ရန်တိုက်ပေးခြင်း
Vol. 7 Ch. 61
စုန့်ထောင်ဟုန်က ပိန်ပိန်ပါးပါးနှင့် လှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး မျက်နှာထက်တွင်လည်း မျက်နှာချေအနည်းငယ် လိမ်းခြယ်ထားရာ အပေါ်ယံကြည့်လိုက်လျှင် သွေးရောင်လွှမ်းကာ စိုပြည်နေပုံရသည်။ သို့သော်လည်း သူမ ပြုံးလိုက်သည့်အခါ မျက်ဝန်းထောင့်များ၌ အရေးအကြောင်းများ ပေါ်လာပြီး မျက်နှာချေမပါလျှင် သူမ၏ အသားအရေက ထင်သလောက် ကောင်းမွန်မည်မဟုတ်မှန်း သိသာနေသည်။
သူမက လက်ထဲတွင် တောင်းတစ်လုံး ကိုင်လာပြီး ထိုတောင်းကို စားပွဲပေါ်သို့ တင်လိုက်ရင်း အပြုံးဖြင့် ပြောလာခဲ့သည်။
"ကျွန်မ ဒီကို မလာဖြစ်တာ တော်တော်ကြာသွားပြီ၊ စတုတ္ထအဖိုးတို့ အိမ်က အရင်ကထက်တောင် ပိုပြီး သက်ဝင်လှုပ်ရှားနေသေးတယ်"
သူမက တောင်းကို အုပ်ထားသော ဆီစိမ်အဝတ်ကို မလိုက်ရင်း ဆက်ပြောနေပြန်သည်။
"အဒေါ်ငယ် ကလေးမွေးပြီးသွားမှန်း ကြိုသိခဲ့ရင် ကျွန်မ ပိုကောင်းတာလေးတွေ ယူလာခဲ့တယ်၊ ဒီကြက်ကင်က ကျွန်မရဲ့ အစ်ကိုနဲ့ မရီးတို့ မြို့ပေါ်ကနေ ဝယ်လာခဲ့တာလေ၊ အရသာ တော်တော်ကောင်းတယ်၊ စတုတ္ထအဖိုး သေရည်နဲ့ မြည်းဖို့ အသင့်တော်ဆုံးပဲ”
စုန့်ရှင်းယိက အပြုံးဖြင် ပြန်ပြောလိုက်သည်။
"ဒါက အရမ်းများနေပြီကွ၊ ဒီလောက်အထိ အကုန်အကျခံဖို့ မလိုပါဘူး၊ ငါတို့လည်း အများကြီး မလိုဘူး၊ တစ်ခုပဲ ချန်ထားပြီး ကျန်တာတွေကိုတော့ နင်မိဘတွေအတွက် ပေးလိုက်ပါ"
စုန့်ထောင်ဟုန်က သူမ၏ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ကျွန်မ မိဘတွေအတွက်လည်း ရှိပါတယ်"
သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချကာ မေးလိုက်ပြန်သည်။
"အစ်မယွိလန် တစ်ခုခု ဖြစ်ခဲ့တယ်လို့ ကျွန်မ ကြားရခဲ့တယ်၊ ကျွန်မလည်း စိတ်မကောင်းပါဘူး၊ ဒီတစ်ခေါက် ကျွန်မလာတာက စတုတ္ထအဖိုးနဲ့ စတုတ္ထအဖွားကို ဂါရဝပြုဖို့ သက်သက် မဟုတ်ပါဘူး၊ စတုတ္ထအဖွားလည်း သိပြီးသားပါ.... အိမ်ထောင်ကျပြီးသား သမီးတစ်ယောက်အတွက် အရာရာက မလွယ်ကူဘူးလေ၊ ကောင်းတဲ့ဘက်က ပြောရင်တော့ ကျွန်မက ခရိုင်တရားသူကြီးရဲ့ ဇနီးပါပဲ၊ ဒါပေမယ့် အပွင့်လင်းဆုံးပြောရရင်တော့ သူများအိမ်က ချွေးမတစ်ယောက်ပါ၊ ကျွန်မမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘဲ လွတ်လပ်မှုလည်း မရှိပါဘူး"
လီရှီက သူမကို ပြုံးပြလိုက်သော်လည်း အပြုံးများက မျက်ဝန်းအထိ ရောက်မလာဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ဘာတွေ ပြောနေတာလဲ၊ ဘယ်ချွေးမကများ အဆင်ပြေနေလို့လဲ၊ နင် ငါ့ဆီလာပြီး ညည်းညူပြနေလို့ ဘာထူးမှာတုန်းအေ"
စုန့်ထောင်ဟုန်၏ အကြည့်များက စုန့်တင်းရှန်းထံသို့ ကျရောက်သွားပြီး သူမက မျက်လွှာချကာ လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်ပြန်သည်။
"စတုတ္ထအဖိုးနဲ့ စတုတ္ထအဖွားက ကျွန်မကို မကြိုက်မှန်း ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မတို့အားလုံးက စုန့်ဆိုတဲ့ မျိုးရိုးနာမည်ကို မျှဝေထားတဲ့ ဆွေမျိုးတွေ ဖြစ်နေတုန်းပဲလေ၊ ကျွန်မအနေနဲ့ စုန့်မိသားစု နစ်နာအောင် ဘာမှ မလုပ်ပါဘူး၊ ကျွန်မ စတုတ္ထအဖိုးတို့ကို ပြောပြချင်တာက ရှတာ့ရှန်း ပြဿနာရှာရတဲ့ အကြောင်းရင်းက ကျွန်မရဲ့ ယောက္ခမနဲ့ ခဲအိုတို့ကြောင့်ပါ၊ သူတို့က ဘာကြောင့်မှန်းမသိ ကျွန်မတို့ စုန့်မိသားစုကို အထင်သေးသလိုမျိုး လုပ်နေကြပြီး ရှတာ့ရှန်းကို မြှောက်ပင့်ပေးနေကြတာပါ၊ ဒါပေမယ့် သူတို့ပြောတဲ့ စကားတွေက ပွင့်ပွင့်လင်းလင်း မရှိဘဲ သဘောထားကွဲလွဲမှုတွေကို သိမ်သိမ်မွေ့မွေ့ ကြဲချနေတာမျိုးလေ၊ ကျွန်မလည်း တချို့တလေ ကြားခဲ့ပေမယ့် အစ်မယွိလန်ကို သေသေချာချာ မပြောပြနိုင်ခဲ့ဘူး"
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"ထောင်ဟုန်၊ အဲ့ကိစ္စအတွက်ဆိုရင် နင် စိတ်ပူနေဖို့ မလိုတော့ဘူး၊ အခု ငါ့အစ်မက ရှတာ့ရှန်းနဲ့ ကွာရှင်းပြီးပြီ၊ ကလေးကိုလည်း ပြန်ခေါ်လာနိုင်ခဲ့တယ်၊ သူ့မှာ အားကိုးရမယ့် မိဘအိမ်လည်း ရှိတယ်၊ ငါတို့မိသားစုမှာ အလုပ်တွေ အများကြီးပဲ၊ အလုပ်ရုံရော မြို့ထဲက ဆိုင်ရောဆိုတော့ သူ ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ပဲ ကျန်တော့တယ်၊ ပြန်စဉ်းစားကြည့်ရင်တော့ ရှမိသားစုမှာ နေရတာထက် အများကြီး ပိုကောင်းတယ်"
စုန့်ထောင်ဟုန်က အလျင်အမြန် ထောက်ခံလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်၊ အဲ့ဒါ အမှန်ပဲ၊ အရင်ကတော့ စုန့်မိသားစုက ညီအစ်မနှစ်ယောက် ရှမိသားစုထဲကို အတူတူ ရောက်သွားတော့ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးနိုင်မယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမယ့် ကျွန်မယောက္ခမက စည်းကမ်းကြီးလွန်းတော့ ကျွန်မလည်း အပြင်ကို သိပ်မထွက်ရဘူး၊ အိမ်ထောင်ကျတာ ဒီလောက်ကြာနေပြီ စကားတစ်ခွန်းတောင် ဝင်မပြောပေးနိုင်ခဲ့ဘူး၊ စတုတ္ထအဖိုးနဲ့ စတုတ္ထအဖွား ကျွန်မကို အပြစ်တင်မှာကိုပဲ ကျွန်မ စိုးရိမ်နေမိတာပါ"
လီရှီက ဝင်ပြောလိုက်ပြန်သည်။
