← Chapters

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း (၁၇၀)

Vol. 17 Ch. 170

အခန်း(170)

ယခုအချိန်တွင် အနက်ရောင်ဝံပုလွေကို လူသားနှင့်နှိုင်းယှဥ်ရပါက ငယ်ရွယ်သောအရွယ်ရောက်သူတစ်ယောက်နှင့် ညီမျှပြီး ဖြုံလောက်သော အရွယ်အစားအထိ ကြီးထွားနေပြီပင်။

သူ၏နောက်ခြေပေါ်တွင် ရပ်လိုက်လျှင် နှစ်မီတာနီးပါးမြင့်မား၏။

သူ့ထံတွင် ချောမွေ့‌တောက်ပြောင်သော အနက်ရောင်သားမွှေးများရှိနေပြီး သူလှုပ်ရှားလိုက်ချိန်တိုင်းတွင် အနည်းငယ်ရှည်လျားသည့် အမွှေးများက အနည်းငယ်လှုပ်ရှားသွားသောကြောင့် အလွန်မိမိုက်သော ဝံပုလွေတစ်ကောင် ဖြစ်နေစေခဲ့သည်။

အနက်ရောင်ဝံပုလွေက အမြီးကို လှုပ်ကာ တဲထဲမှထွက်သွားပြီးနောက်တွင် ယင်ရိလျိုတစ်ယောက် လင်းကျား၏လက်မောင်းကို မဝံ့မရဲထိလိုက်လေ၏။

နီရဲနေသော မျက်လုံးများနှင့်ဖြစ်နေသော လင်းကျားက သူမ၏လှုပ်ရှားမှုကြောင့် ပဟေဠိဖြစ်သွားခဲ့ရလေသည်။

ထို့နောက်မှသာ သူမ ပြောချင်သည့်အရာကို သတိထားမိခဲ့ပြီး ယုန်လေး၏နူးညံ့သော နားရွက်များကို အသာထိလိုက်၏။

“ကျေးဇူးတင်ပါတယ်.. ထုထု ဒါပေမဲ့ ကျဲ ဒါကိုစားလို့မရဘူး”

သူမ အပြုံးလေးနှင့်ပြောလိုက်ပြီးမှ ထို အစားအစာက သူမ၏မမွေးဖွားခဲ့သော ကလေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။

ယင်ရိလျိုက ခေါင်းယမ်းပြီး လင်းကျား၏ဝမ်းဗိုက်အောက်နားကို လက်ဖဝါးလေးဖြင့် ညင်သာစွာထိလိုက်၏။

လင်းကျားလည်း သူမ၏ဆိုလိုရင်းကို နားလည်သွားပြီး ကျေးဇူးတင်ကြောင်း အမူအရာပြလိုက်လေသည်။

သူမကို နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ လွှမ်းမိုးသွားသောကြောင့် မျက်လုံးများနီရဲလာပြီး မျက်ရည်များကို သုတ်လိုက်ရ၏။

သူမ၏ခံစားချက်များ တည်ငြိမ်သွားချိန်တွင်တော့ ဘေးနားမှ ယုန်လေးကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာ တီးတိုးပြောခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် သူမ၏ခန္ဓာကိုယ်ထဲတွင် နေထိုင်သော ပိတုန်းဘုရင်ကို လွှတ်ပေးလိုက်လေသည်။

နက်တွေးနေသော ဧရာမပိတုန်းကြီးက သူ၏ခြေထောက်များကို ဇဝေဇဝါဖြစ်နေသည့် အသွင်အပြင်ဖြင့် အပြင်ထုတ်လိုက်ပြီး နေသားမကျ ဖြစ်နေပုံရသည်။

ခဏကြာမှသာ သူ၏ချွန်ထက်သော ပါးစပ်အစိတ်အပိုင်းများက သူ့ရှေ့မှ ကြက်ကင်ကို ညှပ်ယူလိုက်ပြီး ကြက်တစ်ကောင်လုံးကို မျိုချလိုက်လေ၏။

