ရှေးကျသည့်ကျင့်ကြံသူအုပ်စု
Vol. 6 Ch. 524
ကြိုးများဖြင့် ချည်နှောင် ခံထားရသည့် ဝမ်ကျုန်းက ရယ်မောလိုက်ရင်း…
“မင်းကြီး၊ ဘာလို့ ဒေါသတွေ အရမ်းထွက်နေရတာလဲ”
“သူ့ကို ခေါ်ထုတ်သွားစမ်း”
မည်သို့ပင်ဖြစ်စေ ရဟန်းမင်းကြီးကို ကုသမပေးနိုင်သည့် မည်သူ့ကိုမဆို တာ့ရှားဧကရာဇ်က မြင်တွေ့လိုခြင်း မရှိတော့ပေ။
နန်းတွင်း မင်းမှုထမ်း စစ်သည်တော်များသည် ဝမ်ကျုန်းကို တောင်ဘက်တံခါးမှ ခေါ်ဆောင် သွားကြလေတော့သည်။
တောင်ဘက် တံခါးဆီတွင် တာ့ရှားပြည် အလံတော်က တလွင့်လွင့် လွင့်ပျံနေပြီး နေရောင်ခြည်က ပူလောင်စွာ တောက်ပနေလေသည်။
ဝမ်ကျုန်းသည် စစ်သည်တော်များ အလယ်တွင် တည်ငြိမ်စွာဖြင့် လိုက်ပါလာလေသည်။
“ဆရာက ပြောဖူးတယ်၊ ငါက ဓားနဲ့တစ်ခါ အစစ်ဆေးခံရမယ်၊ မီးနဲ့လည်းတစ်ခါ အစစ်ဆေး ခံရမယ်တဲ့၊ ကြည့်ရတာ ဒီနေ့တော့ ဓားနဲ့ အစစ်ဆေး ခံရတော့မယ် ထင်တယ်”
တာ့ရှားဧကရာဇ်၏ အစိမ်းရောင် ကြိုးများသည် အလွန် အဆင့်မြင့်သည့် တန်ခိုးစွမ်းအား ကြိုးများ ဖြစ်လေသည်။
ဆန်းလျန် သို့မဟုတ် ထျန်းယီကဲ့သို့သော လူမျိုးများသာလျှင် ထိုကြိုးများမှ လွတ်မြောက်ရန် စွမ်းဆောင် နိုင်ပေမည်။ ထို့ပြင် ထိုကြိုးများသည် လူတစ်ယောက်၏ တန်ခိုးစွမ်းအား များကိုလည်း ပိတ်သိမ်း ထားနိုင်စွမ်း ရှိသေးသည်။ မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားသူ ဖြစ်ပါစေ အစိမ်းရောင် ကြိုးများဖြင့် ချည်နှောင် ခံရပြီ ဆိုလျှင်တော့ ထိုသူသည် သာမန် လူတစ်ယောက်မျှသာ ဖြစ်သွားမည် ဖြစ်လေသည်။
သို့သော်…. ဝမ်ကျုန်းသည် အမှားအမှန်ကို ခွဲခြားသိမြင့်သည့် ထူးခြားသည့် တန်ခိုးစွမ်းအားနှင့် မွေးဖွားလာခဲ့သူ ဖြစ်လေသည်။ ခက်ခဲသည့် အခြေအနေကို ရင်ဆိုင် နေရသည့်တိုင် သူ့ပုံစံက တည်တည်ငြိမ်ငြိမ် ရှိလွန်းသည့်အတွက် စစ်သည်တော် များသည်ပင် သူ့ကို စကားတစ်လုံးမှ မပြောရဲကြပေ။
ပြင်းထန်သည့် နေရောင်ခြည်သည် ပူလောင် လွန်းလှပြီး ဝမ်ကျုန်းသည် ကွက်မျက်ရာ စင်မြင့်ပေါ်သို့ ဆွဲခေါ်ခြင်း ခံခဲ့ရလေသည်။
အာဏာပါးကွက်သားသည် ယင်းလုန် နဂါးကြီး၏ ရုပ်ပုံပါရှိသည့် ဓားကြီးတစ်ချောင်းကို ထုတ်ယူ လာလေသည်။ ပတ်ဝန်းကျင်မှာ လေထု တစ်ခုလုံးသည် သတ်ဖြတ်လိုသည့် အငွေ့အသက် များဖြင့် ပြည့်နှက် နေလေတော့သည်။
အာဏာပါးကွက်သားက မေးခွန်းတစ်ခု မေးလိုက်သည်။
“နောက်ဆုံးမှာ ကြားချင်တဲ့ စကားများ ရှိသေးလား”
ဝမ်ကျုန်းက ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ရင်း…