"အပြစ်တင်မယ်ဆိုရင်လည်း ရှမိသားစုကိုပဲ အပြစ်တင်ရမှာပေါ့၊ နင်နဲ့ ဘာဆိုင်လို့လဲ"
စုန့်ထောင်ဟုန်က ပြောလိုက်ပြန်သည်။
" စတုတ္ထအဖွား ပြောတာ မှန်ပါတယ်၊ ကျွန်မကို အပြစ်မတင်ရင် တော်ပါပြီ"
ခဏမျှ အနေရခက်နေပြီးနောက် သူမက တစ်စုံတစ်ခုကို စဉ်းစားနေပုံဖြင့် တွေးတွေးဆဆ ဆက်ပြောလိုက်ပြန်သည်။
"တကယ်တော့ ကျွန်မ ညီမလေးကို တွေ့ချင်သေးတယ်၊ အဆင်ပြေပါ့မလား"
လီရှီက ချက်ချင်း ငြင်းပယ်လိုက်သည်။
"အခုတော့ အဆင်မပြေသေးဘူး၊ နင့် အဒေါ်ငယ်က အခုမှ နိုးတာဆိုတော့ အားအင် သိပ်မရှိသေးဘူး၊ နောက်နှစ်ရက်နေရင် ကလေးရဲ့ သုံးရက်မြောက် ခေါင်းဆေးပွဲ ရှိတယ်၊ အဲဒီကျမှ လာခဲ့တော့"
စုန့်ထောင်ဟုန်က မချင့်မရဲဟန်ဖြင့် ရေရွတ်လိုက်သည်။
"အိုး.... ကျွန်မက ဒီနေ့ ပြန်ရမှာ၊ သုံးရက်မြောက် ခေါင်းဆေးပွဲကို လာဖြစ်ဖို့ မသေချာတော့ဘူး၊ ဒါပေမယ့် လာလို့ရရင်တော့ ရောက်အောင်လာပြီး ညီမလေးကို လာကြည့်ပါ့မယ်၊ ကျွန်မတို့ ညီမလေးက အရမ်းလှမှာ သေချာတယ်"
(t/n: သုံးရက်မြောက် ခေါင်းဆေးပွဲဆိုတာက ကလေးမွေးဖွားပြီး သုံးရက်မြောက်နေ့မှာ ပြုလုပ်လေ့ရှိတဲ့ ကလေးကို သန့်စင်ခြင်းမင်္ဂလာ အခမ်းအနားကို ပြောတာပါ၊ မြန်မာလိုဆိုရင်တော့ ရေစချိုးပေးတဲ့နေ့ပေါ့၊ ကလေးခေါင်းဆေးလို့ ခေါ်ကြတယ်)
အနည်းငယ် နေရခက်သည့် စကားများ ပြောဆိုပြီးနောက် စုန့်တင်းရှန်းက စုန့်ထောင်ဟုန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားခဲ့သည်။ ရှမိသားစုအတွင်းရှိ စုန့်ထောင်ဟုန်၏ ဘဝက သိပ်အဆင်မပြေပုံရပြီး စုန့်ယွိလန် ထွက်သွားပြီးနောက်ပိုင်း သူမ ပို၍ အထီးကျန်နေပုံရသည်။ သူမက ရှမိသားစု၏ မျက်နှာသာပေးမှုကို ပြန်လည်ရရှိရန်အတွက် တစ်စုံတစ်ရာသော မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာခြင်းပင်။
ထိုသို့ တွေးတောမိလိုက်သောကြောင့် စုန့်တင်းရှန်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ဒါနဲ့ ခုမှ သတိရတယ်၊ ငါ့တူလေးလည်း အခုဆို သိပ်မငယ်တော့ဘူးပဲ၊ တကယ်တော့ တိုက်တိုက်ဆိုင်ဆိုင် ငါ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါးကြင်းရုပ်လည်ဆွဲအိတ်လေးတွေ လုပ်ထားတာရှိတယ်၊ သူနဲ့ အတော်ပဲ၊ အစ်မထောင်ဟုန် ငါနဲ့အတူ လိုက်ယူလေ"
ထိုစကားကို ကြားလိုက်ချိန်တွင် စုန့်ထောင်ဟုန်က အလွန်ဝမ်းသာသွားပြီး စုန့်တင်းရှန်း၏ နောက်သို့ လိုက်လာကာ အနောက်ဘက်အခန်းထဲသို့ ရောက်လာခဲ့သည်။ သို့သော် စုန့်တင်းရှန်းက သူမနှင့် စုန့်ယွိလန်တို့ နေထိုင်သည့် အခန်းထဲသို့ မဝင်ဘဲ ဖန့်ရှီ၏ အခန်းထဲသို့ ဝင်လာခဲ့ကြသည်။
စုန့်တင်းရှန်းက အမှန်တကယ် အိတ်အနည်းငယ် ပန်းထိုးထားခဲ့သော်လည်း သူမ၏ လက်ရာက ပုံမှန်အဆင့်မျှသာ ဖြစ်သည်။ သူမ အပျင်းပြေပန်းထိုးထားခြင်းသာ ဖြစ်ပြီး သူမဘာသာ သိမ်းထားလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် သူမက ငါးကြင်းရုပ်ပါသော အိတ်တစ်လုံးကို ကောက်ယူကာ စုန့်ထောင်ဟုန်အား လှမ်းပေးလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း အထင်သေးမှုများနှင့် အေးစက်မှုများ ပြည့်နှက်နေခဲ့သည်။
"ထောင်ဟုန်၊ ငါမှာ နင့်ကို ပြောပြသင့်တယ်လို့ ထင်တဲ့ စကားတချို့ ရှိတယ်"
စုန့်တင်းရှန်းက စပြောလိုက်ပြီး အစပိုင်းတွင် အိတ်ကို ရရှိလိုက်သောကြောင့် ပျော်ရွှင်နေသော စုန့်ထောင်ဟုန်၏ စိတ်အခြေအနေလည်း ပြောင်းလဲသွားရသည်။ သူမက စုန့်တင်းရှန်းကို ပြုံးပြနိုင်အောင် ကြိုးစားရင်း ပြန်ပြောလိုက်သည်။
"ငါတို့က ညီအစ်မတွေလေ၊ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်၊ ဘာလို့ ဒီလောက်တောင် စည်းခြားသလို ဖြစ်နေရတာလဲ"
စုန့်တင်းရှန်းက ခန်အစွန်းတွင် တည်ငြိမ်စွာ ထိုင်လိုက်ရင်း ပြောလိုက်သည်။
"ထောင်ဟုန်၊ အဲဒီတုန်းက ငါ နင့်ကို အရေးမယူဘဲ လွှတ်ပေးခဲ့လို့ အခုအချိန်မှာ ငါတို့ မိသားစုက နင့်ကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား"
စုန့်ထောင်ဟုန်တစ်ယောက် ထိတ်ခနဲ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။
"တင်းရှန်း၊ နင် ဘာတွေ ပြောနေတာလဲ"
"အဲဒီတုန်းက နင် ရှမိသားစုထဲကို ဝင်နိုင်ဖို့အတွက် ငါ့ကို ရေထဲ တွန်းချခဲ့တယ်၊ အဲဒါကြောင့် ငါ ရေထဲက ပြန်ထွက်လာရပြီး ပြင်းပြင်းထန်ထန် ဖျားနာခဲ့ရတယ်၊ ရှမိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ်၊ ဒီဖြစ်ရပ်ကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး၊ နင်နဲ့ ဘယ်အချိန်စာရင်း ရှင်းရမလဲလို့ အမြဲ တွေးနေခဲ့တာ"
စုန့်တင်းရှန်း၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေး ရှိနေသော်လည်း သူမ၏ စကားလုံးများကထဲတွင်တော့ လုံးဝ ငဲ့ညှာမှု မရှိခဲ့ပေ။
