အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အပိုင်း(၁၅)
“အသုံးမကျလိုက်တာ...”
ဝေ့ရှီလင်းတုန်း ခေါင်းခါလိုက်၏။ အမြွှာကြယ် နှလုံးသားမှာ အဘယ်ကြောင့် အသုံးမကျသည့် ကျင့်စဉ် တစ်ခု ဖြစ်ပြီး၊ မည်သူမျှ မကျင့်ကြံကြသနည်း ဆိုသည့် အချက်မှာ ရှင်းလင်းပေသည်။ အကယ်၍ သူ့ အနေဖြင့် သူ့ အမြုတေကို နှစ်ခုခွဲချင်ခဲ့လျှင်တောင် ဝေ့မုံအယ်ရီဆီမှာ ‘ဗလာလက်ဝါး’ လို ကျင့်စဉ်မျိုး မရှိသည်မှာ သေချာလှသည်။ သူ့အနေဖြင့် ယခင်ကလို အကာအကွယ်မဲ့ နေဦးမှာပင်။
စာအုပ်ထဲတွင် လှည့်ပတ် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ပါဝင်နေပြီး၊ ထိုအရာက သူ၏ သနားစရာကောင်းသည့် အခြေခံကျင့်စဉ်ထက် အနည်းဆုံးတော့ ပိုကောင်းအောင် လုပ်ပေးနိုင်သော်လည်း တိုက်ပွဲမတိုင်ခင် မည်သည့် အကျိုးကျေးဇူးကိုမှ သူ ခံစားရမှာ မဟုတ်ပါချေ။ ထို့အပြင်... ထိုကျင့်ကြံခြင်း နည်းလမ်းမှာ သူ ဘယ်တော့မှ လုပ်ဖို့ ရည်ရွယ် မထားသည့် 'အမြုတေခွဲထုတ်ခြင်း' အတွက် ပြင်ဆင်ပေးဖို့ ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ 'အမြွှာကြယ် နှလုံးသား' သည် သူ၏ ကျိုးနေသည့် လက်မောင်းကိုတောင် ပြန်ကောင်းလာအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါချေ။ မိခင်ဖြစ်သူ၏ အစီအရင်များ ရှိနေသော်လည်း တိုက်ခိုက်ရမည့် အချိန်မတိုင်ခင် ထိုလက်မောင်းမှာ အရှင်း ပျောက်ကင်းနိုင်မှာ မဟုတ်ပါချေ။
လင်းတုန်း၏ စိတ်အားထက်သန်မှုများမှာ မှေးမှိန်သွားခဲ့သော်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်းတော့ မရှိပါချေ။ ထိုနည်းလမ်းက သူ စမ်းသပ်ကြည့်နိုင်သည့် အခြား အကြံဉာဏ် အနည်းငယ်ကို ပေးစွမ်းခဲံသည်။ မနက်ဖြန် အသစ်ထပ်မံ ရှာဖွေမှုက ပိုမို မျှော်လင့်ချက် ရှိသည့် ရလဒ်များကို ဖော်ထုတ်ကောင်း ဖော်ထုတ်ပေးပေလိမ့်မည်။
မှတ်တမ်းတိုက်ကို သော့ခတ်ပြီးနောက် သူ အိမ်ပြန်လာခဲ့ပြီး ကျင့်စဉ်အသစ်အတိုင်း မာဒြာကို လှည့်ပတ်ကျင့်ကြံလိုက်သည်။ စိတ်ပူပန်မှုများက သူ့ကို မိုးလင်းတဲ့အထိ ဆက်တိုက် ကျင့်ကြံနေစေခဲ့သည်။ ပြင်းထန်သည့် တံခါးခေါက်သံများသာ ပေါ်ထွက်မလာခဲ့လျှင် သူ ဆက်လက် ကျင့်ကြံနေဦးမည် ဖြစ်သည်။
"အဆင်သင့် လုပ်ထား"
ကြေးအဆင့် အုပ်ချုပ်သူ တစ်ယောက်၏ လိမ္မော်ရောင် ပိုးသား လေ့ကျင့်ရေး ဝတ်စုံကို ဝတ်ဆင်ထားသည့် ကယ်လ်ဆာ က သူ့ကို ပြောလိုက်သည်။ ရာဇလှံတံ အမှတ်အသား ပါရှိသည့် သူမရဲ့ ကြေး တံဆိပ်ပြားလေးက ရင်ဘတ်အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ တွဲလောင်းကျနေ၏။
"ဒီနေ့ နင် ငါနဲ့အတူ လေ့ကျင့်ရမယ်..."
