← Chapters

အခန်း (၈၁၇-၈၁၈)

Vol. 82 Ch. 817-818

အခန်း (၈၁၇-၈၁၈)

Vol. 82 Ch. 817-818

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၇ + ၈၁၈

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ရန်ယဲ့ရှောင်က ငိုသံဖြင့် ပြောသည်။ "သူက သမီးယောက်ျားလေ။ အမေက သူ့ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံရက်ရတာလဲ။ ပြုစုစောင့်ရှောက်ရေးဂေဟာက လူတွေက သူ့ကို နေ့တိုင်း ရေချိုးပေးမှာ မဟုတ်ဘူး။ နှိပ်ပေးမှာ မဟုတ်သလို အရည်စာတွေလည်း တိုက်မှာ မဟုတ်ဘူး။ မကြာခင် သူ့တစ်ကိုယ်လုံး အနာတွေပေါက်လာပြီး သေသွားလိမ့်မယ်"

မိခင်ဖြစ်သူ ရွှီမင်က ပြန်ပြော၏။ "ဒါ သူ့ဝဋ် သူလည်တာပဲ။ ငါတို့မိသားစုက သူ့အပေါ် ဘာတွေများ အမှားလုပ်ခဲ့ဖူးလို့လဲ။ သူက မိဘမဲ့ တစ်ယောက်လေ။ ငါတို့ မိသားစုနဲ့ ဘယ်လိုမှ မတန်တဲ့သူပါ။ အဲဒါတောင် ငါတို့က သူ့ကို နည်းနည်းလေးများ အထင်သေးခဲ့ဖူးလို့လား။ ညည်း ကိုယ်ဝန်ရလာတော့မှ ဒီတိရစ္ဆာန်က ဖောက်ပြန်ခဲ့တာလေ။ သူ့ရဲ့ ဒီနေ့ကံကြမ္မာက သူ့ဝဋ် သူလည်တာပဲ"

ရန်ယဲ့ရှောင်က ငိုယိုရင်း ဆိုလေ၏။ "သမီးမှာ ကိုယ်ဝန်ရှိနေတာကို သူမှ မသိခဲ့တာ။ သမီးမှာ ကိုယ်ဝန်ရှိနေမှန်းသာ သိရင် သူ ဖောက်ပြန်မှာ မဟုတ်ပါဘူး။ သူ ဖောက်ပြန်ခဲ့ရင်တောင်မှ အိမ်ပြန်လာပြီး သမီးကို လာတောင်းပန်မာပါ။ သူ သမီးကို အရမ်းချစ်ပါတယ်။ သူ့ရဲ့ စူးစမ်းချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့လို့သာပါ"

ထိုစကားများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မိခင်ဖြစ်သူ ရွှီမင်မှာ ဒေါသကြောင့် ရူးမတတ် ဖြစ်သွားရတော့သည်။

သူမအနေဖြင့် မည်သို့လုပ်၍ ဤမျှ တုံးအသော သမီးမျိုးကို မွေးဖွားမိပါသနည်း။ သမီးဖြစ်သူ၏ ဦးနှောက်များ ချို့ယွင်းနေပြီလော။ ထိုတိရစ္ဆာန်က ဖောက်ပြန်ခဲ့ပြီးဖြစ်ပါလျက်နှင့် သူ့ဘက်မှ ကာကွယ်ပြောဆိုပေးနေ၏။

မိခင်ဖြစ်သူ ရွှီမင်က ဒေါသတကြီး ဆက်ပြောသည်။ "အဲဒီ လူ့တိရစ္ဆာန်က အရင်က ဘယ်လောက်ပဲ တော်နေပါစေ ၊ အခုတော့ သူက သတိလစ်မေ့မြောနေတဲ့ လူမမာ တစ်ယောက်ဖြစ်သွားပြီ။ သူ့ဘဝက ပြီးသွားပြီ။ ညည်းက သူ့အတွက်နဲ့ ညည်းဘဝကြီးကို အဆုံးရှုံးခံတော့မလို့လား။ ညည်းက ငယ်ရွယ်သေးတယ် ၊ ထူးချွန်ပြီး လှပတဲ့သူမို့လို့ နောက်ထပ် အိမ်ထောင်ပြုလို့ ရပါသေးတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်သေးတယ်"

ရန်ယဲ့ရှောင် ငိုယိုကာ အော်ဟစ်လိုက်မိသည်။ "သမီး အခု အရမ်းပျော်နေပါတယ်။ သမီးတို့ မိသားစု သုံးယောက် အခု အရမ်းပျော်နေကြတာပါ။ သမီးတို့ကို မခွဲပစ်ပါနဲ့။ ကျေးဇူးပြုပြီး သူ့ကို သမီးဆီ ပြန်ပေးပါ။ ဒီလောကကြီးမှာ သူ့အတွက် ဘယ်ဆွေမျိုးမှ မရှိတော့ဘူး။ သူ သေသွားလိမ့်မယ်"

မိခင်ဖြစ်သူ ရွှီမင်က တုန်ရီသော အသံဖြင့် ပြောလာသည်။ "ညည်း ရူးသွားပြီပဲ။ ငါက ဘာဖြစ်လို့ ညည်းလို တုံးအတဲ့ သမီးမျိုးကို မွေးခဲ့မိပါလိမ့်။ ဒါပေမဲ့ ဘာပြောပြော အလကားပဲ။ တုပိုင်ကို ငါ အရမ်းဝေးတဲ့ နေရာတစ်ခုဆီ ပို့လိုက်ပြီ။ ညည်း လိုက်ရှာဖို့ မကြိုးစားနဲ့တော့။ ညည်းရဲ့ ဒီရူးသွပ်မှုတွေ ပျောက်သွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။"

"ပြီးတော့ ညည်း အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ကျောက်ယန်ဖိန်လည်း အမေရိကန်ကနေ ပြန်ရောက်နေပြီ။ သူက ဟားဗတ်ဆေးတက္ကသိုလ်ကနေ ပါရဂူဘွဲ့ ရလာတာ။ ရှန်ဟိုင်းက အကောင်းဆုံး ဆေးရုံတော်တော်များများက သူ့ကို ခန့်ချင်လို့ လုနေကြတာ။ သူ့ရင်ထဲမှာ ညည်းကို အခုထိ မှတ်မိနေတုန်းပဲ။ ပြီးတော့ ညည်းမှာ ကလေးရှိနေတာကိုလည်း သူက စိတ်ခုမှာ မဟုတ်ဘူး"

