← Chapters

မြောက်ပိုင်းမှ အောင်ပွဲ (အပိုင်း ၁)

Vol. 8 Ch. 72

မြောက်ပိုင်းမှ အောင်ပွဲ (အပိုင်း ၁)

Vol. 8 Ch. 72

စုန့်တင်းရှန်းက စုန့်ကျစ်ယွမ် ကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်ပြီး ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ကြမ်းတမ်းသော အုတ်နံရံကို မှီထိုင်နေသည့် လူရိပ်တစ်ခုက ကုန်းကုန်းလေး ဖြစ်နေပြီး ဖုန်မှုန့်များ ပေလူးနေသည်။ အချိန်အကြာကြီး ဂရုမစိုက်မှုများအောက်တွင် အရိုးပေါ်အရေတင် ခန္ဓာကိုယ်တစ်ခုသာ ကျန်ရှိနေသည်။ ရှုပ်ပွနေသော ဆံပင်များက မျက်နှာတစ်ဝက်ကို ဖုံးကွယ်နေပြီး ပေါ်နေသော ပါးပြင်ကလည်း ညစ်ပတ်မှုနှင့် အညိုအမဲများ ရောယှက်နေသည်။ သို့သော်လည်း မြင်နေရသော ထိုမျက်နှာတစ်ဝက်ထဲမှ ရင်းနှီးသော သွင်ပြင်တစ်ချို့ကို သူမ သတိပြုမိသွားခဲ့သည်။

"အဖေ၊ လောလောဆယ် အလျင်စလို မလုပ်ကြရအောင်၊ တကယ်လို့ သူ မဟုတ်ဘဲ တခြားသူ ဖြစ်နေရင် တစ်ဖက်လူက ကြောက်လန့်သွားလိမ့်မယ်"

စုန့်တင်းရှန်းက ထိုတောင်းရမ်းစားသောက်သူကို ကြည့်နေရင်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ထိုသူကတော့ သူမ ရှေ့ရှိ ပန်းကန်အကွဲလေးကိုသာ စိုက်ကြည့်နေပြီး စုန့်တင်းရှန်းနှင့် သူမ၏အဖေ ရှိနေသည်ကို သတိမထားမိပေ။ မနက်ပိုင်း သူမတို့ အိမ်များ လှည့်လည်ကြည့်ရှုနေစဉ်က ဤတောင်းရမ်းစားသောက်သူကို မတွေ့ခဲ့ရပေ။ ဖြစ်နိုင်သည်က ယခု နေရောင်ခြည် ထွက်လာသောကြောင့် နွေးထွေးသော နံရံက သူမကို အအေးဒဏ်မှ ကာကွယ်ပေးနိုင်သောကြောင့် ဤနေရာသို့ ရောက်လာခြင်းပင်။

စုန့်ကျစ်ယွမ်က မြင်းလှည်းကို အဝေးတွင် ရပ်လိုက်ပြီး စုန့်တင်းရှန်းက လက်ဖက်ရည်ဆိုင်နားရှိ အဘွားအိုတစ်ဦးထံသို့ ချဉ်းကပ်သွားခဲ့သည်။ သူမက ကြေးပြားအချို့ ပေးလိုက်ပြီး တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်။ အဘွားအိုက ထိုတောင်းရမ်းစားသောက်သူထံသို့ သွားကာ အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"အိုက်ယား... သနားစရာ ကလေးလေး၊ ဟိုဘက်က လက်ဖက်ရည်ဆိုင်‌မှာ ငါရဲ့ ယာဂုအကျန်လေးတွေ ရှိသေးတယ်၊ မင်း စိတ်မရှိဘူးဆိုရင် ဟိုဘက်ကို သွားပြီး စားလို့ ရတယ်"

သူတောင်းစားလေးက သူမ၏ ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး မလှမ်းမကမ်းရှိ လက်ဖက်ရည်ဆိုင်ကို ငေးကြည့်နေပြန်သည်။ ပုံမှန်ဆိုလျှင် ထိုဆိုင်၌ လူစည်ကားနေလေ့ရှိသော်လည်း မိုးခေါင်မှုကြောင့် လူများက တခြားနေရာသို့ ပြောင်းရွှေ့ကုန်ကြပြီး ပုံမှန်ထက် ပို၍ တိတ်ဆိတ်နေခဲ့သည်။ သူမက သူမ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ပန်းကန်အကွဲလေးကို ကောက်ကိုင်ကာ အဘွားအိုနောက်သို့ ခေါင်းငုံ့၍ လိုက်ပါလာသည်။

လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သာမက ရိုးရှင်းသော အစားအစာများပါ ရောင်းချသောကြောင့် မီးဖိုချောင်နေရာ သီးသန့်ရှိနေခဲ့သည်။ သူမက မီးဖိုချောင်ပတ်ဝန်းကျင်ကို သတိကြီးစွာ အကဲခတ်လိုက်ပြီး မည်သူမျှ မရှိသည်ကို တွေ့မှ စိတ်သက်သာရာရစွာ ဝင်လာခဲ့သည်။

