← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 42 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 42 Ch. 449-450

အခန်း (၄၄၉)။

ဗုဒ္ဓဓမ္မခန္ဓာ ပေါ်ထွက်လာပြီ။

လက်ဝါးတစ်ချက်တည်းတွင် တံဆိပ်တော်ပုံစံသုံးမျိုး ပါဝင်နေ၏။

မဟာတံဆိပ်တော်၊ လွတ်မြောက်ခြင်းတံဆိပ်တော်နှင့် ပါရမီတံဆိပ်တော်တို့သည် ကျိုးထိုက်ကျူ၏ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’နှင့် ‘ဖျက်ဆီးခြင်း မဟာ နတ်ဘုရားလက်သီး’ တို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ စွမ်းအားချင်း ကွာခြားမှုမှာ ချက်ချင်းပင် ပေါ်လွင်သွားတော့သည်။

မဟုတ်သေးပေ... ထိပ်တိုက်မတွေ့ဆုံမီကပင် စွမ်းအားကွာခြားချက်မှာ ထင်ရှားနေခဲ့ခြင်း ဖြစ်သည်။

ယခုပစ္စုပ္ပန်ကို လွှမ်းမိုးထားပြီး စွမ်းအားအားလုံးကို စုပ်ယူထားသည့် ‘ ပစ္စုပ္ပန်ဗုဒ္ဓ တံဆိပ်တော်၏ အရှိန်အဝါသည် ကျိုးထိုက်ကျူ၏ စွမ်းအားကို လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ။

ကျိုးထိုက်ကျူ၏ အတွေးစပေါင်း ၅၅,၅၅၅ ခုဖြင့် ဖွဲ့စည်းထားသော ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’သည် ဟုန်ယွိ၏ ပစ္စုပ္ပန်ဗုဒ္ဓတံဆိပ်တော် အောက်တွင် ကြေမွပျက်စီးသွား ခဲ့ရပြီ ဖြစ်သည်။ အတွေးစများ ပေါက်ကွဲပျက်စီးသွားသည့် အသံမှာ ဗျောက်အိုးတန်းကြီး ကို မီးရှို့လိုက်သကဲ့သို့ တဖြောက်ဖြောက်နှင့် ဆူညံနေတော့သည်။

ဟန်ရှောင်ကျိသည် မိုးကြိုးကပ်ဘေး (၅) ကြိမ် ကျော်ဖြတ်ထားသည့် ပညာရှင်ဖြစ်ပြီး အတွေးစပေါင်း ၄၈,၀၀၀ ရှိသည်။ ကျိုးထိုက်ကျူမှာမူ မိုးကြိုးကပ်ဘေး (၆) ကြိမ်အထိ ကျော်ဖြတ်ထားသည့် ပြိုင်ဘက်ကင်း ပညာရှင်ဖြစ်ရာ သူ၏ အတွေးစပေါင်းမှာ ၆၀,၀၀၀ မှ ၇၀,၀၀၀ အထိ ရှိပေလိမ့်မည်။ သူသည် ထန်ဟိုင်လုံနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ဤအတွေးစများကို မရေမတွက်နိုင်သော ကံကောင်းမှုများနှင့် ကျင့်ကြံမှုများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဤ ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’ တွင် သူ၏ စွမ်းအား ၈၀ ရာခိုင်နှုန်း ဖြစ်သော အတွေးစပေါင်း ၅၅,၀၀၀ ကျော်ကို အသုံးပြုထားခြင်း ဖြစ်ရာ ၎င်းမှာ အလွန် တရာ အစွမ်းထက်လှပေသည်။

သို့သော် ၎င်းကို ဟုန်ယွိက ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ သူသည် လုံးဝ မခုခံနိုင်ခဲ့ပေ။

ဟုန်ယွိ၏ လက်ဝါးချက်မှာ ကျိုးထိုက်ကျူ၏ အတွေးစပေါင်း တစ်သောင်းနီးပါးကို ကြေမွ သွားစေခဲ့သည်။ ပျက်စီးသွားသော အတွေးစပေါင်းမှာ ရေတွက်၍ပင် မရနိုင်တော့သဖြင့် သူသည် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။

ထိုကြေမွသွားသော အတွေးစများသည် လုံးဝ သေဆုံးသွားခြင်း ဖြစ်၏။ ၎င်းတို့သည် မည်သည့်အခါမျှ ပြန်လည်မရရှိနိုင်တော့ဘဲ ထိုအတွေးစများ ပြန်လည် ပြည့်ဝလာရန် အတွက် အချိန်အလွန်ကြာမြင့်စွာ ပြန်လည် ကျင့်ကြံရပေဦးမည်။

ကျိုးထိုက်ကျူသည် မည်မျှပင် သန်မာစေကာမူ ဟုန်ယွိကဲ့သို့ အတွေးစများကို ချက်ချင်း ပြန်လည်ကုစားနိုင်သည့် ‘အတိတ်ကျမ်း’ ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။

တစ်နည်းအားဖြင့်ဆိုသော် ဟုန်ယွိ၏ လက်ဝါးချက်တစ်ချက်မှာ သူ၏ စွမ်းအားတစ်ဝက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။

မိုးကြိုးကပ်ဘေး (၆) ကြိမ်ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦး၏ စွမ်းအားတစ်ဝက်ကို ဟုန်ယွိက တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်းက ပစ္စုပ္ပန်ဗုဒ္ဓတံဆိပ်တော် ၏ စွမ်းအားနှင့် ‘စကြာဝဠာအိတ်’ မှ ဟင်းလင်းပြင် စွမ်းအားများနှင့် ပေါင်းစပ်ထားသော ဟုန်ယွိ၏ အတွေးစများမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သက်သေပြနေခြင်းပင်။

မှန်ပေသည်၊ ဟုန်ယွိသည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤနေရာရှိ လူအားလုံးထဲတွင် ကျိုးထိုက်ကျူမှာ သူအကြောက်ရွံ့ရဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် ‘အစွန်းရောက် ဧကရာဇ်၏ ပြောင်းပြန်လှန်ခြင်း’ ဟူသည့် နတ်ဘုရားပညာရပ်ကို မြင်တွေ့ခဲ့ဖူးပြီး ၎င်းမှာ မည်မျှ ကြောက်စရာကောင်း ကြောင်း သိထားသောကြောင့်ပင်။

အကယ်၍ ကျိုးထိုက်ကျူသာ ရှက်စိတ်ကြောင့် ဒေါသတကြီးဖြစ်ကာ ထိုပညာရပ်ကို အသုံးပြုလိုက်ပါက ဟုန်ယွိသည် နောင်တတရားနှင့်အတူ သေဆုံးသွားနိုင်ပေသည်။

ယခုမူ သူသည် လက်သီးတစ်ချက်တည်းနှင့် အတွေးစများစွာကို ဖျက်ဆီးလိုက်နိုင်ပြီဖြစ်ရာ ကျိုးထိုက်ကျူက ထိုအစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်းပညာကို အသုံးပြုမည် ဆိုပါက သူ၏ စွမ်းအားမှာ ပိုမိုအားနည်းသွားမည် ဖြစ်ပြီး အခြားသူများ၏ အခွင့်ကောင်းယူ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

“သူ့ရဲ့ ရက်စက်တဲ့ စရိုက်အရဆို ဒီလက်ဝါးချက်ပြီးရင် သူ ဆက်တိုက်မှာ မဟုတ်ဘူး။ ငါ ချက်ချင်း ထွက်သွားမှ ဖြစ်မယ်။”

ဟုန်ယွိ၏ ‘ဗုဒ္ဓဓမ္မခန္ဓာ’ သည် လက်ဝါးချက် ရိုက်ထုတ်လိုက်ပြီးနောက် နောက်ထပ် လက်ဝါးချက်တစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာကမ္ဘာတံဆိပ်တော်၊ ပညာတံဆိပ်တော်နှင့် ဗောဓိတံဆိပ်တော်တို့ကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ရာ နန်းတော်အတွင်း၌ လက်ရှိခေတ်၏ အမြင့်ဆုံးအုပ်စိုးသူတစ်ပါး ကြွမြန်းလာသကဲ့သို့ အသံများ ပဲ့တင်ထပ်သွားတော့သည်။

…

မျှော်လင့်ထားသည့်အတိုင်းပင် ‘သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ’ ပျက်စီးသွားပြီး နောက် အတွေးစပေါင်း သောင်းချီ ပျံလွင့်နေစဉ်မှာပင် ကျိုးထိုက်ကျူ၏ ရူးသွပ်နေသော အသံ ထွက်ပေါ်လာသည်။

“ပစ္စုပ္ပန်ဗုဒ္ဓတံဆိပ်တော်... တံဆိပ်တော်သုံးမျိုး... ဒါဟာ ‘ပစ္စုပ္ပန်ဓမ္မကျမ်း’ ရဲ့ အနှစ်ချုပ်ပဲ။ ဒီလက်သီးသိုင်းက ပျောက်ကွယ်သွားတာ ကြာပြီလေ။ မင်း ဒါကို ဘယ်က သင်ခဲ့တာလဲ...။ ဒီနေ့ရဲ့ ရန်ကြွေးဟာ ငါတို့ထဲက တစ်ယောက်ယောက် သေမှပဲ ပြေတော့မယ်။”

‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ၏ အနှစ်ချုပ်မှာ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ဘုန်းတော်ကြီးယန်ယွဲ့ပင်လျှင် ၎င်း၏ မိတ္တူနှင့် အပ်စိုက်မှတ် ၁၀၈ ချက်ကို စုစည်းသည့် နည်းလမ်းကိုသာ သင်ယူခဲ့ရခြင်း ဖြစ်၏။

အနှစ်ချုပ်အတွင်းရှိ လက်သီးတံဆိပ်တော် ၁၀ မျိုးမှာ အကြီးမားဆုံးသော စွမ်းအားကို ကိုယ်စားပြုသည်။

