← Chapters

သွေးစက်တစ်စက်မှပြန်လည်မွေးဖွားခြင်း

Vol. 6 Ch. 530

သွေးစက်တစ်စက်မှပြန်လည်မွေးဖွားခြင်း

Vol. 6 Ch. 530

အသူရာချောက်၏ စောင့်ရှောက်သူသည် သူ၏ခန္ဓာကိုယ်ကို အရိပ်အဖြစ် ပြောင်းလဲ ပစ်နိုင်သည့် သဘာဝလွန် စွမ်းအားတစ်ခု ရှိလေသည်။ ထို့ကြောင့် မည်သည့် နေရာသို့မဆို ခိုးဝင်နိုင်လေသည်။

အရိပ်ဖြစ်သည့် အတွက် ထိခိုက်ဒဏ်ရာ ရအောင် မလုပ်နိုင်လေရာ လွတ်လွတ်လပ်လပ်ပင် သွားလာ နိုင်လေသည်။

"တာ့ရှားဧကရာဇ်ရဲ့အမိန့်အရ ဝမ်ချန်နန်းတော်ကို လိုက်ခဲ့ဖို့ လာခေါ်တာပါ"

စောင့်ရှောက်သူထံမှ ဖြည်းညင်းသည့်အသံထွက်ပေါ်လာလေသည်။

သူ၏မျက်ဝန်းများက ခံစားချက် ကင်းမဲ့နေပြီး အသံကလည်း ကျောက်သားကဲ့သို့ အေးစက် နေလေသည်။

လေ့နော်က…

"ဘာကိစ္စများရှိလို့လဲ"

"နန်းတော်ကို ရောက်ရင် သိရမှာပေါ့"

စောင့်ရှောက်သူ၏ အဖြေကြောင့် လေ့နော်၏မျက်ဝန်းများ အေးစက် သွားလေသည်။

သူက အသူရာချောက်၏ စောင့်ရှောက်သူကို စိုက်ကြည့်လိုက်ပြီး…

"ကျုပ်က မသွားနိုင်ဘူး ဆိုရင်ရော…"

"ပြောရခက်တယ်၊ ဘာလို့လဲဆိုတော့ တာ့ရှားဧကရာဇ်က မင်းကို အသက်ရှင်လျက် တွေ့မြင် ချင်နေတယ်၊ တစ်ချက်မှ ထိခိုက်မခံနိုင်ဘူးတဲ့"

အသူရာချောက်၏ စောင့်ရှောက်သူက စိတ်ရှည်လက်ရှည် ဖြည်းလေးစွာဖြင့် ရှင်းပြ လေသည်။

လေ့နော်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"မင်းတစ်ယောက်တည်းတော့ မဖြစ်နိုင်လောက်ဘူး"

"ဒါပေါ့ ကျုပ်တစ်ယောက်တည်းတော့ ဘယ်ဟုတ်မလဲ"

အသူရာချောက်၏ စောင့်ရှောက်သူက ခံစားချက် ကင်းမဲ့သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

ထိုအချိန်မှာပင်….

အခန်းထဲတွင် မွှေးပျံ့သည့် ရနံ့တစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း လေ့နော် နားလည် သဘောပေါက်လိုက်လေသည်။ သူက ခေါင်မိုးထက်သို့ မော့ကြည့်လိုက်သည့် အခါတွင်တော့ (၇)ပေခန့် ရှည်လျားသည့် မြွေငယ် တစ်ကောင်ကို တွေ့မြင် လိုက်ရလေသည်။

ထိုမြွေငယ်၏ ခံတွင်းမှ ထွက်သည့် အနံ့က မွှေးပျံ့နေခြင်း ဖြစ်လေသည်။

လေ့နော်မှာ မြွေငယ်ကို မြင်သည်နှင့် အံ့သြမင်သက်သွားရသည်။

မြွေငယ်မှာ တစ်ကိုယ်လုံး အနီရောင် ဖြစ်လေသည်။ အကြေးခွံများ ရှိနေသည့်အတွက် အနီရောင်ထက်တွင် အနက်ရောင် အစက်အပြောက်များကို တွေ့မြင် ရနိုင်လေသည်။ မျက်လုံးများကတော့ အစိမ်းရောင် တောက်ပနေလေသည်။

