← Chapters

ချင်းယွမ်

Vol. 8 Ch. 71

ချင်းယွမ်

Vol. 8 Ch. 71

ချီရွှမ်းစုက အိပ်မက်အစည်းအဝေးမှာ သိပ်ကြာကြာမနေဘဲ အိပ်မက်နယ်ပယ်နှင့် သူ၏ ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်၏။ သူ၏ ဘေးပတ်လည်မှာရှိသော အရာရာတိုင်းက နောက်တစ်ဖန် မှောင်ကျသွားသည်။

အမှောင်ထု ပျက်ပြယ်သွားပြီးနောက် ချီရွှမ်းစုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူသည် ထိုက်ချန်အကွက်က အိမ်မှာ ရှိနေဆဲပင်။

အစီအရင်အတွက် သူအသုံးပြုထားသော ဖယောင်းတိုင်များက ငြိမ်းသေသွားပြီး ဝိညာဉ်ပြန်ခေါ်အမွှေးတိုင်ကလည်း အကုန်အစင် လောင်ကျွမ်းသွားလေပြီ။ ပြာပုံတစ်ပုံသာ ကျန်ရစ်ခဲ့၏။

အပြင်ဘက်မှာက မှောင်မိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ချီရွှမ်းစုသည် အစီအရင်ပစ္စည်းများကို ငါးရုပ်အဆောင်ထဲ ထည့်သိမ်းပြီး အမွှေးတိုင်ပြာများကို လှဲကျင်းလိုက်သည်။ ထို့နောက် ငါးရုပ်အဆောင်ကို အိတ်ကပ်ထဲထည့်ပြီး အိပ်ခန်းရှိရာသို့ သွားကာ အိပ်ရာဝင်လိုက်၏။

နှစ်များစွာ ခရီးသွားလာခဲ့ပြီးနောက် ချီရွှမ်းစုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောမကျတတ်သည့် အလေ့အကျင့်ကို မွေးမြူထားခဲ့သည်။ ထိုမနက်စောစောမှာ တံခါးအပြင်ဘက်မှာ မသဲမကွဲ အသံများကို ချီရွှမ်းစု ကြားလိုက်ရ၏။

ထိုအသံများသည် သူ့အခန်းအပြင်ဘက်ကနေ မဟုတ်ဘဲ ခြံဝန်းအပြင်ဘက်က လာနေခြင်းဖြစ်သည်။

ချီရွှမ်းစုက အိပ်ရာပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်၏။ သူ ကောင်းကောင်းနိုးလာပြီးနောက် တံခါးကိုဖွင့်ကာ လွန်ခဲ့သည့်ညက ဝတ်ထားခဲ့သည့် အဝတ်အစားများနှင့်ပင် အပြင်ဘက်ကို ထွက်လိုက်၏။

ခြံဝန်းထဲကို ရောက်သည့်အချိန်မှာ သီလရှင်စွေ့နှင့် ကျန်းယွဲ့လု၏ အသံများဖြစ်သည်ကို သူမှတ်မိသွားသည်။

သူက ခါးသက်စွာ တွေးလိုက်မိသည်။

“ဒီနေရာမှာ အစ်မချီသာရှိနေမယ်ဆိုရင် ငါ့ဘဝမှာ ဆုံဖူးတဲ့ အမျိုးသမီးသုံးယောက်စလုံး တစ်စုတစ်စည်းတည်း ဖြစ်နေမှာပဲ။”

တံခါးအပြင်ဘက်မှာ သီလရှင်စွေ့ နှင့် ကျန်းယွဲ့လုက စကားများပြောဆိုနေကြသည်။ သူတို့သည် ခန်းမကိုးဆောင်မှာ တာဝန်ထမ်းဆောင်ကြပြီး နှစ်ဦးစလုံးက အဆင့် ၄ တာအိုအကြီးအကဲများဖြစ်ကာ အရင်ကတည်းက တစ်ယောက်နှင့်တစ်ယောက် တွေ့မြင်ဖူးကြသည်။