သို့သော် ချက်ချင်း မျိုမချနိုင်သောကြောင့် ပါးစပ်ထဲတွင် အဆတ်မပြတ် ဝါးစားနေရသည်။

အပြင်ဘက်မှ လူများအနေဖြင့် ဤမြင်ကွင်းက ကြောက်စရာကောင်းသည်ဟု ထင်မြင်လောက်မည်ဖြစ်သော်လည်း ဘေးတွင်ရှိနေသော လူများကတော့ အတော်လေးချစ်စရာကောင်းသည်ဟု ခံစားရပြီး ပြုံးလိုက်မိကြ၏။

အနက်ရောင်သတ္တဝါကြီးက ကြက်တစ်ကောင်လုံးကို မြိုချပြီးချိန်တွင် အတော်လေး ပိုပျော်လာပုံရပြီး လက်သည်းများကို ဆန့်ထုတ်ကာ လင်းကျား၏ခြေထောက်နားတွင် ဖြည်းညှင်းစွာ ရွေ့လျားနေခဲ့လေသည်။

ယင်ရိလျို သူမ၏ရှေ့မှ သတ္တဝါကို စောင့်ကြည့်ပြီးနောက် သူ၏ဦးနှောက်လှိုင်းများကို အာရုံခံရန် ကြိုးစားလိုက်လေ၏။

တခဏမျှကြာပြီးနောက် စိတ်ရှုပ်ထွေးနေပြီး ကလေးဆန်သော အတွေး၏အရိပ်အယောင်ကို စိတ်လှုပ်ရှားစွာ ဖမ်းမိလိုက်သည်။

လင်းကျား၏ ပိတုန်းဘုရင်က ဉာဏ်ကောင်းသော်လည်း အလွန်အားနည်းပြီး အသက်ငယ်‌သေးသောကြောင့် သူ့ကိုယ်သူ ကောင်းစွာ မဖော်ပြနိုင်သေးပေ။ သူက ကလေးတစ်ယောက်နှင့်သာ ပို၍တူနေ၏။

လင်းကျားက ရှုးယန်အသင်းထဲ ဝင်လာပြီးနောက် အသင်းသားများသည်လည်း အင်းစက်အဖြစ် အသွင်ပြောင်းလဲခြင်းနှင့် ပက်သက်သည့် အမှန်တရားကို သိလိုက်ရသည်။

လင်ကျားကို သေစေချင်သည့် လဲ့ရူသိုက သူမကို အင်းစက်အလယ်သို့ တွန်းချလိုက်ကြောင်းကို သိရသည့်အခိုက်တွင် သူတို့အားလုံး ထိတ်လန့်သွားကြရ၏။

ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အကြင်နာတရားခေါင်းပါးရတာလဲ?

ပြီးတော့ လင်းကျားက သူမရဲ့‌ယောက်မလေ..

လင်းကျား၏ဘေးနားမှ ဧရာမပိတုန်းကြီးက မဖွံ့ဖြိုးသေးသော လူသန္ဓေသားလောင်းလေးသာဖြစ်ကြောင်း သိလိုက်ရသောကြောင့် ယင်ရိလျို၏နှလုံးသား ပို၍ပင်နာကျင်ကိုက်ခဲလာခဲ့သည်။

သူမကိုယ်တိုင်လည်း တိရစ္ဆာန်ဇစ်မြစ်ရှိသောကြောင့် တချို့သောသန္ဓေပြောင်းသတ္တဝါများ၏ စကားကိုနားလည်နိုင်ပြီး လင်းကျား၏ခံစားချက်များနှင့်လည်း ထူးခြားသော ဆက်သွယ်မှုရှိသည်ဟု ခံစားရ၏။

ဤသတ္တဝါတွင် အသိစိတ်ရှိသော ဦးနှောက်လှိုင်းများရှိကြောင်းကို သိသွားပြီးနောက်တွင် သူ့ကို စောင့်ရှောက်မှုလိုအပ်နေသည့် ဂျူနီယားလေးတစ်ယောက်အဖြစ် စတင်ဆက်ဆံလာခဲ့သည်။

သူမ အတွေးထဲတွင် နစ်မျောနေချိန် လင်းကျားက ရုတ်တရက် စကားပြောခဲ့၏။

“လှိုဏ်ဂူထဲကနေ တစ်ယောက်ယောက် ထွက်လာပြီ”

