← Chapters

မျက်နှာချင်းဆိုင် ပြန်တွေ့ဆုံ

Vol. 8 Ch. 76

မျက်နှာချင်းဆိုင် ပြန်တွေ့ဆုံ

Vol. 8 Ch. 76

"ခွင့်ပြုပါဦး၊ ဒီမှာ ကျိုးသခင်မ နေထိုင်ပါသလားခင်ဗျာ"

ရောက်လာသည့် လူငယ်လေးက အသက် သိပ်မကြီးသေးဘဲ အသက်နှစ်ဆယ်ဝန်းကျင်ခန့်လောက်သာ ရှိသေးသည်။ သူက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အသားညိုသော်လည်း မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး မြို့တော်မှ ဖြစ်ပုံရသည်။

လျိုတကွေ့က သူ့၏ ဒုတိယသခင်မလေးက ကျိုးမျိုးရိုးနှင့် အိမ်ထောင်ကျထားသည်ကို သူ သိသော်လည်း ထိုလူကိုတော့ သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခု ကျိုးသခင်မကို ရှာဖွေရန်ရောက်လာသည့် လူငယ်ကို မြင်လိုက်ရသောကြောင့် သူ ခဏတမျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် သူ တရိုတသေ ပြန်မေးလိုက်သည်။

"မေးပါရစေခင်ဗျာ၊ အရာရှိကြီးမင်းက ဘယ်သူပါလဲ"

ထိုလူငယ်က စစ်သည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည်။ သူ့လက်ထဲတွင်တော့ မြင်းရိုက်သည့်ကြာပွတ် တစ်ချောင်း ကိုင်ထားသည်။ သူ့နောက်တွင်လည်း အားမာန်ပြည့်နေဟန်ရှိသည့် မြင်းကြီးတစ်ကောင် ရှိနေပြီး လူငယ်လေး၏ခန္ဓာကိုယ်မှ သူရဲကောင်းတစ်ယောက်၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။

"ကျွန်တော်က ဧကရာဇ်ရဲ့အမိန့်တော်အရ ကျိုးသခင်မနဲ့ စုန့်သခင်ကြီးတို့ မိသားစုကို မြို့တော်ကို ဝင်ရောက်ခစားဖို့ သတင်းလာပို့ပေးတာပါ"

ထိုစစ်သူကြီးငယ်လေးက မြို့တော်ဘက်သို့ လက်ညှိုးညွှန်ရင်း ပြန်ပြောပြလာသည်။

"ဘာ... ဘာပြောလိုက်တာလဲ"

လျိုတကွေ့က အံ့သြလွန်းလို့ ဆတ်ခနဲ တုန်သွားပြီး လူပါ ထခုန်မတတ် ဖြစ်သွားခဲ့သည်။

စစ်သူကြီးငယ်လေးက သူ စိတ်အေးသွားအောင် ထပ်ပြောလာသည်။

"မကြောက်ပါနဲ့၊ ဒါက သတင်းကောင်းပါ၊ ကျိုးသခင်မကို သွားပြီး အကြောင်းကြားပေးပါဦး၊ ကျွန်တော်က တည်းခိုဆောင်ကို ပြန်သွားပြီး ဝမ်ကုန်းကုန်းကို သွားကြိုရဦးမယ်၊ အသေးစိတ်ကိုတော့ သူ့ကိုပဲ ရှင်းပြခိုင်းလိုက်ပါ"

ထိုသို့ ပြောပြီးနောက် သူက လျိုတကွေ့ ပြန်ပြောသည်ကိုပင် မစောင့်ဘဲ မြင်းပေါ်သို့ တက်ပြီး ပြန်ထွက်ခွာသွားသည်။

လျိုတကွေ့တစ်ယောက် ခဏလောက် ကြောင်အနေပြီးမှ အလန့်တကြား ဘုရားတလိုက်သည်။ ထို့နောက် သူ့ပေါင်ကိုသူ ပြန်ရိုက်ကာ တံခါးကို အမြန်ပိတ်ပြီး ခြံထဲကို ပြေးဝင်ကာ အော်ဟစ်လိုက်တော့သည်။

"သခင်ကြီး၊ သခင်မကြီး၊ ဒုတိယသခင်မလေး၊ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ၊ အရမ်းကိုကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ"

"မြို့တော်ကို သွားရမယ် ဟုတ်လား"

စုန့်တင်းရှန်းကလည်း ဇဝေဇဝါ ပြန်မေးလိုက်သည်။

"အဲဒီစစ်သူကြီးငယ်လေးကို ကျွန်မတို့ မြို့တော်ကို သွားရမယ့် အကြောင်းအရင်းကို မပြောသွားဘူးလား?"

လျိုတကွေ့က အသံတုန်တုန်ဖြင့် ပြန်ဖြေလိုက်သည်။

"မပြောသွားဘူး၊ သူ ဘာမှ မပြောသွားဘူး၊ သူက ဒီအတိုင်း ထွက်သွားတာလေ၊ ပြီးတော့ ဝမ်ကုန်းကုန်း လာလိမ့်မယ်လို့လည်း ပြောသွားသေးတယ်၊ အို... မိန်းမစိုးဆိုတာက ဧကရာဇ်မင်းမြတ်ကို ခစားရတဲ့သူ မဟုတ်ဘူးလား"

စုန့်တင်းရှန်းလည်း အနည်းငယ်ကြောက်လန့်နေမိသည်။

‘ငါ နန်းတွင်းကားတွေ ကြည့်ဖူးတယ်လေ၊ အဲ့တော့ ရှေးခေတ်က နန်းတွင်းရဲ့ စည်းကမ်းတွေကို အနည်းနဲ့အများ သိထားပေါ့၊ သီအိုရီအရ ပြောရရင် ငါက သာမန်အရပ်သူတစ်ယောက်လေ၊ ဧကရာဇ်မင်းမြတ်က ဘာလို့များ ငါ့ကို အခစားဝင်ခိုင်းရတာလဲ၊ ပြီးတော့ အဖိုးနဲ့ အဖွားကိုပါ ခေါ်လာခိုင်းတယ်ဆိုတာကရော’

‘သတင်းကောင်းလို့ ပြောပေမယ့် ဧကရာဇ်နဲ့ တွေ့ရမှာဆိုတော့ စကားတစ်လုံး မှားတာနဲ့တင် ကိစ္စချောသွားနိုင်တာလေ။ ငါကတော့ အဲ့ဒီလို အာဏာရှင်လူတန်းစားနဲ့ မပတ်သက်ချင်ဘူး၊ ရှေးခေတ်က လူတန်းစားခွဲခြားမှုက အရမ်းကြောက်ဖို့ကောင်းတာလေ။ ငါလို ဆင်းရဲတဲ့ သာမန်အရပ်သူလေးက တံခါးပိတ်ဘဝနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ရတာ ပိုမကောင်းဘူးလား’

မိသားစုတစ်ခုလုံး ဝိုင်းထိုင်လိုက်ပြီး ထိုသတင်းအား မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားမရ ဖြစ်နေကြသည်။ လျိုတကွေ့ကတော့ ပို၍ပင် ကြောင်တောင်တောင် ဖြစ်နေရှာသည်။

‘သူ အလုပ်အကျွေးပြုနေတဲ့ မိသားစုက ချမ်းသာတဲ့ လယ်သမားတွေလို့ပဲ သူ ထင်ထားခဲ့တာတာ၊ အခုတော့ ဧကရာဇ်မင်းမြတ်နဲ့ တွေ့ခွင့်ရမယ့်အထိ ဖြစ်လာမယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ’

‘တကယ်လို့ သူ့သခင်တွေ ဧကရာဇ်မင်းမြတ်ဆီမှာ မျက်နှာသာပေးခံရရင် သူရဲ့ အိမ်တော်ထိန်း အဆင့်အတန်းကလည်း အလိုလို မြင့်တက်သွားမှာ မဟုတ်ဘူးလား’

ထိုအတွေးက သူ့ကို ချက်ချင်း တက်ကြွလာစေသည်။

"သခင်ကြီးနဲ့ သခင်မကြီး... ဒီမှာ ခဏလောက် ထိုင်စောင့်နေကြပါဦး၊ ကျွန်တော် အပြင်ထွက်ပြီး အဲဒီအရာရှိတွေကို သွားစောင့်လိုက်မယ်၊ သူရောက်လာရင် အရာအားလုံး ရှင်းလင်းသွားမှာ သေချာပါတယ်၊ အခုတော့ ကျွန်တော်တို့ မှန်းဆနေကြရုံပဲ တတ်နိုင်မှာ"

"မြန်မြန်သွား၊ မြန်မြန်သွား"