ချီရွှမ်းစုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ၏စိတ်ကို ငြိမ်သက်စေပြီးနောက် တံခါးရှိရာသို့ လျှောက်လှမ်းသွား၏။

သူက ခြံဝန်းတံခါးကို ဖွင့်လိုက်သည့်အခါ အမျိုးသမီးနှစ်ဦးကြား အပြန်အလှန်ပြောဆိုစကားက ယတိပြတ် ရပ်တန့်သွားပြီး သူတို့နှစ်ယောက်စလုံးက ချီရွှမ်းစုကို လှည့်ကြည့်လာကြသည်။

သူတို့၏ အကြည့်များမှာ ချီရွှမ်းစုက အနည်းငယ် ထိတ်လန့်သွားသည်။ သူက ကြိုးစား၍ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဒေါ်လေးစွေ့… မင်္ဂလာပါ ချင်းရှောင်”

သီလရှင်စွေ့က ချီရွှမ်းစုကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။

“ထျန်းယွမ်… နင် ဒီကိစ္စ ငါ့ကိုတောင် ဖုံးကွယ်ထားတာပဲ”

ချီရွှမ်းစု၏ မျက်နှာပေါ်ရှိအပြုံးက တောင့်တင်းသွား၏။

“ကျုပ်… ဘာမှ ဖုံးကွယ်မထားပါဘူး”

သီလရှင်စွေ့က လှောင်ပြုံး ပြုံးကာ ပြောလိုက်၏။

“ဟုတ်ပါပြီ… လူငယ်တွေက ရှက်တတ်တယ်ဆိုတာ ငါနားလည်ပါတယ်… ငါ နင်တို့ကို မနှောင့်ယှက်တော့ဘူး… နင်တို့ အေးအေးဆေးဆေး စကားပြောကြဦး”

ထိုသို့ပြောပြီးနောက် သီလရှင်စွေ့က လမ်းကြားထဲသို့ ဝင်ရောက်သွားသည်။

ချီရွှမ်းစုသည် ကျန်းယွဲ့လုနှင့် နှစ်ယောက်တည်း ကျန်ခဲ့သည့်အချိန်မှာ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းယွဲ့လုသည် လွန်ခဲ့သည့်ညကအတိုင်း ဝတ်စားထားဆဲဖြစ်သော်လည်း သူမသည် အပြာရောင်နှင့် အဖြူရောင်စပ်ထားသည့် အောက်ခံအင်္ကျီကိုဖယ်ပြီး ခေါင်းစွပ်ပါသော ခြုံထည်တစ်ခုကို ဝတ်ဆင်ထားလေသည်။ သူမက အရင်စတင်၍ ပြောလိုက်၏။

“နင် ငါ့ကို အိမ်ထဲမခေါ်တော့ဘူးလား”

“ကျေးဇူးပြုပြီး အထဲကိုကြွပါဗျာ။”

ချီရွှမ်းစုက သတိပြန်ကပ်လာပြီး တံခါးကို အလောတကြီး တွန်းဖွင့်ပေးလိုက်သည်။

ကျန်းယွဲ့လုက ခြံဝန်းထဲသို့ ဝင်ရောက်လာပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။

“ဒီနေရာက နေရာကောင်းပဲ”

ချီရွှမ်းစုက ခြေလှမ်းအနည်းငယ် ရှေ့ကကြိုလျှောက်ပြီး ကျန်းယွဲ့လုကို ခေါ်ဆောင်သွားသည်။ အခန်းထဲသို့ သူတို့ရောက်သည့်အချိန်မှာ ချီရွှမ်းစုက လက်ဖက်ရည်ဖျော်ရန် ရေနွေးကျိုဖို့ လုပ်လိုက်၏။ ကျန်းယွဲ့လုက လက်ကာပြလိုက်သည်။

“ဘာမှ လုပ်မနေစမ်းပါနဲ့… နင် ထုပ်ပိုးပြီးသွားပြီလား”

