ဘယ်လီမျိုးရိုးကို ပြောတာလဲ
Vol. 7 Ch. 68
ဤရက်ပိုင်းအတွင်း ဝူရှီ သူမ၏သမီး စုန့်ကျောင်းရှင်းအတွက် အိမ်ထောင်ဖက် ရှာဖွေပေးနေသည်ကလည်း အမှန်ပင် ဖြစ်သည်။ စုန့်ကျောင်းရှင်းကိုယ်တိုင်ကလည်း သူမ သဘောကျသည့်သူကို တွေ့ရှိထားပြီး ဖြစ်ပြီး ထိုသူက ရွာဘေးနားရှိ ခြံကြီးမှ သခင်လေးဟု သိခဲ့ရသည်။ ဝူရှီကိုယ်တိုင်လည်း ထိုလူငယ်လေးကို အဝေးမှ အကဲခတ်ကြည့်ရှုခဲ့ပြီး ထိုလူငယ်က အသက်အနည်းငယ် ကြီးသော်လည်း ရွာထဲမှ လူငယ်များနှင့်ယှဉ်လျှင် အဘက်ဘက်မှ သာလွန်နေကြောင်း သိခဲ့ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဝူရှီ အောင်သွယ်တော်လွှတ်၍ ကမ်းလှမ်းခိုင်းခဲ့သော်လည်း လီမိသားစုမှ လူငယ်လေးက သူ့မိဘများအတွက် ဝမ်းနည်းခြင်းကာလ မကုန်သေးသောကြောင့် အနည်းဆုံး ခြောက်လခန့် စောင့်ရဦးမည်ဟု အောင်သွယ်တော်က ပြန်ပြောခဲ့သည်။
ခြောက်လဆိုသည်က မကြာလှသောကြောင့် သမီးဖြစ်သူအား စောင့်ခိုင်းနိုင်သည်ဟု ဝူရှီက ယူဆထားခဲ့သည်။ သို့သော်လည်း အချိန် နှစ်ပတ်မျှသာ ကုန်လွန်သေးချိန်တွင် ထိုလူငယ်လေးက စုန့်ကျဲကျင့်နှင့် မည်သို့ စေ့စပ်ကြောင်းလမ်းလိုက်သည်ကို သူမ မသိလိုက်ရပေ။
"အမေ... သူတို့က ထောင်ဟုန် တင်းရှန်းရဲ့လူကို လုယူသွားတဲ့ကိစ္စ မကျေနပ်လို့ အခု ကျွန်မရဲ့လူကို ပြန်လုပြီး ကလဲ့စားချေတာပဲ ဖြစ်ရမယ်"
စုန့်ကျောင်းရှင်းက ငိုရှိုက်ရင်း ပြောနေခဲ့သည်။ သူမ၏မျက်လုံးများက မက်မွန်သီးနှစ်လုံးကဲ့သို့ ဖူးရောင်နေသည်။
"အမေ... အစ်ကိုလီက ဝမ်းနည်းခြင်းကာလ ကုန်သွားရင် သမီးကို လာတောင်းရမ်းမယ်လို့ ကတိပေးထားတာလေ၊ သမီးတို့ကြားထဲမှာ ချစ်သက်သေတွေတောင် လဲထားပြီးပြီ၊ အမေ... သမီးကို ကူညီပါဦး၊ အမေ.... သမီးအတွက် တရားမျှတမှု ရှာပေးရမယ်နော်"
ဝူရှီကတော့ ဒေါသထွက်နေသလို အခြေအနေကိုလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူမက ကျူးရှီကဲ့သို့ သမီးကို အိမ်ထောင်ချပေးရန် ဘာမဆိုလုပ်မည့် မိုက်မဲသူမျိုး မဟုတ်ပေ။ သူမ ကျူးရှီနှင့် လုံးဝ အဆက်အသွယ်ဖြတ်ခဲ့သည်ကလည်း သူမ၏ သားသမီးများကို ကျူးရှီမိသားစု၏ ပြဿနာများထဲတွင် မပါဝင်စေချင်သောကြောင့် ဖြစ်သည်။
ဝူရှီက အမြော်အမြင်ရှိသူ ဖြစ်သောကြောင့် သမီးဖြစ်သူကို ချော့မော့လိုက်သည်။
"ကဲပါ... တိတ်တော့၊ မငိုနဲ့တော့၊ နင်တို့ရဲ့ သတ္တမဦးလေးမိသားစုက ထောင်ဟုန်အတွက် ကလဲ့စားချေတာမျိုး မဟုတ်လောက်ပါဘူး၊ ငါတို့တွေ ဒီည အချိန်နည်းနည်းလောက် ရှာပြီး သွားမေးကြည့်ကြတာပေါ့၊ သွားလိုက်ရင် အခြေအနေကို သိရမှာပဲ"
စုန့်ကျောင်းရှင်းက မျက်ရည်သုတ်ရင်း ပြန်ပြောလိုက်သည်။
"သူတို့မိသားစုမှာလည်း စုန့်ကျဲကျင့်က အိမ်ထောင်ပြုရမယ့်အရွယ်ကို ရောက်နေပြီလေ၊ ပတ်ဝန်းကျင်မှာလည်း တခြားလူကောင်း မရှိဘူး။ ပြီးတော့ သူတို့က ပိုက်ဆံရှိတော့ စုန့်ကျဲကျင့်ရဲ့ ခန်းဝင်ငွေက သမီးထက် ပိုများမှပေါ့။ ဒါပေမယ့်... ဒါပေမယ့် အစ်ကိုလီက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ သူက ဝမ်းနည်းခြင်းကာလထဲမှာပဲ ရှိနေတာလေ၊ ဘယ်လိုဖြစ်ပြီး အခု စေ့စပ်လိုက်ရတာလဲ"
ဝူရှီက သမီးဖြစ်သူ၏မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
"ဒါကြောင့် သွားစုံစမ်းကြည့်ကြမယ်လို့ ပြောတာပေါ့၊ ကြိုပြီး မဆုံးဖြတ်နဲ့ဦး၊ တကယ်လို့ နင် ထင်သလို မဟုတ်ဘဲ နင် အလကား ငိုနေရတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ"
စုန့်ကျောင်းရှင်းကလည်း ခဏလောက် စဉ်းစားနေပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
ညစာ စားပြီးနောက် ဝူရှီက စုန့်ကျောင်းရှင်းကို ခေါ်ကာ စုန့်ရှင်းယိ၏ အိမ်သို့ ထွက်လာခဲ့သည်။
စုန့်ရှင်းယိ၏ မိသားစုက ထမင်းစားပြီးစ ဖြစ်၍ ထုံးစံအတိုင်း လူစုနေကာ စည်စည်ကားကား ရှိနေကြသည်။ ထမင်းစားပွဲများကို သိမ်းဆည်းပြီးနောက် သူတို့က တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှ အသေးအဖွဲကိစ္စလေးများကို ဝိုင်းဖွဲ့စကားပြောနေကြခြင်းပင်။ ထိုအချိန်တွက် အိမ်ဝင်းရှေ့မှ ခေါ်သံကြားလိုက်ရသည်။
" စတုတ္ထအဒေါ်နဲ့ စတုတ္ထဦးလေး... အိမ်မှာ ရှိကြလား"
ပြတင်းပေါက်နားတွင် ထိုင်နေသော ကျန်းရှီက ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပြီး လှမ်းနှုတ်ဆက်လိုက်သည်။
"အော်... ပဉ္စမယောင်းမလား၊ ဝင်ခဲ့လေ"
ဝူရှီက စုန့်ကျောင်းရှင်းကို ခေါ်ကာ အိမ်ထဲသို့ ဝင်လာပြီး အပြုံးဖြင့် စကားစလိုက်သည်။
"ဟုတ်တယ်၊ ကျဲကျင့် စေ့စပ်ကြောင်းလမ်းပြီးပြီလို့ ကြားလို့လေ၊ ကူညီစရာရှိရင် ကူညီပေးရအောင် လာခဲ့တာ"
စုန့်ကျောင်းရှင်းတို့ မိသားစုဘက်ကလည်း လီမိသားစုထံသို့ အိမ်ထောင်ဖက်ကိစ္စ အောင်သွယ်တော် လွှတ်ထားဖူးသည်ကို စတုတ္ထစုန့်မိသားစုက သိထားကြသည်။ သို့သော်လည်း ထိုစေ့စပ်မှု မပြီးမြောက်သေးသောကြောင့် အတည်ဟု မယူဆခဲ့ကြပေ။
ကျန်းရှီက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်တယ်၊ စေ့စပ်လက်ဆောင်တွေတောင် လဲပြီးနေပြီ၊ နောက်ရက်အနည်းငယ်ဆိုရင်တော့ အတည်ဖြစ်သွားမှာပါ"
ထိုစကားကြောင့် စုန့်ကျောင်းရှင်း၏ မျက်ဝန်းများထဲ၌ မျက်ရည်များ ဝဲတက်လာသည်။
"အိုက်ယား... ဘာဖြစ်လို့လဲ"
ကျန်းရှီက မျက်မှောင်ကြုတ်ကာ သန့်ရှင်းသော လက်ကိုင်ပဝါတစ်ထည်ကို သူမဆီသို့ လှမ်းပေးရင်း မေးလိုက်ပြန်သည်။
"ဒါက မင်္ဂလာရှိတဲ့ ကိစ္စလေ၊ နင်က ဘာလို့ ငိုနေရတာလဲ"
စုန့်ကျောင်းရှင်းက ငိုရှိုက်ရင်း ပြန်ဖြေလိုက်သည်။
"သတ္တမအဒေါ်... ကျွန်မ... ကျွန်မ အစ်ကိုလီနဲ့ ချစ်သက်သေတွေတောင် ဖလှယ်ပြီးပြီ၊ သူက သူ့ရဲ့ဝမ်းနည်းခြင်းကာလ ကုန်တာနဲ့ ကျွန်မအိမ်ကို အောင်သွယ်လွှတ်မယ်လို့ ပြောခဲ့တယ်၊ အရင်က ကျွန်မအမေ အောင်သွယ်လွှတ်တုန်းကလည်း ဝမ်းနည်းခြင်းကာလ ကုန်ဖို့ သုံးလလိုသေးတယ်လို့ ပြောခဲ့တယ်လေ၊ အခု ဘယ်လိုဖြစ်ပြီး... ဘယ်လိုဖြစ်ပြီး..."
