← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း ၁၉ - အရှုပ်အရှင်းများကို ရှင်းလင်းခြင်း

"ငါက မင်းရဲ့ စီနီယာအစ်ကိုပဲ... ကောင်းကင်ကြီး ပြိုကျလာမှာ မဟုတ်ဘူး..."

သူ၏ တည်ငြိမ်သော လေသံသည် ကြီးစိုးလွှမ်းမိုးသော ကြေညာချက်တစ်ခုကို ပေးစွမ်းလိုက်ပြီး သဘာဝကျကျပင် အထင်ကြီးလောက်စရာ ဟန်ရေးပြမှုတစ်ခု ဖြစ်၏။

ချန်ချန်ရှန်း၏ အခန်းထဲမှ ထွက်လာချိန်တွင် အိုးယန်ပင်လျှင် သူ၏ စိတ်နှလုံးထဲ၌ မိမိကိုယ်ကိုယ် အားပေးချီးကျူးမိခြင်းမှ မအောင့်အည်းနိုင်ခဲ့ချေ။

သူ၏ အလွန်စွမ်းအားကြီးမားသော ဂျူနီယာညီလေးများ၏ ရှေ့တွင် ကြွားဝါရသည်မှာ ရေခဲလို အေးစက်နေသော ၁၉၈၂ ခုနှစ်ထုတ် ကိုကာကိုလာ တစ်ပုလင်းကို သောက်လိုက်ရသကဲ့သို့ အလွန်တရာ ကျေနပ်စရာကောင်းလှသည်။

အိုးယန်က ချန်ချန်ရှန်း၏ တံခါးကို ပိတ်လိုက်ပြီး ခြံဝင်းဆီသို့ အကြည့်လွှဲလိုက်သည်။

စိမ်းလန်းစိုပြေနေသော သစ်ကိုင်းများနှင့် သစ်ရွက်များ ရှိသော သစ်ပင်တစ်ပင်၏ အောက်တွင် လေးထောင့်ကျကျ မျက်နှာနှင့် တိဗက်မြေခွေးတစ်ကောင်သည် ကျောက်စားပွဲတစ်ခု၌ ထိုင်ကာ လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်လျက် လမင်းကို ကြည့်နေလေ၏။

"တော်တော်လေးကို အေးအေးဆေးဆေးနဲ့ သာယာနေတဲ့ စိတ်အခြေအနေပဲနော်... မင်းက မိစ္ဆာတစ်ကောင်ဆိုတာကို ငါ့ရဲ့ ဂျူနီယာညီလေးတွေ သိသွားမှာ မကြောက်ဘူးလား..."

အိုးယန်က လေးထောင့်ကျကျ မျက်နှာနှင့် မြေခွေး၏ မျက်နှာချင်းဆိုင်သို့ လျှောက်သွားကာ သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ရင်း ပြောဆိုလိုက်သည်။

ဟူယန်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး တွဲလောင်းကျနေသော နောက်ခြေထောက်ကို အခြားခြေထောက်ပေါ်သို့ သတိမထားမိသလို ချိတ်လိုက်ကာ သူ၏ ခေါင်းလောင်းကို ပါးနပ်စွာ ဖုံးကွယ်လိုက်ပြီးနောက် ဖြည်းညင်းစွာ စတင် ပြောဆိုလိုက်၏။

"ငါ့ရဲ့ အရှိန်အဝါကို ငါ ဖုံးကွယ်ထားပြီးပြီ... ဒီလူငယ်လေးတွေက အံ့မခန်းဖွယ် ပါရမီတွေ ရှိကြပေမယ့် ငါ့ရှေ့မှာတော့ လုံလောက်မှု မရှိသေးပါဘူး... ပြောရရင် စီနီယာက အရမ်းကောင်းတဲ့ စီနီယာအစ်ကို တစ်ယောက်ပါပဲ..."

"ငါ့ကို စီနီယာ စီနီယာလို့ မခေါ်ပါနဲ့... တကယ်တော့ ငါက အဲ့ဒီလောက်တောင် မအိုသေးပါဘူး..."

အိုးယန်က သူ၏ လက်ထဲရှိ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်ရင်း ပြောဆိုလိုက်သည်။ သူ၏ ပါးစပ်ထဲတွင် လက်ဖက်ရည်ရနံ့များ ပြည့်နှက်သွားပြီး ကောင်းကင်နှင့်မြေကြီး မူလချီ၏ အရိပ်အယောင်တစ်ခုပင် သူ၏ ပါးစပ်ထဲတွင် ရစ်ဝဲနေပေ၏။

"ကောင်းမွန်တဲ့ လက်ဖက်ရည်ပဲ..."

အိုးယန်၏ မျက်လုံးများ တောက်ပသွားပြီး နောက်ထပ် လက်ဖက်ရည်အိုး တစ်အိုးကို ယူရန် လက်လှမ်းလိုက်သည်။

ဟူယန်က အိုးယန်၏ လက်ထဲမှ လက်ဖက်ရည်အိုးကို အလျင်အမြန် လုယူလိုက်ပြီး အနည်းငယ် နှမြောတသဖြစ်နေသော လေသံဖြင့် ပြောဆိုလိုက်၏။

"ဒါတွေက အနှစ်တစ်သောင်း သက်တမ်းရှိတဲ့ ဝိညာဉ်လက်ဖက်ပင်က အရွက်တွေလေ... မင်းက လက်ဖက်ရည်ကို အဲ့ဒီလို သောက်တာလား..."

အိုးယန်က နှုတ်ခမ်းဆူလိုက်သည်။ ဤမြေခွေးသည် အရုပ်ဆိုးပြီး ကပ်စေးနှဲလှပေ၏။ သူက မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

"ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားတာလဲ..."

ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိ မိစ္ဆာကြီးတစ်ကောင်က ဟူထူ၏ နံဘေးတွင် ရိုးသားစွာ နေထိုင်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ဆန္ဒအလျောက် နေမည်ကို အိုးယန် လုံးလုံးလျားလျား မယုံကြည်ခဲ့ချေ။

ဟူယန်က လက်ဖက်ရည်အိုးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို ပြန်ကိုင်ကာ လမင်းကို ကြည့်ရင်း ပြောဆိုလိုက်၏။

"အစတုန်းကတော့ ကောင်းကင်မြေခွေး သွေးမျိုးဆက်ရှိတဲ့ ဒီမျိုးနွယ်စုဝင်က ချင်းယွင်ဂိုဏ်းမှာ ဘာလုပ်နေလဲဆိုတာကို သိချင်ရုံသက်သက်ပါ... အခုတော့ သူမက ကောင်းကင်မြေခွေးတစ်ကောင် အဖြစ်ကို တကယ်ပဲ တက်လှမ်းနိုင်မလားဆိုတာကို ငါ ပိုပြီး စိတ်ဝင်စားလာပြီ..."

"တကယ်ပဲ အဲ့ဒီလောက်တောင် ပျင်းနေတာလား..."

အိုးယန်က သံသယဖြင့် မေးမြန်းလိုက်သည်။

"ဒါမှမဟုတ်ရင် ဘာလုပ်ရမလဲ... ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ပြီးနောက်ပိုင်း ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝက အရမ်းကို ရှည်လျားတယ်... ပြီးတော့ ပိုမြင့်တဲ့နေရာကို ရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး... ဒီလောက် ရှည်လျားတဲ့ အချိန်ကာလမှာ ကိုယ့်အတွက်ကိုယ် ပျော်စရာ တစ်ခုခုတော့ ရှာရမှာပေါ့..."

ဟူယန်က ပခုံးတွန့်ကာ ပြောဆိုလိုက်သည်။

"ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်က အဲ့ဒီလောက်တောင် အထင်ကြီးစရာကောင်းတယ်လို့ ငါ မခံစားရပါဘူး... ငါ မရိုက်နှက်ဖူးတာလည်း မဟုတ်ဘဲနဲ့..."

ဟူယန်၏ ဟန်ရေးပြနေသော မျက်နှာကို ကြည့်ကာ အိုးယန်က သူ၏ စိတ်နှလုံးထဲတွင် တိုးညှင်းစွာ ရေရွတ်လိုက်၏။

ဟူယန်၏ မြေခွေးမျက်လုံးများက အိုးယန် တွေးနေသည်ကို မြင်နိုင်စွမ်းရှိသည့်အလား အိုးယန်ကို ကြည့်ကာ တိုးညှင်းစွာ ရယ်မောလိုက်သည်။

"အဲ့ဒီလိုကိုး... ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဆိုတာ မြင့်မားတဲ့ နယ်ပယ်တစ်ခုပဲလို့ မင်း တကယ် ထင်နေတာလား... လူငယ်လေး... မင်းရဲ့ စစ်မှန်တဲ့ချီက ငါတောင် ကြောက်လန့်ရလောက်အောင် ကြီးမားကျယ်ပြောတယ်ဆိုတာကို ငါ ဝန်ခံပါတယ်... ဒါပေမဲ့ တကယ်လို့ ငါက မင်းကို သတ်ချင်တယ်ဆိုရင်တောင်မှ ငါ အခုထိ လုပ်နိုင်သေးတယ်..."

ဤစကားကို ကြားချိန်တွင် အိုးယန်သည် ဒေါသထွက်မသွားခဲ့ချေ။ ထိုအစား သူက လေးနက်စွာ ခေါင်းညိတ်လိုက်လေ၏။ အိုးယန်သည် ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ သိရှိပေသည်။ နောက်ဘက်တောင်ရှိ အထောက်အပံ့ပေးသူများဖြစ်စေ၊ ဂိုဏ်းချုပ်နှင့် ဆရာဖြစ်စေ သူနှင့် သူတို့၏ အပြန်အလှန် ဆက်ဆံမှု အများစုမှာ နောက်ပြောင်ခြင်းများသာ ဖြစ်ပြီး သူ့ကို ရယ်မောစရာကောင်းသည်ဟုပင် ထင်မှတ်ကြသည်။

အနှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြပြီး ဤကမ္ဘာလောက၏ အထွတ်အထိပ်သို့ ကျင့်ကြံနိုင်ခဲ့ကြသော ဤအဘိုးကြီးများထဲတွင် မည်သူကများ သူတို့၏ အင်္ကျီလက်ထဲ၌ လှည့်ကွက်အချို့ မရှိဘဲ နေမည်နည်း။ သူ၏ရှေ့ရှိ ဟူယန်သည် အင်မော်တယ်ချည်နှောင်ခြင်းကြိုး တစ်ချောင်းတည်းဖြင့် ဤမျှ လွယ်လွယ်ကူကူ အညံ့ခံလိုက်သည်ကို အိုးယန်က အမှန်တကယ် ယုံကြည်မည် မဟုတ်ချေ။

"ဒါဆိုရင် ထူထူ ကောင်းကင်မြေခွေး နယ်ပယ်ကို အဆင့်မတက်ခင်အထိ သူမနဲ့ အတူနေဖို့ စီစဉ်ထားတာလား..."

အိုးယန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ဟူယန်က ခေါင်းရမ်းလိုက်ပြီး ပြောဆိုလိုက်၏။

"ချင်းချိုး မြေခွေးမျိုးနွယ်စုအတွက် အမြှီးခုနစ်ချောင်းကနေ အမြှီးရှစ်ချောင်းကို တက်လှမ်းဖို့ဆိုတာ အနှစ်တစ်သောင်းမှာတောင် တွေ့ရခဲတဲ့ ကိစ္စပဲ... အမြှီးကိုးချောင်းကို တက်လှမ်းဖို့က ပိုပြီးတောင် ခက်ခဲသေးတယ်... မြေခွေးတိုင်းမှာ သူတို့ကိုယ်ပိုင် ကံကြမ္မာ နည်းလမ်းတွေ ရှိကြတယ်... ငါ့ရဲ့ လမ်းကြောင်းက သူမအတွက် သင့်တော်ချင်မှ သင့်တော်မှာ..."