ချီရွှမ်းစုက ပွင့်လင်းစွာ ပြောလိုက်သည်။

“မင်း ဒီလောက်စောကြီး ရောက်လာလိမ့်မယ်လို့ ငါ ထင်မထားဘူး”

“ဒါဆိုလည်း ငါနင့်ကို ဝိုင်းကူထုပ်ပေးမယ်”

ကျန်းယွဲ့လုက ကမ်းလှမ်းလိုက်သည်။

ချင်းဖျင်အသင်း​တော်နှင့် ပတ်သက်ဆက်စပ်သည့် ပစ္စည်းများအားလုံးကို သိမ်းဆည်းခဲ့မိသည့်အတွက် ချီရွှမ်းစုက တိတ်တဆိတ် ဝမ်းသာနေပြီး ခေါင်းညိတ်ပြလိုက်၏။

“ရတယ်လေ”

ကျန်းယွဲ့လုက သူ့ကို ပြုံးပြလိုက်၏။ သူမက မှင်တက်စရာကောင်းလောက်အောင် ဆွဲဆောင်မှုမရှိသော်လည်း သူ့နှလုံးက ခုန်သွားရဆဲဖြစ်သည်။ သူတို့နှစ်ယောက်သည် အရင်ဆုံး အဖိုးတန်ပစ္စည်းအချို့ သိမ်းထားသည့် ချီရွှမ်းစု၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာကြသည်။

စာကြည့်ခန်းထဲသို့ ဝင်ရောက်သည်နှင့် ကျန်းယွဲ့လု၏ မျက်လုံးက ဝင်းလက်သွား၏။ သူမ၏ အမြင်အာရုံကို အရင်ဆုံး ဖမ်းစားလိုက်သည့်အရာမှာ နံရံနှင့်ကပ်လျက် စားပွဲဖြစ်သည်။ စားပွဲပေါ်မှာ ဓားတင်သည့် စင်တစ်ခုရှိသော်လည်း ဓားမဟုတ်ဘဲ သေနတ်အရှည်တစ်လက်ကို ကန့်လန့်ဖြတ် တင်ထားသည်။

ကျန်းယွဲ့လုသည် ထူးဆန်းသော လက်နက်များနှင့် ခဲယမ်းလက်နက်များကို စိတ်ဝင်စားမှုရှိသည်။ မဟုတ်ပါက သူမသည် ထိုက်ချင်းရင်ပြင်က လက်နက်ဆိုင်မှာ ချီရွှမ်းစုနှင့် အမှတ်မထင် ဆုံခဲ့မိလိမ့်မည် မဟုတ်ပေ။

ချီရွမ်းစုက ပြောလိုက်သည်။

“အဲဒါက စုဆောင်းဖို့ ရည်ရွယ်ချက်သက်သက် ခေတ်ဟောင်းကျောက်မီးသေနတ်တစ်လက်ပဲ”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြီး စားပွဲကို ပြန်ကြည့်လိုက်သည်။ စားပွဲပေါ်မှာ စိတ်ဝင်စားစရာ ဘာမှမရှိပေ။ စုတ်တံ၊ မင်၊ စက္ကူ၊ မင်သွေးကျောက်၊ စုတ်တံ​ဆေးခွက်၊ စုတ်တံတင်ထောက်၊ စက္ကူဖိတုံးနှင့် အခြားသော စာရေးကိရိယာများသာ ဖြစ်သည်။

ကျန်းယွဲ့လုက ၎င်းကို တစ်ချက်ကြည့်ပြီးနောက် အထူအပါး အရွယ်အစားအမျိုးမျိုး စာအုပ်များ တင်ထားသည့် စာအုပ်စင်ရှိရာသို့ လျှောက်လှမ်းသွားသည်။

