အခန်း (၆၁-၆၂)
Vol. 5 Ch. 61-62
အပိုင်း(၆၁)
ညသန်းခေါင်ယံ အချိန်တွင် လင်းတုန်းသည် သူ၏ ကျင့်ကြံမှု သမာဓိမှ လန့်နိုးလာခဲ့၏။ စမားရ၏ အလင်းကွင်းမှ အလင်းရောင်က ဆေးကုသရေး ခန်းမဆောင်၏ အတွင်းပိုင်းကို ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု ပေးစွမ်းနေလေသည်။ သူသည် ညတိုင်း ခေါင်းပေါ်ရှိ အလင်းကွင်းကြီးနှင့်အတူ ကြီးပြင်းလာခဲ့သော်လည်း၊ အောက်ဘက် တောင်ကြားထဲတွင်တော့ ၎င်းက အလင်းရောင် အများကြီး မပေးစွမ်းနိုင်ခဲ့ပေ။
ပြောရလျှင်... ၎င်းမှာ မိုးကုပ်စက်ဝိုင်း၏ စိတ်ဝင်စားစရာကောင်းသော အသွင်အပြင်တစ်ခု သက်သက်သာ ဖြစ်ခဲ့သည်။ ဤနေရာတွင်တော့ ၎င်းက လပြည့်ဝန်း တစ်စင်းကဲ့သို့ လုပ်ဆောင်နေသည်။ သို့သော် ၎င်း၏ အလင်းရောင်က ပါးလွှာပြီး တစ်နည်းနည်းဖြင့် ဆန့်ထွက်နေကာ၊ ပတ်ဝန်းကျင်ကို ဖြူဖျော့ပြီး အိပ်မက်ဆန်သော အသွင်အပြင်ကို ပေးစွမ်းနေလေသည်။
အခြား လူနာများအားလုံး ပင်ပန်းနွမ်းနယ်စွာ အိပ်မောကျသွားကြပြီဖြစ်ပြီး၊ တာဝန်ကျ ဆေးကုသပေးသူ ပင်လျှင် အခန်း၏ အခြားတစ်ဖက်ရှိ နံရံကို မှီကာ ခွေကျနေလေပြီ။ သူမသည် ဒဏ်ရာရသူ လှိုင်းလုံးကြီးကို ကိုင်တွယ်ဖြေရှင်းရင်း သူမ၏ ဝိညာဉ်ကို အကုန်အစင် သုံးစွဲထားခဲ့လေပြီ။
လင်းတုန်းသည် သူ မည်သို့ နိုးကြားနေနိုင်ခဲ့သလဲ ဆိုသည်ကို မသေချာပေ။ သူ၏ အဝတ်အစားများနှင့် အိပ်ရာခင်းများမှာ ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ အရေပြားအောက်ရှိ ဆူးများက အရှိန်လျော့သွားသော်လည်း သူ၏ သွေးကြောများက ယားယံနေဆဲ ဖြစ်သည်။ သူ၏ မာဒြာများက နိမ့်ကျနေပြီဖြစ်ရာ၊ ဒီညမှာ သူ နောက်ထပ် အများကြီး ထပ်လုပ်လိုက်မည်ဆိုလျှင် သူ၏ ဝိညာဉ်ကို လိုအပ်သည်ထက် ပိုသုံးမိသွားမည်ဖြစ်ပြီး ရက်ပေါင်းများစွာ ကုတင်ပေါ်တွင် ပိတ်မိနေလိမ့်မည် ဖြစ်သည်။ ကျင့်ကြံမှု တွင် ပိတ်မိကာ နာရီပေါင်းများစွာ အာရုံစိုက်ထားခဲ့ရသဖြင့် သူ၏ ခေါင်းပင် ကိုက်ခဲနေလေပြီ။
သို့သော် သူ လက်မလျှော့ခဲ့ပေ။ သူက ပါးစပ်ကို ဟကာ မေးရိုးကို ဆန့်ထုတ်လိုက်သည်။ ၎င်းက နာကျင်နေဆဲဖြစ်သော်လည်း၊ သူ ရောက်လာစကလောက်တော့ မဆိုးတော့ပေ။ သူ၏ နံရိုးများနှင့် လက်မောင်းကပင် ပထမတုန်းကလို ကျိုးကြေသွားသကဲ့သို့ မဟုတ်တော့ဘဲ၊ ပွန်းပဲ့သွားရုံမျှသာ ခံစားရလေသည်။ အကယ်၍ ခံနိုင်ရည်ရှိမည်ဆိုလျှင်၊ သူ လမ်းလျှောက်နိုင်မည် ဖြစ်သည်။
လင်းတုန်း ဒဏ်ရာများနှင့် ဝိညာဉ်ကို အနားပေးရန်မှလွဲ၍ ဘာကိုမျှ ပိုမလိုချင်ခဲ့ပေ...။ သို့သော် ယခုအချိန်က အချိန်အခါကောင်း ဖြစ်ကြောင်း သူ သိလေသည်။ ယီရင် ကို သွားရောက် ရင်ဆိုင်ခဲ့သော ယခင် သံမဏိအဆင့် တစ်စုသည် ရှုံးနိမ့်ကာ ပြန်ရောက်လာခဲ့ကြပြီး၊ နောက်တစ်သုတ်က မနက်ဖြန် မနက်မတိုင်မီ ထွက်ခွာကြမည် မဟုတ်ပေ။ သူမကို ရှာဖွေရန် သူ၏ လက်ထဲတွင် ဒီည၊ ဒီတစ်ညသာ အချိန်ရှိလေသည်။
လင်းတုန်းသည် ကုတင်ထောင့်ကို ချိုင်းထောက်အဖြစ် အသုံးပြုကာ တုန်ရီနေသော ခြေထောက်များဖြင့် ယိမ်းထိုး ထရပ်လိုက်သည်။ လေထုက သူ မျှော်လင့်ထားသည်ထက်ပင် ပိုမို အေးစိမ့်နေသဖြင့်၊ အိပ်ပျော်နေသော အခြား လူနာတစ်ဦးထံမှ အပြင်ဝတ်ရုံ တစ်ထည်ကို သူ ဆွဲယူလိုက်သည်။ ထိုတပည့်က သတိထားမိမည် မဟုတ်ပေ။
