အခန်း (၈၁၉-၈၂၀)
Vol. 82 Ch. 819-820
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၉ + ၈၂၀
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုဟွေးက ပြုံးလျက် ပြောလိုက်သည်။ "ကြည့်ရတာ ဗေဒင်ဆရာဟောတာ တကယ်မှန်နေတာပဲ"
ထိုနောက် တုပိုင်၏ အကြည့်များက ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံဟောင်း ကောင်းထင်းထံသို့ ရောက်ရှိသွားသည်။
အိုမင်းနေပြီဖြစ်သော ထိုလူကြီးထံမှ တိုးညှင်းသော သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာ၏။
ဆက်လက်၍ တုပိုင်က အရှေ့ဘက် ပြည်ထောင်စု၏ စစ်သေနာပတိ ဖန်းထျန်တယ်အား စိုက်ကြည့်လိုက်၏။ ဖန်းထျန်တယ်ကား မတ်မတ်ရပ်လျက်ပင် ရှိနေဆဲဖြစ်ကာ အေးစက်စက် အသံဖြင့် ဆိုလာသည်။ "သခင်လေးရဲ့ ရည်မှန်းချက်က ကြယ်တာရာ ပင်လယ်ပြင်ကြီးကွ။ မင်း ဒီတိုက်ပွဲကို နိုင်သွားရင်တောင် သခင်လေးနဲ့ယှဉ်ရင် မင်းတို့ကြားက ကွာဟချက်က တိမ်တိုက်နဲ့ ရွှံ့နွံလို ကွာခြားနေတုန်းပဲ"
တုပိုင်က အမိန့်ပေးလိုက်၏။ "သူတို့သုံးယောက်လုံးကို ခေါင်းဖြတ်လိုက်စမ်း"
"အမိန့်အတိုင်းပါပဲ"
ထို့နောက် သိုင်းပညာရှင်အချို့ ရှေ့ထွက်လာကြပြီး တုဟွေး၊ ကောင်းထင်းနှင့် ဖန်းထျန်တယ်တို့အား သင်္ဘောကုန်းပတ်ပေါ်သို့ ကြမ်းတမ်းစွာ ဖိချလိုက်ကြသည်။
"ရွှပ်..."
ထက်မြက်လှသော ဓားတစ်ချက်အောက်တွင် လူသုံးယောက်၏ ဦးခေါင်းများ ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားရတော့သည်။ မသေဆုံးမီစက္ကန့်ပိုင်းအလိုတွင် တုဟွေးက တစ်စုံတစ်ရာ ပြောဆိုလိုဟန်ရှိသော်လည်း မည်သည့်စကားသံမှ ထွက်ပေါ်လာခြင်း မရှိချေ။ သေဆုံးသွားပြီးသည့်တိုင် သူ၏ မျက်လုံးများက ပြူးကျယ်နေပြီး အချိန်အတော်ကြာသည်အထိ မျက်စိမမှိတ်နိုင်ဖြစ်နေခဲ့ရသည်။
**--**--**--**--**--**--**--**
အရှေ့ဘက် ပြည်ထောင်စု၏ မြို့တော်၌။
ဤနေရာသည် ကမ္ဘာပေါ်၌ အနုပညာအဆန်ဆုံးသော မြို့တော်ကြီး ဖြစ်၏။ သက်တမ်းအားဖြင့် နုနယ်ပြီး ကြီးမားကျယ်ဝန်းလှသော်ငြား အလွန်တရာ ငြိမ်းချမ်းလှပေသည်။ သခင်လေး ဖန်းချန်သည် ကြီးမားလှသော စည်းစိမ်ဥစ္စာများကို နှစ်သက်သော်လည်း သူ၏ မြို့တော်ကြီးကိုမူ ဆူညံရှုပ်ထွေးနေခြင်းမျိုး သဘောမကျချေ။ ထို့ကြောင့်ပင် ဤမြို့တော်ကြီးမှာ မြင့်မြတ်ကျက်သရေရှိလှသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။
လက်ရှိအချိန်၌ ဖန်းချန်သည် ဟားပ်ဆီကော့ဒ်တူရိယာရှေ့တွင် ကျက်သရေရှိစွာ ထိုင်လျက် သီချင်းရေးစပ် တီးခတ်နေ၏။ အနောက်ကမ္ဘာ၏ နံပါတ်တစ် အလှဘုရင်မဖြစ်သော တော်ဝင်ရောမအင်ပါယာမှ မင်းသမီး အန်းနီက သူ့အား အားကျမြတ်နိုးစွာ ငေးမောကြည့်ရှုနေလေသည်။ သူမသည် ဖန်းချန်၏ ခြေထောက်တစ်ဖက်ကို ရင်ခွင်ထဲ ပိုက်ထွေးထားပြီး ခြေချောင်းလေးများကို ခြေသည်းညှပ်ဖြင့် တစ်ချောင်းချင်းစီ ဂရုတစိုက် ညှပ်ပေးနေ၏။
"ကဲ... ငါ့အလှည့်ရောက်ပြီလေ"
အခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ပြိုင်ဘက်ကင်း ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ထိုင်နေ၏။ သူမ၏ ခန္ဓာကိုယ်အား ပါးလွှာသော ပိုးသားဝတ်ရုံဖြင့်သာ လွှမ်းခြုံထားရာ ကောက်ကြောင်းအလှတရားများက ရေးရေးမျှ ပေါ်လွင်နေသည်။ အလွန်တရာ လှပလွန်းလှပြီး နတ်သမီးတစ်ပါးနှင့် မိစ္ဆာမတစ်ဦးတို့ ပေါင်းစပ်ထားသကဲ့သို့ ညို့ယူဖမ်းစားနိုင်စွမ်း အပြည့်အဝ ရှိပေသည်။ သူမသည်ကား လောက၌ အလှဆုံးသော အမျိုးသမီးတစ်ဦးဖြစ်သည့် သခင်လေး ဖန်းချန်၏ ချစ်သူ အိန်ဂျယ်ပင် ဖြစ်၏။