စုန့်ရှင်းယိက လက်ကာပြရင်း အလောတကြီး ပြန်ပြောလိုက်သည်။

"မင်း သေသေချာချာ စောင့်ကြည့်နေဦးနော်၊ အော်... အာ့နွီ၊ အရင်က ဝမ်သခင်ကြီးပေးထားတဲ့ လက်ဖက်ခြောက်တွေ ထုတ်လိုက်ဦး၊ ရေနွေး ကျိုကြ၊ ပြီးတော့ အကြီးဆုံးသားရဲ့ မိသားစုထဲက တစ်ယောက်လောက် အပြင် အမြန်ထွက်ပြီး ကြက်တို့၊ အသားတို့၊ ကြက်ဥတို့ သွားဝယ်ထားဦး၊ ဧည့်သည်တော်တွေကို ဧည့်ခံရမယ်၊ ငါတို့လည်း အဝတ်အစားအသစ်တွေ လဲထားသင့်လား"

လီရှီကလည်း သတိပြန်ဝင်လာပြီး သူမ၏ ခြံဝင်းဘက်သို့ အပြေးအလွှား ပြေးထွက်သွားသည်။ ယခုအချိန်တွင် သူမက သူမ၏ နယ်မြေကို မီးဖိုချောင်တစ်ခုတည်းတွင်သာ ကန့်သတ်ထားတော့ဘဲ ဧည့်ခန်းမဆောင်ကြီးတွင် ထိုင်ရသည်ကို နှစ်သက်လာပြီး အိမ်အသစ်၏ လန်းဆန်းမှုကို ခံစားတတ်နေပြီ ဖြစ်သည်။

"အဝတ်အစားတွေ အမြန်လဲကြ၊ သန့်သန့်ပြန့်ပြန့်နဲ့ သေသေသပ်သပ် ဖြစ်အောင်လုပ်ကြ၊ တကွေ့ရဲ့ဇနီး ကလေးတွေကို နောက်ဖေးခြံထဲ ခေါ်သွားပြီး သေချာကြည့်ထား၊ ဧည့်သည်တော်တွေကို အနှောင့်အယှက် မဖြစ်စေနဲ့"

မိသားစုတစ်ခုလုံး အချိန်အတော်ကြာ ပျာပျာသလဲ ဖြစ်နေကြသည်။ သူတို့ အဝတ်အစားလဲပြီးရုံမျှ ရှိသေးချိန်တွင် လျိုတကွေ့က ဧည့်သည်များကို ခေါ်ဆောင်ပြီး ဝင်လာခဲ့သည်။

"ငါတို့... ဒူးထောက်ရမှာလား"

စုန့်ရှင်းယိက ဧည့်သည်တော်များကို ကြိုဆိုရင်း တိုးတိုးလေး မေးလိုက်သည်။

စုန့်တင်းရှန်းကလည်း ဝေခွဲမရ ဖြစ်နေပြီး ခပ်မြန်မြန် ပြန်ပြောလိုက်သည်။

"ရိုသေမှုပြတာက အကောင်းဆုံးပဲ၊ အဲ့တော့... သမီးတို့ ဒူးထောက်ကြမယ်"

ယခင်က သူကြွယ်ကြီးဝမ်နှင့် တွေ့စဉ် သူမ အကြိမ်အနည်းငယ် ဒူးထောက်ခဲ့ဖူးသော်လည်း မိသားစုချင်း ရင်းနှီးသွားပြီးနောက်ပိုင်းတွင် ဒူးမထောက်ဖြစ်တော့ပေ။ ယခု တစ်ဖန် ပြန်ဒူးထောက်ရမည် ဖြစ်သောကြောင့် သူမ စိတ်ထဲတွင်လည်း တစ်မျိုးကြီး ခံစားနေရသည်။

မိန်းမစိုးဝမ်က ခြံထဲသို့ လှမ်းဝင်လာပြီး စုန့်မိသားစုဝင်အားလုံး ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။ သူက ရယ်သံဖြင့် လှမ်းပြောလိုက်သည်။

"ဒါက ဘာလုပ်နေကြတာလဲ၊ ထကြပါ၊ အမြန်ထကြပါ"

သူက ပြောနေရင်းဖြင့် စုန့်ရှင်းယိကို ထူပေးရန် အမြန်ရှေ့တိုးလာသည်။

စုန့်ရှင်းယိက တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားတစ်လုံးမှပင် မပြောနိုင်တော့ပေ။ ထိုအခြေအနေကို ရိပ်မိသွားသည့် စုန့်တင်းရှန်းက အမြန်ထရပ်ကာ ဖိတ်ခေါ်လိုက်သည်။

"နန်းတွင်းအရာရှိဝမ်... စစ်သူကြီးမင်း.... အထဲကို ဝင်ပါရှင့်"

မိန်းမစိုးဝမ်က အကဲခတ်သည့်သဘောဖြင့် စုန့်တင်းရှန်းကို အထက်အောက် စေ့စေ့ကြည့်နေခဲ့သည်။ စုန့်တင်းရှန်းကလည်း ထိုအရာရှိနှင့် သူ၏နောက်တွင် ပါလာသော လူငယ်နှစ်ဦးကို မသိမသာ အကဲခတ်နေခဲ့သည်။

"အရာရှိမင်းက ဝေးလံတဲ့အရပ်ကနေ လာရတာဆိုပေမယ့် ကျွန်မတို့မှာ တည်ခင်းစရာ သိပ်မရှိပါဘူး။ အပူသက်သာသွားအောင် လက်ဖက်ရည်လေး သောက်ပါဦးရှင့်"

သူမက ထိုနန်းတွင်းအရာရှိကို ဧည့်ခန်းမဆောင်သို့ ခေါ်ဆောင်သွားပြီး နေရာထိုင်ခင်းပေးလိုက်သည်။ ထို့နောက် ပိုင်ရှီ၏လက်ထဲမှ ရေနွေးအိုးကို ယူကာ ကိုယ်တိုင်ငှဲ့ပေးလိုက်သည်။

ထိုမိန်းမစိုးက အရပ်မနိမ့်မမြင့်၊ အသားဖြူဖြူနှင့် နှုတ်ခမ်းမွှေးမရှိဘဲ မျက်နှာပိုင်ရှင်ဖြစ်သည်။ သူက ရိုးရှင်းသော ဝတ်ရုံရှည်ကိုသာ ဝတ်ဆင်ထားသည်။ သူ၏ စကားပြောသံက တီဗွီထဲမှ နန်းတွင်းမိန်းမစိုးများကဲ့သို့ လွန်လွန်ကဲကဲ စူးရှနေခြင်း မဟုတ်ဘဲ နူးညံ့ညင်သာသော အသံမျိုးသာ ဖြစ်သည်။

"ဒါ ကျိုးသခင်မပဲ ဖြစ်ရမယ်၊ စစ်သူကြီးကျိုးဆီကနေ မင်းအကြောင်းတွေ ကြားဖူးပါတယ်၊ အဲ့ဒါကြောင့် မြင်မြင်ချင်းပဲ မှတ်မိသွားခဲ့တာပါ"

မိန်းမစိုးဝမ်က ဖော်ဖော်ရွေရွေ ပြန်ပြောပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ လက်ဖက်ရည်၏ရနံ့ကို ခံစားနေသည်။

"အိုး... ဒါက မိုးမရွာခင် ဆွတ်ထားတဲ့ ထိပ်တန်းလုံကျင်းလက်ဖက်ခြောက်ပဲ"

စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဒါက ကောင်းလား၊ မကောင်းဘူးလားဆိုတာ ကျွန်မတို့လည်း သိပ်မသိပါဘူးရှင်၊ ဒါက မြို့ပေါ်က ကျွန်မတို့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေ သူကြွယ်ကြီးဝမ်က လက်ဆောင်ပေးထားတာပါ၊ လက်ဖက်ခြောက်ကောင်းလို့ သိထားတာကြောင့် သေသေချာချာ သိမ်းထားပြီး အခုလို ဂုဏ်သရေရှိ ဧည့်သည်တော်တွေ လာတဲ့အခါမှပဲ တည်ခင်းတာပါ"

မိန်းမစိုးဝမ်က ပြုံးနေဆဲဖြစ်ပြီး လက်ဖက်ရည်ကို ငုံသောက်နေသည်။ ဤမိသားစုက အမှန်တကယ် လယ်သမားမျိုးရိုးမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သူ မြင်နိုင်ခဲ့သည်။ သူတို့တွင် အမျိုးသားဧည့်သည်ကို ဧည့်ခံရာ၌ တင်းကျပ်သော စည်းမျဉ်းများ မရှိသလို၊ အမျိုးသမီးများကလည်း ဧည့်သည်နှင့် မတွေ့အောင် ပုန်းကွယ်မနေကြပေ။

သို့သော် ထူးဆန်းနေသည်က ယခုအချိန်တွင် မိသားစုတစ်ခုလုံး ဧည့်ခန်းထဲတွင် စိတ်လှုပ်ရှားစွာ ထိုင်နေကြပြီး သူတို့၏မျက်နှာပေါ်မှ အပြုံးများပင် တောင့်တင်းနေကြသည်။ ကျိုးသခင်မ တစ်ယောက်တည်းသာလျှင် တောသူတစ်ယောက်၏ အမူအရာမျိုးမရှိဘဲ တည်တည်ငြိမ်ငြိမ် ရှိနေပြီး မြင့်မြတ်ကျော့ရှင်းသည့် အမူအရာဖြင့် ဧည့်ခံနေခြင်းပင်။

