← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အပိုင်း(၃)

လင်းတုန်း တစ်ယောက် သစ်ပင်ပေါ်သို့ မော့ကြည့်နေဆဲမှာပင် သူ၏ ဘယ်ဘက်ရှိ ခြုံပုတ်များကြားမှ တစ်စုံတစ်ခု လှုပ်ခတ်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် နှင်းမြေခွေး တစ်ကောင်သည် ခြုံပုတ်ထဲမှ ပြေးထွက်လာပြီး သူ့ကို အကဲခတ်လျက် ရုတ်တရက် ရပ်တန့်သွားလေသည်။

ဖြူစင်သော အမွေးအမျှင်များနှင့် လေထဲတွင် ယိမ်းနွဲ့နေသော အမြီးသုံးချောင်းပါရှိသည့် ဤနှင်းမြေခွေးသည် အိုးရပ်စ် သစ်ပင်ကဲ့သို့ပင် အထွတ်အမြတ် တောင်ကြား အတွက် သီးသန့်ဖြစ်တည်နေသော သတ္တဝါဖြစ်သည်။ ဝေ့ ကလန် ၏ သင်္ကေတပင်လျှင် တောင်ကြားရှိ နှင်းမြေခွေးများကို ဂုဏ်ပြုသောအားဖြင့် အဖြူရောင် မြေခွေး ပုံစံကို အသုံးပြုထားခြင်း ဖြစ်သည်။ အထူးသဖြင့် ထင်ရှားသော နှင်းမြေခွေး တစ်ကောင်ကို ရည်ရွယ်ခြင်း ဖြစ်လေသည်။

လင်းတုန်းကဲ့သို့ပင် ဤမြေခွေးသည်လည်း ၎င်း၏ နေရပ်မှ မြောက်ဘက် မိုင်ပေါင်းများစွာ အကွာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုမြေခွေးက လင်းတုန်းကို တစ်ခဏမျှ စိုက်ကြည့်နေ၏။ သို့သော်လည်း... ပို၍ ကြီးမားသော အရာတစ်ခုက ခြေသံများနှင့်အတူ နီးကပ်လာသောကြောင့် ချက်ချင်း လစ်ခနဲ ထွက်ပြေးသွားလေတော့သည်။

ထိုစဉ် တောအုပ်ထဲမှ လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး ကိုယ်ပေါ်တွင်လည်း ခြစ်ရာများ ပြည့်နှက်နေသည်။ သူ၏ ညာဘက်ရင်အုံတွင် ကြေး တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားပြီး၊ ဖြူဖွေးသော မြေခွေးမွေးများ ကွပ်ထားသည့် အပေါ်အင်္ကျီကို ဝတ်ဆင်ထားလေသည်။

လင်းတုန်း သူ့ကို သိသည်။ သူကား ဝေ့မုံတယ်ရစ် ဖြစ်ပြီး လင်းတုန်းထက် အသက်တစ်နှစ်ငယ်သော ကလန်သား တစ်ယောက်ဖြစ်သည်။ ထိုလူငယ်သည် အန္တရာယ်တစ်ခုပင်။

"ဝမ်းကွဲ တယ်ရစ်"

လင်းတုန်းက လက်နှစ်ဖက်ဆုပ်ကာ တရားဝင် အရိုအသေပေးလျက် နှုတ်ဆက်လိုက်သည်။

"ဒီငယ်သား အနေနဲ့ ဒီနေရာမှာ ဝမ်းကွဲနဲ့ ဆုံတွေ့ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်..."

"လမ်းဖယ်စမ်း..."

တယ်ရစ် က အော်ဟစ်လိုက်ပြီး လင်းတုန်းကို တွန်းတိုက် ကျော်ဖြတ်သွားသည်။ သူ၏ အနောက်တွင် နောက်ထပ် လူငယ်တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့ လိုက်ပါလာကြသည်။ သူတို့ နှစ်ဦးစလုံးမှာ အသက် ဆယ့်လေး၊ ဆယ့်ငါးနှစ် အရွယ် ဝေ့ ကလန်သားများ ဖြစ်ကြပြီး၊ နှစ်ယောက်စလုံးသည် ကြေးအဆင့် များ ဖြစ်ကြသည်။

လင်းတုန်း၏ သစ်သား တံဆိပ်ပြားလေးမှာ သူ၏ ရင်ဘတ်ပေါ်တွင် လေးလံစွာ တွဲလောင်းကျနေသော်လည်း၊ ၎င်းကို ဖုံးကွယ်ထားခြင်းသည် သူ၏ အရှက်ကွဲမှုကို လက်ခံလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ သူတို့ ဖြတ်ပြေးသွားချိန်အထိ သူသည် လက်ဆုပ်ကာ အရိုအသေပေးထားသည့် ပုံစံအတိုင်း ဆက်လက် ရပ်နေလိုက်သည်။

တမင်သက်သက် သာမန် ဟန်ဆောင်လျက် သူသည် သစ်ပင်ကို ကျောမှီကာ ဆုတ်လိုက်သည်။ အကယ်၍ ထိုသူများသာ တောက်ပနေသော အစီအရင်ကို မြင်သွားခဲ့ပါက၊ ၎င်းမှာ ဘာအတွက်လဲဟု သူ့ကို မေးမြန်းကြပေလိမ့်မည်။ သူ အသီးကို ခူးယူနိုင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ သူတို့ကို အခြားကိစ္စတစ်ခုခုဖြင့် အာရုံလွှဲထားနိုင်ရန်သာ ရှိလေသည်။

