← Chapters

အခန်း (၈၁၃-၈၁၄)

Vol. 82 Ch. 813-814

အခန်း (၈၁၃-၈၁၄)

Vol. 82 Ch. 813-814

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၃ + ၈၁၄

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သူ၏ အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ဖန်းကျိုး ဆေးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်လေ၏။

ကိုယ်လုပ်တော်လေးက ခပ်တိုးတိုး ပြောလာသည်။ "သခင်ကြီး... သခင်ကြီးက အမြဲတမ်း ကျန်းမာရေးကောင်းပြီးသားပါ။ မနေ့ညကဆိုရင် ကျွန်မကို အသေအလဲ လုပ်ခဲ့သေးတာပဲလေ။ ဟိုမိန်းမ နင်းရွှဲ့ကို မဆွဲဆောင်နိုင်မှာ ပူစရာမလိုပါဘူးရှင်"

ဆေးလုံးကို မျိုချပြီးနောက် ဖန်းကျိုးက မည်သည့်စကားမျှ မဆိုချေ။

ထို့နောက် သူသည် ပေမင်ဓားဂိုဏ်းမှ ပြောင်းလဲဖန်တီးထားသော ဝူချင်းရှီး သိုင်းစဉ်ကို ပြန်လည် ကျင့်ကြံလေတော့၏။

"ကိုယ်ရှာခိုင်းထားတဲ့ ဆံပင်မည်းဆေး ရပြီလား။ တစ်ခါဆိုးရုံနဲ့ အမြဲမည်းနေမယ့် ဟာမျိုးလေ"

မကြာမီတွင် ဤမဟာတိုက်ပွဲကြီး ပြီးဆုံးသွားတော့မည် ဖြစ်၏။ တုဟွေး ၊ ကောင်းထင်းနှင့် စစ်သေနာပတိ ဖန်းထျန်တယ်တို့ ဦးဆောင်သော တပ်မတော်ကြီးသည် တုပိုင်၏ သူတောင်းစား ရေတပ်ကို ချက်ချင်းပင် ချေမှုန်းဖျက်ဆီးပစ်တော့မည် ဖြစ်လေသည်။

နောက်တစ်ဆင့်မှာ တာ့နင်အင်ပါယာ တစ်ခုလုံးကို ဝါးခြမ်းခွဲသကဲ့သို့ အလွယ်တကူ သိမ်းပိုက်ကြမည်ဖြစလလေ၏။

တာ့နင်အင်ပါယာသို့ ပြန်လည်ခြေချရမည့်နေ့မှာ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ပြီး ဖန်းကျိုးအနေဖြင့် အစိုးရအဖွဲ့ အမတ်ချုပ်ကြီးအဖြစ် အနည်းဆုံး နောက်ထပ် အနှစ်နှစ်ဆယ်ခန့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ဦးမည် ဖြစ်သည်။

သခင်လေး ဖန်းချန်သည် လောကီအာဏာများကို ဂရုမစိုက်သော်ငြား ဖန်းကျိုးကမူ အလွန်တရာ မက်မောလှပေ၏။

တုပိုင်၏ ဖခင်ဖြစ်သူ တုဟွေး ၊ ယခင် ဖူကျန်နှင့် ကွမ်တုံ ဘုရင်ခံချုပ်ဟောင်းမှ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီး ဖြစ်လာသူ ကောင်းထင်းနှင့် အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်ဗိုလ်ချုပ်ကြီး ဖန်းထျန်တယ်တို့သည် ပင်မစစ်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်နေကြ၏။

ဤလောက၌ ဤမျှ ကြီးမားလှသော စစ်သင်္ဘောကြီး ရှိနေလိမ့်မည်ဟု တုဟွေး လုံးဝ မယုံကြည်နိုင်သေးချေ။ အမှန်တကယ်ပင် ပင်လယ်ပြင်ထက်၌ မျောလွင့်နေသော တောင်ကုန်းငယ်တစ်ခုနှင့် တူလှပေ၏။

ထိုစစ်သင်္ဘောကြီး၏ အမည်မှာ အင်ပါယာဟု ခေါ်တွင်ပြီး ရေတန်ချိန် ၆၈၀၀ ကျော် ရှိကာ နောက်ဆုံးပေါ် ဧရာမ မှော်အမြောက် ၁၉ လက်ကို တပ်ဆင်ထားလေသည်။

ကျောက်သလင်း စွမ်းအင်အမာခံတုံး သုံးခုဖြင့် မောင်းနှင်ရာ အမြန်နှုန်းမှာ တစ်နာရီလျှင် ရေမိုင် ၂၅ မိုင်နှုန်းအထိ ရှိ၏။

ဤစစ်သင်္ဘောကြီးသည် ဆယ့်ငါးကီလိုမီတာ အတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

အခြားတစ်နည်းဆိုရလျှင် ဤလောကရှိ မည်သည့် ရေတပ်စစ်သင်္ဘောမဆို ယင်းတို့အနီးသို့ ချဉ်းကပ်ရန် အချိန်မရလိုက်မီမှာပင် အပိုင်းပိုင်းအစစ ဖောက်ခွဲခံရမည် ဖြစ်လေ၏။