မိန်းမစိုးဝမ် လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရချိန်တွင် စုန့်တင်းရှန်းက အပြုံးဖြင့် စကားစလိုက်ပြန်သည်။

"နန်းတွင်းအရာရှိဝမ်... ကျွန်မတို့က ရွာသားတွေပါ၊ အခုမှ ခရိုင်မြို့ကို ပြောင်းလာတာဆိုတော့ ထုံးတမ်းစဉ်လာတွေကို သိပ်ပြီး နားမလည်သေးပါဘူး၊ တစ်ခုခု မှားနေတာ ရှိရင်လည်း ခွင့်လွှတ်ပေးပါရှင့်၊ ကျွန်မတို့ နားမလည်တာက... ခုနက သတင်းလာပေးတဲ့ စစ်သူကြီးငယ်က ကျွန်မတို့အားလုံး ဧကရာဇ်မင်းမြတ်ရဲ့‌ ရှေ့တော်ကို အခစားဝင်ရမယ်လို့ ပြောသွားလို့ပါ၊ အဲဒါက ဘာကြောင့်လဲဆိုတာ ကျွန်မတို့ သိခွင့်ရနိုင်မလားရှင့်"

မိန်းမစိုးဝမ်က အပြုံးဖြင့် ရှင်းပြလာသည်။

"ဒါက သတင်းကောင်းပါပဲ။ ကျိုးသခင်မ... မင်း မသိသေးတာ ဖြစ်မှာပါ၊ မင်းရဲ့ အငယ်ဆုံး ဦးလေး စုန့်ကျစ်ရွှမ်းက နန်းတွင်းစာမေးပွဲမှာ ပထမ ရခဲ့တယ်၊ သူက တော်ဝင်ကျောင်းတော်ကို ဝင်ခွင့်ရခဲ့ပေမယ့် စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ မှတ်တမ်းတွေကို ပြုစုဖို့ သူ့သဘောနဲ့သူ တောင်းဆိုခဲ့တယ်။ မင်းလည်း သိတဲ့အတိုင်း ဧကရာဇ်မင်းမြတ်က ငယ်ရွယ်ပြီး တိုင်းပြည်ကို အရမ်းချစ်မြတ်နိုးတာလေ။ စုန့်ကျစ်ရွှမ်းရဲ့ ခြေလှမ်းတိုင်းက ဧကရာဇ်မင်းမြတ်ကို သဘောကျစေခဲ့တယ်၊ ဒါက အကြောင်းရင်း တစ်ခုပေါ့"

"ဒုတိယအချက်အနေနဲ့ကတော့ ကျိုးသခင်မကို ဂုဏ်ပြုပါတယ်၊ မင်းရဲ့ခင်ပွန်းသည်က မြောက်ပိုင်းစစ်မြေပြင်မှာ ရန်သူ့ဘုရင်ကို ကိုယ်တိုင် ကွပ်မျက်ပြီး နှစ်ပေါင်းတစ်ရာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့လို့ အောင်ပွဲကြီး ရရှိခဲ့တယ်။ ဧကရာဇ်မင်းမြတ်က စစ်သူကြီးကျိုးကို အရမ်း သဘောကျတော်မူတာကြောင့် စတုတ္ထအဆင့် ရွှမ်ဝေစစ်သူကြီးအဖြစ် ခန့်အပ်လိုက်ပြီ"

"မင်းတို့မိသားစုက မြောက်ပိုင်းက စစ်သည်တော်တွေအတွက် ဘယ်လောက်တောင် ကူညီပေးခဲ့တယ်ဆိုတာ ဧကရာဇ်မင်းမြတ်က သိတော်မူလို့ မင်းတို့ကို တွေ့ဆုံချင်နေတာပါ"

စုန့်တင်းရှန်းက ကပျာကယာ ပြန်ပြောလိုက်သည်။

“ဒါက... ကျွန်မတို့ လုပ်ခဲ့တာတွေက အသေးအဖွဲလေးတွေပါပဲရှင်၊ ကျွန်မတို့က ဧကရာဇ်မင်းမြတ်ကို ဘယ်လိုလုပ်ပြီး အနှောက်အယှက်ပေးရဲမှာလဲ"

မိန်းမစိုးဝမ်က ပြန်ဖြေလိုက်သည်။

"ကျိုးသခင်မ... မင်းက အရမ်းကြင်နာတတ်ပါတယ်၊ ဧကရာဇ်မင်းမြတ်က တိုင်းပြည်အတွက် အကျိုးပြုတဲ့သူတွေကို အလွန်တန်ဖိုးထားပါတယ်။ အဲ့ဒါကြောင့် မင်းနဲ့ မင်းရဲ့မိသားစုကို မြို့တော်ကို မြို့တော်ကို ဖိတ်ခေါ်ဖို့ အထူးညွှန်ကြားခဲ့တာပါ၊ မင်းတို့ မြို့တော်ကို ရောက်တာနဲ့နောက်ထပ် ဆုလာဘ်တွေလည်း စောင့်ကြိုနေဦးမှာပါ"

စုန့်တင်းရှန်းက စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။

"ဒါပေမယ့်... အရာရှိမင်း မြင်တဲ့အတိုင်းပဲ၊ ကျွန်မတို့က လယ်သမားမိသားစုပါ၊ အခစားဝင်ရမယ့် ထုံးတမ်းစဉ်လာတွေကိုလည်း မသိကြဘူး၊ တကယ်လို့ ဧကရာဇ်မင်းမြတ်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိရင်..."

"ဧကရာဇ်မင်းမြတ်က အသေးအဖွဲလေးတွေကို လိုက်ပြီး အပြစ်ရှာတတ်တဲ့သူ မဟုတ်ပါဘူး၊ သခင်မ စိတ်အေးအေးထားလို့ ရပါတယ်၊ သိသင့်တဲ့ ကျင့်ဝတ်အမူအရာတွေနဲ့ ပတ်သက်တဲ့အပိုင်းတွေကိုတော့ ကျွန်တော်က လမ်းခရီးမှာ သင်ပေးသွားမှာမို့ စိုးရိမ်စရာမရှိပါဘူး"

စုန့်တင်းရှန်းတစ်ယောက် သက်ပြင်းချလိုက်မိပြန်သည်။ ဧကရာဇ်နှင့် တွေ့ရမည့်ကိစ္စက ရှောင်လွှဲ၍ မရနိုင်တော့မှန်း သူမ နားလည်လိုက်ပြီ ဖြစ်သည်။ တစ်ဖက်ကလည်း ဧကရာဇ်မင်းက တကယ့်ကို အားယားပြီး ပျင်းရိနေသည်ဟု သူမ ခံစားလိုက်ရသည်။

‘ဆုချချင်ရင် ပိုက်ဆံပဲ တိုက်ရိုက်ပေးလိုက်ပါတော့လား၊ ဘာလို့များ ဒီလောက်အဝေးကြီးက လူတွေကို ကိုယ်တိုင်လာတွေ့ခိုင်းနေရတာလဲ၊ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး’

စုန့်မိသားစုက မိန်းမစိုးဝမ်နှင့် သူ့အဖွဲ့သားများကို စားသောက်ပွဲဖြင့် ဧည့်ခံခဲ့ကြသည်။ သူတို့ စားသောက်ပြီးသည်နှင့် နောက်သုံးရက်ကြာလျှင် မြို့တော်သို့ ခရီးစတင်မည်ဟု ဆွေးနွေးတိုင်ပင်ကာ ပြန်ထွက်ခွာသွားကြသည်။

သူတို့ထွက်သွားပြီးမှ စုန့်ရှင်းယိတစ်ယောက် ယနေ့ကြားလိုက်ရသော သတင်းကြောင့် မှင်တက်နေရာမှ သတိပြန်ဝင်လာသည်။ ထိုသတင်းက အလွန်ပင် အံ့အားသင့်ဖွယ်ဖြစ်သောကြောင့် အံ့သြတုန်လှုပ်နေပြီး မိမိ၏ စိတ်ခံစားချက်ကို မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။

သူ၏ နှုတ်ခမ်းများက အတန်ကြာအောင် တဆတ်ဆတ် တုန်ယင်နေသောကြောင့် လီရှီက သူမ၏အဘိုးကြီး လေဖြတ်တော့မည်ဟု ထင်ကာ သူ့မျက်နှာကို ဖြန်းခနဲ ရိုက်ချလိုက်သည်။

"အား!"

စုန့်ရှင်းယိက သူ့ပါးကို အုပ်ရင်း မျက်လုံးပြူးဖြင့် ပြန်ကြည့်နေသည်။

"ဘာလို့ ငါ့ကို ရိုက်တာလဲ၊ ဒီအဘွားကြီးကတော့....."

