← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အပိုင်း(၁၉)

"ခေါင်းဆောင်ကြီး က အနိုင်ရသူပါ..."

ပြောပြီးသည်နှင့် ဝေ့ရှီလင်းတုန်းသည် သူ၏ မိသားစုရှိရာသို့ အပြေးအလွှား ပြန်သွားလေတော့သည်။ မည်သို့ပင်ဆိုစေ သူ အနိုင်ရရန် မလိုအပ်ခဲ့ပေ။ သူ မျက်နှာဆယ်နိုင်ရန်သာ လိုအပ်သည်။ ထို့အပြင် တိုက်ပွဲတစ်ခု၏ ဂုဏ်သိက္ခာရှိသော စည်းမျဉ်းများကို လိုက်နာသည့် သံမဏိအဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုကို သူ ခံနိုင်ရည် ရှိကောင်း ရှိနိုင်သော်လည်း၊ ဒေါသထွက်ကာ သွေးဆာနေသော သံမဏိအဆင့် တစ်ဦး၏ ရိုက်ချက်ကိုတော့ သူ မည်သည့်အခါမျှ အသက်ရှင်လျက် ခံနိုင်မည် မဟုတ်ချေ။

"အဲဒီနေရာမှာတင် ရပ်နေစမ်း ဝိညာဉ်မဲ့"

ကက်သ် က ဟိန်းဟောက်လိုက်ရာ၊ ထိုအော်ဟစ်သံတွင် သူ၏ မာဒြာ နှင့် ဒေါသအဟုန်များ အားလုံး ပါဝင်နေလေသည်။ သူ ခါးကို မတ်လိုက်ပြီဖြစ်ရာ၊ 'ဗလာ လက်ဝါး' ၏ ကမောက်ကမ ဖြစ်မှုမှ သူ၏ ဝိညာဉ် ပြန်လည် နာလန်ထူလာပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။

လင်းတုန်း နှင့် ကယ်လ်ဆာ တို့ စမ်းသပ်ခဲ့စဉ်က၊ သူမ နာလန်ထူရန် အသက် လေးငါးကြိမ် ရှူရလောက်အောင်သာ အချိန်ယူခဲ့ရသဖြင့်၊ သံမဏိအဆင့် ရှိသူ တစ်ဦးအတွက် ဤမျှထက် ပိုမြန်နေမည်ဆိုသည်မှာ အံ့သြစရာ မဟုတ်ပေ။

စွမ်းအားများသည် ကက်သ် ၏ လက်သီးပတ်လည်တွင် မျက်စိဖြင့် မြင်နိုင်လောက်သည်အထိ စုစည်းလာပြီး၊ လေထုကို ကွေးညွတ်မှုန်ဝါးသွားစေရာ လင်းတုန်းကို ရှေးဟောင်း သစ်ပင်ကြီး ပြိုလဲသွားစေရန် တယ်ရစ် အသုံးပြုခဲ့သော တိုက်ခိုက်မှုကို ပြန်လည် သတိရသွားစေသည်။

"ငါ မင်းကို ရိုက်ချက် တစ်ချက် အကြွေးတင်နေတယ်..."

ထိုသစ်ပင်ကြီးလိုပင် သူ၏ ခန္ဓာကိုယ် ထက်ပိုင်းကျိုးသွားပြီး၊ သူ၏ အရိုးများကလည်း ခြောက်သွေ့နေသော သစ်ကိုင်းများကဲ့သို့ ကျိုးပဲ့သွားမည့် ပုံရိပ်တစ်ခုကို လင်းတုန်း၏ စိတ်ကူးများက ပုံဖော်ပေးနေလေသည်။

လင်းတုန်းသည် သူ့ကိုယ်စား တစ်စုံတစ်ယောက် ဝင်ရောက် တားဆီးပေးမည်ကို သူ အားထားနေရသည်။ သူ၏ အသက်သည် လူအုပ်ကြီး၏ လက်ထဲတွင် ရှိနေပြီး၊ စက္ကန့်အနည်းငယ်တိုင်တိုင် သူတို့အားလုံး တိတ်ဆိတ်နေခဲ့ကြသည်။ သူ၏ ဖခင် ဂျာရန် ပင်လျှင် တိုက်ပွဲ၏ အဖြစ်အပျက်များကြောင့် အလွန်အမင်း အံ့အားသင့်နေဆဲဖြစ်ကာ၊ ကူညီရန် ဘာမျှ မလုပ်နိုင်ဘဲ သူ့ကို ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေလေသည်။

လင်းတုန်း စိတ်အေးသွားရသည်က ပထမ အကြီးအကဲ သည် သူ့နှင့် မုံ မိသားစု ခေါင်းဆောင်တို့ ကြားသို့ ဝင်ရပ်လိုက်ခြင်း ဖြစ်သည်။ အကြီးအကဲ၏ ရှည်လျားသော မျက်ခုံးမွေးများနှင့် ပါးလွှာသော မုတ်ဆိတ်မွေးများက နံနက်ခင်း လေပြေတွင် တလွင့်လွင့် ဖြစ်နေလေသည်။

"ဝေ့ရှီလင်းတုန်း အရှုံးပေးလိုက်ပြီ... တိုက်ပွဲ ပြီးဆုံးသွားပြီ၊ မင်းက အနိုင်ရသူပဲ။ ဂုဏ်ယူပါတယ်..."

