အရှေ့ရေကန်ဆီမိုးသက်မုန်တိုင်း
Vol. 6 Ch. 534
လေ့ကျင်းသည် သူမ၏ ကလေးသာသာ စိတ်ထားလေးဖြင့် ဆန်းလျန်ကို နားလည်နိုင်ရန် ကြိုးစား နေမိလေသည်။
ဆန်းလျန်သည် ကျင့်စဉ်လမ်းသို့ လိုက်ရန် ဆုံးဖြတ်ပြီးသည့် နောက်ပိုင်း ချင်းရွှမ် နတ်တံခါးမှ အခြားသော ဆရာသခင် များထက် သာလွန်ခဲ့သူ ဖြစ်လေသည်။ သူသည် တာအို ဆရာသခင်ကြီး ဖြစ်ရန်ပင် ဆန္ဒရှိသူ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ဆန္ဒရှိရုံမျှနှင့် ပြီးသွားမည့်သူ မဟုတ်ပါ။ တာအို ဆရာသခင်ကြီးအဖြစ် အဆင့်တက်လှမ်း နိုင်ရန်အတွက် သူ့ကိုယ်သူလည်း ယုံကြည်မှု အပြည့် ရှိလေသည်။
ယခင်မျိုးဆက် ဆရာသခင်များသည် ဗုဒ္ဓနှင့် တာအို ဆရာသခင်ကြီးတို့၏ ကျမ်းစာများကို ရှာဖွေ တွေ့ရှိပြီးသည့်နောက် ထိုအဆင့်သို့ ရောက်ရန် အလွန်ခက်ခဲသည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ခက်ခဲသည်ဆိုသည်မှ “မရနိုင်” ဟု မဆိုလိုပါ။
အလှမ်း ဝေးသေးသည့်တိုင် ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် အထွတ်ထိပ်သို့ ရောက်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ပြင်းထန် နေခဲ့လေသည်။ ထိုအဆင့်သို့ ရောက်သည့်အခါ သူ့ကို ချည်နှောင်ထားသော ကြိုးများကို ဖယ်ရှားနိုင်ပါမည်လား။ ထိုအချိန်တွင် သူသည် အရာအားလုံးမှ လွတ်မြောက် နိုင်ပါမည်လား။
သို့သော် ဆန်းလျန်သည် ထိုအဆင့်ကို မရောက်သေးသည့် အတွက် နားမလည်နိုင်သေးပါ။
လက်ရှိအချိန်တွင် ဆန်းလျန် နားလည်သည်ကတော့ တိချိုးမြို့တော်တွင် တန်ခိုးစွမ်းအား ပြောင်းလဲမှုများ ဖြစ်ပေါ်နေ ခြင်း ဖြစ်လေသည်။
တာ့ရှားဧကရာဇ်နေထိုင်ရာ ဝမ်ချန်နန်းတော်မှ တန်ခိုးစွမ်းအားများ မြင့်တက်လာနေသည်ကို ဆန်းလျန် ခံစားနေရလေသည်။
မဖျက်စီးနိုင်သည့် တန်ခိုးစွမ်းအားများသည် နဂါးအစစ်အမှန် တစ်ကောင်အသွင်သို့ ကူးပြောင်းသွားပြီး အလွန်သန့်စင် ခိုင်မာ နေခဲ့လေသည်။ ထိုနဂါး အစစ်အမှန်သည် နေနှင့်လ၏ အနှစ်သာရများကို စုပ်ယယူပြီး ကောင်းကင်၌ ပျံသန်း နေလေသည်။
ရှားထိုက် အကျင်းထောင်မှ ထျန်းယီ အကြီးအကဲမှာ နဂါး အစစ်အမှန်ဆီမှ ထွက်ပေါ်နေသည့် တန်ခိုး စွမ်းအားများကြောင့် ဖိအားများကို ခံစားနေရလေသည်။ သူ၏ ဝိညာဉ်စွမ်းအားနှင့် တန်ခိုးစွမ်းအား လှုပ်ရှားမှုမှာ တဖြည်းဖြည်း လျော့နည်း လာနေသော်လည်း ရေတိုက်စားမှုကို ကြံ့ကြံ့ခံနေသည့် ကျောက်သားအလား သူသည် မြဲမြံ တည်ကြည်စွာဖြင့် ရှိနေခဲ့လေသည်။
