ဉာဏလေးမျိုးနှင့် သမာဓိရှစ်မျိုး
Vol. 6 Ch. 522
ဆန်းလျန်က ဝမ်ချန်နန်းတော် တည်ရှိရာနေရာသို့ တစ်ချက် ကြည့်လိုက်ရင်း ပြုံးလိုက်လေသည်။
“အဲဒီလူက ပေါ့သေးသေးတော့ မဟုတ်ဘူး၊ ဝမ်ချန်နန်းတော်ရဲ့ တောင်ဘက် တံခါးမှာ သွားစောင့်နေပါ၊ သူ့ကိုတွေ့ရလိမ့်မယ်”
"တောင်ဘက်တံခါး… ဟုတ်လား"
ဝမ်ချန်နန်းတော်မှ တောင်ဘက်တံခါး ဆိုသည်က မိစ္ဆာ စွမ်းအားများဖြင့် ပြည့်နေသည့် နေရာတစ်ခု ဖြစ်လေသည်။ တာ့ရှားဧကရာဇ်ကို ဆန့်ကျင်သူများ အားလုံးသည် ထိုတံခါးမှ ဆွဲထုတ်ပြီး ကွက်မျက် ခံရလေ့ ရှိလေသည်။ ထို့ကြောင့် ထိုပတ်ဝန်းကျင်တွင် ဝိညာဉ်ဆိုးများဖြင့် ပြည့်နှက်နေပြီး သရဲအလွန်ခြောက်သည့် နေရာတစ်နေရာ ဖြစ်လေသည်။ တစ်ချိန်လုံး သရဲတစ္ဆေများက ခြောက်လှန့် နေတတ်ပြီး မွန်းတည့် နေရောင်ခြည်နှင့် ထိတွေ့မှသာ ဝိညာဉ်ဆိုးများ ပျောက်ကွယ် သွားလေ့ ရှိလေသည်။
ဆန်းလျန်က ခေါင်းညိတ် လိုက်လေသည်။
"အဲဒီလူကို တောင်ဘက်တံခါးက ဆွဲထုတ်သွားမယ်လို့ ခင်ဗျားက ပြောချင်တာလား"
မုကျန်းက ဆက်မေး လိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒီအကြောင်းတွေကို မင်းကို ပြောပြနေရတာက ကျုပ်တို့တွေက ကျင့်ကြံသူ အချင်းချင်းတွေ မို့လို့ပဲ၊ ယုံတာမယုံတာတော့ မင်းကိစ္စပဲ"
ထို့နောက်တွင်တော့ ဆန်းလျန်သည် အင်္ကျီလက် တစ်ဖက်ကို ဝှေ့ယမ်း လိုက်လေရာ တာအို ဆရာမုကျန်းမှာ ချက်ချင်းပင် လွင့်ထွက်သွားရကာ ကျီဝေး၀တ် ကျောင်းတော်ကို ဖြတ်ကျော်ပြီး ရှားတူးမြောင်း တစ်ဖက်ကမ်းသို့ ရောက်ရှိ သွားလေတော့သည်။
မုကျန်းမှာ ကြောက်ရွံ့ထိတ်လန့် နေလေသည်။ နတ်ဘုရားများသည် ခန့်မှန်း၍ရသူများ မဟုတ်ကြပေ။ သူတို့သည် လူသားများကိုလည်း ကလေး သူငယ်များကဲ့သို့ ကစားတတ် ကြသေးသည်။
သို့သော်… ဆန်းလျန်ပြောသည့် စကားများကတော့ အမှန်အတိုင်း ဖြစ်နိုင်လေသည်။ ထို့ကြောင့် မုကျန်းသည် ဝမ်ချန်နန်းတော် တောင်ဘက် တံခါးတွင် သွားစောင့်နေရန် ဆုံးဖြတ် လိုက်လေတော့သည်။
ပုနန်ကိုယ်တော်သည် ဖြစ်ပျက်သမျှ အကြောင်းအရာများ အားလုံးကို ကြည့်နေလေသည်။
မုကျန်းမှာ ဆန်းလျန်ထံမှ အကူအညီ ရသွားသည့်အတွက် ပုနန် ဆရာတော်သည် အနည်းငယ် မနာလို ဖြစ်မိလေသည်။ ဆန်းလျန်သည် မုကျန်းအပေါ်တွင်တော့ ကူညီပြီး သူ့အပေါ်တွင်တော့ ကူညီလိုခြင်းရှိပုံ မပေါ်ဟု ပုနန်ဆရာတော် တွေးနေမိလေသည်။