ယနေ့တွင် အရှေ့ဘက် ပြည်ထောင်စုသည် အင်ပါယာအဆင့် စစ်သင်္ဘောကြီး သုံးစင်း ၊ တိုင်းပြည်အဆင့် စစ်သင်္ဘောကြီး ကိုးစင်း ၊ ပင်လယ်ရှာဖွေရေး စွမ်းအားသုံး စစ်သင်္ဘောကြီး ၁၃ စင်း ၊ ခရူဇာ စစ်သင်္ဘော အစင်း ငါးဆယ်ကျော်နှင့် ဖရီးဂိတ် စစ်သင်္ဘော အစင်း တစ်ရာကျော်တို့ကို စေလွှတ်ထားလျက်ရှိသည်။

ထိုရေတပ်ကြီး၏ အရွယ်အစားမှာ ၁၉ ရာစုရှိ နေမဝင်အင်ပါယာကိုပင် အနိုင်ယူနိုင်စွမ်း ရှိနေသည်။

အရှေ့ဘက် ပြည်ထောင်စုသည် သမိုင်းတစ်လျှောက် မကြုံစဖူး ဤမျှ ဧရာမ ရေတပ်ကြီးတစ်ခုကို စေလွှတ်လိုက်ခြင်းမှာ ရေတပ်တစ်တပ်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်သက်သက်အတွက် မဟုတ်သည်မှာ သေချာလှ၏။ ဤသည်မှာ ခြင်ကို နျူကလီးယားဗုံးဖြင့် ပစ်ခတ်သကဲ့သို့ လုံးဝ အဆမတန် ဖြစ်နေလေသည်။

တုပိုင်အား ချေမှုန်းပြီးနောက် ဤရေတပ်ကြီးသည် အနောက်ဘက်သို့ ဆက်လက်ချီတက်ကာ မီးနတ်ဘုရားဂိုဏ်းရှိ အဓိက ရေတပ်အင်အားစုအားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်မည် ဖြစ်၏။

လာမည့် နှစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံး၏ ပင်လယ်ပြင်များထက်၌ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောများသာ ရွက်လွှင့်သွားလာခွင့် ရှိစေရန် သခင်လေး ဖန်းချန်က အလိုရှိနေသည်။

အခြား မည်သည့်နိုင်ငံမှ ရေတပ်တစ်ခုကို ပိုင်ဆိုင်ခွင့် ရှိမည်မဟုတ်ချေ။

ရေကြောင်းကုန်သွယ်ရေးနှင့် ရေကြောင်းဆိုင်ရာ အမိန့်အာဏာ အားလုံးကို အရှေ့ဘက် ပြည်ထောင်စုကသာ အပြည့်အဝ ထိန်းသိမ်းသွားမည် ဖြစ်၏။

ဤသည်မှာ အလွန်တရာမှ အာဏာရှင်ဆန်လွန်းလှသည်။

အရှေ့ဘက် ပြည်ထောင်စု၏ အင်ပါယာ စစ်သင်္ဘောကြီးပေါ်သို့ သိမ်းငှက်နက်တစ်ကောင် ဆင်းသက်လာပြီး မှော်ဆရာခေါင်းဆောင်က ထိုသိမ်းငှက်နက်နှင့် ဆက်သွယ်လိုက်၏။

"အမတ်ကြီး တုဟွေး ၊ အမတ်ကြီး ကောင်းထင်း ၊ စစ်သေနာပတိ ဖန်း... တုပိုင်ရဲ့ သူတောင်းစား ရေတပ်က မိုင်တစ်ရာ့ခုနစ်ဆယ် အကွာမှာပဲ ရှိပါတော့တယ်"

ထိုစကားကို ကြားလိုက်ရသောအခါ တုဟွေးနှင့် ကောင်းထင်းတို့မှာ အံ့အားသင့်သွားရတော့၏။

ယခင် ရှုံးနိမ့်ခဲ့ရသည့် အရှက်ကွဲမှုအတွက် လက်စားချေရန် အခွင့်အရေးကား နောက်ဆုံးတွင် ရရှိလာပြီ ဖြစ်လေသည်။

"စစ်သင်္ဘောတွေအားလုံး နေရာယူဖြန့်ကျက်ကြ"

"ငါတို့ရဲ့ ရန်သူက ခေတ်နောက်ကျနေတဲ့ စစ်သင်္ဘောတစ်စင်းပဲ ပါတဲ့ သူတောင်းစား ရေတပ်ဖြစ်တယ်။ ဒါကြောင့် မင်းတို့မှာ တိုက်ခိုက်ရေးတာဝန် တစ်ခုပဲ ရှိတယ်။ အဲဒါက ဝိုင်းဝန်းပိတ်ဆို့ပြီး အမြစ်ပြတ် ချေမှုန်းဖို့ပဲ။ သင်္ဘောတစ်စင်းမှ လွတ်မသွားစေနဲ့ ၊ သင်္ဘောပေါ်က ဘယ်သူမှ လွတ်မသွားစေနဲ့ကွ"