သူမက စကားကိုပင် ဆုံးအောင် မပြောနိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။
ကျန်းရှီက ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် သူမ၏သမီးကို ပြန်ကြည့်လိုက်သည်။
စုန့်ကျဲကျင့်က မျက်မှောင်ကြုတ်ရင်း ဝင်ပြောလိုက်သည်။
"ဒါပေမယ့် အစ်ကိုလီရဲ့ ဝမ်းနည်းခြင်းကာလက ကုန်သွားပြီလေ၊ နှစ်သစ်ကူးပြီးကတည်းက ပြီးသွားတာ၊ ပြီးတော့ ကျွန်မရဲ့ အိမ်ထောင်ရေးကိစ္စကို အစ်ကိုလီရဲ့ အဘွားတော်စပ်တဲ့ ဝမ်သခင်မကြီးကိုယ်တိုင် စီစဉ်ပေးတာပါ"
စုန့်ကျောင်းရှင်း၏ မျက်နှာက ဖြူလျော့သွားပြီး သူမ၏ရင်ခွင်ထဲမှ ကျောက်စိမ်းလက်စွပ်လေးတစ်ကွင်းကို ထုတ်ကာ ထပ်ပြောလာသည်။
"ဒါက အစ်ကိုလီ ကျွန်မကို ပေးထားတဲ့ ချစ်သက်သေပဲ၊ သူနဲ့ကျွန်မ... သူနဲ့ ကျွန်မက..."
ဝူရှီ၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားပြီး တုန်တုန်ရင်ရင်ဖြင့် အလောတကြီး မေးလိုက်သည်။
"ကျောင်းရှင်း... အမေ့ကို မခြောက်လန့်နဲ့နော်၊ နင်... နင် သူနဲ့... ဘာမှ မဖြစ်ခဲ့ဘူးမလား..."
"အမေ... အဲ့လို မဖြစ်ပါဘူး၊ ကျွန်မက စုန့်ထောင်ဟုန်လို မဟုတ်ဘူး"
စုန့်ကျောင်းရှင်းက ရှက်သွားပုံရပြီး သူမ၏ မျက်နှာက နီမြန်းလာသည်။
"ဒါပေမယ့် ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက တွေ့ခဲ့တာလေ၊ ဒီနှစ်သစ်ကူးပြီးတည်းကလည်း ခဏခဏ တွေ့ဖြစ်ကြတယ်။ ကျွန်မ သူ့အတွက် ပိုက်ဆံအိတ်လေးတောင် ပန်းထိုးပေးခဲ့သေးတယ်၊ သူကလည်း ဒီကျောက်စိမ်းလက်စွပ်လေးကို ပေးခဲ့တာ... အမေ... အစ်ကိုလီက ကျွန်မကို လက်ထပ်ချင်တယ်လို့ ပြောခဲ့တာပါ၊ ဟီး...ဟင့်...."
စုန့်တင်းရှန်း၏ အမူအရာကလည်း ချက်ချင်း လေးနက်သွားသည်။ စုန့်ကျောင်းရှင်းက စုန့်ထောင်ဟုန် မဟုတ်သလို သူမ၏အမေ ဝူရှီကလည်း ကျူးရှီကဲ့သို့ မဟုတ်ပေ။ အမျိုးသားတစ်ဦးက စုန့်မိသားစုမှ မိန်းကလေးတစ်ဦးအပေါ် ဤမျှ တာဝန်မဲ့စွာ ပြုမူပြီး လှေနံနှစ်ဖက်နင်းသလို ဖြစ်နေသည်ကို သူမ သည်းမခံနိုင်ပေ။
"ကျောင်းရှင်း... မငိုနဲ့တော့၊ မနက်ဖြန် ငါ မြို့ကိုသွားပြီး စုံစမ်းပေးမယ်။ ဒီကိစ္စက ဝမ်သခင်မကြီးကိုယ်တိုင် စီစဉ်ပေးတာဆိုတော့ ဒီဘက်က အခြေအနေကို သူ့ကိုလည်း ပြောပြဖို့ လိုတယ်၊ တကယ်လို့ အဲဒီလီမျိုးရိုးက တကယ်ပဲ ဒီလိုလူမျိုးဆိုရင်တော့ ငါတို့ရဲ့ စန်းနွီကို အဲဒီမိသားစုထဲ ဘယ်လိုမှ အရောက်ခံမှာ မဟုတ်ဘူး"
စုန့်ကျောင်းရှင်းက တစ်ခုခု ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ဝူရှီကိုသာ လှမ်းကြည့်နေသည်။
ဝူရှီက စုန့်တင်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက် အခြားမိသားစုဝင်များကို ကြည့်ကာ အံကြိတ်ရင်း ပြန်ဖြေလိုက်သည်။
"တကယ်လို့ အခြေအနေက ဒီလိုဆိုရင်တော့ ငါလည်း ကျောင်းရှင်းကို အဲဒီမိသားစုထဲ အဝင်မခံနိုင်ဘူး"
"အမေ..."