သူမသည် ဤကိုယ်ဟန်အနေအထားဖြင့် သခင်လေး ပန်းချီဆွဲပေးမည့်အချိန်ကို ကြာမြင့်စွာ စောင့်ဆိုင်းနေသော်လည်း ဖန်းချန်မှာမူ ဂီတသံစဉ်ကိုသာ အာရုံစိုက် စဉ်းစားနေဆဲ ဖြစ်သည်။ ဤပြိုင်ဘက်ကင်း အလှပိုင်ရှင် နှစ်ဦးစလုံးမှာ သူ၏ သီးသန့်ပိုင်ဆိုင်ထားသူများ ဖြစ်နေသောကြောင့် ဖန်းချန်သည် အခြားသော အမျိုးသမီးများကို လုံးဝ အထင်အမြင်သေးလေ့ရှိ၏။ တုပိုင်၏ မိန်းမများမှာ လှပကြသော်ငြား တုပိုင်ကဲ့သို့ အောက်တန်းကျသည့် ယောကျ်ားတစ်ဦး၏ အထိအတွေ့ကို ခံထားရသူများဖြစ်၍ သူ၏စိတ်ကြိုက် လုံးဝဖြစ်လာမည် မဟုတ်ချေ။ ဖန်းချန်သည် အလွန်တရာ ဇီဇာကြောင်ကာ အကြွင်းမဲ့ သန့်ရှင်းစင်ကြယ်မှုကိုသာ လိုလားသူ ဖြစ်ပေသည်။
သို့သော် ထိုအချိန်မှာပင် လူရိပ်တစ်ခုက အလျင်စလို ပြေးဝင်လာ၏။ ထိုသူကား ဘုရင်မ မိုဟန်ပင် ဖြစ်သည်။ သူမက သခင်လေး ဖန်းချန်ထံသို့ လျှို့ဝှက်စာတစ်စောင်ကို တိုက်ရိုက် ကမ်းပေးလိုက်၏။ ဖွင့်ကြည့်လိုက်သောအခါ ယင်းအပေါ်၌ ရိုးရှင်းသော စာကြောင်းတစ်ကြောင်းကို ရေးသားထားသည်။
"အရှေ့ဘက် ပြည်ထောင်စုရဲ့ ပြိုင်ဘက်ကင်း ရေတပ်ကြီးတစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီး တုဟွေး၊ ကောင်းထင်းနဲ့ ဖန်းထျန်တယ်တို့ အားလုံး အသေဆိုးနဲ့ သေဆုံးသွားကြပါပြီ"
ဖန်းချန်သည် ထိုစာရွက်ကို အတန်ကြာ ငေးကြည့်နေပြီး လုံးဝ ငြိမ်သက်သွား၏။ သူ၏ တစ်ကိုယ်လုံးမှာ ရုပ်တုတစ်ခုအလား အသက်မဲ့သွားရသည်။
အချိန်အတော်ကြာသွားပြီးနောက် "ဖူးးးး"
သွေးတစ်ပွက် အန်ချလိုက်ရာ သူ၏ရှေ့ရှိ စာရွက်အဖြူလေးမှာ သွေးရောင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားရတော့၏။
**--**--**--**--**--**--**--**
အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်ကြီး ချေမှုန်းခံလိုက်ရပြီးနောက် တုပိုင်သည် အင်ပါယာအဆင့် စစ်သင်္ဘောကြီးကို သိမ်းပိုက်လိုက်ရာ တန်ချိန် ခြောက်ထောင်ကျော်ရှိသော ဧရာမ စစ်သင်္ဘောကြီးမှာ တုပိုင်၏ ရေတပ်အင်အားစာရင်းသို့ ဝင်ရောက်လာတော့သည်။
ထို့ကြောင့် သူ၏ အင်အားနည်းပါးလှသော ရေတပ်စုလေးတွင် စစ်သင်္ဘောကြီး နှစ်စင်း ရှိလာပြီ ဖြစ်၏။ လူအင်အား နှစ်သိန်းကျော် တင်ဆောင်ထားသော ဧရာမ ရေတပ်ကြီးသည် ခမ်းနားထည်ဝါစွာဖြင့် အရှေ့ဘက် ပြည်ထောင်စု၏ မြို့တော်ဆီသို့ ဦးတည်ထွက်ခွာလာကြသည်။
ကောင်းကင်ယံထက်တွင် အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ဧရာမ အရိုးနဂါးကြီးသည် မီတာသောင်းချီ မြင့်မားသော ကောင်းကင်ပေါ်သို့ တစ်ဖန် ပြန်လည် ပျံတက်သွားပြီး အနောက်ဘက်ဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့၏။
အရှေ့ဘက် ပြည်ထောင်စု၏ မြို့တော်မှာ အရှေ့တောင်ဘက်တွင် ရှိသော်လည်း ထိုနဂါးကြီးက တုပိုင်အား နှုတ်ဆက်စကားမျှပင် မဆိုဘဲ အနောက်ဘက်ဆီသို့ တိုက်ရိုက် ထွက်ခွာသွားခြင်း ဖြစ်သည်။
အကြောင်းမူကား နဂါးကြီးသည် ကမ္ဘာကြီး၏ အမြင့်ဆုံးစွမ်းအားဟု ဆိုနိုင်လောက်သည့် အလွန်တရာ အစွမ်းထက်သော စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သောကြောင့်ပင် ဖြစ်ပေသည်။
လက်ရှိအချိန်၌ ကမ္ဘာ့ကပ်ဘေးကြီး ကျရောက်ရန် သုံးဆယ့်ခုနစ်ရက်သာ လိုတော့၏။
နီရှန်က ပြောသည်။ "ဒီနဂါးက တကယ်ကို အရမ်းမောက်မာတာပဲ"
နဂါးဆိုသည်မှာ မောက်မာတတ်ကြစမြဲပင်။
