← Chapters

ထွက်ပြေးခြင်း

Vol. 7 Ch. 70

ထွက်ပြေးခြင်း

Vol. 7 Ch. 70

မွန်းလွဲပိုင်းတွင် ဝူရှီက အသားနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါသော ပန်းကန်ကြီးတစ်လုံးကို သယ်လာပြီး သူမ၏ ချွေးမဖြစ်သူကလည်း မုန့်ပေါင်းကြီးတစ်ချပ်ကို သယ်ဆောင်လာသည်။ သူမတို့နှစ်ဦးစလုံးက ပျော်ရွှင်နေကြပြီး ထိုအစားအစာများအား ဘယ်နှစ်နပ်လောက် စားလို့ရမည်ကို တက်တက်ကြွကြွ ဆွေးနွေးနေကြသည်။

ဝူရှီက ပန်းကန်ကြီးကို ချထားလိုက်ပြီး စုန့်ကျောင်းရှင်းကို လှမ်းခေါ်လိုက်သည်။

"နင်အတွက် ကြက်ပေါင်တစ်ချောင်း သီးသန့်ဖယ်ထားပေးတယ်၊ ဗိုက်ထဲမှာ အစာတစ်ခုခု ရှိအောင် စားလိုက်ဦး၊ ဒီညတော့ ဒီဟင်းတွေကို ခရမ်းသီးလေးရောပြီး ချက်ရမယ်၊ အသားတွေကြီးပဲဆိုတော့ အရမ်းမွှေးနေမှာ သေချာတယ်"

စုန့်ကျောင်းရှင်းက အသားနှင့် ဟင်းသီးဟင်းရွက် ပန်းကန်ကြီးကို လှမ်းကြည့်လိုက်သည်။ ပုံမှန်အချိန်ဆိုလျှင် သူမလည်း အသားပေါပေါများများ စားရသောကြောင့် ပျော်ရွှင်နေမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူမ စိတ်တိုနေသောကြောင့် မကျေမနပ် ပြန်ပြောလိုက်သည်။

"ဒါတွေက သူများဆီက စားကြွင်းစားကျန်တွေပဲဟာ၊ ဘာများ ကောင်းနေလို့လဲ"

ဝူရှီက အံ့အားသင့်သွားပြီး သမီးဖြစ်သူကို ကြည့်လိုက်ရာ စုန့်ကျောင်းရှင်း၏ မျက်လုံးများ နီရဲနေသည်ကို သတိပြုမိသွားသည်။ သူမက စုန့်ကျောင်းရှင်း၏လက်ကို ဆွဲကာ မီးဖိုချောင်ထဲမှ သူမ၏အခန်းထဲသို့ ခေါ်ဆောင်သွားပြီး မေးမြန်းလိုက်သည်။

"ကျောင်းရှင်း... နင် ဘာဖြစ်နေတာလဲ... ငိုထားတာလား"

စုန့်ကျောင်းရှင်းက မိခင်ဖြစ်သူ၏လက်ကို ပုတ်ထုတ်လိုက်ပြီး ဒေါသတကြီး ပြန်မေးလိုက်သည်။

"သမီး မပျော်ဘူး၊ စုန့်ကျဲကျင့်ကျတော့ ဘာလို့ အဲဒီလို မိသားစုမျိုးနဲ့ လက်ထပ်ရပြီး သမီးကျတော့ လယ်သမားတစ်ယောက်နဲ့ လက်ထပ်ရမှာလဲ"

"ကျောင်းရှင်း"

ဝူရှီက သမီးဖြစ်သူ၏ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်ပြီး အပြင်ဘက်ကို အကဲခတ်ကာ အသံကို နှိမ့်လိုက်သည်။

"နင် ဘာဖြစ်နေတာလဲ၊ အစက အားလုံး အဆင်ပြေနေတာပဲ မဟုတ်လား"

စုန့်ကျောင်းရှင်း၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တလိမ့်လိမ့် စီးကျလာပြီး သူမက ငိုရှိုက်ရင်း ပြောလာပြန်သည်။

"အမေ... သမီး ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်နေလို့ပါ၊ သမီးက စုန့်ကျဲကျင့်ထက် အစစအရာရာ သာတယ်၊ ပိုလည်း လှတယ်၊ ပန်းထိုးတဲ့နေရာမှာလည်း သူ့ထက် ပိုတော်တယ်၊ ဒါပေမယ့် ဘာလို့လဲ... ဘာလို့လဲ... ပြီးတော့ စုန့်ထောင်ဟုန်.... သူက အဲဒီလောက် မိုက်မဲတာတောင် ခရိုင်အရာရှိရဲ့ ဇနီးဖြစ်နိုင်သေးတယ်၊ ကျွန်မကျတော့ရော? ကျွန်မ တစ်နေ့ကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်တယ်၊ ပိုက်ဆံရှာတယ်၊ မောင်နှမတွေကို ကြည့်ပေးတယ်၊ ဒါပေမယ့် ကျွန်မမှာ ဘာရှိလဲ၊ ဘာမှ မရှိဘူး၊ ဝမ်အိမ်တော်က ပေးလိုက်တဲ့ ပစ္စည်းတွေကိုတောင် အမေက ကျွန်မကို ယူခွင့်မပေးဘူး၊ အဲဒါတွေက ကျွန်မရဲ့ အရှက်နဲ့လဲပြီး ရလာတဲ့ ပစ္စည်းတွေလေ"

"ရှင်းအာ"

ဝူရှီက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ချော့မော့လိုက်သည်။

"ငါတို့မိသားစုရဲ့ အခြေအနေကို နင်လည်း မြင်နေတာပဲ၊ အဲဒီပစ္စည်းတွေ အကုန်လုံးကိုသာ နင် ယူသွားမယ်ဆိုရင် နင့်မောင်နှမတွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားမှာလဲ၊ ပြီးတော့ ငါရှာပေးထားတဲ့ မိသားစုကလည်း မဆိုးပါဘူး၊ သူက သူ့မိသားစုမှာ တစ်ဦးတည်းသောသားလေ၊ အစ်မတွေကလည်း အိမ်ထောင်ကျသွားတဲ့အပြင် သူတို့အိမ်ကိုတောင် ပြန်ကူညီပေးနိုင်ကြသေးတယ်၊ နင့်အောက်က ညီမလေးကလည်း ငယ်သေးတယ်၊ နင် ကလေးရလာရင်တောင် သူက ကလေးထိန်းပေးဦးမှာ"

"အဲ့လိုဆိုရင်တောင် သူက လယ်သမားပဲ"

စုန့်ကျောင်းရှင်းက မျက်ရည်များကို သုတ်နေရင်း ထပ်ပြောလာပြန်သည်။

"သမီး လယ်သမားနဲ့ လက်မထပ်ချင်ဘူး၊ ဘာလို့ သူတို့တွေအားလုံးကျတော့ အိမ်ထောင်ဖက်ကောင်းတွေ ရကြတာလဲ၊ ဘာလို့ သမီးကျမှ လယ်လုပ်တဲ့သူနဲ့ လက်ထပ်ရမှာလဲ၊ သမီး ကလေးရလာရင်တောင် အဲဒီကလေးက လယ်သမားပဲ ဖြစ်နေမှာ၊ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ် လုပ်ပေမယ့် ပိုက်ဆံက မရှိသလောက် ဖြစ်နေဦးမှာပဲ၊ စုန့်ကျဲကျင့်ကို ကြည့်လိုက်ဦး၊ သူ ဘာလုပ်နိုင်လို့လဲ၊ သူ့မှာ မိဘကောင်းတွေ၊ ညီအစ်မကောင်းတွေရှိလို့ တင်တောင်းပစ္စည်းတွေ အများကြီးရတာလေ၊ စုန့်တင်းရှန်း လက်ထပ်တုန်းကတောင် ဒီလောက်မရဘူး... အခု သူက လယ်လုပ်စရာ မလိုတော့ဘူး၊ သူဌေးကတော်အဖြစ် စည်းစိမ်နဲ့ နေရတော့မှာ၊ သမီးတို့အားလုံးက ‘စုန့်’ မျိုးရိုးချင်း အတူတူပဲကို... ဘာလို့..."

