တစ်ဦးနှင့်တစ်ဦး အငြင်းပွားကြခြင်း
Vol. 7 Ch. 65
စုန့်ရှင်းရန်က ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေပြီး သူ့ဇနီး ကောင်းရှီကတော့ လီရှီဘေးတွင် ထိုင်ကာ ငိုယိုနေသည်။ လီရှီ၏ဘေးတွင် စုန့်ကျဲကျင် ရှိနေပြီး ဖန့်ရှီကတော့ ကျန့်ရှီကြောင့် ဟင်းချက်ရန် ဆွဲခေါ်သွားခံခဲ့ရသည်။
စုန့်ရှင်းယိ အခန်းထဲသို့ ဝင်လာခိုက်ချိန်တွင် စုန့်ရှင်းရန်က သက်ပြင်းချရင်း လှမ်းပြောလိုက်သည်။
"စတုတ္ထညီလေး... ငါ အရင်က မင်းကို ဘာမှ မတောင်းဆိုခဲ့ဖူးဘူး၊ အခု ငါ့မိသားစု ပြိုကွဲမှာကိုတော့ မင်း ဒီအတိုင်း ကြည့်မနေပါနဲ့ကွာ"
စုန့်ကျဲကျင့်က စုန့်တင်းရှန်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ခန်ကုတင်ပေါ်မှ ဆင်းကာ စုန့်တင်းရှန်း၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။ ထို့နောက် လူကြီးများအား ခွင့်တောင်းရင်း အပြင်သို့ ပြေးထွက်လာခဲ့သည်။
"အဖိုး၊ အဖွား... သမီး ဒုတိယအစ်မကို ခေါ်ပြီး တတိယအဖိုးနဲ့ တတိယအဖွားအတွက် ရေနွေးတည်ပေးဖို့ မီးဖိုချောင်ကို သွားလိုက်ဦးမယ်"
မီးဖိုချောင်ထဲရောက်သည်နှင့် စုန့်တင်းရှန်းက မစောင့်နိုင်တော့ဘဲ ချက်ချင်း မေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
ဖန့်ရှီက စိတ်တိုနေသည့်အသံဖြင့် ဝင်ပြောလာသည်။
"ဘာဖြစ်နိုင်မှာလဲ၊ ငါတို့မိသားစုရဲ့ အစဉ်အလာက မိသားစုဝင်တစ်ယောက် အလုပ်နဲ့ အကိုင်နဲ့ အခြေကျသွားပြီဆိုရင် အိမ်ခွဲထွက်နိုင်တယ်လေ။ ဒါပေမယ့် သူတို့ ပြောတော့မှပဲ ငါတို့က သူတို့မိသားစုကို အတင်းဖြိုခွဲဖို့ ကြိုးစားသလို ဖြစ်နေပြီ။ ငါတို့က သူတို့ကို ဘာအထောက်အထားမှ မရှိဘဲ သူခိုးလို့ စွပ်စွဲသလိုမျိုး ပြောနေကြတာလေ"
"အမေ... အသံနည်းနည်းလျော့ပါဦး"
စုန့်တင်းရှန်းက ဖန့်ရှီ၏လက်ကို ဆွဲလိုက်ပြီး စုန့်ကျဲကျင့် ဘက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။
"စန်းနွီအာ... နင်ပဲ ရှင်းပြစမ်းပါ"
နဂိုထဲက ပြောချင်နေသည့် စုန့်ကျဲကျင့်ကလည်း ချက်ချင်း ပြောပြလာခဲ့သည်။
"ဒီမနက် ဒုတိယအစ်မ သူတို့ကို အလုပ်တာဝန်အသစ်တွေ ပေးမယ်လို့ မပြောခဲ့ဖူးလား။ အဋ္ဌမအဒေါ်က အလကားအလုပ်လုပ် ပေးနေရတယ်လို့ ပြောပြီး အိမ်ပြန်သွားတာလေ။ သူ့ရဲ့ အကြီးဆုံးချွေးမက မတရားခံရတယ်လို့ တွေးပြီး သူ့သမီးကိုခေါ်ပြီး သူ့မိခင်ဘက်က အမျိုးတွေကို တိတ်တဆိတ် သွားပြန်ခေါ်တယ်။ ဒါကိုကြားတော့ ဟိုဘက်ကလည်း ဝမ်းသာအားရနဲ့ 'အကျိုးအမြတ်မရရင်တောင် မတရားတာတော့ မခံနိုင်ဘူး' ဆိုပြီး အိမ်ခွဲဖို့ ခြိမ်းခြောက်နေကြတာ။ တစ်အိမ်လုံးလည်း ပွက်လောရိုက်နေတာပဲ"
စုန့်တင်းရှန်းက ဖန့်ရှီကို လှမ်းမေးလိုက်ပြန်သည်။
"သမီးတောင် ဇဝေဇဝါ ဖြစ်လာပြီ။ ပဉ္စမဦးလေးရဲ့ မိသားစုနဲ့ အဋ္ဌမဦးလေးရဲ့မိသားစုက အရင်ကတည်းက အိမ်ခွဲထားကြတာ မဟုတ်ဘူးလား၊ ဘာလို့ တတိယအဖိုးက မိသားစု ပြိုကွဲတော့မယ်လို့ ပြောနေရတာလဲ"
ဖန့်ရှီက နှုတ်ခမ်းကို မဲ့ရင်း ထပ်ပြောလိုက်သည်။
"လောဘကြောင့်ပေါ့အေ၊ ရှချမ်း ခရိုင်အရာရှိ ဖြစ်သွားကတည်းက ကျူးရှီရဲ့ မာနက ကောင်းကင်အထိ ရောက်နေတာလေ။ ပြီးတော့ နင့်ရဲ့ တတိယအဖိုးနဲ့ တတိယအဖွားကလည်း အိမ်ခွဲသွားတဲ့ သားနှစ်ယောက်ကို ပြန်ပေါင်းဖို့ စိတ်ကူးမိသွားကြတယ်လေ။ နင်တို့ရဲ့ပဉ္စမအဒေါ်က နည်းနည်း တွန့်ဆုတ်နေပေမယ့် နင်တို့ရဲ့ အဋ္ဌမဦးလေးကတော့ နောင်ကျရင် လူကြီးတွေကို သူပဲ လုပ်ကျွေးမယ်ဆိုပြီး ပြန်ပေါင်းဖို့ သဘောတူလိုက်တာ။ အဲဒီမှာ သူ့မိန်းမနဲ့ ပြဿနာတက်ကြပြန်ရော၊ အဋ္ဌမအဒေါ်ကလည်း ပြန်ပေါင်းမယ်လို့ ပြောခဲ့ပေမယ့် သူ့လက်ထဲက ပိုက်ဆံတွေကို မိသားစုပိုင်ငွေထဲ မထည့်ဘူးလို့ ငြင်းနေတယ်တဲ့"
စုန့်တင်းရှန်းက နားမလည်သေးဘဲ ထပ်မေးလိုက်သည်။
"ဘာ... သူတို့က ပြန်ပေါင်းပြီးသွားပြီလား၊ ဒါဆို သူတို့ အိမ်ခွဲတာ၊ မခွဲတာက သမီးတို့မိသားစုနဲ့ ဘာဆိုင်လို့လဲ"
ဖန့်ရှီက အံ့ဩတကြီးဖြင့် မေးလာပြန်သည်။
"ငတုံးမ၊ နင်က ဘာလို့ နားမလည်သေးတာလဲ၊ အခုက နင်တို့ အဋ္ဌမအဒေါ်ရဲ့ သားနှစ်ယောက်က အိမ်ခွဲချင်နေတာလေ။ အဓိကကတော့ ချွေးမတွေက ရှက်နေကြတာလေ။ အမျိုးသားတွေကလည်း ရှမိသားစုဆီကနေ အနှင်ထုတ်ခံရပြီး ဘာမှလည်း အကျိုးမရှိခဲ့ကြဘူး။ ဒီလိုအချိန်မှာတောင် နင်တို့ရဲ့ အဋ္ဌမအဒေါ်က ပိုက်ဆံကို မခွဲပေးဘဲ ကိုင်ထားတော့ အကုန်လုံးက မပျော်မရွှင် ဖြစ်လာကြတာပေါ့"