"ဒါပေမဲ့ သူမဆီမှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ မရှိခင် ငါ မထွက်သွားဘဲ သူမကို ကာကွယ်ပေးထားနိုင်ပါတယ်..."

ဟူယန်က ပြောဆိုလိုက်သော်လည်း ထို့နောက် သူက ထပ်မံ ရယ်မောလိုက်ပြန်သည်။

"သူမကို ကာကွယ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်... မင်းရယ် မင်းရဲ့ ဂျူနီယာညီလေးတွေရယ် ရှိနေမှတော့ ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို သူမ သွားနိုင်မယ်လို့ ငါ ထင်တယ်... ဖြစ်နိုင်တာက သူမရဲ့ နံဘေးမှာ ရိုးရိုးရှင်းရှင်းလေး နေချင်ရုံ သက်သက်ပါပဲ..."

"..."

ဘာလို့ ဒီအဘိုးကြီးက ဒီလောက်တောင် ဗလုံးဗထွေး ပြောနေရတာလဲ... ဟူယန်၏ ရှည်လျားသော စကားများကြောင့် အိုးယန်မှာ အနည်းငယ် ခေါင်းမူးသွားသည်။

ဟူယန်က ခွေးခြေခုံပေါ်မှ ခုန်ဆင်းလိုက်သည်။ လရောင်သည် အညိုရောင် အမွေးများပေါ်သို့ ကျရောက်နေပြီး လရောင်၏ အဆီအနှစ်များသည် အခိုးအငွေ့များအဖြစ် တက်လာကာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာ စုပ်ယူခံနေရပေ၏။

"သူမ ပေးထားတဲ့ နာမည်ကို ငါ အရမ်း ကျေနပ်တယ်... ဘာလို့လဲဆိုတော့ အခု ငါ့နာမည်က အချောလေး ဖြစ်သွားပြီလေ..."

ဟူယန်က တခစ်ခစ် ရယ်မောလိုက်ပြီး လေပြေတစ်ရပ်အဖြစ်သို့ ပြောင်းလဲကာ ဟူထူ၏ အခန်းထဲသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

ဒီမြေခွေးက တကယ်ကို ထူးဆန်းတဲ့ စရိုက်ရှိတာပဲ...

အိုးယန်က လမင်းကို ကြည့်လိုက်သည်။ ဤကမ္ဘာလောကရှိ လမင်းသည် ထူးထူးခြားခြား ကြီးမားနေပြီး သူက လက်ဆန့်ထုတ်လိုက်ရုံဖြင့် ထိတွေ့နိုင်မည်ဟုပင် ထင်မှတ်ရပေ၏။

ဖြစ်နိုင်သည်မှာ ဤကမ္ဘာလောကတွင် အလင်းရောင် ညစ်ညမ်းမှု မရှိသောကြောင့် ၎င်းက အလွန် သဘာဝကျကျ ပေါ်လွင်နေခြင်း ဖြစ်ပေမည်။

ရုတ်တရက် အိုးယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သစ်သားလှေတစ်စင်းက လမင်းဆီမှ ပျံသန်းလာ၏။

သစ်သားလှေသည် လေမရှိဘဲ ပျံသန်းလာပြီး ထိုလှေပေါ်တွင် လူငယ်နှစ်ဦး ရပ်နေကြသည်။ တစ်ဦးက လှော်တက်ကို ကိုင်ကာ လှော်ခတ်နေသကဲ့သို့ လုပ်ဆောင်နေပြီး အခြားတစ်ဦးကမူ လှေဦးတွင် ရပ်ကာ စုတ်တံနှင့် စက္ကူကို ကိုင်ဆောင်ထား၏။

သစ်သားလှေ အနီးသို့ ပျံသန်းလာချိန်တွင် လှေပေါ်၌ 'ပြစ်ဒဏ်' ဟူသော စာလုံးကို ထွင်းထုထားသည်ကို အိုးယန် မြင်တွေ့လိုက်ရပြီး ရောက်လာသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း နားလည်သွားလေသည်။

ချင်းယွင်ဂိုဏ်း၏ ပြစ်ဒဏ်တောင်ထိပ်မှ ကျင့်ကြံသူများပင် ဖြစ်ပေသည်။

ပြစ်ဒဏ်တောင်ထိပ်မှ ကျင့်ကြံသူများသည် ချင်းယွင်ဂိုဏ်း၏ ဥပဒေများကို တာဝန်ယူရသူများ ဖြစ်ကြ၏။ သူတို့သည် ချင်းယွင်ဂိုဏ်း၏ ဥပဒေများကို ချိုးဖောက်သော မည်သည့်အရာနှင့် မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိကြပြီး ဂိုဏ်းချုပ်ပင်လျှင် ခြွင်းချက်မရှိ စုံစမ်းစစ်ဆေးခံရမည် ဖြစ်သည်။

ပြစ်ဒဏ်တောင်ထိပ်မှ ကျင့်ကြံသူများသည် အနည်းဆုံး ရွှေအမြုတေ ဖြစ်တည်ခြင်းအဆင့်တွင် ရှိကြပြီး သူတို့သည် အမြဲတမ်း တည်ကြည်သော မျက်နှာထားရှိကာ သူတို့၏ မျက်လုံးများက အမြဲတမ်း စူးစမ်းစစ်ဆေးနေသည့် အကြည့်ဖြင့် ကြည့်လေ့ရှိကြ၏။

ထို့ကြောင့် ပြစ်ဒဏ်တောင်ထိပ်မှ ကျင့်ကြံသူများကို အခြားတောင်ထိပ်များမှ လူများက 'ဂိုဏ်းခွေးများ' ဟု အံကြိတ်ကာ ခေါ်ဝေါ်လေ့ရှိကြသည်။

သစ်သားလှေ အနီးသို့ ရောက်လာချိန်တွင် စုတ်တံနှင့် စက္ကူကို ကိုင်ဆောင်ထားသော လူငယ်က အိုးယန်ကို လက်အုပ်ချီကာ ပြောဆိုလိုက်လေ၏။

"စီနီယာအစ်ကို အိုးယန်... မအိပ်သေးဘူးလား..."

