← Chapters

စုန့်ကျောင်းရှင်း ရူးနေပြီ

Vol. 8 Ch. 74

စုန့်ကျောင်းရှင်း ရူးနေပြီ

Vol. 8 Ch. 74

"အာ့နွီအာ၊ အာ့နွီအာ"

စုန့်ကျစ်ယွမ်က နွားလှည်းကို အမြန် ပြန်မောင်းလာခဲ့သည်။ သူက အထုပ်အပိုးများကို လှည်းပေါ်မှ ချနေရင်း အော်ခေါ်နေသည်။ ထိုအထုပ်များထဲတွင် ယခုအချိန်အတွက် အရေးတကြီး လိုအပ်နေသော ပြောင်းဖူးနှင့် ဆန်မျိုးစေ့များ ပြည့်နှက်နေသည်။

"ဘာလို့ အဲ့လောက် အော်ဟစ်နေတာလဲ"

ဖန့်ရှီက လက်ကို အဝတ်စဖြင့် သုတ်ရင်း မီးဖိုချောင်ထဲမှ ထွက်လာသည်။

"အာ့နွီက ကြာကန်ဘက် သွားတယ်၊ ဘာဖြစ်လို့လဲ"

"အဖေရော ဘယ်မှာလဲ၊ စိုက်ပျိုးချိန် မနှောင်းရအောင် မျိုးစေ့တွေကို မြန်မြန် ခွဲပေးရမယ်၊ ဒါနဲ့ ငါ မြို့ထဲမှာ သူကြွယ်ကြီးဝမ်နဲ့ တွေ့ခဲ့တယ်၊ သူ ပြောတာက..."

စုန့်ကျစ်ယွမ်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး သူ ပျော်လွန်းလို့ ကခုန်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။

"မြောက်ပိုင်းမှာ အောင်ပွဲကြီး ရခဲ့ပြီတဲ့"

ဖန့်ရှီက ပြန်ပြောလိုက်သည်။

"အိုး ကျွန်မ သိပြီးသားလေ"

စုန့်ကျစ်ယွမ် : “…..”

“မင်းက ဘယ်လိုလုပ် သိတာလဲ၊ ရွာထဲမှာတောင် ဒီသတင်း ပျံ့နေပြီလား၊ မြို့ထဲမှာတောင် လူအများကြီး မသိကြသေးဘူးလို့ ငါ ထင်နေတာ”

ဖန့်ရှီက တဟားဟား ရယ်မောရင်း ပြန်ရှင်းပြလိုက်သည်။

"ရှင် ထွက်သွားပြီးတာနဲ့ လူငယ်တစ်ယောက် ရောက်လာပြီး အာ့နွီအာအတွက် စာတစ်စောင် လာပေးသွားတယ်လေ၊ ကျူးဇီဆီက စာတဲ့၊ ဟား ဟား"

စုန့်ကျစ်ယွမ်က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။

"သိရင်လည်း ပြီးတာပါပဲ၊ ဟူး... ငါဖြင့် စိုးရိမ်တကြီးနဲ့ စောင့်နေခဲ့ရတာ၊ နောက်ဆုံးတော့ သူ ပြန်လာနိုင်တော့မယ်"

စုန့်ရှင်းယိ၏ မိသားစုတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကြသည်။ သူတို့ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့ဖန်တီးသော ဘေးဒုက္ခနှစ်မျိုးလုံးကို ကျော်လွှားနိုင်ခဲ့ကြခြင်းပင်။ အစာရေစာရှားပါးမှုနှစ်တွင် သူတို့ အငတ်ဘေး မဆိုက်ခဲ့သည့်အပြင် မျိုးဝက်ကြီးနှစ်ကောင်ကိုပင် ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

ယခုအခါ မြောက်ပိုင်းမှ အောင်ပွဲကြီးနှင့်အတူ ကျိုးယိနိုထံမှ စာရောက်လာခြင်းက အမှန်တကယ်ပင် နှစ်ဆသော ကောင်းချီးများဖြစ်နေခဲ့သည်။ အကယ်၍ စုန့်ကျစ်ရွှမ်းသာ တောဝင်စာမေးပွဲ အောင်မြင်ပြီး ကျွီရန် သို့မဟုတ် ကျင့်ရှီတစ်ဦး ဖြစ်လာခဲ့ပါက ပို၍ပင် ကောင်းပေလိမ့်မည်။

အမှန်တကယ်တွင် နွေဦးစာမေးပွဲများကို ပြီးခဲ့သည့်နှစ်ကတည်းက စတင်ကျင်းပရမည် ဖြစ်သော်လည်း မြောက်ပိုင်းတွင် မိုးခေါင်မှု ပြင်းထန်ခဲ့သောကြောင့် ဧကရာဇ်မင်းမြတ်က တစ်နှစ် ရွှေ့ဆိုင်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် နွေဦးတွင် အချို့ဒေသများ၌ မိုးခေါင်မှု အခြေအနေ သက်သာလာသောကြောင့် နွေဦးစာမေးပွဲများကိုလည်း ပုံမှန်အတိုင်း စတင်ကျင်းပခဲ့သည်။

ကျောင်းအုပ်ကြီးပိုင်က ကျောင်းသားအချို့ကို ခေါ်ဆောင်ကာ မြို့တော်သို့ စောစောစီးစီး သွားရောက်နေထိုင်ခဲ့သည်။ သူ စာမေးပွဲ အောင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ယခုအချိန်က သူတို့ထံသို့ သတင်းရောက်လာရမည့် အချိန် ဖြစ်သည်။

ကျိုးယိနို ရေးလိုက်သော စာထဲတွင် မြောက်ပိုင်း၏အောင်ပွဲနှင့် သူတို့ မြို့တော်သို့ ပြန်ရမည့် အစီအစဉ်ကို ပြောပြထားခဲ့သည်။ ထို့အပြင် သိုးမွှေးလုပ်ငန်း၏ ထောက်ပံ့ပေးနိုင်မှုအကြောင်းကိုလည်း အထူးတလည် ထည့်သွင်း ရေးသားထားခဲ့သည်။ စုန့်တင်းရှန်း ပေးပို့လိုက်သော သိုးမွှေးလက်အိတ်များနှင့် သိုးမွှေးစောင်များက အလွန်ပင် အသုံးဝင်ခဲ့သောကြောင့် စစ်သူကြီးအိုကြီးက မိုးခေါင်မှု ပြီးဆုံးသည်နှင့် မြောက်ပိုင်းသို့ သိုးမွှေးများ ဆက်လက် ပေးပို့နိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် သိုးမွှေးအလုပ်ရုံကို ဆက်လက် လည်ပတ်နိုင်ရန် မျှော်လင့်ကြောင်းလည်း ရေးသားထားခဲ့သည်။

ထိုအချက်က စုန့်တင်းရှန်းကို ဝမ်းသာသွားစေခဲ့သည်။ သိုးမွှေးများ အဆက်မပြတ် ရရှိနေမည်ဆိုပါက အလုပ်ရုံလည်း ရပ်တန့်သွားမည် မဟုတ်ဘဲ သူမတို့လည်း ဆက်လက် ငွေရှာနိုင်မည် ဖြစ်သည်။ ထို့အပြင် လုပ်အားခမှလွဲ၍ ကျန်နေသည်က အမြတ်သာ ဖြစ်သေကြောင့် အမြတ်ကြီးရမည့် လုပ်ငန်းတစ်ခုလည်း ဖြစ်နေပြန်သည်။

သူမ လက်ချောင်းလေးများဖြင့် တွက်ချက်ကြည့်လိုက်ရာ သူမတို့၏ ပဲများနှင့် ဂေါ်ဖီထုပ်များ စိုက်ပျိုးထားပြီးပြီဖြစ်ကြောင့် ဆောင်းဦးတွင် ပဲပုပ်ချဉ်နှင့် ဂေါ်ဖီချဉ်များ ဆက်လက် ပြုလုပ်နိုင်တော့မည် ဖြစ်သည်။ မိုးခေါင်မှု သက်သာလာပြီး လူများ ပြန်လည် ရောက်ရှိလာခြင်းနှင့်အတူ မြို့တွင်းနှင့် ခရိုင်ကလည်း တဖြည်းဖြည်း ပြန်အသက်ဝင်လာခဲ့ချေပြီ။

ဆိုင်ခန်းများနှင့် ခြံဝင်းများကို ရောင်းချခဲ့သူ အများစုက ယခုအခါ နောင်တရနေကြသည်ဟု ဆိုကြသည်။ အကြောင်းက မိုးခေါင်မှု ဤမျှစောစော ပြီးဆုံးသွားမည်ဟု သူတို့ မထင်ထားခဲ့ကြသလို မြောက်ပိုင်းမှ စစ်ပွဲကလည်း ဤအရပ်အထိ ကူးစက်မလာခဲ့သောကြောင့် ဖြစ်သည်။ မြောက်ပိုင်းမှ စစ်ပွဲ ပြီးဆုံးသွားသည်နှင့် ဤနေရာသို့ ကုန်သည်များ ဝင်ထွက်သွားလာကြတော့မည် ဖြစ်သည်။ ဤနေရာက စီးပွားရေးလုပ်ရန် အလွန်ကောင်းမွန်သော နေရာဖြစ်ပြီး ယခင်ကကဲ့သို့ စည်ကားသော အငွေ့အသက်များ မကြာခင် ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