ရွှီမင်က ဆက်၍ ပြော၏။ "ရန်ယဲ့ရှောင်... ညည်းအမေရဲ့ စရိုက်ကို ညည်း အသိဆုံးပါ။ အမေက ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်။ စကားတစ်ခွန်း နှစ်ခွန်းမရှိဘူး။ ညည်း တစ်သက်လုံး တုပိုင်ကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ သူ့ကို အမေ ဘယ်မှာ ဖွက်ထားလဲဆိုတာကိုလည်း ညည်း ဘယ်တော့မှ သိရမှာ မဟုတ်ဘူး။ အချိန်တွေ ၊ အတွေးတွေကို အလဟဿ မဖြုန်းတီးနေနဲ့တော့"

ထိုသို့ ပြောပြီးသည်နှင့် မိခင်ဖြစ်သူ ရွှီမင်မှာ ဖုန်းချပစ်လိုက်တော့၏။

ရန်ယဲ့ရှောင်က အပူတပြင်း ဖုန်းပြန်ခေါ်ရန် ကြိုးစားသော်လည်း မိခင်ဖြစ်သူမှာ ဖုန်းမကိုင်တော့ဘဲ နောက်ဆုံးတွင် ဖုန်းပါ ပိတ်ထားလိုက်တော့သည်။ ဖခင်ဖြစ်သူထံသို့ ဆက်ကြည့်သောအခါတွင်လည်း စက်ပိတ်ထားပြန်၏။

မိဘများက တုပိုင်နှင့် သူမကို ခွဲထုတ်ပစ်ရန် အခိုင်အမာ ဆုံးဖြတ်ထားကြပုံရ၏။ ဝန်ထုပ်ဝန်ပိုးကြီးကြောင့် သူမ၏ ဘဝတိုးတက်မှုများ အဟန့်အတား မဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။

ရန်ယဲ့ရှောင်၏ နှလုံးသားမှာ ဟာလာဟင်းလင်း ဖြစ်သွားရပြီး အိမ်ဆီသို့ သတိလွတ်စွာဖြင့် လျှောက်လှမ်းလာခဲ့၏။

သူမ၏ ရင်ထဲ၌ ပြည့်စုံသော ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ရှိခဲ့ဖူးသည်။ သူမနှင့် တုပိုင်တို့ ချစ်ကြိုက်ခဲ့စဉ်က သူတို့၏ အချစ်မှာ အပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံသည့် စက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်သည်ဟု ခံစားခဲ့ရသည်။ သို့သော် တုပိုင် ဖောက်ပြန်ခဲ့ပြီးနောက်တွင်မူ ထိုအချစ်မှာ မပြည့်စုံတော့ဘဲ စက်ဝိုင်းထဲ၌ ကြီးမားသော ကွက်လပ်ကြီးတစ်ခု ဖြစ်ပေါ်လာကာ သူမ၏ အချစ်ကမ္ဘာလေးမှာ လုံးဝ ပျက်စီးပြိုလဲသွားခဲ့ရသည်။

သို့သော် တုပိုင် သတိလစ်မေ့မြောသွားပြီးနောက် တစ်ကမ္ဘာလုံးတွင် သူ့အတွက် မည်သည့်ဆွေမျိုးမျှ မရှိတော့သဖြင့် လမ်းစပျောက်ကာ ပျက်စီးသွားရမည့် အခြေအနေသို့ ဆိုက်ရောက်သွား၏။ ထိုအခါ ရန်ယဲ့ရှောင်က သူမသည်သာ တုပိုင်၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်ကာ ကလေး၏ ဖခင်လည်းဖြစ်ရာ တုပိုင်အား ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ခံစားလာရ၏။

ထို့ပြင်... သူမ၏ အချစ်မှာ နောက်တစ်ကြိမ် ပြန်လည်ပြည့်စုံလာပြီး အနာအဆာကင်းသည့် စက်ဝိုင်းတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားပြီဟုပင် ခံစားခဲ့ရသေးသည်။ နေ့စဉ်နှင့်အမျှ ပင်ပန်းနွမ်းနယ်နေရသော်ငြား သူတို့ မိသားစု သုံးယောက်မှာ အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့ကြ၏။

တုပိုင်မှာ သတိလစ်မေ့မြောနေသူ တစ်ဦး ဖြစ်နေသော်ငြား သူမ၏ နှလုံးသားထဲတွင်တော့ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပင်။ ထို့အပြင် သမီးဖြစ်သူ တုရှောင်လေးသည်လည်း ဖခင်ဖြစ်သူမှာ လှုပ်ရှားပြောဆိုနိုင်ခြင်း မရှိသော်ငြား ဖေဖေမရှိဘဲ လုံးဝ မနေနိုင်ချေ။

ရှောင်ရှောင်လေး၏ စိတ်ထဲတွင်တော့ ဖေဖေက အိပ်ပျော်နေရုံသာ ဖြစ်သည်။ သူမအတွက်တော့ ဖေဖေက အစွမ်းထက်ပြီး ၊ ရုပ်ချောကာ ၊ ဉာဏ်ကောင်းသော အကောင်းဆုံး ဖေဖေ ဖြစ်နေဆဲပင် ဖြစ်သည်။

မိခင်ဖြစ်သူ ရွှီမင်က သူမ၏ ကောင်းကျိုးအတွက် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ဤလုပ်ရပ်က သူတို့ မိသားစု သုံးယောက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

ထို့အပြင် ရန်ယဲ့ရှောင်သည် မိခင်ဖြစ်သူ ရွှီမင်မှာ အလွန် ပြတ်သားတင်းမာသူဖြစ်ကြောင်း ကောင်းကောင်း သိထား၏။ အိမ်မှာပင်ဖြစ်စေ အပြင်၌ဖြစ်စေ မိခင်ဖြစ်သူက တစ်ခွန်းဆို တစ်ခွန်းသာ ဖြစ်သည်။