ဝူရှီကလည်း သမီးဖြစ်သူနှင့်အတူ လိုက်ငိုနေလေသည်။

"ရှင်းအာရယ်၊ အားလုံးက နင့်အဖေနဲ့ ငါ အရည်အချင်း မရှိလို့ပါ၊ မိဘအနေနဲ့ နင့်အတွက် စိတ်မကောင်းဖြစ်တာပေါ့၊ ဒါပေမယ့် ငါတို့အိမ်ရဲ့အခြေအနေကို နင်လည်း မြင်သားပဲ၊ နင့်အဖေက အရမ်းရိုးသားတဲ့လူ၊ သူက လယ်လုပ်ဖို့ပဲ သိတာ၊ ငါလည်း မစိုးရိမ်ဘူးလို့ နင် ထင်နေလား၊ ငါသာ ယောက်ျားတစ်ယောက် ဖြစ်ခဲ့ရင် အပြင်ထွက်ပြီး ပိုက်ဆံတွေ အများကြီး ရှာချင်တာပေါ့၊ ငါ ဘာလို့ နင်တို့ရဲ့ အဒေါ်နဲ့ အတင်းအကျပ် မိသားစုခွဲလိုက်လဲဆိုတာ နင် သိလား၊ အားလုံးက စုန့်တင်းရှန်းကြောင့်လေ၊ သူက နင့်အဒေါ်နဲ့ အဆင်မပြေ ဖြစ်နေပေမယ့် ငါတို့တွေကတော့ အဆင်ပြေအောင်နေမှ သူက ငါတို့ကို ကောင်းကောင်း ဆက်ဆံမှာလေ"

စုန့်ကျောင်းရှင်းက ပိုငိုလာပြီး အော်ဟစ်နေပြန်သည်။

"ဒါပေမယ့် ကျွန်မ နားမလည်နိုင်တာက စုန့်တင်းရှန်းက ဘယ်လိုလုပ်ပြီး ဒီလောက် ချမ်းသာသွားရတာလဲ၊ သူ့ယောက်ျားက ထွက်သွားခဲ့တာလေ၊ အသက်ရှင်နေလား သေလားတောင် မသိရဘဲနဲ့... သူ အိမ်မှာ မုဆိုးမလို ခက်ခက်ခဲခဲ နေသင့်တာ မဟုတ်ဘူးလား၊ သူကတော့ အမြဲတမ်း လူကြားထဲမှာ မျက်နှာပြနေတာ၊ သူ့မှာ အရှက်မရှိဘူးလား၊ အမေ... သမီးက သိက္ခာရှိရှိ နေထိုင်ချင်ရုံလေးပါ၊ သမီးလည်း အိမ်ထောင်ဖက်ကောင်း ရချင်တာပေါ့... အမေ... သူ့ကို သွားမေးပေးပါလား၊ သူက မြို့ထဲက ဝမ်သခင်ကြီးနဲ့ သိတယ်လေ၊ အမေ မှတ်မိတယ်မလား၊ စုန့်ကျဲကျင့်ရဲ့ အိမ်ထောင်ရေးကိုလည်း ဝမ်မိသားစုက စီစဉ်ပေးတာလေ၊ သမီးတို့ရဲ့ မျိုးရိုးက စုန့်ချင်းအတူတူပဲလေ၊ သမီးလည်း သူ့ရဲ့ ညီမပါပဲ... အမေ...နော်"

ဝူရှီက ခန်ဘေးတွင် ထိုင်နေရင်း ငိုယိုနေသော သမီးဖြစ်သူကို ကြည့်ကာ ရင်ထဲမှ ဆစ်ခနဲ နာကျင်သွားရသည်။

‘သူမကိုယ်သူမ ကျူးရှီထက် ပိုတော်တယ်။ ဆက်ဆံရေး ပိုကောင်းတယ်။ လူအကဲခတ် ပိုတော်တယ်။ ပိုပြီးလည်း အလုပ်ကြိုးစားတယ်လို့ ဂုဏ်ယူခဲ့ဖူးတယ်။’

‘ဒါပေမယ့် ကျူးရှီရဲ့သမီးက ရှချမ်းကို လက်ထပ်လိုက်ရုံဖြင့် အိမ်ပေါ်က အဘိုးအိုနဲ့ အဘွားအိုကတောင် ကျူးရှီတို့ မိသားစုကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြတယ်။ အိမ်ခွဲမနေရသေးခင်တုန်းကဆိုရင် အဘွားအိုက အိမ်ထဲက ပစ္စည်းတွေကို ယူငင်ပြီး နှစ်စဉ် ရိတ်သိမ်းခွန်ကို နုတ်ပြီးတာနဲ့ ကျန်သမျှကို ရှမိသားစုဆီ ပို့ခဲ့တယ်။ ပွဲတော်ရက်တွေဆိုရင်လည်း သူမရဲ့ခင်ပွန်းဆီကနေ ငွေတောင်းပြီး ရှမိသားစုအတွက် ပစ္စည်းတွေ ဝယ်ပေးခဲ့တယ်။ အခုတော့ အကျိုးခံစားခွင့်တွေ ကုန်သွားပြီး သူမအိတ်ထဲက ငွေတွေလည်း အများကြီး ပါသွားခဲ့ပြီ။’

‘အခု သူတို့ လုံးဝ အိမ်ခွဲလိုက်မှ အိမ်ထဲက ပစ္စည်းတွေအားလုံးကို သူမကိုယ်တိုင် ထိန်းချုပ်နိုင်ခဲ့တာ။ သူမ ချွေးမတွေနဲ့အတူ သိုးမွှေးစက်ရုံမှာ အလုပ်လုပ်ရင်း အိတ်ထဲမှာ ငွေလေးနည်းနည်း ရှိလာသောကြောင့် ဘဝက နည်းနည်း ပိုအဆင်ပြေလာပြီလို့ ထင်ထားခဲ့တာ’

‘ဒါတောင်မှ တခြားသူတွေနဲ့ မနှိုင်းယှဥ်ရဲသေးဘူး။ သူမအတွက်တော့ ဒီအသားဟင်း တစ်ပန်းကန် ပြန်သယ်လာရတာက ကျေနပ်စရာ ဖြစ်နေပြီ၊ အဲ့အချိန်မှာ စတုတ္ထဦးလေးတို့ မိသားစုကတော့ ဝက်တွေကို သတ်ပြီး အသားဟင်းတွေကို စားပွဲအပြည့် ပြင်ဆင်နိုင်ကြတယ်၊ လူတိုင်းရဲ့ ပါးစပ်မှာ အဆီတွေ ဝေ့နေအောင် စားသောက်နိုင်ကြတယ်’

‘ဒီတစ်ခေါက်ဆိုလျှင် နှနှစ်ခွဲသားဝက်ကြီး နှစ်ကောင်ကို ပေါ်လိုက်တာဆိုတော့ ဟင်းပွဲတိုင်းမှာ အသားတွေ ချည်းပဲ။ သူတို့ မိသားစုဝင်တွေဆိုရင် ဗိုက်တွေ ကွဲမတတ်စားနိုင်ကြတယ်’

‘စတုတ္ထဦးလေးတို့ မိသားစုက တစ်နေ့ကုန် ကောင်းကောင်းစားနေရသလို အလုပ်ဆိုရင်လည်း သူတို့ရဲ့ လယ်တွေကိုတောင် သူများကို ငှားထားပြီးပြီ၊ ကိုယ်ပိုင် အလုပ်ရုံလည်း ရှိနေပြီ။ ငွေတွေက သူတို့အိတ်ထဲကို ရေလို စီးဝင်နေတာဆိုတော့ ဘာဆင်းရဲဒုက္ခမှ ခံစားစရာ မလိုတော့ဘူး’

‘သူမတို့ရဲ့ဘဝကတော့ ကြည့်လိုက်ပါဦး၊ အဝတ်စ အနည်းငယ် ရတာကိုပဲ တန်ဖိုးကြီး ပစ္စည်းတွေရသလိုမျိုး ဖြစ်နေပြီး ကလေးတွေကို အဝတ်သစ် ချုပ်ပေးဖို့တောင် နည်းနည်း‌လေးမှ အလေအလွင့် မဖြစ်ဖို့ အလွန်အကျွံ ဂရုစိုက်နေရတယ်’

‘စုန့်တင်းရှန်းနဲ့ စုန့်ကျဲကျင့်ကိုလည်း ကြည့်လိုက်ပါဦး၊ ဒီနေ့ သူတို့ဝတ်ထားတဲ့ ဝတ်စုံတွေဆိုတာ ပန်းတွေ ထိုးထားတာလေ၊ နေရောင်အောက်မှာဆိုရင် ရေပေါ်မှာ ပန်းပွင့်လေးတွေ မျောနေသလို တလက်လက် တောက်ပနေတာပဲ။ ဒီဝတ်စုံတစ်စုံအတွက် ပိတ်စက မကုန်ဖူးဆိုရင်တောင် လေးချီ၊ ငါးချီလောက် သုံးထားရမှာ၊ အဲဒီ အဝတ်စ ပမာဏဆိုတာက သူမတို့အတွက် တစ်ကိုယ်လုံးစာ အစုံလိုက် ချုပ်လို့ရတဲ့ ပမာဏလေ’