အိုးယန်က အရိုအသေ ပြန်ပေးလိုက်ပြီး သိလျက်နှင့် မေးမြန်းလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ငါ နည်းနည်း အိပ်မပျော်ဖြစ်နေတာ... ဘယ်လေကများ မင်းတို့ ဝူချန်နှစ်ယောက်ကို ဒီဘက် လွင့်လာစေတာလဲ..."

သူ၏ရှေ့ရှိ လူနှစ်ဦးသည် တစ်ဦးက အနက်ရောင်နှင့် တစ်ဦးက အဖြူရောင်ဖြစ်ပြီး သူတို့၏ အမည်များကလည်း အလွန် ထူးဆန်းလှပေသည်။ တစ်ဦးက ပိုင်ဝူချန်ဖြစ်ပြီး အခြားတစ်ဦးက ဟေးဝူချန် ဖြစ်၏။

ထို့ကြောင့် သူတို့ကို ပြစ်ဒဏ်တောင်ထိပ်၏ 'သေမင်းတမန် တရားသူကြီးများ' ဟုလည်း ခေါ်ဆိုကြသည်။

ချန်ချန်ရှန်း ယနေ့နံနက်က ရုတ်ရုတ်သဲသဲ အလွန်အကျွံ လုပ်ခဲ့သောကြောင့် ပြစ်ဒဏ်တောင်ထိပ်မှ လူများ ထူးခြားမှုကို ခံစားသိရှိသွားကာ လူများကို အထူးတလည် စေလွှတ်လိုက်ခြင်း ဖြစ်ရမည်ဟု အိုးယန် စဉ်းစားလိုက်ရုံနှင့်ပင် သိရှိနေ၏။

ပိုင်ဝူချန်က ပြုံးလျက် ပြောဆိုလိုက်သည်။

"ဒီနေ့ မွန်းလွဲပိုင်းမှာ တောင်ထိပ်ငယ်လေးက တစ်ယောက်ယောက်က ကောင်းကင်ဘုံကျမ်းသစ္စာ ပြုလုပ်ခဲ့တယ်လို့ တောင်ထိပ်သခင်က ပြောတယ်... အဲ့ဒါကြောင့် ဘာဖြစ်ခဲ့လဲဆိုတာကို စုံစမ်းဖို့ ကျွန်တော်တို့ နှစ်ယောက်ကို လွှတ်လိုက်တာပါ..."

စကားပြောပြီးနောက် သစ်သားလှေသည် တောင်ထိပ်ငယ်လေး၏ ခြံဝင်းထဲသို့ ဆင်းသက်ရန် ပြင်လိုက်၏။

နူးညံ့သော စစ်မှန်သောချီတစ်ခုက သစ်သားလှေကို တားဆီးလိုက်ပြီး အိုးယန်က ပြုံးကာ ပြောဆိုလိုက်သည်။

"ဒီနေ့ ငါ ဘာမှ လုပ်စရာ မရှိလို့ ကောင်းကင်ဘုံကျမ်းသစ္စာ တစ်ခု ပြုလုပ်လိုက်တာပါ... တကယ်လို့ ငါက ဆယ်နှစ်အတွင်းမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုရင် လူမဖြစ်ပါစေနဲ့လို့ ကျိန်ဆိုလိုက်တာ..."

"စီနီယာအစ်ကို... ဒီအကြောင်းပြချက်ကို တောင်ထိပ်သခင်ဆီ ရှင်းပြဖို့က ကျွန်တော့်အတွက် တော်တော်လေး ခက်ခဲလိမ့်မယ်နော်..."

ပိုင်ဝူချန်က နဖူးပေါ်တွင် မျဉ်းမည်းများ အပြည့်ဖြင့် ပြောဆိုလိုက်သည်။

မျက်လုံးပြူးကြီးနဲ့ ဒီလို မဟုတ်ကဟုတ်ကတွေကို ဘယ်လိုများ ပြောထွက်ရတာလဲ...

ဘယ်သူကများ ဘာမှ လုပ်စရာ မရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲဖို့ ကောင်းကင်ဘုံကျမ်းသစ္စာ ပြုလုပ်မှာတဲ့လဲ...

အိုးယန်က ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်သည်။

"ဂျူနီယာညီလေး ပိုင်... မင်း ဒါကို မသိသေးဘူး... ဒီကိစ္စကို ငါ့ရဲ့ တောင်ထိပ်ငယ်လေး တစ်ခုလုံး သိရုံသာမကဘူး... ဂိုဏ်းချုပ်လည်း သိတယ်လေ..."

"ဂိုဏ်းချုပ်လည်း သိတယ်လား..."

ပိုင်ဝူချန်က အနောက်သို့ လှည့်ကြည့်ကာ ဟေးဝူချန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အိုးယန်ကို သံသယဖြင့် ကြည့်လိုက်လေ၏။ အိုးယန်က ဤမျှ ရယ်စရာကောင်းသော ကောင်းကင်ဘုံကျမ်းသစ္စာမျိုးကို တကယ်ပဲ ပြုလုပ်ခဲ့တာများလား...

ကောင်းကင်တာအိုရဲ့ အသိအမှတ်ပြုမှုက ဘယ်အချိန်ကတည်းက ဒီလောက်တောင် တန်ဖိုးမရှိ ဖြစ်သွားရတာလဲ...

