ကောင်းကောင်း ဆုံးမခြင်း
Vol. 7 Ch. 66
လိုင်အာက ပျင်းရိသည့် သူတောင်းစားလေးတစ်ဦး ဖြစ်ပြီး တောင်းရမ်းစားသောက်ရင်း လစ်လျှင်လစ်သလို သူခိုးတတ်သူလည်း ဖြစ်သည်။ သူက အနီးနားရှိ ရွာများနှင့် မြို့များတွင် အမြဲလိုလို လှည့်လည်သွားလာနေတတ်သူဖြစ်ပြီး ရွာထဲတွင် သူ့ကို မြင်တွေ့ရခြင်းက ရွာသားများအတွက် မဆန်းတော့ချေ။
ဤသူခိုးလေးက အသက်ငယ်သော်လည်း မျက်နှာအရေပြားကတော့ အတော် ထူလှသည်။ တစ်စုံတစ်ယောက်က သူ့ကို လက်ရဖမ်းမိလျှင်ပင် သူက မကြောက်ဘဲ ပြုံးဖြီးဖြီး လုပ်ပြခြင်း သို့မဟုတ် မျက်ရည်ခံထိုးခြင်းတို့ဖြင့် ဖမ်းဆီးမိသူများ စိတ်ပျော့သွားအောင် လုပ်လေ့ရှိပြီး အသက်ဘေးမှ လွတ်မြောက်အောင် အမြဲကြံဆောင်တတ်သည်။
ယခုအချိန်တွင်တော့ လိုင်အာ၏ မည်းညစ်နေသော လည်ပင်းက စုန့်ကျွင့်ရှန်၏ လက်ဝါးကြီးထဲသို့ ရောက်ရှိနေပြီး ကြက်ကလေး၊ ငှက်ကလေးသကဲ့သို့ ဖမ်းဆုပ်ခံထားရသည်။ နောက်ဆုံးတွင် ထင်းတဲထဲသို့ ဆွဲခေါ်သွားခံရပြီး လျှော်ကြိုးဖြင့် တုပ်နှောင်ခံလိုက်ရသည်။ သူ၏ မျက်လုံးများက ဟိုကြည့်ဒီကြည့်ဖြင့် လည်ပတ်နေပြီးနောက် စုန့်တင်းရှန်းကို ကြည့်ကာ ငိုပြလာတော့သည်။
"အို... ဒုတိယသခင်မလေးစုန့်ရယ်၊ ကျွန်တော့်ကို ဘာလို့ ဖမ်းတာလဲ၊ ကျွန်တော်က သူတောင်းစားလေး တစ်ယောက်ပါဗျာ..."
စုန့်တင်းရှန်းက သူ့ကို ဂရုမစိုက်ဘဲ စုန့်ကျွင့်ရှန်နှင့် စုန့်ကျွင့်လီတို့ကို လှမ်းပြောလိုက်သည်။
"သူ့ကို ကောင်းကောင်း ရိုက်နှက်ဆုံးမပေးလိုက်၊ လက်ခြေတွေ ကျိုးရင် ကျိုးသွားပါစေ၊ အသက်မသေရင် ရပြီ၊ ပြီးတော့ သူ အော်ရင် လူတွေ ကြားသွားနိုင်တယ်၊ သူ့ပါးစပ်ကိုပါ ပိတ်ထားလိုက်ဦး"
ပြောပြီးသည်နှင့် သူမက လှည့်ထွက်သွားတော့သည်။
လိုင်အာ၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။ ဤမျှ ရက်စက်သည့် အမျိုးသမီးမျိုးကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူ အမြန်ထပြီး ဒူးထောက်ကာ ဦးတိုက်တောင်းပန်တော့သည်။
"မရီး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်... ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခု လုပ်ခဲ့မိလို့လား... ကျွန်တော် ဘာမှားခဲ့လို့လဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါဦး... ကျွန်တော် ကျိန်ဆိုရဲပါတယ်၊ နောက်ဆို ဒီရွာကို လုံးဝ မလာတော့ပါဘူး"
စုန့်ကျွင့်လီက မျက်နှာထားတင်းတင်းဖြင့် အဝတ်စုတ်တစ်စကို ကောက်ကိုင်ကာ လိုင်အာ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် တံမြက်စည်းရိုးကို ယူကာ သူ့ကို ရိုက်နှက်ဆုံးမနေသည်။
စုန့်တင်းရှန်းက စုန့်ကျဲကျင့် ကြုံတွေ့နေရသည့် အခြေအနေကို မိသားစုဝင်များအား ပြောပြခဲ့ရာ ကျန်းရှီက ချက်ချင်း မျက်ရည်ဝဲလာပြီး စုန့်ကျဲကျင့်ကို ဆူပူကြိမ်းမောင်းခဲ့သည်။
စုန့်တင်းရှန်းက ကျန်းရှီကို တားဆီးပြီး သူမ၏ အစီအစဉ်ကို ပြောပြခဲ့သည်။ ထို့ကြောင့်လည်း လိုင်အာ ယနေ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖမ်းဆီးခြင်း ခံလိုက်ရခြင်းပင်။ လမ်းသွားလမ်းလာများ မြင်သောအခါတွင်လည်း "ဒီကောင်လေးက လက်မသန့်ဘူး၊ ငါတို့အိမ်က ကြက်ဥတွေကို ခိုးရဲတယ်" ဟု ရှင်းပြခဲ့ကြသည်။
ကြက်ဥတစ်လုံးလျှင် ကြေးပြားနှစ်ပြားအထိ ရသောကြောင့် ရွာသားများကလည်း ကြက်ဥက အဖိုးတန်မှန်း သိကြသည်။ စုန့်တင်းရှန်းတို့ မိသားစုက ချမ်းသာသော်လည်း နေ့စဉ်ဘဝတွင် ခြိုးခြံချွေတာစွာ နေထိုင်ကြပြီး ကြွယ်ဝမှုကို ထုတ်မပြကြချေ။ သူတို့လည်း အခြားသူများ စားသကဲ့သို့ စားသောက်နေထိုင်ကြသောကြောင့် ကြက်ဥတစ်လုံး ပျောက်ဆုံးခြင်းက အမှန်တကယ် နာကျင်စရာ ဆုံးရှုံးမှုဖြစ်ကြောင်း ရွာသားများက နားလည်ပေးကြသည်။
"ရိုက်ရိုက်... ဒီကောင်လေးကတော့လေ... ဟူး၊ မြို့နယ်ရုံးကတောင် သူ့ကို အဖတ်မလုပ်တော့တာ၊ ကိုင်တွယ်ရတာ တကယ် စိတ်ပျက်စရာပဲ"
လိုင်အာထံမှ ခိုးယူခံရဖူးသော ရွာသားတချို့ကလည်း ညည်းညူရင်း ပြောလာကြသေးသည်။
လိုင်အာကတော့ သူ ပြောချင်သည့် စကားများကိုပင် မပြောရသေးမီ အနှိပ်စက်ခံလိုက်ရသည်။ သို့သော်လည်း စုန့်ကျွင့်လီက အသားထူသည့် နေရာများကိုသာ ရွေးရိုက်နေသောကြောင့် သူ နာကျင်သော်လည်း ပြင်းထန်သော ဒဏ်ရာတော့ မရရှိခဲ့ချေ။
လုံလောက်ပြီဟု ခံစားရချိန်တွင် စုန့်တင်းရှန်းက ထင်းတဲထဲသို့ ပြန်ဝင်လာခဲ့သည်။ လိုင်အာက ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေပြီး ပါးစပ်ပိတ်ထားသောကြောင့် မအော်နိုင်သော်လည်း မျက်နှာတစ်ခုလုံး မျက်ရည်၊ နှပ်ချေးများဖြင့် ပေပွနေပြီး ကြည့်ရသည်မှာ ရွံရှာဖွယ် ကောင်းလှသည်။
စုန့်တင်းရှန်းက သူမ၏နှာခေါင်းကို လက်ဖြင့် အုပ်ထားရင်း လှမ်းပြောလိုက်သည်။ "အစ်ကိုတာ့လီ... သူ့ပါးစပ်ထဲက အဝတ်ကို ထုတ်ပေးဦး၊ ကျွန်မ သူ့ကို မေးစရာ ရှိသေးတယ်”
စုန့်ကျွင့်လီက တံမြက်စည်းရိုးကို ချလိုက်ပြီး လိုင်အာ၏ ပါးစပ်ထဲမှ အဝတ်စုတ်ကို ဆွဲထုတ်လိုက်သည်။
"ပြောစမ်း... နင် ဒီကို ဘာလာလုပ်တာလဲ"
စုန့်တင်းရှန်းက စမေးလိုက်သည်။
လိုင်အာက ငိုယိုရင်း ပြန်ပြောလာသည်။
"ကျွန်တော်... ကျွန်တော် တတိယသခင်မလေးဆီ မေတ္တာစာ လာပို့တာပါဗျာ"
စုန့်တင်းရှန်းက မျက်မှောင်ကြုတ်ရင်း ထပ်ပြောလိုက်သည်။
"နင် အမှန်အတိုင်း မပြောရင် ထပ်အရိုက်ခံရမှာနော်"
လိုင်အာတစ်ယောက် အမှန်တကယ် ကြောက်လန့်နေပြီး အလောတကြီး ပြောပြလာသည်။
"ဒုတိယသခင်မလေးစုန့်ရယ်... ကျွန်တော် မှားပါတယ်၊ ကျွန်တော် မှားပါတယ်၊ မြို့ထဲက စာတတ်ပေတတ် ပညာတတ်ဆိုတဲ့ လူတစ်ယောက်က တတိယသခင်မလေးစုန့်ကို သဘောကျနေလို့ ကျွန်တော့်ကို စာလာပို့ခိုင်းတာပါ။ ဒါပေမယ့် သခင်မလေးက တစ်ခါမှ စာပြန်တာမျိုး မရှိပါဘူး"
စုန့်တင်းရှန်းက နှာမှုတ် သရော်ပြီး ဆက်မေးလိုက်သည်။
"စာပို့ရုံသက်သက်ဆိုရင် နင်က ဘာလို့ သူ့လက်ကိုင်ပဝါကို လုယူသွားရတာလဲ"
လိုင်အာက ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလာသည်။
"ဟုတ်ပါတယ်... အဲဒီလူက အချစ်သင်္ကေတတစ်ခုခု လိုချင်တယ်ဆိုလို့..."