ရုတ်တရက်ပင် ကျုံ့သွားသော ‘အဝီစိပလ္လင်’ သည် ကျိုးထိုက်ကျူ၏ ခန္ဓာကိုယ်အစစ်ကို လွှမ်းခြုံကာ လေထဲသို့ ပျံတက်သွားပြီး နန်းတော်အတွင်းမှ ထွက်ခွာသွားတော့သည်။

သူ ပျံထွက်သွားစဉ်မှာပင် အတွေးစပေါင်း ထောင်ချီမှာ ဟုန်ယွိ၏ ဗုဒ္ဓဓမ္မခန္ဓာလက်ဝါး ကြောင့် ကြေမွသွားခဲ့ရသေးသည်။

ကျိုးထိုက်ကျူမှာ ဤတိုက်ကွက်ကြောင့် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။ ခန့်မှန်း သည့်အတိုင်းပင် သူသည် ထိုနေရာတွင် ဆက်မနေဝံ့တော့ဘဲ ပျံထွက်သွားတော့သည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့် ဘိုးဘေးကြီးမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ။

သူ ထွက်ပြေးသွားပြီ။

…

ထိုအချိန်တွင် နန်းတော်တစ်ခုလုံး၌ ဟုန်ယွိ၏ ‘လူသားအင်မော်တယ်ကိုယ်ပွား’ နှင့် ဧရာမ ချီလင်နက်ကြီးတို့သည် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးနှင့် နာလန်ယိဟုန်တို့ကို အပြင်းထန်ဆုံး တိုက်ကွက်များဖြင့် ရင်ဆိုင်နေကြသည်။

ဟုန်ယွိ၏ ‘လူသားအင်မော်တယ်ကိုယ်ပွား’၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာ ခဲ့ပြီး၊ ၎င်းကို သူ အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်နှင့် ‘သေမင်းအလင်း နတ်ဘုရားလှံ’ တို့မှာ တစ်ခုနှင့်တစ်ခု အားဖြည့် ပေးနေကြသည်။

အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်၏ လှံချက်တစ်ချက်သည် ပေါက်ကွဲထွက်လာပြီး၊ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးထံသို့ ဦးတည်သွားသည်။ ကြမ်းတမ်းလှသော လှံချက် သည် လေတိုးသံများနှင့်အတူ ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ မှော်ပညာအကာကွယ် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဒိုင်း ဒိုင်း ဒိုင်း…။

ပလက်တီနမ် ဒိုင်းလွှားများအားလုံးမှာ ကြေမွသွားပြီး ကောင်းကင်ယံတွင် အလင်းစက်များ အဖြစ် ပြန့်ကျဲသွားတော့သည်။

၎င်းမှာ ‘ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း’ ဖြစ်ပြီး၊ ‘အလွှာတစ်ထောင် ငရဲနတ်ဘုရားဥ’ထက်ပင် ပိုမိုအစွမ်းထက်သည့် မှော်ပညာဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာနိုင်စွမ်း ရှိသည်။

ဤမှော်ဒိုင်းကို ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ အဆင့်ခြောက် မိုးကြိုးကပ် တာအို ကျင့်စဉ်အဆင့်ဖြင့် အားဖြည့်ထားခြင်း ဖြစ်ရာ၊ ၎င်းကို ဖျက်ဆီးနိုင်သည့်အရာ မရှိသလောက်ပင်။

သို့သော် ယခုမူ ‘လူသားအင်မော်တယ်ကိုယ်ပွား’ ၏ လှံချက်အောက်တွင် ၎င်းမှာ ဥခွံတစ်ခု ကဲ့သို့ ကြေမွသွားရတော့သည်။

ဒေါင်….။

ထိုဒိုင်းကို ဖျက်ဆီးပြီးနောက်တွင်လည်း လှံ၏အရှိန်ဟုန်မှာ ရပ်မသွားခဲ့ပေ။ မရေမတွက် နိုင်သော အလင်းတန်းများ လက်ခနဲ လက်ခနဲ လင်းလက်သွားခဲ့ပြီး၊ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ကိုယ်ပေါ်ရှိ အခြားသော အကာကွယ် မှော်ပညာပေါင်းများစွာမှာ တစ်ခု ပြီးတစ်ခု ပျက်စီးသွားရသည်။

‘ပျက်ဆီးခြင်းမဲ့မှော်ဒိုင်း’အပြင် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ကိုယ်ပေါ်တွင် ကာကွယ်ရေး အလွှာပေါင်း တစ်ရာကျော် ရှိနေသေးသည်။ ၎င်းတို့မှာ အလွန်ထူထပ်လှသ ဖြင့် မည်သို့မျှ မဖျက်ဆီးနိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

သို့သော် ‘သေမင်းအလင်း နတ်ဘုရားလှံ’ အောက်တွင်မူ ၎င်းတို့မှာ မခိုင်ခံ့တော့ဘဲ ခြောက်သွေ့နေသော မြက်ပင်များကို နင်းချေသကဲ့သို့ လွယ်ကူနေတော့သည်။

လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လှံချက်မှာ အလွှာပေါင်း တစ်ရာကျော်ကို ဖောက်ထွက်ကာ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွား သည်။ ပြင်းထန်သော လေရှိန်ဟုန်ကြောင့် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ မျက်နှာဖုံး ပုဝါပင် လွင့်စင်သွားရာ အလွန်လှပသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ အနောက်ဘက် ဒေသရှိ လူဦးရေ သန်းရာချီ၏ မြင့်မြတ်လှသော စိတ်ဝိညာဉ်ရေးရာ ခေါင်းဆောင်ကြီးသည် အမျိုးသမီးတစ်ဦး ဖြစ်နေသည်မှာ အံ့အားသင့်စရာပင်။

သို့သော် ဤသည်မှာ သဘာဝကျလှသည်။ အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရော ဟိတ် ဘုန်းတော်ကြီးမှာ အမြဲတမ်း အမျိုးသမီးသာ ဖြစ်လေ့ရှိပြီး ၎င်းမှာ ‘မူလဝိညာဉ် နတ်ဘုရား’ ၏ ဗျာဒိတ်တော်အရ ဖြစ်၏။ ယဇ်ပလ္လင်ရှိ သူတော်စင်မိန်းမပျိုကို စောင့်ကြပ် သော နတ်သမီးလေးမှာလည်း ပြိုင်ဘက်ကင်း လှပသူတစ်ဦး ဖြစ်ပေသည်။

ဟုန်ယွိ၏ ကိုယ်ပွားသည် မျက်နှာဖုံးပုဝါ လွင့်သွားသည်ကို အာရုံမရဘဲ လှံကို လည်ချောင်း ဆီသို့ ရက်ရက်စက်စက် ထိုးသွင်းလိုက်သည်။

လှံသွားသည် လည်ချောင်းသို့ ထိတော့မည့် အခိုက်အတန့်မှာပင် သူမ၏ လက်ထဲမှ ‘ဘုန်းတန်ခိုးအာဏာစက်လှံတော်’ သည် လေထဲသို့ ပျံတက်လာပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ‘သေမင်းအလင်းနတ်ဘုရားလှံ’ ကို တားဆီးလိုက်သည်။

ဤသည်မှာ အနှစ်သာရနတ်ဘုရားကျောင်း၏ အမြင့်ဆုံး သိုင်းပညာ ဖြစ်သည်။

‘မူလမိစ္ဆာတိုက်ကွက်’။

ဒေါင်... ဒေါင်... ဒေါင်...

လှံဦးမှာ လှုပ်ရှားသွားပြီး ‘သေမင်းအလင်း နတ်ဘုရားလှံ’ကို လွှမ်းခြုံထားသည့် အလွန် အေးစက်သော ကြယ်တာရာအလင်းစက်များမှာ ပေါက်ကွဲထွက်နေသည်။ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ရာဇလှံတံမှာလည်း မှော်ပညာတစ်ခုကဲ့သို့ ဝှေ့ယမ်းကာ သေမင်းအလင်း နတ်ဘုရားလှံချက်တိုင်းကို တားဆီးနေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ ငှက်မွေးတစ်မျှ ပေါ့ပါးစွာ လေထဲသို့ ပျံတက်သွားပြီး လှံ၏အရှိန်ဟုန်ကို အားမစိုက်ဘဲ သစ်ရွက်တစ်ရွက်ကဲ့သို့ လိုက်ပါသွားတော့သည်။

၎င်းသည် အနှစ်သာရနတ်ဘုရားကျောင်း၏ ပြိုင်ဘက်ကင်း ကိုယ်ဖော့ပညာ ‘လွင့်မျော ငွေငန်း’ပင်။ နာမည်မှာ တော်ဝင်ချန်ဘာသာစကားဖြင့် ပြန်ဆိုထားသော ကဗျာဆန်သည့် အမည်ဖြစ်ပြီး ‘တိုင်ရှန်တာအို’ဂိုဏ်း၏ လျှပ်တပြက်အလင်းရိပ် ဖြတ်သန်းခြင်း ကိုယ်ဖော့ ပညာနှင့် အဆင့်တူသည်။

သို့သော် ဟုန်ယွိသည် သူမနှင့် အချိန်မဖြုန်းချင်ပေ။ သူ၏ တိုက်ခိုက်မှုမှာ တားဆီးခံလိုက် ရသော်လည်း သူကသာ အသာစီးရနေခြင်း ဖြစ်သည်။ သူမမှာ အသက်ပင် ဝဝမရှူနိုင်ဘဲ လွတ်အောင်ရှောင်နေရခြင်း ဖြစ်၏။

