← Chapters

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 1 Ch. 11-12

အပိုင်း(၁၁)

အကြီးအကဲက သူ့ကို ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ရှင်းလင်းနေသော်လည်း၊ လင်းတုန်းသည် မထွက်ခွာမီ သူ၏ လေးစားမှုကို ပြသခဲ့သည်။ အကြီးအကဲ ဝှစ်စပါ၏ ကျောပြင်ကို သူက သုံးကြိမ်တိုင်တိုင် နက်ရှိုင်းစွာ အရိုအသေပေးလိုက်ပြီး၊ အရင်အကြိမ် ကျွေးမွေးခဲ့စဉ်က အလွတ်ဖြစ်နေသော ရေပုံးကို ယူဆောင်ကာ လှေကားများမှတစ်ဆင့် အောက်သို့ ပြန်ဆင်းလာခဲ့သည်။

အောက်သို့ ဆင်းရသော ခရီးသည် လင်းတုန်း၏ ခြေထောက်များအတွက် အပေါ်သို့ တက်ရစဉ်ကထက် ပို၍ မလွယ်ကူလှပေ။ ကျိုးနေသော လက်မောင်းမှာ မိခင်ဖြစ်သူ၏ အစီအရင် ရှိနေသော်လည်း စတင် ကိုက်ခဲလာပြီဖြစ်သည်။ သို့သော် သူသည် ထိုအချိန်များကို စဉ်းစားခန်း ဝင်ရင်း ဖြတ်သန်းခဲ့သည်။ ပထမ အကြီးအကဲက လင်းတုန်း၏ အခြေအနေနှင့် ပတ်သက်၍ သူ လက်မြှောက်အရှုံးပေးပြီး ကံကြမ္မာကို လက်ခံလိုက်သင့်သည်ဟု ပြောဆိုခဲ့သော်လည်း၊ ဝှစ်စပါကမူ ၎င်းနှင့် ဆန့်ကျင်ဘက် အကြံဉာဏ်ကို ပေးခဲ့လေသည်။

လင်းတုန်းသည် မည်သည့်အရာကို ပို၍ နှစ်သက်သနည်းဆိုသည်ကို ကောင်းစွာ သိသည်။ ပထမ အကြီးအကဲက သူ့ကို အိမ်မှာပဲ ဘေးကင်းကင်းနှင့် ကျေနပ်ရောင့်ရဲစွာ နေထိုင်စေချင်သော်လည်း၊ ထိုသို့ဆိုလျှင် သူသည် ဘာဆိုဘာမှ ဖြစ်မြောက်အောင်မြင်ခဲ့ခြင်း မရှိဘဲ သေဆုံးသွားရပေလိမ့်မည်။ ဝိညာဉ်သစ်သီး၏ စွမ်းအားက သူ၏ အမြုတေ အတွင်း၌ ကျင်စက်စက် ဖြစ်နေပြီး၊ ၎င်းကို ကျင့်ကြံအသက်သွင်းရန် တောင်းဆိုနေသကဲ့သို့၊ ကိုယ်ပိုင် ဖန်တီးထားသော လမ်းစဉ်တစ်ခုအပေါ် ပထမဆုံး ခြေလှမ်းလှမ်းရန် သူ့ကို တွန်းအားပေးနေလေသည်။

...

ဝေ့ရှီလင်းတုန်း အိမ်ပြန်ရောက်သောအခါ မိသားစုဝင်များ ရှိမနေကြတော့ပေ။ သူသည် အိမ်၏ အလယ်တည့်တည့်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူသည် အတွင်းပိုင်းကိုသာ လုံးလုံးလျားလျား အာရုံစိုက်ကာ၊ မာဒြာများကို ယခင်ကထက် ပိုမို ပြင်းထန်သော အရှိန်အဟုန်ဖြင့် လှည့်ပတ်ကျင့်ကြံလိုက်လေသည်။

သည်ညတော့ တစ်ခုခု ထိုးဖောက်အောင်မြင်မှု ရသင့်သည်ဟု သူ ခံစားနေရသည်။ အကြီးအကဲ ဝှစ်စပါ၏ စကားများက သူ့ကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ခေါ်ဆောင်သွားမည့် သို့မဟုတ်ပါကလည်း... နက်နဲသော အမှန်တရား တစ်ခုခုကို နားလည်သဘောပေါက်သွားစေမည့် ဉာဏ်အလင်း တစ်ခုခုကို ပွင့်စေသင့်သည်ဟု ထင်မြင်မိသည်။ သို့မဟုတ် ဝိညာဉ်သစ်သီးက ယခုထက်ပို၍ အာနိသင် ပြသလာပြီး၊ သူ့ကို မမျှော်လင့်ဘဲ ကြေးအဆင့် သို့ တက်လှမ်းသွားစေနိုင်ကောင်း စေနိုင်ပေလိမ့်မည်။

သို့သော် သာမန်ထက် ပို၍ ဘာမှ ထူးခြားမလာခဲ့ပေ။ အသီး၏ သန့်စင်သော မာဒြာများကို သူ ဆက်လက် ကျင့်ကြံစုပ်ယူလိုက်သည်နှင့်အမျှ သူ၏ အမြုတေ အတွင်းရှိ မုန်တိုင်းက အနည်းငယ် ငြိမ်သက်သွားပြီး၊ အစောပိုင်းက ပင်ပန်းထားမှုများအတွက် ခွန်အားသစ်များ ရရှိလာသဖြင့် ခြေထောက်များလည်း အနည်းငယ် သက်သာသွားသည်။ ကျိုးနေသော လက်မောင်းပင်လျှင် ပို၍ သက်သာလာသကဲ့သို့ ခံစားရသော်လည်း၊ ယင်းမှာ မိခင်ဖြစ်သူ ချန်ထားခဲ့ပေးသော နာကျင်မှု သက်သာစေသည့် အစီအရင်သစ် ကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထို့နောက် သူသည် ရေမြန်မြန်ချိုးပြီး အိပ်ရာဝင်လိုက်လေတော့သည်။

...