စုန့်တင်းရှန်းက မျက်လုံးပြူးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင် အခုထိ အမှန်အတိုင်း မပြောသေးဘူးလား"
"သခင်မလေး... ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ!"
လိုင်အာက မြေကြီးပေါ် ခေါင်းတိုက်ကာ ဦးညွှတ်ရင်း ရှင်းပြနေသည်။
“အဲဒီပညာတတ်က ကျွန်တော့်ကို လာရှာပြီး စုန့်မိသားစုနဲ့ ရင်းနှီးလားလို့ မေးပါတယ်။ ကျွန်တော်လည်း ရင်းနှီးတယ်လို့ ပြောလိုက်တော့ သူက စာပို့ပေးဖို့ ကြေးပြားအနည်းငယ် ပေးခဲ့တာပါ။ မနှစ်က နှစ်သစ်ကူးမတိုင်ခင်ကတည်းက စာပို့ပေးခဲ့တာ အခုထိပါပဲ။ အဲဒီလူက သခင်မလေးက ဘာလို့ စာမပြန်တာလဲလို့ မေးတော့ ကျွန်တော်က သူ စာမရေးတတ်လို့ ဖြစ်မှာပေါ့၊ ဒါပေမယ့် သူက ငြင်းလည်း မငြင်းဘူးလို့ ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ သူက တကယ်လို့ အချစ်သင်္ကေတတစ်ခုခု ရနိုင်ခဲ့ရင် ကျွန်တော့်ကို ပိုက်ဆံထပ်ပေးမယ်ဆိုလို့ ကျွန်တော်က... ကျွန်တော်က..."
စုန့်တင်းရှန်းက ထပ်မေးလိုက်ပြန်သည်။
"အော်... ဒါဆို နင့်စာတွေကို သူ လက်မခံရင် တစ်ရွာလုံးကြားအောင် ပြဿနာရှာမယ်လို့ နင် ပြောခဲ့တာကရော ဘာလဲ"
လိုင်အာက ထပ်မံ တောင်းပန်နေပြန်သည်။
"သခင်မလေးက အကုန်သိနေတာပဲ။ ကျွန်တော်က စာမရောက်သွားရင် ပိုက်ဆံမရမှာ ကြောက်လို့ပါ။ တကယ်လို့... တကယ်လို့များ သူနဲ့ အဲဒီလူနဲ့..."
"တောက်! နင် ထပ်ပြီး အရိုက်ခံချင်သေးတာလား"
စုန့်တင်းရှန်း၏ မျက်ခုံးများက ဒေါသကြောင့် ပင့်တက်သွားသည်။
စုန့်ကျွင့်လီက လိုင်အာကို တစ်ချက်ကန်လိုက်ရာ သူ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြန်သည်။
လိုင်အာကလည်း ကွေးကွေးလေး ဝပ်နေရင်း ငိုယိုတောင်းပန်နေပြန်သည်။
"ကျွန်တော်... ကျွန်တော်က စာပို့ပေးရုံတင်ပါဗျာ၊ ဘာမှ မလုပ်ခဲ့ပါဘူး... အီး ဟီး... သခင်မလေး ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော် ဒီရွာကို နောက်တစ်ခါ လုံးဝ မလာတော့ပါဘူး"
စုန့်တင်းရှန်းက ထပ်မေးလိုက်သည်။
"ဒီနေ့ရော စာလာပို့တာလား"
လိုင်အာက ခေါင်းညိတ်ပြလာခဲ့သည်။
"စာက ကျွန်တော့် ရင်ဘတ်ထဲက ဆီစက္ကူနဲ့ ထုပ်ထားတဲ့အထဲမှာ ရှိပါတယ်"
စုန့်ကျွင့်လီက လိုင်အာ၏ ရင်ဘတ်ထဲမှ စာကို ထုတ်ယူလိုက်သည်။ သူ အရိုက်ခံထားရသောကြောင့် ဆီစက္ကူထုပ်က ကျေမွနေသော်လည်း ဖြန့်ကြည့်လိုက်သောအခါ ဖရိုဖရဲ ရေးထားသော အချစ်ကဗျာတစ်ပုဒ်ကို တွေ့လိုက်ရသည်။
"တကယ့်ကို အရှက်မရှိတဲ့လူပဲ"
စုန့်ကျွင့်လီတစ်ယောက် ထိုကဗျာကို ဖတ်ပြီး ဒေါသကြောင့် ခေါင်းမှ မီးခိုးပင် ထွက်မတတ် ဖြစ်သွားရသည်။
သို့သော် စုန့်တင်းရှန်းကမူ တည်ငြိမ်နေဆဲပင်။ သူမက စုန့်ကျွင့်လီကို လှမ်းပြောလိုက်သည်။
"အစ်ကိုတာ့လီ၊ စိတ်မဆိုးနဲ့တော့၊ သူ့ကို သန့်သန့်ရှင်းရှင်း လုပ်ပေးပြီး စားစရာ တစ်ခုခု ပေးလိုက်ပါ၊ ခနနေရင်း ကျွန်မအတွက် စာတစ်စောင် သွားပို့ပေးဖို့ သူ့ကို ခိုင်းရဦးမယ်"
စုန့်တင်းရှန်းက အိမ်ထဲသို့ ပြန်ဝင်လာပြီး စက္ကူတစ်ရွက်ကို ယူကာ စာတစ်ကြောင်း ရေးလိုက်သည်။ ခဏနောက် စဥ်းစားပြီးနောက်တွင် စာရွက်၏နောက်ကျော၌ ကြာပန်းပုံတစ်ပုံ ဆွဲလိုက်သည်။ သူမက စာကို သေသေသပ်သပ် ခေါက်လိုက်ပြီး ဆီစက္ကူဖြင့် ထုပ်ကာ၊ မျက်နှာသစ်ပြီး ထမင်းကို ငမ်းငမ်းတက် စားနေသော လိုင်အာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"အခုနက ငါ ပြောခိုင်းတဲ့အတိုင်း အဲဒီပညာရှင်ကို သွားပြောလိုက်၊ အလုပ်ပြီးသွားရင် ဒါက နင့် အတွက်ပဲ"
သူမက အင်္ကျီလက်ထဲမှ ငွေနှစ်လျန်ခန့် တန်ဖိုးရှိသည့် ငွေစလေးတစ်စကို ထုတ်ပြလိုက်သည်။
"အမလေး ဘုရားရေ... အရိုက်ခံရတာတင် ငွေနှစ်လျန် ရမယ်ဆိုရင် တန်တယ်.... အရမ်း တန်တယ်"
လိုင်အာတစ်ယောက် ငွေတုံးကို တစ်ခါမှ မမြင်ဖူးသောကြောင့် မျက်လုံးများ ပြူးထွက်လာကာ လောဘတကြီး ရေရွက်ရင်း လှမ်းယူရန် ကြိုးစားသည်။
စုန့်တင်းရှန်းက ငွေတုံးကို ပြန်သိမ်းရင်း ထပ်ပြောလိုက်သည်။
"အလုပ်ပြီးမှလို့ ငါ ပြောထားတယ်လေ၊ ဒီစာကို အဲဒီလူလက်ထဲ ရောက်အောင် ထည့်ပေးလိုက်၊ ပြီးတော့ နောက်ငါးရက်နေရင် ငါ့ဆီ ပြန်လာခဲ့"
လိုင်အာက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း သူ့၏ကျိုးတိုးကျဲတဲ သွားများဖြင့် ပြုဲးဖြီးပြနေသေးသည်။
"ဟိုလေ... တကယ်လို့ ကျွန်တော် ပြန်လာတဲ့အချိန် သခင်မလေးက ငွေမပေးရင် ဘယ်လိုလုပ်မလဲ"
စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။