လှံ၏အရှိန်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ကိုယ်ပွားသည် ကောင်းကင် တုန်ဟီးသွားအောင် ဟိန်းဟောက်လိုက်သည်….၊ ‘မန္တန်ပေါက်ကွဲခြင်း’။ ဆက်တိုက် လှံချက်သုံးချက် ထိုးနှက်လိုက်ပြီးနောက် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးမှာ နန်းတော် အထက်သို့ ပျံသန်းသွားတော့သည်။ ထိုအခိုက်တွင် သူသည် ရုတ်တရက် နောက်သို့လှည့် ကာ ဟွာလျှိုဧကရာဇ် အသောက၏ ဓားကောက်ကြီးကို ရိုက်ချလိုက်သည်။

ဧကရာဇ်သည် သူ၏ ဓားကောက်ကြီးဖြင့် ‘မဟာလေဟာနယ်လက်ဝါး’ ကို ရက်စက်စွာ ခုတ်ပိုင်းနေသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကိုမြှောက်ကာ သွေးတစ်စက်ကို ရှေးဟောင်း ရာရှိုမွန်အတွင်းသို့ ချလိုက်သည်။

ဧကရာဇ်သည် သူ၏သွေးကို အသုံးပြု၍ ရာရှိုမွန်၏ စွမ်းအားကို နှိုးဆော်ရန် ကြိုးပမ်း နေခြင်း ဖြစ်ပုံရသည်။

သို့သော် သွေးစက်မှာ တံခါးအတွင်းသို့ ဝင်တော့မည့် အခိုက်အတန့်မှာပင် ကောင်းကင် ယံမှ လှံတစ်ချက် ရောက်ရှိလာပြီး ထိုသွေးစက်ကို လှံကိုယ်ထည်အတွင်းသို့ စုပ်ယူလိုက် တော့သည်။ တစ်ချိန်တည်းမှာပင် ထိုလှံသည် ရှေးဟောင်း ရာရှိုမွန်၏ အောက်ခြေကို ထိုးစိုက်ကာ ပြင်းထန်စွာ မြှောက်တင်လိုက်သည်။

“ကြွတက်စမ်း”

ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးက နန်းတော်ကို တုန်ခါသွားစေပြီး နန်းတော် အတွင်းရှိ မှန်ချပ်အားလုံးကို ကြေမွသွားစေတော့သည်။

သေးငယ်သော်လည်း အလွန်လေးလံလှသော ရှေးဟောင်း ရာရှိုမွန်ကို ဟုန်ယွိ၏ ‘လူသား အင်မော်တယ်ကိုယ်ပွား’က လှံတစ်ချက်တည်းနှင့် မြှောက်တင်လိုက်ရာ ၎င်းမှာ လေထဲ တွင် လွင့်မျောသွားတော့သည်။

သူ မြှောက်တင်လိုက်သည့်အခါ ရာရှိုမွန်မှာ တုန်ခါသွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် မှာလည်း တဖြောက်ဖြောက်နှင့် ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ဦး ချိတ်ဆက်ထားသော လျှို့ဝှက်လိုင်းကြောင်းများ ပြတ်တောက်သွားပုံရသည်။

ထို ‘ပုံရိပ်ယောင်တံခါး’ များအတွင်းသို့ ပေါက်ကွဲစေတတ်သော အရာများ ပစ်ထည့်လိုက် သကဲ့သို့ပင်။ တဝုန်းဝုန်းနှင့် အဆက်မပြတ် ပေါက်ကွဲနေကြတော့သည်။ ထို့နောက် မူလ ဖရိုဖရဲ စွမ်းအင်အငွေ့များသည် အရပ်မျက်နှာအသီးသီးသို့ လှိမ့်တက်သွားပြီး ထူထဲသော မီးခိုးများကဲ့သို့ ကွယ်ပျောက်သွားတော့သည်။

ရှေးဟောင်း ရာရှိုမွန်ကို မြှောက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ‘ပုံရိပ်ယောင်တံခါး’ လည်း ကွယ်ပျောက်သွားခဲ့ပြီဟု ဆိုရမည်။

“ကောင်းလိုက်တာ။”

ဤမြင်ကွင်းကို မြင်သောအခါ ဟုန်ယွိသည် အလွန်အမင်း ဝမ်းသာသွားပြီး အားပါပါ ဟိန်းဟောက်လိုက်သည်။ ‘ပုံရိပ်ယောင်တံခါး’များ ကွယ်ပျောက်သွားသရွေ့ အနောက် ဘက်ဒေသ ပူးပေါင်းစစ်တပ်မှာ ပြိုလဲသွားမည်ဖြစ်ပြီး သူတို့၏ တိုက်ခိုက်မှု များမှာလည်း စက္ကူကျားများသာ ဖြစ်သွားတော့မည် မဟုတ်ပါလား။

…

“အနန္တသက်တမ်း၊ အနန္တအလင်း၊ တောက်ပသော မန္တလာ၊ ချိပ်ပိတ်။”

‘လူသားအင်မော်တယ်ကိုယ်ပွား’ က လှံဖြင့် ရာရှိုမွန်ကို မြှောက်တင်လိုက်ပြီးနောက် ‘ဗုဒ္ဓဓမ္မခန္ဓာ’က လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံဆောင်ခဲအလင်းတန်းများစွာ ထွက်ပေါ်လာ ပြီး အဆုံးမရှိသော တောက်ပမှုနှင့်အတူ ထိုနတ်ဘုရားလက်နက်ကို အတွင်း၌ ချိပ်ပိတ် လိုက်တော့သည်။

“ဝိုး... ဒီလက်နက်ရဲ့ စွမ်းအားက ချီလင်ထက်တောင် ပိုပြင်းထန်တာပဲ။” ရာရှိုမွန်ကို ချိပ်ပိတ်လိုက်ပြီးနောက် ထိုလက်နက်တွင် ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရသည်။ ၎င်းသည် ပြင်းထန်စွာ တုန်ခါနေပြီး အပြင်သို့ ဖောက်ထွက်ပြေးရန် ကြိုးစားနေ၏။

ထိုတုန်ခါမှုမှာ လူသူကင်းမဲ့သော တောရိုင်းမြေတွင် ချိပ်ပိတ်ခံထားရသော ချီလင်ထက်ပင် ပိုမိုပြင်းထန်လှသည်။ အမှန်စင်စစ် ၎င်းမှာ ချီလင်နှစ်ကောင်၏ စွမ်းအားနှင့် ညီမျှနေပြီး ဟုန်ရွှန်ကျိကို ချိပ်ပိတ်ရသကဲ့သို့ပင် အားစိုက်နေရ၏။

“ကောင်းကင်အမှောင်ထု၊ မူလသက်တမ်း၊ အမှောင်မန္တလာ၊ ချိပ်ပိတ်။”

ထိုအခိုက်အတန့်တွင် အလင်းအကာအကွယ်မှာ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ဟုန်ယွိ၏ အတွေးစများမှာ ရာရှိုမွန်၏ ပြင်းထန်သော တုန်ခါမှုကြောင့် ကြေမွကုန်သည်။

သို့သော် သူသည် ‘အတိတ်ကျမ်း’ ကို အသုံးပြုလိုက်သည့်အခါ ထိုကြေမွသွားသော အတွေးစများမှာ ချက်ချင်းပင် အားအင် ပြန်လည်ပြည့်ဝလာကြသည်။

ထို့နောက် အလင်းအကာအကွယ်၏ အပေါ်တွင် ‘အမှောင်အကာအကွယ်’ ကို ချက်ချင်း ထပ်လောင်းလိုက်ပြန်သည်။ ရွှမ်ထျန်းတာအိုသခင်နှင့် ဗေရောစနဗုဒ္ဓတို့၏ လက်များမှာ ရုတ်တရက် ယှက်နွယ်သွားကြသည်။

အလင်းနှင့်အမှောင် အကာအကွယ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး အဆက်မပြတ် ပေါက်ကွဲ နေသည်။ ထိုအခိုက်အတန့်တွင် မမြင်ရသော ရွှေရောင်တံတား အသိစိတ်တစ်ခုသည် လေထဲသို့ ပျံတက်လာပြီး အလင်းနှင့်အမှောင် ပေါက်ကွဲမှုများအကြားသို့ ဝင်ရောက်ကာ ပေါက်ကွဲနေသော အသိစိတ်များနှင့် ပေါင်းစပ်သွားတော့သည်။

ထို့နောက် ပေါက်ကွဲနေသော အသိစိတ်မှာ ၎င်း၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီး တုန်ခါမှုများ ရပ်တန့်သွားတော့သည်။ အလင်းနှင့်အမှောင်တို့မှာ ရွှေရောင်တံတားနှင့်အတူ လုံးဝသဟဇာတ ဖြစ်သွားကြပြီး ၎င်းတို့ကို ပေါင်းစပ်ရန် အဆင့်ရှစ် မိုးကြိုးကပ်ဘေး ဝိညာဉ်ထိန်းစွမ်းအင်ပုတီးစေ့ပင် မလိုအပ်တော့ပေ။

ဟုန်ယွိ၏ သိုင်းဆန္ဒဖြစ်သော ပါရမီတံတားသည် အလင်းနှင့်အမှောင်ကို လုံးဝ သဟဇာတ ဖြစ်စေသည့် ရလဒ်မျိုးကို ရရှိစေခဲ့ခြင်း ဖြစ်သည်။

ပါရမီတံတားမှာ အပြည့်အဝ ပုံမပေါ်သေးသော်လည်း ၎င်းတွင် ကောင်းကင်နှင့်မြေပြင်၊ လေနှင့်မိုးကြိုးတို့၏ လျှို့ဝှက်ချက်များနှင့် ကောင်းကင်နှင့်လူသားတို့၏ အခြေခံ သဘော တရားများ ပါဝင်နေသည်။ ၎င်းကို အသိစိတ်နှင့် ပေါင်းစပ်လိုက်သည့်အခါ အလင်းနှင့် အမှောင်ကို အပြည့်အဝ သဟဇာတဖြစ်စေနိုင်ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဟုန်ယွိ၏ အလင်းနှင့်အမှောင် အကာအကွယ်အတွက် ဝိညာဉ်ထိန်း စွမ်းအင်ပုတီးစေ့ကို မလိုအပ်တော့ပေ။ ထို့ကြောင့်လည်း ဟုန်ယွိသည် ဧကရာဇ်လေးပါးကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ဝံ့ခြင်း ဖြစ်သည်။ သူတို့အားလုံး အငိုက်မိသွားကြ သည်။