ယင်ရိလျိုလည်း စားပွဲဆီသို့ခုန်သွားပြီး ကျန်ရှိနေသောအစားစာများနှင့် အထုပ်အပိုးများကို နေရာလွတ်ထဲသို့ ချက်ချင်း သိုလှောင်ခဲ့လေသည်။

ထို့နောက် ကျင်းယန်၏လက်မောင်းထဲ ခုန်ဝင်ပြီး အပြစ်ကင်းစင်ယောင်ဆောင်လိုက်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်လာခဲ့ပြီးအမျိုးသမီးတစ်ယောက်၏ ငိုယိုသံက ထွက်လာခဲ့သည်။

လင်းယုန်နီအသင်းမှ လျိုဝေ့ဟုန်က အပြင်ဘက်မှ တဲလိုက်ကာကို လှပ်ဖွင့်ပြီး အတွင်းဘက်မှ ရှုးယန်အသင်းဝင်များကို ကြည့်လာခဲ့၏။

သူက ခပဖျော့ဖျော့ပြုံးပြလာပြီး အလွန်ပင်ပန်းနေသော်လည်း ကျင်းယန်နှင့် လက်ဆွဲနှုတ်ဆက်ရန် အနားလာခဲ့‌လေသည်။

သူသည်က ဤလူငယ်ကို အမြဲတစေလေးစားခဲ့ခြင်းဖြစ်ပြီး စိတ်ရင်းမှန်ဖြင့်ပြောခဲ့၏။

“မင်း ဘေးကင်းတာကိုမြင်ရတာ ဝမ်းသာမိပါတယ်”

လျိုဝေ့ဟုန်၏လက်ကို ဆုတ်ကိုင်ထားသော ကျင်းယန်၏လက်များ အနည်းငယ် တင်းကြပ်သွားခဲ့သည်။

ကျောင်းချီယန်က လျိုဝေ့ဟုန်၏နောက်ရှိအဟကြားမှ အပြင်ကို လှမ်းကြည့်ပြီး ပြောခဲ့၏။

“အပြင်မှာ ဘာတွေဖြစ်နေတာလဲ?”

လျိုဝေ့ဟုန် ခေါင်းယမ်းလိုက်သည်။

“ကျင်းယန်ကလွဲလို့ တခြားသူတွေကို အဲဒီသန္ဓေပြောင်းက စုပ်ယူသွားခဲ့တယ်..ငါတို့ ဆင်းသွားကြည့်တော့ ဘယ်သူမှ မကျန်တော့ဘူး..

သူတို့က အသင်းဖော်အားလုံးကို အပေါ်ပြန်ခေါ်လာချင်တယ်လို့ ပြောနေကြတယ်”

သူ အပြင်ဘက်ကို လှမ်းကြည့်ပြီး ဆက်ပြောခဲ့၏။

“ငိုနေတဲ့တစ်ယောက်က သခင်မလေးနျိုဖြစ်ပုံပဲ.. နျိုဖေးဟောင်ကို မှတ်မိတယ်မလား၊ သူ့ကို သန္ဓေပြောင်းအပင်က ဆွဲခေါ်သွားလို့ သေသွားခဲ့ပြီ”

လျိုဝေ့ဟုန်၏အမူအရာက အနည်းငယ်လောက် ဝမ်းနည်းသကဲ့သို့ ဖြစ်နေခဲ့သည်။

ဆိုရလျှင် နျိုဖေး‌ဟောင်နှင့် သူ၏အထက်လူကြီး လီကျန်ကျောင်းက အဆင့်အတန်းတူညီသောကြောင့် သူ ဤကဲ့သို့ နည်းလမ်းဖြင့် သေဆုံးခြင်းမှာ အလွန်ပင် ရုတ်တရက်ဆန်လွန်း၏။

သို့သော်ငြား သူ၏သေဆုံးမှုကြောင့် မြို့တော်Zရှိ ဟန်ချက်ညီသောအာဏာနှင့် နျိုမိသားစု၏အခြေခံအုပ်မြစ်က အနှောင့်ယှက်ခံရမည်ဖြစ်ပြီး မြို့တော်Zထဲတွင် ပြင်းထန်သောဆူပူလှုပ်ရှားမှုကို ကြုံတွေ့ရတော့မည်ပင်။