လင်းတုန်းသည် သက်ပြင်းကြီးတစ်ခု ချလိုက်၏။ ရုတ်တရက် ဝင်ရောက်လာသော စိတ်သက်သာရာရမှုက သူ၏ ခွန်အားများကို ရုပ်သိမ်းသွားလေသည်။ ထိုခဏတွင် သူသည် ကျောက်ကြမ်းပြင်ပေါ်သို့ ခွေခေါက်ကျသွားတော့မည်ဟုပင် ထင်ရသည်။

သို့သော်လည်း... ကက်သ်က သူ့ဘက်သို့ ဒေါသတကြီး လှည့်လာခဲ့သည်။

"သူ လိမ်လည်ခဲ့တယ် ငါ့ကို အရှက်ခွဲဖို့ တမင်တကာ ရည်ရွယ်ပြီး နှစ်ချက် ဆက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲရဲ့ စည်းကမ်းချက်တွေကို သူ ချိုးဖောက်ခဲ့တာပဲ..."

"အဲဒီအတွက် သူ ရှုံးဖို့ ထိုက်တန်သွားတာပေါ့"

အကြီးအကဲက သူ့ကို သတိပေးလိုက်သည်။

"သူ့ရဲ့ အရှုံးကို သူကိုယ်တိုင် ဝန်ခံသွားခဲ့သလိုပဲလေ..."

ကက်သ် သည် လုံးဝ ဒေါသပုန်ထသွား၏။ သူသည် အရွယ်အစား နှစ်ဆခန့် ကြီးမားလာသကဲ့သို့ မောက်ကြွားလာလေသည်။

"သူက သံမဏိအဆင့် တစ်ယောက်ဖြစ်တဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြံစည်ခဲ့တာ..."

“ဟား... ဟား...”

ထိုအခိုက်တွင်ပင် ဂျာရန်သည် တုတ်ကောက်ကို အားပြုကာ ရှေ့သို့ ယိမ်းထိုး လျှောက်လာ၏။ သူ၏ ရယ်မောသံမှာ စူးရှပြီး လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။

နောက်ဆုံးတွင်တော့ သူသည် စိတ်ရှုပ်ထွေးနေမှုများကို ကျော်လွှားကာ သားဖြစ်သူ၏ ဘက်မှ... သို့မဟုတ် အနည်းဆုံးတော့ ရန်သူဟောင်း တစ်ဦးကို ဆန့်ကျင်ရန် ဘက်မှ ရပ်တည်လာခဲ့လေပြီ။

"ကြွက်တစ်ကောင်က ဘယ်လို လှည့်ကွက်မျိုးပဲ သုံးသုံး၊ ခြင်္သေ့တစ်ကောင်ကို အနိုင်မယူနိုင်ပါဘူး... တကယ်လို့ လင်းတုန်း က မင်းကို လှံတစ်ချောင်းနဲ့ ဝင်တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင်၊ မင်းအတွက် ဘာအရေးလဲ... သူ ဘယ်လိုပဲ လိမ်လည်လှည့်စားပါစေ၊ သူ့ရဲ့ ခွန်အားက မင်းကို ထိခိုက်နစ်နာအောင် ဘယ်တော့မှ မလုပ်နိုင်သင့်ဘူးလေ... သံမဏိအဆင့် စစ်မှန်တဲ့ စစ်သည်တော် တစ်ယောက်ဟာ ကလေးတစ်ယောက်ရဲ့ လက်သီးချက်ကြောင့် တုန်လှုပ်မသွားသင့်ဘူး..."

တစ်ချိန်တည်း၌... လင်းတုန်းမှာ မျက်နှာရှုံ့မဲ့သွားပြီး လူအုပ်ထဲသို့ ပို၍ နောက်ဆုတ်ဝင်သွားလေသည်။ ကက်သ် ၏ တုံ့ပြန်မှုကို သူ အနည်းနှင့်အများ မျှော်လင့်ထားခဲ့သော်လည်း၊ သူ၏ ဖခင်က အခြေအနေအားလုံးကို ပိုမိုဆိုးရွားသွားစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူ ခိုးကြောင်ခိုးဝှက် ထွက်သွားရန် ကြိုးစားနေစဉ် အစ်မဖြစ်သူက သူ၏ ပခုံးကို လှမ်းဖမ်းဆုပ်လိုက်သည်။

"ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"

သူမက တိုးတိုးလေး ပြောလိုက်သည်။ သူမသည် လိုအပ်လျှင် သူ့ကို ကာကွယ်ပေးရန် အသင့်အနေအထားဖြင့် သူ၏ ရှေ့သို့ ဝင်ရပ်လိုက်လေသည်။