အလင်းနှင့်အမှောင်သည် တခဏအတွင်းမှာပင် ဟန်ချက်ညီသွားပြီး၊ အကာအကွယ် အစီအရင်တစ်ခုလုံးမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ကျုံ့သွားတော့သည်။ ၎င်းသည် တည်ရှိခြင်းနှင့် မတည်ရှိခြင်းအကြားမှ သေးငယ်သော အစက်ကလေးတစ်စက် ဖြစ်သွား သည်အထိ ကျုံ့သွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

ထိုပြင်းထန်သော ပေါက်ကွဲမှုအတွင်းမှာပင် လျှို့ဝှက်ဆန်းပြားလှသော ရှေးဟောင်း ရာရှိုမွန်မှာ လှုပ်ရှားမှု တခဏမျှ ရပ်တန့်သွားပြီး လေထဲတွင် ပေါ့ပါးစွာ လွင့်မျောနေပြီး မူလက လေးလံလှသော အလေးချိန်မှာလည်း ခေတ္တမျှ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ဤသည်မှာ ယာယီမျှသာ ဖြစ်၏။

အကြောင်းမှာ ဟုန်ယွိသည် ခုနက အလင်းနှင့်အမှောင် အကာအကွယ်၏ ပေါက်ကွဲမှုသည် ထိုလက်နက်ကို သန့်စင်ပေးလိုက်ရုံသာရှိပြီး၊ ခေတ္တမျှ ဖိနှိပ်ထားရုံသာ ရှိသေးသည်ကို ခံစားမိသောကြောင့် ဖြစ်သည်။

ဤလက်နက်မှာ ဟုန်ယွိ မြင်ဖူးသမျှ လက်နက်များအနက် အဆန်းကြယ်ဆုံး လက်နက်ပင် ဖြစ်သည်။ ဖန်ဟွမ်အသက်ဝိညာဉ်ဓားပင် ဤမျှ မဆန်းကြယ်ပေ။

သူသည် ဤလက်နက်ကို ချိပ်ပိတ်နိုင်ခဲ့သော်လည်း ၎င်း၏ စွမ်းဆောင်ရည်များကိုမူ ဟုန်ယွိ မသိသေးသလို အသုံးလည်း မပြုနိုင်သေးပေ။ သို့သော် ဤလက်နက်ကို အရင်ဆုံး ယူဆောင်သွားရန်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဟုန်ယွိ သိသည်။ ကျန်ရှိသည်များကိုမူ နောက်ပိုင်း သန့်စင်ပြီးမှ လေ့လာရမည်။

…

“ချီလင်... သွားကြစို့”

ရှေးဟောင်း ရာရှိုမွန်ကို အလင်းနှင့်အမှောင် အကာအကွယ်ဖြင့် ချိပ်ပိတ်ကာ ၎င်း၏ တုန်ခါမှုများကို ဖိနှိပ်ပြီးနောက် ဟုန်ယွိက ဟိန်းဟောက်လိုက်ရာ အဆင့်ရှစ် မိုးကြိုး ကပ်ဘေး နတ်ဘုရားအသိစိတ်မှာ ပျံထွက်လာပြီး တောက်ပသော အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။

ဤအတွေးစမှာ ဤနေရာရှိ လူအားလုံး၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ချက်ချင်းပင် အနှစ်သာရနတ်ဘုရားကျောင်း ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၊ ဟွာလျို ဧကရာဇ်၊ ယွန်မင်ဧကရာဇ် နာလန်ယိဟုန်တို့သည် နောက်သို့ အလျင်အမြန် ဆုတ်ခွာ လိုက်ကြရသည်။

ဟုန်ယွိသည် အစွမ်းကုန် ခုန်တက်လိုက်ပြီး ချီလင်နှင့်အတူ နတ်ဘုရားအသိစိတ်၏ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ကာ ထိုမှတဆင့် အဝေးသို့ ပျံသန်း ထွက်ခွာသွားတော့ သည်။

ထိုခုန်ချက်နှင့်အတူ သူသည် တိမ်တိုက်များ၏ အပေါ်သို့ ရောက်ရှိသွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ခံတပ်များ၊ ဆိုင်ခန်းများနှင့် စည်ကားလှပနေသော မြို့ကြီး တစ်မြို့ကို မြင်လိုက်ရသည်။ ၎င်းမှာ အနောက်ဘက်ဒေသ၏ ဟန်ပန်များဖြင့် ပြည့်နှက် နေပြီး လူပေါင်း သန်းနှင့်ချီ၊ သောင်းနှင့်ချီ ရှိနေသည့် မြို့ကြီးတစ်မြို့ပင် ဖြစ်၏။

ညအချိန် ရောက်နေပြီဖြစ်သော်လည်း မိုင်ပေါင်းရာနှင့်ချီ၍ ရှည်လျားလှသော မီးရောင်များ ကြောင့် ဤနေရာမှာ မအိပ်စက်သော မြို့ကြီးတစ်မြို့ ဖြစ်နေသည်။

နန်းတော်အတွင်းမှ ပေါက်ကွဲသံနှင့် တုန်ခါမှုကြောင့် လူပေါင်းများစွာ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ ဟုန်ယွိသည် အစွမ်းထက်လှသော နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ ပေါင်းများစွာ သူ့ထံသို့ ဦးတည်လာနေသည်ကို ခံစားလိုက်ရပြီး အရပ်မျက်နှာ အသီးသီးမှ လည်း ‘ယင်’ နှင့် ‘ယန်’ လေပြင်းများ ထွက်ပေါ်လာနေသည်။

“သူတော်စင်တောက်ဖူဟာ တော်ဝင်ချန်မြို့တော်ပေါ်မှာ ပျံသန်းခဲ့ပြီး၊ ချက်ချင်းပဲ အသတ်ခံလိုက်ရတယ်။ ငါလည်း အခု အနောက်ဘက်ဒေသ ယဉ်ကျေးမှုမြို့တော်ရဲ့ နန်းတော်ပေါ်မှာ ရောက်နေတာဆိုတော့ မြန်မြန် ထွက်သွားတာ ပိုကောင်းလိမ့်မယ်။”

ဟုန်ယွိသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်မစဉ်းစားတော့ဘဲ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အဝေးသို့ ပျံသန်းသွားတော့သည်။

သူ၏ နောက်ကွယ်မှာတော့ အလင်းတန်းအချို့မှာ အလျှော့မပေးဘဲ ပြင်းထန်စွာ လိုက်လံ တိုက်ခိုက်နေကြတော့သည်။

အခန်း (၄၅၀)။

“ဟုန်ယွိ... မင်းကတော့ တကယ့်ကို အံ့မခန်းပဲ။ ထိပ်တန်း ပညာရှင်ကြီး လေးယောက်ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့တယ်။... ဒီထိပ်တန်း ပညာရှင်ကြီး လေးယောက်ဟာ ဒီလောကကြီးကို အုပ်စိုးနေပြီး ရည်မှန်းချက်ကြီးကာ ရက်စက်ကြမ်းကြုတ်တဲ့ ဧကရာဇ် တွေဖြစ်ပေမယ့်၊ မင်းကတော့ သူတို့လက်ထဲကနေ ရှေးဟောင်း ရာရှိုမွန် နတ်ဘုရား လက်နက်ကိုပါ လုယူနိုင်ခဲ့တယ်။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။ ဒီလောကရဲ့ နံပါတ်တစ် ပုဂ္ဂိုလ် မုန့်ရှန်းကျီကိုယ်တိုင် ရောက်လာရင်တောင် မင်းထက် ပိုကောင်းအောင် လုပ်နိုင်ပါ့ မလား မသိဘူး။”

အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်အတွင်း၌ အရှိန်ဟုန်ဖြင့် လိုက်ပါလာ သည့် ဆုဝေဝေနှင့် ယွမ်ကုန်းမင်တို့မှာ အံ့ဩလွန်းသဖြင့် ခေါင်းများပင် ခါယမ်းနေမိကြ တော့သည်။

သူတို့ မည်သို့ပင် ဖုံးကွယ်ရန် ကြိုးစားစေကာမူ သူတို့၏ အံ့ဩမှင်သက်မှုကို လုံးဝ ဖုံးကွယ်မထားနိုင်ကြပေ။

အခုနက ဟုန်ယွိ၏ အလစ်အငိုက် တိုက်ခိုက်မှုမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှ သည်။

ဤလောကကို သွေးချောင်းစီး တိုက်ခိုက်သိမ်းပိုက်နေသည့် ဧကရာဇ်ကြီး လေးပါးစလုံးမှာ ဟုန်ယွိ၏ အလစ်ဝင်ရောက် တိုက်ခိုက်မှုကို ခံလိုက်ရပြီး အရပ်မျက်နှာ အသီးသီးသို့ ဖရိုဖရဲ ဆုတ်ခွာသွားခဲ့ရကာ ရှေးဟောင်း ရာရှိုမွန်ကိုလည်း အတင်းအဓမ္မ လုယူခြင်း ခံလိုက်ရ သည်။

“တကယ့်ကို ပြိုင်ဘက်ကင်း ပညာရပ်ပဲ... နတ်ဆိုးနတ်ဘုရားဂူက ဘိုးဘေးကြီးရဲ့ ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ’ ကတောင် ဟုန်ယွိကို ဘာမှလုပ်နိုင်မှာ မဟုတ် ဘူး။ အဲ့ဒီဘိုးဘေးကြီး အဆင့်ခုနှစ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး ‘ဖန်ဆင်းရှင်’တစ်ဦး ဖြစ်လာရင်တော့ တစ်မျိုးပေါ့...”

