နောက်ဆုံးတော့ဆုံတွေ့ဖြစ်ကြပြီ
Vol. 6 Ch. 535
ဝူတင် ထိုသို့သော အရည်အချင်းမျိုး ရလာသည်မှာ လွန်ခဲ့သည့် (၃)ရက်ခန့်က တန်ခိုး စွမ်းအားများကို ချိတ်ပိတ်ကာ ရေကန်ထဲမှ ပင်လယ် သတ္တဝါကြီးများနှင့် တိုက်ခိုက် လေ့ကျင့် ခဲ့သောကြောင့် ရရှိခဲ့ခြင်း ဖြစ်လေသည်။ သေခြင်းရှင်ခြင်းနှင့် ထိပ်တိုက် ရင်ဆိုင်ရပြီးသည့် အခါ လူတစ်ယောက်သည် စိတ်ဓာတ် တည်ငြိမ် သွားတတ်လေသည်။
ဝမ်ကျုန်းသည် ဝူတင်၏ အရည်အချင်းကို အခြေခံကာ ထိုသို့ လေ့ကျင့် သင်ကြားပေးခြင်း ဖြစ်လေသည်။
လေ့ကျင်း၏ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း ကျင့်စဉ်မှာလည်း ပိုပြီး ထက်မြက် လာလေသည်။
သူမ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောနေပြီး မျက်ဝန်းများက အေးစက်နေလေသည်။ မိုးစက်များသည် ဓားသွားများအလား လေကိုခွင်းကာ ဝူတင်ရှိရာသို့ ဦးတည် လာကြလေသည်။
ဝူတင်က သစ်သားဓားကို စက်ဝိုင်း ပုံသဏ္ဌာန် ဝှေ့ယမ်းကာ တန်ခိုးစွမ်းအား စက်ဝန်းတစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ထိုအခါ သူ့ထံသို့ ဝင်ရောက်လာသည့် ဓားသွားကဲ့သို့ မိုးရေစက်များသည် လေ့ကျင်းရှိရာသို့ ပြန်လည် ထွက်ခွာ သွားလေသည်။
လေ့ကျင်းသည် ကန်ရေပြင်ကို လက်ဖြင့်တစ်ချက် ထောက်လိုက်လေသည်။ ချက်ချင်းပင် ရေတံတိုင်း တစ်ခုပေါ်လာပြီး ဓားသွားကဲ့သို့သော မိုးရေစက်များကို ပြန်လည် ကာကွယ်လိုက်သည်။ မိုးကြိုးသံနှင့်အတူ သူမ၏ မျက်ဝန်းများထဲတွင် လျှပ်စီးများ တဖျတ်ဖျတ် လင်းလက်နေလေသည်။
ဝူတင်သည် သူ၏ သစ်သားဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ ထို့နောက် သူသည် လျှပ်စီးများထက်သို့ ခုန်တက်သွားကာ ဓားဖြင့် ထိုးစိုက်ချလိုက်လေသည်။
ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာပြီး သစ်သားဓားသည် ထက်ပိုင်းကျိုး သွားလေသည်။
လေ့ကျင်းသည် ဒီရေအလား အဆက်မပြတ် တိုက်ခိုက်နေပြီး သူမ၏ တိုက်ခိုက်မှုက အညှာအတာ ကင်းမဲ့ လွန်းလှလေသည်။
အရှေ့ရေကန်မှာ လှိုင်းများထန်နေပြီး လျှပ်စီးများ၏ ရောင်ပြန်ဟပ်မှုဖြင့် တောက်ပ နေလေသည်။
ပြိုင်ပွဲကို ကြည့်နေကြသည့် တာ့ရှားပြည်မှ ပရိသတ်များသည် အံ့သြမှင်တက် နေကြလေသည်။
လေ့ကျင်းကဲ့သို့ ငယ်ရွယ်သည့် မိန်းမပျိုလေးသည် ထိုမျှတန်ခိုး စွမ်းအား မြင့်မားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိပေ။ ယခုတော့ သူမ၏ တန်ခိုးစွမ်းအားများမှာ အလွန်မြင့်မားနေပြီး သူမ၏ ဖခင်ဖြစ်သူ လေ့နော်ပင်လျှင် သူမကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ယင်းစန်းအနွယ်ဝင်များကတော့ လေ့ကျင်း၏ အစွမ်းသတ္တိကို အံ့သြနေကြပြီး လေ့ကျင်းနှင့် ဝူတင်ကိုသာ လက်ဆက်ပေးနိုင်လျှင် မည်မျှ ကောင်းမည်နည်းဟု တွေးတောနေကြလေသည်။
အရှေ့ရေကန်မှ ရေများသည် မြင့်တက်လာပြီး ရေတံတိုင်းကြီးများ အလား ဝူတင်ကို ဝန်းရံ ထားလေသည်။ ရေများထဲတွင် လျှပ်စီးကြောင်းများ စီးဆင်းနေပြီး ဝူတင်သည် ထောင်ချောက်ထဲတွင် ရောက်နေသူ တစ်ယောက်ပမာ ဖြစ်နေရလေသည်။