"ငါ နင့်ကို ငွေမပေးဘူးဆိုရင် အဲဒါ နင်အလုပ်ကို သေသေချာချာ မလုပ်လို့ လူ မိသွားတာပဲ ဖြစ်ရမယ်၊ ငါ ထပ်ပြောလိုက်မယ်... ဒီနေ့ ငါတို့ နင့်ကို သေအောင်ရိုက်ပြီး တောင်ပေါ်မှာ မြေမြှုပ်ပစ်လိုက်ရင်တောင် ဘယ်သူက နင့်ကို လိုက်ရှာမှာလဲ။ ငါတို့မိသားစုက မြို့ထဲက ဝမ်မိသားစုနဲ့ ဘယ်လောက်ရင်းနှီးလဲဆိုတာ နင် သိတယ်မလား။ သေသွားတာက သူတောင်းစားတစ်ယောက်ပဲဆိုရင် သူတို့က နင့်အတွက် တရားမျှတမှု လိုက်ရှာပေးမယ်လို့ နင် ထင်လား"
လိုင်အာတစ်ယောက် တစ်ကိုယ်လုံး တုန်တက်သွားပြီး သူ့မျက်နှာလည်း ဖြူဖျော့သွားသည်။
"ဒါကြောင့် နင်က ငါ ပြောတာကို နားထောင်တာ အကောင်းဆုံးပဲ။ နားထောင်ရင် ငွေရမယ်၊ နားမထောင်ရင်တော့ သေလမ်းပဲ ရှိတယ်၊ နားလည်လား"
စုန့်တင်းရှန်းက ငွေတုံးကို သူ့ရှေ့၌ ဝေ့ယမ်းပြကာ နှင်ထုတ်လိုက်သည်။
"ကဲ... စားလို့သောက်လို့ ဝပြီဆိုရင် သွားတော့"
လိုင်အာက မုန့်ပေါင်းနှစ်ခုကို အမြန်ဆွဲယူကာ ကမန်းကတန်း ထွက်ပြေးသွားသည်။
စုန့်ကျဲကျင့်က မျက်ရည်ဝဲလျက် အိမ်ထဲမှ ထွက်လာပြီး စုန့်တင်းရှန်းကို ကြည့်ကာ မေးနေပြန်သည်။
"ဒုတိယညီမ၊ အရာအားလုံး အဆင်ပြေသွားမှာ သေချာလားဟင်"
စုန့်တင်းရှန်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။
"ဘာမှ မဖြစ်စေရဘူး၊ ဒါပေမယ့် နောက်ဆိုရင်တော့ နင် ပိုပြီး သတိထားရမယ်၊ နားလည်လား"
စုန့်ကျဲကျင့်က ရှိုက်နေရင်း ခေါင်းညိတ်ပြနေရှာသည်။
စုန့်ကျွင့်လီက လက်မထောင်ပြကာ အပြုံးဖြင့် ဝင်ပြောလာခဲ့သည်။
"ငါတို့ရဲ့ ဒုတိယညီမကတော့ တကယ်ကို တော်တာပဲ။ လိုင်အာက ပုံမှန်ဆိုရင် တော်တော် မျက်နှာပြောင်တဲ့ကောင်၊ အခုတော့ ဒုတိယညီမကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းပြီး ခိုင်းသမျှ လုပ်တော့မှာပဲ"
အမှန်တကယ်တွင် သူက လိုင်အာကို ကောင်းကောင်း ဆုံးမချင်နေခြင်း ဖြစ်သည်။ သို့သော် လိုင်အာက စာပို့သမားသက်သက်သာ ဖြစ်သောကြောင့် ရိုက်နှက်နေရန် မလိုဘဲ ခြောက်လှန့်ထားလျှင် လုံလောက်သည်ဟု စုန့်တင်းရှန်းက ပြောလာခဲ့သည်။ စာပို့ခိုင်းသည့် နောက်ကွယ်မှ လူကသာလျှင် အမှန်တကယ့် လူယုတ်မာဖြစ်ပြီး ထိုလူကိုတော့ သေလူနီးပါးဖြစ်အောင် ဆုံးမသင့်ကြောင်း သူမက အားလုံးကို နားချထားခဲ့သည်။
အစပိုင်းတွင် ကျန်းရှီက လိုင်အာ ရွာထဲ၌ သတင်းဖြန့်ပြီး စုန့်ကျဲကျင့်အား နာမည်ဖျက်မည်ကို စိုးရိမ်နေသော်လည်း လိုင်အာတစ်ယောက် ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်ရမှ သူမလည်း စိတ်အေးသွားရသည်။
"နောင်ကျရင် နင့်ရဲ့ဒုတိယအစ်မဆီက နည်းနည်းပါးပါး သင်ယူထားဦး၊ နည်းနည်းလေးဆိုရင်တောင် နင့်အတွက် လုံလောက်ပြီ"
ကျန်းရှီက သူမ၏ သမီးကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချနေပြန်သည်။
သူမက ဖန့်ရှီထက် ကလေးနည်းပြီး သူမ၏ ကလေးများက ဖန့်ရှီ၏ ကလေးများလောက် မထက်မြက်ကြချေ။ သို့သော်လည်း သူမ၏ မတ်နှင့် ယောင်းမဖြစ်သူတို့က သူတို့မိသားစုကို ဝိုင်းဝန်းပံ့ပိုးပေးနေကြသောကြောင့် တော်သေးသည်ဟုသာ ဆိုရပေမည်။ ထိုသို့မဟုတ်လျှင် သူမ မည်မျှစိုးရိမ်ပူပန်ရမည်ကို နတ်ဘုရားများသာ သိနိုင်ပေလိမ့်မည်။
"သမီးတို့ရဲ့ စန်းနွီအာအတွက် အိမ်ထောင်ဖက် ရှာပေးဖို့ အချိန်တန်နေပြီနော်"
စုန့်တင်းရှန်းက လီရှီအတွက် အပ်ချည်မျှင်ကို ကိုင်ကူပေးရင်း လှမ်းပြောလိုက်သည်။
"စန်းနွီအာက ဒီနှစ်ဆို ဆယ့်ခြောက်နှစ် ရှိပြီ။ ရွာထဲက မိန်းကလေးတွေဆိုရင် ဒီအရွယ် အိမ်ထောင်ကျကုန်ကြပြီ၊ အရမ်းနောက်ကျသွားရင် သင့်တော်တဲ့သူ ရှာရခက်သွားလိမ့်မယ်"
‘တကယ်တော့ သူမ စုန့်ကျဲကျင့်ကို အစောကြီး အိမ်ထောင်မပြုစေချင်ပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ တခြားသူတစ်ယောက်ရဲ့အိမ်မှာ ဒုက္ခသွားခံရတာနဲ့ အတူတူပဲ၊ ကလေးမွေးရမယ်၊ ယောက္ခမတွေကို အလုပ်အကျွေးပြုရမယ်။ အိမ်မှာ နေရတာလောက် သက်တောင့်သက်သာ မရှိနိုင်တော့ဘူး။ ဒါပေမယ့် ဒါက ရှေးခေတ် ဖြစ်နေပြန်တယ်၊ အသက်အရွယ်တစ်ခုရောက်လို့ အိမ်ထောင်မပြုရင် ဝေဖန်မှုတွေ ခံရရုံသာမကဘဲ အသက်ကြီးလာလို့ အစိုးရက ယုံကြည်စိတ်ချရတဲ့ လူပျိုလူလွတ်တစ်ယောက်နဲ့ တွဲဖက်ပေးရင် ပိုပြီး ဒုက္ခရောက်သွားနိုင်တယ်’
လီရှီကလည်း ပြောလာခဲ့သည်။
"နင့်အဒေါ်လည်း ငါ့ကို အဲဒီအကြောင်း လာပြောသေးတယ်။ ဒါပေမယ့် အနီးနားရွာတွေမှာ စန်းနွီအတွက် သင့်တော်တဲ့သူ မရှိဘူး၊ ငါတို့ကလည်း ကလေးကို အဝေးကြီးမှာ အိမ်ထောင်မချပေးချင်ဘူး... မိန်းကလေးဆိုတာ မိဘအိမ်နဲ့ နီးနီးနားနားမှာ အိမ်ထောင်ကျမှ လိုအပ်ရင် အားကိုးစရာ ရှိမှာလေ။ အဝေးကြီး ရောက်သွားရင်တော့... ဟူး..."
