အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း ၁၃၃ - စတုရန်းမီတာ ၃၀,၀၀၀ သို့ ထိုးဖောက်ခြင်း နှင့် ပထမဆုံးနှင်း
“ငါ့မှာ ရေချိုငါး တစ်စုအပိုရှိတယ်တယ်။ အုတ်မြစ်ကျောက် နှစ်ခုနဲ့ လဲမယ်။ လိုချင်ရင် PM (သီးသန့်စာ) ပို့လိုက်။”
“သေစမ်း... ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ။ ငါကတော့ သူဌေးရဲ့ နောက်တစ်ခေါက် ဈေးရောင်းပွဲကိုပဲ စောင့်တော့မယ်။”
“ဒါကတော့ မင်းသဘောပါ။ အဲ့လောက်အကြာကြီး တောင့်ခံနိုင်ရင်ပေါ့။”
“ငါ့မှာလည်း ဝက်ဝံသား တစ်စုံ ပိုသေးတယ်။ အုတ်မြစ်ကျောက်သုံးခုနဲ့ လိုချင်ရင် PM ပို့လိုက်။”
“မင်းက အပေါ်ကလူထက်တောင် ပိုဆိုးသေးတယ်။”
“ဒါက ရွှေတွင်းပဲဟေ့။ ငါလည်း ရောင်းမယ်။ ငါ့မှာ ကျားသားရှိတယ်။ ဈေးနှုန်းကို DM မှာ ပြောမယ်။”
“ဓားပြတိုက်တာ ဟုတ်လား။ ဝက်ဝံသားနဲ့ ကျားသားက ငါးနဲ့ မတူဘူးကွ။ မသိရင် မပြောနဲ့။ မြည်းကြည့်ဖူးမှ သိမှာ။”
ရှောင်းယီသည် ထိုသို့ ဈေးတင်ရောင်းနေသူများကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူသည် ရရှိလာသော အမြတ်အစွန်းများကိုသာ စာရင်းတွက်နေရပြီဖြစ်သည်။
ဈေးကွက်ခန်းမတွင် တင်သွင်းထားသော အနွေးထည်များ အကုန် ရောင်းထွက်သွားပြီ ဖြစ်သည်။ စုစုပေါင်း သူ၏ အရောင်းအဝယ်များမှ အုတ်မြစ်ကျောက် ၁၄၃၂၆ ခု ရရှိခဲ့၏။ နှစ်ဆတိုးပွားခြင်း စွမ်းရည်ကြောင့် အုတ်မြစ်ကျောက် စုစုပေါင်း ၂၈၆၅၂ ခု ဖြစ်သွားခဲ့သည်။
ထိုကိန်းဂဏန်းကို ကြည့်ပြီး သူ မျက်စိလည်သွားမိလေသည်။ သူ၏ ကျွန်းမှာ အစက ၂၄၉၉ စတုရန်းမီတာသာ ရှိခဲ့ခြင်း ဖြစ်သည်။ ဤအုတ်မြစ်ကျောက် အားလုံးကို အသုံးပြုလိုက်ပါက ကျွန်းဧရိယာသည် စတုရန်းမီတာ ၃၀၀၀၀ ကျော်သို့ ချက်ချင်း ရောက်ရှိသွားပေလိမ့်မည်။ သို့သော် ရှောင်းယီ ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။
ဤမျှ ကျယ်ဝန်းသော မြေနေရာကို သူတို့ ကင်းလှည့်နိုင်ပါမည်လော။ ကျွန်းဧရိယာ ရုတ်တရက် တိုးပွားလာပါက ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုသည်လည်း အချိုးကျ တိုးလာမည်လော။ မည်မျှအထိ ပြင်းထန်လာမည်နည်း။
တောအုပ်သည်လည်း ပိုမို လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာပေလိမ့်မည်။ အကယ်၍ A အဆင့်သားရဲသာ ပေါ်ပေါက်လာပါက တိုက်ခန်းရှေ့ရှိ ခြံစည်းရိုးလေးမှာ အသုံးဝင်တော့မည်မဟုတ်ပေ။
ထိုပြဿနာများကြောင့် သူ၏ နားထင်ကို ဖိနှိပ်လိုက်မိ၏။ သူတစ်ယောက်တည်း စဉ်းစားနေ၍ မရပေ။ အားလုံးနှင့် တိုင်ပင်ရပေမည်။
ထို့နောက် သူသည် လူတိုင်းကို ခေါ်ယူပြီး ကိန်းဂဏန်းများနှင့် သူ၏ စိုးရိမ်ပူပန်မှုများကို ချပြလိုက်တော့သည်။
“ဘာ...။ အုတ်မြစ်ကျောက် နှစ်သောင်း ရှစ်ထောင်ကျော် ဟုတ်လား။”
အန်းယွဲ့၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွား၏။ များလိမ့်မည်ဟု သူ ခန့်မှန်းထားသော်လည်း ဤမျှအထိ များလိမ့်မည်ဟုတော့ မထင်ခဲ့မိပေ။
“ဒီကမ္ဘာက တကယ်ကို ရူးချင်စရာပဲ။ ငါတော့ အော်ဟစ်မိတော့မယ်။ ရှောင်းယီ... မင်းက တကယ်ကို သားရဲတစ်ကောင်ပဲ။”
ကျန်းယွင်ထျန်းက ခေါင်းခါရင်း ပြောလိုက်သည်။
“အရင်ကတော့ အုတ်မြစ်ကျောက် တစ်တုံး ရဖို့တောင် ငါတို့မှာ ချွေတာခဲ့ရတာ။ အခုတော့ နင့်ဆီမှာ တောင်ပုံရာပုံ ရှိနေပြီပဲ။”
ဆုဝမ်ကလည်း ရယ်မောရင်း ဆိုလိုက်သည်။
“ဟေး... အဓိက အချက်ကို အာရုံစိုက်ကြပါဦး။ ကျွန်းကို ချဲ့မလား၊ မချဲ့ဘူးလား။”
ရှောင်းယီက အကူအညီမဲ့စွာ ပြောလိုက်၏။
“တုံ့ဆိုင်းနေစရာ မလိုဘူး။ ချဲ့ရမယ်လို့ ငါ ပြောချင်တယ်။”