"အားလုံးကို အမြစ်ပြတ် ချေမှုန်းကြ အားလုံးကို အမြစ်ပြတ် ချေမှုန်းကြ"

"တုပိုင်က သူ့ရဲ့ မျှော်လင့်ချက် အားလုံးကို မီးနတ်ဘုရားဂိုဏ်းရဲ့ ခွန်ပန်ငှက် လေတပ်အပေါ်မှာ ပုံအပ်ထားတယ်။ စစ်သင်္ဘောအားလုံးရဲ့ လေယာဉ်ပစ် အမြန်ပစ် မှော်အမြောက်တွေကို အချိန်မရွေး တိုက်ခိုက်နိုင်ဖို့ အသင့်ပြင်ထားကြ။ လေကြောင်းပစ်မှတ်ကို တွေ့တာနဲ့ ချက်ချင်း ပစ်ခတ်ရမယ်"

"နာရီဝက်အတွင်း တုပိုင်ရဲ့ လေကြောင်းအင်အား အားလုံးကို သုတ်သင်ရှင်းလင်းနိုင်အောင် ကြိုးစားကြ"

"တုပိုင်ရဲ့ လေကြောင်းအင်အားကို ရှင်းလင်းပြီးသွားရင် သူ့ရဲ့ သူတောင်းစား ရေတပ်က ခြေကျိုးနေတဲ့ ဝက်တွေ ၊ ခွေးတွေလို ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ စိတ်ကြိုက် သတ်ဖြတ်ပစ်ကြတာပေါ့"

**--**--**--**--**--**--**--**

ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်သော် တုပိုင်နှင့် အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်ကြီးမှာ တစ်စထက်တစ်စ ပိုမို နီးကပ်လာသည်ကို မြင်လိုက်ရသည်။

မိုင်တစ်ရာ... မိုင်ရှစ်ဆယ်... မိုင်ငါးဆယ် အကွာအဝေးသို့ ရောက်သောအခါ နှစ်ဖက်စလုံး တစ်ဖက်နှင့်တစ်ဖက် ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်၏။

အရှေ့ဘက် ပြည်ထောင်စု၏ ပြိုင်ဘက်ကင်းရေတပ်ကြီးမှာ အလွန်တရာ အစွမ်းထက်မည်ကို တုပိုင်တို့ဘက်မှ ကြိုတင်သိရှိထားသော်ငြား အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင်မူ လုံးဝကို ဆွံ့အမှင်သက်သွားကြရသည်။

ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားနိုင်လောက်သည် အထိ အင်အားကြီးမားနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

တစ်ချိန်တည်းတွင် တုပိုင်၏ ရေတပ်မှာ သူတောင်းစား ရေတပ်တစ်ခုမျှသာ ဖြစ်ကြောင်း တုဟွေး ၊ ကောင်းထင်းနှင့် အခြားသူများ သိထားသော်လည်း ဤမျှအထိ စုတ်ပြတ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြသဖြင့် သူတို့ကိုယ်တိုင်ပင် အံ့အားသင့်သွားကြရ၏။

အမှန်တကယ်ပင် ခေတ်ဟောင်း စစ်သင်္ဘောတစ်စင်းသာ ပါဝင်ပြီး ကျန်သည့် သင်္ဘောအားလုံးမှာ ကုန်တင်သင်္ဘောကြီးများသာ ဖြစ်နေလေသည်။

တုပိုင်သည် ဦးနှောက်သေနေသူ တစ်ယောက်နှင့် တူနေ၏။ အဘယ်ကြောင့် ဤမျှ ဦးနှောက်မရှိသော လုပ်ရပ်မျိုးကို လုပ်နိုင်ရသနည်း။

**--**--**--**--**--**--**--**

တုပိုင်က လက်ဝှေ့ယမ်း ပြလိုက်သည်။

ထိုအခါ အကောင်ရေ တစ်ထောင်နီးပါးရှိသော ခွန်ပန်ငှက် လေတပ်ကြီးသည် ကောင်းကင်ယံသို့ ရုတ်တရက် အရှိန်မြှင့် ပျံသန်းတက်ရောက်သွားကြလေတော့၏။

အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်စစ်သေနာပတိ ဖန်းထျန်တယ်က ခက်ထန်စွာ အော်ဟစ်လိုက်၏။ "တုပိုင်ရဲ့ လေတပ် လာနေပြီ။ လေကြောင်းရန်ကာကွယ်ရေးတပ်တွေ အားလုံး မှော်အမြောက်တွေကို အသင့်ပြင်ထားပြီး သူတို့ကို သတ်ပစ်။ ဒါက မဟာတိုက်ပွဲကြီး မဟုတ်ဘူး ၊ ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲပဲကွ"

