ကြက်ခိုးဖို့ ကြံခဲ့ပေမယ့် ဆန်တွေ ဆုံးရှုံးလိုက်ရပြီ
Vol. 7 Ch. 63
နွေဦးတွင်ပင် အအေးဓာတ်က စူးရှနေဆဲဖြစ်ပြီး အထူးသဖြင့် ညဘက်တွင် ပို၍ အေးစက်နေသည်။
အရက်မူးနေသည့် ဝမ်လောင်လျိုက လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အိမ်ဘက်သို့ ယိုင်တိုင်တိုင် လျှောက်လာနေသည်။ အိမ်နားသို့ ရောက်လာချိန်တွင် အဝေးမှ စုန့်ရှင်းယိ၏ အိမ်ဘက်ကို လှမ်းကြည့်ရင်း အမုန်းတရားများ ပြည့်နှက်လာပြန်သည်။
‘စုန့်လောင်စစ်ဆိုတဲ့ အဖိုးကြီးက တကယ်ကို ကပ်စေးနဲတာပဲ၊ သူ ငွေတွေ အများကြီး ရှာနိုင်နေတာတောင် ငါတို့လို ဆင်းရဲတဲ့ အိမ်နီးချင်းတွေကို မကူညီချင်ဘူး။ လျန်တစ်ရာဆိုတာ သူတို့အတွက်တော့ လက်ကြားက ထွက်သွားတဲ့ အမှုန်အမွှားလောက်ပဲ ရှိတာ မဟုတ်ဘူးလား....
ကြာကန်တူးဖို့ လူငှားရင်တောင် ကြေးပြားလေးနည်းနည်းပဲ ပေးကြတယ်၊ ဒီလို နည်းပါးတဲ့ ပမာဏကို ပေးနေတာတောင် မရှက်ကြဘူးလား’
‘ပြီးတော့ ကျိုးကွမ်ချိုက်ရဲ့ အိမ်သစ်ကိုလည်း ကြည့်လိုက်ဦး၊ ရွှံ့အိမ် ဆိုပေမယ့် အခိုင်အမာ ဆောက်ထားတာကွ၊ ထုတ်တန်းတွေအတွက်လည်း သစ်ကောင်းတွေကို သုံးထားသေးတယ်၊ အမိုးကလည်း အုတ်ကြွပ်အမိုး’
‘ပြီးတော့ အခန်းကြီး ခြောက်ခန်းပါတဲ့ အိမ်ခြံဝင်းက ကျိုးကွမ်ချိုက်တို့ရဲ့ အရင် ယိုင်နဲ့နဲ့ အခန်းလေးခန်း အိမ်စုတ်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်’
‘အဲဒီအိမ်က ငါ့အိမ် ဖြစ်သင့်တာ!’
ဝမ်လောင်လျိုတစ်ယောက် တွေးရင်းဖြင့် တတွတ်တွတ် ရေရွတ်လာမိသည်။ သူ သတိပြန်ဝင်လာချိန်တွင် စုန့်မိသားစု၏ ခြံစည်းရိုးနံရံအောက်သို့ ရောက်နေသည်ကို သိလိုက်ရသည်။
မြေပဲလှော်ရန်သာမက သိုးမွေးများ ပြုတ်ရန်လည်း ထင်း လိုအပ်သောကြောင့် ပုံမှန်အားဖြင့် စုန့်မိသားစုက ထင်းကို အလွန်အကျွံ သုံးစွဲရသည်။ သူတို့အိမ်ဝင်းအတွင်းတွင် ထင်းပုံရန် နေရာမဆန့်တော့သောကြောင့် အိမ်ဝင်းအပြင်ဘက်တွင် တဲတစ်ခု ဆောက်ကာ ထင်းများ တောင်ပုံရာပုံဖြစ်သည်အထိ စုပုံထားကြသည်။
ဝမ်လောင်လျိုက အရက်ရှိန်ကြောင့် နီမြန်းနေသော မျက်လုံးများဖြင့် ထိုထင်းပုံကြီးကို စိုက်ကြည့်နေပြီးမှ ရုတ်တရက် သူ့အိမ်ဆီသို့ ပြေးသွားပြန်သည်။ ခဏအကြာတွင် သူ တိတ်တဆိတ် ပြန်ထွက်လာသည်။
သူ စုန့်မိသားစုအား ဒုက္ခပေးချင်နေသော်လည်း သူတပါး၏ လယ်ကွင်းများကို မီးရှို့ရန် သို့မဟုတ် ဝက်နှင့် သိုးများကို အဆိပ်ခတ်ရန်အထိတော့ မလုပ်ရဲပေ။ ထို့ကြောင့် သူ၏ ဒေါသကို ဖြေဖျောက်နိုင်မည့် တစ်ခုတည်းသော အရာက ဤထင်းပုံကြီးသာ ဖြစ်နေလေသည်။
တိတ်ဆိတ်သော ညအမှောင်ထဲတွင် မီးခတ်ကျောက်ကို ခတ်လိုက်သည့်အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ခြောက်သွေ့နေသည့် ထင်းများက မီးပွင့်နှင့် တွေ့လိုက်သည်နှင့် တပြိုင်နက် ချက်ချင်း မီးစွဲလောင်သွားတော့သည်။
ဝမ်လောင်လျိုက မီးပုံဘေးတွင် ရပ်နေရင် အေးစက်စွာ ရယ်မောနေခဲ့သည်။ မီးရောင်အောက်မှ သူ၏အပြုံးက ကောက်ကျစ်လွန်းလှပြီး ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
ထိုမြောက်လေက မီးပွားများကို မြေပြင်ပေါ်သို့ လွင့်စင်ကျသွားပြီး နွေဦးရာသီ၏ ခြောက်သွေ့သော မြက်ခြောက်များအား ချက်ချင်း မီးစွဲလောင်သွားစေကာ တစ်ဟုန်ထိုး ပြန့်နှံ့သွားသည်။
"မီး!! မီးဟေ့...မီး၊ မီးလောင်နေပြီ!! အားလုံး ထကြ!!"
တိတ်ဆိတ်နေသော ရွာလေးထဲတွင် လူသံများနှင့် ခွေးဟောင်သံများ ဆူညံပွက်လောရိုက်လာပြီး ရွာသားများအားလုံး အိမ်ပြင်သို့ အပြေးအလွှား ထွက်လာကြသည်။ အားလုံးက ရေပုံးများ၊ အိုးများ ပြေးဆွဲကာ မီးဝိုင်းငြှိမ်းကြသည်။
သို့သော် နွေဦးရာသီက သဘာဝအတိုင်း အလွန်ခြောက်သွေ့နေတတ်သည်။ ထို့ကြောင့်ပင် "နွေဦးမိုးက ဆီထက်ပင် အဖိုးတန်သည်" ဟု ပြောစမှတ်ပြုကြခြင်း ဖြစ်သည်။ လောင်မြိုက်နေသော မီးက မြောက်လေနှင့်အတူ ထိန်းမနိုင်သိမ်းမရ ပြန့်နှံ့သွားပြီး ကောင်းကင်တစ်ဝက်ကိုပင် နီရဲသွားစေသည်။
ရွာသားများအားလုံး ညဉ့်နက်သည်အထိ မနားတမ်း မီးငြှိမ်းသတ်ခဲ့ကြရပြီး လူတိုင်း၏မျက်နှာတွင် မီးခိုးများ ဖုံးလွှမ်းနေသည်။
တိုက်ခတ်နေသည့်လေက မြောက်လေဖြစ်နသောကြောင့် စုန့်မိသားစု၏ ခြံစည်းရိုးတံတိုင်းတစ်ဝက်သာ မီးလောင်သွားခဲ့သော်လည်း တောင်ဘက်တွင် ရှိနေသည့်သူများကတော့ ဒုက္ခအကြီးအကျယ် ခံစားခဲ့ကြရသည်။ ကံကောင်းထောက်မစွာဖြင့် စုန့်အိမ်၏ တောင်ဘက်တွင် အိမ်အများကြီးမရှိဘဲ အနီးဆုံးအနေဖြင့် ကျိုးကွမ်ချိုက်၏ အိမ်ဟောင်းသာ ရှိနေခဲ့သည်။ ၎င်း၏နောက်တွင် ဝမ်လောင်လျို၏အိမ် ရှိနေသည်။
ကျိုးကွမ်ချိုက်၏ မိသားစုက အိမ်အသစ်သို့ ပြောင်းရွှေ့သွားကြပြီဖြစ်သော်လည်း သူတို့၏ အိမ်ဟောင်းကတော့ အကြွင်းအကျန်မျှသာ ကျန်တော့သည်အထိ လောင်ကျွမ်းခံလိုက်ရသည်။ သို့သော်လည်း သူတို့ ဖျက်ရမည့်အတူတူ သက်သာသွားသည်ဟု ယူဆနိုင်သည်။ ဝမ်လောင်လျို၏ မိသားစုကတော့ ကံမကောင်းဘဲ အိမ်နှစ်လုံး ပျက်စီးသွားပြီး အမိုးအများစုကလည်း မီးထဲပါသွားခဲ့သည်။
