← Chapters

အသူရာချောက်၏စောင့်ရှောက်သူ

Vol. 6 Ch. 529

အသူရာချောက်၏စောင့်ရှောက်သူ

Vol. 6 Ch. 529

ဆန်းလျန်သည် လေ့ကျင်းကိုငေးကြည့်နေရင်းမှ နူးညံ့စွာဖြင့်ပြောလိုက်သည်။

"မင်းသိလား၊ မိုးနဲ့မြေမှာ လွတ်လပ်တဲ့ ဝိညာဉ်လေဟာ လေနှင့်မိုးကို ဆင့်ခေါ်တာကို ပြသနိုင်တယ် ဆိုတာလေ"

လေ့ကျင်းသည် ဆန်းလျန်၏ နားသယ်စပ်မှ ဆံစလေးများကို ငေးကြည့်နေမိသည်။ သူမသည် ဆန်းလျန်ကို အရူးအမူး စွဲလန်းမိခြင်း မဟုတ်ခဲ့သည့်တိုင် တည်ငြိမ်သည့် ရေကန်တွင် လှိုင်းဂယက်လေးများ ထသည့်အလား စိတ်ထဲတွင် လှုပ်ရှားမိသည်ကတော့ အမှန်ပင်။

လေတိုက်ခတ်မှုကြောင့် ဆန်းလျန်၏ ဆံပင်များက လွင့်ပျံနေခြင်း မရှိသည့်တိုင် အဝတ်အစား အစွန်းများကတော့ လွင့်ပျံနေသည်ဟု ထင်မှတ်ရလေသည်။ ဆန်းလျန်၏ ပုံရိပ်သည် ရေထဲတွင် အရိပ်ထင်နေသည့် ပုံရိပ်အလားပင် ဖြစ်လေ၏။

ဆန်းလျန်၏ပုံသဏ္ဌာန်သည် သက်ရှိ သတ္တဝါများ အားလုံးကို ကြည့်ရှုနေသည့် စကြဝဠာ အလယ်ဗဟိုမှ နတ်ဘုရား တစ်ပါးနှင့် ဆင်တူလေသည်။ လေ့ကျင်းသည် ဆန်းလျန်၏ နူးညံ့သိမ်မွေ့သည့် စကားသံကို ကြားနေရသည့်တိုင် ဆန်းလျန်ကို ကြည့်ကာ ကြောက်ရွံ့မှုကို ခံစား လာရလေသည်။

လေ့ကျင်းသည် သတ္တိရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်ပါ၏။

သို့သော် လက်ရှိအချိန်တွင်တော့ ဆန်းလျန်နှင့် သူမသည် များစွာ အဆင့်ကွာခြား နေသလို ခံစားရလေသည်။ ဆန်းလျန်သည် အလွန်မြင့်မားနေပြီး သူမကတော့ နိမ့်ကျသူ တစ်ယောက် ဖြစ်နေသည့်အလား ခံစားနေရလေသည်။

ဆန်းလျန်က လေ့ကျင်း၏ စိတ်ခံစားချက်များကို ရိပ်မိသည့်အတွက် စကားပြောရန် စဉ်းစား လိုက်မိသော်လည်း နောက်ဆုံးတွင် မည်သည့် စကားမှ မပြောဖြစ်တော့ပါ။ အခြားသူများ၏ စိတ်ခံစားချက်များကို ဝင်ရောက် စွက်ဖက်ချင်စိတ် သူ့တွင် မရှိပေ။

