← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 6 Ch. 517

တန်ပြန်တိုက်ခိုက်မှု

Vol. 6 Ch. 517

ဆန်းလျန်အသုံးပြုလိုက်သည့် "ဖန်ဆင်းခြင်းနှင့်ဆင့်ကဲဖြစ်စဉ်” ဆိုသည့် တန်ခိုးစွမ်းအားသည် စစ်ဝမ်မင့်ဖန်ဆင်း ထားသည့်ဗလာနယ်ကို ဖိအားတစ်ခုအဖြစ် ထိုးဖောက်သွားခဲ့လေသည်။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ဆန်းလျန်သည် ရဟန်းမင်းကြီး၏ တန်ခိုးစွမ်းအား အားသာချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။

တန်ပြန်တိုက်ခိုက်ခြင်းသည် ဆန်းလျန် ကျွမ်းကျင်သည့် တိုက်ခိုက်ပုံ နည်းစနစ်ပင်ဖြစ်လေသည်။ ဆန်းလျန် တာအိုကျင့်စဉ်လမ်းကို စတင်လိုက်လျှောက်ခဲ့ပြီးကတည်းက သူ၏နှလုံးသားနှင့်ဝိညာဉ် နှစ်ခုစလုံးသည် အလွန်မှ ကြံ့ခိုင်သန်မာခဲ့လေသည်။

သို့သော်… သူ၏နှလုံးသားအတွင်းသို့ ဆင်းသက်လာသည့် မိစ္ဆာစွမ်းအားက သူ့ကိုဒုက္ခပေးတော့မည် ဖြစ်ကြောင်း ဆန်းလျန် ချက်ချင်းသိလိုက်လေသည်။

မိုးကောင်းကင်နတ်ဘုရားပဲဖြစ်ဖြစ် ၊ လောကနတ်ဘုရားပဲဖြစ်ဖြစ် စကြာဝဠာထဲတွင် သူတို့ နေထိုင်တည်ရှိနေသမျှ ကာလပတ်လုံး အစစ်ဆေးခံရခြင်းများနှင့် သဘာဝဘေးအန္တရယ်များကို မဖြစ်မနေရင်ဆိုင်ကြရမည်ပဲ ဖြစ်လေသည်။ အလွန်ကြီးမားသည့် အစစ်ဆေးခံရခြင်းနှင့် ဘေးအန္တရယ်များကိုကြုံတွေ့ခဲ့ရလျှင်တော့ လူပြန်ဝင်စားရမည်ဖြစ်သလို မည်သည့်အခါမှ လူပြန်မဝင်စားနိုင်တော့ဘဲ လေထဲတွင် ပြာမှုန့်ကဲ့သို့ ပျောက်ကွယ်သွားနိုင်လေသည်။

နတ်ဘုရားတစ်ပါး ဖြစ်ပြီဆိုတိုင်းလည်း "မပျက်စီးနိုင်" ဟု တရားသေသတ်မှတ်၍မှ မရပေပဲ။

ဆန်းလျန်၏နှလုံးသားအတွင်းသို့ ဆင်းသက်လာသည့် မိစ္ဆာစွမ်းအားသည် ယန်ရွှီးပြန်လည်အသက်ဝင်လာခြင်းတော့ မဟုတ်ပေ။ သို့သော် ထိုမိစ္ဆာစွမ်းအားသည် ယန်ရွှီးနှင့် သက်ဆိုင်နေလေသည်။ ထိုမိစ္ဆာစွမ်းအားသည် ဆန်းလျန်၏နှလုံးသားအတွင်းသို့ ပကတိဖန်ဆင်းခြင်းပညာအသုံးပြုကာ ယန်ရွှီးထည့်သွင်းပေးထားသည့် မိစ္ဆာစွမ်းအားပင် ဖြစ်လေသည်။

ဗုဒ္ဓပင်လျှင်မနှိမ်နင်းနိုင်ခဲ့သည့် ဆဌမမြောက် မာန်နတ်ဟုခေါ်သည့် အားအကြီးဆုံးနတ်ဆိုးတစ်ပါး ရှိလေသည်။ ထိုနတ်ဆိုးသည် လူသားများတာအိုကျင့်စဉ်လမ်းအဆင့်တက်ရောက်မှုကို တားဆီးတတ်လေသည်။ ယခုတော့ ထိုနတ်ဆိုးသည် ဆန်းလျန်ကို မျက်စိကျသွားပုံရလေသည်။

