← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း ၁၃၀ - ဝိသေသလက္ခဏာ နှစ်မျိုးလုံး ပေါ်ထွက်လာခြင်း၊ အဆင့်မြင့် အစားအစာများကို ရောင်းချခြင်း

လျှံထွက်လုနီးပါး ဖြစ်နေသည့် အစားအစာများကို ကြည့်ပြီး လူတိုင်း၏ စိတ်ထဲတွင် နက်ရှိုင်းသော လုံခြုံမှုတစ်ခုကို ခံစားလိုက်ကြရလေသည်။ လက်ထဲတွင် ရိက္ခာရှိလျှင် ဘာကိုမျှ စိုးရိမ်ကြောင့်ကြစရာ မလိုတော့ပေ။

တောအုပ်ထဲမှ အစားအစာများကို စုဆောင်းနိုင်ရန်အတွက် ရှောင်းယီနှင့် တခြားသူများသည် မနက်စာကိုပင် အလျင်အမြန် စားသောက်ခဲ့ကြပြီး နေ့လယ်စာ စားချိန်ပင် မရခဲ့ကြချေ။

သူတို့ တိုက်ခန်းသို့ ပြန်ရောက်သည့် အချိန်တွင် ညနေ လေးနာရီနီးပါး ဖြစ်နေပြီဖြစ်သည်။ အန်းရန်နှင့် ဆုဝမ်တို့သည်လည်း ချက်ချင်းပင် နေ့လယ်စာ ပြင်ဆင်ရန် ထွက်သွားခဲ့ကြတော့လေသည်။

ပြည့်နှက်နေသော ဂိုဒေါင်ကို ကြည့်ရင်း ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိ၏။ သူသည် ဈေးကွက်ခန်းမမှ ပစ္စည်းများကို မသိမ်းဆည်းရသေးပေ။ အကယ်၍ လဲလှယ်ထားသော ပစ္စည်းမျိုးစုံကိုသာ ထပ်ထည့်လိုက်ပါက သေချာပေါက် ဝင်ဆံ့တော့မည် မဟုတ်ချေ။

ရှောင်းယီ မျက်မှောင်ကျုံ့နေသည်ကို မြင်သောအခါ ယွမ်နွန်က ဘေးမှနေ၍ အကြံပေးလိုက်သည်။

“ငါ့မှာ အကြံတစ်ခု ရှိတယ်။”

“ဟင်...။”

ရှောင်းယီက ယွမ်နွန်ကို နားမလည်နိုင်သလို ကြည့်လိုက်သည်။

“ငါတို့ အားလုံး သဘောပေါက်သွားကြပါပြီ။ ဒီနေ့ မင်းရိတ်သိမ်းသမျှ အရာအားလုံးက ‘နှစ်ဆတိုးပွားခြင်း’ အကျိုးသက်ရောက်မှု ရှိနေတယ် မဟုတ်လား။”

ယွမ်နွန်က ပြောလိုက်၏။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။ ဤကိစ္စသည် တစ်နေ့တွင် ပေါ်လာမည်သာ ဖြစ်သောကြောင့် သူ ဝန်ခံရန် ဆုံးဖြတ်လိုက်ခြင်းပင်။

“ကောင်းပြီ။ ဒီလိုဆိုရင် ငါ့မှာ အိုင်ဒီယာတစ်ခု ရှိတယ်။ ငါတို့ အဆင့်မြင့် အစားအစာတချို့ကို ထုတ်ရောင်းပြီး အုတ်မြစ်ကျောက်စာတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို စုဆောင်းလို့ ရတယ်။”

ယွမ်နွန်က အဆိုပြုလိုက်သည်။ ရှောင်းယီ စဉ်းစားခန်း ဝင်သွားခဲ့၏။ ထိုအခါ ယွမ်နွန်က ဆက်ပြောလိုက်သည်။

“အဆင့် A နဲ့ အထက် အစားအစာတွေကိုတော့ လုံးဝ ထုတ်မရောင်းသင့်ဘူး။ ဒါပေမဲ့ အချိန်မှန် ထွက်ရှိနေတဲ့ တခြားအရာတွေကိုတော့ ဈေးကွက်ခန်းမမှာ တင်လို့ရတယ်။ ဒီနည်းနဲ့ မင်းရဲ့ ဒီနေ့ ရရှိထားတဲ့ ‘နှစ်ဆတိုးပွားခြင်း’ စွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်လိမ့်မယ်။”

ရှောင်းယီ ဤစွမ်းရည်ကို မည်သို့ ရရှိလာသနည်း ဆိုသည်ကို ယွမ်နွန်က မမေးမြန်းဘဲ လက်ရှိ အခြေအနေအပေါ် မူတည်၍သာ အကြံပေးခဲ့ခြင်း ဖြစ်သည်။

၎င်းကို နားထောင်ပြီးနောက် ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။ တစ်စုံတစ်ယောက်က B အဆင့် ကျားသား၏ အာနိသင်ကို ကြော်ငြာပေးထားပြီးဖြစ်ရာ ယခုအချိန်တွင် အဆင့်မြင့် အစားအစာများကို ထုတ်ရောင်းပါက လူအများအပြားသည် သူတို့ စုဆောင်းထားသော အုတ်မြစ်ကျောက်များဖြင့် လဲလှယ်ကြမည်မှာ သေချာပေသည်။

“အကြံကောင်းပဲ။”

ရှောင်းယီက ပြောလိုက်၏။

“ကျုပ် အခုချက်ချင်း ဈေးကွက်ခန်းမမှာ သွားပြင်လိုက်မယ်။”

ထို့နောက် ရှောင်းယီသည် တိုက်ခန်းထဲသို့ လေအဟုန်ဖြင့် ပြေးဝင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားလိုက်သည်။

ပထမဦးစွာ သူသည် အများသုံး ချန်နယ်တွင် စာတိုတစ်စောင် တင်လိုက်၏။

“အားလုံးပဲ မင်္ဂလာပါ။ ကျုပ်က ယီရန်ပင်း ပါ။ ကျုပ်တို့ရဲ့ လုပ်ငန်းကို အားပေးကြတဲ့အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ ကျုပ်တို့ အဖွဲ့က အဆင့်မြင့် အစားအစာတချို့ကို ဈေးကွင်ခန်းမမှာ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက အားလုံးရဲ့ ရုပ်ခန္ဓာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး ဒီဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဤသတင်းသည် အများသုံး ချန်နယ်တစ်ခုလုံးကို ရေအောက်မိုင်း ပေါက်ကွဲသကဲ့သို့ တုန်လှုပ်သွားစေခဲ့၏။

“ဟိုး... သူဌေးကြီး ပေါ်လာပြီဟေ့။”

“ဟေ့ ဟေ့ ဟေ့ သူ လာနေပြီ၊ အဆင့်မြင့် အစားအစာတွေနဲ့အတူ သူ လာနေပြီ။”

“အစားအစာ တချို့လား။ ဒါက နည်းနည်းလေးပဲ ဖြစ်မလား မသိဘူး။ ငါတို့ လုနိုင်ပါ့မလား။”

“စကားများမနေနဲ့။ ကုန်ကြမ်းတွေ မြန်မြန်ပြင်ထားကြ။ လုနိုင်တဲ့သူ မြတ်မှာပဲ။”

