အခန်း (၈၁၅-၈၁၆)
Vol. 82 Ch. 815-816
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၅ + ၈၁၆
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ရှောင်ရှောင်လေး ကျန်းမာရေး အားနည်းနေရခြင်းမှာ တုပိုင်၏ အပြစ်သာ ဖြစ်ပေ၏။ သူ ဖောက်ပြန်ခဲ့စဉ်က ရန်ယဲ့ရှောင်၌ ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ထိုစိတ်ဒဏ်ရာကြောင့် ဝမ်းဗိုက်ထဲရှိ သန္ဓေသားကိုပါ ထိခိုက်သွားစေခဲ့ပြီး ရှောင်ရှောင်လေး မွေးဖွားလာချိန်တွင် အားနည်းကာ ဖျားနာလွယ်နေခဲ့ခြင်း ဖြစ်လေသည်။
ထိုမျှမက နွေဦးရာသီရောက်တိုင်း ဓာတ်မတည့်သည့် ဝေဒနာကို ခံစားရတတ်ကာ အသက်ရှူစက်ကို အမြဲတပ်ဆင်ထားရ၏။ သို့မဟုတ်ပါက ကလေးမလေး အသက်ရှူကျပ်လာတတ်သည်။
ညနေ လေးနာရီ အချိန်တွင် သူငယ်တန်းကျောင်း ဆင်းလေပြီဖြစ်ရာ မိဘများက ကလေးများကို တစ်ယောက်ပြီးတစ်ယောက် လာရောက်ကြိုဆိုနေကြ၏။
သူငယ်တန်းကျောင်းမှ ဆရာမကျန်းသည် ရှောင်ရှောင်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် ခပ်တိုးတိုး ပြောလာသည်။ "ရှောင်ရှောင်... ဒီနေ့ သမီးကို တီချယ် အိမ်လိုက်ပို့ပေးမယ်လေ။ သမီးတို့အိမ်က ပျော်စရာကောင်းတယ်လို့ ကြားတယ်။ တီချယ်လည်း လိုက်ဆော့ချင်လို့ပါ"
မကြာသေးမီက အိမ်အပြန်လမ်းတွင် ရှောင်ရှောင်အား အခြားကလေးအချို့က အနိုင်ကျင့်ခဲ့ကြဖူးရာ ဆရာမကျန်းမှာ စိုးရိမ်စိတ်ဖြင့် အိမ်အရောက် လိုက်ပို့ပေးချင်နေခြင်း ဖြစ်လေသည်။
ရှောင်ရှောင်က ခေါင်းခါပြလိုက်ပြီး ပစ္စည်းများကို တိတ်ဆိတ်စွာ သိမ်းဆည်းလိုက်၏။ ထို့နောက် လွယ်အိတ်ကိုလွယ်ကာ ကျောင်းထဲမှ ထွက်ခွာလာသည်။ လမ်းတစ်လျှောက်လုံး ခေါင်းငုံ့ထားပြီး သူမ၏ ခြေလှမ်းများကိုသာ စိုက်ကြည့်ရင်း လျှောက်လှမ်းလာခဲ့လေသည်။
တိုက်အောက်သို့ ပြန်ရောက်သောအခါ ဓာတ်လှေကားထဲ၌ အခြားလူတစ်ယောက် ရှိနေသဖြင့် သူမ လှေကားမှသာ တက်လာခဲ့လေ၏။
ခန္ဓာကိုယ် အားနည်းသူဖြစ်ရာ အိမ်ပေါ်ရောက်ချိန်တွင် အမောဆို့နေပြီး မျက်နှာလေးမှာလည်း ဖြူဖျော့နေတော့သည်။
တံခါးဖွင့်ရန် သော့ထုတ်လိုက်ချိန်တွင် တံခါးမှာ ပွင့်နေနှင့်သည်ကို တွေ့လိုက်ရ၏။
သူမ ချက်ချင်းပင် အိမ်ထဲသို့ ပြေးဝင်သွားပြီး ဖခင်၏ အခန်းထဲသို့ အလောတကြီး ဝင်ကြည့်လိုက်သော်လည်း ကုတင်ပေါ်၌ မည်သူမျှ မရှိချေ။
ဖေဖေ ပျောက်သွားလေပြီ။ ရှောင်ရှောင် ချက်ချင်းပင် ငိုချလိုက်ပြီး အိပ်ခန်းနှစ်ခန်းပါသော အိမ်လေးထဲ၌ နေရာအနှံ့ လိုက်လံရှာဖွေကြည့်သော်ငြား ဖခင်ဖြစ်သူကို မတွေ့ရချေ။
ထို့နောက် လက်ကိုင်ဖုန်းလေးကိုယူကာ မိခင်ဖြစ်သူထံ ဖုန်းခေါ်လိုက်၏။
ရန်ယဲ့ရှောင်က မေးလိုက်သည်။ "ရှောင်ရှောင်... ဘာဖြစ်လို့လဲ သမီး"
ရှောင်ရှောင်မှာ အသက်ရှူကျပ်လာသည်အထိ အသံထွက်၍မရအောင် အလွန်အမင်း ငိုကြွေးနေလေ၏။
တစ်ဖက်မှ ရန်ယဲ့ရှောင်မှာ ရူးမတတ် ဖြစ်သွားရလေသည်။ "သမီးလေး... ဘာဖြစ်လို့လဲ။ မေမေ့ကို မလန့်အောင် မလုပ်ပါနဲ့..."
