← Chapters

ပြောင်းရွှေ့ခြင်း

Vol. 8 Ch. 75

ပြောင်းရွှေ့ခြင်း

Vol. 8 Ch. 75

စုန့်ကျောင်းရှင်း၏ ကိစ္စကြောင့် မိသားစုတစ်ခုလုံး ပြောင်းရွှေ့ချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် အစက ဤနေရာကို စွန့်ခွာရန် အနည်းငယ် ဝန်လေးနေခဲ့ကြသော်လည်း ယခုအခါတွင် စုန့်မိသားစု၏ တတိယအိမ်ခွဲကို အမှန်တကယ်ပင် စိတ်ကုန်သွားကြပြီ ဖြစ်သည်။

"ငါ ငါ့လယ်တွေကိုတော့ တကယ် မစွန့်လွှတ်နိုင်သေးဘူးကွာ"

စုန့်ရှင်းယိက တံခါးနားရှိ သစ်ပင်ငုတ်တိုပေါ်တွင် ထိုင်နေကာ ဆေးတံကို ဖွာနေရင်း သူ့မြေးမလေးကို လှမ်းပြောနေသည်။

"အရင်က ပြောင်း‌ရွှေ့ဖို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ငါတို့ မိုးခေါင်တာကြီးကိုတောင် ကျော်ဖြတ်နိုင်ခဲ့ကြတယ်၊ ဒါပေမယ့် အခုလို ပြောင်းရမယ်ဆိုတော့ ငါ့ရင်ထဲမှာ မသက်မသာ ဖြစ်နေမိတယ်"

စုန့်တင်းရှန်းက ခုံပုလေးပေါ်တွင် ထိုင်နေရင်း ဖိနပ်အောက်ခံကို ဖောက်တံဖြင့် ဖောက်ကာ ဖာထေးနေသည်။ သူမက ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း ပြန်ပြောလိုက်သည်။

"တကယ်တော့ ဘယ်သူက ပြောင်းချင်မှာလဲ အဖိုးရယ်၊ ဒါပေမယ့် သစ်ပင်ကြီးလေ လေတိုက်ခံရလေပဲ မဟုတ်လား... အခု ရွာထဲမှာ လူလည်း သိပ်အများကြီး မကျန်တော့ဘူး၊ သမီး စဉ်းစားနေတာက ခရိုင်မြို့နားက မြေရိုင်းအချို့ဝယ်ပြီး အလုပ်ရုံဆောက်ဖို့ပဲ၊ အဲဒါဆိုရင် အပြန်အလှန် ကျေးဇူးတင်ရမယ့် ကိစ္စတွေ၊ မျက်နှာနာရမယ့် ကိစ္စတွေကို ဖြေရှင်းနေစရာ မလိုတော့ဘူးပေါ့"

စုန့်ရှင်းယိက အပြုံးဖြင့် ပြောလာပြန်သည်။

"ဟုတ်တော့လည်း ဟုတ်ပါတယ်၊ အစက မင်းတို့အဖွားက ဒီအိမ်ဟောင်းကို ဖြိုပြီး အုတ်နဲ့ အုတ်ကြွပ်မိုးအိမ် ဆောက်ချင်ခဲ့တာ၊ အဲဒါကို ငါကပဲ သစ်ပင်ကြီးရင် လေတိုက်ခံရတတ်တယ်လို့ ပြောပြီး တားခဲ့တာ၊ ငါ့ညီအစ်ကိုတွေထဲမှာ ဘယ်သူမှ အုတ်အိမ် မဆောက်နိုင်ကြဘူးလေ၊ ငါတို့သာ ဆောက်လိုက်ရင် တခြားသူတွေ စိတ်ထဲမှာ ဘယ်လိုတွေးကြမလဲ"

"ဒါပေမယ့် အချို့ကိစ္စတွေက ကိုယ်ဘက်က မလုပ်ရုံနဲ့ ရှောင်လွှဲနေလို့ မရဘူးလေ။ သမီးတို့က တတိယအဖိုးတို့ မိသားစုကို ဘာမှ သွားမလုပ်ဘဲနဲ့တောင် ဒီပြဿနာတွေ ဖြစ်နေတာပဲ၊ ပြီးတော့ ရွာထဲက တခြားသူတွေဆိုရင်လည်း သူတို့ ပိုက်ဆံရအောင် သမီးတို့က အလုပ်ရုံ ဖွင့်ပေးထားတာတော့ အားလုံးက သမီးတို့ကို ကျေးဇူးတင်နေကြတာ မဟုတ်ဘူးလား၊ ဒါပေမယ့် သူတို့ကတော့ သမီးတို့ရဲ့ ကြင်နာမှုကို မှတ်မိပုံမရဘူး၊ အထူးသဖြင့် အဋ္ဌမဦးလေးရဲ့မိန်းမပေါ့၊ အခုတလော သူ သမီးတို့မိသားစုအကြောင်း မကောင်းတာတွေ အများကြီး ပြောနေပုံပဲ၊ အခုဆို သမီးက စုန့်ထောင်ဟုန်ရဲ့ အိမ်ထောင်ဖက်ကို လုယူခဲ့တယ်လို့တောင် ပြောနေကြပြီ၊ အဲဒါ အဋ္ဌမအဒေါ် ဖြန့်နေတဲ့ သတင်းတွေကနေ ဖြစ်လာတာ၊ အခု ပြီးတာတွေလည်း ပြီးသွားပြီ၊ အရင်က ကိစ္စတွေကို ပြန်ပြန်ဖော်နေတာ မကောင်းဘူး၊ အနည်းဆုံးတော့ သူတို့ကို ရှောင်နိုင်ရင် မကောင်းဘူးလား"

"ဟူး... သူတို့ ဘာလို့ ငြိမ်ငြိမ်မနေနိုင်ရတာလဲ"

စုန့်ရှင်းယိလည်း အခြေအနေကို ကောင်းကောင်းနားလည်နေခဲ့သည်။ အကယ်၍ စုန့်တင်းရှန်းသာ ဆပ်ပြာလုပ်နည်းအား ဝမ်မိသားစုထံ မပေးခဲ့ဘဲ ဝမ်မိသားစုထံမှ အကာအကွယ် မရခဲ့လျှင် သူတို့မိသားစုက အရှင်လတ်လတ် ဝါးမြိုခံရပြီး ပြိုကွဲပျက်ဆီးသွားသည်မှာ ကြာနေပြီ ဖြစ်နိုင်သည်။

‘ကျေးလက်က လူတွေရဲ့ သဘာဝက ဒီလိုပဲ၊ အားလုံး အတူတူ ဆင်းရဲရင် ဆင်းရဲ၊ အားလုံး အတူတူ ချမ်းသာရင် ချမ်းသာ၊ ဒါပေမယ့် တစ်အိမ်တည်းကပဲ ကွက်ပြီး ငွေရှိနေရင် တခြားသူတွေရဲ့ စိတ်ထဲမှာ အတော်လေး နေမထိထိုင်မသာ ဖြစ်လာတတ်ကြတယ်၊ အဲဒီလို နေမထိထိုင်မသာဖြစ်မှုကို အချိန်အကြာကြီး ဖိနှိပ်ထားရင် ပြဿနာတွေ ဖြစ်လာတော့တာပဲ’

‘ဒါပေမယ့် ပြဿနာဖြစ်မှာ ကြောက်လို့ အမြဲတမ်း ဆင်းဆင်းရဲရဲ နေလို့တော့ မဖြစ်ဘူးလေ၊ ရေက အနိမ့်ကို စီးဆင်းပြီး လူတွေကတော့ အမြင့်ကို တက်လှမ်းဖို့ ကြိုးစားရမှာပဲ၊ အိတ်ထဲမှာ ငွေရှိလာရင် ကောင်းကောင်းမွန်မွန် နေချင်တာကလည်း လူသဘာဝပဲ မဟုတ်ဘူးလား’

‘အဲ့ဒါ့အပြင် သူတို့ရဲ့ ပိုက်ဆံတွေကလည်း သူတို့တစ်မိသားစုလုံး မိုးလင်း မိုးချုပ် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ရလာတဲ့ လုပ်အားခတွေလေ၊ မြေရိုင်းတွေ ရှင်းတဲ့ကိစ္စကိုပဲ ကြည့်၊ အရင်က သူတို့ မြေရိုင်းတွေ အများကြီးဝယ်ခဲ့လို့ လူတွေက သူတို့ကို လှောင်ရယ်ခဲ့ကြတာလေ၊ အခုကျတော့ အားလုံးက မနာလို ဖြစ်နေကြပြန်ပြီ။ ပန်းဂျုံတွေ သုံးနှစ်လောက် စိုက်ပြီးတော့ မြေတွေက ကောင်းသွားပြီ၊ ဒီနှစ်က ဆောင်းဂျုံမျိုးစေ့တွေ ချနိုင်ပြီဆိုရင် နောက်နှစ်ကျရင် ကောက်နှံတွေ အိတ်လိုက် ရတော့မှာ’

‘ဒါပေမယ့် သူ့မိသားစုလိုမျိုး တစ်မိသားစုလုံး စုပေါင်းပြီး ပေါင်းပင်တွေရှင်း၊ ပိုးကောင်တွေ ဖမ်း၊ မြေဆွ၊ မြေလှန်နဲ့ ဧကပေါင်းများစွာသော မြေရိုင်းတွေကို ရှင်းလင်းဖို့ ဘယ်သူကများ ဒီလောက်အပင်ပန်းခံခဲ့ကြလို့လဲ၊ လူဆိုတာ ဆင်းရဲမှာကို မကြောက်ရဘူး၊ ဆင်းရဲတာကို ကျင့်သားရသွားပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးသွားမှာကိုပဲ ကြောက်သင့်တာ’

