← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း ၁၂၁ - တောတွင်း အစားအစာနှင့် အညိုရောင်ဝက်ဝံကြီး

ယခုအချိန်တွင် ငြိမ်ငြိမ်လေးနေနေသရွေ့ အပေါ်ထပ်အနွေးထည် ဝတ်ထားရမည်ဖြစ်သည်။ မဟုတ်ပါက ချမ်းလွန်း၍ တုန်ယင်နေရပေလိမ့်မည်။

အများသုံးချန်နယ်ပေါ်တွင်လည်း ဆောင်းတွင်းအသုံးအဆောင် ပစ္စည်းများ လိုက်လံဝယ်ယူနေသူများ ပိုမိုများပြားလာခဲ့သည်။

“ကျုပ် အုတ်မြစ်ကျောက်တွေနဲ့လဲပြီး ဆောင်းတွင်းဝတ်အင်္ကျီတွေ၊ စောင်တွေကို ဝယ်ချင်ပါတယ်။”

“ကျုပ်လည်း အုတ်မြစ်ကျောက်တွေနဲ့ လဲပါမယ်။ ဘယ်သူ့မှာ ဆောင်းတွင်းအသုံးအဆောင် ပိုတာရှိလဲ။ နည်းနည်းလောက် ခွဲပေးကြပါဦး။ ဒါက တကယ့်အရေးပေါ် အခြေအနေဖြစ်နေလို့ပါ။”

“အား... ကျုပ်မှာရှိသမျှ အရင်းအမြစ်တွေအကုန်လုံးနဲ့ လဲပါမယ်။ အရမ်းအေးလွန်းလို့ပါ။”

“အပေါ်ထပ်အနွေးထည်သာမရှိရင် ဒီဆောင်းတွင်းကို ကျုပ် ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး။”

“အားလုံးပဲ အော်မနေကြပါနဲ့တော့။ အလကားပဲ။ ဘယ်လောက်အထိ အေးလာမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ အနွေးထည်ရှိတဲ့သူတွေကလည်း အလွယ်တကူ ထုတ်ရောင်းမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ သစ်သားတဲတွေကို ပိုပြီးခိုင်ခံ့အောင်လုပ်ပြီး အထဲမှာ မီးဖိုထားတာကမှ ပိုပြီးစိတ်ချရဦးမယ်။”

“ဟုတ်တယ်။ အဲ့ဒီနည်းလမ်းပဲ ရှိတော့တယ်။”

“မီးဖိုဖို့ကို စကားထဲ ထည့်မပြောပါနဲ့ဦး။ ကျုပ်ဆို အမှတ်မထင်နဲ့ ကိုယ့်တဲကိုယ် မီးရှို့မိမလို့ ဖြစ်သွားသေးတယ်။”

“အပေါ်ကလူက တကြမ်းတာပဲ။ မြန်မြန် သစ်သားတဲသာ ဆောက်လိုက်တော့။ မဟုတ်ရင် ခင်ဗျားအရင်ဆုံး အေးခဲပြီး သေသွားလိမ့်မယ်။”

“သက်ပြင်းချမိပါတယ်ဗျာ...။ သစ်သားတဲကိုလည်း နည်းနည်းကျယ်ကျယ် ဆောက်ရမယ်၊ မဟုတ်ရင် မီးဟပ်ကုန်လိမ့်မယ်။ အခု ကျုပ်လည်း ပြန်ပြင်နေရတယ်။”

ရှောင်းယီသည် နွေးထွေးမှု လုံးဝမပေးနိုင်သော နေမင်းကြီးကိုကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီနှစ်ဆောင်းတွင်းကတော့ ထူးထူးခြားခြား အေးလိမ့်မယ် ထင်တယ်”။

ယွမ်နွန်ကလည်း ခေါင်းငြိမ့်လိုက်သည်။

“ဒါကြောင့်လည်း ဒီနောက်ဆုံးနှစ်ရက်အတွင်းမှာ အခွင့်ကောင်းယူပြီး စပါးတွေ ပိုစိုက်ထားဖို့ ငါ စီစဉ်နေတာ။ တခြား ဟင်းသီးဟင်းရွက်တွေကတော့ ကြည့်လုပ်ရမှာပေါ့။”

အချိန်က အလွန်တိုတောင်းလွန်းလှသည်ဖြစ်ရာ အပေးအယူလုပ်ပြီး လုပ်ဆောင်ရမည်ကို ရှောင်ယီလည်း သိရှိထားပေသည်။

“ကောင်းပါပြီ။ ဦးလေးအဆင်ပြေသလိုသာ လုပ်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါနဲ့ အခွင့်အရေးရရင် ဆောင်းတွင်းအတွက် အစားအစာ ရှာလို့ရမလားဆိုတာ တောထဲကို အတူတူသွားကြည့်ကြရအောင်။”

“အင်း ဒီနေ့ နေ့လယ်ပိုင်းကျရင် သွားကြတာပေါ့။ မနက်ပိုင်းတော့ စိုက်ခင်းအလုပ်တွေကို ငါ အပြီးသတ်လိုက်ဦးမယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ။”

သူတို့ မနက်စောစောကတည်းက အလုပ်ရှုပ်နေကြရသဖြင့် မနက်စာပင် မစားရသေးပေ။ သို့သော်လည်း မနေ့ညက အဝစားထားကြသည်ဖြစ်ရာ မနက်ပိုင်း လှုပ်လှုပ်ရှားရှား လုပ်ဆောင်ခြင်းက အစာကြေညက်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုပင်။

မနက် ၁၀ နာရီခွဲတွင် အန်းရန်က အားလုံးကို ထမင်းစားရန် စတင်ခေါ်လိုက်တော့လေသည်။ မနက်ခင်း အလုပ်ကြမ်းများ လုပ်ကိုင်ပြီးနောက် အားလုံးလည်း ဗိုက်ဆာနေကြပြီဖြစ်သည်။

ကျန်းယွင်ထျန်း အပြင်က ပြန်ဝင်လာသည်ကို မြင်သောအခါ ရှောင်းယီက မေးလိုက်သည်။

“ဒီမနက် ဘယ်နှကြိမ်ရှိပြီလဲ။”

“ကိုးကြိမ်ရှိပြီ။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

ပင်လယ်သတ္တဝါများ တိုက်ခိုက်သည့် အကြိမ်အရေအတွက်ကို ရှောင်းယီ မေးမြန်းနေခြင်းဖြစ်ကြောင်း အားလုံးက နားလည်ကြ၏။ ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။

“ဘာလို့ အဲ့လောက်တောင် များနေရတာလဲ။”

အန်းရန်က အံ့သြတကြီး မေးမြန်းလိုက်သည်။ ထို့ကြောင့် ရှောင်းယီက သူ၏ ခန့်မှန်းချက်ကို အားလုံးအား ပြောပြလိုက်တော့သည်။

“တစ်နည်းအားဖြင့် ပြောရရင် ငါတို့ဆီမှာ လူဦးရေများလာတာကြောင့် ငါတို့ ကျွန်းကို လာတိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါတွေလည်း များလာတာပေါ့။”