ကက်သ် ၏ လက်သီးပတ်လည်ရှိ မာဒြာ များသည် ခရမ်းရောင်အနားကွပ်ထားသော အဖြူရောင် မီးလုံးများအဖြစ် စုစည်းလည်ပတ်လာကြသည်။ မြေခွေးမီးတောက် သည် မီးတောက်၏ ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး၊ ၎င်းက အမှန်တကယ် အပူငွေ့ကို မထုတ်လုပ်နိုင်ပေ။ သို့သော် အသားအရေနှင့် ထိတွေ့သွားပါက၊ အစစ်အမှန် မီးတောက်တစ်ခုကဲ့သို့ နာကျင်စွာ လောင်ကျွမ်းစေမည် ဖြစ်သည်။

"ရှီ မိသားစုက ကလန်တစ်ခုတည်းက အဖွဲ့ဝင်တွေကို ဘယ်လို ဆက်ဆံသလဲဆိုတာ ငါ မြင်ပါပြီ"

ကက်သ် က ပရိသတ်ထံမှ ထောက်ခံမှုရရှိရန် ကြိုးပမ်းရင်း အော်ဟစ်လိုက်သည်။

"အရှက်တကွဲနဲ့ ဂုဏ်သိက္ခာမဲ့စွာပဲ ဝိညာဉ်မဲ့ အတွက် တာဝန်ရှိတဲ့ ရှီဂျာရန် နဲ့ ယှဉ်ပြိုင်ဖို့ ငါ့ကို ခွင့်ပြုပါ၊ ဒါမှမဟုတ်ရင် ငါ့ဘာသာ ငါ ဒီနေရာမှာပဲ ကျေနပ်အောင် လုပ်ရလိမ့်မယ်…"

ပထမ အကြီးအကဲ က လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"ကက်သ်၊ ဂျာရန်... ငါ မြင်သင့်တာ မြင်ပြီးပြီ… ကိုယ့်မိသားစုဆီ ကိုယ် ပြန်ကြတော့… ဒီတိုက်ပွဲ ပြီးဆုံးသွားပြီ၊ ပြီးတော့ မုံ မိသားစုက အနိုင်ရသူပဲ…"

ပတ်ဝန်းကျင်ရှိ ပရိသတ်များထံမှ ရယ်မောသံ အနည်းငယ် ထွက်ပေါ်လာသည်။ ထိုနေရာတွင် ရှိနေသူ မည်သူကမျှ၊ အထူးသဖြင့် မုံကက်သ် ကိုယ်တိုင်ပင်လျှင် မုံ မိသားစု အနိုင်ရသွားသည်ဟု မယုံကြည်ကြပေ။ မွန်းလွဲပိုင်း ရောက်ချိန်တွင်တော့ မုံ မိသားစု၏ ဒဏ္ဍာရီအသစ် တစ်ခု ထွက်ပေါ်လာတော့မည် ဖြစ်သည်။ သံမဏိအဆင့် ကို လှဲချနိုင်ခဲ့သော ဝိညာဉ်မဲ့ တစ်ဦး။

ထိုအတွေးကြောင့် လင်းတုန်း တစ်ယောက် သူ၏ ဂုဏ်ယူဝင့်ကြွားမှုကို မငြင်းဆန်နိုင်ခဲ့ပေ။ ကိစ္စပြတ်သွားပြီဟု ထင်မှတ်ကာ ပထမ အကြီးအကဲ ခေါင်းလှည့်လိုက်ချိန်တွင်၊ ကက်သ် သည် ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားလေသည်။ သူသည် ရွှေ့လျားခြင်း ကျင့်စဉ် တစ်ခုခုကို အသုံးပြုခဲ့ခြင်း ဖြစ်ရမည်၊ အဘယ်ကြောင့်ဆိုသော် ခြေတစ်လှမ်းတည်းဖြင့် သူသည် ဂျာရန် ၏ ရှေ့သို့ ရောက်ရှိသွားပြီး၊ မြေခွေးမီးတောက် ၏ ခရမ်းရောင်ဖြင့် တောက်ပနေသော လက်သီးချက် တစ်ချက်ကို ထိုးချရန် နောက်သို့ ရွယ်လိုက်သောကြောင့်ပင်။

လင်းတုန်း၏ ဖခင်က ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်သော်လည်း၊ သူ အငိုက်မိသွားကြောင်း လင်းတုန်းပင် သိမြင်နိုင်လေသည်။ လက်နှစ်ဖက်ကို မြှောက်လိုက်ချိန်တွင် သူ၏ တုတ်ကောက်မှာ မြေကြီးပေါ်သို့ ကျသွားပြီး၊ အမာရွတ်များရှိသော သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားလေသည်။

ဝှစ်... ဝှစ်...

မြင်ကွင်းသည် တဖျတ်ဖျတ် ပြောင်းလဲသွားသည်။

ဂျာရန် နှင့် ပထမ အကြီးအကဲ တို့သည် နေရာချင်း လဲလှယ်သွားကြပြီး၊ ယခုအခါ မုံ ၏ မီးတောက်များ ရစ်ခွေနေသော လက်သီးချက်သည် ရှီ မိသားစု ခေါင်းဆောင်အပေါ်သို့ မဟုတ်ဘဲ အကြီးအကဲအပေါ်သို့ ကျရောက်နေလေသည်။ ဂျာရန် ၏ လက်များက ဘာမှမရှိသော လေဟာနယ်ကို ကာကွယ်ရန် မြှောက်ထားဆဲ ဖြစ်နေသည်။

တစ်ခဏမျှ၊ လင်းတုန်း၏ စိတ်က သူမြင်တွေ့နေရသော အရာကို လက်ခံရန် ငြင်းဆန်နေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ပထမ အကြီးအကဲက သူ၏ ဖခင်နှင့် နေရာချင်း လဲလှယ်လိုက်သည်လား။

နှေးကွေးပြီး ရှင်းလင်းသည်ဟု ထင်ရသော်လည်း၊ အလွန်ဆုံးမှ စက္ကန့်တစ်ဝက်ခန့်သာ ကြာမြင့်မည့် လှုပ်ရှားမှု တစ်ခုဖြင့်၊ အကြီးအကဲက လက်ချောင်း နှစ်ချောင်းကို ထောင်လိုက်သည်။ သူသည် ထိုလက်ချောင်းများကို ကက်သ် ၏ လက်ကောက်ဝတ် ဘေးဘက်တွင် ထားရှိလိုက်ပြီး၊ ရိုက်ချက်ကို အောက်ဘက်နှင့် ဘေးဘက်သို့ ညင်သာစွာ လမ်းကြောင်းလွှဲပေးလိုက်သည်။

ထင်ယောင်ထင်မှားဖြစ်သော ခရမ်းနှင့် အဖြူရောင် မီးလုံးများသည် ကျောက်တုံးပေါ်သို့ ကျရောက်သွားကာ လေထဲတွင် 'ရွှီး' ခနဲ အသံမည်သွားသော်လည်း၊ မည်သည့် ထိခိုက်ပျက်စီးမှုမျှ လုံးဝ မဖြစ်ပေါ်စေခဲ့ချေ။

ဂျာရန် သည် မှင်တက်စွာဖြင့် သူ၏ လက်များကို ချလိုက်သည်။

ဝှစ်...

ပထမ အကြီးအကဲ က သူ၏ လှုပ်ရှားမှုကို ဆက်လက် ပြုလုပ်ကာ၊ သူ၏ လက်ချောင်း နှစ်ချောင်းကို မုံကက်သ် ၏ ပခုံးဆီသို့ ရွှေ့၍ အောက်သို့ ဖိချလိုက်သည်။ သူသည် မည်သည့် အားစိုက်ထုတ်မှုမျှ ပြုလုပ်ပုံ မပေါ်သော်လည်း၊ သူ့ထက် များစွာ ကြီးမားသော ထိုလူကြီးမှာ ဒူးထောက်ကျသွားပြီး၊ သူ၏ လက်များမှာ ကျောဘက်သို့ ရောက်သွားလေသည်။ အကြီးအကဲက သူ၏ အင်္ကျီလက်ကို တစ်ချက် ခါယမ်းလိုက်ရာ၊ ရှုပ်ထွေးသော ကျောက်လက်ထိတ်များက ကက်သ်၏ လက်ကောက်ဝတ်များတွင် ထွက်ပေါ်လာလေသည်။

ကက်သ် က အော်ဟစ်လိုက်ပြီး၊ အတင်းအကျပ် မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း၊ ပထမ အကြီးအကဲ ၏ လက်တစ်ဖက်က ထိုလူကြီး၏ ဆံပင်များပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ စွမ်းအား လှိုင်းတစ်ခုက မုံကက်သ် ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားချိန်တွင် လေထုကို တုန်ခါသွားစေပြီး၊ သူ၏ အဝတ်အစားများကို ပြားကပ်သွားစေကာ ဖုန်မှုန့်များ လွင့်စင်ထွက်သွားစေလေသည်။

သူ၏ ဒူးများမှာ မြေကြီးပေါ်သို့ ပြန်လည် ဆောင့်ကျသွားပြီး၊ သူ ဆက်လက် မရုန်းကန်နိုင်တော့ပေ။

"ဝေ့မုံကက်သ် ဟာ လာမယ့် တစ်လလုံး သီးသန့် အထီးကျန် လေ့ကျင့်မှုကို လုပ်ဆောင်ရလိမ့်မယ်"

ပထမ အကြီးအကဲ က ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဒီနေ့ ဖြစ်ရပ်တွေကနေ သူ တရားထိုင်ပြီး သင်ခန်းစာ ယူချင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး... ဒီအချိန်အတွင်း၊ မုံ မိသားစုက သူ့အတွက် တာဝန်ယူရလိမ့်မယ်... မင်းတို့အားလုံး သွားလို့ရပြီ..."

ဖြစ်ပျက်သွားခဲ့သည့် မြင်ကွင်းများကို စိတ်ထဲတွင် ပြန်လည် ပုံဖော်ကြည့်ရင်း လင်းတုန်း တစ်ယောက် အေးခဲသွားလေသည်။ ပထမ အကြီးအကဲ သည် အဖြူရောင် မြေခွေး လမ်းစဉ် ၏ ဖန်တီးရှင် တစ်ဦး ဖြစ်သည်။ သူသည် ခန္ဓာကိုယ်များကို နေရာချင်း လဲလှယ်၍ မရနိုင်ပေ၊ သူသည် လှည့်စားမှုများကိုသာ ဖန်တီးနိုင်သည်။ ၎င်းမှာ မည်သည့် အစစ်အမှန် ရုပ်ဝတ္ထုမျှ မပါဝင်ဘဲ အိပ်မက်များနှင့် အလင်းများဖြင့် ဖွဲ့စည်းထားသော အရှိတရား၏ ပုံတူကော်ပီများပင် ဖြစ်သည်။

အဖြူရောင် မြေခွေး ၏ ထင်ယောင်ထင်မှား ပုံရိပ်များသည် တည်ဆောက်ပုံ မရှိဘဲ၊ အားအနည်းဆုံး တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ပြီးပြည့်စုံသော အသွင်အပြင်ကို ဖန်တီးခြင်းအပေါ်တွင်သာ လုံးလုံးလျားလျား အားကိုးကြရသည်။ ဖန်တီးရှင် များသည် သူတို့၏ ပုံရိပ်များကို အသေးစိတ် တစ်ခုချင်းစီ ဖန်တီးကြရသည်။

ရုတ်တရက် လင်းတုန်းသည် ဖြစ်ရပ် တစ်ခုလုံးကို တစ်ချိန်လုံး အကြွင်းမဲ့ ထိန်းချုပ်ထားခဲ့သော ပထမ အကြီးအကဲ ထံမှ အကြည့်ကို ဖယ်ခွာ၍ မရနိုင်ဖြစ်နေကြောင်း သူ့ကိုယ်သူ တွေ့လိုက်ရသည်။ ယခု ကက်သ် ကို သယ်ဆောင်သွားရန် မုံ မိသားစုကို ညွှန်ကြားနေချိန်မှာပင်၊ ထိုလူကြီးမှာ နံနက်စာ မှာယူနေသူ တစ်ဦးထက် ပို၍ စိုးရိမ်ပူပန်နေဟန် မပေါ်ပေ။

ထိုအရာက စစ်မှန်သည့် ကျင့်ကြံသူ တစ်ယောက်ရဲ့ ပုံစံပင်။ လင်းတုန်း လိုချင်သည့် စွမ်းအားမျိုးပင်။ သူ့လမ်းစဉ်တွင် သူ ရရှိမည့် စွမ်းအားပင်။

***

အပိုင်း(၂၀)

ခွမ်း...

ဂျာရန်သည် သူ၏ မြေစေးခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရာ၊ အိုးရပ်စ် ဝိုင်အရက်များက သူ၏ လက်ကောက်ဝတ်ပေါ်သို့ ဖိတ်စင်သွားလေသည်။

"အဲဒါ မိုက်မဲလွန်းတယ်... စစ်သည်တော် တစ်ယောက်ဆိုတာ ဦးနှောက်ကို အရင်သုံးပြီး တိုက်ခိုက်ရတယ်... ဗျူဟာနဲ့ကွ... ကိုယ့်ကို ရှိရင်းစွဲထက် ပိုပြီး အားနည်းသွားစေမယ့် အရူးတစ်ယောက်ရဲ့ အစီအစဉ်မျိုးနဲ့ ကိုယ့်အသက်ကို စတေးပြီး စွန့်စားရသလား... ငါသာ ငယ်ငယ်တုန်းကဆိုရင်၊ ဘယ်တော့မှ အဲဒီလို..."

လင်းတုန်း၏ ဖခင်က သူသည် ကလန်တစ်ခုလုံးတွင် အလားအလာ အကောင်းဆုံး ကျင့်ကြံသူ တစ်ယောက်ဖြစ်ခဲ့သည့် ဂုဏ်သရေရှိသော နေ့ရက်များအကြောင်းကို ဆက်လက် ပြောဆိုနေလေသည်။ လင်းတုန်း၏ အိမ်လေးထဲတွင် သူတို့နှစ်ယောက်တည်းသာ ရှိနေပြီး ကြားမည့်သူ မရှိသဖြင့်၊ လင်းတုန်းက ခေါင်းညိတ်ထောက်ခံပေးရင်း ခွက်ထဲသို့ အရက် ဆက်လက် ဖြည့်ပေးနေလိုက်သည်။ သူ မိုက်မဲခဲ့ကြောင်းကို သူကိုယ်တိုင်လည်း သိပြီးသား ဖြစ်သည်။

သူသည် သူ၏ ဖခင်နှင့် မိခင်ကို အရင်ကြိုပြောထားသင့်သည်ပင်။ သူတို့ အလွန်အမင်း အံ့အားသင့် ရှုပ်ထွေးသွားပြီး ဝင်မပါခဲ့ခြင်းကသာ သူ့အတွက် ကံကောင်းသွားခြင်းဖြစ်သည်၊ သို့မဟုတ်ပါက သူ့ကို ကယ်တင်ရန် ကြိုးစားရင်း အရာအားလုံးကို ဖျက်ဆီးပစ်မိနိုင်လေသည်။

သူ့ကို လွှတ်ထားပေးခဲ့ခြင်းက ဘယ်လောက်တောင် ကံကောင်းလိုက်သနည်း။

"... မင်း ဘာတွေ တွေးနေခဲ့မှန်းကို ငါ မသိတော့ပါဘူး"

ဂျာရန် က ခွက်ကို နှုတ်ခမ်းဆီသို့ မြှောက်ရင်း ဆက်ပြောသည်။

"အရမ်းကို မိုက်မဲတာပဲ..."

သူက လက်တစ်ဖက်ကို ကြမ်းတမ်းစွာ ဆန့်ထုတ်လိုက်ပြီး သားဖြစ်သူ၏ ပခုံးများကို ဖမ်းဆုပ်ကာ၊ လက်တစ်ဖက်တည်းဖြင့် ဖက်ထားလိုက်သည်။ လင်းတုန်း တစ်ယောက် ဝိုင်ပုလင်းကိုပင် တိုက်မိ၍ လဲကျတော့မတတ် ဖြစ်သွားရသည်။

"ဒါပေမဲ့ ဒါက အကောင်းဆုံးသော မိုက်မဲမှုမျိုးပဲ"

ဂျာရန် က သူ၏ ခွက်ထဲကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"သေချာပေါက် ရှုံးမယ့် တိုက်ပွဲတစ်ခုကို အရူးတစ်ယောက်ကပဲ လက်ခံလိမ့်မယ်... ဒါပေမဲ့ သတ္တိရှိခြင်းနဲ့ ရူးမိုက်ခြင်းက နယ်နိမိတ် တစ်ခုတည်းကို မျှဝေသုံးစွဲထားကြတာပဲ... ဒုက္ခိတ တစ်ယောက်ရဲ့ သားက ဒုက္ခိတ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ကျားရဲ့ သားကတော့ ခွေး ဖြစ်မလာနိုင်ဘူးကွ.."

ဂျာရန် က ချောင်းဟန့်ကာ ရယ်မောလိုက်ပြီး၊ ဂုဏ်ပြုဆုတောင်းသည့်အလား သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

"ဒုက္ခိတ သားအဖ နှစ်ယောက်က ဘာတွေ လုပ်နိုင်သလဲဆိုတာကို မကြာခင် သူတို့ မြင်ရလိမ့်မယ်... သား... ခြေသုံးချောင်းပဲ ရှိတဲ့ ကျားမှာလည်း အစွယ်တော့ ရှိသေးတယ်ကွ"

သူက ကျန်နေသော ဝိုင်များကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ရွှေရောင် လှိုင်းတံပိုးတစ်ခုက လင်းတုန်း၏ အမြုတေမှသည် လက်ချောင်းထိပ်လေးများအထိ၊ လတ်ဆတ်သော မာဒြာ စီးဆင်းမှုတစ်ခုကဲ့သို့ လွှမ်းခြုံသွားလေသည်။ သူ၏ ဖခင်က သူ့ကို အသိအမှတ်ပြု လက်ခံခဲ့လေပြီ။ သူ လမ်းစလျှောက်တတ်ကတည်းက ဖခင်ဖြစ်သူထံမှ ပွင့်လင်းသော ချီးကျူးစကားကို သူ မကြားဖူးခဲ့ချေ။ ဝိညာဉ်မဲ့ တံဆိပ်ပြားကို ပထမဆုံး စတင်ရရှိခဲ့သည့် အချိန်မှစ၍ ဆိုလျှင်တော့ သေချာပေါက်ပင် ဖြစ်လေသည်။

လင်းတုန်းက သင့်လျော်သော တုံ့ပြန်စကားကို စဉ်းစားမရနိုင်မီမှာပင်၊ ဂျာရန် သည် သူ၏ ခွက်ကို စားပွဲပေါ်သို့ မှောက်ချလိုက်သည်။ ဝိုင်ပုလင်းထဲတွင် တစ်ဝက်ခန့် ကျန်နေသေးသဖြင့် ဤသည်မှာ ပို၍ပင် အံ့သြစရာ ကောင်းနေလေသည်။ သို့သော် ဖခင်ဖြစ်သူသည် စားပွဲပေါ်သို့ ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး၊ သူ၏ မျက်နှာအမူအရာမှာ သူ၏ အမာရွတ်ထင်နေသော နှုတ်ခမ်းများက ခွင့်ပြုသလောက် အလွန်အမင်း တည်ကြည်လေးနက်သွားလေသည်။

"ဒီနေ့ အစီအစဉ်မှာ မင်းနဲ့ မင်းအစ်မ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်... ဒါပေမဲ့ ငါ နောက်တစ်ခါ အချန်ခံမထားရစ်နိုင်ဘူး... ပွဲတော်အတွက် မင်း ဘာတွေ ရည်ရွယ်ထားသလဲ..."

လင်းတုန်းသည် ဂုဏ်သိက္ခာမကျဆင်းဘဲ ဤရက်သတ္တပတ်ကို အသက်ရှင်လျက် ဖြတ်သန်းနိုင်ရန်ကိုသာ ပို၍ အာရုံစိုက်ထားခဲ့သော်လည်း၊ မကြာမီ ကျင်းပမည့် ခုနစ်နှစ်ပြည့် ပွဲတော် အတွက်ကိုလည်း သူ အနည်းငယ် စဉ်းစားထားပြီး ဖြစ်သည်။

"ကျွန်တော့် အဆင့်မှာရှိတဲ့ ကလေးတွေက ပိုကောင်းတဲ့ အခြေခံ ကျင့်စဉ်တွေ ရှိကြလိမ့်မယ်၊ ဒါပေမဲ့ ဗလာ လက်ဝါး က တိုက်ပွဲမှာ ကျွန်တော့်ကို အသာစီးရစေတယ်... ကျွန်တော် ပထမနေရာ ရသင့်တယ်..."

"ဗလာ လက်ဝါး..."

ဂျာရန် က တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒီလို ခေါ်တာလား... ရန်သူရဲ့ အမြုတေ ထဲကို ထိုးသွင်းပြီး ဝိညာဉ်ကို ကမောက်ကမ ဖြစ်သွားအောင် လုပ်တာမလား..."

သူ၏ မိဘများက ဤအရာကို ချက်ချင်း ဖောက်ထွင်းမြင်သွားကြမည်ကို သူ ကြိုသိထားသင့်သည်ပင်။

"ဟုတ်ကဲ့ပါ အဖေ..."

"မင်း ကံကောင်းတယ်... တကယ်လို့ မင်းသာ တခြား ဘယ်လို သဘာဝမျိုးကိုမဆို လေ့လာကျင့်ကြံထားခဲ့မယ်ဆိုရင်၊ အဲဒါက အခုလောက် ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ဘူး..."

လင်းတုန်းက သူ၏ နားထင်ကို ပွတ်သပ်လိုက်ရာ၊ အိပ်မက်နှင့်တူသော မြင်ကွင်းများက သူ၏ ခေါင်းထဲတွင် ပြန်လည် ပေါ်လာလေသည်။

"ကယ်လ်ဆာ က အဲဒီ ကျင့်စဉ်နဲ့ပဲ ကျွန်တော့်ကို အကြိမ်တိုင်း မြေကြီးပေါ် လဲကျအောင် လုပ်ခဲ့တာ... ကျွန်တော့် ကိုယ်ပိုင် မျက်လုံးတွေကိုတောင် ကျွန်တော် မယုံနိုင်ခဲ့ဘူး.."

"ဒါပေါ့ သူ လုပ်နိုင်မှာပေါ့... သူက ကြေးအဆင့်၊ မင်းက ဝိညာဉ်မဲ့ လေ... ပုရွက်ဆိတ် တစ်ကောင်က ဘွတ်ဖိနပ် တစ်ရံကို မတားဆီးနိုင်သလိုမျိုး မင်းက သူ့ကို ပြန်ပြီး မခုခံနိုင်ဘူး... တကယ်လို့ သူသာ ဒီနေ့ ဝေ့မုံကက်သ် ကို မင်းလုပ်ခဲ့သလိုမျိုး သွားလုပ်ခဲ့မယ်ဆိုရင်၊ သူက သတိတောင်ထားမိမှာ မဟုတ်ဘူး..."

ထိုအချက်က လင်းတုန်း သိထားသမျှ အထွတ်အမြတ် ကျင့်စဉ်များအကြောင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း၊ ဖခင်ဖြစ်သူ အနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် မှားယွင်းမည် မဟုတ်ပေ။

"မုံကက်သ် က သူ့ကိုယ်သူ ဘာအကာအကွယ်မှ မထားတဲ့ အချိန်မှာဆိုရင်၊ ကယ်လ်ဆာ ရဲ့ ဗလာ လက်ဝါး က ကျွန်တော့်ထက်တောင် ပိုပြီး အများကြီး ထိခိုက်စေမှာ သေချာတာပေါ့..."