လင်းတုန်းသည် အပြာရောင် တောင်တန်း နှင်းဆီများနှင့် တိမ်ခေါင်းလောင်းပန်း အခိုင်လေးတွေ ဝန်းရံထားသည့် ရှီ မိသားစု ပန်းခြံထဲကို သူ့ ကျောပိုးအိတ်ကို ယူဆောင်လာခဲ့ပြီး၊ အစ်မဖြစ်သူနှင့် မျက်နှာချင်းဆိုင်တွင် ဒူးထောက်ထိုင်လိုက်သည်။ သူတို့သည် မြက်ခင်းပြင်ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုရင် သူတို့သည် ဝေ့ကလန်ဝင်များနှင့် အတူ ပင်မ ရင်ပြင်တွင် နေ့စဉ် လှည့်ပတ် ကျင့်ကြံမှု ပြုလုပ်ဖို့ ပူးပေါင်းကြသော်လည်း ကယ်လ်ဆာ့ စိတ်ထဲတွင် တခြားအရာတစ်ခု ရှိနေပုံရသည်။ သူမသည် ဆံပင်များကို နောက်ဖက်တွင် စည်းနှောင်ထားပြီး တင်းမာသည့် မျက်နှာထားဖြင့် မောင်ဖြစ်သူကို အကဲခတ် နေခဲ့၏။
"နင် ပင်ပန်းနေပုံရတယ်"
နောက်ဆုံး၌ သူမက စကားပြောလိုက်သည်။
"နင် အိပ်ရေးမဝဘူး၊ အဲဒါက နင့်လက်မောင်း ပြန်ကောင်းဖို့ကို နှေးကွေးစေလိမ့်မယ်... နင် ဘာတွေ လုပ်နေခဲ့တာလဲ..."
နှစ်တွေကြာလာသည်နှင့် အမျှ အစ်မဖြစ်သူနှင့် ဆက်ဆံရာတွင် အမြန်ဆုံး နည်းလမ်းက ချက်ချင်းနှင့် ရိုးသားစွာ တုန့်ပြန်ခြင်းသာ ဖြစ်ကြောင်း လင်းတုန်း သိရှိထားသည်။
"ကျင့်ကြံနေတာပါ... ကျန်နေသေးတဲ့ အသီးရဲ့ အာနိသင်တွေကို စုပ်ယူဖို့ ကြိုးစားနေခဲ့တာ..."
"ပြီးတော့ရော စုပ်ယူနိုင်ခဲ့လား..."
"အပြည့်အဝတော့ မဟုတ်ဘူး..."
ပြင်ပမာဒြာများက လျှပ်စီးကြောင်းများလို သူ့ အမြုတေ ထဲတွင် တဖျတ်ဖျတ် လက်နေဆဲဖြစ်သော်လည်း မနေ့ကလောက်တော့ မများတော့ချေ။ မည်မျှအထိ လျော့နည်းသွားသနည်း။ သို့မဟုတ်... ၎င်းတို့ကို စုပ်ယူ ချေဖျက်လိုက်ခြင်းက တစ်စုံတစ်ရာ ထူးခြားမှု ရှိသလား ဆိုတာကိုတော့ သူ မပြောနိုင်ပါချေ။ ၎င်းမှာ ဒဏ္ဍာရီလာ သဘာဝ ရတနာတစ်ခုဆီကနေ သူ အမြဲတမ်း စိတ်ကူးယဉ် မျှော်လင့်ထားခဲ့သည့် အာနိသင်မျိုးတော့ မဟုတ်ခဲ့ပါချေ။
ကယ်လ်ဆာက မေးစေ့ကို ပွတ်ရင်း တစ်ခဏမျှ စဉ်းစားခန်းဝင်သွား၏။
"အဲဒီကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့... လောလောဆယ်တော့၊ ဒီတိုက်ပွဲကို နင် ကျော်ဖြတ်နိုင်ဖို့ ငါတို့ရဲ့ ဗျူဟာကို ဆွေးနွေးသင့်တယ်..."
ငါးရက်သာ ကျန်တော့သည်။
"ငါတို့ လုပ်နိုင်ပါ့မလား"
လင်းတုန်း သံသယ ဝင်စွာ မေးလိုက်၏။ ကယ်လ်ဆာ၏ စူးရှသည့် အကြည့်က သူ့ရင်ဘတ်ကို ထိုးနှက်လိုက်သလို ခိုင်မာ ပြတ်သားလှသည်။
"ဒါက ငါတို့ မိသားစုရဲ့ ဂုဏ်သိက္ခာပဲ... တကယ်လို့ နင့်ကို ကောင်းကောင်း တိုက်ခိုက်နိုင်အောင် ငါ မလုပ်ပေးနိုင်ဘူးဆိုရင်၊ ငါ့ရဲ့ တံဆိပ်ပြားနဲ့ ငါ မထိုက်တန်ဘူး..."
လင်းတုန်က ခါးကို မတ်လိုက်ပြီး သူ့ ပခုံးတွေပေါ် ကျရောက်လာသည့် ဖိအားများ အတွက် ပြင်ဆင်လိုက်သည်။
"ဒါဆို ငါတို့ ဘယ်က စကြမလဲ..."
"ရှင်းရှင်းပြောရရင်၊ အဲဒီ ကောင်မလေးနဲ့ တိုက်ခိုက်ရတာ ဘယ်လိုမှ ကောင်းတဲ့ ရလဒ် ထွက်လာမှာ မဟုတ်ဘူး... နိုင်ရင်လည်း အရှက်ကွဲမှာပဲ၊ ရှုံးရင်လည်း အရှက်ကွဲမှာပဲ..."