ဆုဝမ်က ဆို၏။

“အဲ့အတိုင်း ဖြစ်ဖို့များတယ်။ ဒီနေ့ကုန်ရင်တော့ ပုံစံကို သိရမှာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အားလုံးပဲ မြန်မြန်စားကြပါ။ စားပြီးရင် ဦးလေးယွမ်နဲ့ ကျုပ် တောထဲသွားပြီး ဆောင်းတွင်းအတွက် အစားအစာ သွားရှာကြမယ်။”

“ကောင်းပါပြီ။”

B အဆင့်ရှိ ကျားသားနှင့် ကျားအရိုးစွပ်ပြုတ်သည် အရသာရှိရုံသာမက စားပြီးနောက်တွင်လည်း ခန္ဓာကိုယ်ထဲ၌ နွေးထွေးသော စီးဆင်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၎င်းကို အချိန်အတော်ကြာအောင် ခံစားနေခဲ့ကြရသည်။

နေ့လယ်စားပြီးနောက် ရှောင်းယီသည် သူ၏ ထန်ဓားနှင့် သံလှံကို ယူဆောင်လိုက်ပြီး ဘက်စုံသုံး ကိရိယာသေတ္တာထဲမှလွှစက်ကိုလည်း ထုတ်ယူလိုက်သည်။

မြက်ပင်များနှင့် သစ်ပင်များ ညှိုးနွမ်းနေသည့် အေးမြသော ရာသီဥတုကို အခွင့်ကောင်းယူကာ တောထဲတွင် လမ်းဖောက်ပါက ပိုမိုလွယ်ကူပေလိမ့်မည်။

ရှောင်းယီသည် ယွမ်နွန်ကို တိုက်ခန်းနှင့် အတော်လေးနီးသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး တောထဲသို့ စတင်ဝင်ရောက်ခဲ့ကြသည်။

“ဦးလေးယွမ် ကျုပ်နောက်မှာပဲ နေပါ။ တောထဲက သတ္တဝါတွေ တော်တော်များများက ဆင့်ကဲပြောင်းလဲနေပြီ။ ပြီးခဲ့တဲ့တစ်ခေါက် ကျုပ် ဝင်ခဲ့တုန်းကဆိုတာရင် မြွေတစ်ကောင်နဲ့ တိုးခဲ့သေးတယ်။ သတိထားပါ။”

ရှောင်းယီက သတိပေးလိုက်သည်။

“နားလည်ပြီ။”

ယွမ်နွန်က ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီသည် လွှစက်ကို စက်နှိုးလိုက်ပြီး ညှိုးနွမ်းနေသည့် ချုံပုတ်များကို စတင်ခုတ်ထွင်တော့လေသည်။

“နေဦး...။”

ရှောင်းယီ လမ်းအနည်းငယ် ဖောက်ပြီးသည်နှင့် ယွမ်နွန်က သူ့ကို တားလိုက်၏။

ရှောင်းယီ လွှစက်ကို ရပ်လိုက်သည်နှင့် ယွမ်နွန်က သူခုတ်ထွင်ထားသည့် နေရာသို့ ချက်ချင်းပြေးသွားပြီး ပြုံးကာ ပြောလိုက်သည်။

“တောထဲဝင်လာတာနဲ့ တစ်ခုခုကို ဒီလောက်မြန်မြန် တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ထိုအချိန်တွင် ရှောင်းယီလည်း ချုံပုတ်အောက်ရှိ အရာများကို မြင်လိုက်ရလေသည်။

“ဒါတွေက ရှီတာကီမှိုတွေလား။”

“ဟုတ်တယ်။”

ယွမ်နွန်က ပြန်ဖြေလိုက်၏။

“အများကြီးရှိပုံပဲ။ လူအင်အား ပိုလိုလိမ့်မယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ပြန်သွားပြီး အန်းရန်တို့အုပ်စုကို ခေါ်လိုက်ပါ။ ကျုပ် ဒီကနေ လမ်း ဆက်ဖောက်ထားမယ်။”

ယွမ်နွန်၏ စိုးရိမ်နေသော မျက်နှာကို မြင်သောအခါ ရှောင်းယီက “ကျွန်တော် သတိထားပါ့မယ်” ဟု ထပ်ပြောလိုက်၏။

“ကောင်းပြီ...ငါ အခုချက်ချင်း ပြန်လာခဲ့မယ်။”

သူတို့သည် လမ်းစတင်ဖောက်လုပ်ရုံသာ ရှိသေးပြီး တိုက်ခန်းနှင့် အလွန်နီးကပ်နေဆဲပင်။ ယွမ်နွန်သည် အမြန်ပြေးသွားလိုက်ပြီး အန်းရန်နှင့် စူးဝမ်တို့ကို ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့၏ လက်ထဲ၌ သစ်သားဇလုံများကို ကိုင်ဆောင်လာခဲ့ကြ၏။

ကံကောင်းသည်မှာ အပင်များ စတင်ညှိုးနွမ်းနေပြီဖြစ်သဖြင့် ချုံပုတ်များကြားကို မြင်နိုင်စွမ်းရှိနေခဲ့လေသည်။ အနည်းဆုံးတော့ အန္တရာယ်ရှိသော သတ္တဝါများကို ကြိုတင်မြင်တွေ့နိုင်ပေသည်။ ထိုအရာက လူတိုင်းအတွက် ဘေးကင်းမှုကို များစွာ တိုးတက်စေခဲ့သည်။

“အားလုံး ငါ့နောက်မှာပဲ နေပါ။ ရှေ့ကို ကျော်မသွားနဲ့။”

ရှောင်းယီက အမျိုးသမီးနှစ်ဦးကို ထပ်မံသတိပေးလိုက်၏။ အမျိုးသမီးနှစ်ဦးစလုံးက ခေါင်းငြိမ့်ပြလိုက်ကြသည်။

ရှောင်းယီက လမ်းကို ဆက်လက်ခုတ်ထွင်နေပြီး ယွမ်နွန်က အမျိုးသမီးနှစ်ဦးအား ရှီတာကီမှိုများ ခူးရန် လမ်းညွှန်ပေးနေခဲ့သည်။

ထို့နောက်တွင် ယွမ်နွန်သည် အစားအစာများစွာကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့၏။ ခြင်္သေ့လည်ဆံမှို ၊ မှိုနားရွက်၊ မော်ရယ်မှိုနှင့် ကညွတ်ရိုင်း စသည်တို့ဖြစ်သည်။

အန်းရန်နှင့် ဆုဝမ်တို့သည် အစားအစာများကို တိုက်ခန်းသို့ အလှည့်ကျ သယ်ယူကာ ပို့ဆောင်ပေးနေကြရသည်။

“ရှောင်းယီ ဟိုမှာကြည့်စမ်း အဲ့ဒါ ဘာလဲ။”

