နဂါးကျားရူယိပြဒါးဆေး
Vol. 6 Ch. 519
ဆန်းလျန်သည် ဝမ်ကျုန်းပေးသည့် အနက်ရောင်ဆေးလုံးကို ငေးကြည့်နေမိပြီးမှ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
“ရွှမ်ကျန်းကျောင်းတော်က နှလုံးသန့် “ယန်” ပြဒါးဆေးနဲ့ တာ့ကြွယ်ကျောင်းတော်က “ပြန်လည်မွေးဖွားခြင်းပြဒါး ဆေး” တွေဟာ လောကမှာ အကောင်းဆုံး ဆေးတွေပါပဲ ၊ ဘယ်လောက်ပြင်းထန်တဲ့ ဒဏ်ရာပဲဖြစ်ပါစေ အဲဒီ ဆေးနှစ်မျိုးကို သောက်လိုက်မယ်ဆိုရင် ဆယ်ရက်အတွင်း ချက်ချင်းသက်သာသွားမယ်လို့ အာမခံချက်ရှိကြတယ် ၊ ဒဏ်ရာတစ်ခုဟာ ဆယ်ရက်အတွင်းပျောက်အောင်မကုနိုင်ရန် ကျင့်ကြံသူတွေအတွင် ဆယ်လ ဒါမှမဟုတ် နှစ်ပေါင်းများစွာကြာမှ ပျောက်တော့မယ့် အတွင်းဒဏ်ရာ ဖြစ်သွားတတ်တယ် ၊ ဒါကြောင့် ဒီဆေးနှစ်မျိုးဟာ အရမ်း တန်ဖိုးရှိတယ် ၊ ဒါပေမယ့် ခင်ဗျားရဲ့ဆေးကတော့ အဲဒီဆေးနှစ်မျိုးလောက်ကောင်းပါ့မလား”
ဆန်းလန်၏စကားကြောင့် ဝမ်ကျုန်းက ပြုံးလိုက်လေသည်။
“ခင်ဗျားပြောတာမှန်ပါတယ် ၊ ဒီ နဂါးကျာရူယိဆေးက နှလုံးသန့် “ယန်” ပြဒါးဆေးနဲ့ “ပြန်လည်မွေးဖွားခြင်းပြဒါး ဆေး” တွေကို မယှဉ်နိုင်ပါဘူး ၊ ဒါပေမယ့် အဲဒီဆေးတွေကို လူတိုင်းသောက်ခွင့်ရှိပါတယ် ၊ ဒါပေမယ့် ကျုပ်ရဲ့ ဒီဆေးကို သောက်နိုင်တဲ့သူကတော့ ခင်ဗျားတစ်ယောက်ပဲရှိတယ်”
ဝမ်ကျုန်းက ပြောလိုက်လေသည်။
“အမှန်ပါပဲ ၊ အရမ်းပြင်ထန်လွန်းတဲ့ဆေးတွေဟာ ပြောင်းပြန်သက်ရောက်မှုရှိတယ် ၊ နာမည်က “နဂါးကျားရူယိ ဆေး” ဆိုတော့ ဒီဆေးက တော်တော်ပြင်းမှာပဲ ၊ ရူယိဆိုတာကလည်း အားကြီးတဲ့ ဒြပ်စင်တစ်မျိုးပဲ ၊ ကြည့်ရတာ မင်းက ဒီဆေးကို ဘယ်သူ့မှ မတိုက်ရဲလို့ သိမ်းထားတာမဟုတ်လား”
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင် ပြောလိုက်လေသည်။
စကားဆုံးသွားသည်နှင့် ဆန်းလျန်က ဝမ်ကျုန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဝမ်ကျုန်းကလည်း ဆန်းလျန်ကို စိုက်ကြည့်နေသည့်အတွက် သူတို့အကြည့်ချင်းဆုံသွားရလေသည်။
“ဆရာပြောတာက ငါက လူတစ်ယောက်ကိုမြင်တာနဲ့ သူ့ရဲ့သဏ္ဍန်အမှန်ကိုဖော်ထုတ်နိုင်တဲ့အစွမ်းနဲ့ မွေးဖွားလာတဲ့ သူလို့ပြောတယ် ၊ ဒါပေမယ့် ဒီလူရဲ့အကြည့်က မီးတောက်တစ်ခုလိုပဲ ၊ ကြည့်ရတာ သူက ငါ့ထက်အဆင့်မြင့်တဲ့ တန်ခိုးရှင်တစ်ပါးဖြစ်ပုံရတယ် ၊ လောကကြီးက ကျယ်ပြောလွန်းတယ် အစွမ်းထက်တဲ့လူတွေလည်း အများကြီးရှိ တယ် ၊ ဆရာက မိတ်ဆွေများများဖွဲ့ဖို့ ၊ ကိုယ့်အကြောင်းကိုယ်လျှောက်မကြွားဖို့နဲ့ ပြဿနာမရှာဖို့ မှာထားတာ မအံ့သြတော့ပါဘူး”