"ဟုတ်တယ်၊ အဲ့ဒါက ငါ အသုံးမကျလို့ပါ၊ ဒီအမေက အသုံးမကျလို့ပါ"

ဝူရှီက သူမ၏မျက်နှာကို လက်ဖြင့်အုပ်ကာ တတွတ်တွတ် ရေရွတ်ရင်း ငိုကြွေးနေခဲ့သည်။

သားအမိနှစ်ယောက် အခန်းထဲ၌ ခဏကြာ ငိုနေကြပြီးနောက် အပြင်ဘက်မှ ချွေးမဖြစ်သူက ထမင်းစားရန် လှမ်းခေါ်သောကြောင့် မျက်ရည်များ တိတ်သွားရသည်။

ဝူရှီက အပြင်ဘက်သို့ လှမ်းပြေကာလိုက်သည်။

"ပင်းအာ... နင် ငါတို့အတွက် ဟင်းတစ်ပန်းကန်နဲ့ မုန့်ပေါင်းနှစ်လုံးလောက် ယူလာပေးဦး၊ ငါ ကျောင်းရှင်းနဲ့ ပြောစရာ ရှိလို့ အပြင်ထွက် မစားတော့ဘူး"

ချွေးမဖြစ်သူက အပြင်မှ ပြန်အော်ပြောလိုက်ပြီး သိပ်မကြာမီမှာပင် ဝက်သားနှင့် ခရမ်းသီးနှပ် တစ်ပန်းကန် ယူလာပေးသည်။ ပန်းကန်ပေါ်တွင် ဝူရှီ စုန့်ကျောင်းရှင်းအတွက် သီးသန့်ဖယ်ထားပေးသည့် ကြက်ပေါင်ကြီး တစ်ချောင်းလည်း ပါလာခဲ့သည်။

"အမေ... ဘာဖြစ်လို့လဲဟင်"

ချွေးမဖြစ်သူ လျိုပင်းအာက စိုးရိမ်တကြီး မေးလိုက်သည်။

ဝူရှီက မျက်ရည်သုတ်ရင်း ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ သူများသမီး အိမ်ထောင်ကျသွားတာ မြင်ရတော့ ငါတို့သမီးလည်း တစ်နေ့ကျရင် အိမ်ထောင်ကျပြီး ခွဲသွားရတော့မယ်လို့ တွေးမိသွားတာ၊ အဲ့ဒါကြောင့် နည်းနည်းစိတ်မကောင်းဖြစ်သွားပြီး ကျောင်းရှင်းနဲ့ စကားပြောနေတာပါ၊ နင်တို့ သွားစားကြတော့လေ"

"လာ... ကျောင်းရှင်း၊ တစ်ခုခု အရင်စားလိုက်ဦး"

ဝူရှီက စားပွဲပြင်လိုက်ပြီး ဟင်းပန်ကန်ကို ချပေးလိုက်သည်။

"ဒီမုန့်ပေါင်းတွေက အမေကိုယ်တိုင် ပေါင်းထားတာ၊ နူးနူးညံ့ညံ့လေးနဲ့ အရမ်းစားလို့ ကောင်းတယ်"

စုန့်ကျောင်းရှင်းလည်း ငိုရလွန်း၍ မောဟိုက်နေပြီဖြစ်ရာ မုန့်ပေါင်းတစ်လုံးကို လှမ်းယူပြီး ဟင်းနှင့် တို့စားနေခဲ့သည်။

အသားဟင်းက အမှန်တကယ် အရသာရှိလှပြီး သူမ အသားမစားရသည်မှာလည်း တစ်လကျော်ပြီဖြစ်သည်။ ယခင်တစ်ကြိမ်ကလည်း အသားလုံးဟင်းရည် အနည်းငယ်သာ သောက်ခဲ့ရသည်။ ထိုအသားလုံးလေးများကပင် မွှေးကြိုင်နေခဲ့သောကြောင့် ယခု အသားတုံးကြီးများ ပါဝင်သည့် အသားဟင်းက တစ်လုပ်ဝါးလိုက်တိုင်း ပါးစပ်ထဲ၌ အဆီများ စိမ့်ထွက်နေသလို ခံစားလာရသည်။ စားနေရင်းဖြင့် မျက်ရည်များက ပါးစပ်ထဲသို့ စီးဝင်လာရာ ငန်ကျိကျိနှင့် ခါးသက်သက် အရသာကို ခံစားလိုက်ရပြန်သည်။

"အမေ... သမီးလည်း နေ့တိုင်း အသားစားရတဲ့ ဒီလိုကောင်းတဲ့နေ့ရက်မျိုးတွေကို ပိုင်ဆိုင်ချင်တယ်၊ အမေ... သမီး စဉ်းစားပြီးပြီ၊ လယ်သမားတစ်ယောက်နဲ့ လက်ထပ်ရမယ့်အစား ချမ်းသာတဲ့သူတစ်ယောက်ကို ရှာတာက ပိုကောင်းမယ်၊ သူဌေးတစ်ယောက်ရဲ့ ကိုယ်လုပ်တော်ဆိုရင်လည်း ရတယ်၊ ပိုက်ဆံရှိပြီး ရွှေတွေငွေတွေ ဝတ်နိုင်ရင်၊ စည်းစိမ်နဲ့ နေနိုင်မယ်ဆိုရင် သမီးရဲ့ကလေးလည်း ဒုက္ခမရောက်တော့ဘူး၊ မိသားစုကိုလည်း ထောက်ပံ့နိုင်လိမ့်မယ်၊ အမေပဲ သမီးကို မောင်လေးတွေအတွက် ထောက်ပံ့ပေးစေချင်တာ မဟုတ်လား၊ သမီးသာ ချမ်းသာလာရင်....."

"ကျောင်းရှင်း!"

ဝူရှီက ဆက်မစားနိုင်တော့ဘဲ တူကို ချကာ ဟန့်တားလိုက်သည်။

"ငါတို့ရွာမှာ ဘယ်သူကမှ ကိုယ့်သမီးကို သူများကိုယ်လုပ်တော်အဖြစ် အိမ်ထောင်မချပေးဘူး၊ ဒါမျိုးကို ဆက်မတွေးနဲ့တော့"

"အမေ... ဒါက ပိုက်ဆံတွေ အများကြီးလေ... အမေ စဉ်းစားကြည့်ပါဦး၊ သမီးမှာ ပိုက်ဆံရှိရင် မောင်လေးတွေလည်း ဒုက္ခခံစရာမလိုတော့ဘူး၊ အပေါက်အဖာတွေနဲ့ အဝတ်တွေလည်း ဝတ်စရာမလိုတော့သလို အဒေါ်ရဲ့ အမူအရာတွေကိုလည်း သည်းခံနေစရာ မလိုတော့ဘူး။ သူဌေးတွေရဲ့ လက်ကြားက ထွက်ကျလာတဲ့ ပိုက်ဆံနည်းနည်းလေးကတောင် သမီးတို့မိသားစုကို တစ်နှစ်ပတ်လုံး စည်းစိမ်နဲ့ ထားနိုင်တာမျိုးလေ"

စုန့်ကျောင်းရှင်းက တွေးလေလေ ပို၍ ယုံကြည်ချက်ရှိလာလေလေ ဖြစ်လာပုံဖြင့် ဆက်ပြောနေခဲ့သည်။

"ကိုယ်လုပ်တော်ဖြစ်တော့ ဘာဖြစ်လဲ၊ မြို့ပေါ်က ဝမ်သခင်ကြီးရဲ့ အိမ်ကိုပဲ ကြည့်လိုက်လေ၊ သူ့မှာ ကိုယ်လုပ်တော်တွေ အများကြီးပဲ မဟုတ်လား၊ သူတို့ဆို ဝတ်စရာတွေလည်း ရှိတယ်၊ ရတနာတွေလည်း အစုံပဲ၊ ရွှေလက်ကောက်တွေဆိုတာလည်း အထူကြီးတွေ။ ဝမ်သခင်မကြီးဆိုရင် ရွှေလက်စွပ်တစ်ကွင်းကိုတောင် ပေါ့ပေါ့ပါးပါး ချွတ်ပေးလိုက်တာ"

ထိုစကားက ဝူရှီကိုလည်း အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။

"ဒါပေမယ့်... ဒါပေမယ့် ငါတို့ ဟိုဘက်မိသားစုနဲ့ စကားပြောထားပြီးပြီလေ..."