နီရှန်က ထပ်ပြောလာသည်။ "နင်တောက်ရွှမ်သာ ကျွန်မရှေ့မှာရှိနေရင် ကျွန်မလည်း နဂါးလို မောက်မာမိလောက်မယ်"
ယခုလေးတင်မှ တုဟွေးအား ခေါင်းဖြတ်သတ်ရန် အမိန့်ပေးခဲ့သော တုပိုင်ကို သူမက နှစ်သိမ့်ပေးနေခြင်း ဖြစ်၏။ သို့သော် အမှန်တကယ်တွင် သူမ၏ စိုးရိမ်ပူပန်မှုက ပိုနေပေသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်မှာ လုံးဝ ဝမ်းနည်းနေခြင်း မရှိသောကြောင့်ပင်။ 'ကျားရက်စက်သော်လည်း သွေးသားကိုမစား' ဆိုသည့်စကားမှာ မှန်ကန်သော်ငြား၊ တုဟွေးက တုရှန်၏ ဖခင်သာဖြစ်ပြီး တုပိုင်၏ ဖခင်ရင်း မဟုတ်ချေ။
**--**--**--**--**--**--**--**
အရှေ့ဘက် ပြည်ထောင်စု မြို့တော်ရှိ အမြင့်ဆုံး နန်းတော်ကြီး အတွင်း၌။
ကျွန်းသခင်ပြောင်လင်းက လျှောက်တင်၏။ "သခင်လေး... တုပိုင် အနိုင်ရသွားတာနဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကင်း ရေတပ်ကြီး ချေမှုန်းခံလိုက်ရတဲ့ အဓိကအကြောင်းရင်းက ဧရာမ အရိုးနဂါးကြီး တစ်ကောင်ကြောင့်ပါပဲ။ ပြီးတော့ အခု ဒီအရိုးနဂါးကြီးက တုပိုင်ကို စွန့်ပစ်ပြီး ထွက်သွားတဲ့ပုံပဲ။ သူက အနောက်ဘက်ဆီကို ပျံသန်းသွားပါတယ်"
နန်းတော်ကြီးထဲရှိ ပလ္လင်မှာ ရွှေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဦးခေါင်းခွံ ပလ္လင်ကြီးတစ်ခု ရှိ၏။ မည်သည့်သတ္တဝါ၏ အရိုးစုဖြစ်ကြောင်း မသိရသော်ငြား ဧရာမ ချိုကြီးနှစ်ချောင်း ပါရှိသောကြောင့် ကြီးမားလှသည့် ဦးခေါင်းကြီးတစ်ခုဖြစ်ကြောင်းတော့ အသေအချာပင်။
သခင်လေး ဖန်းချန်သည် ထိုပလ္လင်ထက်၌ တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ မျက်နှာမှာ အနည်းငယ် သွေးဆုတ်ဖြူရော်နေလျက်ရှိသည်။
ကျွန်းသခင်ပြောင်လင်းက ဆက်ပြော၏။ "ဒီအရိုးနဂါးကြီးက မီးနတ်ဘုရားဂိုဏ်းရဲ့ အထွတ်အမြတ်ထားရာ အရာတစ်ခုပါ။ ဒီဧရာမ နဂါးအရိုးကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်က သဲကန္တာရကျွန်းတစ်ခုပေါ်မှာ တွေ့ရှိခဲ့တာပါ။ မျိုးဆက်အသီးသီးက မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီးတွေက ဒီဧရာမ နဂါးကြီးရဲ့ အရိုးတွေထဲမှာ အချိန်အကြာကြီး နေထိုင်ခဲ့ကြတယ်။ ပြီးတော့ ဒီဧရာမ နဂါးကြီးက မီးနတ်ဘုရားဂိုဏ်း ယုံကြည်ကိုးကွယ်တဲ့ အစစ်အမှန် မီးနတ်ဘုရားပဲ။ နှစ်ပေါင်း တစ်ထောင်ကျော်ကြာတဲ့အထိ မီးနတ်ဘုရားဂိုဏ်းက ဒီအရိုးနဂါးကြီးကို အသက်ပြန်သွင်းဖို့ အမြဲတမ်း ကြိုးစားခဲ့ပေမဲ့ အားလုံး ကျရှုံးခဲ့ကြတယ်။ ဒါကြီးက တကယ် အသက်ပြန်ရှင်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားမိဘူး"
ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျီချန်ချိုက ဝင်ပြောလာသည်။ "ကျွန်တော် မြင်သလောက်တော့ ဒီဧရာမ အရိုးနဂါးကြီးကို တုပိုင်က အသက်ပြန်သွင်းခဲ့တာ မဟုတ်လောက်ဘူး။ တောင်အမေရိကမှာ ကျွန်တော်တို့ တူးဖော်တွေ့ရှိခဲ့တဲ့ အမြင့်ဆုံးစွမ်းအားရဲ့ လွှမ်းမိုးမှုခံလိုက်ရတာ ဖြစ်နိုင်တယ်"
ယင်းမတိုင်မီက သခင်လေး ဖန်းချန်သည် တစ်ကမ္ဘာလုံးကို ဆန့်ကျင်၍ တောင်အမေရိက ကိုလိုနီနယ်မြေကို တုံ့ဆိုင်းမှုမရှိဘဲ သိမ်းပိုက်ခဲ့၏။ ထို့ကြောင့်ပင် တုပိုင်၏ အင်အား ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ တောင်အမေရိကရှိ ကမ္ဘာကြီး၏ အမြင့်ဆုံးသော လျှို့ဝှက်ချက်သည် တာ့နင်မင်းဆက်ကို သိမ်းပိုက်ခြင်းထက် ဖန်းချန်၏ အဓိက ဦးစားပေးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိချေ။