ယွမ်နွန်က ပြောလိုက်သည်။ လူတိုင်းက သူ့ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
“ပြီးခဲ့တဲ့ နှစ်ရက်မှာတင် အကျိုးကျေးဇူးတွေကို သိသိသာသာ ရခဲ့ပြီးပြီပဲ။”
သူက ဆက်ပြောလိုက်သည်။
“စိုးရိမ်မှုတွေကို တစ်ခုချင်း ဖြေရှင်းကြည့်ရအောင်။”
“ပထမအချက်: စီမံခန့်ခွဲမှု။ စတုရန်းမီတာ သုံးသောင်းဆိုတာ အများကြီးလို့ ထင်ရပေမဲ့ တစ်ဖက်ကို မီတာ ၂၀၀ တောင် မပြည့်ပါဘူး။ ဒါက စီမံခန့်ခွဲလို့ မရနိုင်တဲ့ အနေအထားလား။”
လူတိုင်း ခေါင်းငြိမ့်လိုက်ကြသည်။ မီတာ ၂၀၀ ဆိုသည်မှာ အားအနည်းဆုံးဖြစ်သော အန်းရန်အတွက်ပင် ၃၀ စက္ကန့်ခန့် ပြေးရုံနှင့် ရောက်နိုင်သော အကွာအဝေး ဖြစ်ပေသည်။
“ဒုတိယအချက်: ပင်လယ်သားရဲ တိုက်ခိုက်မှု။ ကိုယ်ကျပ်ဝတ်စုံနဲ့ဆိုရင် ယွင်ထျန်းက သူတို့ကို ကိုင်တွယ်နိုင်ပါတယ်။ ပြီးတော့ ငါတို့ ခုနက စားခဲ့တဲ့ ပင်လယ်ကဏန်းလိုမျိုး အဆင့်မြင့် ပါဝင်ပစ္စည်းတွေကိုလည်း ရဦးမှာလေ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်၏။
“ဒီဝတ်စုံနဲ့ဆိုရင် တိုက်ပွဲတွေကို မြန်မြန် အဆုံးသတ်နိုင်ပါတယ်။ တစ်နေ့တာရဲ့ အချိန်အတော်များများက စောင့်နေရတာနဲ့ပဲ ကုန်နေရတာ။”
“နောက်ဆုံးအချက်: တောအုပ် ဆင့်ကဲပြောင်းလဲမှု။ ဒါက စွန့်စားမှုရော၊ အကျိုးအမြတ်ရော ရှိပါတယ်။ သားရဲတွေ ပိုသန်မာလာမှာ မှန်ပေမဲ့ ငါတို့ရဲ့ ကြံ့ခိုင်မှုကလည်း တိုးတက်လာနေတာပဲ။ ပြီးတော့ သူတို့ ပေါ်မလာခင် ငါတို့မှာ ပြင်ဆင်ဖို့ တစ်ပတ်လောက် အချိန်ရပါသေးတယ်။”
ဤကဲ့သို့ အေးစိမ့်သော ရာသီဥတုမျိုးတွင် သားရဲသတ္တဝါများ ပေါ်ထွက်နှုန်း နည်းနေပြီ ဖြစ်ရာ သားရဲအစစ်အမှန်များသည် ဆောင်းရာသီကုန်မှသာ ပေါ်လာနိုင်ခြေ ရှိသည်။
“ပြီးတော့ သူတို့က ငါတို့အတွက် B အဆင့် ကျားသားနဲ့ ဝက်ဝံသားလိုမျိုး အကောင်းဆုံး အသားတွေကို ပေးဦးမှာလေ။”
“အကျိုးအမြတ်က စွန့်စားရတာထက် ပိုများပါတယ်။”
ယွမ်နွန်က နိဂုံးချုပ်လိုက်သည်။ ရှောင်းယီသည် အကျိုးအပြစ်ကို ချိန်ဆပြီးနောက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ကောင်းပြီ...ချဲ့မယ်။ ကြောက်ရွံ့မှုကြောင့် ရှေ့ဆက်မတိုးဘဲတော့ မနေနိုင်ဘူး။”
“ပင်လယ်သားရဲတွေရော၊ တောအုပ်ထဲက သားရဲတွေရော လာချင်သလောက်လာစမ်းပါ။”
လူတိုင်း သဘောတူလိုက်ကြ၏။ ဤဖိအားက သူတို့ကို ပိုမို ထက်မြက်လာစေမည် ဖြစ်သည်။ ရှောင်းယီသည် တုံ့ဆိုင်းမနေဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ အုတ်မြစ်ကျောက်များကို အသုံးပြုလိုက်တော့လေသည်။
[စနစ်၏ အသိပေးချက်: ကျွန်းငယ်လေး - ဧရိယာ ၃၁၁၅၁ စတုရန်းမီတာ…]
ကိန်းဂဏန်းက ကြီးမားသော်လည်း “ကျွန်းငယ်လေး” အဆင့်မှာပင် ရှိနေသေးသည်။
ရေချိုမြစ်သည်လည်း ကံကောင်းထောက်မစွာဖြင့် ကမ်းခြေအသစ်အထိ အလိုအလျောက် ဆန့်ထွက်သွားရာ အသစ် ပြန်တူးရန် မလိုတော့ပေ။
“ပြီးပြီ”
သူက ဆိုလိုက်က်သည်။
“မနက်ဖြန်ကျရင် တကယ့် တံတိုင်းတစ်ခု စဆောက်မယ်။ ခြံစည်းရိုးလေးနဲ့တော့ မရတော့ဘူး။ ဒီဆောင်းရာသီမှာ ကျုပ်တို့ တော်တော် အလုပ်ရှုပ်ကြဦးမှာပဲ။”
“ဟားဟားဟား... အားယားနေတာက ပိုဆိုးပါတယ်။”
ယွမ်နွန်က ရယ်မောလိုက်သည်။ အားလုံးကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြသည်။
“အပြင်မှာ ပစ္စည်း သေတ္တာတွေ ရှိသေးတယ်။ သွားဖွင့်လိုက်ဦး။”
အန်းယွဲ့က ပြောလိုက်သည်။ ရှောင်းယီ အပြင်သို့ ထွက်လာသောအခါ မှောင်ရီပျိုးစ ပြုနေပြီ ဖြစ်သည်။ ထိုစဉ် သူ၏ ဝတ်စုံပေါ်သို့ အဖြူရောင်အစက်လေး တစ်စက် ကျလာခဲ့၏။
ဆီးနှင်းပင်...။
“နှင်းတွေလား။”