“သေခြင်းရှင်ခြင်းဆိုတာ ဘာများ ဂရုစိုက်စရာရှိလို့လဲ၊ ဒါပေမယ့် ကျုပ်ရဲ့ကံကြမ္မာက ကြီးမြတ်တယ်၊ ဒီနေ့ ဒီလိုနေရာမျိုးမှာ သေမှာမဟုတ်ဘူး”
အာဏာ ပါးကွက်သားက ပြုံးလိုက်ပြီး အေးစက်စွာဖြင့်…
“ဘယ်လောက် တန်ခိုးစွမ်းအား မြင့်မားတဲ့သူ ဖြစ်ပါစေ တောင်ဘက် တံခါးမှာ ဘယ်သူမှ အသက် မရှင်နိုင်ဘူး၊ မင်းလည်း ချွင်းချက် မရှိနိုင်ဘူး”
ဝမ်ကျုန်းသည် ပြုံးရုံသာ ပြုံးနေပြီး စကား မပြောတော့ပေ။
အာဏာ ပါးကွက်သားက လက်ဖဝါးနှစ်ဖက်ကို တစ်ချက် ပွတ်သပ်လိုက်လေရာ သူ၏ လက်ဖဝါးနှစ်ဖက်မှ သံမဏိကို မီးလောင်သကဲ့သို့ အပူငွေ့များ ထွက်ပေါ်လာလေသည်။ သူက လက်တစ်ဖက်ဖြင့် ဝမ်ကျုန်း၏ ဦးခေါင်းကို ဖိနှိပ်လိုက်ပြီး ကျုံးဝါးသံ တစ်ချက် ပြုလိုက်လေသည်။ ထို့နောက် နဂါးဓားကြီးဖြင့် ဝမ်ကျုန်း၏ လည်ပင်းကို ခုတ်ဖြတ် လိုက်လေတော့သည်။
သို့သော်…. အာဏာပါးကွက်သား၏ ကျုံးဝါးသံမှာ အနည်းငယ် တုန်ခါသွားပြီး နဂါးဓားကြီးမှာ နှစ်ပိုင်း ကျိုးသွားရလေသည်။
ဝမ်ကျုန်း၏ လည်ပင်းထက်တွင် အဖြူရောင်ဓားရာ တစ်ခုသာ ပေါ်လာပြီး မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရရှိခဲ့ပေ။
အာဏာပါးကွက်သားက အော်ဟစ် လိုက်လေသည်။
“မင်းကြီးကို သွားအကြောင်း ကြားကြစမ်း၊ ဒီလူက ဓားပြီး ခန္ဓာကျင့်စဉ်ကို ကျင့်ကြံ ထားတယ်”
ထို့နောက် အာဏာပါးကွက်သားသည် တူကြီးတစ်စုံကို ထုတ်လာလေသည်။ ထိုတူကြီးနှစ်ခု ထိခတ်မိသည်နှင့် အပြာရောင် လျှပ်စီးများက တဖျတ်ဖျတ် လင်းလက် လာလေသည်။ မိုးခြိမ်းသံများထွက်ပေါ်လာပြီး ဝမ်ကျုန်း၏ဆံပင် များပင်ထောင်လာလေသည်။
ရုတ်တရက်…
ဝမ်ကျုန်း၏ ခန္ဓာကိုယ်တွင် ချည်နှောင်ထားသည့် ကြိုးများသည် တစ်စစီ ပြတ်ထွက် သွားတော့သည်။
ဝမ်ကျုန်းက အော်ဟစ် ရယ်မောလိုက်သည့် အခါတွင်တော့ တူကြီးနှစ်ခုမှ ထွက်ပေါ်နေသည့် အပြာရောင် လျှပ်စီးကြောင်းများသည် သူ၏ ပါးစပ်အတွင်းသို့ စီးဆင်း ဝင်ရောက် သွားကာ သူ၏ တန်ခိုးစွမ်းအားများဖြင့် ပေါင်းစပ်ပြီး လှည့်ပတ် သွားလေသည်။
အာဏာပါးကွက်သားမှာ မိုးကြိုးနတ်ဘုရား၏ တူစွမ်းအားကြောင့် ဝမ်ကျုန်း၏ ခန္ဓာကိုယ် တစ်ခုလုံး ထုံကျဉ် သွားမည်ဟု ထင်မှတ် မိခဲ့လေသည်။ သို့သော် ဝမ်ကျုန်းကတော့ အကြောက်အရွံ့ မရှိဘဲ မိုးကြိုး လျှပ်စီးကြောင်းများကို စုပ်ယူကာ ချည်နှောင်ထားသည့် အစိမ်းရောင် ကြိုးများကိုပင် ဖြတ်တောက် ပစ်လိုက် နိုင်လေသည်။
ထိုအချိန်မှာပင်….
တာ့ရှားနန်းတော်ဆီမှ ကျုံးဝါးသံကြီး တစ်ချက် ထွက်ပေါ်လာပြီး အဖြူရောင် အလင်းတန်း တစ်ခုသည် တောင်ဘက် တံခါးဆီသို့ ဦးတည် လာလေသည်။ ထိုအဖြူရောင် အလင်းတန်သည် ဝမ်ကျုန်း၏ ခန္ဓာကိုယ်ကို တစ်ချက် လှည့်ပတ်လိုက်ပြီး ဝမ်ကျုန်း၏ ဦးခေါင်းမှာ ပြတ်ကျ သွားလေတော့သည်။
အဖြူရောင် အလင်းတန်း အတွင်းမှ အနက်ရောင် မိစ္ဆာဓားကောက်ကြီး ထွက်ပေါ် လာလေသည်။
ဝမ်ကျုန်း အသက်မရှိတော့သည်မှာ သေချာတော့မှ မိစ္ဆာဓားကောက်ကြီးသည် တာ့ရှား နန်းတော်သို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။
အဖြစ်အပျက်များသည် အလွန်မှ မြန်ဆန်လှလေသည်။
ဝမ်ကျုန်း၏ခေါင်းပြတ်ကြီးသည် သူ၏ခန္ဓာကိုယ်နှင့် ပေအနည်းငယ် အဝေးတွင် ကျနေလေသည်။ မျက်လုံးများက မှိတ်နေပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ အစိမ်းရောင် တန်ခိုးစွမ်းအား အခိုးအငွေ့များ ထွက်ပေါ်နေလေသည်။
အာဏာ ပါးကွက်သားက ဝမ်ချန်နန်းတော်ဆီသို့ လက်နှစ်ဖက်စုပ် ဂါရဝ တစ်ချက်ပြုလိုက်ရင်း ဧကရာဇ်မင်းကို ရည်မှန်းကာ ဂါရဝ ပြုလိုက်လေသည်။ ပြီးမှ အရက်အိုးကို ကောက်ယူပြီး အရက် တစ်ငုံငုံလိုက်ကာ ဝမ်ကျုန်း၏ ခေါင်းပြတ်ကြီး ရှိရာသို့ ထွေးထုတ် လိုက်လေသည်။ ထိုအခါ မီးနဂါးကြီး တစ်ကောင် ထွက်ပေါ်လာပြီး ထိုနဂါးကြီးက ဝမ်ကျုန်း၏ ဦးခေါင်းကို ရစ်ပတ် ထားလိုက်လေသည်။
ထိုအခါ ဦးခေါင်းဆီမှ ထွက်ပေါ်နေသည့် အစိမ်းရောင် အခိုးအငွေ့များ ပျောက်ကွယ် သွားလေတော့သည်။
အာဏာ ပါးကွက်သားသည် နဖူးထက်မှ ချွေးစများကို တစ်ချက်သုတ်လိုက်ရင်း…
“သတ်ရခက်လိုက်တဲ့ မိစ္ဆာကောင်၊ နောက်ဆုံးတော့ အသက်ပျောက်သွားပြီ”
မင်လော့၏ မိစ္ဆာ ဓားကောက်ကြီးသာ မဟုတ်လျှင် မည်သည့်ဓားကမှ ဝမ်ကျုန်းကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ ဓားပြီး ခန္ဓာဆိုသည်မှာ ရှားမျိုးနွယ်များပင် မကြုံတွေ့ဖူးသည့် ကျင့်စဉ် တစ်ခု ဖြစ်လေသည်။
သို့သော်… ထိုခဏလေး အတွင်းမှာပင် အာဏာပါးကွက်သားသည် သူ၏မျက်လုံးများကိုပင် မယုံနိုင်လောင်အောင် ဖြစ်သွားရလေသည်။
ဝမ်ကျုန်း၏ အလေင်းသည် ရွှံ့အိုင်တစ်ခုကဲ့သို့ အရည်ပျော်သွားကာ သံချောင်းများအလား ပြန်လည် ဖြစ်တည် လာလေသည်။
“စစ်သည်တော်တွေနဲ့ ဓားသွားတွေဟာ နတ်ဘုရား တစ်ပါးကို ဘယ်လိုလုပ် သုတ်သင်နိုင်မှာလဲ၊ မိစ္ဆာစွမ်းအားဆိုတာ ဒေါသတရားကနေ ဖြစ်တည်လာတာပဲ”
တာအို ကဗျာရွတ်ဆိုသံသည် ဝမ်ချန်နန်းတော် တစ်ခုလုံးသို့ ပျံ့နှံ့ သွားလေသည်။
ထိုအသံကြောင့် တာ့ရှား ဧကရာဇ်က ဒေါသ ထွက်သွားခြင်း မရှိပါ။
သူက အိပ်ရာထက်တွင် လဲလျောင်းနေသည့် ရဟန်းမင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး….
“ဒီလူရဲ့ ဇာစ်မြစ်ကဘာများလဲ”
ရဟန်းမင်းကြီးသည် လဲလျောင်းနေရာမှ ခေါင်းအုံးကို အသာထောင်မတ်ကာ အနည်းငယ် ခန္ဓာကိုယ်ကို မတ်အောင် ပြုပြင်လိုက်လေသည်။
“သူက စန့်ချင်ကျောင်းတော်က တပည့်တစ်ယောက် ဖြစ်ရမယ်”
“ဒါဆို သူက လင်ပေါင်ထျန်းကျွင်းရဲ့ တပည့်လား….”
တာ့ရှားဧကရာဇ်က မေးလိုက်လေသည်။ သူ၏မေးခွန်းတွင် မရေရာခြင်းများဖြင့် ပြည့်နှက် နေလေသည်။
“သူက တတိယ မျိုးဆက်ရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်တယ်၊ သူသာ လင်ပေါင်ထျန်းကျွင်းရဲ့ တပည့်ဆိုရင်တော့ မိုးကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်နေလောက်ပြီပေါ့၊ ကြည့်ရတာ…. ဒီလိုရှေးကျတဲ့ ကျင့်ကြံသူတွေ ပြန်ပြီး ပေါ်ထွက်လာတာ ငါတို့သွားမယ့် လမ်းအတွက်တော့ အခက်အခဲတွေ ဖြစ်ကုန်တော့မှာပဲ၊ မင်းအနေနဲ့ တာ့ရှားပြည်ကို စွန့်လွှတ် လိုက်တာက ပိုပြီးအသိဉာဏ် ရှိရာ ရောက်လိမ့်မယ်”
ရဟန်းမင်းကြီးက ပြောလိုက်လေသည်။
ဝမ်ကျုန်းသည် နှစ်ပေါင်းများစွာ ကြာအောင် ပျောက်ဆုံးနေသည့် ရှေးကျသည့် ကျင့်ကြံသူ အုပ်စုတစ်စုမှ ပြန်လည်ပေါ်ထွက်လာသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်လေသည်။
အသူရာချောက်တွင် တာ့ရှားပြည်သည် ယခင်ကလို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားနိုင်မည် မဟုတ်တော့ပေ။
တာ့ရှားဧကရာဇ်က ရဟန်းမင်းကြီးကို မီးဝင်းဝင်း တောက်နေသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ရင်း….