ထိုမြွေမှာ ယစ်မူးနဂါး တစ်ကောင် ဖြစ်လေသည်။ မြွေတစ်ကောင် ပုံသဏ္ဌာန် ရှိသည့်တိုင် နဂါးသွေး ပါဝင်လေသည်။

ထိုနဂါး၏ ခံတွင်းမှ တံတွေးသည် ထူးခြားသည့် စွမ်းအားတစ်မျိုး ရှိလေသည်။ ထိုနဂါးမျိုးနွယ် မြွေငယ်၏ တံတွေးသည် မွှေးကြိုင်သင်းပျံ့ပြီး အလွန်အားကြီးသည့် မေ့ဆေးတစ်မျိုး ဖြစ်လေသည်။

တစ်ချိန်တုန်းက ထိုက်ယီထျန်းရှန်း အဆင့်ရှိသည့် နတ်ဘုရား တစ်ပါးကိုပင် နှစ်တစ်ထောင် ကြာအောင် ယစ်မူးနေစေရန် အတွက် ယစ်မူးနဂါး တစ်ကောင်က ပြုလုပ်ခဲ့ဖူးလေသည်။

လေ့နော်မှာ ခြေလက်များ ထုံကျဉ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် ထိန်းချုပ်၍ မရတော့ပေ။ အသူရာချောက်၏ စောင့်ရှောက်သူသည် အစစအရာရာ ကြိုတင်ပြင်ထားပြီးမှ ရောက်လာခြင်း ဖြစ်လေသည်။

လေ့နော်သည် တန်ခိုးစွမ်းအားမြင့်မားသည့် နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်ဖြစ်သည့်တိုင် ယခုအချိန်တွင်တော့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခြင်း မရှိတော့ပါ။

ယစ်မူးနဂါးကိုပင်အသုံးပြုကာ တာ့ရှားဧကရာဇ်က သူ့ကိုမရရအောင် ခေါ်ယူခဲ့ခြင်းမှာ အရေးကြီးသော ကိစ္စတစ်ခု ရှိသောကြောင့် ဖြစ်ရပေမည်။ လေ့နော်သည် တာ့ရှား ဧကရာဇ်ထံတွင် တာဝန် ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် အတွက် တာ့ရှားဧကရာဇ်၏ ရည်ရွယ်ချက်ကို လေ့နော် ခန့်မှန်းမိလေသည်။

အမှန်တော့ လေ့နော်တွင် ကိုယ်ဝန်ရှိနေသည့် ကိစ္စသည် ဇနီးဖြစ်သူနှင့် သမီးဖြစ်သူကို ဖုံးကွယ် ထားနိုင်သည့်တိုင် တာ့ရှားဧကရာဇ်ကိုတော့ မည်သည့်နည်းနှင့်မျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

ထို့ပြင် တာ့ရှားဧကရာဇ်သည် ရဟန်းမင်းကြီးကို သူ့ရင်ထဲမှ မေတ္တာတရားကို ဖွင့်ပြောပြီးသွားပြီ ဖြစ်သည့် အတွက် ယောကျ်ားလေးများ ကိုယ်ဝန်ဆောင်ခြင်းကို စိတ်ဝင်စားနေဟန် ရှိလေသည်။ ထို့ကြောင့် သူက လေ့နော်၏ ထူးဆန်းသည့် ကိစ္စကို သိရှိသွားသည့် အခါ စိတ်ဝင်စားနေမိခြင်း ဖြစ်တော့သည်။

တာ့ရှားဧကရာဇ်သည် ထုံးတမ်း အစဉ်အလာများကို အရေးမထားသည့် ဘုရင်တစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် လေ့နော်အနေဖြင့် သူ၏ ကိုယ်ဝန်အကြောင်းကို တာ့ရှား ဧကရာဇ် စိတ်ဝင်စားနေသည်ကို သံသယမရှိပါ။

လေ့နော်မှာ ခြေလက်များ လေးလံ ထုံကျဉ်နေပြီး မျက်ခွံများလည်း လေးလံ လာလေသည်။

ထိုအချိန်မှာပင်….