ပိုင်ဝူချန် ထပ်မံ စုံစမ်းမေးမြန်းရန် ပြင်လိုက်သည့်ဆဲဆဲတွင် အိုးယန်က လက်ကို မြှောက်ကာ စာအုပ်တစ်အုပ်ကို ပစ်ပေးလိုက်ပြီး ပြောဆိုလိုက်လေ၏။

"ငါ့ရဲ့ ညီအစ်ကို နှစ်ယောက်ကို အလကား လာခိုင်းသလို မဖြစ်စေရပါဘူး... ဒါက မကြာသေးခင်ကမှ ငါ သုတေသန လုပ်ထားတဲ့ စစ်ဆေးမေးမြန်းခြင်း နည်းစနစ်အသစ်ပဲ... ဒါကြောင့် ဒါကို မင်းတို့ ဂျူနီယာညီလေး နှစ်ယောက်ကို ပေးလိုက်မယ်လေ..."

ပိုင်ဝူချန်က စာအုပ်ကို ယူလိုက်သည်။ ထိုစာအုပ်ပေါ်တွင် ကွေ့ကောက်နေသော စာကြောင်းတစ်ကြောင်းကို ရေးသားထား၏။

"ချင်းယွင်ဂိုဏ်း၏ ကြီးမြတ်သော ညှဉ်းပန်းနှိပ်စက်မှု ဆယ်ရပ်"

ပိုင်ဝူချန်က စာအုပ်ကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပင် ချွေးအေးများ ထွက်လာသော်လည်း ထို့နောက်တွင် သူ အလွန် ဝမ်းသာပျော်ရွှင်သွား၏။

ဒီစာအုပ်နဲ့ဆိုရင် အဲ့ဒီကောင်တွေ ခေါင်းမာနေဦးမလားဆိုတာ သိချင်မိသားပဲ...

ပိုင်ဝူချန်က စာအုပ်ကို ရတနာတစ်ခုကဲ့သို့ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး အိုးယန်ကို လက်အုပ်ချီကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်ကလည်း ဒီကိစ္စကို သိတယ်ဆိုတော့ ကျွန်တော်တို့ နှစ်ယောက်က အမှန်တိုင်း သတင်းပို့လိုက်ပါ့မယ်... စီနီယာအစ်ကို အိုးယန်... အချိန်ရရင် ပြစ်ဒဏ်တောင်ထိပ်ကို ခဏခဏ လာလည်သင့်တယ်... စီနီယာအစ်ကိုက အနှစ်တစ်သောင်းမှာ တစ်ခါသာ တွေ့ရခဲတဲ့ စစ်ဆေးမေးမြန်းခြင်း ကျွမ်းကျင်သူပဲလို့ တောင်ထိပ်သခင်က ပြောတယ်..."

အိုးယန်က ပြုံးကာ လက်အုပ်ချီလိုက်ပြီး ပြောဆိုလိုက်၏။

"သေချာတာပေါ့... သေချာတာပေါ့... နောက်တစ်နေ့ ပြစ်ဒဏ်တောင်ထိပ်ကို လာလည်ပါ့မယ်... လာရင်းနဲ့ မင်းတို့ရဲ့ ကိရိယာတွေကိုပါ အဆင့်မြှင့်ပေးခဲ့မယ်လေ..."

ထိုနှစ်ဦးက အိုးယန်နှင့် ယဉ်ကျေးပျူငှာသော စကားအနည်းငယ် ပြောဆိုပြီးနောက် သစ်သားလှေကို စီးနင်းကာ လမင်းထဲသို့ ပြန်လည်ပျောက်ကွယ်သွား၏။

မှုန်ဝါးသော လရောင်ထဲတွင် မျက်မှောင်ကြုတ်လျက် ရပ်နေသော အိုးယန်သာ ကျန်ရစ်ခဲ့ပေသည်။ သူက ချန်ချန်ရှန်း၏ စကားများကို သတိရသွားပြီး တိုးညှင်းစွာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

"ကပ်ဘေး..."

အခန်း ၂၀ - တောင်ထိပ်ငယ်လေးက အားလုံး ဘီလူးတွေချည်းပဲ... ပြီးတော့ ငါ့ရဲ့ ချင်းယွင်တောင်ထိပ်ကလည်း အမှိုက်တွေကို လက်မခံဘူး...

ချင်းယွင်တောင်ထိပ်သို့ ပြန်ရောက်သောအခါ လင်းဖုန်းသည် မြေပြင်ပေါ်တွင် နာခံမှုရှိစွာ ဒူးထောက်နေပြီး သူ၏ နံဘေးရှိ ဖျာတစ်ချပ်ပေါ်တွင် သတိလစ်နေသော ကျူးယွမ်က လှဲလျောင်းနေ၏။

ထိုနှစ်ဦးသည် ခြံဝင်းငယ်လေး တစ်ခုထဲတွင် ရှိနေကြပြီး ပင်မထိုင်ခုံပေါ်တွင် တရုတ်ရိုးရာ အင်္ကျီကို ဝတ်ဆင်ကာ ယပ်တောင်ကို ကိုင်ဆောင်ထားသော အဘိုးကြီးတစ်ဦးက မျက်မှောင်ကြုတ်လျက် ကျူးယွမ်ကို ကြည့်နေသည်။

ဤဖိုသီဖတ်သီဖြစ်နေသော အဘိုးကြီးမှာ အခြားသူမဟုတ်ဘဲ ချင်းယွင်ဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်ပင် ဖြစ်၏။

တုန်းရွှီကျစ်...

ချင်းယွင်ဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်သည် အင်မော်တယ် နယ်ပယ်၏ အစွန်အဖျားကိုပင် ထိတွေ့ထားပြီးဖြစ်သည့် ခန့်မှန်း၍မရနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားကြောင်း ပြင်ပလောကမှ ကောလာဟလများက ဆိုကြသည်။

"အိုးယန်... အဲ့ဒီကောင်လေးက တကယ်ပဲ အဲ့ဒီလို ပြောလိုက်တာလား..."