မီးဖိုပေါ်တွင် ယာဂုတစ်ပန်းကန်နှင့်အတူ မုန့်ပေါင်းနှစ်ခု၊ ဟင်းရွက်ချဉ်တချို့ ရှိနေခဲ့သည်။

အဘွားအိုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"စား၊ စား၊ ငါက မင်းကို သနားလို့ ကျွေးတာ"

သူတောင်းစားလေးက အော်မြည်နေသော သူမ၏ ဗိုက်ကို ထိကြည့်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့် ယာဂုများကို မော့သောက်လိုက်သည်။ ထို့နောက် မုန့်ပေါင်းများကို အငမ်းမရ ကိုက်ကာ မျိုချနေခဲ့သည်။ စုန့်တင်းရှန်းက အဘွားအို၏အမှုအရာကို ကြည့်နေခဲ့ပြီး စုန့်ကျစ်ယွမ်ကို ခေါ်ကာ အပြေးရောက်လာခဲ့သည်။

"ကျောင်းရှင်း"

စုန့်ကျစ်ယွမ်က လှမ်းခေါ်လိုက်သည်။

သူတောင်းစားလေးက ရုတ်တရက် တောင့်တင်းသွားပြီး ရှုပ်ပွနေသော ဆံပင်များကြားမှ စုန့်ကျစ်ယွမ်နှင့် စုန့်တင်းရှန်းတို့ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းငုံ့ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။

"စုန့်ကျောင်းရှင်း"

စုန့်ကျစ်ယွမ်က သူမ၏ ပိန်လှီသော လက်မောင်ကို ဖမ်းဆွဲထားလိုက်သည်။

"ဒါ တကယ်ပဲ မင်းကိုး၊ လှည့်ပတ်ပြေးမနေနဲ့တော့၊ ငါတို့နဲ့အတူ အိမ်ပြန်လိုက်ခဲ့"

အဘွားအိုက စပ်စုသော မျက်လုံးများဖြင့် ကြည့်ရင်း မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ၊ ဒါက နင်တို့အိမ်က သမီးလား"

စုန့်တင်းရှန်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်မရဲ့ညီမလေးပါ၊ အိမ်က စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို သဘောမကျလို့ စိတ်ဆိုးပြီး ထွက်ပြေးသွားတာပါ"

အချိန်က ခြောက်လနီးပါး ကြာခဲ့ပြီဖြစ်ရာ စုန့်ကျောင်းရှင်းတစ်ယောက် ဤမျှအေးသော ရာသီဥတုတွင် မည်သို့ အသက်ရှင်နေခဲ့သည်ကို သူမ မစဉ်းစားနိုင်တော့ပေ။ အဘွားအိုက ဇဝေဇဝါဖြင့် ပြောလာပြန်သည်။

"အိုကွယ်... တောင်းရမ်းစားသောက်နေတာထက်စာရင် အိမ်ထောင်ပြုတာက အများကြီး ပိုကောင်းတာပေါ့၊ အိမ်ထောင်မပြုချင်ဘူးဆိုရင်တော့ နောက်ပိုင်း တောင်းစားလို့တောင် ရတော့မှာ မဟုတ်ဘူး၊ သူ ဘယ်လိုဘဝနဲ့ အဆုံးသတ်သွားမှာလဲ"

စုန့်တင်းရှန်းက ထိုရှုပ်ထွေးနေသော ကိစ္စများကို ရှင်းပြမနေတော့ဘဲ စုန့်ကျောင်းရှင်းကိုသာ ကြည့်ရင်း ထပ်ပြောလိုက်သည်။

"နင် တကယ်ပဲ ပြန်မလိုက်ချင်ဘူးဆိုရင် ငါတို့ နင့်ကို အတင်းမခေါ်တော့ဘူး၊ နင့်ကို မတွေ့ခဲ့သလိုပဲ သဘောထားလိုက်မယ်၊ နောင်ကျရင် နင် သေမလား ရှင်မလားဆိုတာကိုလည်း ငါတို့ ဂရုမစိုက်တော့ဘူး၊ တခြားသူတွေလည်း ဂရုစိုက်ကြမှာ မဟုတ်ဘူး"

စုန့်ကျောင်းရှင်း၏ နှုတ်ခမ်းများက တုန်ယင်သွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်သည်။

စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။

"အဖေနဲ့ ငါက ဒီခရိုင်မြို့ကို အလုပ်ကိစ္စနဲ့ ရောက်လာတာ၊ ငါတို့ အခု ပြန်သွားပြီးရင် နောက်ထပ် နှစ်အတော်ကြာမှ ပြန်လာဖြစ်လိမ့်မယ်၊ နင် သေချာစဉ်းစား၊ နင် ငါတို့နဲ့ အိမ်ကို ပြန်မလိုက်ဘူးဆိုရင် ဒီမှာပဲ တယောက်တည်း ကျန်နေခဲ့ရလိမ့်မယ်"

