မဟာယာနကျမ်းစာ
Vol. 6 Ch. 527
ဝမ်ကျုန်း၏အမူအရာကိုကြည့်ပြီး ယွမ်ကျွင်းဧကရီသည် အသူရာချောက်တွင်ရှိနေရမည်ဟု ကွမ်းလုန်ကျီ တွေးလိုက် မိလေသည်။ သို့သော် အသူရာချောက်တွင်ရှိနေသည့် ယွမ်ကျွင်းဧကရီသည် တကယ့်အစစ်အမှန် ယွမ်ကျွင်းဧကရီ လား၊ ကိုယ်ပွားအဖြစ် ဖန်ဆင်းထားသည့် ယွမ်ကျွင်း ဧကရီလားဆိုသည့်အချက်ကတော့ မသေချာပေ။
ထို့ပြင် ယွမ်ကျွင်းဧကရီဆိုသည်က အလွန်မှ လျှို့ဝှက်ဆန်းကြယ် လွန်းသည့် နတ်ဘုရားတစ်ပါး ဖြစ်ပြီး လူအနည်းငယ်သာလျှင် သူမ၏ မူလအစစ်အမှန်ကို သိရှိနိုင်ကြလေသည်။ ထိုလူသား အနည်းငယ်ထဲတွင် ကွမ်းလုန်ကျီလည်း အပါအဝင် ဖြစ်လေသည်။ ယွမ်ကျွင်းဧကရီသည် စကြဝဠာထဲတွင် အလွန်ထိပ်တန်းကျသည့် ဖြစ်တည်မှု တစ်ခုဖြစ်ပြီး သူမ၏ ဆရာဖြစ်သူသည် အလွန်မှ ဂုဏ်သရေရှိသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီ၏ ဆရာဖြစ်သူမှာ မည်သူဖြစ်ပါသနည်။
ယွမ်ကျွင်းဧကရီ၏ ဆရာဖြစ်သူမှာ "လင်ပေါင်ထျန်းကျွင်း" ဖြစ်လေသည်။
လင်ပေါင်ထျန်းကျွင်းကို ဆက်သွယ်နိုင်သူ ဆို၍ စကြဝဠာ တစ်ခုလုံးတွင် အနည်းငယ်သာ ရှိလေသည်။ သူသည် မူလနတ်ဘုရား တစ်ပါးဖြစ်ပြီး သူ၏အဆင့်သည် ဗုဒ္ဓ၊ တာအိုဆရာ သခင်ကြီးတို့နှင့် တန်းတူဖြစ်လေသည်။ လင်ပေါင်ထျန်းကျွင်းသာ မသူရာချောက်တွင် ရှိနေမည် ဆိုလျှင် ကွမ်းလုန်ကျီအနေဖြင့် ကျိန်းသေ အာရုံခံမိမည် ဖြစ်လေသည်။
မုကျန်းမှာတော့ ကြိတ်ပြီး ဝမ်းသာနေလေသည်။ သူသည် ယင်းစန်းသို့ ပြောင်းရွှေ့ နိုင်တော့မည့် အပြင် ကောင်းမွန်လွန်းသည့် ကျောထောက် နောက်ခံ တစ်ခုကိုလည်း ရရှိခဲ့ပြီ မဟုတ်ပါလား။
ရွှမ်ကျန်း ကျောင်းတော်ကိုတည်ထောင်သည့် ဆရာသခင် ဝမ်ရွှမ်ကျန်းသည် မိုးကောင်းကင် နတ်ဘုရား တစ်ပါးအဖြစ် လောကကို ကျော်လွန်သွားပြီ ဖြစ်ပြီး ဆန်းလျန်နှင့် တန်ခိုး စွမ်းအား အရာတွင် သူမသာ ကိုယ်မသာ ဖြစ်လေသည်။
ထို့ပြင် ယခုလည်း ထိုက်ယီ ထျန်းရှန်းအဆင့်ကို ကျော်လွန်သည့် ယွမ်ကျွင်း ဧကရီ၏ တပည့်ဖြစ်သူ၏ အကူအညီကို ရရှိဦးမည် ဖြစ်လေသည်။
ဝမ်ကျုန်းက…
"ဆရာကြီးက တကယ့်ကို ဉာဏ်ရည် ထက်မြက်ပါပေတယ်၊ တာ့ရှားပြည်ဟာ ကျဆုံးခါနီး နေပါပြီ၊ ဘာလို့ အမှောင်ထဲမှာ နေတော့မလဲ၊ အလင်းဘက်ခြမ်းကို ထွက်လာခဲ့ပါ၊ တိုင်းပြည်အသစ် တည်ထောင် ပြီးတဲ့အခါ ဆရာကြီးလည်း သင်ပြပေးရမယ့်လူတွေကို သင်ကြား ပြသပေးနိုင်တာပေါ့"
ကွမ်လုန်ကျီက သူ၏ မုတ်ဆိတ်မွေးများကို အသာ ပွတ်သပ်လိုက်ရင်း…
"ကျုပ်သင်ပြ ပေးခဲ့တာတွေ လုံလောက်ပါပြီလေ၊ ထပ်ပြီး ဘယ်သူ့ကိုမှ သင်ပြ မပေးနိုင်တော့ပါဘူး၊ တာ့ရှားပြည် ပြိုလဲပြီဆိုရင် ကျုပ်လည်း ပြိုလဲရတော့မှာပါပဲ"
ဝမ်ကျုန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကွမ်းလုန်ကျီကို ဆက်လက် ဆွဲဆောင်ခြင်း မပြုတော့ပေ။
ကြီးမြတ်သည့် တာ့ရှားပြည်ကြီးသည် အိမ်နီးချင်းနိုင်ငံများ၏ စိန်ခေါ်ခြင်းကို စတင် ခံစားနေရပြီ ဖြစ်လေသည်။ တာ့ရှား ဧကရာဇ်ကလည်း အခြေအနေများကို ပြောင်းလဲ ပစ်မည် မဟုတ်သလို ကွမ်းလုန်ကျီသည်လည်း သူ၏ တိုင်းပြည်အတွက် ဆိုလျှင် အသက်ကိုပင် စတေးခံမည့် လူစားမျိုး ဖြစ်လေသည်။
ပုနန် ဆရာတော်သည် ဆန်းလျန် ရေးဆွဲထားသည့် စက်ဝန်းထဲတွင် တရားထိုင်နေသည်မှာ ငါးရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ အနီရောင် ဆည်းဆာ ရောင်ခြည်သည် ပုနန် ဆရာတော်၏ မျက်နှာထက်ဆီသို့ ဖြာကျနေလေသည်။ သို့သော် ပုနန် ဆရာတော်က ရိပ်မိသည့်ပုံ မပေါ်ပါ။
သူ၏ မျက်နှာသည် ဖြူလျော်နေပြီး သူ၏ မျက်ခုံးမွေးများမှာလည်း မီးခိုးရောင် သန်းနေလေသည်။
ပုနန်ဆရာတော်သည် လွန်ခဲ့သည့် ငါးရက်အတွင်း ရေတစ်ပေါက်ပင် သောက်သုံးရခြင်း မရှိသေးပေ။ သို့သော် သူသည် တရားထိုင်ရင်းဖြင့် သွေးကြောဆုံချက် များစွာကို တံဆိပ် ခတ်နိုင်ခဲ့လေသည်။ သို့သော် ထိုသို့ တရားထိုင် နေခြင်းက သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေပြီး သစ်ပင် တစ်ပင်အလား တဖြည်းဖြည်း ညှိုးနွမ်းလာလေတော့သည်။
ထိုအချိန်တွင် ကျီဝေး ကျောင်းတော်တံခါး ပွင့်သွားပြီး ကျားနက်ကြီး ရှောင်ဟေး ထွက်လာလေသည်။
ရှောင်ဟေးက ပုနန်ဆရာတော်ကို စောင့်ကြည့်နေကြသည့် တံခါးစောင့် နတ်ဝိညာဉ်နှစ်ပါးကို တစ်ချက် ကြည့်လိုက် ပြီး…
"မင်းတို့ သွားလို့ရပြီ၊ သခင်လေးက ဒီဆရာတော်ကို အထဲကိုခေါ်ခိုင်းလိုက်တယ်"
နတ်ဝိညာဉ် နှစ်ပါးလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး အလင်းတန်းများ အဖြစ် အသွင်ပြောင်းကာ ကျောင်းတော်တံခါးဝမှ နတ်ရုပ်တုကြီးများ ဆီသို့ ပြန်ဝင် သွားကြလေသည်။
နတ်ဝိညာဉ် နှစ်ပါးမှာလည်း ဆန်းလျန်ကို ကြောက်ရွံ့သောကြောင့်သာ နေဒဏ် လေဒဏ် များခံပြီး အပြင်ဘက်တွင် ပုနန်ဆရာတော်ကို စောင့်ပေးနေကြခြင်း ဖြစ်လေသည်။ မဟုတ်လျှင် သူတို့သည် အော်ဟစ် ညည်းညူ မိကြမည်ပင် ဖြစ်လေသည်။
ရှောင်ဟေးသည် ပုနန်ဆရာတော်ကို ကိုက်ချီပြီး ကျီဝေး ကျောင်းတော်အတွင်းသို့ ခေါ်ဆောင် လာခဲ့လေသည်။
ကျောင်းတော် အတွင်းသို့ ရောက်သည့် အခါတွင်တော့ ပုနန်ဆရာတော်က မျက်လုံးများကို ဖြည်းညင်းစွာဖြင့် ဖွင့်ကြည့် လိုက်လေသည်။
သူ့မြင်ကွင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသူက ဆန်းလျန် ဖြစ်လေသည်။ ထို့နောက် ဆန်းလျန်၏ နောက်ဘက်ဆီမှ ပန်းချီကားတစ်ချပ်ကို သတိထားလိုက်မိသည်။
ထိုပန်းချီကားချပ်မှာ နတ်ဘုရားတို့၏ အရှင်သခင် "လင်ပေါင်ထျန်းကျွင်း" ၏ ပန်းချီကားပင် ဖြစ်လေသည်။
ဆန်းလျန်က ပုနန်ဆရာတော်၏ ပါးစပ်အတွင်းသို့ နှင်းရည်လေး တစ်စက်ကို အစက် ချပေးလိုက်လေသည်။ ထိုအခါ ပုနန်ဆရာတော်သည် အသက်ဓာတ် စွမ်းအားများ ချက်ချင်း ပြန်လာပြည့်ဝ သွားသလို ခံစားလိုက်ရတော့သည်။
ထိုနှင်းရည်စက်လေးမှာ ဗုဒ္ဓဘာသာ ကျောင်းတော်များ၏ အလေးအမြတ်ထားရာ ပြန်လည် မွေးဖွားခြင်း ဂါထာဖြင့် ဖန်ဆင်းထားသည့် "နတ်ရေစင်" ဖြစ်သည်ကို ပုနန်ဆရာတော် ချက်ချင်း သိလိုက်သည်။ ဆန်းလျန်တွင် နတ်ရေစင် ရှိနေလိမ့်မည်ဟု ပုနန်ဆရာတော်က မျှော်လင့် မထားခဲ့မိပေ။
ဆန်းလျန်သည် ကျောင်းတော်ခန်းမ အလယ်တွင် ထိုင်နေလေသည်။
ဆန်းလျန်၏ နောက်ဘက်တွင် လင်ပေါင်ထျန်းကျွင်း ပန်းချီကားချပ် ရှိနေလေသည်။
ဆန်းလျန်၏ ပုံသဏ္ဌာန်မှာ လင်ပေါင်ထျန်းကျွင်းနှင့် အလွန်ပင် ဆင်တူလေသည်။ ထို့ကြောင့် ဆန်းလျန်သည် လူပြန်ဝင်စားကာ လူ့လောကသို့ တစ်ဖန်ကြွလာသည့် မူလ နတ်ဘုရား လင်ပေါင်ထျန်းကျွင်းများ ဖြစ်နေမည်လားဟု ပုနန်ဆရာတော် တွေးလိုက်မိလေသည်။
ဝမ်ချန်နန်းတော်တွင် ဆန်းလျန် ထွက်ပေါ်လာသည့် အချိန်မှစပြီး တာ့ကြွယ် ကျောင်းတော်နှင့် ရွှမ်ကျန်း ကျောင်းတော်မှ ကျင့်ကြံသူများသည် ဆန်းလျန်၏ ဇာစ်မြစ်ကို အမျိုးမျိုး မှတ်ချက် ပြုခဲ့ကြလေသည်။ ယခုတော့ ဆန်းလျန်သည် လင်ပေါင်ထျန်းကျွင်းနှင့် ပတ်သက်နေသူ တစ်ယောက် ဖြစ်သည်ကို ပုနန်ဆရာတော် သိခဲ့ရပြီ။ ထို့ပြင် ဆန်းလျန်သည် လင်ပေါင်ထျန်းကျွင်းနှင့် အလွန်ဆင်တူ နေလေသည်။