ထိုနေရာတွင် မည်သည့် အမြင့်ဆုံးစွမ်းအားများ ရှိနေသနည်း။ ကမ္ဘာကြီး ပျက်စီးမည့် အချိန်နှင့် မည်သို့ သက်ဆိုင်နေသနည်း။
ကျွန်းသခင်ပြောင်လင်းက ထောက်ခံလိုက်၏။ "အကြီးအကဲကျီ ပြောတာ အရမ်း ယုတ္တိရှိပါတယ်။ အရိုးနဂါးကြီးက တောင်အမေရိကနယ်မြေက အမြင့်ဆုံးစွမ်းအားကြောင့် နိုးထလာတာ ဖြစ်နိုင်ပါတယ်။ တုပိုင်က တိုက်ဆိုင်သွားတာ သက်သက်ပါပဲ"
အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ဖန်းကျိုးက မေးလိုက်သည်။ "အဲဒီ အရိုးနဂါးကြီးက တုပိုင်နဲ့ အဝေးကြီးကို ရောက်သွားတာ သေချာလား"
ကျွန်းသခင်ပြောင်လင်းက ဖြေကြားလိုက်၏။ "မိုင်ပေါင်း ထောင်ချီ အဝေးကြီးကို ရောက်သွားတာ သေချာပါတယ်။ ပြီးတော့ သူက အနောက်ဘက်ကို ပျံသန်းသွားတာဆိုတော့ သူ့ရဲ့ ပစ်မှတ်က တောင်အမေရိက ဖြစ်နိုင်တယ်"
အရှေ့ဘက် ပြည်ထောင်စု၏ စစ်သေနာပတိချုပ် ဖန်းထျန်ပိုက လျှောက်တင်လာသည်။ "သခင်လေး... ကျွန်တော်တို့ အရှေ့ဘက် ပြည်ထောင်စုမှာ တစ်ကမ္ဘာလုံးအနှံ့ ပြန့်ကျဲနေတဲ့ တပ်သား တစ်သန်းကျော် ရှိပါတယ်။ ဒါပေမဲ့ ပင်မတိုင်းပြည်မှာတင် တပ်သား ငါးသိန်းကျော်ကို စုစည်းနိုင်ပါတယ်။ အဲဒီအထဲမှာ ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲနဲ့ သေနတ်အသစ်တွေ တပ်ဆင်ထားတဲ့ တပ်မတော်သစ် တစ်သိန်းခွဲ ပါဝင်ပါတယ်။ ဒါတင်မကသေးဘူး ကျွန်တော်တို့ဆီမှာ ကျောက်သလင်းအမြောက် ငါးရာကျော်နဲ့ ဧရာမ အမြောက်ကြီး အလက် နှစ်ဆယ် ရှိပါသေးတယ်။ တုပိုင်က ကျွန်တော်တို့ရဲ့ ရေတပ်အားလုံးကို ချေမှုန်းနိုင်ခဲ့တာ အဲဒီ ဧရာမ အရိုးနဂါးကြီး တစ်ကောင်တည်းကြောင့်ပါ။ အခု အဲဒီ အရိုးနဂါးကြီးက တုပိုင်နဲ့ အဝေးကြီးကို ရောက်နေပါပြီ"
ကျွန်းသခင်ပြောင်လင်းက ဝင်ပြော၏။ "ဒါဆို ကျွန်တော်တို့ရဲ့ အင်အားက တုပိုင်ထက် ဆယ်ဆလောက် သာနေပါသေးတယ်။ မြို့တော်ကို ကာကွယ်နိုင်ရုံတင်မကဘူး၊ တုပိုင်ရဲ့ ပင်မတပ်ကြီးကိုပါ အမြစ်ပြတ် ချေမှုန်းပစ်လို့ ရပါတယ်"
သခင်လေး ဖန်းချန်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် အမိန့်ပေးလိုက်သည်။ "အင်အားအားလုံးကို စုစည်းလိုက်။ မြို့တော်ကို ကာကွယ်ပြီး တုပိုင်နဲ့ အသေအကြေ တိုက်ပွဲဝင်ကြမယ်"
အရှေ့ဘက် ပြည်ထောင်စု၌ ပြိုင်ဘက်ကင်း ရေတပ်မတော်ကြီး ရှိရုံသာမက အလွန်တရာ အင်အားတောင့်တင်းလှသော ကုန်းကြောင်းတပ်မတော်ကြီးလည်း ရှိနေသေး၏။ သို့သော် ထိုကုန်းကြောင်းတပ်များကို ကိုလိုနီနယ်မြေ အသီးသီး၌ အသီးသီး ဖြန့်ကျက်ထားရ၏။
ထို့အတွက်ကြောင့် ပင်မတိုင်းပြည်အတွင်း၌မူ တပ်သား ခြောက်သိန်းကျော်ခန့်သာ ကျန်ရှိတော့သည်။
သခင်လေး ဖန်းချန်၏ အမိန့်ကျလာသည်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံးရှိ တပ်သား ငါးသိန်းခန့်သည် မြို့တော်ဆီသို့ အလျင်အမြန် စုရုံးရောက်ရှိလာကြ၏။
အရှေ့ဘက် ပြည်ထောင်စု၏ မြို့တော်ကြီးမှာ သမိုင်းတစ်လျှောက် မကြုံစဖူး ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ဖြစ်ကာ သခင်လေး ဖန်းချန်ကိုယ်တိုင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ အချိန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။
အနုပညာ အငွေ့အသက်များ အပြည့်အဝ လွှမ်းခြုံနေသော ဤမြို့တော်ကြီးကို အနောက်ကမ္ဘာမှ တော်ဝင်မိသားစု အများအပြားက 'မှော်မြို့တော်' ဟုပင် တင်စားခေါ်ဆိုကြတတ်၏။ အကြောင်းမူကား ဤမြို့တော်သည် ကမ္ဘာပေါ်ရှိ အခြားသော မြို့များနှင့် လုံးဝ ကွဲပြားခြားနားနေပြီး အဆောက်အအုံတိုင်း၌ မှော်ဆန်သော အငွေ့အသက်များ ပြည့်နှက်နေသောကြောင့်ပင်။