အကြီးအကဲ ဝှစ်စပါ၏ အခန်းရှိ မှန်တပ်ထားသော တံခါးကြီး ပိတ်သွားရာ၊ ရှေးဟောင်း မြေခွေးကြီးသည် သူ၏ ကိုယ်ပိုင် ပုံရိပ်ယောင်ကို စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။ သူသည် နှာခေါင်းကို မော့ကာ၊ ငါးတစ်ကောင်ကို ဖမ်းဟပ်လိုက်ပြီး လည်ချောင်းထဲသို့ မျိုချလိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ်ငါးခု နီးပါးကို ဤအခန်းထဲတွင်သာ သူ ဖြတ်သန်းခဲ့ပြီး၊ နေ့စဉ်ရက်ဆက်မှာလည်း တစ်နေ့နှင့်တစ်နေ့ မထူးခြားလှဘဲ ဆင်တူနေခဲ့သည်။ သူ၏ လူငယ်ဘဝက စိတ်လှုပ်ရှားဖွယ်ရာများနှင့် နှိုင်းယှဉ်လျှင်၊ ဤသည်မှာ နှစ်အနည်းငယ်ကို ဖြတ်သန်းရန်အတွက် အလွန် ကျေနပ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။

သို့သော် ယခုအခါ ဝိညာဉ်မဲ့လေးက သူ၏ ကိုယ်ပိုင်ဆန္ဒအလျောက် ရောက်ရှိလာခဲ့ပြီ။ ထိုအရာက စိတ်ဝင်စားစရာပင်။ သူသည် စားလက်စ အစာများကို ထားရစ်ခဲ့ပြီး၊ အခန်းထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်သည်။ မှန်ထဲတွင်တော့ သူ၏ ပြောင်လက်နေသော အဖြူရောင် ပုံရိပ်ယောင်က သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေလေသည်။

ဝှစ်စပါ သည် အလင်းနှင့် အိပ်မက် မာဒြာနှစ်မျိုးစလုံးကို သူ၏ အမြုတေ အတွင်းသို့ စုဆောင်းစုပ်ယူပြီး၊ မည်သည့် မျက်စိကိုမဆို ကန်းသွားစေရန်နှင့် မည်သည့် နားကိုမဆို ပင်းသွားစေရန် ၎င်းတို့ကို ရောနှောအသုံးပြုနိုင်သည်။ လူသားများသည် အလင်းကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်ကြသော်လည်း၊ အိပ်မက်များနှင့် ပတ်သက်လာလျှင်တော့ အလွန်တရာ အခက်တွေ့ကြလေသည်။ ဝှစ်စပါ ကမူ အိပ်မက်များ၏ သဘာဝကို လေ့လာကျင့်ကြံရန်အတွက် နှစ်ပေါင်းတစ်ရာတိတိ အချိန်ယူခဲ့သူ ဖြစ်သည်။

အများအားဖြင့်တော့ အိပ်မက်ဆိုသည်မှာ စိတ်က မိမိကိုယ်ကို ပြန်လည် လှည့်စားနေခြင်းမျှသာ ဖြစ်သည်။ ရှားရှားပါးပါး အချိန်များတွင်သာ အိပ်မက်များသည် ပိုမို ကြီးမားသော စွမ်းအားများနှင့် ချိတ်ဆက်မိတတ်သည်။ ထိုသို့ ချိတ်ဆက်မိသွားသည့် အခါမျိုးတွင်တော့၊ သူတို့သည် ကံကြမ္မာ၏ အစိတ်အပိုင်းများကို ဖော်ထုတ်ပြသနိုင်စွမ်း ရှိလေသည်။

နှစ်များစွာ ကြာလာသည်နှင့်အမျှ၊ အကြီးအကဲ ဝှစ်စပါသည် ထိုကံကြမ္မာကို သိမြင်နိုင်သော အာရုံတစ်ခု ဖွံ့ဖြိုးလာခဲ့သည်။ ၎င်းသည် ဝေးကွာပြီး မပီပြင်သော်ငြားလည်း၊ ကျရောက်လာတော့မည့် အဖြစ်အပျက်များ၏ ပုံသဏ္ဍာန်များကို သူ ဝိုးတဝါး မြင်တွေ့နိုင်စွမ်း ရှိလေသည်။

"ဝိညာဉ်မဲ့ လေးက ဆက်နွယ်နေတယ်"

သူ၏ ပုံရိပ်ယောင်က ပြောလိုက်သည်။

"ဖြစ်နိုင်ခြေ ရှိပါတယ်"

ဝှစ်စပါ က သူ့ကိုယ်သူ ပြင်ပြောလိုက်သည်။

မှန်ထဲမှ နှင်းမြေခွေး ပုံရိပ်ယောင်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ၎င်း၏ အမြီးငါးချောင်းကို ရမ်းခါလိုက်သည်။

"ရေနစ်နေတဲ့သူက ဘယ်လောက်ပဲ သေးငယ်တဲ့ သစ်ကိုင်းဖြစ်ပါစေ ဆွဲမိဆွဲရာ ဆွဲမှာပဲ..."