အဖွဲ့သားများ တောနက်ထဲသို့ ပိုမိုဝင်ရောက်လာပြီးနောက် ဆုဝမ်သည် သစ်ပင်တစ်ပင်တွင် တွဲလောင်းကျနေသည့် ရွှေဝါရောင် အသီးများကို မြင်လိုက်ရလေသည်။

“တည်သီးတွေပဲ။”

ယွမ်နွန်က ချက်ချင်း တုံ့ပြန်ကာ အော်ဟစ်လိုက်၏။

“ကျုပ် လမ်းဖောက်ပေးမယ်။”

ရှောင်းယီသည် ထိုတည်သီးပင်ဆီသို့ ချက်ချင်းပင် လမ်းစတင်ဖောက်လုပ်တော့လေသည်။

အပူချိန်မှာ အလွန်နိမ့်ကျနေသဖြင့် ကြွက်များ၊ ပုရွက်ဆိတ်များ၊ ပိုးမွှားများနှင့် မြွေများကို မတွေ့ရတော့ပေ။ ထို့ကြောင့် ခရီးစဉ်က အတော်လေး အေးချမ်းနေခဲ့သည်။

မကြာမီ သူတို့ တည်သီးပင်အောက်သို့ ရောက်ရှိလာခဲ့ကြလေသည်။ အပင်ပေါ်သို့ တက်ရန် ပြင်ဆင်နေစဉ်မှာပင် ဘေးတစ်ဖက်မှ ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“အားလုံး သတိထားကြ။”

ရှောင်းယီက ချက်ချင်းပြောလိုက်ပြီး အသံလာရာဘက်သို့ သတိရှင်ရှင်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုစဉ်...

ဝုန်း... ဝုန်း... ဝုန်း...

တုန်ခါမှုကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသလိုပင် သူတို့ ခံစားလိုက်ကြရ၏။ ထိုအချိန်တွင်...

ရှဲ...

တောနက်ထဲမှ အညိုရောင် အရိပ်ကြီးတစ်ခု ခုန်ထွက်လာခဲ့သည်။ ၎င်းမှာ အညိုရောင် ဝက်ဝံကြီးတစ်ကောင်ဖြစ်ပေသည်။

“[အညိုရောင် ဝက်ဝံကြီး (B အဆင့်)]: အစုံစားသတ္တဝါ၊ အတိုင်းအဆမရှိသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ မှတ်ချက် - ဤသတ္တဝါသည် အလွန်အန္တရာယ်များသည်။”

ယွမ်နွန်နှင့် ကျန်နှစ်ဦးမှာ အသက်ပင် ဝဝမရှူရဲလောက်အောင် အလွန်စိုးရိမ်ထိတ်လန့်သွားခဲ့ကြ၏။ ရှောင်းယီသည် လွှစက်ကို သူ၏ရှေ့တွင် ကိုင်ထားပြီး တိုးတိုးလေးပြောလိုက်သည်။

“အားလုံး သစ်ပင်ပေါ်တက်ကြ။”

သူတို့သည် ရှောင်းယီ၏ ညွှန်ကြားချက်ကို ချက်ချင်းပင် လိုက်နာပြီး သစ်ပင်ပေါ်သို့ တက်သွားကြတော့သည်။

ယွမ်နွန်တို့၏ လှုပ်ရှားမှုကို မြင်သောအခါ ဝက်ဝံကြီးသည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့၏။ ထိုအရာက ရှောင်းယီကို အံ့သြသွားစေခဲ့လေသည်။

သစ်ပင်ပေါ်တက်တာက ဝက်ဝံကြီးကို ဒီလောက်တောင် ဒေါသထွက်သွားစေတာလား။

ဝက်ဝံကြီးသည် ရှောင်းယီ၏ရှေ့သို့ ပြေးဝင်လာပြီး သူ့ကို လက်ဝါးကြီးဖြင့် ရိုက်ချရန် ပြင်လိုက်၏။

သို့သော် ရှောင်းယီသည် လည်ပတ်နေသော လွှစက်ကို ဝက်ဝံ၏ လက်ဝါးလာမည့်နေရာတွင် တည့်တည့် မတ်မတ်ထောင်လျက် ကိုင်ထားလိုက်သည်။

ဤဝက်ဝံကြီးသည် လော့ဂါဗစ်နှင့် အကြိမ်ကြိမ် တိုက်ခိုက်ဖူးသည့် ဝက်ဝံညီနောင်ကဲ့သို့ မဟုတ်ပေ။ ၎င်းသည် လူသားတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး လွှစက်ဆိုသည်မှာ ဘာမှန်းပင် မသိပေ။

၎င်းသာ ပို၍ တည်ငြိမ်ခဲ့လျှင် ရှောင်းယီ၏ လက်ထဲက လွှစက်ကို ခဏလောက် အကဲခတ်နေမိပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ၎င်း၏ စိတ်ထဲ၌ရှိသည်မှာ ၎င်း၏ရှေ့တွင်ရှိနေသော ပုရွက်ဆိတ်ကဲ့သို့ လူသားကို ရိုက်ချရန်နှင့် သစ်ပင်ပေါ်တက်သွားသည့် လူများကို ဆွဲချကာ အပိုင်းပိုင်းဆွဲဖြတ်ရန်သာ ဖြစ်သည်။

ဒုန်း...

ရွှပ်...

ဝက်ဝံ၏လက်ဝါးသည် လွှစက်နှင့် တိုက်မိသွားပြီး ပြင်းထန်သော အားတစ်ခု တိုးဝင်လာခဲ့၏။ ရှောင်းယီသည် လွှစက်ကိုပင် လွတ်ထွက်သွားမတတ် ဖြစ်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ဝက်ဝံ၏လက်ဝါးသည် လွှစက်ဖြင့် အလှီးခံလိုက်ရပြီး အရိုးပင် ထိလုနီးပါး ပြတ်ရှသွားခဲ့သည်။

“ဂါးးးးး”

ပြင်းထန်သော နာကျင်မှုကြောင့် ဝက်ဝံကြီးမှာ အော်ဟစ်လိုက်ရပြီး သူ၏ဒဏ်ရာရထားသော လက်ကို ကွေးလိုက်သည်။

ဝက်ဝံကြီးသည် နောက်ဆုတ်သွားကာ ရှောင်းယီ၏လက်ထဲက လွှစက်ကို ဒေါသရော၊ ကြောက်ရွံ့မှုပါ ရောပြွမ်းနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။

အခန်း ၁၂၂ - ကံကောင်းထောက်မစွာ သတ်ဖြတ်နိုင်ခဲ့ခြင်းနှင့် ဖန်လုံအိမ် ထုတ်လုပ်မှုပုံစံ

ရှောင်းယီသည် ထုံကျဉ်နေသော သူ၏လက်မောင်းကို ခါယမ်းလိုက်ရင်း ဝက်ဝံညိုကြီးကို စိုက်ကြည့်လိုက်၏။ ထိုဝက်ဝံ၏ လက်ဝါးရိုက်ချက်မှာ အလွန်ပင် အားပြင်းလှပေသည်။