သူ တတ်နိုင်သမျှ အမြန်ဆုံး အိမ်သို့ ခြေဆွဲကာ ပြန်လာခဲ့ပြီး၊ လှုပ်ရှားလိုက်သည်နှင့်အမျှ ခွန်အားများ ဖြည်းညင်းစွာ ပြန်လည်ရရှိလာလေသည်။ ဖြူဖျော့သော အလင်းရောင်က အရာအားလုံးကို ထူးဆန်းသော အရောင်အသွေးတစ်ခု ဖုံးလွှမ်းပေးထားသည်။ အထူးသဖြင့် မိုးရေကျောက် အဆောက်အအုံများမှာ ယခုအခါ နွားနို့ထဲ နှစ်ထားသည့်အလား ပုံပေါက်နေလေသည်။
စမားရ၏ အလင်းကွင်း မှာ ကောင်းကင်ယံတွင် လက်မောင်းလုံးခန့် ထူထဲနေပြီး၊ မိုးကုပ်စက်ဝိုင်း တစ်ဖက်မှ တစ်ဖက်သို့ အလင်းမြစ် တစ်စင်းကဲ့သို့ ဆန့်တန်းတည်ရှိနေလေသည်။ အလင်းကွင်း၏ အောက်တွင် တလက်လက် တောက်ပနေသော အဖြူရောင် မှော်ပစ္စည်း အဆောက်အအုံများဖြင့် ကောင်းကင် ဂုဏ်သရေ ကျောင်းတော် ၏ ခမ်းနားထည်ဝါမှုက သူ့ကို နောက်တစ်ကြိမ် ရိုက်ခတ်သွားလေသည်။
‘တကယ်ကိုပဲ ကောင်းကင်ဘုံက ရွာလေးတစ်ရွာမှာ နေထိုင်ရသလိုပါပဲလား... ကောင်းကင်ဘုံက သစ္စာဖောက်တွေကို ဘာလုပ်ကြသလဲ မသိဘူး...’
လင်းတုန်း အခန်းဆီသို့ ရောက်ချိန်တွင် တွေးလိုက်၏။ ထို့နောက်... အတွင်းရှိ အစီအရင် အလံများ ပါဝင်သော သူ၏ ကျောပိုးအိတ်ကို ယူရန် အလျင်အမြန် ဝင်ရောက်သွားလေသည်။
‘အောက်ကို ပြန်ပစ်ချလိုက်တာပဲ ဖြစ်မှာပေါ့...’
တစ်ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဒုတိယမြောက် တပည့် ဝတ်စုံကိုပါ သူ ယူဆောင်လာခဲ့လေသည်။ အကယ်၍ ဤနေရာတွင်လည်း ထိုကဲ့သို့ ပြစ်ဒဏ်မျိုး ရှိမည်ဆိုလျှင်၊ "သူ့ကို အောက်သို့ ပစ်ချခြင်း" မှာ တောင်ပေါ်မှနေ၍ သူ့ကို ပစ်ချခြင်းပင် ဖြစ်လောက်လေသည်။
ထိုအရာကို ရှောင်ရှားရန် အလွယ်ကူဆုံး နည်းလမ်းမှာ အဖမ်းမခံရအောင် ရှောင်ရှားခြင်းပင် ဖြစ်သဖြင့်၊ လင်းတုန်းသည် သူ၏ သစ်သား တံဆိပ်ပြားကို အဝတ်အစားများအတွင်းသို့ ထိုးသွင်း ဖုံးကွယ်လိုက်လေသည်။ သူ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြရန် လိုအပ်လာပါက အသုံးပြုနိုင်ရန် ၎င်းကို သူ ချန်ထားခဲ့၍ မရနိုင်သော်လည်း၊ ၎င်းကို ဗြောင်ကျကျ ဝတ်ဆင်ထားခြင်းက သူ၏ နာမည်ကို အဝတ်အစားများပေါ်တွင် ဆေးသုတ်ထားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ ကျောင်းတော် တွင် ဝိညာဉ်မဲ့ ဆိုလို့ သူ တစ်ယောက်တည်းသာ ရှိလေသည်။
မာကျောသော ကုတင်ဆီသို့ နောက်ဆုံးအကြိမ် တမ်းတမ်းတတ လှမ်းကြည့်လိုက်ပြီးနောက်၊ လင်းတုန်းသည် ကျောပိုးအိတ်ကို ပခုံးပေါ် သိုင်းတင်ကာ အေးခဲနေသော ညအမှောင်ထဲသို့ ထွက်ခွာလာခဲ့လေသည်။
တောင်ပေါ်သို့ မြောက်ဘက်ဆီ ဦးတည်သွားသည်နှင့်အမျှ နှင်းပြင်ကွက်များက ပိုမို မကြာခဏ ထွက်ပေါ်လာလေသည်။ ပိန်လှီသော သစ်ပင်များက ပိုမို စိပ်လာပြီး၊ ဝိညာဉ်အကြွင်းအကျန် အချို့ကိုပင် သူ ရိပ်ခနဲ မြင်လိုက်ရလေသည်။
တောက်ပနေသော ဦးချိုများ၏ လင်းလက်မှု... သို့မဟုတ် တက်ကြွသော အစိမ်းရောင် အကြေးခွံများ၏ လှုပ်ရှားမှု တစ်ခု...