"တကယ်တော့ ရွာထဲက တခြားလူတွေက ကိစ္စမရှိပါဘူး၊ အကြီးဆုံးအဖိုး၊ ဒုတိယအဖိုးနဲ့ တတိယအဖိုးတို့ မိသားစုတွေကပဲ... အဖိုး၊ သမီးလည်း ကြောက်တယ်"

စုန့်တင်းရှန်းက ချည်ကြိုးကို ဆွဲလိုက်ရင်း စုန့်ရှင်းယိကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"ဆဋ္ဌမအဖိုး ပြောတာကတော့ သူတို့က လူတွေကို ငွေလိမ်ဖို့ပဲ ကြံစည်နေတာတဲ့၊ ဒါပေမယ့် သူတို့က ကိုယ့်မိသားစုဝင် အချင်းချင်းကိုရော ငွေအတွက် မလိမ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ၊ လူ့လက်ချောင်း ငါးချောင်းမှာတောင် အတိုအရှည် မညီတာ၊ မိသားစုခွဲပြီး ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်သွားတဲ့ လူတွေဆိုရင် သူတို့က ထည့်တွက်နေမှာ မဟုတ်တော့ဘူး၊ ကျွန်မတို့ရဲ့ အငယ်ဆုံးဦးလေးအတွက်ရော၊ အိမ်က ကလေးအငယ်တွေအတွက်ပါ ထည့်ပြီး စဉ်းစားပေးသင့်တယ်၊ ဒီနေရာကို မစွန့်လွှတ်နိုင်တာနဲ့ပဲ အားလုံးကို ဒုက္ခရောက်တာမျိုး အဖြစ်မခံနိုင်ဘူး"

"အဖိုး နားလည်ပါတယ်၊ ဒါပေမယ့် အဖိုး စဉ်းစားလို့မရတာက.... သူတို့ လယ်ယာလုပ်ငန်းကိုပဲ အာရုံစိုက်ပြီး ရိုးရိုးသားသား ပိုက်ဆံရှာလို့ မရဘူးလား၊ ဘာလို့ ဒီလို ကောက်ကျစ်တဲ့ နည်းလမ်းတွေကိုပဲ ကြံစည်နေကြတာလဲ။ ထားပါတော့လေ... ပြောင်းကြတာပေါ့၊ လူငှားဖို့ ကိစ္စကိုတော့ သေချာစဉ်းစားရမယ်၊ ဒီမှာ အလုပ်ရုံ မရှိတော့ဘူးဆိုရင်တော့ လူအများကြီး မလိုတော့ဘူး၊ အိမ်စောင့်ဖို့ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ဆိုရင် လုံလောက်ပြီ၊ ဒီအိမ်ကို အဖိုး နင့်အဖွားနဲ့ လက်ထပ်ပြီးကတည်းက တစ်ပြားချင်းစီ စုပြီး ဆောက်ခဲ့ရတာ၊ တကယ်ကို တန်ဖိုးထားရတဲ့ အိမ်လေးပါ"

ဤအိမ်က စုန့်ရှင်းယိ၏ ကြိုးပမ်းအားထုတ်မှုများ ကိန်းအောင်းနေသည့် နေရာဖြစ်သည်။ သစ်သားတစ်ချောင်း၊ အုတ်တစ်ချပ်စီတိုင်းက မိသားစုဝင်များ မိုးဒဏ်လေဒဏ်မှ ကင်းဝေးစေရန် သူနှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်စုဆောင်းခဲ့သည့် ရလဒ်များပင်။

စုန့်တင်းရှန်းက အပြုံးဖြင့် ထပ်ပြောလိုက်သည်။

"ဒီကိစ္စကို သမီး ကြိုစဉ်းစားထားပြီးပါပြီ၊ ပြီးခဲ့တဲ့တစ်ခေါက် ဦးလေးဝမ်ချွမ် လာတုန်းကလည်း ပြောဖြစ်သေးတယ်၊ ကပ်ဘေးဆိုက်ခဲ့တဲ့ နှစ်တွေမှာ သူ ဝယ်ထားတဲ့ လူတချို့ ရှိတယ်လို့ ပြောတယ်၊ သူက သမီးတို့ကိုလည်း သင့်တော်တဲ့သူတွေ ရှိ မရှိ သွားကြည့်ဖို့ ပြောခဲ့တယ်၊ သမီး မနက်ဖြန်ကျရင် အဲဒီကို သွားပြီး သွားကြည့်မလို့ပဲ၊ အဲ့ဒီကိစ္စ အဆင်ပြေသွားရင် သမီးအားလုံး မြန်မြန် ပြောင်းရွှေ့လို့ ရပြီ"

‘သူမက ချမ်းသာကြွယ်ဝသူတဲ့တစ်ယောက် ဖြစ်လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါဘူး။ ဒီနေရာကို ရောက်လာပြီးတော့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့ စိတ်ထားကောင်းတွေကို မြင်တွေ့ခဲ့ရတယ်၊ အဲ့ဒါကြောင့် အိမ်ထောင်ကျပြီးတာနဲ့ အဆက်အသွယ်ဖြတ်လိုက်တာမျိုး မလုပ်ဘဲ သူတို့အားလုံးရဲ့ ဘဝလေးတွေ ကောင်းမွန်စေဖို့ ကူညီပေးချင်တဲ့ စိတ်ကူးမျိုး ပေါ်ပေါက်လာခဲ့တာပါ’

‘အိမ်ထောင်သည်သမီးတစ်ယောက်က ခွက်ထဲက ရေတွေလိုပဲ" ဆိုတဲ့ စကားပုံကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာတဲ့ ကျိန်စာတစ်ခုလို့ ယူဆနိုင်တယ်၊ အဲ့စကာက သမီးဖြစ်သူနဲ့ မိဘအိမ်ကြားက ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်လိုက်တာပဲ၊ သူမကတော့ ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ ကလေးတိုင်းကို ချစ်ခင်ကြင်နာတဲ့ မိဘတွေ၊ မောင်နှမတွေနဲ့ အဖိုးအဖွားတွေ ပိုင်ဆိုင်ထားရတာ ကံကောင်းနေပြီ’

ထိုအတွေးများကြောင့် စုန့်တင်းရှန်းက ဤမိသားစုကို အလွန်ကျေနပ်အားရမိပြီး မိသားစုဝင်များ အတည်တကျနှင့် ဘဝကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်စေရန် သူမ အတတ်နိုင်ဆုံး ကြိုးစားပေးနေခြင်း ဖြစ်သည်။

စုန့်တင်းရှန်းက ဝမ်မိသားစုဆီသို့ ပထမဦးဆုံးအကြိမ် လက်ဗလာဖြင့် သွားရောက်ခဲ့သည်။ သခင်မဝမ်က သူမကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး စုန့်တင်းရှန်းကလည်း အားနာဟန်ဖြင့် တောင်းပန်လိုက်သည်။

"ဒီနှစ်နှစ်အတွင်း ကျွန်မတို့ ငွေသိပ်မစုနိုင်ခဲ့ဘူး၊ အိမ်မှာရှိတဲ့ ပိုက်ဆံတွေကလည်း အိမ်ဝယ်ဖို့ သုံးလိုက်ရတော့ အခြေအနေ သိပ်မကောင်းဘူး။ ဒီတစ်ခေါက် ဘာယူလာရမလဲတောင် မသိတော့လို့ လက်ဗလာနဲ့ လာခဲ့ရတယ်၊ သခင်မကပဲ နားလည်ပေးပါဦး"

"ဘာတွေ ပြောနေတာလဲကွယ်၊ ငါတို့က နင် ယူလာမယ့် ပစ္စည်းတွေကို မျှော်လင့်နေမယ်လို့ ထင်နေတာလား"

သခင်မဝမ်က အပြုံးဖြင့် ဆက်ပြောလာသည်။

"နင်တို့မိသားစု ခရိုင်မြို့ကို ပြောင်းသွားရင် ငါတို့မိသားစုတွေ အပြန်အလှန် လည်ပတ်ဖို့တောင် ခက်ခဲသွားတော့မှာကို တွေးပြီး စိတ်မကောင်းဖြစ်နေမိတယ်"

"ကျွန်မတို့လည်း အစပိုင်းတုန်းက ဒီမြို့ပေါ်မှာပဲ ဝယ်ဖို့ စိတ်ကူးထားကြတာ၊ ဒါပေမယ့် ဝယ်ဖို့ လိုက်ကြည့်တော့ သင့်တော်တဲ့အိမ်ကို ရှာမတွေ့ခဲ့ဘူး၊ အခု အဲခြံဝင်းကို တွေ့လိုက်တော့ သဘောကျသွားပြီး ဝယ်လိုက်ကြတာပါ"

သခင်မကြီးဝမ်က သူမကို ထိုင်ခိုင်းရင်း ပြောပြနေသည်။

"အဲဒီ ခြံဝင်းကို ဝယ်လိုက်တာက ကောင်းပါတယ်၊ ငါ့ခင်ပွန်းသည်လည်း အဲဒီအိမ်ရဲ့ အရင်ပိုင်ရှင်ကို သိတယ်၊ ဒါပေမယ့် သူ့နာမည်က သိပ်မကောင်းတော့ မင်းတို့ရဲ့ဦးလေးက သူ့ကို သိပ်မပတ်သက်ချင်ဘူးလေ၊ သူ အိမ်ရောင်းမယ်လို့ ပြောတုန်းက ငါလည်း ဝယ်ဖို့ စဉ်းစားခဲ့သေးတယ်၊ ဒါပေမယ့် သူ့မယားငယ်က အဲဒီအိမ်မှာနေပြီး ကလေးပျက်ကျခဲ့တယ်လို့ ပြောကြတော့ ငါလည်း နိမိတ်မကောင်းဘူးထင်လို့ လက်ရှောင်လိုက်တာ"

စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မတို့ မိသားစုမှာတော့ အဲဒီလို အစွဲအလမ်းတွေ သိပ်မရှိပါဘူး၊ အဓိကကတော့ ခြံဝင်းက ကျယ်ပြီး တစ်မိသားစုလုံး အတူတူနေဖို့ အဆင်ပြေတယ်၊ နေရာကျယ်တော့ နေရတာ သက်သောင့်သက်သာ ရှိတာပေါ့"

သခင်မကြီးဝမ်က သူမကို အကြာကြီး စိုက်ကြည့်နေပြီးမှ တွန့်ဆုတ်ဟန်ဖြင့် မေးလာခဲ့သည်။

"တင်းရှန်း... နင်လည်း မိန်းမသားတစ်ယောက်လေ၊ ပြီးတော့ အိမ်ထောင်လည်း ကျပြီးနေပြီ၊ ဘာလို့ ကိုယ့်မိဘအိမ်အတွက် ဒီလောက်တောင် အပင်ပန်းခံပြီး စဥ်းစားပေးနေရတာလဲ၊ တစ်နေ့ကျရင်... နင် အဲ့အကြောင်းကို တစ်ခါမှ မစဥ်းစားမိဖူးလား"

စုန့်တင်းရှန်းက အပြုံးလေးဖြင့် ပြန်ရှင်းပြလိုက်သည်။

"အမှန်အတိုင်း ပြောရရင် ကျွန်မ အဲဒါတွေကို စဉ်းစားပြီးသားပါ သခင်မကြီး၊ တကယ်လို့ အဲဒီလိုနေ့မျိုး ရောက်လာခဲ့ရင်လည်း ကျွန်မမှာ မိသားစုကံ မပါဘူးလို့ပဲ ဆိုရတော့မှာပေါ့၊ ဒါပေမယ့် နောင်မှာ ဖြစ်လာဖို့ မသေချာသေးတဲ့ ကိစ္စတွေ အတွက်နဲ့ အခုလောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို လျစ်လျူမရှုနိုင်ဘူးလေ၊ ဟုတ်တယ်မလား"

"အခုဆိုရင် ကျွန်မရဲ့ဦးလေးတို့ မိသားစုပဲဖြစ်ဖြစ်၊ အစ်ကိုတွေနဲ့ ယောင်းမတွေပဲဖြစ်ဖြစ် သူတို့အားလုံးက သူတို့ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းဖို့ တကယ်ကို ကြိုးစားနေကြတာပါ၊ သူတို့မှာ တွက်ချက်မှုတွေ မရှိလာနိုင်ဘူးလို့ ပြောလို့မရဘူး၊ ဒါပေမယ့် သူတို့မှာ ပိုင်ဆိုင်မှုတွေ ရှိလာပြီး အဆင်ပြေနေတဲ့အခါ ကျွန်မရဲ့ စေတနာကို နားလည်ပေးကြရင်ပဲ ကျွန်မ ကျေနပ်ပါပြီ"

သခင်မဝမ်က သက်ပြင်းချရင်း ချီးကျူးလိုက်သည်။

"နင်က တကယ်ကို စိတ်သဘောထားကောင်းပြီး ပွင့်လင်းတာပဲ၊ ငါတောင် နင့်ကို အားကျမိတယ်၊ ဒါနဲ့ လူဝယ်မယ့်ကိစ္စအတွက် ငါ အားလုံး စီစဉ်ထားပြီးပြီ၊ လျိုချွေ... အဲဒီ မိသားစုနှစ်စုကို ဒီကို ခေါ်လာခဲ့လိုက်တော့"

"မိသားစုနှစ်စု ဆိုတာ ဘာကို ဆိုလိုတာလဲဟင်"

စုန့်တင်းရှန်းက အံ့ဩတကြီး ပြန်မေးလိုက်သည်။

သခင်မကြီးဝမ်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"နင် နားမလည်သေးဘူးလား၊ လူဝယ်တယ်ဆိုတာကလည်း သတိထားရမယ့် အချက်တွေ ရှိတယ်လေ၊ တစ်ဦးချင်းစီ ဝယ်မယ်ဆိုရင်တော့ မိန်းမငယ်လေးတွေ ဒါမှမဟုတ် လူငယ်လေးတွေကို ဝယ်ရတာပေါ့၊ ဒါပေမယ့် သူတို့က ငယ်လွန်းပြီး အတွေ့အကြုံ မရှိကြတော့ အလုပ်သိပ်မလုပ်နိုင်ဘူး၊ ချမ်းသာတဲ့ အိမ်ကြီးအိမ်ကောင်းတွေက သခင်လေးတွေ၊ သခင်မလေးတွေကို အဖော်လုပ်ပေးဖို့ပဲ သင့်တော်တယ်"

"နင်က သူတို့ကို အဖော်သဟဲရဖို့ ဝယ်တာမဟုတ်ဘဲ အိမ်ရဲ့ကိစ္စအဝဝကို စီမံခန့်ခွဲခိုင်းဖို့ ဝယ်ချင်တာမလား၊ အဲဒီလိုဆိုရင် မိသားစုလိုက် ဝယ်တာက အကောင်းဆုံးပဲ၊ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေကို စီမံခန့်ခွဲနိုင်တယ်၊ အမျိုးသားတွေက အပြင်အလုပ်တွေကို တာဝန်ယူမယ်၊ ကလေးတွေကတော့ ဟိုဟိုဒီဒီ တောက်တိုမယ်ရ ကူပေးနိုင်တာပေါ့၊ သူတို့ဘက်ကနေ ကြည့်ရင်လည်း သူတို့မိသားစု အတူတူရှိနေကြတော့ စိတ်လေလွင့်နေတာမျိုး၊ အကြံအစည်တွေနဲ့ ရှုပ်ယှက်ခက်နေတာမျိုး မရှိတော့ဘူး၊ ဒါကြောင့် မိသားစုလိုက် ဝယ်တာက အသင့်တော်ဆုံးပဲ"

"ကျွန်မ ဒီလိုမျိုး တစ်ခါမှ မတွေးခဲ့မိဘူး၊ သခင်မကြီးက တကယ်ကို အမြင်ကျယ်တာပဲ"

စုန့်တင်းရှန်းက ယခင်က လူဝယ်ယူခြင်းမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ သူမ၏ ယခင်ဘဝတွင် သူမ၏အလုပ်သမားများအားလုံးက သာမန် စက်ရုံအလုပ်သမားများသာ ဖြစ်ခဲ့ကြသည်။ ခေတ်သစ်တွင် ထိုကဲ့သို့ လူများကို ဝယ်ယူခြင်းဟူသော အယူအဆက လုံးဝပျောက်ကွယ်သွားပြီး ဖြစ်သည်။

ယခုအချိန်အထိ လူသားတစ်ဦးအား ကုန်စည်တစ်ခုကဲ့သို့ ရောင်းဝယ်နေကြသည့် အယူအဆက သူမကို စိတ်မသက်မသာ ဖြစ်နေစေသည်။ သို့သော်လည်း ဤခေတ်ကာလတွင် မိသားစုနှင့်အတူ အငတ်ငတ်အပြတ်ပြတ် ခံစားနေရမည့်အစား ချမ်းသာသော အိမ်ကြီးအိမ်ကောင်းများတွင် အစေခံအဖြစ် ရောင်းချခံရခြင်းကို ပို၍ နှစ်သက်သူများစွာ ရှိနေကြသည်။ အကယ်၍ သူတို့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပြီး သခင်၏ ယုံကြည်အားကိုးမှုကို ရရှိပါက သာမန်မိသားစုများထက်ပင် ပို၍ သက်သောင့်သက်သာ နေထိုင်နိုင်ကြပေမည်။

ဝမ်ချွမ်ကလည်း ထိုကဲ့သို့သော လူမျိုးဖြစ်ခဲ့သည်။ သူ ကပ်ဘေးမှ ထွက်ပြေးလာစဥ်တွင် သူက ကလေးငယ်တစ်ဦးသာ ရှိနေသေးသည်။ သို့သော် ယခုအခါ ဝမ်မိသားစု၏ အစေခံအားလုံးကို အုပ်ချုပ်ရသည့် အိမ်တော်ထိန်းကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ အပြင်ထွက်လျှင် သာမန်ဆင်းရဲသားများက သူ့ကို ရိုရိုသေသေ နှုတ်ဆက်ကြရပြီး အိမ်တော်ထိန်းကြီးဟု တရိုတသေ ခေါ်ဝေါ်ကြရသည်။

စုန့်တင်းရှန်းက သူတို့၏ အိမ်ဟောင်းနှင့် လယ်မြေများကို ကြည့်ရှုစောင့်ရှောက်ရန် အစေခံအချို့ ဝယ်ယူဖို့ အတော်ကြာ စဉ်းစားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် စုန့်ရှင်းယိက ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိသလို လီရှီကလည်း အကျိုးအကြောင်း နားလည်သူ ဖြစ်သောကြောင့် ထိုအကြံကို ငြင်းပယ်ခဲ့ကြခြင်း မရှိခဲ့ပေ။