အမှန်တော့ ဆန်းလျန်က မုကျန်းမှာ လျိုမုန့်တယ်၏ ဆရာဖြစ်သည်ကို သိရှိထားသည့် အတွက် ရွှမ်ကျန်း ကျောင်းတော်ကို အလေးထားကာ ကူညီခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း…
"ဆရာတော်က ကျုပ်ဆီက တကယ် အကူအညီ လိုချင်တာလား၊ ဒါပေမဲ့ ကျုပ်ကို စိတ်ဝင်စားအောင် လုပ်ဖို့ဆိုတာ တော်ရုံနဲ့တော့ မဖြစ်နိုင်ဘူးနော်”
ပုနန်ဆရာတော်က တည်ကြည်လေးသည့် လေသံဖြင့်…
“တိုင်းပြည် အကြံပေး အမတ်မင်းရဲ့ သဘော အတိုင်းပါပဲ၊ တကယ်လို့ တာ့ကြွယ် ကျောင်းတော်ကနေ အမတ်မင်း လိုချင်တာ တစ်ခုခု ရှိမယ်ဆိုရင် ကျုပ်တို့က အမတ်မင်းကို စိတ်မပျက်စေရပါဘူး”
ဆန်းလျန်က ရယ်မောလိုက်ရင်း…
“ဆရာတော်ရဲ့ တာ့ကြွယ် ကျောင်းတော်မှာ ကျုပ်လိုချင်တဲ့ အဖိုးတန် ပစ္စည်းရှိတယ် ဆိုရင်တောင်မှ ဆရာတော်မသိအောင် ကျုပ်မှာယူလို့ရတဲ့ အစွမ်းတွေ ရှိပါတယ်၊ ဒါပေမဲ့ တစ်ခုတော့ မေးကြည့်ချင်တယ်၊ တာ့ကြွယ် ကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ သူက ဘယ်သူများလဲ”
ဆန်းလျန်က အဘယ့်ကြောင့် ထိုသို့သော မေးခွန်းမျိုးမေးရသည်ကို ဆန်းလျန်မသိပေ။ သို့သော် သူက အမှန်အတိုင်းပင် ဖြေလိုက်လေသည်။
"ကျုပ်တို့ ကျောင်းတော်ကို တည်ထောင်ခဲ့သူက မဟာကျားရဲ့ ကိုယ်တော်ကြီးပါ"
ဗုဒ္ဓ၏ တပည့်သာဝကများ ထဲတွင် ကျားရဲ့ ကိုယ်တော်ဆိုသည့် အမည်ရှိသူ ငါးယောက် ရှိလေသည်။ သို့သော် မဟာကျားရဲ့ဟု “မဟာ” ထည့်ကာ ခေါ်ရသည့် ကြီးမြတ်သည့် မဟာကျားရဲ့ ကိုယ်တော်ကြီးကတော့ တစ်ပါးသာလျှင် ရှိလေသည်။ ထို့ပြင် မဟာကျားရဲ့ ကိုယ်တော်ကြီးသည် ဗုဒ္ဓ၏အစောဆုံး တပည့်ဦးတစ်ယောက်လည်း ဖြစ်လေသည်။
ဆန်းလျန်က…
"ဗုဒ္ဓဘာသာမှာ မြင့်မြတ်တဲ့ ဗောဓိသကျပေါင်းများစွာ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ မဟာကျားရဲ့ ကိုယ်တော်ကြီးကတော့ တကယ့်ထိပ်တန်း ကိုယ်တော်ကြီးတစ်ပါးပါပဲ၊ သူ့ရဲ့ အကြောင်းတွေကို ကျမ်ဂန်တွေထဲမှာ ဖတ်ရတဲ့အခါ သူနဲ့ ဗုဒ္ဓ အပြန်အလှန် ပြောဆိုကြတဲ့ စကားတွေကို ကျုပ်မမေ့နိုင်ခဲ့ဘူး၊ ဒီတော့ ဆရာတော်က မဟာကျားရဲ့ ကိုယ်တော်ကြီးဆီကနေ ပညာအမွေ လက်ဆင့်ကမ်း ယူလာတဲ့သူဆိုတော့ ကျုပ်မေးတာကို ဖြေမယ်ဆိုရင် ဆရာတော်ကို အခွင့်အရေး ပေးမယ်”
ဆန်းလျန်၏ စကားကိုကြားသည့် အခါတွင်တော့ ပုနန်ဆရာတော်သည် စိတ်ထဲတွင် ဝမ်းသာ သွားလေသည်။ ဆန်းလျန် တောင်းဆိုသည့် အချက်မှာ ခက်ခဲသည်မှ မဟုတ်ပေပဲ။