ဤအပေါ်ရှိ ဝိညာဉ်အကြွင်းအကျန် အများစုသည် အလင်း သဘာဝ များကို သယ်ဆောင်ထားကြသဖြင့်၊ စမားရ၏ အလင်းကွင်း ဆီသို့ ဆွဲဆောင်ခံရခြင်း ဖြစ်သည်။ သူ ကလေးဘဝက ထိုအကြောင်းကို သူ၏ မိခင်က သင်ပေးခဲ့ဖူးလေသည်။ လူများက မြစ်ထဲမှ ရေသောက်သကဲ့သို့ ၎င်းတို့က အလင်းကွင်းထံမှ သောက်သုံးကြသည်။
သို့သော်လည်း... ထိုအကျိုးဆက်အနေဖြင့် ကောင်းကင် ဂုဏ်သရေ ၏ နယ်မြေသည် ညအချိန်တွင် လုံခြုံမှု မရှိပေ။ အရိုင်းဆန်သော ဝိညာဉ်အကြွင်းအကျန် များက သူ့ကို ၁၀၀ ရာခိုင်နှုန်း ကျိန်းသေ တိုက်ခိုက်မည်တော့ မဟုတ်ပေ...။ သို့သော် အရိုင်းဆန်သော ဝိညာဉ်အကြွင်းအကျန် များက ဘာလုပ်မည်ကို ကြိုတင်ခန့်မှန်းရန်မှာ မဖြစ်နိုင်ပေ။
သူတို့က သူ့ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်နိုင်သည်၊ လျစ်လျူရှုသွားနိုင်သည်၊ တစ်ချက်ကိုက်ပြီး ထွက်ပြေးသွားနိုင်သည်၊ သူ၏ မျက်လုံးထဲသို့ အလင်းရောင် တစ်ချက် ထိုးပြနိုင်သည်၊ သူ့ကို ဂူတစ်ခုထဲ ဆွဲသွင်းပြီး အကျဉ်းချထားနိုင်သည်၊ သို့မဟုတ် သူ့ကို မြင်မြင်ချင်းပင် ထာဝရ သစ္စာစောင့်သိပါမည်ဟု ကတိသစ္စာ ပြုနိုင်လေသည်။
အကယ်၍ သင်က ဝိညာဉ်အကြွင်းအကျန် တစ်ခုကို မသိဘူးဆိုလျှင်... ထိုအရာက ဘာမဆို လုပ်နိုင်စွမ်း ရှိတယ်လို့ သဘောထားပြီး ဆက်ဆံရလိမ့်မည်။
လင်းတုန်းသည် ဒရက်ဂျ် (မှော်ပစ္စည်း အကူ) တစ်ခု ရှိရန် အလွန်အမင်း ဆန္ဒရှိနေမိလေသည်။ သာမည ရတနာ ခန်းမဆောင် တွင် အဆင့်နိမ့် ဒရက်ဂျ် တစ်ခု ရှိခဲ့သည်။ သူသည် ဝိညာဉ်ပန်းပဲဆရာ တစ်ယောက် မဟုတ်သောကြောင့်သာ ၎င်းကို ကျော်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာတွင်တော့၊ ၎င်းက သူ၏ ခရီးစဉ် တစ်ခုလုံးကို ရိုးရှင်းသွားစေမည် ဖြစ်သည်။ သူက ဂရက်ဂျ်ကို ဓား မာဒြာ ၏ နောက်သို့ လိုက်ရန် စေခိုင်းနိုင်ရုံသာမက၊ အထူးသဖြင့် ၎င်းက အန္တရာယ်များသော ဝိညာဉ်အကြွင်းအကျန် များအကြောင်း သူ့ကို သတိပေးနိုင်သည်။ အကယ်၍ သူ အတိုက်ခိုက်ခံရပါက သူ့ကိုယ်သူ ကာကွယ်ရန် ရွေးချယ်စရာ အချို့ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ယခုအခြေအနေအရတော့၊ သူက စွန့်စားရမည် ဖြစ်သည်။ ထိုဖြစ်နိုင်ခြေက သူ့ကို ဓားသွားပေါ်တွင် ကခုန်နေရသကဲ့သို့ ဖြစ်စေပြီး၊ အရိပ်တိုင်းကို စူးစမ်းရှာဖွေကာ ဝိညာဉ်တိုင်းကို မြင်လိုက်ရချိန်တွင် အေးခဲသွားစေလေသည်။
အကယ်၍ သူတို့က အနည်းငယ်မျှ ရန်လိုသည့်ပုံ ပေါက်နေမည်ဆိုလျှင်၊ အာရုံလွှဲရန် ဖန်ပုလင်း တစ်လုံးကို ပစ်ချကာ သူ၏ အသက်လု၍ ပြေးရမည် ဖြစ်သည်။
ညအချိန် ပိုမို ရှည်လျားလာသည်နှင့်အမျှ၊ နိုးကြားသတိရှိမှုက သူ၏ အာရုံကြောများကို ပွတ်တိုက်စားပစ်နေ၏။ နောက်ဆုံးတွင် လင်းတုန်း တစ်ယောက် မျက်လုံးများက ပြူးကျယ်လျက် အေးခဲနေကာ နားများက အသံတိုင်းတွင် တုန်ခါနေသကဲ့သို့ ခံစားလာရလေသည်။ အေးစက်စက် လေပြင်းများကြားတွင် တစ်ယောက်တည်း သူ နာရီပေါင်း မည်မျှ ကြာအောင် အချိန်ကုန်ဆုံးခဲ့ပြီလဲ ဆိုသည်ကို သူ မသိသော်လည်း၊ ၎င်းမှာ ရက်ပေါင်းများစွာ ကြာသွားသည့်အလား ခံစားရသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ယိမ်းထိုးသွားပြီး သူ၏ ခြေထောက်များမှ အာရုံခံနိုင်စွမ်းများ အနည်းငယ်စီ ထပ်မံ ဆုံးရှုံးသွားလေသည်။