တုပိုင်၏ ဇာစ်မြစ်နောက်ခံကြောင့် ရွှီမင်သည် မြေးဖြစ်သူ တုရှောင်အား သဘောမကျချေ။ ရန်ယဲ့ရှောင်၌ ကိုယ်ဝန်ရှိနေကြောင်း သိရှိပြီးနောက် ကလေးကို ဖျက်ချရန် အတင်းအကျပ် တောင်းဆိုခဲ့ပြီး သူမ သောက်မည့် ရေထဲသို့ပင် ကိုယ်ဝန်ပျက်ကျစေမည့် ဆေးများကို ခိုးထည့်ခဲ့သေးသည်။

ထို့ကြောင့် ရန်ယဲ့ရှောင်သည် အိမ်မှ ထွက်လာခဲ့ပြီး ကလေးမွေးဖွားလာသည့်အချိန်အထိ သူမ၏ သူငယ်ချင်းများနှင့် သွားရောက် နေထိုင်ခဲ့ရ၏။

ထိုအချိန်က တုရှောင်လေးမှာ လမစေ့ဘဲ မွေးဖွားလာရာ ကိုယ်အလေးချိန် သုံးကီလိုဂရမ်ပင် မပြည့်သဖြင့် တစ်လကျော်ခန့် ဖန်ပေါင်းချောင်ထဲ၌ နေရသည်မှာ မြင်ရသူအဖို့ သနားဖွယ်ကောင်းလှပေသည်။

ရန်ယဲ့ရှောင်မှာ သတိလွတ်စွာဖြင့် အိမ်တံခါးဝသို့ ရောက်လာမိချိန်တွင် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး တံခါးဝ၌ ရပ်နေပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် နှုတ်ဆက်လာ၏။

"ရန်ယဲ့ရှောင်... မတွေ့ရတာ ကြာပြီနော်"

ရန်ယဲ့ရှောင်က ခေါင်းမော့ကြည့်လိုက်ပြီး အတန်ကြာမှသာ အသိပြန်ဝင်လာကာ တုံ့ပြန်နိုင်တော့သည်။

ဤသူမှာ အထက်တန်းကျောင်းတုန်းက သူမအား အရူးအမူး လိုက်ခဲ့ဖူးသော ကျောက်ယန်ဖိန်ပင် ဖြစ်၏။ ထိုစဉ်ကနှင့် ယှဉ်လျှင် သူသည် ဆယ်စင်တီမီတာခန့် အရပ်ပိုရှည်လာကာ ကိုယ်ခန္ဓာမှာလည်း များစွာ တောင့်တင်းကြံ့ခိုင်လာပုံရသည်။ အရပ်မောင်းကောင်းကောင်းနှင့် ချောမောခန့်ညားနေမှုမှာ အပြစ်ဆိုဖွယ်ရာမရှိသော နတ်သားတစ်ပါးကဲ့သို့ပင် ဖြစ်နေ၏။

ထိုမျှမက သူ၏ လက်ကောက်ဝတ်တွင် ယွမ်နှစ်သိန်းခန့်ရှိသော ဂျေဂါလကော့ချ် နာရီတစ်လုံးကို ဝင့်ကြွားစွာ ပတ်ထားသေး၏။ ထို့ပြင် သူဝတ်ဆင်ထားသော အဝတ်အစားများမှာ ရိုးရှင်းသည်ဟု ထင်ရသော်ငြား ဂျီဗန်ချီ အမှတ်တံဆိပ် ဒီဇိုင်းသစ်များသာ ဖြစ်ပြီး တန်ဖိုးအားဖြင့် ယွမ်သုံးသောင်းကျော်ခန့် ရှိပေသည်။

ကျောက်ယန်ဖိန်က ပြောလာ၏။ "ငါ ထွက်သွားခဲ့တာ ဆယ်နှစ်တောင် ရှိပြီပဲ။ ကမ္ဘာအနှံ့ကိုလည်း ရောက်ခဲ့ဖူးတယ်။ ငါ့မျက်စိတွေ ပွင့်လင်းလာပြီး လောကကြီးရဲ့ အလှအပတွေကို အကုန်မြင်တွေ့ခဲ့ရပြီလို့တောင် ထင်ခဲ့တာ။ ဒါပေမဲ့ နင့်ရှေ့မှာ ရပ်နေရတဲ့ အချိန်မှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကလိုပဲ ငါ့ရင်တွေ အရမ်းကို ခုန်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ အခု ငါ့လက်တွေကို အိတ်ကပ်ထဲ ထည့်ထားတာက ရိုင်းချင်လို့ မဟုတ်ပါဘူးဟာ။ အပြင်ထုတ်ထားရင် တုန်နေမှာစိုးလို့ပါ"

အထက်တန်းကျောင်းတုန်းက ရန်ယဲ့ရှောင်သည် အငြင်းပွားဖွယ်မရှိသော ကျောင်း၏ အလှဘုရင်မ ၊ ထိပ်တန်းနတ်သမီး တစ်ပါး ဖြစ်ခဲ့၏။

ထိုအချိန်က ကျောက်ယန်ဖိန်မှာ ပိန်ပိန်ပါးပါးလေးသာ ဖြစ်သည်။ သူသည် သူမအား အရူးအမူး ချစ်ခင်ခဲ့သော်ငြား ဖွင့်ပြောရန်မူ ဘယ်သောအခါမှ သတ္တိမရှိခဲ့ချေ။ သို့သော် သူသည် နေ့စဉ်နှင့်အမျှ အလွန် ရူးသွပ်သော အရာတစ်ခုကို ပြုလုပ်လေ့ရှိ၏။ ထိုအရာမှာ ရန်ယဲ့ရှောင်၏ အမည်ကို စာရွက်ပေါ်တွင် ရေးကာ ဝါးစားပစ်ခြင်းပင် ဖြစ်သည်။

ကျောက်ယန်ဖိန်က ခန့်ညားသော အပြုဖြင့် မေးသည်။ "နင့်ကို ညစာလေး ဘာလေး ဖိတ်လို့ရမလား။ ဒါမှမဟုတ် နင်ကပဲ ငါ့ကို ညစာဝယ်ကျွေးမလား။ ငါ အမေရိကန်ကနေ လေယာဉ်နဲ့ တိုက်ရိုက် လာခဲ့တာဟ။ မအိပ်ရသေးသလို ဘာမှလည်း မစားရသေးဘူး"