ထိုနတ်ဆိုးက ဆန်းလျန်၏နှလုံးသားထဲမှ မိစ္ဆာစွမ်းအားရှိရာသို့ ဆင်းသက်လာပြီး ဆန်းလျန်ကို မိစ္ဆာစွမ်းအားဖုံးလွှမ်းသည့်အနေအထားသို့ရောက်အောင် ရည်ရွယ်ချက်ဖြင့် စတင်ထိုးနှက်လေသည်။ သူက ဆန်းလျန်၏ နှလုံးသားကို ထိန်းချုပ်လိုခြင်းဖြစ်လေသည်။

ဆန်းလျန်သည် "ဖန်ဆင်းခြင်းနှင့်ဆင့်ကဲဖြစ်စဉ်” တန်ခိုးစွမ်းအားကို အသုံးပြုလိုက်သည့်အခါ ရဟန်းမင်းကြီးသည် စိတ်မသက်မသာခံစားလိုက်ရလေသည်။ သို့သော် မိစ္ဆာစွမ်းအား၏သက်ရောက်မှုကို ဆန်းလျန်ခံလိုက်ရသည့် အခါတွင်တော့ ရဟန်းမင်းကြီးမှာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့လေသည်။

ဆန်းလျန်သည် ဆဌမမာန်နတ်၏အစစ်ဆေးခံရခြင်းနှင့် ကြုံတွေ့ရပြီဖြစ်သည့်အတွက် သူ့အတွက် ကံကောင်းသွားပြီ ဟုရဟန်းမင်းကြီးက မှတ်ယူလိုက်လေသည်။

ဆန်းလျန်မှာ သူ့ဆီသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်နေသည့် ရေတံခွန်ကိုလည်း တားဆီနေရသလို နှလုံးသားထဲမှ မိစ္ဆာစွမ်းအားကြောင့်လည်း ဒုက္ခအကြီးအကျယ်ရောက်နေရလေသည်။ မိစ္ဆာစွမ်းအားကြောင့် သူအသုံးပြုနေသည့် ဖန်ဆင်းခြင်းနှင့်ဆင့်ကဲဖြစ်စဉ် တန်ခိုးစွမ်းအားမှာ ရှေ့နောက်ညီညွတ်မှုမရှိတော့ပေ။

မိစ္ဆာစွမ်းအားမှာ တဖြည်းဖြည်းပြန့်နှံ့လာလေသည်။ ဆန်းလျန်က စိတ်ကိုစုစည်းပြီး မိစ္ဆာစွမ်းအားကို ခုခံတွန်းလှန်လိုက်သည့်တိုင် မိစ္ဆာစွမ်းအားများက တိုက်ထုတ်ရန် ခက်ခဲလွန်းနေလေသည်။

သို့သော်…. ဆန်းလျန်သည် သူ၏နှလုံးသားထဲတွင် ကျောက်စိမ်းကျိုင်းတံကိုကိုင်ထားသည့် နတ်ဘုရားဖြစ်သည့် လင်ပေါင်ထျန်းကျွင်းကို ပုံဖော်ကြည့်လိုက်လေသည်။ လင်ပေါင်ထျန်းကျွင်း၏ ပုံသဏ္ဍန်ကို ယခုအချိန်တွင် ဆန်းလျန်သည် ရှင်းရှင်းလင်းလင်း ပုံဖော်ကြည့်နေနိုင်ပြီဖြစ်ပြီး ခုနစ်ဆယ်ရာခိုင်နှုန်းခန့် တူညီလေသည်။

ဆန်းလျန်၏ နှလုံးသားထဲမှ လင်ပေါင်ထျန်းကျွင်းပုံရိပ်သည် မိစ္ဆာစွမ်းအားများကို စူးရှစွာတစ်ချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားတစ်ချက် ပြုံးလိုက်လေသည်။