ဆန်းလျန်၏ မျက်ဝန်းများသည် အဝေးတစ်နေရာရှိ လေထုထဲသို့ စူးစိုက် ကြည့်နေလေသည်။

ထို့နောက် ဆန်းလျန်သည် သူ၏ လက်နှစ်ဖက်ကို အသာပင့်တင်ပြီး လက်နှစ်ဖက်ကို ထပ်ထား လိုက်လေသည်။ ထိုအခါ သူ၏ လက်ဖဝါး အလယ်ဗဟို တည့်တည့်တွင် လေနှင့်မိုးကို ဆင့်ခေါ်သည့် မူလတန်ခိုးစွမ်းအား ပေါ်ထွက် လာလေသည်။ စွမ်းအားများက ခရုပတ် နွယ်လိမ်သဖွယ် လှည့်ပတ်နေပြီး လွတ်လပ်သည့် လေထုများသည် ဆန်းလျန်၏ လက်ဆီသို့ စုရုံး ရောက်ရှိ လာကြလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး စိုထိုင်းလာသည်ဟု လေ့ကျင်း ခံစားနေရလေသည်။

လေ့ကျင်း၏စိတ်ထဲတွင် နက်ရှိုင်းသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသေလည်။ သူမက ဆန်းလျန်၏ လက်ဖဝါး အောက်တွင် လှည့်ပတ်နေသည့် စွမ်းအားများကို အာရုံစူးစိုက် လိုက်လေသည်။ ဆန်းလျန်၏ လက်ထဲမှ စွမ်းအား နှစ်ခုသည် ဆန့်ကျင်ဘက် စွမ်းအားနှစ်ခု ဖြစ်နေပြီး ထိုစွမ်းအားနှစ်ခုက ခရုပတ်နွယ်လိမ် သဖွယ် လှည့်ပတ်နေသည့် အခါ မပျက်စီးနိုင်သည့် စွမ်းအားထုကြီး တစ်ခု ဖြစ်တည်လာလေသည်။

ဆန်းလျန်သည် သူ၏ လက်ဖဝါးအောက်မှ တန်ခိုးစွမ်အားများကို ကောင်းကင်ထက်သို့ တဖြည်းဖြည်းချင်း တွန်းတင် ပေးလိုက်လေသည်။ ထိုအခါ ကောင်းကင်တစ်ခုလုံး တိမ်ညိုများ ဖုံးလွှမ်း လာလေတော့သည်။ လေများ စတင်တိုက်ခတ်လာပြီး မိုးများ စတင်ရွာသွန်း လာတော့သည်။

ဆန်းလျန်နှင့် လေ့ကျင်းသည် အိမ်ခေါင်မိုးထက်တွင် ထိုင်နေကြဆဲ ဖြစ်လေသည်။ သို့သော် မိုးနှင့်လေများက သူတို့ ထိုင်နေသည့် နေရာသို့ ရောက်ရှိလာခြင်း မရှိပါ။ သူတို့ ထိုင်နေသည့် နေရာနှင့် သုံးပေပတ်လည်တွင် မိုးလေ ကင်းစင်လျှက်ရှိလေသည်။

လေ့ကျင်းမှာ ဆန်းလျန်သည် အခြားကမ္ဘာမှ လူတစ်ယောက်ကဲ့သို့ ခံစားနေရပြီး ရွာသွန်းနေသည့် မိုးရေစက်များကို ငေးကြည့်နေလေသည်။

သူမသည် လေနှင့်မိုးကို ဆင့်ခေါ်ရန် အတွက် သူမ၏ စွမ်းအားများကို အသုံးပြုခဲ့ပြီး ဖြစ်လေသည်။ သို့သော် ဆန်းလျန်က တန်ခိုးစွမ်းအားကို ထိန်းချုပ် အသုံးပြုသွားပုံမှန် အလွန်မှ တုန်လှုပ်စရာ ကောင်းလှသည်။ ပို၍ ရင်သပ် ရှုမောစရာ ကောင်းသည်မှာ ဆန်းလျန်သည် လျှပ်စီးစွမ်းအားကို အသုံးပြုသည့်အခါ သူ၏ခန္ဓာကိုယ်တွင် မည်သို့မှ အထိအခိုက် မရှိခြင်းပင် ဖြစ်လေသည်။

လေနှင့်မိုးကို ဆင့်ခေါ်သည့်အချိန်တွင် ဆန်းလျန် အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားသည် အလွန်မှ တည်ငြိမ်လေသည်။

လေ့ကျင်းက တစ်ခဏမျှ စဉ်းစားလိုက်ရင်း….