သူ အပေါ်သို့ မော့ကြည့်လိုက်ရာ အဖြူရောင် အမှုန်အမွှားလေးများ လွင့်ပျံ့ကျဆင်းနေသည်ကို တွေ့လိုက်ရ၏။
“ဆောင်းရာသီက တကယ် ရောက်လာပြီပဲ။”
သူက တိုးတိုးလေး ရေရွတ်ပြီးနောက် အထဲသို့ အော်ပြောလိုက်သည်။
“နှင်းတွေကျနေပြီ။ ဖုံးအုပ်ထားဖို့ လိုတဲ့အရာတွေကို သွားစစ်လိုက်ကြဦး။”
ထိုအခါ လူတိုင်း အပြင်သို့ ပြေးထွက်လာခဲ့ကြပြီး လွင့်ပျံ့နေသော နှင်းပွင့်လေးများကို အံ့သြတကြီး ကြည့်လိုက်မိကြသည်။
“ဆောင်းရာသီ ရောက်လာပြီပဲ။”
သူသည် သေတ္တာ ၃၈ လုံးစလုံးကို ဖွင့်လိုက်သည်။
“ပစ္စည်း: အုတ်မြစ်ကျောက် ၃၊ ကြေးနီ ၄…”
“ပစ္စည်း: မြင်းလှည်း ထုတ်လုပ်မှုပုံစံ ၁၊ သံ ၂…”
“ပစ္စည်း: အုတ်မြစ်ကျောက် ၂၊ ပလတ်စတစ် ၄…”
…
စုစုပေါင်း အုတ်မြစ်ကျောက် ၂၅ ခုနှင့် အခြေခံ ကုန်ကြမ်းများ ရရှိခဲ့ပြီး အစားအစာနှင့် ရေတော့ မပါဝင်ခဲ့ပေ။
သို့သော် ‘မြင်းလှည်း ထုတ်လုပ်မှုပုံစံ’ က သူ၏ အာရုံကို ဖမ်းစားလိုက်၏။နှစ်ဆတိုးပွားခြင်းကြောင့် အုတ်မြစ်ကျောက် ၅၀နှင့် မြင်းလှည်း ထုတ်လုပ်မှုပုံစံ ၂ ခုဖြစ်သွားခဲ့သည်။
သူသည် ကိုထုတ်လုပ်မှုပုံစံကို ကောက်ကိုင်လိုက်ပြီး လိုအပ်သော ကုန်ကြမ်းများကို စတင်လေ့လာလိုက်တော့သည်။
အခန်း ၁၃၄ - အလွန်အမင်း အေးစက်လာခြင်းနှင့် S အဆင့်မြေဆီလွှာ နောက်တစ်ကြိမ် ရရှိခြင်း
“[မြင်းလှည်း ထုတ်လုပ်မှုပုံစံ] : သစ်သား ၅၀၊ သံ ၅၊ ကြေးနီ ၅။”
“ဒါက အခြေခံအကျဆုံး လက်တွန်းလှည်းမျိုး ဖြစ်လိမ့်မယ်။ မြင်းလည်း မရှိသေးဘူးဆိုတော့ လောလောဆယ် အသုံးမဝင်သေးဘူး။”
ရှောင်းယီက ရေရွတ်ရင်း ထိုထုတ်လုပ်မှုပုံစံကို ဂိုဒေါင်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
တိုက်ခန်းသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် သူရရှိထားသော အုတ်မြစ်ကျောက် ၅၀ လုံးကို အသုံးပြု၍ ကျွန်းကို ချဲ့ထွင်လိုက်လေသည်။
ထိုအချိန်တွင် ယွမ်နွန်သည် အပြင်မှ လမ်းလျှောက်ဝင်လာပြီး သူ၏ အနွေးထည်ပေါ်ရှိ နှင်းများကို ခါချလိုက်၏။
“အပူချိန်က ၁၀ ဒီဂရီလောက် ရုတ်တရက် ထိုးကျသွားသလိုပဲ။”
ကိုယ်ကျပ်ဝတ်စုံများကို အားသွင်းစင်ပေါ်တွင် တင်ထားသောကြောင့် လူတိုင်းသည် အပြင်ထွက်လျှင် အနွေးထည်များကိုသာ ဝတ်ဆင်ထားကြသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ပစ္စည်းများ စာရင်းသွင်းရင်း ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီညတော့ အားလုံး တိုက်ခန်းထဲမှာပဲ အိပ်ကြရအောင်။ အပြင်မှာ တစ်ယောက်ယောက် အေးမိပြီး ဖျားနာသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”
ယွမ်နွန်က ခေါင်းငြိမ့်လိုက်သည်။
“မနက်ဖြန်ကျရင် ငါတို့ရဲ့ သစ်သားအိမ်လေးတွေကို ကောက်ရိုးခြောက်တွေနဲ့ ထပ်ပြီး ဖုံးရမယ်။ ဒါဆိုရင်တော့ အတော်လေး အဆင်ပြေသွားလိမ့်မယ်။”
“မနက်ဖြန်ကျမှပဲ ကြည့်ကြတာပေါ့။”
ရှောင်းယီက ဆိုသည်။ သူ၏ စိတ်ထဲတွင် ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။ မနက်ဖြန်သည် တတိယပတ်၏ နောက်ဆုံးနေ့ ဖြစ်ပြီး လက်မှတ်ထိုးဝင်ခြင်း၏ ဆုလာဘ်သည် သူတို့၏ အခန်းလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။
ထိုစဉ် ကျန်းယွင်ထျန်းနှင့် အန်းယွဲ့တို့သည်လည်း အဝတ်အစားပေါ်မှ နှင်းများကို ခါရင်း အထဲသို့ ပြေးဝင်လာခဲ့ကြလေသည်။
“ကိုယ်ကျပ်ဝတ်စုံ မပါဘဲ အပြင်မှာနေရတာ တကယ်ကို ရက်စက်လွန်းတယ်။”