ဖန့်ရှီနှင့် ကျန်းရှီတို့ကတော့ အစပိုင်းတွင် စိတ်ထဲ၌ အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဤအချက်က မိသားစုအတွက် ကောင်းချီးမင်္ဂလာ ဖြစ်လာလိမ့်မည်ဟု ခံစားလာကြရသည်။ သူတို့မိသားစုက လယ်မြေနှင့် ငွေအနည်းငယ်ရှိသော အလယ်အလတ်တန်းစား မိသားစုသာဖြစ်သောကြောင့် အစေခံဝယ်ယူနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးဝံ့ခဲ့ကြပေ။

သို့သော် ယခုအချိန်တွင် စုန့်ကျစ်ရွှမ်းက တော်ဝင်စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သောကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ထိပ်တန်းအဆင့် ရရှိထားသောကြောင့် အရာရှိရာထူးမျိုး ရှိနေပါက စိုးရိမ်နေစရာ မလိုတော့ပေ။ အရာရှိကြီးများ၏ အိမ်တော်များတွင် အိမ်မှုကိစ္စ ကူညီရန် အစေခံအနည်းငယ် ရှိခြင်းက သဘာဝကျလှသည်။

လျိုချွေက လူတစ်စုကို ခေါ်ဆောင်လာခဲ့ပြီး သူတို့က စုန့်တင်းရှန်း၏ ရှေ့တွင် အလိုအလျောက် မိသားစုနှစ်စုအဖြစ် သီခြား ရပ်လိုက်ကြသည်။ စုန့်တင်းရှန်းက သူတို့ကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေခဲ့သည်။ ဤမိသားစုနှစ်စုက တစ်ခုနှင့်တစ်ခု မတူညီကြသည်မှာ ထင်ရှားလှသည်။

မိသားစုတစ်ခုက တက်ကြွဖျတ်လတ်ပုံရပြီး သူတို့၏မျက်လုံးများထဲတွင် ထက်မြက်မှုများ ရှိနေသည်။ အခြားမိသားစုတစ်ခုကတော့ ရိုးသားအေးဆေးပုံရပြီး အလွန်ပင် စိတ်ရင်းမှန်သော အပြုံးများကို ပိုင်ဆိုင်ထားကြသည်။

သခင်မဝမ်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် လက်ညှိုးထိုးရင်း အမိန့်ပေးလိုက်သည်။

"မင်းတို့ မိသားစုနှစ်စုလုံး ကိုယ့်အခြေအနေကို ကိုယ်ပြောပြကြ၊ ဒီဘက်ကနေ အရင်စလိုက်"

ထက်မြက်ပုံရသော မိသားစုတွင် အသက် သုံးဆယ်အစောပိုင်း အမျိုးသားတစ်ဦးနှင့် အသက် နှစ်ဆယ်နှောင်းပိုင်း အမျိုးသမီးတစ်ဦး ပါဝင်သည်။ သူတို့တွင် ကလေးသုံးယောက် ရှိပြီး ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ပိန်ပိန်ပါးပါး ယောင်္ကျားလေးတစ်ဦး၊ ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် လေးငါးနှစ်အရွယ် ချစ်စရာကောင်းသော သမီးငယ်လေးတစ်ဦးတို့ ဖြစ်သည်။

"သခင်မကို တင်ပြပါရစေ၊ ကျွန်တော့်မျိုးရိုးက လျိုပါ၊ နာမည်အပြည့်အစုံက လျိုတကွေ့ပါ၊ ဒါကတော့ ကျွန်တော့်ဇနီး ကျောက်ရုံဟွာပါ။ ဒီကလေးသုံးယောက်က ကျွန်တော်တို့ရဲ့ ကလေးတွေပါ။ အရင်သခင်ဟောင်းဆီမှာတုန်းက ဆိုင်နဲ့ မြေယာတွေကို စီမံခန့်ခွဲပေးခဲ့ရလို့ ကျွန်တော်က အိမ်ထိန်းအလုပ်ကို နည်းနည်း နားလည်ပါတယ်၊ ကျွန်တော်တို့ မိသားစုတစ်ခုလုံး အရင်က ဖန်းခရိုင်မှာ နေခဲ့ကြတာပါ၊ ဒါပေမယ့် မိုးခေါင်မှုကြောင့် သခင်ဟောင်းက လူအများစုကို ပြန်ရောင်းလိုက်ပြီး ကျွန်တော်တို့ မိသားစုလည်း ထမင်းဝဝစားရဖို့အတွက် ဒီအရပ်ကို ရောက်လာခဲ့ရတာပါ"

ကျန်ရှိနေသော မိသားစုမှ အမျိုးသား၏ မျိုးရိုးအမည်က လီ ဖြစ်ပြီး နာမည်က လီရှန်း ဖြစ်သည်။ သူကတော့ လျိုတကွေ့ကဲ့သို့ အိမ်ထိန်းအတွေ့အကြုံမျိုး မရှိဘဲ သူ့မိသားစုက ယခင်က သာမန်လက်လုပ်လက်စားများသာ ဖြစ်ကြသည်။

သူက အသက် လေးဆယ်နီးပါးရှိပြီး ဇနီးဖြစ်သူက သုံးဆယ်ငါး၊ သုံးဆယ့်ခြောက်ဝန်းကျင်ခန့် ရှိသည်။ သူက ဆင်းရဲသောကြောင့် နောက်ကျမှ အိမ်ထောင်ကျခဲ့ပြီး အမွှာလေးနှစ်ယောက် မွေးဖွားခဲ့သည်။ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်ပြီး ယခုနှစ်မှ ဆယ့်တစ်နှစ်သာ ရှိကြသေးသည်။

ဤမိသားစုနှစ်စုက ရောင်းစားခံရပြီး နေရာအနှံ့ ရွှေ့ပြောင်းခဲ့ရသူများဖြစ်သောကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပုံပေါ်သည်။ ယခုအချိန်တွင် သူတို့ အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားသော်လည်း သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ရှိနေဆဲဖြစ်ကာ သူတို့အားလုံးက အလွန်ပင် ပိန်လှီနေကြသည်။ ထို့ကြောင့်လည်း သူတို့ကို ဈေးသက်သက်သာသာနှင့် ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သခင်မဝမ်က စုန့်တင်းရှန်းကို အကြံထပ်ပေးလိုက်သည်။

"တကယ်တော့ ဒီမိသားစုနှစ်စုလုံးက နင်တို့အိမ်အတွက် တော်တော်လေး သင့်တော်တယ်။ မိသားစုတစ်ခုက အတွေ့အကြုံရှိတော့ အလုပ်ရုံကို စီမံခန့်ခွဲဖို့ ကူညီပေးနိုင်လိမ့်မယ်၊ နောက်မိသားစုတစ်ခုကတော့ အိမ်ရဲ့ အတွင်းအပြင်ကို ကူညီပေးနိုင်တာပေါ့၊ သူတို့ရဲ့ ကလေးတွေကလည်း ငယ်သေးတော့ နင်တို့မောင်နှမတွေအတွက် အနီးကပ်အစေခံ ဒါမှမဟုတ် သာမန်အစေခံတွေအဖြစ် ခိုင်းဖို့ အတော်ပဲ၊ အစကတည်းက နင်တို့မိသားစုအတွက် လိုအပ်လာမယ်ထင်လို့ ငါ ဝမ်ချွမ်ကို အကဲခတ်ခိုင်းထားတာ၊ အခုတော့ တကယ့်ကို အံကိုက်ဖြစ်သွားတာပေါ့"

စုန့်တင်းရှန်းကိုယ်တိုင်လည်း အမှန်တကယ် စိတ်လှုပ်ရှားနေခဲ့သည်။ သခင်မဝမ် ပြောသကဲ့သို့ပင် မိသားစုနှစ်စုလုံးက အမှန်တကယ်ပင် သင့်တော်လှသည်။ သို့သော်လည်း သူမ တွေးစရာရှိနေသေးသည်။

‘အဲ့လိုဆို ငွေအတော်များများ ကုန်သွားမှာ မဟုတ်ဘူးလား’

စုန့်တင်းရှန်းက အနည်းငယ် ဝေခွဲမရဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ပြောရမှာ အားနာပေမဲ့ ကျွန်မ အခုယူလာတဲ့ ငွေတွေက တကယ်တော့ ပြီးခဲ့တဲ့တစ်ခေါက်က ဦးလေးဝမ် ကျွန်မတို့အိမ်ကို ယူလာပေးတဲ့ ငွေတွေပါ"

သခင်မကြီးဝမ်က တဟားဟား ရယ်မောရင်း ပြန်ပြောလာသည်။

"ငွေအများကြီး မကုန်ပါဘူးဟယ်၊ ဘေးဒုက္ခဆိုက်နေတဲ့အချိန်က ဝယ်ထားတာဆိုတော့ ဈေးက တော်တော်ပေါပါတယ်၊ ငါက နင့်ကို လှည့်ပတ်ပြောနေမှာ မဟုတ်ဘူး၊ ဒီမိသားစုနှစ်စုကို အရင်က လျန်ခြောက်ဆယ်နဲ့ ဝယ်ထားတာ၊ အခု သူတို့ကို အချိန်တော်တော်ကြာကြာ ကျွေးမွေးထားရတာဆိုတော့ နင့်ဆီကနေ လျန်ခုနစ်ဆယ်ပဲ ယူမယ်၊ ဘယ်လိုလဲ"