ဝက်ဝံကြီးသည် ရှောင်းယီလက်ထဲရှိ လွှစက်ကို တစ်ချက်ကြည့်ပြီးနောက် သစ်ပင်ပေါ်ရှိ လူများကို လှမ်းကြည့်ကာ ဝေခွဲမရဖြစ်နေဟန် တုံ့ဆိုင်းသွားခဲ့၏။ သို့သော် နောက်အခိုက်အတန့်တွင် ၎င်းသည် လက်တစ်ဖက် မသန်မစွမ်းဖြစ်နေသည့်တိုင် သူတို့ထံသို့ တည့်တည့်မတ်မတ် ပြန်လည်ပြေးဝင်လာခဲ့ပြန်သည်။

“အခုထိ ထွက်မပြေးသေးဘူးလား။”

ရှောင်းယီ အံ့အားသင့်သွား၏။ စောစောက တိုက်ခိုက်မှုသည် ဝက်ဝံကြီးကို လုံးဝ လန့်ဖျန့်မသွားစေခဲ့ပေ။

သူသည် သူ၏ဗဟိုချက်ကို နိမ့်ချလိုက်ပြီး လွှစက်ကို လှံတစ်ချောင်းကဲ့သို့ ကိုင်စွဲကာ ပြေးဝင်လာသော ဝက်ဝံကြီးထံသို့ ထိုးသွင်းလိုက်တော့သည်။ ထိခါနီးစဲစဲတွင် ဝက်ဝံကြီးသည် ဘေးသို့ကိုယ်ကိုတိမ်းကာ လွှစက်ကို ရှောင်တိမ်းလိုက်ပြီး တည်သီးပင်ဆီသို့ ဦးတည်ပြေးသွားတော့လေသည်။

ရှောင်းယီသည် လက်ကောက်ဝတ်ကို လျင်မြန်စွာလှည့်လိုက်ပြီး လွှစက်ဖြင့် ဝက်ဝံနောက်သို့ လိုက်၍ ဝှေ့ယမ်းလိုက်၏။

ရွှီး...

လွှစက်သည် ဝက်ဝံကြီး၏ ညာဘက်နံဘေးတွင် နောက်ထပ် သွေးချင်းချင်းနီသော ဒဏ်ရာကြီးတစ်ခုကို ဖန်တီးလိုက်ပြန်သည်။

ဝူး...

ဝက်ဝံကြီးသည် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း တည်သီးပင်ပေါ်သို့ ဆက်လက်တက်ရောက်ရန် ကြိုးစားနေဆဲပင်။ ယွမ်နွန်တို့သုံးဦးမှာ အောက်မှတက်လာသော သားရဲကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေခဲ့ကြလေသည်။

မဆိုင်းမတွပင် ရှောင်းယီသည် ရှေ့သို့ အဟုန်ဖြင့်တိုးဝင်ကာ ဝက်ဝံ၏ကျောကုန်းထဲသို့ လွှစက်ကို စိုက်ဝင်အောင် ထိုးထည့်လိုက်တော့၏။ ကြမ်းတမ်းလှသော လွှသွားများသည် အသားများကို စုတ်ပြတ်သတ်သွားစေကာ သွေးများနှင့် အမြှုပ်များ နေရာအနှံ့ ပန်းထွက်ကုန်တော့သည်။

ဝက်ဝံကြီးသည် နာကျင်လွန်းသဖြင့် အော်ဟစ်ကာ သစ်ပင်ကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး ရူးသွပ်စွာ ရုန်းကန်တော့လေသည်။ ၎င်းသည် ကျောပေါ်မှ လွှစက်နှင့် လူသားကို ပြုတ်ကျသွားစေရန် တောအုပ်အတွင်း ရမ်းသန်းပြေးလွှားနေသဖြင့် အပင်ငယ်များနှင့် သစ်ပင်များမှာ အစအနပင်မကျန်အောင် ကြေမွကုန်သည်။

ရှောင်းယီသည် လွှစက်ကို လက်မလွှတ်တမ်း မြဲမြဲဆုပ်ကိုင်ထားသော်လည်း ဝက်ဝံ၏ အပြင်းအထန် ရုန်းကန်မှုကြောင့် လေထဲသို့ပင် ဝှေ့ယမ်းလွင့်ထွက်သွားရ၏။ ထူးဆန်းစွာပင် သူ ပြုတ်မကျသွားခဲ့ပေ။ တစ်မိနစ်မပြည့်မီမှာပင် ဝက်ဝံကြီးမှာ ပြိုလဲကျသွားတော့လေသည်။

ရှောင်းယီ သက်ပြင်းချလိုက်ပြီး လွှစက်ကိုလွှတ်ကာ ဝက်ဝံအလောင်းပေါ်သို့ မှောက်ချလိုက်တော့သည်။ သူ၏ ထူးကဲသော ရုပ်ခန္ဓာကြံ့ခိုင်မှုကြောင့်သာလျှင် ထိုဝက်ဝံ၏ နောက်ဆုံးထွက်သက် ရုန်းကန်မှုဒဏ်ကို ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။

“ရှောင်းယီ နင် အဆင်ပြေရဲ့လား။”

အန်းရန်က စိုးရိမ်တကြီး လှမ်းမေးလိုက်၏။ သူက လက်တစ်ဖက်ကို မြှောက်ကာ ‘အိုကေ’ ဟု အချက်ပြလိုက်သည်။ ယွမ်နွန်တို့အဖွဲ့လည်း ထိုအခါမှ သက်ပြင်းချနိုင်ကြတော့သည်။

“အားလုံး သစ်ပင်ပေါ် ရောက်နေတုန်း တည်သီးတွေ ဆွတ်ကြရအောင်။”

ယွမ်နွန်က စိတ်သက်သာရာရစွာ ပြောလိုက်၏။ ထို့နောက် သူတို့သည် အကိုင်းအခက်များမှ ရင့်မှည့်နေသော အသီးများကို စတင်ဆွတ်ခူးကြတော့သည်။

ခဏနားပြီးနောက် ရှောင်းယီ ထရပ်လိုက်ကာ နှစ်မီတာနီးပါးရှည်ပြီး ကီလိုသုံးရာခန့်လေးသော ဝက်ဝံကြီးကို ကြည့်ကာ ရေရွတ်လိုက်၏။

“ဝက်ဝံသားရေအင်္ကျီ နောက်တစ်ထည် ရဦးမှာပဲ။”

ထိုစဉ်...

“အား...”