“ဟုတ်တယ်။ ခုနက ကောင်လေး ပြောသွားတဲ့ B အဆင့် ကျားသားစားပြီးရတဲ့ အကျိုးသက်ရောက်မှုကို မတွေ့ကြဘူးလား။ တကယ် အံ့သြဖို့ကောင်းတယ်။”

“သူဌေးက ဘာနဲ့ လဲလှယ်ခိုင်းမှာလဲ မသိဘူး။”

“ဘာပဲဖြစ်ဖြစ် လဲကိုလဲရမယ်။ ရုပ်ခန္ဓာ ကြံ့ခိုင်မှု တိုးတက်ဖို့အတွက် တုံ့ဆိုင်းနေစရာ မလိုဘူး။”

“သူက ကျားသားတွေ ကြာရင် ပုပ်သွားမှာ စိုးလို့ ငါတို့ကို သတိရသွားတာလား။”

“အပေါ်ကလူ...မင်း ခေါင်းမကောင်းဘူးလား။ ဒီလို ရာသီဥတုမှာ တစ်လထားရင်တောင် မပုပ်ဘူးကွ။”

“မင်းကို အာရုံကြော အထူးကုဆရာဝန်နဲ့ သွားပြဖို့ ငါအကြံပေးချင်တယ်။”

“မြန်မြန်လုပ်ပါ။ ကျုပ် အရောင်းအဝယ်ခန်းမမှာ စောင့်နေတာ ကြာလှပြီ။ ဘာလို့ အခုထိ တင်မလာသေးတာလဲ။”

အများသုံး ချန်နယ်ရှိ စိတ်အားထက်သန်သော တုံ့ပြန်မှုများကို ကြည့်ပြီး ရှောင်းယီသည် ဈေးကွက်ခန်းမသို့ ပြောင်းလိုက်၏။

“[ရေသန့်] (C အဆင့်) ၅၀ မီလီလီတာ ↔ [အုတ်မြစ်ကျောက်] ၁။”

ရှောင်းယီသည် ချက်ချင်း အရေအတွက် ၅၀ တင်လိုက်သည်။ ဤသည်မှာ ကျန်ရှိနေသော C အဆင့် ရေသန့်အားလုံး ဖြစ်သည်။

၎င်းကို တင်လိုက်ပြီးနောက် နောက်ထပ် ဘာတင်ရမလဲဟု ရှောင်းယီ စဉ်းစားနေစဉ်မှာပင် အဆိုပါ အစု ၅၀ လုံး ချက်ချင်းပင် ရောင်းကုန်သွားခဲ့လေသည်။

“ဒါက ရူးသွပ်စရာပဲ။”

ရှောင်းယီ မျက်လုံးများ ပြူးကျယ်သွား၏။

“ဒါပေမဲ့... ငါ သဘောကျတယ်။”

ထိုအချိန်တွင် တိလင်းထျန်းရှားသည်လည်း သူ၏ အဖွဲ့အစည်းကို အဆင့်မြင့် အစားအစာများ အကုန်အစင် ဝယ်ယူရန် အရေးပေါ် ညွှန်ကြားနေခဲ့သည်။

“C အဆင့် ရေသန့်တွေကို ဒီလောက်အများကြီး တစ်ခါတည်း တင်နိုင်တယ်ဆိုတော့ သူမှာ ရေသန့်စက်တွေ အများကြီး ရှိနေတာများလား။”

တိလင်းထျန်းရှား ရေရွတ်လိုက်မိသည်။

ယီရန်ပင်းက သူတို့သည် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု ပြောခဲ့ရာ အဖွဲ့တစ်ဖွဲ့၏ ရေသုံးစွဲမှုမှာ နည်းပ်းလိမ့်မည်မဟုတ်ပေ။ ထိုသို့ သုံးစွဲပြီးသည့်တိုင် ၂.၅ လီတာ ပိုနေသေးသည်ဆိုလျှင် ယီရန်ပင်းတွင် C အဆင့်ရေသန့်စက် တစ်လုံးထက်မက ရှိနေရမည်ဖြစ်သည်။

အကယ်၍ ရှောင်းယီသာ သူ၏အတွေးကို သိလျှင် ဆွံ့အသွားပေလိမ့်မည်။ သူ၏ လက်ဝယ်တွင် C အဆင့်ရေသန့်စက် တစ်လုံးသာ ရှိပေသည်။ သို့သော် သူသည် C အဆင့် ရေကို ဂရုမစိုက်ဘဲ S အဆင့်ရေကိုသာ သောက်ခြင်းကြောင့် ဖြစ်သည်။

အများသုံး ချန်နယ်မှာမူ ဆက်လက် စည်ကားနေဆဲပင်။

“အားလုံးပဲ အဲ့လောက် လက််မမြန်ကြပါနဲ့လား။ ငါ့လက်က နှေးလို့ပါ။”

“ဒါက အနှစ် ၂၀ ကြာ လူပျိုကြီး ဘဝကဖြတ်သန်းခဲ့ရတဲ့ လက်ရဲ့အမြန်နှုန်းပဲ။ ဟားဟား ငါ ဒါကို ပိုင်ဆိုင်လိုက်ရပြီကွ။”

“သူဌေးက သဘောကောင်းလွန်းတယ်။ C အဆင့်ရေ ၅၀ မီလီလီတာကို အုတ်မြစ်ကျောက် တစ်ခုတည်းလား။”

“ဟုတ်ပါ့။ ဒီအပတ် ရာသီဥတုက အေးပေမဲ့ ခံနိုင်ရည် ရှိပါသေးတယ်။ ငါ ဒီအပတ်မှာ အုတ်မြစ်ကျောက် ၁၁ ခု စုမိထားခဲ့တယ်။”

“အစ်ကိုကြီး တကယ် တော်တာပဲ။ ၁၁ စုတောင် ဝယ်နိုင်လိုက်တာလား။ ကျုပ်ကို နှစ်စုလောက် ခွဲပေးပါလား။”

“မင်း ဘာတွေ တွေးနေတာလဲ။ ငါ နှစ်စုပဲ ဝယ်နိုင်ခဲ့တာ။ သူဌေးက တခြား အစားအစာတွေလည်း ရှိသေးတယ်ဆိုလို့ စောင့်နေတာလေ။”

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် တောအုပ်ထဲတွင် ခုလေးတင် တွေ့ရှိခဲ့သော အစားအစာများကို စာရင်းသွင်းလိုက်သည်။ တောအုပ်ထဲမှ အစားအစာ အချို့သည်လည်း အဆင့် C သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“[ဘလူးဘယ်ရီ သီး] (C အဆင့်) ၅၀ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၁။”

ဤတစ်ကြိမ်တွင် သူသည် အစုပေါင်း ၁၀၀ ၊စုစုပေါင်း ၅ ကီလိုဂရမ်ကို တင်သွင်းလိုက်လေသည်။ တောအုပ် ခရီးစဉ်တွင် သူသည် စုစုပေါင်း ၂၀ ကီလိုဂရမ် ရိတ်သိမ်းနိုင်ခဲ့သည်။

