← Chapters

လူချင်းတွေ့ဆုံခြင်း

Vol. 7 Ch. 67

လူချင်းတွေ့ဆုံခြင်း

Vol. 7 Ch. 67

စုန့်တင်းရှန်းက ဖြစ်ပျက်ခဲ့သမျှကို စုန့်ကျစ်ရွှမ်းအား ပြန်ပြောပြလိုက်ရာ သူက ဒေါသဖြင့် အံ့ကြိတ်ရင်း အော်ဟစ်နေလေသည်။

"အဲဒါလောက် အပြစ်ပေးတာ ပေါ့လျော့လွန်းတယ်၊ မင်းတို့ သူ့ကို တကယ်ပဲ ပြင်းပြင်းထန်ထန် မရိုက်ခဲ့ကြဘူး၊ ငါ သူ့ရဲ့ နာမည်ဆိုးတွေ အကြောင်း ကြားထားတာ ကြာနေပြီ၊ သူကတော့ သူ့ကိုယ်သူ ပါရမီရှင်လို့ ထင်နေသေးတယ်။ အရင်တုန်းက သူက ငါတို့မိသားစုရဲ့ ကြာပန်းကန်နားက ဘာလို့ ပန်းချီဆွဲပြီး ကဗျာပွဲတော် လုပ်ချင်ရတာလဲလို့ ငါ တွေးမိသားပဲ။ အခုတော့ ပေါ်လာပြီ၊ သူ့က အကြံအစည် ရှိနေတာကိုး၊ မင်း ငါ့ကို မေးကတည်းက ငါ သံသယဝင်ခဲ့သင့်တာ..."

စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။

"အခု သူ့ကို ရိုက်ခိုင်းလိုက်တော့ သမီးတို့လည်း ဒေါသ ပြေသွားပါပြီ၊ ညီမလေးရဲ့ လက်ကိုင်ပဝါလည်း ပြန်ရခဲ့ပြီဆိုတော့ သူ့ကို ကြောက်နေစရာ မလိုတော့ဘူး။ ပြီးတော့ ဒီနေ့ သတင်းကောင်းတစ်ခုလည်း ရှိသေးတယ်။ ဝမ်အိမ်တော်ကို သွားမေးမြန်းတုန်းက သခင်မကြီးက တကယ်ကို သင့်တော်မယ့်သူတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်လေ"

စုန့်ရှင်းယိက အလောတကြီး ဝင်မေးလိုက်သည်။

"တကယ်ပဲ သင့်တော်တဲ့သူ ရှိလို့လား၊ ဘယ်မိသားစုလဲ"

စုန့်ကျစ်ရွှမ်းက ရယ်မောရင်း ဝင်ပြောလိုက်သည်။

"ပြောရရင် အဖေလည်း သူ့ကို သိမှာပါ၊ ကျွန်တော်တို့ရွာနဲ့ မလှမ်းမကမ်းက ခြံကျယ်ကြီးကို မှတ်မိတယ်မလား။ အရင်က အဘိုးကြီးတစ်ယောက် အုပ်ချုပ်ပြီး နောက်တော့ လူငယ်လေးတစ်ယောက် ပြောင်းလာတာလေ။ အဲဒီလူငယ်က တကယ်တော့ မြို့ထဲက ဝမ်သခင်မကြီးရဲ့ မြေးတော်စပ်တယ်။ တူကမွေးတဲ့ သားတဲ့၊ သူ့မိဘတွေ စောစောစီးစီး ဆုံးသွားလို့ ဇာတိမှာ တစ်ယောက်တည်း ကျန်ခဲ့တာကို စိတ်ကောင်းရှိတဲ့ ဝမ်အဘွားကြီးက သူ့ကို ခေါ်ထားတာတဲ့၊ အခုတော့ ခြံကို ဦးစီးခိုင်းထားတာ။ ကြည့်ရတာတော့ အလားအလာ အတော်ကောင်းတယ်"

စုန့်ရှင်းယိက ရုတ်တရက် သတိရသွားဟန်ဖြင့် ရေရွတ်လိုက်သည်။

"အိုက်ယား... အဲဒီကလေးက ဝမ်မိသားစုနဲ့ ဆွေမျိုးတော်စပ်တာလား။ ငါ တကယ်ကို သတိမထားမိ လိုက်ဘူး၊ သူက ပုံမှန်ဆိုရင် ရိုးရိုးရှင်းရှင်းပဲ ဝတ်စားတတ်တာကိုး၊ ဒါပေမယ့် သူက အရပ်အမောင်း ကောင်းပြီး တက်ကြွတဲ့ပုံတော့ ရှိသားပဲ။ ဒါပေမယ့် သူက မိဘအတွက် ဝမ်းနည်းခြင်းကာလထဲ ရောက်နေတယ်လို့ ငါ ကြားထားသလိုပဲ"

စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"အရင်ကတော့ ဟုတ်တယ်၊ အခုတော့ အဲဒီကာလ ပြီးသွားပြီတဲ့။ ဝမ်သခင်မကြီးကလည်း သူ့အတွက် အိမ်ထောင်ဖက်ကောင်း ရှာပေးချင်နေတာ၊ သမီးတို့ရဲ့ အာ့နွီနဲ့ဆိုရင် အတော်လေး လိုက်ဖက်မယ်လို့ သူက ယူဆထားတယ်လေ"

စုန့်ရှင်းယိက တွေးတွေးဆဆ ပြောနေပြန်သည်။

"ဒါကတော့ သူတို့ဘက်က ယဥ်ကျေးသမှုနဲ့ ပြောတာလည်း ဖြစ်နိုင်တယ်၊ ငါတို့တွေ စောင့်ကြည့်ကြတာပေါ့"

စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။

"သခင်မကြီးက မနက်ဖြန် လပြည့်ပွဲကို အားလုံး လာခဲ့ဖို့ ပြောလိုက်တယ်။ အဲဒီကျရင် သူတို့ကို လူချင်း ပေးတွေ့ကြည့်လို့ ရမယ်တဲ့။ တကယ်လို့ နှစ်ဦးနှစ်ဖက် သဘောကျရင်တော့ ဒီကိစ္စကို အတည်ပြုလို့ ရပြီ"

စုန့်ရှင်းယိက အံ့ဩတကြီး ပြန်မေးလာသည်။

"တကယ်လား၊ သူက အရာရှိကြီးရဲ့ ဆွေမျိုးလေ၊ သူတို့က ငါတို့မိသားစုကို တကယ်ပဲ သဘောကျပါ့မလား"

စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။

"ဆွေမျိုးဆိုပေမယ့် အမေ့ဘက်က တူတစ်ယောက်လေ၊ ဝမ်မျိုးရိုးလည်း မဟုတ်ဘူးဆိုတော့ ပြင်ပဆွေမျိုးသားသားပါပဲ။ ပြီးတော့ သမီးတို့မိသားစုကလည်း ဘာမှ ချို့တဲ့မနေဘူးလေ။ စန်းနွီအတွက် ခန်းဝင်ငွေ အပိုထည့်ပေးလိုက်ရင် ခြံအုပ်ချုပ်သူရဲ့ ဇနီးအဖြစ်နဲ့ လက်ထပ်နိုင်ပြီ၊ အိမ်နဲ့လည်း မဝေးတဲ့နေရာကဆိုတော့ ဒါက အိမ်ထောင်ဖက်ကောင်း မဟုတ်ဘူးလား"

စုန့်ရှင်းယိက ထောက်ခံလိုက်သည်။

"နားထောင်ရတာတော့ ကောင်းသားပဲ၊ ဒါပေမယ့် နင့်အဒေါ်နဲ့တော့ အရင်တိုင်ပင်ရဦးမယ်"

ထိုအချိန်တွင် စုန့်ယွိလန်က ကြားဖြတ်မေးဝင်လိုက်သည်။

"အဲဒီကောင်လေးရဲ့ မျိုးရိုးနာမည် လီလား"

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်မေးလိုက်သည်။

"အစ်မကြီးတောင် သိနေတာလား၊ ဒါပေမယ့် သူ ရောက်လာတဲ့အချိန်ဆို အစ်မ အိမ်ထောင်ကျပြီးသား ဖြစ်နေလောက်ပြီ၊ ဘယ်လိုလုပ်ပြီး သူ့ကို သေသေချာချာ သိနိုင်မှာလဲ"

စုန့်ယွိလန်က ခေတ္တမျှ စဉ်းစားနေပြီးနောက် ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် ပြောလာပြန်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ လူတစ်ယောက်က ငါတို့ဆိုင်မှာ လာစားရင်း ကျောင်းရှင်းကို သိလားလို့ မေးခဲ့တယ်။ ကြားရသလောက်တော့ သူတို့က... ပဉ္စမဦးလေးရဲ့သမီး ကျောင်းရှင်းနဲ့အတွက် မိတ်ဆက်ပေးချင်နေပုံရတယ်။ ငါ နည်းနည်းထပ်မေးကြည့်တော့ အဲဒီလူက ငါတို့ရွာနဲ့ မလှမ်းမကမ်းက ခြံထဲမှာ နေတာတဲ့၊ အသက်နှစ်ဆယ်ဝန်းကျင် လီမျိုးရိုး လူငယ်တစ်ယောက်လို့ ပြောတယ်"