စုန့်ကျောင်းရှင်းက ဝမ်းပမ်းတနည်း လှမ်းခေါ်လိုက်သည်။
ဝူရှီက ပြန်ပြောလိုက်သည်။
"ငါတို့စုန့်မိသားစုက မိန်းကလေးတွေကို ဒီလိုမျိုး အစော်ကား မခံနိုင်ဘူ၊ ဘယ်သူ့ကိုမှ အထင်သေးခွင့် မပေးနိုင်ဘူး၊ တကယ်လို့ နင်သာ အဲဒီအိမ်ကို ရောက်သွားရင် နောင်ကျရင် နင်ပဲ ဒုက္ခရောက်မှာ"
စုန့်ကျောင်းရှင်းက ခဏမျှ မှင်တက်သွားပြီး နောက်ဆုံးတွင် သူမ၏မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေပြန်သည်။
ဝူရှီက သူမ လက်ထဲမှ ကျောက်စိမ်းလက်စွပ်ကို ယူကာ စုန့်တင်းရှန်းထံ ကမ်းပေးလိုက်သည်။
"တင်းရှန်း... နင် ပဉ္စမအဒေါ်ကို ကူညီပြီး သေသေချာချာ စုံစမ်းပေးပါဦး၊ ငါတို့မိသားစုက မိန်းကလေးတွေက အဘက်ဘက်က ပြည့်စုံနေတာတောင် ဘာလို့ ဒီလိုလူမျိုးတွေနဲ့ပဲ အမြဲ တိုးနေရတာလဲ၊ အဲဒီလီမျိုးရိုးက လူကောင်းမဟုတ်တာ သေချာသလောက် ရှိနေပြီ၊ နင် သေသေချာချာ မေးမြန်းပေးပါဦး"
ဝူရှီတို့သားအမိ ပြန်သွားပြီးနောက် စုန့်ကျဲကျင့်က စိတ်မသက်မသာဖြစ်နေပုံရပြီး သူမ၏လက်ချောင်းလေးများကို လိမ်ချိုးနေသည်။ သူမက စုန့်တင်းရှန်းကို ကြည့်ရင်း ပြောလာပြန်သည်။
"အရင်တွေ့တုန်းက အဲဒီအစ်ကိုလီက အဲဒီလိုလူမျိုးလို့ မထင်ရဘူး။ ဘာလို့... သူက.... ကျွန်မ စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
စုန့်တင်းရှန်းက သူမကို နှစ်သိမ့်လိုက်သည်။
"စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ တစ်ခါတလေမှာ လူတစ်ယောက်ကိုလည်း အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး၊ လူ့စိတ်ဆိုတာ အနက်ရှိုင်းဆုံးပဲ၊ ရုပ်ကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ ရတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ငါတို့တွေ အဲဒီလူကို လူချင်းမတွေ့ရသေးဘူးလေ၊ စုန့်ကျောင်းရှင်း ပြောတာတစ်ခုတည်းနဲ့လည်း အတည်ယူလို့ မရသေးဘူး၊ အကြီးဆုံးအဒေါ်... ဟိုဘက်က ပို့ထားတဲ့ စေ့စပ်ကြောင်းလမ်းစာကို ကျွန်မကို ပေး၊ ကျွန်မ မနက်ဖြန်မနက်စောစော မြို့ကို သွားပြီး ဝမ်သခင်မကြီးနဲ့ ဒီအကြောင်း သွားဆွေးနွေးမယ်"
ကျန်းရှီကလည်း စိတ်လှုပ်ရှားနေဟန်ဖြင့် ခေါင်းကို အမြန်ညိတ်ပြလာသည်။
"အေးအေး... ငါ အခု သွားယူပေးမယ်၊ ဟူး... ငါတို့တွေလည်း တစ်စုံတစ်ယောက်ကိုများ ပြစ်မှားမိလား မသိတော့ပါဘူး။ ဘာလို့ ငါတို့သမီးတွေရဲ့ အိမ်ထောင်ရေးက အမြဲတမ်း အတားအဆီးတွေ ရှိနေရတာလဲ"
သူမထံတွင် ထိုအယူသီးမှုများ မရှိသော်လည်း စုန့်တင်းရှန်းက အပြုံးလေးဖြင့် အကြံပေးလိုက်သည်။
"နောက်ရက်အနည်းငယ်ဆိုရင် ချင်းမင်ပွဲတော်ရောက်ပြီ။ အဲဒီကျရင် ဘိုးဘေးတွေကို ကန်တော့ပြီး သမီးတို့မိသားစုကို စောင့်ရှောက်ပေးဖို့ ဆုတောင်းကြတာပေါ့"
စုန့်ရှင်းယိကလည်း သက်ပြင်းချရင်း ဝင်ပြောလာသည်။
"ဒီနှစ်တော့ တကယ်ကို ပိုပြီး ဆုတောင်းရမယ်၊ စက္ကူငွေတွေလည်း အများကြီး ပို မီးရှို့ရမယ်။ အထူးသဖြင့် နင်တို့ မိန်းကလေးတွေ ပိုပြီး လုပ်ကြ၊ ဘိုးဘေးတွေ စိတ်ကျေနပ်မှ ငါတို့တွေကို ကောင်းချီးပေးမှာ"
ပျော်ရွှင်စရာ မိသားစု စကားဝိုင်းလေးက ထိုကိစ္စကြောင့် ပျက်စီးသွားရသည်။ စုန့်တင်းရှန်းက တစ်ညလုံး အိပ်မပျော်ဘဲ နောက်တစ်နေ့တွင် မျက်ကွင်းများ ညိုမဲနေလေသည်။
သူမတစ်ယောက်တည်းသာ မဟုတ်ပေ။ မနက်ခင်းတွင် ဖန့်ရှီ၊ ကျန်းရှီနှင့် စုန့်ကျဲကျင့်တို့ကို တွေ့ရချိန်၌ သူမတို့အားလုံးက မျက်ကွင်းညိုကာ စိတ်ဓာတ်ကျနေသော ပုံစံများ ဖြစ်နေကြသည်။
လီရှီက သူမတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မာန်မဲနေသည်။
"ဘာတွေ ဒီလောက်ဖြစ်ပျက်နေကြတာလဲ၊ ဒါက အိမ်ထောင်ရေးကိစ္စသေးသေးလေးပဲကို၊ ဘာလို့ အိပ်ရေးပျက်ခံနေကြတာလဲ"
စုန့်တင်းရှန်းက သူမ၏အဘွားသာ အမျှော်အမြင် အရှိဆုံးဟု ခံစားလိုက်ရသည်။ သူမက အပြုံးလေးဖြင့် စောဒကတက်လိုက်သည်။
"သမီးက ဒီနေ့ ဝမ်သခင်မကြီးနဲ့တွေ့ရင် ဘယ်လိုပြောရမလဲလို့ တွေးနေမိလို့ပါ"
လီရှီက လေသံတင်းတင်းဖြင့် ပြောလာပြန်သည်။
"ပြောစရာရှိတာကို ပြောလိုက်ရုံပဲ။ ငါတို့ဘက်က အမှားလုပ်ထားတာမှ မဟုတ်တာ၊ ဘာကို စိတ်ပူနေတာလဲ၊ နင်က အမြဲတမ်း အလွန်အကျွံ တွေးလွန်းတယ်။ ပြီးတော့ အာ့နွီအာ.. ဒါက နင့်အတွက် ကံကောင်းတယ်လို့ မှတ်၊ အခုကတည်းက သိလိုက်ရတာ အကောင်းဆုံးပဲ၊ တကယ်လို့ အဲဒီလူက မကောင်းတဲ့သူဆိုရင် လက်ထပ်ပြီးမှ သိရလို့ ဒုက္ခရောက်မှာထက် အခုလို ကြိုသိရတာကို ဝမ်းသာသင့်တယ်"
စုန့်ကျဲကျင့်က သူမ၏မျက်လုံးလေးများကို ပွတ်သပ်ရင်း ပြန်ပြောနေရှာသည်။
"သမီးလည်း မသိတော့ဘူး၊ စိတ်ထဲမှာ နေလို့မကောင်းလို့ အိပ်မပျော်တာပါ"
စုန့်တင်းရှန်းက ကန်စွန်းဥယာဂုတစ်ပန်းကန်ကို သောက်လိုက်ပြီး စုန့်ကျစ်ယွမ်ကို လိုက်မပို့ခိုင်းတော့ဘဲ လီမိသားစု၏ကြောင်းလမ်းစာကို ယူကာ အိမ်မှ ထွက်လာခဲ့သည်။ လမ်းဆုံတွင် မြို့သို့ ကုန်သွားတင်မည့် လှည်းကို စောင့်ကာ ကြေးပြားနှစ်ပြားပေး၍ မြို့သို့ ထွက်လာခဲ့သည်။
စုန့်တင်းရှန်း ရောက်ရှိလာကြောင်း ကြားသိရချိန်တွင် ဝမ်သခင်မက အတော်လေး အံ့အားသင့်သွားပြီး နွေးထွေးစွာ ကြိုဆိုခဲ့သည်။
"အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုများ ဆုံးဖြတ်လိုက်လို့လား၊ တစ်ခုခု ပြင်ဆင်ဖို့ လိုရင်လည်း လူလွှတ်ပြီး စာပို့လိုက်ရင် ရတာပဲကို၊ ဘာလို့ ကိုယ်တိုင် ရောက်လာရတာလဲ"
စုန့်တင်းရှန်းက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
"တကယ်တော့ ကျွန်မလည်း မလာချင်ပါဘူး၊ ဒါပေမယ့် ကျွန်မမိဘတွေက အခြေအနေကို သေသေချာချာ ရှင်းပြတတ်လို့ ကျွန်မကိုယ်တိုင်ပဲ လာခဲ့ရတာပါ၊ သခင်မ... ဒီကျောက်စိမ်းလက်စွပ်က သခင်မ တူလေးရဲ့ လက်စွပ်လား"
သူမက စကားပြောနေရင်းဖြင့် စုန့်ကျောင်းရှင်း ပေးလိုက်သော ကျောက်စိမ်းလက်စွပ်ကို သူမရင်ဘတ်ထဲမှ ထုတ်ကာ ဝမ်သခင်မကို လှမ်းပေးလိုက်သည်။ ဝမ်သခင်မကလည်း ထိုလက်စွပ်ကို ယူကြည့်ကာ အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။
"ဟုတ်တယ်၊ ဒီလက်စွပ်က ကျန်းကျူးရဲ့အကူအညီနဲ့ လုပ်ထားတာလေ၊ ဘယ်လိုဖြစ်လို့လဲ.."