စုန့်တင်းရှန်းက ခဏလောက် စဉ်းစားပြီးမှ သူမ၏အတွေးကို ပြောပြလိုက်သည်။
"ဒါဆို ဒီလိုလုပ်ပါလား၊ နောက်ရက်အနည်းငယ်ဆိုရင် သခင်ကြီးဝမ်ရဲ့ သားလေးအတွက် တစ်လပြည့်ပွဲ ကျင်းပမှာလေ။ အရင်တစ်ခါက သမီးတို့ ငွေသော့ခလောက်လေး လက်ဆောင်ပေးခဲ့တယ် မဟုတ်လား၊ ဒီတစ်ခါရော ဘာထပ်ပေးရင် ကောင်းမလဲဆိုတာ စဉ်းစားကြမယ်၊ ပြီးတော့ အဲ့ပွဲကို သွားရင်း သင့်တော်တဲ့သူ ရှိ မရှိ ဝမ်သခင်ကြီးကို မေးမြန်း ကြည့်ကြတာပေါ့"
"အိုက်ယား... သူက ဂုဏ်သရေရှိ လူကြီးလူကောင်းလေ၊ သူ သိတဲ့သူတွေက အရာရှိတွေ၊ သူဌေးတွေချည်းပဲ၊ သူတို့က နင့်ညီမလို ရွာသူလေးတစ်ယောက်ကို ထည့်စဉ်းစားပါ့မလား"
လီရှီက အံ့ဩတကြီး ပြန်မေးလိုက်သည်။
စုန့်တင်းရှန်းက အပြုံးဖြင့် ဖြေလိုက်သည်။
"သမီးတို့က သူများကို ဖက်တွယ်ပြီး အမြင့်ကို တက်ဖို့ လုပ်ချင်တာမှ မဟုတ်တာ။ ပြီးတော့ ဝမ်သခင်ကြီးက စိတ်ကောင်းရှိတဲ့အပြင် လူသိလည်း များတယ်လေ။ သူ သိတာက ချမ်းသာတဲ့သူတွေချည်းပဲ မဟုတ်လောက်ဘူး။ ပြီးတော့ သမီးတို့က မေးရုံမြန်းရုံပဲလေ၊ သူက မိတ်ဆက်ပေးရင်တောင် သမီးတို့ဘက်က လူချင်းတွေ့ကြည့်ပြီး သဘောကျမှ လက်ထပ်ပေးဖို့ စီစဥ်ရမှာ မဟုတ်ဘူးလား"
လီရှီက ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလာသည်။
"ဒါဆိုရင်တော့ နင့်အဒေါ်နဲ့ တိုင်ပင်ကြည့်ဦးမယ်"
ကျန်းရှီ သဘောတူမည်က မြေကြီးလက်ခတ်မလွဲပင်။ သူမ၏ အမြင်တွင် ဝမ်သခင်ကြီးလက်အောက်မှ တံခါးစောင့်ပင်လျှင် သူမတို့ ရွာရှိ သာမန်လူများထက် သာလွန်သည်ဟု ယူဆထားသည်။
‘ဝမ်ချွမ်ကို ကြည့်လိုလေ၊ ဘယ်သွားသွား ဘယ်လောက် ခန့်ညားထည်ဝါနေလိုက်သလဲ။ အရင်က ဝမ်ချွမ်ဆိုတာ ဆင်းရဲသားလေး ဖြစ်ပြီး ဝမ်သခင်ကြီးက ကောက်ယူမွေးစားခဲ့တာ။ နောက်ပိုင်း ဆင်းရဲတဲ့ မိသားစုက မိန်းကလေးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး အခုတော့ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နေပြီ မဟုတ်လား။’
သို့သော် ဤကိစ္စကို သေသေချာချာ စဉ်းစားရန် လိုအပ်နေသေးသည်။ လောလောဆယ် ဦးစားပေးက စုန့်ကျဲကျင့်ထံ စာပို့နေသည့် လူကို ကိုင်တွယ်ရန်သာ ဖြစ်သည်။
အေးစိမ့်သော နွေဦးညတွင် လူအများက စောစောစီးစီး အိပ်ရာဝင်နေကြပြီဖြစ်သည်။ တစ်ရွာလုံး တိတ်ဆိတ်နေပြီး တစ်ခါတစ်ရံ ခွေးဟောင်သံနှင့် ကလေးငိုသံများသာ ကြားနေရသည်။
ထိုစဉ် လမ်းမကြီးပေါ်မှ အရိပ်မည်းတစ်ခု ပေါ်ထွက်လာသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ထိုလူက စုန့်မိသားစုဝင်းအတွင်းရှိ ရေကန်နားသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး အလှဆင်ကျောက်တုံးများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေခဲ့သည်။
မကြာမီမှာပင် မနီးမဝေးမှ ကြောင်အော်သံတိုးတိုးလေး နှစ်ချက်ကို ကြားလိုက်ရသည်။ ထိုအရိပ်က ကိုယ်ကို မတ်လိုက်ပြီး ခွေးဟောင်သံတစ်ချက်ဖြင့် ပြန်လည်အချက်ပေးလိုက်သည်။
ခဏအကြာတွင် ရေကန်၏တစ်ဖက်ခြမ်းမှ သွယ်လျလှပသော အမျိုးသမီးတစ်ဦး လျှောက်လှမ်းလာသည်။ သို့သော် သူမ၏နောက်တွင် သန်မာထွားကြိုင်းသော အမျိုးသားအချို့က ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် လိုက်ပါလာပြီး ထိုသူရှိရာသို့ အပြေးအလွှား ရောက်လာကြသည်။
ထိုအရိပ်မည်းလည်း ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူ၏ပိန်လှီသော ခြေထောက်များက မြန်မြန်ဆန်ဆန် မပြေးနိုင်ခဲ့ချေ။ မကြာမီမှာပင် သူ အဖမ်းခံလိုက်ရပြီး ခြေလက်များ တုပ်နှောင်ခံလိုက်ရသည်။ ပါးစပ်ထဲသို့ နွားချေးများ ထိုးထည့်ခံရကာ အိတ်တစ်အိတ်ထဲသို့ အတင်းအကျပ် အထည့်ခံလိုက်ရသည်။ ထို့နောက် မရေမတွက်နိုင်သော လက်သီးချက်၊ ခြေကန်ချက်များက သူ့အပေါ်သို့ ကျရောက်လာပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူ သတိလစ်သွားခဲ့သည်။
သူ ပြန်နိုးလာသည့်အချိန်တွင် မြို့နှင့် မလှမ်းမကမ်းရှိ လမ်းမကြီးဘေး၌ လဲလျောင်းနေသည်ကို သူ သိလိုက်ရသည်။ သူ လူးလဲထရန် ကြိုးစားလိုက်သော်လည်း ခြေလက်များမှ စူးရှသော နာကျင်မှုကြောင့် သူ့အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားရပြန်သည်။ သူ အကြိမ်ကြိမ် ကြိုးစားနေခဲ့သော်လည်း မအောင်မြင်ဘဲ ချွေးစေးများထွက်လာကာ နာကျင်မှုဒဏ်ကြောင့် ထပ်မံ သတိလစ်သွားပြန်သည်။
..........။.......။........