အချိန်အတန်ကြာမှသာ ရှောင်ရှောင်က ငိုယိုရင်း အသံထွက်လာ၏။ "မေမေ... ဖေဖေ ပျောက်သွားပြီ။ ဖေဖေ ပျောက်သွားပြီ"
ထိုအချိန်၌ ရန်ယဲ့ရှောင်မှာ စန္ဒရား သင်တန်းပေးနေချိန် ဖြစ်သည်။ ထိုစကားကို ကြားလိုက်ရပြီးနောက် သူမ၏ ခေါင်းထဲ၌ ဒိုင်းခနဲ မြည်သွားကာ ဘာလုပ်ရမှန်းမသိအောင် ဗလာဟင်းလင်း ဖြစ်သွားရတော့၏။
**--**--**--**--**--**--**--**
ပင်လယ်ပြင်ထက်တွင် အရှေ့ဘက် ပြည်ထောင်စု၏ ပြိုင်ဘက်ကင်း ရေတပ်ကြီးသည် ကြီးမားသော လခြမ်းကွေးပုံစံ တပ်ဖြန့်ထားပြီး တုပိုင်၏ သူတောင်းစား ရေတပ်ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်လာလေ၏။
လက်ရှိ အနေအထားမှာ တုပိုင်၏ ရေတပ်ကို လုံးဝ ဝိုင်းဝန်းပိတ်ဆို့ကာ အမြစ်ပြတ် ဝါးမျိုပစ်ရန်ပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ ရေတပ်ကြီးပေါ်ရှိ လေယာဉ်ပစ် အမြန်ပစ် မှော်အမြောက်များ အားလုံးသည် တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိသွားကြပြီး ကောင်းကင်ယံဆီသို့ ချိန်ရွယ်လိုက်ကြ၏။
တုပိုင်၏ အကောင်ရေ တစ်ထောင်နီးပါးရှိသော ခွန်ပန်ငှက် လေတပ်ကြီး နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အမြစ်ပြတ် ချေမှုန်းပစ်တော့မည် ဖြစ်သည်။
ခွန်ပန်ငှက် လေတပ်ကြီးမှာ တဖြည်းဖြည်း ပိုမိုနီးကပ်လာကာ မကြာမီမှာပင် ပစ်မှတ်အကွာအဝေး အတွင်းသို့ ရောက်ရှိလာတော့မည် ဖြစ်၏။
ယခင် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ဟောင်း ကောင်းထင်းက ပြောလိုက်သည်။ "တကယ်တော့ ဒီတုပိုင်က တော်တော်လေး ထူးခြားတာပဲ။ ရန်သူဆိုပေမဲ့ ဒီကောင် အရည်အချင်းက မနည်းဘူးဆိုတာ ဝန်ခံရမယ်"
အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်စစ်သေနာပတိ ဖန်းထျန်တယ်က ပြန်ပြောလိုက်၏။ "ဝမ်းနည်းစရာကောင်းတာက သူ တစ်ခါမှ မကြုံစဖူး ကြီးကျယ်ခမ်းနားတဲ့ သခင်လေးနဲ့ လာဆုံတွေ့နေရတာပဲ။ သူ ဘယ်လောက်ပဲ ထူးချွန်နေပါစေ သခင်လေးနဲ့ ယှဉ်လိုက်ရင်တော့ လမင်းကြီးကို ကြယ်ပွင့်လေးတွေက ယှဉ်ပြိုင်ဖို့ ခက်ခဲလှသလိုပါပဲ။ သူ မွေးဖွားလာရခြင်းက အဖြစ်ဆိုးနဲ့ အဆုံးသတ်ဖို့ ကံပါလာတာပဲ"
ကောင်းထင်းက ဆက်၍ ဆိုသည်။ "လူအချို့က ခြေနင်းခုံတွေ ဖြစ်လာဖို့ ကံပါလာကြတာပဲ။ တုပိုင်ဆိုတဲ့ နင်းခုံက ပိုပြီး တောက်ပလေလေ ၊ သူ့ကို နင်းတက်သွားမယ့်သူက ပိုပြီး ကြီးကျယ်ခမ်းနားလေလေ ဖြစ်မှာပေါ့" ထို့နောက် သူထပ် မေးလိုက်၏။ "စစ်သေနာပတိ ဖန်း... ခင်ဗျားက သခင်လေးရဲ့နောက်ကို လိုက်လာတာ အတော်ကြာပြီဆိုတော့ ကျုပ် မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
စစ်သေနာပတိ ဖန်းထျန်တယ်က ခေါင်းညိတ်သည်။ "မေးလေ... ကျုပ် ဖြေနိုင်ရင် ဖြေမယ်။ မဖြေနိုင်ရင်တော့ ခင်ဗျား ဘာမှမမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့"
"ဘာဖြစ်လို့ သခင်လေးက သူ့ကိုယ်သူ သခင်လေးလို့ ခေါ်တာလဲ။ သခင်ကြီးဆိုတာကို ကျုပ် တစ်ခါမှ မကြားဖူးသလိုပဲ။ သခင်လေးက ဘုရင် ဒါမှမဟုတ် ဧကရာဇ်လို့ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း ခေါ်လို့ရက်သားနဲ့ ဘာဖြစ်လို့ အဲဒီလို မခေါ်ရတာလဲ"
ဤသည်မှာ ကောင်းထင်း တစ်ယောက်တည်း၏ သံသယ မဟုတ်ဘဲ လူများစွာ၏ ပဟေဠိလည်း ဖြစ်၏။ အရှေ့ဘက် ပြည်ထောင်စုတွင် သခင်ကြီးသည် မည်သူဖြစ်ကြောင်း တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
ဖန်းထျန်တယ်က ပြောသည်။ "ဒီမေးခွန်းက တားမြစ်ထားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ် တကယ်ကို မဖြေနိုင်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကိုယ်တိုင်လည်း မသိလို့ပဲ။ တကယ်တော့ သခင်လေးက သူ့ကိုယ်သူ ဘာကြောင့် သခင်လေးလို့ ခေါ်တာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ သခင်ကြီးက ဘယ်သူလဲဆိုတာကိုလည်း ငါတို့ မသိကြဘူးလေ"
ထို့နောက် ဆက်၍ ရှင်းပြလေ၏။ "သခင်လေးက ဘာကြောင့် သူ့ကိုယ်သူ ဘုရင် ဒါမှမဟုတ် ဧကရာဇ်လို့ မခေါ်တာလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်... ခင်ဗျားက ငါတို့ရဲ့ သခင်လေးကို အထင်သေးလွန်းတယ်လို့ပဲ ပြောရလိမ့်မယ်။ သူရဲ့ ပန်းတိုင်က ကြယ်တာရာတွေရဲ့ သမုဒ္ဒရာပင်လယ်ပြင်တွေဆီမှာပဲ။ တုပိုင်လို ခွေးတွေ ၊ ကြောင်တွေလောက်ကသာ ကျန့်ရှီးမင်းသားတို့ ၊ ရင်ခွင်ပိုက်မင်းသားတို့ ဖြစ်လာရုံနဲ့တင် ကျေနပ်နေကြတာလေ"
တုဟွေးက ဝင်ပြောလိုက်သည်။ "ဟုတ်တယ်။ သခင်လေးနဲ့ တုပိုင်တို့ကြားက ကွာခြားချက်ကို ခင်ဗျား မြင်နိုင်ပါတယ်။ တစ်ယောက်က သာမန်ထက်လွန်ကဲတဲ့ ကြီးကျယ်ခမ်းနားသူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဉာဏ်နည်းနည်းကောင်းပြီး ကံကောင်းတဲ့ သာမန်လူတစ်ယောက်ပဲ"
ကောင်းထင်းက ဆိုလေ၏။ "ဒီနေ့မှာတော့ တုပိုင်ဆိုတဲ့ ဒီသာမန်လူကို ငါတို့ ချေမှုန်းပြီး အမြစ်ပြတ် သုတ်သင်ပစ်ရမယ်"
"တုပိုင်ရဲ့ ခွန်ပန်ငှက် လေတပ်က ပစ်မှတ်အကွာအဝေး အတွင်းကို ဝင်လာတော့မယ်"
"အကွာအဝေး ဆယ့်ရှစ် ကီလိုမီတာ"
"အကွာအဝေး ဆယ့်ငါး ကီလိုမီတာ"
"ငါးကီလိုမီတာ အကွာအဝေးကို ရောက်ပြီ"
"လေယာဉ်ပစ် အမြန်ပစ် မှော်အမြောက်တွေ အားလုံး ချိန်ရွယ်မှု စတင်ကြ"
ရုတ်တရက် အရှေ့ဘက် ပြည်ထောင်စုမှ မှော်ဆရာ ရာပေါင်းများစွာသည် လေဆာ ချိန်ရွယ်မှုစနစ်ကို အသက်သွင်းရန်အတွက် အနီရောင် ကျောက်သလင်းများကို ဖိနှိပ်လိုက်ကြလေ၏။ ထိုအခါ လေဆာတန်း ရာပေါင်းများစွာ တိုက်ရိုက် ပစ်ထွက်သွားတော့သည်။ မှော်ဆရာများသည် သူတို့၏ စိတ်စွမ်းအင်များကို စုစည်းလိုက်ကြပြီး ငါးကီလိုမီတာ အကွာအဝေးရှိ ခွန်ပန်ငှက်များကို စူးစိုက်ကြည့်လိုက်ကြလေ၏။
"ချိန်ရွယ်မှု ပြီးစီးပြီ"
တုပိုင်၏ ခွန်ပန်လေတပ်မှာ အလွန်တရာ အမိုက်အမဲဆန်လွန်းလှသဖြင့် မျဉ်းဖြောင့်အတိုင်းသာ ဆက်လက်ပျံသန်းနေဆဲ ဖြစ်၏။ ဤသည်က ချိန်ရွယ်ရန် ပို၍ပင် လွယ်ကူနေစေသည်။
"သုံးကီလိုမီတာ အတွင်းကို ရောက်တာနဲ့ ချက်ချင်း ပစ်ခတ်ကြ"
"လေးထောင့်ငါးရာ မီတာ"
"မီတာ လေးထောင်"
"သုံးထောင့်ငါးရာ မီတာ"
အကွာအဝေး နီးကပ်လာသည်နှင့်အမျှ တုဟွေးမှာ စိတ်လှုပ်ရှားမှုနှင့် အကြောက်တရားတို့ကို မထိန်းချုပ်နိုင်အောင် ဖြစ်နေရလေ၏။