ရန်ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ခဏလေး စောင့်ပါဦး။ သမီးလေးကို အရင် သွားစီစဉ်ပေးလိုက်ဦးမယ်"

ကျောက်ယန်ဖိန်က ပြန်ပြောလိုက်၏။ "ရပါတယ်။ ကလေးလေးကိုပါ ခေါ်ခဲ့လေ။ ငါက ကလေးတွေကို အရမ်းချစ်တာ။ အထူးသဖြင့် မိန်းကလေးဆို ပိုချစ်သေးတယ်။ ကလေးက ကျန်းမာရေး နည်းနည်း အားနည်းတယ်လို့ ကြားတယ်။ ငါက ဆေးပညာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး နားလည်ထားတော့ ကလေးကို သေချာ ပြုစုပေးနိုင်လောက်မှာပါ"

ရန်ယဲ့ရှောင်က ပြန်မဖြေတော့ဘဲ အပေါ်ထပ်သို့ တန်း၍ တက်သွားတော့သည်။ သူမ ရင်ထဲမှ နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း သမီးလေးအတွက် ဝက်ပေါင်ခြောက်ထည့်ထားသော ကြက်ဥခေါက်ဆွဲ တစ်ပန်းကန်ကို ပြင်ဆင်ပေးလိုက်၏။

ထို့နောက် သမီးဖြစ်သူ စားသောက်ပြီးသည်အထိ ဘေးမှ စောင့်ကြည့်နေလိုက်သည်။

ရန်ယဲ့ရှောင်က သိမ်မွေ့သော အသံဖြင့် ပြောလိုက်၏။ "သမီးလေး... မေမေ့ကို အိမ်မှာ လိမ္မာအောင် စောင့်နေရမယ်နော်။ သိလား။ တကယ်လို့ မေမေက ညနက်တဲ့အထိ ပြန်မလာခဲ့ရင် သူငယ်တန်းကျောင်းက ဆရာမကျန်းဆီကို ဖုန်းဆက်လိုက်နော်။ ကြားလား သမီး"

ကလေးမလေး တုရှောင်က ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီး မေးလိုက်သည်။ "မေမေ... မေမေက ဖေဖေ့ကို သွားခေါ်မှာ မဟုတ်လားဟင်"

ရန်ယဲ့ရှောင်က ​လှပစွာပြုံးလိုက်သည်။ "ဒါပေါ့ သမီးရဲ့..."

**--**--**--**--**--**--**--**

ထို့နောက် ရန်ယဲ့ရှောင် ရေချိုး ၊ အဝတ်အစားလဲကာ မိတ်ကပ်ပြင်လိုက်ရာ သူမ၏ အလှမှာ ပို၍ပင် တောက်ပသွားတော့သည်။ အရာအားလုံး ပြီးစီးသွားချိန်တွင် ညခုနစ်နာရီပင် ကျော်လွန်နေပြီ ဖြစ်၏။

အပြင်ဘက်တွင် စောင့်နေရသော ကျောက်ယန်ဖိန်မှာ စိတ်မရှည်ဖြစ်နေခြင်း အလျဉ်းမရှိချေ။ ရန်ယဲ့ရှောင် ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် သူမှာ အသက်ရှူရန်ပင် မေ့လျော့သွားလုမတတ် ဖြစ်သွားရသည်။ သူ၏ နတ်သမီးလေးမှာ သူ စိတ်ကူးယဉ်ထားသည့်အတိုင်း လှပနေဆဲဖြစ်ပြီး အရင်ကထက်ပင် ပိုလှလာသည်ဟု ခံစားလိုက်ရ၏။

သူက ရန်ယဲ့ရှောင်အတွက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး လက်တစ်ဖက်ကို ကားအမိုးပေါ် တင်ထားကာ လူကြီးလူကောင်း ပီသလှသော အမူအရာဖြင့် စောင့်ကြိုနေသည်။

သူ မောင်းလာသော ကားမှာ ပေါ်ရှေး ပန်နာမီရာအမျိုးအစားဖြစ်ပြီး တန်ဖိုး ယွမ်နှစ်သန်းဝန်းကျင်ခန့် ရှိသည့် အဆင့်မြင့် ဇိမ်ခံကားတစ်စီးပင် ဖြစ်သည်။

ထို့နောက် သူတို့သည် အနောက်ဘက်ရေကန်ဘေးရှိ ခမ်းနားထည်ဝါလှသော အဆောက်အအုံကြီးတစ်ခု၏ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်သို့ ရောက်ရှိလာကြ၏။

ကျောက်ယန်ဖိန်က အမဲသားကင်နှစ်ပွဲကို မှာလိုက်ရာ များလွန်းခြင်းလည်း မရှိသလို ၊ နည်းလွန်းခြင်းလည်း မရှိချေ။

ရန်ယဲ့ရှောင်က စကားတစ်ခွန်းမျှ မဆိုဘဲ ဓားနှင့် ခက်ရင်းကို ကိုင်ကာ ကျက်သရေရှိစွာဖြင့် စားသောက်နေသည်။ သူမက ဝိုင်နီခွက်ကို ကိုင်ထားရင်း ကျောက်ယန်ဖိန်နှင့် မကြာခဏ ခွက်ချင်းတိုက်ကာ အမေရိကန်တွင် သူပညာသင်ကြားစဉ်က ကြုံတွေ့ခဲ့ရသည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို နားထောင်နေမိ၏။ သူ၏ ဤမျှ ပြည့်စုံလုံလောက်သော စီးပွားရေး အခြေအနေများ မည်သို့ ဖြစ်တည်လာသနည်းဆိုသည်ကို သူမ အကြမ်းဖျင်း သိရှိလိုက်ရသည်။