စုန့်တင်းရှန်းက အသားနှပ်အိုး၊ မက်မွန်ယို၊ သစ်သီးဝိုင်အိုးနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ထားသော သိုးမွေးပုဝါအသစ်များကို လှည်းပေါ်တင်ကာ မြို့သို့ ထွက်လာခဲ့သည်။
"ငါ မလိုက်တော့ဘူး"
ဝမ်မိသားစုအိမ်ရှေ့မှ ကျောက်ခြင်္သေ့ကြီးကို မြင်လိုက်သည်နှင့် စုန့်ရှင်းယိတစ်ယောက် ကြောက်လန့်တကြား လှမ်းပြောလိုက်သည်။
"မင်းတို့သားအဖေပဲ သွားလိုက်တော့၊ ငါကတော့ တာ့နွီရဲ့ဆိုင်မှာပဲ သွားထိုင်နေတော့မယ်"
စုန့်တင်းရှန်းကလည်း အဖိုးဖြစ်သူကို အတင်းအကျပ် မခေါ်တော့ဘဲ စုန့်ကျစ်ယွမ်နှင့်အတူ ဝမ်အိမ်တော်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူတို့က တံခါးစောင့်လူငယ်လေးကို လှမ်းပြောလိုက်သည်။
"လူငယ်လေး... မြောက်ဘက်ကမ်းရွာက စုန့်မိသားစု ရောက်လာတယ်လို့ ဝမ်သခင်ကြီးကို အကြောင်းကြားပေးပါဦး"
ထိုလူငယ်လေးက ချက်ချင်း ပြန်ပြုံးပြပြီး ဖော်ဖော်ရွေရွေ ကြိုဆိုလိုက်သည်။
"စုန့်သခင်မလေးနဲ့ စုန့်သခင်ကြီးတို့ပါလား၊ သခင်ကြီးတို့ ဇနီးမောင်နှံက ခင်ဗျားတို့ ဘယ်တော့လာမလဲဆိုတာ အမြဲပြောနေတာပါ။ ကြွပါ၊ အထဲကို ကြွပါ"
ပင်မအိမ်ကြီး၏ ဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဝမ်သခင်ကြီးက အပြုံးဖြင့် ထွက်လာကာ ကြိုဆိုနေပြန်သည်။
"ဒီမနက် စောစောစီးစီး သစ်ကိုင်းပေါ်က ငှက်ကြား အော်သံတွေ ကြားနေရတယ်၊ နောက်ဆုံးတော့ ငါ့တူမလေး ရောက်လာတာကိုး"
စုန့်တင်းရှန်းကလည်း အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
"ကျွန်မတို့ကို ထွက်ကြိုပေးလို့ ကျေးဇူးတင်ပါတယ် သခင်ကြီး၊ မနက်ဖြန်ဆို သခင်လေးရဲ့ တစ်လပြည့်ပွဲဆိုတော့ ဒီနေ့ အားတုန်းလေး လက်ဆောင်ပစ္စည်းလေးတွေ လာပို့တာပါ"
"အိုက်ယား... ငါတို့က မိသားစုအချင်းချင်းတွေပဲ၊ ဒီလောက် တခမ်းတနား လုပ်နေဖို့ မလိုပါဘူး၊ မနက်ဖြန် တစ်လပြည့်ပွဲကိုလည်း အရောက်လာခဲ့ရမယ်နော်"
ဝမ်သခင်ကြီးက သူမကို ပြန်ပြောရင်း သူမတို့အတွက် နေရာထိုင်ခင်း ပေးနေခဲ့သည်။
စုန့်တင်းရှန်းက ပြန်ပြောလိုက်ပြန်သည်။
"ဒီနေ့ လာတာက မနက်ဖြန် မလာနိုင်မှာ စိုးလို့ပါ။ ပြီးတော့ သခင်ကြီးကို အကူအညီတောင်းစရာလေး တစ်ခုလည်း ရှိနေလို့ပါ၊ မနက်ဖြန် လူတွေ အများကြီးနဲ့ဆိုရင် ပြောရတာ သိပ်အဆင်မပြေမှာ စိုးရိမ်လို့ပါရှင့်"
ဝမ်သခင်ကြီးက သူတို့ကို ဧည့်ခန်းမဆောင်အတွင်းသို့ ဖိတ်ခေါ်ကာ အစေခံမလေးတစ်ဦးအား လက်ဖက်ရည် တည်ခင်းခိုင်းလိုက်သည်။ ထို့နောက် သူက စပ်စုချင်ဟန်ဖြင့် မေးမြန်းလာခဲ့သည်။
"အိမ်မှာ တစ်ခုခု ဖြစ်လို့လား။ ပြောဖို့ အားမနာနဲ့နော်၊ ငါ တတ်နိုင်သမျှ ကူညီပေးပါ့မယ်"
သူက သားလေးတစ်ယောက် ရထားသောကြောင့် နေ့စဉ်နှင့်အမျှ စိတ်ပျော်နေကာ တချိန်လုံး ပြုံးနေခဲ့သည်။
စုန့်တင်းရှန်းက စကားစလိုက်သည်။
"အိမ်မှာတော့ အားလုံး အဆင်ပြေပါတယ်၊ ဒီနေ့ ရောက်လာတာက ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ရှိလို့ပါ၊ ကျွန်မမှာ ညီမလေးတစ်ယောက် ရှိတာ သခင်ကြီးလည်း သိပြီးသားပါ။ သူက ဒီနှစ် ဆယ့်ခြောက်နှစ် ရှိပြီ၊ သင့်တော်တဲ့ အိမ်ထောင်ဖက် မတွေ့သေးလို့ပါ"
"အော်... အဲဒါလား၊ ငါ သိတယ်၊ ငါသိတယ်။ စဉ်းစားကြည့်ရင် မင်းတို့ရွာတွေက လူငယ်တွေက မင်းညီမလေးနဲ့ တကယ်ကို သင့်တော်တဲ့သူတွေ မဟုတ်ဘူး။ မိန်းခလေးတစ်ယောက်က ကိုယ်နဲ့တန်းတူ အဆင့်အတန်း ရှိပြီး ကြင်နာတတ်တဲ့ယောက္ခမ ရှိတဲ့ မိသားစုကိုပဲ ဝင်သင့်တယ်။ ဒါမှ သူ ဘဝကောင်းကောင်းတဲ့ နေရမှာပေါ့၊ ဒါပေမယ့်… ခဏစောင့်ကြဦး၊ ငါ့ဇနီးကို မေးကြည့်ဦးမယ်"
ပြောပြီးသည်နှင့် သူက ထထွက်သွားသည်။ မကြာမီမှာပင် ဝမ်သခင်မကြီး၏ ရယ်မောသံကို ကြားလိုက်ရသည်။
"ကျွန်မ တူမလေး ရောက်လာတာလား။ ထင်သားပဲ၊ ဒီမနက် ငှက်ကြားတွေ အဆက်မပြတ် တေးဆိုနေတာလေ၊ ဧည့်ကောင်းတွေ ရောက်လာတာကိုး"
စကားပြောသံနှင့်အတူ လိုက်ကာ ပွင့်လာပြီး မီးဖွားပြီးစ ဖြစ်၍ ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုးနေသော ဝမ်သခင်မကြီးက ပျော်ရွှင်နေသော မျက်နှာထားဖြင့် ထွက်လာခဲ့သည်။
"တင်းရှန်းတောင် ဒီလောက် စိတ်ထားကောင်းနေတာ သူ့ညီမလေးကလည်း မိန်းမကောင်းဖြစ်မှာ အသေအချာပဲ၊ ဒီကိစ္စအတွက် ကျွန်မဆီကို လာတိုင်ပင်တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ"
စုန့်တင်းရှန်းနှင့် စုန့်ကျစ်ယွမ်တို့က ဝမ်သခင်မကြီးကို ထပ်မံ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ သူမက အားနာစရာ မလိုကြောင်းနှင့် မြန်မြန် ပြန်ထိုင်ကြရန် အကြိမ်ကြိမ် တိုက်တွန်းနေလေသည်။
စုန့်တင်းရှန်းက သူမ ကိုင်ထားသော သိုးမွေးပုဝါကို ဖြန့်ပြလိုက်ပြီးမှ ဝမ်သခင်မကြီးထံသို့ လှမ်းပေးလိုက်သည်။
"ဒါတွေက မကြာသေးခင်ကမှ အသစ်လုပ်ထားတဲ့ ပုံစံအသစ်လေးတွေပါ၊ သခင်မကြီး သဘောကျမလား သိရအောင် အပြေးအလွှား ယူလာပြတာပါရှင့်"
ဤသိုးမွေးပုဝါကို တက်တင်းထိုးနည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး စုန့်တင်းရှန်းက သေသေချာချာ သုတေသနပြုပြီးမှ ပန်းပဲဖိုတွင် အပ်ဒီဇိုင်း အပ်ကာ ပြုလုပ်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။ တက်တင်းဇာထိုးနည်းဖြင့် ပြုလုပ်သော ပုဝါက ပုံဖော်ရန် ပိုလွယ်ကူပြီး ပို၍ လှပကာ အရောင်အသွေး ပြောင်းလဲရာတွင်လည်း ပို၍ လွယ်ကူသောကြောင့် အရောင်စုံလင်လှသည်။