အဘွားအိုကလည်း ဝင်ရောက် ဖျောင်းဖျလာခဲ့သည်။

"မိန်းခလေးရယ်၊ အိမ်ကို မြန်မြန် ပြန်လိုက်သွားပါ၊ အခု မိုးခေါင်ရေရှား ဖြစ်နေတာလေ၊ နောက်ဆိုရင် ဒီထက်ပိုဆိုးလာပြီး ပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာဦးမှာ၊ နင့်လို မိန်းကလေးငယ်ငယ်လေး တယောက်တည်းဆိုတော့ အပြင်မှာ လူဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"

စုန့်ကျောင်းရှင်းက ငိုနေဆဲဖြစ်သော်လည်း ရုန်းကန်ခြင်း မပြုတော့ပေ။

စုန့်တင်းရှန်းက အဘွားအိုအား ရေနွေးတစ်အိုး တည်ပေးရန် တောင်းဆိုလိုက်ပြီး စုန့်ကျောင်းရှင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို စင်ကြယ်အောင် ဆေးကြောစေခဲ့သည်။ ထို့နောက် မြို့ထဲမှ ချည်ကြမ်းအဝတ်တစ်စုံ ဝယ်ပေးကာ လဲဝတ်ခိုင်းလိုက်သည်။

"ကဲ သွားကြမယ်၊ ငါတို့ နင့်ကို အိမ်ပြန်ခေါ်သွားပေးမယ်"

စုန့်ကျစ်ယွမ်က မျက်နှာပျက်ပျက်ဖြင့် လှည်းခုံပေါ်တွင် ထိုင်ကာ လှည်းမောင်းနှင်နေသည်။ စုန့်ကျောင်းရှင်းက သူမ စားမကုန်သေးသည့် မုန့်ပေါင်းကို လက်ထဲတွင် ဆုပ်ကိုင်ရင်း လှည်းထဲ၌ ကြောင်တောင်တောင်လေး ထိုင်နေခဲ့သည်။

ထိုမုန့်ပေါင်းက အရောင်အဆင်းမရှိသည့် ကြမ်းရှရှ အစားအစာတစ်ခုသာ ဖြစ်ပြီး သူမတို့ ပုံမှန်စားသုံးနေကျ ကောက်ပဲသီးနှံများနှင့် များစွာ ကွာခြားလှသည်။ ပြောင်းဖူးမှုန့်ကို အခြေခံထားသော်လည်း ပြောင်းဖူးမှုန့်များထဲတွင် ဖွဲနုများ ရောနှောထားသောကြောင့် မုန့်ပေါင်းက ကြမ်းတမ်းလှသည်။ ၎င်းက ခြောက်ကပ်နေသည့် အတုံးအခဲတစ်ခုသာသာ ဖြစ်နေပြီး စားလိုက်လျှင် လည်ချောင်းကို ပွတ်တိုက်သွားသလို ခံစားရစေသည်။ သို့သော်လည်း ယခုကဲ့သို့ ဘေးဒုက္ခ ရောက်နေချိန်တွင် ဤအရသာမရှိသော အစားအစာကပင် အဖိုးတန်ဆုံး ဖြစ်နေလေသည်။

အသက်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်အရွယ်သာ ရှိသေးသော စုန့်ကျောင်းရှင်းအတွက် ဤသို့သော ကြမ်းတမ်းသည့် အစားအစာက ဤနေရာသို့ သူမ ရောက်ရှိလာကတည်းက သူမ၏ ပုံမှန် အစားအစာ ဖြစ်နေခဲ့ပုံရသည်။ သို့သော် ဤမျှကိုပင် အနပ်တိုင်း စားနိုင်ခဲ့မည် မဟုတ်ပေ။

"ငါ ဘာတွေ ကြုံခဲ့ရလဲဆိုတာ နင် မမေးတော့ဘူးလား"

စုန့်ကျောင်းရှင်းက ရုတ်တရက် စကားပြောလာခဲ့သည်။ သူမ၏ အသံကပင် အလွန် အက်ကွဲနေခဲ့သည်။

စုန့်တင်းရှန်းက သူမ၏လက်ထဲမှ ပိုက်ဆံအိတ်ကို ပွတ်သပ်နေရင်း ပြန်ပြောလိုက်သည်။

"ငါ မမေးချင်ဘူး"

စုန့်ကျောင်းရှင်းက စုန့်တင်းရှန်းကို ကြောင်စီစီဖြင့် ကြည့်နေခဲ့ပြီး အတော်ကြာမှ ထပ်ပြောလာပြန်သည်။

"ငါ ဘယ်လို ထွက်ပြေးနိုင်ခဲ့လဲဆိုတာ နင် မသိချင်ဘူးလား"