စုန့်ရှင်းယိတစ်ယောက် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်သည်။

"နင် သေချာကြားခဲ့တာရော ဟုတ်ရဲ့လား။ ကျောင်းရှင်းနဲ့ မိတ်ဆက်ပေးချင်တာ ဟုတ်လား"

စုန့်ယွိလန်က ခေါင်းညိတ်ပြလိုက်၏။

စုန့်တင်းရှန်းကတော့ ခပ်အေးအေး ဝင်ပြောလိုက်သည်။

"ဒါပေမယ့် ဒါက မိတ်ဆက်ပေးရုံသက်သက်ပဲလေ၊ အတည်မှ မဟုတ်သေးတာ။ ကျွန်မတို့ဘက်မှာ သမီးရှင် ရှိတဲ့ မိသားစုတွေ များပေမယ့် ကောင်းမွန်တဲ့ လူငယ်လေးတွေက ရှားတယ်လေ။ တကယ်လို့ ကျွန်မတို့ရဲ့ အာ့နွီနဲ့ အဲဒီလူငယ်လေး ဖူးစာဆုံရင်တော့ အိမ်ထောင်ဖက်ကောင်း ဖြစ်လာမှာပေါ့။ တကယ်လို့ အဲဒီလူငယ်က ကျောင်းရှင်းကိုမှ သဘောကျတယ်ဆိုရင်လည်း ကျွန်မတို့ဘက်က ဘာမှ နစ်နာစရာ မရှိဘူး"

စုန့်ကျစ်ယွမ်က ဝင်ပြောလာပြန်သည်။

"ပုံမှန်ဆိုရင်တော့ ဟုတ်တာပေါ့၊ ဒါပေမယ့် နင့်ရဲ့ တတိယအဘိုးမိသားစုနဲ့ ပတ်သက်နေပြီဆိုရင်တော့ ငါ..."

စုန့်တင်းရှန်းက ပြုံးနေရင်းဖြင့် တိုးတိုးလေး ပြောလိုက်ပြန်သည်။

"သူတို့မိသားစုက သူတို့သမီးကို လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တာနဲ့ တခြားဘယ်သူကမှ အဲဒီလူငယ်ကို နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ မရတော့ဘူးလား။ မိတ်ဆက်ပေးတယ်ဆိုတာ စေ့စပ်တာမှ မဟုတ်တာ၊ ဘာလို့ ဒါကို ရေးကြီးခွင်ကျယ် လုပ်နေမှာလဲ"

နေ့လယ်စာ စားပြီးနောက် စုန့်တင်းရှန်းက စုန့်ယွိလန်နှင့် ခေတ္တစကားပြောနေခဲ့ပြီး နောက်ပိုင်းတွင် မြို့ထဲသို့ သွားကာ လိုအပ်သည်များ ဝယ်ယူပြီး အိမ်သို့ ပြန်လာခဲ့ကြသည်။

ထိုသတင်းကို ကြားသည်နှင့် ကျန်းရှီက ဝမ်းသာအားရ ဖြစ်နေရှာသည်။

"တကယ်ကို လိုက်ဖက်တဲ့ အိမ်ထောင်ဖက်ပဲ။ ငါ အဲဒီကလေးကို မြင်ဖူးတယ်၊ သူက တကယ်ကို လူအေးလေးပါ။ ဒါဆို မနက်ဖြန် ငါတို့တွေ မြို့ကို သွားကြမှာလား။ အိုက်ယား... အာ့နွီ၊ နင့်ညီမလေးကိုပဲ ခေါ်သွားလိုက်ပါလား။ ငါက အသွားအလာ သိပ်မရှိဘူးလေ၊ ငါ သွားရင်လည်း စကားကို သေသေချာချာ ပြောတတ်မှာ မဟုတ်ဘူး"

ရွာထဲမှ လယ်သမားမိသားစု အတော်များများက ချမ်းသာသည့် အိမ်တော်များသို့ သွားရောက်လည်ပတ်ရန် ဝန်လေးတတ်ကြသည်။ အဓိကက ဂုဏ်ဒြပ်ကွာဟချက်ကြောင့် အားငယ်ကြခြင်းပင်။ စုန့်ကျစ်ယွမ်ကတော့ ဝက်သတ်သည့် အလုပ်ကြောင့် သူဌေးအိမ်များသို့ အဝင်အထွက် ရှိနေပြီး ကျင့်သားရနေပြီ ဖြစ်သည်။ စုန့်တင်းရှန်းကလည်း ဘယ်သူ့ကိုမှ မကြောက်တတ်သူဖြစ်သည်။ သို့သော် အခြားသူများကတော့ ထိုအိမ်တော်များကို မြင်နေရရုံဖြင့် စိတ်မသက်မသာ ဖြစ်နေကြသည်။

သူတို့က ထိုအကြောင်းကို တွေးရုံနှင့်ပင် ခေါင်းကိုသာ တရစပ် ခါယမ်းနေကြတော့သည်။

လီရှီကလည်း ရယ်ချင်နေသလို ဒေါသလည်း ထွက်နေပြီး ဆူပူနေပြန်သည်။

"ဒါက မင်္ဂလာရှိတဲ့ကိစ္စလေ၊ ဒါကို နင်တို့အားလုံးက... ဒီလိုလုပ်လေ အာ့နွီ၊ မနက်ဖြန် စန်းနွီကို ခေါ်သွား၊ ပြီးတော့ နင့်မိဘတွေနဲ့ နင့်ဒေါ်လေးကိုပါ တစ်ပါတည်း ခေါ်သွားလိုက်။ နင့်ရဲ့အကြီးဆုံးဦးလေးနဲ့ အကြီးဆုံးအဒေါ်က ဘယ်လိုမှ သွားခိုင်းလို့ ရမှာ မဟုတ်ဘူး၊ သွားရင်လည်း ဘာပြောရမှန်း သိမှာ မဟုတ်ဘူး၊ အမှားအယွင်းတွေ ပြောမိရင် ပြဿနာတက်ကုန်ဦးမယ်"

ဖန့်ရှီကတော့ တက်တက်ကြွကြွ ဝင်ပြောလာခဲ့သည်။

"ကောင်းပြီ၊ ငါ လိုက်ခဲ့မယ်။ ငါ ချမ်းသာတဲ့ အိမ်တော်ကြီးမှာ တစ်ခါမှ ထမင်း မစားဖူးဘူး၊ သူတို့ ဘာကောင်းတာတွေ ကျွေးမလဲဆိုတာ သိချင်နေပြီအေ"

လီရှီက စုန့်တင်းရှန်းကို ကြည့်ရင်း မေးလာပြန်သည်။

"ငါတို့ဘက်က လက်ဆောင်တစ်ခုခု ထပ်ယူသွားဖို့ လိုဦးလား"

စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။

"ဒီနေ့ပဲ လက်ဆောင်တွေ ပို့ထားတာလေ။ မနက်ဖြန်ကတော့ လူချင်းတွေ့ဖို့ သွားကြတာမှာတော့ ထမင်းစားဖြစ်၊ မစားဖြစ်က နောက်ကိစ္စပေါ့။ ဒါပေမယ့် အစ်မကိုတော့ မနက်ဖြန်မနက်ကျရင် မုန့်လေးတွေ ပြင်ထားဖို့ မှာထားခဲ့တယ်၊ ပွဲလမ်းသဘင်နဲ့ လိုက်အောင် လက်ဆောင်အဖြစ် ယူသွားကြတာပေါ့" ဟု

လီရှီက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"နင် အရာရာကို အစီအစဉ်တကျ လုပ်ထားမယ်ဆိုတာ အဖွား သိပါတယ်။ မနက်ဖြန်ကျရင် သူတို့ရဲ့ အမူအရာကိုပဲ အကဲခတ်ခဲ့၊ ပြီးတော့ ကျောင်းရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စကိုလည်း စုံစမ်းခဲ့ဦး။ တကယ်လို့ အဲဒီလူငယ်က ကျောင်းရှင်းကို သဘောကျနေတာဆိုရင် ငါတို့ဘက်က အတင်းအကျပ် လုပ်လို့ မဖြစ်ဘူး။ ငါတို့ရဲ့ စန်းနွီအတွက် အိမ်ထောင်ဖက်ကောင်း ရှာဖို့က သိပ်ပြီး စိုးရိမ်စရာ မလိုသေးပါဘူး၊ ဟုတ်တယ်မလား စန်းနွီ"

စုန့်ကျဲကျင့်က မျက်နှာ နီနီလေးဖြင့် ဝင်ပြောလာသည်။

"အဘွားကလည်း သမီးကို အမြဲ စနေတာပဲ။ အဝေးကြီးမှာ အိမ်ထောင်ပြုရမယ်ဆိုရင် သမီးလည်း ပျော်မှာ မဟုတ်ဘူး။ သမီးက အဘိုးအဖွားတွေ၊ မိဘတွေနဲ့ပဲ အတူတူ နေချင်တာ"

လီရှီက ရယ်မောရင်း ထပ်ပြောနေပြန်သည်။

"နောင်ကျရင် နင် အိမ်မပြန်ချင်မှာကို ငါ စိုးရိမ်မိပါရဲ့အေ"

"အဖွားနော်!"

