← Chapters

သူမကတော့ချစ်နေမည်

Vol. 6 Ch. 528

သူမကတော့ချစ်နေမည်

Vol. 6 Ch. 528

သူလိုချင်သည့် အဖြေရသွားသည့် အတွက် ပုနန်ဆရာတော်သည် ကျီဝေးကျောင်းတော်မှ ပြန်သွား လေတော့သည်။

သူမထွက်ခွာမီတွင် နောက်တစ်နေ့နံနက်တွင် မဟာယာနကျမ်းစာကို ဆန်းလျန်ဆီသို့ ပို့ပေးမည်ဟု ပြောသွားခဲ့လေသည်။

သို့သော် ဆန်းလျန်ပေးသည့် အကြံဉာဏ်က အလုပ်မဖြစ်မည်၊ မဖြစ်မည်ကို ပုနန် ဆရာတော်က တွေးတော မနေတော့ပါ။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်ဆီမှ အကြံဉာဏ် ရရှိခဲ့ခြင်းကပင် သူ့အတွက် ကြီးမားလှသည့် အကျိုးကျေးဇူး ဖြစ်နေခဲ့သောကြောင့်ပင်။

ထို့ပြင် မဟာယာန ကျမ်းစာသည် တာ့ကြွယ် ကျောင်းတော်တွင်လည်း သိပ်ပြီး အသုံး မဝင်လှပါ။ အသုံးဝင်သည် ဆိုပါက တာ့ကြွယ် ကျောင်းတော်အနေဖြင့် တာ့ရှားဧကရာဇ်ကို ကြောက်ရွံ့ နေစရာပင် လိုတော့မည် မဟုတ်ပေ။

ပုနန်ဆရာတော် ထွက်ခွာ သွားပြီးသည့် နောက်တွင်တော့ ဆန်းလျန်သည် အနက်ရောင် သတ္တုပြား တစ်ချပ်ကို ထုတ်ယူလိုက်လေသည်။

ထိုအနက်ရောင် သတ္တုပြားမှာ ယမန်နေ့ညက ဆန်းလျန်ထံသို့ တာ့ရှားဧကရာဇ် ပို့ခဲ့သည့် စာဖြစ်လေသည်။ ထိုစာထဲတွင် အရှေ့တိုင်း စစ်သည်တော်များကို စစ်ချီသည့် အခါတွင် ဆန်းလျန်ကို လိုက်ပါခဲ့ရန် ခေါ်ဆောင်ထား သည်သာမက သူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုများကိုပါ ထည့်သွင်း ရေးသား ထားလေသည်။

တာ့ရှားဧကရာဇ်၏ ဆုံးဖြတ်ချက် ပြတ်သားလွန်းသည့် တန်ခိုးစွမ်းအားသည် ပူလောင်လွန်းသည့် အတွက် သတိမထားမိလျှင် ဆန်းလျန်၏ ဝိညာဉ်ကိုပင် လောင်ကျွမ်း သွားနိုင်သည်အထိ ပြင်းထန်လေသည်။

ယခုအချိန်များ အတွင်းတွင် တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများမှာ အဆမတန် မြင့်မား လာသော်လည်း ဖန်ဆင်းနိုင်ခြင်း အဆင့်ကို ရောက်သည်အထိတော့ တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပါ။ တာ့ရှားဧကရာဇ်သည် ဆန်းလျန်ထက် တန်ခိုးစွမ်းအား မြင့်မားနေခဲ့ပြီ ဆိုလျှင်တောင်မှ သူ၏ တန်ခိုးစွမ်းအားများက ကန့်သတ်ချက် ရှိလေသည်။

ဆန်းလျန်သည် အနက်ရောင် သတ္တုပြားကို လင်းလက်သည့် မျက်ဝန်းများဖြင့် စူးစိုက် ကြည့်နေခဲ့လေသည်။

ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် မည်မျှပင်ကြံ့ခိုင်ပါစေ တာ့ရှားဧကရာဇ်၏ ဆုံးဖြတ်ချက်ကိုတော့ ပြုပြင် ပြောင်းလဲ ပေးနိုင်မည် မဟုတ်ပေ။

တဖြည်းဖြည်း ညဉ့်နက်လာခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏ လက်ဖဝါးထက်မှ အနက်ရောင် သတ္တုပြားကို ကြည့်နေဆဲ ဖြစ်လေသည်။

ထိုအချိန်တွင်…

ပန်းချီကားထဲမှ လင်ပေါင်ထျန်းကျွင်းသည် အသက်ဝင်လာပြီး ဆန်းလျန်နှင့် တစ်သားတည်း ကျသွားသကဲ့သို့ ထင်မှတ် ရလေသည်။

ရှေးကျပြီး နက်ရှိုင်းသည့် အသက်ရှူသံ တစ်ခုက အနက်ရောင် သတ္တုပြားကို လှည့်ပတ် နေလေသည်။ ဆန်းလျန်သည် လက်များကို တဖြည်းဖြည်းချင်း ကွေးညွှတ်ကာ လက်သီးစုပ်လိုက် လေသည်။ ထိုအခါ… အနက်ရောင်သတ္တုပြားသည် ဆန်းလျန်၏ လက်ထဲတွင် ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန်၏ စိတ်ထဲတွင် အေးစက်သည့် ညည်းညူသံ တစ်ချက်ကို ကြားလိုက်ရလေသည်။ ဆန်းလျန်က စိတ်ထဲမှပင် စကားတစ်ခွန်း ပြောလိုက်သည်။

"ကျုပ်အဲဒီကို လာခဲ့မယ်"

ဆန်းလျန်သည် အရှေ့တိုင်း စစ်သည်တော်များနှင့် အဖြူရောင် မင်းကြီး၏ သားတော်ကိုလည်း စိတ်ဝင်စား နေခဲ့လေ သည်။

ထို့ပြင် ထျန်းယီမှာလည်း တိချိုးမြို့တော်တွင် ရှိနေသေးသည်။

အမှန်တော့ တာ့ရှားဧကရာဇ်က အရှေ့တိုင်း စစ်သည်တော်များဆီသို့ စစ်ချီခြင်းသည် ထျန်းယီ အကြီးအကဲကို လွတ်မြောက်ရန် အခွင့်အလမ်း ပေးလိုက်ခြင်းလည်း ဖြစ်လေသည်။

ဤသည်မှာ တာ့ရှားဧကရာဇ်၏ နူးညံ့သည့် စိတ်သဘောထား ရှိရာဘက်ခြမ်း ဖြစ်လေသည်။ ထိုအခွင့်အရေးကို အသုံးချကာ ထျန်းယီက တာ့ရှားမှ ထွက်ခွာသွားခြင်း မရှိပါက တာ့ရှား ဧကရာဇ်သည် ထျန်းယီကို ဒုတိယအကြိမ် အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။

လေ့ကျင်းနှင့် ဝူတင်တို့၏ ပညာပြိုင်ပွဲမှာ တာ့ရှားဧကရာဇ် စစ်ချီ မထွက်မီအချိန်တွင် ပြုလုပ်မည် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် အနေဖြင့် ပြိုင်ပွဲကို ကြည့်သွားနိုင်သေးသည်။

ဆန်းလျန်သည် ပြိုင်ပွဲကို စောင့်မျှော်နေမိလေသည်။

သူသာ ချင်းရွှမ်နတ်တံခါးသို့ ပြန်သွားနိုင်ဦးမည် ဆိုလျှင် လေ့ကျင်းကို ခေါ်သွားမိမည် ဖြစ်လေသည်။ သူ၏ ဂိုဏ်းတူ အစ်မကူးချိုင်ဝေ့သည် လေ့ကျင်းကို သဘောကျမည်မှာ သေချာလေသည်။ ထို့ပြင် ဆရာဘွားဘွား ကျိလင်ရှိလျှင်လည်း လေ့ကျင်းလို တပည့်မျိုးကို သဘောမကျ နိုင်စရာ မရှိပေ။

အမှန်တော့ ထိုက်ရွှီးနည်းဗျူဟာကို ကျင့်ကြံသူ အများစုသည် မိန်းကလေးများ ဖြစ်ကြလေသည်။ ဆရာသခင် ကျန်းရော့ရွှီးသာ လမ်းပြပေးခြင်း မရှိလျှင် ဆန်းလျန်သည်လည်း ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဆရာဘွားဘွား လီချင်းဆွေ၊ ဆရာဘွားဘွား ကျိလင်တို့သည် မိန်းကလေးများ ကိုသာ တပည့်အဖြစ် လက်ခံ လိုကြသောကြောင့် ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ ကျား၊ မ ခွဲခြားခြင်းက ပြဿနာမဟုတ်ပါ။

ကျား၊ မ ခွဲခြားခြင်းထက် ဆရာဘွားဘွား လီချင်းဆွေနှင့် ဆရာဘွားဘွား ကျိလင်တို့၏ တပည့်ရွေးချယ်မှုကို ကြိုတင်ခန့်မှန်းရန်မှာ မလွယ်ကူလှပါ။

ဆန်းလျန်သည် စဉ်းစားရင်းဖြင့် ဆရာဘွားဘွား ကျိလင်ကို လွမ်းဆွတ် လာမိလေသည်။

ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပလွန်းသည့် မိန်းမပျိုသည် ဆန်းလျန်ဘဝတွင် မည်သည့်အခါမှ မေ့ပျောက် သွားနိုင်မည် မဟုတ်သည့် မိန်းကလေး တစ်ယောက် ဖြစ်လေသည်။

ယခုတော့…

ဆရာဘွားဘွား ဘယ်ဆီရောက်နေပြီလဲ ဆန်းလျန်မသိတော့ပါ။ ထို့ပြင် စကြဝဠာကြီးသည် ကျယ်ပြောလွန်းလှပြီး အချိန်နှင့်နေရ ရှုပ်ထွေးမှုများကလည်း ရှိနေသေးသည်။ ဆရာဘွားဘွား မည်သည့် နေရာတွင် ရှိနေမည်ကို ဘုရားသာလျှင် သိနိုင်ပေလိမ့်မည်။

လေ့ကျင်းသည် လေနှင့်မိုးကို ဆင့်ခေါ်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေသည်မှာ အချိန်အတန် ကြာခဲ့ပြီ ဖြစ်လေသည်။ ထိုကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံလေ သူမ အံ့သြရလေ ဖြစ်လေသည်။ မိုးနှင့်မိုးကြိုးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အသွင်ပြောင်း ဆက်သွယ်နိုင်ပြီး အမျိုးမျိုးသော စွမ်းအားများကို ထုတ်လွှတ် နိုင်လေသည်။

ထိုကျင့်စဉ်မှ တစ်ဆင့် သေခြင်းရှင်ခြင်း လမ်းကြောင်းများကိုလည်း သူမ လေ့လာနိုင်ခဲ့ လေသည်။

သို့သော် ကျင့်ကြံရသည်မှာ လွယ်ကူခြင်းတော့ မရှိခဲ့ပါ။

ကျင့်ကြံလိုက်တိုင်း တန်ခိုးစွမ်းအား စီးဆင်းမှုတစ်ခု ဖြစ်ပေါ်လာပြီး သူမ၏ကိုယ်ထဲမှ တန်ခိုးစွမ်းအားများကို စုပ်ယူခံရလေသည်။ လေနှင့်မိုးကို ဆင့်ခေါ်ခြင်းက သူမ၏ ကိုယ်ထဲမှ တန်ခိုးစွမ်းအားများကို လောင်စာအဖြစ် အသုံးပြုလေသည်။

လေ့ကျင်းသည် ခံစားချက်များ ရှုပ်ထွေးနေပြီး သူမ၏ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ခံစားနေရလေသည်။

မည်သို့ပင်ဖြစ်စေ ယခင်ကထက်တော့ သူမ အများကြီး တိုးတက် လာခဲ့လေသည်။

ကျင့်စဉ်လမ်းတွင် တိုးတက်လာသည့် အတွက် သူမပျော်ရွှင်သည့်တိုင် ဆရာဖြစ်သူနှင့် မတွေ့ဆုံရသည်မှာ ကြာပြီဖြစ်သည့် အတွက် သူမဝမ်းနည်း နေခဲ့လေသည်။

သို့သော် သူမ၏ စိတ်မကောင်းဖြစ်မှုများသည် သိပ်မကြာမီပင် ပျောက်ကွယ် သွားရလေသည်။

အစိမ်းရောင် အလင်းတန်းများ ပေါင်းစပ်သွားပြီး သူမ၏ရှေ့တွင် ဆန်းလျန်၏ အသွင်အပြင် ပေါ်လာလေသည်။ သူမသည် ရုတ်တရက် ဆန်းလျန်ကို သူမ၏ အခန်းထဲတွင် မြင်လိုက်ရသည့် အတွက် ထင်ယောင်ထင်မှား ဖြစ်သည်လား ဟူ၍ပင် စဉ်းစားနေမိသေးသည်။

သူမ၏ ကျင့်စဉ်လမ်းတိုးတက်မှုများကို ရိပ်မိသွားသည့် ဆန်းလျန်သည် အနည်းငယ် ကျေနပ် သွားရလေသည်။

"ကျင်းအယ်၊ မင်းကျင့်စဉ်လမ်းမှာ တိုးတက်လာတာပဲ၊ မင်းက တကယ်ပဲ ဆရာ့ကို စိတ်မပျက်စေခဲ့ဘူးပဲ"

