← Chapters

နှလုံးသားမရှိတဲ့သူဟာ သူရဲကောင်းအစစ် မဖြစ်နိုင်ဘူး

Vol. 6 Ch. 533

နှလုံးသားမရှိတဲ့သူဟာ သူရဲကောင်းအစစ် မဖြစ်နိုင်ဘူး

Vol. 6 Ch. 533

မည်မျှပင် ရှည်လျားသည့် ဂီတသံစဉ် ဖြစ်ပါစေ အဆုံးသတ်ဆိုသည်မှာ ရှိစမြဲပင် ဖြစ်လေသည်။

လေ့ကျင်းသည် သူမတီးခတ်နေသည့် ဂီတသံစဉ်ကို အဆုံးသတ် လိုက်လေသည်။

ရဟန်းမင်းကြီးသည် နွမ်းလျစွာဖြင့် အဖြူရောင် လေးညင်းပင် တစ်ပင်ကို မှီကာထိုင်နေလေသည်။

လက်များက သူ၏ ဒူးနှစ်ဖက်ကို ပိုက်ထားပြီး မျက်ဝန်းများက မည်သည့်အခါမှ ပြန်မပွင့် တော့သည့်အလား ထာဝရ မှေးမှိတ်နေကြလေပြီ။

လေ့ကျင်းမှာ သူမ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရလေသည်။

ထိတ်လန့် သွားရသည့်အတွက် ကျန်းယိုဟွမ် ဗျပ်စောင်းမှ စောင်းကြိုး ပြတ်သွားကာ သူမ၏ လက်ကို ရှသွားတော့ သည်။ သူမ၏ လက်ချောင်းဆီမှ သွေးများ တစ်စက်စက် ကျလာပြီး သူမ ဝတ်ဆင်ထားသည့် အစိမ်းနုရောင် ဝတ်စုံကိုပင် စွန်းထင်း ကုန်လေသည်။ သို့သော်... သူမသည် ဒဏ်ရာကို ဂရုမစိုက်အား။ ရဟန်းမင်းကြီးကိုသာ အံ့သြထိတ်လန့်စွာ ဖြင့်ငေးကြည့်နေမိလေသည်။

ရဟန်းမင်းကြီး တကယ်ပဲ သေဆုံးသွားခဲ့ပြီလား...။

လေ့ကျင်းသည် သတိထားပြီး ရဟန်းမင်းကြီး အနားသို့ ဖြည်းဖြည်းချင်း တိုးကပ် သွားလေသည်။ ရဟန်းမင်းကြီးထံမှ အသက်ရှူသံလည်း မကြားရသလို နှလုံးခုန်သံလည်း မကြားရတော့ပါ။ လေ့ကျင်းသည် ရဟမ်းမင်းကြီး၏ မျက်ခွံတစ်ခုကို အသာလှန်ကြည့် လိုက်လေသည်။ ထိုအခါ အလင်းရောင် ပျောက်ကွယ်နေပြီ ဖြစ်သည့် မျက်ဝန်းကို တွေ့လိုက်ရတော့သည်။

ရဟန်းမင်းကြီးသည် ငြိမ်းချမ်းစွာ အိပ်ပျော် နေသည့်ဟန် ရှိလေသည်။ သို့သော် အသက်မရှိတော့ပေ။

သက်ရှိ သတ္တဝါမှန်သမျှသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ သေရမည်ပဲ ဖြစ်လေသည်။

သို့သော်.... ရဟန်းမင်းကြီးသည် သူမအနားတွင် လာသေလိမ့်မည်ဟု လေ့ကျင်း တစ်ခါမှ တွေးမထားခဲ့မိဖူးပေ။

ကျန်းယိုဟွမ် ဗျပ်စောင်းသည် ဝိညာဉ်များကို ဆင့်ခေါ်နိုင်စွမ်းရှိလေသည်။ သို့သော်.... ရဟန်းမင်းကြီးကတော့ ဝိညာဉ်ကင်းမဲ့လျက် ရှိချေပြီ။

ရုတ်တရက်....