သူ ဘွဲ့လွန်တက်နေစဉ်က မူပိုင်ခွင့်တစ်ခု ရရှိခဲ့ပြီး ယင်းကို ငွေကြေးအမြောက်အမြားဖြင့် ရောင်းချခဲ့ရုံသာမက ဆေးကုမ္ပဏီတစ်ခုတွင်လည်း အတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့သည်။ အတိုချုပ်ဆိုရလျှင် တရားဝင် အလုပ်မစတင်ရသေးမီကပင် ကျောက်ယန်ဖိန်သည် လုံးဝလွတ်လပ်သော ဘဏ္ဍာရေးအခြေအနေကို ပိုင်ဆိုင်ထားပြီး အလွန်တရာ ထူးချွန်သူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။

ကျောက်ယန်ဖိန်က ယဉ်ကျေးပျူငှာစွာဖြင့် ပြောလိုက်၏။ "သိပ်တော့ မနောက်ကျသေးပါဘူးလေ။ ငါ ရှောင်ရှောင်လေးအတွက် လက်ဆောင်လေးတစ်ခု ပြင်ဆင်လာတယ်။ ဥရောပမှာ မတော်တဆ တွေ့လာခဲ့တာ။ ကလေး သဘောကျမယ်လို့ ထင်ပါတယ်။ နင့်အိမ်ကို လိုက်လည်ပြီး ရှောင်ရှောင်လေးနဲ့ တွေ့ချင်လို့ပါ"

ရန်ယဲ့ရှောင်က ပြောလိုက်သည်။ "ကျောက်ယန်ဖိန်... ငါတို့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်း သံယောဇဉ်ကို ထောက်ထားပြီး ငါ့ကို ကိစ္စတစ်ခုလောက် ကူညီပေးပါလား"

ကျောက်ယန်ဖိန်က ပြန်ဖြေလိုက်၏။ "ပြောလေ... ဒါ ငါ့တာဝန်ပါပဲ"

ရန်ယဲ့ရှောင်သည် သူမ၏ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး အဆောက်အအုံ၏ အပေါ်ဆုံးခေါင်မိုးထပ်ဆီသို့ အမြန် ပြေးတက်သွားတော့သည်။ စောစောက အစာစားနေစဉ်ကတည်းက လမ်းကြောင်းကို သူမ သေချာ ကြည့်ထားပြီး ဖြစ်၏။

သူမက အဆောက်အအုံ၏ ခေါင်မိုးထပ်ပေါ်သို့ တစ်ဟုန်ထိုး ပြေးတက်သွားရာ ကျောက်ယန်ဖိန်မှာ လန့်ဖျပ်သွားပြီး နောက်မှ အမြန် လိုက်ပြေးရတော့၏။

မကြာမီတွင် သူတို့နှစ်ဦး ခေါင်မိုးထပ်သို့ ရောက်ရှိသွားကြသည်။

ထိုနေရာမှာ အလွန် မြင့်မားပြီး လေတိုက်နှုန်းမှာလည်း အတော်လေး ပြင်းထန်ကာ အနောက်ဘက်ရေကန် တစ်ခုလုံးကို အပေါ်စီးမှ ရှင်းလင်းစွာ မြင်တွေ့နေရ၏။

ရန်ယဲ့ရှောင်သည် အဆောက်အအုံ ခေါင်မိုးထပ်၏ အစွန်ဆုံး နေရာသို့ တန်းတန်းမတ်မတ် သွားရပ်လိုက်ပြီး ကျောက်ယန်ဖိန်အား အော်ဟစ်ပြောဆိုလိုက်သည်။ "ရှေ့ကို ဆက်မလာနဲ့။ နင့်ဆီမှာ ငါ့အမေရဲ့ ဝီချက် ကနေ ဗီဒီယိုကောလ် အခုချက်ချင်း ခေါ်လိုက်စမ်းပါ"

ကျောက်ယန်ဖိန်မှာ အသက်ထွက်နီးပါး လန့်ဖျပ်သွားပြီး ကျယ်လောင်စွာ ပြန်ပြောလိုက်၏။ "အိုကေ... အိုကေ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဟာ။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ထို့နောက် သူသည် ရန်ယဲ့ရှောင်၏ မိခင် ရွှီမင်ထံသို့ ဝီချက် မှတစ်ဆင့် ဗီဒီယိုကောလ် ခေါ်ဆိုလိုက်သည်။

မိခင်ဖြစ်သူ ရွှီမင်က သားမက်လောင်းကို မြင်လိုက်ရသည့် ယောက္ခမ တစ်ယောက်အလား ကျောက်ယန်ဖိန်အပေါ် အလွန် သိမ်မွေ့သော လေသံဖြင့် မေးလာ၏။ "ယန်ဖိန်... ဘယ်လိုလဲ။ ရှောင်ရှောင်နဲ့ အဆင်ပြေရဲ့လားကွယ့်"

ကျောက်ယန်ဖိန် သူ၏ လက်ကိုင်ဖုန်း ကင်မရာကို ခေါင်မိုးထပ်အစွန်းတွင် ရပ်နေသော ရန်ယဲ့ရှောင်ဆီသို့ အမြန် ချိန်ရွယ်လိုက်သည်။

ရန်ယဲ့ရှောင် ခေါင်မိုးထပ်၏ အစွန်းတွင် ရပ်နေရင်း အော်ဟစ်လိုက်၏။ "အမေ... ဒါက အထပ် ခြောက်ဆယ်ရှိတဲ့ အဆောက်အအုံရဲ့ ခေါင်မိုးထပ်ပဲ။ တုပိုင်ကို သမီးဆီ ပြန်ပေးပါ။ သူ့ကို သမီးဆီ အခုချက်ချင်း ပြန်ပေးပါ... မဟုတ်ရင် သမီး ဒီကနေ ခုန်ချပစ်မယ်။ သမီး ပြောတဲ့အတိုင်း တကယ်လုပ်မှာနော်။ ရှောင်ရှောင်လေးကို သူငယ်တန်းကျောင်းက ဆရာမကျန်းဆီမှာ အပ်ထားခဲ့ပြီးပြီ။ ဆရာမက အိမ်ထောင်ကျပြီး ကလေးမရနိုင်လို့ ရှောင်ရှောင်လေးကို အရမ်းချစ်တာမို့လို့ စိတ်ချရတယ်"