"စုန့်အိမ်ကလူတွေ.... နင်တို့ ငါတို့အိမ်အတွက် လျော်ကြေးပေးရမယ်"
ဝမ်လောင်လျို၏ ဇနီးက ငိုယိုရင်း အပြေးအလွှား ရောက်ရှိလာသည်။
"နင်တို့ ထင်းပုံကို သေချာမကြည့်လို့ ငါတို့အိမ် မီးလောင်သွားတာ၊ နင်တို့ လျော်ကြေးပေးရမယ်၊ ငါတို့ ပစ္စည်းတွေ အများကြီး မီးထဲပါသွားပြီ၊ အားလုံးအတွက် နင်တို့ လျော်ပေးရမယ်"
စုန့်ရှင်းယိက သူမတို့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ရွာသူကြီးက စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"ဘာတွေဖြစ်ကုန်တာလဲ၊ ညကြီးအချိန်မတော် ဘယ်လိုဖြစ်ပြီး မီးလောင်ရတာလဲ"
စုန့်ရှင်းယိက ပြန်ဖြေလိုက်သည်။
"ဘာဖြစ်လို့ရမှာလဲ၊ လူတွေရဲ့ လောဘကြောင့်ပေါ့"
ဝမ်လောင်လျို၏ ဇနီးက မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏ ပေါင်ကို လက်ဖြင့် တဖုန်းဖုန်း ရိုက်ကာ အော်ဟစ်ငိုကြွေးနေသည်။ စုန့်မိသားစုက မတရားသူများ ဖြစ်ကြောင်း၊ အိမ် မရောင်းသောကြောင့် အငြိုးအတေးထားကာ အိမ်ကို မီးရှို့ကြောင်း၊ မိသားစုလိုက် သတ်ရန် ကြံစည်နေကြောင်းနှင့် သူမတို့ကို မောင်းထုတ်နိုင်မှ ကျေနပ်မည့် ယုတ်မာသော စိတ်ထားရှိသူများ ဖြစ်ကြောင်း အော်ဟစ် ဆဲဆိုနေခဲ့သည်။
"အကျင့်မကောင်းတဲ့ လူတွေ.... မိုးနတ်မင်းကြီးရယ် မျက်စိဖွင့်ကြည့်ပါဦး၊ ဘာကြောင့် ဒီလို လူမျိုးတွေကို မိုးကြိုးမပစ်ရတာတုန်း၊ သူတို့က ကျွန်မတို့ မိသားစုတစ်ခုလုံးကို သေတဲ့အထိ ဖိအားပေးချင်နေကြတာ"
သူမ အော်ဟစ်ငိုယိုနေသလို သူမ၏ ချွေးမများကလည်း အော်ငိုနေကြသည်။ မြေးများကလည်း ငိုနေကြပြီး မျက်နှာတွင် မီးခိုးမှိုင်းများ ပေကျံနေပြီး စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ထားသည့် လူအိုနှစ်ဦးကလည်း အော်ငိုနေကြသည်။ တစ်မိသားစုလုံး ရှုပ်ထွေးနေပြီး ဆူညံပွက်လောရိုက်နေသော်လည်း ဝမ်လောင်လျိုကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ။
တစ်စုံတစ်ယောက်က ရုတ်တရက် လှမ်းမေးလိုက်သည်။
"ဟေး... လောင်လျို ဘယ်ရောက်နေလဲ၊ သူ မီးထဲမှာ သေသွားပြီလား"
အိမ် မီးလောင်ခြင်းက ကိစ္စမရှိသော်လည်း လူသေသွားလျှင်တော့ ပြဿနာ အကြီးကြီး ဖြစ်သွားပေလိမ့်မည်။
ထိုစကားက လူအုပ်ကြီးကို ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေပြီး တစ်ယောက်က အကျယ်ကြီး ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ ငွေရှိတယ်ဆိုတိုင်း ဒီလောက် မရက်စက်သင့်ဘူး၊ မြေမရောင်းလို့ အိမ်ကို မီးရှို့တယ်ဆိုတာက ဘယ်လိုတောင် ရက်စက်တဲ့ လူတွေတုန်း"
"အရမ်း ယုတ်မာတာပဲ၊ သူတို့က မရိုးသားတဲ့နည်းလမ်းနဲ့ ငွေရှာနေကြတာ"
"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ"
စုန့်ရှင်းယိက လူအုပ်ကြီးကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ငါလည်း ဒီကိစ္စကို အတော်လေး အံ့ဩနေမိတယ်၊ ငါတို့ အိမ်က ထင်းပုံ ဒီနေရာမှာ ရှိလာတာ နှစ်အတော်ကြာနေပြီ၊ နှစ်တိုင်းလည်း ဒီလို ပုံနေကြပဲ၊ အရင်က ဘာမှမဖြစ်ဘဲ ဘာလို့ ဒီနေ့ကျမှ ညသန်းခေါင်ကြီး ရုတ်တရက် မီးထလောင်ရတာလဲ"
"နင်တို့က ငါတို့ တစ်မိသားစုလုံးကို သတ်ချင်နေတာလေ"
ဝမ်လောင်လျို၏ ဇနီးက အမှန်တကယ် မတရားခံနေရသကဲ့သို့ အော်ပြောလိုက်သည်။
"ငါတို့က မင်းတို့ မိသားစုကို လုံးဝ စိတ်မဝင်စားဘူး၊ ဒါပေမယ့် တစ်စုံတစ်ယောက်က ငါ့တို့ မိသားစုကို ဒုက္ခပေးချင်နေမှန်းတော့ ငါ သိတယ်"
ထို့နောက် စုန့်ရှင်းယိက သူ့အသံကို မြှင့်လိုက်ပြီး လူတိုင်းကြားအောင် အော်ပြောလိုက်သည်။
"ခင်ဗျားတို့အားလုံး ဝမ်လောင်လျို ဘယ်ရောက်နေလဲဆိုတာ သိချင်နေကြတယ် မဟုတ်လား၊ အကြီးဆုံးသား... သူ့ကို ခေါ်လာခဲ့စမ်း"
စုန့်ကျစ်ချန်းက ခေါင်းညိတ်ကာ ချက်ချင်း လှည့်ထွက်သွားသည်။ ခဏအကြာတွင် သူက ဝက်တစ်ကောင်ကဲ့သို့ တုတ်နှောင်ခံထားရသည့် လူတစ်ယောက်ကို ဒရွတ်တိုက် ဆွဲခေါ်လာပြီး ဝမ်လောင်လျို၏ ဇနီးရှေ့သို့ ပစ်ချလိုက်သည်။
လူတိုင်းက ထိုလူ့ကို စိုက်ကြည့်နေကြပြီး ထိုလူက အခြားသူမဟုတ်ဘဲ ဝမ်လောင်လျိုဖြစ်ကြောင်း မြင်လိုက်ကြရသည်။
"ဒါ... ဒါတွေက ဘာတွေ ဖြစ်ကုန်တာလဲ"
ရွာသူကြီးပင်လျှင် မှင်တက်နေလေသည်။
စုန့်ရှင်းယိကလည်း ပြန်ပြောလိုက်သည်။
"ဘာဖြစ်တာလဲ ဟုတ်လား၊ ကျွန်တော်လည်း ဘာတွေဖြစ်နေတယ်ဆိုတာ သိချင်တာပဲလေ၊ ကျွန်တော်က အသက်ကြီးနေပြီဆိုတော့ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ဘူး၊ ဒီညလည်း ညသန်းခေါင်ကြီး နိုးနေပြီးတော့ မီးလောင်နေတာကို မြင်လိုက်တာနဲ့ မိသားစုကို အမြန်ခေါ်ပြီး အပြင်ထွက်ခဲ့တာ၊ ဒါပေမယ့် အပြင်ထွက်လာလာချင်းမှာပဲ လမ်းဘေးမှာ လူတစ်ယောက် မူးပြီး ထိုင်နေတာကို မြင်လိုက်ရတယ်၊ သွားကြည့်လိုက်တော့ အိုက်ယား... ဝမ်လောင်လျို ဖြစ်နေတာလေ၊ သူ့လက်ထဲမှာလည်း မီးခတ်ကျောက်ကြီး ကိုင်ထားသေးတယ်"