ယင်ရိလျို ဂူထဲတွင် ရှိနေစဥ်က နျိုဖေးဟောင်ကို သတိမထားမိခဲ့ပေ။

ရာထူးအဆင့်အတန်းမြင့်ကာ ထင်ရှားကျော်ကြားသော နျိုဆိုသူက မြို့လေးတစ်မြို့တွင် မြေခပြီး ဤကဲ့သို့ပျောက်ကွယ်သွားကြောင်း ယင်ရိလျို မယုံနိုင်ချေ။

ဆင့်ကဲပြောင်းလဲစွမ်းရည်တွေ မရှိတဲ့ သခင်မလေးနျိုကရော နျိုဖေးဟောင်ဆုံးပါးသွားပြီးတဲ့နောက်မှာ သစ္စာရှိတဲ့လက်အောက်ငယ်သားတွေ ကျန်ရှိပါ့မလား?

ဒါ့အပြင် အရင်က ဖိနှိပ်ခံထားရတဲ့ သန္ဓေပြောင်းတွေက ဒီအခွင့်အရေးကိုယူပြီး နျိုမိသားစုရဲ့ တစ်ဦးတည်‌သော သခင်မလေးကို လက်စားချေဖို့ရောက်လာနိုင်အလား။

မည်သည့်အရာများ ဖြစ်လာနိုင်မည်က မသေချာပါချေ။

ရှုးယန်အသင်းက ပြင်ဆင်ထုပ်ပိုးပြီးနောက် တဲထဲမှထွက်လာခဲ့ကြ၏။

အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပြီး တွင်းပေါက်ဝနားရှိ လူများကို မြင်နိုင်ရုံသာ မြင်ရတော့သည်။

အရှေ့အနောက်သွားလာနေသည့် အမျိုးမျိုးသောသန္ဓေပြောင်းများကြားမှ စကားဝိုင်းကို ယင်ရိလျိုကြားလိုက်လေ၏။ သူတို့သည်က နောက်ထပ် မမျှော်လင့်ထားသော သေဆုံးမှုကို ပြောနေကြသည်။

လီရင်းရင်း...

သူမက ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့တွင် အလုပ်လုပ်ခဲ့ပြီး နေ့လည်စာသွားပို့သည့်အချိန်တွင် ကပ်ဘေးဆိုက်သွားခဲ့ကာ မြေအောက်သို့ တရွတ်တိုက်အဆွဲခံလိုက်ရလေ၏။

ယင်ရိလျို မြေပြင်ပေါ်တွင် လဲလျောင်းနေသော လီရင်းရင်း၏ခန္ဓာကိုယ်ကိုကြည့်ပြီး ရှုပ်ထွေးသော ခံစားချက်များကို ခံစားခဲ့ရသည်။

ဤအမျိုးသမီးအပေါ် သူမ၏ထင်မြင်ချက်က သူမကိုသေနတ်နှင့် ပစ်ခဲ့သည့်အချိန်သာ ရှိနေခဲ့၏။ ထိုအကြောင်းမှလွဲလျှင် သူမက ဝတ္ထုထဲမှ အမြောက်စာဇာတ်ပို့ တစ်ယောက်ဖြစ်ကာ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြားမှ အချစ်စစ်အတွက် သက်သေတစ်ယောက်သာ ဖြစ်ခဲ့သည်။

ဇာတ်ကြောင်းက ဒီအခြေအနေအထိ လမ်းလွဲသွားလိမ့်လို့ ဘယ်သူထင်ထားပါ့မလဲ?

သူမ၏ စိတ်ထဲတွင်မောပန်းမှုကို ခံစားရသောကြောင့် ယင်ရိလျိုနားရွက်များကို လှုပ်ယမ်းလိုက်မိလေ၏။

အမြဲတစေ ပြောင်းလဲနေသော ကမ္ဘာပျက်ကပ်ထဲတွင် လူများက အချိန်မရွေး၊ နေရာမရွေး ရုတ်တရက် ပျောက်ကွယ်သွားနိုင်သည်။

ရှန်းယင်ကျိုးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လီရင်းရင်းကို တိတ်တဆိတ်ကြည့်နေပြီး သူမ၏ဘေးတွင် ထိုင်ကာ အတော်လေး လက်ခံရန်ခက်ခဲသည်ဟု ခံစားနေရ၏။