ဆုဝမ်၏ အော်သံကြောင့် ရှောင်းယီ သစ်ပင်ဆီသို့ အမြန်ပြေးသွားလိုက်၏။

“ဘာဖြစ်တာလဲ။”

“ဘာမှမဖြစ်ပါဘူး။ ဆုဝမ် ပျားအုံတစ်ခု တွေ့လိုက်လို့လေ။ ပျားရည်တွေ အများကြီး ရှိပုံပဲ။”

ယွမ်နုံက အပေါ်မှ ပြန်ဖြေလိုက်သည်။

“အဲ့ဒါကြောင့် ဒီဝက်ဝံက ခင်ဗျားတို့ သစ်ပင်ပေါ်တက်တာကို အသေအလဲ တိုက်ခိုက်နေတာကိုး။”

ရှောင်းယီ နားလည်သွားခဲ့သည်။ ရာသီဥတုမှာ အေးလာပြီဖြစ်ရာ ဝက်ဝံကြီးသည် ဆောင်းခိုရန်အတွက် အဆီများ စုဆောင်းဖို့ ထိုပျားရည်ကို ရက်ပေါင်းများစွာ မျက်စိကျနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယွမ်နွန်တို့ သစ်ပင်ပေါ်တက်သွားသည့်အခါ သူသည် ၎င်း၏ ဆုလာဘ်ကို ခိုးယူသည်ဟု ထင်မှတ်သွားခဲ့ပြီး အသက်ကိုပင် မငဲ့ဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကြောင့်ပင် ရှောင်းယီသည် ဝက်ဝံကို သတ်နိုင်ရန် ကံကောင်းသော အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရလျှင် ရလဒ်မှာ ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်။

ထိုအချိန်တွင် ယွမ်နွန်က ပျားအုံကို လေ့လာရင်း ပြောလိုက်၏။

“ငါတို့ ပျားမွေးလို့ ရမလားမသိဘူး။”

“တိုက်ခန်းအနောက်မှာ တစ်အုံရှိတယ်။ အခု ဒီမှာ နောက်တစ်အုံ ထပ်တွေ့တာပဲ။ အတုပ်မခံရစေနဲ့ဦး။”

“စိတ်ချပါ။”

ယွမ်နွန်က ရယ်မောလိုက်သည်။

“ဒီလိုအေးနေတဲ့အချိန်မျိုးမှာ သူတို့က အုံထဲမှာပဲ နေတတ်ပြီး သိပ်မလှုပ်ရှားကြဘူး။ ရွှေ့ဖို့ အကောင်းဆုံး အချိန်ပဲ။”

“ဒါဆို အုံလိုက်ပဲ ယူသွားကြရအောင်။”

ရှောင်းယီက ဆုံးဖြတ်လိုက်သည်။

ယနေ့ တောတွင်းထွက်ခွာမှုမှာ ရလဒ်ကောင်းများစွာ ရရှိခဲ့၏။ တောတွင်းအစားအစာများ၊ ဝက်ဝံညိုကြီးတစ်ကောင်နှင့် ပျားတစ်အုပ်။ ပျားများ ရရှိလာခြင်းမှာ အချိန်ကိုက်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပလတ်စတစ် ဖန်လုံအိမ်များအတွင်းရှိ သီးနှံများအတွက် ဝတ်မှုန်ကူးပေးမည့် ပိုးမွှားများ လိုအပ်နေသောကြောင့်ပင်။

ရှောင်းယီသည် ဝက်ဝံကြီးကို တစ်ယောက်တည်း ထမ်းလာခဲ့ပြီး ကျန်သူများက ဆွတ်ခူးရရှိထားသည့် အစားအစာများကို သယ်ဆောင်ကာ တိုက်ခန်းဆီသို့ ပြန်လာခဲ့ကြသည်။ ခြံစည်းရိုးအပြင်ဘက် မြေပြင်ပေါ်တွင် ထောက်ပံ့ရေးသေတ္တာ အလုံး ၂၀ နီးပါး ရောက်ရှိနေသည်ကို မြင်သောအခါ ယွမ်နွန် အံ့အားသင့်သွားခဲ့၏။

“အရင်က တစ်နေ့ကို သေတ္တာ ၆ လုံးလောက်ပဲ ရတာလေ။ အခု လူကြီး ၆ ယောက်ရှိလာပြီဆိုတော့ ၃၆ လုံးလောက် ရသင့်တယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။ အန်းရန်မှာမူ မယုံနိုင်လောက်အောင် ဖြစ်နေခဲ့၏။ ထိုအချိန်တွင် အန်းယွဲ့သည် သူတို့ရှိရာသို့ လမ်းလျှောက်လာရင်း ထောက်ခံလိုက်လေသည်။

“ဟုတ်တယ်။ ဒါပေမဲ့ အလိုအလျောက် ငါးဖမ်းပိုက်သာ မရှိရင် အကုန်လုံး ဆယ်ယူနိုင်မှာ မဟုတ်ဘူး။”

“တောထဲမှာ ဝက်ဝံနဲ့ တိုးခဲ့တာလား။”

ရှောင်းယီ ပခုံးပေါ်ရှိ အလောင်းကြီးကို မြင်သောအခါ အန်းယွဲ့ လန့်ဖျန့်သွားခဲ့သည်။

“ကံကောင်းလို့ သတ်နိုင်ခဲ့တာပါ။ မဟုတ်ရင် အခြေအနေ ဆိုးသွားနိုင်တယ်။”

ရှောင်းယီက ပြန်ဖြေရင်း ဝက်ဝံကြီးကို အန်းရန် ကိုင်တွယ်နိုင်ရန်အတွက် မီးဖိုဘေးတွင် ချထားပေးလိုက်သည်။

“သေတ္တာတွေ အများကြီး ကျန်သေးတယ်။ လမ်းပိတ်နေလို့ အရင်ဖွင့်လိုက်ဦး။”

အန်းယွဲ့က အကြံပြုလိုက်သည်။ ပုံမှန်ဆိုလျှင် ဝမ်ချိုင်က သယ်လာပေးလေ့ရှိသော်လည်း ယခုအခါ ၎င်းမှာ ကျန်းယွင်ထျန်းနှင့်အတူ ကျွန်း၏အုတ်မြစ်ကျောက်ကို စောင့်ကြပ်နေရသဖြင့် အန်းယွဲ့က ထိုတာဝန်ကို ယူထားခဲ့ခြင်းဖြစ်သည်။

ရှောင်းယီ ခေါင်းငြိမ့်ပြကာ သေတ္တာများကို စတင်ဖွင့်ကြည့်လိုက်၏။

“ရရှိသည့်ပစ္စည်း - အုတ်မြစ်ကျောက် ၃၊ စောင် ၁၊ …”

“ရရှိသည့်ပစ္စည်း - အုတ်မြစ်ကျောက် ၁၊ ပလတ်စတစ် ၅၊ …”

“ရရှိသည့်ပစ္စည်း - ဖန်လုံအိမ်ထုတ်လုပ်မှုပုံစံ ၁၊ ကြေးနီ ၃၊ …”

သေတ္တာ ၁၉ လုံးမှ အုတ်မြစ်ကျောက် ၁၅ ခု၊ အအေးဒဏ်ခံ ပစ္စည်းများနှင့် အခြေခံ ထောက်ပံ့ရေးပစ္စည်းများ ရရှိခဲ့သည်။ ထို့အပြင် နောက်ဆုံးတွင် ထုတ်လုပ်မှုပုံစံတစ်ခုကိုလည်း ရရှိခဲ့လေသည်။

[ဖန်လုံအိမ် ထုတ်လုပ်မှုပုံစံ : အုတ် ၃၀၊ ကျောက်တုံး ၁၀၀၊ သစ်သား ၅၀၀၊ ကြေးနီ ၂၀၊ သစ်ရွက် ၂၀၀၀၊ သစ်ခေါက် ၁၀၀၀]