ရာစုနှစ်ပေါင်းများစွာတိုင်အောင် သူ၏ အိပ်မက်များထဲတွင် ကြီးမားစွာ ထွက်ပေါ်နေခဲ့သော ပုံရိပ်ကြီးမှာ မှောင်မိုက်နေပြီး မဖြစ်နိုင်လောက်အောင်ပင် ကျယ်ပြောလှသည်။ ၎င်းသည် အလွန်လေးလံသော ဝန်ထုတ်ဝန်ပိုးကြီးအောက်တွင် သူတို့အားလုံးကို ချေမွပစ်လိမ့်မည်ဖြစ်ပြီး၊ မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။

အထွတ်အမြတ် တောင်ကြား၏ အတိတ်က သေမင်းနှင့်အတူ ပြန်လည် ရောက်ရှိလာနေပြီ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ် သူ၏ ကြိုတင် အာရုံခံသိမြင်မှုတွင် ထူးဆန်းသော အရာတစ်ခု ပါဝင်နေလေသည်။

တစ်နည်းနည်းဖြင့် ထိုဧရာမ ခြိမ်းခြောက်မှုကြီးသည် နှစ်ပေါင်းများစွာ ဝေးကွာနေသလိုဖြစ်ပြီး တစ်ချိန်တည်းမှာပင် လအနည်းငယ်မျှသာ လိုတော့သကဲ့သို့ သူ ခံစားနေရသည်။ ကံကြမ္မာက အတိအကျ မဆုံးဖြတ်ရသေးသည့်အလား တစ်လှည့်စီ ဖြစ်ပေါ်နေလေသည်။

ယခုမူ... ဝိညာဉ်မဲ့ လေး၏ အပေါ်တွင် ကံကြမ္မာ၏ အထိအတွေ့ကို ရင်းနှီးစွာ သူ မြင်တွေ့လိုက်ရသည်။ ကောင်လေး၏ မျက်လုံးများထဲမှ စိတ်ပိုင်းဖြတ်ထားမှု၊ သူ၏ ပခုံးများပေါ်ရှိ ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခု၏ နာကျင်မှု၊ မျှော်စင်ထဲသို့ သူ ရောက်ရှိလာသည့် အချိန်ကိုက်မှုများပင်...။ ကောင်လေး၏ အနာဂတ်မှာ အပြောင်းအလဲများကြားတွင် ရှိနေလေပြီ။

မည်ကဲ့သို့ အဆုံးသတ်သွားပါစေ... ဝှစ်စပါ သည် သူ လုပ်နိုင်သမျှကို လုပ်ခဲ့ပြီးပြီဖြစ်သည်။ ယခုတော့ သူ စောင့်ဆိုင်းပြီး... စောင့်ကြည့်နေရုံသာ။

နေ့စဉ် နံနက်တိုင်း၊ ကလန်တစ်ခုလုံးရှိ ဝေ့ ကလန်သားများ ထွက်လာပြီး တရားထိုင်ကာ ကျင့်ကြံကြလေ့ ရှိကြသည်။ ဝေးလံသော မိသားစုများက ဤအစဉ်အလာကို မိမိတို့၏ အိမ်များတွင် ပြုလုပ်ကြသော်လည်း၊ ကလန်၏ အဓိက အဖွဲ့ဝင်များအားလုံးကတော့ အတူတကွ စုဝေးကြလေသည်။ ထိုအချိန်သည် ကလန်၏ ကိစ္စရပ်များကို ဆောင်ရွက်သည့် အချိန်ဖြစ်လာပြီး၊ အတင်းအဖျင်း ပြောဆိုမှုများနှင့် အပြိုင်အဆိုင်များ ပြုလုပ်ရာ အချက်အချာတစ်ခုလည်း ဖြစ်လာလေသည်။

ပုံမှန်အားဖြင့်... လင်းတုန်းသည် အကြီးအကဲများ၏ ခန်းမဆောင် အပြင်ဘက်ရှိ ဗဟိုရင်ပြင်သို့ ရောက်ရှိလာချိန်တွင်၊ လူငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် စကားစမြည် ပြောဆိုနေကြသည်ကို တွေ့ရလေ့ရှိသည်။ နေထွက်လာသည်နှင့်အမျှ လူဦးရေမှာ ပိုများလာမည်ဖြစ်ပြီး၊ မိုးလင်းချိန်တွင်တော့ ဝေ့ ကလန်၏ အလေးစားရဆုံးသော အဖွဲ့ဝင် နှစ်ရာခန့်သည် သူတို့၏ မာဒြာ များကို အတူတကွ လှည့်ပတ်ကျင့်ကြံနေကြမည် ဖြစ်သည်။ ဝိညာဉ်မဲ့ တစ်ယောက်ဖြစ်သော လင်းတုန်း ပင်လျှင် ချွင်းချက် မဟုတ်ပေ။

ယနေ့တွင်တော့ ရင်ပြင်မှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေလေသည်။ မိုးမလင်းမီ မှုန်ဝါးဝါး အလင်းရောင်အောက်တွင်၊ လူနှစ်ရာကျော်ခန့်သည် အကြီးအကဲ ခန်းမဆောင်၏ ရင်ပြင်တွင် စုဝေးနေကြပြီး မည်သူမျှ တရားထိုင် ကျင့်ကြံမနေကြပေ။ ဝေ့မုံတယ်ရစ် ၏ ပြစ်ဒဏ်အကြောင်း သတင်းက ပြန့်နှံ့သွားခဲ့ပြီဖြစ်ရာ၊ သူရဲဘောကြောင်သူများအတွက် ကျရောက်မည့် ပြစ်ဒဏ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ရန် သူတို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