နောက်ဆုံးတွင် စုန့်တင်းရှန်းတစ်ယောက် နားလည်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
"ဒါတွေက ဘိုးဘွားတွေ ထားခဲ့တဲ့ စကားတွေပဲ။ သူတို့ နားမထောင်တာကို သမီးတို့မိသားစုကို ဘာလို့ လာအပြစ်တင်နေတာလဲ။ သမီး သွားကြည့်လိုက်ဦးမယ်"
ထို့နောက် သူမက ရေနွေးအိုးကို မကာ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
စုန့်ကျဲကျင့်က သူမနောက်မှ ထပ်ကြပ်မကွာ လိုက်လာပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မီးဖိုချောင်ထဲမှလူများ မကြားနိုင်တော့ကြောင်း သေချာသည့်အချိန်တွင် အနည်းငယ် စိုးရိမ်စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလာပြန်သည်။
"ဒုတိယအစ်မ... ကျွန်မ အစ်မကို ပြောစရာရှိတယ်"
စုန့်တင်းရှန်းက အံ့အားတကြီး ပြန်မေးလိုက်သည်။
"ဘာကိစ္စလဲ"
စုန့်ကျဲကျင့်က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။
"တတိယအဖိုးနဲ့ တတိယအဖွားတို့ ပြန်သွားတဲ့အထိ စောင့်ဦး၊ ပြီးမှ ကျွန်မအခန်းကို လာခဲ့၊ အဲဒီကျမှ ကျွန်မ ပြောပြမယ်"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောပြီး အိမ်ရှေ့ခန်းထဲကို ဝင်သွားခဲ့သည်။
"အေးပါဟယ်၊ နင်က ငါ့ကို သီးသန့် စကားပြောချင်တာက ရှားမှရှားပဲ"
အိမ်ရှေ့ခန်းထဲတွင်တော့ လီရှီရော စုန့်ရှင်းယိပါ မျက်နှာ မကောင်းကြပေ။ စုန့်တင်းရှန်းကတော့ ပြုံးပြုံးရွှင်ရွှင် ဝင်သွားပြီး စုန့်ရှင်းရန်နှင့် ကောင်းရှီတို့အတွက် ရေနွေးငှဲ့ပေးရင်း စကားစလိုက်သည်။
"တတိယအဘိုးနဲ့ တတိယအဘွား ကျွန်မတို့ အိမ်ကို လာတာ တော်တော်ရှားတယ်နော်၊ ဒီနှစ်တွေထဲက ဒါက ပထမဆုံးအကြိမ်ပဲ"
ကောင်းရှီက နှစ်ကြိမ်လောက် မဲ့လိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"သွားစမ်း၊ လူကြီးတွေ စကားပြောနေတာကို ကလေးတွေက ဘာလို့ ဝင်စွက်ဖက်နေတာလဲ"
စုန့်တင်းရှန်းကလည်း နောက်မတွန့်သွားဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ကျွန်မလည်း ဝင်မစွက်ဖက်ချင်ပါဘူး၊ ဒါ့ပေမယ့် အပြင်ကနေ ကြားလိုက်တာက ကျွန်မနဲ့ တခုခု ပတ်သက်နေပုံပဲ"
လီရှီက ရှင်းပြလိုက်သည်။
"နင့်ရဲ့ တတိယအဖွားက နင့်ယောင်းမနှစ်ယောက်ကို အလုပ်ပြန်ဝင်ခွင့် ပေးဖို့ ပြောနေတာ"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
"သမီး သူတို့ကို အလုပ်မလုပ်ရဘူးလို့ မတားခဲ့ဘူးလေ၊ အဋ္ဌမအဒေါ်က ကျွန်မတို့အိမ်မှာ အလုပ်လုပ်ရတာ အလကားလုပ်ပေးနေရသလို ဖြစ်နေတယ်ဆိုပြီး ပြောသွားတာလေ။ သမီးတောင် သူတို့ လုပ်အားခ မရလို့များ ပြောတာလားဆိုပြီး ယောင်းမကျင်းချောင်းအာဆီက စာရင်းတွေကို သေချာစစ်ကြည့်ခဲ့သေးတယ်၊ ဒါပေမယ့် လုပ်အားခ ဖြတ်တောက်ထားတာမျိုး လုံးဝ မရှိဘူး"
ကောင်းရှီက မကျေမနပ် ဝင်ပြောလာသည်။
"စတုတ္ထယောင်းမ၊ ဒါက ဘာတွေဖြစ်နေတာလဲ၊ အခု နင်တို့အိမ်ကို စုန့်တင်းရှန်းက ဦးစီးနေပြီလား"
လီရှီက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"အဲဒီလိုတော့ မဟုတ်ဘူး။ ဒါပေမယ့် သိုးမွေးအလုပ်ရုံတို့၊ ဟင်းရွက်ချဉ်ဆိုင်တို့ဆိုတာက အာ့နွီ သူ့ပိုက်ဆံနဲ့သူ စလုပ်ပြီး အလုပ်ရုံထောင်ထားတာလေ၊ အဲဒီငွေတွေကလည်း ကျူးဇီ ပေးထားတာလေ။ ဒီတော့ ဒီလုပ်ငန်းတွေက ကျိုးမိသားစုရဲ့ လုပ်ငန်းတွေလေ၊ စုန့်မိသားစုနဲ့ ဘာမှ မဆိုင်ပါဘူး။ အာ့နွီ တစ်ယောက်တည်း မနိုင်လို့ ငါတို့ မိသားစုက ဝိုင်းကူပေးနေတာ"
ကောင်းရှီက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထပ်ပြောလာပြန်သည်။
"ငါ ကြားတာတော့ အဲ့လို မဟုတ်ပါဘူး၊ သိုးမွေးအလုပ်ရုံက အမြတ်တွေ အများကြီး ထွက်နေတာ မဟုတ်ဘူးလား"
စုန့်တင်းရှန်းက လှောင်ရယ်သံဖြင့် ထပ်ပြောလိုက်သည်။
"ဘယ်သူက တတိယအဖွားကို အဲဒီလို ပြောလိုက်တာလဲ။ တစ်ယောက်ယောက်ဆီက ကြားတာဆိုရင် အဲဒီလူဆီကို သွားမေးလေ၊ ဘာလို့ ကျွန်မတို့အိမ်ကို လာမေးနေတာလဲ"
ကောင်းရှီက တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်သော်လည်း စုန့်ရှင်းရန်က သူမ၏လက်ကို ဆွဲကာ တားထားလိုက်သည်။
"ဟေး... ငါတို့တွေက အဲ့ဒါတွေ မေးဖို့ လာတာ မဟုတ်ပါဘူး၊ ငါတို့က... တင်းရှန်းရဲ့ ယောင်းမတွေကို အလုပ်ဆက်လုပ်ခွင့် ပေးဖို့ပဲ ပြောချင်တာပါ၊ ဘာပဲဖြစ်ဖြစ် ဒါက အမျိုးသမီးတွေရဲ့ ဂုဏ်သတင်းနဲ့ ဆိုင်တဲ့ကိစ္စပဲလေ၊ အဲဒါက..."
