← Chapters

အခန်း (၃၁-၃၂)

Vol. 3 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 3 Ch. 31-32

အပိုင်း (၃၁)

ပြိုင်ပွဲမစတင်မီ ခေါင်းဆောင်ကြီး၏ ဟိန်းဟောက်သံကြီး၊ ကျောင်းတော် လေးခု တစ်ခုစီ၏ ကောင်းချီးပေးမှုများနှင့်၊ ဘေးဘက်ရှိ ဝေ့ ကလန် အကြီးအကဲများထံမှ ထင်ယောင်ထင်မှား နှင်းမြေခွေး တန်းစီလှည့်လည်ပွဲများ ပါဝင်သော ခမ်းနားထည်ဝါသည့် ကြိုဆိုရေး အခမ်းအနား တစ်ခု ရှိလေသည်။

လင်းတုန်းသည် ထိုအရာ တစ်ခုကိုမျှ မကြည့်ခဲ့ပေ။ သူ၏ အာရုံစိုက်မှုက အတွင်းဘက်သို့သာ ရောက်နေပြီး၊ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ရှုပ်ထွေးသော လမ်းကြောင်း ကွန်ရက်များကို ဖြတ်သန်းသွားသည့် မာဒြာ ၏ အပြာရောင် သန်းနေသော အဖြူရောင် စွမ်းအင်များကိုသာ လိုက်လံ အာရုံခံနေလေသည်။ သူသည် ၎င်းကို လမ်းညွှန်ပေးပြီး၊ သူ၏ အသက်ရှူနှုန်းနှင့် ကိုက်ညီအောင် ညှိကာ၊ စွမ်းအင်များကို သန့်စင်နေလေသည်။ သူ လှည့်ပတ်ကျင့်ကြံ နေခြင်းဖြစ်သည်။

ခုံတန်းလျားပေါ်ရှိ အခြား ကလေးများ မတ်တပ်ထရပ်လိုက်ချိန်တွင်တော့၊ သူ အဆင်သင့် ဖြစ်နေခဲ့ပြီ။

အခြေခံအဆင့် ကလေးငယ် ရာပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ သူကတော့ ပထမဆုံး အသုတ်တွင် ပါဝင်ရလောက်အောင် ကံကောင်းခဲ့သည်။ သို့မဟုတ် ကံဆိုးခဲ့သည်။

သူနှင့် အခြား ဆယ့်ငါးယောက်သည် ဝေ့ ကလန် အကြီးအကဲ တစ်ဦး၏ ညွှန်ကြားချက်အရ ကျောက်သား စင်မြင့်ပေါ်သို့ လျှောက်သွားကြသည်။ သူသည် စင်မြင့်၏ ရှစ်ပုံတစ်ပုံရှိသော စတုရန်းကွက် တစ်ခုထဲသို့ ဝင်ရောက်သွားပြီး၊ လီ ကလန် ၏ လက်ဝတ်ရတနာများကို ဝတ်ဆင်ထားသော ကောင်လေး တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ ထိုကောင်လေးမှာ အသက် ဆယ်နှစ်ထက် ပိုကြီးပုံမပေါ်ဘဲ၊ ပြိုင်ဘက်၏ အရွယ်အစားကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

လီ နှင့် ကာဇန် တို့၏ နေရာများဆီမှ ရယ်မောသံ အနည်းငယ် လင်းတုန်းထံသို့ လွင့်ပျံလာပြီး၊ သစ်သား တံဆိပ်ပြားနှင့် အသက် ဆယ့်ငါးနှစ်အရွယ် ကောင်လေးကို သူတို့ သတိထားမိသွားကြသည်ဟု သူ စိတ်ကူးကြည့်မိသည်။ ၎င်းက သူ မျှော်လင့်ထားသလောက်တော့ မနာကျင်စေခဲ့ပေ။

အခြား ခုနစ်တွဲနည်းတူ သူနှင့် ကောင်လေးသည် တစ်ဦးကိုတစ်ဦး အရိုအသေပေးလိုက်ကြသည်။ အဖြူရောင် မြေခွေး ကျင့်စဉ်တစ်ခုဖြင့် ဖန်တီးထားသော ခရမ်းရောင် ကြယ်တစ်ပွင့်က သူတို့၏ အထက် လေထဲတွင် တောက်ပသွားပြီး၊ အကြီးအကဲ၏ အသံက ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေသည်။

"စတင်ကြ..."

လင်းတုန်းသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး၊ လုံလောက်အောင် နိမ့်ဆင်းရန် ကိုင်းညွတ်ကာ၊ ထိုကောင်လေး၏ ဗိုက်ဆီသို့ ဗလာ လက်ဝါး တစ်ချက် ထိုးသွင်းလိုက်သည်။

ကောင်လေးသည် သူ၏ ဝိညာဉ်စွမ်းအားများ ပျက်ယွင်းသွားသဖြင့် ဒူးထောက်ကျသွားပြီး၊ အံ့အားသင့်နေသော အမူအရာဖြင့် သူ၏ ဗိုက်ကို လက်နှစ်ဖက်ဖြင့် ဖိကိုင်ထားလိုက်သည်။ လင်းတုန်းက သူ့ကို သူ၏ စတုရန်းကွက် နယ်နိမိတ်မျဉ်း အပြင်ဘက်သို့ တွန်းထုတ်ပစ်လိုက်သည်။

"အနိုင်ရသူ..."

အကြီးအကဲက ကြေညာလိုက်၏။ သန်မာသော သံမဏိအဆင့် အဆုတ်များက သူ၏ အသံကို အဝေးသို့တိုင်အောင် သယ်ဆောင်သွားလေသည်။ ပွဲစတင်ပြီး စက္ကန့်ပိုင်းအကြာမှာပင် လင်းတုန်းက လှည့်ထွက်လာခဲ့သည်။ သူ၏ အဆုတ်များကို ရစ်ပတ်ထားသော အတားအဆီးများ ပြေလျော့သွားပြီး၊ ထိုနံနက်ခင်းတွင် ပထမဆုံးအကြိမ်အဖြစ် အသက်ကို ဝဝလင်လင် ရှူနိုင်သွားပြီဟု သူ ခံစားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် သူ့ ကံကြမ္မာက မဆိုးရွားခဲ့ပါချေ။ သူ့ လျှို့ဝှက်ဖဲချပ်က အလုပ်ဖြစ်ခဲ့ပြီ။ အမှန်တကယ် အလုပ်ဖြစ်ခဲ့ပြီ ဖြစ်သည်။

ပရိသတ်များကြားမှ၊ ဝေ့ ကလန်သားများ ကြားမှပင် လှောင်ပြောင်သံများ ထွက်ပေါ်လာချိန်တွင်၊ သူက ပြုံးရုံသာ ပြုံးနေလိုက်သည်။

"လူလိမ်..."

တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။

"သူရဲဘောကြောင်တဲ့ကောင်..."

"အမှိုက်ကောင်..."

သူ၏ အပြုံးက ရယ်မောသံ အဖြစ်သို့ ပြောင်းလဲသွားပြီး၊ တခစ်ခစ် ရယ်မောရင်း ခုံတန်းလျားဆီသို့ ပြန်လျှောက်လာခဲ့သည်။ သူတို့၏ စော်ကားမှုများက သူ၏ ဖြူစင်သော ပျော်ရွှင်ကြည်နူးမှုကို မထိခိုက်စေနိုင်ခဲ့ပေ။ စကားလုံးများ ဆိုသည်မှာ ဘာမှမဟုတ်၊ ဘာမှမဟုတ်သည်ထက်ပင် ပို၍ အချည်းနှီး ဖြစ်သည်၊ အစစ်အမှန် အချက်အလက်များနှင့် နှိုင်းယှဉ်လျှင်ပေါ့။

သူသည် တိုက်ပွဲတစ်ခုတွင် အခြား ကျင့်ကြံသူ တစ်ဦးကို ဖြုတ်ချရန် ကျင့်စဉ်နည်းလမ်း များကို အသုံးပြုနိုင်ခဲ့ပြီ။ သူသည် ကြေးအဆင့် တစ်ယောက်လို အနိုင်ရနေခြင်း ဖြစ်သည်။

ဝိညာဉ်မဲ့ တစ်ယောက်လို မဟုတ်ပေ။

...

ဘုတ်...

သူသည် မိန်းကလေး တစ်ယောက်ကို 'ဗလာ လက်ဝါး' အသုံးပြုပြီးနောက် ခြေထိုးခံ လှဲချလိုက်ရာ၊ သူမသည် လက်ထောက်လျက် ဒူးထောက် လဲကျသွားသည်။

“အီး... ဟီး...”

သူမ စတင် ငိုကြွေးသောအခါ၊ လူအုပ်ကြီး၏ အော်ဟစ်သံများက နှစ်ဆ ပိုကျယ်လာလေသည်။ နေရာသို့ ပြန်ရောက်သည်အထိ သူ ပြုံးဖြီးနေခဲ့သည်။

...

ခုနစ်နှစ်ပြည့် ပွဲတော် မတိုင်မီ ရက်သတ္တပတ်များ အတွင်း၊ ဖြစ်လာနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန် သူ နေ့စဉ် လေ့ကျင့်ခဲ့သည်။ အကယ်၍ ပြိုင်ဘက်က 'ဗလာ လက်ဝါး' ကို ခုခံနိုင်ခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။ အကယ်၍ သူတို့မှာ သူ့ကို အရင်ဦးအောင် တိုက်ခိုက်နိုင်မယ့် ကျင့်စဉ် တစ်ခုခု ရှိနေလျှင်ရော...။ နောက်ပိုင်း ပွဲစဉ်တွေ မရောက်ခင် သူ့ရဲ့ မာဒြာ တွေ ကုန်ခန်းသွားရင်ရော...။

သို့သော် နေမွန်းလွဲသွားပြီး လင်းတုန်းက သူ၏ ပဉ္စမမြောက် ပြိုင်ဘက်ကို အနိုင်ယူလိုက်ချိန်တွင်၊ သူ လုံးဝ ကြိုတင်မပြင်ဆင်ထားခဲ့သော အခြေအနေ တစ်ခု ရှိနေကြောင်း သူ နားလည်သွားသည်။ ၎င်းမှာ လွယ်ကူသော အောင်ပွဲ ပင် ဖြစ်သည်။ ဤကလေးများထဲမှ မည်သူကမျှ 'ဗလာ လက်ဝါး' ကို တန်ပြန်နိုင်မည့် နည်းလမ်း မရှိကြဘဲ၊ သူတို့၏ ကျင့်စဉ်နည်းလမ်းများ အသုံးမဝင် ဖြစ်သွားသည်နှင့် တစ်ပြိုင်နက်၊ သာလွန်သော အရွယ်အစားနှင့် ခွန်အားက သူတို့ကို အလွယ်တကူ ရှုံးနိမ့်သွားစေခဲ့သည်။

အိုးထဲတွင် ချိတ်ပိတ်ပြီး စင်မြင့်အောက်တွင် မြှုပ်နှံထားသော သူ၏ လျှို့ဝှက် လက်နက်သည် ဆက်လက် လျှို့ဝှက်နေဦးမည်သာ ဖြစ်သည်။

ဘုန်း...

လင်တုန်းသည် ကာဇန် ကောင်လေး တစ်ယောက်ကို အနီရောင် ခါးပန်းမှ ဆွဲမကာ နယ်နိမိတ် အပြင်ဘက်သို့ ပစ်ချလိုက်သည်။ ကာဇန် ပရိသတ် နေရာသည် အနီနှင့် ခဲရောင် ဒေါသပင်လယ်ပြင်ကြီး တစ်ခုအဖြစ် ထကြွလာသော်လည်း၊ သူက စင်မြင့်ပေါ်မှ ဆင်းလာရင်း သူတို့ကို လက်ပြနှုတ်ဆက်လိုက်ရုံသာ ပြုလုပ်လေသည်။

ပျော်ရွှင်မှုက သူ၏ ရင်ဘတ်ထဲတွင် မီးရှူးတိုင်တစ်ခုကဲ့သို့ တောက်လောင်နေလေသည်။

ဝေ့ရှီစီရှား သည် သားဖြစ်သူ သေချာပေါက် အနိုင်ရမည်ကို ရှင်းလင်းစွာ သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သရုပ်ပြ ပွဲစဉ်များကို ဆက်မကြည့်တော့ဘဲ ရပ်တန့်လိုက်သည်။ သူ အနိုင်ရလိမ့်မည်ဟု သူမ မျှော်လင့်ထားပြီးသား ဖြစ်သည်၊ သူက သူ၏ ပြိုင်ဘက်များ အားလုံးထက် အသက်ပိုကြီးပြီး၊ ချို့ယွင်းချက်များ ရှိနေသည့်တိုင် အသုံးပြုနိုင်မည့် ကျင့်စဉ် တစ်ခုကို နောက်ဆုံးတွင် သူ ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က သူမ သံသယ ဝင်ခဲ့ဖူးသော်လည်း၊ ယခုအခါတွင်တော့ သူသည် ကလန်၏ အကျိုးပြု အဖွဲ့ဝင် တစ်ဦးအဖြစ် ကြီးပြင်းလာလိမ့်မည်ဟု သူမ အပြည့်အဝ ယုံကြည်မှု ရှိနေလေပြီ။

အကြီးအကဲ ဝှစ်စပါ ၏ ထင်ယောင်ထင်မှား ပုံရိပ်များကို ဖန်တီးပေးထားသော လျှပ်ကူးတိုင်များပေါ်ရှိ အစီအရင် များကို စစ်ဆေးရန် ပြိုင်ပွဲကွင်းပြင် တစ်လျှောက် သူမ လမ်းလျှောက် စစ်ဆေးနေလေသည်။ တစ်ခါတစ်ရံ ဧည့်သည်များသည် ဤကဲ့သို့သော အစီအရင်များကို ဖျက်ဆီးတတ်ကြသော်လည်း၊ စစ်ဆေးသူ တစ်ဦး ရှိနေခြင်းကပင် ထိုသို့သော ဖြစ်ရပ်များကို သိသိသာသာ လျော့ကျသွားစေနိုင်သည်။ လင်းတုန်း အနေဖြင့် ကြေးအဆင့် ပြိုင်ဘက် တစ်ဦးနှင့် ယှဉ်ပြိုင်ရမည့် အချိန်အထိ သူမတွင် တစ်နာရီနီးပါး အချိန်ရသေးရာ၊ ပြိုင်ပွဲကွင်းပြင် ကို အနည်းဆုံး တစ်ပတ်လောက် လှည့်ပတ်ကြည့်ရှုရန် အချိန်အလုံအလောက် ရှိလေသည်။

ပထမဆုံး ပုံမှန်မဟုတ်သော အခြေအနေကို လီ ကလန် ဝင်ပေါက်အနီးမှ ဖြတ်သွားစဉ် သူမ တွေ့လိုက်ရသည်။ ထိုင်ခုံတန်းများ ကြားသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိရာမှ၊ ကျောက်စိမ်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ အဆင့်အတန်းနှင့် ကိုက်ညီသော ရွှေနှင့် ကျောက်စိမ်း လက်ဝတ်ရတနာများ ဆင်ယင်ထားသည့် လီ ကလန် အကြီးအကဲ တစ်ဦး တံခါးမှ တိတ်တဆိတ် ထွက်သွားသည်ကို သူမ သတိထားမိလိုက်သည်။ သူမ သိချင်စိတ်ဖြင့် ခေတ္တရပ်လိုက်စဉ်၊ နောက်ထပ် လီ အကြီးအကဲ တစ်ဦးကလည်း တစ်ခဏအကြာတွင် နောက်မှ လိုက်ထွက်သွားလေသည်။

စီရှား သည် လက်ကို မြှောက်ကာ ဝိညာဉ်အကူယန္တရားလေး၏ ဘေးဘက်ကို ပုတ်လိုက်ပြီး၊ သူမ၏ ဝိညာဉ်မှ စွမ်းအင် တစ်စက်ကို ပေးပို့လိုက်သည်။ ထိုယန္တရားလေးက အသိအမှတ်ပြုသည့်အနေဖြင့် လေချွန်သံလေး ပြုလုပ်လိုက်သည်။

ဝိညာဉ်အကူယန္တရား များသည် ဝိညာဉ်ပန်းပဲဆရာ တစ်ဦး လိုအပ်သော ကိရိယာတန်ဆာပလာ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် မာဒြာ ထုတ်လွှတ်မှုကို တိုင်းတာနိုင်သည်၊ ၎င်း၏ သဘာဝများကို ဆုံးဖြတ်ပေးနိုင်သည်၊ ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး၊ ထို ဝိညာဉ်အကြွင်းအကျန် ကို အနည်းဆုံး ဆုံးရှုံးမှုဖြင့် ၎င်း၏ အစိတ်အပိုင်းများအဖြစ် ခွဲထုတ်ရာတွင်ပင် ကူညီပေးနိုင်လေသည်။

ဝိညာဉ်ပန်းပဲပညာရပ် သည် အဓိကအားဖြင့် ဝိညာဉ်အကြွင်းအကျန် များ၏ ထူးခြားသော ဂုဏ်သတ္တိများကို အခွင့်ကောင်းယူရန်အတွက် ၎င်းတို့ကို ဖျက်ဆီးခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်းတို့ အပေါ်တွင် လည်ပတ်နေပြီး၊ ဝိညာဉ်အကူယန္တရား မရှိဘဲနှင့် ၎င်းကို တိကျစွာ လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ခွဲစိတ်ဆရာဝန် တစ်ဦးက လက်နှစ်ဖက်ကို တိပ်ဖြင့် ပူးချည်ထားပြီး မျက်စိတစ်ဖက် မှိတ်ကာ ခွဲစိတ်နေရသကဲ့သို့ပင် ဖြစ်သည်။

ဤအခြေအနေတွင်၊ စီရှား သည် လီ ကလန် ထံမှ ပြဿနာ တစ်ခုခု လာမည်ကို ကြိုတင် တွေးဆထားခဲ့သဖြင့်၊ မကြာသေးမီက သူတို့ ဖမ်းဆီးထားခဲ့သော- နေရာရွှေ့ပြောင်းနိုင်သော ယုန်၊ ပျောက်ကွယ်သွားနိုင်သော လင်းနို့ နှင့် နေရာရပ်ဝန်းကို ကွေးညွတ်နိုင်သော ပွေးကောင်- ဝိညာဉ်အကြွင်းအကျန် များနှင့် ဆင်တူသော နမူနာများကို ရယူရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရလေသည်။

သူမ၏ ဝိညာဉ်အကူယန္တရား သည် အမဲလိုက်ခွေး တစ်ကောင် အနံ့ခံ လိုက်သကဲ့သို့ နမူနာတစ်ခုကို အခြေခံ၍ ဝိညာဉ်အကြွင်းအကျန် တစ်ခုကို ခြေရာခံနိုင်ပြီး၊ တစ်ပြိုင်နက်တည်း 'အနံ့' သုံးခုကို ခြေရာခံရန် ကြိုးစားခြင်းက ရှုပ်ထွေးမည် ဖြစ်သော်လည်း၊ ကြိုးစားကြည့်ရန်တော့ ထိုက်တန်လေသည်။

တိကျသော မာဒြာ ခုန်နှုန်း ပုံစံတစ်ခုဖြင့်၊ သူမသည် ဝိညာဉ်အကူယန္တရားလေး၏ ခြေရာခံစနစ်ကို အသက်သွင်းလိုက်သည်။ ၎င်းက ရှာဖွေမှုကို လုပ်ဆောင်ရင်း သေးငယ်သော အာရုံခံလက်တံလေးများကို ဖြန့်ထုတ်ကာ ဂလုံဂလုံ အသံဖြင့် တုံ့ပြန်လိုက်သည်။ ထိုအင်တင်နာများသည် မည်သည့် ဝိညာဉ်အကူယန္တရားတွင်မဆို အမြဲတမ်း ပထမဆုံး ပျက်စီးလေ့ရှိသော အစိတ်အပိုင်းဖြစ်ပြီး အသစ်ပြန်လဲရန် စျေးကြီးသဖြင့်၊ သူမသည် ၎င်းတို့ကို ချွေတာသုံးစွဲရန် ကြိုးစားလေ့ရှိသည်။ သို့သော် ယခုကိစ္စကတော့ သုံးရကျိုးနပ်သော အကြောင်းကိစ္စပင် ဖြစ်သည်။ အကယ်၍ လီ ကလန် သည် ခုနစ်နှစ်ပြည့် ပွဲတော် ၏ ပထမဆုံးနေ့တွင် အာဏာသိမ်းမှု တစ်ခုခုကို ကြိုးပမ်းနေခြင်း ဖြစ်ပါက၊ သူမ အနေဖြင့် ဤအဖူးလေး မပွင့်လာမီကတည်းက ဖြတ်တောက်ပစ်ရမည် ဖြစ်သည်။

***

အပိုင်း (၃၂)

ဝမ်... ဝမ်...

ရှာဖွေမှု စတင်ပြီး စက္ကန့်ပိုင်းအကြာမှာပင် သူမ၏ ဝိညာဉ်အကူယန္တရားလေးက အသံမြည်လာသဖြင့် စီရှား လန့်သွားလေသည်။ ထိုသို့သော ရှာဖွေထောက်လှမ်းမှု၏ အကွာအဝေးမှာ မယုံနိုင်လောက်အောင် ကန့်သတ်ချက်ရှိပြီး၊ တစ်ပြိုင်နက်တည်း နမူနာ သုံးခုကို ထည့်သွင်းထားချိန်တွင် ပို၍ပင် ကန့်သတ်ချက် ရှိသေးသည်။ မှားယွင်းသော အချက်ပြမှုမျိုး ဖြစ်နိုင်ခြေ အမြဲတမ်း ရှိနေသော်လည်း၊ ယခုကဲ့သို့ လျင်မြန်သော တုံ့ပြန်မှုမျိုးဖြင့် ဆိုလျှင်တော့...။

ထို ဝိညာဉ်အကြွင်းအကျန် များ၊ သို့မဟုတ် ၎င်းတို့၏ စွမ်းအားကို သူမ၏ ယန္တရားလေးအား အမှတ်ရစေသော တစ်စုံတစ်ရာသည် ဤနေရာတွင် ရှိနေသည်။ ပြိုင်ပွဲကွင်းပြင် ၏ အတွင်းတွင်ပင် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

သူမသည် သူမ၏ လက်ထောက်များထဲမှ အနီးဆုံး နှစ်ဦးဖြစ်သော၊ သူတို့၏ တံဆိပ်ပြားများပေါ်တွင် သံမဏိ တူရုပ်များ ပါရှိသည့် လူငယ်နှစ်ဦးကို အချက်ပြလိုက်သည်။ သူတို့ နှစ်ဦးစလုံးသည် အလားအလာရှိသော ဝိညာဉ်ပန်းပဲဆရာ များ မဖြစ်လာခဲ့လျှင်တောင်မှ၊ သူမသည် သူတို့ကို နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး၊ ပြိုင်ပွဲကွင်းပြင် ကို လုံခြုံရေးယူရာတွင် ကူညီရန် သူတို့က မိမိသဘောဆန္ဒအလျောက် ပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။ နှစ်ဦးစလုံး ပြေးလာကြသည်။

"လီ ကလန် အကြီးအကဲ တွေ လစ်ထွက်သွားကြတယ်..."

သူမက ပြောလိုက်သည်။

"မင်းတို့ထဲက တစ်ယောက်က ပထမ အကြီးအကဲ ဆီကို သွားသတင်းပို့၊ နောက်တစ်ယောက်က ငါ့နောက်ကို လိုက်ခဲ့..."

သူမက လီ တို့၏ ဝင်ပေါက်ဘက်သို့ လှည့်ထွက်သွားပြီး၊ မည်သူက မည်သည့်တာဝန်ကို ယူမည်ဆိုသည်ကို သူတို့ဘာသာ ဆုံးဖြတ်ရန် ချန်ထားခဲ့လေသည်။

ပြိုင်ပွဲကွင်းပြင်ကို ဝေ့ ကလန် နယ်မြေ၏ အစွန်အဖျားတွင် တည်ဆောက်ထားသဖြင့်၊ ဘေးသုံးဖက်သုံးလန်ကို တောအုပ်တစ်ခုက ဝန်းရံထားလေသည်။ သာမန်သစ်ပင်များကြားတွင် အိုးရပ်စ် သစ်ပင်များ ရောနှောပါဝင်နေသဖြင့် အစိမ်းရောင် ပင်လယ်ပြင်ကြီးထဲတွင် ခရမ်းရောင် အဆင်းကို တစ်ကွက်တစ်ကွက် မြင်တွေ့နေရလေသည်။ ထွက်ပေါက်မှနေ၍ ပင်မ အဆောက်အအုံများဆီသို့ ဦးတည်သွားသော ကျောက်စရစ်ခဲလမ်းလေးမှလွဲ၍၊ သူမ ဘာကိုမျှ မမြင်ရပေ။

သို့သော် သူမ လိုက်လံရှာဖွေနေသော ပစ်မှတ်မှာ ကျင့်စဉ်နည်းလမ်းများတွင် ပိုမို အဆင့်မြင့်မားနေပြီး၊ ထိုအချက်ကို သူမ လေးစားရမည် ဖြစ်သည်။ အဖြူရောင် မြေခွေး မာဒြာ ၏ တီးတိုးလှုပ်ရှားမှုနှင့် စူးစိုက်ထားသော စိတ်ဆန္ဒ အားထုတ်မှုတို့ဖြင့်၊ သူမသည် အသွင်ယူမှု တစ်ခုကို ဖန်တီးလိုက်လေသည်။

ဝေ့ ကလန် ၏ ဖန်တီးရှင် များသည် ခေါင်းမူးသွားလောက်အောင် အသေးစိတ်ကျသော ထင်ယောင်ထင်မှား ပုံတူများကို ဖန်တီးနိုင်ရန် 'မြေခွေး ကြေးမုံ' ကျင့်စဉ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ကြရသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် ပုံတူ မျက်နှာများ၊ တစ်ကိုယ်လုံး ပုံတူများ၊ သို့မဟုတ် အသုံးပြုသူကို ကိုယ်ပျောက်သွားစေမည့် ရုပ်ဖျက် နံရံများကို ဖန်တီးရာတွင် ကျွမ်းကျင်ကြသည်။ ဤကျင့်စဉ် တစ်ခုစီတိုင်းတွင် အားနည်းချက်များ ရှိပြီး၊ သတိထားမိနိုင်သော နည်းလမ်းများဖြင့် အစစ်အမှန် အရှိတရားကို ချိုးဖောက်နေသည့် အသေးစိတ်အချက်များ ပါဝင်နေလေသည်။

သူမကတော့ ဝတ်စားဆင်ယင်မှုများကို ဖန်တီးရာတွင် ကျွမ်းကျင်လေသည်။ အထပ်ထပ် ဝတ်ဆင်ထားသော အဖြူနှင့် ခရမ်းရောင် ဝတ်ရုံများသည် မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး၊ လက်ချောင်းတိုင်းနှင့် နားနှစ်ဖက်စလုံးတွင် လက်ဝတ်ရတနာများ တလက်လက် တောက်ပနေလေသည်။ ထင်ယောင်ထင်မှား ဆွဲကြိုးများက သူမ၏ ရင်ဘတ်အထိ တွဲလောင်းကျနေပြီး၊ သူမ၏ သံမဏိ တံဆိပ်ပြား ကိုပင် ရွှေဆွဲကြိုး တစ်ချောင်းမှ ချိတ်ဆွဲထားလေသည်။ သူမ၏ မျက်နှာကတော့ အတူတူပင် ဖြစ်နေမည်ဖြစ်သော်လည်း၊ လီ ကလန် က သူမကို မြင်မြင်ချင်း သိနေမည်တော့ မဟုတ်ပေ။ သူမ၏ ဆံပင်ကတော့ အနည်းငယ် ပြဿနာ ရှိနိုင်သည်။ အညိုရောင် ဆံပင်က ကာဇန် ကလန် တွင် ပိုအတွေ့ရများသော်လည်း၊ လီ တို့တွင် မရှိပေ။ သူမ စွန့်စားရမည်သာ။ မည်သို့ပင်ဖြစ်စေ၊ သစ်ပင်များ၏ အရိပ်အောက်တွင် သူမ၏ ဆံပင်မှာ အညိုရောင်ထက် အမည်းရောင်နှင့် ပိုတူနေလေသည်။

သူမ၏ အစောင့်က သူ့ကိုယ်သူ လွှမ်းခြုံထားသော ကိုးရိုးကားယားနိုင်သည့် အစိမ်းရောင် ဝတ်ရုံကြီးတစ်ခုဖြင့် သူ၏ ကိုယ်ပိုင် အသွင်ယူမှုကို ဖန်တီးလိုက်ချိန်တွင်၊ သူမသည် ဝိညာဉ်အကူယန္တရားလေး ညွှန်ပြရာ လမ်းကြောင်းအတိုင်း တောအုပ်ထဲသို့ လိုက်သွားလေသည်။ ၎င်းက သူမကို လမ်းကြောင်း ပြောင်းလဲစေရန် တစ်ခါတစ်ရံ တောက်ခေါက်သံ သို့မဟုတ် လေချွန်သံများ ပြုလုပ်ပေးသော်လည်း၊ လိုက်လံရှာဖွေမှုက သူမ မျှော်လင့်ထားသည်ထက် များစွာ အချိန်ပိုတိုတောင်းခဲ့လေသည်။

ပြိုင်ပွဲကွင်းပြင် မှ ထွက်ခွာလာပြီး ငါးမိနစ်ပင် မပြည့်မီမှာပင်၊ သစ်ပင်များကြားမှ ပန်းရောင် အလင်းတန်း တစ်ခု လင်းလက်သွားသည်နှင့်အတူ အမျိုးသားတစ်ဦး၏ ကျယ်လောင်သော အသံကို သူမ ကြားလိုက်ရသည်။ သူမသည် ဝိညာဉ်အကူယန္တရားလေးကို အသံတိတ်စေလိုက်ပြီး၊ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လက်မောင်းထဲတွင် ပိုက်ထားကာ၊ အစောင့်ဖြစ်သူကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် ဂရုတစိုက်ဖြင့် ရှေ့သို့ တိုးသွားလေသည်။

လီကလန် အသွင်ယူထားမှုက သူမကို တိုက်ရိုက် တိုက်ခိုက်ခြင်းမှ တားဆီးပေးမည်ဖြစ်သော်လည်း၊ အသေးစိတ် မေးခွန်းထုတ်ခံရခြင်းမှတော့ ကယ်တင်နိုင်မည် မဟုတ်ပေ... ထိုအရာကိုတော့ သူမ ရှောင်လွှဲချင်သည်။ အကောင်းဆုံးကတော့၊ သူမ လုံးဝ အမိမခံရခြင်းပင်။

သူမ တိတ်တဆိတ် တိုးကပ်သွားချိန်တွင် ရင်တဒိတ်ဒိတ် ခုန်နေပြီး အရေပြားများ ကျင်စပ်စပ် ဖြစ်နေကာ၊ ကျွမ်းကျင်စွာ လေ့ကျင့်ထားသော သူမ၏ အသက်ရှူနည်းစနစ် မှာ စိတ်လှုပ်ရှားမှုကြောင့် ဖိအားဝင်နေလေသည်။ သူမသည် အသက် နှစ်ဆယ့်နှစ်နှစ် အရွယ်တွင် သံမဏိအဆင့် သို့ ရောက်ရှိပြီးကတည်းက အခြား ကလန်များကို ဆန့်ကျင်သည့် အလုပ်မျိုး မလုပ်ခဲ့ရတော့သော်လည်း၊ သူမ ထိုအရာကို လွမ်းဆွတ်နေခဲ့သည်။ ဂျာရန် အပေါ် ရှားရှားပါးပါး ကိုယ်ချင်းစာစိတ် တစ်ခုကို သူမ ခံစားလိုက်ရသည်၊ သူ၏ လူငယ်ဘဝက သူမထက် များစွာ ပိုမို တိုက်ခိုက်ခဲ့ရပြီး၊ ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာများ ကင်းမဲ့နေခြင်းက သူ၏ ခါးသီးမှုများကို ပိုမို တိုးပွားလာစေခဲ့မည်မှာ သေချာလေသည်။

စီရှားသည် လီ တို့ကို မြင်ရလောက်အောင် နီးကပ်သွားချိန်တွင် ရပ်တန့်လိုက်သည်။ သူတို့ အားလုံးက ကျောက်စိမ်းအဆင့် တွေချည်း မဟုတ်ဘဲ၊ ကျောက်စိမ်းအဆင့် နှင့် သံမဏိအဆင့် များ ရောနှောနေခြင်း ဖြစ်သည်။ အငယ်ဆုံးသူ ပင်လျှင် သူမထက် အသက်ပိုကြီးလေသည်။ စုစုပေါင်း ကိုးယောက် ရှိသည်။ သူမသည် ပွင့်နေသော တိမ်ခေါင်းလောင်းပန်း ချုံပုတ်တစ်ခု ကြားမှ ချောင်းကြည့်နေရခြင်း ဖြစ်သဖြင့်၊ အနောက်ဘက်တွင် တစ်ယောက်၊ နှစ်ယောက်ခန့် သူမ မမြင်လိုက်ရခြင်းမျိုးလည်း ရှိနိုင်လေသည်။ သူတို့သည် တောအုပ် ကြမ်းပြင်ရှိ စက်ဝိုင်းတစ်ခု၏ ပတ်လည်တွင် စုဝေးနေကြသည်။ အုတ်ကြွပ်ပြားများဖြင့် ပြုလုပ်ထားသော စက်ဝိုင်းတစ်ခု။ အစီအရင် တစ်ခုပင်...။

သူတို့သည် လက်ဝါးဖြန့်ထားသလောက် အရွယ်အစားရှိသော အုတ်ကြွပ်ပြားများကို ယူဆောင်လာခဲ့ကြပြီး၊ တစ်ခုစီတိုင်းတွင် အက္ခရာ သို့မဟုတ် သင်္ကေတတစ်ခု ထွင်းထုထားလေသည်။ မှန်ကန်စွာ ဆက်သွယ်လိုက်သောအခါ၊ ၎င်းတို့သည် အရွယ်အစားပြည့် အစီအရင် စက်ဝိုင်း တစ်ခုကဲ့သို့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည် ဖြစ်သည်။ ၎င်းမှာ သူမ ယခင်က မြင်ဖူးခဲ့သော နည်းစနစ်တစ်ခုဖြစ်ပြီး၊ များသောအားဖြင့် စက်ဝိုင်းကို အမြန် ပြန်လည် ဒီဇိုင်းဆွဲရမည့် အခြေအနေမျိုးတွင် သုံးလေ့ရှိသည်။

ဝိညာဉ်အကြွင်းအကျန် သုံးခုကို လှောင်အိမ်များတွင် ထည့်ကာ စက်ဝိုင်း၏ ပတ်လည်ရှိ သီးခြား အမှတ်သုံးခုတွင် ချထားလေသည်။ အပြာရောင် ယုန်က လူသားတစ်ဦး၏ လက်များနှင့် လုနီးပါး တူသော လက်များဖြင့် သံတိုင်များကို ဆုပ်ကိုင်ကာ၊ ၎င်း၏ အကျဉ်းထောင်ကို ရူးသွပ်လုမတတ် ကိုက်ခဲနေလေသည်။

လင်းနို့တစ်ကောင်ဟု ခေါ်ဆိုနိုင်မည့် ပန်းရောင် အလိမ်အကောက် အစုအဝေးက နေရာမှာတင် တောင်ပံခတ်နေပြီး၊ ပျောက်ကွယ်လိုက် ပြန်ပေါ်လာလိုက် ဖြစ်နေသော်လည်း၊ အစီအရင်ဖြင့် ပြုလုပ်ထားသော လှောင်အိမ်ကိုတော့ ဖောက်ထွက်၍ မရသေးပေ။

နောက်ဆုံးတွင်၊ ဂေါ်ပြားကြီးများကဲ့သို့ ဧရာမ ငွေရောင် လက်သည်းများပါရှိသော အညိုနှင့် အမည်းရောင် အစုအဝေးကြီးက အတုံးအခဲလိုက် ငြိမ်သက်စွာ ထိုင်နေပြီး၊ သေးငယ်စူးရှသော မျက်လုံးများဖြင့် ၎င်းကို ဖမ်းဆီးထားသူများကို စောင့်ကြည့်နေလေသည်။

ဝိညာဉ်အကြွင်းအကျန် များ အားလုံး ဒီမှာ ရှိနေပြီး၊ အားလုံး အကောင်းပကတိ ရှိနေသည်။ သူမ၏ ဝိညာဉ်အကူယန္တရားလေးက သူတို့၏ အမှတ်အသားများကို ဤမျှ လျင်မြန်စွာ ရှာတွေ့ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့က ဤမျှ အကောင်းပကတိနှင့် ဤမျှ နီးကပ်စွာ ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

သူတို့ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ကျောက်စိမ်းအဆင့် လူကြီးက ဆက်လက် စကားပြောနေပြီး၊ အကြိမ်များစွာ သင်ကြားပြီးသား သင်ခန်းစာ တစ်ခုကို ပြန်လည် ရွတ်ပြနေသည့်အလား သူတို့ကို ညွှန်ကြားနေလေသည်။

"ပထမဆုံး ကျောက်ဆူးချမယ်၊ ပြီးရင် ခေါ်မယ်... တကယ်လို့ သူ ပြန်မထူးဘူး ဆိုရင်၊ နောက်ထပ် လမ်းကြောင်း ပွင့်လာတာနဲ့ တစ်ပြိုင်နက် ငါတို့ ပြန်ကြိုးစားနိုင်အောင် လန်းလန်းဆန်းဆန်း ရှိနေရမယ်... ရှောင်... ငါတို့ရဲ့ တည်နေရာကို အတည်ပြုပြီးပြီလား..."

စီရှား သည် စကားပြောနေသူကို မသိသော်လည်း၊ လီ ကလန် ၏ အတော်ဆုံး ဖန်တီးရှင် များထဲမှ တစ်ဦးဖြစ်သော ရှောင် ကိုတော့ သူမ သိလေသည်။ သူသည် ထိပ်ပြောင်ပြီး ခန္ဓာကိုယ် သေးငယ်ကာ၊ ဝိညာဉ်အကြွင်းအကျန် များကို ခြေရာခံရှာဖွေရာတွင် ကျွမ်းကျင်သူ တစ်ဦးထက်စာလျှင် တပည့်သစ် တစ်ဦး၏ အသွင်အပြင်နှင့် ပိုတူလေသည်။

မည်သူ့အတွက်မျှ အသုံးမဝင်နိုင်လောက်အောင် တုံးတိပြီး တုတ်ခိုင်လွန်းသော တလက်လက် တောက်ပနေသည့် သံမဏိ ဓားတစ်လက်နှင့်တူသော သူ၏ ကိုယ်ပိုင် ဝိညာဉ်အကူယန္တရား သည် အပ်စိုက်ခုံ တစ်ခုကဲ့သို့ အင်တင်နာ လက်တံများ ထွက်ပေါ်နေလေသည်။ သူသည် ၎င်း၏ လေချွန်သံများကို နားထောင်လိုက်၊ ခေါက်စာလိပ် တစ်ခုပေါ်တွင် တစ်ခုခုကို စစ်ဆေးလိုက်၊ ကျောက်သင်ပုန်းနှင့် မြေဖြူဖြင့် မှတ်စုတစ်ခု ရေးမှတ်လိုက်ပြီးနောက်၊ မြေပုံတစ်ခုကို တိုက်ဆိုင် စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်။

"အတည်ပြုပြီးပါပြီ၊ ဂုဏ်သရေရှိ အကြီးအကဲ... တကယ်လို့ ငါတို့ တံခါးပေါက်ကို အချိန်ကိုက် ဖွင့်နိုင်မယ်ဆိုရင်၊ သူက ဒီနေရာ အတိအကျကနေ ထွက်ပေါ်လာပါလိမ့်မယ်..."

"တကယ်လို့ ငါတို့ ထပ်ပြီး ကျရှုံးခဲ့ရင်၊ သူက ငါတို့ အားလုံးကို အပြစ်ပေးလိမ့်မယ်..."

အမြင့်ဆုံး အဆင့်ရှိသော အကြီးအကဲက ကြမ်းတမ်းသော လေသံဖြင့် ပြောလိုက်သည်။ ရှောင် နှင့်အတူ အခြား အနည်းငယ်သော သူများ၏ ကိုယ်ပေါ်တွင် သိသာထင်ရှားသော တုန်လှုပ်မှု တစ်ခု ဖြတ်သန်းသွားလေသည်။

"အဲဒီလို မဖြစ်ရလေအောင် ငါတို့ ကြည့်လုပ်ကြတာပေါ့... စတင်ဖို့ ငါတို့ အဆင်သင့် ဖြစ်ပြီလား..."

ရှောင် သည် မှတ်စု အနည်းငယ်ကို ထပ်မံ စစ်ဆေးလိုက်ပြီး၊ သူ၏ ထိပ်ပြောင်နေသော ခေါင်းက အထက်အောက် ညိတ်သွားကာ၊ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

"အခုပဲ..."

သူက အော်ဟစ်လိုက်သည်။

"အစီအရင်ကို အခုပဲ အသက်သွင်းလိုက်၊ အခုပဲ၊ အခုပဲ...”

လီ ကလန် အကြီးအကဲများသည် မြေကြီးပေါ်ရှိ သူတို့၏ အုတ်ကြွပ်ပြားများဆီသို့ အလုအယက် သွားကြပြီး၊ အတွေ့အကြုံမရှိသေးသူများကဲ့သို့ အလောတကြီးဖြင့် ၎င်းတို့ထဲသို့ မာဒြာများ ထိုးသွင်းလိုက်ကြသည်။ အစီအရင်က အစပိုင်းတွင် ပုံမှန်မဟုတ်ဘဲ အဖြူရောင် လင်းလက်လာသော်လည်း၊ စက္ကန့်ပိုင်းအတွင်းမှာပင် ချောမွေ့သော သွေးခုန်နှုန်းတစ်ခုကဲ့သို့ တည်ငြိမ်သွားလေသည်။

စက်ဝိုင်းအတွင်းရှိ ဝိညာဉ်အကြွင်းအကျန် သုံးခုစလုံးက တစ်ခုခု မှားယွင်းနေကြောင်း သိသာစွာ အာရုံခံမိသွားကြသည်။ သူတို့ အားလုံးသည် သူတို့ မျိုးနွယ်များ၏ ထူးခြားသော ပုံစံများအတိုင်း စတင် အော်ဟစ်ကြလေသည်။ ပွေးကောင်က နှင်းထုပြိုကျသကဲ့သို့၊ လင်းနို့က တောင်ထွတ်မြင့်များကြားမှ ဖြတ်တိုက်သွားသော လေချွန်သံကဲ့သို့၊ ယုန်က မြန်ဆန်သော နှလုံးခုန်သံကဲ့သို့ အသံများ ထွက်ပေါ်လာလေသည်။

***

All Chapters