ယွမ်ကုန်းမင်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ဧရာမ မျောက်ဝံကြီးမှာ ခုနက တိုက်ပွဲတွင် ထွက်ပေါ်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ ထွက်လာလျှင်လည်း အသုံးမဝင်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေမည် ဖြစ်သောကြောင့်ပင်။

သို့သော် ခုနက မြင်ကွင်းအားလုံးကို သူ အစအဆုံး မြင်တွေ့ခဲ့ရသည်။

ထိုနေရာရှိ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး သို့မဟုတ် ကျိုးထိုက်ကျူတို့ကို မဆိုထားနှင့်၊ ဟွာလျှိုဧကရာဇ် သို့မဟုတ် ယွန်မင်ဧကရာဇ်တို့သည်ပင် သူ့ကို အလွယ်တကူ ချေမှုန်းပစ် နိုင်သူများ ဖြစ်ကြသည်။

သူသည် အထွက်အထိပ် သိုင်းသူတော်စင် တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင် ထားသော်လည်း သူ၏သိုင်းဆန္ဒမှာမူ အထွက်အထိပ် သိုင်းသူတော်စင် များထက် နိမ့်ကျ နေသေးသည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရာတွင် တူညီသော်လည်း ဤဧကရာဇ်များ ရှေ့တွင်မူ ပြောပလောက်သည့်အရာ မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ဧရာမမျောက်ဝံကြီးသည် ဟုန်ယွိနောက်သို့ လိုက်ရန်သာ လုံးဝ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

အရှေ့ပင်လယ်ရှိ မြူခိုးတောင် (ယွန်းဝူတောင်) မှ နက်နဲဆန်းကြယ်လှသော ဘိုးဘေးကြီး ကိုယ်တိုင်လာ၍ ဒဏ္ဍာရီလာ ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ’ ကို အသုံးပြုလျှင် ပင် ဟုန်ယွိကို မည်သို့မျှ မလုပ်နိုင်လောက်ကြောင်း သူ ခံစားလိုက်ရသည်။ ဟုန်ယွိကပင် ပြန်လည်အနိုင်ယူသွားနိုင်ပေသည်။

မိုးကြိုးကပ်ဘေး (၇) ကြိမ် ဖြတ်ကျော်ထားသည့် ဖန်ဆင်းရှင်တစ်ဦး မဟုတ်သရွေ့ ဟုန်ယွိသည် ဤလောကတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ယွမ်ကုန်းမင် ယုံကြည် သွားခဲ့ပြီ။

“ချီလင်... မင်း ဘယ်လိုထင်လဲ”

ဟုန်ယွိက အရှိန်အဟုန်ဖြင့် ပျံသန်းရင်း မေးလိုက်သည်။

“အံ့သြစရာပဲ... ဒီလူတွေက တကယ်ကို အစွမ်းထက်ကြတယ်။ ခုနက ငါတိုက်ခဲ့တဲ့ ဧကရာဇ်ဆိုရင် ငါနဲ့ အဆင့်ချင်း တူနေတယ်။ သူက ဟုန်ရွှန်ကျိလောက် မသန်မာပေမဲ့ ငါ သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူက မိုးကြိုးကပ်ဘေး (၆) ကြိမ် ဖြတ်ကျော်ထားသူ မဟုတ်ဘဲ (၅) ကြိမ်လောက်ပဲ ဖြတ်ကျော်ရဦးမယ်။ ဒါပေမဲ့ ‘ကမ္ဘာဦး ခွန်ဖန်ပညာ’ က တကယ်ကို အစွမ်းထက်တယ်။ ပြီးတော့ သူ့ဆီကနေ ခြိမ်းခြောက်မှုတစ်ခုကို ငါခံစားရတယ်။ ယုဝမ်မူ နဲ့ ယှဉ်ရင် သူက ပိုပြီး အန္တရာယ်များတယ်။ သူ့မှာ အလွန်တရာ အစွမ်းထက်တဲ့ မှော်လက်နက်တစ်ခုခု ရှိနေပုံရတယ်။” ချီလင်က ဆိုသည်။

ချီလင်သည် ခုနက ယွန်မင်ဧကရာဇ် နာလန်ယိဟုန်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဤဧကရာဇ်မှာ အမှန်တကယ်ပင် မိုးကြိုးကပ်ဘေး (၅) ကြိမ် ကျော်ဖြတ်ထားသည့် ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ယုဝမ်မူလောက် မသန်မာသော်လည်း ပို၍ နက်နဲ သည်။ လူဦးရေ သန်းလေးရာနီးပါးရှိသော ယွန်မင်အင်ပါယာကြီးကို အုပ်စိုးနေသည့် ဧကရာဇ်တစ်ဦးမှာ သာမန်လူ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

“ဟုတ်လား... အဲ့ဒီဟွာလျှိုဧကရာဇ်ကလည်း သူ့ရဲ့ စွမ်းအားအစစ်ကို မထုတ်ပြရသေးဘူး။ ထုတ်ဖော်ဖို့လည်း အချိန်မရလိုက်ဘူးလေ။” ဟုန်ယွိက ခေါင်းညိတ်လိုက်ရင်း ပြောလိုက် သည် “ဒါပေမဲ့ သိပ်ပြီးတော့ အပျော်မစောကြနဲ့ဦး။ ငါ အလင်းနဲ့အမှောင် အကာအကွယ်ကို သုံးပြီး ဒီရှေးဟောင်း ရာရှိုမွန်ကို ချိပ်ပိတ်ထားနိုင်တယ် ဆိုပေမဲ့ ဒီနတ်ဘုရားလက်နက်မှာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေတုန်းပဲ။ ငါ ဒါကို အပိုင်သိမ်းဖို့ မပြောနဲ့၊ အနိုင်ယူဖို့တောင် မနည်းလုပ်နေရတာ။ တကယ်လို့ ငါသာ နည်းနည်းပါးပါး ပေါ့လျော့ လိုက်တာနဲ့ ဒီနတ်ဘုရားလက်နက်က ပျံထွက်သွားမှာပဲ။ ငါ (၆) ကြိမ်မြောက် မိုးကြိုး ကပ်ဘေးကို အမှန်တကယ် ကျော်ဖြတ်ပြီးမှပဲ လက်နက်ကို လုံးဝ ထိန်းချုပ်နိုင်လိမ့်မယ်။”

ဟုန်ယွိ၏ စကားကြောင့် ဆုဝေဝေနှင့် ယွမ်ကုန်းမင်တို့မှာ ရင်တထိတ်ထိတ် ဖြစ်သွားကြ တော့သည်။

…

ဝှီး..... ဝှီး... ဝှီး..... ဝှီး….။

ဟုန်ယွိ စကားပြောနေစဉ်မှာပင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အချိန်နှင့် လေဟာနယ် ၏ ကန့်သတ်ချက်များကို ကျော်လွန်နေသည့် အရှိန်အဟုန်ဖြင့် အလင်းတန်းများ ရောက်ရှိ လာကြသည်။ ၎င်းတို့သည် ဟုန်ယွိကို ကျော်ဖြတ်ကာ ရှေ့တွင် ပိတ်ဆို့လိုက်ကြပြီး ထူးဆန်းသော အစီအရင်ပုံစံဖြင့် ဝိုင်းရံလိုက်ကြတော့သည်။

“ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၊ အသောကဘုရင်၊ နာလန်ဧကရာဇ်နဲ့ ကျိုးထိုက်ကျူ... ဒီတစ်ယောက်ကတော့ ‘မဟာမှော်တပ်မတော်’ ရဲ့ ခေါင်းဆောင် သခင်ခန်း ဖြစ်ရမယ်။ ဒီနေ့ ကျွန်တော့်ကို ဝိုင်းထားတဲ့ ပညာရှင်တွေ ဒီလောက်များနေတာတော့ ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်။ ဟား…ဟား... ကျွန်တော့်ဘဝမှာ တစ်နေ့ ဒီလောကရဲ့ နံပါတ်တစ် ပညာရှင်မျိုးလို ဆက်ဆံခံရလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး။”

ထိုသို့ ဝိုင်းရံခံလိုက်ရသည်ကို မြင်သောအခါ ဟုန်ယွိသည် ဆက်မပြေးတော့ဘဲ လေထဲတွင် ရပ်လိုက်သည်။

မူလက သူသည် အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်ကို အသုံးပြုကာ ကမ္ဘာငယ်တစ်ခုကို ဖန်တီးပြီး ၎င်းအတွင်း၌ ပုန်းအောင်းကာ ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ထွက်ပြေးနိုင်ပေသည်။

သို့သော် ယခုအခါ သူသည် ရှေးဟောင်း ရာရှိုမွန်ကို ချိပ်ပိတ်ထားရသဖြင့်၊ ထိုနတ်ဘုရား လက်နက်မှာ အဆက်မပြတ် တုန်ခါနေပြီး ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေ ပြီး၊ အချိန်မရွေး ပျံထွက်သွားနိုင်သလို ဟုန်ယွိ၏ စိတ်ဝိညာဉ်ကိုပင် တိုက်ခိုက်လာနိုင် သည်။ ဟုန်ယွိသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနေစဉ်အတွင်း ရှေးဟောင်းရာရှိုမွန် တံခါးကို ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုး မရှိသေးပေ။

မိုးကြိုးကပ်ဘေး (၆) ကြိမ် ကျော်ဖြတ်ပြီး သူ၏ စိတ်ဝိညာဉ် အတွေးစများ ပြည့်စုံသွား လျှင်တော့ ဤသို့လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။ သို့သော် ယခုမူ မဖြစ်နိုင်သေးပေ။