ထိုအချက်ကို ထပ်မံ သတိပေးနေဖို့ မလိုအပ်သော်လည်း ကယ်လ်ဆာ ပြောမည့် စကားလုံးများကို စောင့်ဆိုင်းရင်း သူ တိတ်ဆိတ်စွာပင် ရပ်နေလိုက်သည်။
"နင့်အတွက် ဂုဏ်သိက္ခာရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာက မုံ မိသားစုထဲက နင့်ထက် အဆင့်အတန်းမြင့်တဲ့ ဝေ့မုံတယ်ရစ် လိုလူမျိုး တစ်ယောက်ယောက်ကို စိန်ခေါ်ဖို့ပဲ... ဒါပေမဲ့ အဲဒီလိုလုပ်ရင် နင် အသတ်ခံရနိုင်တယ်ဆိုတဲ့ အားနည်းချက်တော့ ရှိတယ်..."
၎င်းမှာ အနည်းငယ် ပုံကြီးချဲ့ပြောဆိုမှုသာ ဖြစ်သည်။ မုံ မိသားစုအနေဖြင့် ကလန်တစ်ခုလုံး၏ ရှေ့မှောက်တွင် ဆွေမျိုးတစ်ဦးကို သတ်ပစ်လောက်စရာ အကြောင်းမရှိပေ။ သို့သော် သူတို့ သတ်ပစ်နိုင်စွမ်း ရှိသည်။ ထို့ပြင် ဂုဏ်သိက္ခာတရားအရ သူတို့သည် လင်းတုန်းကို ပြင်းထန်စွာ ဒဏ်ရာရစေရမည်ဖြစ်ရာ၊ ၎င်းမှာလည်း သူ ရှောင်လွှဲချင်သော နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုပင် ဖြစ်လေသည်။
"ငါ အကြံပြုချင်တာကတော့ အဲဒီ ကောင်မလေးနဲ့ ခဏလောက် တိုက်ခိုက်ပြီးရင် အရှုံးပေးလိုက်ဖို့ပဲ... ဝိညာဉ်မဲ့ တစ်ယောက်အနေနဲ့ မုံ မိသားစုက လူတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မထိုက်တန်ဘူးလို့ နင် ပြောလိုက်လို့ရတယ်၊ ဒါဆို သူတို့လည်း မျက်နှာရသွားမယ်လေ... သူတို့ လက်ခံသွားလိမ့်မယ်၊ နင် ခဏလောက်တော့ မျက်နှာပူရလိမ့်မယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ နင့်ရဲ့ ဂုဏ်သတင်း ပိုကောင်းလာလိမ့်မယ်... နင်က ဒီတိုက်ပွဲကို ယဉ်ကျေးသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး၊ အရှုံးကိုလည်း ဂုဏ်သိက္ခာရှိရှိ လက်ခံခဲ့တယ်ဆိုပြီး ဖြစ်သွားမှာပေါ့..."
"ဒါက မုံ မိသားစုကို ကျွန်တော်က သူတို့လောက် တန်ဖိုးမရှိဘူးလို့ ဝန်ခံလိုက်ရတဲ့ တန်ဖိုးနဲ့လေ..."
သူမက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"ဟုတ်တယ်..."
ကယ်လ်ဆာ သည် အမှန်တရားကို မည်သည့်အခါမျှ ရှောင်လွှဲလေ့ မရှိပေ။
လင်းတုန်းသည် မိမိကိုယ်ကို အလွန်အမင်း မာနကြီးသူတစ်ဦးဟု မထင်မှတ်ထားသော်လည်း၊ အခြားသော ဝေ့ မိသားစုများအားလုံး၏ ရှေ့မှောက်တွင် မိမိကိုယ်ကို နှိမ့်ချရမည်ဟူသော အတွေးကြောင့် ဒေါသထွက် ပူလောင်သွားမိသည်။ အကြောင်းရင်း တစ်ခုမှာ၊ အကယ်၍ သူသာ လူပုံအလယ်တွင် သူ၏ အားနည်းချက်ကို ပြသလိုက်မည်ဆိုပါက သူ၏ ရှီ မိသားစုကိုလည်း အားနည်းလွယ်ကူသူများအဖြစ် ရှုမြင်သွားကြမည် ဖြစ်သည်။ သူတို့၏ ပြိုင်ဘက်များက ထိုအားနည်းချက် ဟာကွက်ကို အခွင့်ကောင်းယူရန် ကြိုးပမ်းကာ သူတို့ကို ဖိအားပေးလာကြပေလိမ့်မည်။
လင်းတုန်း၏ မျက်နှာအမူအရာကို စက္ကန့်အနည်းငယ်ခန့် စောင့်ကြည့်ပြီးနောက်၊ ကယ်လ်ဆာ က ဒူးပေါ်တွင် လက်နှစ်ဖက်ကို ယှက်တင်လိုက်သည်။
"ဒါပေမဲ့ မနေ့က တစ်နေ့လုံး နင် အချိန်ဖြုန်းမနေခဲ့ဘူးဆိုတာကိုတော့ ငါ သေချာပေါက် သိတယ်... နင့် အစီအစဉ်က ဘာလဲ..."