မိသားစုဝင်များ ပုံမှန်အတိုင်း အလုပ်ရှုပ်နေကြသည့် နေ့တစ်နေ့တွင် ရုတ်တရက် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သံများကို ကြားလိုက်ရသည်။ ရွာအဝင်ဘက်မှ သက်ဝင်လှုပ်ရှားနေသော အဖွဲ့ကြီးတစ်ဖွဲ့ ဝင်လာပြီး နှဲ၊ ပုလွေနှင့် ဗုံသံများက ကောင်းကင်ယံကိုပင် ဖောက်ထွက်မတတ် ကျယ်လောင်နေလေသည်။

"ဘာတွေဖြစ်နေတာလဲ၊ တစ်ယောက်ယောက် အိမ်ထောင်ပြုလို့လား"

လူအများက လှမ်းကြည့်လိုက်ကြသော်လည်း မင်္ဂလာစီတန်းလှည့်လည်ပွဲကို မတွေ့ရဘဲ ရုံးတော်မှ အမှုထမ်းအချို့ကိုသာ တွေ့လိုက်ရသည်။

"စတုတ္ထဦးလေး၊ သတ္တမအစ်ကို၊ ဆယ့်တစ်ယောက်မြောက်အစ်ကို၊ အလုပ်တွေ ခဏရပ်ကြဦးဟေ့"

ပဉ္စမအဘွား၏သား စုန့်ရှစ်အာ့(ဆယ်နှစ်‌ယောက်မြောက်)က ဆံပင်ဖရိုဖရဲ ချွေးတလုံးလုံးဖြင့် ပြေးလာရင်း အော်ဟစ်နေသည်။

"သတင်းကောင်း၊ သတင်းကောင်းဟေ့၊ အစိုးရ အရာရှိကြီးတွေက သတင်းကောင်းပို့ဖို့ ရောက်လာကြပြီ၊ စတုတ္ထဦးလေး၊ စတုတ္ထဦးလေး"

စုန့်ရှင်းယိက ဇဝေဇဝါဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်မေးလိုက်သည်။

"ဘာသတင်းကောင်းလဲ၊ ကောက်ပဲသီးနှံတွေ လာဝေတာလား"

သူတို့အိမ်တွင် ပန်းဂျုံခေါက်ဆွဲနှင့် ကန်စွန်းဥခြောက်များသာ စားနေရသောကြောင့် ပါးစပ်ထဲတွင် ခါးသက်နေပြီး အာသာပြေစေရန် ရွှေဝါရောင် မုန့်ပေါင်းတစ်လုပ်လောက် စားချင်နေမိကြသည်။

"ဘာကောက်ပဲသီးနှံလဲ၊ ရှစ်လျို့လေ၊ ရှစ်လျို့ စာမေးပွဲအောင်ပြီ"

(စုန့်ကျစ်ရွှမ်းက သူတို့မျိုးဆက်မှာ ဆယ်ခြောက်ယောက်မြောက်မို့ ရှစ်လျို့လို့ခေါ်တာပါ)

စုန့်ရှစ်အာက အလွန်အမင်း ဝမ်းသာပျော်ရွှင်နေပြီး သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဘဲ သတင်းစကားကို အမြန်ဆုံး မျှဝေချင်နေသည်။

"မြန်မြန်၊ ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့"

"ရှစ်လျို့ စာမေးပွဲအောင်ပြီ ဟုတ်လား"

ထိုစကားကို ကြားပြီးနောက် စုန့်ကျစ်ယွမ်က သူ့လက်ထဲမှ ပေါက်ပြားကို ပစ်ချလိုက်ပြီး စုန့်ရှင်းယိကို ဆွဲကာ လယ်ကွင်းများထဲမှ ပြေးထွက်သွားတော့သည်။

"အဖေ၊ အဖေ့သားအငယ်ဆုံး၊ တတိယညီလေး စာမေးပွဲအောင်ပြီ၊ သူ အောင်သွားပြီ၊ အကြီးဆုံးအစ်ကို၊ အစ်ကို ဘာလို့ ဒီအတိုင်း ရပ်နေတာတုန်း၊ လာ.... အိမ်ကို မြန်မြန်ပြန်ကြမယ်"

မိသားစုမှ အမျိုးသားများ လုပ်လက်စ အလုပ်များကို စွန့်ပစ်ကာ အိမ်သို့ အမြန် ပြန်ပြေးလာကြသည်။

သတင်းကောင်း လာပို့သူများ မပြန်သေးမီ စုန့်တင်းရှန်းနှင့် အမျိုးသမီးတစ်စုက လက်ဖက်ရည်နှင့် မနှစ်က ကျန်ရှိသော သစ်သီးခြောက်များကို ဧည့်ခံရန် အမြန်ပြင်ဆင်နေကြသည်။ လီရှီကလည်း ဝိုင်းဝန်းပြင်ဆင်ပေးရင်း တဖွဖွ ပြောနေလေသည်။

"ကျွန်မတို့မှာ ဘာမှ သိပ်မကျန်တော့ဘူး၊ မနှစ်က ကျန်တဲ့ သစ်သီးခြောက်လေးတွေပဲ ရှိတယ်၊ ပါးစပ်ထဲမှာ ချိုသွားအောင် မြည်းကြည့်ကြပါဦး"

စုန့်တင်းရှန်းက ကြေးပြားလက်တစ်ဆုပ်စာ ယူလာပြီး ရုံးတော်အမှုထမ်းများနှင့် တီးမှုတ်သူများကို ဝေပေးလိုက်သည်။ ထို့ပြင် ဘေးမှ ကြည့်နေသူများကိုလည်း တစ်ယောက်အနည်းငယ်စီ ဝေပေးလိုက်သည်။

စုန့်ရှင်းယိက ခြံဝင်းထဲသို့ ပြေးဝင်လာပြီး သူ အမြန်ပြေးလာခဲ့ရသောကြောင့် ဖိနပ်ပင် ကျွတ်ကျန်ခဲ့ကာ ဖိနပ်ပါမလာတော့ပေ။ သူက လူအုပ်ကို ကြောင်ကြည့်နေပြီးမှ အော်မေးလိုက်သည်။

"သူ အောင်သွားပြီလား၊ သူ တကယ်ပဲ အောင်သွားတာလား"

သတင်းကောင်း လာပို့သော အရာရှိက ရယ်မောရင်း လှမ်းပြောလိုက်သည်။

"ဂုဏ်ယူပါတယ် အဘိုး၊ ဂုဏ်ယူပါတယ်ဗျာ၊ ခင်ဗျားရဲ့သားက တော်ဝင်စာမေးပွဲကို အမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့လို့ ဧကရာဇ်မင်းကိုယ်တိုင် သူ့ကို ထိပ်တန်းပညာရှင်အဖြစ် ခန့်အပ်လိုက်ပါပြီ၊ ဒါက အင်မတန် မင်္ဂလာရှိတဲ့ ကိစ္စပါပဲ"

"အိုက်ယား.... အိုက်ယား..."

စုန့်ရှင်းယိတစ်ယောက် မှင်သက်သွားပြီး အတန်ကြာမှ မျက်ရည်များဝဲလာကာ ငိုချတော့မလို ဖြစ်လာခဲ့သည်။

"ပထမရတဲ့ ပညာရှင် ဟုတ်လား၊ အိုက်ယား.... ဘုရားရေ... ငါ့သား၊ ငါ့သားက ဒီလောက်တောင် တော်တာလား"

အရာရှိက အပြုံးဖြင့် ထပ်ရှင်းပြလာသည်။

"ဒီနှစ်တွေမှာ နေရာအနှံ့ မိုးခေါင်ရေရှားမှုတွေ ဖြစ်နေတာ မဟုတ်လား၊ ဧကရာဇ်မင်းက တိုင်းပြည်ရဲ့ သာယာဝပြောရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ထုတ်ခဲ့တာလေ၊ ခင်ဗျားတို့ သခင်လေး ရေးထားတဲ့ ဆောင်းပါးက စိုက်ပျိုးရေးနဲ့ ပတ်သက်နေတယ်လို့ ကြားရတယ်၊ ဧကရာဇ်မင်းမြတ်က ဖတ်ပြီးပြီးချင်းပဲ သဘောကျသွားတာလေ"

စုန့်ကျစ်ယွမ်က ဖိနပ်ကို ကိုင်ပြီး ဝင်လာကာ လှမ်းပြောလိုက်သည်။

"အဖေ၊ အဖေက ဘာလို့ ငိုနေတာတုန်းဗျ၊ ဒါက ပျော်စရာကိစ္စလေ၊ ဒါပေမယ့် ကျွန်တော်တို့ဘက်က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဘာမှ ပြန်မပေးနိုင်တာကိုတော့ တကယ်ပဲ အားနာမိပါတယ်"