သူမက လက်စွပ်ကို တစ်လှည့်၊ စုန့်တင်းရှန်း၏ မျက်နှာကို တစ်လှည့် ကြည့်လိုက်ပြီး သူမကို အိမ်ထဲသို့ ချက်ချင်း ဆွဲခေါ်သွားကာ တိုးတိုးလေး မေးလာခဲ့သည်။
"တင်းရှန်း... ဒီလက်စွပ်ကို နင် ဘယ်ကရလာတာလဲ"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"ကျွန်မရဲ့ တတိယအဘိုးမှာ စုန့်ကျောင်းရှင်းဆိုတဲ့ မြေးမလေး တစ်ယောက်ရှိတယ်။ သူ ပြောတာတော့ နှစ်သစ်ကူးမတိုင်ခင်က အစ်ကိုလီနဲ့ ဆုံခဲ့ပြီး နှစ်ယောက်သား ချစ်သက်သေတွေ ဖလှယ်ခဲ့ကြတယ်တဲ့၊ ကျွန်မရဲ့ ပဉ္စမအဒေါ်က အောင်သွယ်လွှတ်ပြီး ကမ်းလှမ်းခဲ့ပေမယ့် အစ်ကိုလီက ဝမ်းနည်းခြင်းကာလ သုံးလကျန်သေးတယ်လို့ ပြောပြီး ငြင်းခဲ့တယ်တဲ့"
ဝမ်သခင်မက ဒေါသထွက်သွားဟန်ဖြင့် ပြန်ပြောလာသည်။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ၊ သူ့ရဲ့ ဝမ်းနည်းခြင်းကာလက နှစ်သစ်ကူးပြီးတာနဲ့ ကုန်သွားပြီလေ၊ မဟုတ်ရင် ငါနဲ့ သခင်မကြီးက ဒီစေ့စပ်ကြောင်းလမ်းမှုကို ဘယ်လိုလုပ် သဘောတူပါ့မလဲ၊ ဒါ... ဒါက အတော်လေးကို လွန်လာပြီ..."
သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"ဟုန်ချွေ့အာ... သွား၊ ဝမ်ချွမ်ကို အခုချက်ချင်း ခြံကြီးဆီ လွှတ်လိုက်၊ ဟိုရောက်ရင် သခင်လေးကို ခေါ်ပြီး စုန့်အိမ်မှာ ငါ့ကို စောင့်နေဖို့ ပြောလိုက်၊ မင်း မှတ်ထားရမှာက... အုတ်အော်သောင်းနင်း မဖြစ်ဖို့ပဲ၊ နားလည်လား"
အပြင်မှ အစေခံမလေးက နားလည်ကြောင်း ပြန်ပြောပြီး အမြန်ထွက်ခွာသွားသည်။
"ငါ ဒီကိစ္စကို အရင်ဆုံး စုံစမ်းရမယ်။ ငါ့ ယောက္ခမကိုတော့ ပေးသိလို့ မဖြစ်သေးဘူး၊ မဟုတ်ရင် ငါ့ယောက္ခမ အရမ်းစိတ်မကောင်း ဖြစ်သွားလိမ့်မယ်"
ဝမ်သခင်မက သက်ပြင်းချရင်း ဆက်ပြောလာသည်။
"ယွင်ရှန်းက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ သူ အဲဒီလို လုပ်လိမ့်မယ်လို့ ငါ လုံးဝ မယုံဘူး။ ဒါပေမယ့် သူက ငါ့ဗိုက်ထဲက မွေးတာမဟုတ်တော့ သူ့အကြောင်းကို အကုန်လုံးတော့ ဘယ်သိနိုင်ပါ့မလဲ၊ ငါလည်း နင်နဲ့အတူ လိုက်ခဲ့မယ်၊ ပြဿနာ အကြီးအကျယ် ဖြစ်အောင်တော့ လုပ်လို့ မရဘူး။ နင်တို့ အိမ်ရောက်မှပဲ တကယ်က ဘာဖြစ်ခဲ့လဲဆိုတာ မေးမြန်းကြတာပေါ့"
"သခင်မကို အလုပ်ရှုပ်စေမိပါပြီ"
စုန့်တင်းရှန်းက အရိုအသေပေးရင်း တောင်းပန်စကား ထပ်ပြောလိုက်သည်။
ဝမ်သခင်မက သူမကို ထူမပေးရင်း အားနာဟန်ဖြင့် ပြန်ပြောလာခဲ့သည်၊
"အရင်ကတည်းက ဒီမင်္ဂလာကိစ္စက ငါ စီစဉ်ပေးခဲ့တာပါ၊ ဒါပေမယ့် မင်္ဂလာကိစ္စကနေ ရန်ငြိုးရန်စတွေ ဖြစ်မသွားဖို့ မျှော်လင့်မိတယ်"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"သခင်မရဲ့ ရယ်ရွယ်ချက်ကောင်းကို ကျွန်မတို့ မိသားစုက အမြဲ ကျေးဇူးတင်နေတာပါ၊ တကယ်လို့ ဒီကိစ္စက အမှန်ဖြစ်နေခဲ့ရင်လည်း ကျွန်မညီမလေးအတွက် ကံမပါဘူးလို့ပဲ ပြောရမှာပေါ့"
ဝမ်ချွမ်က မြန်မြန်ဆန်ဆန် ရောက်ရှိရန် မြင်းစီးသွားခဲ့ပြီး စုန့်တင်းရှန်းနှင့် ဝမ်သခင်မတို့က ရထားလုံးဖြင့် လိုက်လာခဲ့ကြသည်။ သူတို့ စုန့်အိမ်သို့ ရောက်သွားချိန်တွင် ဝမ်ချွမ်က အရပ်ရှည်ပြီး ချောမောသော လူငယ်တစ်ဦးနှင့်အတူ နောက်ဖေးတံခါးမှ ဝင်လာနေပြီ ဖြစ်သည်။
စုန့်အိမ်၏ ပင်မအိမ်ကြီးထဲတွင် စုန့်ရှင်းယိ၊ လီရှီ နှင့် ကျန်းရှီတို့က ခန်ပေါ်တွင် ထိုင်နေကြသည်။ ဝမ်သခင်မက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး စုန့်တင်းရှန်းက သူမဘေးနား၌ အဖော်ပြုပေးနေသည်။ အခြားသူများကတော့ အသီးသီး အလုပ်ရှုပ်နေကြပြီး မည်သူမျှ စပ်စုရန် လူမစုနိုင်ကြပေ။
ဝမ်သခင်မက မျက်နှာထား တည်တည်ဖြင့် ကျောက်စိမ်းလက်စွပ်ကို လီယွင်ရှန်း၏ ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်ပြီး လေသံတင်းတင်းဖြင့် လှမ်းမေးလိုက်သည်။
"ပြောစမ်း... ဒါက ဘာအဓိပ္ပာယ်လဲ"
လီယွင်ရှန်းက ကြောင်တောင်တောင် ဖြစ်သွားပြီး လက်စွပ်ကို ကြည့်ကာ ပြန်မေးလာခဲ့သည်။
"ဒါ ကျွန်တော့်ရဲ့ ကျောက်စိမ်းလက်စွပ်လေ။ ဘယ်လိုဖြစ်ပြီး အဒေါ်ရဲ့ လက်ထဲကို ရောက်သွားတာလဲ"
ဝမ်သခင်မက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။
"မင်းက ငါ့ကို ပြန်မေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ၊ ဒီလက်စွပ်ကို ဘယ်သူ့ကို ပေးခဲ့လဲဆိုတာ နင်ကိုယ်တိုင် မသိဘူးလား"
လီယွင်ရှန်းက ဝမ်သခင်မ၏ ရှေ့သို့ ချက်ချင်း ဒူးထောက်လိုက်ရင်း ပြန်ဖြေလာခဲ့သည်။
"အဒေါ်... ကျွန်တော် ခြံကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေခဲ့တာပါ။ ကျောက်စိမ်းလက်စွပ်တွေ၊ ခါးချိတ်ရတနာတွေကို မဝတ်တာ တော်တော် ကြာနေပါပြီ။ ဒီလက်စွပ်ကိုလည်း ပုံမှန်ဆိုရင် ခြံထဲက အစေခံမလေးတွေပဲ သိမ်းထားပေးတာပါ၊ ကျွန်တော် ဒါကို မမြင်မိတာ ခြောက်လလောက် ရှိနေပါပြီ"