“တာ့ရှားပြည် မရှိမှတော့ ငါကိုယ်တော်က ဘယ်လိုလုပ် တာ့ရှားဧကရာဇ် လုပ်လို့ ရတော့မလဲ၊ ငါကိုယ်တော်က စစ်ဝမ်မင့်ရဲ့ အမွေအနှစ်တွေကို ကာကွယ်ပေးနေတာ၊ လူတိုင်းက ငါကိုယ်တော်သာလျှင် တာ့ရှားဧကရာဇ် အစစ်အမှန် ဆိုတာကို သိစေရမယ်”
ရဟန်းမင်းကြီးက သက်ပြင်းတစ်ချက် ချလိုက်ရင်း…
“မင်းတို့ နှစ်ယောက်က မတူဘူး၊ ပြီးတော့ မင်းက တာ့ရှားဧကရာဇ် ဖြစ်ပါတယ် ဆိုတာကိုလည်း ဘယ်သူ့ကိုမှ လိုက်ပြီး သက်သေပြနေစရာ မလိုပါဘူး”
တာ့ရှားဧကရာဇ်က ရယ်မော လိုက်ရင်း အခန်းတွင်းမှ ထွက်ခွာ သွားလေသည်။
ရဟန်းမင်းကြီးသည် တာ့ရှား ဧကရာဇ်၏ ကျောပြင်ကို နက်ရှိုင်းသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ရင်း ကျန်ရစ် ခဲ့လေသည်။ တာ့ရှား ဧကရာဇ်သည် တစ်နေ့တခြား ကျင့်ကြံသူ တစ်ယောက်နှင့် ပိုပြီးဆင်တူလာပြီဟု သူကတွေးနေမိလေသည်။
ရှားမျိုးနွယ်များနှင့် တော်ဝင်မျိုးနွယ်များသည် ပင်ကိုမွေးရာပါ တန်ခိုးစွမ်းအားများ တိုးတက် လာရန်သာ လေ့ကျင့်ကြပြီး တာအို ကျင့်စဉ်များကို ကျင့်ကြံလေ့ မရှိကြပေ။ ထို့ကြောင့် သူတို့သည် ဝိညာဉ်စွမ်းအား အရာတွင် အားနည်းကြလေသည်။
သို့သော်… တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများကတော့ အကန့်အသတ် မဲ့လေသည်။ သူ၏ ဝိညာဉ်စွမ်းအားများ မှာလည်း ထူးခြားလှပြီး တာအို လမ်းကြောင်းသို့ ပို့ဆောင် ပေးနိုင်စွမ်း ရှိလေသည်။
တာ့ရှားဧကရာဇ်သာ စစ်ဝမ်မင့်၏ အဆင့်သို့ ရောက်ရှိသည်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင် ဆန်းလျန်နှင့် ထျန်းယီကို အလွယ်လေးပင် သတ်ဖြတ်ပစ်နိုင်မည် ဖြစ်လေသည်။ အသူရာ ချောက်တွင် ရှေးကျသည့် ကျင့်ကြံသူ အုပ်စု ပြန်လည် ပေါ်ထွက်လာခဲ့လျှင်တောင်မှ တာ့ရှား ဧကရာဇ်သည် နဂိုအတိုင်း တည်ရှိနေနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်သည် ကျီဝေး ကျောင်းတော်ထဲတွင် ထိုင်နေလေသည်။
ကျီဝေးကျောင်းတော် အပြင်ဘကတွင်တော့ တာ့ကြွယ်ကျောင်းတော်မှ ဘုန်းတော်ကြီးမှ ဆန်းလျန် ရေးဆွဲထားသည့် စက်ဝန်းထဲမှ လွတ်မြောက်ရန် အတွက် အပြင်းအထန် ကြိုးစားနေလေသည်။
သူက ဝမ်ချန်နန်းတော် ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း….
“မင်းက မက်မွန်ပင်ကို ကယ်တင်ချင်တာနဲ့ပဲ ဇီးသီးပင်က ခုတ်လှဲ ပစ်ခဲ့တယ်ပေါ့…”
ဟု ရေရွတ် လိုက်လေသည်။
ထိုအချိန်မှာပင်…
စကြဝဠာအတွင်းမှ တန်ခိုးစွမ်းအားငါးခု ပေါက်ကွဲသွားပြီး တိချိုးမြို့တော်သို့ ကျရောက် လာလေသည်။
ထိုတန်ခိုးစွမ်းအားငါးခုအနက် လေးခုမှာ နေ၊ လ၊ ကြယ်တာယာများနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားများ ရှိလေသည်။ ထိုတန်ခိုးစွမ်းအား ရောင်စဉ်များသည် တိမ်များပေါ်တွင် လှည့်ပတ် သွားလာနေသည်ကို တွေ့မြင်နိုင်လေသည်။
ရာသီဥတုမှာလည်း အုံ့မှိုင်းခြင်း လုံးဝမရှိဘဲ ကြည်လင်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက ပြီးပြည့်စုံ နေလေသည်။
ဗလာနယ်၏ အစွန်းတစ်ဖက်တွင် လေးလံထူထဲသည့် အနက်ရောင် စာအုပ်တစ်အုပ် ရှိသည်ကို ဆန်းလျန် ရုတ်တရက် နားလည်သဘောပေါက် သွားရလေသည်။
ထိုစာအုပ်သည် အသူရာချောက်၏ မူလအရင်းအမြစ် ဖြစ်ပြီး ထိုစာအုပ်ကို ထိန်းချုပ် နိုင်သူသည် အသူရာချောက်၏ အရှင်သခင် ဖြစ်ရမည် ဖြစ်လေသည်။
***