လင်းတုန်းက ရှက်ရွံ့စွာဖြင့် သူ၏ သိုင်းကြိုးချည်ထားသော လက်မောင်းကြားတွင် သိမ်းဆည်းထားသည့် ကျင့်စဉ် ကျမ်းစာအုပ်လေးကို လှမ်းယူလိုက်သည်။
"မှတ်တမ်းတိုက်ထဲမှာ ဒီကျင့်စဉ်ကို ကျွန်တော် ရှာတွေ့ခဲ့တယ်... တိုက်ရိုက်ကြီး အသုံးမဝင်ပေမယ့်၊ ကျွန်တော့်ကို အကြံဉာဏ်တစ်ခု ရစေနိုင်တယ်..."
သူမက သူ၏ လက်ထဲမှ ကျမ်းစာအုပ်ကို လုယူလိုက်ပြီး ပထမဆုံး စာမျက်နှာကို အမြန် အကဲခတ်ကြည့်လိုက်သည်။
"နင့်ရဲ့ အမြုတေ ကို နင်က ခွဲထုတ်ချင်တာလား..."
ဤအကြံအစည်အပေါ် သူမ မည်သို့ ထင်မြင်သနည်းဆိုသည်ကို သူမ၏ လေသံက ရှင်းလင်းစွာ ဖော်ပြနေလေသည်။
"မဟုတ်ပါဘူး၊ သေချာပေါက် မဟုတ်ပါဘူး..."
အမြွှာကြယ် နှလုံးသား ကျမ်းတွင် ဖော်ပြထားသော နည်းစနစ်အတိုင်း လှည့်ပတ်ကျင့်ကြံနေစဉ် တစ်ညလုံး သူ စဉ်းစားခန်း ဝင်နေခဲ့သည်။ ခွဲထုတ်ထားသော အမြုတေ တစ်ခုအတွက် သီးခြား ကျင့်စဉ်တစ်ခုကို ကာကွယ်ရုံသက်သက်သာမက အခြားသော အသုံးဝင်မှုများလည်း ရှိနိုင်မည်ဟု သူ သံသယရှိခဲ့သော်လည်း၊ ယင်းတို့ကို စမ်းသပ်ကြည့်ရန်မှာ အန္တရာယ်များလွန်းပြီး ခက်ခဲလွန်းလှသည်။
"အဲဒီအထဲမှာ ဒုတိယ ကျင့်စဉ် တစ်ခု ပါသေးတယ်..."
ကယ်လ်ဆာ က စာအုပ်ကို ပြန်ငုံ့ကြည့်လိုက်သည်။
"ဗလာ လက်ဝါး..."
"ကျွန်တော်သာ ကြေးအဆင့် ဖြစ်နေရင် ပိုလွယ်မယ်ဆိုတာ သိပါတယ်... ဒါပေမဲ့ သီအိုရီအရဆိုရင်တော့ ကိုယ့်ရဲ့ မာဒြာကို သတ်မှတ်ထားတဲ့ နေရာတစ်ခုထဲကို ထိုးသွင်းလိုက်ရုံပဲလေ... အဲဒါက လုံလောက်နိုင်ပါတယ်..."
သူမသည် ပါးလွှာသော ကျမ်းစာအုပ်ထဲမှ စာမျက်နှာ တစ်ခုချင်းစီကို လှန်လှောကြည့်ရှုလိုက်ပြီး၊ နောက်ဘက်ပိုင်းကို အထူး အာရုံစိုက်လိုက်သည်။
"ဒီအထဲမှာ ဒါကို အောင်မြင်ဖို့ လိုအပ်တဲ့ အချိန်ကိုက်မှု၊ စွမ်းအင် စီးဆင်းမှု၊ အခြေခံအုတ်မြစ် တွေကို ဘာတစ်ခုမှ ဖော်ပြမထားဘူး... ဒါကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကိုပဲ ဖော်ပြထားတာ..."
ကယ်လ်ဆာ က စာအုပ်ကို ပိတ်ချလိုက်သည်။
"ဒါပေမဲ့ နောက်ဆုံးအနေနဲ့ ပြောရရင်တော့၊ ငါတို့ကိုယ်ပိုင် 'ဗလာ လက်ဝါး' ပုံစံတစ်မျိုးကို ဖန်တီးနိုင်လောက်တဲ့ အချက်အလက်တွေ ဒီထဲမှာ လုံလုံလောက်လောက် ပါတယ်လို့ ထင်တယ်... ဘာပဲဖြစ်ဖြစ် ဒါက အတော်လေး ရိုးရှင်းပါတယ်..."
လင်းတုန်းက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ကိုင်းညွတ်လိုက်သည်။
"မမ ကျွန်တော့်ကို သင်ပေးနိုင်မလား..."