ထို့ပြင် ဆန်းလျန်သည် ဂုဏ်သရေရှိသူ တစ်ယောက် ဖြစ်သည့်အတွက် မဖြစ်နိုင်သည့် မမေးခွန်းများကို မေးပြီး တောင်းဆိုမည့် လူတစ်ယောက်တော့ မဟုတ်ပေ။
“ဘာလုပ်ရမလဲ ဆိုတာသာ ပြောပါ”
ပုနန်ဆရာတော်က မေးလိုက်လေသည်။
“ဆရာတော်က တရားထိုင်တဲ့ ကျင့်စဉ်ကို ကျင့်ကြံတယ်မဟုတ်လား၊ တရားထိုင်ခြင်းမှာ ဉာဏလေးမျိုးနဲ့ သမာဓိ လေးမျိုးဆိုပြီးတော့ ရှိတယ်၊ ဒီတော့ ဆရာတော်ရဲ့ လက်ရှိအဆင့်က ဘယ်အဆင့်ကို ရောက်နေပါပြီလဲ”
ထိုမေးခွန်းကို ဆန်းလျန် မေးလာသည့် အခါတွင်တော့ ပုနန်ဆရာတော်က မအံ့သြတော့ပါ။
“ကျုပ်ကအခု ဒုတိယဈန် အဆင့်ကို ရောက်နေပါပြီ”
တရားထိုင်ခြင်းကျင့်စဉ်သည် “မရှိမှု” နယ်ပယ်ကို ဖွေရှာသည့် ကျင့်စဉ် ဖြစ်လေသည်။
တရားထိုင်ခြင်း အဆင့်များတွင် “မရှိခြင်း” နယ်ပယ်ကို ဈာန်လေးမျိုးနှင့် အာကာသ ဆယ့်ခုနစ်ခုဟု ခွဲခြား ထားလေသည်။ ပထမ အဆင့်ဈာန်တွင် အာကာသသုံးခု၊ ဒုတိယ အဆင့်ဈာန်တွင် အာကာသအဆင့်သုံးခု၊ တတိယအဆင့်ဈာန်တွင် အာကာသ အဆင့်သုံးခု၊ စတုတ္ထ အဆင့်ဈာန်တွင် အာကာသ အဆင့်ရှစ်ခု ရှိလေသည်။
တရားထိုင်ခြင်းကျင့်စဉ်သည် စကြဝဠာ အတွင်းရှိ လူတိုင်း၏ နာမ်ဝိညာဉ်ကို မြှင့်တင် ပေးလေသည်။ နာမ်ဝိညာဉ်အဆင့် မြင့်မားလာသည်နှင့် အမျှ “မရှိခြင်း” နယ်ပယ်ကို ရှာတွေ့နိုင်လေသည်။ “မရှိခြင်း” နယ်ပယ်မှာ ဗုဒ္ဓဘာသာ၏ လောကသုံးခု အနက်မှ တစ်ခုလည်း ဖြစ်လေသည်။
ဆန်းလျန်သည် “မရှိခြင်း” နယ်ပယ်ကို ကျော်လွန်ရောက်ရှိခဲ့သူ တစ်ယောက် ဖြစ်လေသည်။
သို့သော် ဆန်းလျန်သည် ထိုသို့သော နာမ်ဝိညာဉ် စွမ်းအားများကို ရရှိရန်အတွက် “မရှိခြင်း” နယ်ပယ်သို့ သွားရောက်ခဲ့ခြင်း မဟုတ်ပါ။ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ် စာအုပ်အတိုင်း ကျင့်ကြံရင်း ဝိညာဉ်စွမ်းအားများ မြင့်တက်လာကာ “မရှိခြင်း” နယ်ပယ်ကို ကျော်လွန် ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန် ကျင့်ကြံခဲ့သည့် ကျင့်စဉ်လမ်း တစ်လျှောက်လုံးသည် ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရား လင်ပေါင်ထျန်းကျွင်းနှင့် ဆက်စပ် ပတ်သက်နေခဲ့လေသည်။
ဆန်းလျန်က ရုတ်တရက် ပြုံးလိုက်လေသည်။ ပုနန်ဆရာတော်သည် တကယ်တော့ တရားထိုင်ခြင်း ကျင့်စဉ်တွင် ဒုတိယအဆင့်သာ ရောက်ရှိသေးသည်။