**--**--**--**--**--**--**--**

(ခေတ်သစ်ကမ္ဘာက အကြောင်းတွေက ဇာတ်အိမ်အပေါ် အရေးပါတာမလို့ မကျော်သွားပဲ သေချာဖတ်ကြရန် - မူရင်းစာရေးဆရာ)

ခေတ်သစ်ကမ္ဘာမြေ၏မြို့ရှိ ခရိုင်တစ်ခုအတွင်း၌ မိုးလင်းစ ပြုလာပြီ ဖြစ်၏။

"တီ... တီ..." နှိုးစက်သံ မြည်လာသည်။ ရန်ယဲ့ရှောင် တစ်ချက် လန့်နိုးသွားပြီးနောက် သတိဝင်လာ၏။ အချိန်ကား နံနက် ခြောက်နာရီပင် မထိုးသေးချေ။

မနေ့ညက တုပိုင်၏ ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးကာ တစ်ကိုယ်လုံး နှိပ်နယ်ပေးပြီးချိန်တွင် ည ၁၁ နာရီပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူမသည် ညတိုင်း ငါးနာရီဝန်းကျင်ခန့်သာ အိပ်စက်ရလေ၏။ ထို့ကြောင့် မနက်တိုင်း နှိုးစက်မြည်လာသည့် အချိန်သည် သူမအတွက် အဆင်းရဲဆုံး အချိန်ဖြစ်ပြီး နှိုးစက်ကိုပင် ရိုက်ခွဲပစ်ချင်စိတ် ပေါက်လာတတ်သည်။

ရန်ယဲ့ရှောင်က ချွဲနွဲ့သော လေသံဖြင့် ငြီးတွားလိုက်သည်။ "သုံးမိနစ်လောက်ပဲ ဆက်အိပ်ပါရစေဦး..."

ထိုသို့သော အခြေအနေမျိုးတွင် သူမကဲ့သို့သော နတ်သမီးလေးများအဖို့ အနည်းဆုံး နာရီဝက်ခန့်တော့ အပျင်းကြောဆန့်ချင်ကြမည်သာ ဖြစ်၏။

သို့သော် သူမသည် အမှန်တကယ်ပင် သုံးမိနစ်ခန့်သာ ဆက်အိပ်ပြီးနောက် နွေးထွေးသော ကုတင်ပေါ်မှ ချက်ချင်း ထလိုက်သည်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာ သွားပြင်ရ၏။

မနက်စာ ပြင်ဆင်ပြီးချိန်တွင် ခြောက်နာရီခွဲ ရှိနေပြီဖြစ်ကာ အစားအသောက်များကို အိုးထဲ၌ နွှေးထားလိုက်သည်။

ထိုအချိန်လေးကို အခွင့်ကောင်းယူ၍ ရန်ယဲ့ရှောင်သည် တုပိုင်၏ ဘောင်းဘီကို ချွတ်ကာ သူ၏ လူကြီးသုံး ဒိုင်ယာပါကို လဲလှယ်ပေးရလေ၏။

ထို့နောက် ရေနွေးယူလာကာ သူ၏ တင်ပါးနှင့် အရှေ့ပိုင်းကို ပြောင်စင်အောင် ဆေးကြောပေးပြီး ဒိုင်ယာပါ အသစ်တစ်ခု လဲပေးကာ ဘောင်းဘီ မြန်မြန် ပြန်ဝတ်ပေးလိုက်သည်။

သတိလစ် မေ့မြောနေသူများသည်လည်း အညစ်အကြေး စွန့်ရစမြဲပင်။ ရန်ယဲ့ရှောင်သည် တုပိုင်အတွက် တစ်နေ့လျှင် နှစ်ကြိမ် ပြုစုစောင့်ရှောက်ပေးရ၏။ အညစ်အကြေးများကို တကယ်ပင် ဆေးကြောသန့်စင်ပေးနေရသည်မှာ ယခုဆိုလျှင် လေးနှစ်နီးပါးမျှ ရှိနေပြီ ဖြစ်လေသည်။

အတိတ်ကဆိုလျှင် ရန်ယဲ့ရှောင်သည် လက်နုနာလေး ဆယ်ချောင်းဖြင့် အလုပ်ကြမ်းများကို လုံးဝ မလုပ်ခဲ့ဖူးချေ။ ငယ်စဉ်ကတည်းက မိဘများ၏ ငုံးဥလေးအဖြစ် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ အိမ်မှုကိစ္စများကို တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။

ယခုအခါတွင်မူ အဝတ်လျှော် ၊ ထမင်းချက်ရုံသာမက အညစ်အကြေးများကိုပါ ဆေးကြောပေးရပြီး မိသားစုကို ထောက်ပံ့ရန်အတွက်ပါ ပိုက်ဆံရှာနေရသည်။

တုပိုင်၏ တင်ပါးကို ဆေးကြောပေးနေစဉ် ရန်ယဲ့ရှောင်မှာ အတိတ်က သူတို့ ချစ်သူဘဝ အချိန်ကာလများကို မတွေးဘဲ မနေနိုင်အောင် ဖြစ်ရလေ၏။