သူ အကုန်လုံးကို တစ်ခါတည်း မရောင်းနိုင်ပေ။ ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရမည်ဖြစ်သည်။

“အား... ငါ ဘာကို မြင်လိုက်တာလဲ။ အသီးအနှံပဲ။ သူဌေးက အဆင့်မြင့် အသီးအနှံတွေကိုတောင် ထုတ်ရောင်းနေပြီဟ။”

“မုန်းစရာကောင်းလိုက်တာ...။ ငါ တစ်စုပဲ လုနိုင်လိုက်တယ်။ ငါ ကျိန်ပြောရဲတယ်။ မင်းတို့ပဲ လူပျိုကြီးတွေပဲ။ အရမ်းလက်မြန်လွန်းတယ်။”

“ငါ ငိုချင်လာပြီ။ ဘလူးဘယ်ရီသီး မစားရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။”

“တစ်နေ့လုံး စားနေရတာက ပေါင်မုန့်၊ ပင်လယ်ငါး၊ ရေ၊ နေကြာစေ့၊ မြေပဲ၊ ရှစ်မျိုးဟင်းချို အဲ... နောက်ဆုံး တစ်ဝက်ကို ပြန်ဖျက်လိုက်မယ်။”

“အပေါ်က လူက ရထားဝန်ထမ်းဟောင်းပဲ ဖြစ်ရမယ်။ အလေ့အကျင့်တွေ မမေ့သေးဘူးပဲ။”

“၁၀ နှစ်ကျော် လုပ်ခဲ့တာဆိုတော့ အရိုးထဲအထိ စွဲနေပြီလေ။ နောက်တစ်ခါ ရထားဝန်ထမ်း ပြန်လုပ်ခွင့် ရပါဦးမလား မသိဘူး။”

“ထားလိုက်ပါတော့။ အခု လက်ရှိကိုပဲ အာရုံစိုက်ကြရအောင်။ သူဌေး ပေးထားတဲ့ C အဆင့်ရေတွေနဲ့ဆိုရင် အားလုံးရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှု တိုးတက်လာပြီး နောက်ပိုင်းမှာ ပိုပြီး တောင့်ခံနိုင်လာလိမ့်မယ်။”

“အဆင်းရဲဆုံး လူတွေကတော့ တောင်းရမ်းရုံပဲ ရှိမယ်။ ဒါပေမဲ့ မသေရင်တော့ တစ်နေ့ အောင်မြင်မှာပါ။”

အများသုံး ချန်နယ်တွင် ရှောင်းယီအား ကျေးဇူးတင်သည့်စကားများဖြင့် ပြည့်နှက်နေစဉ် တိလင်းထျန်းရှားကမူ ထူးခြားသော အချက်တစ်ခုကို တွေ့ရှိသွားခဲ့သည်။

“C အဆင့် ဘလူးဘယ်ရီတွေကို ဒီလောက်အများကြီး ထုတ်ပေးနိုင်တယ်ဆိုတော့ သူက ဒေသခံကျွန်းတစ်ခုကို ရှာတွေ့ထားတာပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့်လည်း သူက ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်နေတာပဲ။”

တိလင်းထျန်းရှားက ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ငါတို့ အဖွဲ့ထဲက နယ်မြေရှာဖွေသူတွေကျတော့ ဘာလို့ ဘာမှ ရှာမတွေ့ကြတာလဲ။ အသုံးမကျတဲ့ ကောင်တွေ...။”

မည်သို့ပင်ဖြစ်စေ ရှောင်းယီ၏ ကိုယ်ပိုင်ကျွန်းမှ ဤအရာများ ထွက်ရှိလာသည်ဟုတော့ တိလင်းထျန်းရှား လုံးဝ ခန့်မှန်းနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျွန်းမှာမူ ပြောင်သလင်းခါနေပြီး တစ်ခုခု ထွက်လာသည်နှင့် သူသည် ၎င်းတို့ကို ချက်ချင်းပင် အရင်းအမြစ်အဖြစ် ပြောင်းလဲပစ်လိုက်သောကြောင့်ပင်။

ဘလူးဘယ်ရီ သီးများ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရှောင်းယီ ရေရွတ်လိုက်မိ၏။

“လူတိုင်းမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိကြပုံပဲ။”

ထို့နောက် သူသည် ဘလူးဘယ်ရီ အစု ၁၀၀ ကို ထပ်မံ တင်သွင်းလိုက်ရာ ၎င်းတို့သည်လည်း ချက်ချင်းပင် ရောင်းကုန်သွားခဲ့ပြန်သည်။

ထိုအချိန်တွင် ယွမ်နွန်နှင့် အန်းရန်တို့သည် ရှောင်းယီ၏ ဘေးတွင် ရပ်နေရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အတွင်းရှိ လူများ၏ ရူးသွပ်မှုကို ကြည့်ပြီး သက်ပြင်းမော ချလိုက်မိကြသည်။

“ဒီအစားအစာတွေက သူတို့မျက်လုံးထဲမှာတော့ နတ်သုဒ္ဓါတွေလို ဖြစ်နေမှာပဲ။ ဒါပေမဲ့ ငါတို့ဆီမှာတော့ အများကြီး ရှိနေတယ်။”

ယွမ်နွန်က ပြုံးကာ ပြောလိုက်သည်။ အန်းရန်လည်း ခေါင်းငြိမ့်လိုက်မိသည်။

“အမှန်ပဲ...။ လူအချင်းချင်း တကယ်ကို နှိုင်းယှဉ်လို့ မရဘူး။”

အခန်း ၁၃၁ - စက္ကန့်ပိုင်းအတွင်း ကုန်စင်သွားခြင်း၊ အရသာမရှိသော အစိတ်အပိုင်းအားလုံးကို ရောင်းချခြင်း

ရှောင်းယီသည် လက်ကျန် ဘလူးဘယ်ရီ ၁၀ ကီလိုဂရမ်ကို ကြည့်ပြီး အနည်းငယ် တုံ့ဆိုင်းနေမိ၏။

ယွမ်နွန်က ရှောင်းယီ ဘာကို ဝေခွဲမရဖြစ်နေသည်ကို သိပုံရပြီး ပြုံးကာ ပြောလိုက်သည်။

“အားလုံး တင်ရောင်းလိုက်ပါ။ ငါတို့ဆီမှာ အသီးအနှံ မရှားပါဘူး။ A အဆင့် ပန်းသီးတွေတောင် ရှိတာပဲ။ ချန်ထားဖို့ မလိုပါဘူး။”

“ဟုတ်တယ်။ နောင်မှာလည်း စားဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ။”

အန်းရန်ကလည်း ဆိုလိုက်သည်။ ရှောင်းယီ၏ ရိတ်သိမ်းမှု နှစ်ဆတိုးပွားစေသည့် စွမ်းရည်သည် ထာဝရ တည်မြဲမည်မဟုတ်ကြောင်း အားလုံးက ကောင်းကောင်း နားလည်ထားကြသည်။ သို့မဟုတ်ပါက ရှောင်းယီသည် ယနေ့ ရိတ်သိမ်းမှု အားလုံးကို သူကိုယ်တိုင် လုပ်ဆောင်ရန် ဇွတ်အတင်း ပြောဆိုနေမည် မဟုတ်ပေ။

ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး ကျန်ရှိသော ဘလူးဘယ်ရီ ၁၀ ကီလိုဂရမ်၊ အစုပေါင်း ၂၀၀ကို ချက်ချင်း တင်သွင်းလိုက်တော့သည်။ အရေအတွက်မှာ များပြားသည်ဟု ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန် ရောင်းထွက်သွားခဲ့ပြန်သည်။

“မင်းလက်ထဲမှာ အဆင့်မြင့် အစားအစာတွေ ဘယ်လောက်တောင် ရှိနေတာလဲ။”

တိလင်းထျန်းရှား အလွန်အမင်း တုန်လှုပ်သွားမိ၏။

“ကံကောင်းလို့ မင်းက အဖွဲ့နဲ့မို့လို့ပေါ့။ အကယ်၍ မင်းသာ တစ်ယောက်တည်းဆိုရင် မင်းကျွန်းရဲ့ ဧရိယာက စတုရန်းမီတာ တစ်ထောင်ကျော်နေလောက်ပြီ။”

သို့သော် တိလင်းထျန်းရှား မသိသည်မှာ ရှောင်းယီ၏ ကျွန်းသည် စတုရန်းမီတာ နှစ်ထောင်ပင် ကျော်လွန်နေပြီ ဖြစ်ကြောင်းကိုပင်။

ဘလူးဘယ်ရီများ တင်သွင်းပြီးနောက် ရှောင်းယီသည် ခေတ္တရပ်နားလိုက်ပြီး အများသုံး ချန်နယ်သို့ စာတစ်စောင် ပို့လိုက်သည်။

“အားပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ အရင်ဆုံး ထမင်းသွားစားလိုက်ပါဦးမယ်။ ပြီးမှ တခြား အစားအစာတွေကို ထပ်တင်ပေးပါ့မယ်။”

ရှောင်းယီက ပြောလိုက်၏။

“အာ... အသီးတွေ ကုန်သွားပြီလား။ ကျုပ် ထပ်လိုချင်သေးတယ်။”

“ဟုတ်တယ် ကျုပ်ရောပဲ။ အဆင့်မရှိရင်တောင် ရပါတယ်။ အရေအတွက်လေး နည်းနည်း ပိုထည့်ပေးပေါ့။”

“ဟုတ်တယ်၊ ဟုတ်တယ် ကျုပ် အုတ်မြစ်ကျောက်တွေနဲ့ လဲပါ့မယ်။”

လူအများ၏ တောင်းဆိုမှုများကို မြင်သောအခါ ရှောင်းယီက ရေရွတ်လိုက်မိသည်။

“သာမန် အသီးအနှံတွေကိုလည်း အုတ်မြစ်ကျောက်တွေနဲ့ လဲလို့ရတာပဲ။ ငါက အမြင့်ကြီးမှာ ရောက်နေတော့ သူတို့နေရာကနေ ဝင်မစဉ်းစားမိဘူး ဖြစ်သွားတယ်။”

ရှောင်းယီတွင် ဘာမှ မလိုအပ်ပေ။ သူ၏ အမြင်တွင် အုတ်မြစ်ကျောက်များက အလွန် အရေးကြီးပေသည်။ ကျွန်းဧရိယာသာ ကျယ်ဝန်းပါက အသက်ရှင်နိုင်ရန် လုံလောက်သော အရာများ ဆင့်ကဲပြောင်းလဲလာမည် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် အဆင့်မြင့် အစားအစာများကို သုံး၍ အုတ်မြစ်ကျောက်များကို လဲလှယ်နေခြင်းပင်။

ယွမ်နွန်ကလည်း ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြောလိုက်မိ၏။

“ငါလည်း သေချာ မစဉ်းစားမိခဲ့ဘူး။ သာမန် အသီးအနှံတွေလည်း ဈေးကွက် ရှိသင့်တာပေါ့။”

“ဒါပေမဲ့ ဈေးကွက်က အဲလောက်ကြီးမယ်လို့တော့ မထင်ဘူး။”

အန်းရန်က ဝင်ပြောလိုက်သည်။

“လူအများစုက အသီးအနှံ မစားရသေးတာ မှန်ပေမဲ့ သူတို့ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာက အသက်ရှင်နိုင်ရေးပဲ။ ဗိုက်ဝဖို့က ပိုအရေးကြီးတယ်။ အသီးအနှံက အဲလောက် အရေးမပါဘူး။ ဒါပေမဲ့ အဆင့်မြင့် အစားအစာတွေကတော့ မရှိမဖြစ်ပဲ။ ဘာလို့လဲဆိုတော့ ရုပ်ခန္ဓာ ကြံ့ခိုင်မှု တိုးတက်လာရင် အသက်ရှင်နိုင်ခြေ ပိုများလာလို့ပဲ။ အဲ့ဒါကြောင့်လည်း အခုလို အလုအယက် ဝယ်နေကြတာပေါ့။”

ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးမှ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“မှန်တယ်။ အရင်ဆုံး သာမန် အသီးအနှံတချို့ တင်ကြည့်လိုက်မယ်။ ဝယ်တာ မဝယ်တာကတော့ သူတို့ သဘောပဲ။ အရင်ဆုံး ထမင်းစားရအောင်။ စားပြီးမှ လူတိုင်းဆီက အုတ်မြစ်ကျောက်တွေကို ဆက်ပြီး သိမ်းကြတာပေါ့။”

ဆုဝမ်သည် ဧည့်ခန်းရှိ ထမင်းစားပွဲပေါ်သို့ ဟင်းပွဲအားလုံး တင်ထားပြီး ဖြစ်သည်။ ရှောင်းယီတို့ သုံးယောက် ထွက်လာသောအခါ သူတို့ရှေ့တွင် ဧရာမ ပင်လယ်ကဏန်းကြီး တစ်ကောင် ရှိနေခဲ့၏။

“ပေါင်းထားသော ပင်လယ်ကဏန်း (B အဆင့်) - အရွယ်အစား အလွန်ကြီးမားပြီး အသားမှာ အလွန် အရသာရှိသည်။”

“ဒါကို ဘယ်သူ ဖမ်းလာတာလဲ။”

ရှောင်းယီက အံ့သြတကြီး မေးလိုက်သည်။ ထိုစဉ် ကျန်းယွင်ထျန်းသည် အပြင်မှ လမ်းလျှောက်ဝင်လာကာ ပြောလိုက်သည်။

“အဲ့ကောင်က ငါတို့ အုတ်မြစ်ကျောက်တွေကို လာတိုက်ခိုက်နေလို့ ငါ သတ်ပစ်လိုက်တာ။”

“အို... နှမြောစရာပဲ၊ နှမြောစရာပဲ။”

ရှောင်းယီက ကဏန်းကြီးကို ကြည့်ပြီး ညည်းညူလိုက်သည်။

“ဟင် ဘာက နှမြောစရာလဲ။”

ကျန်းယွင်ထျန်း ကြောင်သွား၏။

“ငါ သတ်လိုက်တာ မဟုတ်ဘူးလား။”

“ငါသာ သတ်လိုက်ရရင် ပိုကောင်းမှာ။”