သတင်းပို့သည့်အရာရှိက ပေါ့ပေါ့ပါးပါး ပြန်ပြောလာသည်။

"ကိစ္စမရှိပါဘူး၊ အခုက ဘယ်နေရာမဆို မလွယ်ကူကြဘူးလေ၊ ပထမရတဲ့ ပညာရှင်မိသားစုက တိုက်တဲ့ လက်ဖက်ရည်ကို သောက်ရတာနဲ့တင် ငါတို့အတွက် လုံလောက်နေပါပြီ၊ ကဲ အားလုံးလည်း သိသွားကြပြီဆိုတော့ ငါတို့လည်း ပြန်သွားတော့မယ်၊ တခြားရွာတွေမှာလည်း စာမေးပွဲအောင်တဲ့သူတွေ ရှိသေးတော့ သူတို့ကိုအတွက်လည်း သွားပြီး ဂုဏ်ပြုရဦးမယ်"

ထိုအရာရှိနှင့် သူ့အဖွဲ့များ ပြန်သွားကြချိန်တွင် ရွာသူရွာသားများက ခြံဝင်းထဲသို့ တိုးဝှေ့ဝင်ရောက်လာပြီး အကျယ်ကြီး အော်ဟစ်ကာ ဂုဏ်ပြုနေကြသည်။

စုန့်ရှင်းယိက အလွန်အမင်း ပျော်ရွှင်နေပြီး ပါးစပ်ပင် မစိနိုင်တော့ပေ။

"ကဲ... အဖွားကြီး၊ ရွာသားတွေအတွက်လည်း လက်ဖက်ရည်ငဲ့ပေးလိုက်၊ အားလုံး လက်ဖက်ရည် သောက်ကြဟေ့၊ ဒီလက်ဖက်ရည်က လွန်ခဲ့တဲ့ နှစ်တွေက လက်ဆောင်ရထားတာ၊ ငါတို့တောင် သောက်ဖို့ ဝန်လေးလွန်းလို့ ထုတ်မသောက်ရက်ခဲ့ဘူး၊ ဒါကလက်ဖက်ရည်ကောင်းနော်"

"အဲဒါက လက်ဖက်ရွက်အဟောင်းတွေပါဗျာ၊ ကျွန်တော် ယူလာပေးတဲ့ လက်ဖက်ရွက်ကမှ ဒီနှစ်ထွက် လက်ဖက်ရည်ကောင်းဖြစ်မှာ"

တံခါးဝဘက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"ဝမ်သခင်ကြီးပါလား၊ ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲရှင့်"

စုန့်တင်းရှန်းက အံ့အားတကြီး လှမ်းမေးလိုက်သည်။

သူကြွယ်ကြီးဝမ်ကလည်း အပြုံးဖြင့် ပြန်ဖြေလာသည်။

"သတင်းကောင်း မျှဝေဖို့ ရောက်တာပေါ့ဗျာ၊ ဒါက နှစ်ဆပျော်ရွှင်မှုပဲ၊ ကဲပါ... လူတိုင်း လာကြဗျို့၊ ကျွန်တော် သကြားလုံးတွေ ယူလာတယ်၊ အားလုံးပဲ လာစားကြပါဦး"

သူက ပြောနေရင်း အချက်ပြလိုက်ရာ သူ့နောက်မှ အစေခံက ခြင်းတောင်းကို ဖုံးအုပ်ထားသည့် ဆီစိမ်အဝတ်ကို ဖယ်ရှားလိုက်သည်။ သကြားလုံးများ ပြည့်နှက်နေသော ခြင်းတောင်းကြီးက လူတိုင်းရှေ့သို့ ထွက်ပေါ်လာသည်။

"ဝမ်သခင်ကြီး၊ အထဲကို ကြွပါဦးရှင့်၊ ထိုင်ပါ"

စုန့်တင်းရှန်းက သူ့ကို ပင်မအိမ်ကြီးထဲသို့ လမ်းပြခေါ်ဆောင်သွားရင်း စုန့်ရှင်းယိကို လှမ်းပြောလိုက်သည်။

"အဖိုး၊ မြန်မြန် သွားဆေးကြောလိုက်ဦးလေ၊ အဖိုးဖိနပ်တွေရော ဘယ်မှာလဲ၊ မြန်မြန် ပြန်စီးလိုက်ဦး"

စုန့်ရှင်းယိက ရယ်လိုက် ငိုလိုက် ဖြစ်နေရင်း ပြန်ပြောလိုက်သည်။

"အေး... အေး... အေးပါကွာ၊ ဝမ်သခင်ကြီး၊ ခဏလောက် အနားယူပါဦး၊ ကျွန်တော် ခြေထောက်ဆေးပြီး ဖိနပ်အရင် စီးလိုက်ပါဦးမယ်၊ မဟုတ်သေးဘူး၊ ဒုတိယသား... ငါ့ကို အဝတ်အစား သန့်သန့်လေးတစ်စုံ ရှာပေးစမ်း"

"မင်းတို့လည်း တကယ်ကို ဒုက္ခတွေ ခံစားခဲ့ရတာပဲ၊ နောက်ဆုံး ကျော်ဖြတ်နိုင်ခဲ့ကြပေမယ့် လွယ်ကူခဲ့မှာတော့ မဟုတ်ဘူး"

သူကြွယ်ကြီးဝမ်က သူကိုယ်တိုင် ယူလာသည့် လက်ဖက်ရွက်ဖြင့် အသစ်ဖျော်ထားသော လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်ပြန်သည်။

"တကယ်တော့ မင်းတို့ အဒေါ်လည်း လိုက်လာချင်တာ၊ ဒါပေမယ့် ကလေးက အရမ်းကပ်နေလို့ သူ လာလို့ မရတာနဲ့ပဲ ငါ တစ်ယောက်တည်း လက်ဆောင်တွေ ယူပြီး လာခဲ့ရတယ်"

စုန့်တင်းရှန်းက အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

"သခင်မကြီးနဲ့ သခင်မရော နေကောင်းရဲ့လားရှင့်"

သူကြွယ်ကြီးဝမ်က ခေါင်းညိတ်ပြလာသည်။

"သူတို့ နေကောင်းပါတယ်၊ နည်းနည်းတော့ လန့်သွားကြတာပေါ့၊ တကယ်တော့ တောင်ဘက်မှာလည်း မိုးနည်းနည်းတော့ ခေါင်နေသေးတာပဲ၊ မြောက်ဘက်လောက်တော့ မပြင်းထန်ဘူးပေါ့၊ ငါ ပြောပြ ဦးမယ်၊ ဒီမှာတော့ မိုးခေါင်တာ သက်သာသွားပြီ ဆိုပေမယ့် အနောက်မြောက်ဘက်ကတော့ ဒုက္ခရောက်နေတုန်းပဲ၊ ကြားရသလောက်တော့ ဧကရာဇ်မင်းမြတ်လည်း စိတ်ပူလွန်းလို့ ညဘက်တောင် အိပ်မပျော်ဘူးတဲ့၊ မနှစ်က ပြင်းထန်တဲ့ မိုးခေါင်မှုကြောင့် ဘဏ္ဍာတိုက်ကလည်း အလွတ်နီးပါး ဖြစ်သွားတာလေ၊ စစ်တပ်ကိုတောင် ရိက္ခာမပေးနိုင်လုနီးပါး ဖြစ်သွားခဲ့တာ၊ မြောက်ပိုင်းက စစ်တပ်တွေကို ပြန်ရုပ်သိမ်းဖို့တောင် စဉ်းစားနေကြပြီ၊ ဒါပေမယ့် ဘယ်သူ ထင်မှာလဲ၊ ရုတ်တရက်ကြီး စစ်နိုင်သွားတာလေ၊ အခုတော့ ဧကရာဇ်မင်းလည်း ကောင်းကောင်း အနားယူနိုင်လောက်ပြီ"

သူကြွယ်ကြီးဝမ်က အပေါင်းအသင်း ဆက်ဆံရေး ကျယ်ပြန့်သူဖြစ်ရာ လူများစွာ မသိသေးသော ကိစ္စရပ်များကို ပြောပြနေခဲ့သည်။ သူက စုန့်ကျစ်ရွှမ်း ရေးသားထားသော ဆောင်းပါးကိုပင် ထုတ်ယူလာပြီး စုန့်ရှင်းယိအား ကမ်းပေးလိုက်သည်။