ထိုအချိန်မှသာ စုန့်တင်းရှန်းတစ်ယောက် သက်ပြင်းချနိုင်သွားခဲ့သည်။

"တကယ်ကို ဈေးသက်သာတာပဲ"

လူဝယ်ယူခြင်းက ငွေအနည်းငယ်နှင့် လုပ်၍ရသည့် ကိစ္စမဟုတ်ပေ။ သာမန်ကျေးကျွန် သို့မဟုတ် အစေခံတစ်ဦးလျှင်ပင် ငွေဆယ်လျန်ဝန်းကျင်ခန့် ကုန်ကျတတ်ပြီး ရုပ်ရည်ရှိပါက ဈေးပိုကြီးတတ်သည်။ ဤကဲ့သို့ ကျွမ်းကျင်သူများဆိုလျှင် ပို၍ပင် ဈေးကြီးပေလိမ့်မည်။ ဘေးဒုက္ခရောက်သည့် နှစ်ဖြစ်နေ၍သာ လူအများက ဤကဲ့သို့သော အခွင့်အရေးကို အမြတ်ထုတ်နေကြခြင်း ဖြစ်သည်။ စုန့်တင်းရှန်းကိုယ်တိုင်ကလည်း ထိုအခွင့်အရေးသမားများထဲမှ တစ်ဦးဖြစ်နေသောကြောင့် ဤကိစ္စအတွက် တွန့်ဆုတ်နေခြင်း မရှိတော့ပေ။

သူမ စိတ်ဝင်စားသည်ကို မြင်လိုက်သောကြောင့် သခင်မကြီးဝမ်က အပြုံးဖြင့် မေးလာခဲ့သည်။

"နင် သူတို့ကို ဒီနေ့ပဲ တစ်ခါတည်း ခေါ်သွားမလား၊ ဒါမှမဟုတ် နောက်မှ လာခေါ်မလား"

စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။

"ဒီနေ့ပဲ တစ်ခါတည်း ခေါ်သွားချင်တယ်၊ သူတို့ထဲက မိသားစုတစ်ခုကိုတော့ ခရိုင်မြို့က အိမ်ကို ပြင်ဆင်ဖို့ လွှတ်လိုက်မယ်၊ ကျန်တဲ့တစ်မိသားစုကတော့ ကျွန်မနဲ့အတူ ရွာကို လိုက်ပြီး အခြေအနေတွေနဲ့ ရင်းနှီးအောင် လုပ်မျ ဖြစ်မယ်၊ ကျွန်မတို့ မိသားစုက နောက်ရက်အနည်းငယ်အတွင်း ပြောင်း‌ရွှေ့ဖို့ ပြင်နေကြတာ... အဓိကကတော့ ကျွန်မတို့ရဲ့ အမျိုးတွေက အားမကိုးရလို့ပါ၊ သူတို့ ပြဿနာလာရှာမှာကို ကြောက်နေရလို့"

သခင်မဝမ်က ပြန်ပြောလိုက်သည်။

"နင့်အမျိုးတွေအကြောင်းကို ငါလည်း ကြားပါတယ်၊ ပြောင်းလိုက်တာက အမှန်ကန်ဆုံးပဲ၊ ငါ့ယောက္ခမလည်း အရင်တုန်းက ဒီအကြောင်းပြချက်နဲ့ပဲ သူ့ဇာတိကို စွန့်ပြီး ဒီကို ရောက်လာခဲ့တာလေ၊ အမျိုးတွေက တကယ်ကို... ဟူး၊ ဘယ်သူမှ ယုံလို့ မရဘူး"

သူမ၏ ယောက္ခမ (ဝမ်သခင်ကြီး၏ဖခင်)က စောစောစီးစီး ကွယ်လွန်ခဲ့ပြီး သူ ချန်ထားခဲ့သည့် ကိုယ်လုပ်တော်များတွင်လည်း သားသမီးများ ရှိနေသောကြောင့် ပြဿနာများစွာ ဖြစ်ခဲ့ဖူးသည်။ ထို့ပြင် တခြားသော ကိုယ်လုပ်တော်များ အထူးသဖြင့် သားရှိသူများက အမြဲ ပြဿနာရှာတတ်ကြသည်။ အဘွားအိုက သူမ၏ တစ်ဦးတည်းသောသားအတွက် ထိုရှုပ်ထွေးလှသော အိမ်ထောင်စုကြီးကို စွန့်ခွာလာခဲ့ခြင်းက အမှန်တကယ်ပင် ချီးကျူးဖွယ်ကောင်းလှသည်။

စုန့်တင်းရှန်းနှင့် သခင်မဝမ်တို့က ငွေနှင့် စာချုပ်ကို လဲလှယ်လိုက်ကြပြီး အရောင်းအဝယ်ကို အဆုံးသတ်လိုက်ကြသည်။ သူမက ထက်မြက်သော လျိုမိသားစုအား ခရိုင်မြို့ရှိအိမ်သော့ကို ပေးအပ်လိုက်ပြီး ရိုးသားသော လီမိသားစုကိုတော့ ရွာသို့ ခေါ်ဆောင်လာခဲ့သည်။

ရွာသို့ ရောက်လာချိန်တွင် သူမ လူဝယ်လာခြင်းဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြော၍ မရပြန်ပေ၊ မဟုတ်လျှင် အတင်းအဖျင်း အပြောခံရပေလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လီရှန်းက လီရှီနှင့် မျိုးရိုးတူနေသောကြောင့် ဒုက္ခရောက်နေ၍ ခိုလှုံရန် ရောက်လာသည့် အဝေးမှ ဆွေမျိုးများဖြစ်ကြောင်း လီရှီက ပြောပြလိုက်သည်။

ရွာသားများကလည်း ထိုမိသားစုက ရိုးသားပုံရသည်ကို မြင်သောကြောင့် ထူးထူးခြားခြား ဂရုမစိုက်ကြတော့ပေ။

နေ့လယ်စာစားပြီးနောက် စုန့်တင်းရှန်းက မိသားစုဝင်များကို စုရုံးလိုက်ပြီး လီရှန်းတို့မိသားစုအား မိတ်ဆက်ပေးလိုက်သည်။

"ကျွန်မတို့က ရှင်တို့ကို ဝယ်ယူခဲ့တာဆိုပေမယ့် ဒီကိုရောက်လာတာ ကံကြမ္မာ ဆုံလို့ ရောက်လာတယ်လို့ပဲ သတ်မှတ်ပါတယ်။ ကျွန်မတို့က နောက်ရက်ပိုင်းအတွင်း ခရိုင်မြို့ကို ပြောင်းကြတော့မှာ၊ အဲဒီအချိန်ကျရင် ဒီအိမ်ရဲ့ ခြံဝင်းနဲ့ လယ်ကွင်းတွေကို ရှင်တို့ကပဲ တာဝန်ယူ စောင့်ရှောက်ရလိမ့်မယ်၊ ကျွန်မတို့က ဟန်ဆောင်ပန်ဆောင် အရှိန်အဝါ ပြတတ်တဲ့ မိသားစုမဟုတ်ပေမယ့် ကိုယ်ပိုင်စည်းကမ်းတော့ ရှိတယ်၊ ရှင်တို့အနေနဲ့ အဲ့ဒီစည်းမျဥ်းတွေကို လိုက်နာဖို့တော့ လိုအပ်လိမ့်မယ်၊ ကျွန်မ ပြောတာကို နားလည်လား"

လီရှန်းက အမြန် ဒူးထောက်ရင်း ပြန်ဖြေလိုက်သည်။

"ဒုတိယသခင်မလေး ပြောတာ မှန်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့က စည်းကမ်းမရှိတဲ့ အစေခံတွေ မဟုတ်ပါဘူး"

စုန့်တင်းရှန်းက သူတို့ကို ခဏမျှ ဒူးထောက်နေစေပြီးမှ ဆက်ပြောလိုက်သည်။

"ကျွန်မတို့အိမ်မှာ ခဏခဏ ဒူးထောက်နေဖို့ မလိုဘူး။ ဒါပေမယ့် ရှင်တို့လည်း အရင်က ချမ်းသာတဲ့အိမ်မှာ အလုပ်လုပ်ခဲ့ဖူးတာပဲ၊ အဲဒီက နေထိုင်မှုပုံစံက ပိုကောင်းခဲ့မယ်ဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မတို့အိမ်ကတော့ ဝဝလင်လင် စားရဖို့နဲ့ နွေးနွေးထွေးထွေး ဝတ်ရဖို့ပဲ အာမခံနိုင်တယ်၊ အရမ်းကောင်းတဲ့ စားသောက်ဖွယ်ရာတွေနဲ့ အဖိုးတန် အဝတ်အစားတွေကိုတော့ ပေးနိုင်မှာ မဟုတ်ဘူး၊ လစဥ်ထောက်ပံကြေးက အများကြီး မဟုတ်ပေမယ့် ကျွန်မတို့ရွာမှာကတော့ ဘေးဒုက္ခရောက်တဲ့နှစ်တွေ မဟုတ်ရင် စားစရာ သောက်စရာ မရှားပါဘူး၊ ပိုက်ဆံလည်း အများကြီး သုံးစရာ မလိုဘူးလေ"