ရှောင်းယီက ရေရွတ်လိုက်သည်။

“ငါ သတ်လိုက်ရင် B အဆင့်ပင်လယ်ကဏန်း နှစ်ကောင် ရမှာလေ။ အဲ့ဒါ ပိုမကောင်းဘူးလား။”

“နှစ်ကောင်လား။”

ကျန်းယွင်ထျန်းမှာ နားထောင်ရင်း ပို၍ပင် ပဟေဠိ ဖြစ်လာခဲ့၏။ ထိုအခါ ယွမ်နွန်က လေသံတိုးတိုးဖြင့် ရှင်းပြလိုက်ရတော့သည်။

“ဒီနေ့ ရှောင်းယီ ရိတ်သိမ်းသမျှအရာအားလုံး နှစ်ဆ တိုးတယ်လေ။”

“ဪ... မနက်က တောဝက်တွေ ဘာလို့ ရှစ်ကောင် ဖြစ်သွားလဲဆိုတာ အခုမှ သိတော့တယ်။”

ကျန်းယွင်ထျန်းသည် မနက်က ဖမ်းမိသော တောဝက်များကို ချက်ချင်း သတိရသွား၏။ အစက လေးကောင်သာ ရှိသော်လည်း သူ ဝက်ခြံ ဆောက်ပြီးချိန်၌ ၎င်းတို့မှာ ရှစ်ကောင် ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သူက ၎င်းကို ရှောင်းယီ အပြင်မှ နောက်ထပ် လေးကောင် ထပ်ဖမ်းလာသည်ဟု ထင်ခဲ့မိခြင်းပင်။ ဤစွမ်းရည်မှာ အမှန်တကယ် အစွမ်းထက်လွန်းလှပေသည်။

ကျန်းယွင်ထျန်းက အားတုံ့အားနာ ပြောလိုက်သည်။

“အဲ့ဒီတုန်းက အခြေအနေက နည်းနည်း အရေးကြီးနေလို့ မင်းကို လှမ်းခေါ်ဖို့ အချိန်မရလိုက်ဘူး။ မင်းပေးထားတဲ့ ကိုယ်ကျပ်ဝတ်စုံသာ မပါရင် ငါ ဒဏ်ရာရသွားနိုင်တယ်။”

“ဟင်...ဒီကဏန်းက အဲလောက်တောင် သန်မာတာလား။”

ရှောင်းယီက အံ့သြတကြီး မေးလိုက်သည်။

“အစ်ကို မင်း ဘာဖြစ်သွားသေးလဲ။”

“အဆင်ပြေပါတယ်။ ဒီဝတ်စုံရဲ့ ခုခံအားက တကယ် ကောင်းတယ်။”

ကျန်းယွင်ထျန်းက လက်ကာပြရင်း ပြောလိုက်သည်။

“ဒီကဏန်းက သံလှံရဲ့ သစ်သားလက်ကိုင်ကို တစ်ချက်တည်းနဲ့ ပိုင်းပစ်နိုင်ပေမဲ့ ဒီဝတ်စုံကိုတော့ ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့် ငါ အတင်းဝင်သတ်ပစ်လိုက်တာ။”

“မင်း အဆင်ပြေရင် ပြီးတာပါပဲ။ ကဲ... စားကြရအောင်။”

ရှောင်းယီက ဆိုလိုက်သည်။ ထို့နောက် လူတိုင်းသည် ပင်လယ်ကဏန်း အသားများဖြင့် ထမင်းကို အဝစားလိုက်ကြတော့သည်။ ရှောင်းယီသည် ကဏန်းသားကို တစ်လုပ်စားပြီးနောက် နှမြောတသစွာ ပြောလိုက်၏။

“ရှာလကာရည်လေး နည်းနည်း လိုနေတယ်။”

“တခြားလူတွေက ဒီလောက်အရသာရှိတဲ့ B အဆင့် အစားအစာကို နည်းနည်းလေးလောက် စားရဖို့ အသည်းအသန် တောင့်တနေကြတာ။ နင်ကတော့ စားနေရတာတောင် ဂျီးများနေသေးတယ်။”

အန်းရန်က ပြုံးကာ ပြောလိုက်၏။ အန်းရန်၏ စကားကို ကြားသောအခါ ရှောင်းယီက ရုတ်တရက် ပြောလိုက်သည်။

“သူတို့က စားချင်နေကြတာဆိုတော့ ဒီကဏန်းရဲ့ စားရခက်တဲ့ အစိတ်အပိုင်းတွေကို ရောင်းလိုက်ရင် မကောင်းဘူးလား။”

“အကြံကောင်းပဲ။ စားရခက်တဲ့ နေရာတွေက အသား သိပ်မရှိဘူး။ ဒါတွေကို အုတ်မြစ်ကျောက်တွေနဲ့ လဲလိုက်တာလည်း မဆိုးပါဘူး။”

ယွမ်နွန်က ထောက်ခံလိုက်သည်။ ထို့နောက် ရှောင်းယီသည် ကဏန်းခြေထောက် အဖျားပိုင်းများကို ချက်ချင်း ချိုးယူပြီး ကျွန်းအထိမ်းအမှန်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်တော့သည်။

“[ပေါင်းထားသော ပင်လယ်ကဏန်း ခြေထောက်အဖျားပိုင်း] (B အဆင့်) ၁၀၀ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၄ ။ မှတ်ချက် - အစု ၈ ခုသာ ရှိသည်။ ခြေထောက်အဖျားများတွင် အသား သိပ်မရှိပါ။ စိတ်ရှိပါက မဝယ်ပါနှင့်။”

“ဝိုး... သူဌေးက B အဆင့် ပင်လယ်ကဏန်းကြီး ဖမ်းမိလိုက်တာလား။”

“ဘာလို့ အုတ်မြစ်ကျောက်တွေ အများကြီး လဲခိုင်းတာလဲ။ ကျုပ် အခုလေးတင် ဘလူးဘယ်ရီ ဝယ်လိုက်လို့ ၃ ခုပဲ ကျန်တော့တယ်။ သူဌေး နည်းနည်းလောက် လျှော့ပေးပါဦး။”

“အသား မရှိလည်း ကိစ္စမရှိဘူး။ ခြင်ခြေထောက်လောက်ပဲ ရှိရှိ B အဆင့်သာဆိုရင် ငါ စားပစ်မှာပဲ။”

“နှမြောစရာပဲ...ငါ့မှာ ကျောက်စာတုံး မလုံလောက်တော့ဘူး။”

အသား သိပ်မရှိကြောင်း ရှောင်းယီက မှတ်ချက် ရေးထားခဲ့သော်လည်း ၎င်းတို့သည်လည် ချက်ချင်းပင် ရောင်းကုန်သွားခဲ့၏။ ရှောင်းယီသည် အသားရှိသော ကဏန်းခြေထောက် အပေါ်ပိုင်းကို စားရင်း ညည်းတွားလိုက်မိသည်။

“အဆင့်ပါပြီဆိုတာနဲ့ လူတွေက အကုန် မျက်စိမှိတ်ပြီး ဝယ်ကြတော့တာပဲ။”

“ဒါပေါ့...။ ဒါက ကိုယ့်ရဲ့ ခွန်အားကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်တဲ့ အရာပဲလေ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။