အိမ်နှင့် ဤမျှဝေးကွာသော နေရာအထိ မိမိကလန်မှ လူသုံးယောက်ကို ရောက်လာစေရန် ဖန်တီးခဲ့သည့် ကံကြမ္မာကို သူ ကျိန်ဆဲလိုက်မိသည်။ ကံကောင်းထောက်မစွာပင်... သူတို့သည် သူ့ကို လျစ်လျူရှုကာ မြေခွေးကိုသာ ဆက်လက် အမဲလိုက်သွားခဲ့ကြပြီ မဟုတ်ပါလော။

အမှန်တကယ် ပြောရမည်ဆိုလျှင် ထိုသို့ အမဲလိုက်ခြင်းမှာ တရားမဝင်သော လုပ်ရပ်တစ်ခု ဖြစ်လေသည်။

တစ်စုံတစ်ယောက် ပြန်လှည့်လာသည့် ခြေသံကို ကြားလိုက်ရသောအခါ လင်းတုန်းသည် သူ၏ ပစ္စည်းအနည်းငယ်ကို သိမ်းဆည်းပြီး စတင် ထွက်ပြေးရန် ပြင်လိုက်သည်။ သူတို့၏ ပုံမှန် အကျင့်အတိုင်း သူ့ကို မမြင်ဟန်ဆောင်ကာ လွှတ်ထားခဲ့မည်ဟု မျှော်လင့်ခဲ့သော်လည်း၊ သူ ထိုမျှလောက်အထိ ကံမကောင်းခဲ့ပေ။

ခြေသုံးလှမ်းမျှပင် မလှမ်းရသေးမီ တယ်ရစ်က သူ့ကို ဖမ်းမိသွားခဲ့ရာ သူ လုံးဝ ကံမကောင်းခဲ့ခြင်းပင်။

ကျင့်စဉ်၏ ကြေးအဆင့် သို့ ရောက်ရှိသွားသောအခါ လူတစ်ယောက်၏ ဝိညာဉ်လမ်းကြောင်းများ ပွင့်ဟလာသည်။ တယ်ရစ်သည် လောကကြီး၏ သက်စောင့်အော်ရာများကို စုဆောင်းနိုင်ပြီး ၎င်းတို့ကို မိမိကိုယ်ပိုင် မာဒြာ အဖြစ် ပြောင်းလဲကျင့်ကြံနိုင်စွမ်း ရှိသည်။ ထိုကဲ့သို့ စွမ်းအားများကို အသုံးပြု၍ ခန္ဓာကိုယ်ကို ခွန်အားဖြည့်တင်းနိုင်သောကြောင့် သူက လင်းတုန်း၏ တံတောင်ဆစ်ကို လှမ်းဖမ်းလိုက်ချိန်တွင် ရုန်းကန်ခုခံရန် လုံးဝ မဖြစ်နိုင်တော့ပေ။

လင်းတုန်းမှာ ဆောင့်ဆွဲလှည့်ခံလိုက်ရသော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။

"ဝမ်းကွဲ တယ်ရစ်... ဒီငယ်သားက ဘာများ ဆောင်ရွက်ပေးရမလဲ..."

တယ်ရစ်သည် လင်းတုန်း၏ မျက်လုံးကို တည့်တည့်ကြည့်နိုင်လောက်အောင် အရပ်မရှည်သောကြောင့် လင်းတုန်း၏ ခြေရင်းသို့ တံတွေး ထွေးချလိုက်သည်။

"ငါတို့ အဲဒီ အမြီးသုံးချောင်း နှင်းမြေခွေးကို နေ့ရောညပါ အမဲလိုက်လာတာ... အခုတော့ မင်းကြောင့် ငါတို့ အဲဒါကို လက်လွှတ်ရတော့မယ်..."

"ဒီငယ်သားရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပါ ဝမ်းကွဲ... ဒါပေမဲ့ ဒီအမဲလိုက်ပွဲကို အကြီးအကဲ ဝှစ်စပါ က ခွင့်ပြုချက် ပေးထားလို့လား..."

တယ်ရစ်၏ ရုပ်ဆိုးဆိုး အမူအရာကပင် လင်းတုန်း သိလိုသော အဖြေကို အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ အကြီးအကဲ ဝှစ်စပါသည် တစ်ခါတစ်ရံတွင် နှင်းမြေခွေးများကို အမဲလိုက်ရန် ခွင့်ပြုလေ့ရှိသော်လည်း၊ အလွန် တင်းကျပ်စွာ ထိန်းချုပ်ထားသော အခြေအနေများအောက်တွင်သာ ဖြစ်သည်။

ယိုမာတောင် ခြေရင်းတွင် ကြေးအဆင့် လူငယ်သုံးယောက် နှင်းမြေခွေးတစ်ကောင်ကို လိုက်လံ ဖမ်းဆီးနေခြင်းကိုမူ သူ လုံးဝ သည်းခံခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာလှသည်။

