ခေတ်ရေစီးကြောင်း
Vol. 6 Ch. 525
ထိုစာအုပ်သည် “သေခြင်းရှင်ခြင်း စာအုပ်” ပင် ဖြစ်လေသည်။
သေခြင်းရှင်ခြင်း စာအုပ်သည် အသူရာ ချောက်၏ အရင်းအမြစ်၊ စကြဝဠာ၏ မူလစွမ်းအား ဖြစ်တည်ရာ၊ သက်ရှိအားလုံး၏ ဖြစ်တည်မှုနှင့် သံသရာလည်ခြင်း၏ လျှို့ဝှက်ချက်များကို ပြသနိုင်သည့် စာအုပ်တစ်အုပ် ဖြစ်လေ သည်။
သေခြင်းရှင်ခြင်းစာအုပ်ကို စိတ်ဝင်စားနေသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း ဆန်းလျန် သိထားလေသည်။
ထို့ပြင် တစ်စုံတစ်ယောက်က အသူရာချောက်၏ အရင်းအမြစ် ဖြစ်သည့် သေခြင်း ရှင်ခြင်း စာအုပ်ကို အသုံးပြုနိုင်ရန် ကြိုးစားမည်ဆိုပါက ထိုသူသည် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။
ဆန်းလျန်သည် တိချိုးမြို့တော်၏ တန်ခိုးစွမ်းအားများ အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားသည်ကို သေချာ မသိရှိသေးပါ။ သို့သော် ဝမ်ကျုန်းနှင့် ဆက်စပ်နေမည် ဆိုသည်ကိုတော့ သေချာသိထားလေသည်။ ပို၍ တိတိကျကျ ပြောရလျှင် ဝမ်ကျုန်း၏ဆရာနှင့် ဆက်စပ် နေနိုင်လေသည်။
ဝမ်ကျုန်း၏ဆရာသည် ထိုက်ယီထျန်းရှန်း အဆင့်ထက်ပင် မြင့်မားသည့် ရှေးကျသည့် နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း ဆန်းလျန် ခန့်မှန်းမိလေသည်။
အသူရာချောက်သည် ရှေးခေတ် တရုတ်ပြည်သမိုင်းနှင့် ဆက်စပ်မှု ရှိနေသည်ကို ဆန်းလျန်က သတိပြုမိထားပြီးသား ဖြစ်လေသည်။ သို့သော်… လျှို့ဝှက်ချက်များသည် တဖြည်းဖြည်း ပေါ်ထွက် လာမည်ဖြစ်ပြီး အရာအားလုံးသည် စိတ်ဝင်စားဖွယ်အတိ ဖြစ်နေ လေတော့သည်။
ကျီဝေးကျောင်းတော် အပြင်ဘက်တွင် ပုနန်ဆရာတော်သည် ဆန်းလျန် ပြုလုပ်ထားသည့် စက်ဝန်းထဲမှ လွတ်မြောက်ရန် အတွက် အသည်းအသန် ကြိုးစားနေလေသည်။
ထိုအချိန်တွင် တိချိုးမြို့တွင် တန်ခိုးစွမ်းအား ပြောင်းလဲမှုများ ရုတ်တရက် ဖြစ်ပေါ်လာသည့် အခါ ပုနန်ဆရာတော်မှာ မည်သို့မှ နားမလည်နိုင် ဖြစ်သွားရလေသည်။
သူသည် ဆန်းလျန်၏ စက်ဝန်းအတွင်းမှ မထွက်နိုင်ဘဲ အိပ်မက် ကမ္ဘာတွင် ရောက်နေသူ တစ်ယောက်အလား ခံစား နေရလေသည်။
ပုနန် ဆရာတော်သည် တာ့ကြွယ် ကျောင်းတော်မှ အထင်ရှားဆုံး တပည့်တစ်ယောက် ဖြစ်သည့်တိုင် ဆန်းလျန် ဖန်ဆင်းထားသည့် စက်ဝန်းကို ကျော်လွှားနိုင်ခြင်း မရှိပေ။ နောက်ဆုံးတွင်တော့ စိတ်အေးအေးထားပြီး ဖြေရှင်းရမည် ဖြစ်ကြောင်း ဆရာတော် နားလည် သဘောပေါက် သွားလေသည်။ လွတ်မြောက်ရန် အတွက် အလောတကြီး ကြိုးစားပါက ပိုပြီးခက်ခဲမည် ဖြစ်လေသည်။