"ခင်ဗျားက သားကောင်းတစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့တာပဲ၊ ပညာရှင်ဆိုတာ စာအုပ်ထဲက စာတွေကိုပဲ ဖတ်နေလို့ မရဘူး၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလည်း နားလည်ရမယ်၊ ဒီဆောင်းပါးက ရင့်ကျက်မှုနည်းသေးတယ် ဆိုပေမယ့်လည်း မိုးခေါင်တာနဲ့ မိုးခေါင်ပြီးနောက်ပိုင်း ကျိုင်းကောင်ကပ်ဘေးကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အမြင်တွေကို ဖော်ပြထားတယ်၊ ကျွန်‌တော်တို့ဆီမှာ နှစ်နှစ်လောက် မိုးခေါင်ခဲ့တာဆိုပေမယ့် လယ်ကွင်းတွေကို မီးရှို့တာက ကျိုင်းကောင်တွေကို ကာကွယ်ပေးနိုင်ခဲ့တာ ဖြစ်လိမ့်မယ်၊ ဒါပေမယ့် အနောက်မြောက်ဘက်ကတော့ ဒီလို မဟုတ်လောက်ဘူး၊ ဘာပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ်က ဒီဆောင်းပါးကို ဖတ်ပြီးတာနဲ့ အရမ်းသဘောကျသွားတာတဲ့၊ သူ့ကို ပထမအဆင့် ထိပ်တန်းပညာရှင်အဖြစ် တိုက်ရိုက် ခန့်အပ်လိုက်တာပဲ၊ ကျွန်တော်လည်း ဒါတွေကို ကျွန်တော့်တူ ပြောပြလို့ သိရတာပေါ့ဗျာ"

စုန့်ရှင်းယိက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"လယ်ကွင်းတွေကို မီးရှို့တဲ့နည်းနဲ့ စပါးခင်းထဲက ပိုးမွှားတွေကို ကာကွယ်တဲ့ နည်းလမ်းတွေက တကယ်တော့ အာ့နွီ စာတွေ လျှောက်ဖတ်ရင်း စဉ်းစားမိခဲ့တာပါ၊ ဒီကလေးမသာ ယောကျာ်းလေး ဖြစ်ရင် သူလည်း တော်ဝင်စာမေးပွဲ ဝင်ဖြေပြီး အရာရှိ ဖြစ်လာနိုင်လောက်တယ်"

စုန့်တင်းရှန်းက ကမန်းကတန်း ဝင်ပြောလိုက်သည်။

"အဖိုးကလည်း ဘာတွေ ပြောနေတာလဲ၊ သမီးရဲ့ အရည်အချင်းက ဒီနယ်ပယ်သေးသေးလေးမှာပဲ အသုံးဝင်တာပါ၊ ဘယ်လိုလုပ်ပြီး တော်ဝင်စာမေးပွဲ ဝင်ဖြေလို့ ရမှာလဲ"

မိုးခေါင်မှု ပြင်းထန်ခဲ့ခြင်းနှင့် မနှစ်က နွေဦးစာမေးပွဲ ဖျက်သိမ်းခဲ့ခြင်းတို့ကြောင့် စုန့်ကျစ်ရွှမ်းလည်း အိမ်တွင် တစ်နှစ်ကြာ နေထိုင်ခဲ့ရသည်။ ဤတစ်နှစ်အတွင်း သူက သူ့၏ စာပေလေ့လာမှုကို မထိခိုက်စေခဲ့သည့်အပြင် စုန့်တင်းရှန်းနှင့် တခြားသူများထံမှ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း အများကြီး သင်ယူနိုင်ခဲ့သည်။

ပြင်းထန်သော မိုးခေါင်မှု ပြီးဆုံးပြီးနောက်တွင် ကျိုင်းကောင်ကပ်ဘေးက အဖြစ်အများဆုံး ဖြစ်သည်။ ထိုပိုးဥများက မြေကြီးထဲတွင် ပုန်းအောင်းနေတတ်ပြီး မိုးခေါင်သည့် အပူဒဏ်နှင့် ခြောက်သွေ့သော အခြေအနေများကြောင့် သဘာဝအတိုင်း အုပ်စုလိုက် ပေါက်ဖွားလာကြခြင်း ဖြစ်သည်။

ယခုခေတ်တွင် ကျိုင်းကောင်များကို သတ်ရန် ထိရောက်သော နည်းလမ်းများစွာ မရှိသော်လည်း မိုးခေါင်ပြီးနောက် နှစ်စဉ်မြေကို နက်နက်တူးခြင်းနှင့် လယ်ကွင်းများကို မီးရှို့ခြင်းက ပိုးဥအများစုကို သေစေနိုင်သည်။

ဤနည်းလမ်းကို စုန့်တင်းရှန်းက သူကြွယ်ကြီးဝမ်ထံသို့ ပေးပို့သော စာထဲတွင် အကြံပြုခဲ့ခြင်း ဖြစ်ပြီး၊ သူကြွယ်ကြီးဝမ်မှတစ်ဆင့် သူနှင့် ရင်းနှီးသော ခရိုင်အုပ်ချုပ်ရေးအမတ်မင်းအချို့ထံသို့ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ အုပ်ချုပ်ရေးအမတ်များကလည်း ရွာသူရွာသားများအား မြေကို ပုံမှန်ထက် ပိုနက်နက် တူးကြရန်နှင့် ခြောက်သွေ့သော ပေါင်းပင်များ၊ သစ်ကိုင်းများကို မီးရှို့၍ ကျိုင်းကောင်များကို ကာကွယ်ကြရန် တိုက်တွန်းခဲ့ကြသည်။

ဤနည်းလမ်းက ထိရောက်မှု ရှိ၊ မရှိ မသေချာသော်လည်း အနည်းဆုံးတော့ စိတ်သက်သာရာရမှုကို ပေးစွမ်းနိုင်ခဲ့သည်။ ထိုခရိုင်အုပ်ချုပ်ရေးအမတ်များအတွက်လည်း သူတို့ကိုယ်တိုင် လုပ်ရခြင်း မဟုတ်ဘဲ ကျိုင်းကောင်ကပ်ဘေး မဖြစ်သ‌ရွေ့ သူတို့၏ ရာထူးများ စိတ်ချရမည် ဖြစ်သည်။ အကယ်၍ တခြားနေရာများတွင် ကျိုင်းကောင်ကပ်ဘေး ကျရောက်သော်လည်း သူတို့ စီရင်စုတွင် ကပ်ဘေးမကျရောက်ပါက သူတို့ ရာထူးပင် တိုးနိုင်သေးသည်။ ထို့ကြောင့် သူတို့က စကားဖြင့်သာ မှာကြားရသည့် ကြီးကြပ်မှုတွင် အလွန်ပင် တက်ကြွနေခဲ့ကြသည်။

သူကြွယ်ကြီးဝမ်က စုန့်တင်းရှန်းကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ထပ်ပြောလိုက်သည်။

"ကျွန်တော်လည်း ဒီကိစ္စအတွက် ကျေးဇူးတင်စကားတွေ ကြားချင်လို့ ပြောနေတာ မဟုတ်ပါဘူး၊ အခုဆို ငါတို့မိသားစုနှစ်စုက ခမည်းခမက်တွေ ဖြစ်နေကြပြီပဲ၊ ခင်ဗျားတို့ရဲ့ အောင်မြင်မှုက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါပဲ၊ တခြားနေရာတွေမှာ ကျိုင်းကောင်ကပ်ဘေး သင့်နေတဲ့အချိန် ဒီက ဘာမှ မဖြစ်ဘူးဆိုရင် ဒီနည်းလမ်းက ထိရောက်တယ်ဆိုတာ သက်သေပြပြီးသား ဖြစ်သွားမှာလေ၊ အဲဒီအခါကျရင် ဧကရာဇ်မင်းမြတ်က ခင်ဗျားတို့မိသားစုကို သေချာပေါက် ဆုလာဘ်တွေ ချီးမြှင့်မှာပါ"

စုန့်ရှင်းယိက လက်ကာပြရင်း ငြင်းဆန်လိုက်သည်။

"ကျွန်တော်တို့က ဆုလာဘ်တွေကို မျှော်ကိုးခဲ့တာ မဟုတ်ပါဘူး၊ နောက်ထပ် ကပ်ဘေးတွေ ထပ်မရောက်လာဖို့နဲ့ စားလောက်ရုံ အစားအစာ၊ သုံးလောက်ရုံ ငွေကြေးရှိရင်ပဲ ကျေနပ်နေပါပြီ"

သူကြွယ်ကြီးဝမ်က တဟားဟား ရယ်မောရင်း ပြောလာပြန်သည်။

"လူတိုင်းသာ ခင်ဗျားတို့ စိတ်ထားမျိုးရှိရင် ဒီလောက် ဝရုန်းသုန်းကားတွေ ဖြစ်လာမှာ မဟုတ်ဘူး၊ ဒါနဲ့ ကျွန်တော် ကြားတာကတော့..."