စုန့်တင်းရှန်းက စကားဖြတ်ပြောလိုက်သည်။
"တတိယအဖိုးပြောတာ မှန်ပါတယ်။ ဒါက တကယ်ပဲ အမျိုးသမီးတွေရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်တယ်။ သူတို့ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်မက ယောင်းမတွေကို ဘာမှ မပြောဘူးဆိုရင် တခြားအဒေါ်တွေက ဘယ်လို တွေးကြမလဲ။ အလုပ်ရုံထဲက လူတိုင်းက ရွာထဲက လူတွေချည်းပဲ၊ ဘယ်သူက ဘယ်မိသားစုကလဲဆိုတာကိုလည်း လူတိုင်း သိနေကြတာလေ။ အခု ယောင်းမနှစ်ယောက်က လက်အိတ် လေးစုံ လျော့နေတယ်၊ အဋ္ဌမအဒေါ်ကတော့ သူတို့ လက်ရာမကောင်းလို့ အဲ့လို ဖြစ်တာလို့ ပြောတယ်။ တတိယအဖိုး စဉ်းစားကြည့်ပါ၊ ဒါက အဖိုးရဲ့ အလုပ်ရုံဆိုရင် ဒီလိုလူမျိုးကို အဖိုး အလုပ်ဆက်ခိုင်းချင်ပါဦးမလား"
စုန့်ရှင်းရန်က တွန့်ဆုတ်တွန့်ဆုတ် ပြန်ပြောလိုက်သည်။
"ဒါပေမယ့် သူတို့က နင့်ရဲ့ ယောင်းမတွေလေ၊ ငါတို့ မိသားစု ခွဲပြီးကြတာ မှန်ပေမယ့် စုန့်ဆိုတဲ့ မျိုးရိုးနာမည်ကို မျှဝေသုံးစွဲနေကြတုန်းပဲ။ မင်း ငါတို့ရဲ့ဂုဏ်သတင်းကို ဂရုမစိုက်ရင် တခြားလူတွေက ငါတို့ကို ဘယ်လိုမြင်ကြမလဲ"
စုန့်တင်းရှန်းက ခန်ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်ရင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"တတိယအဖိုးပြောတာ မှန်ပါတယ်၊ ကျွန်မလည်း အဲဒီလိုပဲ တွေးမိတယ်။ ဒါကြောင့်လည်း အတင်းအဖျင်းတွေ မထွက်ရအောင် ယောင်းမနှစ်ယောက်ကို အလုပ်တာဝန်တွေ ပြောင်းပေးပြီး သူတို့ရဲ့ လက်ရာကို လေ့ကျင့်ခိုင်းဖို့ လုပ်ခဲ့တာပါ။ ဒါပေမယ့် အဋ္ဌမအဒေါ်က အလကား အလုပ်လုပ် ပေးနေရတယ်လို့ ဇွတ်ပြောပြီး ထွက်သွားခဲ့တာလေ"
ကောင်းရှီက မနေနိုင် မထိုင်နိုင် ဝင်ပြောလာပြန်သည်။
"တင်းရှန်းရယ်... နင်တို့အိမ်မှာ တစ်နေ့တစ်နေ့ လက်အိတ်တွေ အများကြီး ထွက်နေတာပဲ၊ ဒီလက်အိတ်အစုံလေး နည်းနည်းလောက် ပျောက်တာကို ဘယ်သူက ဂရုစိုက်မှာလဲ"
စုန့်တင်းရှန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"ကျွန်မကတော့ အဲဒီလို မထင်ဘူး။ ဒီအလုပ်က လယ်လုပ်သလိုပါပဲ၊ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ကြရတယ်၊ ရိတ်သိမ်းချိန်ရောက်ရင် အလေအလွင့်ရှိမှာ ကြောက်လို့ မိသားစုတိုင်းက လယ်ကွင်းတွေကို အကြိမ်ကြိမ် စစ်ဆေးကြတာပဲလေ။ ကိုယ့်သီးနှံကျတော့ အဖိုးတန်တယ်လို့ သတ်မှတ်ပြီး သူများအလုပ်ကျတော့ ဘာလို့ ပေါ့ပေါ့တန်တန် သဘောထားပြီး ဂရုမစိုက်ချင်ရတာလဲ၊ ဒါက အပြင်အလုပ်ဆိုရင် တစ်ပြားတောင် ရမှာ မဟုတ်တဲ့အပြင် လျော်တောင် လျော်ရဦးမှာ။ အခုက ဆွေမျိုးတွေ ဖြစ်နေလို့ ကျွန်မ ဘာမှမပြောတာပါ"
"နင်... နင်... ဒီကလေး... ဘာလို့ ဒီလောက် နားလည်မှု မရှိရတာလဲ၊ တတိယအဖိုးရဲ့ မိသားစု ပြိုကွဲသွားတာကို မြင်ရမှ နင် ကျေနပ်မှာလား"
ကောင်းရှီက ပြောနေရင်းဖြင့် ဒေါသတကြီး ထရပ်လိုက်သေးသည်။
"ငါ့မိသားစုက ဆင်းရဲတယ်၊ နင်တို့လို ပိုက်ဆံမရှာနိုင်ဘူးဆိုတာ ငါသိတယ်၊ ငါတို့လည်း နင်တို့ဆီက အကူအညီကို မမျှော်လင့်ပါဘူး။ အခု ငါတို့ ပင်ပင်ပန်းပန်း လုပ်နေတာပဲလေ၊ အဲ့ဒါတောင်မှ နင့်က နင့်မျက်နှာကို မထောက်ဘူးလို့ ပြောနေတာလား။ နင့်အစ်မ ပြဿနာတက်တုန်းက ငါတို့မိသားစုက လူတွေအားလုံး ဝိုင်းကူခဲ့ကြတယ် မဟုတ်လား၊ ငါတို့မိသားစုက နင်တို့ကို အပြန်အလှန် မကူညီပဲ နေဖူးလို့လား။ အခု နင်တို့မှာ အလုပ်ရှိနေလို့ ငါတို့က အကူအညီတောင်းတာလေ၊ ဆွေမျိုးအချင်းချင်း ကူညီရမှာက အားလုံးရဲ့ တာဝန်ပဲလေ။ ဒါနဲ့... နင့်အစ်မကို ငါတို့တွေပဲ ပြန်ခေါ်လာပေးခဲ့တာ မဟုတ်ဘူးလား"
စုန့်တင်းရှန်း၏ မျက်နှာက မဲမှောင်သွားပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
"တတိယအဖွားက ဘာကို ဆိုလိုတာလဲ၊ ကျွန်မက ဘာကို နားမလည်တာလဲ။ ကျွန်မအစ်မ ဒုက္ခရောက်တုန်းက မိသားစုတိုင်း ကူညီခဲ့ကြတာ မှန်တယ်။ ဒါပေမယ့် ကျွန်မတို့ မိသားစုကရော အပြန်အလှန် ကျေးဇူးမဆပ်ခဲ့ဘူးလား"
"ကျွန်မတို့ မိသားစုက အဖွားတို့အပေါ် မကူညီခဲ့ဘူးလို့ ဘယ်လိုပြောနိုင်တာလဲ။ ကျွန်မအဖေက ပဉ္စမဦးလေးနဲ့ အဋ္ဌမဦးလေးတို့ကို မကူညီခဲ့ဘူးလား။ အဖွားတို့ မိသားစုကို ကျွန်မတို့ အလုပ်ရုံမှာ အလုပ်ပေးပြီး အားလုံးကို လာလုပ်ဖို့ မဖိတ်ခေါ်ခဲ့ဘူးလား။ ဘာလို့ တခြားလူတွေရဲ့ အလုပ်က အဆင်ပြေပြီး၊ အဋ္ဌမအဒေါ်ရဲ့ မိသားစုကျမှ ပျက်ကွက်နေရတာလဲ။ အဒေါ့်ကို အပြစ်မတင်ဘဲ ဘာလို့ ကျွန်မတို့မိသားစုကို လာပြီး အပြစ်တင်နေရတာလဲ"
သူမကလည်း ပြောနေရင်းဖြင့် ခန်ပေါ်မှ ဆင်းကာ ကောင်းရှီ၏ အနားသို့ လျှောက်သွားလိုက်ပြီး မျက်နှာချင်းဆိုင်ထပ်ပြောလိုက်သည်။
"တကယ်လို့ ကျွန်မတို့က ဆွေမျိုးတွေ ဆိုရင်တောင် တတိယအဖိုးတို့နဲ့ ပဉ္စမဦးလေးရဲ့ မိသားစုကို ကျွန်မ ကူညီပေးဖို့ အဆင်သင့်ပဲ။ ဒါပေမယ့် နားမခံသာတဲ့ စကားတစ်ခွန်းတော့ ပြောပါရစေ... အဋ္ဌမအဒေါ်ရဲ့ မိသားစုကိုတော့ ကျွန်မ တကယ်ကို မကူညီချင်တော့ဘူး"