ဝေ့ ကလန်၏ သင်္ကေတမှာ အဖြူရောင် မြေခွေး ဖြစ်နေရသည့် အကြောင်းရင်းမှာ ဝှစ်စပါ ကြောင့်ပင် ဖြစ်သည်။

သို့သော် သူ၏ မျက်လုံးများသည်လည်း အရာအားလုံးကိုတော့ မမြင်နိုင်ပေ။ ဒဏ္ဍာရီများအရ နှင်းမြေခွေး၏ အသားသည် အဖြူရောင် မြေခွေး လမ်းစဉ်ကို လိုက်နာကျင့်ကြံသူများ၏ မာဒြာကို ပိုမို အားကောင်းလာစေသည်ဟု ဆိုကြပြီး၊ ဝေ့ ကလန်ရှိ လူတိုင်းလိုလိုပင် ထိုလမ်းစဉ်ကို ကျင့်ကြံကြလေသည်။

လင်းတုန်း သိထားသလောက်တော့ ထိုအချက် မှန်ကန်နိုင်စရာ ယုတ္တိကျသော အကြောင်းပြချက် မရှိသော်လည်း၊ လူအများအပြားက ၎င်းကို ယုံကြည်ကြသည်။ ထို့ကြောင့် အကြီးအကဲ ဝှစ်စပါသည် သူ၏ တိုက်ရိုက် ခွင့်ပြုချက်မရဘဲ နှင်းမြေခွေးများအား အမဲလိုက်ခြင်း အားလုံးကို တားမြစ်ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

တယ်ရစ်က လက်သီးဆုပ်ကာ သူ၏ စွမ်းအားများကို စုစည်းလိုက်သောကြောင့် လက်သီးတစ်ဝိုက်ရှိ လေထုမှာ လှိုင်းထသွားလေသည်။

"မင်းက ရိုင်းစိုင်းချင်နေတာလား ဝိညာဉ်မဲ့... မင်း မျက်နှာပေါ်က အဲဒီ အမူအရာကို ငါ မကြိုက်ဘူး..."

လင်းတုန်း၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ တယ်ရစ်သည် ကြေးအဆင့်သာ ရှိသေးသော်လည်း သူ၏ တံဆိပ်ပြားပေါ်ရှိ ဒိုင်း ပုံစံက သူသည် 'ကာကွယ်သူ' တစ်ဦး ဖြစ်ကြောင်း ပြသနေသည်။ မာဒြာကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားအဖြစ် အာရုံစိုက် အသုံးပြုရန် မွေးဖွားလာသူ ဖြစ်သည်။ သူသည် လင်းတုန်းကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်နိုင်စွမ်းရှိသည်။

ထိုသို့ လုပ်ကောင်းမှ လုပ်မည်မဟုတ်သော်လည်း ဖြစ်နိုင်ခြေကား ရှိနေသည်။ မိမိထက် အဆင့်နိမ့်သူတစ်ဦးကို သတ်ဖြတ်ခြင်းသည် အလွန်တရာ ရှက်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ အကယ်၍ တယ်ရစ်သာ သူ့ကို သတ်လိုက်ပြီး ထိုသတင်းသာ ကလန်သို့ ရောက်ရှိသွားပါက၊ တယ်ရစ်သည် သူ၏ ကျန်ရှိနေသော သက်တမ်းတစ်လျှောက်လုံး ဂုဏ်သိက္ခာကျဆင်းပြီး အပယ်ခံတစ်ဦးအဖြစ် နေထိုင်သွားရမည် ဖြစ်သည်။

သို့သော်လည်း မိမိ၏ နံရိုးများကို လက်သီးတစ်ချက်တည်းဖြင့် ချိုင့်ဝင်သွားအောင် ထိုးနိုင်စွမ်းရှိသူတစ်ဦးနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရခြင်းမှာ ထူးခြားစွာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုပင် ဖြစ်သည်။ သူ့ကို ကယ်တင်ရန် မည်သူမှ အနီးအနားတွင် ရှိမနေပေ။

လင်းတုန်းက ထပ်မံ၍ အရိုအသေပေးလိုက်ပြီး ပို၍ပင် နှိမ့်ချသောဟန်ဖြင့် ပြောဆိုလိုက်သည်။

"ဒီငယ်သားကို ခွင့်လွှတ်ပေးပါ ကြေးအဆင့် ဝမ်းကွဲ... ကျေးဇူးပြုပြီး ဒီငယ်သားမှာ စုဆောင်းထားတဲ့ ငွေစအနည်းငယ် ရှိပါတယ်... အဲဒါလေးတွေကို ဝမ်းကွဲ လက်ခံပေးမယ်ဆိုရင် ဒီငယ်သားအတွက် ဂုဏ်ယူစရာပါပဲ..."

တယ်ရစ် တစ်ယောက် လာဘ်ငွေကို လက်ခံ၊ မခံ အကဲခတ်ရန် သူ မော့ကြည့်လိုက်သော်လည်း၊ ကြေးအဆင့် လူငယ်လေးက လင်းတုန်း၏ အနောက်ဘက်သို့ ကျော်လွန်၍ ကြည့်နေလေသည်။ တစ်စုံတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့ခြင်းပင်။

နှင်းမြေခွေးသာ ပြန်မလာခဲ့ဘူးဆိုလျှင်၊ ထိုနောက်ဘက်တွင် ရှိနေနိုင်သည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ရှေးဟောင်း ဘိုးဘေးသစ်ပင်ပင် ဖြစ်သည်။

နွေဦးရာသီ၏ အေးမြသော နေ့တစ်နေ့ ဖြစ်သော်လည်း၊ လင်းတုန်း၏ ကျောပြင်တစ်လျှောက်တွင် ချွေးသီးချွေးပေါက်များ စီးကျလာလေသည်။

"ဒီအစီအရင်က ဘာလဲ ဝိညာဉ်မဲ့..."