လောကတွင် မည်သူမျှ လင်ပေါင်ထျန်းကျွင်းနှင့် ဆင်တူရန် အတွက် တမင်တကာ တုပ၍ ရနိုင်မည် မဟုတ်ပေ။
ပုနန်ဆရာတော်က လက်အုပ်ချီ လိုက်ရင်း…
"အမတ်မင်းရဲ့ စက်ဝန်းထဲကနေ ရုန်းမထွက် နိုင်ခဲ့တာ ရှက်မိပါတယ်"
"ဆရာတော်သာ ကျုပ်ရဲ့ စက်ဝန်းထဲက ရုန်းထွက်နိုင်မယ် ဆိုရင် ကျုပ်ကိုတောင် အကူအညီ လာတောင်း နေတော့မှာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ ဉာဏလေးမျိုးနှင့် သမာဓိ ရှစ်မျိုးဟာ အင်မတန်မှ ထူးခြားတယ်၊ သာမန် ကျင့်ကြံသူသာ ဆိုရင် ကျုပ်ဖန်ဆင်းထားတဲ့ စက်ဝန်းထဲမှာ နှစ်ရက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ ဆရာတော်ကတော့ ငါးရက်တောင် တောင့်ခံနိုင်ခဲ့တယ်၊ ပြီးတော့ ဒီလို တောင့်ခံနိုင်ခဲ့လို့လည်း အခုဆိုရင် ဆရာတော်ဟာ တတိယ အဆင့်ကို တက်လှမ်း နိုင်ခဲ့ပြီ မဟုတ်လား"
ပုနန် ဆရာတော်သည် ချက်ချင်းပင် ဆန်းလျန်ကို ဦးညွတ်လိုက်ပြီး ကြည်လင်သည့် လေသံဖြင့် ပြောလိုက် လေသည်။
"ကျေးဇူး အများကြီး တင်ပါတယ် တိုင်းပြည် အကြံပေး အမတ်မင်း"
ဆန်းလျန်က…
"ဆရာတော် ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ပြီးတော့ ကျုပ်ကိုယ်တိုင်ကလည်း ဉာဏလေးမျိုးနှင့် သမာဓိရှစ်မျိုးကို လေ့လာချင်လို့ ဒီလို ပြုလုပ်ခဲ့တာပါ၊ ဆရာတော်နဲ့ ကျုပ်ရဲ့ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာအကြွေးမှ မတင်ပါဘူး"
တာ့ကြွယ် ဆရာတော်က…
"ဒါဖြင့် တိုင်းပြည် အကြံပေး အမတ်မင်း၊ တာ့ကြွယ် ကျောင်းတော်ကို ကူညီပေးဖို့ ထပ်ပြီး တောင်းဆိုပါရစေ"
ဆန်းလျန်က တာ့ကြွယ် ဆရာတော်ကို စိုက်ကြည့်လိုက်လေသည်။ သူ၏ အကြည့်များသည် မိုးကြိုးနတ်ဘုရား၏ အကြည့်များအလား စူးရှ တောက်ပလျက် ရှိလေသည်။ ထိုအကြည့်များသည် အရှိန်အဝါနှင့် ပြည့်ဝနေပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလေသည်။
သို့သော် ပုနန်ဆရာတော်က တွန့်ဆုတ်သွားခြင်း မရှိပါ။