စားပွဲပေါ်ရှိ ဂျာရန် ၏ လက်သီးများ တင်းမာသွားသည်။

"သား... မင်း အဲဒီလို ထင်နေတယ်ဆိုရင်တော့၊ ဒီနေ့ မင်းက ပြင်းထန်တဲ့ သင်ခန်းစာတစ်ခုကို ရဖို့ အရမ်း နီးစပ်ခဲ့တာပဲ... မသိနားမလည်ဘဲ ကိုင်ဆောင်ထားတဲ့ လက်နက်တစ်ခုဟာ ကိုင်ဆောင်သူကို ပြန်ပြီး ဒဏ်ရာရစေတတ်တယ်..."

လင်းတုန်းသည် ခါးကို ပို၍ မတ်လိုက်ရာ၊ သူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့် ဖြစ်သွားလေသည်။ သူသည် နံနက်ခင်း တိုက်ပွဲအတွက် တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားခဲ့သည်ဟု သူ ထင်ခဲ့သော်လည်း၊ အကယ်၍များ သူ အမှားတစ်ခုခု လုပ်မိခဲ့မည်ဆိုလျှင်... သူ တကယ်ပဲ သေသွားနိုင်လေသည်။

"မင်း ထင်သလိုသာ အလုပ်လုပ်တယ်ဆိုရင်၊ ဝေ့ ကလန် ထဲက ကျင့်ကြံသူ တိုင်းက ဘာလို့ ဒီ ဗလာ လက်ဝါး ကို အသုံးမပြုကြတာလဲ... ငါတို့က ပြိုင်ဘက်တိုင်းကို ရိုက်ချက် တစ်ချက်တည်းနဲ့ စွမ်းအားမဲ့သွားအောင် လုပ်ပစ်နိုင်တာပေါ့..."

"ဘာလို့လဲဆိုတော့ အမြုတေ ကို တည့်တည့် ထိမှန်အောင် ရိုက်ဖို့ ခက်ခဲလို့ပါ"

လင်းတုန်းက သူကိုယ်တိုင် လူမိုက်ဟန် ဆောင်နေမှန်း သိလျက်နှင့်ပင် ပြောလိုက်သည်။

"ရန်သူက အဲဒါကို ကြိုတင် ကာကွယ်ထားလိမ့်မယ်လေ... မုံကက်သ် ကို အလုပ်ဖြစ်ခဲ့တာက သူ သူ့ကိုယ်သူ မကာကွယ်ထားလို့ဆိုတာ ကျွန်တော် သိပါတယ်... တကယ့် တိုက်ပွဲမှာ ဘယ်သူက အဲဒီလို လုပ်မှာလဲ..."

"မင်းက အခြေခံအကျဆုံး အကြောင်းရင်းကို မေ့နေတယ်... အဲဒါက မင်းရဲ့ မာဒြာ တွေက သန့်စင်နေလို့ပဲ..."

သူက လက်ဖဝါးကို လှန်ကာ အပေါ်သို့ မြှောက်လိုက်ရာ၊ မှုန်ဝါးဝါး ခရမ်းနှင့် အဖြူရောင် ပုံရိပ်တစ်ခုက သူ၏ လက်ဖဝါးပေါ်တွင် ကခုန်နေလေသည်။ သူ၏ ကိုယ်ပိုင် စွမ်းအားပင်။

"ငါတို့ရဲ့ အဖြူရောင် မြေခွေး ဟာ အလင်းနဲ့ အိပ်မက် သက်စောင့်အော်ရာတွေ ကနေ ပုံဖော်ထားတာဖြစ်ပြီး၊ သူ့ရဲ့ သဘာဝအတိုင်း အလုပ်လုပ်လိမ့်မယ်... ပုံမဖော်ရသေးရင်တောင်မှပေါ့၊ မင်း မြင်တဲ့အတိုင်းပဲ..."

လင်းတုန်းက အနီးကပ် စိုက်ကြည့်လိုက်သည်။ စွမ်းအင်များက သူ၏ ဖခင် လက်ဖဝါးပေါ်တွင် ကခုန်နေစဉ်၊ ပြေးနေသော ယုန်တစ်ကောင်၏ ပုံသဏ္ဍာန်၊ လေပြေတွင် လွင့်ပျံနေသော အလံတစ်ခု၏ ပုံသဏ္ဍာန်၊ မိခင်ဖြစ်သူ၏ မျက်နှာပုံသဏ္ဍာန်များ အဖြစ် စုစည်းသွားလေသည်။ မဖြစ်နိုင်လောက်အောင် အဝေးဆီမှ အသံများကိုလည်း သူ ကြားလိုက်ရသကဲ့သို့ ထင်မှတ်ရသည်။

ဝံပုလွေ တစ်ကောင်၏ ဟိန်းဟောက်သံ၊ အသက်လုပြေးနေရသော လူတစ်ယောက်၏ မောဟိုက်သံ၊ ပုံမှန် ကျဆင်းနေသော ရေစက်ကျသံ...

ချုပ်နှောင်ထားခြင်း မရှိသော အဖြူရောင် မြေခွေး သည် ၎င်း၏ သဘာဝ အတိုင်း အာရုံများကို လှည့်စားနေခြင်းပင်။

***

All Chapters