ဝမ်လောင်လျိုက မီးရှို့ပြီးနောက် အိမ်ပြန်ရန် ကြံရွယ်ခဲ့သော်လည်း သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် အရက်ရှိန် တက်လာသောကြောင့် အဝေးတစ်နေရာတွင် ခဏထိုင်ပြီး အရက်ရှိန်ပြေရန် စောင့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ အိပ်ပျော်သွားခဲ့သောကြောင့် သူ့တစ်ကိုယ်လုံး ကြိုးတုပ်ခံလိုက်ရသည်ကိုပင် သူ မသိတော့ချေ။
ယခု အဆွဲခေါ်ခံလာရပြီး မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရမှသာ ရုတ်တရက် လန့်နိုးလာခဲ့သည်။ သူ ဝေဝေဝါးဝါး မျက်လုံးဖွင့်ကြည့်လိုက်ရာ စုန့်မိသားစု၏ အိမ်တံတိုင်းများ မီးလောင်ကျွမ်းနေသည်ကို မြင်သွားခဲ့သည်။
သူက အားရပါးရ ရယ်မောရင်း ကြုံးဝါးလိုက်သည်။
"ကောင်းတယ်၊ ဒါက မင်းတို့နဲ့ တန်တဲ့ အရာပဲ၊ မင်းတို့အတွက် ထိုက်တန်တယ်၊ မင်းတို့တအိမ်လုံး ပြာကျသွားစမ်း၊ ဒါက နှမြောတွန့်တိုတဲ့ အကျိုးပေါ့၊ ဟား ဟား"
ဝမ်လောင်လျို၏ ဇနီးက လန့်ဖျပ်သွားပြီး သူ့ပါးစပ်ကို အတင်းလိုက်ပိတ်နေသည်။
"ရှင်... ရှင် ဘာတွေ ပြောနေတာတုန်း၊ အဘိုးကြီး”
ဝမ်လောင်လျိုကတော့ ခေါင်းကို အားရပါးရ ခါယမ်းရင်း ရယ်မောနေဆဲပင်။
"သူတို့ ထင်းပုံကို ငါ မီးရှို့လိုက်တာလေကွာ၊ ဟား ဟား ဟား ဟား"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဝမ်လောင်လျို အရက်ရှိန်ဖြင့် အရူးအမူး ရယ်မောနေသည်ကိုသာ လူတိုင်း အံ့ဩတကြီး စိုက်ကြည့်နေကြသည်။ အထူးသဖြင့် စောစောက စုန့်မိသားစုအား ကဲ့ရဲ့လှောင်ပြောင်ခဲ့သူများက စုန့်မိသားစုမှ သူတို့အား ဆွဲထုတ်ပြီး ဆူပူကြိမ်းမောင်းမည်ကို ကြောက်နေကြသည်၊။ သူတို့အားလုံး လူအုပ်ကြားထဲသို့ ပြန်ဆုတ်ကာ ပုန်းကွယ်နေကြသည်။
ခဏမျှ ရယ်မောပြီးနောက် ဝမ်လောင်လျိုတစ်ယောက် အေးစက်သော လေကြောင့် နှစ်ချက်ခန့် နှာချေလိုက်ပြီး သတိပြန်ဝင်လာခဲ့သည်။ သူ့၏လက်နှင့် ခြေထောက်များကို လှုပ်ရှားကြည့်လိုက်မှသာ သူ တုပ်နှောင်ခံထားရမှန်း သိသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါ ဘာလုပ်တာလဲ၊ ငါ့ကို ဘာလို့ တုပ်နှောင်ထားကြတာလဲ"
ဝမ်လောင်လျို၏ ဇနီးကတော့ အသက်မဲ့နေသူတစ်ယောက်လိုမျိုး သူ့ကို စိုက်ကြည့်ရင်း မျက်ရည်များသာ စီးကျနေလေသည်။ ထိုအချိန်မှသာ ဝမ်လောင်လျိုက တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း ရိပ်မိသွားခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လူတိုင်းက သူ့ကို ဝိုင်းအုံကြည့်နေမှန်း သိသွားပြန်သည်။
”ဘာ... ဘာတွေ ဖြစ်နေတာလဲ"
"ရှင်... ဒီလူယုတ်မာကြီး၊ ကျွန်မ ရှင့်ကို သတ်ပစ်မယ်"
ဝမ်လောင်လျို၏ ဇနီးက နာကျင်ကြေကွဲနေသော အသံဖြင့် အော်ဟစ်လိုက်ပြီး ဝမ်လောင်လျိုပေါ်သို့ ခုန်အုပ်လိုက်သည်။ သူမက သူ့မျက်နှာကို လက်သည်းဖြင့် ကုတ်ဖဲ့နေသောကြောင့် သူ့မျက်နှာပေါ်၌ သွေးစီးကြောင်းများ ဖြစ်ပေါ်လာသည်။
ဝမ်လောင်လျို အော်ဟစ် ရှောင်တိမ်းနေသော်လည်း ကံဆိုးသည်က မည်သူမျှ သူ့ကို လာမကူညီပေးကြခြင်းပင်။ သူ့၏ မိဘနှစ်ပါးပင်လျှင် မျက်နှာကို လက်ဖြင့် အုပ်ကာ ငိုနေကြသည်။ သူတို့လည်း အလွန်အမင်း စိတ်ပျက်အားငယ်နေပုံ ရသည်။
စုန့်ရှင်းယိက အော်ပြောလိုက်သည်။
"ငါ မင်းတို့အိမ်ကို ဝယ်ချင်လို့ သင့်တင့်တဲ့ ဈေးပေးခဲ့တယ်၊ ဒါပေမယ့် မင်းက မင်းတို့အိမ်က ဖုန်းရွှေကောင်းတဲ့ ရတနာမြေ ဆိုပြီး လျန်တစ်ရာ တောင်းတဲ့အပြင် မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို အလုပ်ပေးဖို့ပါ အဆမတန် တောင်းဆိုခဲ့တယ်"
လူအုပ်ကြီးဆီမှ အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာပြန်သည်။ လျန်တစ်ရာဆိုသည်က အုတ်ကြွပ်မိုး အုတ်အိမ်ကြီးတစ်လုံး ဆောက်နိုင်သော ပမာဏ ဖြစ်သည်။ သူတို့၏ ယိုင်နဲ့နဲ့ အိမ်စုတ်လေးအချို့အတွက် ဤမျှလောက်အထိ တောင်းရဲသည်က မယုံနိုင်စရာပင်။
စုန့်ရှင်းယိက ဆက်ပြောလိုက်သည်။
"ငါ သဘောမတူခဲ့ဘူး၊ နောက်ဆုံးမှာ ကျိုးကွမ်ချိုက်ရဲ့ အိမ်ကို ဝယ်လိုက်တယ်၊ သူတို့မိသားစုက အလုပ်ကြိုးစားပြီး စိတ်ရင်းကောင်းကြတယ်၊ ငါ့တို့ဆီကို ထင်းလည်း ရောင်းပေးကြတယ်လေ၊ ဒါကြောင့် ငါ့တို့ အိမ်နောက်မှာ သူတို့ကို နေခွင့်ပေးပြီး ဝက်တွေ သိုးတွေ မွေးဖို့ ကူညီခိုင်းခဲ့တာ၊ ဒါကို ဝမ်လောင်လျိုက မကျေနပ်ဘဲ ငါ့အိမ်ကို မီးရှို့ပြီး ငါတို့ တစ်မိသားစုလုံးကို သေအောင် သတ်ဖို့ အထိ ကြံစည်ခဲ့တာပဲ"
"ရွာသူကြီး... ကျွန်တော် ဒီလိုလူမျိုးနဲ့တော့ အိမ်နီးချင်း မလုပ်ရဲတော့ဘူး၊ တကယ်လို့ ကျွန်တော်တို့ မိသားစုအတွက် ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မရဘူးဆိုရင် ကျွန်တော်တို့ ရွာကနေ မြို့ကို ပြောင်းတော့မယ်၊ အလုပ်ရုံကိုလည်း အဲဒီမှာပဲ ပြောင်းဖွင့်တော့မယ်"