***
အပိုင်း(၁၆)
ဝေ့ ကလန် တွင် ကျင့်ကြံသူ အများစုသည် အသက် နှစ်ဆယ့်တစ် သို့မဟုတ် နှစ်ဆယ့်နှစ်နှစ် အရွယ်ရောက်မှသာ သံမဏိအဆင့် သို့ တက်လှမ်းနိုင်လေ့ရှိကြသည်။ ကယ်လ်ဆာ အနေဖြင့် အသက် ဆယ့်ခြောက်နှစ် အရွယ်တွင် ကြေး နှင့် သံမဏိ ကြားရှိ အတားအဆီးသို့ ရောက်ရှိနေပြီဆိုသည်မှာ သူမသည် ပါရမီရှိရုံသက်သက်သာ မဟုတ်ဘဲ၊ ထိုပါရမီနှင့် ထိုက်တန်သော စည်းကမ်းသေဝပ်မှုနှင့် ကျွမ်းကျင်မှုတို့ ရှိနေသည်ကို ဆိုလိုခြင်းပင်။
ရုတ်တရက်ပင် ကယ်လ်ဆာ က မတ်တပ်ထရပ်လိုက်သည်။
"အဲဒါက နင့်အပေါ်မှာပဲ မူတည်တယ်... ငါ့ဆီမှာ အကြံဉာဏ်တချို့တော့ ရှိတယ်၊ ဒါပေမဲ့ အဲဒါတွေကို စမ်းသပ်ဖို့ဆိုရင် အလုပ်လုပ်နေတဲ့ အမြုတေ ရှိတဲ့ အသက်ရှင်နေတဲ့ ပစ်မှတ်တစ်ခု လိုအပ်တယ်.. အဲဒါ နင်ပဲ..."
"မမ က ကျွန်တော့်ရဲ့ ဝိညာဉ်ကို စွမ်းအားမဲ့သွားအောင် လုပ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ အဲဒါက သိပ်တော့ အသုံးဝင်မှာ မဟုတ်ဘူး... အစကတည်းက ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင် သိပ်ကာကွယ်နိုင်တာမှ မဟုတ်တာ..."
ကယ်လ်ဆာ က လက်တစ်ဖက်ကို အရင်ဆန့်ထုတ်ပြီးနောက်၊ အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"ငါ ဆိုလိုတာက အဲဒါမဟုတ်ဘူး... ဒီကျင့်စဉ် အလုပ်လုပ်ဖို့အတွက် သူ့အနေနဲ့ သန့်စင်မှုကို ရရှိအောင် လုပ်ရမယ်လို့ ကျမ်းထဲမှာ ဖော်ပြထားတယ်... ငါတို့မှာ အဲဒီအတွက် အချိန်မရှိဘူး၊ ဒါကြောင့် ငါက ဒီကျင့်စဉ်ရဲ့ သဘောတရားကို ခံစားသိရှိလာတဲ့အထိ နင့်ရဲ့ အမြုတေ ထဲကို ငါ့ရဲ့ မာဒြာတွေ ထိုးသွင်းကြည့်ရလိမ့်မယ်..."
အဖြူရောင် မြေခွေး လမ်းစဉ် ၏ ကျင့်ကြံသူ တစ်ဦးအနေဖြင့်၊ ကယ်လ်ဆာ သည် ရန်သူများကို လှည့်စားရန် ရည်ရွယ်ချက်အတွက် အိပ်မက်နှင့် အလင်း သဘာဝများကို လေ့လာကျင့်ကြံထားသည်။ ၎င်းကို သူ၏ အမြုတေ ထဲသို့ တိုက်ရိုက် လက်ခံရမည်ဆိုခြင်းမှာ...
"ကျွန်တော့်ဆီမှာ တခြား အကြံတစ်ခု ရှိတယ်"
လင်းတုန်းက နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော် မမကို အရင် စမ်းကြည့်မယ်၊ ပြီးမှ အဲဒီကနေ ဆက်လုပ်ကြတာပေါ့..."
"ဒီ သီအိုရီကို ငါကိုယ်တိုင် နားလည်အောင် လုပ်ဖို့ လိုတယ်"
ကယ်လ်ဆာ က ခြေဖျားများပေါ်တွင် ဟန်ချက်ညီညီ ရပ်တည်လိုက်ရင်း ပြောလိုက်သည်။ သူမ၏ ဘယ်လက်ကို ရှေ့သို့ ဆန့်ထုတ်ထားပြီး၊ ညာလက်ကို အနောက်သို့ ရုပ်ထားကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဘေးတစောင်း အနေအထား ပြင်လိုက်သည်။
"ပထမ စမ်းသပ်မှု..."