ဆန်းလျန်သည် ပုနန်ဆရာတော်ကို တိတ်တဆိတ် လေ့လာနေလေသည်။
ဆန်းလျန်သည် ဗုဒ္ဓဘာသာ ကျင့်စဉ်များကို ကျင့်ကြံသူ မဟုတ်သည့်တိုင် ပုနန်ဆရာတော်ကို ကူညီရန် ရည်ရွယ်ချက်ဖြင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိအဆင့်ကို ကျော်လွှားနိုင်မှသာလျှင် ပုနန်ဆရာတော်သည် ကျင့်စဉ်လမ်းတွင် ရှေ့သို့ ဆက်နိုင်မည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသည့် ဘုန်းတော်ကြီး တစ်ပါးဖြစ်လာမည် ဖြစ်လေသည်။
တာအိုဆရာမုကျန်းမှာတော့ ဝမ်ချန်နန်းတော်၏ တောင်ဘက်တံခါးတွင် ရပ်နေလေသည်။
ထိုအချိန် ဝမ်ချန်နန်းတော်ဆီမှ တန်ခိုးစွမ်းအား ပေါက်ကွဲမှု တစ်ခုကို ခံစားလိုက်ရလေသည်။ ထိုတန်ခိုးစွမ်းအားမှာ ဓားတစ်လက်အလား ထက်ရှလွန်းသည့် အတွက် မုကျန်းမှာ ကြောက်ရွံ့ ထိတ်လန့် သွားမိလေသည်။ သူသည် တာ့ရှားဧကရာဇ်ကို ပိုပြီးကြောက်ရွံ့လာကာ ရွှမ်ကျန်း ကျောင်းတော်ကို တာ့ရှားပြည်မှ ရွေ့ပြောင်းသွားရန် ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။
အတိတ် တစ်ချိန်ကတော့ ရွှမ်ကျန်းကျောင်းတော်မှ ဆရာသခင် ခုနစ်ပါးသည် တာ့ရှား ဧကရာဇ်ကို တိုက်ခိုက်ရန် ဆုံးဖြတ် ခဲ့ကြဖူးလေသည်။ သို့သော် နှစ်များစွာ ကြာလာသည်နှင့် အမျှ တာ့ရှား ဧကရာဇ်၏ တန်ခိုးစွမ်းအားများက တဖြည်းဖြည်း မြင့်မားလာပြီး ရွှမ်ကျန်း ကျောင်းတော်သည်လည်း တာ့ရှားဧကရာဇ်၏ ထိန်းချုပ်မှုကို ခံလိုက်ရလေသည်။
တာ့ရှား ဧကရာဇ်သည် သူ၏တန်ခိုးစွမ်းအားများကို မည်သည့်အခါမှ ဖုံးကွယ်ထားလေ့ မရှိပါ။ နေ နှင့် လ ကဲ့သို့ပင် သူ၏ တန်ခိုးစွမ်းအားများသည် အမြဲတမ်း ထွန်းလင်းလျက် ရှိလေသည်။
မုကျန်းသည် တောင်ဘက် တံခါးအတွင်းသို့ အသာဝင်လိုက်သည်။
အသက်ပင် ပြင်းပြင်းမရှူဝံ့ဘဲ ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်လာခြင်း ဖြစ်လေသည်။ သူက အဖြူရောင် ဓားဝိညာဉ် တစ်ချက် လင်းလက်သွားသည်ကို မြင်တွေ့လိုက်ရသည့်တိုင် မည်သည့် အလောင်းမှ သယ်ထုတ်လာသည်ကို မတွေ့ရပေ။
“မင်း ကျုပ်ကိုစောင့်နေတာလား”
အသံကြောင့် မုကျန်းမှာ ထိတ်လန့်သွားပြီး လှည့်ကြည့် လိုက်သည့် အခါတွင်တော့ အစိမ်းရောင် ဦးရစ်တန်ဆာကို ဆင်မြန်းထားပြီး အဖြူတစ်ဝက် အနက်တစ်ဝက် ဆံနွယ်များကို ပိုင်ဆိုင်သည့် လူရွယ်တစ်ယောက်ကို တွေ့လိုက် ရလေသည်။ ထိုသူသည် အနက်ရောင် ယူနီကွန်းကြီးကို စီးနှင် လာလေသည်။
ထိုသူ၏ အကြည့်မှာ အခြားသော ကျင့်ကြံသူများနှင့် မတူဘဲ အလွန်တောက်ပ နေလေသည်။
မုကျန်းက ထိုသူကို ဦးညွတ်လိုက်ရင်း…
