ရှင်းပြချက် တောင်းဆိုခြင်း
Vol. 7 Ch. 64
သိုးမွေးအလုပ်ရုံက နေရာမရွှေ့ရသေးသောကြောင့် သူတို့ ရှိနေသည့်နေရာနှင့် အလွန်နီးကပ်သည်။ ထို့အပြင် ရန်ဖြစ်နေသည့် အမျိုးသမီး၏အသံက စူးရှပြီး ရင်းနှီးလွန်းလှသောကြောင့် စုန့်တင်းရှန်းတစ်ယောက် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
စုန့်တင်းရှန်း၏အမူအရာကို မြင်လိုက်ရသည့် အိမ်တော်ထိန်းဝမ်ချွမ်က ပါးပါးနပ်နပ် ရှောင်ထွက်ရန် ကြိုးစားနေသည်။
"ကျွန်တော် အဖိုးနဲ့အဘွားဆီ သွားပြီး စကားသွားပြောလိုက်ပါ့မယ်၊ စုန့်အမျိုးသမီးလေး လုပ်စရာရှိတာ လုပ်ပါ"
စုန့်တင်းရှန်းက အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
"ဒါဆိုရင် အိမ်ထဲဝင်ပြီး နွေးနွေးထွေးထွေး နေပါဦး၊ နွေဦးရောက်ပြီဆိုပေမယ့် ရာသီဥတုက အေးနေတုန်းပဲ"
ထို့နောက် စုန့်တင်းရှန်းက အိမ်တော်ထိန်းဝမ်ကို ပင်မအိမ်ကြီးထဲရှိ စုန့်ရှင်းယိထံသို့ လိုက်ပို့ပေးလိုက်သည်။ သူမကတော့ နောက်ဖေးတံခါးမှ တစ်ဆင့် သိုးမွေးအလုပ်ရုံထဲသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။
အော်ဟစ်ငြင်းခုန်နေသူက ကျူးရှီ ဖြစ်သည်။ စုန့်ထောင်ဟုန် ခရိုင်တရားသူကြီးကတော် ဖြစ်သွားပြီးကတည်းက ကျူးရှီ၏ ယခင်က အေးဆေးကျိုးနွံလှသော အမူအရာများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ တနည်းအားဖြင့် ပြောလျှင် သူမ၏ ပင်ကိုယ်စရိုက်အမှန် ပေါ်လာသည်ဟု ပြောနိုင်ပြီး ပို၍ တယူသန်ဆန်လာသည်ဟု ဆိုရပေမည်။
"ကျင်းချောင်းအာ... အိုက်ယား.... ကျင်းချောင်းအာ၊ နင်က အဲ့ဒီလိုလူစားမျိုး ဖြစ်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ အရင်ကတော့ ရိုးသားသလိုလိုနဲ့ အခု ပိုက်ဆံလေး နည်းနည်းရလာတာနဲ့ နင့်အကျင့်က ပြောင်းသွားပြီပေါ့"
ကျူးရှီက ကျင်းချောင်းအာ၏ နဖူးကို လက်ညှိုးငေါက်ငေါက်ထိုးရင်း အသံကုန် အော်ပြောနေသည်။
"နင်က ဒီအဒေါ်ကို အထင်သေးနေမှန်း ငါ သိသားပဲ၊ နင်က ငါတို့ ဆင်းရဲတယ်ဆိုပြီး နိမ်ချင်နေတာ၊ ဒါပေမယ့် ငါတို့က ဆင်းရဲရင်တောင် ဒီလိုအလုပ်မျိုးတော့ မလုပ်ဘူး၊ ရွာထဲကလူတွေ အကုန်လုံး ငါတို့ အကြောင်းကို သိတယ်၊ ပြောစမ်းပါဦး၊. ငါက အဲဒီလိုလူမျိုးလား"
ကျင်းချောင်းအာကလည်း အဆူခံနေရသောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်ရည်များ ဝဲနေလေသည်။
ဆဋ္ဌမအဘွားနှင့် ပဉ္စမအဘွားတို့ကလည်း ကျူးရှီ၏ အမူအရာကို ကြည့်ပြီး မျက်မှောင်ကြုတ်နေကြသည်။ ကျန်းမာရေးမကောင်းသော ဆဋ္ဌမအဘွားက အထဲတွင် ထိုင်နေပြီး ကျင်းချောင်းအာ၏ ဘေးတွင် ရပ်နေသော ပဉ္စမအဘွားက ဝင်ပြောနေသည်။
"ကျူးရှီ၊ နင်က ဘာလို့ ဒီလောက် ကျိုးကြောင်းမဆီလျော်တဲ့ စကားတွေ ပြောနေရတာတုန်း၊ လူတိုင်းကို ချည်ပမာဏ အတူတူ ပေးခဲ့တာလေ၊ ဘာလို့ နင့်ဆီရောက်မှ အရေအတွက် လျော့နေရတာလဲ၊ နင် ကိုယ့်အတွက်ကိုယ် ဖွက်ထားတာ မဟုတ်ဘူးလား"
"အိုက်ယား.... ပဉ္စမအဒေါ်ရယ်၊ ကျွန်မကို ဒီလောက်အထိ စွပ်စွဲရက်တယ်ပေါ့၊ ကျွန်မ အသက်ရှင်ဖို့တောင် မျက်နှာတောင် မရှိတော့ပါဘူး၊ ရှာကြည့်ကြပါ... ရှာကြည့်ကြစမ်းပါ၊ ဒါက သိုးမွှေး နည်းနည်းပါးပါးလေ၊ ကျွန်မ စတုတ္ထဦးလေးနဲ့ စတုတ္ထအဒေါ်ဆီမှာ တောင်းလိုက်ရင် သူတို့ မပေးဘဲ နေပါ့မလား၊ ဒီလို အသေးအဖွဲလေးအတွက်နဲ့ ကျွန်မက ဒီလိုတွေ လုပ်စရာ လိုလို့လား"
ကျူးရှီက သူမ၏မေးစေ့ကို ပင့်ကာ လူတိုင်းကို အထင်သေးသလို ကြည့်နေရင်း မျက်လုံးကစားနေခဲ့သည်။
စုန့်တင်းရှန်းက ခြံဝင်းထဲသို့ ဝင်လာပြီး အခြေအနေကို ဝေ့ကြည့်ကာ အပြုံးဖြင့် လှမ်းမေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ဘယ်သူမှ အလုပ် မလုပ်ကြတာလဲ"
ထိုနေရာရှိ အဒေါ်ကြီးများနှင့် ချွေးမဖြစ်သူများက တစ်ယောက်ပြီးတစ်ယောက် ရယ်မောရင်း ထွက်သွားကြသည်။ နောက်ဆုံးတွင် စုန့်မိသားစုဝင် အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ သို့သော် ထွက်သွားသည့်သူများက နားစွင့်နေကြဆဲဖြစ်ပြီး အတင်းအဖျင်း ကြားရရန် စောင့်မျှော်နေကြသည်။
"ယောင်းမ... ဘာဖြစ်လို့လဲ"
စုန့်တင်းရှန်းက ထပ်မေးလိုက်သည်။
ကျင်းချောင်းအာက မျက်ရည်များက ပေါက်ခနဲ ကျလာပြီး ငိုယိုနေရင်း ပြောပြလာသည်။
"ငါတို့ အိမ်ကို အလုပ်တွေ ပေးလိုက်တယ်မလား၊ ချည်တစ်ခင်ကို လက်အိတ် သုံးစုံ ထွက်ရမယ်လေ။ ဒါပေမယ့် အဋ္ဌမဦးလေးရဲ့မိသားစုက ယောင်းမနှစ်ယောက်စလုံးက သုံးခင်စီ ယူသွားကြတယ်၊ အခု လက်အိတ် ခုနစ်စုံပဲ လာအပ်ကြတယ်၊ ငါက အရေအတွက် မပြည့်ဘူးလို့ ပြောတော့ သူတို့က ဒီလောက်ပဲ ထွက်တယ်လို့ ပြောပြီး အဋ္ဌမအဒေါ်ကို သွားခေါ်လာကြတာပဲ"