လင်းတုန်းက ထပ်မံ ငြင်းဆန်ရန် ကြိုးစားလိုက်သော်လည်း၊ ကယ်လ်ဆာ သည် မျက်စိလှည့်စားနိုင်လောက်အောင် လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမ၏ လက်ဖဝါးရင်းကို သူ၏ ချက်အောက်တည့်တည့်ရှိ အမြုတေ အပေါ်သို့ ရောက်ရှိသွားစေသည်။ သူမက ခွန်အားကို များများစားစား အသုံးမပြုခဲ့သဖြင့်၊ ရိုက်ချက်က နာကျင်မှုမရှိဘဲ ခပ်ဖွဖွ ရိုက်လိုက်သကဲ့သို့သာ ခံစားရလေသည်။
သို့သော် လောကကြီးတစ်ခုလုံး ရူးသွပ်သွားလေတော့သည်။
ဝှစ်... ဝှစ်...
သူ၏ ခြေရင်းမှ နူးညံ့သော အပြာရောင် တိမ်ခေါင်းလောင်းပန်းလေးများက လေထဲသို့ ပျံတက်လာပြီး သူ၏ မျက်လုံးများရှေ့တွင် တဖျပ်ဖျပ် ခတ်နေကြသည်။ ခြုံပုတ်များထဲမှ အရိပ်များက တဖျတ်ဖျတ် လှုပ်ရှားကာ တခစ်ခစ် ရယ်မောနေကြပြီး၊ ကောင်းကင် သမုဒ္ဒရာထဲရှိ တိမ်တိုက်များသည်လည်း စိတ်အားထက်သန်နေသော ငါးများကဲ့သို့ ဝဲပျံနေကြလေသည်။ မြက်ပင်များက သူ၏ ဖိနပ်ကိုဖောက်ကာ သူ၏ ခြေထောက်ကို ယားကျိကျိ ဖြစ်အောင် လုပ်နေသဖြင့်၊ ထိုအရာကို ရှောင်လွှဲရန် သူ ခြေဖျားထောက်ကာ လမ်းလျှောက်နေလိုက်သည်။ မြေကြီးက ထိုလုပ်ရပ်ကို သဘောကျဟန်မတူပေ၊ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး၌ မြေကြီးသည် သည်းမခံနိုင်တော့ဘဲ သူ၏ နောက်စေ့ကို လှမ်းရိုက်လိုက်သောကြောင့်ပင်။
အသိစိတ်များ ပြန်လည် ဝင်ရောက်လာချိန်တွင်တော့၊ သူသည် ပန်းခြံထဲတွင် ပက်လက်လန်လျက် ကောင်းကင်ကြီးကို မော့ကြည့်နေမိလျက်သား ဖြစ်နေလေသည်။ သူ၏ လက်မောင်းက ထပ်မံ ကိုက်ခဲလာပြန်သည်။
သူ့အပေါ်စီးမှနေ၍ ကယ်လ်ဆာ က သူမ၏ လက်ဖဝါးကို ဆန့်တန်းလေ့ကျင့်နေသည်။
"အရမ်းနှေးနေတယ်... လှုပ်ရှားမှုက မာဒြာကို သယ်ဆောင်သွားရမှာ၊ ထိတွေ့မှုကနေတစ်ဆင့် ကူးစက်သွားတာကိုပဲ အားထားနေလို့ မရဘူး... ထစမ်း၊ ငါ နောက်တစ်ခါ ထပ်စမ်းကြည့်ဖို့ လိုသေးတယ်..."
ခေါင်းမူးနေဆဲဖြစ်သော လင်းတုန်းက မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သည်။
"နေပါဦး... ကျွန်တော့်အတွက် ပိုဆိုးမယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က..."
သူမက သူ့ကို ထပ်ရိုက်လိုက်ပြန်သည်။
ပန်းခြံကြီး တစ်ခုလုံး ပါတီပွဲဆင်နွှဲနေခြင်း ရပ်တန့်သွားပြီးနောက်၊ မြေပြင်ပေါ်မှနေ၍ သူ လှမ်းပြောလိုက်သည်။
"ကျွန်တော် နောက်တစ်ခါ ထပ်မထတော့ဘူး... လုံးဝပဲ..."
ကယ်လ်ဆာ က အမြန်နှုန်း တစ်ဝက်ခန့်ဖြင့် လှုပ်ရှားနေပြီး၊ နှေးကွေးသော လက်ဝါးရိုက်ချက်တစ်ခုကို ရှေ့သို့ လှမ်း၍ ပြုလုပ်နေသည်။ သူမသည် ပထမ ခြေလှမ်းကို အကြိမ်အနည်းငယ် ထပ်တလဲလဲ ပြုလုပ်ရင်း ခေါင်းထဲတွင် တစ်စုံတစ်ခုကို တွက်ဆနေလေသည်။
"ဒါဆိုရင်လည်း နင် တစ်ဘဝလုံး အသုံးမကျတဲ့သူ ဖြစ်နေတော့မှာပေါ့..."
သူမက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သော်လည်း၊ ထိုစကားလုံးများက နံရိုးကြားသို့ ထိုးစိုက်ဝင်လာသော လှံတစ်ချောင်းကဲ့သို့ပင်။
"မိသားစုကို အရှက်မကွဲစေချင်ဘူးမလား... ထစမ်း..."