နောက်ဆုံးတွင်၊ သဘာဝ ချောက်ကမ်းပါး တစ်ခုကို စီးမိုးကြည့်နိုင်သော ချွန်ထက်သည့် တောင်စောင်းတစ်ခုပေါ်တွင် သူ ရပ်လိုက်လေသည်။ သူသည် တစ်ညလုံး မရေရာသော ညွှန်ကြားချက်များဖြင့် လှည့်လည်သွားလာနေခဲ့ပြီး၊ တစ်ခါတစ်ရံ ယီရင် ၏ နာမည်ကို အော်ခေါ်ကာ ဝိညာဉ်အကြွင်းအကျန် တစ်ခုခု မကြားမီ သူမ ကြားပါစေဟု မျှော်လင့်နေခဲ့သည်။
၎င်းက အလုပ်ဖြစ်ရန် မည်မျှ မဖြစ်နိုင်ကြောင်း သူ သိထားသည်။ သူ၏ ခန္ဓာကိုယ် ခံနိုင်ရည်ရှိသလောက် ဤကဲ့သို့သော ညပေါင်းများစွာကို ဖြတ်သန်းရန် အစောကြီးကတည်းက စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်လေသည်။
သို့သော် ယခုအခါတွင်တော့... သူ သတိပြုမိသွားချိန်၌ သူ၏ အဆုတ်ထဲသို့ လေအသစ်များ ဝင်ရောက်လာလေသည်။ သူ ဤနေရာကို မှတ်မိနေလေပြီ။ ဤနေရာမှာ ပထမဆုံးအကြိမ် ဆူရီရယ်၏ အနာဂတ် ရူပါရုံထဲတွင် ယီရင် ကို သူ မြင်တွေ့ခဲ့ရသော နေရာပင် ဖြစ်သည်။ ချောက်ကမ်းပါးမှာ ပေနှစ်ဆယ်ခန့်သာ နက်ပြီး၊ ပြန့်ပြူးသော အောက်ခြေတွင် နှင်းများ ဖုံးလွှမ်းနေလေသည်။ အနက်နှင့် အနီရောင် ဝတ်ဆင်ထားသော ကောင်မလေးသည် ချောက်ကမ်းပါး၏ အဆုံးကို ကျောမှီထားပြီး၊ ကောင်းကင် ဂုဏ်သရေ တပည့်များ၏ ရန်မှ သူမကိုယ်သူမ ကာကွယ်နေခဲ့ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ တိုက်ပွဲ၏ သဲလွန်စအချို့ကို သူ မြင်တွေ့လိုက်ရသည်။
နှင်းပုံအောက်တွင် တစ်စိတ်တစ်ပိုင်း ပေါ်ထွက်နေပြီး တလက်လက် တောက်ပနေသည့် စွန့်ပစ်ထားသော ဓားတစ်လက်...
သစ်ကိုင်းတစ်ကိုင်းတွင် ရစ်ပတ်နေသော သွေးစွန်းနေသည့် အဝတ်စတစ်ခု...
ကျောက်တုံးတစ်တုံးကို ပြတ်တောက်သွားအောင် သန့်ရှင်းသပ်ရပ်စွာ ခုတ်ပိုင်းထားသဖြင့် ကြေးမုံပြင်ကဲ့သို့ ပြန့်ပြူးချောမွေ့နေသော ကျောက်သားပြင် တစ်နေရာ...
ဤအရာကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရခြင်းက ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းလေသည်။ ဆူရီရယ်၏ အနာဂတ် အာရုံများကို သူ တစ်ခါမျှ အမှန်တကယ် သံသယ မဝင်ခဲ့ဖူးသော်လည်း၊ အတည်ပြုချက် မရှိလျှင်တော့ ၎င်းတို့သည် အထူးသဖြင့် အသက်ဝင်နေသော အိပ်မက်များကဲ့သို့ အစစ်အမှန် မဟုတ်ဘဲ ကျန်ရစ်နေမည်သာ ဖြစ်သည်။ ယခုတော့ သူ၏ မျက်စိရှေ့တည့်တည့်တွင် သက်သေအထောက်အထား ရှိနေလေပြီ။
***
အပိုင်း(၆၂)
အရှေ့ရှိ မြင်ကွင်းများက သူ၏ ကျဆင်းနေသော စိတ်ဓာတ်ကို ခွန်အားသစ်များ ပြန်လည်ရရှိစေပြီး၊ အောက်သို့ ဆင်းရန် လမ်းကြောင်းတစ်ခုကို သူ ရှာဖွေလိုက်သည်။ ပိုမို လွယ်ကူချောမွေ့သော ဝင်ပေါက် ရှိမရှိ စစ်ဆေးရန် မိုင်ဝက်ခန့် အနောက်သို့ ပြန်လှည့်သွားခြင်း မပြုလျှင်တော့ ၎င်းက လွယ်ကူမည် မဟုတ်ပေ။ နှင်းများ ဖုံးလွှမ်းနေသော မြေပြင်ပေါ်သို့ ပေနှစ်ဆယ် အမြင့်မှ သူ သေချာပေါက် ခုန်ချမည် မဟုတ်ပေ။ သူ သိထားသလောက်တော့၊ အောက်ဘက် မြေပြင်ပေါ်တွင် ထက်မြက်သော လက်နက်များ ပြန့်ကျဲနေပြီး၊ သံချေးတက်နေသော လှံထိပ်ဖျားတစ်ခုပေါ်သို့ သူ တည့်တည့်ကြီး ကျရောက်သွားနိုင်လေသည်။
နောက်ဆုံးတွင် သူသည် တွယ်ဆင်းသွားရန် ဆုံးဖြတ်လိုက်သော်လည်း၊ မဆင်းမီ၊ ချောက်ကမ်းပါးထဲသို့ သူ ရဲဝံ့သလောက် အကျယ်ဆုံး အော်ခေါ်လိုက်သည်။
"ယီရင်..."