ယခု သူမ ယူဆောင်လာသော ပုံစံအသစ်က ပျိုနီပန်းပုံစံများ ဖြစ်သောကြောင့် ဝတ်ဆင်သူကို အလွန်ပင် တင့်တယ် မြင့်မြတ်ဟန် ဖြစ်သွားစေသည်။
ဝမ်သခင်မကြီးက ပုဝါကို ကိုင်ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်တော့ချေ။
"ဒါက တကယ်ကို ထူးခြားတာပဲ၊ ငါ တကယ် သဘောကျတယ်"
သူမက ထိုပုဝါကို အစေခံမလေးအား လှမ်းပေးလိုက်ပြီး သေသေချာချာ သိမ်းရန် ညွှန်ကြားလိုက်သည်။ ထို့နောက် စုန့်တင်းရှန်းဘက်သို့ လှည့်ကာ ထပ်ပြောလာပြန်သည်။
"နင် ဆပ်ပြာလုပ်နည်းတွေ လာပေးတုန်းကတည်းက နင်က တကယ့်ကို အမြော်အမြင်ရှိတဲ့သူလို့ ငါ ထင်ခဲ့တာ။ အခု ငါတို့တွေ သိလာကြတာ ကြာပြီဆိုတော့ နင်က တကယ်ကို စေတနာကောင်းတဲ့သူဆိုလို့ သိလာရတယ်။ ဆောင်းတွင်းမှာ မြေအိုးဟင်းလေးတွေ ပို့ပေးတာကအစ၊ နွေရာသီမှာ သစ်သီးဂျယ်လီလေးတွေ ပို့ပေးတာအဆုံး... အဲဒါတွေက အသေးအဖွဲလေးတွေလို့ ထင်ရပေမယ့် ကဏ္ဍတိုင်းမှာ နင့်ရဲ့ စေတနာတွေ ပါနေတာလေ။ ငါ တကယ်ကို ကျေးဇူးတင်ပါတယ်"
စုန့်တင်းရှန်းက ထပ်မံ ဦးညွှတ်ရင်း ပြန်ပြောလိုက်သည်။
"ပထမဆုံး ကျွန်မ ဒီကို ရောက်လာတာက ဝမ်သခင်ကြီးရဲ့ အကူအညီကို လိုချင်လို့ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် သခင်ကြီးနဲ့ သခင်မကြီးတို့က ကျွန်မတို့ မိသားစုအပေါ် ဒီလောက်အထိ ကြင်နာလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ အဲ့တော့ ကျွန်မတို့ဘက်ကလည်း အပြန်အလှန် ကျေးဇူးဆပ်သင့်တာပေါ့၊ ကျွန်မဘက်က ပေါ့ဆနေမယ်ဆိုရင် ဒါက သခင်ကြီးတို့ရဲ့ စေတနာကို စော်ကားရာ ရောက်နေသွားမှာလေ”
ချီးကျူးစကားကို ကြားချင်ကြသည်မှာ လူတိုင်း၏ သဘာဝပင်။ ထိုအသေးအဖွဲ ကိစ္စလေးများက စုန့်တင်းရှန်းအတွက် သိပ်ပြီး အားစိုက်စရာ မလိုသော်လည်း ခိုင်မာပြီး ရေရှည်အားကိုးရမည့် ထောက်တိုင်တစ်ခု ရရှိခြင်းက အဖိုးတန်လှသည်။ ထို့အပြင် ချီးကျူးစကားဆိုသည်က ငွေကုန်ကြေးကျ မရှိဘဲ စစ်မှန်သော စေတနာပါလျှင် ကြားရသူတိုင်းအား ပျော်ရွှင်စေသော အရာ ဖြစ်သည်။
ဝမ်သခင်မကြီးကလည်း အလွန် ဝမ်းသာသွားပြီး ဝမ်သခင်ကြီးကို လှမ်းပြောလိုက်သည်။
"ဒီကလေးမလေးက တကယ်ကို လူကောင်းလေးပါလို့ ကျွန်မ ရှင့်ကို ပြောခဲ့သားပဲ။ တခြားလူတွေက ကျွန်မတို့မိသားစုအပေါ် ဘာတွေ မျှော်လင့်နိုင်မှာလဲ။ ဒီနှစ်တွေထဲမှာ သူတို့က ကျွန်မတို့မိသားစုအတွက် ဘယ်လောက်တောင် လုပ်ပေးခဲ့လဲ။ သူတို့ရဲ့ စေတနာတွေနဲ့ စားစရာသောက်စရာတွေကို တွေးလိုက်ရင် ကျွန်မတို့က အခွင့်ကောင်းယူသလိုတောင် ဖြစ်နေပြီ"
စုန့်တင်းရှန်းက အလျင်အမြန် ဝင်ပြောလိုက်သည်။
"ဘယ်လို လုပ်ပြီး အခွင့်ကောင်းယူတယ်လို့ ပြောလို့ရမှာလဲရှင့်။ သခင်မကြီးက ကျွန်မကို တူမလေးလို့ ခေါ်နေပြီလေ၊ ဒီအသေးအဖွဲလေးတွေက တူမတစ်ယောက်အနေနဲ့ လူကြီးမိဘကို ရိုသေသမှုပြုတာမျိုးလောက်ပဲ ရှိတာပါ။ အဲဒါကို အခွင့်ကောင်းယူတယ်လို့ ပြောနေရင်တော့ ကျွန်မ နောက်တစ်ခါ လာဖို့တောင် မျက်နှာပူနေရတော့မယ်"
"အိုက်ယား... ကြည့်စမ်းပါဦး... ငါက စကားပြော သိပ်မတတ်လို့ပါ"
ဝမ်သခင်မကြီးက စုန့်တင်းရှန်း၏လက်ကို အမြန်ဆုပ်ကိုင်ကာ ချစ်ခင်ဟန်ဖြင့် ပုတ်ပေးလိုက်သည်။
"အခု နင်လာတာက နင့်ဦးလေးရဲ့သမီး၊ နင့်ရဲ့ ဝမ်းကွဲညီမလေးအတွက် သင့်တော်တဲ့ မိသားစု ရှာပေးဖို့ မဟုတ်လား"
"ဟုတ်ပါတယ်၊ ကျွန်မရဲ့ညီမလေးက အရာရာ ထူးချွန်သလို ရုပ်ရည်လည်း တင့်တယ်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ မိသားစုက သူ့ကို အဝေးကြီးမှာ အိမ်ထောင်မပြုစေချင်ဘူး၊ ကျွန်မတို့ သူ့ကို ဂရုမစိုက်နိုင်ဘဲ သူ ဒုက္ခရောက်နေမှာကို စိုးရိမ်ကြလို့ပါ..."
"ငါ နားလည်ပါတယ်၊ မိဘဆိုတာ အဲဒီလိုပဲ တွေးကြတာပါပဲ"
ဝမ်သခင်မကြီးက ခဏမျှ စဉ်းစားပြီးနောက် တွေးတွေးဆဆ ပြောလာခဲ့သည်။
"တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ငါ ငါ့ယောက္ခမကြီးနဲ့ ဒီအကြောင်း ပြောဖြစ်သေးတယ်။ အခုတော့ အဆင့်သင့်ပဲ... အသက်အရွယ်ချင်းလည်း သင့်တော်သလို နင်တို့အိမ်နဲ့လည်း မဝေးတဲ့ နေရာက အိမ်ထောင်ဖက်ကောင်း တစ်ယောက် ရှိတယ်"
စုန့်တင်းရှန်းက အံ့အားတကြီး ပြန်မေးလိုက်သည်။
"ကျွန်မတို့ အိမ်နဲ့ မဝေးဘူး ဟုတ်လား? ကျွန်မတို့ ရွာဘက်က..."
ဝမ်သခင်မကြီးက အပြုံးဖြင့် ထပ်ပြောပြလာသည်။
"ငါ့ယောက္ခမရဲ့ ခန်းဝင်ပစ္စည်းတွေထဲမှာ ဥယျာဉ်ခြံကျယ်ကြီးတစ်ခု ရှိတယ်လေ။ နင်တို့ သစ်သီးခြံတွေနဲ့ မျက်စိတစ်ဆုံး တောင်ခြေရင်းလောက်မှာ ရှိမယ် ထင်တယ်။ အဲဒီအကြောင်း ကြားဖူးလား"
စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ အဲဒီမှာ ခြံကြီးတစ်ခြံ ရှိတာတော့ ကျွန်မ ကြားဖူးတယ်၊ ဒါပေမယ့် ဘယ်သူပိုင်မှန်းတော့ မသိခဲ့ဘူး"
ဝမ်သခင်မကြီးက ဆက်ရှင်းပြနေခဲ့သည်။
"အဲဒီခြံကို ငါ့ယောက္ခမရဲ့ ဝမ်းကွဲမြေးလေးက စီမံခန့်ခွဲနေတာလေ။ သူက အရပ်ရှည်တယ်၊ သန်မာတယ်၊ ရုပ်ရည်လည်း ချောမောတယ်။ နင့်ရဲ့ တတိယညီမလေးနဲ့ဆိုရင် အတော်လေး လိုက်ဖက်မယ်လို့ ငါ ထင်တယ်"
စုန့်တင်းရှန်းက အနည်းငယ် တုံ့ဆိုင်းနေပြီး တွေးတွေးဆဆ ပြန်မေးလိုက်သည်။
"အဲဒီ သခင်လေးက ဒီလောက်အထိ အဖက်ဖက်က ပြည့်စုံနေတာဆိုတော့..."