စုန့်ကျဲကျင့်က ရှက်ကိုးရှက်ကန်းဖြင့် လီရှီ၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်နေပြီး ကလေးဆိုးလေးလို ချွဲနွဲ့နေလေသည်။

"အဘွားကလည်း ဘယ်တွေ ပြောနေမှန်း မသိဘူး"

နောက်တစ်နေ့ နံနက်တွင် စုန့်ကျစ်ယွမ်က မြည်းလှည်းကို သေသေချာချာ ဆေးကြောပြီး ထိုင်ခုံအသစ်များ ခင်းကာ အခင်းအသစ်များလဲ လဲလှယ်လိုက်သည်။ ထို့နောက် လိုက်ကာများကိုလည်း တပ်ဆင်လိုက်ရာ မြည်းလှည်းကလေးက အတော်ပင် ကြည့်ကောင်းသွားသည်။ စုန့်ကျဲကျင့်ကလည်း သူမကိုယ်သူမ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ပြင်ဆင်ထားပြီး အနက်ရောင် တောက်ပနေသည့် ဆံနွယ်များကို ခေါင်းပေါ်တွင် ထုံးထားကာ ဘေးနှစ်ဖက်တွင် ကျစ်ဆံမြီးလေးများ ပြန်ချထားသောကြောင့် ချစ်စဖွယ်နှင့် တက်ကြွသော ပုံစံလေး ဖြစ်နေခဲ့သည်။

သူမက တန်ဖိုးကြီး လက်ဝတ်ရတနာများ မဝတ်ထားဘဲ ဝမ်အိမ်တော်က လက်ဆောင်ပေးထားသော ကတ္တီပါပန်းပွင့်လေးများကို ဆံပင်တွင် ပန်ဆင်ထားသည်။ နားတွင် ခရုနားကပ်လေးများ ဆွဲထားပြီး လက်တွင် အနီရောင် ကျောက်နီလက်စွပ်လေး ဝတ်ထားသောကြောင့် သူမ၏ လက်ချောင်းလေးများကို ပို၍ သွယ်လျဖြူစင်ဟန် ဖြစ်နေစေသည်။

သူမက အစိမ်းနုရောင် စကတ်နှင့် အနီနုရောင် အင်္ကျီကို တွဲဖက်ဝတ်ဆင်ထားသည်။ ၎င်းက ဤခေတ်၏ လူကြိုက်များသော အရောင်အတွဲအစပ် ဖြစ်ပြီး အရောင်များက နူးညံ့အေးမြသောကြောင့် သူမနှင့် အလွန်ပင် လိုက်ဖက်ကြည့်ကောင်းနေသည်။

စုန့်တင်းရှန်းကတော့ သာမန်အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကဲ့သို့ ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသည်။ ကျိုးယိနို ပေးထားသော ငွေဆံထိုးလေးကို ထိုးကာ သံလွင်ပန်းပုံ ငွေနားကပ်လေး ဝတ်ထားပြီး အရောင်ရင့်ရင့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။ ခရမ်းနုရောင် သံလွင်ပန်းလေးများ ပါသော တက်တင်းဇာပုဝါကို ထပ်ခြုံလိုက်ရုံဖြင့် ပြည့်စုံသွားပြီ ဖြစ်သည်။

မိသားစုဝင်များ မြည်းလှည်းပေါ်တက်လိုက်ကြပြီး မြို့သို့ ထွက်ခွာလာခဲ့ကြသည်။ ဝမ်အိမ်တော်၏ တစ်လပြည့်ပွဲက အလွန်ခမ်းနားလှပြီး အနီးနားရှိ လူအများအပြားကို ဖိတ်ကြားထားသောကြောင့် မြင်းလှည်းများက အိမ်ရှေ့အထိ တန်းစီနေလေသည်။

ထိုရထားလုံးများနှင့် မြင်းလှည်းများကို မြင်လိုက်ရမှ ဖန့်ရှီတစ်ယောက် အနည်းငယ် စိတ်မလုံမလဲ ဖြစ်လာပြီး စုန့်တင်းရှန်းကို ကပ်ပြောလိုက်သည်။

"အာ့နွီ... ကြည့်ပါဦး၊ တခြားသူတွေက မြင်းလှည်းတွေနဲ့ ချည်းပဲ"

စုန့်တင်းရှန်းကတော့ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ရပါတယ်၊ ဘာမှ မဖြစ်ဘူး၊ သမီးတို့က ကြွယ်ဝမှုကို ထုတ်ကြွားဖို့ လာတာမှ မဟုတ်တာ။ မြည်းလှည်းဆိုတော့ရော ဘာဖြစ်လဲ၊ အနီးနားရွာတွေမှာ မြည်းလှည်းတောင် ရှိတာ မဟုတ်ဘူး"

သူမက ပြောနေရင်းဖြင့် လိုက်ကာကို မကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက အပြုံးလေးဖြင့် ထပ်ပြောလာပြန်သည်။

"အော်... အငယ်ဆုံးဦးလေးလည်း ရောက်နေတာပဲ"

ဝမ်မိသားစုက မြို့ပေါ်တွင် ဂုဏ်သရေရှိ အရာရှိမျိုးနွယ် ဖြစ်ပြီး သူတို့ သားဦးလေး၏ တစ်လပြည့်ပွဲကို ခမ်းခမ်းနားနား ကျင်းပရန် ပြင်ဆင်ထားကြသည်။ သူတို့က စီးပွားဖက်များကိုသာမက မြို့၏ အုပ်ချုပ်ရေးအရာရှိများ၊ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီးနှင့် နယ်ခံ သူဌေးကြီးများကိုပါ ဖိတ်ကြားထားခြင်း ဖြစ်သည်။

စာသင်ကျောင်း၏ ကျောင်းအုပ်ကြီးက စုန့်ကျစ်ရွှမ်း၏ ယောက္ခမ ဖြစ်ပြီး ယောက္ခမဖြစ်သူက ဤကဲ့သို့သော ပွဲလမ်းသဘင်များတွင် သမက်ဖြစ်သူကို တစ်ပါတည်း ခေါ်ဆောင်လာခြင်းက သူ နောင်တစ်ချိန် အစိုးရစာမေးပွဲ အောင်မြင်ခဲ့ပါက လမ်းစရစေရန်နှင့် လူကုံထံ အသိုင်းအဝိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

စုန့်တင်းရှန်း၏ စကားကို ကြားလိုက်သည်နှင့် ပိုင်ရှီကလည်း အပြင်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလေးက ရှက်သွေးဖြာလာပြီး သူမ၏မျက်ဝန်းများထြတွင် တမ်းတမှုများဖြင့် ပြည့်နှက်လာသည်။

စုန့်ကျစ်ယွမ် မောင်းလာသော လှည်းကို မြင်လိုက်သည့် စုန့်ကျစ်ရွှမ်းကလည်း အပြေးအလွှား ရောက်လာခဲ့သည်။ စုန့်ကျစ်ယွမ်က လှည်းပေါ်မှ ဆင်းကာ ကျောင်းအုပ်ကြီးပိုင်ကို တရိုတသေ နှုတ်ဆက်လိုက်သည်။ စုန့်ကျစ်ရွှမ်းကတော့ ရယ်မောရင်း အားပါတရ ပြောလာခဲ့သည်။

"ဒီကို လာပြီး သိတဲ့သူတွေနဲ့ မတွေ့မှာ စိုးရိမ်နေတာ၊ အခုတော့ ဒုတိယအစ်ကိုတို့နဲ့ ဆုံရပြီ၊ တကယ်ကို အဆင်သင့်တာပဲ"

စုန့်တင်းရှန်းကလည်း လှည်းပေါ်မှ ဆင်းလာရင်း သူ့ကို လှမ်း အသိပေးလိုက်သည်။

"အငယ်ဆုံးဦးလေး... ဦးလေးရဲ့ ဇနီးလည်း ပါလာတယ်နော်"

"အော်... ဟုတ်လား"

စုန့်ကျစ်ရွှမ်း၏ မျက်လုံးများက ဝင်းလက်သွားပြီး အလောတကြီး မေးလာပြန်သည်။

"ကလေးကိုရော ခေါ်လာကြလား"