“...”
မည်သူကမျှ သူ့ကို ပြန်မထူးပေ။ သူမကိုယ်သူမ နှင်းတွေထဲမှာ မြှုပ်ထားခြင်းမျိုး မဟုတ်လျှင် (အောက်ဘက်တွင် မည်သူမျှ ပုန်းအောင်းနေရန် နေရာမရှိသော်လည်း) သူ ရှာကြည့်ရမည် ဖြစ်သည်။ တစ်ခုခုကိုများ သူ တွေ့ကောင်း တွေ့နိုင်လေသည်။ ဤနေရာကို ရှာတွေ့ခြင်းကပင် ကြီးမားသော အားပေးမှု တစ်ခုဖြစ်နေပြီ ဖြစ်ရာ၊ သူမ၏ ဝတ်ရုံ အစအနလေး တစ်ခုဆိုလျှင်ပင် ကြိုဆိုရမည် ဖြစ်သည်။
လင်းတုန်း အေးစက်စက် ကျောက်သားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၏။ ထို့နောက်သူ၏ နံရိုးများကို ဂရုစိုက်ရင်း ဖြည်းညင်းစွာနှင့် သတိထား၍ တွယ်ဆင်းသွားလေသည်။ နောက်ဆုံးတွင် အောက်ခြေသို့ သူ ရောက်ရှိသွားသောအခါ... ဘာကိုမျှ မတွေ့ရပေ။ ချောက်ကမ်းပါးမှာ အပေါ်မှ ကြည့်ရသည်ထက်ပင် ပိုမို သေးငယ်နေပြီး၊ တစ်ချက်ကြည့်ရုံဖြင့် နေရာတစ်ခုလုံးကို သူ မြင်တွေ့နိုင်လေသည်။ ၎င်းက လေပြင်းများကို သေသေချာချာ ကာကွယ်ပေးထား၏။ သူ လက်မောင်းများကို ပိုက်ကာ ကွေးကွေးလေးနေရင်း၊ နှိုင်းယှဉ်ချက်အရ နွေးထွေးမှုကို ခံစားလျက် တစ်ခဏမျှ အချိန်ဖြုန်းလိုက်သည်။
ယီရင်က ဒီနေရာမှာ မရှိတာ သေချာနေလေပြီ။ သူသည် ညတစ်ညလုံးနီးပါးကို အချိန်ဖြုန်းတီးပြီး ဖြစ်နေလေပြီ။ ထို့အပြင်... ယခုအခါ ပေနှစ်ဆယ် အမြင့်ကို ပြန်တက်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။
‘ကောင်းပြီလေ...’
ဆူရီရယ် က သူ့ကို အထွတ်အမြတ် တောင်ကြား ၏ အပြင်ဘက်တွင် ကြီးမားသော အခွင့်အရေးများ ရရှိမည်ဟု ကတိပေးထားခဲ့သော်လည်း၊ ၎င်းတို့က လွယ်ကူလိမ့်မည်ဟု သူမ တစ်ခါမျှ မပြောခဲ့ဖူးပေ။ ကြီးမြတ်သော ကျင့်ကြံသူ တစ်ယောက်က ဒီလိုကိစ္စမျိုးအတွက် ညည်းညူနေမှာ မဟုတ် ဟု သူ့ကိုယ်သူ သတိပေးလိုက်ပြီး၊ အပေါ်သို့ ပြန်တက်ရန် သူ၏ ခန္ဓာကိုယ်ကို သံမဏိလို မာကျောအောင် အားယူလိုက်လေသည်။
ထိုစဉ်မှာပင် အေးစက်သော အချွန်တစ်ခုက သူ၏ မေးစေ့အောက်ဘက်ကို ဖိကပ်လာပြီး၊ သူ၏ ကျောပိုးအိတ်ကို နှင်းပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
"ငါ့နာမည် နင့်ကို တစ်ခါမှ မပြောဖူးဘူးဆိုတာ ကြွက်မြီး တစ်ချောင်းနဲ့ ငါ့ရဲ့ ဝိညာဉ်ကို လောင်းရဲတယ်..."
မိန်းကလေး တစ်ဦးက ပြောလိုက်သည်။ သူမကဲ့သို့သော လေယူလေသိမ်းမျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ၊ ၎င်းက သူမသည် အထွတ်အမြတ် တောင်ကြား၏ ပြင်ပမှ အမှန်တကယ် လာရောက်သူဖြစ်ကြောင်း နောက်ထပ် သက်သေတစ်ခုပင် ဖြစ်သည်။ သူ၏ လည်ပင်းတွင် ဓားတစ်လက် ထောက်ထားခံရသော်လည်း၊ လင်းတုန်းသည် သက်သာရာရမှုကို ခံစားနေရဆဲ ဖြစ်သည်။ သူ အမှန်တကယ်ပင် သူမကို ရှာတွေ့ခဲ့လေပြီ။
"ယီရင်လား..."