ထိုစကားကို ကြားရချိန်တွင် ဝမ်သခင်မက စုန့်တင်းရှန်းကို လှမ်းကြည့်လိုက်သည်။
စုန့်တင်းရှန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ဝင်မေးလိုက်သည်။
"အစ်ကိုလီ... ကျွန်မ မေးပါရစေ၊ စုန့်ကျောင်းရှင်းလို့ခေါ်တဲ့ မိန်းခလေးကို သိလား"
လီယွင်ရှန်းက ခေါင်းကို ကုတ်ရင်း ပြန်ဖြေလာသည်။
"ဒါကို ကျွန်တော် ပြောသင့် မပြောသင့် မဝေခွဲတတ်တော့ဘူး"
စုန့်တင်းရှန်းက ချက်ချင်း တိုက်တွန်းလိုက်သည်။
"ဒီမှာ သူစိမ်းတွေ မရှိပါဘူး၊ ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
လီယွင်ရှန်းက ဝမ်သခင်မကို တစ်ချက်လှမ်းကြည့်လိုက်ရာ ဝမ်သခင်မက သူကို မတ်တတ်ရပ်ရန် အချက်ပြလိုက်သည်။ သူက မတ်တပ်ထရပ်ပြီး ဆက်ပြောလာခဲ့သည်။
"ကျွန်တော် သူ့အကြောင်း ကြားတော့ ကြားဖူးပါတယ်၊ ဒါပေမယ့် လူချင်းတော့ မသိပါဘူး၊ ကျွန်တော် ခြံထဲကို စရောက်တုန်းက အလုပ်သမားတွေကြားမှာ ကောလာဟလတွေ ပြောနေကြတာကို အမှတ်မထင် ကြားခဲ့ရတာပါ"
စုန့်တင်းရှန်းက ထပ်မေးလိုက်သည်။
"ဒါဆို ရှင်က စုန့်ကျောင်းရှင်းကို မတွေ့ဖူးဘူးပေါ့၊ ဒါပေမယ့် ကျွန်မညီမ ကျဲကျင့်ကိုတော့ မြင်ဖူးတယ်လား"
လီယွင်ရှန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"သူက ကြာရေကန်နားက မင်းတို့မိသားစုရဲ့ လက်ဖက်ရည်ဆိုင်လေးကို ပစ္စည်းတွေ အမြဲလာပို့ပေးနေတာ မဟုတ်ဘူးလား။ အဝေးကနေ အကြိမ်အနည်းငယ်လောက် လှမ်းမြင်ဖူးခဲ့တာပါ။ နောက်တော့ မင်းတို့အားလုံး နှစ်သစ်ကူးအတွက် ဈေးဝယ်ဖို့ မြို့ထဲလာတုန်းက ကျွန်တော်လည်း မြို့ထဲရောက်နေတာနဲ့ လူချင်းတစ်ခါ ဆုံဖူးပါတယ်၊ ဒါပေမယ့် သူကတော့ သတိထားမိမှာ မဟုတ်လောက်ဘူး"
ထိုသို့ပြောပြီးနောက် သူ့မျက်နှာ နီမြန်းသွားပြီး အနေရခက်ဟန်ဖြင့် ခေါင်းငုံ့သွားသည်။
"ဒီလက်စွပ်က မင်းပေးတာ မဟုတ်ဘူးဆိုရင် ဘယ်သူပေးတာ ဖြစ်နိုင်မလဲ"
ဝမ်သခင်မက လီယွင်ရှန်း၏ စကားများကို ယုံကြည်သွားသော်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။
စုန့်တင်းရှန်းက အပြုံးဖြင့် အကြံပေးလိုက်သည်။
"ဒါဆို ကျွန်မရဲ့ ပဉ္စမအဒေါ်နဲ့ ကျောင်းရှင်းကို ဒီကို ခေါ်လိုက်ကြမလား၊ သူတို့ရောက်လာရင် အခြေအနေ ပိုရှင်းသွားမှာပါ"
ဝူရှီက စုန့်ကျောင်းရှင်းကို ခေါ်ဆောင်လာသော်လည်း အခန်းထဲတွင် တည်ကြည်ခန့်ညားသော အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို မြင်သွားသည်နှင့် ကြောက်ရွံ့သွားပြီး ရှေ့သို့ တစ်လှမ်းတောင် မတိုးရဲတော့ပေ။
စုန့်တင်းရှန်းက ထရပ်ကာ မိတ်ဆက်ပေးလိုက်သည်။
"ပဉ္စမအဒေါ်... ကျောင်းရှင်း... ဒါက ခြံဦးစီးလီရဲ့ အဒေါ် ဝမ်သခင်မပါ၊ တကယ်လို့ ခြံဦးစီးလီ ဘက်က တကယ်ပဲ အမှားအယွင်း ရှိနေတာဆိုရင် သခင်မကို အမှန်အတိုင်း ပြောလို့ ရပါတယ်၊ သခင်မက အဒေါ်တို့ဘက်က ရပ်တည်ပေးပါလိမ့်မယ်"
ထိုမှသာ စုန့်ကျောင်းရှင်းက တုန်တုန်ရင်ရင်ဖြင့် အထဲသို့ ဝင်လာခဲ့သည်။ သူမက ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူမ၏အကြည့်က လီယွင်ရှန်းအပေါ် ရပ်တန့်နေခြင်းမရှိဘဲ မသိသလို ကျော်ဖြတ်သွားသည်။
သူမက မကြားရလုနီးပါး အသံတိုးတိုးဖြင့် ပြောပြနေသည်။
"ကျွန်မ... ကျွန်မ ပြီးခဲ့တဲ့နှစ်က လယ်လုပ်ငန်းတွေ သိမ်းပြီးတဲ့အချိန် တခြားညီမတွေနဲ့အတူ ကြာရေကန်နားကို သွားကစားခဲ့တာပါ။ အဲဒီမှာ အစ်ကိုလီကို တွေ့ခဲ့တာပါ၊ ကျွန်မ ခလုတ်တိုက်လဲတဲ့အချိန်မှာ အစ်ကိုလီက ကျွန်မကို ကူပြီး ထူပေးခဲ့လို့ အဲဒီလိုနဲ့ စသိခဲ့တာပါ"
ဝမ်သခင်မက ခေါင်းညိတ်ပြပြီး ဆက်မေးလိုက်သည်။
"ပြီးတော့ရော"
စုန့်ကျောင်းရှင်းက ဆက်ပြောနေသည်။
"အဲဒီနောက်ပိုင်း ကြာရေကန်နားမှာ အစ်ကိုလီကို ခဏခဏ တွေ့ရပါတယ်။ ဒါပေမယ့် အမြဲတမ်း ညနေစောင်းမှ တွေ့ဖြစ်တာပါ၊ ဘာဖြစ်လဲဆိုတော့ အဲဒီအချိန်ဆို ကြာရေကန်နားမှာ လူရှင်းလို့ပါ... ကျွန်မတို့ စကားနည်းနည်းလောက် ပြောလေ့ရှိပြီး အမွှေးတိုင်တစ်တိုင်စာလောက် ကြာပြီးရင် ကျွန်မ ချက်ချင်း ပြန်လာခဲ့တာပါ"
စုန့်တင်းရှန်းက လီယွင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး စုန့်ကျောင်းရှင်းကို မေးလိုက်ပြန်သည်။
"နင်ပြောတဲ့လူက ဟိုမှာရပ်နေတဲ့သူလား"
သူမက ပြောနေရင်းဖြင့် လီယွင်ရှန်းကို လက်ညှိုးထိုးပြလိုက်သေးသည်။
စုန့်ကျောင်းရှင်းက သူ့ကို ခပ်မြန်မြန် လှမ်းကြည့်ကာ ချက်ချင်း ခေါင်းခါလိုက်သည်။
"အစ်ကိုလီ ပြောတာတော့ သူက သူ့အိမ်က အစေခံတစ်ယောက်တဲ့..."
"ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ"
ဝမ်သခင်မက ဒေါသတကြီးဖြင့် စားပွဲကို ဘုန်းခနဲ ရိုက်ချလိုက်သည်။
"နင် ပြောတဲ့ 'အစ်ကိုလီ' ဆိုတာ ဘယ်လိုပုံစံမျိုးလဲ"
ထိုခဏမှာပင် စုန့်ကျောင်းရှင်းက တစ်ခုခုကို ရိပ်မိသွားပုံရသည်။ သူမက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော လီယွင်ရှန်းကို တစ်လှည့်၊ ဝမ်သခင်မကို တစ်လှည့် ကြည့်ကာ မယုံနိုင်ဟန်ဖြင့် တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်လာတော့သည်။
"လီ... အစ်ကိုလီက... အရပ်ရှည်ပြီး ပိန်တယ်၊ ဘယ်ဘက်နားရွက်နားမှာ မှဲ့နက် တစ်လုံးပါတယ်၊ သူက ဝတ်ရုံရှည်တွေပဲ ဝတ်လေ့ရှိတယ်... ကျွန်မ... ကျွန်မ..."
လီယွင်ရှန်းက သက်ပြင်းချလိုက်ပြီး ဝမ်သခင်မကို လှမ်းပြောလိုက်သည်။
"အဲဒါ ကျွန်တော့်ရဲ့ နို့ထိန်းအစ်ကိုပါ.... အဒေါ်"
ဝမ်သခင်မက ဒေါသအလွန် ထွက်နေပြီး အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
"ဝမ်ချွမ်... သွားစမ်း! အဲဒီ အရှက်မရှိတဲ့ လူယုတ်မာကို အခုချက်ချင်း ဖမ်းပြီး အိမ်တော်ကို ခေါ်လာခဲ့!"
ဝမ်ချွမ်က ထွက်သွားသည်နှင့် ဝမ်သခင်မက လီယွင်ရှန်းကို ကြည့်ကာ ဆူပူနေပြန်သည်။
"ငါ မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး၊ မင်းရဲ့ အစေခံက မင်းရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး လူတွေကို လှည့်စားနေတယ်၊ မင်းရဲ့ပစ္စည်းတွေကို သူတစ်ပါးကို ပေးပြီး ပြဿနာ ရှာနေတယ်၊ မင်း.... မင်းရဲ့အစေခံကိုတောင် မထိန်းနိုင်တော့ဘူးလား"
လီယွင်ရှန်းက ထပ်မံဒူးထောက်လိုက်ပြီး တောင်းပန်နေပြန်သည်။
"အဒေါ်... စိတ်မဆိုးပါနဲ့ဗျာ၊ ကျွန်တော့်ရဲ့ နို့ထိန်းအစ်ကိုက ငယ်ငယ်ကတည်းက ကျွန်တော်နဲ့အတူ အတူကြီးပြင်းလာခဲ့တာပါ၊ ဒီကိုလည်း ကျွန်တော်နဲ့အတူ လိုက်လာခဲ့တာပါ၊ ကျွန်တော်က သူ့ကို ညီအစ်ကိုအရင်းလိုပဲ အမြဲဆက်ဆံခဲ့တာ၊ သူ ဒီလိုလုပ်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး..."
"အခု စုန့်ကျောင်းရှင်း တစ်ယောက်တည်းပဲ ရှာတွေ့သေးတာလေ၊ တခြား ဘယ်နှစ်ယောက်များ ကျန်နေဦးမလဲဆိုတာ မသိနိုင်သေးဘူး"
ဝမ်သခင်မက သက်ပြင်းအရှည်ကြီး ချရင်း ထပ်ပြောနေပြန်သည်။
"တကယ်လို့ နောက်ထပ် ကျန်းကျောင်းရှင်းတို့၊ ဝမ်ကျောင်းရှင်းတို့သာ ထပ်ပေါ်လာရင် ငါတို့ဝမ်မိသားစုနဲ့ လီမိသားစုရဲ့မျက်နှာကို ဘယ်နားသွားထားရမလဲ။ ထားလိုက်ပါတော့... ထားလိုက်ပါတော့။ မင်းကိုက စိတ်နှလုံး နူးညံ့လွန်းတာ ငါ သိတယ်။ ဒီကိစ္စကို ငါ့ဘာသာပဲ ရှင်းလိုက်တော့မယ်"
လီယွင်ရှန်းက ခေါင်းငုံ့ထားပြီး ဘာမှ မပြောရဲခဲ့ပေ။
ဝမ်သခင်မက သူမကိုယ်သူမ ပြန်ထိန်းလိုက်ပြီး အသက်ရှူနှုန်း ပြန်မှန်လာပြီးနောက် စုန့်တင်းရှန်းကို မေးလာပြန်သည်။
"အခု နင့်ညီမလေး ဘယ်မှာလဲ"
စုန့်တင်းရှန်းက အပြုံးဖြင့် အပြင် ထွက်သွားပြီး ခဏအကြာတွင် စုန့်ကျဲကျင့်ကို ခေါ်လာခဲ့သည်။ စုန့်ကျဲကျင့်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော သူကို ကြည့်ကာ ဝမ်းနည်းစိတ်ဖြင့် နှုတ်ခမ်းလေးကို မဲ့သွားခဲ့သည်။
ဝမ်သခင်မက နူးညံ့သော အသံဖြင့် ရှင်းပြနေသည်။
"ကျဲကျင့်... ဒါတွေအားလုံးက အထင်လွဲစရာတွေ ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ဒါက နင် ဘယ်လိုတွေးမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်နေသေးတယ်။ အခုတော့ ခြံထဲက အရှုပ်အထွေးတွေကို ငါ ရှင်းပေးလိုက်ပြီ၊ ဒါပေမယ့် နင် သူ့ကို လက်ထပ်မယ်ဆိုရင် နင်က အိမ်ထောင်ရှင်မ ဖြစ်လာမှာ၊ နင့်မှာ ကိုယ်ပိုင် အစွမ်းအစ မရှိရင် အစေခံတွေက နင့်ကို အနိုင်ကျင့်ကြလိမ့်မယ်၊ နားလည်ရဲ့လား"
စုန့်ကျဲကျင့်က နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်ပြနေသည်။
ဝမ်သခင်မက ဝူရှီကို ကြည့်ကာ အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စက ငါတို့အိမ်တော်ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ ကံကောင်းလို့ အချိန်မီ သိလိုက်ရတာ၊ မဟုတ်ရင် ဘယ်လိုအမှားတွေ ဆက်ဖြစ်မလဲ မသိနိုင်ဘူး၊ မိန်းကလေးရဲ့ အနာဂတ်လည်း ထိခိုက်သွားနိုင်တယ်၊ စုန့်ကျောင်းရှင်း... ဒီကိုလာပါဦး၊ မင်းလည်း တကယ်ပဲ လှည့်စားခံခဲ့ရတာပဲ"
ထို့နောက် သူမက သူမ၏လက်မှ ရွှေလက်စွပ်ကို ချွတ်ကာ စုန့်ကျောင်းရှင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါကို နင် ဝတ်ဖို့ ယူထားလိုက်ပါ၊ ဒီအတောအတွင်း စိတ်ဆင်းရဲခဲ့ရတာတွေအတွက် ဆုလာဘ်လို့ပဲ သဘောထားလိုက်ပါ"
စုန့်ကျောင်းရှင်းက သူမ၏လက်ချောင်းပေါ်ရှိ ကျောက်မျက်ရတနာများ စီခြယ်ထားသော လေးလံသည့် ရွှေလက်စွပ်ကို ကိုင်ထားရင်း အံ့သြရမလို၊ ပျော်ရွှင်ရမလို၊ ဝမ်းနည်းရမလို၊ ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေရှာသည်။ ဝူရှီက သူမကို အမြန်ဆွဲကာ သတိပေးလိုက်သည်။
"ဝမ်သခင်မကြီးကို မြန်မြန် ကျေးဇူးတင်လိုက်လေ"
ထိုအချိန်မှသာ စုန့်ကျောင်းရှင်းလည်း တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလာခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်မကြီး"
"ဒါဆိုရင်တော့..."