စုန့်တင်းရှန်းက မျက်စောင်းထိုးရင်း ပြန်ဖြေလိုက်သည်။

"ဒီလိုပွဲမျိုးကို ကလေးကို ဘယ်လိုလုပ် ခေါ်လာလို့ ရမှာလဲ ဦးလေးရယ်။ ဦးလေးရဲ့သမီးလေးကို တွေ့ချင်ရင်တော့ အိမ်ပြန်လာပြီး လာတွေ့လေ"

စုန့်ကျစ်ယွမ်က ရယ်မောလျက် လှည်းထဲသို့ လှမ်းကြည့်ကာ ထပ်ပြောလိုက်သည်။

"ဒါဆိုရင် ငါတို့တွေ အထဲကို အတူတူပဲ ဝင်ကြတာပေါ့"

ထိုအချိန်တွင် ဝမ်အိမ်တော်မှ အစေခံလုလင်လေးတစ်ဦး ပြေးထွက်လာသည်။

"အဝေးကတည်းက လှည်းပုံစံကို ကြည့်ပြီး စုန့်သခင်မလေးတို့ ဖြစ်မယ်လို့ ထင်နေတာ၊ အခုတော့ တကယ်ပဲကိုး၊ သခင်မကြီးက စုန့်သခင်မလေးနဲ့ မိသားစုကို နောက်ဖေးဝင်းဆီ တန်းတန်းမတ်မတ် ဖိတ်ခေါ်ခဲ့ဖို့ မှာထားပါတယ်။ သခင်ကြီးရဲ့ မိခင်ကလည်း သခင်မလေးနဲ့ စကားပြောချင်နေတာပါ"

သူက ပြောနေရင်းဖြင့် စုန့်ကျစ်ယွမ်ထံမှ ဇက်ကြိုးကို လွှဲယူကာ မြည်းလှည်းကို ကူဆွဲပေးနေသည်။

အိမ်တော်တံခါးဝသို့ ရောက်သောအခါ အစေခံမလေးများနှင့် အထိန်းတော်အိုကြီးများက စုန့်မိသားစုမှ အမျိုးသမီးများ လှည်းပေါ်မှ ဆင်းရန် ကူညီပေးကြပြီး အစေခံတစ်ယောက်က လှည်းကို မြင်းဇောင်းထဲသို့ ယူဆောင်သွားကြသည်။ အစေခံလုလင်က အမျိုးသားဧည့်သည်များကို ပင်မအိမ်ကြီးဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး အမျိုးသမီးဧည့်သည်များကတော့ အစေခံမလေးများနောက်မှ လိုက်ပါသွားကာ ဥယျာဉ်ကို ဖြတ်ကျော်ပြီး နောက်ဖေးဝင်းဆီသို့ ဦးတည်လိုက်ကြသည်။

"ဒီလို မျိုးရိုးကြီးတဲ့ မိသားစုတွေက တကယ်ကို စနစ်တကျ ရှိတာပဲ..."

ဖန့်ရှီက ပတ်ဝန်းကျင်ကို မကြည့်ရဲ ကြည့်ရဲ့ဖြင့် ဟိုကြည့်ဒီကြည့် လုပ်ပြီးမှ သမီးဖြစ်သူကို တိုးတိုးလေး ပြောနေရှာသည်။

ရှေ့မှ ဦးဆောင်ခေါ်သွားသော အစေခံမလေးက အပြုံးဖြင့် ရှင်းပြလာခဲ့သည်။

"ပုံမှန် မိသားစုဝင်တွေချည်းပဲ ရှိနေတာဆိုရင်တော့ ဒီလောက်အထိ တခမ်းတနား လုပ်လေ့ မရှိပါဘူး၊ ဒါပေမယ့် ဒီနေ့က သခင်လေးရဲ့ တစ်လပြည့်ပွဲဖြစ်သလို သခင်ကြီးကလည်း ဧည့်သည်တွေ အများကြီး ဖိတ်ထားတာဆိုတော့ အမှားအယွင်း မရှိအောင် အမျိုးသားနဲ့ အမျိုးသမီး နေရာခွဲပြီး ပြင်ဆင်ထားရတာပါ၊ ကျွန်မတို့ရဲ့ အဖိုးတန်ဧည့်သည်တော်တွေ စိတ်အနှောင့်အယှက်ဖြစ်စေမှာစိုးလို့ သီးခြားစီထိုင်ဖို့ စီစဉ်ပေးထားတာမျိုးပါ"

စုန့်တင်းရှန်းက ထိုအစေခံမလေးကို မသိမသာ အကဲခတ်လိုက်သည်။ သူမက အစေခံဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အဝတ်အစားနှင့် လက်ဝတ်ရတနာများက ဘေးနားက အခြားအစေခံမလေးများထက် ပို၍ သိသာထင်ရှားစွာ တောက်ပနေပြီး သန့်ပြန့်ကျော့ရှင်းနေသည်။

စုန့်တင်းရှန်းက အပြုံးဖြင့် လှမ်းမေးလိုက်သည်။

"အစ်မက သခင်မကြီးကို အလုပ်အကျွေးပြုနေတာလား"

အစေခံမလေးက မျက်လုံးလေးများ ပြူးသွားပြီး မျက်တောင်တဖျတ်ဖျတ် ခတ်လျက် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်မောလိုက်သည်။

"ကျွန်မတို့ သခင်မကြီးက ပြောခဲ့ဖူးတယ်၊ စုန့်သခင်မလေးက တကယ့်ကို ထက်မြက်တယ်တဲ့။ ကျွန်မ အစက မယုံခဲ့ဘူး။ အခု လူချင်းတွေ့မှပဲ တကယ်ဆိုတာ ယုံသွားရပြီ။ ဒါကို သခင်မလေးက ဘယ်လိုသိသွားတာလဲ"

"အစ်မရဲ့ အမူအရာက တခြားသူတွေနဲ့ မတူဘူးလေ၊ တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့နေတာကို ကြည့်ရင် သခင်မကြီးရဲ့ အနားမှာ အကြာကြီး အလုပ်အကျွေးပြုရတဲ့ သူဆိုတာ သိသာပါတယ်။ ပြီးတော့ သခင်မကြီးကလည်း ဘာသာတရား ကိုင်းရှိုင်းတယ်လို့ ကျွန်မ ကြားဖူးတယ်၊ အစ်မဆီကနေ စန္ဒကူးနံ့ သင်းသင်းလေး ရနေလို့ ကျွန်မ ခန့်မှန်းကြည့်လိုက်တာပါ"

အစေခံမလေးက သူမ၏မျက်ခုံးလေးများ ကွေးညွှတ်သွားသည်အထိ အပြုံးလေးဖြင့် ပြန်ဖြေလာသည်။

"ဟုတ်တယ်၊ ကျွန်မက သခင်မကြီးရဲ့ အကြီးတန်းအစေခံ ကျန်းကျူးပါ။ ကျွန်မကို 'အစ်မ' လို့ မခေါ်ပါနဲ့၊ ကျန်းကျူးလို့ပဲ ခေါ်ပါ"

စုန့်တင်းရှန်းက ကိုယ်ကိုအနည်းငယ် ညွှတ်ကာ တယဉ်တကျေး ထပ်ခေါ်လိုက်သည်။

"အစ်မကျန်းကျူး"

ကျန်းကျူးက သဘောကျစွာ ရယ်မောရင်း ချီးကျူးလိုက်ပြန်သည်။

"သခင်မလေးကို ကြည့်ရတာ ကျေးလက်မိသားစုမှာ ကြီးပြင်းလာသူနဲ့ မတူဘူး၊ အမူအရာတွေက တကယ်ကို သိမ်မွေ့လွန်းတယ်"

သူမတို့ လျှောက်လာကြရင်း နောက်ဖေးဝင်းသို့ ရောက်လာချိန်တွင် ဝမ်သခင်မက ဝင်ပေါက်တွင် ရှိနေပြီး ပုလဲရတနာများ ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူမက မော့ကြည့်လိုက်ပြီး စုန့်တင်းရှန်းကို မြင်လိုက်သည့်နှင့် ချက်ချင်း ပြုံးသွားကာ လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။

"မင်းတို့ ဘယ်တော့လာမလဲလို့ ငါ မျှော်နေတာ၊ အခုတော့ ရောက်လာကြပြီ"

ပုလဲရတနာများ ဆင်မြန်းထားသော အမျိုးသမီးကလည်း စုန့်တင်းရှန်းတို့ လူစုကို မြင်သွားပြီး မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။

"အစ်ကိုက ဒီမှာနေတာ ကြာပြီပဲ၊ ဘယ်လိုဖြစ်ပြီး ဒီလိုလူမျိုးတွေကို သိနေရတာလဲ"