သူမက သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ၊ သူ ထရပ်သည်ဖြစ်စေ၊ မထရပ်သည်ဖြစ်စေ သူမ ဂရုမစိုက်သည့်အလား ပြုမူနေလေသည်။
"ငါ တော်တော်လေး နားလည်လာပြီ... အဲဒါက တစ်ပြိုင်နက်တည်း အကုန် ကူးစက်သွားဖို့ လိုတာပဲ... ရေစီးကြောင်း တစ်ခုလို မဟုတ်ဘဲ၊ ရုတ်တရက် တိုက်ခတ်လာတဲ့ လေပြင်းတစ်ချက်လိုမျိုး..."
...
လင်းတုန်း ထပ်မံ မတ်တပ်ထရပ်လိုက်သည်။ ပြီးတော့ ထပ်ရပ်သည်။ နောက်ထပ် ဆယ့်တစ်ကြိမ်တိတိ။
နောက်ဆုံးတွင်တော့၊ ကျင့်စဉ်၏ အာနိသင်များ ပြယ်သွားချိန်၌ပင် ကမ္ဘာမြေကြီးက လည်ပတ်နေခြင်းကို မရပ်တန့်တော့ပေ။ သူ ထပ်မံ ထရပ်ရန် ကြိုးစားလိုက်သော်လည်း၊ အပေါ်ဘက်နှင့် ဘေးဘက်တို့က နေရာချင်း လဲလှယ်သွားသည့်အလား ထင်မှတ်ရပြီး၊ တိမ်ခေါင်းလောင်းပန်းများကြားသို့ သူ ယိုင်လဲကျသွားလေသည်။ ၎င်းတို့၏ ပင်စည်များက မြင်ရသည်ထက် ပို၍ ထက်ရှနေလေသည်။
ကယ်လ်ဆာက လက်လှမ်းကာ သူ့ကို အလွယ်တကူ ဆွဲထုတ်လိုက်ပြီး၊ သူ၏ ပခုံးကို ဆုပ်ကိုင်၍ ဟန်ချက်ညီအောင် ထိန်းပေးလိုက်သည်။ သူ ယိမ်းယိုင်မနေဘဲ ခြေတစ်လှမ်း လှမ်းနိုင်ရန်အတွက် အသက်ဆယ်ကြိမ် ရှူသွင်း ရှူထုတ်ရလောက်အောင် အချိန်ယူခဲ့ရသည်။
"အားတင်းထားစမ်း"
သူမက ပြောသည်။
"ရှေ့ကို တစ်လှမ်းတိုးပြီး တစ်ဆက်တည်း တွန်းထုတ်လိုက်၊ မာဒြာ ကို နင့်ရဲ့ လက်ဝါးထဲမှာ စုစည်းထား... အဲဒါကို လေပြင်းတစ်ချက်လို အသက်တစ်ရှိုက်တည်းနဲ့ လွှတ်ထုတ်လိုက်၊ ဟန်ချက်ညီအောင်လို့ အသက်ရှူထုတ်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီ လှည့်ပတ်ဖို့ သေချာဂရုစိုက်... နားလည်လား..."
လင်းတုန်းက သူ၏ အာရုံများ ပုံမှန် ပြန်ဖြစ်ပြီလား ဆိုသည်ကို ဆန်းစစ်နေဆဲ ဖြစ်သည်။ဟို တဖျတ်ဖျတ် လှုပ်ရှားနေသော အရိပ်က ကျန်ရစ်နေသော ရူးသွပ်ခြင်း၏ လက္ခဏာတစ်ခုလော သို့မဟုတ် လေထဲတွင် လွင့်နေသော သစ်ရွက်တစ်ရွက်လော။
"ကျေးဇူးပြုပြီး... ကျွန်တော် ခဏလောက် အနားယူဖို့ လိုတယ်..."
ကယ်လ်ဆာသည် စောင့်ဆိုင်းရမည့် ကိစ္စများတွင် စိတ်ရှည်လေ့ သိပ်မရှိချေ။ သူ့ကို အနားယူခွင့် ပြုလိုက်သော်လည်း စိတ်မပါ့တပါဖြင့်သာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သူမသည် အမြွှာကြယ် နှလုံးသားကျမ်းကို လေ့လာရင်း ပန်းခြံထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
"စောစောက အကြောင်းကို ပြန်ဆက်ကြရအောင်"
စာအုပ်ပေါ်မှ မျက်လုံးမခွာဘဲ သူမက ပြောလိုက်သည်။
"အသီးအကြောင်းလေ... အဲဒါကို နင် လှည့်ပတ် ကျင့်ကြံလို့ ပြီးသွားပြီလား..."
"အားလုံးနီးပါးပါပဲ"
သူ၏ အမြုတေ ထဲတွင် ကျန်ရစ်နေသော ကျင်စပ်စပ် လျှပ်စီးများကို ခံစားကြည့်ရင်း သူက ပြန်ဖြေလိုက်သည်။
"ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ သတိမထားမိဘူး..."