"ဒီငယ်သားက အစီအရင် ရေးဆွဲတာကို လေ့ကျင့်နေတာပါ ဝမ်းကွဲ... ဒီငယ်သားရဲ့ မိခင် တောင်းဆိုထားလို့ပါ..."

မိခင်ဖြစ်သူ၏ အမည်ကို တိုင်တည်လိုက်ခြင်းက သူ့အတွက် သက်ညှာမှု တစ်စုံတစ်ရာ ရစေလိမ့်မည်ဟု သူ မျှော်လင့်မိသည်။ လင်းတုန်းနှင့် ခြားနားစွာပင် ဝေ့ရှီစီရှားသည် ကလန်အတွက် တန်ဖိုးရှိသော အခန်းကဏ္ဍမှ တာဝန်ယူပေးထားသူ ဖြစ်သည်။ သူမသည် မိသားစုအားလုံး၏ ကျယ်ကျယ်ပြန့်ပြန့် လေးစားမှုကို ရရှိထားသူ ဖြစ်လေသည်။

တယ်ရစ်က အရုပ်ဆိုးဆိုး ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးလာသည်။

"အို... မင်းပုံစံက ရန်ဖြစ်ချင်နေတဲ့ ပုံပဲ... ငါနဲ့ ချချင်လို့လား..."

လင်းတုန်း၏ မိဘများသည် ထွားကြိုင်းသူများ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ချိန်က နာမည်ကျော် သိုင်းသမားများ ဖြစ်ခဲ့ကြပြီး၊ လင်းတုန်းမှာမူ သူတို့၏ အစစ်အမှန် ခွန်အားများကို မရရှိခဲ့ဘဲ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖွဲ့စည်းပုံကိုသာ အမွေရရှိခဲ့သည့် ကံဆိုးသူ တစ်ယောက် ဖြစ်သည်။ သူသည် ရွယ်တူများထဲတွင် အရပ်အရှည်ဆုံးဖြစ်ပြီး ပခုံးအကျယ်ဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် သူက ရင်းနှီးဖော်ရွေစွာ ဆက်ဆံနေသည်ဟု ထင်မှတ်ထားချိန်တွင်ပင်၊ အခြားသူများကတော့ သူ့ကို ရန်လိုနေသည်ဟု မကြာခဏ ထင်မြင်တတ်ကြလေသည်။

တယ်ရစ်ဘက်ကနေ သူ၏ လုပ်ရပ်ကို သတ္တိကြောင်ပြီး ကြောက်ရွံ့နေသည့် အမူအရာအဖြစ် မြင်စေရန် မျှော်လင့်လျက် ဝေ့ရှီလင်းတုန်းက ပို၍ပင် နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။ အမှန်တကယ်လည်း သူ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်လေသည်။

တယ်ရစ်က သူ့ကို လျစ်လျူရှုလိုက်ရာ၊ ၎င်းမှာ အောင်မြင်မှုတစ်ခုပင်။ သို့သော် ကံမကောင်းစွာဖြင့်ပင် တယ်ရစ်၏ အာရုံက သစ်ပင်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

"မင်းက ငါ့ရဲ့ အမဲလိုက်ပွဲကို နှောင့်နှေးစေခဲ့တာဆိုတော့၊ မင်းရဲ့ လေ့ကျင့်မှုကိုလည်း ငါက ပြန်ပြီး နှောင့်နှေးစေတာဟာ တရားမျှတမှု ရှိပါတယ်..."

တယ်ရစ်က လက်သီးကို နောက်သို့ ဆုတ်လိုက်ချိန်တွင် သူ ဘာလုပ်ရန် ရည်ရွယ်နေသည်ကို လင်းတုန်း ရိပ်မိသွားသည်။

"ရပ်လိုက်..."

***

အပိုင်း(၄)

"ရပ်လိုက်..."

လင်းတုန်းက အော်ဟစ်လိုက်သော်လည်း အချိန်မမီတော့ပေ။ တယ်ရစ်သည် သံမဏိအဆင့် သို့ မရောက်ရှိသေးရာ၊ သူ၏ ခန္ဓာကိုယ်သည် အမှန်တကယ်တွင် လင်းတုန်းထက် ပို၍ သန်မာနေခြင်း မရှိပေ။ သို့သော် 'ကာကွယ်သူ' များသည် သူတို့၏ ခွန်အားကို မာဒြာ ဖြင့် ဖြည့်တင်းပေးနိုင်ကြသည်။

တယ်ရစ်က သူ၏ ကြေးအဆင့် မာဒြာကို ဆွဲယူအသုံးပြုလိုက်သောအခါ၊ သူသည် သူနှင့် အဆင့်တူ အခြားကျင့်ကြံသူများထက် ပိုမို သန်မာလာမည်၊ ပိုမို ကြံ့ခိုင်လာမည်ဖြစ်ပြီး ပိုမို မြန်ဆန်လာမည်ဖြစ်သည်။ သူ၏ လက်သီးချက်သည် ရှေးဟောင်း သစ်သီးပင်ကြီးထံသို့ ကျရောက်သွားကာ သစ်ခေါက်များကို အပိုင်းပိုင်းအစစ ကွဲကြေသွားစေပြီး သစ်သားပေါ်တွင် သူ၏ လက်သီးရာကို ထင်ကျန်ရစ်စေခဲ့သည်။ ထိုရိုက်ခတ်မှုအရှိန်က တောအုပ်အတွင်း ပဲ့တင်ထပ်သွားပြီး လင်းတုန်း၏ အစီအရင်ကိုပါ ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

တယ်ရစ်က နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူ၏ အနောက်ဘက်ရှိ သစ်ပင်ကြီးသည် အလယ်မှနေ၍ ကွေးညွတ်သွားသည်။ ဖြည်းညင်းစွာဖြင့်ပင် ထိုသစ်ပင်ကြီးသည် အက်ကွဲကာ ပြိုလဲပျက်စီးသွားလေတော့သည်။

လင်းတုန်း၏ ခန္ဓာကိုယ်အတွင်း ရေခဲတမျှ အေးစက်မှုတစ်ခု ဖြတ်သန်းသွား၏။ ယင်းမှာ သစ်သီး ဆုံးရှုံးသွားရခြင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ သူ ရှင်သန်နိုင်ရန် အခွင့်အလမ်းမှာ ရုတ်ခြည်းပင် ထိုးကျသွားခဲ့ပြီ ဖြစ်သည်။

"မိုက်မဲလိုက်တဲ့ကောင်"

လင်းတုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ တယ်ရစ် တစ်ယောက် အေးခဲရပ်တန့်သွားသည်။

"မင်း ဘာပြောလိုက်တာလဲ။"

လင်းတုန်းက ဒူးထောက်ချလိုက်ပြီး မြေကြီးပေါ်တွင် သင်္ကေတများကို ကပျာကယာ ရေးခြစ်လိုက်သည်။ သူ၏ မှတ်တမ်းပြားထဲတွင် ဤအစီအရင်မျိုး မပါရှိရာ၊ သူ မှတ်မိထားသည်များ မှန်ကန်စေရန်သာ မျှော်လင့်ရတော့သည်။

"မင်း ငါတို့နှစ်ယောက်လုံးကို သတ်လိုက်တာပဲ... အဲဒါက ရှေးဟောင်း ဘိုးဘေးသစ်ပင် ကွ။"

တယ်ရစ်က သူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး၊ ထို့နောက် ကျိုးပဲ့သွားသော သစ်ပင်စည်ကို လှမ်းကြည့်လိုက်သည်။ အခြေအနေကို နားလည်သဘောပေါက်သွားရန်အတွက် တန်ဖိုးရှိလှသော စက္ကန့်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

လင်းတုန်းသည် မြေကြီးပေါ်တွင် လက်ချောင်းဖြင့် အရူးအမူး ရေးခြစ်နေရင်း အစီအရင် စက်ဝိုင်းကို နီးပါးမျှ ပြီးစီးနေပြီဖြစ်သည်။

"စက်ဝိုင်း အနောက်ကို ဝင်နေစမ်း..."

သူက အော်ဟစ်လိုက်သည်။

ဝှစ်...

ထိုစဉ် သစ်ပင်၏ အလောင်းကောင်ထံမှ ဝိညာဉ် အကြွင်းအကျန် တစ်ခု ထွက်ပေါ်လာလေသည်။ ထိုအရာသည် တောက်ပသော ခရမ်းရောင် မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းထားပြီး၊ နတ်ပန်းချီဆရာတစ်ဦးက လောကကြီးပေါ်တွင် အရောင်များ ရေးဆွဲထားသကဲ့သို့ပင်။ ဝိညာဉ် အကြွင်းအကျန်သည် ပါးလွှာနေပြီး သစ်ခေါက် သို့မဟုတ် သစ်ရွက်များကဲ့သို့သော အသေးစိတ် အစိတ်အပိုင်းများ ကင်းမဲ့နေကာ၊ တစ်ချိန်က ရှိခဲ့ဖူးသော သစ်ပင်၏ ခရမ်းရောင် အရိုးစုကြီး တစ်ခုနှင့်တူနေလေသည်။

လက်တွေ့တွင်မူ ၎င်းသည် တစ္ဆေတစ်ကောင်နှင့် ပိုတူနေသည်။ ရုပ်ခန္ဓာ ကင်းမဲ့နေသော ဝိညာဉ်တစ်ခုပင် ဖြစ်သည်။

ဝိညာဉ် အကြွင်းအကျန်များသည် ရုပ်ခန္ဓာများမှ လွတ်ကင်းလာသော သန့်စင်သည့် မာဒြာ များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လုံလောက်သော စွမ်းအားရှိသည့် ကျင့်ကြံသူ တစ်ဦး သေဆုံးသွားသောအခါတိုင်း၊ သူတို့သည် ဝိညာဉ်ကို သက်ရှိစွမ်းအားတစ်ခုအနေဖြင့် ချန်ရစ်ထားခဲ့လေ့ရှိသည်။

အကယ်၍ လင်းတုန်းသာ သေဆုံးသွားပါက သူ၏ မာဒြာသည် လေထုထဲရှိ သက်စောင့်အော်ရာများအတွင်းသို့ ပျော်ဝင်ပျောက်ကွယ်သွားမည် ဖြစ်သည်။ သာမန် တိရစ္ဆာန်များ သို့မဟုတ် ကြေးအဆင့် ကျင့်ကြံသူများ သေဆုံးလျှင်လည်း ထိုနည်းတူပင် ဖြစ်သည်။

သို့သော် အထွတ်အမြတ် သားရဲများနှင့် ရှေးဟောင်း ဘိုးဘေးသစ်ပင်များကမူ လုံးဝ ခြားနားသော အဆင့်တစ်ခုတွင် ရှိနေကြသည်။ ၎င်းတို့ အနက်မှ တစ်ခုကို တိုက်ခိုက်ရင်ဆိုင်ရန်အတွက် သံမဏိအဆင့် သို့မဟုတ် ကျောက်စိမ်းအဆင့် ကျင့်ကြံသူတစ်ဦး လိုအပ်ပေလိမ့်မည်။

တယ်ရစ်တစ်ယောက် သူ မြင်တွေ့နေရသည့်အရာကို မတုံ့ပြန်နိုင်မီမှာပင်၊ ခရမ်းရောင် သစ်ပင် ဝိညာဉ် အကြွင်းအကျန်က သစ်ကိုင်းတစ်ခုကို ကြီးမားသော လက်သီးဆုပ်ကြီးသဖွယ် ဆုပ်ကိုင်လိုက်ပြီး လူငယ်လေး၏ ခါးလယ်ပိုင်းဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုန်း...

ကြေးအဆင့် လူငယ်လေးသည် လေထဲတွင် လွင့်စင်သွားပြီးနောက် တောအုပ် ကြမ်းပြင်ပေါ်သို့ မှောက်လျက် ကျသွားလေတော့သည်။

...

ဝေ့မုံတယ်ရစ်၏ အဝတ်အစားများသည် သစ်ပင် ဝိညာဉ် အကြွင်းအကျန် ရိုက်ချလိုက်သော နေရာတွင် စုတ်ပြဲသွားသော်လည်း၊ သူသည် စက္ကန့်ပိုင်းအတွင်း ချက်ချင်း မတ်တပ်ထရပ်ကာ ယိုင်နဲ့နဲ့ဖြင့် ထွက်ပြေးသွားလေသည်။ ဤကဲ့သို့ အသက်အန္တရာယ်ရှိနိုင်သော အခြေအနေမျိုးတွင်ပင် လင်းတုန်းသည် ခဏတာမျှ မနာလိုဖြစ်သွားရန် အချိန်ရလိုက်သေးသည်။ ထိုကဲ့သို့သော ရိုက်ချက်မျိုးသည် သူ့ကို သေစေနိုင်ပေသည်။ သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားစေနိုင်သည်။ သို့သော်လည်း... တယ်ရစ်သည် သူ၏ မာဒြာကို အသုံးပြုထားခဲ့ပုံရသည်။ သူသည် ပိုးဟပ်တစ်ကောင်လို ကပျာကယာ ပြေးထွက်သွားလေသည်။

ကြေးအဆင့် လူငယ်လေးသည် အနောက်သို့ တစ်ချက်မျှ ပြန်မကြည့်ဘဲ သူ၏ သူငယ်ချင်းများ သွားရာလမ်းအတိုင်း တောအုပ်ထဲသို့ ပြေးဝင်သွားသည်။ လင်းတုန်းကမူ အလောတကြီး လုပ်ချင်စိတ်ကို ထိန်းချုပ်ရင်း စက်ဝိုင်းထဲရှိ နောက်ဆုံး အက္ခရာကို အပြီးသတ်ရေးဆွဲလိုက်သည်။ သူ၏ ကာကွယ်ရေးမှာ အမြန်နှုန်းထက် တိကျသေချာမှုကသာ အဓိကဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။

သစ်ရွက်ကင်းမဲ့နေသော သစ်ပင်ပုံစံ ခရမ်းရောင် မာဒြာ အရိုးစု တစ္ဆေကြီးဖြစ်သည့် ဝိညာဉ် အကြွင်းအကျန်သည် သူ့ထံသို့ လေးကန်စွာ လျှောက်လှမ်းလာချိန်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် အချိန်ယူနေရန်မှာ မဖြစ်နိုင်တော့ပေ။ လူတစ်ယောက် လမ်းလျှောက်နေသည့်ဟန်ကို သနားစရာကောင်းလောက်အောင် အတုခိုးလျက် ယိမ်းယိုင်ကာ ရှေ့သို့ တိုးလာသည်နှင့်အမျှ ၎င်း၏ သစ်ကိုင်းများသည်လည်း ယိမ်းထိုးနေလေသည်။

လင်းတုန်းသည် သူ၏ လက်မကို နောက်ဆုံး အက္ခရာပေါ်သို့ တင်လိုက်ပြီး မျက်စိကို မှိတ်ထားလိုက်သည်။ တစ်ချိန်တည်း၌... သူသည် သူ၏ မာဒြာကို အပြာရောင်သန်းသော အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပုံဖော်လိုက်၏။ ထိုအလင်းတန်းသည် သူ၏ ခန္ဓာကိုယ်အနှံ့ သွေးကြောများကဲ့သို့သော လမ်းကြောင်းများတစ်လျှောက် ရွေ့လျားသွားစေသည်။