သူတို့သည် ခုလေးတင် ဝက်ခြံပေါ်တွင် ကောက်ရိုးမိုးထားခဲ့ပြီး ဝက်များ နွေးထွေးစေရန် ကောက်ရိုးခြောက်များကို အပြည့် ထည့်ပေးခဲ့ကြ၏။ မကြာသေးမီက မိုးမရွာခဲ့သဖြင့် တောအုပ်ထဲတွင် ကောက်ရိုးခြောက်များ နေရာအနှံ့ ရှိနေခဲ့လေသည်။ နှင်းများကို ခါချလိုက်ရုံဖြင့် ၎င်းတို့ကို အဆင်သင့်အသုံးပြုတိုင်ပြီ ဖြစ်သည်။
စောစောက အန်းယွဲ့ ယဉ်ပါးအောင် လုပ်ထားသော တောဝက်ရှစ်ကောင်မှာ လိမ္မာကြပြီး ပြဿနာ မရှာကြပေ။ အန်းယွဲ့ ကောက်ရိုးများ ထည့်ပေးလိုက်သောအခါ ဝက်အားလုံး ကောက်ရိုးပုံထဲသို့ တိုးဝင်သွားခဲ့ကြလေသည်။ တိရစ္ဆာန်များမှာလည်း အအေးဒဏ်ကို ကြောက်ကြသည်ပင်။
ရှောင်းယီသည် ငါးများကို ဆက်လက် တင်သွင်းရောင်းချလိုက်၏။ ယနေ့၏ ‘နှစ်ဆတိုးပွားခြင်း’ စွမ်းရည်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူသည် အခြေခံကုန်ကြမ်းများဖြစ်သော ကြေးနီ၊ သံ၊ ပလတ်စတစ်နှင့် ဖန်များကို အဓိက ဦးတည်၍ လဲလှယ်လိုက်သည်။ ဂိုဒေါင်မှာ ပြည့်နေပြီဖြစ်ရာ လဲလှယ်ရရှိသော ပစ္စည်းများကို ခြံစည်းရိုးအတွင်းရှိ မြေပြင်ပေါ်တွင်သာ ပုံထားလိုက်ရသည်။
ယွမ်နွန်နှင့် အခြားသူများသည် ဧည့်ခန်းတွင် ထိုင်ရင်း စကားစမြည်ပြောကာ စုဆောင်းလာသော အစားအစာများကို ပြင်ဆင်နေကြ၏။ ကျွင်းကျွင်းမှာတော့ ဘေးတွင် ထိုင်ကာ ကာတွန်းကား ကြည့်နေခဲ့လေသည်။
ညကိုးနာရီခန့်တွင် အန်းရန်တို့ညီအစ်မနှစ်ဦးသည် နောက်ဆုံး၌ ညစာအဖြစ် အသားကင်များကို ချက်ပြုတ်ပြီးစီးသွားခဲ့လေသည်။ သူတို့သည် ညနေ လေးနာရီကျော်မှ နေ့လယ်စာ စားခဲ့ခြင်းဖြစ်ရာ ညစာ မစားပါက သေချာပေါက် ဗိုက်ဆာနေပေလိမ့်မည်။
လူတိုင်း စားပွဲတွင် ဝင်ထိုင်လိုက်ကြချိန်၌ ည ၁၀ နာရီ ရှိနေပြီဖြစ်သည်။
“နှင်းတွေက ပိုထူလာပြီ။ မနက်ဖြန် အလုပ်တွေတော့ ပျက်ကုန်တော့မှာပဲ။”
စိုက်ခင်းများကို သွားရောက်စစ်ဆေးပြီးနောက် ယွမ်နွန်က ပြောလိုက်သည်။
“ဖန်လုံအိမ်တောင်မှ သိပ်အထွက်နှုန်းကောင်းမှာ မဟုတ်တော့ဘူး။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ကျုပ်တို့မှာ ရိက္ခာတွေ အများကြီး စုဆောင်းထားပြီးသားပဲလေ။ တောထဲက ရထားတာတွေလည်း ရှိသေးတယ်။ နောက်တစ်ပတ်ကိုတော့ အေးအေးဆေးဆေး ဖြတ်ကျော်နိုင်မှာပါ။”
“အသက်ရှင်ရုံတင် မကဘူး။ ငါတို့ ခုနစ်ယောက် သုံးလလောက် စားရင်တောင် ပိုနေဦးမှာ။”
အန်းရန်က အသားကင်များကို ယူလာရင်း ဆိုလိုက်သည်။
“အသားတွေတင် ပြောတာပါ။ အသားချည်းပဲ စားရင် အီလိမ့်မယ်။ ငါတို့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေလည်း လိုသေးတယ်လေ။”
ရှောင်းယီက ပြန်ပြောလိုက်၏။ အားလုံးက ရယ်မောလိုက်ကြသည်။ ရှောင်းယီ၏ လူနေမှုစံနှုန်းမှာ အလွန် မြင့်မားလှပေသည်။ ဤကမ္ဘာတွင် သူတစ်ယောက်တည်းသာ လူနေမှုဘဝ အရည်အသွေးကို ဂရုစိုက်နိုင်သည့် အခြေအနေ ရှိခြင်းပင်။
ထို့နောက် ရှောင်းယီက အသားတစ်လုပ်ကို ကိုက်ရင်း ပြောလိုက်သည်။
“ဒီညတော့ တိုက်ခန်းထဲမှာပဲ အိပ်ကြမယ်။ စောင်တွေ ယူလာခဲ့ကြ။ ကြမ်းပြင်ပေါ်မှာပဲ အိပ်ကြတာပေါ့။”
ညစာ စားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ငါးများကို ဆက်လက် တင်သွင်းရောင်းချနေလိုက်၏။ ထို့နောက် အခြားကျွန်းများတွင်လည်း နှင်းကျနေသလား သိနိုင်ရန် အများသုံး ချန်နယ်သို့ ပြောင်းလိုက်သည်။
“နှင်းတွေ ပိုထူလာပြီ။ ဒါက ဘယ်လောက်အထိ ကြာဦးမလဲ မသိဘူး။”
“ဟုတ်တယ်။ အပြင်မှာ ၁၀ စင်တီမီတာလောက် ရှိနေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် ငါ့တဲလေးတော့ နှင်းအောက် ရောက်သွားတော့မယ်။”
“၁၀ ဟုတ်လား။ မင်းက ကံကောင်းတာပဲ။ ငါ့ဆီမှာ ၂ စင်တီမီတာပဲ ရှိသေးတယ်။”