တုန်းရွှီကျစ်က အနည်းငယ် ခေါင်းကိုက်စွာဖြင့် မေးမြန်းလိုက်သည်။

အခြေအနေ အားလုံးကို ရှင်းပြပြီးဖြစ်သော လင်းဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဦးညွတ်ကာ ဒူးထောက်လျက် ပြောဆိုလိုက်၏။

"ဒီတပည့်ရဲ့ ကျင့်ကြံမှုက တိမ်ကောနေတုန်းမို့ ဂျူနီယာညီလေးကို အပြည့်အဝ မကာကွယ်ပေးနိုင်ခဲ့ပါဘူး... ကျေးဇူးပြုပြီး ဒီတပည့်ကို အပြစ်ပေးပါ ဆရာ..."

တုန်းရွှီကျစ်က ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လင်းဖုန်းကို ကြည့်ရင်း သက်ပြင်းချကာ ပြောဆိုလိုက်သည်။

"တကယ်လို့ မင်းပြောသလို အမှန်ပဲဆိုရင် မင်းရဲ့ ဂျူနီယာညီလေးကို ပြန်ခေါ်လာနိုင်တာကိုက ငါ တော်တော်လေး အံ့ဩနေပြီ... မင်း အရမ်းကောင်းကောင်း လုပ်ခဲ့ပါတယ်... အဲ့ဒီ တောင်ထိပ်ငယ်လေးမှာ နေတဲ့သူ တစ်ယောက်မှ ပုံမှန်လူ မရှိဘူး..."

ကောင်းကင်ဘုံကျမ်းသစ္စာ... ကျင့်ကြံသူတစ်ဦးက ဤကဲ့သို့သော ကျမ်းသစ္စာမျိုးကို အမှန်တကယ် ပြုလုပ်လျှင်တောင်မှ ကောင်းကင်တာအို၏ အာရုံစိုက်မှုနှင့် ခွင့်ပြုချက်ကို ရရှိရန် သာမန် ကျင့်ကြံသူများ မလုပ်ဆောင်နိုင်ချေ။

ကောင်းကင်တာအိုကို သာမန် ကုန်ပစ္စည်းတစ်ခုလို့ မင်း ထင်နေတာလား... ဘယ်သူမဆို ကောင်းကင်တာအိုကို သက်သေအဖြစ် ဆင့်ခေါ်နိုင်လို့လား...

ကြီးမားသော ကံကြမ္မာ ပိုင်ဆိုင်သူ တစ်ဦးက အခြား ကြီးမားသော ကံကြမ္မာ ပိုင်ဆိုင်သူ တစ်ဦးအပေါ် ပြုလုပ်သော အဆိပ်ပြင်းသည့် ကျမ်းသစ္စာမျိုးသာ ကောင်းကင်တာအို၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပေမည်။

ဤအရာက ချန်ချန်ရှန်းနှင့် ကျူးယွမ် နှစ်ဦးစလုံးသည် ကောင်းကင်တာအို၏ အသိအမှတ်ပြုခံရသော ကြီးမားသည့် ကံကြမ္မာ ပိုင်ဆိုင်သူများ ဖြစ်ကြောင်းကိုလည်း ညွှန်ပြနေသည်။

တုန်းရွှီကျစ်သည် ကျူးယွမ်ကို မကာကွယ်နိုင်ခဲ့သော လင်းဖုန်းအား အပြစ်မတင်ခဲ့ချေ။

လင်းဖုန်းသည် ချင်းယွင်တောင်ထိပ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အပြင်ထွက်လေ့ မရှိလှချေ။ ကျင့်ကြံခြင်း ကိစ္စရပ်များမှလွဲ၍ အခြားအရာအားလုံးကို သူ လျစ်လျူရှုထားတတ်သဖြင့် တောင်ထိပ်ငယ်လေးပေါ်တွင် မည်သို့သော ပါရမီရှင်များ နေထိုင်ကြသည်ကို သူ သဘာဝကျကျပင် မသိရှိခြင်း ဖြစ်၏။

တုန်းရွှီကျစ်က ဤသို့ပြောသော်လည်း လင်းဖုန်းက ခေါင်းမော့ရန် ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်သည်။

တုန်းရွှီကျစ်က အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်ရ၏။

"မင်းက အပြစ်ပေးခံဖို့ကို အတင်းအကျပ် တောင်းဆိုနေမှတော့... ပြန်သွားပြီး ဟွမ်ထင် ကျမ်းစာကို အကြိမ် ငါးရာ ကူးရေးလိုက်..."

"ဒီတပည့်က ဆရာ့ရဲ့ အမိန့်ကို ရိုသေစွာ နာခံပါ့မယ်..."

လင်းဖုန်းက ဦးညွတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။

တုန်းရွှီကျစ်က လင်းဖုန်းကို အနည်းငယ် ခေါင်းကိုက်စွာဖြင့် ကြည့်လိုက်၏။ သူ၏ တပည့်သည် အဘက်ဘက်မှ ကောင်းမွန်ပြီး သူ၏ ပါရမီကလည်း အသင့်အတင့် ရှိသော်လည်း သူက အလွန် ဖြောင့်မတ်လွန်းလှပြီး အလွန်အကျွံ ဖြစ်နေကာ ခေါင်းမာသည့် အဆင့်သို့ပင် ရောက်ရှိနေပေသည်။

ငယ်စဉ်ကတည်းက သူ၏ တပည့်သည် ကျင့်ကြံခြင်းမှလွဲ၍ ချင်းယွင်တောင်ထိပ်မှ တစ်ခါမျှ မထွက်ခွာခဲ့ဖူးချေ။ ပြဿနာများအပေါ် သူ၏ အမြင်သည် ကြာဖြူတစ်ပွင့်ကဲ့သို့ အမြဲတမ်း အဖြူ သို့မဟုတ် အမည်းသာ ဖြစ်နေပေသည်။