"နင်တို့ရဲ့ အကြီးအကဲတွေက ငါ့နာမည်ကို တစ်ခါမှ မမေးခဲ့ဘူး... ပြီးတော့ နင်နဲ့ငါ အခုမတိုင်ခင်အထိ တစ်ခါမှ မျက်လုံးချင်း မဆုံဖူးဘူးဆိုတာ ငါ အခိုင်အမာ ပြောရဲတယ်... ငါ့ကို နင် ဘယ်လို သိတာလဲ..."
ဒီကိုလာရာလမ်းတွင် လင်းတုန်းသည် လိမ်ညာဖို့ ဇာတ်လမ်း အချို့ကို စဉ်းစားလာခဲ့သော်လည်း၊ ယီရင် က သူ့ကို မိမိသဘောအလျောက် လမ်းညွှန်ပေးရန် သူ လိုအပ်လေသည်။ သူမက သူ့ ဘက်မှ ရပ်တည်ပေးရန် လိုအပ်သည်။ ဆိုလိုသည်က မည်သို့ပင်ဖြစ်စေ၊ အမှန်တရားကိုသာ သူ အားကိုးရမည် ဖြစ်သည်။
"ကောင်းကင်ဘုံ က ငါ့ကို ပြသခဲ့တာပါ..."
သူက ပြောလိုက်သည်။ တိတ်ဆိတ်မှုက နာကျင်စရာ ကောင်းလာသည်အထိ လေပြင်းများက ချောက်ကမ်းပါး အထက်တွင် ဝီစီမြည်နေလေသည်။ နောက်ဆုံးတွင်၊ သူမ၏ အမည်းရောင် ဆံပင်များကြားမှ မျက်နှာအမူအရာကို သူ သိပ်မမြင်ရသော်လည်း၊ သူ၏ မျက်နှာကို ကြည့်ရန် သူမက ကိုင်းညွတ်လာလေသည်။
"နင် ခေါင်းများ တစ်ခုခု ချွတ်ယွင်းနေတာလား..."
"ငါက ပုံပြင်တစ်ပုဒ် ဖန်တီးပြီး ပြောနေတယ်လို့ ထင်ရနိုင်တယ်ဆိုတာကို ငါ နားလည်ပါတယ်... ငါတို့ တစ်ယောက်ကိုတစ်ယောက် မသိဘူး... နင် ငါ့ကို တစ်ခါမှ မမြင်ဖူးဘူး... နင် ငါ့ကို မယုံကြည်ဘူး၊ အဲဒါက ပညာရှိပါတယ်... ဘာလို့ ယုံကြည်ရမှာလဲ..."
သူက စွန့်စားပြီး ကိုယ်ကို လှည့်ရန် ကြိုးစားလိုက်သော်လည်း၊ အချွန်က သူ၏ အရေပြားထဲသို့ ပိုမို နက်ရှိုင်းစွာ စိုက်ဝင်လာချိန်တွင် ရပ်တန့်လိုက်လေသည်။ လင်းတုန်း တံတွေးမျိုချလိုက်သည်။ လူတစ်ယောက်ကို ရိုးသားနေစေရန် လည်ပင်းကို ဓားနဲ့ထောက်ထားခြင်းကလွဲပြီး ဘာမှ မရှိတော့ပေ။
"ဘာလို့ ယုံကြည်သင့်လဲဆိုတာကို ငါ့ကို ပြောပြခွင့်ပြုပါ... မဟုတ်ရင် နင့်ကို ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ... နင် ဒီမှာ ရှိနေတယ်ဆိုတာကို ငါ ဘယ်လို သိမလဲ... တကယ်လို့ ငါက နင့်ကို သတ်ဖို့ ကြိုးစားနေတာ ဆိုရင်... နင့်ရဲ့ နာမည်ကို အော်ခေါ်ပြီး ဒီအပြင်ကို ထွက်လာပါ့မလား... ကျောင်းတော် က အကြီးအကဲ တွေတောင် မသိတဲ့ နာမည်တစ်ခုကို... ငါက ဘယ်လိုလုပ် ရနိုင်မှာလဲ... အဲဒါက မဖြစ်နိုင်ဘူးလေ..."
သူမက ဘာမှ မပြောသလို၊ သူ့ကိုလည်း မသတ်လိုက်သဖြင့်၊ ထိုအရာကို အားပေးမှုတစ်ခုအဖြစ် သူ သဘောထားလိုက်သည်။
"ကောင်းကင်ဘုံ ကနေ မသေမျိုး တစ်ယောက် ဆင်းသက်လာပြီး... နင့်ရဲ့ နာမည်ကို ငါ့ကို ပြောပြခဲ့တယ်... ဒီနေရာကို ပြသခဲ့တယ်... နင်က နံရံကို ကျောမှီထားပြီး... ကောင်းကင် ဂုဏ်သရေ က သံမဏိအဆင့် တစ်စုနဲ့ တိုက်ခိုက်နေတာကိုလေ..."