ဝမ်သခင်မက သူမ၏အပြုံးကို ထိန်းသိမ်းထားရင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"ဒီနေရာက ဂုဏ်သရေရှိ လူကြီးမင်းတွေပဲ ပြည့်နေတဲ့ နေရာမဟုတ်ပါဘူး၊ ငါတို့က ရိုးရိုးရှင်းရှင်းနဲ့ စိတ်အေးချမ်းဖို့ပဲ မျှော်လင့်တာ။ ကဲ... နင်လည်း အထဲဝင်တော့၊ အမေလည်း နင့်ကို စောင့်ရင်း စိတ်မရှည်ဖြစ်နေလောက်ပြီ"

ထိုအမျိုးသမီးက နှုတ်ခမ်းကို မဲ့လိုက်ပြီး အစေခံမလေး၏ တွဲကူမှုဖြင့် ခါးကလေးနွဲ့ကာ တင်ပါးလှုပ်ယမ်းရင်း ခြေလှမ်းကြွလျက် အတွင်းခြံဝင်းအတွင်းသို့ ဝင်သွားလေသည်။

ထို့နောက် စုန့်တင်းရှန်းတို့လည်း သူမ အနားသို့ ရောက်လာသောကြောင့် ဝမ်သခင်မကြီးက အပြုံးဖြင့် ပြောလာခဲ့သည်။

"ဒီနေ့ လူတွေ အများကြီး ရှိနေတာဆိုတော့ မင်းတို့အတွက် သီးသန့် အိမ်ဝင်းလေး တစ်ခု ပြင်ထားပေးတယ်။ အဲဒါမှ စိတ်မချမ်းသာစရာ ဖြစ်စေမယ့် တခြားသူတွေနဲ့ မဆုံတော့မှာ"

ပြောရင်းဆိုရင်းဖြင့် သူမက စုန့်တင်းရှန်း၏ လက်ကို ကိုင်လိုက်ပြီး ဖန့်ရှီကို လှည့်ပြောလိုက်သေးသည်။

"ယောင်းမ... ယောင်းမမှာ ဒီလောက် ထက်မြက်တဲ့ သမီးရှိတာ တကယ်ကို ကံကောင်းတာပဲနော်။ နောင်ဆို ယောင်းမရဲ့ အနာဂတ် နေ့ရက်တွေက အဆုံးမရှိ ကံကောင်းခြင်းတွေနဲ့ ပြည့်ပြီး ပျော်စရာကောင်းနေတော့မှာ"

ဖန့်ရှီက အလောတကြီး ပြန်ပြောလိုက်သည်။

"စကားကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့လို တော်သူသတောင်သားတွေကတော့ ဝဝလင်လင် စားရပြီး နွေးနွေးထွေးထွေး ဝတ်ရလို့ ကျန်းမာနေရင်ပဲ ကျေနပ်နေပါပြီ"

ဝမ်သခင်မက သူတို့ကို အိမ်ဝင်းအတွင်းသို့ ဦးဆောင်ခေါ်သွားရင်း ဖန့်ရှီ၏စကားကို အလိုက်သင့် ထောက်ခံနေခဲ့သည်။

"ဘယ်သူက ဝဝလင်လင် စားရ၊ ဝတ်ရပြီး ကျန်းမာဖို့ကို မလိုလားဘဲ နေပါ့မလဲ။ ကျွန်မတို့လို အမျိုးသမီးတွေအတွက် ဆိုရင်တော့ ဘာများ တောင့်တနိုင်မှာလဲ.... အိမ်ထောင် သာယာဖို့နဲ့ သားသမီးတွေရဲ့ ဘဝတွေ ကောင်းဖို့ကလွဲလို့ တခြား ဘာမှ မလိုချင်ပါဘူးလေ၊ အထူးသဖြင့် ကိုယ့်အနားမှာ မနေနိုင်ဘဲ အဝေးကို အိမ်ထောင်ပြုသွားရတဲ့ သမီးလေးတွေအတွက် တွေးမိရင် စိတ်မကောင်းဖြစ်ရတယ်"

ထိုစကားများကို ကြားရချိန်တွင် ဖန့်ရှီက စိတ်ထိခိုက်သွားပြီး သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်လေ၊ ကံကြမ္မာကို ဘယ်သူက ငြင်းနိုင်မှာလဲ။ ကျွန်မရဲ့ သမီးနှစ်ယောက်စလုံး သူတို့ ဖြစ်ချင်တဲ့အတိုင်း အိမ်ထောင်မပြုခဲ့ရတာ နှမြောစရာပဲ။ အခု စန်းနွီအာကိုတော့ မိသားစုကောင်းကောင်းနဲ့ ဆုံပြီး အဆင်ပြေပြေ နေသွားရဖို့ မျှော်လင့်မိတယ်"

ဝမ်သခင်မကလည်း သက်ပြင်းအတူလိုက်ချရင်း ပြောလာပြန်သည်။

"ကျွန်မမှာလည်း သမီးနှစ်ယောက် ရှိတယ်လေ၊ အိမ်ထောင်ပြုရမယ့် အရွယ်မရောက်သေးပေမယ့် သူတို့အတွက် အမြဲ စိတ်ပူနေရတာ။ ဒါပေမယ့် အရမ်းလည်း စိတ်မပူပါနဲ့ ယောင်းမရယ်၊ အခု ယောင်းမရဲ့ သမီးကြီးကလည်း ဒီအနီး အနားမှာပဲ ရှိနေတာဆိုတော့ ကျွန်မ ကူညီကြည့်ရှုပေးနိုင်ပါတယ်။ နောက်ပိုင်းက သင့်တော်တဲ့သူနဲ့ ဆုံရင် သူလည်း ပြန်ပြီး အိမ်ထောင်ပြုလို့ ရတာပဲလေ"

ဖန့်ရှီက ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

"သခင်မက ဒီလောက်အထိ ကူညီပေးမယ်ဆိုရင်တော့ ကျွန်မတို့အတွက် အများကြီး အားရှိရပါတယ်ရှင့်၊ သခင်မကို ခက်ခဲစေမိပြီ"

ဝမ်သခင်မက အပြုံးဖြင့် ပြောလာပြန်သည်။

"ဒါက ဘာမှ မခက်ခဲပါဘူး၊ ကျွန်မတို့တွေက မိသားစုတွေပဲဟာ၊ ကျွန်မတို့သမီးလေးအတွက် မသင့်တော်တဲ့သူကို ကျွန်မ ဘယ်လိုလုပ် ရှာပေးပါ့မလဲ။ ကျွန်မက သားလေးရဖို့ နှစ်ပေါင်းများစွာ ဆုတောင်းခဲ့ရတာဆိုတော့၊ သားလေးအတွက် ကုသိုလ်တွေ ဆက်ပြီး စုဆောင်းပေးရဦးမှာပေါ့"

အိမ်ခြံဝင်းကလေးက ဧည့်သည်များအတွက် အဓိက ခြံဝင်းနှင့် ကပ်လျက်ရှိပြီး အစေခံမလေးနှစ်ဦးနှင့် အထိန်းတော်ကြီးနှစ်ဦးတို့က အနီးကပ် ဧည့်ခံပေးရန် အသင့်ရှိနေကြသည်။ ခြံဝင်းကို အလှဆင်ထားပုံကလည်း အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပြီး သပ်ရပ်ကျော့ရှင်းနေသည်။

ဖန့်ရှီတို့လူစု နေသားကျသွားသည်ကို မြင်လိုက်မှ ဝမ်သခင်မက စကားစလာခဲ့သည်။

"ကျွန်မရဲ့ ယောက္ခမက တင်းရှန်းနဲ့ တတိယမိန်းခလေးကို စကားပြောချင်နေတာ။ ယောင်းမတို့ကတော့ ဒီမှာပဲ ခဏနားနေ ကြဦးနော်၊ ကျွန်မ သူတို့နှစ်ယောက်ကို ယောက္ခမဆီ ခေါ်သွားပေးလိုက်ဦးမယ်"

ဖန့်ရှီကလည်း သဘောတူလိုက်သောကြောင့် ဝမ်သခင်မက စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့ကို အဘွားအိုနေထိုင်ရာ နောက်ဖေးခြံဝင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အဘွားအို၏ အဆောင်တွင် အမျိုးသမီးများနှင့် ကလေးငယ်များ ရှိနေပြီး အလွန် စည်ကားနေသည်။ ဝမ်သခင်မက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော မိန်းကလေးနှစ်ဦးအား ကိုယ်တိုင်ခေါ်လာသည်ကို မြင်လိုက်ရသောကြောင့် လူအများက စပ်စုချင်စိတ်ဖြင့် စူးစမ်းနေကြသည်။

ပုလဲရတနာများ ဆင်မြန်းထားသော အမျိုးသမီးက နှာခေါင်းရှုံ့လျက် စောင်းမြောင်းပြောလာပြန်သည်။

"အိုး... အခု အစ်ကိုရဲ့မိသားစုက အစေခံတွေ ရွေးတာတောင် အမေကိုယ်တိုင် ရွေးချယ်နေရပြီလား"