"တတိယအဖွား... အဲ့ဒါက ဘာလို့လဲဆိုတာ အဖွား တကယ်ပဲ နားမလည်တာလား။ အရင်က ကျွန်မ ဘာလို့ ရေထဲကျခဲ့ရတာလဲ၊ ရှမိသားစုက ဘာလို့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့တာလဲဆိုတာ အဘွားနဲ့ တတိယအဖိုး တကယ်ပဲ ဘာမှ မသိတာလား။ တကယ်လို့ မသိဘူးဆိုရင် အဋ္ဌမအဒေါ်ကို သွားပြန် မေးကြည့်လိုက်ပါ၊ စုန့်ထောင်ဟုန် ဘာတွေ လုပ်ခဲ့လဲဆိုတာ မေးကြည့်လိုက်ဦး၊ ကျွန်မက ကူညီဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ကျွန်မတို့ပဲ အပြစ်တင်ခံရတယ်ပေါ့။ ကျွန်မက ဘာကို ရည်ရွယ်ပြီး ဒါတွေ လုပ်နေရမှာလဲ"
ကောင်းရှီက အရှက်ရလွန်းသောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းကာ လည်ပင်းကြောများပင် ထောင်တက်လာတော့သည်။ သူမက လီရှီနှင့် စုန့်ရှင်းယိဘက်သို့ အလျင်အမြန် လှည့်ပြီး အော်ဟစ်နေလေသည်။
"အိုက်ယား... ငါ့မှာတော့ ကွဲစရာ အရှက်တောင် မရှိတော့ပါဘူးအေ၊ ကလေးမလေးတစ်ယောက်ဆီကနေ ဒီလောက်အထိ စော်ကားခံနေရတယ်။ နင်တို့နှစ်ယောက်လုံးကတော့ ဒီအတိုင်း ထိုင်ကြည့်နေကြတာပဲလား၊ နင်တို့ရဲ့ တတိယမရီး ဒီလောက် အရှက်ကွဲနေတာကို ဒီအတိုင်း ကြည့်နေကြတာလား"
စုန့်ရှင်းယိက သူ့ဆေးတံကို ကောက်ကိုင်လိုက်ရင်း ဝင်ပြောလာသည်။
"တတိယမရီး... အရင်တုန်းက ဒီကိစ္စတွေကို ဘာမှ မပြောဖို့ ငါတို့ အာ့နွီကို ပြောထားခဲ့တယ်၊ ဟုတ်တယ်... ငါတို့တွေအားလုံးက စုန့်ဆိုတဲ့ မျိုးရိုးနာမည်တစ်ခုတည်းအောက်မှာ ရှိနေကြလို့ပဲ။ အားလုံးက စုန့်မိသားစုဝင်တွေချည်းပဲ။ ငါ ငယ်ငယ်တုန်းက တတိယအစ်ကိုကပဲ ငါ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်၊ အဲ့ဒါကို ငါ အမြဲတမ်း မှတ်မိနေတယ်၊ ဒါပေမယ့် ငါတို့ အာ့နွီက ဘာလို့ အဲဒီတုန်းက ကြိုးဆွဲချ သေဖို့အထိ ကြိုးစားခဲ့ရတာလဲဆိုတာ တတိယအစ်ကိုနဲ့ မရီး တကယ်ပဲ မသိတာလား၊ အာ့နွီက ဘာလို့ မင်းတို့အိမ်က အဋ္ဌမချွေးမကို အလုပ်မပေးချင်တာလဲဆိုတာကိုရော မင်းတို့ တကယ် မသိကြတာလား။ တကယ်လို့ မသိဘူးဆိုရင် အိမ်ပြန်ပြီး မင်းတို့ ချွေးမကို သွားမေးကြည့်လိုက်ပါ၊ အကုန်လုံး ရှင်းသွားလိမ့်မယ်"
"တတိယအစ်ကိုနဲ့ မရီး... ဒီနှစ်တွေထဲမှာ ငါ မင်းတို့အပေါ် ဘာတစ်ခုမှ မကောင်းတာ မလုပ်ခဲ့ဘူး။ အရင်တုန်းက ငါ ငါ့အသက်ကို ရင်းပြီး ကုန်သွယ်ခဲ့တယ်၊ အဲ့တုန်းက ငါ့မိန်းမတစ်ယောက်တည်း အိမ်ကို စောင့်ရှောက်ခဲ့ရတယ်၊ အားလုံးရဲ့ အကူအညီကိုလည်း ရခဲ့တယ်။ ဒါပေမယ့် တတိယအစ်ကိုကိုပါ ကုန်သွယ်ဖို့ ခေါ်သွားရင် အမြတ်ပိုရမယ်လို့ ငါ ပြောတုန်းက တတိယမရီး ဘာပြန်ပြောခဲ့လဲ၊ မရီး... မင်း မှတ်မိသေးရဲ့လား"
ကောင်းရှီက ပုခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
" အဲဒါက အရမ်းကြာနေပြီ၊ ငါ ဘယ်လိုလုပ် မှတ်မိတော့မှာလဲ"
စုန့်ရှင်းယိက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"တတိယမရီး... မင်း မမှတ်မိပေမယ့် ငါကတော့ မှတ်မိတယ်။ အဲဒီတုန်းက မရီးပြောခဲ့တာက... တတိယအစ်ကိုကို သေတွင်းထဲ မပို့နိုင်ဘူးတဲ့၊ အဲ့အစား တစ်သက်လုံး မြေကြီးတူးပြီးပဲ စားမယ်တဲ့။ ပြီးတော့ ငါ့ကို စိတ်ဓာတ်မကောင်းဘူးလို့တောင် ပြောခဲ့သေးတယ်။ ကုန်သွယ်တာက ပင်ပန်းပြီး အန္တရာယ်များတဲ့ အလုပ်မို့လို့ တတိယအစ်ကိုကြီးပဲ ဘာလို့ ခေါ်တာတုန်းတဲ့၊ အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတွေကိုကျရော ဘာလို့ မခေါ်တာလဲလို့ ဆိုပြီး စောဒကတက်ခဲ့တာလေ မဟုတ်ဘူးလား"
စုန့်ရှင်းရန်က ချောင်းတစ်ချက် ဟန့်ရင်း ဝင်ပြောလာသည်။
"လောင်စစ်ရာ... ဒါတွေက အတိတ်က ကိစ္စတွေပါ၊ အခုမှ ပြန်ပြောနေလို့ ဘာထူးတော့မှာလဲကွာ"
စုန့်ရှင်းယိကတော့ ဆက်ပြောနေဆဲပင်။
"အခုမှ ပြန်ပြောလို့ ဘာထူးမှာလဲ ဟုတ်လား။ ခုနက တတိယမရီး ပြောတော့ ငါတို့တွေက ပိုက်ဆံရလာမယ့် ကိစ္စမှာ ညီအစ်ကိုတွေကို ဘာမှ မကူညီဘူးဆို။ အဲဒီတုန်းက အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့က မြို့ထဲမှာ အလုပ်ကိုယ်စီ ရှိနေကြတယ်။ ပဉ္စမညီနဲ့ ဆဋ္ဌမညီလေးကျတော့လည်း အရမ်းငယ်သေးတယ်၊ ဆဋ္ဌမညီလေးဆိုရင် အိမ်ထောင်တောင် မကျသေးဘူး။ ငါ့အကြောင်းကို ခန ထားလိုက်ဦး၊ ငါတို့ရဲ့ ဒုတိယသား ဝက်သတ်တဲ့ပညာကို သင်ပြီး ပြန်လာတုန်းက မင်းရဲ့ သားနှစ်ယောက်ကိုပါ သင်ပေးချင်ခဲ့တာ မဟုတ်ဘူးလား။ ဒါပေမယ့် ဘာဖြစ်သွားလဲ။ သူတို့ တတ်မြောက်အောင် မသင်နိုင်ခဲ့ဘူး၊ အဲဒါက ငါတို့မိသားစုက မကူညီခဲ့လို့လား"
စုန့်ရှင်းရန်တစ်ယောက် ဘာမှ ပြန်မပြောနိုင်တော့ဘဲ ဆေးတံကို မီးညှိကာ ဖွာလိုက်သောကြောင့် မီးခိုးလုံးကြီးများ ထွက်လာပြီး စုန့်တင်းရှန်းကို အဆက်မပြတ် ချောင်းဆိုးသွားစေသည်။
စုန့်ရှင်းယိကတော့ ထပ်မံသက်ပြင်းချကာ ပြောနေပြန်သည်။
"တတိယအစ်ကို... တကယ်တော့ ဘာတွေဖြစ်နေလဲဆိုတာ မင်း ကောင်းကောင်းသိတယ်။ ဒီနေ့ ဒီကိစ္စအတွက် ငါ့အိမ်ကို မလာသင့်ဘူး၊ ပြီးတော့ မင်းတို့ အာ့နွီကို မတွပ်ကပ်သင့်ဘူး။ မင်း ခဏခဏ ပြောနေတဲ့ 'မိသားစု ပြိုကွဲတယ်' ဆိုတာကလည်း ငါတို့မိဘတွေက အိမ်ထောင်ကျရင် အိမ်ခွဲနေဖို့ မှာခဲ့တာလေ၊ ဒါကို အထွေအထူး လုပ်နေစရာ မလိုပါဘူးကွာ။ ငါတို့ အလှည့်ရောက်မှ ဘာလို့ ဒါက ငါတို့မိသားစုရဲ့ အမှားဖြစ်နေရတာလဲ"
ကောင်းရှီက မကျေမနပ် ရေရွတ်နေပြန်သည်။
"ရွာထဲမှာ လူတွေ အများကြီး ရှိတယ်၊ အိမ်ထောင်ကျပြီးတာနဲ့ အိမ်ခွဲခိုင်းတဲ့ မိသားစုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကိုယ့်သားတွေကို အပြင်မောင်းထုတ်တဲ့သူမျိုးလည်း လုံးဝ မတွေ့ဖူးပါဘူး"
လီရှီက လှောင်ရယ်သံဖြင့် ဝင်မေးလိုက်သည်။
"တတိယယောင်းမ... သားတွေကို အပြင်မောင်းထုတ်တယ်ဆိုတာက ဘာကို ပြောတာလဲ။ ငါတို့မိသားစုလည်း အိမ်ခွဲပြီးသားလေ။ ငါတို့ရဲ့ တတိယသားဆိုရင်လည်း အိမ်ထောင်ကျတာ တစ်နှစ်ပဲ ရှိသေးတယ်၊ ငါကိုယ်တိုင် အိမ်ခွဲပေးလိုက်တာ။ ငါတို့တွေ အတူတူနေကြတယ်ဆိုပေမယ့် ကလေးတွေရဲ့ ကိစ္စက ငါ မဝင်ပါဘူး၊ မြေးတွေကို ကူထိန်းပေးတာပဲ ရှိတယ်။ အခု ယောင်းမက ငါ့ဆီလာပြီး ဖျန်ဖြေပေးဖို့ ပြောနေတော့ ငါလို အဘွားကြီးက ဘာလုပ်ပေးနိုင်မှာလဲ"
ကောင်းရှီက ငုံ့မခံဘဲ ပြန်တုံ့ပြန်လိုက်သည်။
"နင်တို့မိသားစုက ပိုက်ဆံရှိတော့ အိမ်ခွဲလည်း အဆင်ပြေနိုင်တာကိုး၊ တကယ်လို့ ပိုက်ဆံသာ မရှိရင် နင့်သားတွေက နင်တို့နဲ့အတူ နေချင်ကြပါဦးမလား"
လီရှီက ပို၍ပင် ရယ်မောလိုက်သည်။
"တတိယယောင်းမ... ငါတို့မိသားစုက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာမှ ပိုက်ဆံ နည်းနည်း ရှာနိုင်ခဲ့တာပါ၊ ချမ်းသာနေတာ မဟုတ်ပါဘူး။ ငါတို့သားတွေက ပိုက်ဆံရှာနိုင်ရုံတင် မကဘူး၊ ငါတို့မြေးတွေကပါ ငွေရှာနိုင်ကြတယ်။ သူတို့ရတဲ့ ပိုက်ဆံတွေကိုတောင် ငါ့ကို လာခွဲပေးကြသေးတာ။ ဒါက သူတို့ ငါတို့ဇနီးမောင်နှံနောက်ကို လိုက်ချင်၊ မလိုက်ချင်ဆိုတဲ့ ကိစ္စမဟုတ်သလို၊ ပိုက်ဆံနဲ့လည်း မဆိုင်ဘူး။ လူတစ်ယောက်က အမှားမလုပ်ဘူး၊ မိသားစုထဲမှာ ပြဿနာမရှာဘူး၊ ကိုယ့်ဘာသာကိုယ် ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ဘယ်လိုလုပ် ဘဝက အဆင်မပြေဘဲ နေမလဲ"
ကောင်းရှီက သူမဘက်မှ အသာမရနိုင်မှန်း သိသွားပြီး ရုတ်တရက် သူမ၏ ပေါင်ကို ဖြတ်ခနဲ ရိုက်ကာ အော်ဟစ်ငိုယိုနေတော့သည်။
"အိုက်ယား... ငါ့ဘဝကလည်း ဘာလို့ ဒီလောက် ခါးသီးရတာလဲ..."
စုန့်ရှင်းယိက မျက်နှာထားတည်တည်ဖြင့် လှမ်းပြောလိုက်သည်။
"တတိယမရီး... ငါ့အိမ်က လာမငိုနဲ့။ မရီး ထပ်ငိုနေမယ်ဆိုရင် အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကို၊ ပဉ္စမညီနဲ့ ဆဋ္ဌမညီရဲ့ မိသားစုတွေကို အကုန်ခေါ်ပြီး အားလုံး ရှေ့မှောက်မှာ ဆွေးနွေးကြတာပေါ့"
စုန့်ရှင်းရန်က ကောင်းရှီ၏ ခြေထောက်ကို ကန်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဘာတွေ ငိုနေတာလဲ။ အိမ်တွင်းအိမ်ပြင် အကုန်လုံးကို မင်းပဲ စီမံနေတာ မဟုတ်လား၊ အခုတော့ ဘာတွေ ပြီးမြောက်ခဲ့လဲ။ ထ... ပြန်မယ်၊ ဒီမှာ လာပြီး အရှက်ခွဲမနေနဲ့တော့!"
ကောင်းရှီက ကန်ချက်ကြောင့် ညည်းသံတိုးတိုးလေး ထွက်လာပြီး အငိုရပ်သွားသော်လည်း သူမ၏မျက်နှာတွင် မကျေနပ်သော အမူအရာများ ရှိနေဆဲပင်။
စုန့်ရှင်းရန်က ထရပ်လိုက်ရင်း ပြောလာပြန်သည်။
"လောင်စစ်.. မင်းပြောတဲ့ ကိစ္စတွေကို ငါ တကယ် မသိခဲ့ပါဘူး။ ငါ သိရင် ဒီကို လာမှာ မဟုတ်ဘူး။ အိမ်ပြန်ရောက်ရင် ဘာတွေဖြစ်နေတာလဲဆိုတာ မင်းရဲ့ တတိယမရီးကို သေချာပြန်မေးလိုက်ပါ့မယ်။ ငါတို့ညီအစ်ကိုတွေကြားထဲမှာ အထင်အမြင်လွဲတာမျိုး မဖြစ်စေချင်ဘူး"
စုန့်ရှင်းယိက လက်ကို ဝေ့ယမ်းပြလိုက်သည်။
"တတိယအစ်ကို... ငါ့ဘက်က အခြေအနေကို ပြောပြမယ်၊ အခု အလုပ်ရုံတွေက ငါ့လက်အောက်မှာ မရှိဘူး။ အာ့နွီက အိမ်ထောင်ကျပြီးသားဆိုတော့ ငါ့လို အဘိုးကြီးတစ်ယောက်အနေနဲ့ အကုန်လုံးကို လိုက်ပြီး မစီမံနိုင်တော့ဘူး။ တကယ်လို့ သူ အိမ်ထောင်မကျသေးရင်တောင် ငါတို့က အိမ်ခွဲပြီးပြီ ဆိုတော့ လူတိုင်းရဲ့ ဝင်ငွေက ကိုယ့်အရည်အချင်းအပေါ်မှာပဲ မူတည်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီချင်ရင်တော့ ကောင်းတာပေါ့၊ မကူညီချင်ရင်လည်း အတင်းအကျပ် လုပ်လို့ မရဘူးလေ။ တတိယအစ်ကိုကရော ဒီအချက်ကို သဘောတူရဲ့လား"
စုန့်ရှင်းရန်၏ မျက်နှာက နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်သွားပြီး တုံ့ဆိုင်းနေဟန်ဖြင့် ပြောလာခဲ့သည်။
"ဟင်း... ငါတို့တွေက စုန့်မျိုးရိုးတွေ ချည်းပါပဲလေ၊ ဘာလို့ ဒီလောက်အထိ ခွဲခြားနေရမှာလဲ။ တတိယအစ်ကိုဘက်ကနေ မှားတာရှိရင်လည်း စိတ်ထဲမထားပါနဲ့။ ငါ... ငါ့အိမ်ကို ပြန်သွားပြီး သေချာပြန်မေးလိုက်ပါ့မယ်"
ထို့နောက် သူက ကောင်းရှီကို ဆွဲ၍ ထွက်သွားတော့သည်။
စုန့်ရှင်းယိက သူတို့ကို လိုက်မပို့တော့ဘဲ ခန်ပေါ်တွင်သာ ကျန်ရစ်ခဲ့သည်။ သူ့၏ ပုခုံးများက အနည်းငယ် ကိုင်းညွတ်ကျသွားပြီး သူ့မျက်နှာတွင် နာကျင်ဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
လီရှီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စုန့်တင်းရှန်းအား လှမ်းပြောလိုက်သည်.
"တံခါးလိုက်ကာကို မြန်မြန်ဖွင့်လိုက်ဦး၊ ပြတင်းပေါက်ကိုလည်း အကျယ်ကြီး ဖွင့်ထားလိုက်။ အခန်းထဲမှာ မီးခိုးတွေ ပြည့်နေတာပဲ၊ ခနနေရင် ကလေးတွေ ထမင်းစားဖို့ ဘယ်လို ဝင်လာမှာလဲ"
စုန့်တင်းရှန်းက တံခါးလိုက်ကာကို မကာ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ဗီရိုထဲမှ ယပ်တောင်ကို ယူလိုက်သည်။ ထို့နောက် မီးခိုးများကို အပြင်ရောက်အောင် အားသွန်ခွန်စိုက် ယပ်ခတ်ထုတ်နေလေသည်။
စုန့်ရှင်းယိက ကုတင်ပေါ်မှ ဆင်းကာ လီရှီကို ခြောက်ကပ်ကပ် ပြုံးပြလိုက်သည်။
"ငါ့ရဲ့ ဆေးတံသောက်တဲ့ အကျင့်က တတိယအစ်ကိုကြောင့် ပြန်ပေါ်လာပြီ၊ အပြင်ထွက်ပြီး ဆေးတံ သွားဖွာဦးမယ်"
ထို့နောက် သူက ခေါင်းငိုက်စိုက်ချလျက် အပြင်သို့ ထွက်သွားတေ့သည်။
စုန့်တင်းရှန်းကလည်း လုပ်လက်စများကို ရပ်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် လီရှီကို ကြည့်ကာ မေးလိုက်ပြန်သည်။
"အဖွား... ခုနက တတိယအဖိုးနဲ့ အဖွားကို သမီး ပြောလိုက်တာ လေသံ အရမ်းပြင်းသွားလားဟင်"
လီရှီက ခန်ပေါ်မှ အဝတ်အစအနများကို သိမ်းဆည်းရင်း ပြန်ဖြေလိုက်သည်။
"ဒါက နင့်ကြောင့် မဟုတ်ပါဘူး၊ နင့်အဖိုး စိတ်မသက်မသာ ဖြစ်နေလို့ပါ။ အိမ်တွင်းကိစ္စတွေကို မိန်းမတွေက စီမံတယ်ဆိုပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူက ယောက်ျားတွေပဲ မဟုတ်လား။ နင့်ရဲ့ အဋ္ဌမအဒေါ် အဲဒီလိုတွေ လုပ်နေတာကို နင်တို့ရဲ့ တတိယအဖိုးက တကယ်ပဲ မသိဘူးလား။ သူ့မိန်းမနဲ့ ချွေးမတွေ ငါတို့အိမ်က ပစ္စည်းတွေ သူတို့အိမ်ကို သယ်သွားတာကိုရော သူ တကယ် မမြင်ဘူးလား။ သူက ငါတို့တွေ စိတ်ပျော့တယ်၊ သူ့မိသားစုက ဆင်းရဲတယ်ဆိုပြီး ငါတို့ကပဲ အမြဲ အလျှော့ပေးမယ်လို့ ထင်နေတာ၊ အခုလို လက်ပူးလက်ကျပ် မိသွားတော့မှ သူ့မိန်းမကိုပဲ အပြစ်ပုံချပြီး သူကတော့ အပြစ်ကင်းစင်တဲ့ စုန့်မိသားစုရဲ့ လူတော်ကြီးလို ဟန်ဆောင်နေတာလေ... ဟင်း၊ နင့်အဖိုးက ဒါတွေကို အကုန်မြင်နေလို့ စိတ်မကောင်းဖြစ်နေတာ"
စုန့်ရှင်းယိက နောက်ဖေးဝင်းထဲတွင် ရပ်ကာ အသစ်ထွက်လာသော ဆေးရွက်ကြီး ပျိုးပင်လေးများကို ငေးကြည့်နေသည်။ ထို့နောက် ခြံစည်းရိုးအပြင်ဘက်တွင် ဆော့ကစားနေသော သူ့မြေးများကို ကြည့်လိုက်ပြန်သည်။ ထို့နောက် ဆေးတံကို အနည်းငယ် ဖွာလိုက်ပြီး ပြန်သိမ်းကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေလေသည်။ ခြံစည်းရိုးကို ကျော်လွန်၍ ငေးကြည့်နေသော သူ၏ မျက်လုံးများက အဝေးတစ်နေရာသို့ ရောက်ရှိနေပြီး အထီးကျန်ဆွေးမြည့်မှုများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဖန့်ရှီ၏ စူးရှသောအသံက အိမ်ဝင်းအတွင်းမှ ဟိန်းထွက်လာသည်။
"ညစာ အဆင်သင့် ဖြစ်ပြီဟေ့! ဟေးတန်... နင့်အမေနဲ့ အဒေါ်ကို သွားခေါ်ခဲ့ချေ၊ ကုန်းတန်... နင့်အမေ ဘယ်မှာလဲ၊ ထမင်းစားဖို့ သွားခေါ်လိုက်ဦး! သူကတော့ အချိန်ကို လုံးဝ မသိဘူး၊ ကြည့်စမ်း... မှောင်တောင် မှောင်တော့မယ်။ သွားမခေါ်ရင် ပြန်လာမှာ မဟုတ်ဘူး"
မှိုင်ညို့နေသော အိမ်ဝင်းလေးက ဖန့်ရှီ၏ အသံကြောင့် ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည်။
စုန့်တင်းရှန်းက တတိယအဘိုး၏ မိသားစုကိစ္စကို ဆက်စိတ်မဝင်စားတော့ဘဲ ဖန့်ရှီနှင့် ကျန်းရှီတို့အား ထမင်းဝိုင်းပြင်ရန် ကူညီပေးနေခဲ့သည်။ ထို့နောက် ဖိနပ်ကို ချွတ်ကာ ခန်ပေါ်သို့ တက်သွားပြီး အဘွားဖြစ်သူ လီရှီ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ပိုင်ရှီကလည်း ကလေးကို ချီရင်း ရောက်လာခဲ့သည်။ သူမက အခန်းထဲရှိ တင်းမာမှုများကို မသိချင်ယောင်ဆောင်ကာ သူမ၏ သမီးလေးကို ယောက္ခမဖြစ်သူအား ပြနေသည်။
ထမင်းစားပွဲပေါ်တွင် ပုံမှန်ဟင်းလျာများသာ ရှိသည်။ ဖရုံသီးခြောက်ချက်၊ ပဲသီးခြောက်၊ ခရမ်းသီးခြောက်၊ ကြက်သွန်နီနှင့် မုန်လာဥတို့ဖြင့် နယ်ထားသော ပဲငံပြာရည်အနှစ် တစ်ပန်းကန်၊ အာလူးအစပ်ကြော် တစ်ပန်းကန်နှင့် ပဲပင်ပေါက်ကြော် တစ်ပန်းကန်တို့ ဖြစ်သည်။
သို့သော်လည်း ဟင်းလျာအားလုံးကို ဝက်ဆီဖြင့် ချက်ပြုတ်ထားသောကြောင့် အရသာက မွှေးကြိုင်ချိုစိမ့်နေဆဲပင်။ ထမင်းစားပြီးနောက် စုန့်တင်းရှန်းက သူမ၏ အပ်ချုပ်ခြင်းတောင်းကို မကာ ဖန့်ရှီကို နှုတ်ဆက်ပြီး စုန့်ကျဲကျင့်၏ အခန်းဆီသို့ ဦးတည်လိုက်သည်။
စုန့်ကျဲကျင့်၏ တစ်ကိုယ်လုံးက တင်းမာနေပြီး ကြောက်လန့်နေသော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။ စုန့်တင်းရှန်း အခန်းထဲသို့ ဝင်လာသည်နှင့် သူမက ပတ်ဝန်းကျင်ကို အကဲခတ်ကာ တံခါးကို အမြန်ပိတ်ပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။
"အစ်မ... ကျွန်မ၊ ကျွန်မ ကြောက်တယ်..."
စုန့်တင်းရှန်းက သူမ၏ ပုံစံကိုကြည့်ကာ လန့်သွားပြီး အလောတကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ဘာကိစ္စရှိလို့လဲ"
စုန့်ကျဲကျင့်က ငိုတော့မည့် အမူအရာဖြင့် ဗီရိုထဲမှ သေတ္တာတစ်လုံးကို ထုတ်ယူကာ ဖွင့်ပြလာသောကြောင့် စာပုံကြီးတစ်ပုံ ထွက်လာသည်။
"အစ်မ... ကျွန်မ ဘာလုပ်ရမှန်း မသိတော့ဘူး။ အရင်က သူက ဒီစာတွေကို ကျွန်မလက်ထဲ ထည့်ပေးပြီး ထွက်သွားရုံပဲ။ ဒါပေမယ့် ဒီနေ့တော့... အဲဒီကောင်လေးက ကျွန်မရဲ့ လက်ကိုင်ပဝါကို လုသွားတယ်၊ ကျွန်မ တကယ် ကြောက်နေပြီ"
စုန့်ကျဲကျင့်က ယခုနှစ်တွင် အသက်ဆယ့်ခြောက်နှစ် ပြည့်ခဲ့ပြီဖြစ်သော်လည်း သင့်တော်သော အိမ်ထောင်ဖက်ကို ရှာမတွေ့သေးချေ။ သို့သော်လည်း လီရှီက ကောင်းမွန်သော အိမ်ထောင်ဖက်ကို စောင့်ဆိုင်းလိုသောကြောင့် အလျင်မလိုခဲ့သလို ကျန်းရှီကလည်း စုန့်ကျဲကျင့် အိမ်ထောင်ကျသွားပါက စုန့်တင်းရှန်း အိမ်တွင် စကားပြောဖော် မရှိတော့မည်ကို စိုးရိမ်နေခဲ့သည်။ အဓိက ရည်ရွယ်ချက်က စုန့်ကျဲကျင့် အိမ်ထောင်ကျသည့်အခါ ဂုဏ်ရှိရှိ လက်ထပ်နိုင်ရန် ခန်းဝင်ငွေကို ကြိုတင်စုဆောင်းပေးလိုခြင်း ဖြစ်သည်။
မီးအိမ်ရောင်အောက်တွင် စုန့်တင်းရှန်းက စာများကို တစ်စောင်ချင်း ဖြန့်ကြည့်နေပြီး သူမ၏ မျက်နှာက ပို၍ တည်ကြည်အေးစက်လာသည်။ ဤစာများကို ရှေးခေတ်ကာလ၏ အချစ်စာလွှာများဟု ဆိုနိုင်သော်လည်း အချို့ကတော့ ဖတ်ရသူကို စိတ်အနှောင့်အယှက်ဖြစ်စေသော ညံ့ဖျင်းသည့် ကဗျာများဖြင့် ပြည့်နှက်နေတတ်သည်။
စာများ၏ အဆုံးတွင် ချင်းလျန်ရှန်းရန်ဟု လက်မှတ်ထိုးထားသော်လည်း ထိုသူက မည်သူမှန်း မကွဲပြားချေ။
စုန့်ကျဲကျင့်က ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြခဲ့သည်။ အမှန်တကယ်တွင် မနှစ်ကတည်းက အသက်ဆယ်နှစ်အရွယ်ခန့် ကောင်လေးတစ်ဦးက စုန့်ကျဲကျင့်ကို အပြင်သို့ လှမ်းခေါ်ပြီး ဤကဲ့သို့သော စာများ လာပေးလေ့ရှိသည်။ အကယ်၍ စာပြန်လိုပါက နောက်တစ်ကြိမ် သူ လာသည့်အချိန်အထိ စောင့်ဆိုင်းရန်နှင့် သူက ထိုစာကို ပြန်ယူသွားပေးမည်ဟုပင် ပြောခဲ့သေးသည်။
ပထမပိုင်းတွင် စုန့်ကျဲကျင့်က ထိုစာများကို ဖတ်ခဲ့ပြီး စိတ်လှုပ်ရှားမိသည်ကလည်း အမှန်ပင်။ အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦးအနေဖြင့် ဤသို့သော အတွေးမျိုး ရှိနိုင်သည်က ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း သူမက စာပြန်မရေးခဲ့ဘဲ စာရေးသူက ဘာဆက်ပြောမည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
စာအစောင်စောင် ရောက်လာပြီးနောက် စာ အရေးအသားများက ပို၍ ရဲတင်းရိုင်းစိုင်းလာကာ "ကြာပန်းခြေထောက်" နှင့် "ကြာပန်းလက်မောင်း" (မိန်းကလေး၏ ခန္ဓာကိုယ်ကို နှိုင်းယှဥ်ခြင်း) စသည့် အရေးအသားများ ပါဝင်လာသည်။ ထို့ကြောင့် စုန့်ကျဲကျင့် ရွံရှာလာခဲ့သည်။ မူလက သူမ ဤကဲ့သို့သော ချိန်းဆိုမှုမျိုးကို မသွားချင်တော့သော်လည်း စာပို့သော ကောင်လေးက လူမိုက်ပုံစံမျိုး ဖြစ်ပြီး အကယ်၍ စုန့်ကျဲကျင့် မလာပါက အကြောင်းစုံကို လူတကာကြားအောင် အော်ဟစ်မည်ဟု ခြိမ်းခြောက်လာခဲ့သည်။
စုန့်ကျဲကျင့်က ထိုသို့ ဖြစ်လာမည်ကို ကြောက်လန့်သောကြောင့် ထိုရိုင်းစိုင်းသော စာများကို မကျေမနပ် လက်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုကောင်လေးက စာကို လာပေးပြီးနောက် စုန့်ကျဲကျင့် သတိလွတ်နေခိုက် သူမ၏ ခါးတွင် ချိတ်ထားသော လက်ကိုင်ပဝါကို ဆွဲလုကာ ထွက်ပြေးသွားခဲ့သည်။ စုန့်ကျဲကျင့် ခြေလှမ်းအနည်းငယ် လိုက်ဖမ်းခဲ့သော်လည်း မမီတော့ချေ။
သူမက အခြားသူများ မြင်သွားမည်ကို ကြောက်သောကြောင့် စိုးရိမ်တကြီး အိမ်သို့ ပြန်လာခဲ့ရသည်။
"တကယ့်ကို ရဲတင်းလွန်းတဲ့ ကောင်လေးပဲ!"
စုန့်တင်းရှန်းကတော့ ထိုအကြောင်းကို ကြားသည်နှင့် ဒေါသအလွန်ထွက်သွားတော့သည်။
‘ဒါက ခေတ်သစ်ကာလဆိုရင် ကိစ္စမရှိဘူးလေ။ ငယ်ရွယ်တဲ့ ချစ်သူတွေ ရည်းစားစာ ဖလှယ်နေကြတာပဲလေ။ ဆရာက သူတို့ကို ဖမ်းမိရင်တောင် မိဘတွေက စကားအနည်းငယ်ပဲ ပြောကြလိမ့်မယ်၊ ဒါပေမယ့် ဒါက ရှေးခေတ်ကာလဖြစ်နေတယ်။ ဒါကို ဖော်ထုတ်ခံလိုက်ရရင် စုန့်ကျဲကျင့်ရဲ့ ဂုဏ်သတင်း ဘယ်လိုဖြစ်သွားမလဲ။ အရေးကြီးဆုံးကတော့ အဲဒီလူက ဘယ်သူလဲဆိုတာတောင် မသိရဘူး။ သူက ဘယ်လို ပုံစံလဲ၊ အသက်ဘယ်လောက်လဲ၊ မိသားစုအခြေအနေ၊ အိမ်ထောင်ရှိ မရှိဆိုတာ ဘာမှ မသိရဘူး။’
ထို့အပြင် ဤကဲ့သို့သော စာများကို ရေးနိုင်သည့် အမျိုးသားက မည်သို့မျှ လူကောင်းတစ်ယောက် မဖြစ်နိုင်ကြောင်း စုန့်တင်းရှန်း ခံစားနေရသည်။
စုန့်တင်းရှန်းက ပြန်မေးလိုက်သည်။
"ပုံမှန်ဆိုရင် အဲဒီကောင်လေးက ဘယ်အချိန် လာတတ်လဲ"
စုန့်ကျဲကျင့်က ပြန်ဖြေလာသည်။
"ပုံမှန်ဆိုရင် ဆက်ရက်ကနေ လဝက်လောက် ကြာတိုင်း တစ်ခါလောက် လာတတ်တယ်။ သူ လာတိုင်း ကျွန်မတို့ အိမ်တံတိုင်းအောက်မှာ သစ်သားတုံးလေးတစ်တုံး အရင်လာထားလေ့ရှိတယ်။ အဲဒီသစ်သားတုံးလေးကို ကြည့်ပြီး သူ ရောက်နေပြီဆိုတာ သိနိုင်တာ..."
စုန့်တင်းရှန်းက လှောင်ပြုံးပြုံးရင်း ပြန်မေးလိုက်သည်။
"ငါတို့အိမ်တံတိုင်း အောက်မှာ ဟုတ်လား၊ ဒါဆို ပထမဆုံးအကြိမ်တုန်းကကော"
စုန့်ကျဲကျင့်က ပြန်ရှင်းပြလာသည်။
"ပထမဆုံးအကြိမ်တုန်းကတော့ ကျွန်မ အပြင်သွားတုန်း လမ်းခုလတ်မှာ သူက လာတားတာပါ။ အဲဒီတုန်းကတော့ ကျွန်မလည်း ပျော်စရာကောင်းတယ်လို့ ထင်ခဲ့မိတာ၊ ဒါပေမယ့် အခုတော့ အစ်မ... ကျွန်မ တကယ် ကြောက်နေပြီ"
"ကြောက်တတ်တယ်ဆိုရင် အဆင်ပြေပါပြီ၊ နင် ကြောက်လာတာ ဘယ်လောက်တောင် ကြာပြီလဲ"
စုန့်တင်းရှန်းက သူမကို စိုက်ကြည့်ရင်း ထပ်မေးလိုက်ပြန်သည်။
"ကဲပါ... စိတ်မပူနဲ့တော့၊ ဒီကိစ္စကို ငါ့ဆီ လွှဲထားလိုက်။ နောက်တစ်ခါ သူ လာတဲ့အခါကျရင်သာ ငါ့ကို အသိပေးလိုက်"
ထိုလူမိုက်ကောင်လေး မရောက်လာမီတွင် စုန့်မိသားစုက စည်းကားမြဲစည်ကားနေဆဲပင်။ ဝူရှီ၏ ချွေးမနှင့် သမီးက သိုးမွေးအလုပ်ရုံတွင် အလုပ်လုပ်နေကြရာ ကျူးရှီ၏ လုပ်ရပ်ကြောင့် သူတို့ အမြဲတစေ လှောင်ပြောင်ခြင်း ခံနေရသည်။
စုန့်ကျောင်းရှင်းက အိမ်ထောင်မကျသေးသော အပျိုလေးဖြစ်ပြီး ဤကဲ့သို့ လှောင်ပြောင်မှုကို သည်းမခံနိုင်ဘဲ ငိုယိုကာ အိမ်ပြန်သွားခဲ့သည်။ ထိုကြောင့် ဝူရှီက ကျူးရှီကို သွားရှာပြီး အမျိုးသမီးနှစ်ယောက်က တစ်ယောက်၏အင်္ကျီစကို တစ်ယောက်က ဆွဲကာ ကြမ်းကြမ်းတမ်းတမ်း ရန်ဖြစ်ကြတော့သည်။
နောက်ဆုံးရလဒ်အနေဖြင့် ဝူရှီ၏ မိသားစုက ခြံစည်းရိုးအသစ်တစ်ခု ခတ်လိုက်ပြီး ကိုယ်ပိုင် အိမ်ဝင်းအတွင်း သီးသန့်ဖြစ်အောင် လုပ်ကာ အိမ်နောက်ဘက်တွင် တံခါးအသစ်တစ်ခု ဖောက်လိုက်ကြသည်။ အဋ္ဌမမိသားစုဝင်များနှင့် တံခါးပေါက် တစ်ခုတည်းကို အတူတူ မသုံးတော့ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ထိုမျှနှင့် မပြီးသေးပေ။ ကျူးရှီ၏ ချွေးမများကလည်း သူတို့၏ မိဘအိမ်သို့ ပြန်သွားကြပြီး ကျူးရှီနှင့် အိမ်ခွဲရန် တောင်းဆိုနေကြသည်။ ၎င်းက စုန့်မိသားစုဘိုးဘေးများ ချမှတ်ခဲ့သော စည်းကမ်းဖြစ်ပြီး ထိုသို့ မလုပ်ပေးပါက ဆက်လက် လက်ခံနိုင်မည်မဟုတ်ကြောင်း ပြောဆိုနေကြသည်။
ဤအငြင်းပွားမှုက လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့ပြီး အဘွားအိုကြီးတစ်ဦးကတော့ ကျူးရှီကို "သူခိုး" ဟု ခေါ်ကာ သူမ၏ သားကို လမ်းမှားသို့ ပို့ဆောင်ပြီး သမီးကိုပါ ဒုက္ခပေးနေသူဟု အော်ဟစ် ဆဲဆိုနေလေသည်။
"နင့်သားကို နင့်လို လူလိမ်လူကောက်လက်ထဲမှာ လမ်းမှားမရောက်အောင် ခွဲထုတ်မှ ဖြစ်မယ်၊ ဒါမှ ငါ့သမီးလေး ဒုက္ခမရောက်ရမှာ... သူတို့ကို အိမ်ခွဲပေးလိုက်"
စုန့်တင်းရှန်းတို့ အိမ်ကတော့ ထိုဟိုးလေးတကျော် ကိစ္စတွင် ဝင်မစွက်ဖက်ကြပေ။ ဖန့်ရှီကတော့ အားမလိုအားမရ ဖြစ်နေပြီး သွားကြည့်ခဲ့သေးသည်။ သူမ ပြန်ရောက်လာသည်နှင့် လက်ဟန်ခြေဟန် အပြည့်ဖြင့် လူတိုင်းကို အားရပါးရ ပြန်ပြောပြလေ့ရှိသည်။
စုန့်ရှင်းယိက ရယ်ရယ်မောမောဖြင့် နားထောင်နေတတ်သော်လည်း ဖန့်ရှီ ထွက်သွားလျှင် မျက်နှာတည်ကြီးဖြင့် လီရှီကို ပြောလေ့ရှိတယ်။
"တတိယအစ်ကိုတို့ မိသားစုကတော့ တကယ်ပါပဲ... ဒီရက်ပိုင်း ဘယ်လိုများ နေထိုင်နေကြသလဲ မသိဘူး။ စနစ်တကျ ရှိခဲ့တဲ့ မိသားစုကြီးတစ်ခုက ခုတော့ ကြည့်စမ်းပါဦး၊ ဘယ်လိုတွေတောင် ပြဿနာတက်ကုန်ကြပြီလဲ"
လီရှီက ပြန်ဖြေလိုက်သည်။
"ဘယ်လိုနေမလဲ... လူတိုင်းကတော့ အစေ့အဆန်ရှိမှ စားရတာပဲလေ။ သူတို့ ဘယ်လိုနေနေ ရှင်က ဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ။ ထားလိုက်ပါတော့၊ အားလုံးလည်း ပြီးသွားပြီ။ ကြည့်လေ... အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့ မိသားစုတောင် ဝင်မကူညီကြဘူး။ ဒီနှစ်တွေထဲမှာ သူတို့ ချွေးမက လူတော်တော်များများကို စိတ်အနှောင့်အယှက် ပေးခဲ့ပုံရတယ်။ အခုတော့ သူ့မိသားစုဝင်တွေတောင် သူနဲ့ပတ်သက်လို့ အကျိုးမရှိတော့ဘူးဆိုတာ သိသွားကြလို့ အိမ်ခွဲချင်နေကြတာ... ဒါကိုကြည့်ရင် သိသာနေတာပဲ"
အမှန်တကယ်တွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူတို့ဘက်မှ ဘာအကျိုးမှ မခံစားခဲ့ရဘဲ ကျူးရှီကသာ သူတို့ကို အမြဲ အသားယူ အမြတ်ထုတ်ခဲ့သောကြောင့် ယခုလို အခြေအနေမျိုး ဖြစ်သွားရခြင်းပင်။
တတိယစုန့်မိသားစု၏ အိမ်ကိစ္စ အခြေကျသွားရုံမျှ ရှိသေးချိန်တွင် စုန့်ကျဲကျင့်က စုန့်တင်းရှန်းကို အပြေးအလွှား လာရှာခဲ့သည်။
"ဒုတိယအစ်မ... အဲဒီကောင်လေး ရောက်နေပြီ!"
........။.........။...........
စုန့်တင်းရှန်း : သူတို့က ပိုက်ဆံကိုပဲ ရိုးရိုးသားသား မရှာနိုင်ကြဘူးလား။ ဘာလို့ ပြဿနာတွေပဲ လိုက်ရှာနေရတာလဲ။ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေကိုရော အကျိုးရှိအောင် မသုံးတတ်ကြဘူးလား။
ကျိုးယိနို : အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်ကို မှတ်မိသေးရဲ့လား။ ကျွန်တော်ကတော့ မြောက်ပိုင်းမှာ ရှိနေတုန်းပါ၊ ကျွန်တော့်ကို မေ့မသွားကြနဲ့ဦးနော်!