"ဆရာ… ဆရာက အပြုသဘောနဲ့ အပျက်သဘောယှဉ်ပြီး တန်ခိုးစွမ်းအားကို လှည့်ပတ်ပြခဲ့တာပဲ၊ ဒါကြောင့် တန်ခိုးစွမ်းအားက တည်ငြိမ်နေတာ၊ ဒါပေမဲ့ ကျွန်မက ဆရာ့လို လုပ်ဖို့ကျတော့ ကျွန်မရဲ့ကိုယ်တွင်းက တန်ခိုးစွမ်းအားတွေ အများကြီး ဆုံးရှုံးသွားမှာပေါ့၊ ကိုယ်တွင်းက တန်ခိုးစွမ်းအားနဲ့ မိုးမြေစွမ်းအားတွေကို ပေါင်းစည်းနိုင်ဖို့ ကျတော့ အပြုသဘော စွမ်းအားနဲ့ အပျက်သဘော စွမ်းအားတွေကို ဘယ်လိုထိန်းချုပ်မလဲ"

ဆန်းလျန်က…

"ကျင်းအော်… မင်းရဲ့ ဝိညာဉ်စွမ်းအား အသိဉာဏ်က ထူးခြားလွန်းတယ်၊ မင်းသာ ကြိုးစားမယ်ဆိုရင် ဆရာလုပ်သလို လုပ်နိုင်မှာပါ"

လေ့ကျင်းက ဆန်းလျန်လုပ်သလို လိုက်လုပ်ကြည့် လိုက်လေသည်။ သူမ၏ လက်နှစ်ဖက်ကို ထပ်လိုက်ပြီး တန်ခိုးစွမ်းအားများကို ဖော်ထုတ် လိုက်လေသည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများ မြင့်တက်လာသလို ခံစားလိုက်ရလေသည်။ သူမသည် ဆန့်ကျင်ဘက် တန်ခိုးစွမ်းအားများကို လှည့်ပတ်ရန် ကြိုးစားလိုက်စဉ်မှာပင် သူမ၏ကိုယ်တွင်းမှ တန်ခိုးစွမ်းအားများက ပေါက်ကွဲ ထွက်သွားလေသည်။

သို့သော် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှ မည်သည့်အရာမှ ပျက်စီး မသွားခဲ့ပေ။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်တွင် ရွာသွန်းနေသည့် မိုးရေစက်များသည် အကန့်အသတ်နှင့် ရွာသွန်းနေခြင်း ဖြစ်ပြီး ကမ္ဘာလောကကြီး တစ်ခုလုံး ရပ်တန့်နေသလို ခံစား လိုက်ရလေသည်။

လှုပ်ရှားနေသည့်သူဆို၍ သူမနှင့်ဆန်းလျန် သာလျှင် ရှိလေသည်။

ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ လေနှင့်မိုးသည် တဖြည်းဖြည်း ဆဲသွားလေသည်။

လေ့ကျင်းက တဖြည်းဖြည်း ဆဲသွားသည့် မိုးရေစက်များကို ကြည့်နေလေသည်။  မိုးရေစက် များသည် ဖန်သားများအလား ကြည်လင်လွန်းလှသည်။

လေ့ကျင်းမှာ ရုတ်တရက် အိပ်မက်ကမ္ဘာထဲတွင် ရောက်ရှိနေသည်လားဟု သံသယ ဝင်သွားမိလေသည်။ သို့သော် ဖြစ်ပျက်နေသမျှ အရာရာတိုင်းကလည်း အစစ်အမှန်များ ဖြစ်နေလေရာ လေ့ကျင်းသည် အိပ်မက်လား အစစ်အမှန် လားဝေခွဲမရတော့ပေ။

သူမသည် ရုတ်တရက် ဆန်းလျန်၏ လက်မောင်းများကို ကိုက်ချလိုက်လေရာ သူမ၏ သွားများ နာကျင် သွားရလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"နာသွားပြီမလား…"