“ငါတော့ အေးလို့ သေတော့မယ်။ တစ်ယောက်ယောက်ဆီမှာ အနွေးထည်တွေ ရှိလား။ ငါ့မှာ ရှိသမျှ အကုန်ပေးပြီး လဲပါ့မယ်။”
“တစ်ပတ်လုံးမှာ အနွေးထည် တစ်ထည်တောင် မရခဲ့ဘူးလား။”
“တစ်ထည်တော့ ရခဲ့ပါတယ်။ ဒါပေမဲ့ တစ်ထည်တည်းနဲ့ မလုံလောက်ဘူးလေ။”
“ငါလည်း အတူတူပဲ။ အတွင်းခံအနွေးထည်ရော၊ အနွေးထည်ရော ဝတ်ထားတာတောင် အေးနေတုန်းပဲ။”
“လွယ်လွယ်လေးပါ။ စောင်နဲ့သာ ပတ်ထားလိုက်။”
“ချီး... ငါ့မှာ စောင်ရှိရင် ဒီမှာ လာတောင်းပန်နေပါ့မလားကွ။”
“သူဌေး ယီရန်ပင်း အနွေးထည်တွေ ရောင်းတုန်းက ဝယ်ထားလိုက်ရမှာ။”
“တစ်ထည်ကို အုတ်မြစ်ကျောက် ၁၀ တုံးလေ။ မင်းမှာ ရှိလို့လား။”
“အခုတော့ ရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ မရောင်းတော့ဘူး။”
ရှောင်းယီသည် နေ့ဘက်တွင် အဆင့်မြင့် အစားအစာများကို ထုတ်ရောင်းခဲ့ရာ အချို့မှာ အပြင်တွင် သေတ္တာဆယ်နေသဖြင့် မသိလိုက်ကြပေ။ ယခု ငါးနာရီ၊ ခြောက်နာရီခန့် ကြာပြီးနောက်တွင် ယီရန်ပင်း အမည်ရှိ ဆရာကြီးတစ်ဦးက အဆင့်မြင့် အစားအစာများကို ရောင်းချခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတိုင်း သိသွားကြပြီ ဖြစ်သည်။
ဝယ်ယူနိုင်ခဲ့သူ အနည်းငယ်က ဈေးတင်ကာ ပြန်ရောင်းနေကြသော်လည်း အများစုကတော့ ကိုယ်တိုင်စားရန်သာ ချန်ထားခဲ့ကြ၏။ ရုပ်ခန္ဓာ ကြံ့ခိုင်မှုကို မြှင့်တင်ခြင်းသည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အဓိကသော့ချက် ဖြစ်သည်ကို အားလုံး သိကြပေသည်။
ရှောင်းယီသည် သူ့လက်ထဲရှိ B အဆင့် ကျားသားနှင့် ဝက်ဝံသားများကို ကြည့်ပြီး သူ့အဖွဲ့အတွက်သာ ချန်ထားရန် ဆုံးဖြတ်လိုက်သည်။ ရှေ့ဆက်လာမည့် အခက်အခဲများကို ရင်ဆိုင်နိုင်ရန်အတွက် အားလုံး၏ ရုပ်ခန္ဓာများ ပိုမို သန်မာလာရန် လိုအပ်ပေသည်။
“ဒီနေ့အတွက်တော့ ဒီလောက်ပဲ ထင်တယ်။”
ရှောင်းယီက ရေရွတ်ရင်း ဧည့်ခန်းသို့ ထွက်လာခဲ့လိုက်၏။ သည်ညတော့ အမျိုးသမီးများက အိပ်ခန်းထဲတွင် အိပ်ကြပြီး ကျန်သူများက အပြင်ဘက်တွင် စခန်းချကြမည် ဖြစ်သည်။
“ဒီ... သူစိမ်းတစ်ယောက်ထံမှ စာတစ်စောင် ရောက်ရှိလာပါသည်။”
ထိုအသံကြောင့် ရှောင်းယီ နောက်ပြန်လှည့်ပြီး စာကို ဖွင့်ကြည့်လိုက်၏။
“ကျုပ်ဆီမှာ ဒါရှိတယ်။ B အဆင့် အစားအစာ ဒါမှမဟုတ် အနွေးထည် တစ်ထည်နဲ့ လဲလို့ရမလား။ [မြေဆီလွှာ] (S အဆင့်) ၂။”
အခန်း ၁၃၅ - နှစ်ဆတိုးခြင်းကို အပြည့်အဝ အသုံးချခြင်းနှင့် အံ့အားသင့်ဖွယ် လက်ဆောင်ထုပ်
ထို S အဆင့်မြေဆီလွှာကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်းပင် ပြန်စာပို့လိုက်သည်။
“ရတာပေါ့။ အနွေးထည်နဲ့ B အဆင့် အသားထဲက ကြိုက်တာကို မင်းဘာသာမင်း ရွေးလို့ရတယ်။”
တစ်ဖက်လူမှာ အနည်းငယ် တုံ့ဆိုင်းနေပုံရပြီး အတော်ကြာမှ ပြန်ဖြေလာခဲ့သည်။
“B အဆင့် အသားကိုပဲ ယူရင် ကောင်းမလားလို့။”
“ကောင်းပြီ။ မင်းဘယ်လောက် လိုချင်တာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“၅၀ ဂရမ်လောက်ဆိုရင်ရော။ ရမလား။”
တစ်ဖက်လူက အားနာနာဖြင့် တိုးတိုးတိတ်တိတ် မေးလာခဲ့သည်။
“ရတယ်။ ငါ မင်းကို စောင်တစ်ထည်ပါ အပိုပေးလိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်၏။ ဘာပဲဖြစ်ဖြစ် သူ့မှာ စောင်တွေ အများကြီး ရှိနေသည်ပင်။
S အဆင့် ပစ္စည်းများကို ရရှိနိုင်သူမှာ ကံကောင်းသူတစ်ဦးသာ ဖြစ်ရပေမည်။ ထိုသို့သော ကံကောင်းသည့် အသက်ရှင်ကျန်ရစ်သူနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိထားရန်မှာ အလွန်ပင် လိုအပ်လှပေသည်။
“အာ ကျေးဇူးတင်ပါတယ် သူဌေးကြီး။ တကယ် ကျေးဇူးတင်ပါတယ်။”