ဝမ်ကျုန်းသည် လူတစ်ယောက်၏ သဏ္ဍန်အမှန်ကိုဖော်ထုတ်နိုင်တဲ့အစွမ်းရှိသည့်အတွက် ဆန်းလျန်ဆီတွင် အန္တရယ်အငွေ့အသက်များ မရှိသည်ကို ကောင်းကောင်းရိပ်မိထားလေသည်။ ဆန်းလျန်သည်သည် စစ်မှန်သည့် လမ်းကို လျှောက်လှမ်းနေသည့် တာအိုကျင့်ကြံသူ လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့်လည်း သူက ဆန်းလျန်ကို အရေးစိုက်ကာ စကားပြောနေခြင်းဖြစ်လေသည်။ သို့သော် သူ ဆန်းလျန်ကို ပေးလိုက်သည့်အဆေးကတော့ ဆန်းလျန်ပြောသည့်စကားမှာ အမှန်ပင်ဖြစ်လေသည်။ သူက ဆန်းလျန်အား ထိုဆေးကို တကယ်တိုက်ရန် ရည်ရွယ်ချက်မရှိသည့်တိုင် ဆန်းလျန်၏စွမ်းရည်ကို စမ်းသပ်ကြည့်ရန်အတွက် ပေးလိုက်ခြင်း ဖြစ်လေသည်။
ထို့ကြောင့် ဝမ်ကျုန်းက ခေါင်းကိုအသာငုံ့လိုက်ရင်း…
“မိတ်ဆွေက တကယ့်ကိုအမြင်စူးရှတာပဲ ၊ ကျုပ်ရဲ့အပြုအမူအတွက်တောင်းပန်ပါတယ် ၊ ခင်ဗျားရဲ့စွမ်းရည်ကို စမ်းသပ်ကြည့်ချင်လို့ ဒီဆေးကိုပေးလိုက်တာပါ ၊ ကျုပ်ရဲ့အမှားအတွက် နောက်ထပ်ဆေးတစ်လုံးထပ်ပေးပါ့မယ် ၊ အဲဒီဆေးကိုတော့ စိတ်ချလက်ချသောက်လို့ရပါတယ်”
သို့သော်…
ဝမ်ကျုန်းစကားပြောနေစဉ်မှာပင် သူ့လက်ထဲမှ အနက်ရောင်ဆေးလုံးသည် လေထဲတွင် လွင့်မျောသွားပြီး ဆန်းလျန်၏ လက်ဖဝါးထက်သို့ ရောက်ရှိသွားလေသည်။
ဝမ်ကျုန်းက…
“မိတ်ဆွေ… ဘာလုပ်တာလဲ ၊ အဲဒီဆေးက မပြည့်စုံသေးတဲ့ဆေးပါ ၊ ခင်ဗျားက အဲဒီဆေးရဲ့မပြည့်စုံမှုကို သတိမထားမိဘူးဆိုရင်တောင်မှ ကျုပ်က ခင်ဗျားကို တိုက်မှာမဟုတ်ပါဘူး”
ဆန်းလျန်က ဝမ်ကျုန်းကို စိတ်မပူဖို့ လက်ကာပြလိုက်လေသည်။
ဆန်းလျန်၏လက်ဖဝါးတစ်ဖက်တွင် အနက်ရောင်နဂါးကျားရူယိပြဒါးဆေးရှိနေပြီး အခြားလက်ဖဝါးထွက်တွင်တော့ သန့်စင်သည့်အဖြူရောင်မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ အဖြူရောင်မီးတောက်သည် ချက်ချင်းပင် အစိမ်းရောင် ၊ အနီရောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကြာပန်းပုံသဏ္ဍန်ဖြစ်တည်လာလေသည်။
ကြာပန်းပုံသဏ္ဍန်မီးတောက်သည် အနက်ရောင်ဆေးလုံးရှိရာသို့ တဖြည်းဖြည်းရွေ့လျားသွားလေသည်။
ဝမ်ကျုန်းမှာ ထိတ်လန့်မင်သက်နေရလေသည်။ စစ်မှန်သည့် သမာဓိမီးတောက်ကို ပင်ဖန်ဆင်းနိုင်စွမ်းရှိနေသည့် ဤပုဂ္ဂိုလ်သည် မည်သူများလဲ။
ပထမတော့ ဆန်းလျန်က ဆေးလုံးကိုသောက်လိုက်မည်ကို စိုးရိမ်သောကြောင့် သူက တားဆီးလိုက်မိခြင်း ဖြစ်လေသည်။ သို့သော် စစ်မှန်သည့်သမာဓိမီးတောက်ကိုမြင်လိုက်ရသည့်အခါတွင်တော့ သူက မတားဆီးဖြစ်တော့ ပါ။ စစ်မှန်သည့်သမာဓိမီးတောက်ကို မူလမီးတောက်ဟုလည်း ခေါ်ကြလေသည်။ ထိုမီးတောက်၏စွမ်းအားများကို သာမန်လူများ စဉ်းစားကြည့်၍ပင် မရနိုင်ပေ။ လက်နက်များပြုလုပ်ရန်နှင့် ပြဒါးဆေးပြုလုပ်ရန်အတွက် သမာဓိ မီးတောက်ကိုအသုံးပြုမည်ဆိုပါက လက်နက်များနှင့် ပြဒါးဆေးများသည် သန့်စင်ပြီး စွမ်းအားမြင့်မားလာနိုင်လေ သည်။
ဆန်းလျန်ဖန်ဆင်းလိုက်သည့် စစ်မှန်သည့်သမာဓိမီးတောက်သည် သန့်စင်လွန်းခြင်းမရှိသည့်တိုင် နဂါးကျားရူယိပြဒါးဆေးကိုတော့ သန့်စင်ပြီးပြည့်စုံသွားစေနိုင်လေသည်။
မီးတောက်သည် မြွေတစ်ကောင်အလား နဂါးကျားရူယိပြဒါးဆေးကို လှည့်ပတ်နေလေသည်။ ချက်ချင်းပင် အနက်ရောင်ဆေးလုံးသည် မြင့်မားလှသည့်အပူချိန်ဖိအားကြောင့် အနီရောင်အဖြစ်သို့ ပြောင်းသွားလေသည်။
ဆန်းလျန်က ဆေးလုံးပြာကျမသွားစေရန် မူလဝိညာဉ်ခန္ဓာမှ စွမ်းအားကိုအသုံးပြုကာ မီးတောက်ကို ထိန်းချုပ်ထားလေသည်။ မီးတောက်သည် ဆေးလုံးထဲမှ မသန့်စင်မှုများကို ဖယ်ရှားပစ်လိုက်ပြီး ဆေးလုံးအာဏိသင်မှာ တဖြည်းဖြည်းတိုးတက်လာလေသည်။
ဆေးလုံးကိုသန့်စင်ရန်အတွက် အချိန်အနည်းငယ်သာ ကြာလေသည်။
ဝမ်ကျုန်းမှာ ဆန်းလျန်က သမာဓိမီးတောက်ကို ထိန်းချုပ်နိုင်သည်ကို ကြည့်ပြီး များစွာ အထင်ကြီးလေးစားနေမိ တော့သည်။
ဝမ်ကျုန်းသည် တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် သူ၏မူလဝိညာဉ်ခန္ဓာကတော့် ထိန်းချုပ်နိုင်စွမ်းအားနည်းလေ သည်။ ထို့ကြောင့် သူသာဆိုလျှင် ဆန်းလျန်ကဲ့သို့ သမာဓိမီးတောက်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင်တော့ ဆန်းလျန်၏လက်ဖဝါးထက်တွင် အနီရောင်ဆေးလုံးတစ်လုံး ရှိနေလေသည်။ ထိုဆေးမှ မွှေးရနံ့များထွက်ပေါ်နေပြီး ထိုရနံ့ကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သစ်ပင်းများသည် ချက်ချင်း ကြီးထွားလာ ကြလေသည်။ နတ်မြင်းပျံကြီးစားထားသည့် မြက်ပင်များသည်ပင်လျှင် အညှောင့်လေးများပေါက်လာကြလေသည်။
ဝမ်ကျုန်းကသက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ခင်ဗျားရဲ့စွမ်းအားတွေက ဖန်ဆင်းခြင်းပညာထက်တော့ မလျော့ဘူးပဲ”
“မင်းက သိပ်ပြီးစေတနာကောင်းတယ် ၊ မင်းသာဆေးကို မဖော်စပ်ခဲ့ဘူးဆိုရင် ကျုပ်ကလည်း ဘယ်လိုလုပ်ဒီဆေးကို သန့်စင်ပေးနိုင်မှာလဲ ၊ ဒါပေမယ့် ဒီဆေးကို မင်းကိုကျုပ်ပြန်မပေးတော့ဘူးနော် ၊ အဆင်ပြေတယ်မဟုတ်လား”
ဝမ်ကျုန်းကရယ်မောလိုက်ရင်း…
“ဒီဆေးက လောကီပိုင်ဆိုင်မှုတစ်ခုလောက်ပါပဲဗျာ ၊ ဒီဆေးက ခင်ဗျားရဲ့ဒဏ်ရာကို သက်သာစေမှာပဲဆိုရင် ယူထား လိုက်ပါ”
“ဒီ နဂါးကျားရူယိပြဒါးဆေးကို ကျုပ်ကိုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်”
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်၏ကျေးဇူးတင်စကားကိုကြားလိုက်သည်နှင့် ဆန်းလျန်သည် လူ့ကျင့်ဝတ်ကိုနားလည်သည့် ကိုယ်ကျင့်တရားကောင်းမွန်သူ တစ်ယောက်ဖြစ်ကြောင်း ဝမ်ကျုန်းခံစားနားလည်လိုက်မိလသည်။ ဝမ်ကျုန်းသည် ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် သူသည် ဆန်းလျန်ကဲ့သို့ သမားရိုးကျမဟုတ်သည့် သူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို သဘောကျနှစ်သက်လေသည်။
သို့သော်….
ဆန်းလျန်လုပ်လိုက်သည့် မထင်မှတ်သည့်လုပ်ရပ်ကြောင့် ဝမ်ကျုန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။
ဆန်းလျန်သည် နဂါးကျားရူယိပြဒါးဆေးကို မစားဘဲ သူ့ဘေးနားမှ နတ်မြင်းပျံကြီးကိုကျွေးလိုက်ခြင်းကြောင့် ဖြစ်လေသည်။ နတ်မြင်းပျံကြီးသည် မွှေးပျံ့နေသည့်အနီရောင်ပြဒါးဆေးကို ပျော်ရွှင်စွာဖြင့် ချင်ချင်းပင် မြိုချလိုက် လေတော့သည်။
သူ၏ပြဒါးဆေးအလဟသဖြစ်သွားရပြီဆိုသည့်အတွေးဖြင့် ဝမ်ကျုန်းမှာ ဝမ်းနည်းပက်လက်ဖြစ်သွားရတော့သည်။
ပိုပြီးဆိုးသည့်အချက်မှာ ဆန်းလျန်က ထိုသတ္တဝါကို “ဆေးကအရသာဘယ်လိုနေလဲ” ဟူ၍ပင် မေးနေလိုက်သေး သည်။
နတ်မြင်းပျံကြီးက…
“အရသာကချိုတယ်”
ဟု လူစကားဖြင့်ပြန်ဖြေလိုက်လေသည်။
ဆန်းလျန်က နတ်မြင်းပျံကြီး၏ခေါင်းကို အသာအယာ တစ်ချက်ပုတ်လိုက်လေသည်။
ပြဒါးဆေးကိုစားပြီးသည့်နောက် နတ်မြင်းပျံကြီး၏ နဂါးပုံသဏ္ဍန်ဦးချိုနှစ်ခုမှာ ချက်ချင်းပင် အရောင်များတောက်ပ လာလေသည်။
ဝမ်ကျုန်းက….
“ခင်ဗျားက ဘာလို့ဆေးမသောက်တာလဲ”
“မင်းရဲ့စေတနာကို ကျုပ်လေးစားပါတယ် ၊ ဒါပေမယ့်… ကျုပ်ဒဏ်ရာရထားပေမယ့် ဒီဒဏ်ရာရတဲ့အတွေ့အကြုံကို ခံစားကြည့်ချင်သေးလို့ပါ”
ဆန်းလျန်၏အဖြေကြောင့် ဝမ်ကျုန်းမှာ မည်သို့ပြန်ပြောရမည်ပင် မသိဖြစ်သွားရလေသည်။
ဆန်းလျန်မှာ နေရာမှ ထလိုက်ပြီး နတ်မြင်းပျံကြီးအပေါ်သို့ တက်လိုက်လေသည်။
“နှုတ်ဆက်ခဲ့ပါတယ် မိတ်ဆွေရေ ၊ နောက်တော့ပြန်တွေ့ကြတာပေါ့”
ထို့နောက်တွင်တော့ နတ်မြင်းပျံကြီးသည် အတောင်များကိုဖြန့်ကာ တိမ်များဆီသို့ ပျံသန်းသွားလေတော့သည်။ နတ်မြင်းပျံကြီးမှာ ပြဒါးဆေးကိုစားထားသည့်အတွက် စွမ်းအားများ အဆမတန်မြင့်မားနေပြီ ဖြစ်လေသည်။
အမှန်တော့ နတ်မြင်းပျံကြီးမှာလည်း သူနှင့်အတူ တိုက်ပွဲများဆင်နွှဲရင်း ပင်ပန်းနေပြီဖြစ်လေရာ နတ်မြင်းပျံကြီး သက်သာရာရစေရန်မျှော်လင့်ချက်ဖြင့် ဆန်းလျန်က ပြဒါးဆေးကို ကျွေးခဲ့ခြင်း ဖြစ်လေသည်။
နဂါးကျားရူယိပြဒါးဆေး၏အကူအညီဖြင့် နတ်မြင်းပျံကြီးသည် နောင်တစ်ချိန်တွင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းရန် အခွင့်အရေးရလာနိုင်လေသည်။
ဝမ်ကျုန်းမှာ နတ်မြင်းပျံကြီးကိုစီးကာ ပျံသန်းသွားသည့်ဆန်းလျန်ကို ငေးကြည့်ရင်း ထိုသူ၏နာမည်ကိုပင် မမေးလိုက်ရသည်ကို သတိရသွားမိလေသည်။
ဝမ်ကျုန်းသည် ဆန်းလျန်ကိုလေးစားမိနေပြီဖြစ်လေသည်။
သူ၏တပည့်ဖြစ်သူသည် ဆန်းလျန်နှင့် သိကျွမ်းပုံရလေသည်။ တပည့်ဖြစ်သူနှင့်တွေ့မှသာ ဆန်းလျန်အကြောင်းကို မေးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ သူ၏တပည့်ဖြစ်သူသည် ဆန်းလျန်ကဲ့သို့သောလူမျိုးကိုတော့ မမှတ်မိနိုင် စရာအကြောင်းမရှိပေ။
ဝမ်ကျုန်းသည် အနက်ရောင်ယူနီကွန်းကြီးကိုစီးပြီး တိချိုးမြို့တော်တံခါးသို့ ရောက်ရှိလာလေသည်။
သူက လူမမြင်ကွယ်ရာတစ်နေရာသို့သွားကာ ကုန်သည်တစ်ယောက်အဖြစ် အဝတ်အစားများကိုပြောင်းလဲဝတ်ဆင် လိုက်လေသည်။ အနက်ရောင်ယူနီကွန်းကြီးမှာတော့ အနက်ရောင်ခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သခင်နောက်သို့ တကောက်ကောက်လိုက်လာလေသည်။