ထိုစကားအရောက်တွင် သူက အသံကို နှိမ့်လိုက်ပြီး လျှို့ဝှက်သလိုမျိုး ပြောနေပြန်သည်။

"မြောက်ပိုင်းက အောင်ပွဲအတွက် ခင်ဗျားရဲ့ မြေးသမက်က အကြီးအကျယ် အားဖြည့်ပေးခဲ့တယ်လို့ ကျွန်တော် ကြားတယ်၊ ဖြစ်နိုင်တာကတော့... ဘယ်သူသိမှာလဲ… ဒီကောင်းချီးတွေက အနာဂတ်မှာ သူ့အတွက် အဆုံးမရှိ ကောင်းချီးတွေ ပေးနိုင်လိမ့်မယ်"

စုန့်ရှင်းယိက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"သူ ခြေလက်တွေ ကျိုးပဲ့ပြီး ပြန်လာရင်တောင် ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်လာရင်ပဲ ကျေနပ်နေပါပြီဗျာ၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က ဘယ်လို ဘွဲ့ထူးဂုဏ်ထူးတွေကိုမှ မမက်မောပါဘူး၊ ကျွန်တော်တို့မိသားစုဝင်တွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ရှိဖို့၊ အအေးဒဏ်နဲ့ ငတ်မွတ်ဘေးက လွတ်ကင်းဖို့၊ ပြီးတော့ မြေးတွေ မြေးမြစ်တွေနဲ့ အိမ်ကြီးထဲမှာ စည်စည်ကားကား နေရဖို့ပဲ မျှော်လင့်တာပါ၊ ဒီဘဝမှာ ဒါထက် ပိုပြီး ဘာမှ မတောင်းဆိုတော့ပါဘူး"

သူကြွယ်ကြီးဝမ်က သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။

"ဒါကြောင့်လည်း လူတွေက ခင်ဗျားကို ဘုန်းကံကြီးတဲ့သူလို့ ပြောကြတာပေါ့ ဦးလေးစုန့်ရယ်၊ ကျွန်တော့်မိသားစုကိုလည်း ခင်ဗျားတို့လို ဖြစ်စေချင်မိတယ်၊ ကဲ... ဒီလို ပျော်စရာကောင်းတဲ့နေ့မှာ စိတ်ပျက်စရာတွေ မပြောကြရအောင်၊ ကျွန်တော်က ဒီကို လက်ဆောင်တွေ ပေးဖို့ ရောက်လာတာပါ၊ ခင်ဗျားတို့နဲ့အတူ ပျော်ရွှင်မှုကို ဝေမျှပြီး ထမင်းတစ်နပ်လောက် အတူတူစားဖို့ လာခဲ့တာလေ"

စုန့်ရှင်းယိက စိတ်မကောင်းဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အခု အိမ်မှာ ဘာမှ မရှိတော့ဘူး၊ မိုးခေါင်နေတဲ့အချိန်အတွင်း အိမ်က ဝက်တွေကို အကုန် သတ်ပစ်လိုက်ရတယ်၊ တစ်ကောင်မှတောင် မကျန်ခဲ့ဘူး"

စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။

"အဖိုး၊ သမီးတို့မှာ သိုးတွေ ရှိသေးတယလေ၊ ဒီနေ့ သခင်ကြီးဝမ် လာလည်တာဆိုတော့ အနည်းဆုံး သိုးတစ်ကောင်လောက် သတ်သင့်တာပေါ့"

စုန့်ရှင်းယိက သူ့နဖူးကို သူပြန်ရိုက်လိုက်ပြီး ညည်းညူလိုက်သည်။

"အိုက်ယား... ငါ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ၊ ဟဲ ဟဲ... ကျွန်တော့် မြေးမြစ်လေးတွေ နို့သောက်ဖို့ ချန်ထားတဲ့ သိုးအချို့ ဖွက်ထားတာ ရှိတယ်၊ အခုက သူတို့ကို သတ်ဖို့ အချိန်ကောင်းပဲ"

သူကြွယ်ကြီးဝမ်ကလည်း အားနာမနေဘဲ ပြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကျွန်တော် ဒီနေ့ သိုးသားတစ်နပ် အလကားစားရတော့မှာပေါ့၊ သိုးသား မစားရတာ တော်တော်လေးကြာနေပြီ၊ ကျွန်တော် ပြောရင်းနဲ့တောင် စားချင်လာပြီဗျ၊ ဟား ဟား"

စုန့်ကျစ်ယွမ်နှင့် သူ့တူသားများက သိုးထီးငယ်တစ်ကောင်ကို ‌ရွေးထုတ်ကာ သတ်လိုက်ကြသည်။ ထို့နောက် အိုးကြီးတစ်လုံးထဲတွင် တောဟင်းသီးဟင်းရွက်များ၊ သစ်သီးခြောက်များနှင့် အသားခြောက်များ ထည့်၍ ပြုတ်လိုက်ကြသည်။ ပန်းဂျုံမုန့်ပေါင်းတစ်အိုးလည်း ပေါင်းလိုက်ကြပြီး ကျန်ရှိနေသော ပဲငံပြာရည်၊ ရှာလကာရည်နှင့် ငရုတ်သီးနှစ်တို့ကို ကြက်သွန်ဖြူဖြင့် ရောထောင်းကာ အပေါ်မှ ဆမ်းလိုက်ကြသည်။

သူတို့က သူတို့၏ညီအစ်ကို အချို့ကိုပါ ခေါ်လိုက်ကြပြီး လီယွင်ရှန်းနှင့် သူ့ဇနီးကို သွားခေါ်ရန်လည်း စုန့်ကျွင့်လီကို စေလွှတ်လိုက်သည်။ ရွာလူကြီးနှင့်အတူ သူကြွယ်ကြီးဝမ်ကို အသားဟင်းလျာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ကျန်နေသော အစားအစားများကိုတော့ တခြားမိသားစုများထံသို့ တစ်ပန်ကန်စီ ဝေပေးလိုက်ကြပြီး ကောင်းချီးကို မျှဝေခံစားကြသည်။

ဤတစ်ခေါက်တွင်လည်း သူကြွယ်ကြီးဝမ်က ငွေစများ၊ ငွေတုံးများ၊ ယပ်တောင်များ၊ ပိုးပန်းပွင့်များ၊ လက်ကိုင်ပဝါများစသည်တို့ကို သေတ္တာလိုက် ယူလာခဲ့သောကြောင့် ခန်ပေါ်တွင် ပစ္စည်းများ စုပုံနေတော့သည်။

လီရှီက ထိုအရာများကို ကြည့်နေရင်း ပြုံးပျော်ရွှင်နေရာမှ ရုတ်တရက် မျက်ရည်ကျလာသည်။

"ဒါတွေက တကယ်ကောင်းတာပဲ၊ ဒါတွေအားလုံးက ငါ့သား ရှာဖွေပေးခဲ့တာတဲ့လား၊ ငါတို့မိသားစုကနေ ထိပ်တန်းပညာရှင်တစ်ယောက် မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ ငါတို့မိသားစုက... ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး"

ပိုင်ရှီက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"အမေ၊ ဒီနေ့လိုနေ့မျိုးမှာ အမေ မငိုသင့်ပါဘူး၊ တကယ်လို့ ငိုချင်တယ်ဆိုရင်တောင် ကျစ်ရွှမ်း ပြန်လာမှ သူ့ရှေ့မှာ ငိုနော်"

သူမက စုန့်ကျစ်ရွှမ်းနှင့် လက်ထပ်ခဲ့စဉ်က သူ့ထံမှ ကောင်းကောင်းမွန်မွန် ဆက်ဆံမှုကို မျှော်လင့်ခဲ့ရုံသာ ဖြစ်သည်။ သို့သော် သူမ၏ခင်ပွန်းက ဤမျှအထိ ထူးချွန်ပြီး တော်ဝင်စာမေးပွဲတွင် ထိပ်တန်းပညာရှင် ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

"အို... ငါ ငိုနေတာ မဟုတ်ပါဘူး၊ ပျော်လွန်းလို့ပါ၊ မျက်ရည်ဆိုတာ ပျော်တဲ့အခါ သူ့အလိုလို ကျလာတတ်တာမျိုးလေ၊ အငယ်ဆုံးသားနဲ့ ကျူးဇီသာ ပြန်လာရင် ငါတို့မိသားစု တကယ်ကို စုံစုံလင်လင် ပြန်ဖြစ်လာကြတော့မှာ"

လီရှီက သူမ၏မျက်နှာကို ကမန်းကတန်း သုတ်လိုက်သော်လည်း သူမ မည်မျှပင် သုတ်နေပါစေ မျက်ရည်များက ကုန်ခမ်းမသွားခဲ့ပေ။

ဤနှစ်များတစ်လျှောက် သူမက ဘာကိုမှ မပူပင်သလို နေထိုင်ခဲ့သော်လည်း သားသမီးများကို အမြဲစောင့်ကြည့်ပြီး အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။ အကြီးဆုံးသားနှင့် ဒုတိယသားတို့ ငွေကြောင့် ရန်ဖြစ်ကြမည်ကို သူမ စိုးရိမ်ခဲ့သည်။ အငယ်ဆုံးသား နှစ်ပေါင်းများစွာ စာသင်ပြီးမှ စာမေးပွဲမအောင်လျှင် သူ စိတ်မကောင်းဖြစ်မည်ကိုလည်း သူမ စိုးရိမ်ခဲ့သည်။ ကျိုးယိနိုက အပြင်တွင် စစ်တိုက်ရင်း အန္တရာယ်တွေ့မည်ကိုလည်း သူမ စိုးရိမ်ခဲ့သည်။ သူမ၏မြေးမလေး စိတ်ဆင်းရဲရမည်ကိုလည်း အမြဲပူပန်နေခဲ့ရသည်။