“မင်းက ဟုန်ယွိလား။ မင်းရဲ့နာမည်ကို ငါ ကြားဖူးပါတယ်။ ‘သူတော်စင်ငယ်’၊ ‘ပထမဆုရပညာရှင်’ (ကျွမ့်ယွမ်)၊ ကောင်းကင်နိုင်ငံရဲ့ မဟာပညာရှင်ကြီး ဆိုပါတော့။ မင်းသာ ငါ့ဆီမှာ သစ္စာခံ ခိုလှုံမယ်ဆိုရင် ‘ဧကရာဇ်အကြံပေး’ ရာထူးက မင်းအတွက်ပဲ။”

ထိုအခိုက်တွင် နာလန်ယိဟုန်သည် လေထဲတွင် ရပ်တန့်ကာ အလယ်တွင် ဝိုင်းရံခံထားရ သော ဟုန်ယွိကို ကြည့်လိုက်သည်။

ဤယွန်မင်ဧကရာဇ်၏ မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး၊ ဟုန်ယွိနှင့် ဘေးနားရှိ ချီလင်ကို ကြည့်လိုက်ပါသည်။

ဟုန်ယွိ၏ အစစ်မှန် ခန္ဓာကိုယ်မှာ အဆင့်ရှစ် မိုးကြိုးကပ်ဘေး နတ်ဘုရား အသိစိတ် အတွင်းရှိ ကမ္ဘာငယ်လေးထဲတွင် ပုန်းအောင်းနေသည်။ အပြင်တွင် ပေါ်ထွက်နေသော ‘လူသားအင်မော်တယ်ကိုယ်ပွား’ မှာမူ တစ်ကိုယ်လုံး အရိုးစူးများဖြင့် ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းအားများကို ထုတ်လွှတ်နေသည်။

“နာလန်ဧကရာဇ်... ခင်ဗျား ပြောလိုက်တဲ့စကားက ရယ်စရာကောင်းတယ်လို့ မထင်ဘူး လား။”

ဟုန်ယွိသည် နာလန်ရိဟုန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုနေရာတွင်ရှိသော ပညာရှင်တစ်ဦးချင်းစီ၏ မျက်နှာများကို လိုက်ကြည့်လိုက်သည်။

ဧကရာဇ်လေးပါးအပြင် နောက်ထပ် လူတစ်ဦး ရှိနေသေးသည်။ ထိုသူမှာ အလွန်ပင် အိုမင်းနေသော အဘိုးအိုတစ်ဦးဖြစ်ပြီး လက်ထဲတွင် ထူးဆန်းသော သစ်သားတောင်ဝှေး ကို ကိုင်ထားသည်။ သူသည် ခါးကုန်းနေပြီဖြစ်ပြီး သူ၏မုတ်ဆိတ်မွှေးမှာ ရှစ်ပေခန့် ရှည်လျားကာ ခြေထောက်ထိ ရောက်နေသော်လည်း သေသေသပ်သပ် ရှိလှသည်။

ဟုန်ယွိသည် အနောက်ဘက်ဒေသမှ ရှေးဟောင်း သူတော်စင်ကြီးများ၏ ပုံတူကားချပ်များ ကို မြင်ဖူးသည်။ ထိုသူများအားလုံး၏ မုတ်ဆိတ်များမှာ မြေပြင်အထိ ရှည်လျားကြပြီး ၊ အနောက်ဘက်ဒေသတွင် မုတ်ဆိတ်ရှည်လေ အသိပညာ ကြွယ်ဝလေဟု ယူဆကြသည့် ထူးဆန်းသော ဓလေ့တစ်ခု ရှိသည်။

ဤသူကား အနောက်ဘက်ဒေသ၏ ဧကရာဇ်အကြံပေး ‘မဟာမှော်တပ်မတော်’ ၏ ခေါင်းဆောင် မဟာပညာရှင်ခန်းပင် ဖြစ်သည်။ သူသည် တော်ဝင်ချန်၏ ‘ဖန်ဆင်းခြင်း အရိပ်စောင့်တပ်’ နှင့် ရင်ဆိုင်နိုင်စွမ်းရှိသူ ဖြစ်သည်။

“ကျိုးထိုက်ကျူ... ခင်ဗျားရော ကျုပ်ရဲ့ ဗုဒ္ဓလက်ဝါးတိုက်ကွက်ကို ဘယ်လိုသဘောရလဲ။” ဟုန်ယွိသည် ခုနက အသက်လုထွက်ပြေးသွားပြီးမှ ပြန်ပေါ်လာသော ကျိုးထိုက်ကျူကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

“မင်း အဲ့ဒီ ရှေးဟောင်း ရာရှိုမွန်တံခါးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒီနတ်ဘုရား လက်နက်ကို မင်းနဲ့အတူ သယ်ထားတာက မင်းကို သေတွင်းထဲ ဆွဲခေါ်မယ့် ဝန်ထုပ်ဝန်ပိုး ပဲ ဖြစ်လိမ့်မယ်။ တကယ်လို့, မင်းသာ အဲဒီလက်နက်ကို အသာတကြည် စွန့်လွှတ်မယ် ဆိုရင် မင်းထွက်သွားတာကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။ မစွန့်လွှတ်ဘူးဆိုရင်တော့ ဒီနေ့ မင်း ဒီမှာ သေရလိမ့်မယ်။ မင်းက ရဲစွမ်းသတ္တိ ပြချင်သေးတယ်ဆိုရင်တော့ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစပေါင်း တစ်သောင်းကို သုံးပြီး ‘အစွန်းရောက် ဧကရာဇ် ပြောင်းပြန်လှန်ခြင်း’ ပညာနဲ့ မင်းကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်ပြီး သတ်ပစ်ရ လိမ့်မယ်။”

ကျိုးထိုက်ကျူသည် ‘အဝီစိပလ္လင်’ ပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ထိုင်နေသည်။ ခုနက ရရှိခဲ့သော ဒဏ်ရာမှာ သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။

ဤနိုင်ငံတည် ဘိုးဘေးကြီးသည် အခက်အခဲများစွာနှင့် ကျရှုံးမှုများကို ကျော်ဖြတ်လာခဲ့သူ ဖြစ်ရာ၊ ယခုကဲ့သို့ သူ၏ အသက်စွမ်းအားများ အပြင်းအထန် ထိခိုက်သွားခဲ့သော်လည်း သူ၏ ယုံကြည်မှုကိုမူ ပျက်စီးအောင် မလုပ်ဆောင်နိုင်ပေ။

“ဒဏ္ဍာရီအရဆိုရင် ဗုဒ္ဓတံဆိပ်တော် (၁၀) မျိုးက အလွန်စွမ်းအားကြီးပြီး ငါတို့ အနောက်ဘက်ဒေသရဲ့ ‘'ဘုံသုံးပါး မူလစွမ်းအင်အမြောက်'နဲ့တောင် ယှဉ်နိုင်တယ်လို့ ကြားဖူးတယ်။ ငါ ခုနက နန်းတော်ထဲမှာ မရှိလို့ ကျွမ့်ယွမ်ရဲ့ အစွမ်းကို မမြင်လိုက်ရတာ တကယ်ကို နှမြောစရာပဲ။”

ခြေထောက်အထိ ရှည်သော မုတ်ဆိတ်ရှိသည့် အဘိုးအိုခန်းက ဟုန်ယွိကို ကြည့်လိုက်ရင်း သူ၏ မြုပ်ဝင်နေသော မျက်လုံးများမှာ အရောင်တောက်သွားသည်။

ဤအနောက်ဘက်ဒေသမှ ပညာရှိကြီးမှာ အလယ်ပိုင်းဒေသ ဘာသာစကားကို ကျွမ်းကျင် စွာ ပြောဆိုနိုင်သည်။ သူ၏ ပညာရှိဆန်သော အမူအရာမှာ ဟုန်ယွိအနေဖြင့်ဆို ရှဲ့ဝန်ယွမ် နှင့်ပင် ဆင်တူနေသလို ခံစားရသည်။

သို့သော် ရှဲ့ဝန်ယွမ်မှာ တာအိုကိုသာ ကျင့်ကြံပြီး၊ နည်းစနစ် ပညာရပ်များကို မကျင့်ကြံ သောကြောင့် ကွဲပြားပေသည်။

…

“အခုလည်း ကျွန်တော့်ရဲ့ ဗုဒ္ဓလက်ဝါးကို မြင်နိုင်ဖို့ နောက်မကျသေးပါဘူး။” ဟုန်ယွိသည် ပညာရှင် ငါးယောက်စလုံးကို မတုန်မလှုပ် စိုက်ကြည့်လိုက်ရင်း “ခင်ဗျားတို့ ငါးယောက်လုံး ပေါင်းရင်တောင် မူလဝိညာဉ်နတ်ဘုရား ကိုယ်တိုင် မလာသရွေ့ ကျွန်တော့်ကို တားနိုင်မှာ မဟုတ်ဘူး။ ဟုတ်ပါတယ်... ကျွန်တော်လည်း ကြောက်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ရှေးဟောင်း ရာရှိုမွန်တံခါးကို ထားခဲ့ပြီး ချက်ချင်း ထွက်ပြေးရမှာပေါ့။”

ထိုသို့ပြောရင်း ဟုန်ယွိက ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးကို ကြည့်ကာ ပြောလိုက်သည် “သခင်မလေး ယဇ်ပုရောဟိတ်... ခင်ဗျားရဲ့ဘေးက နတ်ဘုရားလေးပါး ဖြစ်တဲ့ ငရဲ နတ်ဘုရား၊ မှော်နတ်ဘုရား၊ အနှစ်သာရနတ်ဘုရား၊ ခွန်အားနတ်ဘုရားနဲ့ သွေးနတ်ဘုရား တို့ ဘယ်ရောက်နေကြလဲ။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော့်ကိုသတ်ဖို့ လာတုန်းက အဲ့ဒီနတ်ဘုရားလေးပါးက အစွမ်းထက်ဆုံးပဲ။” (ခွန်အားနတ်ဘုရားနှင့် သွေးနတ်ဘုရားတို့ မှာ အတူတူပင်)။