လီရှီက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

"ကျွန်မ ရှင် မေ့လဲတော့မယ် ထင်လို့ပါ၊ ဘာမှမဖြစ်ရင်လည်း ပြီးတာပဲ"

အကြောင်းမဲ့ အရိုက်ခံရပြီးနောက် စုန့်ရှင်းယိ စိတ်ငြိမ်သွားသည်။

"မြို့တော်မသွားခင် ပဉ္စမခယ်မနဲ့ ဆဋ္ဌမညီရဲ့ မိသားစုကို အကြောင်းကြားသင့်လား၊ သူတို့ ငါတို့ဆီ လာရှာနေကြရင် ဘယ်လိုလုပ်မလဲ"

စုန့်တင်းရှန်းကလည်း စိတ်ပြန်အေးသွားပြီး အကြံပြုလိုက်သည်။

"ဦးလေးတကွေ့တို့ မိသားစုကို ဒီမှာ ထားခဲ့မယ်လေ၊ သူတို့လာရင် တိုက်ရိုက်ဝင်နေလို့ ရတာပေါ့၊ ဒါပေမယ့်... ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဖိုးတို့ မိသားစုတွေကိုပဲ ဝင်ခွင့်ပေးဖို့ မှာထားရမယ်၊ တခြားသူတွေကိုတော့ ပေးမဝင်ခိုင်းနဲ့"

လီရှီကလည်း အကြံဝင်ပေးလာခဲ့သည်။

"ဘာမှ မပြောတာပဲ ကောင်းမယ် ထင်တယ်၊ သူတို့ကို ပြောပြရင် ပြဿနာတက်နိုင်တယ်၊ ငါတို့ တိတ်တိတ်လေး ထွက်သွားပြီး တိတ်တိတ်လေး ပြန်လာကြမယ်"

စုန့်တင်းရှန်း ခေတ္တမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

"သခင်ကြီးဝမ်ကိုတော့ အကြောင်းကြားရမယ်၊ သူက ဗဟုသုတကြွယ်ဝတယ်၊ ပြီးတော့ သမီးတို့မိသားစုက သူတို့ကို လျစ်လျူရှုထားတယ်လို့ မမြင်သွားစေချင်ဘူး။ အရေးကြီးဆုံးက မြို့တော်ကို သွားရမယ့် ခရီးရှည်အတွက် လိုအပ်တဲ့ အဝတ်အစားတွေ ထုပ်ပိုးရမယ်၊ သင့်တင့်တဲ့ အဝတ်အစားတွေလည်း ထပ်ဝယ်ရဦးမယ်၊ ဒီမှာ မဝယ်ဘဲ မြို့တော်ရောက်မှပဲ ထပ်ဝယ်ကြမယ်၊ ဈေးကြီးရင်လည်း ကြီးပေါ့"

လီရှီက ပြောလာပြန်သည်။

"အဝတ်အစား နည်းနည်းလောက်ဝယ်ဖို့ကတော့ ပိုက်ဆံအလုံအလောက် ရှိပါတယ်၊ ဒါပေမယ့် ကလေးတွေကရော၊ ဧကရာဇ်မင်းမြတ်က မိသားစုတစ်ခုလုံး လာခိုင်းတာဆိုတော့ ကလေးတွေပါ လိုက်ရမှာလား, ကလေးတွေ မလိုက်ရင် သူတို့အမေတွေလည်း လိုက်နိုင်မှာ မဟုတ်ဘူး, ဒါပေမယ့် မြို့တော်ကို သွားပြီး အခစားဝင်ဖို့ဆိုတာက အရေးကြီးတဲ့ အခမ်းအနားကြီးလေ၊ ကြီးမားတဲ့အခွင့်အရေးဆိုလည်း ဟုတ်တယ်၊ တစ်ယောက်ယောက်ကို အိမ်မှာ ထားခဲ့ရရင်လည်း စိတ်အေးနိုင်မှာ မဟုတ်ဘူး"

"အဲဒီလိုဆိုရင်တော့ ရထားလုံးနှစ်စီးလောက် ထပ်ငှားကြတာပေါ့၊ အစကတော့ ဦးလေးတကွေ့ကို ဈေးထဲမှာ မြည်းတွေ ရှိမရှိ သွားကြည့်ခိုင်းမလို့ပဲ၊ အဲဒါကို ဒီရက်ပိုင်းအတွင်း အရင် ဖြေရှင်းရတော့မယ်၊ ကိုယ်ပိုင်လှည်းတွေရှိတော့ ပစ္စည်းတွေ သယ်ရတာလည်း ပိုလွယ်တာပေါ့"

"လက်ဝတ်ရတနာတွေကိုတော့ နည်းနည်းပဲ ယူကြမယ်၊ ခရီးဝေး သွားရမှာဆိုတော့ လူသိမခံဘဲ ပုံမှန်အတိုင်း သွားတာက ပိုဘေးကင်းမယ် ထင်တယ်"

"အိမ်မှာ အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ တို့ဖူးတွေနဲ့ ဆားဘဲဥတွေ ရှိသေးလား၊ ရှိရင် အကုန်ယူခဲ့ကြ။ လမ်းမှာ အစားအသောက် အဆင်မပြေရင် အဲ့ဒါတွေကိုပဲ အားကိုးရမှာ၊ အော်... အဖျားပျောက်ဆေးနဲ့ အရောင်ကျဆေးတွေလည်း ဝယ်ခဲ့ဦး"

စုန့်တင်းရှင်းက လျိုတကွေ့အား သူကြွယ်ကြီးဝမ်၏မိသားစုသို့ စေလွှတ်လိုက်ပြီး သူမတို့မြို့တော်သို့ သွားမည့်အကြောင်း အသိပေးခိုင်းလိုက်သည်။ ထို့နောက် စုန့်ကျစ်ယွမ်နှင့်အတူ ရွာသို့ ပြန်သွားပြီး သူမတို့ ခေတ္တ ခရီးထွက်မည့်အကြောင်းနှင့် အိမ်စောင့်ရန် လူရှိသောကြောင့် လိုအပ်ပါက သွားနေနိုင်ကြောင်း ဆဋ္ဌမအဘိုးတို့ မိသားစုအား ပြောပြခဲ့သည်။

သုံးရက်တာ အချိန်က အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။ မိန်းမစိုးဝမ် ရောက်လာချိန်တွင် သူတို့အားလုံးလည်း အဆင်သင့် ဖြစ်နေကြသည်။

မိန်းမစိုးဝမ်က အနီးနားရှိ တပ်စခန်းမှ မြင်းရထားနှစ်စီး စီစဉ်ပေးခဲ့သောကြောင့် သူတို့အတွက် လှည်းငှားရန် မလိုတော့ပေ။ သူ စီးလာသည့် ရထားလုံး၊ တပ်စခန်းမှ ရထားလုံးနှစ်စီးနှင့် စုန့်မိသားစု၏ မြည်းလှည်းကြီးတို့ ပေါင်းလိုက်ရာ လူအားလုံးအတွက် လုံလောက်သွားခဲ့သည်။

မြို့တော်သို့ ခရီးက လီပေါင်းထောင်ချီ သွားရမည် ဖြစ်ပြီး မြို့တော်သို့ ရောက်ရှိရန် အနည်းဆုံး နှစ်ပတ်ခန့်ကြာမြင့်မည် ဖြစ်သည်။ လမ်းခရီးတစ်လျှောက်တွင် စစ်သည်တော်များ လိုက်လံစောင့်ရှောက်ပေးသောကြောင့် အခက်အခဲအသေးအမွှားများမှ လွဲ၍ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သည်။

စားသောက်နေထိုင်ရေးအတွက် အစစ အရာရာကို မိန်းမစိုးဝမ်က ဦးဆောင် စီစဉ်ပေးထားသောကြောင့် သူတို့အတွက် ငွေကုန်ကြေးကျ မရှိခဲ့ပေ။ သို့သော် လှည်းစီးရသည့် ခရီးက အတော်ပင် ပင်ပန်းလှသည်။ ကလေးများက အဆင်ပြေကြသော်လည်း စုန့်ရှင်းယိနှင့် လီရှီတို့ကတော့ သိသိသာသာ နွမ်းနယ်နေကြပြီ ဖြစ်သည်။

မြို့တော်၏ မြင့်မားလှသော မြို့ရိုးကြီးများ စုန့်တင်းရှန်း၏ မျက်စိရှေ့မှောက်သို့ တဖြည်းဖြည်း ပေါ်လာသောအချိန်တွင် သူမ၏ စိုးရိမ်ပူပန်နေသော စိတ်များလည်း ရုတ်တရက် လျော့ပါးသွားခဲ့သည်။

"ဘာလို့ စိတ်လှုပ်ရှားနေရမှာလဲ"

စုန့်တင်းရှန်းတစ်ယောက် သူမဘာသာ ရေရွတ်နေခဲ့သည်။

‘ငါ အရင်တုန်းက ဧကရာဇ်နဲ့ မိဖုရားတွေ နေထိုင်ခဲ့တဲ့ နန်းတော်ကြီးကို လေ့လာရေးခရီး သွားခဲ့ဖူးတယ် မဟုတ်ဘူးလား၊ အခုတော့ အဲဒီထဲမှာ တကယ်နေနေတဲ့ လူတွေနဲ့ တွေ့ရုံတင်ပဲ မဟုတ်လား၊ မျးများနားထောင်၊ စကားကို လျှော့ပြော၊ မလိုအပ်တာတွေ မမေးနဲ့၊ ကျန်တာကတော့ ကံစီမံရာပဲပေါ့’