ကုန်လှောင်ရုံရှိ ပစ္စည်းများကို စစ်ဆေးကြည့်ရာ လုံလောက်မှုရှိနေခဲ့လေသည်။ ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ တည်ဆောက်မှုကို စတင်လိုက်တော့သည်။ လိုအပ်သော အရင်းအမြစ်များ ပျောက်ကွယ်သွားပြီးနောက် ဖန်လုံအိမ်တစ်ခု ထုတ်လုပ်မှုစာမျက်နှာတွင် ထွက်ပေါ်လာခဲ့လေသည်။

“နေရာရွေးချယ်ပါ။ သတိပေးချက်- ဖန်လုံအိမ်ကို ရှိပြီးသား မြေဆီလွှာ သို့မဟုတ် မြေကွက်လပ်ပေါ်တွင် ထားရှိနိုင်ပါသည်။”

“ဘာကွာလို့လဲ။”

ရှောင်းယီက သိလိုစိတ်ဖြင့် မေးလိုက်သော်လည်း ကျောက်တိုင်မှာ အမြဲတမ်းအတိုင်း ပြန်မဖြေခဲ့ပေ။ ထိုအခါ စနစ်က ဖြေကြားပေးလာခဲ့သည်။

“မြေကွက်လပ်ပေါ်မှာဆိုရင် ဒါက အမိုးအကာသက်သက်ပဲ။ မြေဆီလွှာပေါ်မှာဆိုရင်တော့ စိုက်ပျိုးလို့ရတဲ့ ဖန်လုံအိမ် ဖြစ်လာလိမ့်မယ်။”

“စနစ်က အကောင်းဆုံးပဲ။”

ရှောင်းယီ ရေရွတ်လိုက်သည်။ ထိုအဆောက်အဦးမှာ စတုရန်းမီတာ ၅၀ ရှိပြီး စိုက်ပျိုးမြေ တစ်ကွက်စာ အတိအကျပင် ဖြစ်သည်။ သူသည် တွေဝေမနေတော့ဘဲ ပလတ်စတစ် ဖန်လုံအိမ် မရှိသေးသော မြေကွက်အလွတ်ပေါ်သို့ နေရာချလိုက်တော့၏။

ထိုအချိန်တွင် ယွမ်နွန်သည်လည်း မြေကွက်အနီး၌ရှိနေခဲ့ပြီး ပျားအုံအကြမ်းစားတစ်ခုကို ပြုလုပ်နေစဉ် ဖြစ်သည်။ အဆောက်အဦးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ သူက အော်ပြောလိုက်၏။

“ရှောင်းယီ...စိုက်ပျိုးမြေပေါ်မှာ သွားမဆောက်နဲ့လေ။”

သို့သော် ဖန်လုံအိမ်မှာ ချထားပြီးသား ဖြစ်နေခဲ့ချေပြီ။ ယွမ်နွန် ညည်းတွားလိုက်မိ၏။

“သွားပြီ...စိုက်ပျိုးမြေ တစ်ကွက်လုံးတော့ နှမြောစရာပဲ။”

အခန်း ၁၂၃ - နန်းကြိုး ထုတ်လုပ်မှုပုံစံကို အရယူခြင်း

ထိုစဉ် ရှောင်းယီသည် တိုက်ခန်းထဲမှ ထွက်လာခဲ့ပြီး ယွမ်နွန်၏ နှမြောတသဖြစ်နေသော မျက်နှာကို မြင်သောအခါ ပြုံးလိုက်သည်။

“ကဲပါ... အထဲဝင်ကြည့်ရအောင်။”

ယွမ်နွန်သည် သူလုပ်လက်စ အလုပ်ကို ချက်ချင်းရပ်ကာ ရှောင်းယီနောက်သို့ လိုက်ပါသွားခဲ့၏။ အမှန်စင်စစ် ထိုမြေကွက်ပေါ်တွင် ဟင်းသီးဟင်းရွက်များနှင့် ဖရဲသီးများ စိုက်ပျိုးထားဆဲ ဖြစ်သည်မဟုတ်ပါလား။

အဆောက်အဦးအတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်ပမှ အေးစိမ့်သော လေထုကို အကုန်အစင် ပိတ်ဆို့လိုက်သကဲ့သို့ ယွမ်နွန် ခံစားလိုက်ရသည်။ အတွင်း၌မူ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများမှာ အားကောင်းမောင်းသန် ရှင်သန်နေဆဲပင်။

“ဒါက ဘာကြီးလဲ။”

ယွမ်နွန်က နားမလည်နိုင်စွာ မေးလိုက်၏။

“ဒါက ဖန်လုံအိမ်လေ။ ခုနက ထုတ်လုပ်မှုစုံစံနဲ့ ထုတ်လုပ်လိုက်တာ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဖန်လုံအိမ်လား။ အရမ်းကောင်းတယ်။... ဒါနဲ့ဆိုရင် တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ ရသွားပြီ။”

အမည်ကို ကြားရုံမျှဖြင့် ထိုအဆောက်အဦးက ဘာလုပ်နိုင်သည်ကို ယွမ်နွန် ချက်ချင်း သိရှိသွားခဲ့၏။

သို့သော် ရှောင်ယီမှာမူ ထိုမျှအထိ စိတ်မလှုပ်ရှားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အဆောက်အဦးကို မြင်လိုက်ရသည့် အခိုက်၌ပင် စနစ်ဆီမှ အချက်ပေးသံ ထွက်ပေါ်လာသောကြောင့်ပင်။

[ဖန်လုံအိမ်: အပူချိန် ၁၅ မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းညှိပေးသည်။ ပြင်ပလျှပ်စစ်ဓာတ်အား လိုအပ်သည်။ သီးနှံများ စိုက်ပျိုးမည်ဆိုပါက ကျန်ရှိသော လိုအပ်ချက်အားလုံးကို အသုံးပြုသူကသာ စီမံပေးရမည်။]

ယွမ်နွန်မှာ ထိုကန့်သတ်ချက်များကို မမြင်ရသော်လည်း ရှောင်းယီမှာမူ စနစ်ကြောင့် အသေးစိတ် သိရှိနေခဲ့သည်။

“ဒါဆို ဒါက နွေးအောင်ပဲ လုပ်ပေးတာပေါ့။ လိုအပ်ချက်တွေကလည်း အများကြီးပါလား။ ဒါကို ဖန်လုံအိမ်လို့ ခေါ်လို့ ရသေးလို့လား။”

သူ စိတ်ပျက်လက်ပျက် တွေးလိုက်မိလေသည်။

အပင်တစ်ပင် ရှင်သန်ရန် ဘာတွေလိုအပ်သနည်း။

မြေဆီလွှာ၊ ရေ၊ သင့်တော်သော အလင်းရောင်၊ မှန်ကန်သော အပူချိန်နှင့် အောက်ဆီဂျင်တို့ဖြစ်သည်။ ဤဖန်လုံအိမ်သည် အပူချိန်တစ်ခုတည်းကိုသာ ဖြည့်ဆည်းပေးနိုင်ခြင်းပင်။