စုန့်တင်းရှန်းက အပြုံးပင် မပျက်ဘဲ ဖြေရှင်းပေးလိုက်သည်။
"ဪ... ကျွန်မက အရေးကြီးတဲ့ ကိစ္စမှတ်နေတာ၊ ဒါက လက်အိတ် အစုံနည်းနည်း လိုတာပဲ မဟုတ်လား၊ ဒါပေမယ့်လည်း အခု စဥ်းစားကြည့်တော့ ယောင်းမနှစ်ယောက်က ဒီအလုပ်နဲ့ သိပ်မကိုက်ညီဘူး ထင်တယ်၊ နောင်ကျရင် သူတို့ကို ဒီလိုအလုပ်မျိုး မပေးတော့ဘူး၊ တခြား လုပ်နိုင်တဲ့လူကိုပဲ ရှာပြီး လုပ်ခိုင်းလိုက်တော့မယ်"
ဤအလုပ်ရုံတွင် သိုးမွှေးလက်အိတ် ထိုးရသည့် အလုပ်က အမြတ်အစွန်း အရှိဆုံး ဖြစ်သည်။ ကျွမ်းကျင်သော အလုပ်သမားတစ်ဦးအနေဖြင့် တစ်ရက်လျှင် လက်အိတ်တစ်စုံ ပြီးစီးအောင် ထိုးနိုင်ပြီး လုပ်အားခအနေဖြင့် ကြေးပြားငါးပြား ရရှိနိုင်သည်။ ထို ကြေးပြားငါးပြားကို လျှော့မတွက်သင့်ပေ။ တစစ စုဆောင်းလိုက်လျှင် တစ်လအကုန်၌ ကြေးပြား တစ်ရာကျော် ရရှိနိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် အသားအနည်းငယ် ဝယ်ယူကာ အာဟာရ ဖြည့်တင်းနိုင်သည်။
ထို့အပြင် ဤအလုပ်က ပေါ့ပါးပြီး အိမ်မှုကိစ္စများကိုလည်း မထိခိုက်စေသောကြောင့် ရွာထဲရှိ အမျိုးသမီးအတော်များများက ဤအလုပ်ကို လုပ်ကိုင်ရန် အလွန် စိတ်အားထက်သန် ကြသည်။
ကျူးရှီ၏ ချွေးမနှစ်ဦးကလည်း အလုပ်လုပ်ရာတွင် အတော်လက်သွက်သူများ ဖြစ်ကြသည်။ အစပိုင်းတွင် ကျင်းချောင်းအာက သူတို့ကို အလုပ်ပေးရန် ဝန်လေးနေခဲ့သည်။ သို့သော်လည်း သူတို့က ဆွေမျိုးတော်စပ်နေသည့်အပြင် နှစ်သစ်ကူးမတိုင်မီကလည်း ကောင်းကောင်းမွန်မွန် အလုပ် လုပ်ခဲ့ကြသောကြောင့် နှစ်သစ်ကူးအပြီးတွင် သူတို့ကို အလုပ်ဆက်လုပ်ခိုင်းခဲ့သည်။
မူလက သူမတို့နှစ်ဦးလည်း အလုပ်ရုံတွင်သာ လာရောက်လုပ်ကိုင်ကြပြီး အလုပ်များကို အိမ်သို့ ယူသွားလေ့ မရှိကြချေ။ နောက်ပိုင်းတွင် နွေဦးစိုက်ပျိုးရာသီ ရောက်လာပြီး အလုပ်ရှုပ်နေသောကြောင့် အိမ်သို့ ယူဆောင်သွားချင်ကြောင်း ပြောလာခဲ့ကြသည်။ ကျင်းချောင်းအာက စိတ်ပျော့ပြီး သူမတို့ကို အိမ်ယူခွင့်ပေးလိုက်မိခြင်းပင်။ ယခုကဲ့သို့ ပြဿနာတက်လာလိမ့်မည်ဟုတော့ သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
"အိုက်ယား... တင်းရှန်း၊ နင်က ဘယ်လိုပြောလိုက်တာလဲ။ သူတို့ အလုပ်ကို ကောင်းကောင်း လုပ်နေတာပဲလေ၊ ဘာလို့ ရပ်ခိုင်းရမှာလဲ"
ကျူးရှီ၏ မျက်နှာက သူမ မကျေမနပ် ဖြစ်သွားကြောင်း သိသာနေသည်။
စုန့်တင်းရှန်းကတော့ ပြုံးပြုံးလေး ပြန်ပြောနေဆဲပင်။
"ကျွန်မ ပြောတာ ဘာမှားနေလို့လဲ၊ အဋ္ဌမအဒေါ်ရဲ့ ချွေးမတွေက ချည်ခြောက်ခင် ယူသွားတယ်၊ အခု ချည်သုံးခင်အတွက် လက်အိတ် နှစ်စုံလိုနေတယ်ဆိုတော့ ခြောက်ခင်ဆို လေးစုံပေါ့၊ ဒီအတိုင်းသာ တစ်နှစ်လုံး ဆက်သွားနေရင် ကျွန်မတို့အတွက် လက်အိတ်အစုံ ရာနဲ့ချီပြီး ပျောက်သွားမှာလေ၊ ဒီအရှုံးက ကြီးမားလွန်းတယ်။ ဒါက ယောင်းမနှစ်ယောက် ဒီအလုပ်နဲ့ အကျွမ်းတဝင် မရှိသေးဘူးလို့ သက်သေပြနေပြီလေ၊ သူတို့အတွက် အခြားအလုပ်ပဲ ပြောင်းလုပ်ခိုင်းရတော့မှာပေါ့”
"နင်... နင်"
ကျူးရှီတစ်ယောက် ပြန်ပြောစရာ စကားလုံး ရှာမတွေ့ဘဲ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေခဲ့သည်။
အမှန်စင်စစ် လက်အိတ်လေးစုံ ပျောက်ဆုံးသွားရခြင်းက ချွေးမများ ကျွမ်းကျင်မှု မရှိသောကြောင့်မဟုတ်ဘဲ ကျူးရှီက အကြံဖြင့် ထိုလက်အိတ်များကို ခိုးဝှက်သိမ်းဆည်းထားခြင်း ဖြစ်သည်။ သူမက ထိုလက်အိတ် လေးစုံ၏ အတွင်းသားများကို သူမကိုယ်တိုင် ချုပ်ခဲ့ပြီး သားမက်အား မျက်နှာလုပ်ရန် သူမ၏သမီးထံသို့ ကြိုတင် ပေးပို့လိုက်ခြင်းပင်။ ထိုမှသာ သူမ၏သမီး တောင်ပိုင်းသို့ ထွက်သွားချိန်တွင် ယူဆောင်သွားနိုင်မည် ဖြစ်သည်။
အကယ်၍ ကျင်းချောင်းအာ သို့မဟုတ် အခြားသူတစ်ဦးဦးက သူမကို ခိုးသည်ဟု စွပ်စွဲလာပါက သူမက သူမ၏အိမ်ကို စိတ်ကြိုက် ရှာခိုင်းလိုက်မည် ဖြစ်သည်။ သို့သော် သူမအိမ်တွင် ချည်မျှင်တစ်မျှင်မျှ တွေ့ရတော့မည် မဟုတ်ပေ။ ထိုအချိန်ရောက်လာလျှင် သူမက နစ်နာသူအဖြစ် ဟန်ဆောင်ကာ သူမတို့က ဆင်းရဲသောကြောင့် အထင်သေးခံရသည်ဟု ပြန်စွပ်စွဲမည် ဖြစ်သည်။ ထို့နောက် ပိုကောင်းသော အလုပ်တာဝန်ကို တောင်းဆိုရန်လည်း ကြံစည်ထားသေးသည်။
ကျင်းချောင်းအာဆိုလျှင် ကျူးရှီ၏ အကွက်ထဲသို့ ကျရောက်သွားမည် ဖြစ်သော်လည်း စုန့်တင်းရှန်းကတော့ ထိုသို့မဟုတ်ပေ။ သူမက လက်အိတ်များအကြောင်း မမေးမြန်းတော့ဘဲ အလုပ်တာဝန်ကို တိုက်ရိုက် ရုပ်သိမ်းလိုက်သည်။ ထိုအရာက ကျူးရှီ၏ အကြံအစည်ထဲမှ လွှတ်ထွက်သွားသော ကိစ္စဖြစ်လာခဲ့သည်။