“တိုင်းပြည် အကြံပေး အမတ်မင်းက အကြံပေးလိုက်လို့ ကျုပ်ဒီကို ရောက်လာရတာပါ”
“တိုင်းပြည်အကြံပေး အမတ်မင်း ဟုတ်လား”
ဝမ်ကျုန်းက ခေါင်းကို အသာစောင်းကာ မေးခွန်းထုတ်လိုက်သည်။
ထို့နောက် သူ၏ လက်ချောင်းများကို အသာကွေးညွှတ် လိုက်ပြီး တွက်ချက် ကြည့်လိုက်လေသည်။
“အော်… လက်စသတ်တော့ သူကိုး၊ ပြီးတော့ မင်းကလည်း ရွှမ်ကျန်း ကျောင်းတော်က ဖြစ်ရမယ်၊ ရွှမ်ကျန်း ဆရာသခင်ခုနစ်ပါးရဲ့ တပည့် တစ်ယောက်ပဲ မဟုတ်လား”
“ကျုပ်နာမည် မုကျန်းလို့ ခေါ်ပါတယ်၊ ကျုပ်ရဲ့ဆရာက လောကနတ်ဘုရား ချန်စန်းကျီပါ”
မုကျန်းက လေးလေးစားစားဖြင့်ပင် ပြန်ဖြေလိုက်လေသည်။
“အိုး… သူ့ကို သိတာပေါ့၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျုန်းလီတောင်မှာ ကျုပ်ဆေးပင်တွေ သွားခူးခဲ့သေးတယ်၊ ချန်စန်းကျီက နတ်မိစ္ဆာတွေကို သူ့ဓားနဲ့ တစ်ချက်တည်း သုတ်သင် ပစ်လိုက်တာကို ကျုပ်မြင်ဖူးခဲ့တယ်၊ အဲဒီတုန်းက သူ့ကို တကယ့်ကို ရှားပါးတဲ့ သူရဲကောင်းပဲလို့ တွေးခဲ့မိတာ၊ သူကတခြားသူတွေနဲ့မတူဘူး၊ တကယ်ဆို ကျုပ်လည်း သူ့ကိုတွေ့ချင်နေတာ၊ ဒါပေမဲ့ ခရီးထွက်လာရင်း အဲဒီကိစ္စကို မေ့သွားမိတယ်”
ဝမ်ကျုန်းက သူ၏ မေးစေ့ကို ပွတ်သတ်ရင်း ပြောလိုက်လေသည်။
မုကျန်းမှာလည်း တိုက်ဆိုင်မှုများကို ပြန်လည် အမှတ်ရ လိုက်မိလေသည်။
လွန်ခဲ့သည့် အနှစ်လေးဆယ်ခန့်က ချန်စန်းကျီသည် ကျုန်းလီတောင်သို့ သွားခဲ့ဖူးလေသည်။ ထိုတောင်တွင် သောင်းကျန်းနေသည့် ဝိညာဉ်မိစ္ဆာငါးပါးရှိလေသည်။ ချန်စန်းကျီက သူ၏ ဓားတစ်ချက်တည်းဖြင့် ထိုဝိညာဉ်များ အားလုံးကို သုတ်သင် ပစ်ခဲ့လေသည်။
ထို့နောက်တွင်တော့ ချန်စန်းကျီသည် မူလဝိညာဉ် ခန္ဓာကို ရရှိပြီး လောကနတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် သွားခဲ့လေသည်။ ဝိညာဉ် မိစ္ဆာများကို သုတ်သင်ပြီးသည့် အခါတွင်တော့ သူ့ကို လူတစ်ယောက်က တိတ်တဆိတ် ကြည့်နေသည်ကို ချန်စန်းကျီက သတိပြုခဲ့ မိလေသည်။ သို့သော် ထိုသူက သူ့ကိုအန္တရာယ် ပြုခဲ့ခြင်း မရှိပေ။
ချန်စန်းကျီက မုကျန်းကို ထိုအဖြစ်အပျက်များကို ပြန်လည် ပြောပြခဲ့လေသည်။ ထို့နောက် ကမ္ဘာကြီးသည် မည်မျှ ကျယ်ပြန့်ကြောင်းနှင့် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သတိတရားဖြင့် နေသင့်ကြောင်း သင်ပြပေးခဲ့လေသည်။
မုကျန်းက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
“ဆရာလည်း အဲဒီအကြောင်း ပြောပြဖူးပါတယ်၊ ကြည့်ရတာ ဆရာနဲ့ ခင်ဗျားနဲ့က ရေစက်ပါတယ် ထင်ပါရဲ့”
ဝမ်ကျုန်းကပြုံးလိုက်ရင်း….
“ရွှမ်ကျန်းကျောင်းတော်က စစ်မှန်တဲ့ ကျင့်စဉ်လမ်းကို လိုက်တဲ့ ကျောင်းတော် တစ်ခုပါပဲ၊ ပြီးတော့ မင်းမှာလည်း ကျုပ်ကို အကူအညီ တောင်းစရာ တစ်ခုခု ရှိနေမယ်ဆိုတာ ကျုပ်သိထားတယ်၊ ယင်းစန်းဟာ တာ့ရှားပြည်နေရာမှာ အစားထိုးလိမ့်မယ် ဆိုတာ ကြိုတင် တွက်ချက် ထားပြီးသားပါ၊ ဒါကြောင့် မင်းတောင်းတဲ့ အကူအညီကလည်း သိပ်မခက်လှပါဘူး၊ မင်း ကျုပ်နောက် လိုက်ချင်တဲ့ ဆန္ဒရှိရင် အနာဂတ်မှာ အောင်မြင်မှုတွေ အများကြီးရနိုင်တယ်”
ဝမ်ကျုန်း၏စကားကြောင့် မုကျန်းမှာ ဝမ်းသာသွားလေသည်။
“တိုင်းပြည် အကြံပေးအမတ်မင်းနဲ့ ခင်ဗျားက တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တွေပါပဲ၊ ခင်ဗျားနောက်ကို လိုက်ဖို့ ကျုပ် ဆန္ဒရှိပါတယ်”
ဝမ်ကျုန်းကရယ်မောလိုက်ရင်း…
“အဲဒီ လူက တကယ်ထူးခြားတဲ့သူပါပဲ၊ ကျုပ်လည်း ကျုပ်ကို ကူညီပေးမယ့် အထောက်အပံ့တွေ လိုနေတာ သူက ရိပ်မိပုံရတယ်၊ ယင်းစန်းကို ရောက်ရင်တော့ ရွှမ်ကျန်း ကျောင်းတော်ရဲ့ ကိစ္စအားလုံး ကျုပ်တာဝန်သာ ထားလိုက်တော့”
ဝမ်ကျုန်းသည် ဓားနှင့် အစစ်ဆေးခံခြင်းမှ ကင်းလွတ်ခဲ့ပြီးသည့် နောက်ပိုင်း သူ၏ တာအိုစွမ်းအား များမှာလည်း များစွာ တိုးတက် လာခဲ့လေသည်။
သူက သဘာဝနိယာမ တရားများကို ပိုမိုနားလည်လာခဲ့ပြီး ယင်းစန်းကို တာ့ရှားပြည်နေရာတွင် အစားထိုးနိုင်မည်ဟု နားလည် သဘောပေါက် ခဲ့လေသည်။ မကြာမီ ယင်းစန်းသည် ကျင့်ကြံသူများ၏ နယ်မြေဖြစ်လာပြီး ခေတ်တစ်ခေတ် ပြောင်းလဲလိမ့်မည် ဖြစ်လေသည်။
အမှန်တော့ ရှားမျိုးနွယ်များသည် သူတို့၏ အရင်းအမြစ်များကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ခြင်းကြောင့်သာ ကျဆုံးသည့်ဘက်သို့ ဦးတည်ရခြင်း ဖြစ်လေသည်။