မြေဆီလွှာက ရှိပြီးသားဖြစ်ပြီး၊ အောက်ဆီဂျင်မှာလည်း လေထုထဲတွင် ရှိနေကာ လေဝင်လေထွက်ကောင်းအောင် လုပ်ပေးလျှင် အဆင်ပြေပေသည်။ ရေအတွက်လည်း သူတို့တွင် အလိုအလျောက် ရေလောင်းစနစ်ရှိပေသည်။

ယခု ပြဿနာမှာ သင့်တော်သော အလင်းရောင်ကို မည်သို့ပေးမည်နည်း ဟူသည့်အချက်ပင်ဖြစ်၏။ ဖလိုရက်ဆင့် မီးချောင်းများ ပြုလုပ်ရန် ထုတ်လုပ်မှုပုံစံ လိုအပ်သော်လည်း သူတို့တွင် မရှိသေးပေ။

ရှောင်းယီအနေဖြင့် တိုက်ခန်းထဲမှ မီးချောင်းများကို ဖြုတ်ယူလာနိုင်သည် ထားဦးတော့၊ နန်းကြိုးက မရှိချေ။ အရင်ကလို အကြမ်းဖျဉ်း နည်းလမ်းဖြင့် ဆက်သွယ်ရန်လည်း မဖြစ်နိုင်တော့ပေ။

အရင်တစ်ခေါက် လျှပ်စစ်ငါးလိပ်ကျောက်ကျင်းမှာ စူပါဘက်ထရီနှင့် ကပ်လျက်ရှိနေသဖြင့် အဆင်ပြေခဲ့သော်လည်း ယခု စိုက်ပျိုးမြေမှာ တိုက်ခန်းနှင့် အတော်လေး ဝေးကွာနေ၏။ နန်းကြိုး အကောင်းစားမရှိဘဲ ထိုမျှအကွာအဝေးကို လျှပ်စစ်သွယ်တန်းရန်မှာ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်ပေလိမ့်မည်။

ရှောင်းယီက ယွမ်နွန်အား ထိုအခက်အခဲများကို ရှင်းပြလိုက်ရာ ယွမ်နွန် မျက်မှောင်ကျုံ့လိုက်မိသည်။

“အလင်းရောင်မရှိတာက တကယ့် ပြဿနာပဲ။”

ထိုစဉ် ဆုဝမ်သည် တိုက်ခန်းထဲမှ ထွက်လာပြီး လှမ်ူပြောလာ၏။

“ရှောင်းယီ အများသုံးချန်နယ်မှာ လူတစ်ယောက် ပစ္စည်းတင်ထားတယ်။ အဲ့ဒါက ငါတို့အတွက် တကယ် အသုံးဝင်မယ်လို့ ငါထင်တယ်။”

ထိုအခါ ရှောင်းယီသည် ယွမ်နွန်ကို ခွင့်တောင်းကာ ဖန်လုံအိမ်ထဲမှ ထွက်လာခဲ့ပြီး တိုက်ခန်းဆီသို့ အမြန်လျှောက်သွားလိုက်လေသည်။

“ဘာပစ္စည်းလဲ။”

“နန်းကြိုးထုပ်လုပ်မှုပုံစံပဲ။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။

ရှောင်းယီ တစ်စက္ကန့်မျှ ကြက်သေသေသွားပြီးနောက် ခြေလှမ်းကို ခပ်သွက်လှမ်းလိုက်၏။ ဤသည်မှာ သူ အတိအကျ လိုအပ်နေသော ပစ္စည်းပင် ဖြစ်သည်။

“ပြီးတော့ အဲဒါက တစ်ခါသုံး မဟုတ်တဲ့ ထုပ်လုပ်မှုပုံစံပဲ။”

သူမက ထပ်ပြောလိုက်၏။ ထိုစကားက ရှောင်းယီကို ပို၍ စိတ်လှုပ်ရှားသွားစေခဲ့သည်။ တစ်ခါသုံးမဟုတ်သော ထုတ်လုပ်မှုပုံစံဆိုပါက နန်းကြိုးအတွက် ထုတ်လုပ်မှုပုံစံကို နောက်ထပ် လိုက်ရှာနေစရာ မလိုတော့ပေ။

သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ရောက်သောအခါ အားလုံးက ထို ထုပ်လုပ်မှုပုံစံအကြောင်း ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရလေသည်။

“ဒီ ထုတ်လုပ်မှုပုံစံက အခုလောလောဆယ် ဘာမှသုံးမရဘူး။”

“ဟုတ်တယ်။ ငါတို့က အခု ကျောက်ခေတ် လယ်ယာစိုက်ပျိုးရေး အဆင့်မှာပဲ ရှိသေးတယ်။ နန်းကြိုးက ဘာလုပ်ရမှာလဲ။”

“အဲလိုတော့လည်း မဟုတ်ဘူးလေ။ တစ်ချိန်ကျရင် အသုံးဝင်လာမှာပေါ့။”

“ဒါဆိုလည်း အဲ့ဒီ ‘တစ်ချိန်ကျရင်’ ဆိုတဲ့အထိ အသက်ရှင်ဦးမှပေါ့။ အနာဂတ်မရှိရင် ဘာသုံးစားလို့ ရမှာလဲ။”

“လူကြီးမင်းတို့ခင်ဗျား ကျုပ် ဒါကို အနွေးထည်နဲ့ လဲချင်ပါတယ်။ စိတ်ဝင်စားရင် PM ပို့ပေးကြပါ။”

ထိုထုတ်လုပ်မှုပုံစံပိုင်ရှင်က ပြောလာခဲ့သည်။ ရှောင်းယီသည် တွေဝေမနေဘဲ ရောင်းသူထံ ချက်ချင်း စာပို့လိုက်၏။

“ငါ ယူမယ်။ အနွေးထည် တစ်ထည်ပေးမယ်။”

“အာ... တိလင်ထျန်းရှားက ကျုပ်ကို ကမ်းလှမ်းထားပြီးသားဖြစ်နေပြီ။”

ရောင်းသူက ပြန်ဖြေလာခဲ့သည်။

“အနွေးထည် တစ်ထည်နဲ့ B အဆင့်ကျားသား ၂၀၀ ဂရမ် ပေးမယ်။”

ရှောင်းယီက အဆင့်မြင့် အစားအစာဖြင့် ချက်ချင်း အသာစီးရယူလိုက်၏။

“ဗျာ...”