“အန်းရန်၊ ဆုဝမ်... မင်းတို့ နှစ်ယောက် ကျားသားနဲ့ ဝက်ဝံသားတွေထဲက စားလို့ မကောင်းတဲ့ နေရာတွေနဲ့ အရသာ မရှိတဲ့ နေရာတွေကို ခွဲထုတ်လိုက်ပါ။ အဲဒါတွေကို ခဏနေရင် အုတ်မြစ်ကျောက်တွေနဲ့ အကုန် လဲပစ်မယ်။”

“ဟင်...ဒါက နှမြောစရာ မကောင်းဘူးလား။”

ဆုဝမ်က အနည်းငယ် တွန့်ဆုတ်နေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ B အဆင့်များ ဖြစ်သောကြောင့်ပင်။

“ရပါတယ်။ နောင်ကျရင် ငါတို့ အကောင်းဆုံး နေရာတွေကိုပဲ စားပြီး ကျန်တာတွေကို ရောင်းမယ်။ ဒါတွေကို အုတ်မြစ်ကျောက်တွေနဲ့ လဲလိုက်မှ ငါတို့ဆီမှာ B အဆင့်နဲ့ A အဆင့် အသားတွေ ပိုများလာမှာ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“မှန်တယ်။ အခုက ဒါတွေကို ရင်းနှီးမြှုပ်နှံမှု လုပ်နေတာမျိုးပဲ။”

အန်းယွဲ့ကလည်း ထောက်ခံလိုက်သည်။

“ကောင်းပါပြီ။ အခု သွားခွဲလိုက်ပါ့မယ်။”

ဆုဝမ်က ပြန်ဖြေလိုက်သည်။ မကြာမီ ဆုဝမ်သည် ၎င်းတို့ကို ခွဲထုတ်၍ ပြီးစီးသွားခဲ့၏။ ကျားသား ၁၀ ကီလိုဂရမ်ခန့်နှင့် ဝက်ဝံသား ၂၀ ကီလိုဂရမ်ခန့် ရရှိခဲ့သည်။

ရှောင်းယီ အနည်းငယ်စဉ်းစားပြီး နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်သည်။

“အားလုံးပဲ၊ ဒါက သတိပေးချက်လေး တစ်ခုပါ။ အဆင့်မြင့် အစားအစာတွေက လူတွေအတွက် ကောင်းတာ မှန်ပေမဲ့ ကျွန်းရဲ့ ဧရိယာကိုလည်း ဂရုစိုက်ကြပါ။ မနက်ဖြန်က တတိယပတ်ရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် ပင်လယ်ရေက အုတ်မြစ်ကျောက်တစ်ခုကို ထပ်ပြီး တိုက်စားပါလိမ့်မယ်။”

“ယီရန်ပင်း သူဌေး ပြန်ပေါ်လာပြီဟေ့။”

“သူဌေးက အရမ်း စိတ်ထားကောင်းတာပဲ။ ချစ်လိုက်တာ...သူဌေးဆီမှာ ကျုပ်ကို အစေခံအဖြစ်ပဲ ထားထား၊ ခေါ်ထားပေးပါလား။”

“သူဌေး ပြောတာ မှန်တယ်။ သတိပေးတဲ့အတွက် ကျေးဇူးပါ သူဌေး။ ကျုပ် ဒီအပတ်ထဲမှာ အုတ်မြစ်ကျောက် တော်တော်များများ ဆယ်ယူရရှိထားတယဆိုတော့ အဆင်ပြေမှာပါ။”

“ဟုတ်ပါတယ် သူဌေး။ မြန်မြန် တင်ပေးပါတော့။ ကျုပ် စောင့်နေတာ တစ်နာရီ ရှိပြီ။”

အခန်း ၁၃၂ - အုတ်မြစ်ကျောက်များ ရိတ်သိမ်းခြင်း၊ ရေချိုမြစ်အတွင်းမှ အရင်းအမြစ်များ

သူသည် ထိုသတိပေးချက်ကို စိတ်ရင်းကောင်းလွန်း၍ ပေးခဲ့ခြင်း မဟုတ်ပေ။ ထိုလူများအနေဖြင့် သူ့အတွက် အထောက်အပံ့ပစ္စည်းများ စုဆောင်းပေးနိုင်ရန် သူတို့ အသက်ရှင်နေရန် လိုအပ်သောကြောင့်ပင်။

သူ၏ ကျွန်းတစ်ခုတည်းမှ သေတ္တာတိုင်းတွင် အုတ်မြစ်ကျောက် တစ်ခုစီ ပါခဲ့လျှင်ပင် တစ်နေ့လျှင် အုတ်မြစ်ကျောက် ၃၀ ကျော်သာ ရရှိနိုင်ပြီး ၎င်းသည် အခြားသူများအားလုံးထံမှ စုဆောင်းရရှိသည်ထက် များစွာ နှေးကွေးလွန်းလှပေသည်။

ထို့အပြင် သေတ္တာများထဲမှ ရရှိသော ပလတ်စတစ်၊ ဖန်၊ ကြေးနီ၊ သံ၊ အလူမီနီယံနှင့် အခြား အခြေခံပစ္စည်းများသည်လည်း အလွန် နည်းပါးလှ၏။ လူဦးရေ အားလုံး၏ အင်အားကို ပေါင်းစည်းမှသာလျှင် သူသည် အမှန်တကယ် ကြွယ်ဝချမ်းသာလာနိုင်မည် ဖြစ်သည်။

သူ သတိပေးပြီးပြီဖြစ်၏။ ကျန်တာကတော့ သူတို့၏ ရွေးချယ်မှုသာ ဖြစ်သည်။

ကဲ... အရောင်းအဝယ် စလိုက်ကြရအောင်။

“[ကီဝီသီး] (C အဆင့်) ၂၅ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၁ ။”

အစုပေါင်း ၂၀၀ တင်လိုက်သည်။

“[ဟစ်ကိုရီ သစ်စေ့] (C အဆင့်) ၅၀ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၁။”

နောက်ထပ် အစုပေါင်း ၂၀၀။

“[ကျားသား] (B အဆင့်) ၂၀ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၁။”

အစုပေါင်း ၅၀၀။

“[ဝက်ဝံသား] (B အဆင့်) ၂၀ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၁ ။”

အစုပေါင်း ၁၀၀၀။

ဈေးကွက်ခန်းမသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တင်ထားသမျှ စာရင်းအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွား၏။ အများသုံး ချန်နယ်မှာတော့ တစ်ဖန် ပြန်လည် ပေါက်ကွဲသွားပြန်သည်။

“ဟား... ဒီနေ့ကစပြီး သူဌေး ယီရန်ပင်းက ငါ့ရဲ့ အိုင်ဒေါပဲ။ B အဆင့် ကျားသားနဲ့ ဝက်ဝံသားတွေကို တစ်ပြိုင်တည်း ထုတ်ရောင်းလိုက်တာဟေ့။”

“သူက ကျားတစ်ကောင်တည်း သတ်နိုင်တာ မဟုတ်ဘူး။ ဝက်ဝံတစ်ကောင်ကိုပါ နှိမ်နင်းနိုင်ခဲ့တာပဲ။”