လူပုံအလယ်တွင် ပြစ်ဒဏ်ပေးခြင်းများမှာ တစ်ခါမျှ မကြားဖူးသော ကိစ္စမဟုတ်သော်လည်း၊ အနီးစပ်ဆုံး နောက်ဆုံးအကြိမ်မှာ လွန်ခဲ့သော တစ်နှစ်ကျော်က ဖြစ်သည်။ ဤကဲ့သို့သော အချိန်အခါမျိုးသည် ဝေ့ကလန်၏ မိသားစုများအကြား တစ်ဦးနှင့်တစ်ဦး အပြစ်ရှာ တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုဖြစ်ပြီး၊ ပြိုင်ဘက်တစ်ဦး အဆင့်အတန်း တည်းဟူသော လှေကားထစ်များမှ တစ်ဆင့် လျှောကျသွားသည်ကို မြင်တွေ့ရမည့် အခွင့်အရေးလည်း ဖြစ်လေသည်။

အကြီးအကဲချုပ် ကတော့ ထွက်ပေါ်မလာခဲ့ပေ။ သို့သော်... ပထမ အကြီးအကဲက ခန်းမဆောင်၏ လှေကားထစ်များပေါ်တွင် ရပ်နေပြီး သူ၏ ရှည်လျားသော မျက်ခုံးမွေးများက အဖြူရောင် မုတ်ဆိတ်မွေးများအထိ တွဲလောင်းကျနေလေသည်။

ဝေ့မုံတယ်ရစ်သည် သူ၏ ရှေ့တွင် ဒူးထောက်နေပြီး မည်သည့် ကြိုးနှင့်မျှ တုပ်နှောင်ထားခြင်း မရှိပေ။ ဂုဏ်သိက္ခာတရားကသာ သူ့ကို ထိုနေရာတွင် ငြိမ်သက်စွာ ရှိနေစေမည် ဖြစ်သည်။ ကျန်ရှိနေသော မုံ မိသားစုဝင်များက သူ၏ နောက်တွင် ရပ်နေကြပြီး၊ သူ၏ တိုက်ရိုက် မိသားစုဝင်များက အရှေ့ဆုံးတွင် ရှိကာ၊ အဒေါ်များ၊ ဦးလေးများနှင့် ဆွေမျိုးများက အနောက်တွင် ရှိနေကြသည်။

တယ်ရစ်၏ ဖခင် ဝေ့မုံကက်သ် သည် သူ၏ သားအပေါ်တွင် တောင်ကြီးတစ်လုံးအလား မားမားမတ်မတ် ရပ်နေလေသည်။ လက်ပိုက်ထားကာ တင်းမာသော မျက်နှာထားဖြင့် ကျောပေါ်တွင် ဓားတစ်လက်ကို လွယ်ထားရာ၊ ရှေးဟောင်း အစောင့်အရှောက် ရုပ်တုကြီး တစ်ခုနှင့်ပင် တူနေလေသည်။

မိုးလင်းလာသည်နှင့်အမျှ ပထမ အကြီးအကဲက လူအုပ်ကြီးကို စကားစပြောလိုက်သည်။

"မနေ့က ဝေ့မုံတယ်ရစ် လို့ခေါ်တဲ့ ကြေးအဆင့် ကာကွယ်သူ လူငယ်လေးဟာ ငါတို့ ကလန်အပေါ် တာဝန်ပျက်ကွက်ခဲ့တယ်... ယိုမာတောင် စောင်းမှာ ဝိညာဉ် အကြွင်းအကျန် တစ်ခုနဲ့ ရင်ဆိုင်ရချိန်မှာ၊ အခြေခံအဆင့် ကလေးတစ်ယောက်ကို အန္တရာယ်ကြားထဲ ပစ်ထားခဲ့ပြီး သူ့အသက်ဘေးအတွက် သူ ထွက်ပြေးခဲ့တယ်... ဒီပြစ်မှုအတွက် ငါ ကိုယ်တိုင် ကြိမ်ဒဏ် သုံးချက် ရိုက်မယ်... ဒါက သူရဲဘောကြောင်တဲ့ သူတွေအတွက် သတိပေးချက်တစ်ခု ဖြစ်ပါစေ..."

ပထမ အကြီးအကဲက သူ၏ ခါးပတ်မှ ပျော့ပျောင်းသော အိုးရပ်စ် သစ်သား ကြိမ်လုံးပါးပါးလေး တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ဤကြိမ်ဒဏ်များသည် နာကျင်မှုထက် အရှက်တကွဲ ဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ကလန်အနေဖြင့် အနာဂတ်ရှိသော ကျင့်ကြံသူ တစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေရန် ဆန္ဒမရှိသော်လည်း၊ ဖြစ်လာနိုင်မည့် အရှက်ကွဲမှုများကို ထိန်းချုပ်ရမည် ဖြစ်သည်။ လူပုံအလယ်တွင် ကြိမ်ဒဏ်ပေးခြင်းက မုံ မိသားစုကို အားနည်းကြောင်း ပြသသွားမည်ဖြစ်ပြီး၊ ဝေ့ ကလန်အတွင်း သူတို့၏ ရပ်တည်မှုကို ယိမ်းယိုင်သွားစေမည် ဖြစ်သည်။