“မင်းဆီမှာ ရှေးဟောင်း ရာရှိုမွန်တံခါး ရှိနေသရွေ့ မင်း လွတ်မှာ မဟုတ်ဘူး။ မင်းကိုသတ်ဖို့ ငါတို့နဲ့တင် လုံလောက်ပါတယ်။” ယဇ်ပုရောဟိတ်က ကြည်လင်သောအသံဖြင့် ဆိုသည် “နတ်ဘုရားလေးပါးကတော့ မင်းကို သတ်ဖို့ အချိန်မရွေး ရောက်လာလိမ့်မယ်။ ဒါကို စိတ်ပူမနေပါနဲ့။ မင်းရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားတဲ့ အချိန်ကျမှ ရောက်လာတာမျိုး လည်း ဖြစ်နိုင်တာပဲ။” (ရှေးလျောက် ယဇ်ပုရောဟိတ်ဟုသာ သုံးနှုန်းပါတော့မည်။ အမျိုးသမီးဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးအထိက မဆင်ပြေတော့ပါ)။

“အဲ့ဒီလိုဆိုရင်လည်း လာကြလေ။”

ဟုန်ယွိသည် သူ၏လှံကို ကန့်လန့်ဖြတ် ကိုင်လိုက်ရင်း ဘေးနားရှိ ချီလင်ကို ပွတ်သပ်ပေး လိုက်သည်။ “ချီလင်ရေ... ဒီနေ့တော့ ငါတို့နှစ်ယောက် ပညာရှင်တွေ အများကြီးနဲ့ ရင်ဆိုင် ရတော့မယ်။ ငါတို့ သေရမယ်ဆိုရင်တောင် တစ်ယောက်နှစ်ယောက်ကိုတော့ အဖော်ခေါ် သွားရမယ်။ ဒီနေရာက လူတွေထဲ ဘယ်သူက ငါတို့နဲ့အတူ လိုက်ချင်မလဲ မသိဘူး။”

ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် နာလန်ယိဟုန်၊ ကျိုးထိုက်ကျူနှင့် ဟွာလျှို ဧကရာဇ် အသောကတို့၏ မျက်နှာများ အနည်းငယ် ပျက်သွားကြသည်။ ဟုန်ယွိက သူတို့ကို အဖော်ခေါ်သွားမည်ကို ကြောက်ရွံ့နေကြပုံရသည်။

အမှန်စင်စစ် ဟုန်ယွိကဲ့သို့ ပညာရှင်တစ်ဦးမှာ အလွန်ပင် သန်မာလှသည်။ အကယ်၍ ဟုန်ယွိသာ တစ်စုံတစ်ဦးကို သေတွင်းထဲသို့ ဆွဲခေါ်သွားရန် ဆုံးဖြတ်လိုက်ပါက အမှန်တကယ်ပင် ပါသွားနိုင်ပေသည်။

ရုတ်တရက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ မည်သူမျှ အလျင်စလို မလှုပ်ရှားရဲကြ ပေ။

ဟုန်ယွိသည်လည်း မလှုပ်ရှားပေ။ အနှစ်သာရနတ်ဘုရားကျောင်းမှ နတ်ဘုရားလေးပါး ပေါင်းပြီး သူ့ကို သတ်မည်ကို သူ စိုးရိမ်နေသည်။

“ဟီ….၊ ဟီ... ဟုန်ယွိ နင် ကြောက်မနေနဲ့။ နတ်ဘုရားတွေကြားမှာလည်း စစ်ပွဲရှိတယ်။ အခုတော့ အားနည်းလှတဲ့ ငရဲနတ်ဘုရားကို ငါ စားပစ်လိုက်ပြီ။ ယဇ်ပုရောဟိတ်ရယ်... အကြောက်တရားတွေ သိပ်မပေးပါနဲ့။”

သူတို့ အကျပ်ရိုက် နေစဉ်မှာပင် ဟင်းလင်းပြင်၌ ငွေရောင်အလင်းကွင်းတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။ ထိုအလင်းကွင်းအတွင်းမှ ကျောတွင် အတောင်ပံနှစ်ခုပါသော ဖြူဖြူတုတ်တုတ် မိန်းကလေးငယ်တစ်ဦး ထွက်ပေါ်လာသည်။

“ကျိရှန်းထျန်း။”

ဟုန်ယွိသည် ဤမိန်းကလေးကို ကြည့်လိုက်သည်နှင့် သူမသည် သူနှင့် အရောင်းအဝယ် လုပ်ခဲ့ဖူးသော ယွန်မင်နိုင်ငံ ဆန်းကြယ်ကောင်းကင်ဘုံခန်းမမှ နတ်ဘုရားမ ကျိရှန်းထျန်း ဖြစ်ကြောင်း သိလိုက်သည်။

ယွန်မင်နိုင်ငံ၏ နတ်ဘုရားလေးပါးအနက် သူမမှာ အဆန်းကြယ်ဆုံးနှင့် အစွမ်းထက်ဆုံး ဖြစ်သည်။ အကြောင်းမှာ လူအများစုမှာ ကျိရှန်းထျန်းထံတွင် ကျန်းမာရေး အတွက် ဆုတောင်းကြပြီး၊ သူမစုဆောင်းထားသော ယုံကြည်မူစွမ်းအားများမှာ အလွန်ပင် ကြီးမားသောကြောင့် ဖြစ်သည်။

ယခုမူ ကျိရှန်းထျန်း၏ နတ်ဘုရားတန်ခိုး စွမ်းအားမှာ ပိုမိုတိုးတက်လာပုံရသည်။ သူမ ပြောခဲ့သည့် ငရဲနတ်ဘုရားကို စားပစ်လိုက်သည်ဆိုသော စကားမှာ လိမ်ညာခြင်း မဟုတ်ပုံ ရပေ။

“မင်း တကယ်ပဲ ငရဲနတ်ဘုရားကို စားပစ်လိုက်တာလား။” ယဇ်ပုရောဟိတ်သည် ကျိရှန်းထျန်း၏ စကားကို ကြားသောအခါ မျက်နှာပျက်သွားသည်။ မျက်နှာဖုံးပုဝါအောက် မှ သူမ၏ အမူအရာမှာ သိသိသာသာ တုန်လှုပ်သွားပုံရသည်။

“ငါက လိမ်မပြောတတ်ဘူး။ သူ့ရဲ့ စွမ်းအားက အားအနည်းဆုံးလေ။ ဒါကြောင့် ငါ စားပစ် လိုက်တာပေါ့။” ကျိရှန်းထျန်းက လက်ခုပ်တီးရင်း သမ်းဝေလိုက်ကာ သူမ၏ ဝမ်းဗိုက်ကို ပွတ်လိုက်သည် “ငါ သိပ်ဗိုက်ပြည့်နေတာပဲ။”

“ဟီ…ဟီ... ဟုန်ယွိ... ခုနက ငါ ဘေးနားမှာ လမ်းလျှောက်နေတုန်း အရမ်းပြင်းထန်တဲ့ စိတ်စွမ်းအင် တုန်ခါမှုကြီးကို ခံစားလိုက်ရလို့ အပြေးလာခဲ့တာ။ မင်းက ဒီလောက်တောင် သန်မာလာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီနေရာကို တစ်ယောက်တည်း ဝင်လာပြီး ရှေးဟောင်း ရာရှိုမွန်တံခါးကိုတောင် လုယူနိုင်တယ်ပေါ့။ မင်းရဲ့ မှော်စွမ်းအားတွေ အများကြီး တိုးတက်လာတာပဲ။” ကျိရှန်းထျန်းက ရယ်မောလိုက်သည်။

“မင်းကို ငါပေးထားတဲ့ ကတိကတော့ မပြည့်သေးဘူး။” ဟုန်ယွိက ကျိရှန်းထျန်းကို ကြည့်ကာ ဆိုသည်။

“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ မူလစွမ်းအင် ဝိညာဉ်က အခု ဟင်းလင်းပြင်ထဲမှာ ဟုန်ရွှန်ကျိနဲ့ ဧကရာဇ် ယန်ဖန်ရဲ့ ‘ဖန်ဆင်းခြင်းသင်္ဘော’ ကို လိုက်လံတိုက်ခိုက်နေတယ်။ ခဏတော့ ပြန်လာမှာ မဟုတ်ဘူး။”

ကျိရှန်းထျန်းမှာ အခြေအနေအားလုံးကို နားလည်ထားပုံရပြီး ပျော်ရွှင်စွာ ရယ်မောနေ တော့သည်။

“ကျိရှန်းထျန်း... မင်းက ဟုန်ယွိကို ကူညီချင်တာလား။ မင်းက ငါတို့ ယွန်မင်နိုင်ငံရဲ့ နတ်ဘုရားမလေ။ ယွန်မင်နိုင်ငံမှာ မင်းရဲ့ ဘုရားကျောင်းတွေ အများကြီး ရှိတယ်။ ငါ မင်းရဲ့ ဘုရားကျောင်းတွေကို ဖျက်ဆီးပစ်လိုက်ရင်, မင်း စွမ်းအားတွေကို ဘယ်လိုစုစည်းပြီး ကြီးထွားလာမလဲဆိုတာ ငါ မြင်ချင်မိသေးတယ်။”

နာလန်ယိဟုန်က ကျိရှန်းထျန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“အို... ဘာပဲဖြစ်ဖြစ် ငါက လူသားအဖြစ် ပြောင်းလဲတော့မှာပဲ။ ဖျက်ချင်ရင် ဖျက်လိုက်ပေါ့။ ကိစ္စမရှိပါဘူး။ အနောက်ဘက်ဒေသမှာတော့ နတ်ဘုရားစွမ်းအားဟာ ဧကရာဇ်စွမ်းအား ထက် ပိုကြီးမြတ်တယ်လေ။ ရှင် ကျွန်မကို အမိန့်ပေးလို့ မရဘူး မဟုတ်လား။ တော်ဝင်ချန် ရဲ့ ဧကရာဇ်ကပဲ နတ်ဘုရားတွေကို ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်နိုင်တာလေ။”