ဝမ်သခင်မကြီးက သူမ၏စိုးရိမ်မှုကို နားလည်နေပုံဖြင့် ချက်ချင်း ထပ်ပြောပြလာပြန်သည်။
"သိပ်ပြီး စိုးရိမ်မနေပါနဲ့။ အရင်တုန်းက အဲဒီကောင်လေးက သူ့အဘွားရဲ့ ဇာတိမြို့က မိန်ခလေးတစ်ယောက်နဲ့ စေ့စပ်ခဲ့ဖူးတယ်။ စိတ်မကောင်းစရာက အဲဒီမိန်းကလေးက ကံမကောင်း ရှာဘူး၊ ဆောင်းတွင်းမှာ အအေးမိပြီး နှစ်သစ်ကူးကိုတောင် မကျော်နိုင်ဘဲ ဆုံးပါးသွားရှာတယ်"
"နောက်ပိုင်းမှာ နောက်တစ်ယောက်နဲ့ ထပ်ပြီး စေ့စပ်ကြောင်းလမ်းခဲ့သေးတယ်၊ ဒါပေမယ့် ကောင်လေးရဲ့ အမေက မီးဖွားရင်း ဆုံးသွားတယ်လေ။ မိန်းကလေးဘက်က မိသားစုက သူတို့သမီးရဲ့ မင်္ဂလာကိစ္စ ကြန့်ကြာနေမှာကို စိုးရိမ်တယ် ဆိုပြီး စေ့စပ်ထားတာကို ဖျက်သိမ်းသွားကြတယ်လေ"
"သူ့အမေ ဆုံးပြီး သိပ်မကြာခင် သူ့အဖေကလည်း ထပ်ပြီး ကွယ်လွန်သွား ပြန်တယ်။ ငါ့ယောက္ခမကြီးက အဲဒီကောင်လေးကို သနားလို့၊ သူ့ဇာတိမြေမှာ အနိုင်ကျင့်ခံရမှာ စိုးလို့ ဆိုပြီး ဒီဘက်က ခြံကို လာကြည့်ခိုင်းထားတာ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချိန်တွေ ကြန့်ကြာသွားလိုက်တာ အခုဆို သူ အသက် နှစ်ဆယ့်တစ်နှစ် ရှိသွားပြီ။ သူ့မိဘတွေအတွက် ဝမ်းနည်းခြင်းကာလကလည်း မနှစ်ကမှ ကုန်ဆုံးသွားတာ"
"သခင်မကြီးရဲ့ မြေးဆိုရင်တော့ လူကောင်းတစ်ယောက် ဖြစ်က သေချာပါတယ်။ ဒါပေမယ့် ဒီအိမ်ထောင်ရေးမှာ ကျွန်မတို့ဘက်က အမြင့်ကို လက်လှမ်းနေသလို ဖြစ်မနေဘူးလား"
ဝမ်သခင်မကြီးက အားရပါးရ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဘာလို့ လုပ်ပြီး အမြင့်ကို လှမ်းတယ်လို့ ဖြစ်ရမှာတုန်း၊ သူက မိဘမဲ့ ကောင်လေး တစ်ယောက်ပါပဲ။ ငါ့ယောက္ခမကြီးက သူ့အတွက် အိမ်ထောင်ဖက်ကောင်း ရှာပေးချင်နေတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် နင့်ရဲ့ညီမလေးအကြောင်း ပြောဖြစ်ပြီး သင့်တော်မယ်လို့ တွေးနေကြတာ၊ တစ်ခုပဲ... နင့်ညီမလေးက စေ့စပ်ထားပြီးပြီလားလို့ ငါတို့ တွေးနေကြတာ။ အခုတော့ အတော်ပဲပေါ့၊ ငါတောင် မမေးရသေးဘူး၊ နင်က ကိုယ်တိုင် လာပြောတာဆိုတော့ တကယ်ကို တိုက်ဆိုင်တာပဲ။ ဒါကို ကံကြမ္မာလို့ပဲ သတ်မှတ်သင့်ပြီ"
စုန့်တင်းရှန်းကလည်း ဝမ်သခင်မကြီးနှင့်အတူ လိုက်လံ ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ တကယ်ကို တိုက်ဆိုင်တဲ့ အိမ်ထောင်ဖက်ကောင်းလို့ ပြောရတော့မှာပဲ။ ဒါပေမယ့် ဒါက ကျွန်မညီမလေးရဲ့ တစ်သက်တာကိစ္စဆိုတော့... ကျွန်မရဲ့ အဒေါ်တို့ ပြောဖို့လိုသေးတယ်။ သူတို့လည်း လူချင်းတွေ့ကြည့်ပြီး သဘောကျဖို့ လိုသေးတာပေါ့။ အဲဒါလေးက နည်းနည်းတော့ အလုပ်ရှုပ်သွားစေနိုင်တယ်၊ သခင်မကြီးပဲ ကူညီပေးပါဦးရှင်"
ဝမ်သခင်မကြီးကလည်း ဝမ်းသာအားရ ပြန်ပြောလာသည်။
"ငါတို့တွေက မိသားစုတွေပဲလေ၊ အားနာမနေပါနဲ့။ မနက်ဖြန် ငါ့သားလေးရဲ့ တစ်လပြည့်ပွဲ မဟုတ်လား၊ နင်တို့ မိသားစုဝင်တွေ အားလုံး လာခဲ့ကြလေ၊ ငါ နင်တို့အတွက် သီးသန့် အိမ်ဝင်းတစ်ခု ဖယ်ထားပေးမယ်။ အဲဒီကျရင် ငါ့တူနဲ့ နင်တို့အားလုံးကို မိတ်ဆက်ပေးမယ်၊ နင်တို့ကိုယ်တိုင်ပဲ ကြည့်ကြပေါ့။ ပြီးတော့ အဲဒီခြံက နင်တို့အိမ်နဲ့လည်း မဝေးဘူးဆိုတော့... လူ အကြောင်းကို စုံစမ်းကြည့်ရင်လည်း လွယ်လွယ်လေး သိနိုင်မှာပါ"
သူမက ခေတ္တမျှ စကားရပ်သွားပြီး ဆက်ပြောလာပြန်သည်။
"မိန်းကလေးတစ်ယောက်ရဲ့ အနာဂတ်ဆိုတာ အိမ်ထောင်ဖက်ကောင်း ရ၊ မရပေါ်မှာပဲ မူတည်တာ။ အိမ်ထောင်ဖက်ကောင်းရင် ယောက်ျားက ဂရုစိုက်မယ်၊ ပိုက်ဆံရှာမယ်၊ နောက်ပြီး သားတစ်ယောက်ရလာရင် ဘဝက အေးအေးလူလူ ဖြစ်သွားရော။ အို... ငါလည်း စကားတွေ အရမ်းများသွားပြီ၊ စိတ်ထဲမထားပါနဲ့နော်"
ဝမ်သခင်မကြီးက ရည်ရွယ်ချက်ရှိရှိ ပြောနေခြင်းမဟုတ်ဘဲ စကားပြောရင်းတန်းလန်းမှ စုန့်တင်းရှန်း၏ အိမ်ထောင်ရေး အခြေအနေကို သတိရသွားကာ အားနာသွားခြင်းပင်။
စုန့်တင်းရှန်းကတော့ အေးအေးဆေးဆေး ပြန်ပြောနေဆဲပင်။
"သခင်မကြီး ပြောတာ အမှန်တွေပါပဲ။ ကျွန်မတို့ မိသားစုမှာလည်း အိမ်ထောင်မကျသေးတဲ့ ဒီညီမလေး တစ်ယောက်ပဲ ကျန်တော့တာပါ။ အခုထိ ကြန့်ကြာနေတာကလည်း အိမ်ထောင်ဖက်ကောင်း မရမှာကို စိုးရိမ်နေလို့ပါပဲ။ ဒါပေမယ့် သခင်မကြီးကိုယ်တိုင် ညွှန်းတာဆိုမှတော့ မကောင်းဘဲ နေပါ့မလား။ သူဘက်က ရွာသူလေးကို သဘောမကျမှာပဲ ကြောက်မိတာပါ"
ဝမ်သခင်မကြီးကတော့ ရဲရဲကြီးအာမခံနေပြန်သည်။