အကယ်၍ သူတို့သာ လုံလောက်အောင် အဆင့်အတန်း ကျဆင်းသွားမည်ဆိုလျှင်... အခွင့်အရေး စောင့်နေသော ဆွေမျိုးများက သူတို့၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်သွားကြမည်ဖြစ်ပြီး၊ တကယ်တမ်း၌ပါ သူတို့ကို အားနည်းသွားစေမည် ဖြစ်သည်။ အားနည်းခြင်းနှင့် အားနည်းဟန် ပေါက်ခြင်းသည် အတူတူပင်ဖြစ်ပြီး၊ အထွတ်အမြတ် တောင်ကြား တွင် ခွန်အားကသာ နေရာတစ်ခု ရရှိနိုင်ပေသည်။

လင်းတုန်း အနေဖြင့်မူ တယ်ရစ် အရိုက်ခံရသည်ကို ကြည့်ရခြင်းအတွက် မည်သည့် ကျေနပ်မှုကိုမျှ ခံစားရမည် မဟုတ်ပေ။ အစကတည်းက ကြေးအဆင့် လူငယ်လေးက သူ့ကို ကာကွယ်ပေးလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့သလို၊ ဤဖြစ်စဉ် တစ်ခုလုံးက မည်သည့်အချိန်တွင်မဆို သူ့အပေါ် ကျရောက်လာနိုင်သည့် အဖြစ်အပျက်များကို ကြောက်မက်ဖွယ် သတိပေးချက်တစ်ခုသာ ဖြစ်နေလေသည်။ သူသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အခြားသူများ၏ ဂုဏ်သိက္ခာနှင့် စေတနာကိုသာ အားထားနေရပြီး၊ သူတို့မှာ အလွန် ပါးလွှာသော အကာအကွယ် နံရံများသာ ဖြစ်လေသည်။

သို့သော် သူသာ ကိုယ်ပိုင် လမ်းစဉ် ကို လျှောက်လှမ်းနိုင်ခဲ့လျှင်တော့... ခွန်အားကသာ သူ၏ အကာအကွယ် ဖြစ်လာပေလိမ့်မည်။

ပထမ အကြီးအကဲက ပထမဆုံး ရိုက်ချက်အတွက် သူ၏ လက်ကို မြှောက်လိုက်ချိန်တွင် ဝေ့မုံကက်သ် က ရှေ့သို့ တစ်လှမ်း တက်လာသည်။ တယ်ရစ် ၏ ဖခင်သည် မုံ မိသားစု၏ ခေါင်းဆောင်လည်း ဖြစ်ရာ၊ သူ၏ သားကို သူ ကာကွယ်လိမ့်မည်ဟု အားလုံးက မျှော်လင့်ထားကြပြီး ဖြစ်သည်။ သို့သော် ရှီ မိသားစုဘက်သို့၊ လင်းတုန်း ဘက်သို့ သူ လှမ်းကြည့်လိုက်သော အကြည့်တွင်တော့ မကြာခင် ကျရောက်လာတော့မည့် ခြိမ်းခြောက်မှုတစ်ခု ပါဝင်နေလေသည်။

"ခဏလေးပါ အကြီးအကဲ..."

***

အပိုင်း(၁၂)

သားဖြစ်သူ၏ ရှေ့သို့ ဝင်ရပ်လိုက်ရင်း ကက်သ် က ပြောလိုက်သည်။

"ကျွန်တော်တို့ အရင်ဆုံး ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိပါသေးတယ်..."

ပထမ အကြီးအကဲ၏ ကြိမ်လုံးက လေထဲတွင် ဝှစ်ခနဲ လှုပ်ရှားသွားပြီး၊ ကက်သ် ၏ မျက်နှာတည့်တည့်သို့ ဓားတစ်လက်ကဲ့သို့ ခြိမ်းခြောက်မှုအပြည့်ဖြင့် ရပ်တန့်သွားသည်။

"မင်းသားကို ပြစ်ဒဏ်ကနေ ကာကွယ်ပေးဖို့ဆိုတာ မင်း ဝင်ပါရမယ့် နေရာ မဟုတ်ဘူး..."

တယ်ရစ် ၏ ဖခင်က ပို၍ မျက်မှောင်ကြုတ်လိုက်သည်။

"သူရဲဘောကြောင်တဲ့သူ တစ်ယောက်အနေနဲ့ သူ အိမ်ကို ပြန်ရောက်လာတုန်းက တယ်ရစ် ကို ကျွန်တော် ကိုယ်တိုင် ရိုက်နှက်ဆုံးမခဲ့ပြီးပါပြီ... ဒါပေမဲ့ ထွက်ပြေးခဲ့တာ သူ တစ်ယောက်တည်း မဟုတ်ဘူး..."

ကက်သ်က လင်းတုန်း ဘက်သို့ လှည့်လာသည်။

"ဝိညာဉ်မဲ့ ကိုပါ သူနဲ့အတူတူ ပြစ်ဒဏ် ပေးစေချင်ပါတယ်..."

လူအုပ်ကြီး၏ အာရုံက မိမိထံသို့ ရောက်ရှိလာချိန်တွင် လင်းတုန်း တစ်ယောက် အေးခဲသွားလေသည်။ ကက်သ် သည် ရှီ မိသားစုကိုပါ အတူတကွ ဆွဲချခြင်းဖြင့် မျက်နှာပြောင်တိုက်ရန် ကြိုးစားနေခြင်းမျှသာ ဖြစ်သည်။ ၎င်းမှာ ဤကဲ့သို့သော အခြေအနေမျိုးတွင် အတွေ့ရများသော နည်းဗျူဟာတစ်ခုဖြစ်ပြီး အကြီးအကဲများကလည်း ထိုအကြံအစည်ကို ဖောက်ထွင်းမြင်နိုင်ကြမည်မှာ သေချာသည်။

