သက်ဆိုးရှည်ကျိန်စာ
Vol. 6 Ch. 523
ထိုအချိန်မှာပင် “လူတစ်ယောက်သည် တာ့ရှားဧကရာဇ် ကြော်ငြာထားသည့် ကြော်ငြာစာကို ဖြုတ်ယူ လိုက်သည်” ဆိုသည့်သတင်းကို တပ်မှူးလေး တစ်ယောက်က လာရောက် သတင်းပို့လေသည်။
တာ့ရှားဧကရာဇ်ကလည်း ထိုလူကိုချက်ချင်းပင် လက်ခံ တွေ့ဆုံလေသည်။
ထိုသူမှာ ဆံပင် အနက်ရောင်ကို အပြာရောင်ကြိုးစဖြင့် ချည်နှောင်ထားပြီး ခန္ဓာကိုယ်မှာ ကြံ့ခိုင်ပုံ ရလေသည်။ သူ၏ ခြေလှမ်းများက ညင်သာပြီး သူ့ထံမှ ထူးခြားသည့် တန်ခိုးစွမ်းအား အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် သာမန် လူတစ်ယောက် မဟုတ်ကြောင်း သိနိုင်လေ၏။
"ကျုပ်နာမည်က ဝမ်ကျုန်းလို့ ခေါ်ပါတယ် မင်းကြီး"
ဝမ်ကျုန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပြောလိုက်လေသည်။
တာ့ရှားဧကရာဇ်က ဝမ်ကျုန်းကို တစ်ချက်အကဲခတ်လိုက်ပြီး…
"ကျုပ်ရဲ့ရဟန်းမင်းကြီးကို ဆေးကုသပေးနိုင်မလား"
အခန်းအတွင်းသို့ ဝင်လာပြီး ကတည်းက ဝမ်ကျုန်းကလည်း တာ့ရှားဧကရာဇ်ကို အကဲခတ် နေခဲ့လေသည်။
တာ့ရှားဧကရာဇ်ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများမှာ ပူလောင်ပြီး မီးဘောလုံးကြီး တစ်လုံးနှင့် တူလေသည်။ မည်သည့် ကျင့်ကြံသူမဆို တာ့ရှားဧကရာဇ်ကို ကြောက်ရွံ့ကြမည်သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် တာ့ရှားဧကရာဇ်၏ တန်ခိုး စွမ်းအားများသည် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ် ပစ်နိုင်သောကြောင့်ပင်။
"ဆရာကပြောဖူးတယ်၊ လောကကြီးက ကျယ်ပြောလွန်းတယ်၊ တန်ခိုးစွမ်းအား ကြီးမားတဲ့ သူတွေလည်း နေရာအနှံ့မှာ ရှိတယ်တဲ့၊ ဒါ တာ့ရှားပြည်က ရှားမျိုးနွယ်တွေကို ပြောတာပဲ ဖြစ်ရမယ်"
ဝမ်ကျုန်းစိတ်ထဲမှ တွေးလိုက်မိ လေသည်။
"ရဟန်းမင်းကြီးကို ကျုပ်တစ်ချက်လောက် ကြည့်ခွင့်ရနိုင်မလား၊ ဒါမှ သူ့အခြေအနေကို သိရမှာမို့လို့ပါ၊ မင်းကြီး စိတ်မပူပါနဲ့"
"ငါကိုယ်တော်က ကျင့်ကြံသူတွေကို သိပ်မုန်းတယ်၊ မင်း သူ့ရဲ့ အသက်ကို မကယ်ပေး နိုင်ဘူးဆိုရင် သေဒဏ်ကျခံရမယ်”
တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။
ဝမ်ကျုန်းက ပြုံးလိုက်ရင်း…
"သူ့ကိုသာ တစ်ချက်လောက် ကြည့်ခွင့်ပေးပါ၊ ကုသဖို့က ပြီးမှ ဆွေးနွေးကြတာပေါ့"
ဝမ်ကျုန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေသည်။
တာ့ရှားဧကရာဇ်က လက်နှစ်ဖက် နောက်ပစ်ကာ ဝမ်ကျုန်းကို ကြည့်နေလေသည်။ ဧကရာဇ်ထံမှ ထွက်ပေါ်နေသည့် တန်ခိုး စွမ်းအားများက မြင့်မားလွန်းပြီး သူ၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေလေသည်။
"အမြန်သွားကြည့်စမ်း…"
တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်သည်။
ဝမ်ကျုန်းက ကျောက်စိမ်း သလွန်ဆီသို့ လမ်းလျှောက် သွားလိုက်ပြီး ရဟန်းမင်းကြီး၏ ရောဂါ အခြေအနေကို စစ်ဆေး ကြည့်လိုက်လေသည်။
“သက်ဆိုးရှည် ကျိန်စာမိထားတာပဲ….”
သက်ဆိုးရှည် ကျိန်စာဆိုသည်မှာ မှော်ပညာတစ်ခုပင် ဖြစ်လေသည်။ လူတစ်ယောက်သည် သက်ဆိုးရှည်ကျိန်စာ မိပါက မည်သည့်အခါမှ သေဆုံးတော့မည် မဟုတ်ပေ။ သို့သော် ကျိန်စာလေး တစ်ခုက လူတစ်ယောက်၏ အသက်ကို ထာဝရ ရှင်သန်စေမည်ဆိုလျှင် ချန်စန်းတံခါးဝတွင် လူသေများ၏ ဝိညာဉ်များပင် ရှိတော့မည် မဟုတ်ပေ။
သက်ဆိုးရှည်ကျိန်စာတွင် အားနည်းချက် တစ်ခု ရှိလေသည်။
ကျိန်စာမိသူသည် ကျိန်စာမိသည့် နေ့မှစပြီး ခန္ဓာကိုယ်၏ ဖြစ်စဉ်များ အားလုံး ရပ်တန့်သွားမည် ဖြစ်လေသည်။ ခန္ဓာကိုယ်၏ ဖြစ်စဉ်များသည် ကျိန်စာမိသည့်နေ့မှ အခြေအနေအတိုင်း တစ်ဘဝလုံး ရပ်တန့်နေမည် ဖြစ်လေသည်။ သက်ဆိုးရှည် ကျိန်စာကြောင့် လူတစ်ယောက်သည် အိုမင်းလာမည်လည်း မဟုတ်တော့ပေ။ မည်သည့်အရာမှ မပြောင်းလဲတော့ပဲ တည်ရှိနေမည် ဖြစ်လေသည်။
ရဟန်းမင်းကြီးသည် သက်ဆိုးရှည် ကျိန်စာမမိခင်က ဒဏ်ရာ အပြင်းအထန် ရခဲ့ဟန် တူလေသည်။ ထိုဒဏ်ရာကို မကုသရသေးခင်မှာပင် ကျိန်စာ အတိုက်ခံလိုက်ရခြင်း ဖြစ်လေသည်။ ဒဏ်ရာနှင့်အတူ ကျိန်စာမိသွားသည့် အတွက် ဒဏ်ရာမှာ ပိုဆိုးလာခြင်း မရှိသည့်တိုင် မည်သည့် အခါမှလည်း ပျောက်ကင်းနိုင်ခြင်း မရှိတော့ပေ။
ဝမ်ကျုန်းသည် သူ၏ဦးခေါင်းထက်မှ ဆံပင်ဖြူရှည် တစ်ချောင်းကို ဆွဲနှုတ်လိုက်ကာ ရဟန်းမင်းကြီး၏ လက်ကောက်ဝတ်တွင် ချည်နှောင် လိုက်လေသည်။ ထိုအခါ ရဟန်းမင်းကြီး၏ ခန္ဓာကိုယ်တွင် ခံစားနေရသည့် ရောဂါအားလုံးသည် သူ၏ စိတ်အာရုံတွင် ထင်ဟပ် လာလေသည်။
ထိုအခါ ဝမ်ကျုန်းသည် အံ့သြခြင်းမက အံ့သြ သွားရလေတော့သည်။
အဘယ်ကြောင့်ဆိုသော်…
ရဟန်းမင်းကြီး၏ ကိုယ်တွင်း အင်္ဂါများထဲတွင် နှလုံးမရှိတော့ပေ။
ရဟန်းမင်းကြီး၏ ကိုယ်ထဲတွင် စီးဆင်းနေသည့် တန်ခိုးစွမ်းအားများက နှေးကွေးနေပြီး တဖြည်းဖြည်း အားနည်းလာ နေလေသည်။ တန်ခိုးစွမ်းအားများ အားနည်း လာသည်နှင့်အမျှ ခန္ဓာကိုယ်သည်လည်း လုံးဝ သုံးမရတော့သည့် ခန္ဓာကိုယ်တစ်ခု ဖြစ်သွားပေလိမ့်မယ်။
သာမန်အားဖြင့်ဆိုလျှင် လူသေများကိုပင် ပြန်လည် ရှင်သန် စေနိုင်သည့် ကျင့်စဉ်စွမ်းအားကို အသုံးပြုကာ ရဟန်းမင်းကြီး၏ ဒဏ်ရာကို ကုသပေး၍ ရလေသည်။ သို့သော် ရဟန်းမင်းကြီး၏ ဝိညာဉ်မှာ ရုပ်ခန္ဓာကိုယ်နှင့် တစ်သားတည်း ကျနေသည့်အတွက် ရုပ်ခန္ဓာနှင့်ဝိညာဉ် ခွဲထုတ်၍ မရသည့် အတွက် ထိုကျင့်စဉ်ဖြင့်လည်း ကုသပေးရန် မဖြစ်နိုင်တော့ပေ။
ရဟန်းမင်းကြီး၏ ရုပ်ခန္ဓာ ရပ်တန့်သွားသည်နှင့် ဝိညာဉ်ပါတစ်ခါတည်း ရပ်တန့်သွားမည် ဖြစ်လေသည်။ ထိုအခါ လောကတွင် ရဟန်းမင်းကြီး၏ တည်ရှိမှုသည် လူသေနှင့် မခြားတော့ပေ။
တာ့ရှားဧကရာဇ်သည် ဝမ်ကျုန်း၏ မျက်နှာ အမူအရာကို အကဲခတ်နေလေသည်။
အမှန်တော့ ရဟန်းမင်းကြီး၏ ဒဏ်ရာကို ကုသရန်မည် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါ။
တာ့ရှားဧကရာဇ်သည် ကျင့်ကြံသူများကဲ့သို့ မူလဝိညာဉ် ခန္ဓာ မရရှိသည့်တိုင် နတ်ဘုရား တစ်ပါးပင် ဖြစ်လေသည်။
အမှန်တော့ ရဟန်းမင်းကြီး ဆက်လက် ရှင်သန်နိုင်ရန် အတွက် ဝိညာဉ်စွမ်းအား တိုးတက် ကောင်းမွန် လာစေရန် ပြုလုပ်ရမည် ဖြစ်လေသည်။ ထိုသို့ပြုလုပ်ရန် အတွက် မြင့်မားသည့် မူလဝိညာဉ် ခန္ဓာကို ပိုင်ဆိုင်သည့် ကျင့်ကြံသူ တစ်ယောက်၏ အကူအညီကို လိုအပ်လေသည်။
နှစ်ပေါင်းများစွာ ကြာအောင် တာ့ရှားဧကရာဇ်သည် တာအိုဝါနှင့် ဗုဒ္ဓဘာသာကို ဖိနှိပ်ခဲ့ပြီး ကျင့်စဉ် စာအုပ်များစွာကို စုစည်း ခဲ့လေသည်။ သို့သော် ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်းနှင့် ပတ်သက်သည့် အခြေခံကျသည့် ကျင့်စဉ်မျိုးကို တစ်ခုတလေမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပေ။
တိချိုးမြို့တော်တွင် ဝိညာဉ် စွမ်းအားလည်း မြင့်မားပြီး မူဝိညာဉ် ခန္ဓာမှာလည်း အလွန်ကြံ့ခိုင်သည့် လူနှစ်ယောက်သာ ရှိလေသည်။
သူတို့မှာ ထျန်းယီနှင့် ဆန်းလျန်သာ ဖြစ်လေသည်။
ထျန်းယီသည် ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်တွင် ရှစ်ဆင့်အထိ အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ သူ၏ မူလဝိညာဉ်ခန္ဓာ သည် အသူရာချောက်တွင် ထိပ်တန်း အဆင့် ဖြစ်လေ၏။ တိကျန် ဗောဓိသကျ အသူရာချောက်မှ ထွက်ခွာသွားပြီး သည့်နောက်ပိုင်း ကျင့်ကြံသူများ အကြားတွင် ထျန်းယီသည် အတော်ဆုံး ဖြစ်လေ၏။
ဆန်းလျန်ကလည်း ထျန်းယီထက် အဆင့်နိမ့်သူ တစ်ယောက် မဟုတ်ပေ။ ဆန်းလျန်နှင့် ထျန်းယီ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ဆန်းလျန်၏ ဇာစ်မြစ်က ပိုပြီး ထူးဆန်းလေသည်။ ထို့ပြင် ဆန်းလျန်သည် တိကျန် ဗောဓိသကျ၏ ရှေ့ဖြစ် ဟောကြားမှုနှင့် အတူ မွေးဖွားလာသည့် လူငယ် တစ်ယောက် ဖြစ်လေသည်။
တာ့ရှား ဧကရာဇ်၏ စိတ်ခံစားချက်များသည် ဆန်းလျန် အပေါ်တွင် ရှုပ်ထွေးလျက် ရှိလေ၏။ ရဟန်းမင်းကြီး ဒဏ်ရာ အပြင်းအထန် ခံစားနေရခြင်းသည် ဆန်းလျန်ကြောင့် ဖြစ်လေသည်။
ရဟန်းမင်းကြီးသည် ဒဏ်ရာ ပြင်းထန်သည့် အတွက်တော့ သေဆုံးမသွားနိုင်ပေ။ သို့သော်… တာ့ရှား ဧကရာဇ်သည် ရဟန်းမင်းကြီးကို ဒဏ်ရာမှ ပြန်လည် သက်သာစေလိုသည့် ဆန္ဒ ရှိနေလေသည်။ ရဟန်းမင်းကြီးကို အသက်ရှည်ရှည်နှင့် ကောင်းကောင်းမွန်မွန် ရှင်သန် သွားစေရန်မှာ သူ့ဘဝတွင် အဖြစ်ချင်ဆုံး ဆန္ဒတစ်ခု ဖြစ်လေ၏။
တာ့ရှားဧကရာဇ်သည် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေ။ သူ့အနေဖြင့် ကျင့်ကြံရန်လည်း မလိုအပ်ပေ။ သူ့ကိုယ်သူ အားကိုးရန်သာ လိုအပ်လေသည်။ သူက သူ၏ စွမ်းအားများ မြင့်တက် လာစေရန် အတွက် အမြဲတမ်း သူ့ကိုယ်သူ မြှင့်တင်နေတတ်သူ တစ်ယောက် ဖြစ်လေသည်။ သူ့ကို တားဆီးသည့် အခက်အခဲ အတားအဆီး မှန်သမျှကို ချိုးဖျက်ပြီး အမြင့်မားဆုံးတန်ခိုးစွမ်းအားများကို ရရှိခဲ့သူလည်း ဖြစ်လေသည်။
ဝမ်ကျုန်းသည် လက်ချောင်းလေးများကို ကွေးလိုက်ပြီး ဆံပင်စကို ပြန်သိမ်း လိုက်လေသည်။
“မင်း ဘာမြင်ရလဲ…”
တာ့ရှားဧကရာဇ်က မေးလိုက်လေသည်။
ဝမ်ကျုန်းက ပြုံးလိုက်ရင်း…
“မင်းကြီး၊ သူ့ရောဂါကို ဘယ်လို ကုသရမယ်ဆိုတာ မင်းကြီးသိပြီးသားပဲ၊ ဘာဖြစ်လို့ သမားတော် ရှာဖွေနေရသေး တာလဲ”
တာ့ရှားဧကရာဇ်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…
“မင်းက တော်သားပဲ၊ ဒါပေမဲ့ ငါကိုယ်တော်က အဲဒီနည်းလမ်းကို မသုံးချင်ဘူး၊ တခြားနည်းလမ်းများ ရှိနိုင်မလား သိချင်တယ်”
“ဒါဆိုရင်တော့ ကျုပ်လည်း မကူညီနိုင်တော့ပါဘူး”