ဝူတင်၏သစ်သားဓားမှာ ကျိုးသွားပြီ ဖြစ်လေသည်။ ထို့ကြောင့် သူသည် ပျံသန်းကြယ်စင် စွမ်းအားကို အသုံးပြုပြီး လေ့ကျင်းကို တိုက်ခိုက်ရန် ပြင်ဆင် လိုက်လေသည်။ သို့သော် သူ၏ ပတ်ဝန်းကျင် တစ်ခုလုံး လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းနေသည့်အတွက် ထိုလျှပ်စီးကြောင်းများကို မချိုးဖျက်နိုင် ရှိနေရလေသည်။
လေ့ကျင်း၏ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း ကျင့်စဉ်သည် မည်မျှ ကြောက်စရာ ကောင်းသည်ကို မြင်တွေ့ရပြီး ဝူတင်သည် မည်သို့မျှ မတတ်နိုင် ဖြစ်နေရလေသည်။ သူ၏ တန်ခိုးစွမ်းအားများကို အသုံးပြုနေသည့်တိုင် လေနှင့်မိုးကို ရပ်တန့်ပစ်နိုင်စွမ်းမရှိပေ။
လေ့ကျင်းမှာလည်း ပင်ပန်းနွမ်းနယ် နေရပြီ ဖြစ်လေသည်။
ကောင်းကင် တစ်ခုလုံးတွင် တိမ်မဲများထူထပ်စွာ ဖုံးအုပ်နေပြီး အလင်းရောင် လုံးဝ မမြင်ရတော့ပေ။ ထို့ကြောင့် ဝူတင်၏ ပျံသန်းကြယ်စင် တန်ခိုးစွမ်းအားကို အပြည့်အဝ ဖော်ထုတ်၍မရ ဖြစ်နေရလေသည်။ အချိန်ကြာလာလေ ဝူတင်အတွက် တောင့်ခံထားနိုင်ရန် ခက်ခဲလေ ဖြစ်နေရလေသည်။
ဝူတင်သည် သူရင်ဆိုင်နေရသည့် အကျပ်အတည်းကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစား နေလေသည်။ သူသည် ပျံသန်းကြယ်စင် တန်ခိုးစွမ်းအား များကို အဆက်မပြတ် ထုတ်လွှတ် နေခဲ့လေသည်။ သို့သော် လေ့ကျင်းကို တန်ပြန် တိုက်စစ်ဆင်နိုင်ခြင်း မရှိဘဲ ခံစစ်ဖြင့်သာ ကိုယ့်ကိုယ်ကိုယ် ကာကွယ် နေရလေသည်။
လေ့ကျင်း၏ တည်ငြိမ်မှုကလည်း ဝူတင်နှင့်တန်းတူပင် ဖြစ်လေသည်။ သူမသည် ဝူတင်၏ တန်ခိုးစွမ်းအားများ အားလုံး အသုံးမပြုနိုင် ဖြစ်ရတော့မည့် အချိန်ကို စိတ်ရှည်လက်ရှည်ဖြင့် စောင့်နေလေသည်။
လေ့ကျင်းသည် သူမ တိုက်ခိုက်နေရင်းမှာပင် သူမကျင့်ကြံခဲ့သည့် ကျင့်စဉ်၏ တန်ခိုးစွမ်းအား မည်မျှခိုင်မာသည်ကို တဖြည်းဖြည်း နားလည် လာရလေသည်။ ထိုတန်ခိုးစွမ်းအားကို အသုံးပြုလေလေ ကျင့်ကြံသူများ၏ စကြာဝဠာနှင့် တစ်သားတည်း ကျသည့် ခံစားချက်ကို ပိုပြီးနားလည်လေလေ ဖြစ်ရလေသည်။
လေနှင့်မိုး၏ စွမ်းအားသည် မိုးကောင်းကင်၏ စွမ်းအားဖြစ်ပြီး မည်သည့်အခါမှ ကုန်ခန်းမသွားနိုင်ပေ။ သူမ တိုက်ခိုက်လေလေ တန်ခိုးစွမ်းအားကပိုပြီး အားအင်ကြီး လာလေလေ ဖြစ်လေသည်။
ယခုအချိန်ထိ တိုက်ခိုက်ပြီးသည့် အခါတွင်တော့ သူမအတွက် အနိုင်အရှုံးသည် အရေးမကြီးတော့ပါ။
သူမ၏စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေလေသည်။ သူမသည် ဆရာဖြစ်သူအကြောင်း စဉ်းစား နေမိလေသည်။ သူမ၏ဆရာသည် တစ်ချိန်ချိန်တွင်တော့ သူမ၏ ဦးရီးတော်နှင့် တိုက်ခိုက်ကြမည် ဖြစ်လေသည်။ သူမသည် ထိုအဖြစ်အပျက်များကို ဖြစ်ပျက်စေလိုခြင်း မရှိပေ။
ဆန်းလျန်သည် လေ့ကျင်း၏ တိုက်ခိုက်မှုကို ကြည့်နေရာမှ သူ၏အကြည့်ကို ဝူတင်ဆီသို့ ရွှေ့လိုက်လေသည်။
ထိုအချိန်မှာပင်….
မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိသည့် နတ်ဘုရားစွမ်းအား တစ်ခုသည် ဝူတင်၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် လာလေသည်။
တိုက်ပွဲကို ကြည့်နေကြသူများမှာ တစ်စုံတစ်ခု ပြောင်းလဲ သွားသည်ကို သတိပြုလိုက်မိ ကြလေသည်။
လျှပ်စီးများကြားတွင် ပိတ်မိနေသည့် ဝူတင်သည် တာအိုလမ်းကြောင်း တစ်ခုကို ဖွင့်လှစ်လိုက် သကဲ့သို့ နတ်ဘုရား စွမ်းအားများ ရုတ်တရက် မြင့်တက် လာလေသည်။
ဝူတင် ဝတ်ဆင်ထားသည့် အဖြူရောင် ဝတ်စုံသည် အပိုင်းပိုင်း ကွဲထွက် သွားလေသည်။ သူ၏ မျက်ဝန်းများမှာလည်း လင်းလက် တောက်ပ လာကြလေသည်။
အမှန်တော့ ထိုသို့ပြုလုပ်သူမှာ ဝူတင်မဟုတ်ပေ။
ထျန်းယီက ဝူတင်ကို ကူညီလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ချက်ချင်းပင် ပြင်းထန်သော မီးတောက်များဖြင့် ဝန်းရံထားသည့် ရှားထိုက် အကျင်းထောင်သို့ ရောက်ရှိ သွားလေသည်။
နောက်ဆုံးတော့ ဆန်းလျန်နှင့် ထျန်းယီ အကြီးအကဲတို့ ဆုံတွေ့ဖြစ်ကြပြီ ဖြစ်လေသည်။
"ကောင်းကင်မှာ ပျံသန်းနေတဲ့ တိမ်တွေဟာ ရေထဲမှာ အရိပ်လာထင်တယ်၊ ရေမရှိလည်း တိမ်တွေကတော့ တည်ရှိနေမှာပဲ၊ ဒါပေမဲ့ တိမ်တွေက လွင့်မျောနေသလို ရေကလည်း စီးဆင်းနေမြဲပဲ"
ဆန်းလျန်၏ စိတ်အာရုံထဲသို့ နူးညံ့သည့် အသံတစ်သံ ဝင်ရောက်လာလေသည်။
ရှားထိုက် အကျဉ်းထောင်၏ စင်မြင့်ထက်တွင် လူတစ်ယောက် ရပ်နေလေသည်။ ထိုသူ၏ ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်ပျံ နေလေသည်။ အကျဉ်းချခံ ထားရသည့်တိုင် ထိုသူကို ကြည့်ရသည်မှာ သက်သောင့်သက်သာ ရှိလှလေသည်။ ထိုသူ၏ မျက်ဝန်းများထဲတွင်တော့ သတ္တိရှိမှုကို တွေ့မြင်ရလေ၏။
ဆန်းလျန်၏ဘဝတွင် ပြိုင်ဘက်ပေါင်း များစွာကို ရင်ဆိုင် ခဲ့ရဖူးလေသည်။ သို့သော် ထိုပြိုင်ဘက်များ အားလုံးသည် ထျန်းယီကို မကျော်လွန်နိုင်ပေ။ ထျန်းယီသည် ဆန်းလျန် ကျင့်ကြံထားသည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို စာကြောင်း တစ်ကြောင်းတည်းဖြင့် ဖော်ပြနိုင်စွမ်း ရှိသူ ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော်…
ထျန်းယီ ပြောလိုက်သည့် စာကြောင်းသည် ကန်ရေပြင်တွင် ထင်ဟပ်နေသည့် မိုးတိမ်များကို ရေးဆွဲထားသည့် ဆရာဘွားဘွား လီချင်းဆွေ၏ ပန်းချီကားချပ်ကို ရှင်းလင်း ပြလိုက်ခြင်းပင် ဖြစ်လေသည်။
ဆရာဘွားဘွား လီချင်းဆွေသည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို တီထွင်ဖန်တီးခဲ့သည်မှာ လောကတွင် ပြိုင်ဘက်ကင်းရန် အတွက် မဟုတ်ခဲ့ဘဲ အမြင့်ဆုံးသော ဉာဏ်ပညာ အတွက်သာ တီထွင် ရေးသားခဲ့ခြင်း ဖြစ်လေသည်။