ယီရင် ၏ ဓားက သူ၏ လည်ပင်းမှနေ၍ လည်ပင်းတစ်ဝိုက်ရှိ ပိုးသားကြိုးဆီသို့ ပေါ့ပါးစွာ ဆင်းသက်သွားလေသည်။ ၎င်းက အပေါ်သို့ ဆွဲတင်လိုက်ရာ၊ သူ၏ တံဆိပ်ပြား ကို အဝတ်အစားများထဲမှ ထွက်လာစေလေသည်။
"ဒါဆိုရင် နင်က ငါ့ကို နောက်ဆုံး လိုက်ရှာခဲ့တဲ့ အုပ်စုနဲ့ အတူပါလာခဲ့တာပေါ့... အဲဒီစကားကိုတော့ ငါ ယုံနိုင်တယ်... သူတို့က ဒီနေရာကို တစ်ခါမှ မရောက်ခဲ့ဘူး... ဒါပေမဲ့ ငါ တစ်ခါမှ... မရှင်းလင်းလိုက်ရတဲ့ တိုက်ခိုက်သူ တစ်စု နောက်ဘက်မှာ ရှိနေခဲ့တယ်..."
တံဆိပ်ပြား ထွက်ပေါ်လာသော်လည်း၊ သံမဏိ မြှားပုံစံ အစား၊ သစ်သားတွင် ထွင်းထုထားသော အက္ခရာ တစ်လုံးတည်းကိုသာ ပြသနေလေသည်။
"ဝိညာဉ်မဲ့ လား..."
"တွေ့လား... တိုက်ခိုက်သူ မဟုတ်ပါဘူး..."
လင်းတုန်းသည် သူ၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်ထားသော ဓားမှ အဝေးသို့ လျှောထွက်သွားရန် တစ်ခဏမျှ အချိန်ယူလိုက်သည်။
"ငါ့ကို ဒီလှည့်ကွက် သုံးဖို့အတွက် နင်က အတုလုပ်ထားတဲ့ တံဆိပ်ပြား ကို ထွင်းလာတာလား..."
သူမက ယုံကြည်သွားသည့်ဟန် မပေါ်ချေ။ လင်းတုန်းသည် စွန့်စား၍ သေးငယ်သော ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
"တံဆိပ်ပြား အတု တစ်ခုကို ထွင်းဖို့ ငါ တစ်ခါ ကြိုးစားဖူးတယ်... အဲဒါက နင် ထင်ထားတာထက် ပိုခက်တယ်... ငါ့ လက်မ ပြတ်ရှသွားတာ အရမ်းနက်လွန်းလို့ ချုပ်လိုက်ရတဲ့ အထိပဲ..."
ဓားက သူ၏ ရင်ဘတ်မှ ဖယ်ခွာသွား၏။ လင်းတုန်း ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ ထိုညအတွက် ဒုတိယအကြိမ်အဖြစ် ရေခဲရေဖြင့် ပက်ခံလိုက်ရသကဲ့သို့ တုန်လှုပ်မှုဒဏ်ကို သူ ခံစားလိုက်ရလေသည်။
ယီရင်သည် ရူပါရုံထဲတွင် သူ မြင်တွေ့ခဲ့ရသည့်အတိုင်းပင် ဖြစ်သည်။ စုတ်ပြဲနေသော အမည်းရောင် ဝတ်ရုံနှင့် ဓားသွားကဲ့သို့ ဖြောင့်စင်းနေသော ဆံပင်များရှိသည့် ဖိုသီဖတ်သီ စစ်သည်တော် တစ်ဦး။ အလွန် နီးကပ်နေသည့် အကွာအဝေးတွင် သူမ၏ မျက်နှာကို ဖြတ်သန်းသွားသော ဆံခြည်မျှင်လောက်သာ ရှိသည့် အမာရွတ်များကို သူ မြင်တွေ့နိုင်သည်။ သူမ၏ ခါးတစ်ဝိုက်တွင် အထူစား ခါးပတ်တစ်ခုကဲ့သို့ ချည်နှောင်ထားသော သွေးကဲ့သို့ နီရဲသည့် ကြိုးမှ အမျှင်များကို သူ မြင်တွေ့နိုင်လေသည်။ သူမက ဓားရှည်တစ်လက်ကို သူမ၏ လက်ထဲတွင် ရှိနေမှန်း မေ့နေသည့်အလား ကိုင်ဆောင်ထားလေသည်။
အသေးစိတ် အချက်အလက်များ အားလုံး တူညီသော်လည်း၊ သူမသည် သေနင်၏ နှုတ်ခမ်းဝသို့ ရောက်နေသော မိန်းကလေး တစ်ဦးနှင့် တူနေလေသည်။ သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး သွေးကြောများ နီရဲနေကာ၊ သူမ၏ နှုတ်ခမ်းများက ကွဲအက်နေသည်၊ သူမ၏ ပါးပြင်များက သွေးခြည်ဥများဖြင့် ခရမ်းရောင် သန်းနေပြီး၊ သူမ၏ ဝတ်ရုံများက မြေကြီးများဖြင့် ကပ်ငြိနေလေသည်။ သူမ၏ ဓားက ငြိမ်သက်နေသော်လည်း၊ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသော လက်ဆစ်များက ဖြူလျော့နေကာ၊ ၎င်းကို လွတ်ကျမသွားစေရန် သူမ၏ တစ်ကိုယ်လုံးရှိ အင်အားကို သုံး၍ ရုန်းကန်နေရသည့်အလား ရှိလေသည်။
အချုပ်အားဖြင့်ဆိုရလျှင်... သူမသည် လွန်ခဲ့သော သီတင်းပတ်များစွာကတည်းက တောရိုင်းမြေထဲတွင် ထွက်ပြေးပုန်းအောင်းနေခဲ့ရသည့် မိန်းမငယ်လေး တစ်ဦးနှင့် တူနေလေသည်။ သူ ဤသို့ မျှော်လင့်ထားသင့်သော်လည်း၊ ရူပါရုံထဲတွင် သူမက ကျန်းမာရေး ကောင်းမွန်နေပုံရပြီး၊ သူမ၏ အသံထဲတွင်လည်း ဤသို့ မျှော်လင့်ထားစေမည့် အရိပ်အယောင် လုံးဝ မပါဝင်ခဲ့ပေ။
"ငါက တစ်ယောက်တည်းလာတဲ့ လူတစ်ယောက်ကို မသတ်နိုင်လောက်အောင်တော့ အားမနည်းသေးပါဘူး... နင်က ကျောက်စိမ်းအဆင့် တစ်ယောက် ဖြစ်နေရင်တောင်မှပဲ..."