စုန့်တင်းရှန်းက သူမကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"ငါ ဘာမှ မသိချင်ဘူး၊ နင့်ကို အိမ်ပြန်ခေါ်သွားပေးတာနဲ့ ငါ့တာဝန်ကျေပြီ၊ စုန့်ကျောင်းရှင်း၊ နင့်ခြေထောက်မှာ အရည်ကြည်ဖုတွေ ဘယ်လောက်ပဲ များနေပါစေ၊ အဲဒါ နင်ကိုယ်တိုင် လျှောက်ခဲ့တဲ့ လမ်းပဲ၊ အဲဒီတုန်းက ငါ နင့်ကို အကြံပေးခဲ့ပေမယ့် နင် နားမထောင်ခဲ့ဘူး၊ အခု အခြေအနေတွေ ဒီလို ဖြစ်ကုန်ပြီဆိုမှတော့ ငါ ဘာမှ မမေးချင်သလို ဘာမှလည်း မပြောချင်တော့ဘူး"

သို့သော် စုန့်ကျောင်းရှင်းက တစ်ယောက်တည်း ရေရွတ်နေသလို ပုံစံဖြင့် ဆက်ပြောနေခဲ့သည်။

"တာ့ရွှမ်းက ငါ့ကို ထင်းလှည်းထဲမှာ ဝှက်ပေးထားခဲ့တာ၊ အဲဒီတုန်းက မှောင်နေပြီ၊ အဖေနဲ့အမေက နောက်နေ့ ကျင်းပမယ့် ပွဲအတွက် အလုပ်ရှုပ်နေကြတာ၊ အမေ သတိမထားမိတဲ့အချိန် ငါ ‌ငွေခေါင်းဆောင်းကို ယူပြီး တောင်ဘက်ကို သွားဖို့ ကြံခဲ့တာ၊ နင် သိလား၊ တောင်ဘက်မှာ ပညာတတ်ပြီး ချမ်းသာတဲ့ အမျိုးသားတွေ အများကြီး ရှိတယ်တဲ့၊ သူတို့က သဘောလည်း ကောင်းကြတယ်လို့ ပုံပြောသူတွေဆီက ငါ ကြားဖူးခဲ့တာ"

စုန့်တင်းရှန်းက သူမ၏ နဖူးကို ပွတ်သပ်ရင်း လှည်းအပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ယခုအချိန်က နွေဦးပေါက်နေပြီ ဖြစ်သော်လည်း အပြင်ဘက်တွင် စိမ်းလန်းမှု နည်းပါးနေပြီး ကောက်ပဲသီးနှံများထက် ပေါင်းပင်များက ပို၍ ပေါက်နေခဲ့သည်။ ဤမျှ ခြောက်သွေ့သော ရာသီဥတုတွင် ထိုပေါင်းပင်များ ရှင်သန်နေသည်က ဇွဲကောင်းလှသည်ဟု ဆိုရပေမည်။

စုန့်ကျောင်းရှင်းက ဆက်ပြောနေပြန်သည်။

"ဇရပ်တစ်ခုမှာ တောင်ဘက်ကို သွားမယ့် မြင်းလှည်းတစ်စီး တွေ့ခဲ့တယ်၊ ငါ ဆံထိုးနှစ်ချောင်း ပေးပြီး လိုက်သွားခဲ့တာ၊ ဒါပေမယ့် အဲ့လှည်းပေါ်မှာ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ငါ့အရွယ်လောက် မိန်းကလေးတစ်ယောက်လည်း ပါတယ်၊ သူက ငါ့ပိုက်ဆံတွေကို လိမ်ယူသွားပြီး ငါ့ကို မကောင်းတဲ့နေရာတစ်ခုဆီ ရောင်းဖို့ ကြိုးစားခဲ့တာ၊ အရမ်းကြောက်ဖို့ ကောင်းတာပဲ၊ အပြင်ကလူတွေက ဘာလို့ ဒီလောက် ယုတ်မာကြတာလဲ"

"သူတို့ သတိမထားမိတဲ့အချိန် ငါ တောင်တွေထဲကို ပြေးဝင်ပြီး ထွက်ပြေးလာခဲ့တာ၊ ဒါပေမယ့် အဲဒီအချိန်မှာ ငါ အတော်ဝေးဝေးကို ရောက်နေပြီ၊ လမ်းတလျှောက်လုံး တောင်းရမ်း စားသောက်ပြီး ပြန်လာခဲ့ရတာ၊ အရမ်းအေးတာပဲ၊ ချမ်းလည်း ချမ်းတယ်၊ ဗိုက်လည်း ဆာတယ်၊ အိမ်နဲ့ နီးနေပြီဆိုတာ သိပေမယ့် ပြန်ဖို့လည်း ကြောက်နေမိတယ်၊ ငါ တကယ် ကြောက်နေခဲ့တာ..."