"စကားပြောထားရုံပဲရှိသေးတာ၊ အတည်မဖြစ်သေးဘူး မဟုတ်လား?"

စုန့်ကျောင်းရှင်း၏ မျက်လုံးများက တောက်ပလာကာပြီး မိခင်ဖြစ်သူကို တောင်းဆိုနေပြန်သည်။

"ဘာမှ မဆုံးဖြတ်ရသေးရင် သမီးကို အိမ်ထောင်ချပေးဖို့ မလောပါနဲ့ဦး အမေရယ်... စုန့်တင်းရှန်းကို သွားမေးပေးပါ၊ သူက လူအများကြီးနဲ့ သိတာပဲ၊ အဆက်အသွယ်တွေလည်း အများကြီးဆိုတော့ သူက သမီးအတွက် လူကောင်းတစ်ယောက် ရှာပေးနိုင်မှာပါ"

.........။......။....

"ပဉ္စမအဒေါ်၊ ကျွန်မကို တွေ့ချင်လို့ဆို"

စုန့်တင်းရှန်းက အချဉ်တည်သည့် အလုပ်ရုံမှ ထွက်လာခဲ့သည်။ သူမ၏ခေါင်းပေါ်တွင် ကောက်ရိုးဦးထုပ် ဆောင်းထားပြီး သူမ၏မျက်နှာတစ်ခုလုံးလည်း ချွေးများဖြင့် နီရဲနေလေသည်။

ဝူရှီက လှမ်းပြောလိုက်သည်။

"အိုက်ယား... နင်ကလည်း အေးအေးဆေးဆေး နေပါဦးလား၊ ဘာလို့ ဒီလောက်အပူကြီးထဲ အလုပ်တွေ လုပ်နေရတာလဲ၊ မျက်နှာတွေ နေလောင်ကုန်ပါဦးမယ်"

စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"မလုပ်လို့ ဘယ်ဖြစ်မလဲ အဒေါ်ရယ်၊ ကိုယ်တိုင် ပိုလုပ်နိုင်လေ လူငှားရတာ သက်သာလေပဲ၊ ပိုက်ဆံကုန်သက်သာတာပေါ့"

သူမက ဘေးတွင် ခေါင်းငုံ့ထိုင်နေသော စုန့်ကျောင်းရှင်းကို တစ်ချက်ကြည့်ကာ ဖြူဖျော့နေသော ဝူရှီ၏ မျက်နှာကို ကြည့်ရင်း နားမလည်နိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။

"ဘာတွေဖြစ်လာလို့လဲ၊ ဘာလို့ ကျွန်မကို ဒီလောက်အလောတကြီး ခေါ်ခိုင်းရတာလဲ၊ အရေးကြီးကိစ္စ ရှိလို့လား"

ဘေးနားမှ လီရှီက မပြုံးချင် ပြုံးချင် ပြုံးနေရင်း ဝင်ပြောလာခဲ့သည်။

"နင့်ရဲ့ ပဉ္စမအဒေါ်က နင့်ကို ကျောင်းရှင်းရဲ့ အိမ်ထောင်ရေးကိစ္စ စီစဉ်ပေးစေချင်လို့တဲ့"

"ဘာ”

စုန့်တင်းရှန်းတစ်ယောက် ကြောင်အသွားပြီးမှ မယုံနိုင်သလို ရယ်မောရင်း ပြန်မေးလိုက်သည်။

"ကျွန်မက အိမ်ထောင်ရေးကို စီစဥ်ပေးရမယ် ဟုတ်လား၊ ကျွန်မက ဘယ်လိုလုပ်ပြီး အဲဒါမျိုး လုပ်တတ်မှာလဲ၊ ပဉ္စမအဒေါ် သဘောကျတဲ့ မိသားစုကို ရှာတွေ့ထားပြီးသား မဟုတ်ဘူးလား၊ အောင်သွယ်တစ်ယောက် ရှာလိုက်ရင် ရနေပြီလေ"

ဝူရှီက သူမ၏သမီးဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရှက်လည်းရှက်၊ အားလည်းနာ ဖြစ်နေသောကြောင့် မည်သို့စကားစရမှန်း မသိဖြစ်နေခဲ့သည်။

အခန်းထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းနေသည်။ စုန့်တင်းရှန်းက ဇဝေဇဝါ ဖြစ်နေပြီး လီရှီကလည်း ဘာစကားမှမပြောဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားသည်။

နောက်ဆုံးတွင် ဝူရှီက သတ္တိမွေးကာ စပြောလာခဲ့သည်။

"တင်းရှန်း... နင်နဲ့ ကျောင်းရှင်းက အတူတူကြီးပြင်းလာကြတာလေ၊ ထောင်ဟုန် လုပ်ခဲ့တာတွေက မှားနေမှန်း ငါတို့လည်း သိပါတယ်၊ ဒါပေမယ့် ကျောင်းရှင်းက ဘာမှ မလုပ်ခဲ့ဘူးလေ၊ အဲဒီတုန်းက သူလည်း အရမ်း ငယ်သေးတယ်"

စုန့်တင်းရှန်းက ပို၍ပင် နားမလည်နိုင်ဖြစ်လာပြီး ချက်ချင်း ပြန်မေးလိုက်သည်။

"ဒါကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် ဒါက ကျွန်မ အိမ်ထောင်ရေးစီစဉ်ပေးရမှာနဲ့ ဘာဆိုင်လို့လဲ"

"အဲဒါက..."

ဝူရှီက နှုတ်ခမ်းကို ကိုက်ကာ ဆက်ပြောလိုက်သည်။

"ဒါက... နင် မြင်တဲ့အတိုင်းပဲ၊ ကျဲကျင့် အိမ်ထောင်ကျတာ အရမ်းကံကောင်းတယ်လေ။ ကျောင်းရှင်းကသာ သာမန်မိသားစုနဲ့ လက်ထပ်လိုက်ရရင် သူများတွေ ရယ်စရာဖြစ်ကုန်မှာ မဟုတ်ဘူးလား"

"ဒါက ဘာရယ်စရာရှိလို့လဲ၊ ကျွန်မလည်း သာမန်လယ်သမားမိသားစုနဲ့ လက်ထပ်ခဲ့တာပဲလေ၊ ကျွန်မယောက်ျားဆိုရင် အခုထိ မြောက်ပိုင်းမှာ တိုက်ခိုက်နေရတုန်း၊ သူ ဘယ်တော့ပြန်လာမလဲတောင် မသိရသေးဘူး"

စုန့်တင်းရှန်းက ပြောနေရင်းဖြင့် ကျိုးယိနိုအတွက် စိုးရိမ်စိတ်ဝင်လာပြန်သည်။

"အမေ... သမီးပဲ ပြောပါရစေ"

စုန့်ကျောင်းရှင်းက ခေါင်းမော့ကာ စုန့်တင်းရှန်းကို ကြည့်ရင်း ပွင့်ပွင့်လင်းလင်း ပြောလာခဲ့သည်။

“အစ်မတင်းရှန်း... ကျွန်မ အိမ်ထောင်ဖက်ကောင်းတစ်ယောက် ရှာချင်တယ်၊ ကိုယ်လုပ်တော်ဖြစ်ရရင်လည်း ရတယ်၊ ကျွန်မ ဆင်းဆင်းရဲရဲ မနေချင်တော့ဘူး၊ ကျွန်မလည်း ကောင်းကောင်းမွန်မွန် နေချင်တယ်၊ ကျွန်မမိသားစုကိုလည်း ကောင်းကောင်း ထားချင်တယ်။ ထောင်ဟုန် အဲဒီလောက် မဆင်မခြင်လုပ်တာတောင် ခရိုင်အရာရှိကတော် ဖြစ်နိုင်သေးတာပဲ၊ ကျွန်မ... ကျွန်မက ရုပ်ရည်ရော ခန္ဓာကိုယ်ရော သူ့ထက် မညံ့ပါဘူး၊ ပန်းထိုးတာလည်း ကျွမ်းကျင်တယ်၊ ကျွန်မ လယ်သမားနဲ့ လက်မထပ်ချင်ဘူး၊ အစ်မတင်းရှန်း... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ"

စုန့်တင်းရှန်းက အံ့ဩတကြီး ပြန်မေးလိုက်သည်။

"နင်က ဘာလို့ အဲဒီလို တွေးရတာလဲ၊ အကြောင်းမရှိဘဲ ဘာလို့ ကိုယ်လုပ်တော် ဖြစ်ချင်ရတာလဲ၊ ငါတို့မိသားစုက မိန်းကလေးတွေက အဲဒီလောက်အထိ အခြေအနေဆိုးနေလို့လား"