“သူ့အဖွဲ့က B အဆင့် ဝက်ဝံတစ်ကောင်ကို ဘယ်လောက်တောင် တိုက်ခိုက်ခဲ့ရမလဲ။ တကယ့်ကို အစွမ်းထက်တဲ့ အဖွဲ့ပဲ။”

“သူ့မှာ အဆင့်မြင့် လက်နက်တွေ ရှိနေမှာ သေချာတယ် လက်ဗလာနဲ့တော့ B အဆင့် သားရဲတွေကို ယှဉ်မချနိုင်ဘူး။”

“ဘာပဲဖြစ်ဖြစ်... မင်းတို့ ဘယ်နှစ်တုံး လုနိုင်ခဲ့လဲဆိုတာပဲ ငါသိချင်တယ်။”

“ဟဲဟဲ... ငါ ကျားသား သုံးအစု ရခဲ့တယ်။”

“ဝက်ဝံသား ငါးစုကတော့ ငါ့အတွက်ပဲ။”

“အပေါ်ကလူက တကယ့်သူဌေးပဲ။ အုတ်မြစ်ကျောက်တွေ အများကြီး အပိုရှိနေတယ်။”

“ဒီအပတ် ငါ့ကံက ကောင်းနေတယ်လေ။ သေတ္တာတွေထဲကနေ အုတ်မြစ်ကျောက် ၂၀ ရထားလို့ စုမိဆောင်းမိ ရှိနေတာ။”

“ကျစ်... နှိုင်းယှဉ်ကြည့်ရင် ငါတို့က တကယ်ကို စိတ်ပျက်စရာပဲ။”

“ခြောက်ရက်အတွင်း အုတ်မြစ်ကျောက် ၂၀ တဲ့လား။ ကံကောင်းခြင်းနတ်သမီးက မင်းနဲ့အတူ အိပ်နေတာလား။”

ရှောင်းယီသည်မူ ပစ္စည်းများ ရောင်းကုန်ရန် မိနစ်အနည်းငယ် ကြာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အစုအားလုံးသည် ၁၀ စက္ကန့်အတွင်းမှာပင် ကုန်သွားခဲ့သည်။

“သူတို့တွေ တကယ် ရူးသွပ်နေကြတာပဲ။”

သူက ရေရွတ်ရင်း ရောင်းရန် ကျန်ရှိနေသော အဆင့်မြင့်အစားအစာများကို လိုက်ရှာနေမိသည်။ အန်းယွဲ့သည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဘေးတွင် ရပ်နေ၏။ တောဝက်မှာ ယဉ်ပါးသွားပြီ ဖြစ်ရာ အစာကျွေးခြင်း၊ ရွှံ့လူးခြင်းနှင့် ခြံကို မဖျက်ဆီးသရွေ့ ကြိုက်သလို အိပ်စက်ခွင့် ရနေပြီ ဖြစ်သည်။

“မြစ်ထဲမှာ C အဆင့် ရေချိုငါးတွေ ရှိနိုင်တယ်။”

ရှောင်းယီ စဉ်းစားနေသည်ကို မြင်သောအခါ အန်းယွဲ့က သတိပေးလိုက်သည်။ ထိုအခါ ရှောင်းယီသည် သူ့နဖူးသူ ရိုက်လိုက်ပြီး ပြောလိုက်သည်။

“မြစ်ကို ငါ ဘယ်လို မေ့သွားရတာလဲ။ ပိုက်ကွန်သွားယူကြစို့။ ငါးတွေ ဆွဲတင်ကြမယ်။”

အန်းယွဲ့နှင့် ယွမ်နွန်တို့သည် ပိုက်ကွန်ကို ယူဆောင်၍ အိမ်နောက်ဘက်ရှိ မြစ်လက်တက်ဆီသို့ လိုက်လာခဲ့ကြသည်။

“အရင်က ငါးတွေ ခုန်နေတာ တွေ့ပါတယ်။ အခုတော့ မှန်သားပြင်လို ငြိမ်သက်နေတာပဲ။”

ရှောင်းယီက မှတ်ချက်ပေးလိုက်သည်။

“အပူချိန် နိမ့်သွားတော့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးသွားလို့ပါ။ ဆောင်းရာသီမှာ သူတို့က ပိုနွေးတဲ့ ရေအောက်ခြေပိုင်းမှာ ကပ်နေတတ်ကြတယ်။”

ယွမ်နွန်က ရှင်းပြလိုက်သည်။

“အကယ်၍ မြစ်တစ်ခုလုံး အေးခဲသွားရင်ရော။”

ယွမ်နွန်က ရယ်မောလိုက်၏။

“ဒါဆိုရင်တော့ ငါးတွေက သူတို့ဘာသာ သူတို့ ရုန်းကန်ရမှာပေါ့။ မယုံနိုင်စရာ ကောင်းတာက တချို့ငါးတွေက ရေခဲပြန်အရည်ပျော်တဲ့အခါ အသက်ရှင်ကျန်ရစ်တတ်ကြတယ်လေ။”

“တကယ်ကို အကြမ်းခံတာပဲ။”

ရှောင်းယီကတော့ ထိုအရာကို သိပ်စိတ်မပူပေ။ ငါးများ အကုန်သေသွားလျှင်ပင် ကမ္ဘာကြီး၏ စည်းမျဉ်းများအရ ၎င်းတို့မှာ ပြန်လည် ပေါ်ပေါက်လာမည် ဖြစ်သည်။

“ကဲ... ပိုက်ချမယ်။”

သူက အမိန့်ပေးလိုက်၏။

ယွမ်နွန်နှင့် အန်းယွဲ့တို့က ပိုက်ကို တစ်ဖက်တစ်ချက်စီကို ကိုင်ထားပြီး ရေချိုနှင့် ရေငန်စပ်သည့် မြစ်ဝမှ အတွင်းဘက်သို့ ဝိုင်းပတ်ကာ ဆွဲတင်လိုက်ကြသည်။ ခြောက်မီတာခန့် ရောက်သောအခါ ပိုက်ကွန်မှာ လေးလံလွန်းသဖြင့် ဆွဲ၍ပင် မရတော့ချေ။

ငါးများ အလွန်များနေခြင်း ဖြစ်သည်။

သူတို့ အတင်းဆွဲတင်လိုက်သောအခါ တစ်ကြိမ်တည်းဖြင့် ငါး တန်ချိန် တစ်တန်ကျော် ရရှိခဲ့၏။ ရှောင်းယီသည် ချက်ချင်းပင် အဆင့်မြင့်ငါးများနှင့် သာမန်ငါးများကို ခွဲခြားလိုက်လေသည်။

လေးကြိမ် ပိုက်ချပြီးနောက် C အဆင့် ရေချိုငါးမျိုးစုံ ၄၂၃ ကီလိုဂရမ်နှင့် သာမန်ငါး ၃၈၆၅ ကီလိုဂရမ် ရရှိခဲ့၏။

ရှောင်းယီ၏ နှစ်ဆတိုးပွားခြင်း စွမ်းရည်ကြောင့် သာမန်ငါး ၇၇၃၀ ကီလိုဂရမ်နှင့် C အဆင့်ငါး ၈၄၆ ကီလိုဂရမ် ဖြစ်သွားခဲ့လေသည်။