ထိုအခါ မိစ္ဆာစွမ်းအားသည် မရေမရာဖြစ်ကာ ခဏတာမျှ ရပ်တန့်သွားလေသည်။

ရုတ်တရက်…

ဆန်းလျန်၏ နှလုံးသားထဲတွင် လှိုင်းများထန်နေသည့် သွေးနီရောင်ပင်လယ် ထွက်ပေါ်လာလေသည်။

ထိတ်လန့်ဖွယ်ကောင်းသည့် သွေးနီရောင်ဓားတစ်လက်နှင့် ကြမ်းတမ်းသည့်သွေးနီရောင်ဓားတစ်လက် ပေါင်းစပ် သွားပြီး ခဏတာမျှရပ်တန့်နေသည့် မိစ္ဆာစွမ်းအားကို သွေးနီရောင်ပင်လယ်အတွင်းသို့ ကျဆင်းသွားအောင် ထိုးနှက် တိုက်ခိုက်လိုက်လေသည်။ ထိုအခါ မိစ္ဆာစွမ်းအားသည် တစ်စက်မှပင်မကျန်အောင် သွေးနီရောင်ပင်လယ်ထဲတွင် လုံး၀ ပျောက်ကွယ်သွားလေတော့သည်။

မိစ္ဆာစွမ်းအားပျောက်ကွယ်သွားသည်နှင့် ဗလာနယ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

စစ်ဝမ်မင့်ဖန်ဆင်းခဲ့သည့် ဗလာနယ်သည် စတင်ပြိုလဲလာလေပြီ။ စစ်မှန်သည့်တာအိုစွမ်းအားပေါ်ထွက်လာပြီး မိစ္ဆာစွမ်းအားကို ဖျက်စီးလိုက်နိုင်ခြင်းက ဗလာနယ်ကိုလည်း များစွာ သက်ရောက်မှု ရှိသောကြောင့်ဖြစ်လေသည်။

စွမ်းအားကြီးမားသည့် ဆဌမမာန်နတ်၏မိစ္ဆာစွမ်းအားဆင်းသက်လာသည့်တိုင် ဆဌမမာန်နတ်ကိုယ်တိုင် ရောက်ရှိ လာခြင်း မဟုတ်သည့်အတွက် ဆန်းလျန်က မိစ္ဆာစွမ်းအားကို တွန်းလှန်လိုက်နိုင်ခြင်း ဖြစ်လေသည်။ အကယ်၍ ဆဌမမာန်နတ်အစစ်အမှန်သာ ကိုယ်ထင်ပြလျှင် ဆန်းလျန်ဆယ်ယောက်ရှိနေလျှင်ပင် နတ်ဆိုးအစစ်ဆေးခံရခြင်း ကိုကျော်လွှားနိုင်မည် မဟုတ်ပေ။

ကံကောင်းစွာဖြင့်ပင် ထိုသို့ ဖြစ်မလာခဲ့ပေ။

ထို့ပြင် ဆန်းလျန်၏ ငရဲလမ်းဓားဝိညာဉ်နှင့် ဆရာဘိုးဘိုးယွမ်ချင်း၏ ယွမ်တုဓားဝိညာဉ်တို့မှာ ပကတိဖန်ဆင်းခြင်း ပညာနှင့် အဆင့်အတန်းတူညီလေသည်။

ငရဲလမ်းဓားဝိညာဉ်နှင့် ယွမ်တုဓားဝိညာဉ်သည် စကြာဝဠာစတင်သည့်အချိန်မှစပြီး ဖြစ်တည်ခဲ့သည့် မရဏဓားများ၏ အစိတ်အပိုင်းဖြစ်လေသည်။ ကျန်ရှိသည့်မရဏဓားလေးလက်ကို လင်ပေါင်ထျန်းကျွင်းက ထိန်းသိမ်းထားသည်ဟု ဒဏ္ဍာရီထဲတွင် ဖော်ပြထားလေသည်။ ထို့ကြောင့် ဆန်းလျန်သည် လင်ပေါင်ထျန်းကျွင်းကို ပုံဖော်နေစဉ်တွင် ယွမ်တုဓားဝိညာဉ်နှင့် ငရဲလမ်းဓားဝိညာဉ် နှစ်ခုလုံးကို တစ်ချိန်တည်းအသုံးပြုကာ မိစ္ဆာစွမ်းအားကို တိုက်ထုတ်ခဲ့ခြင်း ဖြစ်လေသည်။