သို့သော် ယခုအခါ သူမ၏သားအကြီးများက စည်းစည်းလုံးလုံး ရှိနေကြပြီး၊ သားအငယ်ဆုံးက ပထမရသည့် ထိပ်တန်းပညာရှင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ မြေးမလေး၏ ခင်ပွန်းကလည်း ပြန်လာတော့မည်ဖြစ်သည်။ သူမ မည်သို့မျှ မပျော်ဘဲ မနေနိုင်ချေ။

ကျိုးယိနို ပြန်လာတော့မည်ဖြစ်ရာ စုန့်တင်းရှန်း၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။ သူမက သူမ၏ဘဝဟောင်းတွင် အိမ်ထောင်မပြုခဲ့ဖူးဘဲ ယခုဘဝတွင် ရုတ်တရက် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမတို့နှစ်ဦးကြားတွင် အလွန်နက်ရှိုင်းသော သံယောဇဉ်အခြေခံ မရှိခဲ့သည့်အပြင် သူမက ကျိုးယိနိုကို မောင်လေးတစ်ယောက်ကဲ့သို့သာ အမြဲဆက်ဆံခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမက အပျိုလေးကဲ့သို့ မိဘအိမ်တွင်သာ နေထိုင်ခဲ့ရပြီး အတော်လေး သက်သောင့်သက်သာ ရှိနေခဲ့သည်။ သို့သော် ကျိုးယိနို ပြန်လာခြင်းက သူမ သူ၏ဇနီးအဖြစ် တာဝန်ယူရတော့မည်ဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် ထိုသို့သော ဆက်ဆံရေးမျိုးရှိရန်နှင့် ကလေးယူရန် ပြင်ဆင်ရတော့မည်ဟု အဓိပ္ပာယ်ရသည်။

‘ငါ‌တော့ တကယ်ကိုမှ ဒုက္ခအကြီးကြီးတွေ့ပြီပဲ’

စုန့်တင်းရှန်းတစ်ယောက် ခန်ပေါ်တွင် လှဲလျောင်းနေရင်း သက်ပြင်းချနေမိသည်။ သူမ အံ့သြရမလား ဝမ်းသာရမလားပင် ဝေခွဲမရ ဖြစ်နေခဲ့သည်။

စုန့်ကျစ်ရွှမ်းထံမှ စာလည်း ရောက်ရှိလာခဲ့ပြီး သူ၏ကျောင်းကိစ္စများကို အသေးစိတ် ရေးသားထားသည်။ ဆရာဖြစ်သူက သူတို့ကို သူ့၏မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံရန်နှင့် နေရာအစုံသို့ ခေါ်သွားမည်ဖြစ်ကြောင်း သူ အိမ်သို့ နောက်ကျမှ ပြန်ရောက်မည်ဖြစ်ကြောင်း ရေးသားထားသည်။ မိသားစုဝင်များ သူကို စိတ်မပူစေရန် ပြောထားခဲ့သည်။

ပိုင်ရှီက ထိုစာကို သူမ၏ နှလုံးသားနှင့် နီးနီးကပ်ကပ် သိမ်းထားပြီး အခွင့်သာတိုင်း သူမ၏သမီးလေးကို ဖတ်ပြနေခဲ့သည်။ ယခုအခါ သူမ၏သမီးငယ်လေးက သုံးနှစ်အရွယ်ရှိနေပြီဖြစ်ရာ ချစ်စရာအကောင်းဆုံး အရွယ်သို့ ရောက်နေပြီဖြစ်သည်။ မိုးခေါင်ရေရှားမှုနှင့် အစားအစာကောင်းများ ရှားပါးမှုကြောင့် နှစ်နှစ်တိုင်တိုင် ကောင်းကောင်းမစားခဲ့ရဘဲ အနည်းငယ် ပိန်လှီနေသော်လည်း အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်။ ယခုနှစ်တွင် ရာသီဥတုသာ သာယာပါက သူမ၏သမီးလေးကို ကောင်းကောင်းမွန်မွန် ပြန်လည် ပြုစုပျိုးထောင်တော့နိုင်မည် ဖြစ်သည်။

ယခု သူမ၏ အကြီးမားဆုံး ဆန္ဒက ခင်ပွန်းဖြစ်သူကဲ့သို့ ထက်မြက်ပြီး စာပေအရာတွင် ထူးချွန်သည့် သားလေးတစ်ယောက် ရရှိရန်ပင် ဖြစ်သည်။

ရွာထဲရှိ လူများအားလုံးက လမ်းမှန်ပေါ်သို့ ပြန်ရောက်နေပြီဟု ထင်ရသော်လည်း စုန့်မိသားစုကြီးမှ အိမ်ခွဲခြောက်အိမ်၏ စည်းလုံးမှုကတော့ ယခင်ကကဲ့သို့ မဟုတ်တော့သည်ကို လူတိုင်း ဝိုးတဝါး မြင်နေကြရသည်။ ပထမ၊ ဒုတိယနှင့် တတိယအိမ်ခွဲများက သူတို့ဘာသာ ပိုစည်းရုံးလာကြပြီး၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမ အိမ်ခွဲများကလည်း အမြဲလိုလို အတူတူ ရှိနေတတ်ကြသည်။

စုန့်ကျစ်ရွှမ်းက ထိပ်တန်းပညာရှင်ဖြစ်သွားသည်ကို ရွာသားများ သိရှိသွားကြပြီးကတည်းက ကျူးရှီက တစ်နေ့လုံး မျက်နှာပျက်နေခဲ့ပြီး စုန့်ရှင်းယိ၏ မိသားစုနောက်ကွယ်တွင် အတင်းအဖျင်းများ ပြောနေခဲ့သည်။ ပဉ္စမအဘွားက မြို့ထဲသို့ အရင်ပြောင်းရွှေ့သွားခဲ့သည်။ အကြောင်းအရင်းက စုန့်တင်းရှန်းက ခရိုင်မြို့တွင် ဆိုင်ခန်းတစ်ခန်း ဝယ်ထားပြီးဖြစ်သလို စုန့်ဟူထောင်နှင့် စုန့်ယွိလန်တို့ကလည်း သူတို့၏ဆိုင်ကို ခရိုင်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသောကြောင့် ဖြစ်သည်။ မြို့ပေါ်ရှိ ကုန်စုံဆိုင်ကိုတော့ ပဉ္စမအဘွား၏ သားထံသို့ ငှားရမ်းလိုက်ပြီး စားသောက်ဆိုင်ကိုလည်း ငှားရမ်းရန် စဉ်းစားနေကြသည်။

စုန့်ကျစ်ယွမ်က အိမ်တွင် ဝက်မရှိလျှင် သူ့စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်နေတတ်သူဖြစ်ရာ ဝက်ကလေး အချို့ကို ပြန်လည် ဝယ်ယူ၍ မွေးမြူထားခဲ့သည်။ ဝက်ကလေးများ ဝက်ခြံထဲတွင် နေရာတကျ ရှိနေသည်ကို မြင်ရမှသာ သူ စိတ်အေးသွားတော့သည်။

ယခုအချိန်တွင် သူတို့၏ လယ်အများစုကို သူတစ်ပါးအား ငှားရမ်းထားပြီးဖြစ်ရာ အိမ်တွင် အလုပ်အကိုင် သိပ်မရှိတော့ဘဲ အတော်လေး သက်သောင့်သက်သာ ရှိနေခဲ့ကြသည်။ ဖန့်ရှီက စုန့်တင်းရှန်းအား ဆဋ္ဌမအဘွားအိမ်သို့ ပန်းထိုးပညာသွားသင်ရန် အမြဲတိုက်တွန်နေပြီး စုန့်တင်းရှန်းတစ်ယောက် ခေါင်းပင် မူးနောက်လာရသည်။

ထို့ကြောင့် သူမ အကြောင်းပြချက်တစ်ခုရှာကာ သစ်သီးခြံဘက်သို့ ထွက်လာခဲ့သည်။ အသီးအကင်းလေးများ စတင်ဝေဆာနေပြီဖြစ်သော သစ်ပင်များကို ကြည့်ရမှသာ သူမလည်း စိတ်အေးလက်အေး ရှိသွားတော့သည်။

"စုန့်တင်းရှန်း"

ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသောကြောင့် စုန့်တင်းရှန်းက မက်မွန်စေးများ ခူးဆွတ်နေခြင်းကို ရပ်လိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကျောင်းရှင်း"

သူမရှေ့တွင် မြင်တွေ့နေရသော အမျိုးသမီးက အသက်ဆယ့်ရှစ်နှစ်အရွယ် အိမ်ထောင်ရှင်မအသစ်လေးတစ်ဦးနှင့် လုံးဝ မတူတော့ပေ။ သူမက အရောင်မှိန်မှိန် မီးခိုးရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ပါးပြင်များက ချိုင့်ဝင်နေကာ တစ်ချိန်က နူးညံ့ခဲ့သော လက်အစုံတွင်လည်း အရေး‌အကြောင်းများ၊အသားမာများ ရှိနေခဲ့သည်။

"အခုတော့ နင် ဂုဏ်ယူနေမှာပေါ့၊ ဟုတ်တယ်မလား၊ စုန့်မိသားစုက မိန်းခလေးတွေထဲမှာ နင်က အကောင်းဆုံး အိမ်ထောင်ဖက်နဲ့ တွေ့ခွင့်ရခဲ့တာကိုး"