ဤအမျိုးသားလေးသည် အကောင်းဆုံးချစ်သူတစ်ဦးဖြစ်ကာ အလွန်တရာ ရိုမန်တစ်ဆန်ပြီး ကြင်နာယုယတတ်သူ ဖြစ်၏။

ရန်ယဲ့ရှောင်ကမူ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကျက်သရေရှိလှသည့် ဆွဲဆောင်မှုအပြည့်နှင့် မိန်းမချောလေးတစ်ဦး ဖြစ်၏။ သို့သော် ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူပီပီ အနည်းငယ်ချွဲနွဲ့ဟန်လုပ်တတ်သည့် အကျင့်လေးလည်း ရှိလေသည်။

သို့တိုင် ချစ်သူဘဝတွင် တုပိုင်က သူမအား မင်းသမီးလေးတစ်ပါးကဲ့သို့ပင် အလိုလိုက်အကြိုက်ဆောင်ခဲ့၏။

မင်းသမီးလေးတစ်ပါးကဲ့သို့ နေထိုင်ရခြင်း၏ အရသာကို ရန်ယဲ့ရှောင် အပြည့်အဝ ခံစားခဲ့ရလေသည်။ သူမ၏ အချစ်ရေးသည် အပြည့်စုံဆုံးဖြစ်သည်ဟု အမြဲတမ်းယုံကြည်ခဲ့ပြီး တုပိုင်သည်လည်း ဤလောကတွင် ပြီးပြည့်စုံဆုံးသော ချစ်သူဖြစ်ကာ အနာဂတ်တွင် အပြည့်စုံဆုံးသော ခင်ပွန်းတစ်ဦး ဖြစ်လာမည်ဟု သူမ မှတ်ယူခဲ့၏။

ထို့ကြောင့်ပင် တုပိုင် ဖောက်ပြန်ခဲ့သည့် ကိစ္စသည် သူမအတွက် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်လေသည်။

သူတို့ ချစ်သူဖြစ်စဉ်က အိမ်တွင် နှစ်ယောက်တည်းသာ ရှိနေချိန်များ၌ မည်သည့်အဝတ်အစားမျှ မဝတ်ဆင်ဘဲ ကိုယ်ဗလာကျင်းလျက် နေလေ့ရှိကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးမှာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပကြသောကြောင့်ပင်။ တုပိုင်မှာ အရပ်ရှည်ရှည်နှင့် ကျစ်လစ်သန်စွမ်းပြီး ရန်ယဲ့ရှောင်မှာလည်း ကျော့ရှင်းကာ ဆွဲဆောင်မှုရှိလှပေသည်။

ချစ်သူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တင်ပါးကိုကိုက်ကာ အမှတ်အသားပေးရသည်ကို သဘောကျကြပြီး ထိုသွားရာ မည်သည့်အချိန်တွင် လုံးဝ ပျောက်ကွယ်သွားမည်ကို စောင့်ကြည့်တတ်ကြ၏။ (... 😐)

သူတို့သည် မရှက်မရွံ့ လုပ်စရာရှိသမျှ အရာအားလုံးနီးပါးကို အတူတကွ လုပ်ဆောင်ခဲ့ကြသော အလွန်တရာ ရင်းနှီးကျွမ်းဝင်လှသည့် ချစ်သူစုံတွဲပင် ဖြစ်သည်။

ရန်ယဲ့ရှောင် တုပိုင်၏ အရိုးပေါ်အရေတင်မျှသာ ကျန်တော့သည့် တင်ပါးကို ကြည့်လိုက်မိ၏။ တုပိုင်၏ ခန္ဓာကိုယ်ကို သွေးလျောက်စေရန် နေ့စဉ် နှိပ်နယ်ပေးနေသော်ငြား ကြွက်သားများ ပိန်လှီလာခြင်းကိုတော့ သူမလည်း မည်သည်မှ မတတ်နိုင်ချေ။

သူမမှာ ဝမ်းနည်းမှုကို မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာရပြီးနောက် နှုတ်ခမ်းလေးဟကာ အသားကုန်ခန်းနေသော တုပိုင်၏တင်ပါးကို တစ်ချက် ကိုက်လိုက်လေသည်။

ထို့နောက် တုပိုင်ကို အရည်အစားအစာများ တိုက်ကျွေးရမည့် အချိန် ရောက်လာ၏။

သူသည် သတိလစ် မေ့မြောနေသူဖြစ်ရာ ကိုယ်တိုင် မစားနိုင်သဖြင့် နှာခေါင်းပိုက်မှတစ်ဆင့်သာ သွင်းပေးရလေသည်။

ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ရန်ယဲ့ရှောင်၏ လှုပ်ရှားမှုများမှာ အမြဲတမ်း အလွန် နူးညံ့သိမ်မွေ့လှပြီး အရည်များကို တုပိုင်၏ အစာအိမ်ထဲသို့ တစ်စက်ချင်းစီ သွင်းပေးရန်အတွက် ဆယ်မိနစ်နီးပါး အချိန်ယူရလေသည်။