ခမ်းနားထည်ဝါမှု၊ ကြီးမားကျယ်ဝန်းမှု၊ နက်နဲဆန်းကြယ်မှုတို့နှင့်အတူ အနုပညာရသများ အပြည့်အဝ ပေါင်းစပ်တည်ရှိနေ၏။ မြို့ရိုးအဝန်းမှာ မိုင်ရှစ်ဆယ်ကျော်ရှိပြီး အမြင့်မှာ မီတာ တစ်ဆယ့်ရှစ်ကျော် ရှိသည်။
သို့သော် သခင်လေး ဖန်းချန်သည် ဤဧရာမ မြို့ရိုးကြီးကို အလှအပနှင့် ခမ်းနားထည်ဝါမှု သက်သက်အတွက်သာ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးကာကွယ်မှုအတွက် အသုံးပြုရန် တစ်ခါမျှ တွေးတောခဲ့ဖူးခြင်း မရှိချေ။
ခေတ်သစ် အမြောက်စစ်ပွဲများ၌ မြို့ရိုးများ၏ အသုံးဝင်မှုမှာ သိပ်မကြီးမားတော့သည့်အပြင်၊ သူ၏ မြို့တော်ကြီး၌ ဤသို့သော စစ်မက်ဖြစ်ပွားမည့် နေ့ရက်မျိုး ဘယ်သောအခါမှ ကျရောက်လာမည် မဟုတ်ဟု ဖန်းချန်က အကြွင်းမဲ့ ယုံကြည်ထားသောကြောင့် ဖြစ်၏။ ဤမြို့တော်ကြီးမှာ သူ၏ စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ထားသည့် လုံးဝ ပြီးပြည့်စုံသော စံပြမြို့တော်ကြီး ဖြစ်ပေသည်။
မီးနတ်ဘုရားဂိုဏ်းမှဖြစ်စေ၊ အနောက်ကမ္ဘာမှဖြစ်စေ၊ အရှေ့ဘက် ပြည်ထောင်စုမှ လူများပင်ဖြစ်စေ ဤမြို့တော်ကြီးဆီသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မြို့တော်၏ အလှတရားအောက်၌ ညို့ယူဖမ်းစားခြင်း ခံလိုက်ကြရစမြဲ ဖြစ်၏။ လောကကြီးတွင် ဤမျှ ခမ်းနားထည်ဝါပြီး ကြီးမားကျယ်ဝန်းသော မြို့ကြီးတစ်မြို့ အမှန်တကယ် ရှိနေလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်အောင် ဖြစ်ကြရသည်။
ဤသည်ကား လူ့လောကနှင့် မသက်ဆိုင်သော နတ်ပြည်နတ်ရွာမှ မြို့တော်ကြီးတစ်ခုဟုပင် တင်စားရပေမည်။
အရှေ့ဘက် ပြည်ထောင်စုမှ အမတ်များသည် အစပိုင်း၌ ဖန်းမိသားစုအပေါ် မည်မျှပင် သစ္စာမခံကြသော်ငြား၊ ဤမြို့တော်ကြီးကို မြင်တွေ့ပြီးနောက်တွင်မူ သူတို့၏ ရင်တွင်း၌ နက်ရှိုင်းသော ခံစားချက်များ ဖြစ်ပေါ်သွားကြရသည်။ အရှေ့ဘက် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် အင်အားအကြီးမားဆုံးသော နိုင်ငံဖြစ်ပြီး အနာဂတ်နှင့် ဘုရင်ကျင့်စဉ်ကို ကိုယ်စားပြုနေသည်ဟု ယုံကြည်သွားကြသည်။
သို့သော် နတ်ပြည်နှင့်ပင် မတူလုမတတ် လှပလွန်းလှသော ဤမှော်ဆန်သည့် မြို့တော်ကြီးသည် ယခုအချိန်တွင်တော့ အလွန်တရာ ကြီးမားကျယ်ဝန်းလှသော သွေးထွက်သံယို စစ်မြေပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့၏။
တပ်သား ငါးသိန်းခွဲကျော်နှင့် အမြောက် တစ်ထောင်ကျော်ကို မြို့တော်ထဲ၌ အခိုင်အမာ တပ်စွဲထားလျက်ရှိသည်။ ယင်းတို့အထဲတွင် ခွန်လွန်ကျွန်စစ်သည် တစ်သိန်းခွဲ ပါဝင်ပြီး ထိုသူများမှာ ကုန်းမြေစစ်ပွဲများ၏ ဘုရင်များသဖွယ်ပင် ဖြစ်၏။
တုပိုင်၏ အလင်းတန်း သံဓားမှာ အလွန်တရာ အစွမ်းထက်လှသော်လည်း အရှေ့ဘက် ပြည်ထောင်စုက တားဆီးနိုင်မည့် နည်းလမ်းကို ရှာတွေ့ထားပြီး ဖြစ်သည်။ ယင်းမှာ သံချပ်ကာဝတ်စုံများအတွင်း၌ လျှပ်ကာအလွှာတစ်ထပ် ထည့်သွင်းထားခြင်းပင် ဖြစ်လေ၏။
လျှပ်စစ်စီးကြောင်း မည်မျှပင် ပြင်းထန်စေကာမူ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည်များကို လဲကျသွားစေနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