ယခုအခါ စုန့်ကျောင်းရှင်းက တစ်ခြားလူတစ်ယောက်လို ဖြစ်နေပြီး သူမ၏ အသံကလည်း အေးစက်နေသည်။

စုန့်တင်းရှန်းက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။

"နင် ဘာကို ဆိုလိုတာလဲ"

"ကျိုးထျဲကျူးက မကြာခင် ပြန်လာတော့မယ်လေ၊ သူ စစ်မြေပြင်မှာ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ငါ ကြားတယ်၊ ဒီတစ်ခေါက်တော့ သူက ဂုဏ်သရေရှိရှိ ပြန်လာတော့မှာလေ၊ ဟုတ်တယ်မလား"

စုန့်ကျောင်းရှင်းက သူမ၏ မျက်နှာပေါ်တွင် ဝဲကျနေသော ဆံနွယ်အချို့ကို သပ်တင်လိုက်ရင်း ဆက်ပြောလာသည်။

"အဲဒီတုန်းက ငါ့အဒေါ်က ကျိုးထျဲကျူးနဲ့ စုန့်ထောင်ဟုန်ကို အိမ်ထောင်ချပေးဖို့ စီစဉ်ခဲ့ဖူးတယ်လို့ ငါ ကြားခဲ့သေးတယ်၊ ဒါပေမယ့် ကံမကောင်းတာက စုန့်ထောင်ဟုန်က ဆင်းရဲတဲ့ ကျိုးထျဲကျူးကို မလိုချင်ဘူးလေ၊ သူက မိသားစုကောင်းကောင်းထဲကို ဝင်နိုင်ဖို့ စိတ်အားထက်သန်နေခဲ့တာ၊ နောက်ဆုံးတော့ အဲဒီကိစ္စက နင့်ဆီ ရောက်သွားပြီး နင့်ကို နာကျင်စေခဲ့တာပေါ့၊ ဒါပေမယ့် အခု ကြည့်ရတာတော့ အဲဒါက နင့်ကို မထိခိုက်စေဘဲ ဖုံးကွယ်ထားတဲ့ ကောင်းချီးတောင် ဖြစ်သွားခဲ့တာပဲ"

စုန့်တင်းရှန်းက စိတ်မရှည်တော့ဘဲ တိုက်ရိုက်မေးမြန်းလိုက်သည်။

"နင် တကယ်ပြောချင်တဲ့စကားက ဘာလဲ"

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် စုန့်ကျောင်းရှင်းက ဆက်ပြောလာခဲ့သည်။

"ငါ အခု အဆင်မပြေဘူး၊ အဲ့ဒီမိသားစုက အရမ်းဆင်းရဲတယ်၊ ပြီးတော့ ငါ့ယောက္ခမတွေကလည်း ဆက်ဆံရခက်ခဲတဲ့လူတွေပဲ၊ အမြဲတမ်း ရန်ဖြစ်နေကြတာ၊ ငါ တစ်ခါ ကိုယ်ဝန်ရခဲ့သေးတယ်၊ ဒါပေမယ့် စားစရာမရှိဘဲ ဆာလောင်နေတာကြောင့် ကလေး ပျက်ကျသွားခဲ့တယ်"

စုန့်တင်းရှန်းက ပြန်မေးလိုက်သည်။

"အခုမှ ငါ့ကို ဒါတွေ လာပြောပြနေလို့ ဘာထူးမှာလဲ၊ အရင်တုန်းက နင့်အမေလည်း နင့်အတွက် အိမ်ထောင်ဖက်ကောင်း ရှာပေးခဲ့တာပဲ"

"အိမ်ထောင်ဖက်ကောင်း ဟုတ်လား"

စုန့်ကျောင်းရှင်းက လှောင်ပြောင်လိုက်သည်။

"ဘယ်လိုမျိုး အိမ်ထောင်ဖက်ကောင်းလဲ၊ စုန့်ထောင်ဟုန်က ခရိုင်အရာရှိနဲ့ လက်ထပ်ခဲ့တယ်၊ နင့်ယောကျာ်းကလည်း အောင်မြင်မှုတွေနဲ့ ပြန်လာတော့မယ်၊ အရင်က ငါ အထင်အသေးဆုံးဖြစ်ခဲ့တဲ့ ပဉ္စမအဖွားရဲ့ မိသားစုက စုန့်ဟုန်မေတောင် ကုန်သည်တစ်ယောက်ရဲ့ သားနဲ့ လက်ထပ်ပြီး အခုဆို သူ့အိမ်ကို သူ ဦးစီးခွင့် ရနေပြီ၊ အမြဲဖျားနာနေတဲ့ ဆဋ္ဌမအဖွားရဲ့ သမီးတွေတောင် ငါ့ထက် ပိုကောင်းတဲ့အိမ်တွေကို ဝင်နိုင်ခဲ့ကြတယ်၊ အခုလို ကပ်ဘေးဆိုက်ခဲ့တဲ့အချိန်မှာတောင် သူတို့အိမ်တွေမှာ စားစရာသောက်စရာ အမြဲရှိပြီး ဘာမှ ပူပန်စရာမလိုခဲ့ဘူး၊ ငါတစ်ယောက်တည်း ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ"

စုန့်တင်းရှန်းက သူမ၏စကားများကို ဆက်နားမထောင်ချင်တော့ပေ။ သူမက မက်မွန်စေးများကို အိတ်ထဲသို့ ထည့်လိုက်ရင်း ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

"နင် ငါ့ကို လာပြီး ညည်းညူပြနေတာဆိုရင်တော့ ပြန်သွားလိုက်တော့၊ ငါ့မှာ နင့်ရဲ့ ညည်းညူသံတွေကို နားထောင်ဖို့ အချိန်မရှိဘူး"

စုန့်ကျောင်းရှင်းက အက်ရှရှ ရယ်မောရင်း ထပ်ပြောလာပြန်သည်။

"ငါ့မှာ ညည်းညူစရာ ဘာမှ မရှိတော့ပါဘူး၊ ငါ ပြောချင်တာက ငါသာ အဆင်မပြေရင် သူတို့လည်း အဆင်ပြေဖို့ မမျှော်လင့်သင့်ဘူးဆိုတာပဲ၊ ငါ့အမေက ငါ့ကို တစ်ခါ ရောင်းစားခဲ့ပြီးပြီ၊ အခု ဒုတိယအကြိမ် ထပ်ရောင်းစားပြန်တယ်၊ အရင်ရက်ကလည်း အဲ့ဒီမိသားစုရဲ့ အဒေါ်တစ်ယောက်က ငါတို့အိမ်ကို ရောက်လာပြီး ရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲသွားတယ်၊ ငါလည်း ထပ်ပြီး အရိုက်ခံခဲ့ရတယ်၊ ဘာဖြစ်လို့လဲ"

စုန့်တင်းရှန်းက သတိဖြင့် ထပ်မေးလိုက်သည်။

"နင်... တကယ်တမ်း နင် ဘာလုပ်ဖို့ ကြံနေတာလဲ"

စုန့်ကျောင်းရှင်းက မျက်လွှာချလိုက်ပြီး သူမ၏ မျက်ဝန်းများထဲမှ မရေရာသော အမူအရာများ ထွက်ပေါ်လာသည်။

"ငါ မဆုံးဖြတ်ရသေးဘူး၊ ဒါပေမယ့် ငါက ငါ နစ်နာခဲ့ရင် လက်စားချေတတ်တဲ့ လူမျိုးပဲ၊ သူတို့က ငါ့ကို ရောင်းစားခဲ့တာဆိုတော့ ငါ့ဘက်ကလည်း သူတို့အတွက် သနားညှာတာမှု မရှိတော့ဘူး၊ ဒါကြောင့် ငါကို အကြင်နာမဲ့သူလို့ အပြစ်မတင်ကြနဲ့"

စုန့်တင်းရှန်းတစ်ယောက် သူမ၏ ကျောရိုးထဲအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူမက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရင်း သတိပေးလိုက်သည်။

"ကျောင်းရှင်း၊ နင် မိုက်မဲတဲ့အလုပ်တွေ ထပ်မလုပ်ဖို့ ငါ အကြံပေးချင်တယ်၊ နင် အရင်က တစ်ခါ မိုက်မဲခဲ့လို့ ဒီလို အခြေအနေမျိုး ရောက်ခဲ့ပြီးပြီ၊ အခု ထပ်ပြီး မိုက်မဲတဲ့အမှားမျိုး လုပ်ဦးမယ်ဆိုရင် နင်..."