ကျိရှန်းထျန်းက နာလန်ယိဟုန်ကို ကြည့်ကာ ဆိုလိုက်သည်။

‘ကြည့်ရတာ ငါတို့ တော်ဝင်ချန်မှာပဲ တိုက်ခိုက်နေကြတာ မဟုတ်ဘူးထင်တယ်။ ယွန်မင် နဲ့ အနောက်ဘက်ဒေသတွေဟာလည်း အချင်းချင်း တစ်သားတည်း မဟုတ်ကြဘူး။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်၊ ကောင်းကင်မြွေဘုရင်မနဲ့ နာလန်ယိဟုန်တို့ဟာ လည်း တစ်ဖက်တည်း မဟုတ်ကြဘူးပဲ။ လူရှိတဲ့နေရာတိုင်းမှာ အရှုပ်အထွေးတွေ ရှိစမြဲပါ လား။’ ဟုန်ယွိသည် သူတို့၏ စကားကို နားထောင်ရင်း တွေးတောနေမိသည်။

“ကျိရှန်းထျန်း... မင်းရဲ့မှော်စွမ်းအားနဲ့ ဟုန်ယွိကို ကူညီတာလည်း ဘာမှထူးလာမှာ မဟုတ်ဘူး။” ယဇ်ပုရောဟိတ်က ဆိုသည် “မင်း ငရဲနတ်ဘုရားကို စားပြီး နတ်ဘုရား စစ်ပွဲမှာ နိုင်ခဲ့ရင်တောင် မင်းရဲ့ အခု မှော်စွမ်းအားဟာ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“အဲ့ဒီလိုလား…၊ ဒါဆို ငါတို့ကရော။”

ထိုအခိုက်တွင် ရုတ်တရက် ဟင်းလင်းပြင်မှာ ပြိုကွဲသွားပြီး အဆုံးမရှိသော ရနံ့များ ထွက်ပေါ်လာသည်။ ဤရနံ့မှာ အလွန်ရင်းနှီးလှသည်။ ၎င်းမှာ ကောင်းကင်ရနံ့ဂိုဏ်းမှ သူတော်စင် မိန်းမပျို ယွမ်ရှန်းရှန်း၏ ရနံ့ပင် ဖြစ်သည်။

သူမသည်လည်း ကျိုးထိုက်ကျူနှင့် အဆင့်ချင်းတူသော ပညာရှင်တစ်ဦး ဖြစ်သည်။

ထိုမွှေးရနံ့များကြားတွင် အဘိုးအိုတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာသည်။ ထိုအဘိုးအိုသည် ဆံပင်များ ဖြူဖွေးနေသော်လည်း နုပျိုသော မျက်နှာအသားအရေရှိသည်။ သူ၏ မျက်ခုံး များမှာ မြင့်တက်နေပြီး ထုတ်လွှတ်နေသော အရှိန်အဝါမှာ အလွန်ပင် ကျယ်ပြောလှ၏။ သို့သော် ထိုအရှိန်အဝါမှာ တာအိုပညာရပ်များမှ ထွက်ပေါ်လာသည့် အရှိန်အဝါမျိုး မဟုတ်ဘဲ ကျမ်းဂန်စာပေများကို နှံ့စပ်ကျွမ်းကျင်သည့် ပညာရှိကြီးတစ်ဦး၏ ခန့်ညား ထည်ဝါသော အရှိန်အဝါမျိုး ဖြစ်သည်။

သူကား အသက်တစ်ရာရှိပြီဖြစ်သော ‘ကွန်ဖြူးရှပ်ဂိုဏ်း’ ၏ မဟာပညာရှင် ရှဲ့ဝန်ယွမ်ပင် ဖြစ်သည်။ သူသည် ဟုန်ယွိနှင့်အတူ စာမေးပွဲဖြေဆိုခဲ့ပြီး၊ ဒုတိယဆု ရရှိခဲ့သည့် နာမည် ကျော် မဟာပညာရှင်ကြီး ဖြစ်၏။ သူသည် ‘အမှန်တရားတာအို’ ဂိုဏ်း၏ ခေါင်းဆောင် ကျိချန်ယွဲ့၏ ဆရာလည်း ဖြစ်သည်။

“မဟာပညာရှင် ဝန်ယွမ်... ခင်ဗျားလည်း ဒီကို ရောက်နေတာလား။ ခင်ဗျား တကယ်ပဲ တာအိုကျင့်စဉ်တွေကို ကျင့်ကြံလိုက်ပြီလား။” ဟုန်ယွိသည် ရှဲ့ဝန်ယွမ်ကို ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။

“နှုတ်ဆက်ပါတယ် သူတော်စင်ငယ်၊ ကျွန့်ယွမ်သခင်လေး။” ရှဲ့ဝန်ယွမ်က ဟုန်ယွိကို ကြည့်ကာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည် “ငါ အနောက်ဘက်ဒေသကို ရောက်နေတာ ကြာပါပြီ။ အနောက်ဘက်ဒေသက ငါတို့ တော်ဝင်ချန် ကောင်းကင်နိုင်ငံကို ကျူးကျော်နေတာလေ၊ ငါ ဘယ်လိုလုပ် အစွမ်းကုန် မကူညီဘဲ နေလို့ရမလဲ။ ကျွန့်ယွမ် သခင်လေးက ဒီလောက်အထိ ပညာကြီးပြီး သတ္တိရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက တစ်ယောက်တည်းနဲ့ နန်းတော်ထဲအထိ တိုက်ခိုက်ဝင်ရောက်ရဲတာ ငါ တကယ် လေးစားမိပါတယ်။ ငါ့ရဲ့ တာအိုကျင့်စဉ်ကတော့ အတူတူပါပဲ။ မူလကတော့ ရှေးဟောင်း ပညာရှင် သူတော်စင်တွေကို အတုယူပြီး ကျင့်ကြံချင်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ ငါ့ရဲ့ အရည်အချင်းက မမီခဲ့ပါဘူး။ ငါ့ရဲ့စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်လာတဲ့အခါ အဆင့် လေး မိုးကြိုးကပ်ဘေးကိုပဲ ကျော်ဖြတ်နိုင်ခဲ့ပြီး ရှေ့ဆက်တိုးဖို့ ခက်ခဲနေတယ်လို့ ခံစားရတယ်။”

“ခင်ဗျားရဲ့ အသိပညာနဲ့ နှစ်ပေါင်းတစ်ရာ ကျင့်ကြံမှုအရဆိုရင် မိုးကြိုးကပ်ဘေး (၅) ကြိမ်အထိ ကျော်ဖြတ်နိုင်ရမှာပါ။” ဟုန်ယွိက လေးလေးစားစား ပြန်လည်နှုတ်ဆက်လိုက် သည်။

“ကျွန့်ယွမ်သခင်လေးမှာ ချီလင်ရဲ့ နိမိတ်ကောင်းတွေ ရှိနေသလို သူတော်စင်တစ်ဦးရဲ့ အသွင်အပြင်လည်း ရှိတယ်။ မင်းဟာ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့ ခေါင်းဆောင် ဖြစ်ထိုက် တဲ့သူပဲ။ အခု တိုင်ရှန်တာအိုဂိုဏ်းဟာ ခံစားချက်တွေကို မေ့ပစ်နေကြတယ်၊ ‘ဖန်ရှန်း တာအို’ ဂိုဏ်းကတော့ ဆေးလုံးတွေပဲ ဖော်စပ်နေကြတယ်၊ တခြား ဂိုဏ်းတွေကလည်း အာဏာရှိ သူတွေနောက်ပဲ လိုက်နေကြတယ်။ ဒါတွေဟာ ဖြောင့်ဖတ်ခြင်း လမ်းစဉ်ရဲ့ အငွေ့အသက်တွေ မဟုတ်တော့ဘူး။ ကျွန့်ယွမ်သခင်လေးက ပညာရှိသလို သတ္တိလည်း ရှိတယ်။ ဒီကိစ္စပြီးရင် ဝန်ယွမ်က မင်းနဲ့ ဆွေးနွေးချင်ပါတယ်။ လောကမှာရှိတဲ့ ဖြောင့်မတ်တဲ့ လူတွေကို စုစည်း ပြီး မင်းကို ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်တယ်။ ငါတို့ အမှန်တကယ် ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခုကို တည်ထောင်ပြီး လောကအတွက် စံပြဖြစ်အောင် လုပ်ကြမယ်။ မင်း ရေးထားတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ကိုလည်း ငါ ဖတ်ပြီးပါပြီ။”

ရန်သူတွေ ဝိုင်းရံထားသည့်ကြားမှာ ရှဲ့ဝန်ယွမ်သည် နည်းနည်းလေးမှ မကြောက်ဘဲ ဟုန်ယွိနှင့် အေးအေးဆေးဆေး ဆွေးနွေးနေတော့သည်။

“တာအိုဂိုဏ်းတစ်ခုကို တည်ထောင်ပြီး လောကရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်ကို ဦးဆောင်ရ မယ်။ ကျွန်တော်က ခေါင်းဆောင်ပေါ့။ ပညာရှင်တစ်ယောက်ရဲ့ ကလောင်သွားက သံမဏိ လိုပဲ။ အရှိန်အဝါကို ဖန်တီးတဲ့နေရာမှာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် မုန့်ရှန်းကျီ တောင် လမ်းစဉ်အမှား (မိစ္ဆာလမ်းစဉ်)ကို လိုက်နေတယ်။”

ဟုန်ယွိသည် ရှဲ့ဝန်ယွမ်၏ စကားကို ကြားသောအခါ မှင်သက်သွားတော့သည်။

စာစဉ် (၄၂) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters