← Chapters

အခန်း (၂၅-၂၆)

Vol. 2 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 2 Ch. 25-26

အပိုင်း(၂၅)

ပွဲတော် မတိုင်မီ သုံးရက်၊ မွန်းတည့်ရန် နာရီအနည်းငယ်သာ လိုတော့သည့် အချိန်တွင်၊ လင်းတုန်းသည် အစ်မဖြစ်သူ၏ ရပ်တည်မှု အနေအထား၌ ဟာကွက်တစ်ခုကို မြင်တွေ့လိုက်ရသည်။ သူသည် ထိုအခွင့်အရေးကို အရယူကာ၊ သူမ၏ ဗိုက်ဆီသို့ ဗလာ လက်ဝါး တစ်ချက် ထိုးသွင်းလိုက်သည်။

သူမက သူ၏ လက်ကောက်ဝတ်ကို ဘေးသို့ ပုတ်ထုတ်လိုက်ပြီး၊ သူ၏ နံဘေးသို့ လက်သီးတစ်ချက် ထိုးသွင်းရန် ရှေ့သို့ တိုးလာကာ... ရုတ်တရက် အေးခဲသွားလေသည်။ သူမ၏ တံတောင်ဆစ်က အနောက်သို့ ရွယ်ထားလျက်သား ဖြစ်နေပြီး၊ ပြေကျနေသော ဆံနွယ်စများက သူမ၏ မျက်နှာရှေ့တွင် လွင့်မျောနေလေသည်။ သူမ၏ မျက်လုံးများက သူ့အနောက်ဘက်၊ သူ့ထက် ကျော်လွန်နေသော တစ်နေရာရာရှိ အရာတစ်ခုခုအပေါ်တွင် စူးစိုက်နေပြီး၊ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။

"ကယ်လ်ဆာ..."

လင်းတုန်း ခေါ်လိုက်ရင်း နောက်သို့ ဂရုတစိုက် တစ်လှမ်း ဆုတ်လိုက်သည်။ သူမက ပြန်မဖြေချေ။ အကယ်၍ သူမ၏ အသက်ရှူသံများကို သူ မကြားရပါက၊ သူမ အသက်ရှင်နေသေးသလား ဆိုသည်ကိုပင် သူ သိနိုင်မည် မဟုတ်ချေ။ အမှန်တကယ်တော့၊ သူမသည် သူမ၏ အခြေခံအဆင့် ကျင့်စဉ် အရ စည်းချက်ကျကျ အသက်ရှူနေဆဲ ဖြစ်သည်။

ကယ်လ်ဆာ၏ မျက်လုံးများက အရောင်အဆင်းမဲ့ကာ ငေးမောနေဆဲဖြစ်၏။ သူမသည် ခွေခေါက်ကာ မြက်ခင်းပေါ်တွင် ထိုင်ချလိုက်သည်။ သူမ၏ လက်များကို ပေါင်ပေါ်တွင် တင်ထားလိုက်ပြီး၊ အသက်ရှူနှုန်း ပိုမို နက်ရှိုင်းလာ၏။ သေးငယ်သော မြေခွေးမီးတောက် အလုံးလေးများက သူမ၏ ပတ်ဝန်းကျင် လေထုထဲတွင် စတင် ကခုန်လာကြလေသည်။

ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို လင်းတုန်း နားလည်သွားချိန်တွင်၊ သူသည် မိဘများရှိရာသို့ ပြေးလေတော့သည်။ အိမ်၏ အပြင်ဘက်တွင် သူတို့ နှစ်ဦး အတူတကွ ရှိနေသည်ကို သူ တွေ့လိုက်ရသည်။

ဖခင်ဖြစ်သူက တောဝက်တစ်ကောင်ကို သန့်စင်နေပြီး မိခင်ဖြစ်သူက ဝိညာဉ်အကြွင်းအကျန် တစ်ခုအပေါ်တွင် အလားတူ တစ်ခုခုကို လုပ်ဆောင်နေလေသည်။ သွေးစွန်းနေသော ကလီစာများ ထည့်ထားသည့် ပုံးတစ်ပုံးက အလင်းနှင့် အရောင် ကွင်းဆက်များ ပါဝင်နေသော အစီအရင်ရေးဆွဲထားသည့် ဇလုံတစ်ခု၏ ဘေးတွင် ရှိနေသည်။ သွေးများ ယိုစိမ့်နေသော အသားတုံးကြီးများ ဘေးတွင် ဖန်တီးထားသော မာဒြာ လက်သည်းများက တဖြည်းဖြည်း တစီစီမြည်ကာ ပျောက်ကွယ်သွားနေလေသည်။

လင်းတုန်းသည် ခြံဝင်းထဲတွင် လျှောတိုက်ကာ ရပ်တန့်လိုက်သည်။

"ကယ်လ်ဆာ သံမဏိအဆင့် ကို တက်လှမ်းနေပြီ"

သူက အော်ဟစ်လိုက်ပြီးနောက် လာရာ လမ်းကြောင်းအတိုင်း ပြန်ပြေးလေတော့သည်။

ဝှစ်... ဝှစ်...

သူ၏ မိခင်က စက္ကန့်ပိုင်းအတွင်း သူ့ကို ကျော်တက်သွားပြီး ဖခင်ဖြစ်သူကလည်း သူမ၏ နောက်တွင် သိပ်မဝေးလှပေ။ တုတ်ကောက်ကို အားပြုကာ လင်းတုန်း ပြေးနိုင်သည်ထက်ပင် ပိုမို လျင်မြန်စွာ လျှောက်လှမ်းသွားလေသည်။ သူတို့ နှစ်ဦးစလုံး ကယ်လ်ဆာ ထံသို့ သူ့ထက် အရင် ရောက်သွားကြသည်။

သူမ၏ လေ့ကျင့်ရေး ဝတ်ရုံများတွင် ချွေးများ စိုရွှဲနေပြီဖြစ်ပြီး၊ ဆံပင်များက လည်ပင်းတွင် ကပ်နေလေသည်။ သူမ၏ အသက်ရှူသံများက အားစိုက်ရှူနေရပြီး၊ ရှူထုတ်လိုက်တိုင်း အဖြူရောင် မြေခွေး မာဒြာ များ ရောနှောပါဝင်နေလေသည်။ သူမ၏ ပတ်လည်ရှိ သက်စောင့်အော်ရာ များထဲတွင် သရဲတစ္ဆေ ပုံရိပ်ယောင်များက အသံများနှင့်တကွ ကခုန်နေကြသည်။ အိပ်မက်နှင့် အလင်းတို့မှ မွေးဖွားလာကြသဖြင့်၊ ပီပီပြင်ပြင် မရှိဘဲ မှတ်မိရန် ခက်ခဲသော တစ္ဆေများက အော်ဟစ်၊ ရယ်မော၊ ဟိန်းဟောက်၊ တီးတိုးရေရွတ် နေကြလေသည်။

အဖြူရောင် မြေခွေး မာဒြာများက ထင်ယောင်ထင်မှားမှုများနှင့် အရောင်အသွေးများ ပါဝင်သော ဆိုင်ကလုန်းမုန်တိုင်း တစ်ခုကဲ့သို့ သူမ၏ ပတ်လည်တွင် ဝဲလည်နေလေသည်။ ခရမ်းရောင်နှင့် အဖြူရောင်တို့က လွှမ်းမိုးထားသော်လည်း၊ တောက်ပသော အကြေးခွံရှိသည့် ငါးများ အလင်းရောင်ထဲသို့ ဝင်လိုက်ထွက်လိုက် ဖြစ်နေသကဲ့သို့ အရောင်တိုင်းက တဖျတ်ဖျတ် လင်းလက်နေလေသည်။ ခရမ်းရောင် မီးပွင့်လေးများက လေထဲတွင် လိမ်ယှက်နေပြီး၊ မီးပုံပွဲကြီး တစ်ခုထံမှ လွင့်စင်လာသကဲ့သို့ ကယ်လ်ဆာ ၏ ထံမှနေ၍ လွင့်ထွက်နေလေသည်။

အနီးအနားရှိ ချုံပုတ်များ လှုပ်ခတ်သွားပြီး၊ နှင်းမြေခွေး တစ်ကောင်က စောင့်ကြည့်ရန် ၎င်း၏ နှာခေါင်းကို အပြင်သို့ ထုတ်ပြလိုက်သည်။ ၎င်းမှာ အကောင်ပေါက်လေးသာ ဖြစ်သည်။ ချုံပုတ်များကြားတွင် အမြီးတစ်ချောင်းတည်းသာ တွဲလောင်းကျနေသည်။ သို့သော် ၎င်း၏ ကိုယ်ပိုင် မာဒြာ နှင့် အလွန် ဆင်တူကြောင်း အာရုံခံမိသော မာဒြာ ကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

ဒဏ္ဍာရီများအရ၊ ပထမဆုံး ဝေ့ ခေါင်းဆောင်ကြီး ကျောက်စိမ်းအဆင့် သို့ တက်လှမ်းစဉ်က၊ အထွတ်အမြတ် တောင်ကြား တစ်ခွင်လုံးရှိ နှင်းမြေခွေး များကို သုံးရက်တိုင်တိုင် ကြာမြင့်သော ဘုရားဖူးခရီးတစ်ခုအဖြစ် ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုကြသည်။

ကယ်လ်ဆာ ၏ မျက်လုံးများက တဖြည်းဖြည်း မှိတ်ကျသွားပြီးနောက် ဖျတ်ခနဲ ပြန်ပွင့်လာရာ၊ ခရမ်းရောင် အနားကွပ်ထားသော အလင်းများဖြင့် တောက်လောင်နေလေသည်။ သူမ၏ ပတ်လည် တစ်ခွင်လုံးတွင်၊ မှုန်ဝါးဝါး အိပ်မက်များက မြေကြီးထဲမှနေ၍ တွန့်လိမ်နေသော ပန်းပွင့်များကဲ့သို့ ဖူးပွင့်လာကြလေသည်။

"ဒုတိယ အဆင့်"

သူ၏ မိခင်က စောင့်ကြည့်နေရင်း ခပ်မြန်မြန် ရေးမှတ်လိုက်သည်။

"သူက ငါ့လောက် မြန်ချင် မြန်လိမ့်မယ်"

ဂျာရန် က သူ၏ တွန့်လိမ်နေသော နှုတ်ခမ်းများပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ကြေးအဆင့် ကနေ သံမဏိအဆင့် ကို တစ်နာရီတောင် မကြာဘူး၊ ပြီးတော့ ဘာဆိုးကျိုးမှလည်း မရှိဘူး..."

"ဒါဆို တတိယ အဆင့် အတွက် ငါတို့ ပြင်ဆင်သင့်တယ်"

စီရှား က ပြောလိုက်သည်။ ထို့နောက်... သူမက လင်းတုန်းကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"သား... လူလေး... သွားသင့်ပြီ”

လင်းတုန်းသည် မိဘများကို ရှားရှားပါးပါးသာ အာခံလေ့ရှိသော်လည်း၊ ဤသည်မှာ ခြွင်းချက် အခွင့်အရေး တစ်ခုဖြစ်သည်။ သံမဏိအဆင့် သို့ လူတစ်ယောက်ယောက် တက်လှမ်းသည်ကို သူ ယခင်က မမြင်ဖူးခဲ့သလို၊ ဤသူမလေည်း သူ၏ အစ်မ ဖြစ်လေသည်။

"အဆုံးထိ နေလိုက်ရင် ကျွန်တော် ပိုပြီး သင်ယူနိုင်လိမ့်မယ်.."

"အရမ်း အန္တရာယ်များတယ်"

ဂျာရန် က ယိမ်းထိုးလျှောက်လာပြီး သူ၏ လက်မောင်းကို လှမ်းကိုင်ရင်း ပြောလိုက်သည်။ ထိုစဉ် ခရမ်းနှင့် အဖြူရောင် မာဒြာ လှိုင်းတစ်ခုက ကယ်လ်ဆာ ထံမှနေ၍ ရိုက်ခတ်ထွက်ပေါ်လာ၏။ ထိုလှိုင်းကို မြင်ခါမှ ဖခင်ဖြစ်သူ ဆိုလိုရင်းကို လင်းတုန်း သဘောပေါက်သွားလေတော့သည်။

...

အထွတ်အမြတ် တောင်ကြား၌ လူတိုင်းကို လေးမျိုးခွဲခြားထားသည်။ ဖန်တီးရှင်များ၊ ကာကွယ်သူများ၊ တိုက်ခိုက်သူများနှင့် အုပ်ချုပ်သူများ ဟူ၍ပင်။

ဖန်တီးရှင်များသည် အစစ်အမှန် ရုပ်ဝတ္ထုမပါဝင်ဘဲ ရုပ်သွင် အတိအကျတူညီသော ထင်ယောင်ထင်မှား ပုံတူများကို ဖန်တီးရန် 'မြေခွေး ကြေးမုံ' ကျင့်စဉ်ကို အသုံးပြုကြသည်။ အချို့က အတုအယောင် နံရံများကို တည်ဆောက်ကြသည်၊ သို့မဟုတ် အတုအယောင် သစ်ပင်များထဲတွင် ပုန်းအောင်းကြသည်၊ သို့မဟုတ် ရန်သူများ၏ အဝတ်အစားများကို ပုံတူယူ ဝတ်ဆင်ကြသည်။ ဒဏ္ဍာရီများအရ ခေါင်းဆောင်ကြီး သည် သူ၏ ကိုယ်ပိုင် မှန်ရောင်ပြန်ဟပ်မှုနှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီသော သူ၏ အမြွှာပုံတူ တစ်ခုကို ဖန်တီးနိုင်သည်ဟု ဆိုကြသည်။

ကာကွယ်သူ များသည် သူတို့၏ မာဒြာကို အနီးကပ်၊ အတွင်း၌ပင် ထားရှိကြသည်။ အဖြူရောင် မြေခွေး ကာကွယ်သူ များသည် 'မြေခွေးအမြီး' ဟုခေါ်သော စွမ်းရည်တစ်ခုဖြင့် သူတို့၏ ခြေလှမ်းများ သို့မဟုတ် သိမ်မွေ့သော လှုပ်ရှားမှုများကို ဖုံးကွယ်ကာ ပြိုင်ဘက်များကို လှည့်စားကြသည်။ သူတို့၏ လက်သီးချက်များသည် တကယ့်အရှည်ထက် အနည်းငယ် ပိုရှည်သယောင် ထင်ရပြီး၊ သူတို့၏ ခြေလှမ်းများက ပိုတိုသယောင်၊ သူတို့၏ လှုပ်ရှားမှုများက ပိုမြန်သယောင်၊ သူတို့၏ တုံ့ပြန်မှုများက ပိုနှေးသယောင် ထင်ရလေသည်။ အနိုင်အရှုံးသည် စက္ကန့်ပိုင်း ဆုံးဖြတ်ချက်များ၏ တိကျမှုအပေါ်တွင် မူတည်နေသော တိုက်ပွဲတစ်ခု၌၊ ဝေ့ ကလန် ၏ ကာကွယ်သူ များသည် အစိတ်ပျက်စရာအကောင်းဆုံး ရန်သူများ ဖြစ်လာနိုင်လေသည်။

တိုက်ခိုက်သူများသည် အခြားသူများအပေါ် အသုံးပြုရန် သူတို့၏ မာဒြာကို အပြင်သို့ ထုတ်လွှတ်ကြသည်။ အဖြူရောင် မြေခွေး တိုက်ခိုက်သူ များသည် 'မြေခွေးမီးတောက်' ကို ခြယ်လှယ်ရန် သင်ယူကြသည်။ သူတို့သည် ပစ်မှတ်တစ်ခုကို အရှင်လတ်လတ် မီးလောင်သေဆုံးနေရသကဲ့သို့ ခံစားရစေနိုင်သည်၊ သို့မဟုတ် သူတို့သာ မြင်နိုင်သော မီးပွင့်လေးတစ်ခုဖြင့် ပစ်မှတ်ကို လင်းထိန်သွားစေနိုင်သည်၊ သို့မဟုတ်ပါကလည်း သရဲတစ္ဆေ အလာ အလင်းရောင်များဖြင့် ရန်သူ၏ အမြင်အာရုံကို မှုန်ဝါးသွားစေနိုင်သည်။ တိုက်ခိုက်သူ ကျင့်စဉ်ကို 'အဖြူရောင် မြေခွေး လမ်းစဉ်' တွင် အားအနည်းဆုံးဟု ယူဆကြသော်လည်း၊ ၎င်းတွင် တိကျသော အားသာချက်များ ရှိနေဆဲဖြစ်သည်။ မြေခွေးမီးတောက် သည် အစစ်အမှန် ထိခိုက်ပျက်စီးမှုကို မဖြစ်စေသော်လည်း၊ နာကျင်မှုကိုတော့ ဖြစ်စေနိုင်ပြီး၊ ၎င်း၏ ခရမ်းနှင့် အဖြူရောင် မီးတောက်များကို ငြိမ်းသတ်၍ မရနိုင်ချေ။

အုပ်ချုပ်သူများကတော့ ကွဲပြားစွာ အလုပ်လုပ်ကြသည်။ ကိုယ်ပိုင် မာဒြာကို ခြယ်လှယ်မည့်အစား၊ သူတို့သည် သူတို့၏ မာဒြာကို ဓာတ်ကူပစ္စည်း တစ်ခုအဖြစ် အသုံးပြုကာ သက်စောင့်အော်ရာကို ထိန်းချုပ်ကြသည်။ 'အဖြူရောင် မြေခွေး လမ်းစဉ်' မှ အုပ်ချုပ်သူ များအနေဖြင့်၊ သူတို့သည် ပြိုင်ဘက်များကို 'မြေခွေး အိပ်မက်' ထဲတွင် ပိတ်လှောင်ထားရန် အလင်းနှင့် အိပ်မက် သက်စောင့်အော်ရာများကို လမ်းညွှန် ထိန်းချုပ်ကြလေသည်။

...

ကယ်လ်ဆာ၏ စွမ်းအားများ ထိန်းချုပ်မှုမဲ့သွားသောအခါ၊ မျက်နှာပြင်တိုင်းတွင် ပုရွက်ဆိတ်များ ပြေးလွှားနေသကဲ့သို့ လင်းတုန်း၏ အမြင်အာရုံများ မှုန်ဝါးသွားလေသည်။ အနီးအနားရှိ ချုံပုတ်တစ်ခုက ၎င်း၏ ကိုင်းတံတစ်ခုဖြင့် မြေကြီးကို ဆုပ်ကိုင်ကာ၊ မြေကြီးထဲမှနေ၍ ကိုယ်လုံးကို ဆွဲထုတ်လိုက်ရာ မြေကြီးများ ပေကျံနေသော အမြစ်များ ပါလာလေသည်။ ၎င်းသည် အပြာနုရောင် တိမ်ခေါင်းလောင်းပန်းများ လှုပ်ခါလျက် သူ့ဆီသို့ တရွေ့ရွေ့ လာနေလေသည်။ အရိပ်များက တခစ်ခစ် ရယ်မောပြီး တီးတိုးရေရွတ်နေကြ၏။ သူ၏ အကြည့်က ၎င်းတို့ဆီသို့ ရောက်သွားသောအခါ လန့်တွန့်သွားကြသည်။ အခြားထောင့်တစ်နေရာမှနေ၍ သူ့ကို ချောင်းကြည့်ရန် ရှက်ရွံ့နေသော အုပ်စုလေးများအဖြစ် လျှပ်တစ်ပြက် ပြေးထွက်သွားကြလေသည်။

တိမ်တိုက်များထဲမှ တစ်ခုက သူ့ကို မျက်လုံးချင်း တည့်တည့်ဆုံကြည့်ရန် ကောင်းကင်ပေါ်မှ ဆင်းသက်လာရာ၊ သူ၏ မြင်ကွင်းတစ်ခုလုံး ဂွမ်းစကဲ့သို့ အဖြူရောင်များဖြင့် ပြည့်နှက်သွားလေသည်။ သူ့ထံတွင် ဘာကိုပဲ မြင်လိုက်ရသည်ဖြစ်စေ သဘောကျသွားသောအခါ၊ ထိုတိမ်တိုက်က ၎င်း၏ ပျော်ရွှင်ဖွယ် ခရီးစဉ်ကို ဆက်လက် ထွက်ခွာသွားလေတော့သည်။

မိဘများ၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ လန့်ဖြန့်ပြီး နောက်ဆုတ်သွားမိသည်။ ဖခင်၏ နှုတ်ခမ်းဘေးရှိ အမာရွတ်သည် ကြီးမားလှသော အသားပို အစုအဝေးကြီး တစ်ခုဖြစ်လာသည်အထိ ကျယ်ပြန့်လာပြီး၊ ဖြူဖျော့ကာ တွန့်လိမ်နေလေသည်။ မိခင်၏ မျက်လုံးများက တောက်ပနေပြီး၊ သူမ နှုတ်ခမ်းမှ ကျဆင်းလာသော စကားလုံးတိုင်းက ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့ လေးလံနေလေသည်။ သူမ စကားပြောလိုက်တိုင်း မြေကြီးက တုန်ခါသွားပြီး၊ လင်းတုန်းက သူ၏ နားနှစ်ဖက်ကို လက်ဖြင့် ပိတ်ထားလိုက်ရသည်။

မြေကြီး ပုံမှန်ပြန်ဖြစ်သွားသောအခါ၊ သူ ယခင် ရပ်နေခဲ့သော နေရာမှ ပေငါးဆယ်ခန့် အကွာတွင် သူ ခွေခွေလေး ဖြစ်နေသည်ကို တွေ့လိုက်ရပြီး၊ သူ၏ လက်များကလည်း နားပေါ်တွင် လုံးဝ မရှိနေခဲ့ပေ။ လက်များက လက်သည်းကုတ်များကဲ့သို့ ကွေးကောက်နေပြီး၊ သူ၏ လက်ကောက်ဝတ်များကို ဖခင်ဖြစ်သူက ရင်ဘတ်နှင့် ကပ်ကာ ခိုင်ခိုင်မာမာ ဖိချုပ်ထားလေသည်။

"အခုတော့ မင်းမျက်လုံးတွေကို မင်း ပြန်ကုတ်ထုတ်တော့မှာ မဟုတ်ဘူးမလား..."

ဂျာရန် က မေးလိုက်သည်။

***

အပိုင်း(၂၆)

လင်းတုန်းက ဘာမှမပြောရဲလောက်အောင် ကြောက်လန့်နေသဖြင့် ခေါင်းသာ ခါပြလိုက်သည်။ ကယ်လ်ဆာ က သူ၏ ခန္ဓာကိုယ်ထဲသို့ မာဒြာများ ထိုးသွင်းသော အချိန်များကို သူ မုန်းတီးခဲ့သော်လည်း၊ ထိုစဉ်က သူမသည် မည်သည့် သက်စောင့်အော်ရာကိုမျှ မီးမမွှေးခဲ့ပေ။ ဤတစ်ကြိမ် သူ၏ ထင်ယောင်ထင်မှား ဖြစ်မှုများက များစွာ ပိုမို အသေးစိတ်ကျလွန်းနေပြီး၊ လုံးဝကို ယုံကြည်ရလောက်သော အိပ်မက်တစ်ခုနှင့် တူလေသည်။

အရင်တစ်ခေါက်က ပုံသဏ္ဍာန်များနှင့် အရောင်များ ဟိုဒီ လူးလွန့်နေသဖြင့် ဘာက ဘယ်နေရာမှာ ရှိမှန်းတောင် သူ မခွဲခြားနိုင်ခဲ့သော်လည်း၊ ဤတစ်ကြိမ်တွင်တော့... အပင်တစ်ပင်က ၎င်းဘာသာ အမြစ်မှ ကျွတ်ထွက်လာသည်ကို အရောင်အသွေး စုံစုံလင်လင်ဖြင့် သူ မြင်ခဲ့ရသည်။ ယခုအခါ ထိုတိမ်ခေါင်းလောင်းပန်း ချုံပုတ်က အရင်ကလိုပင် ခိုင်ခိုင်မာမာ ပြန်လည် စိုက်ပျိုးထားလျက်သား ရှိနေလေသည်။

"ဒီလိုမျိုး ကိစ္စတွေကို ကာကွယ်ဖို့ မင်း တောင်မှ ခုခံမှုတစ်ခု တည်ဆောက်လို့ ရပါတယ်..."

စီရှား က သူမ၏ အာရုံအများစုကို သမီးဖြစ်သူထံတွင် ထားရှိရင်း ပြောလိုက်သည်။

"ကိုယ့်ခန္ဓာကိုယ် အတွင်းပိုင်းမှာတော့ ကိုယ့်ရဲ့ ဝိညာဉ်က အမြင့်ဆုံး ထိန်းချုပ်မှု ရှိတယ်..."

လင်းတုန်းက ထိုအကြောင်းကို ပိုသိချင်စိတ် အရမ်းပြင်းပြနေသော်လည်း၊ လောလောဆယ်တော့ ပိုအရေးကြီးသော အရာတစ်ခု ရှိနေသည်။

"မမ အခြေအနေ ဘယ်လိုနေလဲ..."

ထိုသို့ဖြစ်ခြင်းမှာ အဖြစ်များလေ့တော့ မရှိသော်လည်း၊ အဆင့်တက်နေချိန်တွင် ဘေးအန္တရာယ် ကြုံတွေ့နိုင်ခြေကတော့ အမြဲတမ်း ရှိနေလေသည်။

တစ်စုံတစ်ယောက်သည် အဆင့်တက်နေစဉ် အနှောင့်အယှက် ပေးခံရပါက၊ သို့မဟုတ် တိုက်ပွဲတစ်ခုအတွင်း အဆင့်တက်ရန် ကြိုးစားပါက၊ သို့မဟုတ် ဝိညာဉ်ဆေးရည်များကို သုံးပြီး အချိန်မတိုင်မီ အဆင့်တက်ရန် အတင်းအကျပ် ပြုလုပ်ပါက၊ သူတို့သည် နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ရနိုင်လေသည်။ သူတို့၏ မာဒြာ က သူတို့ကို ပြန်လည် တိုက်ခိုက်နိုင်ပြီး၊ သူတို့ကို သေစေခြင်း သို့မဟုတ် ကျင့်စဉ်နည်းလမ်းများကို လေ့ကျင့်နိုင်သည့် စွမ်းရည်ကို ပျောက်ကွယ်သွားစေခြင်းမျိုး ဖြစ်စေနိုင်သည်။

ထိုသို့သောအခြေအနေမျိုးတွင်၊ ကယ်လ်ဆာ သည် ဝိညာဉ်မဲ့ တစ်ယောက်ထက် ပိုတော့မည် မဟုတ်တော့ချေ။

စီရှား သည် သမီးဖြစ်သူအပေါ်သို့ ကိုင်းညွတ်လိုက်၏။ အညိုရောင် ဆံပင်များက ကောင်မလေး၏ မျက်နှာပေါ်သို့ ကျနေကာ၊ သူမ၏ ခန္ဓာကိုယ်ကို ဆေးပညာရှင် တစ်ယောက်၏ မျက်စိဖြင့် အကဲခတ်လိုက်သည်။ ကယ်လ်ဆာ သည် ယခုအခါ မြက်ခင်းပေါ်တွင် ခွေခွေလေး လဲလျောင်းနေပြီး၊ ချွေးများ ရွှဲနစ်နေသော်လည်း အသက်ရှူမှန်နေလေသည်။ သူမ၏ ကိုယ်ပေါ်တွင် အမည်းရောင် ရွှံ့များကဲ့သို့ အညစ်အကြေးများ ပေကျံနေပြီး၊ ထိုအရာများထံမှ ထွက်လာသော အနံ့အသက်က ကိုက်အနည်းငယ် အကွာမှပင် လင်းတုန်း၏ နှာခေါင်းကို စူးရှသွားစေသည်။ သံမဏိအဆင့် သို့ တက်လှမ်းခြင်းက ခန္ဓာကိုယ်ကို သန့်စင်စေပြီး အညစ်အကြေးများကို ဖယ်ရှားထုတ်ပစ်လေသည်။ စီရှားသည် ကယ်လ်ဆာ၏ လည်ချောင်းကို လက်နှစ်ချောင်းဖြင့် စမ်းကြည့်လိုက်ပြီး၊ ထို့နောက် အမြုတေ ကို စမ်းကြည့်လိုက်သည်။

ကယ်လ်ဆာက ညည်းတွားရင်း လှုပ်ရှားလာလေသည်။

"သမီး လုပ်နိုင်ခဲ့လား"

ဂျာရန် က သူမအပေါ် ကိုင်းညွတ်ရင်း မေးလိုက်သည်။

တုံ့ပြန်သည့်အနေဖြင့်၊ ကယ်လ်ဆာ က လက်လှမ်းကာ ငယ်ရွယ်သော သစ်ပင်ပေါက်လေး တစ်ပင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်မကို ရိုးရှင်းစွာ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်၊ ထိုသစ်ပင်လေးက ထက်ပိုင်းကျိုးသွားလေတော့သည်။

"အကြီးအကဲတွေကို သွားခေါ်လိုက်၊ ပြီးတော့ ဝိုင် တွေ ဖွင့်လိုက်တော့..."

စီရှားက ပြောလိုက်သည်။

"ဝေ့ ကလန် မှာ သံမဏိအဆင့် အသစ်တစ်ယောက် ထပ်ရပြီ..."

...

ထိုညတွင်ပင် ကလန်က ဝေ့ရှီကယ်လ်ဆာ ကို ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနား တစ်ခု ကျင်းပခဲ့လေသည်။ ခုနစ်နှစ်ပြည့် ပွဲတော် အတွက် စောစော ရောက်ရှိနေကြသော အခြား ကလန် နှစ်ခုနှင့် ကျောင်းတော် လေးခုထံမှ ဧည့်သည်အချို့ပင် တက်ရောက်ခဲ့ကြသည်။ ခေါင်းဆောင်ကြီး က စုဝေးရောက်ရှိနေကြသော မိသားစုများ အားလုံး၏ ရှေ့မှောက်တွင် သူမကို တံဆိပ်ပြား အသစ် ချီးမြှင့်ခဲ့ပြီး၊ ပထမ အကြီးအကဲ ကမူ တန်ဖိုးကြီး ဝိညာဉ်ဆေးရည် သုံးလုံး ပါဝင်သော ပြောင်လက်နေသည့် သေတ္တာလေး တစ်လုံးကို ပေးအပ်ခဲ့လေသည်။

၎င်းတို့သည် ကလန်အတွက် ကြီးမားသော အသုံးစရိတ် တစ်ခုကို ကိုယ်စားပြုသော်လည်း၊ ပညာရှိသော လောင်းကစားသမားသည် အမြန်ဆုံး မြင်းပေါ်တွင်သာ လောင်းကြေးထပ်လေ့ ရှိပေသည်။ အရင်းအမြစ်များ ဆိုသည်မှာ အားနည်းသူများကို ဆွဲတင်ပေးရန်ထက်၊ သန်မာပြီးသား သူများကို ပိုမို သန်မာလာစေရန်သာ သွားလေ့ရှိလေသည်။

၎င်းမှာ ဘဝ၏ အလုပ်လုပ်ပုံဖြစ်ပြီး၊ လင်းတုန်း အနေဖြင့် ညည်းညူစရာ အကြောင်း မရှိပေ။ ကောင်းကင်ဘုံက သူ့ကို ပို၍ သန်မာသော ဝိညာဉ်တစ်ခု မပေးခဲ့ဟု ညည်းညူနေရုံသာ ရှိပေမည်။ ထို့အစား လင်းတုန်းသည် ရှေ့ကိုသာ မျှော်ကြည့်လိုက်သည်။ အစ်မဖြစ်သူက ခုနစ်နှစ်ပြည့် ပွဲတော် အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ရာ၊ ယခုတော့ သူ၏ အလှည့် ရောက်လာပြီ ဖြစ်သည်။

ထိုညတွင်... လင်းတုန်းသည် သူ၏ ကျောပိုးအိတ်ထဲသို့ ဂေါ်ပြားတစ်လက် ထိုးထည့်လိုက်ပြီး လိမ်လည်လှည့်စားရန် ပြင်ဆင်လိုက်လေသည်။

ဝေ့ကလန် သည် ဤနှစ် ပွဲတော် ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းဖြစ်ရာ၊ ထိုဂုဏ်သိက္ခာနှင့် တာဝန်က သူတို့ မိသားစုများအပေါ် စွမ်းဆောင်ရည် ကောင်းမွန်ရန် ဖိအားများကို ပိုမို များပြားလာစေသည်။ ရလဒ်အနေဖြင့်၊ ကလန်၏ ကာကွယ်သူ များသည် ပြိုင်ပွဲများကို ပြသရန်အတွက် ပြိုင်ပွဲကွင်းပြင် အသစ်စက်စက် တစ်ခုကို တည်ဆောက်ရန် တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ကြရလေသည်။

ပြိုင်ပွဲကွင်းပြင် သည် စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး၊ အိုးရပ်စ် သစ်သားများဖြင့်သာ ၉၀ ရာနှုန်းကျော် တည်ဆောက်ထားကာ၊ စွမ်းအားများ ပရိသတ်များထံ လျှံမကျသွားစေရန် ကာကွယ်သည့်အနေဖြင့် အတွင်းဘက် တစ်ပတ်လည်တွင် ဧရာမ အစီအရင် တစ်ခုကို ထွင်းထုထားလေသည်။ ထိုင်ခုံများကို အထပ်လိုက် ပြုလုပ်ထားပြီး ကလန် အရောင်များအလိုက် ခွဲခြားထားသည်။ ဝေ့ ကလန် အတွက် ခရမ်းနှင့် အဖြူ၊ လီ ကလန် အတွက် အစိမ်းနှင့် ခဲရောင်၊ ကာဇန် ကလန် အတွက် အညိုနှင့် အနီရောင်တို့ ဖြစ်ကြသည်။ ပိုမြင့်သော အထူးခန်း တစ်ခုကတော့ ကျောင်းတော် လေးခုမှ ဧည့်သည်များအတွက် ဖြစ်ပြီး၊ အပြင်ဘက်ရှိ သာမန် လူအုပ်ကြီးနှင့် သီးခြား ခွဲထားလေသည်။

စင်မြင့် ကိုယ်တိုင်မှာ ဘေးတစ်ဖက်စီတွင် ကိုက်တစ်ရာစီ ရှိသော သန့်စင်သည့် အဖြူရောင် ကျောက်တုံး စတုရန်းကွက် ကြီးဖြစ်ပြီး၊ ကြမ်းပြင်ပေါ်တွင် မျဉ်းကြောင်းများဖြင့် အပိုင်း ရှစ်ပိုင်း ခွဲခြားထားလေသည်။

အခြေခံအဆင့် ကလေးများသည် ပါဝင်ယှဉ်ပြိုင်သူ အရေအတွက် နည်းသွားသည်အထိ၊ တစ်ပြိုင်နက်တည်း ပွဲစဉ် ရှစ်ပွဲဖြင့် အပိုင်းအားလုံးကို တစ်ပြိုင်နက် အသုံးပြုကြမည် ဖြစ်သည်။

ကြေးအဆင့် များက စင်မြင့်၏ လေးပုံတစ်ပုံစီကို သုံးကြမည်ဖြစ်ပြီး၊ သံမဏိအဆင့် များက တစ်ဝက်စီ သုံးကြမည်။ ထို့ပြင် လူငယ်မျိုးဆက်များကို သူတို့၏ ကျွမ်းကျင်မှု ပြသလိုသော သို့မဟုတ် ရန်ညှိုးဖြေရှင်းလိုသော ကျောက်စိမ်းအဆင့် စုံတွဲတိုင်းကတော့ စင်မြင့်တစ်ခုလုံးကို သူတို့ချည်းသာ သုံးခွင့်ရလိမ့်မည်။

ပြိုင်ပွဲကွင်းပြင်၏ အပြင်ဘက်တွင် အရောင်တင်ထားသော သစ်သားတိုင် လေးတိုင် ရှိပြီး၊ တစ်တိုင်စီတွင် အစီအရင် များ ဝိုင်းပတ်ထားကာ၊ ထိပ်တွင်တော့ ဖန်တီးထားသော နှင်းမြေခွေး များ ရှိလေသည်။ အကြီးအကဲ ဝှစ်စပါ ၏ ပုံတူ နီးပါးလောက် တူညီသော ဤအမြီးငါးချောင်းပါ အဖြူရောင် မြေခွေးများသည်၊ သက်ရှိ သားရဲ များကဲ့သို့ပင် ၎င်းတို့၏ တိုင်များပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်၊ သမ်းဝေနေကြသည်၊ သို့မဟုတ် ခြေဖဝါးများကို လျှာဖြင့် လျက်နေကြလေသည်။ အထိအတွေ့ မှလွဲ၍ ကျန်သည့် အာရုံခံစားမှု အားလုံးအတွက် ၎င်းတို့သည် သက်ရှိများနှင့် ခွဲခြား၍ရမည် မဟုတ်ပေ။ ထို့ကြောင့်ပင် မြေကြီးမှ အလွန်ဝေးကွာသော အမြင့်၌ ၎င်းတို့ကို တင်ထားရခြင်း ဖြစ်လေသည်။

ဝေ့ ကလန် တွင် သိပ်၍ နာမည်မကြီးလှဘူး ဆိုလျှင်တောင်မှ၊ လင်းတုန်းမှာ အတော်လေးတော့ လူသိများသည်။ မိခင်ဖြစ်သူအတွက် အစီအရင် တစ်ခုကို လာစစ်ဆေးပေးခြင်းဖြစ်သည်ဟူသော ဆင်ခြေဖြင့် အစောင့်များက သူ့ကို အထဲဝင်ခွင့် ပြုခဲ့ကြလေသည်။ သူ၏ မိခင်သည် မြေခွေး လေးကောင်ကို ဖန်တီးသည့် အလုပ်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ ထိုအရာအတွက် ခေါင်းဆောင်ကြီး ထံမှ ဆုလာဘ်တစ်ခု ရရန် သူမ မျှော်လင့်နေခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ၏ နာမည်ကို အကာအကွယ်ယူကာ၊ လင်းတုန်းသည် စင်မြင့်၊ တိုင်များ၊ ထိုင်ခုံများနှင့် အထူးသဖြင့် ပြိုင်ပွဲကွင်းပြင် ထဲရှိ မြေပြင်တို့ကို သေချာ စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှုခဲ့လေသည်။

ထို့နောက် သူသည် တောအုပ်ထဲသို့ လမ်းလျှောက် ဝင်သွားခဲ့သည်။

သူ့ထံတွင် ဝိညာဉ်-မြေပုံ တစ်ခု ပါလာလေသည်။ ဒေသခံ ဝိညာဉ်အကြွင်းအကျန် များကို မိခင်ဖြစ်သူက ခွဲခြမ်းစိတ်ဖြာထားသော မြေပုံပင်။ ဤအနီးတစ်ဝိုက်တွင် ပူးပေါင်းဆောင်ရွက်နိုင်လောက်မည့် ဝိညာဉ်အကြွင်းအကျန် အနည်းငယ် ရှိနေလေသည်။ ဖြစ်နိုင်ခြေရှိသော နေရာတစ်ခုသို့ သူ ရောက်သောအခါ၊ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ပတ်လည်ရှိ မြေကြီးပေါ်တွင် အစီအရင် စက်ဝိုင်း တစ်ခုကို ရေးခြစ်လိုက်သည်။

အစီအရင် ရေးဆွဲသူ တစ်ယောက်အနေဖြင့် သူ၏ ကျွမ်းကျင်မှုက ကလေးဘဝကတည်းက တိုးတက်လာခဲ့သော်လည်း၊ ရိုးရှင်းသော အကာအကွယ် အလွှာတစ်ခုကို ရေးဆွဲကာ မိခင်ဖြစ်သူ မျက်နှာမပျက်ရလောက်သည့် အဆင့်အထိသာ ရှိသေးသည်။ အနည်းဆုံးတော့ စာအုပ်ထဲမှနေ၍ သူ ကူးချနေရသည့် အချိန်အတွင်းမှာပင်။

စမားရတောင်သည် ဝေ့ ကလန် ၏ အရှေ့ဘက်တွင် မိုး၍ တည်ရှိနေပြီး၊ သူတို့ 'စမားရ ကွင်း' ဟုခေါ်သော ဧရာမ အဖြူရောင် အလင်းကွင်းကြီးဖြင့် လင်းထိန်နေလေသည်။ ၎င်းသည် လမင်းထက်ပင် ပိုမို တောက်ပနေပြီး အထွတ်အမြတ် တောင်ကြား တစ်ခုလုံးကို အဖြူရောင် အလင်းဖြင့် လွှမ်းခြုံထားသော်လည်း၊ တောအုပ်၏ အတွင်းပိုင်းများကတော့ အရိပ်ထဲတွင် နစ်မြုပ်နေဆဲ ဖြစ်သည်။ စာဖတ်ရန် လုံလောက်သော အလင်းရောင်အတွက် စမားရ ကွင်း ကို အသုံးပြုနိုင်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း၊ မည်သို့ပင်ဖြစ်စေ သူသည် ကြိုတင် ပြင်ဆင်လာခဲ့ပြီး သူ၏ ကျောပိုးအိတ်ထဲမှ ဖယောင်းတိုင် တစ်တိုင်နှင့် မီးခြစ် တစ်ခုကို ထုတ်ယူလိုက်သည်။

စက္ကန့်အနည်းငယ် အကြာတွင် ဖယောင်းတိုင် အလင်းရောင်ဖြင့် မိခင်ဖြစ်သူ၏ အစီအရင် လမ်းညွှန်စာအုပ်ကို သူ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ကျောပိုးအိတ်ထဲရှိ အစီအရင်ဖြင့် ပြုလုပ်ထားသော အလင်းရောင်ကို သူ အသုံးပြုနိုင်သော်လည်း၊ ဝိညာဉ်အကြွင်းအကျန် နှင့် ရင်ဆိုင်ရန်အတွက် သူ မာဒြာ ကို လန်းဆန်းနေစေချင်သည်။ သူသည် သင်္ကေတ တစ်ခုကို ချောမွေ့အောင် ပြုလုပ်လိုက်ပြီး၊ နောက်တစ်ခုကို ပြင်ဆင်ကာ၊ အက္ခရာ တစ်လုံးစီတိုင်း လမ်းညွှန်စာအုပ်ပါ ပုံစံနှင့် တတ်နိုင်သမျှ တူညီနေစေရန် ကျောက်စရစ်ခဲများနှင့် သစ်ကိုင်းခြောက်များကို ဘေးသို့ ဖယ်ရှားလိုက်သည်။ စက်ဝိုင်းမှာ သူ တတ်နိုင်သမျှ အလုံခြုံဆုံး ဖြစ်ပြီဟု ကျေနပ်သွားပြီးနောက်၊ သူသည် အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး၊ တစ်ဖက်တွင် စာအုပ်နှင့် အခြားတစ်ဖက်တွင် ဖယောင်းတိုင်ကို ထားရှိလိုက်သည်။

ထို့နောက် သူသည် ပျားတူအုံ ကို ခဲဖြင့် ပစ်ပေါက်လိုက်တော့သည်။

***

All Chapters