လက်ရှိတွင် သူမအတွက် အဓိကပြဿနာက စုန့်တင်းရှန်း၏ စကားများက အချက်ကျကျ ရှင်းလင်းနေခြင်းပင်။ အခြားသူများက လက်အိတ်ကိုးစုံ ထွက်အောင် အလုပ်လုပ်နိုင်သော်လည်း သူမ၏ချွေးမများကတော့ ခုနစ်စုံသာ ရရှိခဲ့သည်။ ထိုသို့ အရေအတွက် လျော့နည်းနေသည်ကို အလုပ်ရှင်ဘက်မှ မကျေမနပ်ဖြစ်နေခြင်းက သဘာဝကျလှသည်။ တခြားမိသားစုသာဆိုလျှင် လျော်ကြေးပင် ပေးရနိုင်ချေရှိသည်။
သို့သော် ကျူးရှီကတော့ ဤဒေါသကို မျိုမချနိုင်ဘဲ ဒေါသတကြီး အော်ပြောလိုက်သည်။
"တင်းရှန်း... နင် ငါတို့မိသားစုနဲ့ ထောင်ဟုန်အပေါ် မကျေမနပ် ဖြစ်နေမှန်း ငါ သိတယ်၊ ဒါပေမယ့် နင် ဒီလိုတော့ မလုပ်သင့်ဘူး၊ ငါနဲ့ ငါ့ချွေးမတွေက ရိုးသားလွန်းလို့ နင်က ငါတို့ကို အခွင့်ကောင်းယူချင်နေတာလား"
စုန့်တင်းရှန်းက သူမကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်ကာ ပြန်မေးလိုက်သည်။
"အဋ္ဌမအဒေါ်... ဒါက ဘယ်စကားလဲ၊ ကျွန်မက အဒေါ်တို့ ဘယ်တုန်းက အခွင့်ကောင်းယူမိလို့လဲ၊ ကျွန်မတို့ အလုပ်ရုံ ထောင်ထားပြီး အဒေါ်တို့ကို လာမလုပ်ရဘူးလို့လည်း တားခဲ့လား၊ ပြီးတော့ အလုပ်လုပ်သလောက်လည်း လုပ်အားခ ရနေတာပဲ မဟုတ်လား၊ စုန့်မိသားစုဝင်တွေ အများကြီး ဒီမှာ အလုပ်လုပ်နေကြတာ၊ တခြားလူတွေ မပြောနဲ့ ပဉ္စမဦးလေးရဲ့မိသားစုတွေလည်း အိမ်ကို အလုပ်ယူပြီး လုပ်ကြတာပဲ၊ သူတို့ကျတော့ အရေအတွက်လည်း ပြည့်ပြီး လက်ရာလည်း ကောင်းလို့ လုပ်အားခ အပြည့်ရနေကြတယ်၊ အဒေါ်တို့ မိသားစုကျတော့ ဘာလို့ အမြဲတမ်း လက်အိတ်တွေ လျော့နေရတာလဲ၊ တကယ်တော့ ဘယ်သူက ဘယ်သူ့ဆီက အခွင့်ကောင်း ယူနေတာလဲ"
"နင်... နင်... ငါ နင်နဲ့ စကားမပြောချင်တော့ဘူး၊ စတုတ္ထဦးလေးနဲ့ စတုတ္ထအဒေါ်ဆီကိုပဲ သွားတော့မယ်"
ကျူးရှီက ပြောနေရင်း ထွက်သွားရန် ဟန်ပြင်လိုက်သည်။
စုန့်တင်းရှန်းက အေးအေးဆေးဆေး ထပ်ပြောလိုက်သည်။
"တိုက်ဆိုင်လိုက်တာ၊ အခုပဲ သူကြွယ်ကြီးဝမ်ရဲ့ အိမ်တော်ထိန်းက သတင်းကောင်း လာပို့နေလို့ အဖိုး ဧည့်ခံနေတာ။ အဒေါ် သွားချင်ရင် သွားလိုက်လေ၊ သူ့ကို အဆုံးအဖြတ်ပေးဖို့ အကူအညီတောင်းကြည့်ကြတာပေါ့"
ကျူးရှီတစ်ယောက် ရုတ်တရက် ဆွံ့အသွားသလို အသံထွက်မလာတော့ပေ။
သူမ၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေပြီး ခဏအကြာတွင် ထစ်ထစ်ငေါ့ငေါ့ မေးလာပြန်သည်။
"ငါတို့... ငါတို့ အလုပ်ကောင်းကောင်း လုပ်နေတာကို ဘာတို့ နားခိုင်းရတာလဲ"
စုန့်တင်းရှန်း၏ မျက်နှာက တင်းမာလာပြီး ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
"ဘာလို့လဲ.... ဟုတ်လား၊ အဋ္ဌမအဒေါ်ပဲ သေချာစဉ်းစားကြည့်ပါဦး၊ မိသားစုတစ်စု ရောက်လာပြီး နှစ်စုံပျောက်နေတယ်လို့ ပြောရင် ကိစ္စမရှိဘူး၊ နောက်မိသားစုတစ်စု ရောက်လာပြီး နှစ်စုံပျောက်နေတယ်လို့ ထပ်ပြောရင်လည်း ကိစ္စမရှိသေးဘူး၊ တကယ်လို့ မိသားစုတိုင်းကသာ လက်အိတ်နှစ်စုံစီ လျော့နေမယ်ဆိုရင် ကုန်ပစ္စည်းတွေ လွှဲပေးလို့ စစ်ဆေးတဲ့အခါ လက်အိတ် အစုံရာနဲ့ချီ ပျောက်နေမှာ မဟုတ်ဘူးလား၊ အဲ့အချိန်ရောက်ရင် ဘယ်သူက တာဝန်ယူမှာလဲ၊ အဋ္ဌမအဒေါ်လား၊ ဒါမှမဟုတ် တတိယအဖိုးနဲ့ တတိယအဖွားလား၊ ဒါဆို ဒီလိုလုပ်ကြမယ်၊ ကျွန်မ အခု တတိယအဖိုးနဲ့ တတိယအဖွားကို သွားမေးလိုက်မယ်၊ တကယ်လို့ သူတို့က ဒါကို ပြဿနာမဟုတ်ဘူးလို့ ထင်နေတယ်ဆိုရင်၊ ပြီးတော့ ပစ္စည်းတွေ လိုနေတဲ့အခါ သူတို့ တာဝန်ယူပါ့မယ်လို့ အာမခံရင်တော့ ကျွန်မ ကန့်ကွက်စရာ မရှိဘူး"
"နင်ကတော့ အသိတရား လုံးဝမရှိဘူးပဲ! နင်တို့ အလုပ်ရုံကိစ္စကို ငါ့မိဘတွေကို အာမခံခိုင်းရတယ်လို့"
ကျူးရှီတစ်ယောက် ပျာယာခတ်သွားတော့သည်။
စုန့်တင်းရှန်းက တည်တည်ငြိမ်ငြိမ် ပြန်လည်တုံ့ပြန်လိုက်သည်။
"ဪ... အဋ္ဌမအဒေါ်က ကျွန်မတို့မိသားစုရဲ့ အလုပ်ရုံဆိုတာကိုတော့ သိနေသားပဲ၊ ကျွန်မမိသားစုရဲ့ အလုပ်ရုံမှာ ကျွန်မမိသားစုရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်၊ အဋ္ဌမအဒေါ်က ဒီအလုပ်ကို သိပ်ပြီး အထင်ကြီးပုံမရဘူး၊ ဒါဆိုလည်း နောင်ကျရင် မလာနဲ့တော့လေ။ ဒါမှလည်း ကျွန်မတို့က ဆွေမျိုးတွေကို ဆွေမျိုးလို မဆက်ဆံဘူးလို့ မစွပ်စွဲနိုင်တော့မှာ၊ ကျွန်မရဲ့ ယောင်းမကိုလည်း အကျင့်ပြောင်းသွားပြီလို့ ပြောစရာ မလိုတော့ဘူးပေါ့၊ ကျွန်မတို့ကနေ အဒေါ်တို့ ပစ္စည်းတွေ ခိုးဝှက်ထားတယ်လို့ မတရား စွပ်စွဲတာမျိုးလည်း ဖြစ်လာစရာ အကြောင်းမရှိတော့ဘူး။ ယောင်းမ... သူတို့ ရဖို့ ရှိတဲ့ လုပ်အားခကို ရှင်းပေးလိုက်ပါ၊ အလုပ်သမား လိုအပ်ရင်တော့ တခြားလူတွေကို ထပ်ငှားလိုက်ပေါ့"
"အမေ!"