ငယ်စဉ်က သင်ယူခဲ့ရသော အခြေခံကျင့်စဉ် အတိုင်း စွမ်းအင်စီးဆင်းမှုကို သူ အရှိန်မြှင့်တင် လှည့်ပတ်လိုက်သည်။ ဤကျင့်စဉ်သည် တစ်ချိန်ချိန်တွင် ပြီးပြည့်စုံသော လမ်းစဉ် တစ်ခုလုံး၏ အခြေခံအုတ်မြစ် ဖြစ်လာရန် ရည်ရွယ်ထားသော်လည်း၊ လင်းတုန်းမှာမူ ထိုထက်ပို၍ တိုးတက်မလာခဲ့ပေ။ ဝေ့ ကလန်ရှိ မည်သည့် ကလေးငယ်မဆို သူတို့၏ မာဒြာကို အသုံးပြု၍ လင်းတုန်း လုပ်နိုင်သလောက် လုပ်နိုင်ကြသည်။

သို့သော်... သူသည် အစီအရင်များကိုတော့ အသက်သွင်းနိုင်စွမ်း ရှိသည်။

သူ၏ စွမ်းအား ထိတွေ့မှုနှင့်အတူ စက်ဝိုင်းသည် တောက်လောင် သက်ဝင်လာပြီး၊ အက္ခရာ တစ်လုံးချင်းစီတိုင်းသည် သူ၏ စိတ်ထဲတွင် မြင်တွေ့ခဲ့ရသော အပြာရောင်သန်းသည့် အဖြူရောင် စွမ်းအင်များဖြင့် တောက်လောင်နေလေသည်။

ဝိညာဉ် အကြွင်းအကျန်သည် အစီအရင်ပေါ်သို့ မိုးကျလာပြီး လက်တစ်ဖက်သဖွယ် ရှည်လျားသော သစ်ကိုင်းတစ်ခုကို ဆန့်ထုတ်လိုက်ချိန်တွင်၊ အလင်းတန်းကို လွယ်ကူစွာ ဖြတ်သန်းသွားလေသည်။ မည်သည့် အတားအဆီးကမျှ ၎င်း၏ ရွေ့လျားမှုကို မတားဆီးနိုင်ခဲ့ပေ။ လင်းတုန်းသည် စက်ဝိုင်းအပြင်ဘက်သို့ အနောက်ဆုတ်ကာ ခုန်ထွက်လိုက်ရာ ဝိညာဉ် အကြွင်းအကျန်ကလည်း သူ့နောက်သို့ လိုက်ရန် ရှေ့သို့ လှမ်းတက်လာလေသည်။

လင်းတုန်း၌ ကန့်သတ်ချက်များစွာ ရှိသော်လည်း ထိုအရာများကို သူ ကောင်းစွာ သိရှိထားသည်။ သူသည် ရှေးဟောင်း ဘိုးဘေးသစ်ပင်၏ ဝိညာဉ် အကြွင်းအကျန်ကို တိုက်ရိုက် တားဆီးနိုင်ရန်အတွက် အစီအရင်တစ်ခုကို မည်သည့်အခါမျှ စွမ်းအား မဖြည့်တင်းနိုင်ပေ။ အနည်းဆုံးတော့ ဤမျှ အကြမ်းထည်ဆန်သော အစီအရင်မျိုးဖြင့် မဖြစ်နိုင်ချေ။ သို့သော် သူသည် ဝိညာဉ် အကြွင်းအကျန်ကို အတွင်းသို့ ဆွဲသွင်းနိုင်စွမ်း ရှိသည်။ တစ်ကြိမ် အတွင်းသို့ ရောက်သွားသည်နှင့်၊ ဝိညာဉ်၏ ကိုယ်ပိုင် မာဒြာ ကပင် စက်ဝိုင်းကို စွမ်းအား ဖြည့်တင်းပေးသွားမည် ဖြစ်သည်။

ထို့အပြင် ဝိညာဉ် အကြွင်းအကျန်သည် သူ့ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လေသည်။

ဝှစ်... ဝှစ်...

အစီအရင်၏ အလင်းရောင်သည် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး သစ်ပင်၏ သစ်ကိုင်းများသည် ဆူးချွန်များကဲ့သို့ ထောင်မတ်လာကြသည်။ ၎င်းသည် လင်းတုန်းကို ဖမ်းဆုပ်ရန် စက်ဝိုင်းအတွင်းမှ ထွက်ခွာရန် ကြိုးစားသော်လည်း၊ သံကြိုး အဆုံး၌ ချည်နှောင်ခံထားရသော ခွေးတစ်ကောင်ကဲ့သို့ ရုတ်တရက် တန့်သွားလေသည်။

လင်းတုန်း၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး၊ ဝိညာဉ် အကြွင်းအကျန် လှမ်းမမီနိုင်သော အကွာအဝေးရှိ မြေကြီးပေါ်သို့ ပစ်လဲကျသွားလေသည်။ သီသီလေး လွတ်မြောက်သွားခြင်းကြောင့် တုန်ရီနေလျက် သူ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ အကယ်၍ သူသာ တစ်စက္ကန့်လေးမျှ နောက်ကျသွားခဲ့မည် ဆိုလျှင်...။