လင်းတုန်းသည် ပထမ အကြီးအကဲမှ ကက်သ် ကို ငေါက်ငမ်း ပယ်ချလိုက်မည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေစဉ်၊ လူအုပ်ကြီးကြားမှ တိုးဝှေ့ထွက်လာသော တစ်စုံတစ်ယောက်ကို သူ မြင်လိုက်ရသည်။ သူ၏ ဖခင်ပင်။

ဝေ့ရှီဂျာရန်သည် တုတ်ကောက်ကို အားပြုနေရသော်လည်း အခြားမိသားစုများကို ပခုံးဖြင့် တိုက်ခိုက် တိုးဝှေ့လာခဲ့သည်။ သူ၏ အမာရွတ်နှင့် မျက်နှာက လင်းတုန်း ဘက်မှနေ၍ မုံ မိသားစုဘက်သို့ လှည့်သွား၏။ သို့သော်လည်း... အဆုံးတွင်မူ သူသည် ပထမ အကြီးအကဲကိုသာ ဦးတည်၍ ပြောဆိုလိုက်သည်။

"ပထမ အကြီးအကဲ... ဒီခွေးကို ဘာလို့ ဟောင်ခွင့် ပြုထားရတာလဲ..."

လင်းတုန်း၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး၊ လူအုပ်ကြီးကြားမှ သူ၏ အစ်မဖြစ်သူကို လှမ်းမြင်လိုက်ရသည်။ ဖခင်ဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။

မုံကက်သ် သည် ရှီဂျာရန် ၏ အပေါ်စီးမှ မားမားမတ်မတ် ရပ်ကာ ထိုဒုက္ခိတကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"ယောက်ျားတွေက စကားလုံးသက်သက်နဲ့ပဲ တိုက်ခိုက်လေ့ မရှိဘူး... စင်မြင့်ပေါ်မှာ ငါနဲ့ ယှဉ်ပြိုင်ရဲသလား..."

ဂျာရန် သည် ထိုစိန်ခေါ်မှုကို မကြားသည့်အလား ဟန်ဆောင်လိုက်ပြီး၊ သူ၏ အာရုံကို ပထမ အကြီးအကဲထံတွင်သာ ဆက်လက် ထားရှိလေသည်။

"ဝေ့မုံကက်သ် က ဘယ်လို အခွင့်အရေးမျိုးနဲ့ ကျုပ်သားကို စွပ်စွဲရတာလဲ... အခြေခံအဆင့် ကလေးတစ်ယောက်က ကြေးအဆင့် တိုက်ခိုက်ရေးသမား တစ်ယောက်ကို အကာအကွယ် မပေးနိုင်ခဲ့တာဟာ သတ္တိနည်းလို့တော့ သေချာပေါက် မဟုတ်ဘူးလေ..."

အကြီးအကဲ စကားမဟနိုင်မီမှာပင် ကက်သ် က ပြန်လည် တုံ့ပြန်လိုက်သည်။

"မင်းသားက ငါ့သားကို အကာအကွယ် မပေးနိုင်ဘူးဆိုတာ သေချာပါတယ်... ဒါပေမဲ့ သူက သူရဲဘောကြောင်တဲ့ကောင် ဆိုတာကတော့ အမှန်ပဲ... ကလန်ရှေ့မှာ သူ ဘာသတ္တိတွေ ပြသဖူးလို့လဲ... ဘယ်လို ရဲရင့်မှုမျိုး ပြသခဲ့ဖူးလို့လဲ... တကယ်ဆို သူက သူ့ရဲ့ တန်ဖိုးကို သက်သေပြဖို့အတွက် အခြားသူတွေထက် နှစ်ဆလောက် ပိုကြိုးစားသင့်တာပေါ့၊ အခု သူ ကလန်အတွက် ဘာအကျိုးပြုဖူးလို့လဲ...”

ဂျာရန်၏ အမာရွတ်ထင်နေသော နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ်သို့ ပို၍ တွန့်ကွေးသွားသည်။

"တစ်ချိန်တုန်းကဆိုရင် မင်း ငါ့မျက်နှာကိုကြည့်ပြီး ဒီလိုစကားမျိုး ပြောရဲခဲ့မှာ မဟုတ်ဘူး... ဒီဒဏ်ရာတွေသာ မရှိခဲ့ရင်၊ မင်းကို ဒီနေရာမှာတင် ပညာပေးလိုက်ပြီ..."

"မင်းကိုယ်တိုင် မင်းသားကို သင်ခန်းစာတွေ သေချာသင်ပေးထားတယ် ဆိုတာကို အရင် သက်သေပြစမ်းပါ..."

ကက်သ် က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သစ်သားတံဆိပ်ပြားပေါ်တွင် မြှားပုံစံ ပါရှိသော အသက်ဆယ်နှစ်အရွယ် သူ၏ သမီးဖြစ်သူကို ရှာတွေ့သွားသည်။ သူမက သူ့ထံသို့ တက်ကြွစွာ ပြေးလာ၏။ သူက သမီးဖြစ်သူ၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်တင်လိုက်သည်။

"မင်းသားက အခြေခံအဆင့်မှာ ရှိတယ်... သူသာ သူရဲဘောကြောင်တဲ့ကောင် မဟုတ်ဘူးဆိုရင်၊ သူ့အဆင့်တူ တစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံလိမ့်မယ်..."

ထိုမိန်းကလေးငယ်က လင်းတုန်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"ငါ... ဝေ့မုံအယ်ရီ က ဝေ့ရှီလင်းတုန်း ကို ကလန်တစ်ခုလုံးရဲ့ ရှေ့မှောက်မှာ ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိန်ခေါ်တယ်..."