ကျူးရှီ၏ ချွေးမနှစ်ယောက်လည်း ပျာယာခတ်သွားကြသည်။ သူမတို့က ဤနေရာမှ ရသော အပိုဝင်ငွေလေးဖြင့် မိသားစုကို ထောက်ပံ့နေရခြင်း ဖြစ်သော်လည်း ယခုအချိန်တွင် သူမတို့၏ တစ်ကိုယ်ကောင်းဆန်သော ယောက္ခမကြောင့် အလုပ်လက်မဲ့ ဖြစ်သွားရသည်။
‘နောက်ဆိုရင် သူမတို့ ဘယ်လိုရပ်တည်ရတော့မှာလဲ၊ တခြားလူတွေက သူမတို့ကို ပစ္စည်းခိုးတဲ့သူတွေလို့ ထင်ကုန်ကြရင်ရော ဘယ်လိုလုပ်ကြမလဲ’
ကျူးရှီက ခပ်ကြမ်းကြမ်း အော်ငေါက်လိုက်သည်။
"ငါ့ကို ဘာလို့ခေါ်နေတာလဲ၊ တခြားလူတွေက ငါတို့မိသားစုကို အထင်သေးနေတာ နင်တို့ မမြင်ဘူးလား၊ လာ.. ပြန်ကြမယ်၊ ဒုက္ခခံရတာ အလကားပဲ၊ နောက်ဆုံးတော့လည်း အပြစ်တင်ခံရတာပဲ အဖတ်တင်တယ်"
ထိုသို့ပြောပြီးနောက် သူမက ခေါင်းပင်မဖော်တော့ဘဲ အိမ်ဝင်းထဲမှ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
သူမ၏ ချွေးမနှစ်ယောက်လည်း အခြားရွေးချယ်စရာမရှိတော့ဘဲ ကျင်းချောင်းအာ ရှင်းပေးလိုက်သော ကြေးပြားများကို ယူကာ နီရဲနေသော မျက်နှာများဖြင့် ယောက္ခမနောက်သို့ လိုက်သွားကြသည်။
ပဉ္စမအဒေါ်ဖြစ်သူ ဝူရှီကတော့ ထောင့်တစ်နေရာမှ အကဲခတ်နေပြီး အစီအစဉ်တစ်ခု ရှိပုံဖြင့် သူတို့နောက်သို့ လိုက်သွားခဲ့သည်။
ပဉ္စမအဘွားက သက်ပြင်းချရင်း ချီးကျူးလိုက်သည်။
"တင်းရှန်းကတော့ တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ကျူးရှီ ဆဲဆိုနေတာကို ငါတို့အားလုံး ဘာပြန်ပြောရမှန်းမသိဘဲ အကုန်လုံး ဗျာများနေခဲ့တာ၊ တင်းရှန်း ရောက်လာမှပဲ ကိစ္စက ပြေလည်သွားတော့တယ်"
ကျင်းချောင်းအာက သူသမ၏မျက်ရည်များကို သုတ်နေရင်း ပြောလာပြန်သည်။
"ကျွန်မ အသုံးမကျလို့ပါ၊ ဘာပြန်ပြောရမှန်းမသိဘဲ ငိုပဲ ငိုနေမိတယ်"
စုန့်တင်းရှန်းက ယောင်းမဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။
"ယောင်းမကလည်း... ဘာတွေ ပြောနေတာလဲ။ ကျွန်မလည်း အဲဒီလို လက်ညှိုးထိုးပြီး အအော်ခံရရင် ငိုမိမှာပါပဲ။ အခု ဒါကို စိတ်ထဲမထားနဲ့တော့၊ အလုပ်ရုံကိုပဲ သေချာ ဂရုစိုက်ပြီး စီမံလိုက်ပါ"
စုန့်တင်းရှန်းက သူမ မပြန်ခင် ပဉ္စမအဘွားနှင် ဆဋ္ဌမအဘွားတို့ကို အနည်းငယ် နှစ်သိမ့်ပေးပြီးမှ သူမ၏ ကိုယ်ပိုင်ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။
အိမ်ထဲတွင် စုန့်ရှင်းယိနှင့် ဝမ်မိသားစုမှ အိမ်တော်ထိန်းတို့က လက်ဖက်ရည်အကြောင်း ဆွေးနွေးနေကြသည်။ စုန့်တင်းရှန်း အထဲသို့ ဝင်လာချိန်တွင် အဘိုးဖြစ်သူ၏ အားရပါးရ စကားသံကို ကြားလိုက်ရသည်။
"ဟေး... ကျွန်တော်တို့က ရွာသားတွေပါဗျာ၊ လုံကျင်းနဲ့ မောက်ဖုန်းရဲ့ ကွာခြားချက်ကိုတောင် မသိပါဘူး၊ အရင်ကဆိုရင် တောင်ပေါ်က တောလက်ဖက်ရွက် အကြမ်းလေးတွေကို ခူး၊ အခြောက်လှမ်းပြီး အိုးကြီးနဲ့ ကျိုကြတာပဲ၊ ရေငတ်တဲ့အခါ သောက်ကြတာပေါ့၊ ရေထက် အရသာရှိတယ်ဆိုရုံပါဗျာ"
ဝမ်အိမ်တော်ထိန်းက ပြန်ပြောလိုက်သည်။
"တောလက်ဖက်ရွက်ကလည်း သူ့အရသာနဲ့သူ ရှိတာပါပဲ။ ကျွန်တော်ကတော့ တော်တော်ကောင်းတယ်လို့ ထင်တယ်။ အဘိုးမှာ အပိုရှိရင် ကျွန်တော့်ကို နှစ်လျန်လောက် ပေးလို့ရမလား"
(t/n: ဒီမှာ သုံးတဲ့ လျန်က အလေးချိန်ကို ပြောတာပါနော်၊ ပြောလက်စနဲ့ ငွေကြေးအကြောင်း ပြောရဦးမယ်၊ ရှေ့ခေတ် Novel တွေ တော်တော်များများမှာ ငွေတစ်ချောင်းတို့၊ တစ်တေးလ်တို့၊ တစ်လျန်တို့ တွေ့ဖူးတယ် ဟုတ်... Etran ကတော့ ရှင်းရှင်းပဲ 1 Tael of Silver ဆိုပြီးပြီ။ တို့ လေ့လာကြည့်တာတော့ ရှေးခေတ်မှာ အခုခေတ်လို စက္ကူပိုက်ဆံတွေ တွင်တွင်ကျယ်ကျယ် မရှိသေးသလို ယုံကြည်ရတဲ့ အရာလည်း မရှိတော့ အလေးချိန်ကိုပဲ စံထားပြီး သုံးကြတာပါတဲ့၊ (ဖန်၊ ချင်း၊ လျန်၊ ကျင်း) ပေါ့၊ တရုတ်ကားတွေထဲမှာ မြင်ရတဲ့ လှေပုံစံ ငွေတုံးတွေကိုတော့ "ယွမ်ပေါင်" လို့ ခေါ်ပါတယ်တဲ့၊ ငွေတုံး အလတ်စား တစ်တုံးက ဆယ်လျန် ရှိပြီ၊ ငွေတုံး အကြီးစား တစ်တုံး လျန်ငါးဆယ် တန်တယ်တဲ့၊ ပုံပျက်နေတဲ့ င္စေလေးတွေကတော့ ချိန်ပြီးသုံးကျတာပါတဲ့၊ ရွှေကတော့ ပိုတန်ဖိုးရှိတာပေါ့လေ၊ ရွှေ ၁ လျန်က ငွေဆယ်လျန်/ လျန်နှစ်ဆယ် စသည့်ဖြင့် ခေတ်အပေါ်မူတည်ပြီး တန်ဖိုးကွာတယ်တဲ့၊ အဲ့တာကြောင့် ပိုက်ဆံရဲ့ တန်ဖိုးကို ပြောတဲ့အခါ လျန် နဲ့ တွက်သလို ဆေးတို့ လက်ဖက်ခြောက်တို့၊ ဟင်းခတ်အမွှေးအကြိုင်တို့ ဝယ်တဲ့အခါလည်း နည်းနည်းလေးဝယ်တော့ ကျင်း ထက် အလေးချိန်သေးတဲ့ လျန်ကို သုံးကြတာပေါ့)
စုန့်ရှင်းယိက အားတက်သွားပြီး အားရပါးရ ရယ်မောလိုက်သည်။
"ဒါတွေက မနှစ်က လက်ဖက်ရွက်အဟောင်းတွေပါဗျာ၊ နောက်တစ်လနေလို့ မိုးရွာပြီဆိုရင် ကျွန်တော် တောင်ပေါ်တက်ပြီး လက်ဖက်ရွက်အသစ်တွေ ခူးပေးပါ့မယ်။ သေချာလေး လှော်ပြီးတော့ အိတ်ကြီးတစ်အိတ်စာ ပို့ပေးလိုက်မယ်၊ စိတ်ကြိုက်သာ သောက်ပေတော့၊ အော်... အာ့နွီ ပြန်လာပြီလား"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ အဖိုး၊ သမီး ပြန်လာပြီ။ အဒေါ်တွေ နည်းနည်းပါးပါး ငြင်းခုန်နေကြတာပါ၊ အရေးကြီးတာတော့ မဟုတ်ပါဘူး။ ယောင်းမက သဘောကောင်းပြီး ဘာမှ ပြန်မပြောနိုင် ဖြစ်နေလို့ သမီး သွားဖျောင်းဖျပေးလိုက်တယ်"
"မိန်းမတွေ များလေ ပြဿနာတွေ များလေပဲ။ မြန်မြန်သွား... မင်းရဲ့အမေကို နေ့လယ်စာ ဘာချက်လဲ သွားမေးဦး၊ မင်းရဲ့ ဦးလေးဝမ်ကိုပါ အတူစားဖို့ ဖိတ်ရမယ်"
ထိုကိစ္စ ပြေလည်သွားသည်ကို နားလည်လိုက်သော အိန်တော်ထိန်းဝမ်က အလျင်အမြန် ထရပ်ကာ ငြင်းဆန်လိုက်သည်။
"ဒီတစ်ခေါက်တော့ ကျွန်တော် မစားတော့ပါဘူး။ တခြားမိသားစုတစ်ခုဆီ သတင်းသွားပို့စရာ ကျန်သေးလို့ပါ။ ဒါပေမယ့် အဖိုး... ကျွန်တော့်အတွက် လက်ဖက်ခြောက်ကိုတော့ မမေ့နဲ့ဦးနော်၊ ကျွန်တော် အမြဲတမ်း မျှော်နေမှာ"
"သေချာပေါက် မမေ့ပါဘူးဗျာ၊ ခင်ဗျားအတွက် ပို့ပေးပါ့မယ်"
စုန့်ရှင်းယိက ပြုံးပြုံးကြီး အာမခံလိုက်ပြီး အိမ်တော်ထိန်းဝမ်ကို တံခါးဝအထိ လိုက်ပို့ပေးနေသည်။ ဧည့်သည်ကို ပြန်ပို့ပေးပြီး သူ ပြန်လှည့်လာချိန်တွင် သူ့မျက်နှာပေါ်ရှိ အပြုံးများက ပျောက်ကွယ်သွားသည်။
"အာ့နွီ... ခုနက ရန်ဖြစ်တာ အဲ့ဒီမိသားစုပဲ မဟုတ်လား"
ယခုအချိန်တွင် သူလည်း သူ့တတိယအစ်ကို၏မိသားစုမှ အဆုံးမရှိသော ပြဿနာများကို စိတ်ကုန်နေပြီ ဖြစ်သည်။ ထို့အပြင် သူတို့က ဆွေမျိုးသားချင်းများ ဖြစ်ကြပြီး ကျူးရှီ၏ အသံကို ရိုးအီနေအောင် ကြားဖူးပြီးပြီ ဖြစ်သည်။ သူမ၏အသံကို မည်သူကမျှ မမှတ်မိဘဲ မနေချေ။
"ဟုတ်တယ်၊ အဋ္ဌမအဒေါ်ပါ၊ သူ့ချွေးမတွေက အိမ်ကို အလုပ်ယူသွားပြီး လက်အိတ်တချို့ကို တိတ်တိတ်လေး သိမ်းထားလိုက်ပုံပဲ၊ ပစ္စည်းလာအပ်တော့ အရေအတွက် မပြည့်ဘူးလေ၊ အဲဒါကို ယောင်းမက နည်းနည်းလေး ပြောမိတော့ သူက ဆဲဆိုတော့တာပဲ။ ယောင်းမက ပိုက်ဆံရှိလာလို့ အကျင့်ပျက်သွားတာလို့လည်း စွပ်စွဲနေသေးတယ်။ ပဉ္စမအဖွားက ဝင်ဖျန်ဖြေပေးတာတောင် သူက နားမထောင်ဘဲ ပြဿနာကို ပိုကြီးအောင် လုပ်နေတာ။ သမီးလည်း သူ့ချွေးမတွေကို နောက်ထပ် အလုပ်မပေးတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တယ်"
"ဟူး..."