မိခင်ဖြစ်သူ ရွှီမင်မှာ လုံးဝ မှင်သက်သွားရတော့သည်။

ရန်ယဲ့ရှောင်က ခပ်မာမာဖြင့် ဆက်ပြောလိုက်၏။ "တုပိုင်ကို သမီးဆီ ပြန်ပေးပါ။ မဟုတ်ရင် သမီး ခုန်ချပစ်မယ်"

**--**--**--**--**--**--**--**

ပင်လယ်ပြင်ထက်တွင် ဧရာမ အရိုးနဂါးကြီးသည် ရူးသွပ်စွာဖြင့် မီးတောက်များ ဆက်လက်မှုတ်ထုတ်နေဆဲ ဖြစ်၏။ ကြောက်မက်ဖွယ် မီးတောက်ကြီးများက အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောကြီးများကို တစ်စင်းပြီးတစ်စင်း အမြစ်ပြတ် ချေမှုန်းပစ်နေသည်။ မည်သည့် စစ်သင်္ဘောကမျှ ပြန်လည် မခုခံနိုင်ကြချေ။

မူလက ခိုင်ခံ့လှသော စစ်သင်္ဘောကြီးများမှာ လုံးဝ အပိုင်းပိုင်းအစစ ကြေမွသွားရပြီး သင်္ဘောပေါ်ရှိ လူများမှာလည်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရ၏။ သင်္ဘော အစင်းအနည်းငယ်၊ ဆယ်ဂဏန်းမှသည် ရာဂဏန်းအထိ အားလုံးသည် ဆယ့်ငါးမိနစ်ခန့် အတွင်းမှာပင် ပြာကျပျက်စီးသွားရတော့သည်။

အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘော ထက်ဝက်ခန့်မှာ လုံးဝ အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။

ကျန်ရစ်သော စစ်သင်္ဘော ထက်ဝက်ခန့်မှ တပ်မှူးများမှာမူ ကြောက်လန့်တကြားဖြင့် လုံးဝ အသိလွတ်သွားကြပြီ ဖြစ်၏။

ထိုအချိန်၌ ဧရာမ အရိုးနဂါးကြီးသည် မီးတောက်များ မှုတ်ထုတ်နေခြင်းကို ရပ်တန့်လိုက်လေသည်။

"ပြေး... ပြေးကြ... ထွက်ပြေးကြဟေ့..."

ပင်မစစ်သင်္ဘောကြီးပေါ်မှ စစ်သေနာပတိ ဖန်းထျန်တယ်က အော်ဟစ်လိုက်၏။ "သင်္ဘောတွေ အားလုံး... လူစုခွဲပြီး ထွက်ပြေးကြစမ်း။ လူစုခွဲပြီး ဆုတ်ခွာကြ..."

ကျန်ရစ်သော စစ်သင်္ဘော တစ်ရာကျော်သည် အသက်လုကာ အသည်းအသန် ထွက်ပြေးကြတော့သည်။

စစ်သေနာပတိ ဖန်းထျန်တယ် ၊ တုဟွေးနှင့် ကောင်းထင်းတို့၏ ပင်မစစ်သင်္ဘောကြီးများမှာလည်း အမြင့်ဆုံးအရှိန်ဖြင့် အရူးအမူး မောင်းနှင်ထွက်ပြေးကြလေ၏။

သို့သော် ထိုအချိန်မှာပင် ဧရာမ အရိုးနဂါးကြီးသည် ရေအောက်သို့ ဒိုင်းခနဲ ထိုးဆင်းသွားတော့သည်။ ရေအောက်တွင်လည်း ယင်း၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှ၏။ အရိုးနဂါးကြီးသည် ရေအောက်မှနေ၍ အရှေ့ဘက် ပြည်ထောင်စု၏ ကျန်ရစ်သော ရေတပ်ကြီးရှိရာ ရေမျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ထိုးတက်လာကာ အတောင်ပံကြီးများကို တဖျပ်ဖျပ် ခတ်လျက် ဧရာမ ခြေသည်းကြီးများကို အရူးအမူး ဝှေ့ယမ်းပစ်တော့သည်။

ထိုအခါ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေ၏။

အရှေ့ဘက် ပြည်ထောင်စု၏ ဧရာမ စစ်သင်္ဘောကြီးများသည် ပင်လယ်ပြင်ပေါ်တွင် ပေါလောပေါ်နေသော ကစားစရာ အရုပ်သင်္ဘောလေးများအလား ဖြစ်သွားရသည်။ သင်္ဘောများ တစ်စင်းပြီးတစ်စင်း မှောက်ကျသွားကာ အရိုးနဂါးကြီး၏ အတောင်ပံရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ကြေမွသွားရပြီး ဧရာမ ခြေသည်းကြီးများ၏ ဆွဲဖြဲမှုကြောင့် တစ်စစီ ပြိုကွဲပျက်စီးသွားရတော့သည်။

"ဝေါင်းးးးးးးး"

ရုတ်တရက် နဂါးကြီးက ပါးစပ်ကြီးကို ဟလိုက်ပြီး ခရူဇာစစ်သင်္ဘောကြီး တစ်စင်းကို တိုက်ရိုက် ကိုက်ခဲလိုက်ကာ ပါးစပ်ကို ပြန်ပိတ်ချလိုက်၏။

"ခွမ်းးးးး"

ချက်ချင်းပင် ခရူဇာ စစ်သင်္ဘောကြီး တစ်စင်းလုံး ကြေမွသွားလေသည်။ ထို့နောက် ဧရာမ ခြေသည်းကြီး နှစ်ဖက်ဖြင့် ဖရီးဂိတ်စစ်သင်္ဘော နှစ်စင်းကို ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး ကီလိုမီတာ အတော်များများ အမြင့်သို့ ပျံတက်သွားကာ အောက်သို့ ပြန်ပစ်ချလိုက်ပြန်၏။

ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းသည် ကီလိုမီတာများစွာ အမြင့်မှ မြေဆွဲအားကြောင့် အရှိန်ပြင်းစွာဖြင့် ပြုတ်ကျလာသည်။

"ဝုန်းးးးးး"