ဤခွန်ပန်ငှက် လေတပ်သည် တုပိုင်၏ အဓိက လက်နက်ကြီးဖြစ်ပြီး မကြာမီ တစ်တပ်လုံး အမြစ်ပြတ် ချေမှုန်းခံရတော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် တုပိုင် တစ်ယောက် မည်မျှပင် တုန်လှုပ်ချောက်ချားသွားမည်နည်း။ သွေးပင် အန်ထွက်လာလောက်ပေသည်။
လေယာဉ်ပစ် အမြန်ပစ် မှော်အမြောက် ရာပေါင်းများစွာ ရှိသော်လည်း အမြောက်ပြောင်းမှာမူ ထောင်နှင့်ချီ၍ ရှိလေသည်။ နာရီဝက် အတွင်းမှာပင် တုပိုင်၏ လေတပ်ကို လုံးဝ အမြစ်ပြတ် ချေမှုန်းပစ်နိုင်စွမ်း ရှိနေသည်။
အရှေ့ဘက် ပြည်ထောင်စု၏ စစ်သေနာပတိ ဖန်းထျန်တယ်က ဟိန်းဟောက် အမိန့်ပေးလိုက်လေသည်။ "ပစ်ခတ်ဖို့ အသင့်ပြင်"
ထို့နောက် ပင်မစစ်သင်္ဘောကြီး၏ အထက်မှနေ၍ အချက်ပြအလံကို ဝှေ့ယမ်းပြလိုက်၏။ မှော်ဆရာ အားလုံးသည် လေယာဉ်ပစ် အမြန်ပစ် မှော်အမြောက်များ၏ ခလုတ်များပေါ်သို့ သူတို့၏ လက်ချောင်းများကို တင်ထားလိုက်ကြသည်။
ထိုအချိန်လေးမှာပင် "ဝေါင်းးးးးးးးးးးးးးးးး" ကမ္ဘာမြေကြီးပင် တုန်ဟည်းသွားလောက်မည့် ဟိန်းဟောက်သံကြီးတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှသော အသံကြီးပင် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် တုပိုင်၏ ခွန်ပန်ငှက် လေတပ်ကြီးသည် ရှေ့သို့ ဆက်မတက်တော့ဘဲ မြောက်မှတောင်ဘက် ဦးတည်ရာသို့ လှည့်၍ ပျံသန်းထွက်ပြေးသွားကြလေတော့၏။
ထိုခဏမှာပင် ကောင်းကင်ကြီး၏ အရောင်မှာလည်း ပြောင်းလဲသွားလေ၏။ မူလက ကြည်လင်နေသော ကောင်းကင်ပြင်သည် ယခုအခါ မိုးတိမ်မည်းများဖြင့် ဖုံးလွှမ်းသွား၏။
ကောင်းကင်ထက်ရှိ နေမင်းကြီးမှာလည်း လုံးဝ ဖုံးကွယ်သွားရသည်။ တောက်ပနေသော ကောင်းကင်ကြီးမှာ မှိုင်းညို့ မှောင်မိုက်သွားရတော့၏။
"ဒိုင်းးးး ဒိုင်းးးး ဒိုင်းးးး ဒိုင်းးးး"
မိုးကြိုးမုန်တိုင်း ကျရောက်တော့မည့်အလား ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာသည်။ သို့သော် မိုးခြိမ်းသံကို ကြားနေရသော်လည်း လျှပ်စီးလက်သည်ကိုမူ လုံးဝ မမြင်ရချေ။
တုဟွေးက ကောင်းကင်ကို မော့ကြည့်ကာ ရေရွတ်လိုက်၏။ "ဒီရာသီဥတုက သရဲခြောက်နေသလိုပဲ"
အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ရေတပ်စစ်သေနာပတိက ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ တုပိုင်ရဲ့ လေတပ် ထွက်ပြေးသွားလည်း ဘာမှမဖြစ်ဘူး။ သူ့ရဲ့ အမှိုက်သရိုက် ရေတပ်ကတော့ ထွက်ပြေးလို့ မရပါဘူး"
မှန်ပေသည်။ တုပိုင်၏ သူတောင်းစား ရေတပ်မှာ အမှန်တကယ်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ချေ။
ရေတပ်စစ်သေနာပတိ ဖန်းထျန်တယ်က အော်ဟစ်အမိန့်ပေးလိုက်လေ၏။ "လေယာဉ်ပစ် အမြောက်တွေကို အချိန်မရွေး ပစ်ခတ်နိုင်အောင် အသင့်ပြင်ထားကြ။ ရေတပ်ကတော့ တုပိုင်ရဲ့ ရေတပ်ဆီကို ဆက်ပြီး ဝိုင်းဝန်းချီတက်ကြ... တုပိုင်ရဲ့ အမှိုက်သရိုက် ရေတပ်ကို အပိုင်းပိုင်းအစစဖြစ်သွားအောင် ချေမှုန်းပစ်... တုပိုင်ရဲ့ စစ်တပ်ကို အမြစ်ပြတ် သုတ်သင်ကြ"
သို့သော် ထိုအချိန်မှာပင် ကမ္ဘာမြေကြီး တုန်ဟည်းသွားလောက်မည့် နောက်ထပ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရပြီဖြစ်၏။ ယင်းမှာ မိုးခြိမ်းသံမဟုတ်ဘဲ ကောင်းကင်ယံမှ သားရဲတစ်ကောင်ကောင်၏ အသံပင် ဖြစ်လေသည်။