ထျန်းယီသည် ဆန်းလျန်၏ မူလကျင့်စဉ်လမ်းကို သိမြင် နိုင်ခဲ့လေသည်။ ထိုအချက်က ဆန်းလျန်ကို စိတ်လှုပ်ရှား စေခဲ့လေသည်။
“နောက်ဆုံးတို့ ကျုပ်တို့တွေ့ကြရပြီ…”
ဆန်းလျန်က ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်သည်။
ထျန်းယီက ပြုံးလိုက်ရင်း…
“ခင်ဗျားကို တွေ့ချင်နေတာ ကြာပါပြီ တိုင်းပြည် အကြံပေး အမတ်မင်း၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို မတွေ့ခဲ့ဘူးလေ"
“ကျုပ်ကလည်းခင်ဗျားကိုတွေ့ချင်နေတာပါ၊ အချိန်မကျသေးလို့ စောင့်နေခဲ့တာ”
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
“ဒါဖြင့် အခုတော့ အချိန်ကျပြီ ဆိုပါတော့…”
ထျန်းယွီက မေးခွန်း ထုတ်လိုက်လေသည်။
ဆန်းလျန်က…
“ဒီပြိုင်ပွဲနဲ့ ပတ်သက်ရင်တော့ ကျုပ်က အလျှော့ မပေးနိုင်ဘူးနော်၊ ကျုပ်တပည့်က လုံးဝရှုံးမှာ မဟုတ်ဘူး၊ ဒါကြောင့် ခင်ဗျားက ဝူတင်ကို ကူညီနေတာကို ရပ်ပစ်ဖို့ ခင်ဗျားကို လာတွေ့မှ ဖြစ်တော့မှာကိုး၊ အဲဒီတော့ တွေ့ရမယ့် အချိန်ကျပြီပဲ ပြောရတော့မှာပေါ့"
ထျန်းယီသည် ကိုယ်နေဟန်သွယ်လျလျနှင့် ချောမောသူ တစ်ယောက် ဖြစ်လေသည်။ သူသည် ပူပြင်းသည့် မီးများ၏ ဒဏ်ကိုခံနိုင်သည့် ရွှေဖြူရောင် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင် ထားလေသည်။ သူ့ထံမှ နွေဦးလေပြည်ကဲ့သို့ နွေးထွေးသည့် ခံစားချက် တစ်ခုကို ခံစားရလေသည်။
သူက ဆန်းလျန်ကို ဦးညွတ်လိုက်ရင်း…
“ပွင့်ပွင့်လင်းလင်း ပြောရရင် ခုလိုတွေ့ခွင့်ရတာ ဝမ်းသာပါတယ် တိုင်းပြည် အကြံပေး အမတ်ကြီး၊ ခင်ဗျား ရောက်မလာရင်လည်း ကျုပ်ပျင်းနေရမှာ၊ ပြီးတော့ ဝူတင်ကို ကယ်တင်ခဲ့တာ အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ယင်းစန်းဒေသ တစ်ခုလုံးက ခင်ဗျားကို ကျေးဇူးတင်နေမှာပါ"
ဆန်းလျန်သည် ထျန်းယီ အကြီးအကဲကို စိုက်ကြည့်နေခဲ့လေသည်။
ထျန်းယီသည် နူးညံ့သိမ်မွေ့ဟန် ရှိသည့်တိုင် တာ့ရှားဧကရာဇ် ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသူ တစ်ယောက် ဖြစ်လေသည်။
တာ့ရှားဧကရာဇ်သည် စွမ်းအားကြီးမားပြီး မြင့်မားသည့် တောင်တစ်တောင်နှင့် တူပါက ထျန်းယွီ အကြီးအကဲသည် မှောက်မိုက် နက်ရှိုင်းသည့် ပင်လယ်တစ်ခုနှင့် ဆင်တူလေသည်။
ဆန်းလျန်၏ အကြည့်များကို ထျန်းယီက တည်တည်ငြိမ်ငြိမ်ပင် လက်ခံ လိုက်လေသည်။ ထို့နောက် သူကလည်း ဆန်းလျန်ကို ပြန်စိုက်ကြည့် နေလိုက်လေသည်။
ဆန်းလျန်က…
"ဒီလိုသဘောထားမျိုး မရှိတဲ့အတွက် ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါပေမဲ့ ကျုပ်ခင်ဗျားကို မေးစရာ တစ်ခုရှိတယ်၊ ကျေးဇူးပြုပြီး၊ ကျုပ်ကို ဖုံးကွယ်ဖို့တော့ မကြိုးစားပါနဲ့”
***