တုန်းရွှီကျစ်က သူ၏ အင်္ကျီလက်ထဲမှ ဆေးလုံးတစ်လုံးကို ပစ်ထုတ်လိုက်ပြီး ၎င်း၏ ဆေးစွမ်းအာနိသင်ကို စစ်မှန်သောချီဖြင့် ပျော်ဝင်စေကာ ကျူးယွမ်အပေါ်သို့ ဖြန်းပက်လိုက်သည်။

အစပိုင်းတွင် နာကျင်မှု အရိပ်အယောင်အချို့ ပြသနေသော ကျူးယွမ်သည် သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအယာကို ပြန်လည်ရရှိသွားပြီး သူ၏ အသက်ရှူနှုန်းမှာလည်း များစွာ ပုံမှန်ဖြစ်လာပေ၏။

တုန်းရွှီကျစ်၏ လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ ကျူးယွမ်သည် ပင်မခန်းမထဲမှ ပျောက်ကွယ်သွားပြီး တုန်းရွှီကျစ်နှင့် လင်းဖုန်းသာ ကျန်ရစ်ခဲ့သည်။

"ကောင်းကင်ဘုံကျမ်းသစ္စာက ဘာကို ဆိုလိုလဲဆိုတာ မင်း သိလား..."

တုန်းရွှီကျစ်က မေးမြန်းလိုက်သည်။

"သေသည်အထိ တိုက်ခိုက်ဖို့ပါပဲ..."

လင်းဖုန်းက ပြန်လည်ဖြေကြားလိုက်၏။

"ဒါဆိုရင် မင်းရဲ့ ဂျူနီယာညီလေးမှာ ပြဿနာရှိတယ်လို့ မင်း သံသယမဝင်ဘူးလား..."

တုန်းရွှီကျစ်က မေးမြန်းလိုက်သည်။

လင်းဖုန်းက ခေါင်းခါမ်းလိုက်ပြီး ပြောဆိုလိုက်သည်။

"ဂျူနီယာညီလေးကို ဆရာက ကျွန်တော့်ဆီ ကိုယ်တိုင်ကိုယ်ကျ အပ်နှံထားတာပါ... ဂျူနီယာညီလေးဆီမှာ ပြဿနာ တစ်ခုခု ရှိနိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး... နားလည်မှုလွဲတာ တစ်ခုခုတော့ သေချာပေါက် ရှိရမယ်..."

တုန်းရွှီကျစ်မှာ စကားစ ပျောက်သွားပြီး လင်းဖုန်း၏ စကားများကြောင့် ဆို့နင့်သွား၏။ အချိန်အတော်ကြာပြီးနောက် သူက ပြောဆိုလိုက်သည်။

"တကယ်လို့ မင်းရဲ့ ဂျူနီယာညီလေးဆီမှာ တကယ်ပဲ ပြဿနာရှိနေတယ်ဆိုရင် မင်း ဘာလုပ်မလဲ..."

"ကျွန်တော်က သူ့ရဲ့ စီနီယာအစ်ကို ဖြစ်နေမှတော့ ဂျူနီယာညီလေးကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ပြန်ရောက်လာအောင် လမ်းပြပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်..."

လင်းဖုန်းက လေးနက်သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

တုန်းရွှီကျစ်က လင်းဖုန်းကို ဝေခွဲမရသော အမူအယာဖြင့် ကြည့်လိုက်ရာ ဤကောင်လေးထံမှ ဗုဒ္ဓအလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူက တာအိုကို ကျင့်ကြံနေခြင်းမှာ တကယ်ပင် နှမြောစရာကောင်းလှပေသည်။ ဤကောင်လေးသည် ဘုန်းကြီးတစ်ပါး ဖြစ်လာသင့်ပေ၏။

"တကယ်လို့ ချင်းယွင်ဂိုဏ်းကိုသာ ဒီကောင်လေးဆီ လွှဲပြောင်းပေးလိုက်ရင် အနှစ်သုံးဆယ်အတွင်းမှာတင် ပြုတ်သွားလောက်တယ်... ငါ ဘယ်လို တပည့်မျိုးကို လက်ခံလိုက်မိတာလဲ..."

တုန်းရွှီကျစ်က လင်းဖုန်းကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် လက်ဝှေ့ယမ်းကာ ထွက်သွားရန် အချက်ပြလိုက်သည်။

လင်းဖုန်းက ရိုသေစွာ ဦးညွတ်လိုက်ပြီး သူ၏ ဆရာ၏ အခန်းထဲမှ ထွက်ခွာလာကာ ကျူးယွမ်၏ အခန်းဆီသို့ တည့်မတ်စွာ လျှောက်သွားလေ၏။

"ကောင်းကင်ဘုံကျမ်းသစ္စာ... ငါ့ရဲ့ တွက်ချက်မှုတွေက မမှားခဲ့ဘူးပဲ... အိုးယန်ရဲ့ ဂျူနီယာညီလေးက ကျူးယွမ်နဲ့ ဘယ်လိုမျိုး နက်နက်ရှိုင်းရှိုင်း ရန်ငြိုး ရှိနေတာလဲ..."

လင်းဖုန်း ထွက်သွားပြီးနောက် တုန်းရွှီကျစ်က ဝေခွဲမရစွာဖြင့် သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ကျူးယွမ်၏ အခန်းကို ဖွင့်လိုက်ချိန်တွင် ကျူးယွမ်သည် နိုးနေပြီဖြစ်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ ချီများကို ချိန်ညှိနေလေ၏။ လင်းဖုန်းက တရားထိုင်နေသော ကျူးယွမ်ကို စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် ကျူးယွမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏ နယ်ပယ်ကို အတင်းအကျပ် မြှင့်တင်ကာ အခြေတည်စဝိညာဥ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ကျင့်ကြံသူ သုံးဦးကို ချက်ချင်း သတ်ဖြတ်လိုက်ခြင်းက သူ၏ သွေးကြောများကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့သည်။

"ဘယ်လိုနေသေးလဲ ဂျူနီယာညီလေး ကျူးယွမ်..."