ရဟန်းမင်းကြီးမှာ အချိန်တိုအတွင်းမှာပင် တိုက်ပွဲအခြေအနေက ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားသည့် အတွက်အံ့သြထိတ်လန့် သွားမိလေသည်။ ဆန်းလျန်၏ ဖန်ဆင်းခြင်းနှင့် ဆင့်ကဲဖြစ်စဉ်တန်ခိုးစွမ်းအားသည် ရေတံခွန်ကို ကြမ်းတမ်းစွာ ထိုးဖောက်ရပ်တန့်ပစ်လိုက်လေသည်။

ထိုအခါ ဗလာနယ်သည် တစ်လွှာချင်း စတင်ပျက်စီးလာလေတော့သည်။

ဆန်းလျန်သည် အခွင့်အရေးကိုလက်လွှတ်မခံဘဲ ရဟန်းမင်းကြီးကို ဓားဝိညာဉ်ဖြင့်ထိုးစိုက်ချလိုက်လေသည်။

ထိုအချိန်မှာပင်….

ဗလာနယ်ထဲတွင် ကျယ်လောင်သည့် အော်ဟစ်သံကြီးတစ်သံထွက်ပေါ်လာလေသည်။

"တော်လောက်ပြီ...."

နဂါးတစ်ကောင်၏ပုံသဏ္ဍန်နှင့်အတူ ဧရာမရွှေရောင်လက်သီးချက်ကြီးတ်စချက်သည် ဗလာနယ်ကို ဖောက်ထွင်း ကာဆင်းသက်လာပြီး ရဟန်းမင်းကြီးကိုထိုးစိုက်ချလိုက်သည့် ဆန်းလျန်၏ ဓားဝိညာဉ်ကို တားဆီးလိုက်လေသည်။ လက်သီးချက်ကြီးမှာ ဓားဝိညာဉ်နှင့်ထိခိုက်မိသွားပြီး ရွှေရောင်သွေးများပန်းထွက်လာလေသည်။

ဗလာနယ်သည် လုံးဝပျက်စီးသွားပြီ ဖြစ်လေသည်။

ဆန်းလျန်သည် နတ်မြင်းပျံကြီးကိုစီးနှင်ကာ ကောင်းကင်ထက်သို့ ထိုးခွင်းပျံသန်းသွားပြီး ရှားတူးမြောင်းကမ်းခြေ တစ်နေရာတွင် ဆင်းသက်လိုက်လေသည်။

ဆန်းလျန်သည် နတ်မြင်းပျံကြီးထက်တွင်ထိုင်နေရပြီး ရှားတူးမြောင်းကိုဖြတ်ကျော်ဆောက်လုပ်ထားသည့် ကျော်တုံးတံတားလေးထက်သို့ စိုက်ကြည့်နေလေသည်။

တံတားထက်တွင်….

တာ့ရှားဧကရာဇ်သည် ရဟန်းမင်းကြီးကို ပွေ့ထားပြီး အေးစက်သည့်အကြည့်များဖြင့် ဆန်းလျန်ကို စိုက်ကြည့်နေ လေသည်။ သူ၏ညာဘက်လက်မှ ရွှေရောင်သွေးစက်များက တစက်စက်ကျဆင်းနေလေ၏။

တာ့ရှားဧကရာဇ်၏ ဦးခေါင်းမှာလည်း ရွှေရောင်အဖြစ် ပြောင်းလဲနေလေသည်။ သူ၏သွေးထဲမှ တန်ခိုးစွမ်းအားများ ကို အမြင့်ဆုံးအဆင့်ရောက်အောင် အသုံးပြုခဲ့သည့် သင်္ကေတပင် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း ဆန်းလျန် ခံစားမိလေ သည်။