ခန္ဓာကိုယ် ယိုယွင်းပျက်စီးခြင်းမှ ကာကွယ်ရန်နှင့် အာဟာရ ပြည့်ဝစေရန်အတွက် ရန်ယဲ့ရှောင် ဝယ်ယူရသော အရည်သောက် အစားအစာများမှာ အလွန် ဈေးကြီးလှပြီး အခြားသော ဆေးဝါးများနှင့် ကိရိယာများလည်း ပါဝင်လေသည်။

သတိလစ်မေ့မြောနေသော တုပိုင်အတွက် ရန်ယဲ့ရှောင်သည် တစ်လလျှင် ယွမ်ငွေ ၁၀,၀၀၀ ကျော် အကုန်အကျခံနေရ၏။

တုရှောင်၏ သူငယ်တန်းကျောင်းစရိတ်က တစ်လလျှင် ယွမ် ၁,၅၀၀ ရှိပြီး ဤအိပ်ခန်းနှစ်ခန်းပါ အိမ်ငှားခက တစ်လလျှင် ယွမ် လေးငါးထောင်ခန့် ကုန်ကျလေသည်။ မိသားစု၏ လစဉ် အသုံးစရိတ်ကလည်း ယွမ် ထောင်ဂဏန်း အနည်းငယ် ကုန်ကျသေး၏။

ထို့ကြောင့် ရန်ယဲ့ရှောင်၏ လစဉ် အသုံးစရိတ်မှာ ယွမ် ၂၅,၀၀၀ ကျော် ရှိလေသည်။ ကျောင်းမှ သူမ၏ လစာက ၁၁,၀၀၀ သာ ရှိ၏။ အပြင်တွင် စာသင်ပြပေးခြင်းမှ ရရှိသော ငွေက တစ်လလျှင် ၁၇,၀၀၀ ခန့် ရှိသည်။

သူမသည် တစ်လလျှင် ယွမ် ၃၀,၀၀၀ ခန့် ဝင်ငွေရှိသော်လည်း လစဉ်လတိုင်း များများစားစား မကျန်တော့ချေ။

တုပိုင်တွင် ဇိမ်ခံအိမ်များ ၊ ဇိမ်ခံကားများနှင့် သန်းပေါင်းများစွာသော ဘဏ်သွင်းငွေများ ရှိသည်။

သို့သော် ငွေသားအားလုံးမှာ ဆေးရုံစရိတ်အတွက် ကုန်ဆုံးသွားခဲ့ပြီး အိမ်နှင့် ကားအတွက် ချေးငွေများကိုလည်း ပြန်မဆပ်ရသေးချေ။ အဓိကအချက်မှာ ရန်ယဲ့ရှောင်နှင့် တုပိုင်တို့သည် လက်ထပ်ထားခြင်း မရှိသလို သမီးဖြစ်သူ တုရှောင်၏ မွေးစာရင်းတွင်လည်း တုပိုင်၏ အမည် ပါမနေခြင်းပင် ဖြစ်၏။

ထို့ကြောင့် တုပိုင်၏ အိမ်နှင့် ကားကို စီမံပိုင်ခွင့် ရန်ယဲ့ရှောင်တွင် မရှိချေ။ ထို့အပြင် တုပိုင်သည် သူ၏မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်ဖြစ်ရာ မိသားစုကို ထောက်ပံ့ရန် သူမတစ်ယောက်တည်းသာ ငွေရှာနေရလေသည်။

သူမ နေ့စဉ်နှင့်အမျှ ပင်ပန်းနွမ်းနယ်နေရ၏။ တုပိုင်ကို အစာကျွေးပြီး ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပြီးချိန်တွင် ၇ နာရီ ၂၀ မိနစ် ရှိသွားပြီ ဖြစ်သည်။ ထိုအချိန်၌ သမီးဖြစ်သူ တုရှောင် နိုးလာသည်။

သူမလေးသည် အသက်ငယ်သော်လည်း အလွန် လိမ္မာရေးခြားရှိ၏။ ကုတင်ပေါ်မှ ဆင်းပြီးနောက် အဝတ်အစားကို ကိုယ်တိုင် ဝတ်ဆင်ကာ သွားတိုက် မျက်နှာသစ်ပြီး မနက်စာကိုလည်း ကိုယ်တိုင် စားလေသည်။

"ရှောင်ရှောင်... မေမေ သမီးကို ကျောင်းအရင် ဝင်ပို့ပေးခဲ့ရမလား ၊ ဒါမှမဟုတ် ခဏနေမှ သမီးဘာသာ သွားမလားဟင်" ရန်ယဲ့ရှောင်က အလောတကြီး စားသောက်ရင်း ၊ အလုပ်ဝတ်စုံကို ကပျာကယာ ဝတ်ဆင်ကာ မိတ်ကပ် အမြန်လိမ်းရင်း မေးလိုက်၏။