လေ့ကျင်းသည် ပျော်ရွှင်စွာဖြင့် သူမ၏ အိပ်ရာထက်မှ ခုန်ထလိုက်လေသည်။

ဆန်းလျန်ရှေ့တွင် ခြေဗလာဖြင့် ရပ်နေသည့် သူမ၏ ပုံသဏ္ဌာန်လေးသည် အစွမ်းကုန် ပွင့်လန်းနေသည့် ကြာပန်းလေးနှင့် တူလေသည်။ သူမသည် ရှက်သွေး ဖြာနေသည့်တိုင် ငေးမောကြည့် ရလောက်အောင် လှပနေဆဲ ဖြစ်လေသည်။

သူမသည် ဆန်းလျန်ကို ပြေးဖက်လိုက်မိမလို ဖြစ်သွားပြီးမှ ဆန်းလျန်မှာ ကြယ်တာရာ စွမ်းအားများဖြင့် ဖန်ဆင်းထားသည့် ဝိညာဉ်ခန္ဓာ ရောက်လာခြင်းသာ ဖြစ်သည်ကို သိရှိလိုက်ရသည့် အတွက် မဖက်ဖြစ်တော့ပေ။

"ဆရာ… ကျွန်မကို အကြာကြီးပဲ လာမတွေ့ဘူးနော်၊ ကျွန်မ လွမ်းနေရတာ…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မင်းလို အိမ်ကနေ ထွက်ပြေးဖို့ပဲ စဉ်းစားနေတဲ့ မိန်းကလေးက မိဘတွေ အတွက်တောင် စဉ်းစားမပေးတာ ဆရာ့ကို လွမ်းတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"

"လွမ်းတာပေါ့၊ ကျွန်မ ကျင့်ကြံရတာ ဘယ်လောက်ခက်သလဲ၊ ဆရာပြောတဲ့အတိုင်း တသွေမတိမ်းတော့ လိုက်နာ တာပါပဲ၊ ဒါပေမယ့် ကျွန်မကိုယ်ထဲက တန်ခိုးစွမ်းအား စီးဆင်းမှုတွေကို ဘယ်လို ထိန်းချုပ်ရမလဲ၊ ဘယ်လို ထုတ်လွှတ်ရမလဲဆိုတာ ကျွန်မ မသိသေးဘူး"

"ဒါကြောင့် ဆရာက အခုသင်ပေးမလို့ ရောက်လာတာပေါ့…"

ဆန်းလျန်က ကောင်းကင်ထက်ကို တစ်ချက် မော့ကြည့်လိုက်ရင်း…

"ဒီည လက အရမ်းသာနေတာပဲ၊ ကောင်းကင်ကလည်း ကြယ်တွေစုံလို့ပဲ"

ညသန်းခေါင် အချိန်ရောက်နေပြီ ဖြစ်သည့်အတွက် လမင်းသည် ကောင်းကင် အလယ် တည့်တည့်တွင် ထွန်းလင်း နေလေသည်။ ကြယ်စင်များသည်လည်း မြစ်တစ်စင်း စီးဆင်းနေသည့် အလား ထွန်းလင်းလျက် ရှိလေသည်။

ဆန်းလျန်သည် ကောင်းကင်ထက်သို့ ကြည်ကြည်လင်လင်ဖြင့် မော့ကြည့်နေလေသည်။

သိပ်မကြာမီပင် ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်ကို လေ့ကျင်း ခံစားလိုက်ရလေသည်။ ကြယ်စင်များသည် သူမ လက်လှမ်းမီသည့် အလား နီးကပ်နေသကဲ့သို့ ခံစား လိုက်ရလေသည်။ သူမသည် အိမ်ခေါင်မိုးထက်သို့ ရောက်ရှိသွားခြင်း ဖြစ်လေသည်။

သူမသည် ကြယ်စင်များနှင့် နီးကပ်နေသလို ဆန်းလျန်နှင့်လည်း အလွန်နီးကပ် နေလေသည်။ ထိုအချိန်ခဏလေး အတွင်းမှာပင် သူမရင်ထဲတွင် အတိုင်းမသိ ပျော်ရွှင်မှုကို ခံစားနေရလေသည်။

ဆန်းလျန်သည် သူမကို မည်သည့်အခါမှ ပြန်ချစ်နိုင်မည် မဟုတ်သည်ကို သူမ သိထားခဲ့ပါသည်။ သို့သော်… ကိစ္စမရှိပါ။ သူမကတော့ ဆန်းလျန်ကို ချစ်နေမည်ပဲ ဖြစ်လေသည်။

သူမသည် သူမ၏ အတွေးနှင့်သူမ ကြည်နူးနေလေရာ ဆန်းလျန်သည် သူမနာမည်ကို သုံးကြိမ်တိတိ ခေါ်လိုက်တော့ မှသာ ပြန်ပြီး သတိဝင်လာ လေတော့သည်။

***

All Chapters