"ငါ အသက်မရှင်ချင်တော့ဘူး"

စုန့်ကျောင်းရှင်း ခေါင်းမော့လိုက်ရာ တစ်ချိန်က တောက်ပပြီး လှပခဲ့သော သူမ၏ မျက်ဝန်းများက ယခုအချိန်တွင် အရောင်အဝါ ကင်းမဲ့နေပြီး အေးစက်မှောင်မိုက်နေလေသည်။

"ငါ အသက်မရှင်ချင်တော့ဘူး၊ ပြီးတော့ သူတို့ကိုလည်း အဆင်ပြေပြေ မနေစေချင်ဘူး၊ သူတို့က ငါ့ကို ဖျက်ဆီးခဲ့ကြတာ"

"အဲဒါ နင့်မိဘတွေလေ၊ ပြီးတော့ နင် ဒီလိုဖြစ်အောင် နင်ကိုယ်တိုင်ပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား"

စုန့်တင်းရှန်းက ဆက်၍ နားမထောင်နိုင်တော့ပေ။ သူမ စုန့်ကျောင်းရှင်းတစ်ယောက် ရူးသွားပြီဟု ထင်နေမိတော့သည်။

"ငါ့မိဘတွေ ဟုတ်လား၊ ငါ့အဖေက တုံးအပြီး ဘာမှမတတ်တဲ့သူ၊ ငါ့အမေကကျတော့ ငါ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တဲ့သူ၊ မဟုတ်ရင် သူက တခြားမိသားစုကို လိမ်ညာပြီး ငါ့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပါ့မလား"

စုန့်ကျောင်းရှင်း၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး သူမက ဆက်ပြောနေပြန်သည်။

"ဒါတွေကို နင့်ကို ပြောပြနေတာက... ငါ့မိဘတွေပဲဖြစ်ဖြစ်၊ ဦးလေးနဲ့ အဒေါ်ပဲဖြစ်ဖြစ်၊ အဖိုးနဲ့ အဖွားပဲဖြစ်ဖြစ်... ဟွန့်၊ ငါ သူတို့အားလုံးကို နားလည်သွားပြီ၊ သူတို့ထဲက ဘယ်သူမှ လူကောင်းမဟုတ်ဘူး။ သူတို့က ငါ့ကို လူလိုမှ မဆက်ဆံခဲ့တာ၊ ငါကရော ဘာလို့ သူတို့ကို မိသားစုလို ဆက်ဆံနေရမှာလဲ၊ တင်းရှန်း၊ နင် သိလား၊ မနှစ်က ငါ ငတ်ပြီး သေလုနီးပါး ဖြစ်ခဲ့တာ၊ အမေ့ဆီသွားပြီး အစားအစာ နည်းနည်းလောက် တောင်းတော့ သူက ငါ့ကို ဆဲဆိုပြီး နှင်လွှတ်လိုက်တယ်၊ အိမ်က မောင်တွေတောင် ဝအောင်မစားရတာ၊ နင့်အတွက် ပေးစရာ ဘာရှိမှာလဲတဲ့..."

"ငါကရော သူ့ဝမ်းနဲ့လွယ်မွေးထားတဲ့ သွေးသား မဟုတ်ဘူးလား၊ ငါက သူ့သမီးအရင်း မဟုတ်ဘူးလား.... ဟင်"

စုန့်ကျောင်းရှင်း၏ နှုတ်ခမ်းထောင့်မှ အကြောလေးများက တဆတ်ဆတ် တုန်ယင်နေလေသည်။

"ငါ သွားတော့မယ်၊ နင်ကတော့ ကောင်းကောင်း နေခဲ့ပေါ့"

စုန့်တင်းရှန်းတစ်ယောက် ကြက်သီးမွေးညင်းများ ထနေခဲ့သည်။ စုန့်ကျောင်းရှင်း ထွက်ခွာသွားသည်ကို ကြည့်နေရင်းမှ သူမ သတိပြန်ဝင်လာကာ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့သည်။

"အဖွား... ကျောင်းရှင်း.... သူ...... သူ ရူးသွားပြီ ထင်တယ်"

စုန့်တင်းရှန်း၏ စကားကို ကြားလိုက်ရပြီးနောက် လီရှီလည်း ခေါင်းကိုက်လာရသည်။

"အခုလောလောဆယ် အဲဒါကို မပြောနဲ့ဦး၊ ဒီည နင်အဖိုး ပြန်လာမှ ဒီကိစ္စကို သေချာ တိုင်ပင်ရမယ်၊ ငါတို့ ခရိုင်မြို့ကို ပြောင်းနေရင် ရတယ်၊ ဟုတ်တယ်၊ ဆဋ္ဌမအဖွားတို့ မိသားစုကိုပါ တစ်ခါတည်း ခေါ်သွားကြတာပေါ့။ ဒီကလေးမကတော့... ဒီကလေးမ... သူ ဘာတွေ လုပ်ဖို့ ကြံနေတာလဲ"

စုန့်တင်းရှန်းက တိုးတိုးလေး ထပ်မေးလိုက်သည်။

"ဒါကို ပဉ္စမဦးလေးနဲ့ တတိယအဘိုးတို့ မိသားစုကို ပြောပြသင့်လားဟင်"

လီရှီက ပြန်ပြောလိုက်သည်။

"ဘာလို့ သွားပြောမှာလဲ၊ နင် ဘယ်လိုသွားပြောမှာလဲ၊ ကျောင်းရှင်းက နင်တို့ကို ရန်မူတော့မယ်လို့ဟေ့လို့ သွားပြောရမှာလား၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ငါတို့ ဘာမှမသိသလိုပဲ နေလိုက်ကြမယ်။ ဘာလို့ ကိစ္စတွေက အခုထိ မငြိမ်သက်သွားနိုင်ရတာတုန်းဟယ်၊ ငါတို့ဘဝက အေးအေးချမ်းချမ်းနေဖို့ ကံမပါတော့ဘူးလား"

"သူ ပြောတာက အဲ့အိမ်ကလူတွေက သူ့ကို ရိုက်နှက်ကြတယ်တဲ့၊ ပြီးတော့ သူ့ကလေးလည်း ပျက်ကျသွားတယ်လို့ ပြောတယ်"

စုန့်တင်းရှန်းက စုန့်ကျောင်းရှင်းကို ကြောက်လည်းကြောက်၊ သနားလည်း သနားနေမိသည်။ သူမက မြင့်မားသော ရည်မှန်းချက်ရှိသော်လည်း ဉာဏ်ပညာနှင့် အရည်အချင်း မရှိခဲ့သည့်အပြင် ကောင်းမွန်သော မိဘများနှင့် ဆုံတွေ့ခွင့် မရခဲ့သည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။

ယခုအခါ နာကျည်းချက်များ ပြည့်နှက်နေသောကြောင့် သူမက ရူးသွပ်နေသော မိန်းမတစ်ဦးကဲ့သို့ ဖြစ်နေခဲ့ချေပြီ။

လီရှီက ပြောလိုက်ပြန်သည်။

"ဒါက ဘယ်သူ့ကို အပြစ်တင်ရမှာလဲ၊ သူ့မိဘတွေက သူ့ကို ကောင်းကောင်းထားခဲ့တာပဲ၊ အရင်က ရှာပေးတဲ့ မိသားစုဆိုလည်း အတော်လေး အဆင်ပြေပါတယ်၊ အမှန်အတိုင်း ပြောရရင် သူတို့မိသားစုက ဆင်းရဲတယ်ဆိုတာထက် စိတ်ဓာတ် သေးသိမ်တာက ပိုပြဿနာဖြစ်စေတာ၊ သူတို့က ငွေကိုပဲ မက်မောပြီး ဖက်တွယ်နေကြတာ၊ အဲဒီငွေတွေကိုသာ မြေဝယ်ဖို့ ဒါမှမဟုတ် စီးပွားရေးလုပ်ဖို့ သုံးခဲ့ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ၊ နှမြောဖို့ ကောင်းလိုက်တာ... ဟူး"

ဝူရှီ ဘာတွေ တွေးနေသည်ကို စုန့်တင်းရှန်းလည်း နားမလည်နိုင်ခဲ့ပေ။ စုန့်ကျောင်းရှင်း အမှားလုပ်ခဲ့လျှင်ပင် သူမကို ဤကဲ့သို့သော မိသားစုမျိုးဆီသို့ မရောင်းစားသင့်ပေ။

‘အပြင်မှာ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသားတွေ အများကြီး ရှိနေတာပဲ၊ ချွေးမအပေါ် ကောင်းကောင်းဆက်ဆံမယ့် မိသားစုမျိုးကို ရှာမပေးနိုင်ကြဘူးလား’

‘ဘယ်လောက်တောင် နာကျည်းချက်တွေ ကြီးမားနေလို့ ကိုယ့်သမီးအရင်းကို မုဆိုးဖိုတစ်ယောက်ဆီ ရောင်းစားရုံတင်မကဘဲ ဇနီးမယားကို ရိုက်နှက်တတ်တဲ့ လူမျိုးတွေဆီကို ရောင်းစားလိုက်ကြတာလဲ’

‘စုန့်ကျောင်းရှင်းက အဲဒါကို ဘယ်လိုများ သည်းခံနိုင်မှာလဲ၊ ဖြစ်နိုင်တာက သူမ အိမ်ထောင်ကျတဲ့နေ့ကတည်းက စိတ်ဖောက်ပြန်သွားခဲ့တာ ဖြစ်နိုင်မလားပဲ’

All Chapters