သူငယ်တန်းကျောင်းသည် ၈ နာရီခွဲမှသာ ကလေးများကို စတင် လက်ခံမည်ဖြစ်ရာ ယခုအချိန် တုရှောင်ကို သွားပို့လျှင် ကျောင်းထဲ၌ သမီးလေးမာ တစ်နာရီခန့် တစ်ယောက်တည်း နေရမည် ဖြစ်၏။

"ခဏနေရင် သမီးဘာသာပဲ သွားလိုက်ပါ့မယ်"

ရန်ယဲ့ရှောင်က သမီးဖြစ်သူ၏ ပါးကို နမ်းလိုက်ပြီး တုပိုင်၏ ပါးကိုလည်း တစ်ချက် နမ်းလို​က်သည်။ "အရမ်း လိမ္မာတာပဲ။ ဒါဆို သမီး ဖေဖေ့ကို အဖော်လုပ်ပေးထားလိုက်နော်"

ထို့နောက် ဒေါက်မြင့်ဖိနပ်ကို အလောတကြီး စီးကာ နှုတ်ခမ်းနီကိုလည်း တံခါးဖွင့်နေရင်းနှင့်ပင် ဆိုးလိုက်ရ၏။

အလုပ်လုပ်ရမည့် နေရာက နီးနီးနားနား မဟုတ်ချေ။ သူမသည် မြေအောက်ရထားဖြင့် အတော်ကြာကြာ စီးသွားရမည်ဖြစ်ရာ အမြန်ဆုံး ထွက်သွားမှသာ အဆင်ပြေမည် ဖြစ်သည်။

"မေမေ တာ့တာ..." တုရှောင်က ချစ်စဖွယ် လက်ပြ၏။

မိခင်ဖြစ်သူ ထွက်သွားပြီးနောက် သူမက တံခါးဂျက်ကို သွားထိုးလိုက်လေသည်။ မနက်စာ စားပြီးနောက် သူမ တုပိုင်၏ ကုတင်နားသို့ သွားကာ တုပိုင်ကို ထိုင်လျက်အနေအထား ဖြစ်သွားစေရန် ဆေးရုံကုတင်လက်ကိုင်ကို အားကုန်သုံး၍ လှည့်လိုက်၏။

လူကြီးများအဖို့ ဆေးရုံကုတင်ကို လှည့်၍ မြှင့်ရသည်မှာ လွယ်ကူလှသော်လည်း တုရှောင်လေးမှာ ငါးနှစ်အရွယ်သာ ရှိသေးပြီး အလွန်တရာ ဖျားနာလွယ်သူဖြစ်ရာ ကုတင်ကို လှည့်ရန်အတွက် အားအများကြီး စိုက်ထုတ်ရသည်။

တုပိုင်ကို မတ်မတ် ထိုင်လျက်သား ဖြစ်သွားစေပြီးနောက် တုရှောင်က သူမ၏ ချစ်စဖွယ်ကလေး ဖိနပ်လေးများကို ချွတ်ကာ ဒဏ္ဍာရီပုံပြင်စာအုပ် တစ်အုပ်ကို ယူလိုက်ပြီး ကုတင်ပေါ်သို့ တက်သွားကာ သူမ၏ ကိုယ်လုံးသေးသေးလေးဖြင့် တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်မှီတွယ်လိုက်၏။

"ဖေဖေ... ဒီနေ့ သမီးကို ပီနိုချီယို ပုံပြင်လေး ပြောပြမလားဟင်"

ကလေးမလေးက တစ်ယောက်တည်း ပြောသည်။

ထို့နောက် သူမက လူကြီးတစ်ယောက်ဟန် ဖမ်းကာ ပီနိုချီယို ပုံပြင်ကို စတင် ဖတ်ပြလေတော့၏။

ဖခင်ဖြစ်သူမှာ မလှုပ်ရှားနိုင် ၊ စကားမပြောနိုင်သော်ငြား ဖခင်၏ ရင်ခွင်ထဲ၌ လှဲလျောင်းနေရသည်မှာ ရှောင်ရှောင်အတွက်မူ နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို ခံစားရစေဆဲပင် ဖြစ်သည်။

ဤသို့ဖြင့် ကလေးမလေးသည် တုပိုင်၏ ရင်ခွင်ထဲ၌ တိတ်ဆိတ်စွာ လှဲလျောင်းရင်း ဖခင်ဖြစ်သူ ဟန်ဆောင်ကာ ပီနိုချီယို ပုံပြင်ကို အလွန် နှေးကွေးသော နှုန်းဖြင့် ပြောပြနေရုံသာမက သရုပ်ခွဲ ရှင်းလင်းချက်များကိုပါ ပြောပြနေလေ၏။

တစ်နာရီခန့် ကုန်လွန်သွားခဲ့သည်။

"ဒီနေ့ ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ရှောင်ရှောင် ကျောင်းသွားရတော့မယ်လေ။ ဖေဖေ လိုက်မပို့ပေးနိုင်ဘူးနော် ၊ ရှောင်ရှောင်က လိမ္မာတယ်မလား"