လီရှန်း၏ဇနီးက ဝင်ပြောလာခဲ့သည်။

"ဒုတိယသခင်မလေး အဲ့အတွက် စိတ်ချပါရှင်၊ ကျွန်မတို့မိသားစုက သခင်တွေကို တိုက်ရိုက် ခစားရတာထက်စာရင် အလုပ်ကြမ်းတွေကိုပဲ ကျင့်သားရနေတာပါ၊ ကျွန်မခင်ပွန်းက လက်သမားအတတ် ကျွမ်းကျင်ပြီး ကျွန်မကတော့ အပ်ချုပ်တဲ့အလုပ်ကို လုပ်နိုင်ပါတယ်။ လယ်ယာလုပ်ငန်းကိုလည်း နားလည်တာမို့ အရာအားလုံးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

စုန့်တင်းရှန်းက ကျေနပ်စွာ ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

"ဒီနေ့ကစပြီး ရှင်တို့မိသားစုကို တစ်လ ငွေတစ်လျန် ပေးမယ်။ ဒါက သိပ်မများဘူးဆိုတာ သိပေမယ့် အခုလောလောဆယ်တော့ ကျွန်မတို့လည်း အဲ့လောက်ပဲ ပေးနိုင်သေးတယ်။ နောက်ပိုင်း အခြေအနေ ပိုကောင်းလာရင်တော့ လစဥ်ထောက်ပံ့ငွေကို တိုးပေးမှာပါ၊ နည်းတယ်လို့တော့ မထင်ပါနဲ့၊ ရွာမှာ တစ်လကို ငွေတစ်လျန်ရတယ်ဆိုတာ တော်တော်လေး ကောင်းတဲ့အခြေအနေလို့ ပြောနိုင်နေပြီ"

လီရှန်းက ကမန်းကတန်း ပြန်ဖြေလိုက်သည်။

"နည်းတယ်လို့ မယူဆပါဘူးခင်ဗျာ၊ ဒါက အများကြီး ဖြစ်နေပါပြီ၊ ကျွန်တော်တို့ လိုချင်တာက ဝဝလင်လင် စားရဖို့၊ နွေးနွေးထွေးထွေး ဝတ်ရဖို့နဲ့ နေစရာ တစ်နေရာ ရှိဖို့ပါပဲ"

"အဖိုးနဲ့ အဖွား... အဖိုးတို့ ဘာထပ်ပြီး မှာချင်တာရှိသေးလဲဟင်"

စုန့်တင်းရှန်းက လူကြီးများကို လှမ်းမေးလိုက်သည်။

စုန့်ရှင်းယိက ခပ်တည်တည် ပြန်ပြောလိုက်သည်။

"ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကြဖို့ပဲ၊ တကယ်လို့ ပျင်းနေရင်တော့ ပြန်ရောင်းစားခံရမယ်"

ဤစကားကို စုန့်တင်းရှန်းက သင်ပေးထားခြင်းဖြစ်ပြီး အကြိမ်ကြိမ် လေ့ကျင့်ပြီးမှသာ စုန့်ရှင်းယိတစ်ယောက် စကားမထစ်၊ မျက်နှာမနီဘဲ ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။ လီမိသားစုကလည်း ခေါင်းငုံ့ကာ အရိုအသေပေးနေကြပြီး သခင်များ စိတ်မပူရအောင် အလုပ် ကြိုးစားပါ့မည်ဟု ကတိပေးနေကြသည်။

သူတို့ကို ဝက်ခြံရှိသည့်ဘက်မှ ခြံဝင်းထဲတွင် နေထိုင်ရန် စီစဉ်ပေးလိုက်သည်။ အားလုံး စီစဉ်ပြီးနောက် စုန့်တင်းရှန်း ပြန်ရောက်လာချိန်တွင် ဖန့်ရှီက ဇဝေဇဝါဖြင့် မေးလာပြန်သည်။

"သူတို့နှစ်ယောက်လုံးမှာ အတတ်ပညာတွေ ရှိနေတာတောင် ဘာလို့ အစေခံအဖြစ် အရောင်းခံရတာလဲ"

စုန့်တင်းရှန်းက ရယ်မောရင်း ရှင်းပြလိုက်သည်။

"သူတို့မှာ အတတ်ပညာတွေ ရှိတာ မှန်တယ်၊ ဒါပေမယ့် သူတို့ရဲ့ စာချုပ်တွေက တခြားသူတွေရဲ့ လက်ထဲမှာ ရှိနေတော့ ရွေးချယ်စရာ မရှိဘူး။ အဲ့ဒါအပြင် ကိုယ့်ကိုယ်ကိုယ် ရောင်းလိုက်တာက အပြင်မှာ တစ်ယောက်တည်း ဒုက္ခခံနေရတာထက်စာရင် အနည်းဆုံးတော့ စားစရာရှိပြီး ဘဝက ပိုတည်ငြိမ်တာပေါ့"

ဖန့်ရှီက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။

"ငါသာဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားမယ့်အစား အပြင်မှာပဲ ဒုက္ခခံလိုက်တော့မယ်"

စုန့်ကျစ်ယွမ်က ရယ်လည်းရယ်ချင် စိတ်လည်းပျက်နေဟန်ဖြင့် ဝင်ပြောလိုက်သည်။

"မင်းက ဘယ်တွေ တွေးနေတာလဲ၊ မင်းကို ဘယ်သူက ဝယ်မှာမို့လို့လဲ"

ဖန့်ရှီကလည်း ရယ်မောရင်း ပြန်ရန်တွေ့နေသည်။

"အိုး၊ ကျွန်မက ဒီအတိုင်း ပြောကြည့်တာပါ"

‘သူမအတွက်တော့ ရွာထဲမှာ တစ်သက်လုံးနေ၊ လယ်မြေလေးပိုင်၊ ကောက်နှံနဲ့ ဟင်းရွက်တွေ စိုက်ပျိုးစားသောက်နေရရင် ကျေနပ်နေပါပြီ။ အတတ်ပညာရှိရင်တောင် တခြားသူတွေဆီမှာ အလုပ်ကြမ်း လုပ်ရဖိုနဲ့ လွတ်လပ်ခွင့်ကိုတော့ အဆုံးရှုံးမခံနိုင်ဘူးလေ’

ထိုနေ့ မွန်းလွဲပိုင်းတွင် စုန့်ရှင်းယိက လီရှန်းအား ခေါ်ဆောင်ကာ သူတို့ပိုင်ဆိုင်သည့် လယ်မြေများ၊ ကြာကန်နှင့် သစ်သီးခြံများကို လိုက်လံပြသပြီး လယ်ငှားများနှင့် မိတ်ဆက်ပေးခဲ့သည်။ ဆဋ္ဌမညီဖြစ်သူ စုန့်ရှင်းကျစ်၏ အိမ်သို့လည်း သွားရောက်လည်ပတ်ခဲ့ပြီး လူချင်းတွေ့ကာ မိတ်ဆက်ပေးခဲ့သည်။

လီရှန်းက သူလည်း သစ်သီးပင်များ ပြုစုစောင့်ရှောက်သည့် နည်းလမ်းကို နားလည်ကြောင်း ပြောလာချိန်တွင် စုန့်ရှင်းကျစ်တစ်ယောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့နှစ်ဦးက စကားကောင်းနေကြပြီး ပြန်ခါနီးတွင် ညီအစ်ကိုများကဲ့သို့ပင် ရင်းနှီးသွားကြသည်။

စုန့်ရှင်းယိက ညီဖြစ်သူကို သေသေချာချာ မှာနေခဲ့သည်။

"ငါတို့မိသားစုက မကြာခင် ခရိုင်မြို့ကို ပြောင်းတော့မှာ၊ မင်း တစ်ခုခု လိုအပ်တာရှိရင် လီရှန်းကိုသာ ပြောလိုက်၊ အားနာမနေနဲ့၊ တကယ်လို့ ဟိုဘက်မိသားစုတွေ တကယ်ပဲ လွန်လာပြီဆိုရင် ခရိုင်မြို့ကို လာပြီး ငါ့ကို လာရှာ၊ သူတို့ကို မယှဉ်နိုင်ရင်တောင် ရှောင်လို့တော့ ရသေးတာပေါ့"

စုန့်ရှင်းကျစ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"စတုတ္ထအစ်ကိုကလည်း အများကြီး တွေးပူနေပြန်ပြီ၊ တကယ်လို့ တစ်ခုခု ဖြစ်လာရင်တော့ ငါ တစ်မိသားစုလုံးကို ခေါ်ပြီး မင်းဆီ တန်းလာခဲ့မှာပါကွာ"

အမှန်တကယ်တွင် သူလည်း အားကျနေမိသည်။ သို့သော်လည်း သူ့တွင် ငွေအများကြီး မရှိသဖြင့် အလွန့်အကျွံ မသုံးစွဲရဲခဲ့ပေ။ ထို့အပြင် သူ၏ စတုတ္ထအစ်ကိုက ကြင်နာတတ်ပြီး တရားမျှတသူ ဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က အကူအညီ တောင်းလာလျှင် သူ၏စတုတ္ထအစ်ကိုက သေချာပေါက် ကူညီပေးပေလိမ့်မည်။

စုန့်တင်းရှန်းနှင့် တခြားသူများက အိမ်တွင် အထုပ်အပိုးများ ပြင်ဆင်နေကြသည်။ ဆင်းရဲသော မိသားစုဖြစ်လျှင်ပင် ပစ္စည်းပစ္စယများ စုဆောင်းထားသည်မှာ မနည်းလှပေ။ ပုံမှန်ဆိုလျှင် ဘာမှမရှိသလို ထင်ရသော်လည်း ယခုလို ပြောင်းရွှေ့တော့မည့် အချိန်တွင်မူ ဒါလည်း ယူသွားချင်၊ ဟိုဟာလည်း မစွန့်ပစ်ခဲ့နိုင် ဖြစ်နေကြသည်။ သိပ်မကြာမီမှာပင် ပစ္စည်းများ တောင်ပုံရာပုံ ဖြစ်လာခဲ့သည်။