ထို့ကြောင့် လူတိုင်းသည် ကောင်းကင်ယံသို့ မော့မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။
တစ်မိနစ်... နှစ်မိနစ်... သုံးမိနစ်။
တုဟွေးမှာ လည်ပင်းပင် အနည်းငယ် ညောင်းညာလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် မိုးတိမ်မည်းများထဲမှ ဧရာမ အရိပ်မည်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။ ထိုအရိပ်ကြီးမှာ တဖြည်းဖြည်းနှင့် ပိုမို ကြီးမားလာသည်။
လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင်မူ ယင်းမှာ ဧရာမ အရိုးနဂါးကြီး တစ်ကောင် ဖြစ်နေလေ၏။
တုဟွေး ၊ ဖန်းထျန်တယ် ၊ ကောင်းထင်းနှင့် အခြားသူများမှာ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားကြရသည်။
အမှန်တကယ်ပင် နဂါးတစ်ကောင် ဖြစ်နေပြီး နဂါးအရိုးစုကြီးပင် ဖြစ်လေ၏။ ဤမျှအထိ ကြီးမားနေရသလော။ အလျား မီတာ ၅၀၀ ခန့်ရှိပြီး အတောင်ပံဖြန့်လိုက်ပါက မီတာ ၃၀၀၀ ကျော်မျှ ရှိလေ၏။
ထိုသည်မှာ သူတို့ ခြေအောက်ရှိ အင်ပါယာအဆင့် စစ်သင်္ဘောကြီးထက် အဆပေါင်းများစွာ ပို၍ ကြီးမားလှသည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ သတ္တဝါကြီးပင် ဖြစ်သည်။
အဆပေါင်းများစွာ ကြီးမားသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ရေတန်ချိန် ၈၀,၀၀၀ နီးပါးအဆင့် လေယာဉ်တင်သင်္ဘောကြီးသည်ပင် မီတာ ၃၀၀ ကျော်သာ ရှိ၏။ ရေတန်ချိန် တစ်သိန်းရှိသောလေယာဉ်တင်သင်္ဘောကြီးဆိုလျှင်လည်း မီတာ ၃၄၀ အောက်သာ ရှိလေသည်။
ထိုနဂါးကြီးက အောက်သို့ ထိုးဆင်းလာလေ၏။ တုဟွေးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထောင်ထသွားသည်ဟု ခံစားလိုက်ရသည်။
အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ရေတပ်စစ်သေနာပတိ ဖန်းထျန်တယ်က အော်ဟစ်လိုက်သည်။ "လေယာဉ်ပစ် မှော်အမြောက်တွေ... ပစ်... ပစ်ကြ"
ရုတ်တရက် အလွန်တရာ ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေ၏။
"ရွှစ်းး ရွှစ်းး ရွှစ်းး"
အရှေ့ဘက် ပြည်ထောင်စု၏ လေယာဉ်ပစ် အမြန်ပစ် မှော်အမြောက် ရာပေါင်းများစွာက ပစ်ခတ်လိုက်ရာ အမြောက်ဆန် ထောင်ပေါင်းများစွာသည် လေထဲ၌ တောက်ပသော လမ်းကြောင်းများကို ဖြစ်ပေါ်စေလျက် မိုးပျံကြယ်များကဲ့သို့ ဧရာမ အရိုးနဂါးကြီးဆီသို့ လျင်မြန်စွာ ပြေးဝင်သွားကြလေတော့သည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် အသံထက် ခုနစ်ဆ ၊ ရှစ်ဆမျှ မြန်သော အရှိန်ဖြင့် ပျံသန်းလာသည့် ဤအမြောက်ဆန်ငယ်များသည် ဧရာမ အရိုးနဂါးကြီးကို ထိမှန်သွားကြ၏။
"ဒိုင်းးး ဒိုင်းးး ဒိုင်းးး ဒိုင်းးး"
ထို့နောက် အလွန်တရာ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးများကို ဖြစ်ပေါ်စေလေတော့သည်။ ကောင်းကင်ယံ၌ မရေမတွက်နိုင်သော မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည့်အလား အလွန်တရာ တောက်ပကာ ကြီးကျယ်ခမ်းနားလှပေသည်။ ကောင်းကင်သို့ ထိုးတက်သွားသော မီးတောက်များက တစ်ကောင်းကင်လုံးကို လုံးဝ ဖုံးလွှမ်းသွားစေ၏။
တုဟွေးနှင့် ကောင်းထင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"သတ်နိုင်လိုက်ပြီလား။ အဲဒါကြီးကို သတ်နိုင်လိုက်ပြီလား"
မီးတောက်များ ပျောက်ကွယ်သွားသည်။ သို့သော် လူတိုင်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားကို မျှော်လင့်ချက်မဲ့စွာ တွေ့မြင်လိုက်ရ၏။ ဧရာမ အရိုးနဂါးကြီးမှာ လုံးဝ အထိအခိုက်မရှိ အကောင်းပကတိ ဖြစ်နေလေသည်။
"ဝုန်းးး"
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
ဧရာမ အရိုးနဂါးကြီးသည် ပင်လယ်ပြင်ပေါ်သို့ ဆင်းသက်လာရာ ဧရာမ လှိုင်းတံပိုးကြီးများကို ဖြစ်ပေါ်စေလေသည်။ တစ္ဆေမီးတောက်များ တောက်လောင်နေသော ၎းယင်း၏ မျက်လုံးများက အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ရေတပ်ကြီးကို ကြည့်နေပြီး ထိုမျက်လုံးများထဲ၌ အဆုံးမဲ့ မောက်မာမှုတို့ ပြည့်နှက်နေ၏။
"ဧရာမ မှော်အမြောက်ကြီးတွေ အားလုံး... ဒီဘီလူးကြီးကို ချိန်ရွယ်ကြ"
ရုတ်တရက် စစ်သင်္ဘောကြီး အစင်း နှစ်ရာကျော်နှင့် အမြောက်များ အားလုံးသည် အရိုးနဂါးကြီးဆီသို့ ချိန်ရွယ်လိုက်ကြလေသည်။ အထူးသဖြင့် ဧရာမ မှော်အမြောက်ကြီး ရာပေါင်းများစွာသည် လေဆာကိရိယာဖြင့် ရှေးဟောင်းနဂါးကြီးကို အလွယ်တကူ ချိန်ရွယ်နိုင်လေ၏။ အကွာအဝေးမှာ တစ်ကီလိုမီတာပင် မပြည့်သလို ယင်း၏ အရွယ်အစားမှာလည်း အလွန် ကြီးမားလှသဖြင့် ချိန်ရွယ်ရ လွယ်ကူနေသည်မှာ သဘာဝပင် ဖြစ်သည်။
ရေတပ်စစ်သေနာပတိ ဖန်းထျန်တယ်က အမိန့်ပေးလိုက်၏။ "ပစ်"
"ဒိုင်းးး ဒိုင်းးး ဒိုင်းးး ဒိုင်းးး"
အမြောက် ထောင်ပေါင်းများစွာက တညီတညွတ်တည်း ပစ်ခတ်လိုက်ကြသည်။ အလွန်တရာ ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းပင် ဖြစ်၏။ အထူးသဖြင့် ဧရာမ မှော်အမြောက်ကြီး ရာပေါင်းများစွာ၏ ပစ်ခတ်မှုမှာ ပို၍ပင် ကြီးကျယ်လှသည်။
ကီလိုဂရမ် ရာပေါင်းများစွာ အလေးချိန်ရှိသော အမြောက်ဆန်များသည် အသံထက် ငါးဆမြန်သော အရှိန်ဖြင့် ဧရာမ အရိုးနဂါးကြီးဆီသို့ ပစ်ခတ်ခံလိုက်ရပြီး တစ်စက္ကန့်ပင် မပြည့်မီမှာပင် ထိမှန်သွားလေတော့သည်။
ထို့နောက် အလုံးစုံကိုပင် ဖျက်ဆီးပစ်နိုင်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။
ဧရာမ အမြောက်ဆန် ရာပေါင်းများစွာ၏ ပေါက်ကွဲမှုက ဆူနာမီလှိုင်းတံပိုးကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေလုမတတ် ဖြစ်သွားရသည်။ ထိုအခိုက်အတန့်မှ ထွက်ပေါ်လာသော အလင်းရောင်သည် တစ်ပင်လယ်လုံးကို လင်းထိန်သွားစေပြီး နေမင်းကြီး၏ တောက်ပမှုကိုပင် ကျော်လွန်သွားလေတော့၏။
တုဟွေးက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ "သေလောက်ပြီ... သေသွားလောက်ပြီ။ သေကို သေရမယ်။ ဧရာမ မှော်အမြောက်ကြီး ရာပေါင်းများစွာရဲ့ အစွမ်းနဲ့ဆိုရင် ဒီလောကမှာ ဘယ်သက်ရှိမှ အသက်ရှင်နိုင်စွမ်း မရှိဘူး"
သို့သော် ဧရာမ အရိုးနဂါးကြီး၏ ခန္ဓာကိုယ် မျက်နှာပြင်သည် ဧရာမ စွမ်းအင် အကာအကွယ်တစ်ခုဖြင့် ဖုံးလွှမ်းနေပြီး ယင်းက ပေါက်ကွဲမှုများနှင့် အမြောက်ဆန်များ၏ ဒဏ်အားလုံးကို ခုခံကာကွယ်ပေးထားနိုင်သည်ကို သူတို့ မတွေ့လိုက်ရကြချေ။
အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက်... မီးတောက်များနှင့် မီးခိုးငွေ့များ ပျောက်ကွယ်သွားလေ၏။
ဧရာမ အရိုးနဂါးကြီးမှာ ယခုတိုင် အကောင်းပကတိ ရှိနေဆဲပင် ဖြစ်၏။
တုဟွေးနှင့် ကောင်းထင်းတို့မှာ ဦးရေပြားများပင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဧရာမ အရိုးနဂါးကြီးသည် အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်ကြီးကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်လေ၏။ ထို့နောက် သူက ပါးစပ်ကို ဟလိုက်သည်။ မည်သည့်အရာမျှ အားယူနေခြင်း မရှိချေ။
"ဝေါင်းးးးးးး"
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးနှင့်အတူ သူ၏ ပါးစပ်ကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီးတစ်ခု ပန်းထွက်လာလေတော့သည်။
အစိမ်းရောင် မီးတောက်ဖြစ်ပြီး မည်သည့် အပူချိန်မျှ မရှိလေဘဲ ပကတိ အေးစက်နေလေ၏။
သို့သော်ငြား ထိုမီးတောက်များဖြင့် ထိသွားသော အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောများသည် သစ်သားသင်္ဘောပင်ဖြစ်စေ ၊ သံချပ်ကာသင်္ဘောပင်ဖြစ်စေ... အားလုံးအတွက် ရလဒ်တစ်ခုတည်းသာ ရှိလေသည်။ ယင်းမှာ လုံးဝ အပိုင်းပိုင်းအစစ ပြာကျသွားခြင်းပင် ဖြစ်၏။ အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီဖြစ်သည်။
မီတာ ရာပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ် မီးတောက်ကြီးများကြောင့် "ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးးးးး ဝုန်းးး" ဟူသော အသံများနှင့်အတူ အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ပြိုင်ဘက်ကင်း စစ်သင်္ဘောကြီးများသည် တစ်စင်းပြီးတစ်စင်း အရုပ်များကဲ့သို့ လုံးဝ ချေမှုန်းခံလိုက်ရလေတော့သည်။
**--**--**--**--**--**--**--**
ခေတ်သစ်ကမ္ဘာမြေ ၊ ဟန်ကျိုးမြို့။
ဖုန်းလက်ခံရရှိပြီးနောက် ရန်ယဲ့ရှောင် တစ်ယောက် ရူးမတတ် ဖြစ်သွားရလေ၏။
ရန်ယဲ့ရှောင်က ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်ရင်း တွေးလိုက်သည်။ "တည်ငြိမ်စမ်း... တည်ငြိမ်စမ်း... တည်ငြိမ်စမ်း... ရှောင်ရှောင်က ကလေးပဲ ရှိသေးတာ ၊ ငါသာ မတည်ငြိမ်ရင် သူ ဘယ်လိုလုပ်မလဲ"
သူမက သင်တန်းရှိ သင်တန်းသားများကို ပြောလိုက်သည်။ "တောင်းပန်ပါတယ်။ ဆရာမအိမ်မှာ အရေးပေါ်ကိစ္စလေး ရှိလို့ အခုချက်ချင်း အိမ်ပြန်ရတော့မယ်" ထို့နောက် ဒေါက်မြင့်ဖိနပ်ကို ချွတ်ကာ ကပျာကယာ ပြေးထွက်သွားလေတော့၏။
တံခါးဝမှ ပြေးထွက်လာချိန်တွင် မြေအောက်ရထားစီးရန်ပင် အချိန်မရတော့သဖြင့် တက္ကစီ တစ်စီးသာ ငှားစီးလိုက်ရသည်။
အိမ်ရာဝင်းထဲသို့ ပြန်ရောက်ပြီးနောက် ရန်ယဲ့ရှောင်သည် အိမ်ထဲသို့ အလောတကြီး ပြေးဝင်သွားပြီး အကြောက်လွန်နေသော သမီးလေးကို ရင်ခွင်ထဲ ထွေးပိုက်လိုက်၏။
"သမီးလေး... မေမေ ရောက်ပြီ ၊ မေမေ ရောက်ပြီနော်"
ထိုအချိန်၌ ကလေးမလေးမှာ အသက်ရှူပင် ကျပ်လာသည်အထိ ငိုကြွေးနေလေသည်။
တုရှောင်က ငိုယိုကာ မပီမသပြော၏။ "မေမေ... သမီး ဖေဖေ့ကို လိုချင်တယ် ၊ သမီး ဖေဖေ့ကို လိုချင်တယ်..."