တစ်ဖက်လူက ထပ်တလဲလဲ ကျေးဇူးတင်စကား ဆိုလာခဲ့၏။ ထို့နောက် ရှောင်းယီက အရောင်းအဝယ် ကမ်းလှမ်းချက်တစ်ခု တင်ပေးလိုက်သည်။
“[ကျားသား] (B အဆင့်) ၅၀ ဂရမ်၊ [စောင်] ၁ ထည် ↔ [မြေဆီလွှာ] (S အဆင့်) ၂။”
တစ်ဖက်လူက ချက်ချင်းပင် သဘောတူကာ လဲလှယ်လိုက်သည်။
“နောက်နောင်မှာလည်း ဒီလိုမျိုးဟာတွေ ရလာရင် ငါ့ကို အမြဲတမ်း သီးသန့်စာ ပို့လို့ရတယ်နော်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
“ရရှိသော အရင်းအမြစ် - မြေဆီလွှာ (S အဆင့်) ၂။”
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ် - မြေဆီလွှာ (S အဆင့်) ၄။”
အရောင်းအဝယ် ပြီးစီးသွားချိန်တွင် ညသန်းခေါင်ယံ အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ ထိုထက် အနည်းငယ် နောက်ကျသွားပါက သူသည် ‘နှစ်ဆတိုးပွားခြင်း’၏ ပျော်ရွှင်မှုကို ခံစားနိုင်တော့မည် မဟုတ်ပေ။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် အကြာကြီး ထိုင်နေခဲ့သဖြင့် ရှောင်းယီသည် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းနေသလို ခံစားလိုက်ရ၏။ သူသည် ထရပ်လိုက်ပြီး ကိုယ်လက်ဆန့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
“ကဲ... အားလုံး သွားနားကြတော့။”
ရှောင်းယီက အန်းရန်နှင့် အခြားသူများကို ပြောလိုက်သည်။ အန်းရန်နှင့် ဆုဝမ်တို့သည်လည်း ခေါင်းငြိမ့်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်သွားလိုက်ကြသည်။ လူတိုင်းမှာ ယနေ့ တော်တော်လေး ပင်ပန်းနေကြပြီ ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်ကိစ္စများအပြင် ရှောင်းယီ၏ ‘နှစ်ဆတိုးပွားခြင်း’ အခြေအနေကို အပြည့်အဝ အသုံးချနိုင်ရန်အတွက်လည်း ဝိုင်းဝန်းကူညီခဲ့ကြရ၏။
မကြာမီ လူတိုင်း အိပ်မောကျသွားခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက် ၆ နာရီ မတိုင်မီတွင် ယွမ်နွန်သည် ထုံးစံအတိုင်း ပထမဆုံး နိုးလာခဲ့ပြီး ကုတင်ပေါ်မှ သတိထား၍ ထလိုက်သည်။ သို့သော် ရှောင်းယီနှင့် အခြားသူများမှာ အလွန် အအိပ်ဆတ်သူများ ဖြစ်ကြပေသည်။ ယွမ်နွန်က ပြုံးလိုက်၏။
“ငါ မင်းတို့နဲ့ အတူအိပ်ဖို့ မသင့်တော်ဘူး ထင်တယ်။”
“မဟုတ်တာ၊ မဟုတ်တာ။ ဦးလေးရှိတော့ ကျုပ်တို့ကို စောစောအိပ်၊ စောစောထဖို့ တိုက်တွန်းပေးနိုင်တာပေါ့။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။
ထို့နောက် သူသည် စိတ်ထဲမှနေ၍ လက်မှတ်ထိုးဝင်ရန် အမြန်ဆုံး ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ရရှိမည့် ဆုလာဘ်သည် သူတို့၏ နောက်ထပ် အလုပ်အစီအစဉ်များကို ဆုံးဖြတ်ပေးနိုင်သောကြောင့်ပင်။
“စနစ်...လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ်- လက်ဆောင်ထုပ်တစ်ခု။”
အပတ်စဉ် နောက်ဆုံးနေ့များတွင် အမြဲတမ်း အံ့အားသင့်စရာများ ရှိတတ်သည်မှာ အမှန်ပင်။
“လက်ဆောင်ထုပ်ကို ဖွင့်မယ်။”
ရှောင်းယီ စိတ်ထဲမှ ရေရွတ်လိုက်၏။
“ရရှိသော အရင်းအမြစ် - အဆောက်အဦး အဆင့်မြှင့်တင်ခြင်းကတ် ၁၊ ကြက်၊ ဘဲ မွေးမြူရေးခန်း (S အဆင့်) ၁၊ တိရစ္ဆာန် မွေးမြူရေးခန်း (S အဆင့်) ၁၊ တံတိုင်း (S အဆင့်) ၂၀၀၊ သံမဏိ ကိုယ်ထည် အလုပ်ရုံ ၁။”
“များလှချည်လား။”
ရှောင်းယီ အံ့သြတကြီး တွေးလိုက်မိပြီး တစ်ခုချင်းစီကို လိုက်ကြည့်လိုက်၏။
“အဆောက်အဦး အဆင့်မြှင့်တင်ခြင်းကတ်: အဆောက်အဦးကို နောက်တစ်ဆင့်သို့ အဆင့်မြှင့်တင်နိုင်သည်။ အိမ်ရှင်၏ လက်ရှိ အခြေအနေနှင့် ယနေ့ ရရှိသော ဆုလာဘ်များအရ ‘ခေတ်မီ ဆန်းသစ်သော လယ်တောအိမ် ဗီလာ’ပုံစံသို့ အဆင့်မြှင့်တင်ရန် အကြံပြုပါသည်။”
