တောင်းဆိုမှု
Vol. 6 Ch. 521
ဆန်းလျန်က ကျောက်ရှောင်ယွီ၏ ဝူရှန်သိုင်းကွက်ကိုအသုံးပြုကာ ကျားနက်ကြီးကို ထိန်းချုပ်လိုက်ခြင်းဖြစ်လေ သည်။ ထို့ကြောင့် ကျားနက်ကြီး၏မိစ္ဆာစွမ်းအားများမှာ အနည်းငယ် ငြိမ်သက်သွားလေသည်။ ကျားနက်ကြီးသည် ဝူရှန်သိုင်းကွက်ကြောင့် မိစ္ဆာစွမ်းအားအနည်းငယ်ဆုံးရှုံးလိုက်ရသည့်တိုင် သူ၏တန်ခိုးစွမ်းအားများက ပိုပြီးသန့်စင် သွားလေသည်။
ကျားနက်ကြီးငြိမ်သက်သွားတော့မှ ဆန်းလျန်သည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်မိလေသည်။
ချင်းရွှမ်နတ်တံခါးတွင် ကျင့်ကြံသူတပည့်များအတွက် ဆောင်ပုဒ်တစ်ခုရှိသေလည်။
“အဆင့်မြင့်ကျင့်စဉ်လမ်းကိုတက်လှမ်းချင်လျှင် စိတ်နှလုံးကိုအရင်ဆုံးပြုပြင်ရမည်” ဟူ၍ ဖြစ်လေသည်။
ထို့ကြောင့် ချင်းရွှမ်နတ်တံခါးသည် တပည့်များရွေးခြယ်ရာတွင်လည်း စိတ်နေစိတ်ထားကိုသာကြည့်ပြီး ရွှေးခြယ်လေ့ရှိလေသည်။
ဥပမာ... ဖန်းယန်ယင်း၊ ချန်ကျင်းချင်၊ လေ့ကျင်း တို့အားလုံးမှာ ဝိညာဉ်ရေးရာထက်မြက်ကြသူများ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က အနည်းငယ်ထောက်ပြလိုက်သည်နှင့် သူတို့၏ကျင့်စဉ်လမ်းမှာ စဉ်ဆက်မပြတ်တိုးတက် သွားသည်ချည်းပင် ဖြစ်လေသည်။ အနာဂတ်တွင် သူတို့၏ဖြစ်နိုင်ခြေများမှာလည်း ခန့်မှန်း၍မရနိုင်ပေ။
နတ်မြင်းပျံကြီးကိုကြည့်မည်ဆိုလျှင် ဝိညာဉ်စွမ်းအားသိပ်ပြီးကောင်းမွန်ခြင်းမရှိပေ။ သို့သော် နတ်မြင်းပျံကြီးတွင် ခိုင်မာသည့်စိတ်ထား ရှိလေသည်။ ထိုခိုင်မာသည့်စိတ်ထားက သူ့ဘဝတစ်လျှောက်လုံးကို တွန်းအားပေးနေမည် ဖြစ်လေသည်။
သို့သော် ကျားနက်ကြီးနှင့်ပတ်သက်၍တော့ ဆန်းလျန် ခန့်မှန်း၍မရနိုင်ပေ။
ကျားနက်ကြီးမှာ ပျင်းရုံသာမက ဝိညာဉ်စွမ်းအားနှင့် ဉာဏ်ရည်ထက်မြက်မှုကလည်း သာမန်မျှသာ ဖြစ်လေသည်။ စိတ်ဓာတ်ကတော့ ပြောနေစရာပင် မလိုပေ။
“သစ်ဆွေးဖြင့် ပန်းပုထု၍မရနိုင်”
ဆိုသည့် စကားပုံအတိုင်းပင် ဖြစ်လေသည်။
အတင်းအကြပ်ကျင့်ကြံခိုင်းလျှင်တောင်မှ တိုးတက်လာပါ့မလား မသေချာလှပေ။
ဆန်းလျန်သည် ကျီဝေးကျောင်းတော်အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ထိုအခါ ဘုန်းတော်ကြီးတစ်ပါးနှင့် တာအိုဆရာတစ်ပါးကိုတွေ့လိုက်ရလေသည်။
ဘုန်းတော်ကြီးမှာ အဖြူရောင်သင်္ကန်းကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာက လတစ်စင်းအလားဝင်းပနေပြီး သူ၏ ပုံသဏ္ဍန်မှာလည်း ကြာပန်းတစ်ပွင့်အလား သန့်စင်လွန်းလေသည်။ ထိုဘုန်းတော်ကြီးသည် ဗောဓိသကျတစ်ပါးထံမှ တရားထိုင်သည့် ကျင်စဉ်ပညာကို သင်ယူခဲ့ဟန်ရှိပြီး သူ၏ကျင့်စဉ်အဆင့်မှာလည်းအတော်ပင်မြင့်မားနေပြီ ဖြစ်သည်ကို ဆန်းလျန် ရိပ်မိလိုက်လေသည်။
တာအိုဆရာမှာလည်း ဝိညာဉ်စွမ်းအားအလွန်ကောင်းလေသည်။ သူ့ထံမှ ထွက်ပေါ်နေသည့်အငွေ့အသက်များသည် တာအိုကျင့်စဉ်လမ်း မည်မျှအထိ နက်ရှိုင်းစွာလျှောက်လှမ်းခဲ့သည်ကို ဖော်ပြနေလေသည်။
ဝမ်ချန်နန်းတော် ညစာစားပွဲတုန်းက ထိုပုဂ္ဂိုလ်နှစ်ယောက်လည်းရှိနေသည်ကို ဆန်းလျန် သတိထားလိုက်မိလေ သည်။
ဆန်းလျန်သည် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကျီဝေးကျောင်းတော်ရှေ့သို့ ရောက်ရှိသွားလေသည်။ တံခါးရှေ့သို့ရောက်ရှိလာသည့် ဆန်းလျန်၏ ခမ်းနားလွန်းသည့်ပုံသဏ္ဍန်သည် လူတိုင်းက ငေးမောကြည့်ဖွယ်ရာပင် ဖြစ်လေ၏။
ဘုန်းတော်ကြီးနှင့် တာအိုဆရာနှစ်ယောက်လုံးမှာ ထိတ်လန့်အံ့သြသွားကြရလေသည်။ ဆန်းလျန်လှုပ်ရှားလိုက် သည့်လှုပ်ရှားမှုသည် သာမန်မဟုတ်ပါ။ ဘုန်းတော်ကြီးပင်လျှင်မကျင့်ကြံရသေးသည့် တာ့ကြွယ်ကျောင်းတော်မှ အဆင့်အမြင့်ဆုံး ကျင့်စဉ်တစ်ခုဖြစ်လေသည်။ “ရှိခြင်းနယ်ပယ်မှ မရှိခြင်းနယ်ပယ်သို့” ကူးပြောင်းသည့် ကျင့်စဉ်ဖြစ် လေသည်။
“မရှိခြင်း”နယ်ပယ်ဆိုသည်မှာ လူ့လောကနှင့်လည်းမတူသလို အသူရာချောက်နှင့်လည်းမတူပေ။ ရုပ်ဝတ္ထုများ တည်ရှိရာ လောကများအကြားတွင် တည်ရှိသည့် နာမ်ဝိညာဉ်နယ်ပယ်တစ်ခု ဖြစ်လေသည်။
သို့သော် ဆန်းလျန်သည် နတ်ဘုရာတစ်ပါးဖြစ်သည့်အတွက် ထိုအဆင့်သို့ရောက်သည်အထိ ကျင့်ကြံထားနိုင်သည် ကိုသူတို့သိပ်ပြီး အံ့သြမနေကြတော့ပါ။
“ကျုပ်ကိုဘာလို့လာရှာရတာလဲ”
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင် မေးလိုက်လေသည်။
မုကျန်းက တာ့ကြွယ်ကျောင်းတော်မှ ပုနန်ဆရာတော်ကို “ဆရာတော်ပြောလိုက်” ဆိုသည့်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။
ပုနန်ဆရာတော်လည်း မနေသာတော့ဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကာ လက်အုပ်ချီလိုက်ရင်း…
“တိုင်းပြည်အကြံပေးအမတ်မင်း၊ မနေ့က ရဟန်းမင်းကြီးဒဏ်ရာရသွားတဲ့အတွက် မင်းကြီးက အရမ်းဒေါသထွက်နေ ပါတယ်၊ ဒါကြောင့် မင်းကြီးက ဆယ်ရက်အတွင်း တာ့ရှားပြည်တစ်ပြည်လုံးက တာအိုကျောင်းတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေအကုန် ပိတ်ပစ်ရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်၊ ဘုန်းတော်ကြီးတွေ ကျင့်ကြံသူတွေလည်း အကုန်လုံး သာမန်လူဘဝနဲ့ပဲ နေရမယ်လို့ အမိန့်ထုတ်ထားပါတယ်၊ မှတ်ပုံတင်ထားတဲ့ နတ်ဘုရားတွေ၊ ကျင့်ကြံသူတွေအကုန်လုံး အမိန့်လိုက်နာရပါမယ်တဲ့၊ အမိန့်မနာခံတဲ့သူတွေအကုန်လုံးကို ပြစ်ဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်”
ဆန်းလျန်က မျက်တောင်တစ်ချက်ခတ်လိုက်ရင်း….
“အဲဒါကျုပ်နဲ့ဘာဆိုင်လို့လဲ…”
ပုနန်ဆရာတော်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ဒါပေမဲ့လည်း အမတ်မင်းကပဲ တတ်နိုင်မယ်ထင်လို့ပါ၊ မင်းကြီးကို ဒီအမိန့်ရုပ်သိမ်းပေးဖို့ တောင်းဆိုပေးစေချင်ပါတယ်၊ ဒီတစ်ခါ အမတ်မင်းက ကျုပ်တို့ကိုကူညီမယ်ဆိုရင် ကျင့်ကြံသူအားလုံးက အရမ်းကို ဝမ်းသာကြမှာပါ”
ဆန်းလျန်က လက်နှစ်ဖက်ကိုနောက်ပစ်ရင်း အသာပြုံးလိုက်လေသည်။
“ဘာလဲ… တာ့ရှားပြည်မှာ ကျင့်ကြံသူဆိုလို့ ရွှမ်ကျန်းကျောင်တော်နဲ့ တာ့ကြွယ်ကျောင်းတော်ပဲ ရှိတာလား၊ မင်းတို့ ကျောင်းတော်နှစ်ခုကလည်း တပည့်တွေအများကြီးမွေးပြီး ကျင့်ကြံသူလောကမှာ သြဇာလွှမ်းမိုးနိုင်ဖို့ လုပ်ခဲ့ကြတာပဲ မဟုတ်လား၊ အခုဆိုရင် တုန်းယီကလည်းပုန်ကန်လာသလို ယင်းစန်းကလည်း အင်အားကြီးမားလာပြီ၊ ဒီတော့ တာ့ရှားဧကရာဇ်က ကျင့်ကြံသူတွေ အင်အားကြီးလာတာကို မဖြစ်ခံမှာမဟုတ်ဘူး၊ သူက တခြားတိုင်းပြည်တွေနဲ့ ပတ်သက်ပြီး မဖြေရှင်းခင် ကိုယ့်တိုင်းပြည်ထဲက ကိစ္စတွေကို အရင်ရှင်းမှာပဲ၊ ဒါကြောင့် ကျင့်ကြံသူတွေကို ဒီလိုအမိန့်ထုတ်လိုက်တာ၊ ဒီပြဿနာက ကျုပ်နဲ့ဘာမှ မဆိုင်ဘူး၊ ကျုပ်နဲ့ တာ့ရှားဧကရာဇ် တိုက်ခိုက်ခဲ့တာနဲ့ပဲ တာ့ရှားဧကရာဇ်က ကျင့်ကြံသူတွေအားလုံးကို ရှုံးမဲမဲလို့ ဘယ်ဖြစ်မှာလဲ”
ပုနန်ဆရာတော်မှာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားရလေသည်။
သူတို့က အကြောင်းအရာများကို ထိုမျှအထိ စဉ်းစားခဲ့ခြင်းမရှိပေ။ အမှန်တော့ ဆန်းလျန်သည် တစ်ကိုယ်တည်း ရပ်တည်သူ တစ်ယောက်ဖြစ်လေသည်။ တာ့ရှားဧကရာဇ်ကတော့ ဘုရင့်တပ်မတော်နှင့် စစ်အင်အား အပြည့်အစုံ ရှိလေသည်။ ထို့ကြောင့် တာ့ကြွယ်ကျောင်းတော်နှင့် ရွှမ်ကျန်းကျောင်းတော်တို့၏ကံကြမ္မာသည် တာ့ရှားဧကရာဇ် အပေါ်တွင်သာ မူတည်လေသည်။ ဆန်းလျန်နှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိပေ။
ဆန်းလျန်ကတော့ သူ့ကိုယ်သူကာကွယ်ရန်သာလိုအပ်လေသည်။
တာအိုဆရာမုကျန်းသည် ပုနန်ဆရာတော်ကို စိတ်ထဲမှ ကြိတ်ပြီ အပြစ်တင်လိုက်လေသည်။
ထို့နောက် သူက စကားဝင်ပြောလိုက်သည်။
“ရွှမ်ကျန်းကျောင်းတော်ကတော့ တာ့ရှားကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ပြီးပါပြီ၊ ဒါပေမဲ့ တာ့ရှားပြည်က ထွက်ခွာဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူလှပါဘူး၊ ဒါကြောင့် အမတ်မင်းကို အကူအညီတောင်းရတာပါ၊ အမတ်မင်းသာဆန္ဒရှိလို့ကူညီပေးမယ်ဆိုရင် ရွှမ်ကျန်းကျောင်းတော်က တည်ထောင်သူဆရာသခင်ရဲ့ သန့်စင်တဲ့ “ယန်” စွမ်းအားပန်းပုရုပ်တုကို အမတ်မင်းကို ဆက်သပါ့မယ်”
ရွှမ်ကျန်းကျောင်းတော်ကိုတည်ထောင်သူဆရာသခင်သည် သန့်စင်သည့် “ယန်” စွမ်းအားပန်းပုရုပ်တုကို ခရီးတစ်ခုထွက်ရင်းမှ ရရှိခဲ့ခြင်း ဖြစ်လေသည်။ ထိုပန်းပုရုပ်တုသည် ရွှမ်ကျန်းကျောင်းတော် စတင်တည်ထောင်သည့် အမှတ်အသားဟုပင် ဆိုနိုင်လေသည်။
တာအိုဆရာမုကျန်းသည် အလွန်လိမ္မာပါးနပ်သူ ဖြစ်လေသည်။ သူက ပုနန်ဆရာတော်ပြောသည့် အကူအညီတောင်းသည့်အချက်ကို ချက်ချင်းရုပ်သိမ်းလိုက်ပြီး အခြားသောတောင်းဆိုမှုတစ်ခုကို ပြုလုပ်လေသည်။ ဆန်းလျန်ကတော့ တာအိုဆရာမုကျန်းဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်လိုက်သည်။
တာ့ရှားပြည်နှင့်ယှဉ်လျှင် ယင်းစန်းသည် ရွှမ်ကျန်းကျောင်းတော်အခြေချရန်အတွက် ပိုပြီးသင့်တော်ရာ ဒေသတစ်ခု ဖြစ်လေသည်။
ရွှမ်ကျန်းကျောင်းတော်အနေဖြင့် သူတို့၏အဓိကတပည့်များကို သေသေချာချာထိန်းသိမ်းပြီး တာ့ရှားပြည်မှ လုံခြုံစွာဖြင့် ထွက်ခွာသွားနိုင်ပါက မည်သည့်အချိန်တွင်မဆို ကျောင်းတော်ကို ပြန်လည်ထူထောင်နိုင်မည် ဖြစ်လေသည်။
သို့သော် တာ့ကြွယ်ကျောင်းတော်၏အခြေအနေကတော့ ရွှမ်ကျန်းကျောင်းတော်နှင့် အနေအထားမတူညီပေ။ တာ့ကြွယ်ကျောင်းတော်အနေဖြင့် တာ့ရှားပြည်မှ ထွက်ခွာသွားရန်မှာ မလွယ်ကူလှပေ။
အဘယ်ကြောင့်ဆိုသော် တာ့ကြွယ်ကျောင်းတော်ကို ကိုးကွယ်ဆည်းကပ်ကြသူများမှာ တာ့ရှားပြည်မှ အမျိုးသမီးများက အများစုဖြစ်ကြလေသည်။ ထို့ကြောင် တာ့ကြွယ်ကျောင်းတော်သည် တာ့ရှားပြည်တွင် အမြစ်ခိုင်ကာ ခြေကုပ်ရယူထားပြီး ဖြစ်လေသည်။ ထို့ကြောင့် အခြေအနေကိုပြောင်းလဲရန်မှာ မလွယ်ကူလှပေ။
ဆန်းလျန်က နှုတ်ခမ်းလေးများကိုတွန့်ကာ အသာပြုံးလိုက်မိလေသည်။ သန့်စင်သည့် “ယန်” စွမ်းအား ပန်းပုရုပ်တု မှာနာမည်ကြော်ကြားသည့် ပန်းပုရုပ်တုတစ်ခုဖြစ်သည့်တိုင် ဆန်းလျန်ကတော့ စိတ်မဝင်စားပါ။
“တိချိုးမှာ မင်းကိုကူညီနိုင်တဲ့သူနောက်တစ်ယောက်ရှိ သေးတယ်၊ သူ့ကိုသွားရှာပါ”
ဆန်းလျန်က မုကျန်းကို ပြောလိုက်လေသည်။
မုကျန်းက အံ့သြစွာဖြင့်…
“ခင်ဗျားသွားတွေ့ခိုင်းတဲ့သူက ထျန်းယီအကြီးအကဲတော့ မဟုတ်ပါဘူးနော်၊ ထျန်းယီအကြီးအကဲကို သွားတွေ့ခိုင်း တာဆိုရင်တော့ ကျုပ်တို့ ရွှမ်ကျန်းကျောင်းတော် တစ်ရက်အတွင်း အမှုန့်ခြေခံရမှာပဲ”
ယင်းစန်းသို့ပြောင်းရွှေ့ရန်အစီအစဉ်မှာ မုကျန်းက ဆန်းလျန်ကို လိမ်လည်ပြောဆိုနေခြင်း မဟုတ်ပါ။
သို့သော်…. သူသာ ထျန်းယီအကြီးအကဲကိုအဆက်သွယ်လုပ်မိပါက တာ့ရှားဧကရာဇ်သည် ရွှမ်ကျန်းကျောင်းတော်ကို လောကမှပျောက်ကွယ်သွားအောင် အမှုန့်ချေပစ်မည်မှာ အသေအချာပင် ဖြစ်လေသည်။
***