ရန်ယဲ့ရှောင်က နှစ်သိမ့်လိုက်သည်။ "အင်းပါ... မေမေ ဖေဖေ့ကို သွားရှာပေးမယ်နော်။ သမီး အိမ်မှာ လိမ္မာအောင် နေခဲ့"
သူမသည် သမီးဖြစ်သူအတွက် ကိတ်မုန့်တစ်ခု ဖောက်ပေးခဲ့ပြီးနောက် ဖိနပ်အပါး တစ်ရံကို လဲစီးကာ ရန်ယဲ့ရှောင် အိမ်မှ ထွက်လာခဲ့သည်။ ထို့နောက် အိမ်ရာဝင်း၏ စီမံခန့်ခွဲရေးရုံးသို့ သွားကာ လုံခြုံရေးကင်မရာ မှတ်တမ်းများကို သွားရောက် ကြည့်ရှုလေတော့၏။
လုံခြုံရေးကင်မရာ မြင်ကွင်းထဲတွင် တစ်စုံတစ်ယောက်က သော့ဖြင့် တံခါးဖွင့်ကာ သူမ၏ အိမ်ထဲသို့ ဝင်ရောက်သွားပြီး သတိလစ် မေ့မြောနေသော တုပိုင်ကို သယ်ထုတ်သွားသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။ လမ်းတစ်ဝက်တွင် လုံခြုံရေးအစောင့်များက အသေးစိတ် စစ်ဆေးမေးမြန်းခဲ့သော်လည်း ထိုသူက တုပိုင်ကို ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့၏။
ထို့နောက် မှတ်တမ်းထဲ၌ နောက်ထပ် လူတစ်ယောက် ထွက်ပေါ်လာသည်။ ယင်းမှာ ရန်ယဲ့ရှောင်၏ မိခင် ရွှီမင်ပင် ဖြစ်လေ၏။
တုပိုင်ကို ခေါ်ဆောင်သွားသူမှာ သူမ၏ မိခင်ပင် ဖြစ်နေလေသည်။ ရန်ယဲ့ရှောင်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး မိခင်ဖြစ်သူထံ ချက်ချင်း ဖုန်းခေါ်လိုက်၏။
ရန်ယဲ့ရှောင်က ခပ်မာမာအသံဖြင့် ပြောလိုက်သည်။ "အမေ... တုပိုင်ကို ဘယ်ပို့လိုက်တာလဲ။ သူ့ကို အခုချက်ချင်း ပြန်ပို့ပေး"
ရွှီမင်မှာ တက္ကသိုလ် ပါမောက္ခ တစ်ဦးဖြစ်ပြီး အမြဲတမ်း အလွန် တည်ကြည်လေးနက်ကာ သြဇာအာဏာရှိသော မိခင်တစ်ဦး ဖြစ်၏။
ရွှီမင်က ပြန်ပြောသည်။ "ရန်ယဲ့ရှောင်... ညည်းက ညည်းအမေကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ" ထို့နောက် ဆက်၍ ပြောလိုက်လေသည်။ "တုပိုင်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ညည်းအတွက် အမေ ရှင်းပေးလိုက်ပြီ။ သူ့မှာ မိဘဆွေမျိုးတွေ မရှိတဲ့အတွက် သူ့ရဲ့ အရင် အုပ်ထိန်းသူဖြစ်တဲ့ မိဘမဲ့ဂေဟာကို အမေ ရှာတွေ့ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ အိမ်နဲ့ ကားကို ရောင်းဖို့ ရှေ့နေတစ်ယောက်လည်း ငှားထားပြီးပြီ။ အရောင်းအဝယ်ကနေ ရတဲ့ ငွေတစ်ပြားတစ်ချပ်မှ ငါတို့ မယူဘဲ ဖောင်ဒေးရှင်း တစ်ခု တည်ထောင်ပေးလိုက်တယ်။ အဲဒီငွေတွေက ပြုစုစောင့်ရှောက်ရေးဂေဟာမှာ သူ အနှစ် ၂၀ လောက် နေဖို့အတွက် လုံလောက်ပါတယ်"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၅ + ၈၁၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team