုက်သည်။ ၎င်းမှာ အလွန်တရာ သဘာဝကျလှသော ဓားချက်တစ်ခု ဖြစ်ပြီး ဟုန်ယွိ၏ ဓားစွမ်းအင်ကို တားဆီးလိုက်နိုင်ခဲ့ သည်။
၎င်းမှာ ဟွာလျိုဧကရာဇ်၏ ဓားကောက်ကြီးပင် ဖြစ်သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင် ဧကရာဇ်သည် ဟုန်ယွိက ဖရိုဖရဲ စွမ်းအင်များကို ဆုတ်ဖြဲနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ၏ ဓားကောက်ကို ဆွဲထုတ်၍ ဓားရှိန်ဟုန်ကို တားဆီးလိုက်ခြင်း ဖြစ်၏။
“မဟာလေဟာနယ်လက်ဝါး။”
ထိုအခိုက်အတန့်တွင် ဟုန်ယွိ၏ ခေါင်းနောက်မှ အနာဂတ် အင်မော်တယ် မူလဝိညာဉ် သည် အလိုအလျောက် ပျံထွက်လာပြီး ရှေးဟောင်း ရာရှိုမွန်ကို လှမ်း၍ ဖမ်းဆွဲလိုက်တော့ သည်။
ဤတိုက်ပွဲမှာ အလွန်တရာ လျင်မြန်လွန်းလှသဖြင့် စဉ်းစားနေရန် အချိန်မရှိပေ။ ၎င်းမှာ သိုင်းပညာရှင်များ၏ အလိုလိုတုန့်ပြန်နှင့် ‘မဟာလေဟာနယ်လက်ဝါး’ ၏ အနာဂတ် အသိစိတ်တို့အပေါ်တွင်သာ မူတည်နေတော့သည်။
ဟုန်ယွိသည် အလင်းနှင့်အမှောင် မဟာအကာအကွယ်ကို အသုံးပြု၍ ချိပ်ပိတ်ရန်ပင် အချိန်မရလိုက်ပေ။
၎င်းကို ကြည့်ခြင်းအားဖြင့် ရှေးဟောင်း ရာရှိုမွန်၏ အလိုအလျောက် ကာကွယ်ရေး စနစ်သည် ‘မဟာလေဟာနယ်လက်ဝါး’ ထက်တောင် သာလွန်နေကြောင်း သိသာသည်။
အရာအားလုံးမှာ အလွန်တရာ မြန်ဆန်လှပေသည်၊ မြန်ဆန်သည်၊ မြန်ဆန်လွန်းသည်။
…
‘မဟာလေဟာနယ်လက်ဝါး’ ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် နန်းတော်တစ်ခု လုံးမှာ ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ ဟင်းလင်းပြင်မှာ အေးခဲသွား ပြီး အရာအားလုံးမှာ တည်ငြိမ်သွားတော့သည်။ ၎င်းမှာ အလွန်တရာ အစွမ်းထက်လှ၏။ ဟွာလျိုဧကရာဇ်သည် မည်မျှပင် အစွမ်းထက်စေကာမူ ဟုန်ယွိ၏ ‘လူသားအင်မော်တယ် ဓား’ နှင့် ‘မဟာလေဟာနယ်လက်ဝါး’ တို့ကို တစ်ပြိုင်တည်း တားဆီးနိုင်မည်မဟုတ်ပေ။
ဘုန်း…။
‘မဟာလေဟာနယ်လက်ဝါး’ တံဆိပ်တော်သည် ၁၀ လက်မမြင့်သော ရှေးဟောင်း ရာရှိုမွန် ကို တိုက်ရိုက် ဖမ်းဆွဲလိုက်ပြီး အတင်းအဓမ္မ လုယူလိုက်တော့သည်။ ၎င်းသည် ဧကရာဇ် အသောက၏ လက်ထဲမှ ဤရတနာကို လုယူရန် ကြိုးပမ်းခြင်း ဖြစ်၏။
“ဘယ်လောက်တောင် လေးလိုက်လဲ။”
ဟုန်ယွိသည် ‘မဟာလေဟာနယ်လက်ဝါး’ ဖြင့် ရှေးဟောင်း ရာရှိုမွန်ကို ဖမ်းဆွဲ၍ အားစိုက် လိုက်သော်လည်း ၎င်းမှာ လုံးဝ မလှုပ်ရှားပေ။ ၎င်းမှာ ကမ္ဘာဦးတောင်တန်းတစ်ခုလုံး၏ အလေးချိန်ကဲ့သို့ပင် လေးလံလှသည်။
‘မဟာလေဟာနယ်လက်ဝါး’ ၏ အစွမ်းကုန်အားထုတ်မှုမှာ တောင်ငယ်တစ်ခုကိုပင် မနိုင်စွမ်းရှိသော်လည်း၊ ယခု ၁၀ လက်မခန့်သာ ရှိသော ရာရှိုမွန်ကိုမူ မနိုင်နိုင်ဘဲ ဖြစ်နေ ရသည်။
ဘုန်း။
ယခုအခါ ဟုန်ယွိ၏ အားထုတ်မှုမှာ ခဏမျှ ရပ်တန့်သွားသဖြင့် ကျန်ရှိသော ထိပ်တန်း ပညာရှင် သုံးဦးစလုံးမှာ စဉ်းစားရန် အချိန်ရသွားကြသည်။ ထို့နောက် သူတို့သည် တစ်ပြိုင် တည်း တိုက်ခိုက်လိုက်ကြတော့သည်။
ဧရာမ ‘ဘုန်းတန်ခိုးအာဏာစက်လှံတော်’ နှင့် ‘ဖျက်ဆီးခြင်းလက်သီး’ တို့မှာ နေနှင့်လကို ဝါးမြိုပစ်မည့် ကွန်ဖန်ငှက်ကြီးကဲ့သို့ ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ဦးတည် လာခဲ့သည်။
ကျိုးထိုက်ကျူ၊ နာလန်ယိဟုန်နှင့် အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးတို့မှာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
…
“ဗုဒ္ဓဓမ္မခန္ဓာ၊ လူသားအင်မော်တယ်ကိုယ်ပွား၊ ရှေးဟောင်းချီလင်... အကုန်ထွက်ခဲ့ စမ်း။”
ပညာရှင် သုံးဦး တိုက်ခိုက်လာသည်နှင့်အမျှ ဟုန်ယွိ၏ ဦးခေါင်းထက်မှ အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ဧရာမ ‘ဗုဒ္ဓဓမ္မခန္ဓာ’သည် ‘ပစ္စုပ္ပန်ဗုဒ္ဓ တံဆိပ်တော်’နှင့်အတူ ကျိုးထိုက်ကျူ၏ ‘ဖျက်ဆီးခြင်းမဟာနတ်ဘုရားလက်သီး’ ကို ပြန်လည်တိုက်ခိုက်လိုက်သည်။ ‘ကောင်းကင်အလင်းဉီးချို နတ်ဘုရားချပ်ဝတ်’ကို ဝတ်ဆင်ထားသော ‘လူသားအင်မော်တယ် ကိုယ်ပွား’သည်လည်း အကာအကွယ်အတွင်းမှ ထွက်ပေါ်လာပြီး အနှစ်သာရနတ်ဘုရားကျောင်း ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးကို သူ၏ လှံဖြင့် လျှပ်စီးကဲ့သို့ ထိုးနှက်လိုက်သည်။
ထို့ပြင် ‘ချီလင်’ ၏ အမြုတေစွမ်းအင်လုံးလည်း ရှိနေသေး၏။ ၎င်းမှာ ယွန်မင်ဧကရာဇ် နာလန်ယိဟုန်ထံသို့ ပြင်းထန်စွာ ဦးတည်သွားတော့သည်။
ချီလင်၏ ဧရာမ ခန္ဓာကိုယ်နှင့် အတိုင်းအဆမရှိလှသော ဘုန်းတန်ခိုးများမှာ ဟွာလျို နန်းတော်အတွင်း ပေါ်ထွက်လာခဲ့ပြီ။
ဟုန်ယွိသည် ဤလောကရှိ ဧကရာဇ်လေးပါးကို ခုခံရန် သူ၏ အစွမ်းထက်ဆုံးသော နည်းလမ်းများကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
ထိုအချိန်တွင် ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်အတွင်းမှ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်း ခန္ဓာ,မှာ အပြင်သို့ ထွက်ပေါ်လာသည်။ ‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီး’ မှာ ကျိုးထိုက်ကျူ၏ စစ်ပွဲနှင့် သတ်ဖြတ်လိုသော ဆန္ဒများကို သယ်ဆောင်လာပြီး ဟင်းလင်း ပြင် တစ်ခုလုံးကို လွှမ်းခြုံကာ ‘မဟာလေဟာနယ်လက်ဝါး’ ကို လုံးဝ ဖိနှိပ်လိုက်တော့ သည်။
ဟုန်ယွိကို တိုက်ခိုက်နေစဉ်အတွင်း ယခင်ကျိုးမင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီး ၏ မျက်နှာတွင် ရက်စက်ပြီး အစွမ်းထက်သော၊ လွှမ်းမိုးချုပ်ကိုင်လိုသော အမူအရာများ ပေါ်ထွက်နေသည်။
သို့သော် နောက်တစ်ခဏတွင် ဗုဒ္ဓတစ်ပိုင်း၊ တာအိုတစ်ပိုင်းနှင့် တူလှသော နားရွက် ကြီးကြီး၊ ပခုံးကျယ်ကျယ်နှင့် ဓမ္မကိုယ်ထည်တစ်ခုက ထို ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်း ခန္ဓာကို တားဆီးလိုက်သည်။