ရောင်းသူမှာ တိလင်းထျန်းရှား၏ ကမ်းလှမ်းချက်ကို လက်ခံရန်ပင် မနှိပ်ရသေးပေ။ ရှောင်းယီ၏ စာကိုမြင်သောအခါ သူ အံ့အားသင့်သွားခဲ့လေသည်။

အင်အားကြီးသူ နှစ်ဦးမှာ ပစ္စည်းတစ်ခုတည်းအား လုနေကြသည်ကို မြင်သောအခါ ထို ထုတ်လုပ်မှုပုံစံမှာ အလွန်ပင် တန်ဖိုးကြီးရမည်ဟု သူ တွေးလိုက်မိသည်။ ခဏအကြာတွင် သူက ပြန်ဖြေလိုက်လေသည်။

“ကျားသား နည်းနည်းလောက် ထပ်တိုးပေးရင် ကျုပ် ခင်ဗျားကို ပေးလိုက်မယ်။”

ရှောင်းယီ မျက်မှောင်ကျုံ့လိုက်၏။

“အခုလောလောဆယ် ဒီပစ္စည်းက အသုံးမဝင်သလောက်ပဲ။ ဒါက ငါပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ။ ယူရင်ယူ မယူရင် နေတော့။”

ရောင်းသူမှာ မျက်တောင်တဖျတ်ဖျတ် ဖြစ်သွားခဲ့သည်။ ရှောင်းယီက ဤမျှ ပြတ်ပြတ်သားသား ငြင်းဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး...ရပါတယ်။ သဘောတူတယ်။”

ထိုသူက အလျင်အမြန် ပြန်ပြောလိုက်၏။

အဘယ်ကြောင့်ဆိုသော် တိလင်းထျန်းရှားသည် အင်္ကျီတစ်ထည်သာ ကမ်းလှမ်းထားသော်လည်း ရှောင်းယီက B အဆင့်ကျားသားကိုပါ ထည့်ပေးနေသဖြင့် ရွေးချယ်ရ လွယ်ကူလှပေသည်။

“စိတ်မရှိပါနဲ့ တိလင်း။ လူတစ်ယောက်က ကျုပ်ကို ပိုကောင်းတဲ့ဈေး ပေးခဲ့လို့ သူ့ကိုပဲ ရောင်းလိုက်ပါပြီ။”

ရောင်းသူက တိလင်းထျန်းရှားအား ပြောလိုက်သည်။

“ဘာကွ...မင်း ကတိဖျက်ချင်တာလား။”

တိလင်းထျန်းရှား ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျုပ်က ဈေးအများဆုံး ပေးတဲ့သူကို ရောင်းတာပဲလေ။ ဘာမှမမှားပါဘူး။”

ရောင်းသူက ပခုံးတွန့်ပြလိုက်သည်။ တိလင်းထျန်းရှားက အသက်ပြင်းပြင်းရှူလိုက်၏။

“ကောင်းပြီ။ သူ ဘာပဲပေးပေး ငါ နှစ်ဆ ပေးမယ်။”

သူက ကြွေးကြော်လိုက်လေသည်။ ရောင်းသူ၏ မျက်လုံးများ တောက်ပသွားခဲြသည်။

“သူက B အဆင့်ကျားသား ၂၀၀ ဂရမ် ပေးတယ်။ အဲဒါထက် ပိုပေးနိုင်ရင် ခင်ဗျားကို ပေးလိုက်မယ်။”

တိလင်းထျန်းရှားမှာ ထိုစာကို ကြည့်ကာ ဆွံ့အသွားခဲ့သည်။

ကျားသားလား။ B အဆင့်ဟုတ်လား။ ဒါက လာနောက်နေတာလား။ တစ်ယောက်ယောက်ရဲ့ ကျွန်းမှာ ကျားရှိတယ်ဆိုရင်တောင် လူတစ်ယောက်က ကျားကို မသတ်နိုင်ဘူးဟ။ အဲ့ဒါတောင် B အဆင့်သားရဲကိုတဲ့လား။

“ဟင်း... ဒါဆိုလည်း သူ့ဆီမှာပဲ ရောင်းလိုက်တော့။ အလိမ်ခံရရင်တော့ လာမငိုနဲ့။”

တိလင်းထျန်းရှား ပြန်ပြောလိုက်သည်။

ထိုစာကို ဖတ်ပြီးနောက် ရောင်းသူမှာ အနည်းငယ်တန့်သွားပြီး တိလင်းထျန်းရှား၏ ဆိုလိုရင်းကို သဘောပေါက်သွားကာ ရှောင်းယီထံသို့ စိုးရိမ်တကြီး စာပို့လိုက်ပြန်သည်။

“ခင်ဗျားဆီမှာ B အဆင့်ကျားသား တကယ်ရှိတယ်ဆိုတာ သေချာလား။”

[ကျားသား (B အဆင့်) ၂၀၀ ဂရမ်]

ရှောင်းယီက ဘာမှ ထပ်မပြောတော့ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က လိမ်ပြောမည် မဟုတ်ချေ။

ပစ္စည်း၏ link ကို မြင်သောအခါ ရောင်းသူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

“ဆရာ... ခင်ဗျား တကယ်ကြီး ကျားတစ်ကောက်ကို သတ်ပစ်ခဲ့တာလား။ ဟို... ကျုပ်ကို နည်းနည်းလောက် ထပ်ထည့်ပေးပါလား။”

“ဒါပဲ ရှိတယ်။ ဆုံးဖြတ်ဖို့ ၁၀ စက္ကန့် အချိန်ပေးမယ်။ သဘောမတူရင် ပယ်ဖျက်လိုက်တော့မယ်။”

ရှောင်းယီက ပြတ်သားစွာ ပြောလိုက်သည်။ ရောင်းသူမှာ ထိတ်လန့်သွားပြီး အရောင်းအဝယ် တောင်းဆိုမှုကို ချက်ချင်း ပေးပို့လိုက်တော့သည်။

[(နန်းကြိုး ပုံစံကွက်) ၁ ကို (အနွေးထည်) ၁၊ ကျားသား (B အဆင့်) ၂၀၀ ဂရမ် နှင့် လဲလှယ်မည်။]

ရှောင်းယီသည် ၎င်းကို လက်ခံလိုက်ပြီးနောက် ထိုသူကို ချက်ချင်းပင် ဘလက်လစ်စရင်း သွင်းလိုက်တော့သည်။ ထိုကဲ့သို့ လောဘကြီးလွန်းသောသူနှင့် နောက်တစ်ကြိမ် မပတ်သက်လိုတော့ပေ။

“ဆရာ... ခင်ဗျားက တကယ် တော်တာပဲ။”

အရောင်းအဝယ် ပြီးမြောက်သွားသောအခါ ရောင်းသူက ရှောင်းယီကို ဖားသည့်အနေဖြင့် စာပို့လိုက်သေး၏။သို့သော် သူသည် ဘလက်လစ်စာရင်းထဲ ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ဆွံ့အသွားတော့သည်။

“ဟမ့်... ကျားသားက ဘာများ ထူးခြားလို့လဲ။ ငါ့ကိုများ ဘလော့ခ်ရဲတယ်ပေါ့။ ကောင်းပြီ... နောက်တစ်ခါ ပစ္စည်းကောင်းရရင် မင်းကို မရောင်းဘူးကွ။”

ထိုလူက ပွစိပွစိ ရေရွတ်ကာ ကျားသားကို စတင် ကင်စားလိုက်တော့သည်။

All Chapters