"စုန့်တင်းရှန်း၊ ငါ့ကို စကားပြောပါဦး၊ ငါ ဘာလို့ ကြောက်နေရတာလဲဆိုတာကို မေးပါဦး၊ စုန့်တင်းရှန်း"

စုန့်ကျောင်းရှင်း၏ ပိန်လှီသော မျက်နှာထက်တွင် ရုန်းကန်ရမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။ စုန့်တင်းရှန်းက သူမကို တစ်ချက်ကြည့်ပြီး ပြန်ပြောလိုက်သည်။

"နင် ထွက်သွားပြီးတဲ့နောက်ပိုင်း နင့်မိဘတွေက ဟိုဘက်အိမ်က ပေးတဲ့ တင်တောင်း လက်ဆောင်တွေကို လိမ်လည်ယူလိုက်တာ နင် သိလား"

စုန့်ကျောင်းရှင်း၏ ဒေါသများက ချက်ချင်း တန့်သွားခဲ့ပြီး ဇဝေဇဝါဖြင့် ပြန်မေးလာသည်။

"ဘာ၊ ငါ့မိဘတွေက တခြားသူတွေဆီက ငွေတွေကို လိမ်ယူလိုက်တယ် ဟုတ်လား၊ ဘယ်လို ဖြစ်ခဲ့တာလဲ"

စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။

"ဘာလို့လဲဆိုတာတော့ ငါလည်း မသိဘူး၊ ဒါပေမယ့် နင်က သူ့ဘာသာသူ နေတဲ့ အဲဒီမိသားစုကို ဒုက္ခရောက်စေတယ်ဆိုတာပဲ ငါ သိတယ်၊ စုန့်ကျောင်းရှင်း၊ နင်လည်း ငတုံး မဟုတ်ပါဘူး၊ ဒါပေမယ့် ဘာလို့ အမြဲတမ်း မိုက်မဲတဲ့ စကားတွေပဲ ပြောပြီး ရူးသွပ်တဲ့ လုပ်ရပ်တွေကိုပဲ လုပ်နေရတာလဲ"

"နင် နားမလည်ပါဘူး"

စုန့်ကျောင်းရှင်း၏ လက်များက ရုတ်တရက် တုန်ယင်လာပြန်သည်။ သူမက သူမလက်ထဲရှိ မာကျောနေသော မုန့်ပေါင်းကို တင်းတင်းဆုပ်ကိုင်ပြီး ပါးစပ်ထဲသို့ ထိုးထည့်ကာ အားရပါးရ ဝါးစားနေသည်။

"နင် မသိဘူး၊ နင့်မှာ ပိုက်ဆံရှိတယ်၊ နင့်မိသားစုဝင်တွေ အားလုံးကလည်း ပိုက်ဆံရှိတယ်၊ ငါ့မှာတော့ ပိုက်ဆံမရှိဘူး၊ ငါ စုန့်ထောင်ဟုန်ကို မကြိုက်ဘူး၊ သူက သနားဖို့ကောင်းတယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမယ့် အရှက်မရှိတဲ့ သူကတောင် ခရိုင်အရာရှိကတော် ဖြစ်သွားနိုင်တယ်၊ ငါကျတော့ကော၊ ငါ့မှာ အရှက်ရှိတယ်၊ ငါ့မှာ ရှိတာတွေကို ငါကိုယ်တိုင် ရှာဖွေခဲ့တာ၊ ဒါပေမယ့် ငါ့အမေက ငါ့ကို မပေးဘူး၊ သူက ငါ့မောင်တွေကိုပဲ ပေးချင်တာ၊ ဘာလို့လဲ၊ အဲဒါတွေက ငါ့ဟာတွေလေ"

သူမ၏ပါးစပ်ထဲမှ အစားအစာ‌ကြောင့် သူမ၏ အသံက ဗလုံးဗထွေး ဖြစ်နေခဲ့သည်။ စကားပြောနေစဉ်အတွင်း ခြောက်ကပ်သော မုန့်စများ လွင့်စင်ထွက်လာပြီး စုန့်တင်းရှန်းကို ရွံရှာသွားစေသည်။ ထို့နောက် စုန့်ကျောင်းရှင်း မုန့်အားလုံးကို မျိုချလိုက်ရာ နင်သွားပြီး သူမ၏မျက်နှာတပြင်လုံး ဖြူလျော်လာခဲ့သည်။

သူမက ဆက်ပြောနေပြန်သည်။

"ငါ့ပစ္စည်းက ငါ့အပိုင်ပဲ၊ ငါ လွှင့်ပစ်လိုက်ရင်တောင်မှ ဒါမှမဟုတ် တယောက်ယောက်က ခိုးသွားရင်တောင်မှ အဲဒါက ငါ့ပစ္စည်းပဲ ဖြစ်နေမှာ"

စုန့်တင်းရှန်းလည်း ပြောစရာ စကားလုံးများ လုံးဝ ပျောက်ရှသွားရသည်။ သူမက ဤလှည်းကြီးကို အမြန် ပြေးစေချင်နေပြီး အိမ်သို့ မြန်မြန် ပြန်ရောက်ရန်နှင့် ဤရူးကြောင်ကြောင် လူကို ဆက်မကြည့်ရတော့ရန်သာ ဆုတောင်းနေခဲ့သည်။