အန်းရန်နှင့် ဆုဝမ်တို့မှာ ထိုငါးပုံကြီးကို ကြည့်ပြီး မျက်နှာများ ရှုံ့မဲ့သွားခဲ့ကြ၏။ ဤမျှများသော ငါးများကို ပြင်ဆင်ရန်မှာ အချိန်အကြာကြီး ယူရမည် ဖြစ်သည်။

“အလျင်မလိုပါဘူး။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“သာမန်ငါးတွေကို ခဏထားလိုက်။ C အဆင့် ငါးတွေကို အရင်လုပ်ရအောင်။ တစ်ပိုင်းချင်းစီ လှီးပြီး ရောင်းမယ်။”

“သူပြောတာ မှန်တယ်။”

ယွမ်နွန်ကလည်း ဖြည့်ပြောလိုက်သည်။

“မြေပြန့်မှာ နောက်ထပ် ကန်တစ်ခု တူးလိုက်။ သာမန်ငါးတွေကို အဲဒီထဲ ပစ်ထည့်ထားပြီး ဆောင်းရာသီ ပျင်းတဲ့အခါမှ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။”

“အခု သွားလုပ်လိုက်ပါ့မယ်။”

အန်းရန်က ပြောရင်း ဆုဝမ်နှင့်အတူ C အဆင့် ငါးပုံဆီသို့ သွားကာ အလုပ်ကို အရှိန်မြှင့်လိုက်၏။

ထိုအတောအတွင်း အများသုံး ချန်နယ်မှာမူ တောင်းဆိုသံများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။

“သူဌေး C အဆင့်အစားအစာတွေ ထပ်ရှိသေးလား။ ကျုပ် လဲချင်သေးလို့ပါ။”

“တင်တာတောင် မတွေ့လိုက်ရဘူး။ တော်တော် လက်မြန်တဲ့ကောင်တွေ။ လူပျိုကြီးတွေ ဖြစ်ကြပါစေ။”

“သခင်ကြီး... ကျေးဇူးပြုပြီး ထပ်တင်ပေးပါဦး။”

ထိုတောင်းဆိုသံများကို မြင်သောအခါ ရှောင်းယီက စာရိုက်လိုက်လေသည်။

“ခဏလောက် စောင့်ပေးကြပါဦး။ ရေချိုငါးအသားလွှာတွေ မကြာခင် တင်ပေးပါ့မယ်။”

“တကယ်လား။ သူ့မှာ အဆင့်မြင့်တဲ့ အစားအစာတွေ ဘယ်လောက်တောင် ရှိတာလဲ။”

“သူ့အဖွဲ့က လူပေါင်း သောင်းနဲ့ချီ ရှိနေတာ ဖြစ်ရမယ်။”

“သူ့ရဲ့ ကမ္ဘာက ငါတို့ ခန့်မှန်းလို့ မရနိုင်တော့ဘူး။”

“ကျုပ် ဒီမှာ ဒူးထောက်စောင့်နေပါတယ်။ အကယ်၍ လူခေါ်မယ်ဆိုရင် ကျုပ် ၂၄ နာရီလုံး အားပါတယ်။”

“ကျုပ်လည်း အားတယ်။”

“ကျုပ်လည်း အတူတူပဲ + ၁၀၀၈၆။”

ရှောင်းယီက ရောင်းရန် ပြင်ဆင်နေစဉ် ယွမ်နွန်နှင့် အန်းယွဲ့တို့က C အဆင့် ငါးများကို အသားလွှာကာ လှီးပေးလိုက်ကြ၏။ ခေါင်း၊ ကလီစာ၊ အကြေးခွံနှင့် ဆူးတောင်များကို ဖယ်ထုတ်လိုက်ရာ အသား ၇၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့လေသည်။

C အဆင့်ငါး ၈၄၆ ကီလိုဂရမ်မှ အသားလွှာ ၅၉၂.၂ ကီလိုဂရမ် ရရှိခဲ့သည်။ ၎င်းကို ၅၀ ဂရမ် တစ်စုစီ ခွဲလိုက်ရာ အစုပေါင်း ၁၁၈၄၄ ခု ရရှိခဲ့သည်။

“ဈေးကွက်က ဒါတွေအားလုံးကို ဝယ်နိုင်ပါ့မလား။”

ရှောင်းယီ ရေရွတ်ရင်း အရောင်းအဝယ်ကို တင်သွင်းလိုက်တော့သည်။

“[ရေချိုငါး အသားလွှာ] (C အဆင့်) ၅၀ ဂရမ် ↔ [အုတ်မြစ်ကျောက်] ၁။”

“တက်လာပြီဟေ့။ မြန်မြန် လုကြဟ။”

ရှောင်းယီ၏ ကျောက်တိုင်ပေါ်တွင် အရောင်းအဝယ် စာရင်းများမှာ အဆက်မပြတ် တက်လာခဲ့၏။ ငါးမိနစ်အကြာတွင် အသားလွှာ ၁၁၈၄၄ အစုလုံး ကုန်သွားခဲ့လေသည်။

“နယ်မြေတွေ ပေါင်းစည်းသွားတော့ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး ရှိနေသေးတာပဲ။”

သူက တိုးတိုးလေး ပြောလိုက်သည်။

အများသုံး ချန်နယ်တွင် တောင်းပန်သံများ ပြန်လည် ထွက်ပေါ်လာခဲ့ပြန်သည်။

“ကျန်သေးလား။ ကျုပ် အခုမှ လော့ဂ်အင် ဝင်လာတာပါ။ တစ်အစုလောက်လေး ရရင်ပဲ ကျေနပ်ပါပြီ။”

“ကျုပ်ကိုလည်း ချန်မထားခဲ့ပါနဲ့။ လူတိုင်းက ကြံ့ခိုင်မှုတွေ တိုးတက်ကုန်ပြီ။ ကျုပ်ပဲ ကျန်နေခဲ့တာ။”

“မင်း တစ်ယောက်တည်း မဟုတ်ပါဘူး။ ငါလည်း အတူတူပဲ။”

ရှောင်းယီ ခေါင်းခါလိုက်မိသည်။ B အဆင့်အောက် အစားအစာများ အကုန် ကုန်သွားပြီဖြစ်သည်။ ကျန်ရှိသော ကျားသားနှင့် ဝက်ဝံသားများကိုမူ သူ့အဖွဲ့အတွက် ချန်ထားရပေဦးမည်။ A အဆင့်နှင့် အထက်များကိုမူ လောလောဆယ် ဈေးကွက်သို့ မထုတ်သေးရန် သူဆုံးဖြတ်ထား၏။

“တောင်းပန်ပါတယ်။ တကယ် ကုန်သွားပါပြီ။ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။”

သူက ပြန်ဖြေလိုက်သည်။

“ဟာ... မလုပ်ပါနဲ့ သူဌေး...။”

ချန်နယ်တစ်ခုလုံးမှ တပြိုင်နက်တည်း အော်ဟစ် ညည်းညူကြတော့၏။

သို့သော်လည်း မျက်စိလျင်သူအချို့ကမူ လုဝယ်ထားသော ပစ္စည်းများကို ဈေးတင်၍ ပြန်လည် ရောင်းချရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

All Chapters