“လယ်တောအိမ် ဗီလာပုံစံလား။”
ရှောင်းယီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ သူသည် အရင်က ခေတ်မီ မြို့ပြဘဝမျိုးတွင် နေထိုင်ခဲ့သည် မဟုတ်ပါလား။ အခု ကျေးလက်ဘဝသို့ ပြန်သွားရမည်လား။
[ခေတ်မီ ဆန်းသစ်သော လယ်တောအိမ် ဗီလာ: ဧရိယာ ၄၅၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်း၊ ဧည့်ခန်း ၁ ခန်း၊ ရေချိုးခန်း ၅ ခန်းနှင့် မီးဖိုချောင် ၁ ခန်း ပါဝင်သည်။ အဆင့်မြင့် ပြင်ဆင်မှုများကြောင့် အထုပ်ဆွဲရုံနှင့် ချက်ချင်းဝင်နေနိုင်ပြီး ကျေးလက်ဘဝကို ပျော်ရွှင်စွာ ခံစားနိုင်မည် ဖြစ်သည်။]
“အမိုက်စားပဲ။ ဒါက ငါစောင့်မျှော်နေတဲ့ အရာပဲ။”
ရှောင်းယီ စိတ်ထဲမှ အော်ဟစ်လိုက်၏။ထို့နောက် ကျန်ရှိနေသော ဆုလာဘ်များကို ကြည့်လိုက်သည်။
[ကြက်၊ ဘဲ မွေးမြူရေးခန်း (S အဆင့်): S အဆင့်ထက်မကျော်သော ကြက်၊ ဘဲများကို မွေးမြူနိုင်သည်။ ဥများ၏ သားဖောက်နှုန်းမှာ ၁၀၀% ရှိပြီး အသားနှင့် ဥ ထွက်နှုန်းကို ၁၆၀% မြှင့်တင်ပေးသည်။ သားဖောက်ခြင်းနှင့် ကြီးထွားနှုန်းကိုလည်း ၁၆၀% မြှင့်တင်ပေးကာ အကောင်ရေ ၁၆၀ အထိ မွေးမြူနိုင်သည်။ သက်ဆိုင်ရာ အဆောက်အဦးအတွင်း ထားရှိနိုင်ပြီး ကြက်၊ ဘဲများ၏ ဆူညံသံများကို စိုးရိမ်စရာ မလိုပါ။]
[တိရစ္ဆာန် မွေးမြူရေးခန်း (S အဆင့်): S အဆင့်ထက်မကျော်သော တိရစ္ဆာန်များကို မွေးမြူနိုင်သည်။ သားပေါက်လေးများ၏ ရှင်သန်နှုန်းကို ၁၆၀% မြှင့်တင်ပေးပြီး အသားထွက်နှုန်းနှင့် ကြီးထွားနှုန်းကိုလည်း ၁၆၀% စီ မြှင့်တင်ပေးသည်။ အကောင်ရေ ၁၆ ကောင်အထိ မွေးမြူနိုင်သည်။ သက်ဆိုင်ရာ အဆောက်အဦးအတွင်း ထားရှိနိုင်ပြီး တိရစ္ဆာန်များ၏ အော်ဟစ်သံများကို စိုးရိမ်စရာ မလိုပါ။]
“ဒါဆို ပြတင်းပေါက်ဖွင့်ထားရင်တောင် ကြက်ဖတွန်သံကြောင့် နိုးလာမှာကို စိတ်ပူစရာ မလိုတော့ဘူးပေါ့။”
ရှောင်းယီက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။
[တံတိုင်း (S အဆင့်): လေးမီတာ မြင့်ပြီး မြေမျက်နှာသွင်ပြင်အလိုက် အလိုအလျောက် ညှိယူနိုင်သည်။ အလိုအလျောက်တံခါး လေးခု ပါဝင်ပြီး ကိုယ်ပိုင် လျှပ်စစ်ခြံစည်းရိုး ပါရှိသည်။ လျှပ်စစ်စွမ်းအင် လိုအပ်သည်။ စတုရန်းမီတာ ၂၅၀၀ ထက်မပိုသော ဧရိယာကို ကာရံနိုင်သည်။]
“စနစ်က ငါ့ကို တကယ် နားလည်တာပဲ။ ဒါကိုပဲ ငါ လိုအပ်နေတာ။”
ရှောင်းယီ စိတ်လှုပ်ရှားသွားခဲ့သည်။
[သံမဏိ ကိုယ်ထည် အလုပ်ရုံ: အလွန်ခိုင်ခံ့သော သံမဏိကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ဧရိယာ ၁၆၀၀ စတုရန်းမီတာ ကျယ်ဝန်းသည်။ ဂိုဒေါင်အဖြစ် အသုံးပြုနိုင်သည်]
ရှောင်းယီမှာ ပျော်လွန်း၍ ထခုန်မိတော့မတတ်ပင် ဖြစ်နေ၏။ ဤအရာများက သူ၏ လက်ရှိ ပြဿနာအားလုံးကို ဖြေရှင်းပေးလိုက်ခြင်းပင်။
ထိုအချိန်တွင် ယွမ်နွန်က သူ့ဝတ်စုံကို ဝတ်ရင်း ပြောလိုက်သည်။
“အားလုံးလည်း နိုးနေကြပြီဆိုတော့ အလုပ်စကြရအောင်။ ခြံစည်းရိုးကို မြန်မြန် ခိုင်ခံအောင် လုပ်ကြမယ်။”
ကျွန်းဧရိယာ ကျယ်လာသည်နှင့်အမျှ စွန့်စားရမှုလည်း များလာသဖြင့် ကာကွယ်ရေးကို အရင်ဆုံး ကောင်းကောင်း လုပ်ထားသင့်ပေသည်။
“မလိုတော့ဘူး။ အားလုံး ဘာမှ မလုပ်ကြနဲ့ဦး။ ကျုပ်ရဲ့အစီအစဉ်ကို စောင့်ကြပါ။”
ရှောင်းယီက ထိုသို့ပြန်ပြောပြီးနောက် အိပ်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ အန်းရန်နှင့် ဆုဝမ်တို့မှာ ကုတင်ပေါ်မှ မထရသေးပေ။ ထိုစဉ် တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် သူတို့ အနည်းငယ် ထိတ်လန့်သွားကြ၏။ ရှောင်းယီဖြစ်နေသည်ကို မြင်မှသာ စိတ်သက်သာရာရသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် စောင်ထဲသို့ တိုးဝင်သွားကြသည်။