ဝမ်သခင်မက သူမကို တစ်ချက်မျှသာ အေးစက်စက်ကြည့်ပြီး ဘာမှပြန်မပြောဘဲ ဝမ်အဘွားကြီးကိုသာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက မိတ်ဆက်ပေးလိုက်သည်။

"အမေ... ဒါက ကျွန်မ ခဏခဏ ပြောပြဖူးတဲ့ စုန့်တင်းရှန်းပါ။ သူ့ဘေးက လှလှပပ မိန်းကလေးကတော့ သူ့ညီမ စုန့်ကျဲကျင့်ပါ"

ဝမ်အဘွားကြီး၏ အပြုံးများက ပို၍ ကျယ်ပြန့်လာပြီး တရင်းတနှီး လှမ်းခေါ်လိုက်သည်။

"ဒီကို လာကြပါဦး၊ အဘွား သေသေချာချာ ကြည့်ပါရစေ။ အိုး... ဒီမိန်းကလေးနှစ်ယောက်လုံးက ကြည့်ကောင်းလိုက်တာ။ တင်းရှန်းက ဟင်းချက် အရမ်းတော်တယ်လို့ ကြားဖူးတယ်၊ အဘွားလည်း မြည်းကြည့်ပြီးပြီ၊ တကယ် ကြိုက်သွားတာ။ ဒါက ကျဲကျင့်လား... ရုပ်ရည်လေးက တကယ်ကို နူးညံ့တာပဲ"

ညီအစ်မနှစ်ဦးစလုံးက အဘွားအိုကို တရိုတသေ ဦးညွှတ်လိုက်ပြီးမှ မတ်မတ်ပြန် ရပ်လိုက်ကြသည်။ စုန့်တင်းရှန်းက အခန်းထဲရှိ လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အခြေအနေကို အကဲခတ်မိသွားသည်။

ဝမ်အဘွားကြီးက စုန့်ကျဲကျင့်၏ လက်ကို ဆွဲကာ သေသေချာချာ ကြည့်ရှုစစ်ဆေးပြီး အပြုံးဖြင့် ပြောလာပြန်သည်။

"ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ အဘွား သူလေးကို သဘောကျတယ်"

ပုလဲရတနာ ဆင်မြန်းထားသည့် အမျိုးသမီးက ရယ်မောရင်း ဝင်ပြောလာပြန်သည်။

"ဒါဆို ယောင်းမက အမေ့အတွက် စားဖိုမှူး ရွေးပေးနေတာပေါ့ ဟုတ်လား"

ဝမ်အဘွားကြီးက သူမကို ခပ်အေးအေးကြည့်ကာ ဆူပူလိုက်သည်။

"ချန်အာ... ဧည့်သည်ဆိုတာ ဧည့်သည်လို နေတတ်ရမယ်။ နင်က အိမ်ထောင်ကျတာတောင် ဒီလောက်ကြာနေပြီ၊ ဒီလောက်ရိုးရှင်းတဲ့ စည်းကမ်းကိုတောင် နားမလည်သေးဘူးလား"

ဝမ်သခင်မကလည်း ဝင်ပြောလိုက်သည်။

"အမေ... သူတို့က ကိုယ်လုပ်တော်က မွေးတဲ့သူတွေဆိုတော့ နဂိုကတည်းက အခြေခံစည်းမျဥ်းကို မသိကြဘူးလေ၊ ဒါကြောင့် နားမလည်တာ မဆန်းပါဘူး။ ဒီတော့ ညီမလေးကို အမေနဲ့အတူ ရက်အနည်းငယ်လောက် နေခိုင်းလိုက်ရင်ရော။ အမေနဲ့ ညီမလေးတို့ သံယောဇဉ် ပိုတိုးလာတာပေါ့"

ပုလဲရတနာများ ဆင်မြန်းထားသည့် အမျိုးသမီး၏ မျက်နှာက ပျက်ယွင်းသွားပြီး ဘာမှ ထပ်မပြောတော့ဘဲ ငြိမ်ကျသွားသည်။

ဝမ်အဘွားကြီးက စုန့်ကျဲကျင့်နှင့် အချိန်အနည်းငယ်လောက် စကားပြောနေခဲ့သည်။ အဓိကအားဖြင့် မိသားစုအကြောင်း၊ အိမ်တွင် လူဘယ်နှစ်ယောက်ရှိလဲ၊ နေ့တိုင်း ဘာလုပ်လေ့ရှိလဲ စသည်ဖြင့် ရင်းရင်းနှီးနှီး မေးမြန်းနေခဲ့သည်။

စုန့်ကျဲကျင့်ကလည်း ဘာမှမဖုံးကွယ်ဘဲ အမှန်အတိုင်း ပြန်ဖြေနေသည်။ သူမ လယ်ယာလုပ်ငန်းအကြောင်း ပြောပြနေချိန်တွင် ဘေးနားမှ လူအချို့က လှောင်ပြုံး ပြုံးကြသော်လည်း အဘွားကြီးကတော့ ဂရုမစိုက်ချေ။

"မင်းတို့ရဲ့ ရိုးသားဖြူစင်မှုကို အဘွား သဘောကျတယ်။ အဘွား ငယ်ငယ်တုန်းကလည်း မိသားစုနဲ့အတူ လယ်ထဲမှာ စပါးတွေ၊ ပြောင်းဖူးတွေ စိုက်ခဲ့ရတာပဲ။ အိမ်ထောင်ကျပြီးတော့လည်း ဟင်းသီးဟင်းရွက်တွေ စိုက်၊ ပန်းထိုးပြီးတော့ ဘဝကို ရုန်းကန်ခဲ့ရတာ။ လူဆိုတာ ဒုက္ခကို ကြုံဖူးမှ အခုရနေတဲ့ သုခရဲ့ အရသာကို ပိုသိတာမျိုးလေ။ မင်းလို မိန်းကလေးမျိုးကို အဘွား သဘောကျတယ်"

အဘွားကြီးက လိုလိုလားလား ပြောနေသောကြောင့် စုန့်ကျဲကျင့်က ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘွား၊ အဘွား တကယ်သဘောကျတယ်ဆိုရင် နောက်လည်း အစ်မနဲ့အတူ အဘွားဆီ လာပြီး စကားပြောပေးပါ့မယ်"

သူမက ထိုအဘွားကြီးကို တကယ်ပင် သဘောကျနေမိခြင်းပင်။ အဘွားအို၏ နူးညံ့သိမ်မွေ့သော အရှိန်အဝါက သူမ၏အဘွား လီရှီကို သတိရစေသောကြောင့် ဖြစ်သည်။

လီရှီက စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပြီး သားသမီးမြေးမြစ်များအပေါ်တွင် အလွန် နူးညံ့ပြီး အလွန်ချစ်ခင်သူတတ်သူ ဖြစ်သည်။

ဝမ်အဘွားကြီးက တဟားဟား ရယ်မောရင်း ပြန်ပြောလာသည်။

"ဒါဆိုရင်တော့ ကတိတည်ရမယ်နော်။ မင်းတို့ ညီအစ်မနှစ်ယောက် တိုင်ပင်ပြီး အဘွားဆီ လာခဲ့ကြဦး"

ထိုအချိန်တွင် ကျန်းကျူးအမည်ရှိ အစေခံမလေး ဝင်လာပြီး အပြုံးလေးဖြင့် သတင်းပို့လာခဲ့သည်။

“သခင်မကြီးရှင့်... စားတော်ပွဲတွေ တည်ခင်းပြီးလို့ အဆင်သင့် ဖြစ်နေပါပြီရှင့်"

ဝမ်သခင်မက ဝမ်အဘွားကြီး၏ နားနားသို့ ကပ်ကာ စကားအချို့ တိုးတိုးလေး ပြောလိုက်သည်။ အဘွားကြီးက ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"အင်း... အဲဒါ အဆင်ပြေပါတယ်။ ပြဿနာတွေ မတက်အောင် ရှောင်တာက ပိုကောင်းတာပေါ့။ ကဲ... သူတို့နှစ်ယောက်ကို ခေါ်သွားပြီး သေသေချာချာ ဂရုစိုက်ပေးလိုက်ဦး"

ကျန်းကျူးက စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့ကို အိမ်ဝင်းလေးဆီသို့ ပြန်ပို့ပေးခဲ့သည်။ ကျန်းကျူးက အပြုံးဖြင့် ပြောပြလာပြန်သည်။

"ဒီနေ့ ကျွန်မ တော်တော် အချိန်ရနေတာနဲ့ အတော်ပဲ။ သခင်မကြီးက သခင်မလေးတို့ကို သေသေချာချာ အလုပ်အကျွေးပြုဖို့ ကျွန်မကို ညွှန်ကြားလိုက်တယ်"

ဖန့်ရှီက အားနာဟန်ဖြင့် ငြင်းဆန်လိုက်သည်။

"ငါတို့တွေကို ပြုစုပေးဖို့ မလိုပါဘူး ကျန်းကျူးရယ်၊ မြန်မြန် ထိုင်ပါဦး။ နင် အဲ့လိုကြီး မတ်တတ်ရပ်နေရင် ငါတို့တွေ ထမင်းစားရတာ အဆင်မပြေလို့ပါ"