ထိုစဉ် သူ၏ ခေါင်းထဲမှ အန္တရာယ်နှင့် ပတ်သက်သော အတွေးအမြင် အားလုံးကို မောင်းထုတ်သွားစေမည့် အရာတစ်ခုက သူ၏ မျက်စိကို ဖမ်းစားသွားလေသည်။ ဝိညာဉ် အကြွင်းအကျန်၏ အမြင့်ဆုံး ခရမ်းရောင် သစ်ကိုင်းများပေါ်တွင်၊ အဖြူရောင် အစက်အပြောက်လေး တစ်ခု။ ဝိညာဉ်သစ်သီး တစ်လုံးပင်။

ဝိညာဉ် အကြွင်းအကျန်သည် ဒေါသတကြီး ရုန်းကန်နေစဉ် တိတ်ဆိတ်မနေခဲ့ပေ။ ၎င်း၏ ဒေါသတကြီး အသံသည် သစ်ကိုင်းခြောက်များ ကျိုးပဲ့သံနှင့်တူပြီး၊ သစ်လုံးများ ကွဲအက်ကြေမွသွားသည့် အသံမျိုး ဖြစ်သည်။ ၎င်းသည် လင်းတုန်း၏ အရပ်ထက် အနည်းဆုံး သုံးဆခန့် မြင့်မားပြီး၊ ထို အဖြူရောင် အစက်အပြောက်လေးဖြင့် သရဖူဆောင်းထားသကဲ့သို့ ရှိနေလေသည်။

ထိုအသီးသည် သစ်ပင်၏ ရုပ်ခန္ဓာပေါ်တွင် ရှိခဲ့စဉ်က နေရာမှာပင် ဝိညာဉ် အကြွင်းအကျန်ပေါ်၌ တွဲလောင်းကျနေသည်။ ယခုအခါ ထိုအသီးသည် အပြစ်အနာအဆာကင်းသော အဖြူရောင် မာဒြာ ဖြင့် ဖွဲ့တည်ထားပြီး ဝိညာဉ်ပေါ်တွင် သရဖူတစ်ခုကဲ့သို့ တောက်ပနေလေသည်။ လက်တွေ့ ရုပ်ဝတ္ထုအသီးမှာမူ တောအုပ်ကြမ်းပြင်ရှိ သစ်ကိုင်းများကြားတွင် တွန့်လိမ်ရှုံ့တွကာ သနားစရာကောင်းလောက်အောင် ခိုအောင်းနေဆဲ ဖြစ်လေသည်။

လင်းတုန်း စဉ်းစားခန်းဝင်နေဆဲမှာပင် ညှိုးရော်နေသော ရုပ်ဝတ္ထုအသီးဆီသို့ လျှောက်သွားကာ ခူးယူလိုက်ပြီး သူ၏ ကျောပေါ်ရှိ လေးလံသော ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ သူသည် ဝိညာဉ် အကြွင်းအကျန်ကို ဆက်လက် စိုးရိမ်မနေတော့ပေ။ အကယ်၍ ၎င်းသည် သူ၏ အစီအရင်ကို ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်မည်ဆိုလျှင်၊ စောစောကတည်းက ဖျက်ဆီးပြီးလောက်ပြီ ဖြစ်သည်။ ယခုမူ သူ ပူပန်ရမည့် အခြားကိစ္စတစ်ခု ရှိလာခဲ့လေပြီ။

အကယ်၍ သူသာ ဤအသီး၏ ဝိညာဉ် အကြွင်းအကျန်ပုံစံကို ပြန်လည်ရယူနိုင်မည်ဆိုပါက၊ သူ၏ မိခင်သည် ၎င်းကို ရုပ်ခန္ဓာအသီးထဲသို့ ပြန်လည် ပေါင်းစပ်ပေးနိုင်မည် ဖြစ်သည်။ သူမသည် ဖန်တီးရှင် တစ်ဦးဖြစ်သည့်အပြင် ဝိညာဉ်ပန်းပဲဆရာ တစ်ဦးလည်းဖြစ်ကာ၊ မာဒြာ များကို ရုပ်ဝတ္ထုပစ္စည်းများအဖြစ် ပုံသွင်းဖန်တီးရာတွင် အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူမသည် အသက်ကင်းမဲ့နေသော ဤအပင်အစိတ်အပိုင်းကို အစွမ်းထက်သည့် ဝိညာဉ်သစ်သီး တစ်လုံးအဖြစ် အသစ်အတိုင်း ပြန်လည် ပြောင်းလဲပေးနိုင်စွမ်း ရှိလေသည်။

ထိုသို့ အောင်မြင်ချင်သည်ဆိုလျှင်တော့ သူသည် ဝိညာဉ် အကြွင်းအကျန်အသီးကို သူမထံ သယ်ဆောင်သွားရန် လိုအပ်ပေမည်။ သို့သော် ထိုအသီးသည် ရူးသွပ်နေသော ဝိညာဉ် သတ္တဝါကြီး၏ ခေါင်းပေါ်တွင် ကပ်လျက် ရှိနေလေသည်။

***

All Chapters