စုန့်ကျောင်းရှင်းက ပြောလာပြန်သည်။

"အစ်မကတော့ အခြေအနေမဆိုးဘူးပေါ့၊ အစ်မတို့အိမ်က ချမ်းသာတယ်လေ၊ ပိုက်ဆံ အလုံအလောက်ရှိတော့ ကျွန်မတို့ နေ့တိုင်း ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်းနေရလဲဆိုတာ အစ်မ ဘယ်သိပါ့မလဲ"

"ကျဲကျင့် လက်ထပ်တုန်းက ကျွန်မအမေက သူ့အတွက် ဝမ်မိသားစုက ပေးလိုက်တဲ့ အဝတ်စတွေနဲ့ ရင်စည်းလေးနှစ်ခုရအောင် တစ်ညလုံး မအိပ်ဘဲ ပန်းထိုးပေးခဲ့ရတာလေ၊ အဲဒါကလွဲရင် ကျွန်မတို့အိမ်မှာ ထုတ်ပြစရာ ဘာမှ မရှိဘူး"

"အစ်မတို့ရဲ့ ဝတ်စုံတွေကတော့ တင့်တင့်တယ်တယ်နဲ့ အရမ်းလှနေတာလေ၊ ကျွန်မကျတော့ရော.... ကျွန်မမှာ လူကြားထဲ ဝတ်ဖို့ ဝတ်စုံဆိုလို့ နွေဝတ်တစ်စုံရယ် ဆောင်းဝတ်တစ်စုံရယ်ပဲ ရှိတယ်၊ အခုဆိုရင် အစ်မတို့က လယ်ထဲဆင်းပြီး အလုပ် လုပ်စရာ မလိုတော့ဘူး၊ ဒါပေမယ့် ကျွန်မတို့ကျတော့..."

"ကျောင်းရှင်း!"

စုန့်တင်းရှန်းက မျက်မှောင်ကို တင်းတင်းကြုတ်ကာ ဟန့်တားလိုက်သည်။

"ငါ့ဆီကို ဒါတွေ လာပြောနေတော့ရော ဘာထူးမှာလဲ၊ အစတုန်းက ငါတို့မိသားစု ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်ခဲ့ရလဲဆိုတာ နင် မမြင်ဘူးလား၊ ငါ့အဖေနဲ့ ဦးလေး တောတွေ တောင်တွေကို ကျော်ပြီး ဝက်တွေ လိုက်ရှာ၊ ဝက်မွေး၊ ဝက်တွေ ပေါ်ခဲ့ရတာလေ၊ တစ်ခါတလေ ညဘက် အိမ်မပြန်နိုင်ဘဲ တော်ထဲက ဂူတွေထဲက အိပ်ခဲ့ရတာတွေကို နင် မြင်ခဲ့လို့လား"

"ဆောင်းတွင်းရောက်တာနဲ့ ငါ့အမေနဲ့ အကြီးဆုံးအဒေါ်ရဲ့ လက်တွေဆိုရင် ဝက်အူတွေ ဆေးရလွန်းလို့ အေးခဲပြီး မုန်လာဥနီတွေလို ဖောင်းကားနေတာ၊ သူတို့ခမျာ နာလွန်းလို့ ညဘက်တွေ အိပ်မရတာကို နင် မြင်ခဲ့လို့လား"

"အိမ်မှာ သစ်သီးယိုလုပ်ငန်း စလုပ်တုန်းက ရှိသမျှ ငွေတွေအားလုံးကို အိုးဖိုးအတွက် အကုန်ပုံအောပြီး ရင်းနှီးခဲ့ရတယ်၊ တကယ်လို့ အဆင်မပြေရင် ရှိသမျှ အကုန်ဆုံးဆုံးရှုံးရမှာ... ဒါတွေကို နင် မြင်ခဲ့လို့လား"

"ငါ သိုးမွှေးစက်ရုံ စထောင်တုန်းက ကိုယ်ပိုင်ငွေတွေ စိုက်ထုတ်ခဲ့ရသလို နေ့တိုင်း ခရမ်းသီးနှပ်နဲ့ပဲ ထမင်းစားခဲ့ရတာတွေကို နင် မြင်ခဲ့လို့လား"

"အခု ငါတို့မိသားစု ကောင်းကောင်းနေရတာကို မြင်တော့မှ နင်က လာနှိုင်းယှဉ်ချင်နေတာလား၊ စုန့်ကျောင်းရှင်း... ကောင်းကင်ကနေ အလကားကျလာတဲ့ မုန့်ဆိုတာမျိုး မရှိဘူး၊ နင်မိသားစုဘဝ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲလို့ နင် စဉ်းစားဖူးလား"

"ငါတို့အိမ်မှာ လူတိုင်း အလုပ်ရှုပ်နေကြလို့ အဖွားက အဝတ်ချုပ်၊ ကလေးကြည့် အကုန် လုပ်ပေးရတယ်၊ ငါ့အမေက မနက်ကနေ ညအထိ ဟင်းသီးဟင်းရွက်ခြံထဲမှာ အလုပ်လုပ်ရတယ်၊ ငါ့ရဲ့ ယောင်းမတွေဆိုရင်လည်း မိုးမလင်းခင် ထပြီး အလုပ်ရုံ သန့်ရှင်းရေး လုပ်ရတယ်၊ သူများတွေ အိမ်ပြန်ချိန်အထိ သူတို့ သန့်ရှင်းရေး လုပ်နေတုန်းပဲ၊ ခါးတောင် မဆန့်နိုင်အောင် ပင်ပန်းနေကြတာလေ"

"ငါတို့တွေ အသားစားပြီး ဗိုက်ဝနေတာကိုပဲ နင် မြင်တာလေ၊ ငါတို့အိမ်က ကလေးတွေ နေ့တိုင်း ဝက်စာရှာ၊ ထင်းကောက်၊ နွားချေးကျုံးနေရတာတွေကိုရော နင်မြင်လို့လား၊ ငါ့မိဘတွေ ဝက်တွေ မကျန်းမာလို့ တစ်ညလုံး မအိပ်ဘဲ ပြုစုနေရတာတွေကိုရော နင် မြင်လို့လား၊ နင်က ငါတို့နဲ့ လာနှိုင်းချင်တယ်ဆိုတော့ နင်မှာ ငါတို့နဲ့နှိုင်းစရာ ဘာရှိလို့လဲ"

စုန့်ကျောင်းရှင်းက ငိုယိုရင်း ပြန်အော်ပြောလာသည်။

"အဲဒါက ကျွန်မတို့အိမ်က ဆင်းရဲလို့လေ၊ ပိုက်ဆံမရှိလို့၊ ကျွန်မတို့မှာသာ ပိုက်ဆံရှိရင် တစ်ခုခုလုပ်ပြီး ငွေရှာမှာပေါ့"

"ဘယ်မိသားစုကများ မွေးကတည်းက ပိုက်ဆံရှိလာလို့လဲ၊ ပိုက်ဆံက လေထဲက လွင့်လာတာလား၊ နင်တို့မှာ ပိုက်ဆံမရှိပေမယ့် ငါ အလုပ်ရုံဖွင့်ထားပြီး နင်နဲ့ နင်အမေအတွက် အကျိုးအမြတ်များတဲ့ အလုပ်တွေကို ဦးစားပေး လုပ်ခိုင်းထားတယ် မဟုတ်ဘူးလား၊ အဲ့ဒါ နင်တို့ကို ငဲ့ညှာလို့လေ၊ ငါ့အကြောင်း ဒါမှမဟုတ် ငါ့မိဘတွေအကြောင်းကို ခဏ ထားလိုက်ဦး၊ နင်နဲ့ ကျဲကျင့်အကြောင်းပဲ ပြောရအောင်၊ နွေရာသီမှာ ကျဲကျင့် လက်ဖက်ရည်ရောင်းတယ်၊ ပဲစိမ်းစွပ်ပြုတ်ကို အိမ်မှာပဲ ပြုတ်တယ်၊ အေးအောင်လို့ ရေတွင်းထဲမှာ သွားစိမ်ရတယ်၊ ပြီးမှ နားနေဆောင်ကို သွားရောင်းရတာ"

"အဲဒီအချိန်က နင် ဘာလုပ်နေလဲ၊ ငါတို့အိမ်မှာ မြေရိုင်းတွေ အများကြီးရှိတယ်၊ ကျဲကျင့် ဂျုံခင်းမှာ ဝိုင်းကူရင်း လက်တွေ အသားမာ တက်နေတာကို နင် သိလား၊ နင် အဲဒါမျိုးကို‌ရော နှိုင်းယှဥ်ကြည့်ဖူးလား"