မိန်းမစိုးဝမ်က သူတို့ကို မြို့တော်ရှိ တည်းခိုဆောင်တစ်ခု၏ ခြံဝင်းငယ်လေးတွင် နေရာချပေးခဲ့သည်။ မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် သူလည်း နန်းတော်သို့ အစီရင်ခံရန် ကမန်းကတန်း ထွက်ခွာသွားခဲ့သည်။

စုန့်တင်းရှန်းက မိသားစုဝင်များကို အနားယူရန် စီစဉ်ပေးခဲ့ပြီး ပိုင်ရှီကိုခေါ်ကာ အဝတ်အစားဝယ်ရန်အတွက် ဈေးသို့ ထွက်လာခဲ့သည်။ အခြားသူများက အိမ်ပြင်မထွက်လိုကြသော်လည်း ပိုင်ရှီကတော့ အပြင်လောက အတွေ့အကြုံ အနည်းငယ်ရှိသူဖြစ်ရာ ဝန်လေးနေသည့်ကြားမှပင် လိုက်ပါလာခဲ့သည်။

သူတို့၏ ဇာတိမြို့ငယ်လေးနှင့်ယှဉ်လျှင် မြို့တော်ရှိ အဝတ်အစားများက အများကြီး ပိုခေတ်မီလှပသည်။ ပိတ်စများက နူးညံ့ပြီး အရောင်အသွေး စိုပြည်သော်လည်း ဈေးနှုန်းကလည်း အံ့မခန်းပင်။ သာမန် ဝတ်စုံတစ်စုံလျှင်ပင် အနည်းဆုံး ငွေနှစ်လျန်ခန့် ကျသင့်ရာ ထိုငွေက ရွာတွင် တစ်မိသားစုလုံးအတွက် အဝတ်အစားသစ် ချုပ်ပေးနိုင်သည့် ပမာဏဖြစ်နေလေသည်။

သို့သော်လည်း သုံးသင့်သည်ကို သုံးရမည်ဖြစ်သောကြောင့် သူတို့အားလုံးအတွက် ဝတ်စုံသစ်များ ဝယ်ယူခဲ့ကြသည်။ ထို့နောက် စားသောက်ဆိုင်မှ အစားအသောက်အချို့ကို ဝယ်ယူကာ လျှောက်လည်ချင်စိတ် မရှိတော့ဘဲ တည်းခိုခန်းသို့ တိုက်ရိုက် ပြန်လာခဲ့ကြသည်။

"တင်းရှန်း"

စုန့်တင်းရှန်း ခြံထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်စုံတစ်ဦးက သူမ၏အမည်အား ခေါ်နေသံကို ကြားလိုက်ရသည်။ ထိုအသံက စိမ်းသက်သယောင်ရှိသော်လည်း အလွန် စိတ်အားထက်သန်နေပုံရသည်။

သူမ မော့ကြည့်လိုက်ချိန်တွင် သူမ၏ရှေ့၌ အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပေါပါးသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ထိုသူ၏မျက်နှာက ရင်းနှီးသယောင် ရှိနေပြန်သည်။

ထိုလူက ကျိုးယိနိုမှလွဲ၍ မည်သူမျှ မဖြစ်နိုင်ချေ။

"ကျူးဇီကော??"

စုန့်တင်းရှန်းက အံ့သြမှင်တက်နေခဲ့သည်။

ဤခြောက်နှစ်တာ ကာလအတွင်း ကျိုးယိနိုက အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်အရွယ် လူငယ်လေးဘဝမှ မြင့်မားထွားကျိုင်းသည့် ရင့်ကျက်သော အမျိုးသားတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တစ်ချိန်က နုနယ်သောမျက်နှာက တည်ငြိမ်ရင့်ကျက်သွားပြီး ပခုံးများ ပိုကျယ်လာကာ အရပ်ကလည်း သိသိသာသာ ရှည်လာခဲ့သည်။

"ကျူးဇီကော” ဟူသော ခေါ်သံကို ကြားလိုက်သည်နှင့် သူမရှေ့မှ လူက မည်သူမှန်း ပိုင်ရှီ ချက်ချင်း သိသွားခဲ့သည်။ သူမက ပြုံးစိစိဖြင့် စုန့်တင်းရှန်း၏လက်ထဲမှ အထုပ်ကို ဆွဲကာ တည်းခိုဆောင်အတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။

"နင်တို့နှစ်ယောက် စကားပြောနေကြဦး၊ ငါ အထဲဝင်ပြီး ပစ္စည်းတွေ သွားထားလိုက်မယ်"

"ဇနီးလေး"

ကျိုးယိနို၏ မျက်နှာတွင် တောက်ပသော အပြုံးများ ပြည့်နှက်သွားပြီး ဖြူဖွေးသော သွားတန်းလေးများကိုပင် မြင်နေရသည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် စုန့်တင်းရှန်းအနီးသို့ တိုးလာပြီး နွေးထွေးကြင်နာဟန်ဖြင့် သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ထွေးပွေ့ထားလိုက်သည်။

"ဇနီးလေး"

သူက တိုးတိုးလေး ကပ်ခေါ်နေပြီး သူ၏အသံတွင် မြတ်နိုးမှုများ ပြည့်နှက်နေခဲ့သည်။

စုန့်တင်းရှန်းက ရုတ်တရက် ရှက်သွားပြီး သူမ၏မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။

ကျိုးယိနိုက သူ့ဇနီးအသစ်စက်စက်လေးကို အတန်ကြာအောင် ပွေ့ဖက်ထားပြီးမှ မချင့်မရဲဖြင့် ပြန်လွှတ်ပေးလိုက်ကာ ရယ်မောရင်း စနောက်လိုက်သည်။

"ဒီလောက် နှစ်တွေအကြာကြီးနေတာတောင် မင်းက ပုနေတုန်းပဲလား"

စုန့်တင်းရှန်း : “.....”

"နှစ်တွေ ကြာသွားတော့ ရှင့်ရဲ့သတ္တိက ပိုကောင်းလာပုံပဲနော်"

သူမက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ဧည့်ခန်းမဆောင်ဘက်သို့ လျှောက်နေရင်း သူ့ကို မေးလိုက်ပြန်သည်။

"ရှင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

ကျိုးယိနိုက ခွေးကြီးတစ်ကောင်ကဲ့သို့ သူမနောက်မှ တကောက်ကောက် လိုက်လာရင်း ပြန်ဖြေလိုက်သည်။

"ဝမ်ကုန်းကုန်း ပြန်ရောက်လာတာ မြင်လိုက်လို့ မင်းတို့ ရောက်ပြီဆိုတာ သိလိုက်ရတယ်၊ ကိုယ် ဒီကို အပြေးအလွှား လာခဲ့တာ၊ ဒါပေမယ့် မင်းက ဒီမှာ ရှိမနေခဲ့ဘူးလေ၊ ကိုယ် ဒီမှာ အကြာကြီး ထိုင်စောင့်နေခဲ့ရတာ"

"ကျွန်မ အဝတ်အစား သွားဝယ်တာပါ"

စုန့်တင်းရှန်းက ရေနွေးတစ်ခွက် ငှဲ့သောက်ရင်း ကျိုးယိနိုကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

‘မဖြစ်သေးဘူး၊ ငါ့မျက်နှာက အခုထိ နီနေတုန်း ဖြစ်လောက်တယ်’

သူမက သူမ၏ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းဟန့်ရင်း ထပ်ပြောလိုက်သည်။

"ဒီနှစ်တွေထဲမှာ ရှင် အပြင်မှာ အတော်လေး ရုန်းကန်ခဲ့ရမှာပဲနော်"

ကျိုးယိနိုက ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး စုန့်တင်းရှန်း၏ လက်ကို သူ့ဘက်သို့ ဆွဲယူကာ သေချာကြည့်နေပြန်သည်။

"ဟုတ်တယ်၊ တကယ့်ကို ပင်ပန်းခဲ့တာ။ ဒါပေမယ့် ကိုယ်တို့ အောင်ပွဲရရင် မင်းနဲ့ မိဘတွေကို တွေ့ဖို့ အိမ်ပြန်လာနိုင်မယ်ဆိုတာ သိနေတော့ အဲဒီပင်ပန်းမှုတွေက တန်ပါတယ်"

"ကျွန်မ ကြားတာက... ရှင် ရန်သူ့ဘက်က ဘုရင်ကို သတ်နိုင်ခဲ့တယ်ဆို"

စုန့်တင်းရှန်းက သူမ၏လက်အား ဆုပ်ကိုင်ထားသည့် တစ်ဖက်လူ၏ လက်ဖဝါးကြီးကြီးကို စိုက်ကြည့်နေပြီး သူမ၏ရင်ဘတ်က တဒိတ်ဒိတ် ခုန်နေလေသည်။

'ငါ့အသက်အရွယ်နဲ့ ယောင်္ကျားတစ်ယောက်ကြောင့် ဒီလောက်ထိ ရင်မခုန်တော့ဘူး ထင်ထားခဲ့တာ'