ကျန်းယွဲ့လုက ရေရွတ်လိုက်၏။

“အရင်တုန်းက စာပေလေ့လာရတာက အရမ်းကို ပျင်းစရာကောင်းပြီး ခက်ခဲတယ်လို့ ငါသိခဲ့တယ်… အဲဒါကြောင့် စာအုပ်တွေမြင်ရင် ငါထွက်ပြေးချင်သလို ခံစားရတယ်”

“ငါ ကလေးတုန်းက အဲဒါကို ပျင်းစရာကောင်းတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရဘူး… ငါ့အရှိန်နဲ့ငါ လေ့ကျင့်တယ်၊ စာပေလေ့လာတယ်၊ ဒါမှမဟုတ် စာလေ့လာဖို့ အာရုံမရတဲ့အခါ တခြားတစ်ခုခု လုပ်နေတတ်တယ်… ငါ့ဆရာကလည်း ငါ့ကို ဘယ်တုန်းကမှ ဖိအားမပေးခဲ့ဘူး… အဲဒါကြောင့်ပဲ ငါက ခွန်လွင်အဆင့်မှာရှိနေပြီး မင်းကတော့ ကွေ့ကျန်းအဆင့်မှာ ရှိနေတာပဲ”

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။

“နင်က ဉာဏ်ကောင်းပါတယ်”

“ဒါပဲလေ… လူတိုင်းက အရင်ဒုက္ခခံပြီး နောက်မှ ပျော်ရွှင်ခံစားမလား ဒါမှမဟုတ် အခုပဲပျော်ရွှင်ခံစားပြီး နောက်မှ ဒုက္ခခံမလား ရွေးချယ်ကြရတာပဲ… မင်းကိုယ်မင်းရော အခု ဒုက္ခခံနေရတယ်လို့ ထင်လား”

ကျန်းယွဲ့လုက ရယ်မောလိုက်သည်။

“ငါက ဘယ်လိုလုပ် ဒုက္ခခံရမှာလဲ… ငါက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၄ ကို တိုးမြှင့်ပေးခံရတယ်… ငါသာ ဒုက္ခအကြောင်း ညည်းတွားနေဦးမယ်ဆိုရင် ကောင်းကင်ဘုံက အပြစ်ပေးတဲ့အနေနဲ့ ငါ့ကို မိုးကြိုးပစ်ချလိုက်မှာစိုးရတယ်”

ချီရွှမ်းစုက သူ၏ပစ္စည်းများကို ထုတ်ပိုးရန် သွားလိုက်၏။

“ချင်းရှောင်… မင်းက စာအုပ်စင်ပေါ်က သံဆူးချွန်အစည်း ပစ်ပေးလို့ ရမလား”

“ဒီဟာလား”

“ဟုတ်တယ်… ဒုတိယမြောက်စင်ပေါ်က ဟာရောပဲ”

“ရတယ်လေ”

“ဒါနဲ့ စာအုပ်စင်ရဲ့ တတိယအတန်း ဘယ်ဘက်ကရေတွက်ရင် ဒုတိယမြောက် စာအုပ်ကြားမှာ ငွေစက္ကူအတန်ကြီးတစ်ရွက် ငါထည့်ထားတယ်”

“နင် အသပြာဝှက်တဲ့ပုံစံက စိတ်ဝင်စားဖို့ ကောင်းသားပဲ”

သူတို့သည် အိပ်ခန်းနှင့် မီးဖိုခန်းများထဲဝင်ပြီး လဲလှယ်စရာ အဝတ်အစားတချို့နှင့် ရိက္ခာခြောက်တချို့ကို ယူလိုက်ကြသည်။ နောက်ဆုံးမှာတော့ ဤပစ္စည်းများအားလုံးကို ကြီးမားသည့် အိတ်ကြီးတစ်လုံးထဲ ထည့်ကာ ထုပ်ပိုးလိုက်လေသည်။

ကျန်းယွဲ့လုက အိတ်ကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်နေ၏။

ချီရွမ်းစုကမေးလိုက်၏။

“ဘာများ ဖြစ်လို့လဲ”

“ငါ စဉ်းစားမိရုံပါ”