ဝမ်သခင်မက စုန့်တင်းရှန်းကို လှမ်းကြည့်ကာ စကားစလာပြန်သည်။
စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ပြောပေးလိုက်သည်။
"ပဉ္စမအဒေါ်လေး... အခု အားလုံး ရှင်းသွားပြီဆိုတော့ ဝမ်သခင်မဘက်ကလည်း ကျွန်မတို့မိသားစုကို အဖြေတစ်ခု ပေးမှာပါ။ ကျွန်မတို့ရဲ့ သနားစရာကောင်းတဲ့ ကျောင်းရှင်းလည်း ကြောက်နေရှာပြီ၊ ပဉ္စမအဒေါ် သူ့ကို အမြန် ပြန်ခေါ်သွားပြီး ရက်နည်းနည်းလောက် အနားယူခိုင်းလိုက်ဦး"
"အေး...အေး၊ ငါ အခုပဲ သူ့ကို ပြန်ခေါ်သွားလိုက်မယ်။ ဝမ်သခင်မကြီး... ကျွန်မတို့ကို သွားခွင့်ပြုပါဦး"
ဝူရှီက ချက်ချင်း နှုတ်ဆက်ကာ ပြန်ထွက်ခွာသွားသည်။
ဝူရှီတို့ ထွက်သွားပြီးနောက် ဝမ်သခင်မက ရင်ဘတ်ကို ဖိကာ လီရှီကို ကြည့်ရင်း ခါးခါးသီးသီး ညည်းညူပြနေသည်။
"အဖွားရယ်... ကျွန်မတို့တော့ တကယ်ကို အရှက်ရအောင် လုပ်မိတာပါပဲ၊ ဒီကလေးက စိတ်ထားကောင်းလွန်းလို့ အခုလို ဖြစ်ကုန်တာပါ၊ ကျွန်မ တကယ်ကိုပဲ... ဘာပြောရမှန်းတောင် မသိတော့ဘူး၊ ကျဲကျင့်မှာ တင်းရှန်းရဲ့ ထက်မြက်မှုတွေ နည်းနည်းလောက်ဖြစ်ဖြစ် ပါလာပြီး ဟိုအသိဉာဏ်မရှိတဲ့ အစေခံတွေကို ထိန်းချုပ်နိုင်ဖို့ပဲ မျှော်လင့်မိပါတော့တယ်"
လီရှီက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"အိမ်ထောင်စုတစ်စုကို စီမံခန့်ခွဲတာကလည်း ပညာရပ်တစ်ခုပဲလေ၊ သခင်မကပဲ ကျွန်မတို့ရဲ့ကျဲကျင့်ကို သေသေချာချာ သင်ပေးပါဦး၊ ကဲ... ကြမ်းပြင်က အေးတယ်၊ ကလေးကို ထခိုင်းပြီးမှ စကားပြောကြတာပေါ့"
နှစ်ကြိမ်ဆက်တိုက် ဒူးထောက်လိုက်ရသောကြောင့် လီယွင်ရှန်း၏ ဒူးများက နာကျင်နေပြီ ဖြစ်သည်။
"အဘွားကို ကျေးဇူးမတင်တော့ဘူးလား"
ဝမ်သခင်မကြီးက လီယွင်ရှန်းကို မျက်စောင်းထိုးကာ မေးလိုက်ပြီး လီယွင်ရှန်းက လီရှီကို အရိုအသေပေးပြီးမှ သေသေချာချာ မတ်တတ်ပြန်ရပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖွား"
ဝမ်သခင်မက စုန့်ကျဲကျင့်ကို သူမဘေးတွင် ထိုင်ရန် ဆွဲခေါ်ထားပြီး လီရှီနှင့် ကျန်းရှီတို့ကို လေသံနူးနူးညံ့ညံ့ဖြင့် စကားပြောနေခဲ့သည်။ လွန်ခဲ့သော အခိုက်အတန့်က တည်တင်းနေသော သူမ၏အမူအရာများက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"တကယ်တော့ ဒီကလေးက အေးအေးဆေးဆေး နေတတ်လွန်းလို့ ကျွန်မရဲ့ယောက္ခမလည်း သူ့အတွက် တစ်ချိန်လုံး စိုးရိမ်နေရတာပါ၊ သူက စကားပြောလည်း နူးညံ့တယ်၊ အလျှော့ပေးတတ်တယ်၊ အရာရာကို ကိုယ်တိုင် လုပ်ချင်နေတာလေ၊ သူက ကလေးကောင်းတစ်ယောက် ဖြစ်နိုင်ပေမယ့် အိမ်ထောင်ဦးစီးကောင်း တစ်ယောက် ဖြစ်ဖို့ကျတော့ ခက်ခဲနေပြန်ရော၊ ဒါကြောင့် အိမ်ထောင်ကို သေသေချာချာ စီမံခန့်ခွဲနိုင်ပြီး ပြတ်သားတဲ့ ဇနီးမျိုး ရှာပေးဖို့ ကျွန်မတို့ တွေးထားကြတာ၊ တင်းရှန်းက အဘက်ဘက်က ထက်မြက်တာကို ကျွန်မတို့ မြင်ခဲ့ရသလို၊ နောက်ပိုင်း သူ့အစ်မ မြို့ထဲက ဆိုင်ကို ဦးစီးနေတာကို မြင်ရတော့လည်း အတော်လေး တော်တာကို တွေ့ခဲ့ရတယ်။ အစ်မတွေက အဲဒီလို တော်နေကြတာဆိုတော့ ကျဲကျင့်လေးက ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်"
လီရှီက အပြုံးဖြင့် တုံ့ပြန်နေဆဲပင်။
"အမှန်အတိုင်းပြောရရင် ဒီကလေးသုံးယောက်မှာ တစ်ယောက်ချင်းစီက တကယ့်ကို ကလေးကောင်းလေးတွေပါ၊ ဒါပေမယ့် ကျွန်မတို့မိသားစုက ကျေးလက်တောရွာကဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ပြီး ခိုင်မာတဲ့မိသားစုတွေနဲ့တော့ ယှဉ်လို့ မရဘူးလေ၊ ကျွန်မတို့က အများကြီးလည်း နားမလည်ကြဘူး၊ တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့လို့ ပြဿနာ ဖြစ်လာရင် တကယ်ပဲ အပြစ်ရှိသလို ခံစားရမှာပါ၊ အဲ့ဒါကြောင့်...."