"ဟုတ်ကဲ့ပါရှင်၊ သခင်မကြီးက ကျွန်မ ပျင်းနေမှာဆိုလို့ တကူးတက ခွင့်ပေးတာဆိုတော့လည်း ကျွန်မ အပျင်းပြေ ထိုင်ကြည့်ပါ့မယ်”

ကျန်းကျူးက နောက်ပြောင်ရင်း စုန့်ကျဲကျင့်၏ ဘေး၌ ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင် လှပသေသပ်စွာ ပြင်ဆင်ထားသော ဟင်းလျာများကို တစ်ခုပြီးတစ်ခု တည်ခင်းနေကြသည်။

ဖန့်ရှီက တစ်ခုခုပြောချင်ဟန်ဖြင့် ပါးစပ်ပြင်လိုက်သော်လည်း စုန့်တင်းရှန်းကို တစ်ချက်လှမ်းကြည့်ကာ ဘာမှမပြောဘဲ ပြန်ငြိမ်သွားသည်။

ကျန်းကျူးက ထိုအမူအရာကို ရိပ်မိသွားပြီး ရှင်းပြလာပြန်သည်။

"ဒီဟင်းတွေက ပန်းကန်ထဲမှာ ကြည့်ကောင်းရုံတင်ပါရှင်။ တကယ်တော့ ကျွန်မအမြင် ပြောရရင် အိမ်မှာ ချက်တဲ့ ဟင်းအိုးကြီးထဲက ဟင်းတွေကမှ ပိုပြီး မွှေးကြိုင်သလို စားရတာလည်း ပိုကောင်းတယ်။ အရင်က ကျွန်မအမေ ချက်ကျွေးတဲ့ ငန်းသားဟင်းကိုတောင် သတိရမိသေးတယ်။ ဒီကို ရောက်ကတည်းက အဲဒီလိုမျိုး မစားရတော့တာ"

စုန့်တင်းရှန်းက အသားလုံးတစ်လုံးကို ဖန့်ရှီ၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း ကျန်းကျူးကို ပြုံးပြလိုက်သည်။

"စားချင်ရင် စားရဖို့ မခက်ပါဘူး အစ်မကျန်းကျူးရဲ့၊ သခင်မကြီးကို အကြောင်းပြချက်လေး တစ်ခုခုပေးပြီး ကျွန်မတို့အိမ်ကို လာခဲ့လေ။ ကျွန်မတို့အမေချက်တဲ့ ငန်းသားဟင်းက တကယ်ကို အရသာရှိတာ။ ပြီးတော့ ကြက်ဥ၊ ဘဲဥ ငံပြာရည်စိမ်တွေလည်း ရှိသေးတယ်၊ အဲဒီဥတွေကို ယာဂု နဲ့ တွဲစားရင် အရမ်း စားကောင်းတယ်"

ကျန်းကျူးကလည်း အပြုံးဖြင့် ပြန်ပြောလာသည်။

"ကျွန်မ မှတ်ထားမယ်နော်၊ ကျွန်မ ရောက်လာတဲ့ အခါကျမှ မသိချင်ယောင် မဆောင်နဲ့ဦး"

စကားအနည်းငယ် ပြောလိုက်ရုံနှင့် လူတိုင်း ရင်းနှီးသွားပြီး ဖန့်ရှီလည်း အားနာမှု လျော့ကျသွားသည်။ နောက်ဆုံးတွင် သူမလည်း ဝင်ရောက် နောက်ပြောင် နေပြီ ဖြစ်သည်။

"ဆောင်းတွင်းမှာ စားလို့ အကောင်းဆုံးက ချဉ်ဖတ်တွေနဲ့ ဆားနယ်ထားတဲ့ အသားတွေပဲ။ ဆောင်းတွင်းကျရင် လာခဲ့လေ၊ အူမကြီးတွေ၊ ဝက်ရိုးတွေ၊ ဘဲသား၊ ငန်းသားတွေ အကုန်ချက်ကျွေးမယ်။ ဘာစားချင်လဲသာ ပြော"

"ဒါဆိုရင်တော့ ကျွန်မ အားမနာတော့ဘူးနော်။ မလာခင်ကတည်းက စားချင်တာတွေကို စာရင်းရေးပြီး အရင်ပို့ထားမယ်။ ကျွန်မရောက်တာနဲ့ အသင့်ချက်ထားတာကို စားရုံပဲ"

ထမင်းစားပြီးခါနီးတွင် အချိုပွဲအဖြစ် မုန့်ပန်းကန်တစ်ခု လာချပေးသည်။

ကျန်းကျူးက ထိုမုန့်ပန်းကန်ကို ကြည့်ရင်း ဝမ်းသာအားရ ရေရွတ်လိုက်သည်။

"ဟယ်... ကြာပန်းပုံစံလေးတွေပါလား၊ သခင်မကြီးက ကြာပန်းတွေကို အနှစ်သက်ဆုံးပဲ။ အရင်တစ်ခါ သခင်မလေး ကြာပန်းတွေ လာပေးတုန်းက သခင်မကြီးက ရေထဲမှာ အကြာကြီး ထည့်ထားတာလေ၊ မညှိုးသွားဘူး။ သခင်မကြီးက အဲဒါကို နိမိတ်ကောင်းလို့ ပြောတယ်၊ မကြာခင်ကပဲ သခင်မမှာ ကိုယ်ဝန်ရှိသွားတာလေ"

ထိုအချိန်တွင် အခြားအစေခံမလေးတစ်ဦး ဝင်လာပြီး မေးလာပြန်သည်။

"အစ်မကျန်းကျူး... ဒီမှာ ဒုတိယစုန့်သခင်မလေး ရှိနေလား"

ကျန်းကျူးက မတ်တတ်ရပ်ရင်း ပြန်မေးလိုက်သည်။

"ရှိတယ်လေ၊ ဘာကိစ္စရှိလို့လဲ"

အစေခံမလေးက အပြုံးဖြင့် ပြန်ဖြေလာသည်။

"ဒီကြာပန်းပုံစံ အချိုပွဲကို စုန့်သခင်မလေးရဲ့ အစ်မက ပို့ပေးမှန်း သခင်မကြီး သိသွားပြီး အရမ်း သဘောကျနေတာ။ ဒါကြောင့် စုန့်သခင်မလေးနဲ့ ညီမလေးကို စကားပြောဖို့ လာခဲ့ပါဦးတဲ့"

"သခင်မကြီး သဘောကျမယ်ဆိုတာ ငါ သိသားပဲ။ ကဲ... ကျွန်မတို့တွေ သွားကြတာပေါ့"

ကျန်းကျူးက ပြောပြောဆိုဆိုဖြင့် စုန့်တင်းရှန်းတို့ကို ခေါ်ဆောင်သွားပြန်သည်။

စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့ ပန်းမန်များ ဝေဆာပြီး ငှက်သံလေးများ ကြားနေရသည့် ဘေးကပ်လျက် ခြံဝင်းလေးဆီသို့ ရောက်ရှိသွားကြပြန်သည်။ ဝမ်အဘွားကြီးက စားပွဲတွင် ထိုင်နေပြီး ဘေးတွင် မတ်တတ်ရပ်နေသော စုန့်ယွိလန်နှင့် စကားလက်ဆုံ ကျနေသည်။

စုန့်တင်းရှန်းတို့ ဝင်လာသည်ကို မြင်လိုက်သည်နှင့် အဘွားအိုက အပြုံးဖြင့် လှမ်းပြောလာသည်။

"မင်းတို့ ညီအစ်မ သုံးယောက်ကတော့ ဒီအဘွားကြီးကို တကယ့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာပဲ။ ဒီမုန့်လုပ်နည်းကို အစ်မကြီးဆီမှာ မေးကြည့်နေတာ၊ မင်း သင်ပေးထားတာလို့ ပြောတယ်"

စုန့်တင်းရှန်းက နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။

"ဒါက ဘာမဟုတ်တာလေးပါ၊ သခင်မကြီး သဘောကျရင် ကျွန်မတို့ လုပ်ရကျိုးနပ်ပါပြီ"

ဝမ်အဘွားကြီးက ခေါင်းညိတ်ရင်း ထပ်ပြောလာပြန်သည်။

"ငါ သဘောကျတယ်၊ တကယ် သဘောကျတာ။ နင့်အစ်မကို သက်ရှည်မက်မွန်သီးရော လုပ်တတ်လားလို့ မေးနေတာလေ။ ဒီလောက် ကျွမ်းကျင်တဲ့ လက်ရာမျိုးဆိုရင် သူ လုပ်တဲ့ သက်ရှည်မက်မွန်သီးမုန့်တွေကလည်း အတော်လေး ကောင်းမှာ သေချာတယ်"