ပတ်ဝန်းကျင်တွင် အပူရှိန်များမြင်တက်လာသည်ကို လေ့ကျင်း ခံစားလိုက်ရလေသည်။

တာ့ရှားဧကရာဇ် အနားသို့ရောက်ရှိလာခြင်း ဖြစ်လေသည်။ ဧကရာဇ်၏ မျက်ဝန်းများက အေးစက် နေလေသည်။ သူက လေ့ကျင်းကို လုံးဝဂရုမစိုက်ပါ။ ထို့နောက် ရဟန်းမင်းကြီး၏ အလောင်းကို ပွေ့ချီကာ ကျောက်စိမ်းရေကန်ထဲသို့ ဆင်းသက် သွားလေတော့သည်။

တာ့ရှားဧကရာဇ် ရေကန်အတွင်းသို့ ဆင်းသွားသည်နှင့် ရေများက ပွက်ပွက် ဆူလာလေသည်။ တာ့ရှားဧကရာဇ် သည် တဖြည်းဖြည်း ရေကန်အလယ်သို့ ရောက်ရှိ သွားလေသည်။

ရေကန်အလယ်တွင် မြေအောက်လမ်းလေး တစ်ခုရှိလေသည်။ ထိုမြေအောက် လမ်းလေး ပွင့်သွားသည်နှင့် တာ့ရှား ဧကရာဇ်က အတွင်းသို့ လမ်းလျှောက် ဝင်သွားလေသည်။

လေ့ကျင်းက တာ့ရှား ဧကရာဇ်နောက်သို့ လိုက်ပါသွားခြင်း မရှိပါ။ အမြဲတမ်း စိတ်ဓာတ် ခိုင်မာပြီး ဆုံးဖြတ်ချက် ပြတ်သားသည့် ဦးရီးတော်ကို အားနည်းပြီး ဝမ်းနည်းပက်လက် ဖြစ်နေသည့် ပုံစံဖြင့် သူမဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်လေသည်။

လူတစ်ယောက်သည် တောင်ကိုဖြိုခွင်းပြီး ပင်လယ်များကို မှောက်လှန် နိုင်ဦးတော့ ချစ်ခြင်းမေတ္တာနှင့် ရင်ဆိုင်ရသည့်အခါ အားနည်းသွားရစမြဲ ဖြစ်လေသည်။ တာ့ရှား ဧကရာဇ် သည်လည်း ထိုနည်းတူပင် ဖြစ်လေ၏။

လေ့ကျင်းသည် ကြိုးပြတ်သွားပြီ ဖြစ်သည့် ကျန်းယိုဟွမ် ဗျပ်စောင်းကို ပိုက်ကာ ကျီဝေးကျောင်းတော်သို့ ရောက်ရှိလာ လေသည်။ လောလောဆယ်တွင် သူမသည် အလွန် ဝမ်းနည်းနေပြီး သူမကို စိတ်သက်သာရာ ရအောင် လုပ်ပေးနိုင်သူ ဆို၍ ဆရာဖြစ်သူ ဆန်းလျန် တစ်ယောက်သာလျှင် ရှိလေသည်။

ကျီဝေး ကျောင်းတော်ရှေ့မှ ရှားတူးမြောင်းသည် အဆက်မပြတ် စီးဆင်းနေလေသည်။ ကောင်းကင်ထက်တွင် တိမ်များက လေနှင်ရာသို့ လွင့်နေကြသည်။ တူးမြောင်းနံဘေးတွင် မြက်များနှင့် ငှက်ပျောပင်များ ပေါက်ရောက်နေ လေသည်။ မုန်တိုင်းကျသည့် အခါတွင်တော့ ထိုရှုမျှော်ခင်းလေးသည် ပျက်စီး သွားရမည်သာ ဖြစ်လေသည်။

နတ်မြင်းပျံကြီးက လေ့ကျင်းရှိရာသို့ ရောက်လာလေသည်။ ယခုအခါ နတ်မြင်းပျံကြီးသည် လူစကား ပြောတတ်နေပြီ ဖြစ်လေသည်။ နတ်မြင်းပျံကြီးသည် သူ၏သခင်ဖြစ်သည့် လေ့ကျင်း မျက်နှာ မကောင်းသည်ကို မြင်သည့်အတွက် တိတ်ဆိတ်စွာဖြင့်ပင် အနားတွင် ရပ်နေလေသည်။ လေ့ကျင်း စိတ်ညစ် ပျောက်လိုပျောက်ငြား တစ်ခါတလေ သူ၏နှာခေါင်းဖြင့် လေ့ကျင်းကို ခွေ့နေလေသည်။