"ငါ အများကြီး စဉ်းစားခဲ့ပြီးပြီ၊ အခု ငါတို့ မိသားစုက ငွေရှာနိုင်တော့ ရွာထဲက လူအတော်များများက မနာလို ဖြစ်နေကြတယ်၊ ဒါပေမယ့် ငါတို့ မိသားစုက ရွာကလူတွေကို အလုပ်ပေးထားသလို မြို့ထဲမှာလည်း ကျောထောက်နောက်ခံ ရှိတယ်၊ အဲ့တော့ သူတို့ မနာလိုရုံပဲ တတ်နိုင်ပြီး ဘာမှ မလုပ်ရဲကြဘူး၊ အထူးသဖြင့် ကျိုးမိသားစုပေါ့၊ ကျူးကောက ငါ့ကို မြေတွေ၊ ငွေတွေ ပေးခဲ့တဲ့အပြင် တင်တောင်းကြေးအဖြစ် ကျားတစ်ကောင်တောင် ပေးခဲ့သေးတယ်၊ ဆိုင်ကိုလည်း ငါ့နာမည်နဲ့ ဝယ်ပေးခဲ့တာ၊ သူတို့ သိသွားရင် ဒေါသတွေ ပေါက်ကွဲထွက်လာမှာ မဟုတ်ဘူးလား"
စုန့်ထောင်ဟုန်တစ်ယောက် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပြီး ရုတ်တရက် ပြန်ပြောလိုက်သည်။
"ဒါ.... ဒါ... တင်းရှန်း... ဒါက နင် ကံကောင်းပြီး အိမ်ထောင်ဖက်ကောင်း ရတာကို သက်သေပြနေတာပဲ မဟုတ်လား၊ သူတို့က နင့်ကို မုန်းချင်မုန်းကြလိမ့်မယ်၊ ဒါပေမယ့် သူတို့သာ အစ်ကိုကျူးဇီအပေါ် ကောင်းကောင်း ဆက်ဆံခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး"
စုန့်တင်းရှန်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ဒါပေမယ့် ဒါတွေအားလုံးက နင့်ရဲ့ ပရိယာယ်တွေကြောင့်လေ၊ နင့်ကြောင့် ကျူးကော သူတို့နဲ့ အဆက်အသွယ် ဖြတ်ဖို့ တွန်းအားပေးခံရတာကို သူတို့ သိသွားခဲ့ရင် ဘာလုပ်ကြမယ်လို့ နင် ထင်လဲ"
စုန့်ထောင်ဟုန်၏ ကိုယ်ပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်။
ကျိုးမိသားစုက တစ်ရွာလုံးက သိကြသည့်အတိုင်း ပျက်စီးသွားသော မျိုးနွယ်စု ဖြစ်သည်။ ယခင် သူတို့ ငွေရှိစဉ်ကလည်း မောက်မာခဲ့ကြပြီး ယခု ဘဝပျက်နေချိန်တွင်တော့ လူများကို မနာလိုဝန်တိုဖြစ်ကာ ဆဲဆိုကြပြန်သည်။ အထူးသဖြင့် ကျိုးလောင်စန်း၏ ဇနီးက ကောက်ရိုးတစ်ဆုပ်စာ ကိစ္စလေးနှင့်ပင် တစ်နေကုန် ဆဲဆိုနေနိုင်သူ ဖြစ်သည်။
စုန့်ထောင်ဟုန်က ပြောလိုက်ပြန်သည်။
"တင်းရှန်း၊ နင် ဘာတွေ ပြောနေတာလဲ၊ နင်က ငါလို့ သွားပြောရင်တောင် သူတို့က ယုံပါ့မလား"
စုန့်တင်းရှန်းက ခပ်လှောင်လှောင် ပြန်ပြောလိုက်သည်။
"သူတို့ ယုံ မယုံတော့ ငါ မသိဘူး၊ ဒါပေမယ့် သူတို့မိသားစုက ငါတို့ အိမ်ကိုတော့ လာပြီး ပြဿနာ ရှာရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် ကျိုးလောင်စန်း မိန်းမရဲ့ ပါးစပ်က ဘယ်လောက်ညစ်ညမ်းတယ်ဆိုတာ နင်လည်း သိပြီးသားပါ၊ သူက ညစ်ပတ်စုတ်ပဲ့တာမှန်သမျှ အကုန်လျှောက်ပြောရဲနေတဲ့သူလေ၊ အဲဒီလို မကောင်းတဲ့ စကားတွေ ရှမိသားစုဆီ ရောက်သွားရင်တော့ ခရိုင်တရားသူကြီးဆိုတဲ့ နင့်ရဲ့ နေရာလေးက အန္တရာယ်ကျရောက်သွားလိမ့်မယ်၊ အိုက်ယား အခုတောင် အန္တရာယ်ကျရောက်နေလောက်ပြီ ထင်တယ်နော်”
"စုန့်တင်းရှန်း၊ ငါက နင်တို့ အိမ်ကို နှစ်သစ်ကူးလက်ဆောင်ပေးဖို့နဲ့ ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာတာနော်၊ နင်က ဘာလို့ ဒီလို စကားတွေ ပြောနေရတာလဲ"
စုန့်ထောင်ဟုန်က အနည်းငယ် စိတ်လှုပ်ရှားလာပုံဖြင့် ခန်ပေါ်မှ ခုန်ဆင်းလိုက်သည်။
"နင်က ငါ့ကို ညီအစ်မလို သဘောမထားမှတော့ ငါ ပြန်တော့မယ်"
"နင် မသွားနဲ့ဦး၊ ငါ့စကား မဆုံးသေးဘူး"
စုန့်တင်းရှန်းက အေးအေးလူလူ ဆက်ပြောလိုက်သည်။
"ဒီကိစ္စကို ငါ အခုထိ ဘာလို့ ပြဿနာမရှာတာ နင် သိလား၊ ဘာလို့လဲဆိုတော့ နင်နဲ့ ငါ့အစ်မက ရှမိသားစုမှာ ရှိနေလို့ပဲ၊ တကယ်လို့ ဒီကိစ္စသာ အကြီးအကျယ် ဖြစ်သွားခဲ့ရင် စုန့်မိသားစုက မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်၊ ငါက အဲဒါကို ထည့်တွက်ပေးခဲ့တာ"
"အရင်တုန်းက ငါ အမှားလုပ်မိခဲ့တာပါ၊ ဒါပေမယ့် နင်လည်း အခု ဘာမှမဖြစ်ဘဲ အဆင်ပြေနေတာပဲ မဟုတ်လား"
စုန့်ထောင်ဟုန်တစ်ယောက် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်လာခဲ့သည်။
‘တကယ်လို့ ဒီစကားတွေသာ အကြီးအကျယ် ပျံ့နှံ့သွားခဲ့ရင် ယောက္ခမအိမ်မှာနေရတဲ့ သူမရဲ့ဘဝ ပိုပြီး ခက်ခဲသွားလိမ့်မယ်၊ အမှန်တော့ အခုတောင် တော်တော် ခက်ခဲနေပြီ၊ ရှချမ်းကလည်း တာဝန်ကျတဲ့နေရာကို ထွက်သွားပြီး ပြန်မလာတာ နှစ်နှစ်ရှိပြီ။ သူမ မုဆိုးမတစ်ယောက်လို နေထိုင်နေရတာလေ၊ အခြေအနေက သူမကို ခက်ခဲအောင် လုပ်ထားပြီးသား၊ ပြီးတော့ စုန့်ယွိလန်ရဲ့ ကိစ္စ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ယောက္ခမနဲ့ ယောင်းမတွေက သူမကို အထူးအဆန်းပုံစံနဲ့ ဆက်ဆံလာကြတယ်’
ထိုအဖြစ်အပျက်များကြောင့် စုန့်ထောင်ဟုန်က စုန့်မိသားစုတွင် သူကြွယ်ကြီးဝမ်၏ ကျောထောက်နောက်ခံ ရှိနေကြောင်း ပါးပါးနပ်နပ် ထည့်ပြောခဲ့သောကြောင့် ယောက္ခမနှင့် ယောင်းမများ ငြိမ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် သူမ ဘာမှ ပြန်မယူသွားနိုင်ခဲ့လျှင်ပင် ဤမိသားစုနှင့် သူမကြား၌ ကောင်းမွန်သော ဆက်ဆံရေးရှိနေသေးကြောင်း ပြသရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
စုန့်တင်းရှန်းက သူမ၏ အင်္ကျီပေါ်မှ ပန်းဖွားလေးများကို ကစားရင်း ရယ်သံဖြင့် ထပ်ပြောလိုက်သည်။
"နင်က ငါ ဘာမှ မဖြစ်ဘူးလို့ ထင်နေတာလား၊ ငါကိုယ်တိုင် သေမင်းနဲ့ လက်တစ်လုံးအကွာကနေ ပြန်လွတ်လာခဲ့တာလေ၊ အခု ငါ့ယောက်ျားကလည်း မြောက်ပိုင်းကို ရောက်နေပြီး ဘာဖြစ်နေမှန်းတောင် မသိရသေးဘူး၊ အဲ့ဒါတွေက ဘာမှမဟုတ်ဘူးလို့ ထင်နေတာလား၊ ငါ အဲဒါတွေကို ကျိတ်မှိတ်သည်းခံထားတာ၊ ပြီးတော့ ငါ တွေးထားတာက နင်တို့လို လူယုတ်မာနှစ်ယောက်က အတူတူ ရှိနေသင့်တယ်၊ အဲ့ဒါမှ တခြားသူတွေကို ပြဿနာ မရှာနိုင်ဘဲ တစ်ပါးသူတွေ ဒုက္ခမရောက်မှာပေါ့၊ ဒါပေမယ့် ဒီနေ့ နင့်ကို မြင်လိုက်ရပြီး နင် အဆင်မပြေဖြစ်နေတာကို တွေ့ရတော့ ငါလည်း စိတ်မသက်မသာ ဖြစ်မိတယ်"
စုန့်ထောင်ဟုန်က မှင်တက်သွားပြီး မျက်ဝန်းများ နီလာကာ ရှိုက်သံဖြင့် ဖွင့်ဟလာသည်။
"တင်းရှန်း၊ နင် မသိပါဘူး၊ ရှချမ်း ရာထူးရပြီးကတည်းက အဲ့ဒီအိမ်မှာ ငါ ဘယ်လို ဘဝမျိုးနဲ့ ဖြတ်သန်းခဲ့ရလဲဆိုတာ နင် မသိပါဘူး၊ ငါ့ယောက္ခမက ငါ့ကို အမြဲတမ်း အပြင်လူလို ဆက်ဆံတယ်၊ ယောင်းမကလည်း ငါ့ကို မကြင်နာဘူး၊ သူတို့က ငါ့ကို ရှချမ်းနဲ့ မတန်ဘူးလို့ အမြဲ ထင်နေပြီး ငါ့ကို အိမ်ကနေ နှင်ထုတ်ဖို့ပဲ ကြိုးစားနေကြတာ၊ ဒါပေမယ့် ဒါတွေက ငါ့အပြစ်တွေမှန်း ငါ သိပါတယ်၊ ငါ ခံစားရရင်တောင် ဘယ်သူ့ကိုမှ မပြောနိုင်ဘဲ ငါ့ဘာသာပဲ ကြိတ်မှိတ် မျိုသိပ်ထားရတာ"
စုန့်တင်းရှန်းက သူမ စကားကို အတိုက်အခံ မလုပ်ဘဲ ဆက်ပြောနေပြန်သည်။
"ဒါဆို ရှချမ်းရဲ့ စာတွေထဲမှရော နင့်အကြောင်း ထည့်မေးရဲ့လား၊ သူက လီပေါင်း ထောင်ချီဝေးတဲ့ နေရာမှာ ရောက်နေတာနော်၊ သူ ပြန်မလာဘူးဆိုရင် နင် သူ့ကို တစ်သက်လုံး တွေ့ရတော့မှာ မဟုတ်တော့ဘူး၊ အခုဆို သူက ခရိုင်အရာရှိတစ်ယောက် ဖြစ်နေပြီ၊ ခရိုင်တစ်ခုလုံးကို အုပ်ချုပ်နေရတဲ့သူ၊ သူ့ဘေးနားမှာ အသိအမြင် ကြွယ်ပြီး ကျော့ရှင်းတဲ့ ဇနီးတစ်ယောက် မရှိလို့ ဖြစ်ပါ့မလား၊ ထောင်ဟုန်... နင်ရော ဘယ်လိုထင်လဲ၊ သူက တကယ်ပဲ ရောင့်ရဲပြီး သစ္စာရှိတဲ့သူ ဖြစ်နိုင်လို့လား၊ တကယ်လို့ သူ အဲဒီမှာ နောက်မိန်းမယူပြီး ကလေး ရနေရင်တောင် နင် သိနိုင်မှာ မဟုတ်ဘူးနော်”
စုန့်ထောင်ဟုန်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး သူမ၏ မျက်နှာချေများကပင် သူမ၏မျက်နှာထက်မှ ထိတ်လန့်တုန်လှုပ်မှု မဖုံးကွယ်ပေးနိုင်တော့ချေ။
"ဒါပေမယ့်... ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက မယားငယ်ပဲ ဖြစ်နေမှာ၊ ငါကမှ တရားဝင်ဇနီးလေ"
စုန့်တင်းရှန်းက ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ဘယ်သူမှ မမြင်ဖူးတဲ့ တရားဝင်ဇနီးက ဘာများ အသုံးဝင်လို့လဲ၊ ပြီးတော့ အခု သူက ဂုဏ်သရေရှိပြီး အသိုင်းအဝိုင်းကောင်းတဲ့သူကိုပဲ လက်ထပ်ချင်တော့မှာပေါ့၊ နင် ဘယ်လောက်လှလဲဆိုတာက အရေးကြီးတယ်လို့ နင် ထင်နေလို့လား၊ နောက်ဆုံးတော့ နင်က တောသူတစ်ယောက်ပဲလေ၊ မြို့ပေါ်မှာ အာဏာရှိတဲ့ မိသားစုတွေက ဆင်းသက်လာပြီး ချောမောလှပတဲ့ မိန်းမပျိုလေးတွေ အများကြီး ရှိမှာ သေချာတယ်၊ သူကလည်း ပြန်မလာ၊ နင်ကလည်း သွားလို့ မရ၊ အဲ့တော့ သူ နောက်ထပ် ထပ်ယူလိုက်တဲ့သူကပဲ တရားဝင်ဇနီးအဖြစ် သတ်မှတ်ခံရမှာပေါ့၊ နင်ကတော့ အဲဒါကို သိတောင် သိလိုက်ရမှာ မဟုတ်ဘူး၊ စုန့်ထောင်ဟုန်... နင်က တစ်ခဏအတွက် အကွက်ကျကျ စီစဥ်ခဲ့ပြီးမှ တစ်သက်လုံးအတွက်တော့ အရမ်းတုံးပြနေပြန်ပြီ၊ နင့်ယောက္ခမ နင့်ကို သွားခွင့်မပေးတာက နင် ပင်ပန်းမှာစိုးလို့လို့ နင် ထင်နေတာလား၊ သူတို့က နင့်ကို အရှက်ရစရာလို့ သတ်မှတ်ပြီး သွားခွင့်မပေးတာပဲ ဖြစ်လိမ့်မယ်"
"နင် အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတာ၊ နင်၊ နင်က အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတာ"
စုန့်ထောင်ဟုန်တစ်ယောက် ဆန်ကောဖြင့် ဆန်ပြာနေသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
"ပြဇာတ်တွေထဲမှာ သစ္စာရှိတဲ့ ဇနီးမယားကို စွန့်ပစ်တဲ့သူက မိုးကြိုးပစ်ခံရမယ်လို့ ပြောကြတယ်"
"ပြဇာတ်၊ အိုး... ထောင်ဟုန် နင်က ပြဇာတ်တွေတောင် ကြည့်ဖူးတယ်ပေါ့၊ ဒါပေမယ့် ပြဇာတ်ဆိုတာက ပြဇာတ်ပါပဲ၊ ဇနီးမယားကို စွန့်ပစ်လို့ တကယ်ကြီး မိုးကြိုးပစ်ခံရတဲ့သူကို နင် မြင်ဖူးလို့လား၊ တစ်နေ့မှာ အစ်မ မတော်တဆ မြစ်ထဲကျသွားတာမျိုး၊ ဒါမှမဟုတ် အပြင်သွားရင်း ချော်လဲပြီး သေသွားတာမျိုး ဖြစ်လာတဲ့အခါ အဲဒီလူကပဲ အလိုလိုနေရင်း တရားဝင်ဇနီး ဖြစ်လာမှာပေါ့ဟယ်"
စုန့်ထောင်ဟုန်၏ အသံက ပိုတုန်ရင်လာပြီး ဒေါသတကြီး ပြန်ပြောလာသည်။
"စုန့်တင်းရှန်း၊ နင် ငါ့ကို အဲ့လို ခြောက်လှန့်လို့ မရဘူး၊ ကောင်းပြီ... သူ့နှလုံးသားထဲမှာ ငါ့အတွက် နေရာမရှိရင်တောင် ငါတို့ရဲ့ ကျင်းပေါင် ရှိသေးတယ်၊ ကျင်းပေါင်က သူ့ရဲ့ သားအရင်းပဲ"
စုန့်တင်းရှန်းကလည်း တခွန်းမခံ ပြန်တုံ့ပြန်လိုက်သည်။
"ငါက နင့်ကို စေတနာနဲ့ အကြံပေးနေတာ၊ ဘယ်လို လုပ်ပြီး ခြောက်လှန့်တာ ဖြစ်သွားရတာတုန်း၊ နင့်သားကို ပြောနေတာလား၊ ငါ့အစ်မ ဘာဖြစ်ခဲ့တယ်ဆိုတာကို နင်လည်း မြင်ခဲ့တာပဲ၊ တာ့ပေါင်က ရှတာ့ရှန်းရဲ့သား၊ ရှမိသားစုရဲ့ အကြီးဆုံးမြေး၊ ဒါတောင်မှ စွန့်ပစ်ခံလိုက်ရတယ်၊ ရှချမ်းဆိုရင် အခု သူ့မှာ ငွေရော အာဏာရော ရှိနေပြီ၊ သူ့အတွက် ကလေးမွေးပေးချင်တဲ့ မိန်းမတွေ ဘယ်လောက်တောင် များနေလိမ့်မလဲ၊ သားတစ်ယောက်က သူ့အတွက်တော့ ဘာများ အရေးပါမှာလဲ၊ သူသာ သူ့သားကို တကယ် တန်ဖိုးထားတယ်ဆိုရင် နင်တို့ သားအမိကို သူ့ဆီ လာလည်ဖို့ ဘာလို့ တစ်ခါမှ မခေါ်ရတာလဲ"
နောက်ဆုံးတွင် စုန့်ထောင်ဟုန်တစ်ယောက် လုံးဝ တိတ်ဆိတ်သွားတော့သည်။
‘ဟုတ်ပါတယ်၊ တကယ်တော့ သူမ ဒီနှစ်တွေတစ်လျှောက်လုံး သူမကိုယ်သူမ နှစ်သိမ့်ပြီး မသိဟန်ဆောင်နေခဲ့တာပါ။ ရှုချမ်း အိမ်ကို ပြန်ပို့တဲ့ စာတွေမှာ သူမအကြောင်း ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးဘူး၊ သူ ပြန်ပို့လိုက်တဲ့ပစ္စည်းတွေက သူ့မိဘတွေအတွက်ပဲ၊ သူမအတွက် ဒါမှမဟုတ် သူမရဲ့သားအတွက် ဘာမှ မပါခဲ့ဘူး’
စုန့်တင်းရှန်း၏ စကားလုံးများက ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေပြီး သူမ၏ နှလုံးသားကို ခွဲရှလိုက်သလို ဖြစ်နေသည်။ ထိုစကားများထဲမှ ဖိအားများက လျစ်လျူမရှုနိုင်အောင် ဖြစ်နေခဲ့သည်။
"ဒါပေမယ့်... ဒါပေမယ့် ငါ ဘာလုပ်နိုင်မှာလဲ၊ ငါ ဘာလုပ်ရမလဲ"
စုန့်ထောင်ဟုန်က မမျိုသိပ်နိုင်တော့ဘဲ ငိုကြွေးလိုက်သည်။
"ငါက အိမ်အပြင်ကိုတောင် ခဲခဲယဉ်းယဉ်း ထွက်နေရတာ၊ ငါ့မှာ ငွေလည်း မရှိဘူး၊ လီပေါင်း ထောင်ချီဝေးတဲ့ခရီးကို ကျော်ဖြတ်ပြီး သူ့ကို သွားရှာဖို့ ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်၊ ငါ ဘာလုပ်နိုင်မှာလဲ"
"ဘာလို့ ဘာမှ မလုပ်နိုင်ရမှာလဲ"
စုန့်တင်းရှန်း၏ အသံက ကျိန်စာတစ်ခုကဲ့သို့ ထွက်ပေါ်လာပြန်သည်။
"အခု နင်တို့ ရွာမှ သူ့ကို ကူညီဖို့ အရည်အချင်းရှိတဲ့သူတွေ ရွေးချယ်နေတာ မဟုတ်ဘူးလား၊ နင်လည်း နင့်သားကို ခေါ်ပြီး လိုက်သွားလေ၊ မိန်းမသား တစ်ယောက်တည်းမို့လို့ အထီးကျန်တယ်လို့ ခံစားရရင် လမ်းမှာ အဖော်ရအောင် ချောမောတဲ့ အစေခံမလေးတစ်ယောက်လောက် ဝယ်သွားလိုက်ပေါ့၊ မြို့ပေါ်ရောက်လို့ သေချာ ပြင်ဆင်လိုက်ရင် နင်လည်း ကျော့ရှင်းသွားအောင် ဝတ်စားပြင်ဆင်လိုက်၊ အစေခံမလေးကလည်း နင့်အတွက် အပိုဆု ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ခရိုင်တရားသူကြီးဘေးမှာ အမြော်အမြင်ရှိပြီး အကျင့်သီလပြည့်စုံတဲ့ ဇနီးကြီး၊ ချောမောလှပတဲ့ မယားငယ်တွေနဲ့ လိမ္မာတဲ့ သားလေး ရှိနေတာကို သူများတွေ မြင်သွားလိမ့်မယ်၊ ဘယ်သူကများ မဟုတ်ကဟုတ်တွေ တွေးရဲတော့မှာလဲ"
‘ငါက စုန့်ထောင်ဟုန်ကို ဒီနေရာကနေ အမြန်ထွက်သွားစေချင်ပြီး ရှချမ်းကို သွားရှာစေချင်ရုံလေးပါ၊ အဲ့ဒါမှ သူတို့နှစ်ယောက် အချင်းချင်း နှိပ်စက်နေကြပြီး နောက်နောင် ကိစ္စအသေးအမွှားလေးတွေအတွက် ဒီနေရာကို ပြေးမလာနိုင်တော့မှာလေ၊ အဲ့ဒါမှ ငါတို့အားလုံး စိတ်အေးအေးနေရမှာ’
‘စုန့်ထောင်ဟုန် ထွက်သွားပြီးပြီဆိုရင် ကျူးရှီလည်း ဘာလှည့်ကွက်မှ သုံးနိုင်တော့မှာ မဟုတ်ဘူး၊ အဲ့ဒါတောင်မှ ကျူးရှီဘက်က ပြသနာ ရှာရဲသေးရင် ကျူးရှီကိုပါ နှိပ်ကွပ်ပေးလိမ့်မယ်’
စုန့်ထောင်ဟုန်က စုန့်တင်းရှန်းပေးလိုက်သော အိတ်နှစ်လုံးကို ဆုပ်ကိုင်ပြီး ငေးငေးငိုင်ငိုင်ဖြင့် ပြန်ထွက်ခွာသွားသည်။
စုန့်တင်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး အခန်းထဲမှ ပြန်ထွက်ရန် ပြင်နေသော်လည်း စုန့်ယွိလန်၏ ခေါ်သံကို ကြားလိုက်ရသည်။
"အာ့နွီအာ... ဒီကို လာဦး"
စုန့်တင်းရှန်းတစ်ယောက် လျှာလေးထုတ်ပြီး အခန်းထဲသို့ ဝင်သွားရသည်။
စုန့်ယွိလန်က ရက်အနည်းငယ်ကြာအောင် နားပြီးခဲ့ပြီး ဖြစ်ပြီး သူမ၏မျက်နှာလည်း အတော်လေး ပြန်ကြည့်ကောင်းလာခဲ့ပြီ ဖြစ်သည်။ တာ့ပေါင်၏ အဖျားကလည်း ကျသွားခဲ့သည်။ သို့သော်လည်း ကလေးက အတော်လေး ဒုက္ခခံစားခဲ့ရပြီး သူ့၏ကိုယ်ခန္ဓာက အားနည်းနေဆဲပင်။
သားအမိနှစ်ယောက်က အခန်းထဲရှိ ခန်ပေါ်တွင် ကစားနေကြပြီး စုန့်တင်းရှန်း၏ စကားများကို ကြားနေရသောကြောင့် စုန့်ယွိလန်တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်နေရသည်။
"နင်ကတော့လေ... တကယ်ပဲ သူ့ကို အဲဒီလို လှည့်စားလိုက်တာလား"
စုန့်တင်းရှန်းက တခစ်ခစ် ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"အစ်မ၊ သူ့ကို မြင်ရတာ စိတ်အနှောင့်အယှက် မဖြစ်ဘူးလား၊ ရှချမ်းကို သွားနှိပ်စက်ဖို့ လွှတ်လိုက်တာ အကောင်းဆုံးလေ၊ သူ ထွက်သွားပြီဆိုရင် သူ့အမေလည်း ပြဿနာ လာမရှာလောက်တော့ဘူး၊ အဲလိုမှ ကျွန်မတို့လည်း အေးအေးဆေးဆေး နေရမှာ"
စုန့်ယွိလန်က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"ငါသာ အဲဒီတုန်းက နင့်လို ပါးနပ်ခဲ့ရင် အခုလိုအဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး"
"အစ်မကလည်း ဘာလို့ အဲလောက်တောင် တွေးနေတာလဲ၊ အခု အရေးကြီးတာက အစ်မ ကျန်းမာရေး အမြန်ပြန်ကောင်းဖို့ပဲ၊ နွေဦးရာသီရောက်တာနဲ့ ကျွန်မတို့အိမ်မှာ လုပ်စရာတွေ အများကြီး ရှိလာတော့မှာ၊ အရင်က အစ်မ မရှိလို့ ထားပါတော့လေ၊ အခု အစ်မ ပြန်ရောက်လာပြီ၊ ဒါတောင်မှ အလုပ်မလုပ်ဘဲ ဒီအတိုင်း ထိုင်နေချင်လို့လား"
"ထွက်သွားစမ်း၊ ငါက ဘယ်တုန်းက အလုပ်ကို ရှောင်ဖူးလို့လဲ"
စုန့်ယွိလန်က စုန့်တင်းရှန်းကို စနောက်ဟန်ဖြင့် လှမ်းရိုက်လိုက်ပြီး တိုးတိုးလေး ထပ်မေးလိုက်သည်။
"ထောင်ဟုန် တကယ်ကြီး ထွက်သွားမယ်လို့ နင် ထင်လား"
စုန့်တင်းရှန်းက ဘေးနားရှိ စားပွဲပေါ်မှ မြေပဲအချို့ကို ယူကာ ခန်ပေါ်ရှိ စားပွဲပုလေးပေါ်သို့ လှမ်းတင်လိုက်သည်။ သူမက မြေပဲနှစ်တောင့်ကို အခွံနွှာပြီး တာ့ပေါင်ကို ကျွေးနေရင်း ပြန်ဖြေလိုက်သည်။
"စုန့်ထောင်ဟုန် အကြောက်ဆုံးက ဘာလဲဆိုတာ အစ်မ သိလား၊ သူက အရင်ကတည်းက ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းကို မက်မောခဲ့တာ၊ ဒါပေမယ့် ဒါက ရွာလေးတွေလေ၊ သူ ဘယ်လောက်ပဲရှာရှာ အများကြီး ဘယ်ရှိမှာလဲ၊ ရှချမ်းကလွဲပြီး သူ ဘယ်သူ့ကို ထပ်ရှာနိုင်ဦးမှာလဲ၊ ရှချမ်းက သူ ရှာနိုင်တဲ့ တစ်ဦးတည်းသော အရည်အချင်းရှိတဲ့သူပဲ၊ သူ ရှချမ်းနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက် ရလိုက်တော့ သူ့ရဲ့ ကံကောင်းတဲ့ နေ့ရက်တွေ ရောက်လာပြီလို့ သူ ထင်နေမှာပေါ့၊ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ရှချမ်းမှာ စေ့စပ်ထားတဲ့သူ ရှိနေတဲ့အချိန်မှာ သူ ရှချမ်းကို ဖြားယောင်းနိုင်ခဲ့တယ်၊ အခု ရှချမ်းဆိုတဲ့လူ အဝေးမှာ ရှိနေတာလေ၊ သူ တကယ်ပဲ ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ပါ့မလား၊ စုန့်ထောင်ဟုန် အဲ့ဒီကို လိုက်သွားတာနဲ့ ရှချမ်းရဲ့ ဘေးနားမှာ ဝိုင်းနေတဲ့ တခြားမိန်းမတွေကို မြင်ရမှာ၊ သူ စိတ်ချမ်းသာနိုင်ပါ့တော့မလား၊ အိုး... သူတို့နှစ်ယောက် ရန်ဖြစ်ကြမှာကို ကြည့်ဖို့ ကျွန်မ စောင့်တောင် မစောင့်နိုင်တော့ဘူး"
စုန့်ယွိလန်လည်း မရယ်ဘဲ မနေနိုင်တော့ချေ၊
"နင်ကတော့လေ... တကယ်ပါပဲ၊ ငါတို့မိသားစုရဲ့ ဦးနှောက်တွေ နင့်ဆီရောက်သွားတယ်ဆိုလို့ ငါ ကြားခဲ့ရတယ်၊ အဲ့တုန်းက ငါ မယုံခဲ့ဘူး၊ အခုတော့ ငါ သိသွားပြီ၊ အဲဒါ မှန်တယ်၊ နင်က အရမ်း ဉာဏ်များတာပဲ"
စုန့်တင်းရှန်းက နှာမှုတ်လိုက်ရင်း ပြန်ပြောလိုက်သည်။
"ဟွန့်.... အဲဒီတုန်းက ကျွန်မကို အနိုင်ကျင့်ဖို့ ဘယ်သူက သူ့ကိုပြောခဲ့လို့လဲ၊ ကျွန်မကို အနိုင်ကျင့်ပြီးမှ ကောင်းကောင်းမွန်မွန် နေသွားရမယ်လို့ ထင်နေကြတာလား၊ အဲဒါက အဲဒီလောက် မလွယ်ဘူးလေ၊ သူတို့ဘာသာ အေးအေးဆေးဆေး နေရင်တော့ တစ်မျိုးပေါ့လေ၊ အခုတော့ သူတို့က ကျွန်မရဲ့လမ်းကို လာလာပိတ်နေတယ်၊ ကျွန်မ တကယ် သည်းမခံနိုင်တော့ဘူး"
‘လူကြီးလူကောင်းတစ်ယောက်အတွက် ကလဲ့စားချေဖို့ဆိုတာက ဆယ်နှစ်ကြာရင်တောင် နောက်မကျသွားဘူးလို့ ပြောကြတယ်လေ၊ ဒါပေမယ့် ဘာလို့ ကိုယ့်လက်ကို အညစ်ပေခံရမှာတုန်း၊ သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိ တိုက်ခိုက်ခိုင်းလိုက်မယ်၊ အဲဒါကမှ မင်းရဲ့ဒေါသကို တကယ်ထုတ်ဖော်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ’
ယနေ့ စုန့်ထောင်ဟုန် ရောက်လာရသည့် အဓိကရည်ရွယ်ချက်က သူမနှင့် စုန့်တင်းရှန်းတို့မိသားစုအကြား ဆက်ဆံရေး အဆင်ပြေနေဆဲဖြစ်ကြောင်း ရှမိသားစုအား ပြသရန် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် စုန့်မိသားစုဘက်၌ ရှချမ်း၏ မိဘများအား အပြစ်ပုံချပြီး သူမတွင် အပြစ်မရှိကြောင်း လေပြေသွေးရန် ဖြစ်သည်။
စုန့်တင်းရှန်းဘက်တွင်လည်း သူမက ထိုလူနှစ်ဦးကို ပြဿနာဖြစ်အောင် အလွယ်တကူ လုပ်နိုင်သော်လည်း သူမက သူမ၏ မိသားစုဝင်များနှင့် အခြားသော စုန့်မျိုးနွယ်ဝင်များ၏ ဂုဏ်သိက္ခာကို အမှန်တကယ် ဂရုစိုက်ခဲ့သည်။
ရှချမ်းက စုန့်ထောင်ဟုန်အား အမှန်တကယ် ချစ်မြတ်နိုးသည်ဟု သူမ မယုံကြည်သလို စုန့်ထောင်ဟုန်ကလည်း သူမ၏ မရေရာသော တရားဝင်ဇနီး နေရာကို ကျေနပ်ပြီး အိမ်တွင် ထိုင်နေမည့်သူ မဟုတ်ပေ။ သူတို့နှစ်ယောက်စလုံးက လှည့်ဖြားတတ်သူများ ဖြစ်ကြပြီး သူတို့နှစ်ယောက် အတူတူ ရှိနေမှသာ ဇာတ်လမ်းကောင်းလေးများ ဖြစ်ပေါ်လာပေလိမ့်မည်။
ယနေ့တွင် သူမ၏ယောင်းမများက သူတို့၏ခင်ပွန်းများနှင့် သားများကို ခေါ်ကာ မိဘအိမ်သို့ ပြန်သွားကြပြီး အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေသည်။
ဖန့်ရှီက ကျန်ရှိနေသော အသားလုံးများနှင့် ဟင်းသီးဟင်းရွက်ချဉ်များကို ရောချက်လိုက်ပြီး ခဲနေသော မုန့်ပေါင်းနှင့် ဖက်ထုပ်များကို ပြန်နွှေးလိုက်သည်။ ထို့နောက် ခရမ်းသီးဟင်းတစ်ခွက်ချက်ကာ သူမ၏ခင်ပွန်း အရက်နှင့် မြည်းရန် မြေပဲဆံတစ်ပန်းကန် ကြော်ပေးပြီး နေ့လယ်စာကို အဆင်ပြေသလို ရိုးရိုးရှင်းရှင်း ပြင်ဆင်လိုက်သည်။
ကြက်ကင်ကိုတော့ မည်သူကမျှ မစားချင်ဘဲ နောင်ပိုင်း လက်ဆောင်အဖြစ် ပြန်ပေးရန် မီးဖိုချောင်ထဲ၌ သိမ်းထားလိုက်ကြသည်။
ပိုင်ရှီက သူမဘာသာ သီးသန့်စားရသည်။ သူမက မြစ်ငါးကြင်းနှင့် တို့ဟူးကို ရောချက်ထားသည့် ဟင်းရည်ကို သောက်နေရပြီး မီးနေသည် စားမဝင်မည်ကို စိုးသောကြောင့် အရသာရှိစေရန် စုန့်တင်းရှန်း ပြင်ဆင်ပေးထားသော ခုနစ်မျိုးစပ်အမွှေးအကြိုင်မှုန့်နှင့် ပဲငံပြာရည်တို့ကို ထည့်ချက်ပေးထားသည်။
လျိုရှီကလည်း လေးရက်နေ့အထိ ဤအိမ်၌သာ နေထိုင်ရန် စီစဉ်ထားသော်လည်း ထမင်းဝိုင်းတွင် လာမထိုင်တော့ဘဲ သမီးဖြစ်သူနှင့်အတူ စားရန် ထမင်းတစ်ပန်းကန်သာ ယူသွားခဲ့သည်။
ဟူထောင်က အပြင်၌ ဗိုက်ဝအောင် စားသောက်ပြီးမှ ပြန်ရောက်လာသည်။ သူက ချွေးများ ရွဲနေသော မျက်နှာနှင့် လက်ကို ဆေးကြောပြီး စိတ်လှုပ်ရှားဟန်ဖြင့် ခန်ပေါ်သို့ တက်သွားပြန်သည်။
"အဖိုး၊ ကျွန်တော် ရွာထဲမှာ လိုက်မေးကြည့်ပြီးပြီ၊ ကျွန်တော်တို့ ရွာမှာ ကျွန်တော်က အငယ်ဆုံး ဆိုင်ရှင်တဲ့၊ အားလုံးက ကျွန်တော့်ကို မနာလို ဖြစ်နေကြပြီ"
စုန့်ရှင်းယိက မြေးဖြစ်သူ၏ ပုခုံးကို ဖက်ကာ အပြုံးကြီးကြီးဖြင့် ချီးကျူးပေးလိုက်သည်။
"တော်တယ်၊ တော်တယ်၊ ငါ့မြေးတွေက အရမ်းတော်တယ်၊ တစ်ယောက်က ဆိုင်ရှင် လုပ်နိုင်သလို နောက်တစ်ယောက်ကလည်း စာသင်နိုင်တယ်၊ နောက်ကျရင် နှစ်ယောက်လုံး ဒီထက်ပိုပြီး အောင်မြင်လာကြမှာ သေချာတယ်"
"အဖိုး၊ ကျွန်တော်လည်း တော်ပါတယ်နော်၊ ကျွန်တော်လည်း ဦးလေးကို ကူညီပေးနိုင်ခဲ့တယ်"
တုတန်ကလည်း သူ့လက်ကို မြှောက်ပြလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ အပြင်တွင် အလုပ်လုပ်ခဲ့ရပြီး ပို၍ တက်ကြွလန်းဆန်းလာပုံရကာ အရပ်လည်း ပိုရှည်လာသောကြောင့် ပိုကြည့်ကောင်းလာခဲ့သည်။
"တော်ကြတယ်၊ ငါတို့ကလေးတွေ အကုန်လုံး တော်ကြတယ်၊ အိုက်ယား... ဒါပေမယ့် ဒါတွေအားလုံးအတွက် မင်းတို့ အစ်မ၊ မင်းတို့ အဒေါ်ကို ကျေးဇူးတင်ရမယ်၊ သူသာ မရှိရင် မင်းတို့လည်း အခုထိ လယ်စိုက်နေရဦးမှာပဲ"
စုန့်ရှင်းယိက ရယ်မောရင်း ထပ်ပြောလိုက်သည်။
ကလေးနှစ်ယောက်က စုန့်တင်းရှန်းဆီသို့ ပြေးသွားကြပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် ဟူထောင်က ထပ်မေးလာခဲ့သည်။
"အစ်မ၊ ကျွန်တော်တို့ ဆိုင်က တခြား ပစ္စည်းအသစ်လေးတွေရော တင်လို့ရမလား"
စုန့်တင်းရှန်းက မြေပဲတစ်စေ့ စားနေရင်း ပြန်မေးလိုက်သည်။
"ဘာလဲ၊ အခု ပစ္စည်းတွေက မရောင်းရလို့လား"
"ရောင်းလို့ မလောက်လို့ပါ၊ ကျွန်တော်တို့ ပုံမှန်ရောင်းနေကျ ကုန်ပစ္စည်းက အရမ်းနည်းတယ်လေ၊ အဲ့ကုန်ပစ္စည်းတွေ ရောင်းကုန်သွားရင် ဘာမှ မကျန်တော့ဘူး၊ ကျွန်တော် သိချင်တာက ကုန်ပစ္စည်း မပြတ်သွားဘဲ အမြဲရောင်းလို့ရမယ့်ဟာမျိုး ရှိနိုင်လား၊ အခု ကုန်ပစ္စည်းအနည်းငယ်နဲ့ ဆိုင်ကိုတောင် မဖြည့်နိုင်ဘူး"
စုန့်ဟူထောင်က သူ့ဆိုင်တွင် အရောင်းသွက်နေခြင်းကို ဝမ်းသာနေသော်လည်း ကုန်ပစ္စည်းအများစုက ရာသီစာများ ဖြစ်နေပြီး ကြာရှည်မရောင်းနိုင်သောကြောင့် အားမလိုအားမရ ဖြစ်နေလေသည်။
"ဟုတ်ပါပြီ၊ ဘယ်လို ကုန်ပစ္စည်းမျိုးက ပစ္စည်းမပြတ်ဘဲ အမြဲရောင်းနိုင်မလဲဆိုတာ အစ်မ စဉ်းစားကြည့်ပါဦးမယ်"
စုန့်တင်းရှန်းက နောက်ထပ် မြေပဲတစ်စေ့ကို ထပ်စားလိုက်ပြီး ရုတ်တရက် အကြံတစ်ခု ရသွားပုံဖြင့် စုန့်ရှင်းယိကို ကြည့်ကာ လှမ်းမေးလိုက်သည်။
"အဖိုး၊ သမီးတို့ အိမ်က မြေပဲတွေ အများကြီး ကျန်နေသေးလား"
"အများကြီး ရှိသေးတယ်၊ မနှစ်က သိပ်မရောင်းရဘူးလေ၊ အိုက်ယား... မင်း တစ်ခုခု စဉ်းစားနေတာဆိုရင်တော့ ပန်းဂျုံတွေလည်း အများကြီး ရှိသေးတယ်၊ မင်း ဘာအကြံရလို့လဲ"
စုန့်ရှင်းယိက အရက် တစ်ငုံသောက်ရင်း ကျေနပ်နေပုံရသည်။
စုန့်ကျစ်ရွှမ်းက စုန့်ကျစ်ယွမ်ကို လှမ်းပြောလိုက်သည်။
"အခု တကယ်ကို အဆင်ပြေသွားပြီ၊ ကျွန်တော်က စာသင်မှ ကျွန်တော်တို့မိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်ထားခဲ့တာ၊ အခုတော့ အဖေနဲ့ အမေအတွက် အရာရာကို စဉ်းစားပေးနေတာက အာ့နွီ ဖြစ်နေပြီ၊ ကျွန်တော်စိတ်ထဲမှာ ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်နေမိတယ်"
စုန့်ရှင်းယိက အားရပါးရ ရယ်မောရင်း ပြန်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောမနေနဲ့၊ မင်းတူမ ငွေရှာနေတာက မင်း စာသင်ဖို့အတွက်လည်း ပါတယ်မဟုတ်ဘူးလား၊ မင်း စာသင်လို့ အရာရှိဖြစ်လာရင်သာ မင်းတူမရဲ့ ကြင်နာမှုကို မေ့မသွားနဲ့၊ ငါ ပြောထားမယ်၊ ငါတို့က ကျေးဇူးကန်းတဲ့သူတွေ မဟုတ်ဘူး"
"အိုက်ယား အဖေ.... ကျွန်တော် စကားမှားသွားလို့ပါ၊ ကျွန်တော်က အဆူခံရဖို့ ထိုက်တန်ပါတယ်"
စုန့်ကျစ်ရွှမ်းက သူ့ပါးကိုသူ ခပ်ဖွဖွ ရိုက်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော်က အားကျလို့ ပြောမိတာပါဗျာ"
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"စာသင်တာ အသုံးမဝင်ဘူးလို့ မပြောပါနဲ့၊ တကယ်တော့ စာသင်တာက အရမ်းအသုံးဝင်တယ်၊ သမီးလည်း စာဖတ်ရင်းနဲ့ အကြောင်းအရာ တော်တော်များများ နားလည်လာခဲ့တာ၊ လယ်သမားတွေ စာသင်ဖို့ မလိုဘူးလို့ ထင်ရပေမယ့် စာအုပ်တွေထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာလေ၊ စာဖတ်ရင် အကျိုးကျေးဇူးတွေ ရလာမှပါ၊ ဒါပေမယ့် အခုချိန်မှာ အဲဒီလို စာအုပ်မျိုးတွေ နည်းလွန်းနေသေးတယ်၊ နောင်ကျရင် တစ်ယောက်ယောက်က လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို စုစည်းပြီး စာအုပ်တစ်အုပ် ရေးပေးနိုင်မယ်ဆိုရင် တောင်သူတွေလည်း ပိုကောင်းတဲ့ သီးနှံတွေ စိုက်ပျိုးနိုင်ကြမယ်၊ အဲလို့ဆိုရင် ပိုပြီး ကောင်းမသွားဘူး"
"ငါ့မြေးမလေးကို ကြည့်စမ်းပါဦး၊ အရမ်းဉာဏ်ကောင်းတဲ့ ကလေးပဲ"
စုန့်ရှင်းယိ၏ စိတ်လှုပ်ရှားနေသော မျက်နှာက ပိုနီမြန်းလာပြီး အားရပါရ ထောက်ခံနေသည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ လယ်သမားက လယ်စိုက်ရုံသက်သက်ပဲလို့ ဘယ်သူက ပြောလို့လဲ၊ လယ်စိုက်တာကလည်း ကျွမ်းကျင်မှုတွေ လိုတာပေါ့၊ ဒီအတိုင်း ဇွတ်မှိတ်စိုက်နေလို့ ဘယ်ကနေ သီးနှံအထွက်ကောင်းလာမှာလဲ"
စုန့်ကျစ်ရွှမ်းက ထိုစကားကို သေသေချာချာ နားထောင်နေခဲ့ပြီး စဉ်းစားနေဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေပြန်သည်။
"အာ့နွီ ပြောတာ မှန်တယ်၊ လယ်မြေထဲမှာလည်း စိုက်ပျိုးဖို့ လိုအပ်တဲ့ ဗဟုသုတတွေ အများကြီး ရှိတယ်၊ နောင်တစ်ချိန်က ကျွန်တော် အရာရှိဖြစ်လာရင် ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ကြိုးစားမှာပါ၊ ပြည်သူတွေက ဘာကို အားကိုးနေရလဲ၊ လယ်မြေနဲ့ ကောက်ပဲသီးနှံကိုပဲ မှီခိုနေရတာ မဟုတ်ဘူးလား"
လူကြီးများက စိုက်ပျိုးရေးကိစ္စများကို ဆွေးနွေးနေသောကြောင့် စုန့်ဟူထောင်တစ်ယောက် စိတ်မရှည်တော့ဘဲ ဝင်ပြောလိုက်ပြန်သည်။
"အစ်မ၊ ကျွန်တော်က ငွေဘယ်လိုရှာရမလဲပဲ သိချင်တာ"
စုန့်တင်းရှန်းက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"အနောက်မြောက်ဘက်မှာ အဆာပြေ စားစရာတစ်ခု ရှိတယ်လို့ ငါ ကြားဖူးတယ်၊ ပန်းဂျုံမှုန့်ကို ဂျုံဖြူမှုန့် နည်းနည်း ရောပြီး ရေနဲ့ဖျော်၊ ပြီးရင် အနှစ် ဖြစ်အောင်လုပ်၊ အဲဒါကို ဒယ်အိုးထဲမှာ ထည့်ပေါင်းပြီး အေးအောင်ထား၊ ပြီးရင် အမျှင်လေးတွေ လှီးပြီးတော့ သခွားမျှင်တို့ ရှာလကာရည်တို့ နှမ်းဆီတို့နဲ့ ရောနယ်ရတယ်၊ အဲဒါကို အရံဟင်းအနေနဲ့ရော အဓိကအစားအစာအနေနဲ့ရော စားလို့ရတယ်၊ စားလိုက်ရင် လူကို အရမ်း လန်းဆန်းစေတယ်၊ ဒီနှစ်တော့ ငါတို့ အဲဒါမျိုးတွေ လုပ်ရောင်းကြမယ်"
"အဲ့ဒါက လတ်လတ်ဆတ်ဆတ် ချက်ပေးရမှာမျိုး မဟုတ်ဘူးလား၊ အကြာကြီး အထားခံလို့လား"
ဖန့်ရှီက စိုးရိမ်တကြီး ဝင်မေးလိုက်သည်။
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"ရာသီဥတု အေးတဲ့အချိန်မျိုးကတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ပူလာရင်တော့ လတ်လတ်ဆတ်ဆတ်ပဲ လုပ်ရမှာပေါ့၊ မြို့ထဲက ဆိုင်မှာ အစ်မကို ကူခိုင်းမလို့ စဉ်းစားထားတာ၊ တကယ်လို့ အရမ်းအလုပ်များနေရင်လည်း တခြားယောင်းမတစ်ယောက်ကို ကူခိုင်းလို့ ရတယ်"
အမှန်တကယ်တွင် စုန့်တင်းရှန်းက ခေါက်ဆွဲအေး(လျန်ဖီ) လုပ်ချင်နေသော်လည်း ယခုခေတ်၌ ဂျုံမှုန့်က ဈေးကြီးလွန်းသောကြောင့် ထိုအကြံကို စွန့်လွှတ်လိုက်ရသည်။ ဂျုံက အခွန်ဆောင်ရန်မှလွဲ၍ အိမ်တွင် စားရန်သာ အဓိကထား စိုက်ပျိုးသောကြောင့် ခေါက်ဆွဲအေးလုပ်ခြင်းက ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
အိမ်တွင် ပန်းဂျုံများ အများကြီး ရှိနေပြီး ပန်းဂျုံဖက်ထုပ်နှင့် ပန်းဂျုံခေါက်ဆွဲများ လုပ်ခြင်းကသာ ပို၍ အဆင်ပြေသော အဆာပြေစာ ဖြစ်လာပေလိမ့်မည်။
ကျန်းရှီက ခဏမျှ စဉ်းစားပြီး ဝင်ပြောလိုက်သည်။
"ဟူး... တစ်ယောက်က ကိုယ်ဝန်နဲ့၊ နောက်တစ်ယောက်ကလည်း အလုပ်ရုံမှာ အလုပ်များနေတာ၊ အိမ်မှာလည်း လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ မြို့ထဲကို သွားဖို့ အချိန်က ဘယ်မှာလဲ"
ဖန့်ရှီကလည်း ဝင်ပြောလိုက်သည်။
"နင့်ယောင်းမကလည်း ကျန်းမာရေး သိပ်မကောင်းဘူး၊ အခုလည်း ကိုယ်ဝန်အရင့်အမာ ဖြစ်နေပြီ၊ မွေးဖို့က နှစ်လလောက်ပဲ လိုတော့တာ၊ ကလေးမွေးပြီးရင် ပိုတောင် အလုပ်များလာဦးမယ်"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"အိမ်မှာလည်း လုပ်စရာတွေ အများကြီး ရှိတယ်၊ သမီးတို့ဆီမှာ မြေပဲတွေလည်း အများကြီး ရှိသေးတယ် မဟုတ်လား၊ မြေပဲတွေကို ဆားရည်ထဲမှာ စိမ်၊ ပြီးရင် အခြောက်ခံပြီးတော့ အရသာရှိလာတဲ့အထိ လှော်ရမယ်၊ ဒီလိုလုပ်ရင် တိုက်ရိုက်လှော်တာထက် ပိုစားလို့ကောင်းသလို ပို သန့်ရှင်းတယ်၊ လက်လည်း မပေတော့ဘူး၊ အဲ့ဒါက အကြာကြီး ရောင်းလို့လည်း ရတယ်၊ အိမ်က မြေပဲတွေ ကုန်သွားရင်တောင် တခြားသူတွေဆီက ဝယ်လို့ရတာပဲ၊ အဆင်သင့်ဖြစ်ပြီဆိုရင် ဆိုင်မှာ တင်ရောင်းလို့ ရပြီ၊ တစ်နှစ်ပတ်လုံး မြေပဲ ရှိနေသရွေ့ ဝင်ငွေ ပြတ်သွားမှာ မဟုတ်ဘူး"
လီရှီက မနေနိုင်ဘဲ ဝင်ပြောလာပြန်သည်။
"အာ့နွီကတော့ အမြဲတမ်း စားဖို့ပဲ တွေးနေတာပဲ၊ မြေပဲကိုတောင်မှ... ရောင်းချင်သေးတယ်၊ ငါတို့မိသားစုထဲမှာ ဘယ်သူက ဒါမျိုး လုပ်နိုင်လို့လဲ"
စုန့်တင်းရှန်းက ပြောလိုက်ပြန်၏။
"တကယ်တော့ သမီးမှာ အကြံတစ်ခု ရှိတယ်၊ ဒါပေမယ့် အဖိုးတို့ အဖွားတို့ အဖေတို့နဲ့ ဦးလေးတို့မှာ ဆန္ဒရှိ မရှိတော့ သမီး မသိဘူး"
........။.......။.....
စာရေးသူ၏ မှတ်ချက်:
စုန့်တင်းရှန်း : လူသတ်တာက မိုက်မဲတဲ့ အလုပ်ပဲ၊ ငါကတော့ ပွဲကြည့်ရင်း အဆာပြေ စားစရာလေးတွေပဲ စားနေမှာ၊ ဒါကမှ ငါ့လက်ကို အပေမခံဘဲ ကလဲ့စားချေတယ်လို့ ပြောလို့ရမှာ၊ တကယ့်ကို ပြီးပြည့်စုံပြီး ခံစားချက်ကို ကောင်းမွန်စေတယ်။