သူမတို့ရွာက ခရိုင်မြို့နှင့် ဝေးကွာသောကြောင့် သူတို့ အိမ်အနီးသို့ ရောက်လာချိန်တွင် မှောင်ရီပျိုးစပြုနေပြီ ဖြစ်သည်။ စုန့်ကျောင်းရှင်းက အပြင်ဘက်သို့ လည်ပင်းဆန့် ကြည့်လိုက်ပြီး ရုတ်တရက် ပြောလာပြန်သည်။

"ငါ ထွက်သွားတဲ့နေ့ကလည်း ကောင်းကင်ကြီးက ဒီလိုပဲ မှောင်နေခဲ့တာ"

ကောင်းကင် မှောင်နေခြင်းကြောင့် အားသာချက်တစ်ခု ရှိသည်။ ဤအချိန်တွင် ရွာသူရွာသား အားလုံးက အိမ်ထဲ၌သာ ထမင်းစားခြင်း သို့မဟုတ် စကားပြောခြင်းများ ပြုလုပ်နေကြပြီး အပြင်၌ လျှောက်သွားနေသူ မရှိပေ။ စုန့်တင်းရှန်းက လှည်းပေါ်မှ မဆင်းတော့ပေ။ စုန့်ကျစ်ယွမ်ကသာ စုန့်ကျောင်းရှင်းကို အိမ်သို့ လိုက်ပို့ပေးခဲ့ပြီးနောက် သားအဖနှစ်ယောက် ကိုယ့်အိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့ကြသည်။

အိမ်တွင် ညစာ အဆင်သင့် ဖြစ်နေခဲ့သော်လည်း ယခုအခါ စားပွဲပေါ်၌ ဆန် သို့မဟုတ် ဂျုံမှုန့်များ မရှိတော့ဘဲ ပြောင်းဆန်နှင့် ပြောင်းဖူးမုန့်ပေါင်းများသာ ရှိနေတော့သည်။ အငယ်ဆုံးကလေး အချို့နှင့် ချောင်လျိုအာ၊ ကျောက်တိတို့ကတော့ ဆန်နှင့် ဂျုံမှုန့်ကို စားသုံးနိုင်ကြသေးသည်။

ငတ်မွတ်ခေါင်းပါးမှု၏ အရိပ်အယောင်က နေရာအနှံ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ပြောင်းဆန်နှင့် ပြောင်းဆန်မုန့်ပေါင်းများက အာဟာရ အနည်းငယ်သာ ရှိသော်လည်း လူအများစုက မိမိတို့၏ စားသုံးမှုကို အလွန်အမင်း ထိန်းချုပ်ထားကြရသည်။ အကယ်၍ ယခုနွေရာသီတွင် မိုးမရွာပါက နှစ်ဝက်အတွင်း ဘာမှစိုက်ပျိုးနိုင်မည် မဟုတ်တော့ပေ။ လယ်ကွင်းများထဲမှ လုံလောက်သော အစားအစာများ မရတော့လျှင် လူများအားလုံး ငတ်မွတ်ကြပေလိမ့်မည်။

"ရှင်တို့ ပြန်လာတော့မယ်ဆိုတာ သိလို့ ထမင်းအတူစားဖို့ စောင့်နေတာ"

ဖန့်ရှီက သူတို့ကို ဝမ်းသာအားရ ကြိုဆိုလိုက်သည်။ ထို့နောက် သူမ၏ ခင်ပွန်းနှင့် သမီးကို ဇဝေဇဝါမျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။

"အို၊ ဘာဖြစ်လာကြတာလဲ၊ အပြင်မှာ ရန်ဖြစ်လာကြတာလား"

စုန့်ကျစ်ယွမ်က လက်ကာပြရင်း ပြန်ပြောလိုက်သည်။

"အထဲဝင်ပြီးမှ ပြောကြတာပေါ့"

"ဘာ၊ စုန့်ကျောင်းရှင်းကို တွေ့ခဲ့တယ် ဟုတ်လား"

ဖန့်ရှီ၏ မျက်လုံးများ ပြူးထွက်လာပြီး အံဩတကြီး ထအော်သောကြောင့် လီရှီက သူမကို တစ်ချက် လှမ်းပုတ်ကာ ဟန့်တားလိုက်သည်။

"အသံတိုးတိုး လုပ်စမ်းပါ၊ ဘာလို့ ဒီလောက် အော်ဟစ်နေရတာလဲ"

စုန့်တင်းရှန်းက စုန့်ကျောင်းရှင်း၏ အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်ရာ တစ်အိမ်လုံး တိတ်ဆိတ်သွားကြသည်။

ဤဖြစ်ရပ်က သူမတို့ကဲ့သို့ အပြင်သို့ သိပ်မထွက်ဖူးသည့် အမျိုးသမီးများအတွက် အထူး တုန်လှုပ်စရာ ဖြစ်နေခဲ့သည်။ အကြောင်းအရင်းက ဤအမျိုးသမီးများ၏ ကမ္ဘာက သူမတို့၏ယောက္ခမ၊ ခင်ပွန်းနှင့် သားသမီးများကြားတွင်သာ လည်ပတ်နေသောကြောင့်ပင်။ သူမတို့အတွက် အဆုံးမရှိသော အိမ်မှုကိစ္စများ လုပ်ကိုင်ရခြင်း၊ ကောက်ပဲသီးနှံများကို ပြုစုပျိုးထောင်ရခြင်းနှင့် အဝတ်အစားများ ဖာထေးခြင်းများက အမြဲစောင့်ကြိုနေခဲ့သည်။ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက် လူကုန်ကူးသူများထံမှ လွတ်မြောက်လာပြီး ပြင်းထန်သော ဆောင်းရာသီကို ဖြတ်ကျော် ရှင်သန်ခဲ့ခြင်းက သူမတို့ စိတ်ကူးပင် မယဉ်နိုင်သောအရာ ဖြစ်နေပြန်သည်။

စုန့်ရှင်းယိက သူ၏ ဆေးတံကို ကိုင်ချင်နေသည့် စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေခဲ့ပြီး အတန်ကြာမှ ပြောလာခဲ့သည်။

"စားကြမယ်၊ သူတို့အကြောင်း မပြောကြနဲ့တော့၊ သူတို့က ငါတို့နဲ့ မိသားစု ခွဲထွက်သွားပြီးသား၊ အဲဒီအိမ်မှာ ဖြစ်သမျှက ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး၊ ဒါနဲ့ တင်းရှန်း၊ ဒီနေ့ ခရိုင်မြို့ထဲမှာ ဆိုင်ခန်းကောင်းကောင်းတွေ တွေ့ခဲ့လား"

စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်သားပဲ၊ သတင်းကောင်း ရှိတယ်၊ အခုလို မိုးခေါင်နေတော့ လူအများကြီးက ဆိုင်ခန်းတွေနဲ့ ခြံဝင်းတွေကို ရောင်းနေကြတယ်၊ ဒါကြောင့် သမီးတို့အတွက် ရွေးချယ်ရ ပိုလွယ်သွားတယ်၊ အဲဒီခြံဝင်းက တော်တော်လေး ကျယ်တယ်၊ ဝင်ပေါက်ကြီး သုံးခုနဲ့ ခြံဝင်းကျယ်ကြီး သုံးခု ပါတဲ့အပြင် ဘေးဘက်မှာလည်း ဝင်းခြံလေးတွေနဲ့ ဥယျာဉ်ငယ်လေးတွေ ပါသေးတယ်၊ ပိုပြီး တိုက်ဆိုင်တာက အဲဒီခြံရဲ့ နောက်ဖေးတံခါးက လမ်းမကြီးဘက်ကို မျက်နှာမူထားတယ်၊ အရင်ပိုင်ရှင်တွေက အဲဒီနေရာကို ဆိုင်ခန်းကြီး သုံးခန်းအဖြစ် ပြောင်းထားခဲ့တာ"

ဖန့်ရှီက အံ့အားတကြီး ပြောလာပြန်သည်။

"အိုက်ယား၊ အဲဒါဆိုရင် ပိုက်ဆံတွေ အများကြီး ကုန်မှာပေါ့၊ ငါတို့မိသားစုမှာ ငွေအလုံအလောက် ရှိလို့လား"

စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။

"ပိုက်ဆံက အများကြီးတော့ မကုန်ခဲ့ဘူး၊ စုစုပေါင်း လျန်ရှစ်ရာပဲ ကျတယ်၊ သမီးမှာရှိတဲ့ ပိုက်ဆံကို တွက်ကြည့်တော့ အလုံအလောက် ရှိ‌နေတာနဲ့ စရန်ငွေ ပေးခဲ့လိုက်ပြီ၊ အကြီးဆုံးဦးလေးနဲ့ အဒေါ်တို့လည်း ဆိုင်ခန်းဝယ်ချင်ရင် အခုလို ဈေးပေါနေတုန်း မြန်မြန်ဝယ်တာ ပိုကောင်းလိမ့်မယ်၊ ပြီးတော့ အဖေနဲ့အမေ၊ အဲဒီခြံဝင်းကို သမီး နာမည်နဲ့ ဝယ်ထားမှာနော်၊ တကယ်လို့ မောင်လေးတွေအတွက် ဝယ်ပေးချင်တယ်ဆိုရင်တော့ အဖေတို့ဘာသာ ပိုက်ဆံပေးပြီး ထပ်ဝယ်ရလိမ့်မယ်"

“နင်ကတော့ ပြောပြန်ပြီ၊ ငါက နင့်ပိုက်ဆံကို လိမ်ယူမှာကျနေတာပဲ’

ဖန့်ရှီက သမီးဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ထပ်ပြောလာပြန်သည်။

"ဒါနဲ့ နင် သဘောကျနေတဲ့ အိမ်အပြင် တခြား ကောင်းတဲ့ ဆိုင်ခန်းတွေရော ရှိသေးလား"

"ရှိတာပေါ့၊ သင့်တော်တဲ့ ခြံဝင်းတွေသာ သိပ်မများတာ၊ နောင်ကျရင် အားလုံး အဲဒီကို ပြောင်းနေဖို့ သမီး စဉ်းစားထားတယ်၊ ဘာပဲဖြစ်ဖြစ် ခြံဝင်းက အတော်လေး ကျယ်တယ်လေ၊ ခရိုင်မြို့ရဲ့ စာသင်ကျောင်းနဲ့ သိပ်မဝေးတော့ ကလေးတွေ စာသင်ဖို့လည်း အဆင်ပြေတာပေါ့၊ တကယ်တော့ သမီးလည်း ခြံဝင်းကို ဒီလောက်စောစော ဝယ်ဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမယ့် သင့်တော်တာလေး တစ်ခု တွေ့လိုက်တော့လည်း ဝယ်လိုက်မိတယ်"

စုန့်တင်းရှန်းက သူမ၏ ခြံဝင်းအကြောင်း တွေးမိရုံနှင့် ပျော်ရွှင်နေခဲ့သည်။

"မနက်ဖြန်ကျရင် ကျန်တဲ့ငွေတွေရယ်၊ ဝမ်မိသားစုက ပေးထားတဲ့ ငွေတုံးတွေကိုရယ် ယူသွားမယ်၊ အဲဒါဆိုရင် ငွေက လုံလောက်သွားပြီ"

စုန့်ကျစ်ယွမ်က ခဏမျှ စဉ်းစားပြီး ဝင်ပြောလိုက်သည်။

"ဒါပေမယ့် ဒီလို မိုးဆက်ပြီး ခေါင်နေဦးမယ်ဆိုရင် ငါတို့မှာရှိတဲ့ ငွေတွေကို စားစရာဝယ်ဖို့ သုံးရမှာ မဟုတ်ဘူးလား"

စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။

"သမီး အဖိုးကို မေးကြည့်တော့ အဖိုးက ပြောတာက သမီးတို့ သိုလှောင်ထားတဲ့ အစားအစာတွေကို ချွေတာစားရင် နောက်တစ်နှစ် နှစ်နှစ်လောက်အထိ ငတ်မှာ မဟုတ်ဘူးတဲ့၊ တကယ်လို့ မိုးဆက်ပြီး ခေါင်နေဦးမယ်ဆိုရင်လည်း နန်းတော်က ဆန်တွေကို ဝေပေးလိမ့်မယ်၊ တကယ်လို့ နန်းတော်ကပါ ဂရုမစိုက်တော့ဘူးဆိုရင်တော့ သမီးတို့မှာ ငွေရှိရင်တောင် စားစရာ ဝယ်လို့ရမှာ မဟုတ်တော့ဘူး"

စုန့်ရှင်းယိက ဝင်ပြောလာပြန်သည်။

"ဟုတ်တယ်၊ မင်းတို့ မမွေးခင်တုန်းက ကြုံခဲ့ရတဲ့ မိုးခေါင်ရေရှားမှုကြီးကတုန်းကဆိုရင် သဲတွေနဲ့ ရောထားတဲ့ ပြောင်းဆန်တွေ၊ ဆန်ကွဲတွေကိုတောင် တစ်ရှီကို ဝမ်ခုနစ်ရာ ရှစ်ရာလောက်နဲ့ ရောင်းခဲ့ကြတာ၊ ချမ်းသာတဲ့သူတွေကတာ့ အဲဒါတွေကို မစားကြဘူး၊ ဆင်းရဲတဲ့သူတွေကလည်း ဝယ်မစားနိုင်ကြတော့ အားလုံး အငတ်ဘေးကနေ ထွက်ပြေးခဲ့ကြရတာ၊ အဲဒီတုန်းက ငါတို့အဖေက တောင်ပေါ်မှာ ကန်စွန်းဥတွေနဲ့ ပန်းဂျုံတွေကို အများကြီး ခိုးစိုက်ထားလို့သာ ငါတို့ အဲဒီနှစ်တွေမှာ မငတ်ဘဲ အသက်ဆက်ရှင်နိုင်ခဲ့တာ"

"အာ့နွီ ပြောတာ မှန်တယ်၊ အခု ဆိုင်ခန်းတွေနဲ့ ခြံဝင်းတွေကို ဈေးပေါပေါနဲ့ ဝယ်ထားရမယ့် အချိန်ပဲ၊ မင်းတို့မှာ ပိုတဲ့ ငွေရှိရင် ကိုယ့်ဘာသာကိုယ် ဝယ်ကြ၊ အာ့နွီက သူ့ယောကျာ်းရဲ့ မျိုးရိုးနာမည်ဖြစ်တဲ့ ကျိုးမျိုးရိုး နာမည်နဲ့ ဝယ်လိမ့်မယ်"

All Chapters