လေ့နော်၏နားထဲတွင် ယစ်မူးနဂါးမျိုးနွယ် အနီရောင်မြွေငယ်၏ အော်ဟစ်လိုက်သံကို ကြားလိုက်ရပြီး အခန်းထဲတွင် ကျောက်စိမ်းသားကဲ့သို့ ကြည်လင်လွန်းသည့် လူတစ်ယောက်၏ ပုံသဏ္ဌာန် ပေါ်လာလေသည်။

ထိုလူ၏ ပုံသဏ္ဌာန်မှာ ကြယ်ရောင်များကဲ့သို့ တောက်ပနေပြီး တာအို ဆရာတစ်ဦး ဖြစ်လေသည်။

ထိုသူမှာ အခြားသူ မဟုတ်ပေ။ တာ့ရှားပြည်၏ တိုင်းပြည် အကြံပေး အမတ်မင်း ဆန်းလျန်ပင် ဖြစ်လေတော့သည်။

အသူရာချောက်မှ စောင့်ရှောက်သူသည် စာကြည့်ခန်းထဲတွင် ရေခဲရုပ်တုကြီး အဖြစ် ပြောင်းလဲသွားလေသည်။ ယစ်မူးနဂါးမျိုးနွယ် အနီရောင် မြွေငယ်မှာလည်း ဆန်းလျန်လက်မှ မလွတ်မြောက်နိုင်ပါ။ မြွေငယ်သည်လည်း ရေခဲအဖြစ် အသွင်ပြောင်းသွားပြီး လေထဲတွင် မျောလွင့်နေလေသည်။

"တိုင်းပြည်အကြံပေးအမတ်မင်း"

လေ့နော်က ထိတ်လန့် အံ့သြစွာဖြင့် အော်လိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ဘာလဲ… ကျုပ်လာတာကို မကြိုဆိုချင်ဘူးလား"

"မလုပ်ဝံ့ပါဘူး…"

လေ့နော်သည် သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြန်လည် ထိန်းချုပ် လာနိုင်လေသည်။ သို့သော် ယခင်ကနှင့်ယှဉ်လျှင် အားနည်းနေဆဲ ဖြစ်လေသည်။

"ကျုပ်ကတိ ပေးထားတဲ့အတိုင်း ရောက်လာတာပါ၊ ခင်ဗျားကိုယ်ထဲက အရာကို ကျုပ်ထုတ်ယူ ပေးမယ်"

"မင်းက အစကတည်းက တွက်ထားပြီးသားပေါ့လေ၊ မင်းတိုက်တဲ့ရေက ကိုယ်ဝန်ဆောင် နိုင်တယ်ဆိုတာ မင်းသိပြီးသားပဲကိုး၊ ဒါကြောင့် ကျုပ်ရဲ့ စွမ်းအားတွေဟာ ဝမ်းဗိုက်မှာ လာစုနေတာကိုး"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"အဲဒါ စိတ်ဝင်စားစရာ မကောင်းဘူးလား၊ တစ်သားမွေး တစ်သွေးလှတဲ့၊ ဒါ ခင်ဗျားအတွက် အခွင့်အရေးပဲ"

ဆန်းလျန်က စကားဆုံးသွားသည်နှင့် သူ၏ လက်ချောင်းများဖြင့် လေ့နော်၏ ဝမ်းဗိုက်ကို ထိကိုင် လိုက်လေသည်။ လေ့နော်၏ စိတ်ထဲတွင် လေပြင်းတစ်ချက် တိုက်ခတ်သွားသည့် အလား ခံစားလိုက်ရပြီး သူ၏ ဝမ်းဗိုက်အတွင်းမှ တစ်စုံတစ်ခု လစ်ဟာသွားသည့် အလား ခံစား လိုက်ရလေသည်။