ဆန်းလျန်သည် ကျင့်စဉ်ကျင့်ကြံသည့် အခန်းထဲတွင် ရှိနေပြီး အရှေ့ဘက်သို့ ကြည့်နေလေသည်။ နေရောင်သည် သူ၏အခန်းတွင်းသို့ ကျရော်ကနေပြီး ညဘက် ဆိုလျှင်လည်း သူ၏ အခန်းမှနေပြီး ကြယ်ရောင်များကို တွေ့မြင်ရလေသည်။

လေ့ကျင်း ရောက်လာမည်ကို သိရှိထားသည့် အတွက် ဆန်းလျန်သည် လက်ဖက်ရည် နှစ်ခွက်ကို ပြင်ဆင် ထားလေသည်။

လေ့ကျင်း အခန်းတွင်းသို့ ဝင်လာသည့် အခါတွင်တော့ ဆန်းလျန်က လေ့ကျင်းကို လက်ဖက်ရည် တစ်ခွက် ကမ်းပေး လိုက်လေသည်။ လက်ဖက်ရည်ပန်းကန်မှာ အငွေ့များ တထောင်းထောင်း ထနေပြီး နဂါးပုံသဏ္ဌာန်ဖြစ်ပေါ်နေ လေသည်။

လက်ဖက်ရည်သည် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေလေသည်။ ဝိညာဉ်စွမ်းအားများသည် ထိုက်ယီထျန်းရှန်း အဆင့်ဝိညာဉ် စွမ်းအားများ ဖြစ်လေသည်။ ကြည့်ရသည်မျာ ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်သို့ အနည်းငယ် ခြေလှမ်း နိုင်နေပြီဟု မှတ်ယူ၍ရနိုင်သည်။

သို့သော် လေ့ကျင်းသည် ထိုအရာများကို နားမလည်ပါ။ သူမ တွေးလိုက်မိသည်က ဆရာပြုလုပ်သည့် လက်ဖက်ရည်သည် သူမ ပြုလုပ်သည့် လက်ဖက်ရည်ထက်ပင် ပိုပြီး အရသာ ရှိနေသေးသည် ဆိုသည့် အချက်ပင်။

ဆန်းလျန်က…

"မင်းစိတ်တွေ မတည်ငြိမ်ဘူး၊ လက်ဖက်ရည်လေး သောက်လိုက်ပါဦး"

လေ့ကျင်းသည် လက်ဖက်ရည် ပန်းကန်ကို လှမ်းယူ လိုက်လေသည်။ လက်ဖက်ရည်မှာ အငွေ့တထောင်းထောင်း ထနေသည့်အတွက် အလွန်ပူမည်ဟု သူမ တွေးလိုက်သည်။ ကံကောင်းသည်မှာ သူမသည် ရှားမျိုးနွယ် တစ်ယောက် ဖြစ်သည့်အတွက် အပူကို မကြောက်လှပေ။ ထို့ကြောင့် သူမသည် လက်ဖက်ရည်ကို ချက်ချင်းပင် မော့သောက် လိုက်လေသည်။

သို့သော်…. အံ့သြစရာ ကောင်းစွာပင် လက်ဖက်ရည်သည် အေးနေလေသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ စမ်းရေ အေးအေးလေး စီးဆင်းသွားသည့် အလား အနည်းငယ် နေလို့ထိုင်လို့ ကောင်းသွားလေသည်။

လေ့ကျင်းအံ့သြသွားသည်ကို ကြည့်လိုက်ပြီး ဆန်းလျန်က ပြုံးလိုက်ရင်း…

"မအံ့သြပါနဲ့၊ အပူအအေး ဆိုတာ ရုပ်ခန္ဓာရဲ့ ခံစားချက်တွေပါပဲ၊ တကယ်တော့ ခံစားချက်ကို ပြောင်းပြန် လှန်ပစ်လို့ရ တဲ့နည်းလမ်းတွေ လောကမှ တစ်ပုံကြီးရှိတယ်၊ အဲဒီပညာတွေကို နောက်မှ မင်းကို ဆရာသင်ပေးမယ်၊ ဒါပေမဲ့ မင်းစိတ်ဝင်စားမှာလဲ မဟုတ်ပါဘူးလေ"