ဆန်းလျန်မှာလည်း တာ့ရှားဧကရာဇ်၏ လက်သီးချက်မှ စွမ်းအားသက်ရောက်မှုကြောင့် သူ၏ကိုယ်တွင်းအင်္ဂါများ ပြိုကွဲသွားသည့်အလား ခံစားနေရလေသည်။ သို့သော် သူ၏မူလဝိညာဉ်ခန္ဓာက သူ၏ရုပ်ခန္ဓာကို ဟန်ချက်မပျက် အောင် ထိန်းညှိပေးထားလေသည်။

"တိုင်းပြည်အကြံပေးအမတ်မင်း.... မင်းက ကျုပ်ကိုဒေါသထွက်အောင်လုပ်လိုက်တာပဲ"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း....

"ကိုယ်ချစ်တဲ့သူ ဒဏ်ရာရသွားရင် ဘယ်သူမဆို ဒေါသထွက်ကြမှာပါပဲ"

ဆန်းလျန်၏စကားကြောင့် ရဟန်းမင်းကြီး၏ အလွန်တရာချောမောလှပလွန်းသည့် မျက်နှာသည် ဒေါသအရောင်များ လင်းလက်သွားလေသည်။

"ဆန်းချင်းရွှမ်.... မင်းက အရှက်မရှိတဲ့ကောင်...."

တာ့ရှားဧကရာဇ်က ကျယ်လောင်စွာရယ်မောလိုက်ရင်း...

"ဟုတ်တယ်... ငါကိုယ်တော် သူ့ကိုချစ်တယ် ၊ အဲဒီတော့ ဘာဖြစ်လဲ..."

ဆန်းလျန်က....

"မင်းကြီး... မင်းကြီးကို လူတွေကဲ့ရဲ့ကြမှာ မကြောက်ဘူးလား..."

တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့်....

"ကဲ့ရဲ့ကြစမ်းပါစေ.... ကဲ့ရဲ့တဲ့သူတွေအကုန်လုံး ပါးစပ်ပိတ်သွားအောင် သတ်ပစ်လိုက်မယ်"

ရဟန်းမင်းကြီးက...

"စစ်ချီ.... ငါ့ကို အခု အောက်ချပေးစမ်း... မင်းက ရူးများသွားပြီလား"

တာ့ရှားဧကရာဇ်က ရဟန်းမင်းကြီးကို အောက်သို့ချမပေးသည့်အပြင် ပို၍တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

"မင်းကရော... ငါကိုယ်တော်ကိုတော့ မချစ်ဘဲနဲ့... စစ်ဝမ်မင့်ကိုကျတော့ ဘာလို့ချစ်ရတာလဲ"

"မင်းနဲ့ စစ်ဝမ်မင့်က မတူဘူး"

ရဟန်းမင်းကြီးက တာ့ရှားဧကရာဇ်ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ သို့သော် တာ့ရှားဧကရာဇ်၏ လက်များက သန်မာလှပြီး သူလုံးဝရုန်းထွက်၍ မရနိုင် ဖြစ်နေရသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း...

"မင်းတို့အချင်းချင်း အခု ရှင်းလိုက်ကြပါဦး... နောက်ရက်ကျမှ ကျုပ်နဲ့ဆက်ရှင်းကြတာပေါ့…"

ပြောပြီးသည်နှင့် ဆန်းလျန်သည် နတ်မြင်းပျံကြီးကိုစီးကာ ပျံသန်းထွက်ခွာသွားတော့သည်။

ရှားတူးမြောင်းကမ်းခြေတွင် ရှိနေကြသည့် လူအများမှာ ထိတ်လန့်တုန်လှုပ်လွန်းသဖြင့်ခေါင်းများကို တွင်တွင် ငုံ့ထားကြလေသည်။

တာ့ရှားဧကရာဇ်က ထိုလူများကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက်သူက ဆန်းလျန်နောက်သို့ ဆက်မလိုက်တော့ဘဲ ယင်းလုန်နဂါးကြီးကို စီးနှင်ကာ ရဟန်းမင်းကြီးကိုခေါ်ဆောင်ပြီး ထွက်ခွာသွားလေတော့သည်။

All Chapters