ဝမ်ကျုန်းသည် အင်အားများကို စုစည်းရန် စတင်လုပ်ဆောင် တော့မည်ဟု ဆုံးဖြတ်ထားလေရာ သူ့ထံသို့ ချဉ်းကပ်လာသည့် မုကျန်းကို ငြင်းဆိုဖွယ်ရာ အကြောင်း မရှိပေ။ ထို့ပြင် ရွှမ်ကျန်းကျောင်းတော်ကို တည်ထောင်သူ ဆရာသခင်မှာလည်း ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ ထို့ကြောင့် ရွှမ်ကျန်းကျောင်းတော်ကို ကာကွယ်ပေးခြင်းမှာ သူ့အတွက် လက်ရှိအချိန်တွင် အကျိုးမရှိ နိုင်သေးသည့်တိုင် နောင်တစ်ချိန်တွင် အကျိုးကျေးဇူး ရနိုင်လေသည်။
မုကျန်းသည် ဝမ်ကျုန်းအပေါ်တွင် အနည်းငယ် သံသယဝင်နေသည့်တိုင် သူ၏ အတွေးများကို ဝမ်ကျုန်းမသိအောင် ဖုံးကွယ် ထားလိုက်လေသည်။
“ခင်ဗျားနာမည် ဘယ်လိုခေါ်သလဲ သိပါရစေ”
မုကျန်းက မေးလိုက်လေသည်။
“ဒီပုဂ္ဂိုလ်က ယင်းစန်းရဲ့ မင်းဆရာကြီး ဝမ်ကျုန်းပါပဲ၊ မုကျန်း… မင်းသူ့အပေါ်မှာ သံသယဝင်စရာ မရှိပါဘူး”
တည်ငြိမ် အေးချမ်းလွန်းသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။
ထိုအသံသည် ထျန်းယီ အကြီးအကဲ၏ အသံပင် ဖြစ်လေသည်။
မုကျန်းမှာ ထိုအသံကြောင့် အံ့သြထိတ်လန့် သွားရလေသည်။ ထျန်းယီ အကြီးအကဲသည် ရှားထိုက် အကျဉ်းထောင် အတွင်းတွင် ချုပ်နှောင်ခံထားရသည့်တိုင် ဖြစ်ပျက်သမျှ ကိစ္စရပ်တိုင်းကို သိရှိနေလေသည်။ အလွန်မှ ကြောက်မက်ဖွယ်ရာကောင်းသူ တစ်ယောက်ပင်။
ဝမ်ကျုန်းသည် ရှားထို က်အကျဉ်းထောင်ရှိရာ အရပ်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး…
“ဒီလူက တကယ့် ပါရမီရှင်ပဲ၊ ဒါပေမယ့် ကျုပ်ရဲ့ဆရာ ပြောတာကတော့ ထျန်းယီဟာ သေခြင်းတရားနဲ့ အစစ်ဆေး ခံရပြီး ကျော်လွှားနိုင်မှာမဟုတ်ဘူးတဲ့၊ ဒါပေမဲ့ သူ့ရဲ့ တန်ခိုး စွမ်းအားတွေကတော့ စစ်ဝမ်မင့်နီးပါး စွမ်းအားကြီးမား လာလိမ့်မယ်တဲ့”
“ကျုပ်နားလည်ပါပြီ…”
မုကျန်းက ပြောလိုက်လေသည်။
“အစ်ကိုဝမ်၊ ခင်ဗျားက ခရီးအဝေးကြီးက လာခဲ့ရတာ၊ ကျုပ်က ခင်ဗျားကို ကောင်းကောင်း ဧည့်ခံသင့်တယ်၊ ဒါပေမဲ့ အခြေအနေကလည်း မပေးတော့ ဧည့်မခံနိုင်တာ စိတ်မရှိပါနဲ့”
ထျန်းယီ အကြီးအကဲ၏ အသံက ဆက်လက် ထွက်ပေါ်လာလေသည်။
***