‘ဗုဒ္ဓဓမ္မခန္ဓာ’သည် သူ၏ လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် စကြာဝဠာတစ်ခု လုံးမှာ သူ၏ လက်ဝါးအတွင်း၌ စုစည်းသွားသကဲ့သို့ပင်။ လောကရှိ စွမ်းအင်အားလုံးမှာ ရူးသွပ်စွာ စုစည်းလာနေသည်။ နေ၊ လ၊ ကြယ်များ၊ တောင်များ၊ ကျောက်ခဲများ၊ လယ်ကွင်းများ၊ မြေဆီလွှာများ၊ မြက်ပင်များ၊ သစ်ပင်များ၊ သားရဲများ၊ လူသားများ၊ ပင်လယ်များ၊ မြစ်ချောင်းများ၊ ဟင်းလင်းပြင်၊ အစစ်အမှန်၊ ပုံသဏ္ဍာန်မဲ့သူ၊ အတွေးရှိသူ၊ အတွေးမရှိသူ၊ အသက်ရှိသူ၊ အသက်မဲ့သူ၊ ခဏတာရှင်သန်သူ၊ ထာဝရရှင်သန်သူ၊ မပျက်စီးနိုင်သူ၊ စိုစွတ်သောနေရာမှ မွေးဖွားသူ၊ ဥမှ မွေးဖွားသူ၊ မိခင်ဝမ်းမှ မွေးဖွားသူ ... အစရှိသဖြင့် အရာအားလုံး၏ အနှစ်သာရများမှာ သူ၏ လက်ဝါးအတွင်း စုစည်းသွား တော့သည်။
ထိုလက်ဝါးသည် ကျိုးထိုက်ကျူအပေါ်သို့ ကျရောက်သွားတော့သည်။
“ဂျေတီ... ဂျေတီ... မဟာ... မဟာ... မဟာဂျေတီ... ပိုလိုဂျေတီ... ပိုလိုစန်းဂျေတီ...”
“ကြီးမြတ်လှပေစွ... ကြီးမြတ်လှပေစွ...”
“သွားကြလော့... ကျော်လွန်သွားကြလော့...”
“ကြီးမြတ်စွာ ကျော်လွန်သွားကြလော့... သတ္တဝါအပေါင်းတို့ အတူတကွ ကျော်လွန်သွား ကြလော့...”
‘မဟာလေဟာနယ်လက်ဝါး’ ထက် အဆပေါင်း ရာချီ၊ ထောင်ချီ၊ သောင်းချီ၍ ပိုမိုခန့်ညား ထည်ဝါသော အသံကြီးသည် နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
ဤလောကတွင် ဤစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်သော အခြားစွမ်းအား မရှိတော့ပေ။
အနည်းဆုံးတော့ ယခုအခိုက်အတန့်တွင် ဤတားဆီး၍မရသော စွမ်းအားမှာ လောက တစ်ခုလုံးနှင့် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာအပေါ်သို့ သက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဝုန်း…
‘ဖျက်ဆီးခြင်း မဟာနတ်ဘုရားလက်သီး’ နှင့် ‘ဗုဒ္ဓဓမ္မခန္ဓာ’ ၏ လက်ဝါးတို့ ထိပ်တိုက် တွေ့ဆုံကြသည်။ ဟုန်ယွိသည် မဟာတံဆိပ်တော်၊ လွတ်မြောက်ခြင်းတံဆိပ်တော်နှင့် ပါရမီတံဆိပ်တော်တို့ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ (တဖက်ကမ်းတံဆိပ်တော်)ကို ပါရမီတံဆိပ်တော်ဟု ပြောင်းလဲ ပြန်ဆိုပါမည်။)
ပြင်းထန်လှသော ပေါက်ကွဲမှုကြီးအတွင်းတွင် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’မှာ တို့ဟူးတုံးတစ်ခုကဲ့သို့ ပြိုကွဲပျက်စီးသွားတော့သည်။ မရေမတွက်နိုင် သော အတွေးစများမှာ ပေါက်ကွဲကြေမွသွားပြီးနောက် အပိုင်းပိုင်းအစစ ဖြစ်သွားတော့ သည်။ ပြင်းထန်လှသော စွမ်းအားမုန်တိုင်းမှာ နန်းတော်ခန်းမအတွင်းသို့ တိုးဝှေ့သွားပြီး အမိုးကိုပင် ကြီးမားသော အပေါက်ကြီးဖြစ်အောင် ဆွဲဖြဲပစ်လိုက်တော့သည်။