အခုတလော သူမက အကြောင်းပြချက်မရှိ ပို၍ ထူးဆန်းလာသည်ဟု ထင်ခဲ့မိသည်ကတော့ အမှန်ပင်။ သူ သူမကို အေးစက်စွာ ဆက်ဆံခဲ့မိသည်။

သို့သော်ငြားလည်း လီရင်းရင်းက သူ၏မျက်စိရှေ့မှောက်တွင် သေဆုံးသွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်မိသကဲ့သို့ လက်လည်းမခံနိုင်ခဲ့ပါချေ။

လက်ရှိအချိန်တွင် လီရင်းရင်းက အချစ်ကြောင့် မရူးသွပ်သေးပေ။

ရှန်းယင်ကျိုး၏ကန့်သတ်စည်းကို ဖောက်ဖျက်သည့် ရူးသွပ်သောအရာများ အားလုံးကို မလုပ်ရသေးသောကြောင့် သူမအတွက် ခံစားချက်တချို့ ကျန်နေဆဲပင်ဖြစ်၏။

သူမ၏ရုတ်တရက် သေဆုံးမှုမှာ ရှန်းယင်ကျိုး၏ ရင်ဘက်တွင် ဆူးချွန်တစ်ချောင်း စိုက်သွားခြင်းနှင့်တူသည်။

အတိအကျဆိုရလျှင် သူမက လရောင်ဖြူဇာတ်ကောင်တစ်ခု မဟုတ်သော်လည်း သူမ၏သေဆုံးမှုကတော့ လရောင်ဖြူဆန်ပြီး ဇာတ်လိုက်ကို အပြစ်ရှိစိတ်ဖြစ်ပေါ်စေသည်။

ထို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားမှ အခက်အခဲများသော အချစ်ဇာတ်လမ်းက ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။

လျို့ကျန်းဘက်တွင်တော့ မြေအောက်မှ တန်ဖိုးရှိသည့်အရာကို မရှာနိုင်သောကြောင့် ထိတ်လန့်တုန်လှုပ်လာခဲ့သည်။

သူမက မြေအောက်နေရာတစ်ခုလုံးကို မြေလှန်ရှာခဲ့သော်လည်း ရတနာနှင့်ဆင်တူသည့်အရာ တစ်ခုမှပင် မရှိပါချေ။

သူမ၏ကံကောင်းမှုက ထင်ထားသကဲ့သို့ မကောင်းကြောင်းကို စတင်လက်ခံလာရပေပြီ။

တခြားသူများက ညအမှောင်အောက်တွင် သူတို့အသင်းဖော်များ၏ ရုပ်အလောင်းများကို ဖြေရှင်းနေကြချိန်တွင် သူမက ကျင်းယန်ထံသို့ တင်းမာသောမျက်နှင့် လျှောက်သွားပြီး မေးခဲ့သည်။

“အတိအကျပြောစမ်းပါ! မြေအောက်မှာ ဘာတွေဖြစ်သွားတာလဲ၊ ဘာလို့လူတိုင်းသေကုန်ပေမဲ့ ရှင်နဲ့ရှင့်ယုန်ကကျ အသက်ရှင်ပြီး ကျောက်တုံးကို ယူလာနိုင်ရတာလဲ

ကျင်းယန်... ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မမှာ ရှင်ကို မေးပိုင်ခွင့်ရှိတယ်”

ကျင်းယန် မျက်လုံးကိုမှေးစင်းလိုက်၏။ သူ မည်သည့်စကားကိုမှမပြောနိုင်ခင် ကျောင်းချီယန်က ဒေါသထွက်နေချေပြီ။

“မင်း ဘာကိုဆိုလိုတာလဲ? ဒီလူတွေ သေသွားရတာက ငါတို့နဲ့ဆက်စပ်နေတာလို့ ပြောချင်တာလား၊ အစတုန်းက မင်းက ကျင်းယန်ကောကို ပစ်မှတ်ထားပြီး သတ်ဖြတ်ဖို့ ကြိုးစားပြီး အခုကျတော့ ငါတို့ရဲ့အကျင့်သိက္ခာကို လာစော်ကားနေတာလား”

ကျောင်းချီယန် ဒေါသကို မထိန်းနိုင်တော့ချေ။

*

All Chapters