'ဒါပေမယ့် ကျိုးယိနိုကို မြင်တော့လည်း ငါ့နှလုံးသားက ခုန်နေတုန်းပဲ'

‘ဒါက သူ့အမှားပဲ၊ ဘာလို့ သူက ပိုပြီး ဆွဲဆောင်မှုရှိလာတာလဲ၊ ဘာလို့ ပိုပြီး ယောင်္ကျားပီသလာတာလဲ’

‘ဒီလို ချောမောတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ဘယ်သူက ငြင်းနိုင်မှာလဲ၊ ငါ အသက်ကြီးပြီး သွားတွေမရှိတော့တဲ့အချိန်ဆိုရင်တောင် ဒီလောက်ချောမောတဲ့ယောက်ျားကို ကြိုက်နေဦးမှာပဲ’

အသက်အရွယ်ကိုပင် အံတုနိုင်သည့် သူ၏ ဆွဲဆောင်မှုက အရှိန်အဝါ တစ်ခုလို ဖြစ်နေပြီး စုန့်တင်းရှန်းတစ်ယောက် သူမ နှစ်ပေါင်းများစွာ မခံစားခဲ့ရသော တောင့်တမှုနှင့် စိတ်ဆန္ဒအရိပ်အယောင်လေးများကို မထိန်းချုပ်ဖြစ်နေခဲ့သည်။

ကျိုးယိနိုက ခေါင်းညိတ်ပြရင်း ညည်းညည်းညူညူ ပြောနေပြန်သည်။

"ဟုတ်တယ်၊ ကိုယ် ရန်သူတွေရဲ့ မျိုးနွယ်စုထဲကို ခိုးဝင်ပြီး နှစ်နှစ်ကျော်လောက် ပုန်းအောင်းနေခဲ့တာ၊ နောက်ဆုံးမှ အခွင့်အရေး ရခဲ့တာလေ"

သူက ထိုအကြောင်းများကို အများကြီး မပြောချင်ပုံဖြင့် အခြားအကြောင်းကို စကားလွှဲလိုက်သည်။

"ဇနီးလေး၊ ကိုယ် ရာထူးတက်သွားပြီ၊ ဒီနေ့ကစပြီး မင်းက အရာရှိရဲ့ဇနီး ဖြစ်သွားပြီ"

စုန့်တင်းရှန်း၏ လက်ချောင်းလေးများက သူ၏မျက်နှာပေါ်ရှိ မထင်မရှား အမာရွတ်လေးကို ခပ်ဖွဖွလေး ပွတ်သပ်နေသည်။ သူမ၏ အကြည့်များက နူးညံ့နေပြီး သူမ၏အသံတွင် သူမ၏ပြတ်သားသော စိတ်ဓာတ်နှင့် မလိုက်ဖက်သည့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

"အရာရှိရဲ့ဇနီး ဖြစ်ရဖို့ ရှင့်ရဲ့ အသက်ကို ပေးဆပ်ရမယ်ဆိုရင် အရာရှိရဲ့ဇနီး မဖြစ်တာက ပိုကောင်းတယ်"

သူမက အသံတိုးတိုးလေးဖြင့် ပြောလိုက်ပြန်သည်။

"ကျွန်မ အဲဒါကို မလိုချင်ဘူး"

‘သူ နှစ်နှစ်ကျော်လောက် ရန်သူ့ရဲ့နယ်မြေထဲမှာ သူလျှိုလုပ်နေခဲ့ရတာပေါ့၊ ဒါက အိမ်ကို စာတွေ မရောက်တော့ဘဲ လျှို့ဝှက်တာဝန်တစ်ခု ရှိနေတယ်လို့ ပြောတဲ့ အချိန်ကစခဲ့တာပေါ့၊ တကယ့်ကို အန္တရာယ်များခဲ့မှာပဲ၊ ခြေလှမ်းတစ်လှမ်း မှားတာနဲ့ သူ အပြီးအပိုင် ပျောက်ကွယ်သွားနိုင်တာ မဟုတ်ဘူးလား’

ကျိုးယိနိုက သူမ၏လက်ကို ဆွဲထားပြီး သူ့လက်ဖဝါးထဲတွင် ဆုပ်နယ်နေကာ ရယ်မောနေပြန်သည်။ သူ့အသံတွင် တည်ကြည်မှုနှင့် နူးညံ့မှုတို့ ရောယှက်နေသည်။

"စစ်သားတစ်ယောက် ဖြစ်ရတာက ဒီလိုပါပဲ၊ လောင်းကစားတစ်ခုလိုပဲ၊ စစ်မြေပြင်ရဲ့ အလယ်ကို ရောက်သွားတာနဲ့ မသေချာတဲ့ အနာဂတ်ကို ရင်ဆိုင်ရတာပဲလေ၊ လူမသိ သူမသိ တိတ်တိတ်လေး သေသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အခွင့်အရေးကို ဆုပ်ကိုင်ပြီး စွန့်စားရဲရင် အောင်ပွဲနဲ့အတူ ပြန်လာနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်၊ ဘွဲ့ထူးဂုဏ်ထူးတွေတောင် ရနိုင်သေးတယ်၊ ကိုယ်ကတော့ အဲဒီအခွင့်အရေးကို ရယူနိုင်လောက်အောင် ကံကောင်းခဲ့တယ်”

သူက သူမ၏လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်ထားသော်လည်း သူမကို စိတ်သက်သာရစေရန် ချော့မော့ပေးနေသည်။ သူတို့၏ မျက်ဝန်များက တစ်ဦးကို တစ်ဦး စိုက်ကြည့်နေကြပြီး စကားလုံးများ မလိုဘဲ အပြန်အလှန် ဆက်သွယ်နေကြသည်။ သူတို့အကြည့်ချင်း ဆုံနေကြစဉ်တွင် အချိန်များက ရပ်တန့်နေသယောင် ဖြစ်နေလေသည်။

နောက်ဆုံးတွင် ကျိုးယိနိုက ပြုံးဖြဲဖြဲအမူအရာနှင့် စနောက်ချင်နေသည့်အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ဇနီးလေး.... နမ်းလို့ ရလား"

စုန့်တင်းရှန်းတစ်ယောက် မျက်နှာတစ်ခုလုံး ပူထူသွားပြီး သူ့ကို ဆူပူလိုက်သည်။

"ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ၊ နေ့ခင်းကြောင်တောင်ကြီးလေ၊ ရှင် ဒီကို ရောက်နေတာ ကြာပြီဆိုတော့ ကျွန်မတို့ရဲ့မိဘတွေကို တွေ့ပြီးပြီလား"

"အင်း၊ အဖေနဲ့ တွေ့ပြီးပြီ၊ အဖေပြောတာက အမေနဲ့ အဖိုးရယ် အဖွားရယ်က အနားယူနေကြတယ်တဲ့၊ ကိုယ် အဖေ့ကိုလည်း အနားယူဖို့ ပြောလိုက်တယ်။ မင်းလည်း လမ်းခရီးကြောင့် အတော်ပင်ပန်းလာမှာပဲ၊ ဒီနေ့တော့ အိပ်ရေးဝအောင် အိပ်လိုက်ဦး၊ မနက်ဖြန်ကျရင် ဧကရာဇ်မင်းမြတ်နဲ့ တွေ့ရဦးမယ်၊ ကိုယ် ပြောပြမယ်၊ မင်း ဘာမှ မကြောက်နဲ့နော်၊ ဧကရာဇ်မင်းမြတ်က အရမ်းကြင်နာတတ်တယ်၊ တခြားသူတွေနဲ့ စကားပြောသလိုပဲ ပြောလိုက်၊ မင်း တစ်ခုခု မှားပြောမိရင်တောင် သူက အပြစ်ယူမှာ မဟုတ်ဘူး"

ကျိုးယိနိုက မတ်တပ်ထရပ်လိုက်ပြီး မြန်ဆန်နေသော ရင်ခုန်သံကို ထိန်းချုပ်ကာ ပြောလိုက်ပြန်သည်။

"ကိုယ်... ကိုယ် မင်းနဲ့အတူ လိုက်အိပ်ပေးမယ်"

‘သူ့ရဲ့ ဇနီးလေး၊ ခြောက်နှစ်ကြာအောင် သူ လွမ်းဆွတ်ခဲ့ရတဲ့ သူ့ဇနီးငယ်လေးက နောက်ဆုံးတော့ သူ့ရင်ခွင်ထဲကို ပြန်ရောက်လာခဲ့ပြီ၊ သူ သူမကို တကယ်ကို လွမ်းနေခဲ့တာပါ’

"ဘာကို အိပ်မှာလဲ၊ ကျွန်မ ရှင့်ကို မေးစရာ ရှိသေးတယ်"

စုန့်တင်းရှန်းက ကျိုးယိနိုကို ထိုင်ခုံပေါ် ပြန်တွန်းပို့လိုက်သည်။ သူမစိတ်ထဲတွင် သူ့ကို တောင့်တနေမိသော်လည်း တစ်ဖက်တွင်လည်း မာနလေးက ခုခံနေဆဲပင်။

"မိန်းမစိုးဝမ် ပြောတာတော့ ရှင့်ကို စတုတ္ထအဆင့် ရွှမ်းဝေစစ်သူကြီးအဖြစ် ရာထူးခန့်အပ်လိုက်တယ်ဆို၊ အဲဒါဆို ရှင် မြို့တော်မှာပဲ တစ်သက်လုံး နေရတော့မှာလား"

ကျိုးယိနိုက ခေါင်းခါပြလာခဲ့သည်။

"မနေပါဘူး၊ မြို့တော်မှာ ဘာလို့ နေရမှာလဲ၊ ဒီမှာက အာဏာရှိတဲ့သူတွေချည်းပဲ၊ ခြေလှမ်းတစ်လှမ်း မှားတာနဲ့တင် တစ်ယောက်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိနိုင်တယ်၊ ကိုယ် ဧကရာဇ်မင်းမြတ်ကို ပြောပြီးပြီ၊ ဇာတိကိုပဲ ပြန်ချင်တယ်လို့ ပြောခဲ့တာ။ ကိုယ်တို့အိမ်ကလည်း မြောက်ပိုင်းမှာပဲဆိုတော့ အဲဒီမှာပဲ နေပြီး မြောက်ပိုင်းဒေသကို စောင့်ရှောက်ရင်း အေးအေးဆေးဆေး နေလို့ရတာပေါ့၊ ဇနီးလေး... မင်းရော မြို့တော်မှာ မနေချင်ဘူး မဟုတ်လား"

ထိုအချိန်မှသာ စုန့်တင်းရှန်းလည်း သက်ပြင်းချနိုင်သွားခဲ့သည်။

"ကျွန်မလည်း ဒီမှာ မနေချင်ဘူး၊ ဒီနေရာမှာ ဘာကောင်းတာရှိလို့လဲ၊ အရာအားလုံးက ဈေးကြီးလိုက်တာ လွန်ရော၊ အဝတ်အစား တစ်စုံတင် ငွေနှစ်လျန် ပေးခဲ့ရတယ်၊ ကျွန်မ ရင်တွေတောင် နာတယ်"

ကျိုးယိနိုက သူမကို ကြင်နာမှုအပြည့်ဖြင့် ပြုံးပြုံးကြီး ကြည့်နေပြန်သည်။ သူ၏ မျက်ဝန်းများထဲတွင် နွေးထွေးမှုများ ပြည့်လျှံနေသောကြောင့် စုန့်တင်းရှန်း၏ နှလုံးသားက တစ်ဖန် ခုန်လှုပ်သွားပြန်သည်။ သူက သူမအနားသို့ တိုးကပ်လာပြီး သူမ၏လက်ကလေးကို ညင်သာစွာ နမ်းလိုက်သည်။ သူ စကားတစ်လုံးမှ မပြောသော်လည်း ထိုအပြုအမူလေးကပင် သူမအပေါ် ထားရှိသည့် သူ့၏ချစ်ခြင်းမေတ္တာကို အပြည့်အဝ ဖော်ပြနေခဲ့သည်။

"ဧကရာဇ်မင်းမြတ်က ဘာလို့ ကျွန်မတို့ကို တွေ့ချင်တာလဲ၊ ရှင် သိလား"

စုန့်တင်းရှန်းက အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ သူမ၏ အမေးစကားတွင် သိချင်စိတ်နှင့် မျှော်လင့်ချက်များ ရောယှက်နေခဲ့သည်။

ကျိုးယိနိုက ခေါင်းညိတ်လိုက်သည်။

"စစ်သူကြီးမင်းကျုံးက မြောက်ပိုင်းက အကောင်းဆုံး ပစ္စည်းတွေကို မြို့တော်ကို ပို့ပေးခဲ့သလို သူ့စာထဲမှာလည်း ကိုယ်တို့မိသားစုအကြောင်း ကောင်းသတင်းတွေ အများကြီး ရေးပေးခဲ့တယ်။ ပြီးတော့ ကိုယ်ကလည်း ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တော့ ဧကရာဇ်မင်းမြတ်က ပိုသဘောကျသွားတာပေါ့၊ အဲ့ဒါအပြင် ကိုယ်တို့ရဲ့ အငယ်ဆုံးဦးလေးက စိုက်ပျိုးရေးမှတ်တမ်းတွေ ပြုစုပေးတော့မှာလေ၊ အဲဒါက ဧကရာဇ်မင်းမြတ် အလိုအပ်ဆုံးအရာပဲ၊ ကိုယ်တို့မိသားစုက လယ်သမားတွေ ဖြစ်ပေမယ့် ဒီလောက်အထိ ထူးချွန်တဲ့ မိသားစုတစ်ခု ဖြစ်လာအောင် ပျိုးထောင်နိုင်တာကို ဧကရာဇ်မင်းမြတ်က တကယ်ပဲ ချီးကျူးစရာလို့ မြင်နေတယ်၊ အဲ့ဒါကြောင့် တွေ့ချင်နေတာပါ"

စုန့်တင်းရှန်းက အနည်းငယ် ရှက်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မတို့ လုပ်ပေးခဲ့တာတွေက ဟင်းရွက်ချဉ်ထည့်ပေးတာတို့၊ လက်အိတ်ချုပ်ပေးတာတို့လောက်ပဲလေ၊ အဲဒါနဲ့တင် လုံလောက်လို့လား"

"တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကနေ ချပေးတဲ့ စစ်အသုံးစရိတ်တွေအပြင် မြောက်ပိုင်းကို အမှန်တကယ် ရောက်လာတဲ့ အသုံးဝင်ဆုံး ပစ္စည်းတွေက ကိုယ်တို့မိသားစုဆီကနေ လာတယ်ဆိုတာ မင်း သိလား၊ လက်အိတ်တွေ၊ သိုးမွှေးစောင်တွေ၊ ဟင်းရွက်ချဉ်တွေ၊ ငရုတ်နှစ်တွေ... ဒါတွေက မြောက်ပိုင်းမှာ အလိုအပ်ဆုံး အရာတွေလေ၊ အထူးသဖြင့် မိုးခေါင်ရေရှား ဖြစ်နေတဲ့အချိန် မင်း ပို့ပေးလိုက်တဲ့ ပန်းဂျုံမျိုးစေ့ လှည်းနှစ်စီးဆိုရင် အသုံးအဝင်ဆုံးပဲ၊ စစ်သူကြီးမင်းက အနီးနားက တပ်စခန်းတွေကို ခွဲပေးပြီး ချက်ချင်း စိုက်ခိုင်းခဲ့တာ၊ အဲဒီ ပန်းဂျုံတွေကို မုန့်ပေါင်း လုပ်ပြီး စားနိုင်ခဲ့တာကြောင့် မြောက်ပိုင်းမှာ မိုးခေါင်နေပေမယ့် ကိုယ်တို့ စစ်သည်တွေ ဆာလောင်မှုကို မခံစားခဲ့ရဘူး၊ တကယ်လို့ ကိုယ်က တိုင်းပြည်အတွက် အကျိုးပြုနိုင်ခဲ့တယ်ဆိုရင် ကိုယ်တို့မိသားစုကလည်း အပြည့်အဝ အကျိုးပြုနိုင်ခဲ့တာပဲ မဟုတ်လား"

"ဒါက သာမန် အားထုတ်မှုလေးတွေပါပဲ"

စုန့်တင်းရှန်းက ချီးကျူးခံရသောကြောင့် ဝမ်းသာပီတိဖြစ်နေပြီး လွင့်မြောနေသလို ခံစားနေရသည်။

ကျိုးယိနိုက အပြုံးဖြင့် ထပ်ရှင်းပြနေသည်။

"မြို့တော်မှာ ဘယ်မိသားစုက မချမ်းသာလို့လဲ၊ ဒါပေမယ့် အဲဒီလို 'သာမန် အားထုတ်မှုလေး' ကိုတောင် ဘယ်နှစ်ယောက်က လုပ်ခဲ့ကြလို့လဲ၊ ဧကရာဇ်မင်းမြတ်က ကိုယ်တို့မိသားစု လုပ်ဆောင်ခဲ့တာတွေကို သိသွားတော့ တကယ်ကို ဝမ်းသာပီတိ ဖြစ်သွားခဲ့တာ"

အမှန်တကယ်တွင် ဧကရာဇ်မင်းမြတ်က စုန့်မိသားစုအား ဆင့်ခေါ်ပြီး ဆုချီးမြှင့်မည်ဟု ပြောသည့်နေ့တွင် အမတ်အချို့က မသင့်တော်ကြောင်း ဝေဖန်ခဲ့ကြသေးသည်။

ဧကရာဇ်က ချက်ချင်း ဒေါသထွက်သွားပြီး ပြန်မေးခဲ့သည်။

"မသင့်တော်ဘူး ဟုတ်လား၊ သာမန် လယ်သမားမိသားစုတောင် မြောက်ပိုင်းက စစ်သည်တွေရဲ့ ဆင်းရဲဒုက္ခကို သိပြီး သူတို့ဆီက အစားအသောက်နဲ့ အဝတ်အထည်တွေကို ခြစ်ခြုတ် စုဆောင်းပေးခဲ့ကြတယ်။ မောင်မင်းတို့ကျတော့ရော... မောင်မင်းတို့ သိတာက မင်းတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ လျှောက်လဲချက်တွေပဲ ရှိတယ်။ မြောက်ပိုင်းက စစ်သည်တွေ ဗိုက်ဆာနေလား၊ အအေးမိနေလားလို့ ဘယ်သူကများ တွေးပေးခဲ့လို့လဲ၊ မင်းတို့အားလုံးကို သူတို့ကို ခေါ်ပြမလို့လေ၊ သာမန် လယ်သမားမိသားစုကတောင် မင်းတို့ထက် ပိုပြီး စိတ်ဓာတ်ခိုင်မာတယ်ဆိုတာ မြင်စေချင်လို့ပဲ!"

ဧကရာဇ်မင်းမြတ်၏ ထိုစကားအဆုံးတွင် နန်းတွင်းမှ တော်ဝင်ဆွေမျိုးတော်များနှင့် အမတ်ကြီးများ ရှက်လွန်းသောကြောင့် မျက်နှာများ နီမြန်းနေကာ ထိုနေရာ၏ကြမ်းခင်းကို အပေါက်ဖောက်ကာ ဝင်ပုန်းချင်နေကြတော့သည်။

စုန့်တင်းရှန်းက ကျိုးယိနို၏ ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်များကို နားထောင်ရင်း မရယ်ဘဲ မနေနိုင်ခဲ့ပေ။

"အဲလောက်ကြီးလည်း မဟုတ်ပါဘူး၊ အစတုန်းကတော့ ရှင် အဲဒီမှာ ရှိနေလို့၊ ရှင်တစ်ယောက်တည်း ဒုက္ခရောက်မှာ စိုးလို့ ပစ္စည်းတွေ ပို့ဖို့ စဉ်းစားခဲ့တာပါ၊ နောက်ပိုင်း စစ်သူကြီးကျုံးဆီကနေ အကူအညီ ရလာတော့ စစ်သည်တွေအတွက် ပိုပြီး လုပ်ပေးနိုင်ခဲ့တာပေါ့၊ မဟုတ်ရင် သိုးမွှေးကို ဘယ်မှာ သွားရှာရမှန်းတောင် သိမှာ မဟုတ်ဘူး၊ လက်အိတ်တွေ ပို့ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"

ကျိုးယိနိုက တဟားဟား ရယ်မောလိုက်ရာ သူ၏ရယ်သံက တိတ်ဆိတ်သော အခန်းလေးထဲတွင် နူးညံ့သော တေးသံတစ်ခုလို ပျံ့လွင့်နေသည်။ စုန့်တင်းရှန်းက သူမကိုယ်သူမ အနည်းငယ် အကဲပိုသွားသလို ခံစားနေမိပြီး သူမ၏ မျက်နှာလေးလည်း အနည်းငယ် နီမြန်းသွားသည်။ သူမက ရေတစ်ခွက် ငှဲ့ကာ ကျိုးယိနိုကို ကမ်းပေးရင်း မေးလိုက်ပြန်သည်။

"ရော့... ရေသောက်လိုက်ဦး၊ ဧကရာဇ်နဲ့ တွေ့ပြီးရင် ကျွန်မတို့ အိမ်ပြန်လို့ ရပြီလား"

ကျိုးယိနိုက ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်ဝန်းများတွင်လည်း ကျေနပ်မှုနှင့် တောင့်တမှုများ ရောယှက်နေခဲ့သည်။

"ရတာပေါ့၊ ကိုယ်လည်း အခုချက်ချင်း အိမ်ပြန်ပြီး ကိုယ်တို့ရဲ့ ခန်ကြီးပေါ်မှာ စိတ်အေးလက်အေး လှဲအိပ်ချင်တယ်၊ မြို့တော်ရဲ့ ဟန်ဆောင်ပန်ဆောင် ထုံးတမ်းစဉ်လာတွေကို တကယ် စိတ်ကုန်နေပြီ"

နောက်ပြောင်စကား အနည်းငယ် ပြောပြီးနောက် ကျိုးယိနိုက ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလာပြန်သည်။

"အော်... ကိုယ် ခုမှ သတိရသွားတာ တစ်ခု ရှိတယ်၊ ရှချမ်းက ကန်းနင်ခရိုင်မှာ ခရိုင်အမတ်မင်းအဖြစ် အမှုထမ်းနေတာကို မင်း သိလား"

"ဘာလို့ ရုတ်တရက်ကြီး သူ့အကြောင်း ထပြောတာလဲ"

စုန့်တင်းရှန်းက လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ပြန်ဖြေလိုက်သည်။

"သူ ခရိုင်အရာရှိ ဖြစ်သွားတာကိုပဲ သိတယ်၊ ဘယ်ကို ရောက်သွားလဲဆိုတာတော့ မသိဘူး"

"ကန်းနင်မှာလည်း သိုးတွေ အများကြီး မွေးကြတယ်။ ရှချမ်းက လက်အိတ်ရက်တဲ့ နည်းလမ်းကို ရှာတွေ့သွားပုံပဲ၊ သူက သိုးမွှေးတွေ အများကြီးဝယ်ပြီး အဲဒီမှာ သိုးမွှေးအလုပ်ရုံတောင် ဖွင့်ထားသေးတယ်"

စုန့်တင်းရှန်း ခေတ္တလောက် စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။

"စုန့်ထောင်ဟုန်က နည်းလမ်းကို ခိုးယူသွားတာ ဖြစ်မှာပေါ့၊ သူက ရှချမ်းဆီ သွားခဲ့တာလေ၊ သူနဲ့ မတွေ့ရတာလည်း သုံးနှစ်တောင် ရှိနေပြီ၊ အခု ဘယ်လိုနေလဲတော့ မသိဘူး၊ ဒါပေမယ့် ရှချမ်း သိုးမွှေးအလုပ်ရုံ ဖွင့်တာလည်း ကောင်းတဲ့အချက်ပါပဲ၊ အနည်းဆုံးတော့ ဒေသခံတွေအတွက် အလုပ်အကိုင်နဲ့ ငွေရဖို့ အခွင့်အလမ်းတစ်ခု ဖြစ်တာပေါ့"

ကျိုးယိနိုက ခေါင်းခါရင်း ထပ်ပြောလာပြန်သည်။

"အဲဒီလောက် မရိုးရှင်းဘူးလို့ ကိုယ် ထင်တယ်၊ ကိုယ် ကြားမိတဲ့ ကောလာဟလအရဆိုရင် ရှချမ်းက ကုန်သည်တွေနဲ့ ပေါင်းပြီး သိုးမွှေးတွေကို ဈေးပေါပေါနဲ့ ဝယ်၊ ပြီးတော့ ဈေးကြီးကြီးနဲ့ ပြန်ရောင်းပြီး ငွေတွေ အများကြီး ရှာနေတာတဲ့၊ တစ်ယောက်ယောက်က အဲဒီသိုးမွှေးထည်တွေကို အထူးအဆန်းအဖြစ် ဧကရာဇ်ဆီ ဆက်သခဲ့ပေမယ့် အဲဒီအချိန်မှာ ဧကရာဇ်မင်းမြတ်က ကိုယ်တို့မိသားစု မြောက်ပိုင်းကို သိုးမွှေးတွေ ပို့နေတာ သိပြီးနေပြီလေ၊ ဒါကြောင့်... ဧကရာဇ်မင်းမြတ်က အရမ်း ဒေါသထွက်နေတာ၊ အခု ရှချမ်းရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ လူလွှတ်ထားတယ်လို့ ကြားတယ်၊ ကိုယ် စိတ်ပူတာက"

စုန့်တင်းရှန်းက လန့်ဖျတ်သွားပြီး ထခုန်လိုက်သည်။

"တကယ်လို့ သူ တစ်ခုခု အမှားလုပ်ခဲ့ရင် ကျွန်မတို့မိသားစုကိုပါ ရိုက်ခတ်လာနိုင်မလား"

"ကိုယ်တို့ကိုတော့ မထိခိုက်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့မျိုးရိုးက ရှလေ၊ ကိုယ်တို့က ကျိုးနဲ့ စုန့်ပဲ"

"ဒါပေမယ့် သူ့မိန်းမက စုန့်ထောင်ဟုန်လေ"

"အဲ့ဒါ ဟုတ်တယ်၊ ဒါပေမယ့်... ဟိုဘက်မှာ သူ့ဇနီးရဲ့ မျိုးရိုးက စုန့် မဟုတ်ဘဲ ရှီလို့ ပြောသံ ကြားတယ်"

"ဘာ"

ထိုစကားက စုန့်တင်းရှန်းကို လုံးဝ မှင်တက်သွားစေသည်။

"ထောင်ဟုန်က သူ့မျိုးရိုးနာမည်ကို ပြောင်းလိုက်တာလား၊ အဲဒီလောက်အထိ လုပ်ဖို့ လိုလို့လား"

All Chapters