သူ၏ ဝမ်းဗိုက်အတွင်းမှ အသွေးအသား ဖြစ်တည်မှုကို ဆန်းလျန် ယူဆောင်သွားခဲ့ပြီ ဖြစ်လေသည်။

"တစ်လလောက် လေမထိ ရေမထိ နေရမယ်၊ ပြီးတော့ အစားကောင်းကောင်း စားဖို့လည်း မမေ့နဲ့"

ဆန်းလျန်၏ စကားသံကို လေ့နော် ကြားလိုက်ရလေသည်။

လေ့နောမှာ ဆန်းလျန်၏စကားကြောင့် ဒေါသချောင်းချောင်း ထွက်သွားသည့်တိုင် တံခါး အပြင်ဘက်သို့ ထွက်မသွားရဲပေ။

ဆန်းလျန်၏လက်ထဲမှ လေ့နော်၏ အသွေးအသားအနှစ်သာရသည် ရေခဲအလင်းကြောင့် အေးခဲ နေလေသည်။

ထိုအရာထံမှ မြင့်မားလွန်းသည့် အသက်ဓာတ် စွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားနေရလေသည်။ ထိုအရာသည် ရှားမျိုးနွယ်များ၏ အလွန်သိပ်သည်းသည့် သွေးဖြင့် ဖွဲ့စည်းထားပြီး ရှားမျိုးနွယ်၏တန်ခိုးစွမ်းအား လျှို့ဝှက်ချက်များ ပါရှိလေသည်။

ကျီမုမြစ်ရေကသာလျှင် လေ့နော်၏ ကိုယ်တွင်းမှ အသွေးအသားနှင့် တန်ခိုးစွမ်းအားကို သိပ်သည်းစွာဖြင့် ဖွဲ့စည်း စေနိုင်ခြင်း ဖြစ်လေသည်။

ထိုအရာဆီမှ ထူးဆန်းသည့် အသက်ဓာတ်စွမ်းအားများကို ဆန်းလျန် ခံစားနေရလေသည်။

အသွေးအသား အနှစ်သာရမှ မရေမတွက် နိုင်အောင် များပြားသည့် အသက်ဓာတ်ပေါင်း များစွာ မွေးဖွားလာနိုင်လေ သည်။

ထိုအရာသည် နတ်ဘုရားဖြစ်တည်မှု ပုံစံသစ်တစ်ခုနှင့် ဆင်တူလေသည်။ ထိုအရာသည် စကြဝဠာ တစ်ခုလုံးမှ တန်ခိုးစွမ်းအားများကို စုပ်ယူပြီး အဆုံးမဲ့ကြီးထွား လာသည်နှင့်အမျှ အကန့်အသတ် မရှိ ပုံတူများကို ပွားများနိုင်မည် ဖြစ်လေသည်။

ရုပ်ခန္ဓာ၏ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသည့်အခါ သွေးစက်တစ်စက်ကပင် ပြန်လည် မွေးဖွားနိုင်သည့် ဝိသေသ လက္ခဏာရှိသည်ဟု အဆိုရှိကြလေသည်။ ဆိုလိုသည်မှာ လူတစ်ယောက် သတ်ဖြတ် ခံရလျှင်ပင် စီးဆင်းသွားသည့် သွေးများမှ တန်ခိုးစွမ်းအားသည် မိုးမြေ စွမ်းအားများကို စုပ်ယူပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပြန်လည် ဖြစ်တည် လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။

ကြည့်ရသည်မှာ ဤအသွေးအသား အနှစ်သာရသည် ထိုစရိုက် လက္ခဏာရှိပုံ ရလေ၏။

လေ့နော်သည် ရှားမျိုးနွယ်နှင့် ယိုဟူမျိုးနွယ် ပေါင်းစပ်ထားသည့် အစစ်အမှန် မျိုးနွယ်တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ၏တန်ခိုးစွမ်းအားနှင့် အသွေးအသား ဖြစ်တည်မှု အနှစ်သာရသည် ရှားမျိုးနွယ်၏ သန့်စင်သည့်သွေး ဖြစ်လေသည်။