ကျန်းယွဲ့လုက ခဏမျှတွေဝေနေပြီးနောက် ဆက်ပြောလိုက်သည်။

“ဒီလို.. ကိုးရိုးကားရားအိတ်ကြီးနဲ့ နင့်ကို တံခါးဝမှာ မြင်လိုက်ရရင် ငါ့အမေမျက်နှာ ဘယ်လိုဖြစ်သွားမလဲ မသိဘူး”

ချီရွမ်းစုက နှုတ်ခမ်းမဲ့ကာပြောလိုက်သည်။

“ငါ့မှာ မှော်သိုလှောင်ပစ္စည်းမရှိလို့ မင်း အထင်သေးနေတာလား… ရတယ်လေ ဒါဆိုလည်း ပိုပြီးတော့ အဆင်ပြေမယ့်တစ်ယောက်ကို သွားရှာလိုက်တော့”

ကျန်းယွဲ့လုက သူ့ကို ခပ်ဖွဖွထိုးလိုက်သည်။

“ဟန်ဆောင်မနေစမ်းပါနဲ့…ဒီစကားလောက်နဲ့ နင်မခံစားတတ်ဘူးဆိုတာ ငါသိတယ်”

ချီရွမ်းစုက လှောင်ပြုံးပြုံးလိုက်သည်။

“မင်းပြောတာမှန်တယ်… ငါတကယ်ပဲ ဂရုမစိုက်ဘူး… မင်းအမေက ငါ့ကိုဘယ်လိုထင်မလဲဆိုတာတောင် ဂရုမစိုက်ဘူး… အဲဒါက တကယ်တော့ မင်းစိုးရိမ်နေရမယ့်အရာပဲ”

ကျန်းယွဲ့လုက မျက်လုံးစွေကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကိုစေ့ပြီးနောက် လက်ဆန့်လိုက်၏။

“နင့်အိတ် ငါ့ကိုပေး… ငါ့ရဲ့မှော်သိုလှောင်ပစ္စည်းထဲထည့်ပေးထားမယ်… နင်လိုတဲ့အခါ ပြန်ထုတ်ပေးမယ်”

ချီရွမ်းစုက ကွပ်မျက်သူ၊ မရီးဒါန်နှင့် ငှက်စိမ်းပစ္စကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ဒါတွေကိုရော ဘယ်လိုလုပ်မလဲ”

ကျန်းယွဲ့လုက ပြောလိုက်သည်။

“နင် အဲဒီပစ္စည်းတွေကို ယူမနေနဲ့တော့… ငါရဲ့ နတ်နဂါးပစ္စတို နင့်ကို ငှားပေးထားမယ်”

နောက်ဆုံးတစ်ခေါက် သူတို့ စီမုခံတပ်မှာ ရှိခဲ့စဉ်က ကျန်းယွဲ့လုသည် ချီရွှမ်းစုအား သူမ၏ နတ်နဂါးပစ္စတိုကို ငှားပေးထားခဲ့သည်။ ထိုဖြစ်ရပ်ပြီးမှာ သူက ထိုလက်နက်ကို ပြန်ပေးခဲ့ရသည်။ ထိုလက်နက်များကို ထျန်းကန်းခန်းမကနေ ထုတ်ပေးထားခြင်းဖြစ်ပြီး အခြားသူများကို မပေးနိုင် သို့မဟုတ် မရောင်းချနိုင်သောကြောင့် ဖြစ်သည်။

ချီရွှမ်းစုက လက်ခံလိုက်သည်။

“ဟုတ်ပြီလေ”

ကျန်းယွဲ့လုက ချီရွှမ်းစု၏ ခါးမှာ ချိတ်ဆွဲထားသည့် ဓားတိုကို တစ်ချက်ကြည့်ပြီး ရုတ်တရက် တစ်ခုခုကို မှတ်မိသွားသည်။ သူမက မေးလိုက်သည်။

“ဒက်စ်မန်ကို သတ်ခဲ့တာ အဲဒီဓားနဲ့လား”