“ဘာလို့ တံခါးမခေါက်တာလဲ။”
အန်းရန်က ဆူပူလိုက်၏။
“စိတ်လှုပ်ရှားလွန်းလို့ မေ့သွားတာ။ မြန်မြန်ထကြတော့။ ဒီနေ့ ထူးခြားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်တော့မယ်။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထူးခြားသော အပြောင်းအလဲကြီးဟု ရှောင်းယီ ပြောလိုက်သဖြင့် အန်းရန်တို့ နှစ်ယောက်မှာ အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့ကြသည်။
“ဒီနေ့က တတိယပတ်ရဲ့ နောက်ဆုံးနေ့ မဟုတ်လား။ ကျွန်းအုတ်မြစ်ကျောက်တွေကို ပင်လယ်ရေ တိုက်စားတာက အဲ့လောက်အထိ ထူးခြားတဲ့ ကိစ္စ မဟုတ်ပါဘူး။”
အန်းရန်က ဆိုလိုက်သည်။ ဆုဝမ်က ခေါင်းခါပြကာ ပြောလိုက်သည်။
“တခြား တစ်ခုခု ဖြစ်နေတာ နေမယ်။ မြန်မြန်ထကြရအောင်။”
ရှောင်းယီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရပ်နေပြီ ဖြစ်သည်။ သူသည် မြေပုံပေါ်ရှိ သူ၏ တိုက်ခန်းတည်နေရာကို ချဲ့ကြည့်ပြီး ၎င်းအပေါ်တွင် နေရာချထားမှုများကို လက်ဟန်ခြေဟန်ဖြင့် စတင် ပုံဖော်နေ၏။
အန်းရန်နှင့် ဆုဝမ်တို့သည်လည်း အမြန်ထလိုက်ကြပြီး သူ့နောက်တွင် ရပ်ကြည့်နေကြသည်။ ယွမ်နွန်နှင့် အခြားသူများလည်း သူတို့ နိုးနေသည်ကို မြင်သောအခါ အထဲသို့ လျှောက်ဝင်လာခဲ့ကြလေသည်။
“ရှောင်းယီ နင် ဘာတွေ လုပ်နေတာလဲ။”
အန်းရန်က မနေနိုင်တော့ဘဲ မေးလိုက်၏။
“ငါ ပစ္စည်းကောင်းတချို့ ရထားလို့ အဲ့ဒါတွေကို သေချာ စီစဉ်နေတာ။”
ရှောင်ယီက ပြန်ဖြေလိုက်သည်။
“ပစ္စည်းကောင်းတွေလား။”
အားလုံးက ရှောင်းယီကို နားမလည်သလို ကြည့်လိုက်ကြသည်။
“ဟုတ်တယ်။ အတိုချုပ် ပြောရရင် အခု ငါ စတုရန်းမီတာ ၂၅၀၀ ကျယ်တဲ့ ဧရိယာကို တံတိုင်းခတ်ရမယ်။ တည်နေရာက ငါတို့ အခု တိုက်ခန်းရှိတဲ့ နေရာပဲ။”
ရှောင်းယီက ဆိုသည်။
“အဲလောက်တောင် ကြီးတာလား။”
ယွမ်နွန်က အံ့သြတကြီး ကြည့်လိုက်၏။ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အဲ့ဒါကြောင့် ကျုပ်က ဂိုဒေါင်၊ စိုက်ခင်းတွေနဲ့ နွားတင်းကုပ်တွေကို အားလုံး အဲ့ဒီထဲမှာပဲ ရှိအောင် စီစဉ်ဖို့ စဉ်းစားနေတာ။”
အားလုံးမှာ သံသယများဖြင့် ပြည့်နှက်နေခဲ့ကြလေသည်။ ရှောင်းယီ ဘာလုပ်နေသလဲ ဆိုသည်ကို သူတို့ မသိကြပေ။ အဆောက်အဦးများမှာ လက်ရှိတွင် ပုံသေသတ်မှတ်ထားပြီးသား မဟုတ်ပါလော။ စိတ်ကြိုက် ပြန်လည် ချိန်ညှိနိုင်လို့လား။
“အားလုံး စိတ်မပူကြပါနဲ့။ ကျုပ်တို့ကျွန်းကို အသစ်ပြန်ပြီး စီစဉ်ခွင့်ရတယ်လို့ပဲ သဘောထားလိုက်ပါ။ အားလုံးမှာ ဘယ်လို အကြံဉာဏ်တွေ ရှိကြလဲ။”
ရှောင်းယီက မေးလိုက်သည်။ လူတိုင်းက ခေါင်းငြိမ့်ကြပြီး ရှောင်းယီ ဘာလုပ်နေသည်ကို ဆက်မစိုးရိမ်တော့ဘဲ စတင် ဆွေးနွေးကြတော့သည်။
“ငါ့အထင်တော့ ဂိုဒေါင်က ပစ္စည်းတွေ သိုလှောင်ဖို့ အဆင်ပြေဖို့ပဲ လိုတယ်။ တခြား ဘာမှ ထည့်စဉ်းစားစရာ မလိုဘူး။”
အန်းယွဲ့က အရင်ဆုံး ပြောလိုက်သည်။
“အဓိကက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ ပစ္စည်းတွေက ဒီကျွန်းပေါ်မှာ ရှိနေပြီး ငါတို့ စုဆောင်းထားပြီးသား ဖြစ်ဖို့ပဲ လိုတယ်။ ဘယ်နေရာမှာပဲ ရှိနေရှိနေ ပျက်စီးမနေသရွေ့ ဘယ်အချိန်၊ ဘယ်နေရာကမဆို လှမ်းပြီး အသုံးပြုလို့ ရတယ်လေ။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင် ဂိုဒေါင်ကို ပင်လယ်နဲ့ နီးတဲ့ အနောက်တောင်ဘက် ထောင့်မှာ ထားလိုက်မယ်။ ဒီနေရာပဲ...။”