ပင်လယ်ပြင်ပေါ်သို့ အပြင်းအထန် ရိုက်ခတ်ကျဆင်းသွားပြီး ချက်ချင်းဆိုသလိုပင် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းလုံး လုံးဝ ကြေမွပျက်စီးသွားရတော့၏။

ဧရာမ အရိုးနဂါးကြီးမှာ အရူးအမူး သောင်းကျန်းကာ ရက်စက်စွာ သတ်ဖြတ်နေလေသည်။ ယင်းသည် အလွန်အမင်း ဒေါသထွက်နေ၏။ ထိုဒေါသသည် နှစ်ပေါင်း တစ်ထောင်ကျော်ကြာ ကိန်းအောင်းနေခဲ့ပြီး ယခုအချိန်ရောက်မှသာ အလုံးစုံ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ အရိုးနဂါးကြီးသည် အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘော အားလုံးကို အားရပါးရ ဆွဲဖြဲပစ်လိုက်ပြီး အတောင်ပံများကိုလည်း ရူးသွပ်စွာ ခတ်လျက်ရှိသည်။

ထို့နောက် သူက ပါးစပ်ကြီးကို ထပ်မံဟလိုက်ပြီး ကောင်းကင်ယံသို့ တစ္ဆေမီးတောက်များကို မှုတ်ထုတ်လိုက်ပြန်တော့သည်။

တစ်ခဏအတွင်းမှာပင် စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော ပင်လယ်ပြင်သည် မီးတောက်များဖြင့် ပြည့်နှက်သွားပြီး ပင်လယ်ပြင်ပေါ်တွင် အရှေ့ဘက် ပြည်ထောင်စု ရေတပ်ကြီး၏ အပျက်အစီးများသာ ပေါလောပေါ်နေတော့၏။

မြင်ကွင်းတစ်ခုလုံးမှာ ကမ္ဘာပျက်မည့်နေ့ ကျရောက်လာသကဲ့သို့ပင် အသည်းယားဖွယ်ရာ ဖြစ်လေသည်။

သို့သော် ဖန်းထျန်တယ် ၊ တုဟွေးနှင့် ကောင်းထင်းတို့၏ ပင်မစစ်သင်္ဘောကြီးများမှာမူ လုံးဝ ဘေးကင်းလုံခြုံနေလျက်ရှိသည်။

ဧရာမ အရိုးနဂါးကြီးသည် ထိုပင်မစစ်သင်္ဘောကြီးများကို တမင်သက်သက် ရှောင်ကွင်းပေးနေပုံရ၏။

အစပိုင်းတွင် တုဟွေးနှင့် ကောင်းထင်းတို့မှာ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်ချောက်ချားနေခဲ့ကြရသည်။

အရှေ့ဘက် ပြည်ထောင်စု၏ ပြိုင်ဘက်ကင်း ရေတပ်ကြီး တစ်စင်းပြီးတစ်စင်း ချေမှုန်းခံရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီလာကာ မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နှက်သွားရ၏။

သို့သော် တဖြည်းဖြည်းနှင့် သူတို့မှာ ကြောက်လန့်လွန်း၍ ထုံကျဉ်သွားကြတော့သည်။

အထူးသဖြင့် တုဟွေးပင် ဖြစ်၏။ ရိုးရိုးသားသား ပြောရလျှင် ယခင်က သူသည် တုပိုင်အား အထင်မကြီးခဲ့ဘဲ အလွယ်တကူပင် သတ်ဖြတ်နိုင်မည်ဟုသာ ထင်မှတ်ထားခဲ့သည်။

သို့သော် တုပိုင်အား သတ်ဖြတ်ရန် အခွင့်အရေးရတိုင်း တုပိုင်က အမြဲတမ်း ပြန်လည် တော်လှန်နိုင်ခဲ့ပြီး အံ့ဖွယ်များကိုသာ အမြဲတစေ ဖန်တီးပြနိုင်ခဲ့သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင်ရော ချွင်းချက် ရှိဦးမည်လော။ သေချာပေါက်ပင် တုဟွေးမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေ၏။

သို့သော် တုပိုင်၏ ဝှက်ဖဲမှာ ခွန်ပန်ငှက် လေတပ်ဖြစ်ကြောင်း ကြားသိရပြီးနောက်တွင်မူ လူတိုင်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။

တကယ်အစွမ်းထက်သည့် လူသတ်လက်နက် ဖြစ်သော်ငြား သခင်လေးက ကြိုတင် ခန့်မှန်းထားပြီးဖြစ်ကာ တုပိုင်၏ လေတပ်ကို အမြစ်ပြတ် ချေမှုန်းပစ်နိုင်မည့် မဟာလူသတ်လက်နက်ကြီးကို ပြင်ဆင်ထားပြီး ဖြစ်သောကြောင့်ပင်။

သို့သော် တုပိုင်၏ အစစ်အမှန် လူသတ်လက်နက်မှာ ခွန်ပန်ငှက် လေတပ်မဟုတ်ဘဲ ဤဧရာမ အရိုးနဂါးကြီး ဖြစ်နေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ချေ။

အရှေ့ဘက် ပြည်ထောင်စုမှ ပြင်ဆင်ထားသော မဟာလူသတ်လက်နက်ကြီးမှာ ယခုအခါ ရယ်စရာပြက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်၌ တုဟွေးမှာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ယခင်က သူ၏ နှလုံးသား နက်ရှိုင်းရာမှ စိုးရိမ်ပူပန်မှုများမှာလည်း လုံးဝ ပြေပျောက်သွားပြီ ဖြစ်သည်။

တုပိုင်၌ အမှန်တကယ်ပင် မဟာလူသတ်လက်နက်ကြီး တစ်ခု ရှိနေပြီး အစစ်အမှန် မဟာလူသတ်လက်နက်ကြီးပင် ဖြစ်၏။

ဤတစ်ကြိမ်တွင်တော့ တုဟွေး အမှန်တကယ်ပင် မျှော်လင့်ချက်မဲ့သွားပြီ ဖြစ်သည်။

"ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ"

သူ၏ ခေါင်းထဲ၌ ထိုစကားလုံး လေးလုံးသာ ထပ်တလဲလဲ ပဲ့တင်ထပ်နေတော့၏။ မျှော်လင့်ချက်မဲ့လွန်းလှသဖြင့် မကျေနပ်ချက်များပင် မရှိတော့ဘဲ ရင်ထဲ၌ ဘာဆိုဘာမှ မကျန်ရစ်တော့ချေ။