ပြီးခဲ့သည့်အကြိမ်က တုပိုင်၏ နယ်မြေကို သွားရောက်တိုက်ခိုက်စဉ် တပ်မတော်တစ်ခုလုံးနီးပါး ချေမှုန်းခံလိုက်ရပြီးနောက်ပိုင်းတွင်၊ သခင်လေး ဖန်းချန်သည် သေနတ်ဟောင်းများအားလုံးကို ဖယ်ရှားကာ ပြောင်းရစ်ပါသော ရိုင်ဖယ်သေနတ်သစ်များဖြင့် အစားထိုးလိုက်၏။
ထို့ပြင် စက္ကူကျည်ခွံများကိုပါ ကြေးကျည်ဆံများဖြင့် အစားထိုးလိုက်ရာ ရလဒ်အနေဖြင့် ရိုင်ဖယ်များ၏ ပစ်ခတ်နှုန်းမှာ လေးငါးဆခန့်အထိ ပိုမို မြန်ဆန်လာတော့သည်။
အတိုချုပ်ဆိုရလျှင် ဤရိုင်ဖယ်များမှာ ကမ္ဘာမြေပေါ်ရှိ ခေတ်မီသေနတ်များနှင့် အလွန်နီးစပ်သွားပြီဖြစ်ကာ ထိရောက်သော ပစ်ခတ်နိုင်စွမ်း အကွာအဝေးမှာ မီတာ ခြောက်ရာမှ ခုနစ်ရာအထိပင် ရှိလေသည်။
သို့သော် အချိန်ကပ်လွန်းနေသဖြင့် အရှေ့ဘက် ပြည်ထောင်စုအနေဖြင့် ပြောင်းလဲမှုအားလုံးကို အပြီးသတ် မလုပ်ဆောင်နိုင်သေးချေ။ ယခုအချိန်အထိ တပ်သား တစ်သိန်းခွဲခန့်သာလျှင် ဤရိုင်ဖယ်သစ်များကို တပ်ဆင်ထားနိုင်သေး၏။
အမြောက်များလည်း ကျန်ရှိနေသေးသည်။
အရှေ့ဘက် မြို့တော်ရှိ အမြောက် တစ်ထောင်ကျော်အနက် လေးရာမှာ ကျောက်သလင်း အမြောက်များဖြစ်ကြပြီး၊ ဧရာမ အမြောက်ကြီး အလက် နှစ်ဆယ်၊ အလွန်ကြီးမားလေးလံသော အမြောက်ကြီး ငါးဆယ်နှင့် ကျန်ရှိနေသော ရာပေါင်းများစွာသော အမြောက်များမှာ ပြောင်းဝကျယ် အမြောက်သစ်များ ဖြစ်ကြသည်။
အချုပ်အားဖြင့် ဆိုရသော် အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်ကြီးမှာ အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီ ဖြစ်သော်ငြား အရှေ့ဘက် မြို့တော်၌မူ အလွန်တရာ အစွမ်းထက်လှသော ကုန်းကြောင်းစစ်တပ်ကြီး အခိုင်အမာ ကျန်ရှိနေဆဲပင် ဖြစ်၏။
နန်းတော်ထဲတွင် ဖန်းချင်းယီက အေးစက်စက် လေသံဖြင့် ဟားတိုက်လိုက်သည်။ "တုပိုင်ရဲ့ စစ်တပ်ကြီး လာတိုက်တော့မယ်။ နင်တို့အားလုံး ပြီးသွားတော့မှာပဲ။ နင်တို့တော့ သွားပြီ"
"ဖြန်းးး"
တာ့နင်အင်ပါယာမှ ပြည်နှင်ဒဏ်ခံရကာ ထွက်ပြေးလာရသော ဧကရာဇ်ယုံနင်က ဖန်းချင်းယီအား ကြမ်းပြင်ပေါ် လဲကျသွားသည်အထိ ပါးရိုက်ချလိုက်သည်။
ဖန်းချင်းယီ၏ လုပ်ကြံမှုကို ကာကွယ်ရန်အလို့ငှာ သူမ၏ သွေးကြောများကို ပိတ်ဆို့ထားလိုက်ရာ သူမသည် သိုင်းပညာများအားလုံး ဆုံးရှုံးသွားပြီး ကြက်ကလေးတစ်ကောင်ကိုပင် မဖမ်းနိုင်တော့လောက်အောင် အားနည်းနေလျက်ရှိ၏။
ထို့နောက် ဧကရာဇ်ယုံနင်က ရှေ့သို့ တိုးလာကာ သူမအား အရူးအမူး ကန်ကျောက်ရင်း အေးစက်စက် ဆိုသည်။ "တုပိုင် လာကယ်မယ်လို့ နင် အိပ်မက်မက်နေတုန်းပဲလား။ ဟား... ဟား... ဟား... ဆက်ပြီး စိတ်ကူးယဉ်နေလိုက်စမ်းပါ။ တုပိုင်က နင့်ရဲ့ ရန်သူလေ။ ပြီးတော့ အခု နင်က သရဲတစ်ကောင်လို ရုပ်ဆိုးနေပြီ။ သူ နင့်ကို မြင်ရင် အန်ချင်စိတ်ပဲ ပေါက်လိမ့်မယ်။ သူ အန်ချင်စိတ်ပေါက်မပေါက်တော့ မသိဘူး။ ငါကတော့ နင့်ကို မြင်တာနဲ့တင် အန်ချင်လာပြီ"
အမှန်တကယ်လည်း ဖန်းချင်းယီ၏ မျက်နှာမှာ ယခင်ကဲ့သို့ လှပမနေတော့ချေ။
ထိုနေ့က သူမ၏ ဖခင်ဖြစ်သူ ဖန်းကျိုးသည် သူမကို ဧကရာဇ်ယုံနင်နှင့် အတင်းအဓမ္မ လက်ထပ်ပေးခဲ့ပြီး၊ မင်္ဂလာဦးည၌ ပြန်လည်မခုခံနိုင်စေရန် သူမ၏ ခန္ဓာကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်သည့် ဆေးတစ်မျိုး တိုက်ကျွေးခဲ့သည်။ ထို့ကြောင့် သူမမှာ အသက်ဝင်နေသော အလောင်းကောင် တစ်လောင်းအလား ဖြစ်သွားပြီး ဧကရာဇ်ယုံနင်၏ အနိုင်ကျင့် စော်ကားမှုကို ခါးသီးစွာ ငုံ့ခံခဲ့ရသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာ ဖန်းမိသားစု၏ သွေးတစ်ဝက် ပါဝင်သော အမွေဆက်ခံသူတစ်ဦးကို မွေးဖွားလာစေနိုင်မည် ဖြစ်၏။