"တာ့ကြွယ် ကျောင်းတော်မှာ မဟာယာန ကျမ်းစာဆိုတာ ရှိပါတယ်၊ အဲဒီကျမ်းစာက သိပ်ကို တန်ဖိုးရှိတယ်၊ အဲဒီကျမ်းစာက အမတ်မင်းနဲ့တော့ သိပ်ပြီး မသက်ဆိုင်ပေမယ့် အမတ်မင်းအနေနဲ့ အဲဒီကျမ်းစာကို စိတ်ဝင်စားမယ် လို့ထင်မိပါတယ်"
"အဲဒီကျမ်းစာအကြောင်း ထပ်ပြီးတော့ ပြောပြပါဦး"
ဆန်းလျန်က ပြောလိုက်လေသည်။
"မဟာယာနကျမ်းစာဆိုတာ သွေးနီရောင် ပင်လယ်ထဲကို သွားခဲ့တဲ့ ဆရာတော်ကြီးက ရေးသားခဲ့တဲ့ ကျမ်းစာပါ၊ ဆရာတော်ကြီးဟာ မဟာယာန ကျမ်းစာရဲ့ စာလုံးတိုင်းကို သေသေချာချာ ရေးသားခဲ့တာပါ၊ အဲဒီကျမ်းစာက လျှို့ဝှက်ဆန်းကြယ် လွန်းပါတယ်၊ ပြီးတော့ အဲဒီကျမ်းစာကို ယူပြီး သွေးနီရောင် ပင်လယ်ကို သွားမယ်ဆိုရင် ဆရာတော်ကြီးနဲ့လည်း ဆုံတွေ့ခွင့် ရနိုင်ပါတယ်"
ပုနန်ဆရာတော်က ရှင်းပြလိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကြည့်ရတာ ဆရာတော်ကိုကူညီဖို့ ကတိ ပေးရတော့မယ် ထင်တယ်"
ပုနန်ဆရာတော်က…
"အဲဒီလိုမျိုး ယူဆချက်နဲ့တော့ မလုပ်ဝံ့ပါဘူး၊ အမတ်မင်းက အသေးအဖွဲကိစ္စလေးတွေကို စိတ်မဝင်စားပေမယ့် အသိဉာဏ်ပညာကို အထပ်ထပ် ရှာဖွေဖို့တော့ စိတ်ဝင်စားမယ်လို့ ကျုပ်က ထင်ခဲ့မိလို့ပါ"
"ဒီကျမ်းစာက တကယ်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ပြီးတော့ သွေးနီရောင် ပင်လယ်ထဲက ဆရာတော်ကြီး အကြောင်းကိုလည်း ကျုပ်ကြားဖူးတယ်၊ ဒီလိုဆိုမှတော့ ကျုပ်က ဆရာတော်ကို အကြံတစ်ခုပေးပါ့ မယ်၊ တိချိုးမှာ သစ်ရွက်တွေ စပြီးကြွေတဲ့ နေ့မှာ တာ့ရှားဧကရာဇ်က အရှေ့တိုင်း စစ်သည်တော်တွေဆီကို စစ်ချီ လိမ့်မယ်၊ ဆရာတော်က တာ့ရှားဧကရာဇ်ကို ကူညီဖို့အတွက် တာ့ကြွယ် ကျောင်းတော်က တန်ခိုးစွမ်းအား မြင့်မားတဲ့ ဆရာတော်တွေကို အဲဒီနေ့မှာ စေလွှတ်ပြီး တာ့ရှားဧကရာဇ်ကို သစ္စာရှိမှုကို ပြသလိုက်ပါ၊ ဒါဆိုရင် တာ့ကြွယ် ကျောင်းတော် အပေါ်မှာထားတဲ့ တာ့ရှားဧကရာဇ်ရဲ့ အမျက်နဲ့ သံသယတွေ ကင်းရှင်းသွားပြီး တာ့ကြွယ် ကျောင်းတော်ဟာ တာ့ရှားပြည်မှာ ဆက်လက် ရပ်တည် နိုင်ပါလိမ့်မယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
အမှန်တော့ ယမန်နေ့ညက တာ့ရှားဧကရာဇ်သည် ဆန်းလျန်ဆီသို့ စာတစ်စောင် ပို့ခဲ့လေသည်။
ထိုစာထဲတွင် အရှေ့တိုင်း စစ်သည်တော် များဆီသို့ စစ်ချီသည့် ခရီးစဉ်တွင် ဆန်းလျန်ကို အတူလိုက်ပါရန် ဖိတ်ခေါ် ထားခဲ့လေသည်။
***