စုန့်တင်းရှန်းက သူမကို ကြည့်ပြီး ခေါင်းခါခါ ခြေခါခါဖြင့် ဆက်ပြောလိုက်သည်။

"နင် မနှိုင်းကြည့်ဘူးလေ၊ တကယ်လို့ နင် ပိုက်ဆံရှာချင်ရင် အံကြိတ်ပြီး မြေရိုင်းအချို့ဝယ်၊ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ဂျုံစိုက်၊ အနည်းဆုံးတော့ သီးနှံထွက်လာမှာပဲ။ ဒါပေမယ့် နင် မလုပ်ဘူး၊ နင်တို့အိမ်က ဆင်းရဲပေမယ့် နင်နဲ့ စုန့်ထောင်ဟုန်ကတော့ အလိုလိုက်ခံထားရတာ၊ လယ်ထဲကို ဆင်းပြီး အလုပ် မလုပ်နိုင်ကြဘူး၊ အဲဒါတောင်မှ ကျဲကျင့်နဲ့ လာယှဥ်နေသေးတာလား၊ စုန့်ကျောင်းရှင်း... နင်မှာ ငါတို့နဲ့နှိုင်းယှဥ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ"

စုန့်ကျောင်းရှင်းက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး အော်ပြောလာပြန်သည်။

"အစ်မက ကျွန်မကို ကူညီဖို့ စိတ်ကူးမှ မရှိတာ၊ ဒါကြောင့် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ"

စုန့်တင်းရှန်းက သူမကို လျစ်လျူရှုလိုက်ပြီး ဝူရှီကို ကြည့်ကာ မေးလိုက်ပြန်သည်။

"ပဉ္စမအဒေါ်လေး၊ အဒေါ်ကရော ကျွန်မပြောတာတွေက အဓိပ္ပာယ်မရှိဘူးလို့ ထင်လား"

ဝူရှီက တွေတွေကြီး ထိုင်နေပြီး နီရဲနေသော မျက်လုံးများဖြင့် ခေါင်းခါပြလာသည်။

"မထင်ပါဘူး... နင့်စကားတွေက အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး။ ငါတို့ ကောင်းကောင်း မလုပ်နိုင်ခဲ့လို့ပါ... ငါ့ယောက္ခမက စားစရာ အများစုကို လက်ဝါးကြီးအုပ်ထားပြီး အိမ်ခွဲမှာစိုးလို့ ငါတို့ကို အပြင်ထွက် အလုပ်လုပ်ခွင့် မပေးခဲ့ဘူး။ တစ်နှစ်ပတ်လုံး ပိုက်ဆံ မစုနိုင်တော့ ချွေတာပြီးပဲ နေခဲ့ရတာ၊ ကျောင်းရှင်း... ကျောင်းရှင်းကိုလည်း ငါပဲ အလိုလိုက်ခဲ့မိတာပါ၊ ငါသာ အစောကြီးကတည်းက အိမ်ခွဲနေနိုင်ခဲ့ရင် အခြေအနေတွေက ဒီလိုဖြစ်လာမှာ မဟုတ်ဘူး..."

စုန့်တင်းရှန်းက သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။

"ဘယ်သူက ကောင်းကောင်းမွန်မွန် မနေချင်ဘဲ နေပါ့မလဲ၊ ဒါပေမယ့် ကောင်းကောင်း နေနိုင်ဖို့ဆိုတာ အရင်ဆုံး နည်းလမ်းရှာပြီး ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ရမှာ မဟုတ်ဘူးလား၊ ကျွန်မ မကူညီချင်တာ မဟုတ်ပါဘူး ပဉ္စမအဒေါ်ရယ်၊ ကျွန်မတို့စုန့်မိသားစုက မိန်းကလေးတွေက ကိုယ်လုပ်တော်ဖြစ်ရမယ့်အထိ အခြေအနေ မဆိုးသေးဘူးလေ"

"ကျောင်းရှင်း... နင်က မြို့ပေါ်က ဝမ်အိမ်တော်မှာ ကိုယ်လုပ်တော်တွေ ကောင်းကောင်းနေရတယ်လို့ ထင်နေတာလား၊ သူတို့ထဲက ဘယ်နှစ်ယောက်ကို ပြန်ရောင်းစားလိုက်ပြီလဲဆိုတာ နင် သိလား၊ အဲဒီကိုယ်လုပ်တော်တွေက သူတို့မိဘအိမ်ကိုတောင် ပြန်လို့မရဘဲ တစ်နှစ်ပတ်လုံး အဲဒီအိမ်ထဲမှာပဲ ပိတ်လှောင်ခံထားရတာ၊ သူတို့ကလေးတွေကတောင် သူတို့ကို 'အမေ' လို့ မခေါ်နိုင်ဘူး၊ ကလေးတွေရဲ့ အိမ်ထောင်ရေးမှာလည်း သူတို့ စကားပြောပိုင်ခွင့် မရှိဘူး။ သူတို့က အစေခံတွေနဲ့ ဘာမှ မခြားဘူး၊ အချိန်မရွေး အရိုက်ခံရနိုင်သလို ရောင်းစားခံရဖို့ကလည်း လက်တစ်ကမ်းမှာပဲ၊ ကျောင်းရှင်း... နင် သေချာ စဉ်းစားစမ်းပါ"

စုန့်ကျောင်းရှင်းက တုန်လှုပ်သွားပြီး ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

"ဟင့်အင်း... မဖြစ်နိုင်တာ၊ သူတို့က လူကောင်းတွေပဲဟာ၊ ဘယ်လိုလုပ်ပြီး ကိုယ်လုပ်တော်တွေကို ပြန်ရောင်းမှာလဲ"

စုန့်တင်းရှန်းက ခါးသက်သက် အပြုံးဖြင့် ပြောပြလိုက်သည်။

"ငါ သိသလောက်တော့ သူတို့ ကိုယ်လုပ်တော် နှစ်ယောက်ကို ရောင်းစားပြီးပြီ၊ တစ်ယောက်က နှစ်နှစ်အတွင်း ကလေးမရလို့ ကုန်သည်တစ်ယောက်ဆီ ကိုယ်လုပ်တော်အဖြစ် ပြန်ရောင်းခံရတာ၊ ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ နောက်တစ်ယောက်က သူ့ကလေးကို ကောင်းကောင်းမစောင့်ရှောက်ဘဲ အဘွားအိုကို ဒေါသထွက်အောင်လုပ်မိလို့ ရောင်းစားခံရတာ၊ အခု ဘယ်ရောက်နေမှန်းတောင် မသိရဘူး၊ အဲဒီလို အရောင်းခံရတဲ့ မိန်းမတွေက ကောင်းကောင်းနေရမယ်လို့ နင် ထင်လို့လား၊ သူတို့အချင်းချင်းကြားမှာလည်း မနာလိုမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိသေးတယ်၊ နင်ရဲ့ စရိုက်နဲ့ဆိုရင် အဲ့အိမ်ထဲ ဝင်ပြီး သိပ်မကြာခင်ပဲ တစ်ယောက်ယောက်ရဲ့ ပစ်မှတ်ထားတာ ခံရပြီး ကြာရှည်ခံလိုက်မှာ မဟုတ်ဘူး"

လီရှီကလည်း ဝင်ပြောလာသည်။

"သူဌေးရဲ့ ကိုယ်လုပ်တော် ဖြစ်မယ့်အစား ဆင်းရဲသားရဲ့ ဇနီးကြီးဖြစ်တာကမှ မြတ်သေးတယ်လို့ ရှေးလူကြီးတွေ ပြောတာ မှန်တယ်။ ဇနီးကြီးက ခေါင်းမော့နေနိုင်ပေမယ့် ကိုယ်လုပ်တော်ကတော့ ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်ဘူး။ ကျောင်းရှင်းအာ... နင် ကောင်းကောင်းနေချင်တာ မမှားပေမယ့် ကိုယ်လုပ်တော်ဖြစ်ဖို့တော့ မစဉ်းစားသင့်ဘူး"

ရောင်းစားခံရနိုင်သည်ဟူသော အတွေးကြောင့် စုန့်ကျောင်းရှင်းလည်း ထိတ်လန့်သွားရသည်။

‘တကယ်လို့ သူမသာ နှစ်နှစ်အတွင်း ကလေးမရနိုင်ခဲ့ရင်ရော... တကယ်လို့ ကလေးတွေကို ကောင်းကောင်းမပြုစုနိုင်ခဲ့ရင်ရော.....

တကယ်လို့သာ အရောင်းခံလိုက်ရရင် သူမ ဘယ်တော့မှ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။’

ဤအချက်ကို တွေးမိသည်နှင့် သူမက သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

ဝူရှီကလည်း လိုက်ငိုရင်း ခေတ္တအကြာတွင် ထပ်ပြောလာသည်။

"တင်းရှန်း... နင်က တော်လည်းတော်သလို ထက်လည်းထက်မြက်မှန်း အဒေါ် သိပါတယ်၊ နင် နင့်ညီမ ကျောင်းရှင်းကို ကူညီပေးလို့ မရဘူးလား၊ ငါတို့က ကျဲကျင့်လို အရမ်း ကောင်းတဲ့ မိသားစုနဲ့ သူ့ကို လက်ထပ်စေချင်တာ မဟုတ်ပါဘူး၊ ဒါပေမယ့်..."

"ပဉ္စမအဒေါ်... ဟိုဘက်က သခင်လေးက ကျဲကျင့်ရဲ့ ဘာလို့ သဘောကျလဲဆိုတာ သိလား၊ သူက ကျဲကျင့်ရဲ့ အရည်အချင်းနဲ့ စာဖတ်တတ်တာကို သဘောကျတာ။ လီမိသားစုက သခင်လေးက မြေပိုင်ရှင်ဆိုပေမယ့် သူကိုယ်တိုင် လယ်ထဲဆင်းပြီး အလုပ်လုပ်တယ်၊ ကျွန်မအဖေနဲ့ ဆဠမအဖိုးဆီကနေ သစ်သီးပင်ပြုစုနည်းနဲ့ ကြာစိုက်နည်းတွေကိုတောင် သင်ယူခဲ့တာလေ"

"သူ ဘာလို့ ကျဲကျင့်ကိုပဲ ရွေးပြီး ကျောင်းရှင်းကို မရွေးတာလဲ သိလား၊ ကျဲကျင့်က နေ့ဘက်မှာ လယ်ထဲ ဆင်းပြီး အလုပ် လုပ်တယ်၊ ညဘက်မှာ ပန်းကူထိုးတယ်၊ အိမ်မှာ အလုပ်ရှိရင်လည်း အငယ်တွေကို ကြည့်ပေးတတ်လို့ပဲ၊ ပြီးတော့ ကျွန်မတို့ ကံကောင်းသွားတာလည်း ပါတယ်၊ လီသခင်လေးရဲ့ ဝမ်းနည်းခြင်းကာလ ပြီးဆုံးသွားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာ၊ သူ့လိုလူမျိုး နောက်တစ်ယောက်ထပ်ရှာဖို့က တော်တော် ခက်လိမ့်မယ်"

"ဒါပေမယ့် ငါ့သမီး ကျောင်းရှင်းကလည်း..."

ဝူရှီက သူမသမီးလည်း လယ်လုပ်နိုင်ကြောင်း ပြောချင်သော်လည်း စုန့်ကျောင်းရှင်းကိုယ်တိုင်က လယ်သမားနှင့် အိမ်ထောင်မပြုချင်ဟု ငြင်းဆန်ထားသည်ကို သတိရသွားသောကြောင့် သူမ၏စကားကို ပြန်မျိုချလိုက်ရသည်။

.......။........။........

စုန့်ကျောင်းရှင်းက ဝူရှီနောက်မှ စိတ်လေလွင့်ဟန်ဖြင့် အိမ်သို့ ပြန်လိုက်လာခဲ့သည်။ အိမ်ထဲသို့ရောက်သည်နှင့် ခန်ပေါ်သို့ လှဲချလိုက်ပြီး၊ သူမကိုယ်သူမ လှပသော်လည်း ကံကြမ္မာဆိုးလှသော၊ ဆင်းရဲဒုက္ခခံရရန်သာ ဖြစ်တည်လာသော မိန်းကလေးတစ်ဦးဟု တွေးကာ ဝမ်းနည်းနေခဲ့သည်။

နောက်ဆုံးတွင် သူမက ထိုမိသားစုနှင့် လက်ထပ်ရန် ဆုံးဖြတ်လိုက်သော်လည်း ဦးခေါင်းအဆင်တန်ဆာ အစုံလိုက်ကို ယူသွားရန် အတင်းအကျပ် တောင်းဆိုနေခဲ့သည်။

"ရွှေလက်စွပ်ကိုတော့ ကျွန်မ မယူသွားတော့ပါဘူး၊ ဒါပေမယ့် ဒီဦးခေါင်းအဆင်တန်ဆာကတော့ ကျွန်မကြောင့် ရလာတာ၊ ဒါကြောင့် ကျွန်မနဲ့အတူ ယူသွားရမယ်"

သူမက အေးစက်စွာ တောင်းဆိုလိုက်သည်။

"ဟိုရောက်ရင် ကျွန်မကို ဘယ်သူကမှ စောင့်ရှောက်မှာ မဟုတ်သလို ကျွန်မရဲ့ မောင်လေးတွေကလည်း ကျွန်မအတွက် ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး၊ သူတို့ကို အားကိုးလို့ မရဘူး။ ကျွန်မ ကိုယ့်အတွက်ပဲ စဉ်းစားရတော့မယ်"

ဝူရှီကတော့ ထိုဦးခေါင်းအဆင်တန်ဆာအားလုံးကို သူမအား မပေးချင်ပေ။ ရွှေလက်စွပ်ကို မြေးအကြီးဆုံးအတွက် မိန်းမတောင်း ပေးရန်၊ ဦးခေါင်းဆင်တန်ဆာအစုံထဲမှ အကြီးဆုံး နှစ်ခုကို စုန့်ကျောင်းရှင်းအတွက် ခန်းဝင်ပစ္စည်းအဖြစ် ပေးရန်၊ ကျန်နေသည့်ပစ္စည်းများကို သားအငယ်ဆုံး မိန်းမယူရန်နှင့် ကျန်သမီးများအတွက် ခွဲဝေရန် စီစဉ်ထားပြီးသား ဖြစ်သည်။

"ကျောင်းရှင်း... အဲဒါက..."

စုန့်ကျောင်းရှင်းက ဝူရှီကို ကြည့်ကာ လေးလေးနက်နက်နှင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒါတွေက ကျွန်မကြောင့် ရလာတာ၊ ကျွန်မရဲ့ အရှက်နဲ့ လဲလှယ်ခဲ့ရတာ! အထည်စတွေကို မိသားစုအတွက် သုံးလိုက်တာကို ကျွန်မ ဘာမှ မပြောခဲ့ဘူး၊ ရွှေလက်စွပ်ကို ချန်ခဲ့တာလည်း ဘာမှ မပြောဘူး။ ဒါပေမယ့် ဒီဦးခေါင်းအဆင်တန်ဆာတွေကိုတော့ ကျွန်မ အကုန်ယူသွားရမယ်။ ဒါတွေက ကျွန်မပစ္စည်းတွေ! နောင်ကျရင် ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး၊ ကျွန်မမှာလည်း ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုတာ ယောက္ခမတွေ သိအောင် ပြရမယ်၊ ဒါမှ သူတို့ ကျွန်မကို မနှိမ်တာ့မှာ"

ဝူရှီက သမီးဖြစ်သူကို ကြည့်ရင်း ရင်ကွဲပက်လက် မေးနေခဲ့သည်။

"ကျောင်းရှင်း... နင် ဘာလို့ ဒီလို ဖြစ်သွားရတာလဲ၊ ဒီဦးခေါင်းအဆင်တန်ဆာတွေက အများကြီးလေ၊ နင့်မောင်လေး မိန်းမယူဖို့လည်း အမေ ချန်ထားချင်သေးတယ်..."