ထို့ကြောင့် ဖန်းချင်းယီသည် သူမ၌ နောက်ဆုံး ကျန်ရစ်နေသေးသော ခွန်အားလေးကို အသုံးပြု၍ ကိုယ့်မျက်နှာကိုယ် အမာရွတ်များအပြည့် ဖြစ်သွားစေရန် အစိမ်းလိုက် ဖျက်ဆီးပစ်ခဲ့လေသည်။
ယခုအခါ သူမ၏ မျက်နှာပေါ်၌ အမာရွတ်များ ပြည့်နှက်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေ၏။ ဧကရာဇ်ယုံနင်သည် သူမကို လက်ထပ်ထားသော်ငြား ထိုရုပ်ရည်ကို မြင်သည်နှင့် မည်သို့မျှ စိတ်မလာနိုင်တော့ချေ။ သို့သော် သူ၏ ဒေါသများကို ပုံချရန်အတွက်မူ သူမကို နေ့စဉ် ရက်စက်စွာ ရိုက်နှက်စော်ကားလေ့ရှိ၏။ မည်သို့ပင်ဖြစ်စေ သူမသည် သိုင်းပညာများ အားလုံး ဆုံးရှုံးသွားပြီဖြစ်ရာ ပြန်လည် ခုခံနိုင်စွမ်း အလျင်းမရှိတော့ချေ။
ဧကရာဇ်ယုံနင်က ဖန်းချင်းယီအား အားကုန်သုံးကာ ကန်ကျောက်ရင်း ကြမ်းတမ်းစွာ ပြောလိုက်သည်။ "မင်း မသိပါဘူး။ အဲဒီ အရိုးနဂါးကြီးက တောင်အမေရိကရဲ့ အမြင့်ဆုံးစွမ်းအားကို သတိထားမိသွားပြီး အနောက်ဘက်ကို ပျံထွက်သွားပြီ။ တုပိုင်ကို လုံးဝ စွန့်ပစ်သွားပြီ။ အခုဆို အရှေ့ဘက် မြို့တော်ကြီး တစ်ခုလုံးက သံမဏိတံတိုင်းကြီးလို ခိုင်မာတောင့်တင်းနေတယ်။ အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်က တုပိုင်ထက် အင်အား ဆယ်ဆလောက် သာနေတုန်းပဲ။ တကယ်လို့ တုပိုင်ကသာ ကုန်းပေါ်တက်ပြီး အရှေ့ဘက် မြို့တော်ကို လာတိုက်ရဲရင် သူ့အတွက် သေလမ်းပဲ ရှိလိမ့်မယ်"
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ဖန်းကျိုးသည်လည်း ဖန်းအုပ်စုမှ အမတ်များစွာကို နှစ်သိမ့်ဖြောင်းဖျလျက် ရှိ၏။
"အရိုးနဂါးကြီးက တုပိုင်ကို စွန့်ပစ်သွားပြီ။ တုပိုင်သာ ဉာဏ်ကောင်းရင် ရှင်သန်နိုင်မယ့် လမ်းစ ရှိသေးတယ်။ တကယ်လို့ သူက အရှေ့ဘက် မြို့တော်ကို လာတိုက်ရဲရင်တော့ သေလမ်းကို ရွေးတာပဲ"
ဖန်းကျိုးက အရှေ့ဘက် ပြည်ထောင်စု၏ ရိုင်ဖယ်သေနတ်သစ် တစ်လက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကီလိုမီတာနီးပါးခန့် အကွာရှိ အိမ်တစ်လုံးဆီသို့ လှမ်းပစ်လိုက်သည်။
"ဒိုင်းးးး"
သေနတ်သံတစ်ချက် မြည်ဟည်းသွား၏။ မီတာ တစ်ထောင်နီးပါး အကွာရှိ နံရံထက်မှ ဖုန်မှုန့်များ လွင့်စင်သွားပြီး သေချာစွာ ကြည့်လိုက်သောအခါ အပေါက်ကြီးတစ်ခု ပေါက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ဖန်းကျိုးက ပြောလိုက်သည်။ "ဒီလို ရိုင်ဖယ်သစ်မျိုးကို လူတစ်သိန်းခွဲလောက်အထိ တပ်ဆင်ပေးထားပြီးပြီ"
ထို့နောက် သူက အော်ဟစ်လိုက်၏။ "ယူခဲ့စမ်း"
ဘေးရှိ လူတစ်ယောက်က အလင်းတန်း သံဓားတစ်လက်ကို ကမ်းပေးလာသည်။ အရှေ့ဘက် ပြည်ထောင်စုရှိ ဝိညာဉ်မိစ္ဆာများ၏ သွေးကျောက်သလင်းများမှာ အကန့်အသတ်ရှိသဖြင့် အလင်းတန်း သံဓားများကို အမြောက်အမြား မထုတ်လုပ်နိုင်ချေ။ စမ်းသပ်မှုများအတွက် ရာဂဏန်းခန့်သာ ပြုလုပ်နိုင်ခဲ့ပြီး အဆင့်မြင့် စစ်သူကြီးများကိုသာ ခွဲဝေပေးနိုင်ခဲ့သည်။
ဖန်းကျိုးက ဓားကို အားရပါးရ ဝှေ့ယမ်းရင်း ပြောလိုက်၏။ "ဒါက တုပိုင်ရဲ့ မဟာလူသတ်လက်နက်ကြီး ဖြစ်တဲ့ အလင်းတန်း သံဓားပဲ"
ထို့နောက် သူက ခလုတ်ကို နှိပ်ကာ ဘေးရှိ ဆင်တစ်ကောင်ဆီသို့ ခုတ်ချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သန်းသွား၏။ ဆင်ကြီးမှာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားရတော့သည်။