လေ့ကျင်းက တည်ကြည် လေးနက်သည့် မျက်နှာထားဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

"အရမ်းနာသွားပြီ၊ ဒါဆို ကျွန်မ အိပ်မက် မက်နေတာ မဟုတ်ဘူးပေါ့"

ဆန်းလျန်က…

"အခု မင်းရောက်နေတာ အိပ်မက်ထဲမှာပါ၊ ဒါကြောင့် ဆရာလုပ်သလို တန်ခိုးစွမ်းအားတွေကို အကြောက်အလန့် မရှိ မင်းလှည့်ပတ် နေနိုင်တာပေါ့"

ဆန်းလျန်သည် လေ့ကျင်းကို အိပ်မက်ကမ္ဘာ တစ်ခုဖန်ဆင်းကာ သင်ကြားပေးနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် လေ့ကျင်းအနေဖြင့် အိပ်မက်ထဲတွင် ကျင့်စဉ် မအောင်မြင်လျှင်တောင်မှ အကျိုးကျေးဇူး လျော့နည်းသွားစရာ အကြောင်းမရှိပေ။

လေ့ကျင်းသည် ဆန်းလျန် ဖန်ဆင်းထားသည့် အိပ်မက်ကမ္ဘာ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး လေနှင့်မိုးကို ဆင့်ခေါ်သည့် ကျင့်စဉ်ကို ဆက်လက် လေ့ကျင့် နေလေတော့သည်။

အကြိမ်ပေါင်း တစ်ရာခန့် သူမက မရပ်မနား လေ့ကျင့်နေပြီး အကြိမ်ပေါင်း ငါးဆယ်ခန့် သူမ အောင်မြင်ခဲ့လေသည်။ နောက်ဆုံးတွင်တော့ သူမသည် လေနှင့်မိုးကို ဆင့်ခေါ်ခြင်းကို အတားအဆီးမရှိ ကျွမ်းကျင်စွာ ပြုလုပ်တတ်သွားပြီ ဖြစ်လေသည်။

လေ့ကျင်းသည် လေနှင့်မိုးကို ဆင့်ခေါ်ခြင်း ကျင့်စဉ်ကို အကြိမ်ကြိမ်အခါခါ လေ့ကျင့် နေလေရာ သူမဘေးမှ ဆန်းလျန် ထွက်ခွာသွားသည်ကိုပင် သိရှိလိုက်ခြင်းမရှိခဲ့ပေ။

နိုင်ငံခြားရေး ဝန်ကြီးလေ့နော်သည် ညသန်းခေါင်ချိန်တိုင်အောင် အိပ်ပျော်ခြင်း မရှိသေးပါ။

သူ၏ဝမ်းဗိုက်ကြီးမှာ တစ်နေ့တခြား ကြီးမားလာပြီး သူသည် အပြင်သို့ မထွက်ရဲတော့ဘဲ စာကြည့်ခန်းထဲတွင် ပုန်းနေရလေသည်။ သူ၏ ဝမ်းဗိုက်ကြီးဆီမှ နှလုံးခုန်သံတစ်သံကိုလည်း သူကြားနေရလေသည်။ သူ၏ကိုယ်ထဲတွင် သက်ရှိတစ်ယောက် ရောက်ရှိနေသည့် အလားပင် ဖြစ်လေသည်။

အတိအကျ ပြောရမည်ဆိုလျှင် သူ့တွင် ကိုယ်ဝန်ရှိနေခြင်း ဖြစ်လေသည်။

လေ့နော်သည် အလွန်မှ အတွေးအခေါ် ကောင်းသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ဆန်းလျန် သူ့ကို တိုက်လိုက်သည့် ရေသည် ကိုယ်ဝန်ရစေသည် ဆိုသည့်အချက်ကို သူ မရိပ်မိခဲ့ပေ။