ရွာသူကြီးလည်း ချွေးများ ပြန်လာပြီး အလျင်အမြန် ဝင်ပြောလိုက်သည်။
"အိုက်ယာ.... ဒါက ဘာတွေ ပြောတာတုန်း လောင်စစ်ရာ၊ ငါက ဘာလို့ ဖြေရှင်းချက် မပေးဘဲ နေရမှာလဲ၊ လောင်စစ်.... မင်း စိတ်ချပါ၊ ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ပေးပါ့မယ်"
စုန့်ရှင်းယိကို ပြောပြီးနောက် ရွာသူကြီးက ဝမ်လောင်လျိုကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ငါတို့ မြောက်ဘက်ကမ်းရွာရဲ့ သမိုင်းမှာ လူသတ်ဖို့အထိ ရည်ရွယ်ပြီး ညသန်းခေါင်မှာ သူတစ်ပါးအိမ်ကို မီးရှို့ရဲတဲ့ ဒီလို အရူးမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး၊ ဒီကိစ္စကို ငါ အာဏာပိုင်တွေဆီ တိုင်ကြားပြီး သူ့ကို ဖမ်းခိုင်းလိုက်မယ်၊ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
ရွာသားများက အလျင်အမြန် ခေါင်းခါလိုက်ကြသည်။
‘ဒီလို အိမ်ကို အချိန်မရွေး မီးရှို့နိုင်တဲ့ လူမျိုးနဲ့ ဘယ်သူက အိမ်နီးချင်း လုပ်ချင်ပါ့မလဲ၊ သူနဲ အိမ်နီးချင်းဖြစ်နေရင် ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး နေနိုင်ပါတော့မလဲ’
"ရွာသူကြီး... သူကြီး၊ လောင်လျိုက ခဏတာ စိတ်ရှုပ်သွားလို့ ဒီလိုဖြစ်သွားတာပါ၊ ကျေးဇူးပြုပြီး အာဏာပိုင်တွေဆီ မပို့ပါနဲ့"
ဝမ်လောင်လျို၏ ဦးလေးအချို့ကလည်း ဤရွာ၌ နေထိုင်ကြပြီး သူတို့အားလုံးက ဝမ်လောင်လျိုတို့ကဲ့သို့ ဆင်းရဲကြသူများ ဖြစ်ကြသည်။
သို့သော် သူတို့ မည်မျှ ဆင်းရဲနေစေကာမူ ဝမ်လောင်လျို ထောင်ထဲရောက်သွားပါက ဝမ်မိသားစုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။ နောင်တစ်ချိန်တွင် မျိုးဆက်သစ်များ အိမ်ထောင်ပြုရန် ခက်ခဲသွားပေလိမ့်မည်။ သူနှင့် ရွယ်တူ သို့မဟုတ် လူကြီးပိုင်းများလည်း အပြင်ထွက်တိုင်း အရှက်ရပေလိမ့်မည်။
ထို့ကြောင့် သူ့၏ဦးလေးများက ဝိုင်းဝန်း တောင်းပန်ပေးကြသလို ဝမ်လောင်လျို၏ ဇနီးကလည်း သူ့ကို ရိုက်နှက်နေခြင်းအား ရပ်တန့်ပြီး ငိုယိုနေပြန်သည်။
ရွာသူကြီးက သူတို့ တစ်ယောက်ချင်းစီကို လိုက်ကြည့်ပြီး ပြန်မေးလိုက်သည်။
"မင်းတို့ သူ့ကို သနားနေကြတာလား၊ ဒါဆို မင်းတို့ ဘာလုပ်ပေးနိုင်ကြမှာလဲ၊ ကောင်းပြီလေ... သူက သူတစ်ပါးရဲ့ အိမ်နဲ့ ခြံဝင်းကို မီးရှို့ခဲ့တယ်၊ အဲ့တော့ ပထမဆုံးအနေနဲ့ ငွေနဲ့ အလျော်ပေးရမယ်"
ထိုစကားကို ကြားလိုက်ရသည့် ဦးလေးများအားလုံး တွန့်ဆုတ်သွားကြပြီး အသံတိတ်သွားကြသည်။
‘ဆွေမျိုးတော်စပ်တာက တစ်ပိုင်း၊ ငွေက တစ်ပိုင်းလေ။ သူတို့ကို ငွေစိုက်လျော်ခိုင်းမယ်ဆိုရင်တော့ ဒီလို လူမျိုးကို အကူအညီ မပေးတာကမှ ပိုကောင်းဦးမယ်’
ဝမ်လောင်လျို၏ အမေက ငိုယိုရင်း ဝင်ပြောလာသည်။
"ငါတို့အိမ်မှာ ဘာငွေမှ မရှိဘူး၊ ရှိတဲ့ ကောက်နှံလေး နည်းနည်းပါးပါးတောင် မီးထဲပါကုန်ပြီ ထင်ပါရဲ့... ငါ ဘာလို့ ဒီလို အသုံးမကျတဲ့ကောင်ကို မွေးမိပါလိမ့်၊ မိုးနတ်မင်းကြီးကလည်း ငါ့ကို အမြန် မခေါ်သွားဘူး၊ ဘာလို့ ဒီလို ဒုက္ခတွေ ခံခိုင်းနေရတာလဲ"
ဝမ်လောင်လျိုက ရုန်းကန်ရင်း ထပ်ပြောလိုက်ပြန်သည်။
"သူတို့ ဘာမှ မဖြစ်ဘူးလေ၊ ဟုတ်တယ်မလား၊ ခြံစည်းရိုးလေး လောင်သွားတာ ရှိတာကို၊ တစ်ရက်နှစ်ရက်အတွင်း ပြန်ဆောက်လို့ ရနေတာပဲ၊ ထင်းနည်းနည်းပါးပါးက ဘယ်လောက်တန်နေလို့လဲ၊ ငါ တောထဲသွားပြီး ပြန်ခုတ်ပေးမယ်"
ဝမ်လောင်လျို၏သားက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
"အဖေ... အဖေ မီးရှို့လိုက်တာက သူများအိမ်တင် မဟုတ်ဘူး၊ ကျွန်တော်တို့ အိမ်ကိုပါ ရှို့လိုက်တာ၊ ဒီနေ့ မြောက်လေ တိုက်နေတော့ ဦးလေးကျိုးရဲ့ အိမ်တင်မကဘူး၊ ကျွန်တော်တို့ အိမ်ပါ ပြာကျသွားပြီ၊ အဖွား ခုနက ပြောတာကို အဖေ မကြားလိုက်ဘူးလား၊ စားစရာတွေပါ အကုန် မီးထဲပါသွားပြီလေ"
"ဘယ်လို... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဝမ်လောင်လျိုတစ်ယောက် ထိုစကားကြောင့် ရူးမတတ် ဖြစ်သွားပြီး အော်ဟစ်နေတေလသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မီးက ဘယ်လို လုပ်ပြီး ငါတို့အိမ်အထိ ကူးသွားရတာတုန်း၊ ငါက သူတို့အိမ်ရှေ့က ထင်းပုံကိုပဲ မီးရှို့ခဲ့တာလေ၊ ဘယ်လိုလုပ်ပြီး ငါတို့အိမ်ပါ မီးလောင်သွားရတာလဲကွာ"
သူ့သားက ငိုနေရင်း ပြန်ပြောလိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ မြောက်လေက ဒီလောက် အပြင်းအထန် တိုက်နေတာလေ၊ အဖေ မမြင်ဘူးလား၊ မီးပွားတွေက တောင်ဘက်ကို လွင့်တာပေါ့၊ ဦးလေးကျိုးရဲ့ အိမ်ကလည်း လူမနေတာကြာတော့ ခြောက်ကပ်နေပြီး မီးစွဲဖို့ ပိုလွယ်သွားတယ်။ သူတို့အိမ် မီးလောင်မှတော့ ကျွန်တော်တို့အိမ်က ဘယ်လိုလုပ်ပြီး ဘေးကင်းတော့မှာလဲ"
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ငါက သူတို့အိမ်ရှေ့က ထင်းပုံကိုပဲ မီးရှို့တာလေ၊ ငါတို့အိမ် ဘယ်လိုလုပ် လောင်..."
ဝမ်လောင်လျိုတစ်ယောက် လုံးဝ ဇဝေဇဝါဖြစ်နေပြီး ရုတ်တရက် စုန့်ရှင်းယိဘက်သို့ လှည့်ကာ ဒေါသတကြီး စိုက်ကြည့်ရင်း အော်ဟစ်လိုက်ပြန်သည်။
"မင်း... မင်းပဲ မှတ်လား၊ မင်း လူလွှတ်ပြီး ငါ့အိမ်ကို မီးရှို့ခိုင်းလိုက်တာ မဟုတ်လား၊မင်းက ငါတို့ တစ်မိသားစုလုံးကို မောင်းထုတ်ချင်လို့ အဲ့လို လုပ်ခဲ့တာ၊ မင်းပဲ... မင်းပဲ ဖြစ်ရမယ်၊ ရွာသူကြီး၊ သူ့ကို ဖမ်း၊ သူက ကျွန်တော်တို့အိမ်ကို မီးရှို့တာ"
ရွာသူကြီးက သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်ရင်း လူတိုင်းကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ငါ ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားတော့မယ်၊ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
ဝမ်မိသားစုဝင်မှ ဦးလေးများက ဝေခွဲမရဖြစ်နေကြပြီး အကြီးဆုံးဦးလေးက ဝင်ပြောလိုက်သည်။
"ရွာသူကြီးရယ်... အာဏာပိုင်တွေအထိတော့ မသွားခိုင်းပါနဲ့၊ သူလည်း... သူလည်း အခု ဝဋ်လည်နေပြီ မဟုတ်ဘူးလား၊ တကယ်လို့ သူ အဖမ်းခံလိုက်ရရင် ကျွန်တော်တို့ ဝမ်မိသားစုဝင်တွေ ဘယ်လို အသက်ဆက်ရတော့မှာလဲ"
အမှန်တကယ်တွင် ရွာသူကြီးကိုယ်တိုင်လည်း အာဏာပိုင်များနှင့် မပတ်သက်ချင်ပေ။ သို့သော် ယခုကိစ္စက စုန့်မိသားစုနှင့် ဆက်နွှယ်နေပြီး စုန့်ရှင်းယိက မြို့ပေါ်ရှိ သူကြွယ်ကြီးဝမ်၏ မိသားစုနှင့် ရင်းနှီးသည်ကို တစ်ရွာလုံး သိကြသည်။ ထို့အပြင် ရွာသားအများစုက စုန့်အိမ်၏ အလုပ်ရုံတွင် အလုပ်လုပ်နေကြပြီး မည်သူမျှ စုန့်မိသားစုကို မပြစ်မှားရဲကြပေ။
စုန့်ရှင်းယိက ရွာသူကြီးနှင့် ဝမ်လောင်လျိုမိသားစုမှ အကြည့်များကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး သူ့မိသားစုဘက်သို့ ပြန်လှည့်ပြောလိုက်သည်။
"အရမ်းအေးနေပြီ၊ ကလေးတွေကို ခေါ်ပြီး ပြန်အိပ်ကြတော့၊ အကြီးဆုံးသားနဲ့ ဒုတိယသားကတော ငါနဲ့ ဒီမှာနေခဲ့"
စုန့်ကျစ်ယွမ်ကလည်း သူ့ဇနီးနှင့် ကလေးများ အအေးမိမည်စိုးရိမ်နေပြီး အိမ်ထဲသို့ အမြန်ပြန်လွှတ်လိုက်သည်။
ရွာသူကြီးက စုန့်ရှင်းယိက ဝင်ရောက်မစွက်ဖက်လိုတော့သည်ကို နားလည်သွားပြီး ဝမ်မိသားစုကို ပြန်မေးလိုက်သည်။
"ဒါဆို မင်းတို့က ဘယ်လိုလုပ်စေချင်တာလဲ"
ဝမ်မိသားစုမှ အကြီးဆုံးဦးလေးက ပြန်ဖြေလိုက်သည်။
"သူ့ကို ဘိုးဘေးခန်းမ ခေါ်သွားပြီး နှစ်လလောက် ကြိတ်ဆုံကြိတ်ခိုင်းလိုက်ပါ"
ထိုအချိန်တွင် စုန့်ရှင်းယိက ဝင်ပြောလိုက်ပြန်သည်။
"အိမ်တစ်လုံးလုံးကို မီးရှို့တာကို ကြိတ်ဆုံ နှစ်လပဲ ကြိတ်ခိုင်းမယ် ဟုတ်လား၊ ဒါဆို နောက်ကျရင် ဘယ်သူ့အိမ်ကိုပဲ မီးရှို့ မီးရှို့ နှစ်လလောက် ကြိတ်ဆုံကြိတ်ပေးလိုက်တာနဲ့ ပြီးသွားမှာပေါ့၊ အဲဒါမျိုးကို ဘယ်သူက သဘောတူမှာလဲ"
ဝမ်မိသားစုဝင်များက မကျေမနပ် ပြန်ပြောလာကြသည်။
"အခု မင်းတို့မိသားစုလည်း ဘာမှ မဖြစ်ဘူးလေ ဟုတ်တယ်မလား"
စုန့်ရှင်းယိက နှာတစ်ချက် မှုတ်လိုက်ပြီး ဘာမှထပ်မပြောဘဲ ရပ်နေလိုက်သည်။
ရွာသူကြီးကတော့ ဗျာများနေရှာသည်။ တခြားသူများကလည်း သူတို့ စုန့်မိသားစုဘက်မှ ရပ်တည်သည်ဖြစ်စေ၊ ဝမ်မိသားစုဘက်မှ ရပ်တည်သည်ဖြစ်စေ ကောင်းမွန်သည့် အဆုံးသတ် ဖြစ်လာမည်မဟုတ်သောကြောင့် ဤကိစ္စတွင် မပါဝင်ချင်ကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးက နေ့တိုင်းမျက်နှာချင်းဆိုင်နေရသည့် ရွာသားအချင်းချင်းသာ ဖြစ်နေလေသည်။
ဝမ်လောင်လျို၏ ဖခင်က ရုတ်တရက် ဝင်ပြောလာပြန်သည်။
"လောင်စစ်၊ ငါတို့ အဲဒီမြေကွက်ကို ရောင်းပေးမယ်၊ ပြီးရင် မင်းတို့ ငါတို့မိသားစုအတွက် အိမ်အသစ်တစ်လုံး ဆောက်ပေးရမယ်"
စုန့်ရှင်းယိက ချက်ချင်း ပြန်ပြောလိုက်သည်။
"ကျွန်တော့်မိသားစုက သစ်သီးခြံရဲ့ ဟိုဘက်ခြမ်းက အိမ်ဆောက်ဖို့ ဆုံးဖြတ်ပြီးသွားပြီ၊ ခင်ဗျားတို့ မြေကိုလည်း မဝယ်ချင်တော့ဘူး၊ ကျိုးမိသားစုက ကျွန်တော်တို့ အိမ်ကို ပြောင်းလာပေမယ့် သူတို့ မြေကို ရောင်းထားတာ မဟုတ်ဘူး"
ဝမ်လောင်လျို၏ ဖခင်က ဇွတ်အတင်း တောင်းဆိုလာပြန်သည်။
"ငါတို့ မင်းကို ဈေးနည်းနည်းနဲ့ ရောင်းပေးပါ့မယ်၊ အိမ် ပြန်ဆောက်ပေးစရာ မလိုပါဘူး၊ ပိုက်ဆံပဲ ပေးပါ"
"အဖေ"
ဝမ်လောင်လျိုက သူ့ဖခင်ကို အံ့အားတကြီး စိုက်ကြည့်ရင်း အော်မေးလိုက်လိုက်သည်။
“အိမ်မရှိရင် ကျွန်တော်တို့ ဘယ်မှာ နေကြမှာလဲ"
ဝမ်လောင်လျို၏ ဖခင်က ပြန်အော်မေးလိုက်သည်။
"အိမ်ကို ယူလိုက်ရင်တောင် ပိုက်ဆံ ရှိတော့မှာ မဟုတ်ဘူး၊ ပိုက်ဆံမရှိရင် စားစရာနဲ့ မျိုးစေ့တွေ ဝယ်လို့ရမှာ မဟုတ်ဘူး၊ အခု နွေဦးစိုက်ပျိုးချိန်ကလည်း နီးနေပြီ၊ ငါတို့မိသားစု လယ်မလုပ်ရင် ဘာနဲ့ စားကြရမှာလဲ"
ဤလူအိုကြီးက အသိတရား ရှိနေသေးသော်လည်း မိုက်မဲသော သားတစ်ယောက်ရှိနေသောကြောင့် အသက်ကြီးမှ ဒုက္ခရောက်နေရရှာသည်။
ရွာသူကြီးက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် နှစ်ဦးနှစ်ဘက်ကြား ညှိနှိုင်းပေးခဲ့ပြီး နောက်ဆုံးတွင် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။ ထိုမြေကွက်ကို စုန့်မိသားစုထံ ရောင်းချရမည်ဖြစ်ပြီး ဝမ်မိသားစုနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။
စုန့်မိသားစုက လျန်နှစ်ဆယ်သာ ပေးချေမည်ဖြစ်ပြီး အိမ်ဆောက်ပေးရန် တာဝန်ထပ်ယူမည် မဟုတ်ပေ။ ဝမ်လောင်လျိုကတော့ ဘိုးဘေးခန်းမတွင် တစ်နှစ်တိတိ ကြိတ်ဆုံကြိတ်ပြီးမှ ပြန်လည်လွတ်မြောက်ခွင့် ရမည်ဖြစ်သည်။
အလုပ်များသည့် နွေဦးစိုက်ပျိုးချိန်အတွင်း သူ အပြင်ထွက်၍ ကူညီလုပ်ကိုင်ပေးနိုင်သော်လည်း အလုပ်ပြီးသည်နှင့် ရွာသားများ၏ စောင့်ကြည့်မှုအောက်၌ ဘိုးဘေးခန်းမသို့ ချက်ချင်းပြန်သွားရမည် ဖြစ်သည်။
အမှန်တကယ်တွင် ရွာထဲ၌ ရွှံ့အုတ်အိမ်အနည်းငယ် ဆောက်လုပ်ခြင်းက ငွေစအနည်းငယ်သာ ကုန်ကျပြီး အနည်းငယ် ပိုကောင်းအောင် ဆောက်မှာသာ ဆယ်လျန်ခန့် ကုန်ကျခြင်း ဖြစ်သည်။ စုန့်ရှင်းယိ သူတို့အတွက် ပေးခဲ့သည့် ငွေပမာဏကလည်း ကျိုးကွမ်ချိုက်အတွက် အိမ်ဆောက်ပေးခဲ့သည့် ကုန်ကျစရိတ်ကို အခြေခံကာ တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် ရက်ရက်ရောရော ပေးကမ်းသည်ဟု ယူဆနိုင်သည်။
ဝမ်လောင်လျို၏ အကြံအစည်ကတော့ သူ့ကိုယ်သူ ပြန်လည် ဒုက္ခပေးသလို ဖြစ်သွားခဲ့ရသည်။ သူ ကြက်ခိုးရန် ကြိုးစားခဲ့သော်လည် ကြက်ကို မမိဘဲ ဆန်စေ့များ ဆုံးရှုံးလိုက်ရခြင်းပင်။ မီးလောင်ထားသည့် အမိုးများနှင့် မည်းမှောင်နေသည့် အိမ်ကြီးအား မြင်လိုက်ရချိန်တွင် သူ မအောင့်နိုင်ဘဲ ငိုချလိုက်မိသည်။
“ငါ ဘယ်လောက်တောင် ကြီးမားတဲ့ ဘေးဒုက္ခကို ဖန်တီးမိခဲ့တာပါလိမ့်၊ တကယ်ဆိုရင် အိမ်ကောင်းကောင်းနဲ့ သက်သောင့်သက်သာ နေထိုင်ခွင့်ရနိုင်တာကို ငါ ဘာလို့များ ဒီလောက်တောင် မိုက်မဲခဲ့ရတာလဲ’
‘အခုတော့ အိမ်လည်းမရှိ၊ စားစရာနဲ့ အိုးခွက်တွေလည်း အကုန်ဆုံးရှုံးသွားပြီ၊ လက်ထဲမှာ ငွေစအနည်းငယ်ပဲ ကျန်တော့တယ်၊ နောင်အနာဂတ်မှာ ငါ ဘာဆက်လုပ်ရပါတော့မလဲ’
ရွာထဲတွင် တစ်နှစ်အတွက် ဒင်္ဂါးပြားအနည်းငယ်ဖြင့် ငှားနိုင်သည့် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်များ ရှိနေခဲ့သည်။ သို့သော်လည်း လက်ရှိတွင် မည်သူကမျှ သူ့ကို အိမ်နီးချင်း မတော်ချင်ကြတော့ပေ။ တစ်နေ့နေ့၌ သူ စိတ်ဖောက်ပြန်သွားပြီး တစ်အိမ်အိမ်အား မီးထပ်ရှို့မည်ကို လူတိုင်း ကြောက်နေကြသည်။
နောက်ဆုံးတွင် ရွာသူကြီးက သူတို့မိသားစုအား ရွာ၏အစွန်အဖျားဆုံးနေရာမှ မုဆိုးမိသားစု နေထိုင်ခဲ့သည့်နေရာသို့ ပြောင်းရွှေ့ပေးလိုက်သည်။ ထိုမုဆိုးမိသားစုက ငွေစုဆောင်းမိသွားပြီး တောင်ဘက်သို့ စီးပွားရေး လုပ်ရန် ထွက်သွားသောကြောင့် ထိုအိမ်က လစ်လပ်နေခြင်း ဖြစ်သည်။
လူမနေသည်မှာ ကြာပြီဖြစ်သောကြောင့် အိမ်က ယိုယွင်းနေသည့်တိုင် ကျောက်တုံးများဖြင့် ခိုင်ခိုင်မာမာ ဆောက်ထားသောကြောင့် အနည်းငယ် ပြန်ပြင်လိုက်ရုံဖြင့် နေထိုင်ရန် အဆင်ပြေသွားနိုင်သည်။
သို့သော်လည်း ထိုနေရာတွင် နေထိုင်ရခြင်းက ရွာနှင့်လည်း အလှမ်းဝေးနေပြီး သူတို့၏ ကိုယ်ပိုင်လယ်မြေများနှင့်ဆိုရင် ပိုပြီး ဝေးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေစ် တခြားရွေးချယ်စရာ မရှိဘဲ အနည်းဆုံးအနေဖြင့် အခန်းသုံးခန်းပါသည့် အိမ်တစ်လုံးကို ရလိုက်ခြင်းကပင် ကျေနပ်စရာဖြစ်နေခဲ့သည်။
ထိုကိစ္စများကို ဖြေရှင်းပြီးနောက် စုန့်ရှင်းယိက သူ့အိမ်သို့ ပြန်လာခဲ့သည်။ အိမ်တွင် လီရှီက အဝတ်အစားများ လဲထားပြီး ခန် နွေးထွေးစေရန် မီးထည့်ကာ အဆင်သင့် စောင့်ကြိုနေခဲ့သည်။
စုန့်ရှင်းယိကလည်း ထူထဲသော အပေါ်အင်္ကျီကို ချွတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချကာ လှမ်းပြောလိုက်သည်။
"ဒီလို ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး၊ အာ့နွီ ပြောတာ မှန်နေတာပဲ"
ဝမ်လောင်လျို၏ မိသားစုက အဆမတန် ဈေးနှုန်းများ တောင်းဆိုခဲ့သောကြောင့် သူတို့၏အိမ် မဝယ်ပါက ရန်ငြိုးဖွဲ့လိမ့်မည်ဟု စုန့်တင်းရှန်းက ကြိုတင် သတိပေးထားခဲ့သည်။ သူတို့က စုန့်မိသားစုဘက်မှ မတရားဟု ယူဆကာ တစ်နေ့တွင် ဒုက္ခပေးလာမည်ဟုလည်း ခန့်မှန်းပြသသေးသည်။
အစပိုင်းတွင် စုန့်ရှင်းယိက ထိုစကားကို အလေးအနက် မထားခဲ့ပေ။ သူ့အမြင်တွင် အားလုံးက ရွာသားချင်းချင်းသာ ဖြစ်ပြီး မည်သို့သော ပြဿနာမျိုးကိုမဆို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ယူဆထားခဲသည်။ အလွန်ဆုံးအနေဖြင့် နှုတ်ဖြင့် ဆဲဆိုရုံမျှသာ ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ဝမ်လောင်လျိုက အမှန်တကယ် သည်းမခံနိုင်ဘဲ လက်တွေ့ကျကျ အန္တရာယ်ပြုလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
လီရှီက စုန့်တင်းရှန်း ပြောပြဖူးသော မသေမျိုးနတ်သမီးဟူသည့် စကားများကို ပြန် အမှတ်ရသွားပြီး ပြန်ပြောလိုက်သည်။
"ဒါက မသေမျိုးတွေရဲ့ စောင့်ရှောက်မှုကြောင့်ပဲ ဖြစ်ရမယ်၊ မဟုတ်ရင် ဒီလို မီးလောင်တဲ့အချိန် ကျွန်မတို့မိသားစုလည်း ဘေးကင်းနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒီရက်ပိုင်းမှာ လေလည်း သိပ်မတိုက်ပါဘူး၊ ဘာလို့ ဒီညကျမှ လေတွေ ဒီလောက်တိုက်နေရတာလဲ၊ ဝမ်လောင်လျိုကတော့ စိုက်ပျိုးတာ သူ ပြန်ရိတ်သိမ်းရတာပဲ”
ဤဖြစ်ရပ်က စုန့်မိသားစု၏ စိတ်အခြေအနေကို အများကြီး မထိခိုက်စေခဲ့ပေ။
သူတို့၏ အလုပ်ရုံက တရားဝင် စတင်တည်ဆောက်နေပြီ ဖြစ်ပြီး ထိုနေရာနှစ်ခုလုံးကို ခြံစည်းရိုးများ ခတ်ထားလိုက်ကြသည်။ တစ်ဖက်ခြမ်းကို ဟင်းသီးဟင်းရွက်များ အချဉ်တည်ရန် အသုံးပြုပြီး ကျန်တစ်ဖက်ကိုတော့ ဝိုင်ချက်ရန်နှင့် သစ်သီးအိုးများ ပြုလုပ်ရန် အိုးများ ထားလိုက်ကြသည်။
သို့သော် ယခုအချိန်က သစ်သီးအိုးများ ပြုလုပ်ရမည့် ရာသီတော့ မရောက်သေးချေ။ ထို့ကြောင့် အိမ်ဝင်းအကျယ်ကြီးထဲတွင် စုန့်ရှင်းယိနှင့် လီရှီတို့ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေသည်။ သူတို့က တစ်နေ့တာ၏ အချိန်အတော်များများကို ဤလတ်ဆတ်လှသော စားပင်များထဲ၌ ကုန်ဆုံးနေကြသည်။
ကြာကန်ဘက်တွင် ရေကန်ဝိုင်းဝိုင်းများ ထပ်တူးထားပြီး အလယ်မှ တံတားလေးတစ်ခုဖြင့် ဆက်သွယ်ထားရာ ကြယ်အစုအဝေးက လမင်းကြီးကို ဝန်းရံထားသည့် ပုံသဏ္ဌာန်နှင့် ဆင်တူနေသည်။ တောင်ပိုင်းမှ ယူဆောင်လာသော ကြာစွယ်များအပြင် ကြာစေ့များကို ကြဲပက်ထားကြပြီး ကြာကန်ကြီး ပို၍ဝေဝေဆာဆာ ဖြစ်ထွန်းလာကာ မိသားစုအတွက် စီးပွားလာဘ်လာဘများ ပိုမို ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်နေကြသည်။
စုန့်တင်းရှန်းက အကြံတစ်ခု ထပ်ရလာပြီး မူလ တည်ဆောက်ထားသော နားနေဆောင်ကြီးကို ဝန်းရံ၍ နားနေဆောင်အသေးလေးများ ထပ်ဆောက်စေခဲ့သည်။ ထိုနားနေဆောင်လေးများကိုလည်း တံတားများဖြင့် ဆက်သွယ်ထားသည်။ နားနေဆောင်အသေးတချို့ကို ရေကမ်းနံဘေးတွင် တည်ဆောက်ထားပြီး အချို့ကတော့ တစ်ဖက်ကမ်းတွင် ရှိနေကာ ရေထဲတွင်လည်း နားနေဆောင်အသေးတချို့ တည်ဆောက်ထားခဲ့သည်။
ထို့ပြင် တောင်ပေါ်မှ ကျောက်တုံးကြီးအချို့ကို သယ်ယူစေပြီး ကောက်ညှင်းကို ကျိုချက်ထားသော အရည်နှင့် ရွှံ့စေးများကို အသုံးပြု၍ ကျောက်ဆောင်တုတစ်ခု ပြုလုပ်ခိုင်းခဲ့သည်။ ထိုကျောက်တုံးကြီးများ၏ အက်ကြောင်းများထဲတွင်လည်း ရေမှော်ပင်လေးများ စိုက်ပျိုးစေခဲ့သည်။ ကျောက်တုံးကြီးတစ်ခုကိုတော့ ချောမွတ်အောင် ပွတ်တိုက်စေပြီး ကျောင်းအုပ်ကြီးပိုင်ရှန်း ရေးသားပေးသည့် "ငြိမ်းချမ်းမှုသည် ကျယ်ပြန့်သော သြဇာလွှမ်းမိုးမှု ဖြစ်ပေါ်စေသည်" ဟူသော စာလုံးများကို ထွင်းထုခိုင်းထားခဲ့သည်။ အဝေးမှ ကြည့်လျှင်ပင် ထိုစကားနှင့် နေရာက လိုက်ဖက်လွန်းမှန်း သိသာစေသည်။
အားလုံးက နွေဦးစိုက်ပျိုးရာသီအတွက် အလုပ်ရှုပ်နေကြပြီး ထိုအချိန်တွင် သူကြွယ်ကြီးဝမ်၏ မိသားစုက လူလွှတ်လိုက်ပြန်သည်။
"ကျွန်တော်တို့ရဲ့ သခင်မက သားလေးတစ်ယောက် ဖွားမြင်နိုင်ခဲ့ပါတယ်၊ သခင်ကြီးက အရမ်းကို ဝမ်းသာနေလို့ မိသားစုတိုင်းအတွက် လက်ဆောင်တွေ ပို့ခိုင်းခဲ့တာပါ"
သူကြွယ်ကြီးဝမ်၏ အိမ်တော်ထိန်းက အပြုံးဖြင့် ပြောလိုက်ရင်း ရထားလုံးပေါ်မှ အဝတ်အထည်များနှင့် ပင်လယ်စာခြောက်တောင်းအတော်များများကို ချပေးနေခဲ့သည်။
"အခုက နွေဦးရာသီ ရောက်နေပြီမလား၊ ကျွန်တော်တို့သခင်မက ပြောလိုက်ပါသေးတယ်၊ ဒီပိတ်စတွေက တောင်ပိုင်းဒေသမှာ အခုတလော လူကြိုက်များနေတဲ့ နွေရာသီဝတ်တွေပါတဲ့၊ လှပပြီး ပန်းပွင့်ပုံစံလေးတွေ ပါတယ်ဆိုတော့ ခင်ဗျားတို့အိမ်က မိန်းမငယ်လေးတွေအတွက် နွေဦးဝတ်စုံအသစ်တွေ ချုပ်ပေးဖို့ သင့်တော်ပါတယ်၊ ပြီးတော့ ဒီလတ်ဆတ်တဲ့ ပင်လယ်စာခြောက်တောင်းတွေကတော့... ကျွန်တော်တို့ မြို့ထဲမှာ အကြီးဆုံးမိန်းခလေး ဒီပင်လယ်စာတွေနဲ့ အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်နေတာကို မြင်ခဲ့ရလို့ပါ၊ ဒါတွေက သခင်ကြီးကို လေးစားတဲ့သူတွေ လက်ဆောင်လာပေးထားတာပါ၊ ကျွန်တော်တို့ရဲ့ အဖိုးနဲ့ အဖွားတို့ ဒီလို အရသာရှိတာလေးတွေ စားသုံးပြီး အားရှိစေဖို့ ထည့်ပေးလိုက်တာပါ"
အိမ်တော်ထိန်းဝမ်က စကားအပြောအဆို အလွန်ကျွမ်းကျင်လှသည်။ ယခင်က သူ “ကျွန်တော်တို့ ဝမ်မိသားစု” “ခင်ဗျားတို့ စုန့်မိသားစု” ဟု သီးခြားစီ သုံးနှုန်းခဲ့သော်လည်း ယခု "ကျွန်တော်တို့ရဲ့ အဖိုး၊ အဖွား" စသည်ဖြင့် ရင်းရင်းနှီးနှီး သုံးနှုန်းလာခဲ့သည်။ ၎င်းက စုန့်မိသားစုအပေါ် သူတို့ မည်မျှ အလေးထားလာသည်ကို ပြသနေသည်။
စုန့်တင်းရှန်းတစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပြီး အကျိုးအကြောင်း မေးမြန်းကြည့်ရာ သူကြွယ်ကြီးဝမ်၏ ဇနီး သားလေးမွေးဖွားနိုင်ခြင်းက စုန့်တင်းရှန်း ယူဆောင်လာပေးသည့် ကံကောင်းခြင်းကြောင့်ဟု သူတို့မိသားစုက ယုံကြည်မှန်း သိလိုက်ရသည်။
"ပြီးခဲ့တဲ့ နွေရာသီက အမျိုးသမီးလေးစုန့်က အငယ်ဆုံးဦးလေးကို လွှတ်ပြီး ကြာပန်းတွေနဲ့ ကြာစေ့တွေ လာပို့ခိုင်းခဲ့တယ် မဟုတ်လား၊ ကျွန်တော်တို့ သခင်မက အဲဒါကို စုန့်မိသားစုရဲ့ စေတနာ ဖော်ပြတဲ့ ကောင်းမွန်ဆုံး လက်ဆောင်လို့ သတ်မှတ်ခဲ့တယ်၊ အခုလည်း နောက်ဆုံးတော့ အမွေဆက်ခံနိုင်မယ့် သားရတနာလေး ရရှိလာခဲ့ပြီလေ၊ ဒါကြောင့် ကလေးလေးကိုယ်စား အားလုံးကို ကျေးဇူးတင်စကား ပြောခိုင်းလိုက်တာပါ"
စုန့်တင်းရှန်းတစ်ယောက် ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားရသည်။ နောက်ဆုံးတွင် သူမ ရယ်ချင်စိတ်ကို ထိန်းပြီး ပြန်ပြောလိုက်သည်။
"ဒါက တိုက်ဆိုင်မှုသက်သက်ပါ၊ ဒီလို ကောလာဟလတွေ မဖြန့်ပါနဲ့ရှင်၊ ကျွန်မတို့ကလည်း ဝမ်းမြောက်စရာလေးတွေကို ဝေမျှရုံပါ၊ သခင်လေးအတွက် ဆုတောင်းမေတ္တာတွေပဲ ပြန်ပေးနိုင်ပါတယ်၊ သခင်လေးရဲ့ ခေါင်းဆေးမင်္ဂလာအခမ်းအနားကို လာဂုဏ်ပြုပါ့မယ်"
ပါးနပ်လှသော ဝမ်မိသားစု၏ အိမ်တော်ထိန်းကတော့ အခြေအနေကို ချက်ချင်း နားလည်သွားပြီး သဘာဝကျကျ တုံ့ပြန်လာသည်။
"အမျိုးသမီးလေးစုန့် စိတ်ချပြီး နေလို့ရပါတယ်၊ ဒီကိစ္စမှာ မမှန်တာ ဘာမှ မပါပါဘူး၊ တကယ်လို့ သားသမီးပေးတဲ့ နတ်ဘုရားမကို စိတ်ဆိုးအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ၊ သခင်ကြီးကလည်း နောင်အနာဂတ်မှာ သားသမီးတွေ အများကြီး ထွန်းကားဖို့ မျှော်လင့်နေတာပါ၊ ဒီနှစ် ကြာပန်းတွေနဲ့ ကြာစေ့တွေ ထွက်လာရင်လည်း ကျေးဇူးပြုပြီး များများလေး ပို့ပေးပါဦး"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဒီနှစ်က အများကြီး ထွက်မှာဆိုတော့ ပန်းတွေ ပွင့်လာပြီဆိုတာနဲ့ ဝမ်အိမ်တော်ကို သေချာပေါက် ပို့ပေးမှပါ"
ထို့နောက် သူမက အိမ်ထဲမှ အသားအနှစ်အိုးကို ထုတ်ယူလာခဲ့သည်။
"ဒါက ကျွန်မတို့ ကိုယ်တိုင်ခူးထားတဲ့ မှိုတွေနဲ့ ချက်ထားတာပါ၊ ထမင်းနဲ့စားရင် အရမ်း စားမြိန်စေတယ်။ ဒီတစ်အိုးက ဦးလေးဝမ်ချွမ် အတွက်ပါ၊ ဒီတစ်အိုးကိုတော့ သူကြွယ်ကြီးဝမ် မြည်းစမ်းကြည့်ဖို့ ပေးလိုက်ပါရစေ"
"အိုက်ယား.... ဒီတစ်ခေါက် ခရီးမှာ တစ်ခုခုတော့ အမြတ်ထွက်မယ်လို့ ကျွန်တော် ကြိုသိနေသားပဲ၊ တကယ်လည်း ဖြစ်လာပြီ။ မင်းတို့ မိသားစုက ချက်တဲ့ ဟင်းအနှစ်တွေက တကယ့်ကို အရသာရှိတယ်၊ အိုး... ဒါတင် မကသေးဘူး၊ မြို့ထဲက အကြီးဆုံးမိန်းခလေး လုပ်ရောင်းတဲ့ မက်မွန်သီးအရသာ မုန့်ဆိုရင်လည်း အရမ်းကို မွှေးကြိုင်နေတာပဲ၊ တစ်လမ်းလုံးမှာ မက်မွန်နံ့တွေ သင်းနေတာလေ၊ ပြောရင်းနဲ့ သွားရည်တောင် ကျလာပြီ"
ဝမ်ချွမ်က ရယ်မောရင်း အသားအနှစ်အိုးကို ယူကာ သူ့မြင်းလှည်းထဲသို့ ထည့်လိုက်သည်။
စုန့်တင်းရှန်းက လှမ်းပြောလိုက်သည်။
"ဦးလေးဝမ် ကြိုက်တယ်ဆိုရင် အစ်မကို ပြောပြီး ဦးလေးဝမ် စားဖို့ နေ့တိုင်းနေ့တိုင်း ပို့ခိုင်းပေးပါ့မယ်"
"မဟုတ်တာ... ရပါတယ်၊ အဲဒီလို မလုပ်ပါနဲ့၊ အစားအသောက် ရောင်းပြီး ငွေရှာရတာက အရမ်းပင်ပန်းတယ်၊ ကျွန်တော် ဘယ်လိုလုပ် အလကား ယူရမှာလဲ၊ ပိုက်ဆံပေးရမယ့်နေရာကတော့ ပေးရမှာပေါ့"
ဝမ်ချွမ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ တိုးတိုးလေး ကပ်မေးလာပြန်သည်။
"အမျိုးသမီးလေးစုန့်၊ ကျွန်တော့်ကို လက်အိတ်တစ်စုံလောက် ပေးလို့ ရမလား၊ ဆောင်းတွင်းရောက်လာရင် ကျွန်တော့်မိန်းမရဲ့ လက်တွေက အရမ်းအေးစက်နေပြီး သူ လှုပ်တောင်မလှုပ်နိုင်ဘူး၊ ဒီလက်အိတ်တွေက မြောက်ပိုင်းက စစ်သည်တွေအတွက်ဆိုတာ ကျွန်တော်လည်း သိပါတယ်၊ သိပ်အကောင်းစားကြီး မဟုတ်လည်း ရပါတယ်၊ ချည်အကြမ်းလေးနဲ့ဆိုရင်လည်း အဆင်ပြေပါတယ်"
စုန့်တင်းရှန်းက မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။
"ဘာလို့ စောစောက မပြောတာလဲ ဦးလေးဝမ်ရယ်၊ ကျွန်မတို့ဆီမှာ ပုဝါတွေ ထိုးတဲ့ သိုးမွေးအထူတွေ ရှိပါတယ်၊ အဒေါ်ဝမ်အတွက် လက်အိတ်အထူတစ်စုံ ကျွန်မကိုယ်တိုင် ထိုးပေးပါ့မယ်၊ ချည်အနုလေးတွေလောက်တော့ မနူးညံ့ပေမယ့် နွေးနွေးထွေးထွေးတော့ ဖြစ်စေမှာပါ"
ဝမ်ချွမ်က ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"အဲလောက်ဆို ရပါပြီ၊ ကျွန်တော်လည်း စစ်သည်တွေအတွက် ပစ္စည်းတွေကို မလုယူချင်ပါဘူး၊ သခင်ကြီးကတောင် စုန့်မိသားစုက လုပ်နေတဲ့အလုပ်တွေက မြင့်မြတ်ပြီး စေတနာပါလွန်းတယ်လို့ ပြောနေသေးတာ၊ ကျွန်တော်တို့မှာ မကောင်းတဲ့အတွေး မရှိပါဘူး"
စုန့်တင်းရှန်းက အပြုံးဖြင့် အာမခံလိုက်သည်။
"ကောင်းပါပြီရှင်၊ သိုးမွှေးအကြမ်းနဲ့ ရက်ထားလည်း လှအောင် လုပ်ပေးနိုင်ပါတယ်၊ နောက်ပြီး ဆေးရောင်လည်း ဆိုးလို့ ရတယ်။ အဒေါ်ဝမ်က ဘယ်လိုအရောင်မျိုး ကြိုက်တတ်လဲ"
ဝမ်ချွမ် ပြန်မဖြေရသေးမီ သူတို့နောက်ရှိ သိုးမွေးအလုပ်ရုံထဲမှ အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာပြန်သည်။
.............။........။........
စာရေးသူ၏ မှတ်ချက်
စုန့်တင်းရှန်း : "ငါ့ကို လာမရှုပ်နဲ့နော်၊ ငါမှာ ဇာတ်လိုက်အရှိန်အဝါ ရှိတယ်"