စုန့်ရှင်းယိက သက်ပြင်းကို အရှည်ကြီးချလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"အရင်က သူတို့ ဒီလိုလုပ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့မိဘူး။ ဒါက ခိုးတာပဲ မဟုတ်လား"
"ခိုး" ဆိုသည့် စကားလုံးက အမှန်တကယ်ကို နားမခံသာလှချေ။ အကယ်၍ မိသားစုထဲမှ တစ်စုံတစ်ယောက်က သူတစ်ပါးပစ္စည်းအား ခိုးသည်ဟု သတ်မှတ်ခံရပါက တစ်မိသာစုလုံး အထင်သေးခံရမည် ဖြစ်သည်။
စုန့်တင်းရှန်းက စုန့်ရှင်းယိကို ကူတွဲပေးနေရင်း ပြန်ဖြေလိုက်သည်။
"သမီး သူတို့ ခိုးတယ်လို့ တိုက်ရိုက် မပြောလိုက်ဘူး၊ အလုပ် မကျွမ်းကျင်လို့ နှစ်စုံလျော့နေတာလို့ပဲ ပြောလိုက်တယ်၊ အဲဒါကို သူက သမီးတို့မိသားစုက သူတို့ကို အထင်သေးတယ်၊ သမီးတို့အိမ်မှာ အလုပ်လုပ်ရတာ အချိန်ကုန်တယ်လို့ အော်ဟစ်ပြီး ထွက်သွားတာ"
စုန့်ရှင်းယိက အခန်းတံခါးဝတွင် ရပ်ကာ လက်ကို ဝေ့ယမ်းရင်း ထပ်ပြောလိုက်သည်။
"မင်းအဘွားဆီ သွားလိုက်တော့၊ ငါ ဆေးတံတစ်ဖွာလောက် သောက်လိုက်ဦးမယ်"
အဘိုးဖြစ်သူ စိတ်မသက်မသာ ဖြစ်နေသည်ကို သိနေသည့် စုန့်တင်းရှန်းက အပြုံးလေးဖြင့် သတိပေးလိုက်ပြန်သည်။
"ဆေးတံတစ်ဖွာလောက်က ကိစ္စ မရှိပါဘူး၊ အများကြီးတော့ မသောက်ပါနဲ့ အဘိုးရယ်၊ ပြီးတော့ ဒါက ကိစ္စကြီးလည်း မဟုတ်ပါဘူး၊ သမီး စိုးရိမ်တာက အဋ္ဌမအဒေါ် အိမ်ပြန်ရောက်သွားပြီး ပြဿနာရှာလို့ တတိယအဖိုးနဲ့ အဖွား ဝင်ပါလာမှာကို တွေးမိတာပါ၊ ဒီကိစ္စက ကြီးကြီးမားမား ပြဿနာ မဟုတ်ပေမယ့် အရေးမထားလို့လည်း မရပြန်ဘူး၊ သူတို့ ဒီလိုမျိုး ပစ္စည်းတွေ ခိုးသိမ်းထားတာကို သမီးတို့ ဘာမှ မပြောဘဲ လွှတ်ထားလိုက်ရင် တခြားသူတွေပါ လိုက်လုပ်ကြလိမ့်မယ်၊ အဲဒီလိုဆိုရင်တော့ အလုပ်ရုံက ဆက်လည်ပတ်နိုင်မှာ မဟုတ်တော့ဘူး"
"အဖိုး သိတာပေါ့၊ မသိဘဲ ဘယ်နေပါ့မလဲ၊ နင့်အဘွားဆီသာ သွားလိုက်ပါ"
အခန်းထဲတွင် လီရှီ၊ ပိုင်ရှီနှင့် ကလေးအချို့သာ ရှိနေကြသည်။ ဖန့်ရှီက မီးဖိုချောင်တွင် အလုပ်ရှုပ်နေပြီး ကျန်းရှီက ဟင်းရွက်ချဉ်ဆိုင်ဘက်သို့ သွားကူနေသည်။ ယောင်းမများကလည်း အိမ်တွင် မရှိသောကြောင့် အိမ်ကြီးက တိတ်ဆိတ်နေသည်။
လီရှီက အဝတ်ဟောင်းများကို ပြန်ဖြုတ်ကာ ပြန်ချုပ်ရင်း အလုပ်ရှုပ်နေသည်။ မိသားစုထဲရှိ လူငယ်များ အလုပ်များနေသောကြောင့် သူမက မြေးလေးများ၏ အဝတ်ဟောင်းများကို ဖြုတ်ကာ ပြန်လျှော်ဖွတ်ပြီး ချုပ်ပေးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးနေခြင်းပင်။
လိုအပ်သည့်နေရာတွင် ဆက်သင့်လျှင် ပြန်ဆက်ပေးရသည်။
ကျေးလက်မိသားစုများ၏ ထုံးစံအတိုင်း "အသစ်သုံးနှစ်၊ အဟောင်းသုံးနှစ်၊ ဖာထေးပြီး နောက်ထပ်သုံးနှစ်" ဟူသော စကားအတိုင်း အဝတ်အစားများကို အကြာကြီး ဝတ်ဆင်ကြရသည်။ အထူးသဖြင့် ကလေးငယ်များက မြန်မြန်ဆန်ဆန် ကြီးပြင်းလာတတ်သောကြောင့် အဝတ်အစားများကို ချောင်ချောင်ချိချိ ချုပ်လုပ်ထားမှသာ နှစ်ရှည်လများ ဝတ်ဆင်နိုင်မည်ဖြစ်သည်။
ပိုင်ရှီက မီးဖွားပြီးနောက် နားနေရသည့် မီးနေကာလ ပြီးဆုံးသွားပြီ ဖြစ်၍ သူမ၏သမီးလေးကို ချော့မြှူနို့တိုက်ရင်း တစ်ဖက်မှလည်း ခန်ပေါ်တွင် ဆော့ကစားနေသည့် ကလေးငယ်များ ပြုတ်မကျစေရန် ဂရုစိုက်ပေးနေသည်။
"အာနွီလား... လာလေ... ခန်ပေါ်ကို လာထိုင်"
လီရှီက မြေးဖြစ်သူကို လှမ်းခေါ်လိုက်ပြီး ခန်အစွန်းတွင် ထိုင်ဖုံလေးတစ်ခု ချပေးလိုက်သည်။
"နင့်ရဲ့ အဋ္ဌမအဒေါ် ပြဿနာထပ်ရှာပြန်ပြီလား"
စုန့်တင်းရှန်းက စွန်ပလွံသီးအနည်းငယ်ကို ကောက်ယူ စားပြီးမှ ပြန်မေးလိုက်သည်။
"အဖွား အကုန်ကြားလိုက်တာလား"
လီရှီက နှာခေါင်းတစ်ချက် ရှုံ့ရင်း ပြန်ဖြေလိုက်သည်။
"ဘယ်လိုလုပ်ပြီး မကြားဘဲ နေပါ့မလား၊ နင် နင့်အဘိုးကို ပြောနေတာတွေတောင် အကုန်ကြားတယ်၊ ကဲ့ပါ... အခု အစကနေ အဆုံးအထိ သေသေချာချာ ပြန်ပြောပြစမ်းပါဦး၊ တကယ်လို့ သူတို့မိသားစုက တစ်ယောက်ယောက် ထပ်ရောက်လာပြီး ပြဿနာရှာမယ်ဆိုရင် အဖွားကိုယ်တိုင် နင့်ဘက်ကနေ ပြန်ပြီး ရန်တွေ့ပေးမယ်"
စုန့်တင်းရှန်းက တခစ်ခစ်ရယ်မောရင်း ပိုင်ရှီကို ကြည့်ကာ လှမ်းပြောလိုက်သည်။
"သမီးရဲ့အဖွားကတော့ အမြဲတမ်း သမီးဘက်ကပဲ၊ အဖွားက သမီးကို အရမ်း ချစ်လို့ ကာကွယ်ပေးတာလေ၊ အဒေါ်... သမီးကို မနာလို မဖြစ်နဲ့နော်"
လီရှီက သူမ၏ခေါင်းကို စနောက်ဟန်ဖြင့် ခပ်ဖွဖွ ခေါက်ကာ ရယ်မောလိုက်သည်။
"နင့်အဒေါ်က ဘာလို့ နင့်ကို မနာလိုဖြစ်ရမှာလဲ၊ သူက ငါ့ချွေးမလေ၊ နင့်ထက်တောင် အများကြီး အချစ်ခံရသေးတယ်၊ သူ မီးဖွားတုန်းကလည်း ငါပဲ ပြုစုပေးခဲ့တာ၊ နင် ကလေးမွေးတဲ့အခါကျရင် ငါ့ဆီကနေ ဒီလိုမျိုး ပြုစုခံရမှာ မဟုတ်ဘူးနော်"
"အဘွား"
စုန့်တင်းရှန်းက ကလေးလေးလို ချွဲလိုက်သောကြောင့် လီရှီနှင့် ပိုင်ရှီတို့ နှစ်ယောက်စလုံး ရယ်မောနေကြသည်။
နှစ်ယောက်စလုံး ရယ်မောနေသည်ကို မြင်မှ စုန့်တင်းရှန်းက အလုပ်ရုံကိစ္စများကို ပြန်ပြောပြလိုက်သည်။ အဖြစ်အပျက်ကို နားထောင်ပြီးနောက် လီရှီက ဒေါသတကြီး မေးခွန်းထုတ်လာခဲ့သည်။
"သူက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ။ ဒီလောက်တောင် ရမ်းကားနေရအောင် အရှက်မရှိတော့ဘူးလား၊ ဒါနဲ့... သူ့သမီးကရော အဲ့ရွာကနေ ထွက်သွားပြီလား"
"နွေဦးစိုက်ပျိုးရာသီက အခုမှ ပြီးတာဆိုတော့ ဒီရက်ပိုင်းအတွင်း သွားဖြစ်လိမ့်မယ်။ သူ မသွားခင် ကျွန်မတို့ကို လာတွေ့ဦးမှာပါ"
လီရှီက နှာခေါင်းတစ်ချက် ထပ်ရှုံ့လိုက်ပြီး ပြောလာပြန်သည်။
"ဟွန့်... အခုတော့ သူ့ချွေးမနှစ်ယောက်စလုံးလည်း မျက်နှာပျက်ရပြီပေါ့၊ သူတို့က ငယ်ရွယ်တဲ့ ချွေးမလေးတွေဆိုတော့ ဒီလိုမျိုး တိုက်ရိုက်စွပ်စွဲတာကို တစ်ခါမှ မကြုံဖူးကြဘူးလေ။ ငါ အတပ်ပြောရဲတယ်... အခုဆိုရင် သူတို့ အပြင်တောင် ထွက်ရဲကြတော့မှာ မဟုတ်ဘူး"
မည်သူကမှ "ခိုးတယ်" ဟု ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း ယခုကဲ့သို့ ပစ္စည်းလျော့နည်းခြင်းက ခိုးယူထားခြင်းသာ ဖြစ်ကြောင်း အားလုံး သိနေကြသည်။ "ခိုးတယ်" ဆိုသည့် စကားလုံး ပါဝင်လာသည်နှင့် သူခိုးအဖြစ် သတ်မှတ်ခံရပြီး လူတကာက သူတို့အနီးအနားတွင် သတိထားနေထိုင်ကြမည် ဖြစ်သည်။
"ဒါကတော့ သူတို့ရဲ့ ကံတရားပဲ၊ သမီးတို့က သူတို့ကို ခိုးပါ ခိုးပါလို့ လက်ကနေ ဆွဲခေါ်လာတာမှ မဟုတ်တာ"
စုန့်တင်းရှန်းက ညီမလေး၏ ပါးဖောင်းဖောင်းလေးကို လက်ဖြင့် အသာအယာ တို့လိုက်ရင်း ဆက်ပြောလိုက်သည်။
"သူကတော့ သိုးမွှေးလေး နည်းနည်းပါးပါးပဲတဲ့၊ တကယ်လို့ သူ သိုးမွေးလိုချင်ရင် ကျွန်မတို့အိမ်ကို တိုက်ရိုက်လာတောင်းလို့ ရနေတာပဲ။ ဒါပေမယ့် သူက အဲဒီလိုမျိုး လာတောင်းတာ မဟုတ်ဘူးလေ"
လီရှီက ပြန်ပြောလိုက်သည်။
"သူက ပစ္စည်းလာ တောင်းရဲရအောင်အထိ အရေထူတယ်ပေါ့။ ဒီအိမ်ထဲကို သူ ဝင်ရဲမလားဆိုတာ စောင့်ကြည့်ကြသေးတာပေါ့"
စုန့်တင်းရှန်းက ခေတ္တမျှ စဉ်းစားပြီးမှ ထပ်မေးလိုက်သည်။
"အဖွား... သူ ခိုးသွားတဲ့ လက်အိတ်တွေကို ဘာလုပ်မယ်လို့ အဖွား ထင်လဲ၊ သူကိုယ်တိုင် ဝတ်မလို့လား၊ သမီးတို့ဆီမှာ ဒီလောက် အကောင်းစား လက်အိတ်တွေ မလိုဘူးလေ၊ သူ ဘယ်သူ့ကို ပေးချင်လို့လဲ၊ သူ့သမီးကိုလား၊ အဲဒါက ဖြစ်နိုင်ခြေများတယ်နော်၊ ဟုတ်တယ်မလား"
လီရှီက ပြန်ဖြေလိုက်သည်။
"ငါကတော့ အဲ့လို မထင်ဘူး၊ သူက အမြဲတမ်း သူတို့အိမ်က အကောင်းဆုံး အသီးအရွက်ခြောက်တွေနဲ့ ဂျုံမှုန့်ကောင်းတွေကို ရွေးပြီး ဟိုဘက်ကို ပို့ပေးနေတာလေ၊ နင် မသိဘူးလား၊ အခုဆိုရင် သူ့စိတ်ထဲမှာ အဲဒီသားမက်က အဖိုးတန်ဆုံးပဲ။ အဲ့တော့ ဒီလက်အိတ်တွေကလည်း ဘယ်သူအတွက် ဖြစ်တော့မှာလဲ.... ဟမ်"
သူမတို့မိသားစုမှ ချုပ်ထားသည့် လက်အိတ်များကို ရှချမ်း ဝတ်ဆင်ထားမည်ဟု တွေးမိရုံနှင့်ပင် လီရှီတစ်ယောက် ရွံရှာသလို ဖြစ်လာပြီး စိတ်မသက်မသာ ခံစားလာရသည်။
"ထားလိုက်ပါတော့၊ ဒီအကြောင်းတွေ ဆက်မပြောချင်တော့ဘူး၊ အမေ့ကို သွားကူလိုက်ဦးမယ်၊ မွန်းတည့်တော့မှာဆိုတော့ နေ့လယ်စာ စားကြမယ်၊ အော်... အဖွား၊ နေ့လယ်စာ စားပြီးရင် သမီး မြို့ထဲကို သွားလိုက်ဦးမယ်၊ သခင်မဝမ်က သားလေးမွေးတယ်တဲ့၊ နောက်နှစ်ရက်နေရင် 'သုံးရက်မြောက် ခေါင်းဆေးမင်္ဂလာ' ကျင်းပလိမ့်မယ်၊ သမီးတို့ကို ဖိတ်ထားတော့ လက်ဆောင်ပစ္စည်းတချို့ သွားရွေးရဦးမယ်"
လီရှီက ခေါင်းညိတ်လိုက်ပြီး ဗီရိုထဲမှ ငွေနှစ်လျန် ထုတ်ပေးလိုက်သည်။
"နင် သွားရင် နင့်အဖေနဲ့ အဖိုးကိုပါ ခေါ်သွား၊ အဘွားကတော့ ဒီတစ်ခေါက် မလိုက်တော့ဘူး၊ ခေါင်းဆေးမင်္ဂလာအတွက် မင်္ဂလာဆွဲကြိုးလှလှလေးတစ်ခု ရွေးခဲ့လိုက်၊ အဘွားက ငွေနှစ်လျန် ထည့်မယ်၊ နင်လည်း နှစ်လျန်လောက် ထပ်ထည့်လိုက်ပေါ့"
ပိုင်ရှီကလည်း ဝင်ပြောသည်။
"နင့် ညီမလေးအတွက် အဒေါ် ပန်းဖွားလေးတွေ လုပ်ထားတာရှိတယ်၊ အခု မသုံးရသေးဘူး။ အဲဒါလေးတွေလည်း ယူသွားလိုက်ပါ။ မင်္ဂလာဆွဲကြိုးလေးမှာ ပန်းဖွားလေးတွေ ချိတ်ထားရင် အရမ်းကြည့်ကောင်းမှာ သေချာတယ်"
စုန့်တင်းရှန်းက အပြုံးဖြင့် သဘောတူလိုက်သည်။
နေ့လယ်စာ စားပြီးနောက် မြေးအဖိုး၊ သားအဖ သုံးဦးသား မြို့သို့ လမ်းလျှောက်လာခဲ့ကြသည်။ နွားလှည်း သို့မဟုတ် မြည်းလှည်းကို အသုံးပြုနိုင်သော်လည်း သူတို့၏ တိရစ္ဆာန်များက နွေဦးစိုက်ပျိုးချိန်အတွင်း အလုပ်များထားသောကြောင့် အနားပေးထားခဲ့သည်။
သုံးယောက်သား မြို့သို့ ရောက်အောင် လမ်းလျှောက်လာရသောကြောင့် ချွေးများ ပြန်ကာ မောပန်းနေကြသည်။ စုန့်တင်းရှန်းက ဆွဲကြိုးရွေးရန် ငွေထည်ဆိုင်သို့ သွားခဲ့ပြီး၊ အဘိုးနှင့် အဖေကတော့ သူတို့၏ ကိုယ်ပိုင်ဆိုင်တွင် အနားယူနေကြသည်။
ဆွဲကြိုးအတွက် စရန်ငွေ ပေးပြီးနောက် သူမက ဟူထောင် ဖွင့်ထားသည့် ကုန်စုံဆိုင်ကို သွားကြည့်လိုက်သည်။ ဆိုင်က သေးငယ်သော်လည်း ကုန်ပစ္စည်းစုံလင်နေပြီ ဖြစ်သည်။ သူမတို့၏ ကိုယ်ပိုင်ထွက်ကုန်များအပြင် ဟူထောင်က တောင်ပိုင်းမှ ကုန်သည်တစ်ယောက်ကို ဆက်သွယ်ခဲ့ပြီး တောင်ပိုင်းမှ အထူးပစ္စည်းအချို့လည်း ယူဆောင်လာသောကြောင့် ဆိုင်ကို တော်တော်လေး ကြည့်ကောင်းအောင် လုပ်နိုင်ခဲ့သည်။
"အစ်မ... ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ လုပ်တာနော်"
ဟူထောင်က စုန့်တင်းရှန်းကို မျက်စိတစ်ဖက် မှိတ်ပြရင်း လှမ်းပြောလိုက်သည်။
"ကျွန်တော် ဈေးသက်သာတဲ့ ပင်လယ်စာတွေ မှာထားသေးတယ်၊ ကမာခြောက်၊ ရေမှော်ခြောက်၊ ပုစွန်ခြောက်နဲ့ ပုစွန်စိပ်လေးတွေလေ။ ဈေးနှုန်းက သင့်တင့်တော့ လူတိုင်း ဝယ်နိုင်တာပေါ့။ နှစ်လျန်လောက် ဝယ်ထားရင်တောင် အကြာကြီး စားလို့ ရတယ်၊ ပြီးတော့ သိမ်းထားရင်လည်း အကြာကြီး အထားခံတယ်"
စုန့်တင်းရှန်းက ရယ်ချင်စိတ်ကို ထိန်းရင်း ပြန်ပြောလိုက်သည်။
"အင်း၊ မင်း ပြောတာ မှန်တယ် ၊ ဆိုင်ရှင်စုန့်ရေ... နောင်ကျရင် ဒီဆိုင်ကို မင်းပဲ စီမံခန့်ခွဲရမှာဆိုတော့ ဘယ်လိုပစ္စည်းတွေ တင်မလဲဆိုတာ မင်းပဲ ဆုံးဖြတ်တော့"
စုန့်ဟူထောင်က ရယ်မောရင်း ခေါင်းကုပ်လိုက်သည်။
"အစ်မကလည်း အဲဒီလိုတော့ မပြောပါနဲ့၊ ကျွန်တော်က စမ်းကြည့်ရုံပါ၊ ဒါပေမယ့် ရောင်းအားတော့ တော်တော်သွက်တယ်ဗျ၊ ဟိုဘက်က ကုန်သည်ကလည်း တကယ့်ကို ယုံကြည်စိတ်ချရတဲ့သူပါ၊ ဒီနေ့ ရောက်လာတဲ့ ကမာခြောက်တွေကို ကြည့်ပါဦး၊ အသား ထူထူနဲ့ အကြီးကြီးတွေ၊ ကျွန်တော်တောင် နောက်ရက်ကျရင် အိမ်ကို ပို့ပေးမလို့ စဉ်းစားနေတာ၊ အခုတော့ အစ်မကိုယ်တိုင် ရောက်လာတာနဲ့ အတော်ပဲ"
စုန့်တင်းရှန်းက ကမာခြောက်လေးများကို လက်ဖြင့် ဆိတ်ကြည့်လိုက်ပြီး အမှန်တကယ်ကို ကောင်းကောင်းမွန်မွန် အခြောက်လှမ်းထားမှန်း သိလိုက်ရသည်။ ဤဒေသသို့ လတ်ဆတ်သည့် ကမာများ သယ်ယူပို့ဆောင်ရန် ခက်ခဲသောကြောင့် ပင်လယ်စာအခြောက်များကို စားရခြင်းကပင် အရသာရှိခံစားရမည် အတွေ့အကြုံကောင်း ဖြစ်သည်။ ထိုအပြင် ကမာခြောက်ဖြင့် ဟင်းချိုချက်ရင်လည်း အလွန် အရသာ ရှိလှသည်။
ဝမ်မိသားစုကလည်း သူမကို ပင်လယ်စာအချို့ ပေးခဲ့ကြောင့် စုန့်တင်းရှန်း ရုတ်တရက် သတိရသွားခဲ့သည်။ ထိုပင်လယ်စာများကလည်း တောင်ပိုင်းကုန်သည်များထံမှ ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလိုက်သည်။
‘ဒီပစ္စည်းတွေ အားလုံးနဲ့ဆိုရင် တကယ့်ကို မြိန်ယှက်ဖွယ် ဟင်းလျာတွေ ဖန်တီးနိုင်မှာ သေချာတယ်’
ဟူထောင်၏ဆိုင်ကို သွားကြည့်ပြီးနောက် စုန့်တင်းရှန်းက သူမတို့၏ကိုယ်ပိုင်ဆိုင်ဘက်သို့ ပြန်လာခဲ့သည်။ မူလက ဆိုင်တွင် ဆိုင်းဘုတ် မရှိသော်လည်း ကုန်စုံဆိုင်နှင့် စားသောက်ဆိုင် အဖြစ် နှစ်ပိုင်းခွဲလိုက်ပြီးနောက် စုန့်ကျစ်ရွှမ်းက "စုန့်မိသားစု ကုန်စုံဆိုင်" နှင့် "စုန့်မိသားစု စားသောက်ဆိုင်" ဟူသော ဆိုင်းဘုတ်များ ရေးထိုးပေးခဲ့သည်။ ဆိုင်းဘုတ်များ တွဲချိတ်ထားလိုက်ချိန်တွင် ဆိုင်က အမှန်တကယ် ခန့်ခန့်ညားညား ဖြစ်သွားခဲ့သည်။
စုန့်တင်းရှန်း ဆိုင်ရှေ့သို့ လျှောက်သွားချိန်တွင် ကောင်လေးတစ်ယောက် ထွက်လာပြီး သူမကို ဖော်ဖော်ရွေရွေ ကြိုဆိုနေခဲ့သည်။
"ဒီကမိန်းခလေးကို ကြည့်ရတာ မရင်းနှီးဘူးနော်၊ ကျွန်တော်တို့ဆိုင်က စားစရာတွေက အရသား ရှိတယ်ကြားလို့ မြည်းစမ်းဖို့ ရောက်လာတာလား၊ ကြွပါ... ကြွပါ"
စုန့်တင်းရှန်းက အပြုံးဖြင့် ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ကောင်တာနောက်တွင် စာရင်းစာအုပ်များနှင့် အလုပ်ရှုပ်နေသည့် စာသင်သားဝတ်စုံ ဝတ်ထားသော အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသားတစ်ဦးကိုလည်း သူမ မြင်လိုက်ရသည်။
ဆိုင်ထဲတွင် သန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီးကလည်း သူမကို နေရာထိုင်ခင်းပေးရန် အပြေးအလွှား ရောက်လာခဲ့သည်။ သူမ ဘာမှမပြောရသေးခင်ကပဲ စုန့်ကျစ်ယွမ်၏ အသံ ထွက်လာခဲ့သည်။
"လူမှားပြီး ဧည့်ခံမနေနဲ့ဦး... သူက ငါတို့အိမ်က ဒုတိယသမီး"
ထိုလူနှစ်ယောက်က သူမကို ချက်ချင်း ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
စုန့်တင်းရှန်းက ရယ်မောရင်း လှမ်းပြောလိုက်သည်။
"ရပါတယ်... လုပ်စရာ ရှိတာ ဆက်လုပ်ကြပါ"
ထိုသို့ ပြောပြီးနောက် သူမက ထောင့်နားမှ စားပွဲဆီသို့ လျောက်သွားပြီး ဝင်ထိုင်လိုက်သည်။ သူမက လက်ဖက်ရည်အိုးထဲမှ ရေကို ခွက်ထဲသို့ ငှဲ့နေရင်း မေးလိုက်ပြန်သည်။
"အစ်မက ဒီနေရာကို တကယ် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ထားတာပဲ၊ ဒါနဲ့ ဆိုင်ရှေ့က တစ်ယောက်က ဘယ်သူလဲ"
စုန့်ကျစ်ယွမ်က အံ့ဩတကြီး ပြန်မေးလိုက်သည်။
"ဘာလဲ...မင်း မသိဘူးလား"
စုန့်တင်းရှန်းက ဇဝေဇဝါဖြင့် ပြန်ပြောလိုက်သည်။
"မသိလို့ မေးတာပေါ့ အဖေရယ်၊ သမီးက ဒီကို ခဏခဏ လာတာမှ မဟုတ်တာ၊ အစ်မ ရောက်လာကတည်းက သမီး တစ်ခါမှ မရောက်သေးဘူးလေ"
စုန့်ကျစ်ယွမ်က သူ့နဖူးကို သူ ပြန်ရိုက်ရင်း ရှင်းပြလိုက်သည်။
"ဟုတ်သာပဲ၊ ငါ မှားတာ... ငါ မင်းကို ပြောဖို့ မေ့သွားတာ၊ အဲဒါက မင်းဦးလေးရဲ့ အတန်းဖော် သူငယ်ချင်းလေ၊ သူ့မိသားစုက အခြေအနေ သိပ်မကောင်းပေမယ့် သူက လူတော်တစ်ယောက်မို့ နင့်ဦးလေးက သူ့ကို စာရင်းကိုင်အဖြစ် မိတ်ဆက်ပေးခဲ့တာ၊ သူက နေ့ဘက် အလုပ် လာလုပ်ပြီး ညဘက် အိမ်ပြန်တယ်။ သူ့ကျောင်းစရိတ်အတွက် ပိုက်ဆံရှာနေတာလေ"
"ဦးလေး ထောက်ခံတာဆိုရင်တော့ အဆင်ပြေမှာပါ၊ အဖေနဲ့ အဘိုးတို့ ဒီမှာ ခဏထိုင်နေဦးနော်၊ သမီး မီးဖိုချောင်ဘက် သွားကြည့်လိုက်ဦးမယ်"
သူမ မီးဖိုချောင်ထဲသို့ ဝင်လိုက်ချိန်တွင် စုန့်ယွိလန်အပြင် အလုပ်ကူလုပ်ပေးနေသော မိန်းကလေးငယ်တစ်ဦးကိုပါ တွေ့လိုက်ရသည်။
စုန့်ယွိလန်က သူမကို မြင်သည်နှင့် လက်လှမ်းပြလိုက်သည်။
"နင် ဘာလို့ ဒီထဲကို ဝင်လာတာလဲ၊ အမြန် ပြန်ထွက်ပြီး အပြင်မှာ ထိုင်နေလေ၊ နင့်အင်္ကျီတွေကို ဆီနံ့နဲ့ မီးခိုးနံ့တွေ စွဲကုန်ဦးမယ်"
"အစ်မကို လာတွေ့တာလေ၊ မတွေ့ရတာ ကြာနေပြီ"
စုန့်တင်းရှန်းက စုန့်ယွိလန်ကို လှမ်းဖက်လိုက်သည်။
"တစ်လကျော်လေးပဲ ရှိသေးတာကို ဘာတွေ ကြာနေတာလဲ၊ အရင်ကဆို ငါတို့ တစ်နှစ်ကနေမှ အကြိမ်အနည်းငယ်ပဲ တွေ့ရတာလေ၊ နင် ငါ့ကို ဒီလောက်လွမ်းနေမှန်း ငါ မသိခဲ့ဘူး"
စုန့်ယွိလန်က မျက်စောင်းထိုးရင်း စနောက်နေပြန်သည်။
"ဒါဆိုလည်း နင် ရောက်တုန်းရောက်ခိုက် အလုပ်လေးဘာလေး ကူလုပ်ပါဦးလား"
စုန့်တင်းရှန်းက သူမ၏လက်ကို အလျင်အမြန် ဝေ့ယမ်းရင်း ငြင်းဆန်လိုက်သည်။
"အလုပ်တော့ မလုပ်ချင်ပါဘူး။ စားစရာတွေ လုံလောက်ရဲ့လား လာကြည့်တာ၊ နောက်မှ ဟင်းအသစ်လေးတွေ စမ်းချက်ကြည့်မလို့ စဉ်းစားနေတာ"
စုန့်ယွိလန်က ရယ်မောရင်း ပြန်ပြောလာသည်။
"အခုက ညနေစာ စားချိန် မဟုတ်သေးတော့ အပြင်မှာ လူနည်းနည်းပဲ ရှိသေးတယ်၊ ညနေစာ စားချိန် ရောက်ရင်တော့ ငါတို့တွေ လက်မလည်အောင် အလုပ်ရှုပ်တော့မှာ။ ဒါပေမယ့် ငါ မြေအိုးဟင်းအသစ်လေးတွေ ထပ်တိုးထားတယ်၊ စားရတာ နွေးနွေးထွေးထွေးရှိတော့ တော်တော်လေး လူကြိုက်များတယ်"
"အရမ်း အလုပ်ရှုပ်နေရင် လူနှစ်ယောက်လောက် ထပ်ငှားလိုက်လေ"
"နေ့လည်စာနဲ့ ညနေစာ စားချိန်ဆိုရင်တော့ ဟင်းပွဲတွေ ကူချပေးတဲ့ စာပွဲထိုးကောင်လေးတစ်ယောက် ရှိတယ်၊ အဲလောက်နဲ့တင် အဆင်ပြေနေပါပြီ။ အခု ဒီက ညီမလီနဲ့ အပြင်က အဒေါ်ကြီးက သမီးယောက္ခမတွေလေ၊ ဝမ်မိသားစုက မိတ်ဆက်ပေးတာ၊ သူတို့က အလုပ် တော်တော်ကြိုးစားကြတယ်။ ဟိုအပြင်က ကောင်လေးကတော့ အရင်က သူတောင်းစားလေးလေ။ သူ စကားပြော တတ်ပုံရတာနဲ့ အလုပ်လုပ်ချင်လား မေးကြည့်တော့ သူက ချက်ချင်း သဘောတူတာနဲ့ ခေါ်ထားလိုက်တာ။ ရေချိုး ခိုင်းပြီး သန့်သန့်ပြန့်ပြန့် လုပ်ပေးလိုက်တော့ ကြည့်ကောင်းသွားတယ်၊ စကားလည်း ပြောတတ်ဆိုတတ် ရှိလို့ ဆက်ထားလိုက်တာ"
စုန့်တင်းရှန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တွင် သူမ၏ မိသားစု၌ ရိုးအသူများ မရှိကြချေ။ စုန့်ယွိလန်ကလည်း အိမ်ထောင်ကျပြီးနောက် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် ပို၍ သတိဝီရိယရှိလာခဲ့သည်။ ယခုအခါ သူမ၏ကိုယ်ပိုင်စီးပွားရေးဖြင့် ငွေရှာနိုင်လာပြီ ဖြစ်သောကြောင့် ပို၍ တက်ကြွလန်းဆန်းလာကာ အားကိုးထိုက်သူတစ်ဦး ဖြစ်လာခဲ့သည်။
လက်ဖက်ရည်သောက်ပြီးနောက်တွင် စုန့်တင်းရှန်းတစ်ယောက် မက်မွန်သီးအရသာ မုန့်အိတ်ကြီးကို ယူကာ စုန့်ယွိလန်ကို နှုတ်ဆက်ပြီး သုံးယောက်သား ပြန်ထွက်လာခဲ့ကြသည်။ နေမဝင်မီ အိမ်ပြန်ရောက်ရန် အပြေးအလွှား သွားကြရမည်ဖြစ်ပြီး အိမ်တွင်လည်း လုပ်စရာအလုပ်များ ကျန်ရှိနေသေးသည်။
သူမတို့ အိမ်ပြန်ရောက်သွားချိန်တွင် အလွန်မကျေမချမ်း ဖြစ်နေသော ဖန့်ရှီကို တွေ့လိုက်ရသည်။
"အဖေ... တတိယဦးလေးနဲ့ တတိယအဒေါ် ရောက်နေတယ်၊ ကျွန်မတို့ မိသားစုကြောင့် ပြဿနာတွေ တက်ကုန်ပြီး အဋ္ဌမယောင်းမက အိမ်ခွဲချင်နေလို့တဲ့၊ အဲဒါကို ဖြေရှင်းချက် လာတောင်းနေတာ"