ဝမ်သခင်မကြီးက ရယ်မောရင်း စကားဖြတ်ပြောလိုက်သည်။
"အဖွားရယ်... အဲဒါတွေအတွက် အရမ်းကြီး စိတ်မပူပါနဲ့၊ တကယ်တော့ အဲဒီခြံထဲက လူအများစုက ကျွန်မယောက္ခမရဲ့ ခန်းဝင်ပစ္စည်းထဲက ပါလာတဲ့သူတွေပါ။ သူတို့ကလည်း အသက်ကြီးကုန်ကြပြီဆိုတော့ အနားယူသင့်နေပါပြီ၊ ချွေးမအသစ် ရောက်လာပြီး အခြေကျသွားပြီဆိုရင်တော့ အဲဒီခြံကို စိတ်ကြိုက် ပြန်စီမံလို့ ရပါတယ်။ နောက်ဆို ကျွန်မတို့ရဲ့ လူယုံတွေပဲ ဖြစ်လာလိမ့်မယ်၊ ရွာမှာ နေရမှာဆိုတော့ မြို့နဲ့လည်း ဝေးပြီး ရှုပ်ထွေးတဲ့ကိစ္စတွေနဲ့ မပတ်သက်ရတော့ဘူးပေါ့၊ လူငယ်ဇနီးမောင်နှံနှစ်ယောက် အေးအေးချမ်းချမ်း နေထိုင်သွားကြမယ်ဆိုရင် အားလုံး အဆင်ပြေသွားမှာပါ၊ ပြီးတော့ ကျဲကျင့် တစ်ခုခု နားမလည်တာရှိရင်လည်း တင်းရှန်းကို မေးလို့ ရနေတာပဲ၊ အဲဒါက ပိုတောင် အဆင်ပြေသေးတယ်၊ မဟုတ်ဘူးလား"
လီရှီက စုန့်ကျဲကျင့်ကို ကြည့်ကာ ဆုံးမ သွန်သင်နေသည်။
"အခုတော့ အားလုံးကို နားလည်သွားပြီမလား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်၊ အရာရာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိရမယ်၊ ဟုတ်ပြီလား"
စုန့်ကျဲကျင့်က သူမ၏နှုတ်ခမ်းလေးကို ကိုက်ကာ မျက်နှာနီနီလေးဖြင့် ခေါင်းကို အားပါးတရ ညိတ်ပြနေသည်။
"သမီး နားလည်ပါပြီ၊ သမီး ဝမ်သခင်မနဲ့ အစ်မတွေဆီကနေ သေသေချာချာ သင်ယူပါ့မယ်"
နောက်ဆုံးတွင် ဝမ်သခင်မလည်း စိတ်အေးသွားဟန်ဖြင့် မတ်တတ်ထရပ်လိုက်သည်။
"မိုးလည်း ချုပ်တော့မယ်၊ ကျွန်မ ပြန်ပြီး ဟိုအရှက်မရှိတဲ့ လူယုတ်မာကိစ္စကို ရှင်းရဦးမယ်၊ နောက်မှ လူလွှတ်ပြီး သတင်းပို့လိုက်ပါ့မယ်၊ အားလုံး စိတ်အေးအေးထားကြပါ။ နောင်ကျရင် ကျဲကျင့်က လီမိသားစုထဲကို ရောက်သွားမှာဆိုပေမယ့် တကယ်တမ်းတော့ စုန့်မိသားစုက ဒီအူတူတူကလေး ယွင်ရှန်းကိုပဲ ကြည့်ရှုစောင့်ရှောက်ပေးရမှာပါ"
"ရပါတယ်၊ ဒါက ဘာမှမဟုတ်ပါဘူး"
လီရှီကလည်း ခန်ပေါ်မှ ဆင်းကာ နှုတ်ဆက်လိုက်သည်။
"အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ တကယ်ပဲ အလုပ်ရှုပ်သွားရပြီ"
"ကျွန်မသာ မလာခဲ့ရင် ဒီလို သစ္စာဖောက်မှုကို သိရမှာ မဟုတ်ဘူး။ အိုး... အဖွား... အိမ်ထဲမှာပဲ အနားယူပါ၊ တင်းရှန်းပဲ ကျွန်မကို လိုက်ပို့ပေးလိမ့်မယ်"
ဝမ်သခင်မက လီရှီ လိုက်ပို့မည့်အစီအစဉ်ကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး စုန့်တင်းရှန်းနှင့်အတူ အိမ်ရှေ့မှ ရထားလုံးဆီသို့ လျှောက်လာခဲ့သည်။ အတူတူ လမ်းလျှောက်နေရင်း သူမက ထပ်ပြောလာပြန်သည်။
"နင်လည်း တွေ့တယ်မလား... ယွင်ရှန်းက တကယ်ကို ရိုးအလွန်းတဘ်၊ သူ ဒီလိုကိစ္စမျိုး လုပ်မှာ မဟုတ်ပါဘူး၊ နောင်ကျရင် နင့်ညီမလေး သူ့ကို လက်ထပ်တဲ့အခါ နင်ပဲ သူတို့အတွက် စိတ်ပူပေးရဦးမယ် ထင်တယ်"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်စနောက်လိုက်သည်။
"ကျွန်မကတော့ စိတ်မပူပေးနိုင်ပါဘူး၊ တစ်ခုခုဖြစ်ရင် သခင်မဆီကိုပဲ လာပြီး ငိုပြခိုင်းလိုက်မှာ"
"နင်ကတော့လေ"
ဝမ်သခင်မကြီးက သူမကို ကြည့်ကာ စိတ်ထဲမှ နှမြောတသ ဖြစ်နေမိသည်။
စုန့်တင်းရှန်းသာ အိမ်ထောင်မပြုရသေးလျှင် ဤကဲ့သို့သော အိမ်ထောင်စုကို စီမံခန့်ခွဲမည့်သူအဖြစ် အလွန်ပင် သင့်တော်လှသည်။
နောက်တစ်နေ့ နေထွက်ပြီးစမှာပင် ဝမ်အိမ်တော်၏ အိမ်တော်ထိန်း ဝမ်ချွမ် ရောက်ရှိလာခဲ့သည်။ သူက ပထမဦးစွာ ပန်းပုံစံပါသော ချည်ထည် နှစ်စ၊ ပိုးထည်တစ်စနှင့် ငွေဆံထိုး ပါသော သေတ္တာတစ်လုံးကို စုန့်ကျောင်းရှင်း ပျော်ရွှင်စေရန် လက်ဆောင်အဖြစ် ဝူရှီအိမ်သို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက်မှသာ စုန့်တင်းရှန်းရှိရာသို့ ရောက်ရှိလာခဲ့သည်။
"ကျွန်တော်တို့ သခင်မက သတင်းစကား ပါးလိုက်ပါတယ်။ သခင်လေးရဲ့ နို့ထိန်းအစ်ကိုကို ရိုက်နှက်ပြီး အပြစ်ပေးလိုက်ပါပြီ၊ သူတို့ မိသားစုတစ်ခုလုံးကိုလည်း မွေးရပ်မြေကို ပြန်ပို့လိုက်ပြီ ဖြစ်လို့ ဘာမှစိတ်ပူစရာ မလိုတော့ပါဘူး။ အော်... အဲဒီနို့ထိန်းအစ်ကို ဆိုတဲ့သူက သခင်လေးက သူ့မိခင်အပေါ် ကြင်နာတာကို အခွင့်အရေး ယူပြီး သခင်တစ်ယောက်လို ပြုမူနေတာလေ။ အခု အရိုက်ခံရတဲ့အခါကျမှ သူ့အမှားတွေ အကုန်ပေါ်လာပြီး ကျွန်တော်တို့ သခင်မတောင် စိတ်မကောင်းဖြစ်နေရတယ်။ ပြီးတော့... သခင်မက ဒီတင်တောင်းပစ္စည်း စာရင်းကို ကြည့်ပေးဖို့လည်း အမှာစကားပါး လိုက်ပါတယ်။ ကျွန်တော်တို့ သခင်မက တတိယမိန်းကလေးရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပေးမှာပါ၊ သူ အကုန်စီစဉ်ထားပြီးပြီမို့ ဒီဘက်ကနေ စိတ်ပူဖို့ မလိုဘူးလို့လည်း မှာလိုက်ပါသေးတယ်"
စုန့်တင်းရှန်းက တင်တောင်းပစ္စည်း စာရင်းကို ယူကြည့်လိုက်ပြီး သူမ စိတ်ထဲမှ ရေရွတ်မိသည်။
'စိတ်မပူနဲ့လို့ ပြောတာလည်း မဆန်းပါဘူး၊ ဒီစာရင်းထဲက ပစ္စည်းတွေက စုန့်မိသားစု ပိုင်ဆိုင်မှုရဲ့ ထက်ဝက်နီးပါးလောက် ရှိနေပြီ'
သို့တိုင်အောင် စုန့်တင်းရှန်းကလည်း သူမ၏ညီမလေးအား ဝမ်မိသားစုဘက်မှ အထင်သေးသွားသည့်အဖြစ်မျိုး အဖြစ်ခံမည်မဟုတ်ပေ။
..........။.......။........
စုန့်တင်းရှန်း : "ကျွန်မ အိမ်ထောင်ထိန်း မလုပ်ချင်ပါဘူးနော်"
ကျိုးယိနို : "မဟုတ်ဘူး၊ မင်း လုပ်ရမယ်!"
စုန့်တင်းရှန်း : "ရှင်က ဘယ်သူလဲ?"
ကျိုးယိနို : "..."