"အိုး... ဘာလို့ သဘောမကျရမှာလဲ။ အဲ့ကလေးကို အထင်မသေးနဲ့ဦး၊ သူက လယ်လုပ်တာကအစ စာရင်းအင်းပိုင်းအထိ ကျွမ်းကျင်ပြီး တကယ်ကို အားကိုးရတဲ့သူ။ ငါတို့မိသားစုမှာ အရွယ်တူ သမီးတွေ မရှိလို့ပေါ့၊ ရှိလို့ကတော့ နင့်တို့ဆီကို ဒီအခွင့်အရေး ရောက်လာမှာ မဟုတ်ဘူး... အိမ်မက်ပဲ မက်နေရတော့မှာ"
စုန့်တင်းရှန်းက မနက်ဖြန်တွင် သူမ၏ မိသားစုကို ခေါ်ဆောင်လာခဲ့မည်ဟု ကတိပေးကာ ဝမ်သခင်ကြီးနှင့် သခင်မကြီးတို့ကို နှုတ်ဆက်ပြီး စုန့်ကျစ်ယွမ်နှင့်အတူ ဝမ်အိမ်တော်မှ ပြန်ထွက်ခွာလာခဲ့သည်။
ဝမ်အိမ်တော်မှ ထွက်လာပြီးနောက် စုန့်ကျစ်ယွမ်က စပြောလာခဲ့သည်။
"အဲဒီခြံကြီးက ဝမ်အဘွားကြီး ပိုင်တာကိုး။ တကယ်တော့ ငါလည်း အဲဒီခြံအကြောင်း နည်းနည်း သိတယ်။ အရင်က အုပ်ချုပ်တဲ့သူက အဘိုးကြီးတစ်ယောက်လေ၊ သူ အလုပ်မလုပ်နိုင်တော့လို့ အနားယူသွားပြီးတဲ့နောက်မှာ လူငယ်လေးတစ်ယောက် ရောက်လာတာ။ ငါ တောင်ပေါ်မှာ ထင်းခုတ်ရင်း၊ အသီးခူးသွားရင်း သူ့ကို ခဏခဏ တွေ့ဖူးတယ်၊ သူက တကယ်ကို လူကောင်းလေးပဲ။ ငါနဲ့ နင့်ဆဠမအဘိုးဆီကတောင် သစ်သီးပင်တွေ ပြုစုနည်း လာသင်သေးတယ်။ တကယ်လို့ အဲဒီလူသာဆိုရင်တော့ နင့်ညီမလေးအတွက် အတော်လေး သင့်တော်တယ်"
စုန့်တင်းရှန်းကလည်း ချက်ချင်း ပြန်ထောက်ခံလိုက်သည်။
"အဖေက ကောင်းတယ်လို့ ပြောရင်တော့ ကောင်းမှာ သေချာတယ်၊ မနက်ဖြန် အဒေါ်နဲ့ ညီမလေးကိုပါ ခေါ်လာပြီး တွေ့ခိုင်းကြည့်ကြတာပေါ့။ အဆင်ပြေသွားရင်တော့ အကောင်းဆုံးပဲ"
သားအဖနှစ်ယောက် စုန့်မိသားစု စားသောက်ဆိုင်သို့ လျှောက်လာကြပြီး ထိုနေရာတွင် စုန့်ကျစ်ရွှမ်းကို တွေ့လိုက်ရသည်။
"အငယ်ဆုံးဦးလေး..."
စုန့်တင်းရှန်းက သူ့ကို လှမ်းနှုတ်ဆက်ရင်း တခါတည်း မေးလိုက်သည်။
"ဦးလေး ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"
စုန့်ကျစ်ရွှမ်းက အပြုံးဖြင့် ပြန်ဖြေလာသည်။၏
"ငါ့အတန်းဖော်ကို ဆရာတွေရဲ့ ပို့ချချက် မှတ်စုတွေ လာပေးတာပါ။ သူ အားလပ်ချိန်မှာ စာကြည့်နိုင်တာပေါ့။ ခုန နင်အဘိုးကို တွေ့လို့ ငါတောင် အံ့သြသွားတာ"
သူတို့သည် တပျော်တပါး စကားပြောကြပြီးနောက် စုန့်ယွီလန်က သူတို့အတွက် နေ့လယ်စာကို နောက်ဖေးဝင်းတွင် ပြင်ဆင်ပေးခဲ့သည်။
ထမင်းစားနေရင်း စုန့်တင်းရှန်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အပြုံးဖြင့် မေးလိုက်ပြန်သည်။
"အငယ်ဆုံးဦးလေး... နေ့တိုင်း စာပဲ ကြိုးစားနေရတာ မပင်ပန်းဘူးလား၊ တခြား စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေရော မရှိဘူးလား"
စုန့်ကျစ်ရွှမ်းက သူမ၏ မေးခွန်းနောက်ကွယ်မှ ဆိုလိုရင်းကို ချက်ချင်းရိပ်မိသွားပြီး ပြန်ပြောပြလာသည်။
"တကယ်တော့ စိတ်ဝင်စားစရာ တစ်ခုတော့ ရှိတယ်။ ငါတို့ကျောင်းမှာ ကျန်းမျိုးရိုးနဲ့ စာသင်သားတစ်ယောက် ရှိတယ်။ နာမည်ကတော့ ဝူချူတဲ့။ သူက သူ့ကိုယ်သူ စာပေပါရမီရှင်ကြီးလို့ အမြဲထင်နေပြီး လူချစ်လူခင်လည်း သိပ်မရှိဘူး။ ဒါပေမယ့် တစ်နေ့ကတော့ တစ်စုံတစ်ယောက်က သူ့ကို ကောင်းကောင်း ဆုံးမလိုက်ပုံရတယ်၊ မြို့ပြင်မှာ လက်တွေ ခြေတွေ ကျိုးပြီး လဲကျနေတာကို တွေ့ခဲ့ကြတယ်လေ။ သူ့ကို ကယ်ခဲ့တဲ့သူက အာဏာပိုင်တွေဆီကို သွားပြီး တိုင်ချက်ဖွင့်ဖို့ ပြောခဲ့ပေမယ့် သူကတော့ ညဘက် လမ်းလျှောက်ရင်း ချော်လဲတာပါဆိုပြီး ငြင်းနေတော့တာပဲ။ တစ်မျက်နှာလုံးလည်း ဖူးရောင်နေတာဆိုတော့ အရိုက်ခံရမှန်း သိသာနေတာကို"
စုန့်တင်းရှန်းက စုန့်ကျစ်ရွှမ်း၏ ပန်းကန်ထဲသို့ အသားလုံးတစ်လုံး ထည့်ပေးရင်း ထပ်မေးလိုက်သည်။
"သူက စာသင်သားတစ်ယောက်ပဲကို၊ စာကို သေသေချာချာ မသင်ဘဲ ညဘက်ကြီး ဘာလို့ အပြင်ထွက် လမ်းလျှောက်နေတာလဲ"
"ဘယ်သူသိမှာလဲ၊ သူကိုယ်တိုင်လည်း မပြောချင်ဘူးဆိုတော့ ထားလိုက်ပါတော့။ အခု သူ့မိန်းမက သူ့ကို လာပြုစုနေပြီဆိုတော့ ငါတို့တွေ စိတ်ပူပေးဖို့ မလိုတော့ဘူး"
စုန့်တင်းရှန်းက မျက်လုံးအဝိုင်းသားဖြင့် ပြန်မေးလိုက်သည်။
"အော်... သူက အိမ်ထောင်ရှိတာလား"
စုန့်ကျစ်ရွှမ်းက သူမ၏ တုံ့ပြန်ပုံ ထူးဆန်းနေသောကြောင့် ပြန်မေးလာခဲ့သည်။
"ဘာဖြစ်လို့လဲ၊ သူမှာ အိမ်ထောင်ရှိတာကို နင်က ဘာလို့ ဒီလောက် အံ့ဩနေရတာလဲ။ ငါ ပြောပြမယ်... အဲဒီစာသင်သားက လူကောင်းတစ်ယောက် မဟုတ်..."
"အငယ်ဆုံးဦးလေး... ဦးလေးက ဘာတွေ လျောက်တွေးနေတာလဲ!"
စုန့်တင်းရှန်းက သူမ၏ တူကို စားပွဲပေါ်သို့ ချလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"သူမှာ မိန်းမရှိမှန်းသာ ကြိုသိရင် အဲဒီထက်ပိုပြီး နာအောင် ရိုက်ခိုင်းလိုက်မိမှာ"