တာ့ရှားဧကရာဇ်နှင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် ထျန်းယီအကြီးအကဲထက် နှာတစ်ဖျားမျှ သာလေသည်။
သို့သော် ဆန်းလျန်သည် ထျန်းယီ အကြီးအကဲကို လျှော့မတွက်ရဲပါ။ ထျန်းယီသည် အတွေးအခေါ် ပညာတွင် ရင့်သန်သူ တစ်ယောက်ဖြစ်ပြီး သူတော်စင် တစ်ပါးအဆင့်ထိ တက်ရောက် နိုင်တော့မည့်သူ တစ်ယောက် ဖြစ်လေသည်။
ထိုသို့ဖြင့်…
သုံးရက်ဆိုသော အချိန်သည် ကုန်ဆုံး သွားခဲ့လေသည်။
သုံးရက်တာ ကာလအတွင်းတွင် လေ့ကျင်းသည် ကျီဝေး ကျောင်းတော်တွင် ရှိနေ ခဲ့လေသည်။ ဆန်းလျန်က သူမကို မည်သည့် ညွှန်ကြားချက်မှ မပေးခဲ့ပါ။
သူမသည် ဆန်းလျန်နှင့်အတူ လက်ဖက်ရည် သောက်သည်။ ဆန်းလျန်နှင့်အတူ ထမင်းစားသည်။ အရုဏ်ဦး နေထွက်ချိန်ကို ဆန်းလျန်နှင့်အတူ ကြည့်ရှုပြီး နေဝင်ချိန်တွင်လည်း ဆန်းလျန်အနားတွင် ရှိနေတတ်လေသည်။
သုံးရက်မြောက်သည့်နေ့….
ထိုနေ့တွင်တော့ လေ့ကျင်းသည် နံနက်အစောကြီး ကျီဝေး ကျောင်းတော်မှ ထွက်ခွာ လာခဲ့လေသည်။
သူမသည် ပထမဆုံး မိဘများကို သွားရောက် ဂါရဝ ပြုလေသည်။ ထို့နောက်တွင်တော့ တုန်းချန်အရပ်သို့ သူမ ထွက်လာခဲ့လေသည်။ သူမ သွားလေရာရာတွင် လေနှင့်မိုးများ တိုက်ခတ်လာသည် ချည်းပင် ဖြစ်လေသည်။
နောက်ဆုံးတော့ သူမ အရှေ့ရေကန်သို့ ရောက်လာခဲ့လေသည်။
အရှေ့ရေကန်တွင် ဝူတင်သည် သူမကို စောင့်မျှော်နေလေသည်။
ဝူတင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ သူ၏ပုံစံမှ အလွန်မှ သန့်ပြန့်နေပြီး ချောမော လှပသည့် ရုပ်သွင်ရှိသည်ကို မည်သူမှ ငြင်းမရနိုင်ပေ။
ပြိုင်ပွဲကို အားပေးရန် ရောက်လာကြသည့် ရှားမျိုးနွယ် မင်းမျိုးမင်းနွယ်များနှင့် ယင်းစန်းဒေသမှ လူများသည် ဝူတင်ကို တွေ့မြင်လိုက်ရသည်နှင့် သဘောမကျဘဲ မနေနိုင်ကြပေ။ ရှားမျိုးနွယ် မင်းမျိုးမင်းနွယ်များက ဝူတင်ကို သားမက်တော်ခွင့် ရလျှင် ကောင်းမည်ဟု တွေးနေ မိကြလေသည်။ ရှားမျိုးနွယ် တော်ဝင် မိန်းမပျိုများကလည်း ဝူတင်ကို ငေးကြည့်နေရင်း အကြည့် လွှဲရန်ပင် မေ့လျော့ နေကြလေသည်။
သို့သော်… လေ့ကျင်း၏ အလှတရားကလည်း ဝူတင်ထက် မလျော့ပါ။
သူမ အရှေ့ရေကန်သို့ ရောက်ရှိလာသည်နှင့် မိုးများအုံ့မှိုင်းလာပြီး လေများပါ တိုက်ခတ် လာလေသည်။ သူမသည် ဝူတင်၏ မနီမဝေး တစ်နေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေလေသည်။ သူမ၏ဟန်ပန်မှာ သူမ၏ဆရာဖြစ်သူဆန်းလျန်နှင့် အလွန်ဆင်တူ လေသည်။
သူမသည် ဝူတင်၏ အနောက်ဘက်တွင်ရှိသည့် ကန်ရေပြင်ကို စိုက်ကြည့်နေလေသည်။
ဝူတင်က လေ့ကျင်းကို လက်နှစ်ဖက်စုပ်ကာ အရိုအသေပေးလိုက်ရင်း….
“လေ့ကျင်းသခင်မလေး၊ စပြီးတိုက်ခိုက်ပါ….”
ဝူတင်၏လက်ထဲတွင် သစ်သားဓားကို ကိုင်ထားလေသည်။
သို့သော် ဓားသွားသည် သစ်သားဓားဟုပင် မထင်ရပါ။ ထိုဓားသည် မိုးနတ်မင်း၏ အာဏာဖြင့် ပြုလုပ်ထားသည့် ဓားတစ်လက် အလားပင် ထက်ရှနေလေသည်။ ထိုဓားသည် တောင်ကိုပင် ထက်ပိုင်းပိုင်းနိုင်သည့် အစွမ်းသတ္တိများဖြင့် ပြည့်ဝနေဟန် ရှိလေ၏။
လေ့ကျင်းသည် တောင်ဘက် အရပ်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်တော့ တောင်ကန်းထက်တွင် ရပ်နေသည့် ဆန်းလျန်ကို တွေ့မြင် လိုက်ရလေသည်။ ဆန်းလျန်က သူမကို လက်ဝှေ့ယမ်း ပြလိုက်သည်။
ဆန်းလျန်ကို တွေ့လိုက်ရသည်နှင့် လေ့ကျင်း၏ စိတ်များ တည်ငြိမ် သွားရလေသည်။
သူမက ဝူတင်ကို တစ်ချက် လှမ်းကြည့် လိုက်ရင်း…
“ရှင် မနိုင်စေရဘူး”
လေများ ရုတ်တရက် တိုက်ခတ်လာပြီး သစ်ရွက်များ တဖြုတ်ဖြုတ် ကြွေကျ လာလေသည်။ သစ်ရွက်များသည် လေ့ကျင်းနှင့် ဝူတင်ကြားရှိ မြေကွက်လပ် အလွတ်ပေါ်သို့ တစ်ပတ်လည်ကာ ကြွေကျ လာကြလေသည်။
ထိုသစ်ရွက်များသည် တိချိုးမြို့တော်တွင် ပထမဆုံး ကြွေသည့် သစ်ရွက်များ ဖြစ်လေသည်။ ဆောင်းဦး၏ အေးစိမ့်မှု သည်သစ်ရွက် ကြွေများနောက်မှ လိုက်လာပေတော့မည်။
လေ့ကျင်းသည် ဝူတင်၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ် သွားပြီး လေထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ် လာလေသည်။
ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများ ကြားလိုက်ရသည့်တိုင် ဝူတင်သည် နေရာမှ တစ်ချက်ပင် ရွေ့သွားခြင်း မရှိပေ။
မိုးကြိုး တစ်ချက် ပစ်ချလိုက်သည့်အတွက် သစ်ရွက်များသည် အစိတ်စိတ် အမြွှာမြွှာ ကျိုးပဲ့ သွားလေသည်။ မိုးရွာရန်အတွက် အရှိန်ယူနေပြီ ဖြစ်လေသည်။
ဆန်းလျန်သည် တိုက်ပွဲအခြေအနေကို အဝေးမှ လေ့လာနေလေသည်။
အသူရာချောက်မှ အသက်ဓာတ် စွမ်းအားများသည် ယခင်က ချင်းရွှမ် နတ်တံခါး တည်ရှိရာ လောကရှိ အသက်ဓာတ် စွမ်းအားများထက် ပိုပြီး ထူထပ်လေသည်။ သို့သော် အနည်းငယ် မှောင်မိုက်ပြီး အပြောင်းအလဲလည်း သိပ်မရှိပေ။
လောကနှစ်ခု၏ ကွာဟချက်မှာ အလွန်ကြီးမားလေသည်။
ယခင် ချင်းရွှမ် နတ်တံခါးတည်ရှိရာ လောကတွင်သာ ဆိုလျှင် လေ့ကျင်း ယခုကဲ့သို့ လေနှင့်မိုးကို ဆင့်ခေါ်လိုက်ပုံနှင့် ဆိုလျှင် ဗလာနယ်ကိုပင် ပေါက်ပြဲသွားအောင် အနည်းငယ် ချိုးဖျက်နိုင်မည် ဖြစ်လေသည်။
ထိုအချိန်မှာပင်…
အသူရာချောက်ရှိ လေထုတစ်ခုလုံး အေးခဲသွားသည့် အလား ထင်မှတ်လိုက် ရလေသည်။ လေ့ကျင်းသည် သူမ၏ တန်ခိုးစွမ်းအားများကို အပြည့်အဝ အသုံးချလိုက်လေသည်။
ဝူတင်သည် ယခုအချိန်ထိ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်လေသည်။
သို့သော်… လေ့ကျင်း ပထမဆုံး တိုက်ကွက် မထုတ်မီမှာပင် ဝူတင်သည် ရပ်နေရာမှ ပျောက်ကွယ် သွားလေသည်။
လေ့ကျင်းသည် လေနှင့်မိုးကို ထိန်းချုပ်ကာ မိုးမြေစွမ်းအားများကို အသုံးပြုပြီး လေမုန်တိုင်း တံတိုင်းကြီး တစ်ခု ဖန်ဆင်း လိုက်လေသည်။ ထိုတံတိုင်းကြီး ရှိရာသို့ ဓားတစ်လက်က လာရောက် ထိုးစိုက်လိုက်သည့် အခါတွင်တော့ တံတိုင်းကြီး ပျက်စီး သွားရလေသည်။
ထိုအခါ မိုးရေထဲတွင် ဝူတင်၏ ပုံသဏ္ဌာန် ပြန်ပေါ်လာလေသည်။
ထိုအချိန်မှာပင်….
အနက်ရောင် ယူနီကွန်းကြီးကို စီးနှင်လာသည့် ဝမ်ကျုန်းသည် ဆန်းလျန်၏ ဘေးသို့ ရောက်ရှိ လာလေသည်။
သူက တစ်ချက် ရယ်မောလိုက်ရင်း…
“နှစ်ယောက်လုံးက ကလေးကွက်တွေနဲ့ တိုက်နေကြတာ၊ ပျင်းစရာတောင် ကောင်းတယ်”
ဆန်းလျန်က…
“အစ်ကိုဝမ်၊ ဝူတင်နိုင်သည် ဖြစ်စေ ရှုံးသည်ဖြစ်စေ အစ်ကိုက ဂရုမစိုက်ဘူး မဟုတ်လား”
“ကျီကျောက်ဟာ ဘုရင်တစ်ပါး ဖြစ်လာမယ့်သူပါ၊ အနိုင်အရှုံးဆိုတာ သူ့ကို ပြီးပြည့်စုံတဲ့ လူတစ်ောယက် ဖြစ်လာစေမယ့် အတွေ့အကြုံတွေပါပဲ”
ဆန်းလျန်က…
“အစ်ကိုဝမ်၊ ကျုပ်အမြင်ကတော့ အဲဒီလို မဟုတ်ဘူး၊ ဘဝမှာ ပြီးပြည့်စုံတဲ့ လူဆိုတာ မရှိနိုင်ဘူး”
“အဲဒါက ခင်ဗျားနဲ့ကျုပ်ရဲ့ မတူတဲ့ အချက်ပါပဲ တိုင်းပြည် အကြံပေး အမတ်မင်း၊ ဘယ်သူမှန်တယ် ဆိုတာတော့ အချိန်က ဆုံးဖြတ် ပေးသွားပါလိမ့်မယ်”
ထို့နောက် အနက်ရောင် ယူနီကွန်းကြီးသည် ဝမ်ကျုန်းကို သယ်ဆောင်ကာ အရှေ့အရပ်ဆီသို့ ပျံသန်း သွားလေတော့သည်။ အရှေ့အရပ်သည် တုန်းယီ ဒေသတည်ရှိရာ အရပ်ဖြစ်လေသည်။ ဝမ်ကျုန်းသည် ဝူတင်နှင့် လေ့ကျင်း၏ တိုက်ပွဲပြီးသည် အထိပင် စောင့်ဆိုင်းခြင်းမရှိဘဲ ထွက်ခွာ သွားပြီ ဖြစ်လေသည်။
ဆန်းလျန်ကတော့ ဝမ်ကျုန်းနှင့် သူ ထပ်မံဆုံတွေ့ရဦး မည်ဟု သိရှိနေလေသည်။
ဆန်းလျန်က လေ့ကျင်းနှင့် ဝူတင်၏ တိုက်ပွဲကို ပြန်ပြီး အာရုံစိုက် လိုက်လေသည်။
အရှေ့ရေကန်၏ ကန်ရေပြင်ထက်တွင် လေ့ကျင်းသည် လိပ်ပြာလေး တစ်ကောင်အလား မျောလွင့် နေလေသည်။ သူမသည် အရှေ့ရေကန်မှ ရေစွမ်းအားကို အသုံးပြုကာ ဝူတင်ကို တိုက်ခိုက်နေလေသည်။ ဝူတင်သည် လေ့ကျင်း၏ တိုက်ခိုက်မှု အောက်တွင် အနည်းငယ် ရုန်းကန် နေရသည်ကိုတော့ ဖုံးကွယ်၍မရနိုင်ပေ။
သို့ရာတွင် မိုးထဲလေထဲတွင် သူ၏ဓားသည် ပို၍ထက်မြက် လာလေသည်။
ဝူတင် အသုံးပြုနေသည့် ဓားကွက်တိုင်းသည် လေနှင့်မိုးကို အပိုင်းပိုင်း ဖြတ်တောက် ပစ်နေလေသည်။ သို့သော် ဝူတင်သည် လေ့ကျင်းအနားသို့ ကပ်နိုင်ခြင်း မရှိသေးပေ။
လေ့ကျင်း၏ တိုက်ခိုက်မှုသည် ယခုအတိုင်းသာ ဆက်သွား နေမည်ဆိုပါက ဝူတင်သည် လေ့ကျင်းကို အနိုင်ရရှိရန်အတွက် အပြင်းအထန် ရုန်းကန်ရမည် ဖြစ်လေသည်။
လေပြင်း မုန်တိုင်းထဲတွင် ဝူတင်၏ အဖြူရောင်ဝတ်ရုံသည် လေနှင့်အတူ လွင့်မျော နေလေသည်။ ပေါ့ပါးပြီး တည်ငြိမ် နေသည့် ဝူတင်၏ ပုံသဏ္ဌာန်က တိုက်ပွဲကို အနိုင်ရရှိတော့မည့် လူတစ်ယောက် အလား ခံစားရစေလေသည်။
လေ့ကျင်းသည် ဆန်းလျန်နှင့် ဆင်တူသည့် အတွက် အနိုင်ရရှိရန် အဆင်သင့် ဖြစ်နေသည့်တိုင် အခြားသူများ၏ စိတ်ထဲတွင် ဝူတင်ကိုလည်း မလေးစားဘဲ မနေနိုင်ကြပေ။
***