ဖန်းကျိုးက ဆက်လက်၍ ပြောလိုက်သည်။ "ဒီအလင်းတန်း သံဓားရဲ့ စွမ်းအားက အံ့မခန်းပဲ။ ဒါပေမဲ့ အရှေ့ဘက် ပြည်ထောင်စုက သံချပ်ကာ အသစ်စက်စက်တွေကို ပြင်ဆင်ထားပြီးပြီ။ အလင်းတန်း သံဓားနဲ့ အကြိမ်တစ်ရာ၊ တစ်ထောင်လောက် ခုတ်ရင်တောင်မှ စစ်သားတွေကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ထိုသို့ ပြောပြီးသည်နှင့် ဖန်းကျိုးက အလင်းတန်း သံဓားကို ဝှေ့ယမ်းကာ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်သည်တစ်ဦးကို ခုတ်ချလိုက်သည်။
အပြာရောင် လျှပ်စစ်စီးကြောင်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် လက်ခနဲ ဖြစ်သွားပြီး စစ်သည်၏ သံချပ်ကာကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
သို့သော် စစ်သည်၏ သံချပ်ကာတွင် လျှပ်ကာအလွှာ ပါရှိနေသဖြင့် အထဲရှိလူမှာ လုံခြုံဘေးကင်းနေလျက်ရှိ၏။
"မြင်ကြရဲ့လား။ တုပိုင်ရဲ့ အလင်းတန်း သံဓားက အသုံးမဝင်တော့ဘူး။ သူ မလာရင် တော်သေးတယ်။ တကယ်လို့ အရှေ့ဘက် မြို့တော်ကို လာတိုက်ရဲရင်တော့ သူ့အတွက် သေလမ်းပဲ။ အရှင်မင်းကြီး ယုံနင်... စိတ်ချလက်ချနဲ့ စိတ်အေးအေးသာ ထားတော်မူပါ"
ထို့နောက် ဖန်းကျိုးက မြို့ရိုး အပြင်နှင့် အတွင်း၌ ထူထပ်စွာ နေရာယူထားသော ကာကွယ်ရေးတပ်စခန်းများကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဟိုက ကာကွယ်ရေး တပ်စခန်းတွေကို မြင်လား။ အဲဒီက ခံတပ်တွေရော၊ အခြားလျှို့ဝှက်ခံတပ်တွေပါ ရာနဲ့ချီ ရှိပြီး လုံးဝကို ဖြိုခွင်းလို့မရနိုင်ဘူး။ ဧရာမ အရိုးနဂါးကြီး မရှိတော့တဲ့ တုပိုင်ရဲ့ စစ်တပ်က ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်နေပြီ။ သူတို့အတွက် မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေဖို့ပဲ ရှိတော့တယ်"
"တုပိုင် မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေရတော့မယ်"
အမတ်များကပါ ထောက်ခံအော်ဟစ်ကြသည်။ "တာ့နင်အင်ပါယာက ငါတို့ပိုင်ဆိုင်ဖို့ ဖန်လာတာပဲ"
**--**--**--**--**--**--**--**
ငါးရက် ကုန်လွန်သွားပြီးနောက် ကမ္ဘာ့ကပ်ဘေးကြီး ကျရောက်ရန် သုံးဆယ့်နှစ်ရက်သာ လိုတော့၏။ တုပိုင်၏ တပ်သား နှစ်သိန်းခွဲပါ စစ်တပ်ကြီးသည် ဒေါင်းဆိပ်ကမ်းသို့ ဆင်းသက်လာကြသည်။
ဆင်းသက်သည့် နေရာတစ်ခုလုံးမှာ ဧရာမ မှော်အမြောက်ကြီးများ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးအပြင်၌ ရှိနေသောကြောင့် ကမ်းတက်လုပ်ငန်းစဉ် တစ်ခုလုံးမှာ မည်သည့် အဟန့်အတားမျှ မရှိဘဲ ချောမွေ့စွာ ပြီးဆုံးသွားခဲ့လေသည်။
တပ်သား နှစ်သိန်းခွဲ ကမ်းတက်ပြီးနောက် သူတို့သည် တပ်ပြန်လည်စုစည်းကာ အရှေ့ဘက် ပြည်ထောင်စု၏ မြို့တော်ဆီသို့ ချီတက်လာကြတော့သည်။
ဤသည်မှာ တုပိုင်က အရှေ့ဘက် ပြည်ထောင်စု၏ မြို့တော်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းဖြစ်ပြီး သူကိုယ်တိုင်ပင် အမှန်တကယ် အံ့ဩတုန်လှုပ်သွားရ၏။
မှော်မြို့တော်ကြီးမှာ ဤလောကရှိ မည်သည့်မြို့တော်နှင့်မျှ မတူညီလှချေ။
မြို့တော်အတွင်းရှိ အဆောက်အအုံများမှာ အလွန် ခမ်းနားထည်ဝါပြီး လှပတင့်တယ်လှပေသည်။ အထူးသဖြင့် တောင်ပေါ်၌ တည်ဆောက်ထားသော နန်းတော်ကြီးပင် ဖြစ်၏။ အမြင့်ဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ တစ်ထောင်ကျော်အထိပင် မြင့်မားလျက်ရှိနေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၈၁၉ + ၈၂၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team