"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"

ပင်လယ်ပြင် တစ်ခွင်လုံးတွင် အံ့မခန်း ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်နေ၏။ တုဟွေးက လှည့်ကြည့်လိုက်သည်။

အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ စစ်သင်္ဘောများ အားလုံး ချေမှုန်းခံလိုက်ရပြီဖြစ်ပြီး သူတို့ ခြေအောက်ရှိ အင်ပါယာအဆင့် စစ်သင်္ဘောကြီး တစ်စင်းသာ ကျန်ရစ်တော့၏။

"ဝေါင်းးးးးး"

ဧရာမ အရိုးနဂါးကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ ပင်လယ်ပြင်ပေါ်တွင် ပေါလောပေါ်နေရင်း အရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ပင်မစစ်သင်္ဘောကြီးကို ကြည့်နေ၏။

ထိုအချိန်၌ နဂါးကြီးသည် တုဟွေးတို့နှင့် အလွန် နီးကပ်နေပြီး မီတာ ဆယ်ဂဏန်းခန့်သာ ကွာဝေးတော့လေသည်။

တစ္ဆေမီးတောက်များ တောက်လောင်နေသော နဂါးကြီး၏ မျက်လုံးတစ်စုံက တုဟွေးနှင့် သင်္ဘောပေါ်ရှိ လူအားလုံးကို စိုက်ကြည့်နေပြီး ပုရွက်ဆိတ်လေးများကို ကြည့်နေသည့်အလား အထင်အမြင်သေးမှုတို့ဖြင့် ပြည့်နှက်နေ၏။

ခဏအကြာတွင် ကောင်းကင်ယံမှ အမည်းစက်လေး အချို့ ကျဆင်းလာသည်။

တုပိုင် ၊ ကျီယင်ယင် ၊ နီရှန် နှင့် ထိပ်တန်းသိုင်းပညာရှင် ဆယ်ဂဏန်းခန့်သည် ဤအရှေ့ဘက် ပြည်ထောင်စု အင်ပါယာ၏ ပင်မစစ်သင်္ဘောကြီးပေါ်သို့ ဆင်းသက်လာကြသည်။

တုပိုင် တုဟွေးတို့ သုံးယောက်ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာ၏။ ဤသည်က သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလော။

တိတိကျကျ ပြောရလျှင် ဤသည်မှာ သူတို့ အနီးကပ် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ယခင်က မြို့တော်တွင် တုပိုင်သည် တုဟွေးအား တမင်သက်သက် ရှောင်သလို တုဟွေးကလည်း တုပိုင်အား တမင်သက်သက် ရှောင်ဖယ်ခဲ့ကြသည်။

ယခုအခါ သူတို့ နောက်ဆုံးတွင် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် ရရှိသွားကြပြီ ဖြစ်၏။

တုပိုင်က သူသည် တုဟွေး၏ သွေးသားရင်းချာ သားမဟုတ်ဘဲ အိမ်နီးချင်း ဝမ်အဘိုးကြီး၏ သားဖြစ်မည်ဟု တစ်ချိန်က ထင်ဖူးသည်။ ထို့ကြောင့်သာ တုဟွေးသည် ဤသားအပေါ် ဤမျှအထိ မုန်းတီးကာ ပြည်နှင်ဒဏ်ပေးပြီး ရှင်သန်ခွင့် မပေးခြင်းဖြစ်မည်ဟု ထင်ခဲ့၏။

သို့သော် ယခု အနီးကပ် ကြည့်ရသည်မှာ ထိုသို့ လုံးဝ မဟုတ်ချေ။ တုရှန်သည် သူ၏ မိခင် ကျီမင်းကျစ်နှင့် တူသလို တုဟွေးနှင့်လည်း အနည်းငယ် ဆင်တူနေသည်။

ဤသည်မှာ သွေးသားရင်းချာ သားအဖများပင် ဖြစ်၏။

တုပိုင်က မေးသည်။ "ဘာဖြစ်လို့လဲ"

တုပိုင်သည် ယခင်က တုဟွေးက သူ၏ သွေးသားရင်းချာ သားကို ပြည်နှင်ဒဏ်ပေးခြင်း ၊ သို့မဟုတ် သဲကန္တာရကျွန်းပေါ်တွင် ငတ်သေရန် ပို့ဆောင်ခြင်းမှာ ဖန်းချင်းယီကြောင့်ဟု ထင်ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ထိုသို့မဟုတ်ကြောင်း သူ သိရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တုဟွေးသည် ဖန်းကျိုး၏ လက်အောက်ငယ်သား ဖြစ်သော်ငြား ဖန်းကျိုးက သူ့အပေါ် အလွန် အားကိုးယုံကြည်သောကြောင့်ပင် ဖြစ်၏။

တုဟွေးအနေဖြင့် ပို၍ ဝေးကွာသော ပြည်နယ်နှင့် မြို့တော်များကို ရှာဖွေကာ ပို၍ ကောင်းမွန်သော အိမ်တစ်လုံး ဆောက်လုပ်ပေးပြီး သူ့သားကို လျှို့ဝှက်စွာ ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိသည်။ သူ့ကို မြို့တော်၏ မျက်စိအောက်မှ ဝေးရာသို့ ပို့ဆောင်ထားခြင်းဖြင့် ပြည်နှင်ဒဏ်ခံရစဉ်အတွင်း ငတ်မသေစေရန် ပြုလုပ်ပေးနိုင်စွမ်း လုံးဝရှိပေသည်။ သို့သော် ထိုသို့ မလုပ်ခဲ့ချေ။

တုဟွေးက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်၏။ "ဗေဒင်ဆရာက ဟောထားလို့လေ... မင်းက မင်းအဖေကို အနိုင်ယူမယ် ၊ ပြီးတော့ တစ်နေ့ကျရင် မင်းလက်ထဲမှာပဲ ငါ သေရလိမ့်မယ်လို့ ဟောထားလို့ပဲ"

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၇ + ၈၁၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters