အလွန်အမင်း တောင်းဆိုခြင်း
Vol. 7 Ch. 62
စုန့်တင်းရှန်း စကားစလိုက်သည်နှင့် ကျန်ရှိနေသူအားလုံးက ကျောဆန့်ကာ သူမကို အလေးအနက် စိုက်ကြည့်လိုက်ကြသည်။
စုန့်တင်းရှန်းလည်း အံ့အားသင့်သွားပြီး ရယ်မောလိုက်ရသည်။
"ဘာလို့ အားလုံးက သမီးကို အဲ့ဒီလိုမျိုး ဝိုင်းကြည့်နေကြတာလဲ၊ သမီးကို ကြောက်အောင်လုပ်နေကြတယ်၊ ရင်တုန်လွန်းလို့ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး"
လီရှီက သူမ၏ကျောကို ပုတ်ပေးရင်း ပြောရန် တိုက်တွန်းလိုက်သည်။
"နင်က ကြောက်တတ်သေးလို့လား၊ နင် သူများကို ပြန်မခြောက်ရင်ပဲ တော်လှပြီ၊ ကဲ... မြန်မြန်ပြောစမ်းပါ၊ အချိန်ဆွဲမနေနဲ့တော့"
ထိုအချိန်မှ စုန့်တင်းရှန်းက စပြောလိုက်သည်။
"အခု သမီးတို့ မိသားစုမှာ လုပ်စရာတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာပြီ၊ အလုပ်တွေ များလာတာနဲ့အမျှ အားလုံးက ပိုရှုပ်ထွေးပြီး စီမံခန့်ခွဲရဖို့ ပိုခက်လာလိမ့်မယ်၊ အခု အစ်မလည်း ပြန်ရောက်လာပြီဆိုတော့ အိမ်မှာ ရှိတဲ့ အလုပ်တွေကို ခွဲဝေပေးသင့်ပြီလို့ သမီး တွေးမိတယ်၊ ဒါက သမီးရဲ့ အတွေးသက်သက်ပဲ ရှိသေးတယ်၊ ဒါကို ဆက်လုပ်ဖို့ အဖိုးနဲ့ အဖွားရဲ့ သဘောတူညီချက် လိုနေသေးတယ်"
လီရှီက တိုက်တွန်းလိုက်ပြန်သည်။
"အိုက်ယား... အာ့နွီ ပြောမှာကိုသာ ပြောစမ်းပါ၊ နင် ဘယ်လို ခွဲဝေချင်လဲ၊ ဒါပေမယ့် ကြိုပြောထားမယ်နော် ငါနဲ့ နင့်အဖိုးက အသက်ကြီးနေပြီ၊ ကလေးတွေကို ဂရုစိုက်ပေးတာလောက်ပဲ ကူပေးနိုင်မယ်၊ ငါတို့ အလုပ်လုပ်နိုင်မယ်လို့တော့ နင် မမျှော်လင့်ထားနဲ့၊ ငါတို့က အေးအေးဆေးဆေးနဲ့ အနားယူဖို့ စဉ်းစားထားပြီးပြီ"
သူမ၏ ဆိုလိုရင်းက ရှင်းလင်းလှပြီး သားသမီး၊ မြေးမြစ်များ၏ အရေးကိစ္စများတွင် ဝင်ရောက် မစွက်ဖက်လိုခြင်းပင်။
စုန့်တင်းရှန်းက ခေါင်းညိတ်ရင်း စပြောလိုက်သည်။
"အခု ဟူထောင်နဲ့ တုတန်က မြို့ထဲက ဆိုင်ကို ကြည့်ပေးနေတယ်၊ ဆိုင်ထဲက ပစ္စည်းတွေကလည်း သိပ်မစုံဘူးလို့ သူတို့ ပြောလာကြပြီ၊ အဲ့စကားက မမှားဘူး၊ သမီးတို့ ဆိုင်က သိပ်မသေးဘူး၊ အခု ရှိနေတဲ့ ပစ္စည်းလေးတွေလောက်နဲ့ ဆိုင်ခန်း မပြည့်နိုင်ဘူး၊ ဒါပေမယ့် သမီးဆိုင်က အစားအသောက်ရောင်းတဲ့ဆိုင် ဖြစ်နေတော့ တခြားကုန်ပစ္စည်းတွေ ရောင်းဖို့ကျတော့လည်း နည်းနည်း ခက်ခဲတယ်၊ အဲဒါကြောင့် နောက်ထပ် ဆိုင်တစ်ဆိုင် ထပ်ဝယ်ချင်တယ်၊ သိပ်မကြီးတဲ့ ခပ်သေးသေးဆိုင်လေး တစ်ဆိုင်ပေါ့၊ နောက်ဖေးခြံဝင်း မပါလည်း ရတယ်၊ ကုန်စုံပစ္စည်းတွေ သီးသန့်ရောင်းနိုင်ရင် အဆင်ပြေပြီ”
ဖန့်ရှီက သိချင်ဇောဖြင့် ဝင်မေးလိုက်သည်။
"ဒါဆို နင့်ဆိုင်ကရော ဘယ်လိုလုပ်မှာလဲ"
"သမီးရဲ့ဆိုင်မှာတော့ စားစရာတွေပဲ သီးသန့်ရောင်းမယ်၊ ပြောရရင် ပန်းဂျုံမုန့်တို့၊ မြေပဲလှော်တို့လို စားစရာတွေပေါ့၊ နောက်ဆိုရင်လည်း နောက်ထပ် စားစရာအသစ်တွေ ထပ်တိုးလို့ ရမယ်၊ ဘာပဲဖြစ်ဖြစ် ဆိုင်ရဲ့ နောက်ဖေးမှာ ရေတွင်း ရှိနေတော့ ချက်ပြုတ်ရတာလည်း အဆင်ပြေတာပါပဲ"
စုန့်ဟူထောင်က သူ့ခေါင်းကို ကုတ်ရင်း ဝင်မေးလိုက်သည်။
"ဒါဆို အစ်မက ကျွန်တော့်ကို ဆိုင်အသေးလေးတစ်ဆိုင်ပဲ ပေးတော့မှာလား"
"အင်း၊ ငါ နင့်ကို ဆိုင်အသေးဆီ ပြောင်းပေးဖို့ စဉ်းစားထားတယ်၊ ဒါပေမယ့် အဲဒီဆိုင်အတွက် မိဘတွေက ငွေစိုက်ထုတ်ရမှာ၊ ဝယ်သူ နာမည်ကိုလည်း ကြိုက်တဲ့သူနာမည်နဲ့ဝယ်၊ သမီးနာမည်နဲ့တော့ ဝယ်လို့ မဖြစ်တော့ဘူး၊ ပြီးတော့ သမီး ဟင်းရွက်ချဉ်တွေနဲ့ ငရုတ်အနှစ်တွေ ပိုလုပ်ဖို့ တွေးထားတယ်၊ သမီးတို့ မိသားစုကနေ ထွက်တဲ့ အသီးအရွက်ခြောက်တွေနဲ့ သစ်သီးခြောက်တွေကိုလည်း ဆိုင်မှာ အပြည့်တင်ထားပြီး ဝေဝေဆာဆာ ခင်းကျင်းပြီးမှ ရောင်းချချင်တာ"
စုန့်ရှင်းယိက ဝင်ပြောလိုက်သည်။
"အဲဒါကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ဒီအသီးအရွက်ခြောက်တွေနဲ့ သစ်သီးခြောက်တွေက အသစ်အဆန်း မဟုတ်ဘူးလေ၊ မင်း...."
စုန့်တင်းရှန်းက စကားဖြတ်ပြောလိုက်သည်။
"ဟင်းရွက်ချဉ်တွေနဲ့ ပဲငံပြာရည်တွေကလည်း အသစ်အဆန်း မဟုတ်ပါဘူး၊ ဒါပေမယ့် လူတွေက ကျွန်မတို့ဆိုင်ကို ပစ္စည်း ဝယ်ဖို့ ရောက်လာပြီး အဲ့ဒါတွေကို တစ်ခါတည်း ဝယ်သွားကြတာ မဟုတ်ဘူးလား၊ နောင်ကျရင် ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွားတို့ဆီကနေ ချည်ထိုးပုဝါတွေ၊ ခြုံထည်တွေ၊ ဖိနပ်အပေါ်ပိုင်းတွေ၊ အပေါ်ထပ်အင်္ကျီတွေနဲ့ ပန်းထိုးအိတ်လေးတွေအပြင် တခြားသူတွေ ရောင်းချင်တာမှန်သမျှ အဲဒီဆိုင်မှာ တင်ရောင်း ကြတယ်၊ ဒီလိုဆိုရင် ပစ္စည်းအမျိုးအမည်တွေ ပိုများလာမှာ သေချာတယ်"
စုန့်ရှင်းယိက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"အခုလို တွေးလိုက်တော့လည်း ကျိုးကြောင်းဆီလျော်ပြီး အဓိပ္ပာယ်ရှိသားပဲ၊ ဒါဆို နင်ရဲ့ ဆိုင်ကြီးမှာကျတော့ရော ခုနကပြောတဲ့ ပန်းဂျုံမုန့်နဲ့ မြေပဲတွေပဲ ရောင်းမှာလား၊ ဒါမှမဟုတ် တခြားဟာတွေရော ရောင်းဦးမှာလား"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"အဲ့ဒါတွေတင် ဘယ်ကမလဲ၊ မနှစ်က သမီးတို့ရဲ့ ယိုတွေ သိပ်ပြီး ရောင်းအား မကောင်းခဲ့ဘူး မဟုတ်လား၊ သမီး အစ်မကို ယိုနဲ့လုပ်တဲ့ အဆာပြေမုန့်လေးတွေအပြင် ဒီမှာမရှိသေးတဲ့ ရိုးရှင်းတဲ့ မြေအိုးဟင်းချက်နည်းတွေ သင်ပေးဖို့ စဉ်းစားထားတယ်၊ သမီးရဲ့ဆိုင်ကို အစ်မဆီ အပ်ထားလိုက်မယ်၊ ဒါဆို အစ်မလည်း အိမ်မှာ ပျင်းမနေရတော့ဘူးပေါ့"
ဖန့်ရှီက ခေါင်းညိတ်ရင်း ဝင်မေးလိုက်ပြန်သည်။
"အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် နင့်အစ်မ တစ်ယောက်တည်း မြို့ထဲမှာ နေရမှာဆိုရင် နည်းနည်းအခက်တွေ့နိုင်တယ် မဟုတ်ဘူးလား"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"ဘာအခက်တွေ့စရာ ရှိလို့လဲ၊ မြို့ထဲမှာ ဦးလေးအငယ်ဆုံးရှိနေသလို သူကြွယ်ကြီးဝမ်ရဲ့ မိသားစုကလည်း ကူညီပေးနေတာပဲလေ၊ ညဘက်ကတော့ ဟူထောင်နဲ့ တုတန်က အဲဒီမှာ သွားအိပ်ကြပေါ့၊ ပြီးတော့ ရွာထဲက အဒေါ်ကြီးတစ်ယောက်ကို ဆိုင်မှာ ကူပေးဖို့ ငှားလိုက်မယ်၊ ရွာထဲက အလုပ်ကြိုးစားတဲ့ ကောင်လေး တစ်ယောက်နှစ်ယောက်ကို စားပွဲထိုးအဖြစ် ခန့်ထားလိုက်မယ်၊ ဒါဆို လူအင်အား လုံလောက်သွားပြီ၊ ဆိုင်ရဲ့ နောက်ဖေးမှာ ဝင်းအကျယ်ကြီးရှိတယ်လေ၊ အခန်းတွေလည်း အများကြီး ရှိတော့ လူတိုင်း အိပ်ဖို့ နေရာလုံလောက်တယ်၊ နောက်တစ်ခုက တာ့ပေါင်လည်း အရမ်းမငယ်တော့ဘူး၊ သူလည်း ဟူဇီနဲ့အတူ စာသင်ဖို့ သွားသင့်နေပြီ၊ စာသင်ပြီး ပြန်လာရင် ဆိုင်မှာ ကူပေးလို့ ရတယ်၊ သူလည်း မပျင်းရတော့ဘူး"
ကျန်းရှီက စဉ်းစဥ်းစားစား ဝင်ပြောလာပြန်သည်။
"ဟုတ်တယ်၊ ဒီနှစ်အနည်းငယ်အတွင်းမှာ ငါတို့ ငွေနည်းနည်း ရှာနိုင်ခဲ့တယ်၊ ကလေးတွေကို ကျောင်းပို့သင့်နေပြီ၊ တာ့ဖန်း... မင်းရဲ့သားလည်း ကျောင်းသွားခိုင်းလိုက်၊ ကလေးတွေ အဖော်ရတယ်၊ ကျောင်းဆင်းရင်လည်း သူတို့ ဝိုင်းကူနိုင်တာပဲ"
ချောင်လျိုအာနှင့် ကျင်းချောင်းအာတို့က အကြိမ်ကြိမ် ခေါင်းညိတ်ပြနေကြသည်။ မသူတို့၏ ကလေးများက ငါးနှစ်၊ ခြောက်နှစ် အရွယ်များသို့ ရောက်လာကြပြီဖြစ်ရာ ပညာသင်ကြားရန် အချိန်တန်နေပြီ ဖြစ်သည်။
စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။
"အဲ့ဒါက မြို့ထဲကဆိုင်အတွက် အစီအစဉ်ပါ၊ ဒါပေမယ့် သမီးတို့ မိသားစုအတွက်ကတော့... ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖွားတို့က သိုးမွေးအလုပ်ရုံကို ကူညီစီမံပေးနေတယ်ဆိုပေမယ့် ဘာပဲဖြစ်ဖြစ် အလုပ်ရုံက သမီးတို့ မိသားစုပိုင်တာလေ၊ အဲဒါကြောင့် ယောင်းမချောင်းအာကို အဲ့ဒီအလုပ် လွှဲယူစေချင်တယ်၊ စာရင်းအင်းပညာကိုတော့ သင်ယူရမယ်၊ အကြံသစ်တွေ ထုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ"
ကျင်းချောင်းအာက မှင်တက်သွားပြီး လက်ကို အလျင်အမြန် ခါယမ်းကာ ငြင်းဆန်နေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါ... ဒါက နင့်အလုပ်ရုံလေ"
စုန့်တင်းရှန်းက လက်ကာပြရင်း ဆက်ပြောလိုက်သည်။
"ကျွန်မတို့အားလုံးက မိသားစုတွေပဲ၊ အိမ်ထောင်စု ခွဲပြီးပြီဆိုပေမယ့် တခြားမိသာစုတွေနဲ့ မတူဘူးလေ၊ အတူတူ အလုပ်လုပ်ပြီး အတူတူ ငွေရှာကြတာက ကျွန်မတို့ကို ဦးတည်ချက်တစ်ခု ပေးနိုင်တာပေါ့၊ ပြီးတော့ ဒါက ယောင်းမတစ်ယောက်တည်း တာဝန်ခွဲယူရမှာလည်း မဟုတ်ဘူး၊ ယောင်းမကျောက်တိကလည်း ဟင်းရွက်ချဉ်တွေ၊ ကင်မ်ချီတွေနဲ့ တခြားထုတ်ကုန်တွေကို စီမံရမှာပဲ၊ တကယ်တော့ ကျွန်မ အားလုံးကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ အကြီးဆုံး ယောင်းမကတော့ မြေပဲတွေ၊ ယိုတွေ၊ သကြားစိမ်သစ်သီးအိုးတွေနဲ့ နောင်ထွက်လာမယ့် စားစရာအသစ်တွေကို တာဝန်ယူရမယ်"
ယောင်းမများက အလွန်ဝမ်းသာသွားကြသည်။ ဤသည်က သူမတို့ကိုယ်တိုင် အလုပ်အကိုင် ရှိလာပြီး ငွေကြေးအရ ကိုယ်ပိုင်ရပ်တည်နိုင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဖန့်ရှီက ခဏမျှ တွက်ချက်ကြည့်နေပြီး စုန့်တင်းရှန်းကို ကြည့်ကာ ဇဝေဇဝါ ပြန်မေးလိုက်သည်။
"တခြားသူတွေကတော့ အလုပ်ကိုယ်ဆီ ရှိသွားပြီ၊ နင်ကရော ဘာလုပ်မှာလဲ"
စုန့်တင်းရှန်းက သူမကိုယ်သူမ လက်ညှိုးပြန်ထိုးရင်း ပြန်ဖြေလိုက်သည်။
"သမီး ဦးနှောက်သုံးထားပြီးပြီလေ၊ ဒါကြောင့် အမြတ်ငွေထဲကနေ ဝေစုလေးတော့ ရသင့်တာပေါ့၊ ဘယ်သူပဲ ငွေရှာရှာ သမီးကို သုံးပုံတစ်ပုံ ပေးရမယ်၊ သမီးက ဒီအတိုင်း ထိုင်နေရင်း ငွေရှာနေလို့ မရဘူးလား"
ဖန့်ရှီ : “…..”
လီရှီက အားရပါးရ ရယ်မောလိုက်ပြီးမှ လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"ကောင်းတယ်၊ အရမ်းကောင်းတာပေါ့၊ ကိုယ်တိုင် အလုပ်လုပ်ရတာထက် ဒီအတိုင်း ထိုင်ပြီး ငွေသိမ်းရတာက အများကြီး ပိုသက်သောင့်သက်သာ ရှိတာပေါ့"
ဖန့်ရှီက မျက်စောင်းထိုးလုနီးပါး ဖြစ်နေပြီးမှ ထပ်ပြောလာပြန်သည်။
"ဒါဆို ငါကရော... နင့်ရဲ့ အကြီးဆုံးအဒေါ်နဲ့ ငါက ငယ်သေးတယ်လေ၊ အခု ဘာမှ လုပ်စရမရှိတော့ဘူးလား၊ ငါတို့လည်း အနားယူရတော့မှာလား"
စုန့်တင်းရှန်းက ရယ်မောရင်း ထပ်ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ အဲဒီလိုတော့ မဟုတ်ဘူးလေ၊ ဆိုင်ကပဲဖြစ်ဖြစ်၊ အိမ်က အလုပ်ရုံကနေဖြစ်ဖြစ် ငွေရှာနိုင်ရင် သမီးက သုံးပုံတစ်ပုံ ယူမယ်၊ အဲဒါကို အားလုံး သဘောတူကြလား"
အားလုံးက အပြင်းအထန် ခေါင်းညိတ်လိုက်ကြသည်။
"ဒါ့အပြင် လူကြီးမိဘတွေကိုလည်း ဝေစုပေးရမယ်၊ အဲဒါကိုရော ကန့်ကွက်မယ့်သူ ရှိလား"
လူတိုင်း ခေါင်းခါလိုက်ကြသည်။
"ဒါဆိုရင် ကျွန်မတို့ တစ်ယောက်ချင်းစီက အကြီးဆုံးအဒေါ်နဲ့ အမေကို ကျွန်မတို့ရဲ့ဝေစုတစ်ဝက်စီ ပြန်ပေးကြမယ်၊ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
သဘာဝကျစွာပင် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြချေ။ စုန့်တင်းရှန်းက ကျေကျေနပ်နပ် ခေါင်းညိတ်ရင်း ဆက်ပြောလိုက်သည်။
"ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင် အဖိုးနဲ့ အဖွားက ကလေးတွေကို ဂရုစိုက်ပေးလိမ့်မယ်၊ အမေနဲ့ အကြီးးအဒေါ်က သမီးတို့ရဲ့အလုပ်တွေကို ဝိုင်းကူပေးပေါ့၊ အမေတို့ကို ဒီအတိုင်း ဝိုင်းကူခိုင်းတာ မဟုတ်ပါဘူး၊ ဝက်ပေါ်တဲ့ အချိန်မျိုးမှာတော့ သမီးတိုလည်း ပြန်ဝိုင်းကူပေးမှာပါ၊ အဲဒါကိုရော တစ်ခုခု ပြောချင်တာ ရှိကြသေးလား"
လီရှီက တစ်ဖန် ရယ်မောလိုက်ပြန်ပြီး ခေါင်းကို တရစပ် ညိတ်ကာ ဝင်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါကတော့ မကန့်ကွက်ဘူးဟေ့၊ ကလေးတွေကို ကြည့်ပေးရုံနဲ့ ဝေစုရမယ်ဆိုတော့ အလကားဝေစု ရသလိုပဲ၊ ငါ အရမ်း ပျော်နေပြီ"
စုန့်ကျစ်ရွှမ်းက ဟန်ဆောင်ဒေါသထွက်ပြရင်း ဝင်မေးလိုက်သည်။
"ဒါဆို အားလုံးက ဝေစုရပြီး ငါတစ်ယောက်ပဲ ကျန်ခဲ့တာပေါ့၊ အာ့နွီ... မင်းက မင်းရဲ့ဦးလေးအငယ်ဆုံးကို မချစ်တော့ဘူးလား၊ ဒီဦးလေးတော့ စိတ်မကောင်းဖြစ်ရပြီ"
စုန့်တင်းရှန်းက စုန့်ကျစ်ရွှမ်း၏ ဟန်ဆောင်ဒေါသကို သဘာဝကျကျ ရိပ်မိနေပြီး အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"ဒါတွေက သမီးယောင်းမတွေကြားမှာ ခွဲဝေရတဲ့ အလုပ်တွေလေ၊ ဘာလဲ အငယ်ဆုံးဦးလေးက စာမသင်တော့ဘဲ အလုပ် လာလုပ်မှာမလို့လား"
စုန့်ကျစ်ရွှမ်း : “....”
"အဒေါ်အငယ်ဆုံးကလည်း အခုလောလောဆယ် ကျန်းမာရေးက ဦးစားပေးပဲ၊ ပြီးတော့ အဒေါ်က နောင်ကျရင် ဒီမှာ အမြဲရှိနေမှာ မဟုတ်ဘူးလေ၊ မြို့ကို လိုက်သွားရမှာပဲ၊ နောက်ပိုင်း အငယ်ဆုံးဦးလေး စာမေးပွဲအောင်ပြီး အရာရှိဖြစ်လာရင်လည်း အဒေါ်အငယ်ဆုံးက ဦးလေးနဲ့အတူ လိုက်ရဦးမယ်၊ အဲ့တော့ အဒေါ်အငယ်ဆုံးကို အလုပ်တွေ ခွဲပေးဖို့က မသင့်တော်ဘူးလေ၊ အဲဒါကြောင့် အဒေါ်အငယ်ဆုံး ဂုဏ်တက်အောင် စာကို ကြိုးစားသင်ရမှာက အငယ်ဆုံးဦးလေးရဲ့တာဝန်ပဲ"
စုန့်ကျစ်ရွှမ်းက စိတ်ညစ်သွားဟန်ဖြင့် သူ့နဖူးကို လက်ဖြင့် အုပ်ကာ ထပ်ပြောလိုက်ပြန်သည်။
"ဒါဆိုရင်တော့ ငါ တကယ်ပဲ စာ ကြိုးစားပြီး စာမေးပွဲ အောင်အောင် ဖြေရတော့မယ့်ပုံပဲ၊ မဟုတ်ရင်တော့ ငါ့မိန်းမခမျာ ဒုက္ခရောက်ရှာတော့မယ်၊ အိုက်ယား... ဘဝက ခက်ခဲလွန်းလိုက်တာ"
လီရှီက သူ့ကို မြေပဲခွံဖြင့် ပစ်ပေါက်ရင်း လှမ်းပြောလိုက်သည်။
"နင် မရှက်ဘူးလား၊ မိသားစုတစ်ခုလုံးက နင် စာသင်ဖို့ ထောက်ပံ့ပေးနေရတာလေ၊ ဒါတောင်မှ နင်က နင့်တူမဆီကနေ တစ်ခုခု ထပ်တောင်းနေသေးတယ်၊ သတိထားနော်... ငါ နင့်ကို ရိုက်မိတော့မယ်"
စုန့်ကျစ်ရွှမ်းတစ်ယောက် ခွင့်လွှတ်မှုရအောင် အလျင်အမြန် တောင်းပန်တိုးလျှိုးရတော့သည်။
"အား... အမေရယ်၊ ကျွန်တော်က အားလုံး ရယ်ရအောင် နောက်ပြောင်လိုက်တာပါ"
‘တကယ်တော့ သူ့မှာ တစ်ခုခု တောင်းဆိုဖို့ မျက်နှာမရှိတာ အမှန်ပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သူ့မိသားစုက သူ့ကို စာသင်ပေးနိုင်ဖို့ ချွေတာစုဆောင်းခဲ့ကြရတယ်။ သူကိုယ်တိုင်ကတော့ အခုထိ တစ်ပြားတစ်ချပ်မျှ မရှာဖွေနိုင်ခဲ့ဘူး။ ဒါပေမယ့် သူ သူ့မိသားစုဝင်တွေ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို နားလည်နေပြီး သူ့မိသားစုအတွက် ဂုဏ်တက်အောင် လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ’
စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။
"ပြီးတော့ အဒေါ်အငယ်ဆုံးက လယ်အလုပ်တွေ မလုပ်နိုင်တာကြောင့်လည်း ပါပါတယ်၊ ဒီမှာက အိမ်တွင်းရော အိမ်ပြင်ရော အလုပ်မှန်သမျှက ပင်ပန်းတာချည်းပဲ၊ အဒေါ်အငယ်ဆုံးအနေနဲ့ အငယ်ဆုံးဦးလေးကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်ရင် လုံလောက်နေပါပြီ၊ နောက်ပြီး အဒေါ်အငယ်ဆုံး ကျန်းမာရေး ပြန်ကောင်းလာတဲ့အခါ လုပ်လို့ရမယ့် အလုပ်တွေ ရှိလာမှာပါ"
စုန့်ကျစ်ရွှမ်းလည်း ထိုစကားက အမှန်ဖြစ်ကြောင်း သိနေခဲ့သည်။ သူ့ဇနီးက စိတ်သဘောထားကောင်းသော်လည်း ခြေထောက်စည်းထားသူဖြစ်သောကြောင့် ခရီးဝေးဝေး လမ်းမလျှောက်နိုင်သလို အလေးအပင်လည်း မသယ်နိုင်ချေ။ ထို့ကြောင့် အိမ်အလုပ် အများစုကို လုပ်ဆောင်ရန်က သူမအတွက် မဖြစ်နိုင်သလောက်ပင်။ ယခုကဲ့သို့ ကျန်းမာရေး အခြေအနေနှင့်ဆိုလျှင် ပို၍ပင် ကန့်သတ်ချက်များ ရှိနေလေသည်။
ထိုစကားဝိုင်းကို ကြားနေရသည့် လျိုရှီက မနေနိုင်တော့ဘဲ သူမ၏ သမီးကို မေးမြန်းနေလေသည်။
"အခု စုန့်မိသားစုကို ဦးဆောင်နေတာက စုန့်တင်းရှန်းလား"
ပိုင်ရှီက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"အမေ၊ အမေက သမီးကို ဦးဆောင်စေချင်တာလား၊ သမီးမှာ အဲဒီလို အရည်အချင်း မရှိပါဘူး၊ ဒီမိသားစုက အတော်လေး ကောင်းတယ်၊ သမီးတို့လည်း သက်သောင့်သက်သာ နေနေရတာပဲ"
လျိုရှီက မကျေမနပ် ဖြစ်နေဆဲပုံစံဖြင့် ထပ်ပြောလာပြန်သည်။
"သက်သောင့်သက်သာ ရှိတာ မရှိတာထက် နင်ရဲ့ လင်ညီမနှစ်ယောက်လုံးက သူတို့အလုပ်နဲ့သူတို့ ရှိကြတယ်၊ တခြား ချွေးမတွေလည်း အကုန်အလုပ်ကိုယ်စီနဲ့၊ ဘာလို့ နင်ကျမှ ဒီလို ဖြစ်သွားရတာလဲ"
"အမေ"
ပိုင်ရှီ၏ မျက်နှာက ပျက်ယွင်းသွားပြီး ချက်ချင်း ပြန်ချေပလိုက်သည်။
"ကျစ်ရွှမ်း စာသင်ဖို့အတွက် ဒီမိသားစုကပဲ အမြဲ ထောက်ပံ့ပေးနေခဲ့တာလေ၊ ဒါတွေက ယောက္ခမဆီက ငွေတွေချည်းပဲလို့ အမေ ထင်နေတာလား၊ သူတို့ အိမ်ထောင်စု ခွဲထားကြတာ ကြာနေပြီ၊ အခု ကျွန်မတို့လည်း သူတို့နဲ့ အိမ်ထောင်စု ခွဲထားပြီးပြီ၊ ဒါပေမယ့် အခုထိ ကျစ်ရွှမ်းရဲ့ တစ်နှစ်စာ ကျောင်းလခကို သူ့အစ်ကိုနှစ်ယောက်ကပဲ ပေးနေတာ၊ အဲဒါနဲ့တင် မလုံလောက်သေးဘူးလား"
"အိုက်ယား... ငါက စကားအဖြစ် ပြောလိုက်တာပါ၊ နင်က ဘာလို့ စိတ်တိုနေရတာလဲ"
လျိုရှီက သမီးဖြစ်သူကို အလျင်အမြန် ချော့မော့လိုက်သည်။
"ငါက သိချင်လို့ မေးကြည့်တာပါ၊ စုန့်တင်းရှန်းက အိမ်ထောင်ကျပြီးသား မဟုတ်ဘူးလား၊ သူက ဘယ်လိုလုပ်ပြီး ဒီမိသားစုတစ်ခုလုံးကို စီမံနေရတာလဲ..."
"ဒါက သူ့ရဲ့အရည်အချင်းပဲ၊ နောက်ပြီး တင်းရှန်းက သူ့ညီမအပေါ်မှာတင် မဟုတ်ဘူး၊ တခြားယောင်းမတွေအပေါ်မှာလည်း အရမ်းကောင်းတယ်၊ နောက်ကျရင် သူက သမီး အပေါ် မကောင်းဘဲ မနေပါဘူး၊ သူ ပြောသလိုပဲ ကျစ်ရွှမ်းသာ စာမေးပွဲအောင်ပြီး အရာရှိဖြစ်လာရင် သမီးက သူ့နောက်ကို လိုက်သွားရမှာ၊ ဒါတွေအတွက် ဘာလို့ ပြိုင်ဆိုင်နေမှာလဲ၊ သမီး လက်ထဲ ရောက်လာရင်ရော သမီး ဘာလုပ်နိုင်မှာလဲ၊ အမေရယ်၊ သမီးအတွက် စိတ်ပူမနေပါနဲ့၊ သူတို့နဲ့ သမီးကြားမှာ အမေက အဟန့်အတား ဖြစ်အောင် မလုပ်ပါနဲ့နော်၊ ဒါဆိုရင် သမီး ဒီမှာ ဘယ်မျက်နှာနဲ့ ဆက်နေရမှာလဲ"
ပိုင်ရှီက မိခင်ဖြစ်သူ၏ ဝန်တိုသော အတွေးအခေါ်များကို လက်မခံနိုင်သောကြောင့် မကျေမနပ် သည်းညူလိုက်သည်။
"အေးပါ... အေးပါ၊ အမေ နားလည်ပါပြီ၊ အမေက တခြားမိသားစုတွေ ရန်ဖြစ်ပြီး အချိန်တိုင်း ငြင်းခုန်နေတာကို မြင်နေကျမို့ပါ၊ အခုလို မြင်ရတော့ နည်းနည်း ထူးဆန်းတယ်ထင်ပြီး မေးကြမိတာပါ၊ ဒါပေမယ့် အဲဒီ စုန့်တင်းရှန်းဆိုတဲ့ ကောင်မလေးကတော့ တကယ်ကို အံ့ဩဖို့ကောင်းတယ်၊ သူ့ဦးနှောက်က ရွှေနဲ့ လုပ်ထားတာများလား၊ တကယ့်ကို အဖိုးတန် လွန်းတယ်"
အမေနှင့် သမီးက တိုးတိုးလေး စကားပြောနေကြသောကြောင့် တစ်ဖက်ခန်းရှိ လူများ မကြားနိုင်ကြချေ။
နောင်တွင် အငြင်းပွားမှုများ မဖြစ်ပွားစေရန်အတွက် စုန့်တင်းရှန်းက စုန့်ကျစ်ရွှမ်းကို စာချုပ်တစ်ခု ရေးခိုင်းလိုက်ပြီး အားလုံး တစ်ယောက်တစ်လှည့်စီ လက်ဗွေနှိပ်ကာ လက်မှတ်ရေးထိုးလိုက်ကြသည်။
အကုန်ပြီးစီးသွားချိန်တွင် စုန့်ရှင်းယိက ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလာပြန်သည်။
"အိုက်ယား... အားလုံး အလုပ်တွေ ခွဲဝေပြီးပြီဆိုတော့ လယ်ထဲက အလုပ်တွေကျတော့ရော ဘယ်လိုလုပ်ကြမှာလဲ"
လီရှီက သူ့ကို မကျေမနပ် ကြည့်ရင်း ဆူပူလိုက်သည်။
"အိုး အဘိုးကြီး၊ အခုမှပဲ လယ်အလုပ်တွေကို သတိရတော့တယ်ပေါ့"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
"သူများ ငှားလိုက်ပါ အဖိုးရယ်၊ အဖိုးလည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပင်ပန်းအောင် မလုပ်ပါနဲ့တော့၊ နွေဦးရောက်လာရင် ကြာကန်တူးပြီး ကြာပင်တွေ စိုက်ရဦးမယ်၊ အလုပ်ရုံဝင်းကိုလည်း သန့်ရှင်းရေး လုပ်ရမယ်၊ ပြီးတော့ ဂေါ်ဖီတွေလည်း အများကြီး မစိုက်ပါနဲ့တော့၊ ပဲ၊ ဂေါ်ဖီထုပ်နဲ့ မြေပဲတွေ မလောက်ရင် သူများဆီကပဲ ဝယ်လိုက်ကြမယ်။ သမီးတို့ ငွေရှာချင်ရင် ရွာသားတွေကိုလည်း အကျိုးအမြတ် ခွဲဝေပေးမှ ဖြစ်မယ်၊ ဒါမှ နောင်ပိုင်း တစ်စုံတစ်ယောက်က သမီးတို့ မိသားစုကို လာနှောင့်ယှက်တာနဲ့ ရွာသားတွေက သမီးတို့ဘက်ကနေ အကူအညီ ပေးကြမှာ"
စုန့်ရှင်းယိက ခဏမျှ စဉ်းစားနေပြီး ညည်းညူလိုက်ပြန်သည်။
"အေးပါကွာ၊ အဖိုးမှာလည်း ရှင်းရမယ့် မြေရိုင်းတွေ အများကြီး ရှိသေးတယ်၊ တခြားဟာတွေကို အာရုံမစိုက်နိုင်တော့တာ အမှန်ပဲ၊ နှစ်အနည်းငယ်အတွင်းမှာပဲ ငါတို့မှာ အလုပ်ရုံရော ဆိုင်ရော ရှိလာပြီ၊ ငါတို့တွေ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စည်းစိမ်တွေ တိုးလာရတာလဲ"
"စည်းစိမ်တိုးတာက ကောင်းတဲ့အရာ မဟုတ်ဘူးလား"
လီရှီက သူ့ကို မျက်စောင်းထိုးရင်း ဆက်ပြောနေပြန်သည်။
"ငါ ပြောရဦးမယ်၊ အခု နင်တို့အားလုံး အိမ်ထောင်စုတွေ ခွဲလိုက်ကြပြီ၊ အလုပ်လည်း ခွဲဝေပြီးပြီ၊ နောက်ကျရင် အလုပ်ရုံ ဒါမှမဟုတ် ဆိုင်အလုပ်တွေနဲ့ အလုပ်ရှုပ်နေကြတော့မယ်၊ ဒီဝင်းကျဉ်းကျဉ်းလေးထဲမှာပဲ အားလုံး စုပြုံနေလို့ မဖြစ်တော့ဘူး၊ ငါ့အထင်တော့ နင်တို့ အပြင်မှာ ကိုယ်ပိုင်အိမ်တွေ သွားဆောက်သင့်ပြီ၊ ကိုယ်ပိုင်ဝင်းနဲ့မှ အဲ့ပစ္စည်းတွေ ထားဖို့ နေရာရှိလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ကျစ်ချန်းနှင့် စုန့်ကျစ်ယွမ်တို့က အလျင်အမြန် ဝင်ပြောလာကြသည်။
"အမေကလည်း...အမေ ကျွန်တော်တို့ကို မောင်းထုတ်ချင်နေတာလား၊ အတူတူနေရတာက ပိုပျော်စရာကောင်းပါတယ်”
လီရှီက အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"အေးဟေ့၊ ငါက နင်တို့ကို မောင်းထုတ်ချင်နေတာ၊ အိမ်ထောင်စုက ကြီးလွန်းတော့ ဆူညံလွန်းတယ်... အိုက်ယား၊ စားတာ အိပ်တာက ကိစ္စမရှိပေမယ့် အလုပ်တွေကိုပါ ဒီမှာပဲ လုပ်နေကြမှာလား၊ နေရာတကာ လူတွေချည်းပဲ၊ ဒါက အိမ်လား အလုပ်ရုံလား၊ သွား မြန်မြန် အိမ်ဆောက်ကြ၊ ငါ ဒါကို စဉ်းစားနေတာ ကြာပြီ"
နောက်ဆုံးတွင် လီရှီက သူတို့ကို တကယ်မောင်းထုတ်ခြင်းမဟုတ်ဘဲ အိမ်တွင် အရမ်းရှုပ်ထွေးလာမည်ကို ပြောနေခြင်းဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြသည်။
စုန့်ကျစ်ယွမ်က သူ့အမြင်ကို ပြောပြလာသည်။
“တကယ်တော့ ကျွန်တော် အရင်က ကျွန်တော့်အတွက် သတ်မှတ်ပေးထားတဲ့ ဝင်းထဲမှာ အိမ်တစ်လုံး ဆောက်ထားပြီးပြီ၊ ဒါပေမယ့် အဲဒီမှာ ဝက်တွေ မွေးထားတော့ ဟင်းရွက်တွေ စိုက်လို့ မရတော့ဘူး၊ အဲဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်ရတာ"
စုန့်ကျစ်ချန်းကလည်း ဝင်ပြောလာပြန်သည်။
"ကျွန်တော်ရဲ့ ခြံဝင်းတစ်ဝက်က သိုးမွေးအလုပ်ရုံ ဖြစ်နေပြီ၊ ကျန်တဲ့တစ်ဝက်ကလည်း ဂေါ်ဖီချဉ်တွေအတွက် ဟင်းအနှစ်တွေ အခြောက်လှမ်းဖို့ သုံးနေရတယ်။ အရမ်းကို ရှုပ်ထွေးနေပြီ၊ နောက်ထပ် မြေကွက်အသစ်တစ်ခုပဲ ထပ်ရှာပြီး ဝင်းအသစ် ဆောက်ရတော့မယ်"
အိမ်ပြန်ဆောက်ပြီး ဝင်းအသစ်ခွဲမည့် အစီအစဉ်ကို ကြားလိုက်ရချိန်တွင် အားလုံး ပြန်လည် တက်ကြွလာကြသည်။ စုန့်ရှင်းယိက ရွာသူကြီးကို ဖိတ်ကြားလိုက်ပြီး အနီးအနားတွင် အသုံးပြုနိုင်သည့် လူနေအိမ်ကွက်အကျယ်ကြီးများ ရှိ၊ မရှိ မေးမြန်းလိုက်သည်။
ရွာသူကြီးက မြေပုံနှင့်အတူ ရောက်လာပြီး ကြည့်ရှုစစ်ဆေးနေရင်း ပြောပြလာသည်။
"ရှိတော့ ရှိတယ်၊ ဒါပေမယ့် မင်းတို့ အိမ်နဲ့ ရေကန်ကြားက မြေကွက်တွေထဲမှာ အိမ်နှစ်အိမ် ရှိနေတယ်၊ မင်းတို့ သူတို့ဘေးမှာ အိမ်ဆောက်လို့တော့ ရတယ်၊ တကယ်လို့ အဲဒါတွေကို တစ်ဆက်တည်း ဖြစ်စေချင်တယ်ဆိုရင်တော့ အဲဒီမှာနေတဲ့ မိသားစုနှစ်စုနဲ့ စကားပြောရလိမ့်မယ်၊ ဒါပေမယ့် သူတို့က စကားပြောဖို့ လွယ်ပါတယ်၊ တစ်အိမ်က ဦးလေးဝမ်လောင်လျိုရဲ့ မိသားစု၊ သူတို့က ဆင်းရဲတဲ့ မိသားစုငယ်လေးပဲ၊ သူတို့အတွက် အိမ်ကောင်းကောင်းတစ်လုံးလောက် ပြန်ဆောက်ပေးမယ်ဆိုရင် သူတို့ ဖယ်ပေးဖို့ သဘောတူလောက်တယ်၊ နောက်တစ်အိမ်က ကျိုးမျိုးရိုးပဲ၊ သူတို့က ဒီရွာက ကျိုးမိသားစုနဲ့တော့ ဘာမှ မပတ်သက်ဘူး၊ အပြင်ကနေ ပြောင်းလာတာ၊ သူတို့ရဲ့ သမီးသုံးယောက်လုံးက အိမ်ထောင်ကျသွားပြီ၊ အခု သားတစ်ယောက်ပဲ ကျန်တော့တယ်၊ အဲဒီသားကလည်း မိန်းမရှာနေတာဆိုတော့ သူတို့လည်း အိမ်အသစ် ပြန်ဆောက်ချင်နေကြတယ်၊ မင်းတို့ သွားမေးရင် သူတို့ ဝမ်းသာသွားမှာ သေချာတယ်"
စုန့်တင်းရှန်းက ဝင်မေးလိုက်သည်။
"တကယ်လို့ သူတို့က အများကြီး တောင်းဆိုလာရင်ရော"
ရွာသူကြီးက ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"မဖြစ်နိုင်ပါဘူး၊ ပုံမှန်ဆိုရင် ဒီမိသားစုနှစ်စုက ဆက်ဆံရ လွယ်ကူပါတယ်၊ ဒါပေမယ့် အိမ်ရွှေ့ရမယ့် ကိစ္စဆိုတော့လည်း ပြောဖို့ ခက်တယ်"
စုန့်တင်းရှန်းက မြေပုံပေါ်ရှိ ဥယျာဉ်ခြံအောက်မှ မြေကွက်လပ်တစ်ခုကို ညွှန်ပြရင်း ထပ် မေးလိုက်သည်။
"ဒီနေရာကရော"
ရွာသူကြီးက ပြန်ဖြေလိုက်သည်။
"အဲမှာတော့ ဘယ်သူမှ မရှိဘူး၊ အဲ့နေရာက မင်းတို့ရဲ့ ကြာကန်နဲ့ နီးပေမယ့် ဒီဘက်ခြမ်းနဲ့တော့ နည်းနည်း ဝေးတယ်"
စုန့်ရှင်းယိကလည်း ဝင်ပြောလိုက်သည်။
"နည်းနည်းဝေးတာက ကိစ္စတော့ မရှိပါဘူး၊ အရင်ဆုံး အဲဒီမိသားစုနှစ်စုနဲ့ စကားပြောကြည့်ကြတာပေါ့၊ နီးတာက အကောင်းဆုံးပဲ၊ တကယ်လို့ အဆင်မပြေရင်လည်း အဲဒီဘက်ကို စဥ်းစားကြတာပေါ့"
စုန့်တင်းရှန်းက ထပ်ပြောလိုက်ပြန်သည်။
"နောက်ပိုင်းကျရင် တောင်ကုန်းပေါ်မှာ နောက်ထပ် မြေမူ နည်းနည်းလောက် ထပ်ဝယ်ပြီး သစ်သီးပင်တွေ ထပ်စိုက်လို့ရသေးတယ်၊ ဒါဆို နွေဦးရောက်ရင် နေရာတိုင်းမှာ ပန်းတွေ ပွင့်နေပြီး ကြည့်လို့ အရမ်းကောင်းမှာ သေချာတယ်"
မိသားစုဝင်များ တိုင်ပင်ဆွေးနွေးပြီးနောက် ရွာသူကြီးက စုန့်မိသားစုအတွက် ကူညီပေးရန် လက်ဆောင်ပစ္စည်းတချို့ကို ယူဆောင်ကာ မိသားစုနှစ်စုထံသို့ သွားခဲ့ကြသည်။
အားလုံးကို အံ့ဩသွားစေသည်မှာ မိသားစုတစ်စုက လိုလိုလားလား သဘောတူခဲ့သော်လည်း ကျန်တစ်စုကတော့ အခွင့်ကောင်းယူကာ အဆမတန် တောင်းဆိုနေခြင်းပင်။
သဘောတူခဲ့သည့် ကျိုးမိသားစုက သားဖြစ်သူအတွက် မိန်းမရှာနေချိန် ဖြစ်ပြီး လက်ရှိအိမ်က ဟောင်းနွမ်းစုတ်ပြတ်နေသောကြောင့် အိမ်အသစ်ပြန်ဆောက်ချင်နေသူများ ဖြစ်သည်။ သို့သော် အိမ်ဆောက်လိုက်လျှင် မင်္ဂလာဆောင်ရန် ငွေမလောက်တော့မည်ကိုလည်း စိုးရိမ်နေကြရပြန်သည်။ ဤအချိန်မျိုးတွင် စုန့်မိသားစုက အိမ်အသစ်ဆောက်ပေးမည်ဟု ကမ်းလှမ်းလာသောကြောင့် သူတို့အတွက် အခွင့်ကောင်းတစ်ခု ရောက်ရှိလာသလို ဖြစ်နေခဲ့သည်။
ကံမကောင်းသည်က ဦးလေးဝမ်လောင်လျို၏ မိသားစုက ထိုသို့မတွေးကြခြင်းပင်။ သူတို့က အိမ်အသစ် ဆောက်ပေးရုံတင်မကဘဲ ငွေလျန်တစ်ရာတောင်းကြသည့်အပြင် သူ၏ ဇနီး၊ သမီးများနှင့် သားဖြစ်သူကိုလည်း စုန့်မိသားစု၏ အလုပ်ရုံတွင် အလုပ်သွင်းပေးရန် တောင်းဆိုခဲ့သည်။
ထိုအကြောင်းကို ကြားလိုက်ချိန်တွင် စုန့်ရှင်းယိတစ်ယောက် ဒေါသထွက်သွားပြီး ချက်ချင်း ငြင်းပယ်လိုက်ကာ ဥယျာဉ်ခြံဘေးမှ နေရာတွင် အိမ်အသစ်များဆောက်ရန် ဆုံးဖြတ်လိုက်သည်။
ကျိုးကွမ်ချိုက်၏ မိသားစုက ထိုသတင်းကို ကြားသွားပြီး ပျာပျာသလဲ ရောက်လာကြပြန်သည်။
"ကျွန်တော်တို့က တကယ်ကို ဘာမှ ထပ်မတောင်းပါဘူး၊ ကျွန်တော်ရဲ့သား အိမ်ထောင်ပြုဖို့ အခန်းအနည်းငယ် ရရင်ပဲ တော်ပါပြီ၊ ဒါ့အပြင် ကျွန်တော်တို့ မိသားစုနှစ်စုကလည်း ကပ်လျက်ရှိနေတာပါ၊ ကျွန်တော်တို့ မြေကိုပဲ သုံးလို့ မရဘူးလား"
စုန့်ရှင်းယိက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"ငါတို့က မင်းတို့ရဲ့မြေကို မသုံးချင်တာ မဟုတ်ပါဘူးကွာ၊ ငါတို့က ကြာကန်နားက မြေနဲ့ တစ်ဆက်တည်း ဖြစ်ချင်တာလေ။ မင်းတို့ မြေကို သုံးလိုက်ရင်တောင် သူတို့မိသားစုက ကြားထဲမှာ ရှိနေဦးမယ်၊ သူတို့က စကားပြောရတာ ခက်နေတော့ ငါတို့အတွက် ပိုက်ဆံအလဟဿ ဖြုန်းတီးရုံပဲ ရှိပြီး ဘာမှဖြစ်လာမှာ မဟုတ်ဘူး"
ကျိုးကွမ်ချိုက်က အလွန်စိုးရိမ်ပူပန်သွားပုံရပြီး အလောတကြီး ပြောလာပြန်သည်။
"ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ၊ ကျွန်တော် သူတို့ဆီ သွားပြောကြည့်ပါ့ဦးမယ်"
ထိုသို့ပြောပြီးနောက် သူက နောက်လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့သည်။
သို့သော်လည်း ဦးလေးဝမ်လောင်လျို၏ မိသားစုကတော့ သူတို့၏ အိမ်ဝင်းက ဖုန်းရွှေရတနာမြေ ဖြစ်သောကြောင့် အလွယ်တကူ မလဲနိုင်ကြောင်း အကြောင်းပြကာ ငွေနှင့် အလုပ်အကိုင် ရရှိရေးအတွက် ဇွတ်အတင်း တောင်းဆိုနေကြသည်။
ကျိုးကွမ်ချိုက်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး မျက်ရည်ဝဲနေလေသည်။ စုန့်တင်းရှန်းက သူ့ကို ကြည့်ရင်း စိတ်မကောင်းဖြစ်လာသောကြောင့် ထပ်ကမ်းလှမ်းလိုက်သည်။
"တကယ်တော့ ဦးလေးတို့ မိသားစုအတွက် အိမ်ဆောက်ပေးဖို့ဆိုတာက ကျွန်မတို့အတွက် အပန်းကြီးတဲ့ကိစ္စ မဟုတ်ဘူး၊ ကျွန်မတို့ အိမ်ဝင်းရဲ့ အနောက်ဘက်မှာ မြေကွက်အသေးတစ်ကွက် ရှိတယ်၊ အဲဒီနေရာမှာ အိမ်အသစ်တစ်လုံး ဆောက်ဖို့ မြေနေရာ အလုံအလောက် ရှိတယ်၊ ဦးလေးရဲ့သားလည်း ကျွန်မတို့ မိသားစုအတွက် ထင်းရှာပေးတာပဲဖြစ်ဖြစ်၊ ဝက်စာကျွေးတာပဲဖြစ်ဖြစ် ကူလုပ်ပေးလို့ ရတာပေါ့၊ အခု ဦးလေးတို့နေတဲ့ အိမ်ဝင်းကိုတော့ အဲဒီအတိုင်းပဲ ထားခဲ့လိုက်ပါ၊ ကျွန်မတို့ လိုတဲ့အခါမှ သုံးလိုက်မယ်"
ထိုစကားကို ကြားလိုက်ရသည့် ကျိုးကွမ်ချိုက်တစ်ယောက် ဝမ်းသာလွန်းသောကြောင့် နှာရည်ပူဖောင်းများ ထွက်မတတ် ဖြစ်အောင် ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် တင်းရှန်း၊ မင်းတို့ မိသားစုက ငါတို့အတွက် တကယ့်ကို ကျေးဇူးရှင်တွေပါပဲ"
အမှန်တကယ်တွင် စုန့်တင်းရှန်းက ထိုစကားကို မပြောမီ သေသေချာချာ စုံစမ်းပြီးသား ဖြစ်သည်။ ကျိုးကွမ်ချိုက်က အလွန် ရိုးသားသူတစ်ဦး ဖြစ်ပြီး အိုမင်းမစွမ်းသည့် မိဘနှစ်ဦးလည်း ရှိနေသေးသည်။ သူအထက်၌ အစ်ကိုကြီးတစ်ယောက် ရှိခဲ့ဖူးသော်လည်း ထိုလူက စစ်မှုထမ်းရန် ခေါ်သွားခံရပြီး တစ်ခါမျှ ပြန်မလာတော့ပေ။ ဘယ်တော့မှ ပြန်မလာတော့ခြင်းမျိုးက ပို၍ ဖြစ်နိုင်ချေများနေခဲ့သည်။
ထို့ကြောင့် ကျိုးကွမ်ချိုက်က မြေသုံးမူဖြင့် မိသားစုတစ်ခုလုံးကို ထောက်ပံ့နေရသည်။ သူ၏ ဇနီးသည်ကလည်း ဝီရိယရှိကာ အလုပ်ကျွမ်းကျင်သူဖြစ်သည်။ သားဖြစ်သူကလည်း စကားမပြောဘဲ အလုပ်ကိုသာ ကုန်းရုန်းလုပ်နေတတ်သူ ဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးကို ကူညီခြင်းက ကုသိုလ်ရသောကြောင့် စုန့်တင်းရှန်းက ကျိုးကွမ်ချိုက်၏ မိသားစုကို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ကျိုးကွမ်ချိုက်၏ မိသားစုနှင့် ညှိုနှိုင်းပြီးနောက် စုန့်တင်းရှန်းက ပန်းဂျုံမုန့်များ၊ ပန်းဂျုံဖက်ထုပ်များ၊ ပန်းဂျုံခေါက်ဆွဲများနှင့် ငါးမျိုးစပ်အမွှေးအကြိုင်မြေပဲများ စတင်ပြုလုပ်နေခဲ့သည်။
ပန်းဂျုံခေါက်ဆွဲ ပြုလုပ်ခြင်းက အလွန်လွယ်ကူလှပြီး ပန်းဂျုံမှုန့်နှင့် သာမန်ဂျုံဖြူမှုန့် အနည်းငယ်ကို ရေဖြင့် ရောနှယ်ကာ အနှစ်ဖြစ်သွားလျှင် နူးညံ့သွားအောင် ပေါင်းရသည်။ အေးသွားသည်နှင့် အမျှင်လေးများ လှီးဖြတ်လိုက်ရုံသာ ဖြစ်သည်။
အဓိကအရေးကြီးဆုံးအရာက အရသာများ ရောစပ်သည့်ကိစ္စ ဖြစ်သည်။ ကြက်သွန်ဖြူ၏ စူးရှသောရနံ့၊ ရှာလကာ၏ ချဉ်ပြုံးပြုံးအရသာ၊ နှမ်းအနှစ်၏ ချိုဆိမ့်အရသာ၊ ငရုတ်ဆီ၏ စပ်ရှရှအရသာနှင့် သခွားသီး၏ လတ်ဆတ်အေးမြ ကြွပ်ဆပ်သော အထိအတွေ့တို့ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ရသည်။
ထိုကြောင့်လည်း ဤခေါက်ဆွဲက အဆာပြေစားစရာအဖြစ်သာမက အဓိက အစားအစာအဖြစ်ပါ စားကောင်းနေခြင်း ဖြစ်သည်။
‘အိုး... ငါ အရသာကို တွေးပြီး သွားရည်တောင် ကျလာပြီ’
ငါးမျိုးစပ်အမွှေးအကြိုင်မြေပဲကတော့ အနည်းငယ် ပို၍ အလုပ်ရှုပ်သည်။ အရင်ဆုံး မြေပဲများကို စင်ကြယ်အောင် အသေအချာ ဆေးကြောရန် လိုအပ်ပြီး ထို့နောက် စမုန်နက်၊ နာနတ်ပွင့်၊ ငရုတ်သီး၊ ဆားတို့ဖြင့် ဖျော်စပ်ထားသော အရည်ထဲတွင် တစ်ညသိပ် စိမ်ထားရသည်။ နောက်တစ်နေ့တွင် မြေပဲများ နူးညံ့သွားစေရန် မီးအေးအေးဖြင့် ပြုတ်ပြီးနောက် အခြောက်လှမ်းကာ ဒယ်အိုးပူပူဖြင့် ပြန်လှော်ရပြန်သည်။
အပူရှိန်ကြောင့် အစိုဓာတ်များ ခမ်းခြောက်သွားသည်နှင့်အမျှ မွှေးကြိုင်သော ရနံ့များ လေထုထဲသို့ ပျံ့လွင့်လာသည်။ ရလဒ်အနေဖြင့် လှော်ပြီးသွားသော မြေပဲများ၏ အတွင်းသားက သန့်စင်နေပြီး ကိုက်လိုက်တိုင်း အရသာအမျိုးမျိုး ပေါင်းစပ်ထားသော ထူးခြားသည့် ရနံ့နှင့် အရသာကို ခံစားရစေသည်။
သူမအတွက် အလုပ်များ ခွဲဝေပေးထားကြောင့် သိလိုက်ရသည့် စုန့်ယွိလန်ကလည်း ယခင်ကကဲ့သို့ စိတ်ဓာတ်ကျမနေတော့ဘဲ ပြန်လည် တက်ကြွလာသည်။ သူမ နားနားနေနေဖြင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် နားနေခဲ့သည်မှာလည်း လဝက်ခန့် ရှိပြီဖြစ်ရာ ယခုအခါ စိတ်အားထက်သန်မှုအပြည်ဖြင့် အလုပ် စတင်နေသည်။ သူမကိုယ်တိုင်က နှစ်ပေါင်းများစွာ ချက်ပြုတ်လာခဲ့ပြီး အတွေ့အကြုံများစွာ ရှိသောကြောင့် ဟင်းချက်နည်းနှင့် မုန့်လုပ်နည်းများကို အလျင်အမြန် တတ်မြောက်သွားခဲ့သည်။
ဤကာလအတွင်း စုန့်ရှင်းယိက ရွာသူကြီးအား ယုံကြည်စိတ်ချရသူများ ရှာပေးရန် အကူအညီ တောင်းခဲ့ပြီး လယ်မြေများကို ငှားရမ်းလိုက်သည်။ စုန့်ကျစ်ယွမ်ကလည်း မြို့ထဲသို့ သွားကာ ဆိုင်ခန်းကောင်းကောင်းတစ်ခန်း ဝယ်ယူနိုင်ခဲ့သည်။
သူတို့ဒေသက မြောက်ဘက်နယ်စပ်နှင့် နီးကပ်နေပြီး စစ်ပွဲများ ဖြစ်ပွားတော့မည်ဟူသော ကောလာဟလများကြောင့် ဆိုင်ခန်းအတော်များများက အလွန်သင့်တင့်သော ဈေးနှုန်းများဖြင့် အရောင်းတင်ထားကြသည်။ စုန့်ကျစ်ယွမ်က ဤအခွင့်အရေးကို ရိပ်မိနေသောကြောင့် သူ့၏အစ်ကိုဖြစ်သူ စုန့်ကျစ်ချန်းကိုပါ ဆိုင်ခန်းတစ်ခန်း ဝယ်ယူရန် တိုက်တွန်းခဲ့သည်။
ထိုဆိုင်နှစ်ခန်းက ဘေးချင်းကပ်လျက် တည်ရှိနေပြီး ဆိုင်ကြီးတစ်ဆိုင်အဖြစ် ပေါင်း၍ ရနိုင်သလို ဆိုင်အသေးနှစ်ဆိုင်အဖြစ် သီးခြားဖွင့်လှစ်ရန်လည်း အဆင်ပြေနိုင်သည်။
စုန့်ကျစ်ချန်း၏ မိသားစုကလည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အတော်အတန် ငွေစုဆောင်းမိထားကြသည်။ စစ်ပွဲအန္တရာယ်က လက်ရှိ ရောက်မလာသေးဘဲ ဝေးကွာနေသေးသည်ဟု ယူဆနိုင်သော်လည်း ဤဆိုင်ခန်းများကတော့ ခိုင်မာသော ပိုင်ဆိုင်မှုများ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် သူတို့၏ ပါးနပ်လှသော တူမလေး စုန့်တင်းရှန်းကလည်း ဤဆိုင်ခန်းများကို အသုံးချရန် ထူးခြားသော အကြံဉာဏ်ကောင်းများ ထပ်မံပေးနိုင်မည်ဟု သူတို့ ယူဆထားကြသည်။
လက်တွေ့တွင်လည်း စုန့်တင်းရှန်းက အကြံဉာဏ်သစ်များ ကြံစည်နေခဲ့ပြီ ဖြစ်သည်။ ဆိုင်နှစ်ဆိုင် ရှိလာတော့မည်ဟူသော အလားအလာက သူမ၏ တီထွင်ဖန်တီးနိုင်စွမ်းကို နှိုးဆွပေးနိုင်ခဲ့သည်။
သူတို့၏ သိုးမွေးလုပ်ငန်းက အကန့်အသတ် ရှိနေသော်လည်း ဤဒေသတွင် သူတို့တစ်မိသားစုတည်းသာ လုပ်ကိုင်နေခြင်း ဖြစ်သည်။ သူတို့က မြောက်ပိုင်းမှ စစ်သူကြီးနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားနိုင်ပြီး အနာဂတ်တွင် သိုးမွေးကုန်ကြမ်းများ အဆက်မပြတ် ရရှိစေရန် အာမခံချက် ရှိနေခဲ့သည်။
ယခု လက်အိတ်များကို သိုးမွှေးအနုဖြင့် ပြုလုပ်ပြီး ပုဝါနှင့် ခြုံထည်များကိုတော့ သိုးမွှေးအကြမ်းဖြင့် ပြုလုပ်နေကြသည်။ လက်အိတ်ချုပ်ရာမှ ပိုလျှံလာသော သိုးမွေးများကို ပုဝါနှင့် အခြားပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နေကြခြင်းပင်။
သူတို့၏ သိုးမွေးထုတ်လုပ်မှု တိုးချဲ့မည်ဆိုပါက ဆိုင်တစ်ဆိုင်တည်းဖြင့် ကုန်ပစ္စည်းများအားလုံး တင်ရောင်းရန် မလုံလောက်နိုင်တော့ချေ။
သို့သော်လည်း စုန့်တင်းရှန်းက အခုလောလောဆယ် အလျင်မလိုလုပ်ရန် မတွေးထားသေးပေ။ သိုးမွေးထွက်ကုန်များအကြောင်း ပိုမိုလေ့လာရန် ပြင်ဆင်နေပြီး ထိုနောက်မှသာ ဆိုင်တွင် အမျိုးအစား ပိုမိုစုံလင်အောင် ပြင်ဆင်ရန် တွေးနေခဲ့သည်။
........။........။.......
နွေဦးရာသီသို့ ရောက်လာပြီး စုန့်မိသားစုလည်း တစ်ဖန် အလုပ်များလာကြပြန်သည်။
စုန့်ဟူထောင်နှင့် စုန့်ယွိလန်တို့က မြို့သို့ သွားကာ ဆိုင်ဖွင့်ကြသည်။ စုန့်ယွိလန်က မြေပဲ၊ ပန်းဂျုံမုန့်၊ ဖက်ထုပ်နှင့် ခေါက်ဆွဲများအပြင် ယိုဖြည့်ထားသော အဆာသွတ်မုန့်များ၊ ခေါက်ဆွဲပေါ်တွင် တင်စားရသည့် ဖြည့်စွက်စားစရာအမျိုးမျိုးနှင့် စုန့်တင်းရှန်း အထူးဖန်တီးထားသော မြေအိုးဟင်းများကိုပါ သင်ယူတတ်မြောက်ခဲ့သည်။
ထိုမြေအိုးဟင်းက စားဖွယ်စုံ ရတနာတစ်မျိုး ဖြစ်ပြီး မြောက်ပိုင်းတွင် အတွေ့ရများသော အာလူး၊ မုန်လာထုပ်၊ ခရမ်းသီးနှင့် ပဲသီးများအပြင် အခြားသော စားချင်စဖွယ် ပစ္စည်းများလည်း ပါဝင်သည်။ ဈေးသက်သာသော်လည်း အရသာရှိသော ပင်လယ်ရေမှော်များနှင့် တောင်ပိုင်းမှ တင်သွင်းလာသော မျှစ်ခြောက်များက ဟင်း၏အရသာကို ပိုမိုလေးနက်စေသည်။
အရသာ ပိုရှိစေရန်အတွက် ထိုမြေအိုးဟင်းထဲသို့ ရွှေဝါရောင် တို့ဟူးများ၊ အကြွပ်ကြော်ထားသော တို့ဟူးလုံးများ သို့မဟုတ် နူးညံ့လှသော အသားလုံးများကို အလျှံအပယ် ထည့်ပေးထားသည်။
ဤမြေအိုးဟင်းကို မုန့်ပေါင်း၊ ခေါက်ဆွဲတို့နှင့် တွဲဖက်စားသုံးနိုင်ပြီး အလွန် အရသာရှိကာ ဗိုက်ဝစေသည်။ ပူပူနွေးနွေး မြေအိုးဟင်းရည်တစ်ပန်းကန် သုံးဆောင်ရခြင်းကလည်း အမှန်တကယ် သက်သောင့်သက်သာရှိလှသည်။ ထိုကဲ့သို့သော ဟင်းပွဲမျိုးမှ ထွက်ပေါ်လာသော နွေးထွေးမှုမျိုးနှင့် ယှဉ်နိုင်သောအရာ မရှိသလောက်ပင်။
ထို့အပြင် စုန့်တင်းရှန်းက ရာသီဥတု ပူလာသည်နှင့် ပန်းဂျုံခေါက်ဆွဲအေး လုပ်ရောင်းရန် တွေးထားပြီး ဖြစ်သည်။ ပန်းဂျုံကို ခေါက်ဆွဲအေး၏ အဓိကပါဝင်ပစ္စည်းအဖြစ် သုံးနိုင်သော်လည်း မိသားစုထဲတွင် ခေါက်ဆွဲခြောက်လုပ်နည်းအား သိသည့်သူ မရှိပြန်ပေ။ ထိုကြောင့် ကျွမ်းကျင်သူတစ်ဦး ရှာဖွေရန် လိုအပ်နေသေးသည်။
စုန့်ကျစ်ယွမ်က မြောက်ပိုင်းသို့ မကြာခဏ သွားလာနေသည့် ဧည့်သည်တစ်ဦးကို အကူအညီ တောင်းကြည့်ခဲ့ပြီး အမှန်တကယ် ခေါက်ဆွဲအေးလုပ်နည်း ရရှိလာခဲ့သည်။ ထိုနည်းလမ်းအတွက် ငွေဆယ်လျန် ပေးခဲ့ရပြီး အမှန်တကယ် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ခဲ့သည်။
ခေါက်ဆွဲအေးချက်နည်းကို ရလာပြီးနောက် စုန့်တင်းရှန်းက လုပ်နည်းလုပ်ဟန်ကို အနည်းငယ် ပြုပြင်မွမ်းမံလိုက်ပြီး ပန်းဂျုံခေါက်ဆွဲအေးနှင့် အသားခေါက်ဆွဲအေးတို့ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့သည်။ ထိုခေါက်ဆွဲများကို သံပြားပူပူပေါ် တင်ပြီး အားရပါးရ မွှေကြော်ပြီးနောက် အရသာရှိလှသော ကြက်ဥ၊ စပ်ရှရှ ဂေါ်ဖီချဉ်၊ နူးညံ့သောအသားလွှာများဖြင့် အလှဆင်လိုက်ရာ အရသာက အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ဟင်းလျာအသစ်များ ထပ်တိုးနိုင်ပြီဖြစ်သောကြောင့် ဆိုင်တွင် စားစရာအမျိုးအမည် နည်းပါးမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ဆိုင်ကိစ္စများ အဆင်ပြေသွားနောက် နောက်ထပ် စိုးရိမ်ရှိလာသည်က အိမ်ဆောက်ရန်နှင့် ကြာကန်တူးရန် ဖြစ်လာခဲ့သည်။ ဝမ်လောင်လျို၏ မိသားစုက စုန့်မိသားစုဝင်များ သူတို့ထံသို့ ငွေလာပေးမည်ကို စိတ်အားထက်သန်စွာ စောင့်စားနေဆဲ ဖြစ်သော်လည်း ငွေရမည့်အစား စုန့်မိသားစုက သူတို့ယခင် ဝက်မွေးခဲ့သည့် ဝက်ခြံဟောင်း၏ နောက်ဘက်၌ အိမ်ဆောက်နေသည်ကို မြင်လိုက်ကြရသည်။
သူတို့ မကျေမနပ်ဖြစ်နေမိသော်လည်း ကျိုးမိသားစုလည်း မည်သည့်အခွင့်အရေးမှ မရလိုက်ဟု တွေးကာ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ သို့သော်လည်း ထိုအိမ်ဆောက်ပြီးမကြာမီ ကျိုးမိသားစုက စုန့်မိသားစု၏ ဝက်ခြံနောက်ဘက်ရှိ ထိုအိမ်ဝင်းအသစ်သို့ ပြောင်းရွှေ့သွားကြသည်။
ဤသည်က သူတို့ကို ငြိမ်ငြိမ် ထိုင်မနေနိုင်အောင် ပြုလုပ်နိုင်ခဲ့ပြီး စုန့်မိသားစုထံသို့ အပြေးအလွှား ရောက်လာကြသည်။
စုန့်ရှင်းယိက အပြုံးဖြင့် ရှင်းပြလိုက်သည်။
"အေး.. ဟုတ်တယ်၊ ငါတို့ ကျိုးမိသားစုနဲ့ နေရာချင်း လဲလိုက်တာ၊ ဒါနဲ့ လောင်လျို၊ မင်းရဲ့ အိမ်ဝင်းက ဖုန်းရွှေ အရမ်းကောင်းတဲ့ ရတနာနေရာဆိုတော့ မင်းလည်း နေရာမလဲချင်ဘူး မဟုတ်လား"
ဝမ်လောင်လျိုက ဒေါသဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျုပ် ခြံဝင်းက တကယ့်ကို ဖုန်းရွှေကောင်းတဲ့ နေရာပဲ၊ အဲဒါကြောင့် ကျိုးမိသားစုရဲ့ ဝင်းအဟောင်းထဲမှာ ခင်ဗျားတို့ ဝက်မွေးလို့ မရဘူး၊ ဝက်တွေက အရမ်းညစ်ပတ်တယ်၊ ကျုပ်ရဲ့ ဖုန်းရွှေကို ပျက်စီးစေလိမ့်မယ်"
စုန့်ရှင်းယိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"အင်း၊ ငါတို့ ဝက်မမွေးဘူး"
"ပြီးတော့ သိုးမွေးလည်း မလုပ်ရဘူး၊ ငါ အဲဒီအနံ့ကို သည်းမခံနိုင်ဘူး"
ဝမ်လောင်လျို၏ မျက်လုံးများတွင် ကောက်ကျစ်မှုများ ပေါ်လာပြီး ထပ်ပြောလိုက်ပြန်သည်။
"ဟင်းရွက်ချဉ်တွေလည်း လုပ်လို့ မရဘူး၊ အဲ့အနံ့ကလည်း အရမ်းနံတယ်"
စုန့်ရှင်းယိ၏ အပြုံးများက ပျောက်ကွယ်သွားပြီး အသံလည်း မာလာတော့သည်။
"မင်း စိတ်အေးအေးနေပါ၊ ငါ အဲဒီဝင်းကို မြေညှိပြီး ဟင်းသီးဟင်းရွက် စိုက်မှာ၊ ဘာလဲ...မင်းက ငါ့ကို ဟင်းသီးဟင်းရွက်တောင် စိုက်ခွင့်မပေးဘူးလား၊ အဲဒါ ငါ့မြေနော်၊ မင်း လာထိန်းချုပ်လို့ မရဘူး"
ဝမ်လောင်လျိုလည်း ဘာမှ ပြန်မပြောနိုင်ဘဲ တောက်တခေါက်ခေါက်ဖြင့် စိတ်ပျက်လက်ပျက် ပြန်ထွက်ခွာလာခဲ့ရသည်။
ကျိုးမိသားစု၏ သားဖြစ်သူက စုန့်မိသားစုတွင် အလုပ်ဝင်လုပ်နေပြီဟု ကြားသိရချိန်တွင် သူ ပို၍ပင် ဒေါသထွက်လာပြီး ခြေဆောင့်နေတော့သည်။ ဝမ်လောင်လျို၏ ဇနီးဖြစ်သူကလည်း ငိုယိုကာ သူ့ကို အပြစ်တင်နေပြန်သည်။
"ရှင်က ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို သဘောမတူခဲ့ဘူး၊ အခုတော့ ဘာဖြစ်သွားလဲ ကြည့်လိုက်ဦး၊ အိမ်အသစ်လည်း မရဘူး၊ အလုပ်လည်း မရဘူး၊ ဒီအိမ်စုတ်ကြီးမှာပဲ နေနေရတာ ဘာထူးလို့လဲ"
"ဒီမိန်းမ... ဘယ်ကိုလာပြီး ဆူပူနေတာလဲ၊ နင်မှာ့ စားစရာ သောက်စရာ ပြတ်လတ်နေလို့လား"
ဝမ်လောင်လျိုက ခန်အစွန်းတွင် ထိုင်ကာ ဒေါသတကြီး ပြန်အော်နေပြီး သူ စဉ်းစားလေလေ ပို၍ စိတ်တိုလေလေ ဖြစ်နေခဲ့သည်။
ညနေဘက်တွင် သူ အပြင်ထွက် လမ်းလျှောက်ရင်း ကျိုးလောင်စန်းနှင့် မတော်တဆ ဆုံမိကြသည်။ သူတို့နှစ်ဦးလုံးက စုန့်မိသားစုအပေါ် မကျေမနပ် ဖြစ်နေကြပြီး အတူတူ စကားပြောရင်း အရက်သောက်မိကြချိန်၌ ဝမ်လောင်လျိုတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။