ဆန်းလျန် ပြုံးလိုက်သည့် အဓိပ္ပာယ်ကို ပုနန်ဆရာတော်က နားလည်ခြင်းမရှိပါ။
ဆန်းလျန်သည် အခိုးအငွေ့အလား ပေါ့ပါးလွန်းစွာဖြင့် ပုနန်ဆရာတော်ကို တစ်ပတ်ပတ်ကာ ကြည့်ရှုလိုက်ပြီးမှ ရပ်တန့် လိုက်လေသည်။
“ဆရာတော် သံသရာကို ချိုးဖျက်နိုင်တဲ့ အဆင့်ကို ရောက်ပြီဆိုရင် ကျုပ်ကို ထပ်လာရှာပါ”
ထိုသို့ပြောပြီးသည်နှင့် ဆန်းလျန်သည် ကျီဝေးကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားကာ ကျောင်းတော် တံခါးကို ပိတ်လိုက် လေတော့သည်။
ပုနန်ဆရာတော်ကို ဆန်းလျန် တစ်ပတ်လှည့်ပတ် သွားသည့် နေရာတွင် စည်းဝိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ပုနန်ဆရာတော်သည် ထိုစည်းဝိုင်းကို ကျော်ဖြတ်ပြီး လျှောက်သွားရန် ကြိုးစားလိုက်သည့် အခါတွင်တော့ ရွှေရောင် အလင်းတန်း တစ်ခုသည် ရုတ်တရက် ပေါ်ပေါက် လာလေသည်။
ထိုရွှေရောင် အလင်းတန်းက သူ၏စိတ်များကို ရှုပ်ထွေး စေရုံသာမက မမြင်ရသည့် လက်တစ်ဖက်ဖြင့် သူ့ကို ဆွဲထားသလိုလည်း ခံစားလိုက်ရလေသည်။
ဝမ်ချန်နန်းတော်….
ကျောက်စိမ်းသလွန် တစ်ခုထက်တွင် အလွန်ချောမောလှပသည့် ရဟန်းမင်းကြီး လဲလျောင်း နေလေသည်။
ကျောက်စိမ်း သလွန်ကို အစိမ်းရောင် လိုက်ကာစဖြင့် ကာရံထားလေသည်။ အခန်း အပြင်အဆင်သည် အပိုအလိုမရှိဘဲ ရိုးရှင်း သပ်ရပ် လွန်းလှလေသည်။
ကျောက်စိမ်း သလွန်မှာ ကျောက်စိမ်းဘုရင် အသားနှင့် ပြုလုပ်ထားသည့် သလွန်တစ်ခု ဖြစ်ပြီး စိတ်ကို တည်ငြိမ် အေးချမ်းစေလေသည်။ မိစ္ဆာများ၏ ရန်မှလည်း ကာကွယ်ပေးပြီး ဒဏ်ရာများကိုလည်း သက်သာ နိုင်စေလေသည်။
ကျောက်စိမ်း ဘုရင်အသားသည် မိုးနှင့်မြေတွင် ရှားပါးလွန်းသည့် ရတနာပစ္စည်းတစ်ခု ဖြစ်လေသည်။
ထို့ပြင် အသူရာချောက်မှ ကျောက်စိမ်း ဘုရင်အသားသည် သန့်စင်ပြီး ဘေးထွက် ဆိုးကျိုးမရှိဘဲ ရုပ်ရည်ကိုလည်း နုပျို လှပစေလေသည်။
ကျောက်စိမ်း သလွန်ထက်တွင် လဲလျောင်းနေသည့် ရဟန်းမင်းကြီး၏ မျက်နှာမှာ သွေးရောင်မရှိ ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။
ကျောက်စိမ်းသလွန်နှင့် မနီးမဝေးတွင် တာ့ရှားဧကရာဇ်သည် ဒေါသ အကြီးအကျယ် ထွက်နေလေသည်။
“သောက်သုံးမကျတဲ့ ကောင်တွေ၊ တစ်ယောက်မှ သောက်သုံးမကျဘူး၊ သူသာ သေသွားလို့ ကတော့ တစ်လောကလုံးကို သတ်ပြီး မြေမြှုပ်ပစ်မယ်”
***