လေ့ကျင်းက ခေါင်းညိတ် လိုက်လေသည်။

အတန်ကြာမှ သူမက ဆန်းလျန်ကို မေးလိုက်သည်။

"ဆရာ … ရဟန်းမင်းကြီးလေ… သူဘာလို့ သေသွားရတာလဲဟင်"

"မင်းက မေးပြီဆိုမှတော့ ဆရာ ပြောရတော့မှာပေါ့၊ လူဆိုတာ သေမျိုးမို့လို့ သေရတယ်လို့တော့ မပြောချင်ပါဘူး၊ တကယ်တော့ ကျင့်စဉ်လမ်းမှာ အဆင့်တစ်ခု ရောက်လာပြီ ဆိုရင် သေဖို့လည်းခက်သလို နေဖို့လည်းခက်လှတယ်၊ တာ့ရှားပြည် စတင်တည်ထောင် ကတည်းက ရဟန်းမင်းကြီးက အသက်ရှင်နေခဲ့တာ၊ တကယ်ဆိုရင် သူနောက်ထပ် နှစ်နည်းနည်းလောက် ထပ်ပြီး အသက်ရှင်နိုင်ဖို့ ကျုပ်နဲ့ ထျန်းယီအကြီးအကဲက ကူညီပေးနိုင်ပါတယ်၊ သူနေမကောင်း ဖြစ်နေတာကိုလည်း ကျုပ်တို့ ကုသပေးနိုင်တယ်၊ ဒါပေမဲ့ ကျင်းအော်… တစ်ခါတလေ လောကမှာ အသက်ရှင်သန်ဖို့ထက် ပိုပြီးအရေးကြီးတဲ့ အရာတွေရှိတယ်၊ အဲဒီအရာတွေ အတွက် လူအချို့ဟာ အသက်ရှင်ဖို့ကို လက်လွှတ်လိုက်ကြရတယ်"

ဆန်းလျန်သည်ပြောနေရင်း သက်ပြင်းတစ်ချက် ချလိုက် မိလေသည်။

ထိုစကားများကို ပြောနေသည့် အချိန်တွင် သူသည် ဆရာသခင် ကျန်းရော့ရွှီးကို သတိရနေ မိလေသည်။

သူမလုပ်နိုင်သည့်အလုပ်ကို လုပ်နိုင်သည့် လူတိုင်းကို ဆန်းလျန် လေးစားမိလေသည်။ ထိုအချက်သည် ကျင့်ကြံခြင်း အဆင့်များနှင့် မသက်ဆိုင်ပေ။

လေ့ကျင်းက နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်ရင်း…

"ဒါဖြင့် ရဟန်းမင်းကြီးက သူ့ဆန္ဒအလျောက် သေလမ်းကို ရွေးချယ်လိုက်တာပေါ့၊ သူဘာလို့ ဒီလိုလုပ်ရတာလဲ ဟင်…. ဆရာ"

"ဆရာနဲ့ ထျန်းယီ သူ့ကို ကယ်တင်မပေးရတဲ့ အကြောင်းရင်းရယ်၊ ရဟန်းမင်းကြီး ကိုယ်တိုင် အသက်စွန့် သွားရတဲ့ အကြောင်းရင်းရယ်က အတူတူပါပဲ၊ အဲဒီ အကြောင်းရင်းက တာ့ရှား ဧကရာဇ်ကို စစ်မှန်တဲ့ ဧကရာဇ်တစ်ပါး ပီသစေချင်လို့ပဲ”

ဆန်းလျန်က ပြန်ဖြေလိုက်လေသည်။

လေ့ကျင်းက…

"ကျွန်မ နားမလည်သေးဘူး၊ ဆရာနဲ့ ထျန်းယီ အကြီးအကဲက ရဟန်းမင်းကြီးကို ကယ်တင် မပေးနိုင်တာကို ကျွန်မနားလည် နိုင်ပါတယ်၊ ဒါပေမဲ့ ဦးရီးတော်က အစကတည်းက ဧကရာဇ် တစ်ပါးပဲလေ၊ ဘာလို့ထပ်ပြီး ဧကရာဇ်ပီသ ရဦးမှာလဲ"

"တာ့ရှားပြည်ဟာ အရမ်းကို စည်းကမ်းတင်းကျပ်တဲ့ တိုင်းပြည်တစ်ခုပဲ ကျင်းအော်…၊ တာ့ရှား ဧကရာဇ်ကလည်း အမြင့်ဆုံးအဆင့်မှာရှိတဲ့ သက်ဦးစံပိုင် ဘုရင်တစ်ပါးပါပဲ၊ ဒါပေမဲ့ အမြင့်ဆုံးမှာ ရှိတဲ့လူတွေဟာ အလှပဆုံးရှုခင်းတွေကို တွေ့မြင်ခွင့်ရသလို အပြင်းထန်ဆုံး မုန်တိုင်း တွေကိုလည်း ရင်ဆိုင်ရတတ်တယ်၊ ဒါကြောင့် သတိမထားဘူး ဆိုရင်သိပ်မကြာခင်မှာ မြူမှုံတစ်စလိုပဲ မုန်တိုင်းထဲမှာ ပျက်စီးသွားမှာပဲ၊ လိုရင်းကိုပြောရရင် အားမနည်းချင်တဲ့ သူဟာ အားနည်းချက် မရှိအောင် နေရတယ်၊ ရဟန်းမင်းကြီးဟာ သူ့ကိုယ်သူ တာ့ရှားဧကရာဇ်ရဲ့ အားနည်းချက် ဖြစ်နေခဲ့ပြီဆိုတာ သိသွားခဲ့တယ်၊ ဒါကြောင့် သူက သေဖို့ ရွေးချယ်လိုက်တာပဲ”

လေ့ကျင်းသည် ယခုတော့ နားလည်သွားပြီ ဖြစ်လေသည်။

သူမ၏ဦးရီးတော်သည် မည်မျှပင် သန်မာသူ တစ်ယောက် ဖြစ်ပါစေ ရဟန်းမင်းကြီး အတွက်ဆိုလျှင် အမြဲတမ်း နူးညံ့ သိမ်မွေ့ နေတတ်လေသည်။ ရဟန်းမင်းကြီး မရှိတော့လျှင် သူမ၏ ဦးရီးတော်သည်လည်း အားနည်းချက်ရှိ တော့မည်မဟုတ်ပေ။ အားနည်းချက် မရှိသူ တစ်ယောက်ကို ရိုက်ချရန်မှာ အလွန်ခက်ခဲသည် မဟုတ်ပါလား။

တာ့ရှားဧကရာဇ်တွင် အားနည်းချက် မရှိတော့လျှင် မည်သည့်အခါမှ ရှုံးနိမ့်တော့မည် မဟုတ်ပေ။  ထိုအခါ တာ့ရှားပြည်သည်လည်း နောင်နှစ်ပေါင်း တစ်ထောင်မက ဆက်လက်ရပ်တည် နေနိုင်မည် ဖြစ်လေသည်။

သို့သော်… လေ့ကျင်းသည် ရဟန်းမင်းကြီးအတွက် နာကျင်စွာ ခံစားနေရလေသည်။ သူက ဘာလို့ သေပေးရတာလဲ…။

"သူက ဘာလို့သေပေးရတာလဲ…"

မည်သည့် အကြောင်းအရာကိုမှ မစဉ်းစားနိုင်ခင်မှာပင် လေ့ကျင်းက လွှတ်ခနဲ မေးလိုက်မိလေသည်။

ဆန်းလျန်သည် သူမ၏အမေးကို ညလေအေးလေး၏ နူးညံ့မှုဖြင့် ဖြေကြား ပေးလိုက်လေသည်။ ဆန်းလျန်၏ အသံက အေးစက်နေသည့်တိုင် နာကျင်စေလိုခြင်း ကင်းစင် နေလေသည်။

"သူက သေပေးရတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူသေလိုက်တာက အကောင်းဆုံးနည်းလမ်းပဲ၊ ပြီးတော့ မင်းစိတ်တွေ တည်ငြိမ်အောင်လို့ သူကမင်းကို ဗျပ်စောင်း တီးခတ် ခိုင်းခဲ့တာ၊ ဒါပေမဲ့ အခုသူသေသွားတော့ မင်း အရမ်းစိတ်မကောင်း ဖြစ်နေရတယ် မဟုတ်လား၊ မင်းအဲဒီအချက်ကနေ တစ်ခုခုကိုများ သဘောမပေါက်ဘူးလား”

လေ့ကျင်းက ဆန်းလျန်ကို မေးခွန်းများ ထပ်မမေးတော့ပါ။

သူမက…

"ရဟန်းမင်းကြီးက ကိုယ့်စိတ်ဆန္ဒကို ရှေ့တန်းမတင်တဲ့ လူသား တစ်ယောက်ရဲ့ စွန့်လွှတ်မှုကို ပြသွားတာပဲ၊ စိတ်ခံစားချက်ဆိုတာ ထိန်းချုပ်ဖို့ခက်ပါတယ်၊ အဲဒီ စိတ်ခံစားချက်ကြောင့်ပဲ လောကကြီးမှာ အကြောင်းအကျိုးမျိုးစုံ ဖြစ်နေကြရတယ်၊ ဒါပေမဲ့ ခံစားချက်တစ်ခုရဲ့ စွမ်းအားကလည်း အရမ်း ကြီးမားလွန်းတယ်၊ ဆရာ … ဆရာက ကျွန်မကို လေနဲ့မိုးကို ဆင့်ခေါ်ခြင်းဆိုတဲ့ ကျင့်စဉ်ကို သင်ပြပေးခဲ့တယ်၊ ဘာလို့လဲဆိုတော့ တိတ်ဆိတ်တဲ့ နေရာ တစ်ခုမှာ မိုးခြိမ်းပြီဆိုတာနဲ့ လေနဲ့မိုးက နောက်က လိုက်လာတော့မှာပဲ၊ ပိုပြီး တိတ်ဆိတ်ငြိမ်သက်လေ လေနဲ့မိုးက ပိုပြီးပြင်းထန်လေပဲ၊ တကယ်ဆို အခုချိန်မှာ ကျွန်မ အေးဆေး တည်ငြိမ်နေသင့်တာ၊ အခုတော့ အမှားတွေလုပ်မိ နေတယ်”

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်းကို ဘာမှတောင်ထပ်ပြီး သင်ပေးစရာ မလိုတော့ဘူးပဲ၊ ဒါပေမဲ့ နောက်သုံးရက် အထိတော့ ဆရာ့စကား နားထောင်ရမယ်၊ မငြင်းရဘူးနော်”

လေ့ကျင်းသည် အနည်းငယ် စိတ်မကောင်း ဖြစ်နေမိလေသည်။

သူမ၏ဖခင်အပေါ် အဘယ့်ကြောင့် ဒုက္ခရောက်အောင် လုပ်ရသည်ကို ဆရာဖြစ်သူကို မေးကြည့် ချင်နေမိသည်။ သို့သော်.... ဆန်းလျန်ထံမှ အမိန့်ဆန်သည့် စကားမျိုး ပထမဆုံး ကြားလိုက်ရသည့် အခါတွင်တော့ သူမမေးမည့် မေးခွန်းကို မမေးခဲ့တော့ပေ။

သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရလေသည်။

သူမက ဆန်းလျန်အတွက် "ဘာလဲ"...။

သူမ၏ ကြံ့ခိုင်သန်မာသည့် ကိုယ်ရည်ကိုယ်သွေးများ ပျောက်ဆုံးနေပြီ ဖြစ်သည်။ သူမသည် ယခင်ကနှင့် မတူတော့ပေ။

ဆန်းလျန်က အပြင်ဘက်တွင် ထိန်ထိန်သာနေသည့် နေမင်းကို ပြတင်းပေါက်မှ တစ်ဆင့် လှမ်းကြည့် နေလေသည်။

ပြီးမှ အသံတိုးတိုးဖြင့်....

"နှလုံးသားမရှိတဲ့သူဟာ သူရဲကောင်း အစစ် မဖြစ်နိုင်ဘူး......"

***

All Chapters