"ကျွန်မကိုကျတော့ရော အမေက ကျွန်မကိုကျတော့ ဂရုမစိုက်ဘူးလား"

စုန့်ကျောင်းရှင်းက အေးစက်စွာ ပြုံးရင်း ထပ်ပြောလာပြန်သည်။

"အိမ်ထောင်ကျသွားတဲ့ သမီးက သွန်ထုတ်လိုက်တဲ့ ရေလိုပဲဆိုတော့ အမေက ကျွန်မကို ဂရုမစိုက်တော့ဘူးပေါ့၊ စုန့်ကျဲကျင့် လက်ထပ်တုန်းက သူတို့ တစ်မိသားစုလုံး ဝိုင်းပြီး ပံ့ပိုးပေးခဲ့ကြတာ၊ ကျွန်မကျတော့ရော... ကျွန်မရဲ့ ခန်းဝင်ပစ္စည်းက ဘယ်မှာလဲ၊ ကျွန်မကိုယ်တိုင် ရှာထားတဲ့ ပစ္စည်းကိုတောင် ကျွန်မ ယူသွားလို့ မရဘူးလား၊ အမေ သဘောမတူရင် ကျွန်မ လက်မထပ်တော့ဘူး၊ သီလရှင်ဝတ်ပြီး အေးအေးဆေးဆေးပဲ နေတော့မယ်"

"မလုပ်ပါနဲ့... နင့်မောင်ကိုလည်း ပြန်ကြည့်‌ပေးပါဦး"

ဝူရှီကလည်း ငြင်းဆန်နေဆဲပင်။

"အိပ်ရာခင်း နှစ်စုံ ထပ်ထည့်ပေးမယ်လေ၊ ဦးခေါင်းအဆင်တန်ဆာတွေကတော့ ထားခဲ့လိုက်နော်၊ အမေက အကြီးဆုံး နှစ်ခုကို နင်အတွက် ရွေးထားပေးပြီးသားလေ၊ ရွာထဲမှာဆိုရင် ဒါက အကောင်းဆုံး ဖြစ်နေပြီ"

စုန့်ကျောင်းရှင်းက ဝူရှီကို ကြည့်နေပြီး နှုတ်ခမ်းတစ်ချက် တွန့်လိုက်သော်လည်း ဘာမှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။

မိုးမရွာသည်မှာ နှစ်လရှိပြီ ဖြစ်၍ မြစ်၏ရေမျက်နှာပြင်ကလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ ကြာကန်ထဲတွင်လည်း ရေနည်းနည်းလေးသာ ကျန်တော့သည်။

စုန့်တင်းရှန်းက ငါးအကြီးများကို ဖမ်းဆီးရောင်းချခြင်း၊ ရောင်းမကုန်သည့် ငါးများကို အခြောက်လှန်းခြင်းနှင့် ကျန်ရှိသော ငါးငယ်လေးများ အသက်ဆက်နိုင်ရန် ရေတွင်းငယ်တစ်ခု တူးပေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေသည်။ ရေမလုံလောက်မှုကြောင့် ပြောင်းဖူးနှင့် ပဲပိစပ်ပင်များလည်း ကောင်းကောင်းမကြီးထွားဘဲ အရွက်များ ဝါဖျော့ကာ ပိန်လှီခြောက်ကပ်နေကြသည်။

သဘာဝတရားကိုသာ အားကိုးနေရသည့် လယ်သမားများက လူတစ်ရပ်ကျော် မြင့်နေပြီ ဖြစ်သော ပြောင်းဖူးပင်များကို နုတ်ပစ်ကာ မိုးခေါင်ဒဏ်ခံနိုင်သည့် နှံစားပြောင်းနှင့် ပန်းဂျုံများကို အစားထိုး စိုက်ပျိုးနေကြသည်။ ဆောင်းမဝင်မီ နောက်ဆုံးတစ်သီး ရိတ်သိမ်းနိုင်မှသာ ဆောင်းရာသီ၌ အငတ်ဘေးမှ ကင်းဝေးပေလိမ့်မည်။

နွေရာသီတွင် မိုးအလွန်သည်းခဲ့သောကြောင့် သစ်သီးပင်များတွင်လည်း အသီးမတင်ခဲ့ပေ။ အလွန်ကောင်းမွန်သော အသီးအချို့ကို ရောင်းချသည်မှအပ ကျန်နေသည့်အသီးများကို ဝိုင်အဖြစ်သာ အချဉ်ဖောက်လိုက်ရပြီး သစ်သီးယိုအဖြစ် ထုတ်လုပ်နိုင်မှု အလွန်နည်းပါးသွားခဲ့သည်။

မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံနှင့် နှံစားသီးနှံများ ဈေးနှုန်း မြင့်တက်လာရာ ငွေရှိသူများကလည်း သစ်သီးယိုများထက် ကောက်ပဲသီးနှံများကိုသာ ဝယ်ယူစုဆောင်းနေကြရသည်။

........။........။........

ဆောင်းဦးရိတ်သိမ်းချိန်၏ အထွက်နှုန်းကလည်း စိတ်ပျက်ဖွယ်ကောင်းလောက်အောင် နည်းပါးလွန်းလှသည်။ သို့သော် စုန့်ရှင်းယိက လယ်ငှားသူများအား ကောက်နှံများကို တတ်နိုင်သမျှ မရောင်းရန် ကြိုတင်မှာကြားထားခဲ့သောကြောင့် ဆောင်းဦးထွက် သီးနှံအကြမ်းများနှင့်ပေါင်းကာ အနည်းဆုံးတော့ စားလောက်ရုံ ရှိနေကြသေးသည်။

စုန့်မိသားစုက သူတို့၏ ကောက်ပဲသီးနှံအများစုကို တောင်ပေါ်သို့ တိတ်တဆိတ် သယ်ယူကာ သိမ်းဆည်းထားလိုက်ကြသည်။ ရွာတစ်ရွာလုံးက ခြောက်သွေ့နေသော ရာသီဥတုကြောင့် ညည်းတွားနေကြပြီး နောက်နှစ် လယ်ယာလုပ်ငန်းများအတွက် ဆောင်းရာသီတွင် နှင်းများများကျရန်သာ မျှော်လင့်နေကြသည်။

ကြာကန်ထဲမှ ကြာစွယ်များကိုလည်း ရိတ်သိမ်းလိုက်ပြီ ဖြစ်သည်။ မိုးခေါင်မှုက ကြာစွယ်အပေါ် သိသိသာသာ ထိခိုက်မှုမရှိခဲ့ပေ။ စုန့်တင်းရှန်းက ကြာစွယ်အချို့ကို ဝမ်မိသားစုထံ ပေးပို့ပြီး ကျန်နေသည့်ကြာစွယ်များကို အခြောက်လှန်းစေခဲ့သည်။ ကြာစွယ်မှုန့်များလည်း ပြုလုပ်ခဲ့သေးသည်။ ကြာစွယ်မှုန့်က ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်မည့် စားစရာတစ်မျိုး ဖြစ်သည်။

ဤဆောင်းတွင်း၌ နှင်းမကျခဲ့လျှင် နောက်နှစ်တွင်လည်း မိုးခေါင်မှုနှင့် ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ဤခြောက်သွေ့သောကာလအတွင်း စုန့်ရှင်းရန်တို့မိသားစုက မြေးဖြစ်သူ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြသည်။ ဝူရှီလည်း တစ်နေ့ကုန် အလုပ်ရှုပ်နေရပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း သမီးဖြစ်သူ အိမ်ထောင်ကျတော့မည်ကို တွေးကာ အားတင်းပြီး သတိပေးစကား ပြောရန် ပြင်ဆင်နေခဲ့သည်။

သို့သော် စုန့်ကျောင်းရှင်းက အိမ်ထဲတွင် မရှိပေ။ အိမ်အနှံ့ ရှာဖွေသော်လည်း သူမကို မတွေ့ရသောကြောင့် မှောင်ရီပျိုးစအချိန်‌ရောက်လာသည်နှင့် ဝူရှီ၏စိုးရိမ်စိတ်များ မြင့်တက်လာရသည်။

"ကျောင်းရှင်းက ဘယ်ကို သွားနေတာလဲ"

ဝူရှီက တဒိန်းဒိန်း ခုန်နေသော သူမ၏ရင်ဘတ်ကို ဖိထားရင်း ခန်ပေါ်သို့ အမြန်တက်ကာ ဗီရိုကို ဖွင့်ကြည့်လိုက်သည်။ ဦးခေါင်းအဆင်တန်ဆာများ ထည့်ထားသော သေတ္တာက ဟောင်းလောင်းကြီး ဖြစ်နေပြီး ထိုဦးခေါင်းအဆင်တန်ဆာများသာမက ရွှေလက်စွပ်ပါ ပျောက်ဆုံးနေလေပြီ။

ဝူရှီတစ်ယောက် ခေတ္တမျှ ကြောင်အသွားပြီးနောက် သိပ်မကြာခင် ဝမ်းနည်းပန်းနည်း အော်ဟစ်ငိုကြွေးလိုက်သည်။

မိဘများ၏ စကားလုံးများနှင့် လုပ်ရပ်များက ကလေးများအပေါ် သက်ရောက်မှု အလွန်ကြီးမားလှသည်။ လီရှီနှင့် စုန့်ရှင်းယိတို့က သူတို့၏သားသမီးများကို ကောင်းမွန်စွာ သွန်သင်နိုင်ခဲ့သော်လည်း စုန့်ရှင်းရန်တို့ ဇနီးမောင်နှံကတော့ ထိုသို့ မလုပ်ဆောင်နိုင်ခဲ့ပေ။

All Chapters