ထိုစကားလုံးများက ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီးနောက်၊ အံ့သြမှင်တက်ဖွယ် တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားလေသည်။

မိန်းကလေး၏ အလွတ်ရွတ်ဆိုထားပုံရသော စိန်ခေါ်မှုကို ကြားလိုက်ရချိန်တွင် သူတို့ ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း လင်းတုန်း နားလည်လိုက်သည်။ သူတို့၏ အရှက်တကွဲဖြစ်မှုကို အခြားမိသားစုများ သတိမထားမိစေရန် အာရုံလွှဲဖို့ လိုအပ်နေခြင်းပင်။

အကယ်၍သာ အခွင့်အရေး ရခဲ့မည်ဆိုလျှင်... ပထမ အကြီးအကဲ အနေဖြင့် ဝေ့မုံကက်သ် ကို ထပ်မံ စကားမပြောနိုင်ရန် တားဆီးခဲ့ကောင်း တားဆီးခဲ့မည်ဖြစ်သည်။ အကြီးအကဲသည် လိမ္မာပါးနပ်သော ပြိုင်ဘက်များထံမှ ဤထက်ပိုမို ရှုပ်ထွေးနက်နဲသော လှည့်ကွက်များကို မြင်ဖူးထားသည်မှာ သေချာလှသည်။

သို့သော် လင်းတုန်း၏ ဖခင်က နှုတ်ကျွံမိသွားခဲ့ပြီး၊ ထိုအရာက သားဖြစ်သူ၏ သံချပ်ကာအင်္ကျီတွင် အက်ကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ယခုအခါ လင်းတုန်းသည် ဓားသွား၏ စူးရှသော နာကျင်မှုကို ခံစားနေရပြီဖြစ်သည်။

ကလေးတစ်ယောက်သည် သူတို့၏ ဝိညာဉ် စမ်းသပ်မှုကို ပထမဆုံးအကြိမ် အောင်မြင်ပြီး အခြေခံအဆင့် တံဆိပ်ပြားကို ရရှိသွားသောအခါ၊ သူတို့ကို ရိုးရှင်းသော အခြေခံ ကျင့်စဉ် တစ်ခုကို သင်ကြားပေးလေ့ရှိသည်။ ထိုကျင့်စဉ်မှာ ကလန်ရှိ လူတိုင်းအတွက် အတူတူပင်ဖြစ်ပြီး၊ ကလေးငယ်များအနေဖြင့် သူတို့၏ ကိုယ်ပိုင် မာဒြာ ကို ခံစားသိရှိနိုင်ရန်နှင့် လှည့်ပတ်ကျင့်ကြံနိုင်ရန် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ ကလေးငယ် အဆင်သင့်ဖြစ်သောအခါ၊ သူတို့၏ အနာဂတ် လမ်းစဉ် နှင့် ကိုက်ညီမည့် ပိုမို အဆင့်မြင့်သော လှည့်ပတ်ကျင့်ကြံခြင်း ပညာရပ်များကို ဆက်လက် သင်ယူကြရသည်။ သို့သော် ကလေးငယ်သည် ဝိညာဉ်မဲ့ တစ်ယောက် ဖြစ်နေခဲ့လျှင်တော့ ထိုသို့ မဟုတ်ပေ။

လင်းတုန်းသည် မည်သည့် လမ်းစဉ် ကိုမျှ သင်ယူခွင့်ရမည် မဟုတ်ရာ၊ ထိုအတွက် သူ၏ ဝိညာဉ်ကို ပြင်ဆင်နေရန် အကြောင်းမရှိပေ။ အခြေခံအဆင့် သို့ ရောက်ရှိပြီး ရှစ်နှစ်ကြာသည်အထိ၊ လင်းတုန်းသည် ထိုအခြေခံ လှည့်ပတ်ကျင့်ကြံခြင်း ပညာရပ်ကိုသာ ထပ်တလဲလဲ လေ့ကျင့်နေခဲ့ရသည်။ သူ့ကို တိုက်ခိုက်ရန် တောင်းဆိုခြင်းမှာ စစ်သားတစ်ယောက်ကို လေ့ကျင့်ရေး သစ်သားဓား တစ်လက်သာ ကိုင်ဆောင်၍ စစ်မြေပြင်သို့ တက်ခိုင်းနေခြင်းနှင့် တူလေသည်။

မုံ မိသားစု၏ အသက် ဆယ်နှစ်အရွယ် သမီးလေးပင်လျှင် သူ့ထက် အခြေအနေ ပိုကောင်းနေပေလိမ့်မည်။ သူမသည် အဖြူရောင် မြေခွေး လမ်းစဉ် ၏ 'တိုက်ခိုက်သူ' တစ်ဦးဖြစ်ပြီး၊ သူမ၏ မိသားစုက သူမကို ပိုမိုကောင်းမွန်သော အခြေခံ ကျင့်စဉ် တစ်ခုကို သေချာပေါက် သင်ကြားပေးထားမည် ဖြစ်သည်။

လင်းတုန်းတွင် အရွယ်အစားနှင့် ကိုယ်အလေးချိန် အသာစီးရမှု ရှိသော်လည်း၊ သူမတွင် သာလွန်ကောင်းမွန်သော မာဒြာ ထိန်းချုပ်နိုင်စွမ်း အသာစီးရမှု ရှိနေသည်။ အသက် ငါးနှစ်ငယ်သော မိန်းကလေးတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ လုံးဝ မသေချာပေ။ ယခုအချိန်လောက်ဆိုလျှင် သူသည် အရှက်တကွဲဖြစ်မှုများနှင့် ရိုးအီနေသင့်ပြီ ဖြစ်သော်လည်း၊ ဤအသိတရားက သူ့ကို နာကျင်စေဆဲပင်။

"ဘယ်လိုလဲ"

လင်းတုန်းက သူမ၏ စိန်ခေါ်မှုကို မတုံ့ပြန်သောအခါ မုံအယ်ရီ က တောင်းဆိုလိုက်သည်။ ဝေ့ ကလန် ၏ အဓိက အင်အားစုများဖြင့် ပြည့်နှက်နေသော ရင်ပြင်တစ်ခုလုံးက သူ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။

"နင် လက်ခံသလား၊ လက်မခံဘူးလား..."