စုန့်တင်းရှန်းတစ်ယောက် ရယ်ရမလို ငိုရမလို ကူကယ်ရာမဲ့ဖြစ်နေပြီး အားလုံးကို တားဆီးရပြန်သည်။

"အခုလောလောဆယ် အရေးကြီးတာလေးတွေပဲ ယူခဲ့ကြပါ၊ ဟိုမှာလည်း အိမ်သုံးပစ္စည်းတွေ အကုန်လုံးရှိပြီးသားဆိုတော့ ဒါတွေကို သယ်လာစရာ မလိုဘူး၊ အဝတ်အစားသစ်တွေကတော့ နောက်မှ ထပ်ချုပ်ရမှာဆိုတော့ အထည်လိပ်တွေကိုပဲ အကုန်ယူလာရင် ရပြီ။ အဝတ်အစားတွေဆိုရင်လည်း လောလောဆယ် ဝတ်ဖို့ပဲ သယ်ခဲ့ကြပေါ့။ တကယ်လို့ နှမြောတယ်ဆိုရင်လည်း လီရှန်းတို့မိသားစုအတွက် ထားခဲ့ပေးလို့ ရတယ်လေ"

နောက်ဆုံးတွင် သူတို့ယူသွားမည့် ပစ္စည်းများက များပြားလွန်းသောကြောင့် ခရီးစဉ်က နှစ်ရက်ခန့် နောက်ကျသွားခဲ့သည်။

လျိုတကွေ့နှင့် သူ၏မိသားစုက ခရိုင်မြို့သို့ ရောက်ရှိလာပြီး စုန့်ယွိလန်နှင့် စုန့်ဟူထောင်တို့ကို သွားနှုတ်ဆက်လိုက်ကြသည်။ ထို့နောက် သူတို့အား တာဝန်ပေးထားသော ခြံဝင်းကြီးကို စတင်စီမံကြတော့သည်။

လျိုမိသားစုက လိမ္မာပါးနပ်ပြီး အလုပ်ကြိုးစားကြသည်။ ထိုသို့မဟုတ်ရင် လက်ထောက်ဘဏ္ဍာစိုး ဖြစ်လာနိုင်မည် မဟုတ်ပေ။

စုန့်တင်းရှန်းနှင့် သူမ၏မိသားစုဝင်များ လုံးဝပြောင်းရွှေ့လာချိန်တွင် လျိုတကွေ့၏မိသားစုက ဥယျာဉ်အသေးနှစ်ခုလုံးကို သန့်ရှင်းရေးလုပ်ထားပြီး ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များစိုက်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။

သူတို့၏ အကြီးဆုံးသားဖြစ်သူ လျိုကျင်းယင်က စုန့်ယွိလန်၏ အိမ်မှုကိစ္စများကို ကူညီပေးနေခဲ့သည်။ ဒုတိယသမီးဖြစ်သည့် လျိုယွိယင်ကတော့ စုန့်ယွိလန်၏ကလေး စုန့်တာ့ပေါင်အား ကူညီစောင့်ရှောက်ပေးသည့်အပြင် စုန့်ဟူထောင်နှင့် တုတန်တို့၏ အဝတ်အစားများကိုပင် ဖာထေးပေးခဲ့သည်။

အငယ်ဆုံးလေးတစ်ဦး ရှိနေသေးသော်လည်း သူမက အလွန်ငယ်သေးသည့်တိုင် တာဝန်သိတတ်လှသည်။ စုန့်တင်းရှန်းနှင့် မိသားစုဝင်များ ရောက်ရှိလာချိန်တွင် သူမက ကလေးငယ်များကို ကူထိန်းပေးရန် သူမဘက်မှ စတင်ကမ်းလှမ်းလာခဲ့သည်။

ဖန့်ရှီနှင့် ကျန်းရှီတို့က သူမကို ကြည့်ကာ ရယ်မောနေကြသည်။

"နင်ကိုယ်တိုင်က ကလေးပဲရှိသေးတာလေ၊ ငါတို့ရဲ့ကလေးလေးတွေကို ဘယ်လိုများ ကူထိန်းပေးမှာတုန်း"

ထိုမိန်းကလေးငယ်တွင် နာမည်အရင်း မရှိသေးသောကြောင့် သူမကို "ယာယာ" ဟုသာ ခေါ်ကြသည်။ သူမက ခေါင်းလေးကို မော့ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလာခဲသည်။

"သခင်က အသုံးမကျတဲ့ အစေခံတွေကို လက်မခံဘူးလို့ ကျွန်မမိဘတွေက ပြောခဲ့ပါတယ်။ ကျွန်မက သေးသေးလေးမို့ အလုပ်ကြမ်းတွေ မလုပ်နိုင်ပေမယ့် သခင်လေးနဲ့ သခင်မလေးတွေကို ကောင်းကောင်း ဂရုစိုက်ပေးမယ်လို့ ကတိပေးပါတယ်"

စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"သူတို့က အသက်အရွယ်တူတူလောက်ပဲ၊ အတူတူကစားလို့ ရတယ်လေ၊ ဘာပဲဖြစ်ဖြစ်၊ သမီးတို့ရဲ့ ခြံဝင်းက တော်တော် ကျယ်တယ်၊ သူတို့ဘာသာ ကစားကြပါစေ”

ဤခြံဝင်းကြီးက စုန့်မိသားစုအတွက် မျက်စိပွင့်သွားစေသည့် အရာလည်း ဖြစ်ခဲ့သည်။ အရာအားလုံးက ကောင်းမွန်နေသည်ကို သူတို့ မြင်နေရပြီး တစ်နေ့တွင် ဤကဲ့သို့ ကောင်းမွန်သောနေရာမျိုး၌ နေထိုင်ရလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဝံ့ခဲ့ကြပေ။

စုန့်တင်းရှန်းက လူတိုင်းအတွက် နေထိုင်စရာများကို စီစဉ်ပေးလိုက်သည်။ လျိုတကွေ့နှင့် သူ့မိသားစုက ဝင်ပေါက်နားမှ အနောက်ဘက်အခန်းတွင် နေထိုင်ကြပြီး အဝင်ဝမှ ပထမခြံဝင်းကို ဧည့်သည်များအား ဧည့်ခံရန် အသုံးပြုမည် ဖြစ်သည်။ စုန့်ကျစ်ယွမ်နှင့် သူ့မိသားစုက ဒုတိယခြံဝင်းတွင် နေထိုင်ကြသည်။

ခြံဝင်းထဲရှိ အခန်းသုံးခန်းကို စုန့်ကျစ်ရွှမ်းအတွက် ပေးထားပြီး စာကြည့်ခန်း တစ်ခန်းလည်း ပါဝင်သည်။ စုန့်ကျစ်ချန်း၏ မိသားစုနှင့် သက်ကြီးရွယ်အို စုံတွဲက တတိယခြံဝင်းတွင် နေထိုင်ကြသည်။ အနောက်ဘက်ဆုံး၌ ဆိုင်ခန်းများ ရှိသောကြောင့် ထိုနေရာများကို စုန့်ယွိလန်နှင့် စုန့်ထောင်ဟူအတွက် ပေးထားခဲ့သည်။

အနောက်ဘက်ခြံဝင်းကိုတော့ စုန့်တင်းရှန်းက အချဉ်တည်ရန်နှင့် အခြားသော အလုပ်များအတွက် အသုံးပြုရန် စီစဉ်ထားသည်။ ဤခြံဝင်းက အစွန်ဆုံးထောင့်တွင် ရှိပြီး တခြားမိသားစုများနှင့်လည်း မနီးသောကြောင့် တစ်စုံတစ်ဦးအား အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်စရာမလိုတော့ပေ။

"ဒီခြံဝင်းက တကယ်ကို လှတာပဲ..."

စုန့်ရှင်းယိနှင့် လီရှီတို့ ဇနီးမောင်နှံက ပစ္စည်းများ ပြန်ထုတ်ရန် အလောတကြီး မလုပ်ကြဘဲ အခန်းတိုင်းကို တစ်ခန်းချင်း လိုက်လံကြည့်ရှုနေကြသည်။

"အခန်းတွေကတော့ သိပ်မကျယ်ဘူး"

စုန့်ရှင်းယိက သစ်သားဝရန်တာများကို စမ်းသပ်ကြည့်နေပြီး ကနုတ်ထွင်းထားသော တံခါးနှင့် ပြတင်းပေါက်များကို ကိုင်ကြည့်ကာ အားနည်းချက်များကို ထောက်ပြနေသည်။

လီရှီက သူ့ကို မျက်စောင်းတစ်ချက်ထိုးရင်း လှမ်းပြောလိုက်သည်။

"ခြံဝင်းက ကျယ်နေတာပဲ၊ ရှင် ခြံထဲမှာ အိပ်လေ"

"ငါက အရှိကို အရှိအတိုင်း ပြောနေတာပါက၊ ငါတို့အိမ်မှာဆို နေရာလွတ်တွေ အများကြီးလေ။ အခန်းတစ်ခန်းကို နံရံတစ်ဝက် ကာလိုက်ရင်တောင် အခန်းနှစ်ခန်း ဖြစ်သွားနိုင်တယ်၊ အခု ဒီအခန်းက ငါတို့အိမ်က အခန်းရဲ့တစ်ဝက်လောက်ပဲ ရှိတာလေ"

စုန့်ရှင်းယိက ဇွတ်မှိတ်ငြင်းရင်းနှင့် ရွှတ်နောက်နောက် ပြုံးနေလေသည်။

"တစ်ဝက်လောက်ဆိုရင် ရှင် အိပ်ဖို့ မလောက်လို့လား၊ ဒါကို လျန်ရှစ်ရာတောင် ပေးထားရတာနော်"

လီရှီက ပြောနေရင်းဖြင့် သက်ပြင်းချကာ ညည်းညူလိုက်ပြန်သည်။

"ဟူး.... လျန်ရှစ်ရာဆိုရင်... ရွာမှာ အုတ်အိမ်အကြီးကြီးတစ်လုံး ဆောက်လို့ရတဲ့ ပမာဏပဲ"

"မင်းပြောတာလည်း ဟုတ်တာပဲ..."