သူမက စာမျက်နှာကို မျက်လုံးမှေးကြည့်လိုက်သည်။
"ငါ သေချာ မမြင်ရဘူး... နင့်ရဲ့ အလင်း ကို ထုတ်လိုက်စမ်း..."
လင်းတုန်းသည် တောက်ပနေသော နံနက်ခင်း အလင်းရောင်ကို ဝေ့ကြည့်လိုက်သည်။
"မမအတွက် သမားတော် တစ်ယောက်ယောက် သွားခေါ်ပေးရမလား..."
"ဒီနေ့အတွက် နင်က ငါ့တပည့်ပဲ... နင့်ရဲ့ အလင်း ကို ထုတ်လိုက်လို့..."
အစ်မဖြစ်သူ ဆိုလျှင်တော့ လင်းတုန်းက ငြင်းဆန်မိပေလိမ့်မည်။ သို့သော် ဆရာသမား ဆိုလျှင်တော့ စကားတစ်ခွန်းမျှ ပြန်မပြောဘဲ နာခံရမည် ဖြစ်သည်။ သူမသည် မည်သည့် နေရာတွင် ရှိနေသနည်းဆိုသည်ကို ဆုံးဖြတ်ရန် သူ စက္ကန့်အနည်းငယ် အချိန်ယူလိုက်ပြီးနောက်၊ နောက်ဆုံးတွင် ကျောပိုးအိတ်ထဲသို့ နှိုက်ကာ လက်ဝါးအရွယ်အစားခန့်ရှိ ပျဉ်ပြားငယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုပျဉ်ပြားလေးပေါ်တွင် ရှုပ်ထွေးနက်နဲသော သုံးလွှာထပ် အစီအရင် စက်ဝိုင်းတစ်ခုကို ရေးဆွဲထားပြီး၊ သူ၏ မာဒြာကို ထိုအထဲသို့ ထည့်သွင်းလိုက်သောအခါ အဖြူရောင် အလင်းတန်းများ ပွင့်ထွက်လာလေသည်။ ထိုအက္ခရာ အလင်းရောင်သည် သာမန် အစီအရင်တစ်ခုမှ ထွက်ပေါ်လာသော အလင်းထက် များစွာ ပိုမို အားကောင်းပြီး၊ သိသာစွာပင် တည်ငြိမ်နေလေသည်။ ၎င်းမှာ ဤအစီအရင်၏ တစ်ခုတည်းသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ အမိန့်ပေးသည်နှင့် အလင်းရောင် ထုတ်လွှတ်ပေးရန် ဖြစ်သည်။ အသုံးပြုသူ၏ ဝိညာဉ်စွမ်းအင် ခံနိုင်သရွေ့ ၎င်းက ဆက်လက် လင်းထိန်နေမည် ဖြစ်သည်။
လင်းတုန်းသည် တောက်ပနေသော အစီအရင်ဘက်ကို အောက်သို့စိုက်ကာ ပျဉ်ပြားကို စာအုပ်ပေါ်တွင် ကိုင်ထားပေးလိုက်သည်။ သို့သော် တောက်ပသော နေရောင်ခြည်အောက်တွင်တော့ သိသာထင်ရှားသော ခြားနားမှုတစ်ခုမျှ ဖြစ်ပေါ်မလာခဲ့ပေ။
ကယ်လ်ဆာက သူ့ကို ကျေးဇူးမတင်ခဲ့ဘဲ၊ စာဖတ်နေရင်းမှပင် စကားပြောလေသည်။
"မနေ့ညက အိုးရပ်စ် သစ်သီးကို ငါ စုပ်ယူ ကျင့်ကြံ လို့ ပြီးသွားပြီ... အဲဒါက အတော်လေး ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲ... မိုးကြိုးတစ်စင်းကို မျိုချလိုက်ရသလို ခံစားရတယ်မလား... ငါလည်း အဲဒီလို ခံစားခဲ့ရတယ်... ဒါပေမဲ့ ဆက်ပြီး လှည့်ပတ်ကျင့်ကြံတဲ့အခါမှာတော့၊ တခြား ဘာမှ သိပ်မခံစားရတော့ဘူး... အဲဒီအသီးက ပျောက်ကွယ်သွားသလိုမျိုးပဲ... ဒါက အမေ ထင်ထားသလို အံ့သြဖွယ် ဝိညာဉ်သစ်သီး မဟုတ်ဘဲ၊ အမေများ မှားနေသလားလို့တောင် ငါ တွေးမိသေးတယ်..."
သူမက စာအုပ်ကို ဖွင့်ထားဆဲပင် သူ့ကို လှမ်းကြည့်လိုက်သဖြင့်၊ သူသည် အလင်းရောင်ကို ဖယ်မရှားလိုက်ပေ။
"ဒီနေ့ မနက်စောစော ရောက်မှပဲ အပြောင်းအလဲတွေကို ငါ သတိထားမိတော့တယ်... ပြောစမ်းပါဦး၊ နင့်ရဲ့ အလင်းက ပုံမှန်ထက် ပိုလင်းနေသလို ခံစားရလား..."
***