လေ့နော်သည် သူ၏အကြောင်းကို လူသိမခံဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ယိုဟူ မျိုးနွယ် တစ်ခုလုံး အရှက်ရစေမည် ဖြစ်သောကြောင့်ပင်။

ထို့ပြင် သူ၏ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားနှင့် အသွေးအသား အနှစ်သာရများသည် ဝမ်းဗိုက်တွင် လာရောက်စုဝေး နေသည့်အတွက် ကိုယ်ဝန်ကိုလည်း သူဖျက်စီးမပစ်ရဲပေ။

အကယ်၍ သန္ဓေသားကို ဖျက်ဆီးလိုက်ပါက သူ၏ တန်ခိုးစွမ်းအားနှင့် သွေးတစ်ဝက် ကျော်ကျော်မှာလည်း ပျက်စီးသွားမည် ဖြစ်လေသည်။ ထိုသို့ဖြစ်ပါက သူ၏ တန်ခိုးစွမ်းအားများ များစွာ ဆုံးရှုံးသွားရမည် ဖြစ်လေသည်။ ထိုအခါ တန်ခိုးစွမ်းအား မရှိသည့် သာမန် ရှားမျိုးနွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွား ရပေလိမ့်မည်။

သူ့တွင် တန်ခိုးစွမ်းအား မရှိတော့ပါက ထိုကိစ္စကိုလည်း မည်သည့် နည်းနှင့်မျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ယခုတော့ သူ၏ကိုယ်ဝန်မှာ ရက်ပြည့်နေပြီ ဖြစ်လေသည်။ သူသည် ဆန်းလျန် ရောက်လာရန်ကိုသာ မျှော်လင့်နေမိသည်။

လေ့နော်၏ စာကြည့်ခန်းသည် ညပုလဲများဖြင့် တန်ဆာ ဆင်ထားလေသည်။ နံရံအတွင်းမှ ညပုလဲများသည် ညအချိန်တွင် လင်းလက် တောက်ပ နေလေသည်။ မီးအိမ် ထွန်းညှိထားခြင်း မရှိသည့်အတွက် စာဖတ်ခန်းထဲတွင် အရိပ်ထင်စရာ အကြောင်း မရှိပေ။

သို့သော်… စာဖတ်ခန်းထဲတွင် အနက်ရောင် အရိပ်တစ်ခု ရှိနေလသည်။ ထိုအရိပ်သည် မင်ရောင်ကဲ့သို့ နက်မှောင် နေပြီး ရွှံ့များနှင့် အလားသဏ္ဌာန် တူလေသည်။

လေ့နော်သည် ထိုအနက်ရောင်အရိပ်ကို စိုက်ကြည့်နေရင်း စကားလုံး အချို့ ရေရွတ် လိုက်လေသည်။

"အသူရာချောက်ရဲ့ စောင့်ရှောက်သူ"

အနက်ရောင်အရိပ်သည် တဖြည်းဖြည်းနှင့် လူသားဦးခေါင်း၊ နဂါးခန္ဓာကိုယ်ရှိသည့် မိစ္ဆာတစ်ကောင် အသွင်သို့ ကူးပြောင်း သွားလေသည်။ သူ၏ နဂါးခန္ဓာကိုယ် ထက်တွင် အနက်ရောင် အကြေးခွံများ ရှိနေလေ၏။

အသူရာချောက်၏ စောင့်ရှောက်သူများသည် အလွန်ထူးဆန်းသည့် သတ္တဝါများဖြစ်ပြီး တာ့ရှားဧကရာဇ်၏ အမိန့်ကို နာခံသူများ ဖြစ်လေသည်။ သူတို့၏ မျိုးနွယ်ကလည်း ထူးခြားပြီး တန်ခိုးစွမ်းအားလည်း မြင့်မားလေသည်။ သူတို့သည် တာ့ရှား ဧကရာဇ်၏ အချို့သော တာဝန်များအတွက် အကောင်းဆုံး အရည်အချင်း ရှိကြသူများ ဖြစ်ကြလေသည်။

***

All Chapters