"သူ တိုက်ခိုက်စရာ အကြောင်းမရှိဘူး..."

ဂျာရန် က သားဖြစ်သူကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

"မုံ မိသားစု တစ်ခုတည်းကသာ သက်သေပြရမှာ... ဒါ့အပြင် သူ့ရဲ့ ဒဏ်ရာကို မင်းတို့ မျက်စိနဲ့တပ်အပ် မြင်နေရတာပဲ..."

ဝေ့မုံကက်သ် က လက်ပိုက်လိုက်ပြီး ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။

"သူသာ သူရဲဘောကြောင်တဲ့ကောင် မဟုတ်ဘူးဆိုရင်၊ သူ ကိုယ်တိုင် ပြန်ဖြေလိမ့်မယ်..."

“...”

ပထမ အကြီးအကဲ အပါအဝင် ဝေ့ ကလန်သား ရာပေါင်းများစွာ စုဝေးနေကြသည်။ စုပြုံကျရောက်လာသော အာရုံစိုက်မှုများ၏ ဝန်ထုတ်ဝန်ပိုးကြီးက ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးတစ်ဆုပ်ကဲ့သို့ အရပ်မျက်နှာ အသီးသီးမှ သူ့ကို ဖိညှစ်လာလေသည်။

ထိုဖိအားက သူ၏ အရှက်ရမှုကို ပိုမို နက်ရှိုင်းသွားစေပြီး၊ ဒဏ်ရာပေါ် ဆားပက်သကဲ့သို့ ပွတ်တိုက်နေလေသည်။ သူသည် အသုံးမကျသူ တစ်ယောက်၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသူ တစ်ယောက် ဖြစ်ပြီး၊ ယခုအခါ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။

ကျောက်ပတ်တီး သိုင်းကြိုးချည်ထားသော လက်မောင်းမှ ယိုစိမ့်ထွက်လာသည့် နာကျင်မှုသည် ဤအရာနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။ လင်းတုန်းသည် ဝှစ်စပါ ၏ မျှော်စင်ဆီသို့ မော့ကြည့်လိုက်၏။ မျှော်စင်ထိပ်ဆုံးရှိ အခန်းထဲမှနေ၍ပင် သူ့ကို ကြည့်နေသော အကြည့်များကို သူ ခံစားသိရှိနိုင်သည်ဟု စိတ်ကူးကြည့်မိလေသည်။

"ခရီးသည် တစ်ယောက်က လမ်းကို မရှာတွေ့နိုင်တဲ့ အခါမျိုးမှာ၊ တစ်ခါတလေ သူ ကိုယ်တိုင် လမ်းဖောက်ရတတ်တယ်..."

လင်းတုန်း ချက်ချင်း အဖြေမပေးသောအခါ အယ်ရီ က ရှေ့သို့ တစ်လှမ်း တက်လာ၏။ လင်းတုန်း၏ မျက်နှာကို ထိုးချင်လွန်း၍ မစောင့်နိုင်တော့သည့်အလား သူမ၏ လက်သီးကို ပွတ်သပ်နေလေသည်။ ဖခင်ဖြစ်သူက အနည်းငယ် အံ့သြသွားဟန်ဖြင့် သူမကို အနောက်သို့ ပြန်ဆွဲထားလိုက်သည်။

နောက်ဆုံးတွင် လင်းတုန်း၏ အသံ ထွက်ပေါ်လာသောအခါ၊ သူကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားရသည်။

"ဝေ့ ကလန် မှာ သူရဲဘောကြောင်တဲ့ သူတွေကို မွေးထုတ်ပေးတဲ့ မိသားစုဆိုလို့ တစ်စုပဲ ရှိတယ်"

သူက မုံ မိသားစု၏ ခေါင်းဆောင် ကက်သ်ကို ပြောလိုက်သည်။

စုဝေးနေကြသော မိသားစုများအကြား ရယ်မောသံများနှင့် တီးတိုးပြောဆိုသံများ တိတ်တဆိတ် ပျံ့နှံ့သွားပြီး၊ ကက်သ် ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားလေသည်။ သူက စကားလုံး အနည်းငယ်ကို အတင်းအကျပ် ညှစ်ထုတ်ပြောဆိုလိုက်၏။

"ဒါဆို မင်း လက်ခံတယ်ပေါ့..."

စည်းမျဉ်းများကို သတ်မှတ်ရန်မှာ စိန်ခေါ်ခံရသူ၏ အပိုင်းဖြစ်ရာ၊ သူ ထိုသို့ သတ်မှတ်လိုက်သည်။

"ဒီနေ့ကစပြီး ခုနစ်ရက်မြောက်နေ့ မိုးလင်းချိန်မှာ..."

လင်းတုန်းက ပြောလိုက်သည်။

"တစ်ယောက်ယောက် အရှုံးပေးတဲ့ အထိပဲ..."

***

All Chapters