စုန့်ရှင်းယိကလည်း သက်ပြင်းချနေခဲ့သည်။

‘ငါ့ရဲ့ အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကို ရဲ့မိသားစုဝင်တွေကြောင့်ပေါ့၊ သူတို့သာ ပြဿနာမရှာခဲ့ရင် ငါတို့လည်း ဒီလို ပြောင်းရွှေ့လာစရာ လိုမှာ မဟုတ်ဘူး’

သို့သော် ခရိုင်မြို့တွင် နေထိုင်ရသည်က သက်သောင့်သက်သာရှိလှသည်။ ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အပြင်ဘက်တွင်လည်း ညဘက်ကင်းလှည့်သူများရှိသောကြောင့် ရွာတွင်နေရသည်ထက် အများကြီး ပိုဘေးကင်းလုံခြုံသည်။

လျိုတကွေ့ကလည်း ဤမိသားစုကို စုန့်တင်းရှန်း ဦးဆောင်နေကြောင်း ချက်ချင်း သတိပြုမိသွားခဲ့သည်။ သူမက လက်ထပ်ပြီးသား သမီးတစ်ဦးဖြစ်သောကြောင့် သူ အံ့သြသွားခဲ့သော်လည်း သူ့မျက်နှာတွင်တော့ မဖော်ပြခဲ့ပေ။

သူက ပါးနပ်လှပြီး မည်သည့်ကိစ္စကိုမဆို စုန့်တင်းရှန်းကိုသာ အရင်ဆုံး တင်ပြလေ့ရှိသည်။ သူက အမှန်တကယ် ထက်မြက်သူဖြစ်ပြီး ပြောင်းလာပြီး ရက်အနည်းငယ်အတွင်းမှာပင် အနီးနားရှိ အိမ်နီးချင်းများအကြောင်းကို အကုန်အစင် စုံစမ်းထားပြီး ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အိမ်ပတ်ပတ်လည်မှာ ကုန်သည်တွေ အများဆုံးနေကြတယ်၊ မြောက်ဘက်က လမ်းမကြီးကတော့ စီးပွားရေးလုပ်ငန်းတွေ ရှိတဲ့နေရာပါ၊ အရှေ့ဘက်ကတော့ အတော်အတန် ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေ နေကြပြီး ခရိုင်အမတ်မင်းရဲ့ အိမ်တော်ကလည်း အဲဒီအရှေ့ဘက်မှာပဲ ရှိတာပါ၊ တောင်ဘက်ကတော့ သာမန်မိသားစုတွေ နေကြတယ်၊ အလုပ်သမား ငှားချင်တာပဲဖြစ်ဖြစ်၊ သမားတော်ပင့်ချင်တာပဲဖြစ်ဖြစ် အဲဒီဘက်ကို သွားရပါတယ်။ အနောက်ဘက်ကတော့ ကြားလမ်းလေးတစ်ခု ခြားပြီး အိမ်ဝင်းကြီးတစ်ခုရှိတယ်၊ အရင်က အရာရှိကြီးတစ်ယောက် ပိုင်တာဆိုပေမယ့် ပြဿနာအချို့တက်ပြီးကတည်းက ဘယ်သူမှမနေဘဲ အလွတ်ကြီး ဖြစ်နေတာပါ, ကျွန်တော်တို့အိမ်ရဲ့ အရှေ့မျက်နှာချင်းဆိုင်ကတော့ ပိုးထည်၊ ကြွေထည်နဲ့ လက်ဖက်ခြောက်တွေ ရောင်းဝယ်တဲ့ တောင်ပိုင်းသား ကုန်သည်တစ်ယောက်ရဲ့အိမ်ပါ၊ ကျွန်တော် သွားကြည့်ခဲ့သလောက်တော့ သူတို့က ဖော်ဖော်ရွေရွေ ရှိပါတယ်၊ အိမ်နီးနားချင်းအနေနဲ့ ပေါင်းသင်းလို့ ရမယ့်ပုံစံပါပဲ"

လျိုတကွေ့၏ ရှင်းပြမှုက စုန့်တင်းရှန်းကို ကျေနပ်သွားစေခဲ့သည်။

"ရှင်က အကုန်လုံးတောင် စုံစမ်းထားပြီးပြီပဲ"

"ဒါက ကျွန်တော့်အလုပ်ပါ၊ သခင်တွေအနေနဲ့ နောင်ကျရင် ပြဿနာမတက်အောင် အိမ်နီးချင်းတွေအကြောင်း ကြိုသိထားဖို့လည်း အရေးကြီးပါတယ်"

“ကောင်းပြီလေ၊ ဒီနေ့ကစပြီး အိမ်တွင်း အိမ်ပြင် စီမံခန့်ခွဲတာတွေ အကုန်လုံးကို ရှင့်လက်ထဲ အပ်လိုက်မယ်၊ စားဖို့အတွက် ကောက်နှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးတာရှိသလို ရွာကနေ ပို့ပေးတာလည်းရှိမယ်၊ ကျန်တာတွေကိုတော့ ရှင်ပဲ ကိုင်တွယ်ပြီး လိုအပ်တာရှိရင် စာရင်းလုပ်ပေးပေါ့၊ ဒါပေမယ့် နောက်ထပ် နှစ်နှစ်လောက်အထိတော့ အပြောင်းအလဲတွေ အများကြီး မလုပ်နဲ့ဦး၊ ကျွန်မတို့ဆီမှာ ပိုက်ဆံ အများကြီး မရှိသေးဘူး"

လျိုတကွေ့က နာနာခံခံ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော်တို့က အာဏာရှိတဲ့ မိသားစု မဟုတ်သလို အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေ မဟုတ်တော့ မလိုအပ်တာအတွက် မဖြုန်းပါဘူး၊ အိမ်မှာ အိမ်သုံးပစ္စည်း အစုံအလင်ရှိတာကို တွေ့ပါတယ်၊ ကျွန်တော် စိုးရိမ်တာက အဖိုးနဲ့ အဖွား မြို့ပေါ်မှာ ပျင်းနေမှာကိုပါ၊ ဒုတိယသခင်မလေး... သူတို့ အပန်းဖြေဖို့ ခွေးလေး ဒါမှမဟုတ် ကြောင်လေး တစ်ကောင်လောက် ရှာပေးရမလား"

စုန့်တင်းရှန်းက ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။

"အဖိုးနဲ့ အဖွားအတွက် ခွေးတွေကြောင်တွေက သိပ်မသင့်တော်ဘူးလို့ ကျွန်မ ထင်တယ်၊ အဲဒါထက် ရှင် ကျွန်မအဖေနဲ့ အကြီးဆုံးဦးလေးကို စျေးဘက် ခေါ်သွားပေးလိုက်ဦး၊ မြည်းတို့၊ သိုးတို့ ဒါမှမဟုတ် ဝယ်မွေးလို့ ရတဲ့ ကြက်ပေါက်လေးတွေ ရှိ မရှိ သွားမေးကြည့်ပါလား၊ အဲ့လောက်ဆို လုံလောက်ပြီ"

လျိုတကွေ့က သူ့နဖူးကို သူရိုက်ပြီး ညည်းညူလိုက်သည်။

"ဟုတ်သားပဲ၊ ကျွန်တော် အဲ့ဒါကို ဘယ်လိုများ မေ့သွားရတာလဲ"

‘ရွာကလာတဲ့လူတွေမှာ ဘယ်သူက ခွေးတွေ ကြောင်တွေကို အပျော်မွေးလို့လဲ၊ ရွာမှာ ခွေးဆိုတာ အိမ်စောင့်ဖို့လေ၊ အပျော်မွေးဖို့ မဟုတ်ဘူး။ တကယ်လို့ အပျင်းပြေဖို့ တစ်ခုခု လုပ်ချင်တယ်ဆိုရင် ကြက်တွေ ဘဲတွေ မွေးတာကမှ အိမ်သားတွေအတွက် ပိုအကျိုးရှိတာပေါ့’

အားလုံးကို နေရာတကျ စီမံပေးပြီးနောက် စုန့်တင်းရှန်းက စုန့်ကျစ်ရွှမ်းနှင့် ကျိုးယိနိုတို့ဆီသို့ သူတို့ ခရိုင်မြို့သို့ ပြောင်းလာသည့်အကြောင်း စာရေးအကြောင်းကြားရန် စုန့်ရှင်းယိနှင့် တိုင်ပင်နေခဲ့သည်။

သို့သော် စာမပို့ရသေးမီမှာပင် တစ်စုံတစ်ဦးက သူတို့၏အိမ်တံခါးကို လာရောက် ခေါက်နေခဲ့သည်။

All Chapters