“ပြောရမယ်ဆိုရင်တော့ နောက်ဆုံးအချိန်မှာ ဒက်စ်မန်ကို သတ်ခဲ့တာက သာလွန်မဟူရာသွေးနဲ့ နဂါးဖီးနစ်ဗုံးပဲ။”

ချီရွှမ်းစုက ရှင်းပြလိုက်သည်။

“ငါက သူ့နောက်ကျောနဲ့ နှလုံးကို ထိုးဖောက်ဖို့အတွက် ဒီဓားကို သုံးခဲ့ရုံပဲ”

ကျန်းယွဲ့လုက မေးလိုက်သည်။

“အဲဒီဓားရဲ့နာမည်က ဘာတဲ့လဲ”

ချီရွှမ်းစုက ခဏမျှတွေဝေနေ၏။ သူက ဓားကို ဆွဲထုတ်ပြီး လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ဓားသွားပေါ်မှာ သူ့မျက်နှာက ရောင်ပြန်ဟပ်နေ၏။

“ဒီဓားမှာ နာမည်မရှိဘူး”

“ငါတို့.. အဲဒါကို နာမည်တစ်ခုပေးရင် မကောင်းဘူးလား”

ကျန်းယွဲ့လုက အကြံပြုလိုက်သည်။

ချီရွမ်းစုက မေးလိုက်၏။

“ဘာနာမည်လဲ”

ကျန်းယွဲ့လုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါရဲ့ အများခေါ်နာမည်က ချင်းရှောင်…. နင့်နာမည်ကတော့ ထျန်းယွမ်… ငါတို့ အဲဒါကို ချင်းယွမ်လို့ပေးရင် မကောင်းဘူးလား”

“ကောင်းသားပဲ”

ချီရွှမ်းစုက သဘောတူ လက်ခံလိုက်သည်။ တစ်ခါတလေမှာ ချီရွှမ်းစုသည် အစ်မချီ ပြောသလောက် သဘောပေါက်မနှေးပေ။ ထို့ကြောင့် သူဓားမှာ ကျန်းယွဲ့လု၏ နာမည်ကို ဘာလို့ထည့်ရမလဲ သူကမမေးဘဲ ကျေနပ်စွာဖြင့် သဘောတူလက်ခံလိုက်ခြင်း ဖြစ်သည်။

ချီရွှမ်းစုက ချင်းယွမ်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်စဉ် ကျန်းယွဲ့လုက သူ့အိတ်ကို သူမ၏ မှော်သိုလှောင်ပစ္စည်းထဲ ထည့်လိုက်သည်။ ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ မှော်သိုလှောင်ပစ္စည်းထဲ တစ်ခါဝင်ကြည့်ခဲ့ဖူးပြီး အထဲမှာ သူ့အိတ်ကို ကောင်းကောင်းထည့်နိုင်သည့် နေရာလွတ်ရှိသည်ကို သိထားသည်။

ကျန်းယွဲ့လုက မေးလိုက်၏။

“ငါတို့ သွားကြတော့မလား”

“ရတယ်လေ”

ချီရွှမ်းစုက အချိန်ဆွဲတတ်သူ မဟုတ်ပေ။ သူက အရင်ဆုံး ကျန်းယွဲ့လုကို ခြံဝန်းထဲမှာ စောင့်ခိုင်းထားသည်။ ထို့နောက် တံခါးများအားလုံးကို မင်းတုပ်ချ၍ ပင်မတံခါးကို သော့ခတ်လိုက်သည်။

ကျိုးရှိခေတ်၏ ၄၁ ခုနှစ်၊ ဆယ်လပိုင်း ၁၆ ရက်နေ့မှာ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် ကျောက်စိမ်းနေပြည်တော်ကနေ ထွက်ခွာကာ ကုန်းကြောင်းလမ်းဖြင့် ရှန်ချင်းစီရင်စုသို့ ဦးတည်လိုက်ကြသည်။

ခွန်လွန်တောင်အဆင်းလမ်းမှာ နှင်းများက ထူထပ်စွာ ကျဆင်းလာသည်။

ချီရွှမ်းစု အံ့အားသင့်သွားရသည်မှာ ကျန်းယွဲ့လုသည် သူ့အတွက် ခြုံထည်အသစ်တစ်ထည် ဝယ်ပေးလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဤခြုံထည်ကို အဝတ်အစားဆိုင်မှာ တွေ့မြင်ခဲ့ဖူးပြီး ၎င်းက အနည်းဆုံး ထိုက်ဖျင်ဒင်္ဂါးတစ်ရာတန်သည်ကို သိရှိထားသည်။

ကျန်းယွဲ့လုသည် သူမ၏ မိသားစုနှင့် တွေ့ဆုံဖို့အတွက် ချီရွှမ်းစုအား ထျန်းကန်းခန်းမက ထုတ်ပေးထားသည့် ခြုံထည်ကို မဝတ်စေချင်သော်လည်း သူ့အတွက် ဤခြုံထည်ကိုဝယ်ဖို့အတွက် သူမက အနည်းငယ် စဉ်းစားခဲ့ရပေမည်။

ကျန်းယွဲ့လုက ငွေရှာသည့်နေရာမှာ စွန်းယုံဖုန့်လောက် မကျွမ်းကျင်ပေ။ ထို့ကြောင့် သူမက မချမ်းသာပေ။ ထိုက်ဖျင်ဒင်္ဂါးတစ်ရာကလည်း နည်းသည့်ပမာဏ မဟုတ်ပေ။ ဤအပြုအမူမှာ သူ့ရင်ထဲ မထိဟုဆိုလျှင် လိမ်ညာရာကျပေလိမ့်မည်။ ချီရွှမ်းစုသည် မိဘဆွေမျိုးများမရှိဘဲ ကြီးပြင်းခဲ့ရသည်။ သူ့ကို ဂရုစိုက်ပေးသည့် ရင်းရင်းနှီးနှီး မိတ်ဆွေသူငယ်ချင်းများမရှိဘဲ သူက တကယ့်ကို အထီးကျန်နေခဲ့သူ ဖြစ်သည်။

သူ့ဆရာကလွဲလျှင် ထိုက်ဖျင်ဒင်္ဂါးတစ်ရာတန်သည့် မည်သည့်ပစ္စည်းကိုမှ သူ့အတွက် မည်သူကမျှ ဝယ်မပေးခဲ့ဖူးပေ။ အစ်မချီကတော့... ချီရွှမ်းစုအပေါ် သူမ၏ ကြင်နာမှုမှာ ဘယ်တုန်းကမှ ငွေရေးကြေးရေး မပါဝင်ခဲ့ပေ။

သို့သော်လည်း ချီရွှမ်းစုက စိတ်ခံစားချက်များကို ပြသလေ့မရှိဘဲ စကားများစွာ မပြောဆိုပေ။

သူက ခြုံထည်ကိုဝတ်ဆင်ပြီးနောက် သူ့ခြုံထည်နှင့် ကျန်းယွဲ့လု၏ ခြုံထည်သည် လက်ရာနှင့် အထည်သားချင်း အတော်လေးဆင်တူနေသည်ကို ရုတ်တရက် သိရှိသွားသည်။ သူမက ထိုခြုံထည်နှစ်ထည်ကို တစ်ချိန်တည်းမှာ ဝယ်ခဲ့ခြင်း ဖြစ်လောက်သည်။