လေ့ကျင်းကတော့ သူမ၏ဖခင်နှင့် ဆရာအကြားတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို သိရှိခဲ့ခြင်းမရှိပါ။ သူမသည် လေနှင့်မိုးကို ဆင့်ခေါ်ခြင်း ကျင့်စဉ်ကို ထပ်ခါထပ်ခါ လေ့ကျင်း နေခဲ့လေသည်။ သူမ သတိပြန်ဝင်လာသည့် အချိန်တွင်တော့ ဆရာဖြစ်သူသည် သူမအနားတွင် မရှိတော့ပေ။

ထို့ပြင်…

သူမသည် အိမ်ခေါင်မိုးထက်တွင်လည်း မဟုတ်တော့ပါ။

သူမသည် သူမ၏ အိပ်ရာထက်တွင်ထိုင်နေလေသည်။ သူမသည် စိတ်များ ရှုပ်ထွေးနေပြီး ဆရာဖြစ်သူသည် သမူကို အိပ်မက်ထဲတွင် လာတွေ့ခဲ့သည်လား၊ ပြင်ပတွင် တကယ် လာတွေ့ခဲ့သည်လား ဆိုသည့်အချက်ကို မသဲမကွဲ ဖြစ်နေရလေသည်။

ရုတ်တရက်… သူမ တစ်စုံတစ်ခုကို စဉ်းစား လိုက်မိလေသည်။

လေနှင့်မိုးကို ဆင့်ခေါ်သည့် ကျင့်စဉ်ကို ကျင့်ကြံပြီးသည့်နောက် ကျင့်ကြံသူ၏ ခန္ဓာကိုယ် အတွင်းရှိ အစွမ်းထက်သည့် တန်ခိုးစွမ်းအားသည် အမျိုးမျိုးသော လမ်းကြောင်းများမှ ဖြတ်သန်းသွားပြီး ပြင်ပမှ မိုးမြေစွမ်းအားများနှင့် ပေါင်းစပ် သွားလေသည်။ ထို့နောက် ဆန့်ကျင်ဘက် တန်ခိုးစွမ်းအားနှစ်ခုအဖြစ် လှည့်ပတ်ပေါင်းစည်း ခဲ့ကြလေသည်။

ထိုသို့တွေးမိသည်နှင့် သူမသည် ချက်ချင်းပင် ပြင်ပမှ မိုးမြေစွမ်းအားများကို စုပ်ယူ လိုက်လေသည်။ ထိုအခါ ပြင်ပမှ မိုးမြေစွမ်းအားများသည် သူမ၏ အခန်းတွင်းသို့ စီးဝင် လာကြလေသည်။

လေ့ကျင်း၏ မျက်ဝန်းများသည် ပျော်ရွှင်မှုများဖြင့် ပြည့်နေပြီး စီးဝင်လာသည့် မိုးမြေစွမ်းအားများကို သူမ၏ ကိုယ်တွင်းမှ စွမ်းအားများ လှည့်ပတ်ပေါင်းစည်း လိုက်ကာ တန်ခိုးစွမ်းအားများကို အပြင်ဘက်သို့ ပြန်ပြီး တွန်းပို့ပေးလိုက်လေ သည်။

ထိုအခါ လေ့အိမ်တော် ခြံဝင်းအတွင်းတွင် တိမ်ညိုများ ယှက်သန်းလာပြီး လေများပြင်းထန်စွာ တိုက်ခတ် လာလေတော့သည်။

ပြင်းထန်သည့် လေကြောင့် ပန်းများပင် ကြွေလွင့်ကုန်ကြရပြီး မိုးများရုတ်တရက် ရွာသွန်း ချလေတော့သည်။

အပြင်ဘက်ဆီမှ အစေခံများ၏ လှုပ်လှုပ်ရှားရှား အသံများ ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် ….

ဆန်းလျန်သည် နိုင်ငံခြားရေးဝန်ကြီး လေ့နော်၏ အိမ်တော်အပြင်ဘက်ရှိ ဇာမဏီ သစ်ပင်ကြီး နံဘေးသို့ ရောက်ရှိ နေခဲ့လေသည်။

***

All Chapters