လင်းဖုန်း၏ အသံသည် အဝေးမှ ထွက်ပေါ်လာလေ၏။ လင်းဖုန်းသည် ကုလားထိုင်တစ်လုံးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့ကို စိုးရိမ်ပူပန်ပြီး နူးညံ့သော မျက်လုံးများဖြင့် ကြည့်နေသည်။

ကျူးယွမ်၏ မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု လင်းလက်သွား၏။ အကယ်၍ ကြာဖြူတစ်ပွင့်ကဲ့သို့ဖြစ်သော ဤစီနီယာအစ်ကိုကသာ သူ့ကို စာသွားပို့ခိုင်းခြင်း မရှိပါက သူ မည်သို့လျှင် ဒဏ်ရာရရှိမည်နည်း။

အကယ်၍ သူက တမင်သက်သက် မလုပ်ခဲ့လျှင်တောင်မှ ဤအကြွေးအတွက် သူ တာဝန်ယူရမည် ဖြစ်၏။

ချင်းယွင်ဂိုဏ်း၏ ဒဏ္ဍာရီလာ ရတနာကို သူ ရရှိပြီးသည်နှင့် တစ်ပြိုင်နက် ချင်းယွင်ဂိုဏ်း တစ်ခုလုံးကို သူ သေချာပေါက် သတ်ဖြတ်ပစ်မည် ဖြစ်သည်။

"ဂျူနီယာညီလေး ကျူးယွမ်... မင်း အဆင်ပြေရဲ့လား..."

လင်းဖုန်းက ကျူးယွမ်ထံသို့ စိုးရိမ်တကြီးဖြင့် လျှောက်သွားကာ ကျူးယွမ်၏ နဖူးကို စမ်း၍ မေးမြန်းလိုက်၏။

ကျူးယွမ်က လင်းဖုန်း ဆန့်ထုတ်လာသော လက်ကို ရှောင်တိမ်းလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်သည်။

"စီနီယာအစ်ကို့ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်... အခု ကျွန်တော် အဆင်ပြေသွားပါပြီ... ဒီနေ့ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် စီနီယာအစ်ကို့ကို ကျေးဇူးတင်ပါတယ်... ကျူးယွမ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

"ဟုတ်လား... ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလား... ကောင်းတာပေါ့..."

လင်းဖုန်း၏ လေသံသည် ရုတ်တရက် ပြောင်းလဲသွားပြီး အရိုးကွဲမတတ် အေးစက်သော လေပြင်းတစ်ဟပ်ကဲ့သို့ ထက်မြက်လာ၏။

လင်းဖုန်း စကားပြောအပြီးတွင် ကျူးယွမ်သည် ပတ်ဝန်းကျင် အပူချိန် လျင်မြန်စွာ ကျဆင်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူက လင်းဖုန်းကို မော့ကြည့်ရန် ပြင်လိုက်သည့်ဆဲဆဲတွင် ကြမ်းတမ်းသော လက်တစ်ဖက်က သူ၏ လည်ပင်းကို ဖမ်းဆုပ်ကာ သူ့ကို မြှောက်တင်လိုက်၏။

လင်းဖုန်းက သူ၏ ပုံမှန် နွေးထွေးမှုနှင့် နူးညံ့သိမ်မွေ့မှုများ လုံးလုံးလျားလျား ကင်းမဲ့နေပြီး အဆုံးအစမရှိသော အေးစက်မှုများသာ ရှိနေကာ ကျူးယွမ်ကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် ကြည့်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

"မင်းက ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးဆိုတော့ မင်းရဲ့ သွားတွေကို တစ်ချောင်းချင်းစီ ဆွဲနှုတ်ပေးဖို့ ငါ့အကူအညီများ လိုမလား..."

စကားလုံးတိုင်းသည် ကျူးယွမ်၏ စိတ်နှလုံးကို ရိုက်ခတ်နေသော တူမကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

"စီနီယာအစ်ကို လင်းဖုန်း..."

ကျူးယွမ်က လင်းဖုန်း၏ လက်ကို ဆွဲဖြဲရန် ကြိုးစားရင်း လင်းဖုန်းထံသို့ စကားလုံးအနည်းငယ်ကို ခက်ခက်ခဲခဲ ပြောဆိုလိုက်သော်လည်း သူ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်သည် သံမဏိကဲ့သို့ ခိုင်မာနေ၏။

လင်းဖုန်းက သူ၏ ခေါင်းကို ကျူးယွမ်၏ နားနားသို့ ကပ်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"အခုကစပြီး ငါ့ကို ပြဿနာနည်းနည်းပဲ ရှာစမ်းပါ... တကယ်လို့ မင်းက မင်းဘာသာမင်း ပြဿနာရှာရတာ သဘောကျတယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ဖြေရှင်း... ဒါက တစ်ကြိမ်တည်းပဲ... နောက်တစ်ကြိမ် ရှိလာရင် မင်းကို ငါ ကိုယ်တိုင် အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်..."

ကျူးယွမ်က သူ နားလည်ကြောင်း ပြသရန် ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်၏။

ကျူးယွမ် ခေါင်းညိတ်သည်ကို မြင်လိုက်ရချိန်တွင် လင်းဖုန်းက ကျူးယွမ်ကို ကုတင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့ကို အပြုံးဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒါကို မှတ်ထား... တောင်ထိပ်ငယ်လေးက လူတွေ အားလုံးဟာ မွန်းစတားတွေချည်းပဲ... ပြီးတော့ ငါ့ရဲ့ ချင်းယွင်တောင်ထိပ်ကလည်း အမှိုက်တွေကို မမွေးထားဘူး... ဟွမ်ထင် ကျမ်းစာ အုပ်ရေ သုံးရာ... မနက်ဖြန် မတိုင်ခင် ငါ့ဆီကို အပ်လိုက်..."

Book 2 end.

All Chapters