ချီရွှမ်းစု၏ အကြည့်ကို သတိထားမိသောအခါ ကျန်းယွဲ့လုက အနည်းငယ် နေရထိုင်ရခက်သွားသည်။

လွန်ခဲ့သည့်ည ထိုက်ရှန်အကွက်မှာ သူတို့ လမ်းခွဲခဲ့ပြီးနောက် ချီရွှမ်းစုက အိပ်မက်အစည်းအဝေး တက်ရောက်ဖို့အတွက် အလောတကြီးရှိနေပြီး ထိုက်ချန်အကွက်သို့ ပြန်သွားခဲ့သည်။ သို့သော်လည်း ကျန်းယွဲ့လုက ရွှမ်မြို့တော်ကို ပြန်သွားဖို့ အလောတကြီး ရှိမနေခဲ့ပေ။ ထိုအစား သူမက ထိုက်ချင်းရင်ပြင်သို့ သွားရောက်ခဲ့သည်။ ကံကောင်းစွာဖြင့် ရှယွမ်ပွဲတော်နေ့ဖြစ်ပြီး ထိုအချိန်ထိ ဆိုင်များစွာက ဖွင့်ထားခဲ့ဆဲဖြစ်သည်။

တကယ်တော့ ကျန်းယွဲ့လုသည် ချီရွှမ်းစုအတွက် ခြုံထည်တစ်ထည် ဝယ်ပေးဖို့သာ စဉ်းစားခဲ့သည်။ သူမ၏ ကျင့်ကြံမှုအဆင့်အရ သူမသည် အပူနှင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး ခြုံထည်တစ်ထည် ဝတ်ဆင်သည်ဖြစ်စေ၊ မဝတ်ဆင်သည်ဖြစ်စေ ကိစ္စမရှိချေ။

သို့သော်လည်း ဆိုင်ရှင်က ရောင်းချရာမှာ အလွန်တော်သည်။ ကျန်းယွဲ့လုက အမျိုးသားဝတ် ခြုံထည်တစ်ထည် ဝယ်ဖို့လုပ်နေသည်ကို တွေ့ရပြီးနောက် သူတို့က အစုံလိုက်လာသောကြောင့် သူမက လိုက်ဖက်ညီမည့် တစ်ခုကိုလည်း ဝယ်သင့်ကြောင်း ဆိုင်ရှင်က အကြံပေးခဲ့သည်။ နောက်ဆုံးမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယွဲ့လုက ပုံစံတူသော ခြုံထည်နှစ်ထည်ကို ဝယ်လာခဲ့မိသည်။

သူမ အိမ်ပြန်ရောက်သည့်အခါ အနည်းငယ် နောင်တရမိနေခဲ့၏။ သို့သော်လည်း သေသေချာချာ စဉ်းစားပြီးနောက် သူမက ခြုံထည်အသစ်ကို ဝတ်သွားဖို့ ဆုံးဖြတ်ခဲ့သည်။

ဤမနက်စောစောမှာ ကျန်းယွဲ့လုသည် ချီရွှမ်းစု၏ အိမ်သို့သွားခဲ့ပြီး တံခါးဝမှာ မထင်မှတ်ဘဲ သီလရှင်စွေ့နှင့် ဆုံမိသွားသည်။ သီလရှင်စွေ့သည် ခန်းမကိုးဆောင်မှာ သူမနှင့် မကြာခဏတွေ့ဆုံဖူးပြီး အတော်လေး စကားများသည့်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျန်းယွဲ့လုက သူမနှင့် အလ္လာပသလ္လာပပြောဆိုလိုက်ရ၏။ ထိုသို့ဖြင့် ချီရွှမ်းစုက နိုးလာခြင်း ဖြစ်သည်။

ချီရွှမ်းစုက အကြည့်လွှဲပြီး ညင်သာစွာ ချောင်းဟန့်လိုက်သည်။

“ဒီခြုံထည်က တော်တော်လေး ကောင်းသားပဲ”

ကျန်းယွဲ့လုက သူမ၏ ခေါင်းစွပ်ကို ဆွဲတင်ပြီး သူမ၏ မျက်နှာတစ်ဝက်လောက်ကို ကွယ်ဝှက်ကာ ဘာမှမပြောဆိုပေ။

ချီရွှမ်းစုကလည်း ဘာပြောရမည်မသိဘဲ နှုတ်ဆိတ်နေမိသည်။

All Chapters