ရဟန်းမင်းကြီးကို ကုသရန် အတွက် ဝမ်ကျုန်းတတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာလည်း “ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်” ကို ကျင့်ကြံစေကာ ရဟန်းမင်းကြီး၏ ဝိညာဉ်စွမ်းအား တိုးတက် လာစေရန် ပြုလုပ်ပေးနိုင်သည့် တစ်နည်းသာ ရှိလေသည်။ ထို့နောက် ဝိညာဉ်စွမ်းအားကို ပြန်လည် ထူထောင်ပြီး ယင်နှင့်ယန်ကို ညှိနှိုင်းပြီး ခန္ဓာကိုယ်ကို ပြန်လည် ကုသနိုင်လေသည်။ အနည်းဆုံးတော့ ရုပ်ခန္ဓာ ရပ်တန့်မသွားဘဲ အသက် ဆက်ရှင်နိုင်မည် ဖြစ်လေသည်။
သို့သော် ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်သည် ရှားပါးပြီးတန်ဖိုးကြီးမားလေသည်။ တာ့ရှား ဧကရာဇ်ကဲ့သို့ လူမျိုးပင်လျှင် ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်ကို ရှာမတွေ့နိုင်ခဲ့ပေ။ ရှာတွေ့ခဲ့သည့် ကျင့်စဉ်များမှာလည်း မိစ္ဆာလမ်းစဉ်များသာ ဖြစ်လေသည်။ မိစ္ဆာလမ်းစဉ် များကတော့ အဓိပ္ပာယ်မရှိလှပေ။
ဝမ်ကျုန်း၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာလေသည်။
ထျန်းယီနှင့် ဆန်းလျန်….
သူတို့ နှစ်ယောက်လုံးသည် ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်များကို ကျင့်ကြံ ထားကြသူများ ဖြစ်လေသည်။ ထို့ပြင် သူတို့ ကျင့်ကြံထားသည့် ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်များသည် ထိပ်တန်းအဆင့် ကျင့်စဉ်များ ဖြစ်ကြလေသည်။
ထိုအချက်ကို တာ့ရှားဧကရာဇ် မရိပ်မိဘူး ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။
“ကြည့်ရတာ မင်းလည်း တခြားသူတွေလိုပဲ အသုံးမကျဘူးပဲ၊ လာကြစမ်း…. သူ့ကို တောင်ဘက် တံခါးက ဆွဲထုတ်သွားပြီး ခေါင်းဖြတ် သတ်ပစ်လိုက်ကြ…”
တာ့ရှားဧကရာဇ်က အေးစက်စွာဖြင့် အမိန့်ပေး လိုက်လေသည်။
ချက်ချင်းပင် ရှည်လျားသည့် အစိမ်းရောင် ကြိုးများ ထွက်ပေါ်လာပြီး ဝမ်ကျုန်းကို ရစ်ပတ်ချည်နှောင် လိုက်လေသည်။
ဝမ်ကျုန်းမှာ ကြိုးများဖြင့် ချည်နှောင် ခံလိုက်ရပြီး သူ၏ တန်ခိုးစွမ်းအား များမှာလည်း ပိတ်သိမ်း ခံလိုက်ရလေသည်။
တပ်မှုးတစ်ယောက် ဝင်ရောက်လာပြီး ဝမ်ကျုန်းကို နန်းတော်အပြင်သို့ ခေါ်ထုတ် သွားလေတော့သည်။
***