စုန့်တင်းရှန်းက အဘွားအိုကို ပြန်မေးလိုက်သည်။

"သခင်မကြီးက သာမန်နေ့တွေမှာ စားတဲ့ ပုံမှန်သက်ရှည်မက်မွန်သီးမုန့်တွေ လိုချင်တာလား၊ ဒါမှမဟုတ် ထူးခြားတဲ့ အခမ်းအနားတွေက သုံးတဲ့ သက်ရှည်မက်မွန်သီးမုန့်မျိုး လိုချင်တာလား"

ဝမ်အဘွားကြီးက မျက်ခုံးပင့်လျက် စိတ်ဝင်တစား မေးလာပြန်သည်။

"အဲဒါတွေက ကွာခြားလို့လား"

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"အများကြီး ကွာပါတယ်ရှင့်၊ နောက်ရက်အနည်းငယ်မှ ကျွန်မရဲ့ အစ်မကို လုပ်ခိုင်းပြီး သခင်မကြီးဆီကို လာပို့ခိုင်းလိုက်ပါ့မယ်၊ အဲဒီကျရင် သခင်မကြီး မြည်းကြည့်လို့ရပါပြီ"

ဝမ်အဘွားကြီးက သဘောတကျ ရယ်မောရင်း ချီးကျူးနေပြန်သည်။

"အေး... အေး... ကောင်းတာပေါ့။ အိုး... ငါတော့ မင်းတို့ ညီအစ်မ သုံးယောက်စလုံးကို တကယ်ပဲ ချစ်မိနေပြီ"

သူတို့ စကားပြောနေသည့် နေရာ၏ အနောက်ဘက် ပန်းတင်စင်အကွယ်တွင် လူအချို့ မတ်တတ်ရပ်နေကြသည်။ ဝမ်သခင်ကြီးက တစ်နေရာကို လက်ညှိုးထိုးပြ လူငယ်တစ်ဦးနှင့် စကားပြောနေသည်။

"ဒုတိယစုန့်သခင်မလေးရဲ့ အနောက်မှာ ရပ်နေတဲ့ အစိမ်းနုရောင် အင်္ကျီဝတ်ထားပြီး ခေါင်းပေါ်မှာ ပန်းပွင့်လေး ပန်ထားတဲ့ မိန်းကလေးကို မင်းသဘောကျရဲ့လား"

ထိုလူငယ်လေးက စုန့်ကျဲကျင့်ကို လှမ်းကြည့်လိုက်ပြီး သူ့ ပါးပြင်နှစ်ဖက်က နီမြန်းသွားကာ ခေါင်းကို အားပါးတရ ညိတ်ပြနေသည်။

ဝမ်သခင်ကြီးက အပြုံးဖြင့် ထပ်ပြောနေသေးသည်။

"သူ့ရဲ့ အစ်မနှစ်ယောက်လုံးက မိန်းမကောင်းလေးတွေဆိုတော့ ဒီညီမလေးလည်း မိန်းမကောင်းတစ်ယောက် ဖြစ်မှာ သေချာတယ်"

သူက ပြောနေရင်းဖြင့် ဘေးတွင် ရပ်နေသော စုန့်ကျစ်ရွှမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

စုန့်ကျစ်ရွှမ်းက တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်သည်။

"ကျွန်တော့်တူမ သုံးယောက်စလုံးက တကယ်ကို ထူးချွန်ကြတာပါ။ တာ့နွီက တည်ငြိမ်တယ်၊ အာ့နွီက ထက်မြက်တယ်၊ အငယ်ဆုံးလေး ဖြစ်တဲ့ စန်းနွီကတော့ အိမ်မှာဆိုရင် နည်းနည်း လွတ်လွတ်လပ်လပ် နေတတ်ပေမယ့် ဒီလိုနေရာမျိုးမှာတော့ နည်းနည်း ကြောက်ပြီး စိတ်လှုပ်ရှားနေပုံရတယ်။ ဒါပေမယ့် သူက အလိုလိုက်ထားလို့ ပျက်စီးနေတဲ့ ကလေးတော့ မဟုတ်ပါဘူး၊ တကယ်ကို နူးညံ့ပြီး ယဉ်ကျေးပါတယ်"

ထိုလူငယ်က ခေါင်းညိတ်ပြနေရင်း ရုတ်တရက် ထပ်ပြောလာခဲ့သည်။

"တကယ်တော့... ကျွန်တော် သူ့ကို အဝေးကနေ မြင်ဖူးပါတယ်၊ ဟိုကြာပန်းကန်နားမှာလေ..."

ဝမ်သခင်ကြီးကတော့ အားပါးတရ ရယ်မောရင်း စနောက်နေသည်။

"ငါ့တူကတော့ ရှက်နေလိုက်တာ။ မင်း တကယ် သဘောကျတယ်ဆိုရင် ငါကိုယ်တိုင် မင်းအတွက် တောင်းရမ်းပေးပါ့မယ်ကွာ၊ ဒီနှစ်ထဲမှာပဲ စေ့စပ်ကြောင်းလမ်းပြီး နောက်နှစ်ကျရင် ကလေးရအောင်အထိ ရည်မှန်းလိုက်ကြတာပေါ့"

လူငယ်လေးက မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး စုန့်ကျဲကျင့် ရှိရာဘက်သို့ ခိုးကြည့်ကာ တစ်ယောက်တည်း ပြုံးနေလေသည်။

ဧည့်သည်များ ပြန်သွားချိန်တွင် စုန့်မိသားစုက နောက်ဆုံးမှ ပြန်ကြသူများ ဖြစ်သည်။ သူတို့ တံခါးဝသို့ အရောက်တွင် ကျန်းကျူးက ဘေးဘက်သို့ လက်ညှိုးထိုးပြရင်း အံဩတကြီး ရေရွတ်လိုက်သည်။

"ဟယ်... ဟိုမှာ သခင်မကြီးရဲ့ မြေးလေး မဟုတ်လား"

လူအများက သူမ ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြရာ အရပ်ရှည်ရှည် လူငယ်တစ်ဦးက ဝမ်ချွမ်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ စကားအနည်းငယ် ပြောပြီးနောက် သူက ရယ်မောလိုက်ရာ အလွန်ပင် ချောမောခန့်ညားပြီး တက်ကြွသော ပုံစံမှန်း သိသာသွားစေသည်။

စုန့်ကျဲကျင့်ကလည်း ထိုလူငယ်ကို အကဲခတ်ရင်း အကြိမ်အနည်းငယ် လှမ်းကြည့်နေသည်။ ထို့နောက် ပြုံးစိစိလုပ်နေကြသော စုန့်တင်းရှန်းနှင့် စုန့်ယွိလန်တို့ကို မြင်သွားပြီး နူတ်ခမ်းစူကာ ခြေဆောင့်နေတော့သည်။

"အစ်မတို့က ကျွန်မကို စဖို့ပဲ ချောင်းနေကြတယ်"

ထိုသို့ပြောပြီးသည်နှင့် သူမ၏ မျက်နှာလေးလည်း ရဲတက်သွားလေ၏။

စုန့်တင်းရှန်းက ကျန်းကျူးကို ခေါင်းညိတ်အချက်ပြလိုက်ရာ ကျန်းကျူးက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"အားလုံး အဆင်ပြေသွားပြီဆိုတော့ မိန်းခလေးအနေနဲ့ သတင်းကောင်းကိုပဲ စောင့်နေဖို့ လိုတော့တယ်နော်"

အိမ်သို့ ပြန်ရောက်ပြီး နှစ်ရက်အကြာမှာပင် အောင်သွယ်တော်က အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ စေ့စပ်ကြောင်းလမ်းခြင်း လက်ဆောင်များ လဲလှယ်ပြီးနောက် မိသားစုနှစ်ခုစလုံး တိုင်ပင်ကာ ခြောက်လပိုင်း ခြောက်ရက်နေ့ကို မင်္ဂလာရက်မြတ်အဖြစ် သတ်မှတ်လိုက်ကြသည်။

အစီအစဉ်များအားလုံး အတည်ပြုပြီးစမှာပင် စုန့်ကျောင်းရှင်းထံသို့ တုန်လှုပ်ဖွယ် သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

"ဘာလဲ! မဖြစ်နိုင်တာ! အစ်ကိုလီက ကျွန်မကို လက်ထပ်မယ်လို့ ကတိပေးထားတာလေ၊ သူက ဘယ်လိုဖြစ်ပြီး ဟိုဘက်အိမ်က စုန့်ကျဲကျင့်ကို လက်ထပ်ရမှာလဲ"

သူမက ထိုကိစ္စကို မနေ့ကမှ ပြောဆိုထားခြင်း ဖြစ်သော်လည်း ယနေ့တွင် အိပ်ရာထဲသို့ လူသေကောင်လို လဲကျသွားရသည်။

‘ဘဝက ဒီလောက်တောင် ခက်ခဲတယ်လား’

All Chapters