လင်းတုန်းက လက်ဝါးများကို ဖြန့်ကာ ဘာမှမရှိကြောင်း ပြသလိုက်သည်။
"နင် အိပ်မောကျနေရင်တောင် ငါ့ကို သတ်နိုင်ပါတယ်... ဖုံးကွယ်ထားစရာ ခွန်အား ငါ့ဆီမှာ မရှိပါဘူး..."
သူက ချောက်ကမ်းပါး အထက်ရှိ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ရာ၊ ထိုနေရာတွင် စမားရ ၏ အလင်းကွင်း က မှေးမှိန်လာပြီ ဖြစ်သည်။
"ဒီနေ့ နင့် နောက်ကို တပည့်တွေ ပိုပြီး လွှတ်ကြလိမ့်မယ်... ပြီးတော့ ဒီတစ်ခါတော့ နင့်ကို အထင်သေးနေတာတွေ ရပ်တန်းက ရပ်လိုက်ကြပြီလို့ ငါ ထင်တယ်... ငါတို့ အတူတူ ပူးပေါင်းကြရအောင်..."
သူ၏ တပည့် ဝတ်ရုံများကို ကြည့်ရင်း သူမ၏ မျက်နှာအမူအရာက မှောင်မိုက်သွား၏။ သူမက ဓားကို လင်းတုန်း ထိတ်လန့်သွားစေလောက်အောင်ပင် ငြိမ်သက်စွာ ကိုင်ဆောင်ထားလေသည်။
"ကောင်းကင် ဂုဏ်သရေ ကျောင်းတော် နဲ့ ငါ ဘာအပေးအယူမှ မလုပ်ဘူး..."
လင်းတုန်းက အလျင်စလို ရှင်းပြလိုက်သည်။
“ငါ ကိုယ်တိုင် သူတို့နဲ့ အစီအစဉ် တချို့ လုပ်ထားရုံပါ... အဲဒါတွေကို အပေးအယူတွေလို့ မခေါ်နိုင်ပါဘူး... ဆက်ဆံရေး တချို့လို့တော့ ခေါ်လို့ရမယ်... ဒါပေမဲ့ အခုတော့ အဲဒါတွေ ပြီးသွားပါပြီ... ငါ ပြီးသွားပြီ... သူတို့ဆီက ရနိုင်တာ အကုန်ယူပြီးသွားပြီ... သူတို့ကို ချန်ထားခဲ့ရမယ့် အချိန်ရောက်ပြီ...”
သူမက သူ့ကို မျက်လုံးမှေးကြည့်လိုက်ရာ၊ သူမ၏ လက်နက်က ယိမ်းယိုင်သွားလေသည်။
“ဒီအခြေအနေကို နင် မြင်အောင် ငါ ရှင်းပြပါရစေ... ငါက အထွတ်အမြတ် တောင်ကြား ကနေ ထွက်သွားဖို့ လိုအပ်တယ်... နင်က ကောင်းကင် ဂုဏ်သရေ ကနေ လွတ်မြောက်ဖို့ လိုအပ်တယ်... ငါတို့ လိုချင်တာကို ရဖို့ တစ်ယောက်ကိုတစ်ယောက် ကူညီလို့ ရပါတယ်...”
သူမက ဓားကို ညင်သာသော လှုပ်ရှားမှု တစ်ချက်တည်းဖြင့် အိမ်ထဲသို့ ပြန်သွင်းလိုက်သော်လည်း၊ လက်ကိုတော့ ဓားလက်ကိုင်ပေါ်တွင် တင်ထားဆဲ ဖြစ်သည်။
“ပထမဆုံးအနေနဲ့... ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်း... နင်က ကောင်းကင် ဂုဏ်သရေ ကျောင်းတော် က တပည့်တစ်ယောက်လား...”
“ငါက လှည့်စားပြီး ဝင်လာခဲ့တာပါ...”
သူက ပြောလိုက်သည်။
“နှစ်ရက်ပဲ ရှိသေးတယ်... ပြီးတော့ သူတို့က ငါ့ကို အနည်းဆုံး သုံးခါလောက် နှင်ထုတ်ဖို့ ကြိုးစားခဲ့ပြီးပြီ...”
“တံဆိပ်ပြား ကကော...”
“အဲဒါက အစစ်ပါ... တကယ့် အစစ်ကြီးပါ... ငါ ဒီကျောင်းတော်ထဲကို ဝင်ချင်ခဲ့တာက နင့်ကို ရှာဖို့ သက်သက်ပါပဲ... ဟို... ကောင်းကင် တမန်တော် က... နင်ဆီမှာ ထွက်ပေါက် တစ်ခု ရှိတယ်လို့ ပြောခဲ့တယ်...”
ထိုကဲ့သို့ အသံထွက် ပြောလိုက်ရတာက အနည်းငယ် မိုက်မဲသလို ခံစားရသော်လည်း၊ ၎င်းက အမှန်တရားပင် ဖြစ်သည်။