ကလေးမလေးက လူကြီးတစ်ယောက်ဟန် ဖမ်းကာ ပြောလိုက်၏။

ထို့နောက် ကုတင်ပေါ်မှ ဆင်းကာ ကုတင်ကို ပြန်လှည့်၍ တုပိုင်ကို အောက်သို့ ပြန်လှဲစေလိုက်သည်။

ပြီးနောက် တုပိုင်ကို ရေနှစ်ငုံခန့် တိုက်လိုက်သေးသည်။

"ဖေဖေ... သမီး ကျောင်းသွားပြီနော် ၊ တာ့တာ"

ကလေးမလေးက ဖခင်ဖြစ်သူ၏ ပါးကို တစ်ချက် နမ်းလိုက်သည်။ ထို့နောက် သူမ၏ ကျောင်းလွယ်အိတ်ကို လွယ်ကာ တံခါးကို ဖွင့်လိုက်သည်။

တံခါးကို ပိတ်တော့မည့်ဆဲဆဲတွင် ခေတ္တမျှ ရပ်တန့်သွားပြီး ကုတင်ပေါ်ရှိ ဖခင်ဖြစ်သူကို သေချာစွာ လှမ်းကြည့်လိုက်ပြီးနောက်မှသာ တံခါးကို သတိထား၍ ပိတ်လိုက်ကာ အပြင်မှနေ၍ သော့ခတ်လိုက်လေတော့သည်။

ထို့နောက် သူမ၏ ကိုယ်လုံးသေးသေးလေးဖြင့် ဓာတ်လှေကားဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့၏။

ဓာတ်လှေကား တံခါး ပွင့်လာသောအခါ အထဲ၌ အသက် လေးဆယ်အရွယ် အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမက တုရှောင်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်။ "ရှောင်ရှောင်လေး ကျောင်းကို တစ်ယောက်တည်း သွားပြန်ပြီလား ၊ အန်တီ လိုက်ပို့ပေးရမလားကွယ်"

ကလေးမလေးက ခေါင်းခါပြလိုက်ပြီးနောက် ခေါင်းငုံ့ကာ နောက်သို့ လှည့်ပြေးသွားလေတော့၏။ သူမသည် ဓာတ်လှေကား မစီးတော့ဘဲ အထပ်ပေါင်းများစွာကို ခြေလျင်ဆင်းရမည် ဖြစ်သော်လည်း လှေကားမှသာ တစ်ယောက်တည်း ဆင်းသွားလေသည်။

အကြောင်းမှာ ဓာတ်လှေကားထဲရှိ အန်တီကြီးက သူမ၏ ဖခင်မှာ သတိလစ်မေ့မြောနေသူဖြစ်ကြောင်း ပြောဆိုကာ သူမကို မည်မျှ သနားစရာကောင်းကြောင်း အမြဲတမ်း ပြောတတ်သောကြောင့် ဖြစ်ပြီး ထိုစကားများကို သူမ နားမထောင်လိုသောကြောင့်ပင်။

'ငါ့ဖေဖေက အတော်ဆုံးပဲ ၊ ငါ့ဖေဖေက အစွမ်းအထက်ဆုံးပဲ ၊ ငါ့ဖေဖေက အချောဆုံးပဲ ၊ ငါ့ဖေဖေက အကောင်းဆုံးပဲ...' ထိုသို့ ပြောဆိုတတ်သူများကို တုရှောင် အမြဲတမ်း အော်ဟစ်ပစ်ချင်နေမိ၏။

အကြောင်းမူကား သူမ အရွယ်အလွန်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူက သူမ၏ ဖခင်သည် ယခင်က မည်မျှ ကြီးကျယ်ခမ်းနားခဲ့ကြောင်း မကြာခဏ ပြောပြတတ်သလို ဖခင်၏ ဓာတ်ပုံများ ၊ ဖခင် ရေးသားခဲ့သော စာများနှင့် ဖခင် ရေးဆွဲခဲ့သော ပန်းချီကားများကိုပါ ပြသခဲ့သောကြောင့်ပင် ဖြစ်လေသည်။

မွန်းတည့်ချိန်တွင် ရှောင်ရှောင်သည် သူငယ်တန်းကျောင်းမှ အစားအစာများကို မနှစ်သက်သော်ငြား လိမ္မာရေးခြားရှိစွာဖြင့် အကုန်စားသောက်ခဲ့၏။

သူမသည် အမြဲတမ်း ဉာဏ်ကောင်းပြီးနှင့် လိမ္မာသည့် ကလေးတစ်ယောက် ဖြစ်သည်။ အသက် သုံးနှစ်အရွယ်ကတည်းက ကိုယ်တိုင် ထမင်းစားတတ်ခဲ့ပြီး ကျောင်းမှ ဆရာမများ ခွံ့ကျွေးရန်ပင် မလိုချေ။

သူမ ပိန်လှီနေရခြင်းမှာ အစားရွေးသောကြောင့် မဟုတ်ဘဲ မွေးရာပါ ခန္ဓာကိုယ် အားနည်းသောကြောင့်သာ ဖြစ်လေ၏။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၃ + ၈၁၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters