ဝမ်းနည်းဖွယ် အတွေ့အကြုံ
Vol. 8 Ch. 77
ကျိုးယိနို၏ မျက်လုံးများက သဘောကျရိပ်များဖြင့် တောက်ပနေပြီး စုန့်တင်းရှန်း၏ နူးညံ့သော ပါးပြင်လေးအား ဆွဲဖဲ့ကာ သူ့လက်မဖြင့် သူမ၏ မေးရိုးတစ်လျှောက် ခပ်ဖွဖွ ပွတ်သပ်နေပြန်သည်။ သူမက အလွန် ချစ်စရာကောင်းလွန်းသောကြောင့် သူ၏ ရင်ထဲတွင် တည်ငြိမ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေသော နွေးထွေးမှုများ ပြည့်လျှံနေခဲ့သည်။
စုန့်တင်းရှန်းတစ်ယောက် ရှက်သွေးဖြန်းသွားပြီး သူမ၏မျက်နှာက ပန်းရောင်ရင့်ရင့်သို့ ပြောင်းသွားကာ သူ၏လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်လွှာချထားလိုက်သည်။ သူမက ပြေပြစ်သော ကိုယ်ဟန်ဖြင့် မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ထွက်ပြေးသွားတော့သည်။
"ဒီနေ့ ဟင်းပွဲတွေထဲမှာ ဘာတွေပါလဲဆိုတာ သွားကြည့်လိုက်ဦးမယ်၊ ရှင် ဒီည ဒီမှာပဲ တည်းမှာလား၊ ဒါမှမဟုတ် ညစာစားပြီးရင် ပြန်သွားရမှာလား"
သူမ၏ အသံက တိုးညင်းနေပြီး အနည်းငယ် မောဟိုက်သံများလည်း ပါဝင်နေလေသည်။
ကျိုးယိနိုက သက်ပြင်းတစ်ချက်ချရင်း ပြန်ဖြေလိုက်သည်။
"ညစာ စားပြီးရင် စစ်မက်ရေးရာဝန်ကြီးဌာနကို ပြန်သွားရမယ်၊ အခုက ခွင့်ရက်နဲ့ မြို့တော်ထဲမှာ နေ နေတာဆိုတော့ တခြားရွေးချယ်စရာ မရှိဘူး၊ အိမ်ပြန်ရောက်သွားရင်တော့ ပိုအဆင်ပြေသွားမှာပါ"
စုန့်တင်းရှန်းက သက်ပြင်းချကာ စိတ်အေးသွားဟန်ဖြင့် ကျိုးယိနိုကို တစ်ချက်ကြည့်ပြီးနောက် တည်းခိုခန်း၏မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
ကျိုးယိနိုက သူမ ထွက်ခွာသွားသည်ကို ကြည့်နေပြီး သူ့လက်ချောင်းထိပ်တွင် ကျန်ရစ်ခဲ့သော ရနံ့လေးကို ရှူရှိုက်နေရင်း နွေးထွေးမှုနှင့်အတူ အပြစ်ရှိသလို ခံစားနေရသည်။
‘ငါ့အသက်က ဘယ်လောက် ရှိပြီလဲ၊ ဇနီးလေးနဲ့ ပြန်တွေ့ရတာကို ဘာလို့ ဒီလောက်တောင် ဂနာမငြိမ် ဖြစ်နေရတာတုန်း....
ဒါက…
ဟီး ဟီး.....’
သူတို့နှစ်ဦး ဝေးကွာနေခဲ့ရသော နှစ်များစွာကိုလည်း သူ ပြန်လည်တွေးတောနေမိသေးသည်။ သူမကို အိမ်မက်မက်ခဲ့ရသော မရေမတွက်နိုင်သည့် ညများစွာ ရှိခဲ့ပြီး ယခု သူမက သူ လက်လှမ်းမီသည့်နေရာတွင် ရနေသောကြောင့် အချိန်များ အလျင်အမြန် ကုန်ဆုံးသွားမည်ကို စိုးရိမ်စိတ်နှင့်အတူ သူ စိတ်လောမိနေသည်။ ဆုံးရှုံးခဲ့ရသော အချိန်များအတွက် အစားထိုးနိုင်ရန် အခိုက်အတန့်တစ်ခုစီတိုင်းကို သူ တန်ဖိုးထားနေမိသည်။
‘နောက်ဆုံးတော့ ငါ့ဇနီးလေးနဲ့ ပြန်ဆုံရပြီ၊ တကယ်ကို ကောင်းလိုက်တာ’
စုန့်မိသားစုဝင်များက တစ်ရှီးချန်ခန့် အနားယူပြီးနောက် တစ်ယောက်ပြီး တစ်ယောက်နိုးလာကြသည်။ ဧည့်ခန်းမတွင် ထိုင်နေသော ကျိုးယိနိုကို မြင်လိုက်သည်နှင့် လူတိုင်း အလွန်အမင်း ဝမ်းသာသွားကြသည်။ အထူးသဖြင့်ဖန့်ရှီက ကျိုးယိနို၏ လက်ကို ဆွဲထားပြီး ကံကောင်းကြောင်း တတွတ်တွတ် ပြောကာ မျက်ရည်များ စီးကျနေရှာသည်။
သူမ၏ အကြီးဆုံးသမီးက အိမ်ထောင်ရေး ကံမကောင်းခဲ့ဘဲ ကလေးနှင့်အတူ အိမ်မှ ထွက်လာခဲ့ရသည်။ အကယ်၍ သမီးအငယ်ပါ အိမ်ထောင်ရေး ကံမကောင်းလျှင် သူမ ရင်ကျိုးရပေတော့မည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးယိနိုက ကိုယ်လက်အင်္ဂါအစုံအလင်ဖြင့် ပြန်ရောက်ရှိလာခဲ့သည်။
ထမင်းစားနေစဉ်အတွင်း ဖန့်ရှီက ကောင်းနိုးရာရာ ဟင်းများကို ကျိုးယိနို၏ ပန်းကန်ထဲသို့ အဆက်မပြတ် ထည့်ပေးနေသည်။
"မင်းက အရပ်လည်း ရှည်လာတယ်၊ အသားလည်း ညိုသွားတယ်၊ အသားများများ စား၊ ကြည့်ရတာ အရင်ကထက် ပိန်သွားသလိုပဲ"
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"သူက ဘယ်နားမှာ ပိန်သွားလို့လဲ၊ အရင်ကထက် ပိုပြီး သန်မာလာတာ အသိသာကြီးကို"
"နင်က ဘာသိလို့လဲ၊ ဒါက အပေါ်ယံ အသားပြည့်နေရုံတင်ပဲ ရှိတယ်၊ သူ အပြင်မှာ တချိန်လုံး တိုက်ပွဲဝင်နေရတာလေ၊ ဘယ်မှာ သွားပြီး ကောင်းကောင်းမွန်မွန် စားရမှာတုန်းအေ့၊ ကြည့်ရင်တော့ အတော်လေး သန်မာပုံပေါ်နေပေမယ့် အတွင်းထဲမှာတော့ အားနည်းနေမှာပဲ"
ဖန့်ရှီက သားမက်ဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေပြီး တတွတ်တွတ် ဆက်ပြောနေပြန်သည်။
"များများ စား၊ အိမ်ပြန်ရောက်ရင် ငါတို့ မင်းကို သေချာ ဂရုစိုက်ပေးမယ်၊ အခုမှ ပြန်လာတာ တော်သေးတာပေါ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ကလို တစ်မိသားစုလုံး မိုးခေါင်ရေရှားဒဏ်ခံနေရတုန်းသာ ပြန်ရောက်လာရင် ကျွေးစရာတောင် ဘာမှ ရှိမှာ မဟုတ်ဘူး"
မြောက်ပိုင်းတွင် မိုးခေါင်ခဲ့သည်ကို ကျိုးယိနိုလည်း သိထားခဲ့ပြီး ဖန့်ရှီက ထိုအကြောင်း ပြောလာချိန်တွင် သူကလည်း ပြန်ပြောလိုက်သည်။
"အဲဒီတုန်းက ကျွန်တော်လည်း အိမ်အတွက် အရမ်းစိတ်ပူနေခဲ့တာ၊ စာရေးလို့လည်း မရတော့ ဘယ်လိုမှ မေးဖို့ အဆင်မပြေခဲ့ဘူး၊ နောက်ပိုင်းမှ စစ်သူကြီးကျုံးဆီကနေ လျှို့ဝှက်စာ ရောက်လာပြီး အားလုံး အဆင်ပြေကြောင်း သိရလို့ စိတ်အေးသွားရတာ၊ အဲ့ဒီနှစ်နှစ်အတွင်း မိုးခေါင်တုန်းက အားလုံး အဆင်ပြေကြရဲ့လား၊ ဘာတွေ ဖြစ်ခဲ့သေးလဲ"
ဖန့်ရှီက ပြန်ဖြေလိုက်သည်။
"ဘာမှ မဖြစ်ဘူး၊ ဘာဖြစ်စရာ ရှိလဲ၊ အိမ်မှာ ဝက်တွေ ရှိနေတာပဲ၊ အကုန်သတ်လိုက်တာပေါ့၊ ဒီနှစ်မှ နောက်ထပ် အသစ်တွေ ပြန်မွေးထားရတယ်၊ မိုးခေါင်တဲ့အချိန်တုန်းက တောင်ပေါ်က ဝံပုလွေတွေနဲ့ တောဝက်တွေတောင် ဆင်းလာကြသေးတယ်၊ ဒါပေမယ့် ငါတို့ရွာဘက်တော့ မလာခဲ့ဘူး၊ တခြားရွာတွေကို သွားပြီး ဒုက္ခပေးကြတာ၊ တချို့လူတွေဆို ဓားပြတောင် ဖြစ်ကုန်ကြတယ်၊ ငါတို့ရွာအဝင်က မိသားစုအချို့ဆို ဓားပြတိုက်ခံရပြီး အိမ်တွေ မီးရှို့ခံရသလို အသတ်ခံရတဲ့သူတွေတောင် ရှိတယ်၊ သူတို့တွေ ဘယ်လိုတောင် ရက်စက်နိုင်ကြမှန်း မသိတော့ဘူး"
ကျိုးယိနိုက ပြန်ပြောလိုက်သည်။
"အမေ မစိုးရိမ်ပါနဲ့တော့၊ နောက်ပိုင်းကျရင် ကျွန်တော် မြောက်ပိုင်းမှာပဲ တပ်စွဲဖို့ ဧကရာဇ်မင်းမြတ်ဆီကို လျှောက်တင်ထားပြီးပြီ၊ ဧကရာဇ်မင်းမြတ်ကလည်း သဘောတူထားတယ်၊ ကျွန်တော်တို့ရွာမှာပဲ အိမ်ဆောက်ပြီး အခြေချ နေထိုင်ကြမယ်၊ ဒီလိုမျိုးတွေ နောက်ထပ် မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်"
"ကောင်းတယ်၊ ကောင်းတယ်... အဲ့ဒါ တကယ်ကောင်းတယ်၊ ဒါနဲ့ အာ့နွီ မင်းကို မပြောရသေးဘူးလား၊ ငါတို့ အိမ်ပြောင်းလိုက်ပြီ၊ အခု ခရိုင်မြို့ကို ပြောင်းလိုက်တာ"
ဖန့်ရှီက ထပ်ပြောပြလိုက်သည်။
ကျိုးယိနိုက စုန့်တင်းရှန်းကို အံ့ဩတကြီး လှမ်းကြည့်ရင်း မေးလိုက်ပြန်သည်။
"ကိုယ်တို့ ခရိုင်မြို့မှာ အိမ်ဝယ်လိုက်တာလား"
“အင်း၊ ကျွန်မတို့ ပိုက်ဆံနည်းနည်း ရှာနိုင်ခဲ့တယ်လေ၊ မိုးခေါင်မှုကြောင့် ကပ်ဘေး ပြင်းထန်တဲ့အချိန်မှာ အဲ့ပိုက်ဆံတွေကို အိမ်မှာ ထားရင် မလုံခြုံမှာ ကြောက်လို့ အိမ်ဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတာ၊ အဲဒါက ခြံဝင်းသုံးဝင်း ပါတဲ့ အိမ်ကြီးဆိုတော့ တော်တော်လေး ကျယ်တယ်"
"ဘာလို့ ရုတ်တရက်ကြီး ခရိုင်မြို့ကို ပြောင်းလိုက်ကြတာလဲ"
ကျိုးယိနိုက နားမလည်သေးဟန်ဖြင့် ထပ်မေးလိုက်သည်။
စုန့်တင်းရှန်းက စုန့်ရှင်းယိကို လှမ်းကြည့်လိုက်သောကြောင့် စုန့်ရှင်းယိက ပုခုံးတွန့်ရင်း မကျေမနပ် ပြောလာပြန်သည်။
"ဘာလို့ ငါ့ကို လာကြည့်နေတာလဲ၊ ဘာမှ မဖြစ်ပါဘူးကွာ၊ ခရိုင်မြို့က ပိုပြီး အေးအေးချမ်းချမ်း ရှိလို့ပါ"
အစပိုင်းတွင် စုန့်တင်းရှန်းက ရှီမျိုးနွယ်အမည်ရှိသော ရှချမ်း၏ဇနီးနှင့် ပတ်သက်သည့် ကောလာဟလများအား သူမ၏ မိသားစုအား ပြောပြတိုင်ပင်ရန် စဉ်းစားထားခဲ့သော်လည်း ၎င်းက ကောလာဟလမျှသာ ဖြစ်နိုင်ပြီး မှားယွင်းနေနိုင်သည်ဟု သူမ တွေးတောနေမိပြန်သည်။ အကယ်၍ သူမ ထုတ်ပြောလိုက်ပါက မလိုအပ်ဘဲ ထိတ်လန့်မှုများ ဖြစ်စေနိုင်သည်။ ထို့အပြင် ၎င်းက အမှန်ဖြစ်ခဲ့လျှင်လည်း သူမတို့မိသားစုနှင့် ပတ်သက်မှု မရှိနိုင်ချေ။ ရှချမ်း မည်မျှပင် ပြဿနာရှာပါစေ သူမတို့အိမ်အထိ ရောက်လာမည် မဟုတ်သော်လည်း ရှမိသားစုကတော့ ကံဆိုးမှုအချို့နှင့် ကြုံတွေ့ရနိုင်သည်ဟု ကျိုးယိနို ပြောခဲ့သည်ကလည်း မှန်ကန်နေလေသည်။
မနက်ဖြန်တွင် ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် မိသားစုဝင်များအားလုံး ကြက်သွန်မြိတ်ပင် မစားရဲကြပေ။ အရက်လည်း မသောက်ရဲသောကြောင့် ဝမ်းဗိုက်ကို ရိုးရိုးရှင်းရှင်း ဖြည့်တင်းလိုက်ကြပြီး စကားစမြည် ပြောနေကြသည်။
ကျိုးယိနိုကလည်း ယခင်ကကဲ့သို့ ရှက်တတ်ပြီး စကားနည်းသူ မဟုတ်တော့ပေ။ သူလည်း စစ်တပ်အတွင်း ခြောက်နှစ်ကြာ ဖြတ်သန်းခဲ့ရသောကြောင့် အများကြီး ရင့်ကျက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ကျိုးယိနို၏ မျက်လုံးများက နွေးထွေးမှုများဖြင့် တောက်ပနေပြီး စစ်တပ်နှင့် မြို့တော်အကြောင်း ပုံပြင်များကို စိတ်အားထက်သန်စွာ ပြောပြနေသည်။ သူ၏ စကားများကြားတွင် ရယ်မောသံများနှင့် နောက်ပြောင်မှုများ ရောယှက်နေကာ စုန့်တင်းရှန်း၏ လက်ကို မကြာခဏ ထိတွေ့နေခြင်းက သူ၏ တိုးပွားလာသော အရှက်မရှိမှုကို သက်သေပြနေသကဲ့သို့ပင်။
ညစောင့်သမား၏ ဗုံသံ မြည်လာခြင်းက ကုန်ဆုံးသွားသော အချိန်များကို သတိပေးနေခဲ့သည်။ ကျိုးယိနိုက လေးလံသော နှလုံးသားဖြင့် စုန့်တင်းရှန်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ့၏ လက်ချောင်းများဖြင့် သူမ၏ မျက်နှာလေးကို ထိတွေ့နေလေသည်။ သူက မချင့်မရဲဖြင့် သူမကို ပြန်လွှတ်ပေးလိုက်ပြီး နောက်တစ်နေ့တွင် ပြန်လာမည်ဟု ကတိပေးလိုက်သည်။ သူ တည်းခိုခန်းမှ ထွက်မသွားမီ လွမ်းဆွတ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူမကို ကြည့်နေပြန်သည်။
ထိုည အိပ်ရာမဝင်မီတွင် ဖန့်ရှီက စုန့်တင်းရှန်းကို တတွတ်တွတ် ဆုံးမနေလေသည်။ သူမ၏ယောက်ျား ပြန်ရောက်လာသောကြောင့် ဘဝကို မည်မျှပိုကောင်းအောင် နေရမည်မှ စ၍ ကလေးဘယ်နှစ်ယောက်ယူသင့်လဲဆိုသည်အထိ အဆက်မပြတ် ပြောနေခဲ့သည်။ နောက်ဆုံးတွင် စုန့်တင်းရှန်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ ရပ်ပေးရန် တောင်းပန်လိုက်သည်။
"အဲ့တုန်းက နင်က အရမ်းငယ်သေးတော့ နင့်ကို မထိဖို့ ငါတို့ သူကို တောင်းဆိုခဲ့ရတယ်၊ ဒါပေမယ့် အခု နင်က အရွယ်ရောက်နေပြီလေ၊ ဘယ်လိုလုပ်ပြီး သူ့ကို ထိခွင့်မပေးရတာလဲ၊ ငါက နင့်အတွက် ပြောနေတာနော်၊ နင့်ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ မကြောက်နဲ့၊ နင့်အစ်မဆိုရင် နင့်အရွယ်မှာ သူ့ကလေးတောင် သုံးနှစ်လောက် ရှိနေပြီ၊ ကဲပါ၊ အိပ်တော့၊ နင်က ငါ နင့်ကို စိတ်အနှောင့်အယှက် ပေးနေတယ်လို့ တွေးနေတာမလား"
စုန့်တင်းရှန်းက သူမ၏ ပါးပြင်ကို ပုတ်ရင်း အခန်းထဲသို့ အမြန်အပြေးပြန်ဝင်လာခဲ့သည်။ အခန်းထံသို့ ရောက်ချိန်တွင်လည်း စုန့်ယွိလန်၏ စနောက်ချင်နေသော အပြုံးကို မြင်လိုက်ရပြန်သည်။ သူမ၏ ရင်ဘက်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်နေပြီး ပါးပြင်များ နီမြန်းနေကာ လက်များကလည်း အနည်းငယ် တုန်ယင်နေသည်။ သူမ စိတ်တည်ငြိမ်စေရန် ပါးပြင်ကို အကြိမ်အနည်းငယ် ပုတ်လိုက်သော်လည်း မျက်နှာပေါ်ရှိ နီမြန်းမှုက ပို၍ သိသာလာသည်။ စုန့်ယွိလန်က သူမကို အပြုံးတစ်ဝက် အမူအရာဖြင့် စိုက်ကြည့်နေသည်။
"အစ်မ၊ ဘာမှ မပြောနဲ့တော့၊ အိပ်ကြမယ်"
စုန့်တင်းရှန်းက တိုးညင်းသော လေသံဖြင့် တောင်းပန်လိုက်သည်။ သူမက နောက်ပြောင်တတ်သော အစ်မဖြစ်သူကြောင့် ထပ်မံရှက်ရွံ့ရမည့် အခြေအနေကို ရှောင်လွှဲလိုနေခြင်းပင်။ စုန့်ယွိလန်က ချစ်ခင်စနောက်လိုသော မျက်လုံးများဖြင့် တိုးတိုးလေး ရယ်မောလိုက်သည်။
စုန့်ယွိလန်က သူမဘေးတွင် အိပ်ပျော်နေသော တာ့ပေါင်ကို ခပ်ဖွဖွ ပုတ်ပေးရင်း ပြန်ပြောလိုက်သည်။
"ငါ ဘာမှ မပြောပါဘူး၊ နင် စိတ်ကြိုက်သာ လုပ်ပါ၊ ငါက ဘာပြောရမှာလဲ"
"အစ်မကလည်း အမေ့လို တတွတ်တွတ် ပြောနေမှာ စိုးလို့ပါ"
စုန့်တင်းရှန်းက ပြောနေရင်း ရေနွေးဇလုံတစ်ခု ယူလာကာ ကိုယ်လက်သန့်စင်ပြီး ခြေထောက်ကို ရေစိမ်လိုက်သည်။
"အစ်မ၊ အစ်မရော စိတ်လှုပ်ရှားနေလား"
စုန့်ယွိလန်က ပြန်ပြောလိုက်သည်။
"ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ အများကြီး ပြောရမယ့်သူ မဟုတ်ဘူးလေ၊ တကယ်လို့ ဧကရာဇ်မင်းမြတ်က တစ်ခုခုမေးလာရင်လည်း သိသလောက်ပဲ ဖြေလိုက်မှာပေါ့"
စုန့်တင်းရှန်းက သူမ၏ ခြေထောက်များကို ရေစိမ်ရင်း ပြန်ပြောလိုက်သည်။
"ဧကရာဇ်မင်းမြတ်က ကျွန်မတို့ အကုန်အားလုံးကို ဝင်ခွင့်ပေးမှာတော့ မဟုတ်လောက်ဘူး၊ ဖြစ်နိုင်တာက အဖိုးရယ်၊ အဖေနဲ့ အကြီးဆုံးဦးလေးတို့လောက်ပဲ သွားရမှာပါ"
စုန့်ယွိလန်က မျက်လုံးလေးဝိုင်းသွားပြီး ပြန်မေးလိုက်သည်။
"ဒါဆို ဘာလို့ ငါတို့တစ်မိသားစုလုံးကို ဆင့်ခေါ်ရတာလဲ"
စုန့်တင်းရှန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
"ကျွန်မတို့အားလုံး အတွေ့အကြုံနဲ့ ဗဟုသုတရအောင်လို့ ဖြစ်မှာပေါ့၊ အခုလို အခွင့်အရေးသာ မရှိရင် အစ်မ မြို့တော်ကို ရောက်ဖူးပါ့မလား"
စုန့်ယွိလန်က ခေါင်းခါရင်း ပြောလာပြန်သည်။
"မြို့တော်ကို ထားပါဦး၊ ငါက ခရိုင်မြို့ကိုတောင် ရောက်ဖူးတာ မဟုတ်ဘူး၊ မြို့တော်က တကယ်ကို ကြီးမားပြီး လူတွေလည်း အများကြီးပဲ၊ ခုနန အပြင်ကို ခဏလှမ်းကြည့်လိုက်တာတောင် ပစ္စည်းအမျိုးမျိုး ရောင်းနေတဲ့ လူတွေ အများကြီးပဲ၊ တကယ်ကို စည်ကားတာပဲ"
"ပစ္စည်းတွေလည်း ဈေးကြီးတယ်လေ၊ ကြည့်ကောင်းတဲ့ အဝတ်အစားတစ်ထည်ဆိုရင်တောင် ငွေနှစ်လျန်လောက် ပေးရတယ်၊ အဲဒါကြောင့် ကျွန်မနဲ့ အဒေါ်အငယ်ဆုံးဆိုရင် နှမြောလွန်းလို့ အဖိုးအဖွားတွေ၊ မိဘတွေနဲ့ ဦးလေးတွေ၊ အဒေါ်တွေအတွက် အဝတ်အစားကောင်းတွေ ဝယ်လာခဲ့တယ်၊ ကျွန်မတို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းလေးတွေပဲ ဝယ်လာခဲ့တယ်"
စုန့်တင်းရှန်းက ခြေထောက်ဆေးပြီးနောက် ရေများကို သွန်ပစ်လိုက်ပြီး အဝတ်အစားလဲကာ ခုတင်ပေါ်တွင် ဝင်လှဲလိုက်သည်။
"မြို့တော်ကလူတွေ အားလုံးက ခုတင်ပေါ်မှာပဲ အိပ်ကြတာလား၊ သူတို့ ခန်တွေနဲ့ပဲ အိပ်ကြမယ်လို့ ငါ ထင်ထားတာ"
"ဟုတ်လို့လား၊ မြို့တော်ကလူတွေက ခန်တွေနဲ့ မအိပ်ကြဘူးလား၊ ဒါဆို ဆောင်းတွင်းကျရင် မချမ်းဘူးလား၊ ဒါပေမယ့် အရာရှိကြီးတွေရဲ့ အိမ်တွေကတော့ ကြမ်းပြင်ကို အပူတာတွေ ရှိမှာပေါ့၊ မြို့တော်က အကောင်းဆုံး တည်းခိုခန်းတွေမှာဆိုရင် ဆောင်းတွင်းမှာ ကြမ်းပြင်ကို အပူပေးဖို့ သစ်သားကောင်းကောင်းတွေနဲ့ လုပ်ထားတဲ့ ကုတင် ကျယ်ကျယ်ဝန်းဝန်းရှိတယ်လို့ အစေခံတွေ ပြောတာ ကြားဖူးတယ်"
စုန့်ယွိလန်က စောင်ကိုဆွဲကာ လှဲချလိုက်ရင်း ထပ်ပြောလိုက်သည်။
"တာ့နွီ၊ နင်ရော အဲ့လို မထင်ဘူးလား၊ မြို့တော်က ငါတို့အိမ်ထက် ပိုနွေးသလိုပဲ"
"ဒီနေရာက တောင်ဘက်ပိုင်းဆိုတော့ မနွေးဘဲ ဘယ်နေပါ့မလဲ"
စုန့်တင်းရှန်းက စောင်ပါးလေးကို ခြုံလိုက်ပြီး အခန်းထောင့်တွင် ချိတ်ထားသော ဆေးအိတ်လေးများကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ဒီမှာ ခြင်သိပ်မရှိဘူး၊ တွေ့လား၊ အဲဒီဆေးအိတ်လေးကြောင့်လေ၊ ပြန်ရင် အဲဒါတွေ အများကြီး ဝယ်သွားရမယ်၊ မဟုတ်ရင် အိမ်က ခြင်တွေကြောင့် ကျွန်မပဲ အရှင်လတလတ် အစားခံရတော့မှာပဲ"
"နင်ကလည်း ဘာလို့ ခြင်တွေကို အဲ့လောက်ဆွဲဆောင်နိုင်ရတာလဲ"
ညီအစ်မနှစ်ဦးသည် စကားတပြောပြောနှင့် တဖြည်းဖြည်း အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဝမ်ကုန်းကုန်းက လူတစ်စုနှင့်အတူ ရောက်ရှိလာပြီး သူ့မျက်နှာတွင် အပြုံးများ ပြည့်နှက်နေလေသည်။ သူက သားမြီးယပ်ကို ခါရင်း ပြောလာခဲ့သည်။
"စုန့်သခင်ကြီးနဲ့ သခင်မကြီးတို့ ကောင်းကောင်း အိပ်ပျော်ကြရဲ့လား"
စုန့်ရှင်းယိက အမြန် ပြန်ဖြေလိုက်သည်။
"နန်းတွင်းအရာရှိကြီးရဲ့ မေတ္တာကြောင့်ပဲ အားလုံး အိပ်ပျော်ကြပါတယ်"
"အခု အားလုံး နိုးနေကြပြီလား"
ဝမ်ကုန်းကုန်းက ယနေ့တွင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ယခင်ကထက် ပို၍ ခန့်ညားထည်ဝါနေသော်လည်း သူ၏ မျက်နှာကတော့ ဖော်ရွေနူးညံ့ဆဲပင်။
ထို့ကြောင့်လည်း ဧကရာဇ်မင်းမြတ်၏ အမြင်တွင် သူမတို့မိသားစုက အဆင့်အတန်း တစ်ခုရှိနေသည်ကို စုန့်တင်းရှန်း နားလည်လိုက်ရသည်။ ထိုသို့မဟုတ်ပါက နန်းတွင်းမှ မိန်းမစိုးတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုပြီး ဧကရာဇ်နှင့် တွေ့ဆုံရန် နံနက်စောစော လာခေါ်မည် မဟုတ်ပေ။
စုန့်ရှင်းယိက ပြန်ဖြေလိုက်သည်။
"အားလုံး နိုးနေကြပါပြီ၊ မိုးလင်းကတည်းက နိုးနေကြတာပါ၊ နန်းတွင်းအရာရှိကြီးကို မေးပါရစေ၊ ကျွန်တော်တို့ တစ်မိသားစုလုံး သွားရမှာလား"
မိန်းမစိုးဝမ်က အပြုံးဖြင့် ပြန်ဖြေလာသည်။
"ဒါက အလွန်ဝမ်းမြောက်စရာ ကောင်းတဲ့ ကိစ္စပါပဲ၊ ဧကရာဇ်မင်းမြတ် စိတ်ပျော်နေတာဆိုတော့ တစ်မိသားစုလုံး လာဖို့ ခွင့်ပြုလိုက်တယ်၊ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ"
တံခါးဝတွင် ရပ်ထားသော မြင်းရထားတွင် နန်းတော်၏ အမှတ်အသား ပါရှိသည်။ စုန့်မိသားစုဝင်များက မြင်းရထားပေါ်သို့ တစ်ယောက်ပြီး တစ်ယောက်တက်လိုက်ကြသည်။ ရထားအတွင်းပိုင်းက ကျယ်ဝန်းလှပြီး လူခြောက်ဦး၊ ခုနစ်ဦးခန့် ဝင်လိုက်သော်လည်း ကျဉ်းကျပ်နေခြင်းမျိုး မရှိပေ။ ခေါက်၍ရသော လက်ဖက်ရည်စာပွဲဝိုင်းလေးပင် ရှိနေပြီး ထိုစားပွဲလေးပေါ်တွင် မုန့်ပန်းကန်အချို့ တင်ထားသေးသည်။
လိုက်ပါလာသော မိန်းမစိုးငယ်လေးက အပြုံးဖြင့် ဧည့်ခံနေသည်။
"တကယ်လို့ နံနက်စာ မစားရသေးရင် ဒီမုန့်လေးတွေနဲ့ ဗိုက်ဖြည့်ထားကြပါဦးခင်ဗျ၊ ဒါပေမယ့် အများကြီးတော့ မစားလိုက်ပါနဲ့၊ နန်းတော်ထဲရောက်ပြီး ဧကရာဇ်မင်းမြတ် ရှေ့တော်မှောက်ရောက်မှ အနေရခက်တာမျိုး ဖြစ်နေရင် ဧကရာဇ်မင်းမြတ် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်လို့ပါ"
သူက ထိုသို့ပြောလာသောကြောင့် မည်သူက မုန့်မစားရဲကြတော့ချေ၊ ကလေးများပင်လျှင် မုန့်ပန်းကန်ကို လက်မလှမ်းရဲဘဲ စိုက်ကြည့်နေကြရုံသာ တတ်နိုင်ရှာသည်။
ဝမ်ကုန်းကုန်းက တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဤမိသားစုက အိန္ဒြေရှိသည်ဟု တွေးကာ စိတ်အေးသွားခဲ့သည်။
မြို့တော်ကြီးက အလွန်ကျယ်ဝန်းလှသောကြောင့် တည်းခိုဆောင်မှ နန်းတော်တံခါးဝသို့ ရောက်ရန် အမွှေးတိုင်နှစ်တိုင်စာခန့် အချိန်ကြာမြင့်ခဲ့သည်။ နန်းတော်တံခါးဝသို့ ရောက်လာချိန်တွင် မိန်းမစိုးဝမ်က သူတို့ကို ရထားလုံးပေါ်မှ ဆင်းခိုင်းပြီး အတွင်းသို့ ခေါ်ဆောင်သွားသည်။
စုန့်တင်းရှန်းက သူမ၏ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နန်းတော်က သူမ ယခင်က မြင်ဖူးခဲ့သည်နန်းတော်နှင့် ဆင်တူနေသော်လည်း အစောင့်အကြပ်များစွာ ဝန်းရံထားသည်။
ရံဖန်ရံခါတွင် မိန်းမစိုးများနှင့် နန်းတွင်းအစေခံများက ခပ်သွက်သွက် သွားလာနေကြပြီး လူအုပ်ကြားထြတွင် တိုးဝှေ့လမ်းလျှောက်ရသလို စည်ကားဆူညံခြင်းမျိုး မဟုတ်ဘဲ နန်းတော်၏ ခန့်ညားထည်ဝါမှုကို ပို၍ ပေါ်လွင်စေသည်။
နောက်ထပ် နာရီဝက်ခန့် လမ်းလျှောက်ပြီးမှသာ ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံရမည့်နေရာသို့ ရောက်ရှိလာခဲ့သည်။
ဝမ်ကုန်းကုန်းက အပြုံးဖြင့် ရှင်းပြနေသည်။
"ဒါက တော်ဝင်ဥယျာဉ်တော်ထဲက အပန်းဖြေနန်းဆောင်လေးပါ၊ ဧကရာဇ်မင်းမြတ်က လူကြီးမင်းတို့ အနေရခက်မှာကို စိုးရိမ်တာကြောင့် ယန်ရှင်းနန်းဆောင်မှာ တွေ့ဆုံဖို့ မစီစဉ်ခိုင်းခဲ့တာပါ"
စုန့်တင်းရှန်းက အနည်းငယ် ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်သည်။
"ဧကရာဇ်မင်းမြတ်ရဲ့ ကြင်နာမူအတွက် ကျေးဇူးတင်ပါတယ်၊ နန်းတွင်းအရာရှိမင်းဝမ်ကိုလည်း ကျေးဇူးတင်ပါတယ်"
ဝမ်ကုန်းကုန်းက ပြုံးရုံသာ ပြုံးနေပြီး သူ့ဘေးနားမှ မိန်းမစိုးငယ်လေးကို အချက်ပြလိုက်သည်။
ထိုမိန်းမစိုးငယ်လေးက ဦးညွှတ်လိုက်ပြီး အစိမ်းရောင် ပိတ်ပါးစများ ဝန်းရံထားသော နားနေဆောင်ဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ ခဏအကြာတွင် သူ ပြန်ထွက်လာပြီး ပြောလာခဲ့သည်။
"ဧကရာဇ်မင်းမြတ်က အတွင်းမှာ လက်ဖက်ရည် သောက်နေပါတယ်၊ စုန့်သခင်ကြီး၊ စုန့်သခင်မကြီး၊ ကျိုးသခင်မနဲ့ မိသားစုဝင်တွေ စကားပြောဖို့ အတွင်းကို ဝင်ကြပါ"
စုန့်တင်းရှန်းတို့မိသားစုလည်း မိန်းမစိုးငယ်လေးနောက်မှ ဖြည်းဖြည်းချင်း လိုက်ပါသွားကြသည်။
သူတို့ နန်းတွင်းသို့ မရောက်မီကပင် ဝမ်ကုန်းကုန်းက နန်းတော်အတွင်း ဟိုကြည့်ဒီကြည့်လုပ်ခြင်းက အရှက်ရစရာ ဖြစ်ကြောင်းနှင့် စည်းကမ်းမရှိခြင်းက မလေးမစားပြုမိသလို ဖြစ်ကာ ပြဿနာဖြစ်လွယ်ကြောင့် သတိပေးထားခဲ့သည်။ ထို့ကြောင့် စုန့်တင်းရှန်း၏ အစောပိုင်း အကဲခတ်မှုမှ လွှဲလျှင် သူတို့အားလုံးက ခေါင်းငုံ့ပြီး လမ်းလျှောက်နေကြသည်။
ကလေးများပင်လျှင် အသက်ကို ပြင်းပြင်းမရှူရဲကြဘဲ လူကြီးများ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားကြသည်။
နားနေဆောင်ဟု ခေါ်သော်လည်း အတွင်းပိုင်းက အလွန်ကျယ်ဝန်းလှသည်။ စုန့်တင်းရှန်းတို့က မိန်းမစိုးငယ်လေး၏ လမ်းညွှန်မှုဖြင့် ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။ ထို့နောက်တွင် အရှေ့ဘက်မှ ဩဇာညောင်းသော အသံတစ်သံကို ကြားလိုက်ရသည်။
"စစ်သူကြီးကျိုး၊ ဒါ မောင်မင်း အမြဲတမ်း တသသဖြစ်နေရတဲ့ ဇနီးသည်လား"
ကျိုးယိနို၏ အသံက ချက်ချင်း ထွက်ပေါ်လာသည်။
"ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ဇနီးသည်က ခြောက်နှစ်တိုင်တိုင် ဝေးကွာနေခဲ့ရတာပါ၊ နေ့စဉ်နေ့တိုင်း သူ့ရဲ့ အနားမှာ ရှိနေချင်တဲ့ စိတ်နဲ့ပဲ အချိန်တွေကို ဖြတ်သန်းခဲ့ရတာပါ၊ သူ့ရဲ့ ချစ်ခြင်းနဲ့ အဖော်ပြုမှု မရှိတာက ကျွန်တော်မျိုးရဲ့ နှလုံးသားအတွက် အမြဲတမ်း နာကျင်မှုတစ်ခု ဖြစ်ခဲ့ရပါတယ်၊ သူ့ရဲ့ ခိုင်မာတဲ့ ပံ့ပိုးမှု၊ ယုံကြည်မှုနဲ့ နူးညံ့တဲ့ အားပေးမှုတွေသာ မရှိခဲ့ရင် ကျွန်တော်မျိုး ဒီလောက်အထိ အောင်မြင်မှု ရနိုင်ပါ့မလားလို့ သံသယဖြစ်မိပါတယ်၊ သူက ကျွန်တော်မျိုး အောင်မြင်မှုတွေဆီ လျှောက်လှမ်းနိုင်ဖို့ လမ်းပြပေးခဲ့တဲ့ လူပါပဲ"
ဧကရာဇ်က အားရပါးရ ရယ်မောပြီးမှ ပြောလာပြန်သည်။
"သာမန်လူတွေကြားက ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်မဟုတ်လား၊ အိမ်ထောင်ပြုဖို့ ဇနီး ရှာတဲ့အခါ အကျင့်စာရိတ္တကောင်းသူကိုပဲ ရွေးချယ်ရမယ်ဆိုတာလေ၊ ဒါက မှန်နေတာပဲ မဟုတ်လား၊ မင်းမှာ အရမ်းကောင်းတဲ့ ဇနီးတစ်ယောက် ရှိနေတာကို ငါကိုယ်တော် မြင်နိုင်ပါတယ်၊ အရမ်းကောင်းတယ်၊ ကဲ အားလုံး ထကြ၊ သင့်တော်တဲ့နေရာမှာ ထိုင်ကြပါ"
မိန်းမစိုးငယ်လေးက စုန့်ရှင်းယိနှင့် လီရှီကို ဘေးနားမှ ထိုင်ခုံများတွင် ထိုင်ရန် လမ်းညွှန်ပေးနေပြီး ကျန်လူများကိုတော့ အနောက်ဘက်ရှိ ပန်းထိုး ထိုင်ဖုံများပေါ်တွင် ထိုင်စေခဲ့သည်။ စိတ်လှုပ်ရှားမှုကြောင့် လူတိုင်းက တောင့်တောင့်ကြီး ထိုင်နေကြပြီး ခေါင်းကို အနည်းငယ် ငုံ့ထားကာ ဟိုဟိုဒီဒီလည်း မကြည့်ရဲကြချေ။
ဧကရာဇ်က ထပ်ပြောလာပြန်သည်။
"မောင်မင်းတို့တွေ အဲ့လောက် တောင့်တင်းနေဖို့ မလိုပါဘူး၊ မောင်မင်းတို့ အနေခက်မှာကို စိုးရိမ်လို့ ငါကိုယ်တော်က ဒီနေရာမှာ တွေ့ဆုံဖို့ စီစဉ်ခိုင်းလိုက်တာပါ၊ အိုး... ကျိုးယိနို၊ မောင်မင်းရဲ့ ဇနီးက စကားပြောကောင်းတယ်လို့ ငါကိုယ်တော် ကြားဖူးထားတာ၊ အခုတော့ ဘာလို့ ဒီလောက်တိတ်ဆိတ်နေရတာလဲ"
ကျိုးယိနိုက ပြန်လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးရဲ့ ဇနီးက ရွာထဲမှာပဲ နေပြီး အလုပ်ကိုပဲ ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့တာပါ၊ ခရိုင်မြို့ကို ပြောင်းရွှေ့လာတာတောင် မကြာသေးဘူးဆိုတော့ အခုလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသေးပါဘူး၊ အရှင်မင်းမြတ်နဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလဲ"
ဧကရာဇ်မင်းက ပြုံးရုံသာ ပြုံးနေပြီး ခဏအကြာတွင် ထပ်ပြောလာပြန်သည်။
"မောင်မင်းရဲ့ ဇနီးကို ရှေ့ကို လာခိုင်းလိုက်ပါ၊ ငါကိုယ်တော် သူ့ကို မေးစရာတွေ ရှိတယ်"
ကျိုးယိနိုက သူမကို ရှေ့သို့ ခေါ်ဆောင်သွားစဉ် စုန့်တင်းရှန်း၏ ရင်ခုန်သံများက မြန်ဆန်နေခဲ့သည်။ မိန်းမစိုးငယ်လေးက သူမ၏နောက်တွင် ထိုင်ခုံတစ်လုံး ချပေးလိုက်သော်လည်း သူမ ဝင်ထိုင်ရန် တွန့်ဆုတ်နေမိသည်။ သူမ၏လက်ဖဝါးများတွင် ချွေးစေးများ ထွက်နေပြီး အသက်ရှူသံများကလည်း တိုတောင်းနေကာ မောဟိုက်နေသလို ခံစားနေရသည်။ သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောယှက်နေခဲ့သည်။
"သွားထိုင်လိုက်ပါ၊ အရှင်မင်းမြတ်က မေးခွန်းနညးနည်း မေးရုံတင်ပါ၊ မေးတာကိုပဲ ဖြေလိုက်ရင် ရပြီ"
ကျိုးယိနိုက ဇနီးသည်၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ကာ အားပေးလိုက်ပြီး သူက ဘေးသို့ ပြန်ရွှေ့သွားသည်။
စုန့်တင်းရှန်းက သူမ၏သတ္တိကို စုစည်းလိုက်ပြီး ခေါင်းကို မော့ကာ ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။ ဧကရာဇ်က အသက်သုံးဆယ်ကျော်ခန့်ရှိပြီး ချောမောသည့်အပြင် ကျက်သရေရှိပြီး ခန့်ညားထည်ဝါသော ရုပ်ရည်မျိုး ဖြစ်သည်။
သူမအနေဖြင့် နဂါးတစ်ပါး၏ အရှိန်အဝါမျိုးကို မခွဲခြားနိုင်သော်လည်း အကယ်၍ ဤဧကရာဇ်သာ ခေတ်သစ်ကာလ၌ ရှိနေမည်ဆိုလျှင် ဧကရာဇ်နေရာမှ သရုပ်ဆောင်သည့် မင်းသားများထက် ပိုခန့်ညားနေမည်ဟု တွေးနေမိသည်။ ထိုအပြင် သူက အစစ်အမှန် ဧကရာဇ်တစ်ပါး ဖြစ်နေသေးသည်။
သူမ၏ ဘဝသက်တမ်းတစ်လျှောက်တွင် သက်ရှိထင်ရှား ဧကရာဇ်စစ်စစ်ကို မြင်တွေ့ခွင့်ရခြင်းက စုန့်တင်းရှန်းအတွက် အလွန်ပင် ကျေနပ်အားရစရာ ဖြစ်နေပြန်သည်။
"ငါကိုယ်တော် မေးချင်တာက... မယ်မင်းက သာမန် အိမ်ထောင်ရှင်မတစ်ယောက်ပဲ၊ ဘာဖြစ်လို့ အဲဒီပစ္စည်းတွေကို မြောက်ပိုင်းဒေသဆီ ပို့ဖို့ တွေးမိခဲ့တာလဲ"
စုန့်တင်းရှန်းက မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်သော်လည်း ဧကရာဇ်က လက်ကာပြရင်း ပြောလာခဲ့သည်။
"ထိုင်ပြီးတော့ ဖြေလို့ ရတယ်"
ထိုအခါမှသာ စုန့်တင်းရှန်းလည်း ပြန်ထိုင်လိုက်ပြီး အဖြေကို ပြန်လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ တကယ်တော့ အစပိုင်းတုန်းက ကျွန်တော်မျိုးမမှာ တခြားရည်ရွယ်ချက် မရှိခဲ့ပါဘူး၊ အဲဒီတုန်းက အိမ်မှာ သိုးတွေ ရှိနေတော့ သိုးမွှေးတချို့ ညှပ်လို့ ရခဲ့ပါတယ်၊ မြောက်ပိုင်းဒေသက ဘယ်လောက်အေးတယ်ဆိုတာ သိထားတော့ ကျွန်တော်မျိုးမရဲ့ ခင်ပွန်းသည် နှင်းကိုက်နာ ဖြစ်မှာ စိုးရိမ်မိပြီး လက်အိတ်နဲ့ ဒူးစွပ်တွေ လုပ်ပြီး ပို့ပေးခဲ့တာပါ၊ ဒါပေမယ့် နောက်မှ ပြန်စဉ်းစားမိတာက မြောက်ပိုင်းမှာ စစ်သည်တွေအများကြီး ရှိနေတဲ့အကြောင်းပါ၊ အဲဒါကြောင့် ပိုပြီးတော့ လုပ်ပေးလိုက်တာပါ၊ ဒါက ကျွန်တော်မျိုးမရဲ့ စေတနာအနည်းငယ်သာ ဖြစ်ပါတယ်၊ သိုးမွှေးက ရှားပါးပေမယ့် ကံကောင်းထောက်မစွာနဲ့ စစ်သူကြီးကျုံးရဲ့ အကူအညီ ရခဲ့လို့ အဲဒီလို လက်အိတ်မျိုးတွေ ပိုလုပ်နိုင်ခဲ့ပြီး တော်တော်များများ ပို့ပေးနိုင်ခဲ့တာပါ"
ဧကရာဇ်က ခပ်တိုးတိုး ရယ်မောပြီး ထပ်ပြောလာခဲ့သည်။
"လက်အိတ်တွေတင် မကပါဘူး၊ ကြိမ်နဲ့ရက်လုပ်ထားတဲ့ ချပ်ဝတ်တွေ၊ ဝတ်ရုံတိုတွေ၊ သားရေနဲ့ချုပ်ထားတဲ့ ဖိနပ်အပေါ်ပိုင်းတွေ၊ အသားခြောက်နဲ့ ငရုတ်နှစ်တွေလည်း ပါသေးတာပဲ၊ နောက်ပိုင်း မိုးခေါင်ရေရှားမှု ပြင်းထန်နေတဲ့မချိန်မှာတောင် စစ်သူကြီးကျုံး ပို့ပေးတဲ့ သိုးမွှေးတွေနဲ့ နူးညံ့တဲ့ သိုးမွှေးစောင်တွေ အမြန်လုပ်ပြီး မြောက်ပိုင်းဒေသကို ပို့ပေးခဲ့တယ်လို့ ငါကိုယ်တော် ကြားတယ်"
စုန့်တင်းရှန်းက ပြန်လည် လျှောက်တင်လိုက်သည်။
"ဒါက သာမန် ကြိုးစားမှုလေးတစ်ခုပါ၊ လက်အိတ်တွေအတွက် နူးညံ့တဲ့ သိုးမွှေးကို ရွေးချယ်ပြီး ရက်လုပ်ခဲ့တာပါ၊ အဲ့ဒါမှ ဝတ်တဲ့အခါ အရမ်းနွေးပြီး လက်ကို မစူးစေမှာပါ၊ လက်အိတ်တွေ လုပ်လို့ ပိုနေတဲ့ သိုးမွှေးတွေနဲ့ ရိုးရှင်းတဲ့ ပုဝါတွေ၊ ခြုံထည်တွေကိုလည်း ရက်လုပ်ခဲ့ပါသေးတယ်၊ ဒါပေမယ့် အဲဒါတွေကိုတော့ မြောက်ပိုင်းကို မပို့ဘဲ မြို့ထဲမှာပဲ ပြန်ရောင်းလိုက်ပါတယ်"
ဧကရာဇ်က နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားနေပြီးမှ ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး ပြောသည်။
"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ၊ လူအများစုက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂုဏ်ဖော်ရမလဲဆိုတာပဲ သိကြတာ၊ မင်းကတော့ ကျန်တဲ့ သိုးမွှေးတွေကို ရောင်းချလိုက်တယ်လို့ ပြောနေတယ်ပေါ့၊ တကယ်ပါပဲ"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ် အပြစ်မယူဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်မျိုးမတို့ မိသားစုက ချမ်းသာတာ မဟုတ်ပါဘူး၊ လက်အိတ်တွေ လုပ်ဖို့ လူတွေ ငှားခဲ့ရပါတယ်၊ အစပိုင်းမှာ အလုပ်သမားခတွေ ပေးပြီးတဲ့နောက် ငွေကြေး အခက်အခဲ ရှိလာလို့ပါ၊ ကျန်တဲ့ သိုးမွှေးတွေက နည်းနည်း ကြမ်းပေမယ့် အသုံးတည့်နေသေးတာကို တွေ့ခဲ့ရပါတယ်၊ ကျေးလက်က လူတွေအနေနဲ့ နွေးနေဖို့က အဓိကဖြစ်ပြီး အကြမ်းတွေ အနုတွေ မရွေးနိုင်ကြပါဘူး၊ အဲဒါကြောင့်..."
ဧကရာဇ်က အပြုံးဖြင့် ခေါင်းညိတ်ကာ ထပ်မေးလိုက်ပြန်သည်။
"ငါကိုယ်တော် အပြစ်မယူပါဘူး၊ ဒါနဲ့ ကြိမ်နဲ့ရက်လုပ်ထားတဲ့ ချပ်ဝတ်ကို ဘာကြောင့် လုပ်ခဲ့တာလဲ"
"ရွာထဲမှာ ဆီကြိတ်ဆုံတွေ ရှိပြီး ကြိမ်နွယ်တွေကို ကြိုးအဖြစ် သုံးကြပါတယ်၊ ဆီစိမ်ထားတဲ့ ကြိမ်နွယ်တွေက အရမ်းခိုင်ခံ့ပြီး ဓားနဲ့တောင် လှီးဖို့ ခက်ခဲပါတယ်၊ အဲဒီအချိန်တုန်းက ကျွန်တော်မျိုးမရဲ့ ခင်ပွန်းသည်က စစ်ထဲကို လိုက်သွားရမှာ ဖြစ်ပေမယ့် သံချပ်ကာ ကောင်းကောင်းတောင် မရနိုင်ဘူးလို့ တွေးခဲ့မိတာပါ၊ သူ တစ်ခုခု ဖြစ်မှာ စိုးရိမ်နေတဲ့အချိန် အဲဒီခိုင်ခံ့တဲ့ ကြိမ်နွယ်တွေကို တွေ့မိလို့ သူကို ကာကွယ်ပေးနိုင်မလားဆိုပြီး ဒီစိတ်ကူးကို ရုတ်တရက် ရလာခဲ့တာပါ"
"သံချပ်ကာ အများစုကို ကြေးနီတွေ သံတွေနဲ့ပဲ လုပ်ကြတာ၊ ဒါပေမယ့် အဲဒါတွေက ဈေးကြီးပြီး ရှားပါးလွန်းတယ်၊ ကြိမ်နွယ်တွေကတော့ အလွယ်တကူ ရနိုင်တာပဲ၊ အခုဆိုရင် မြောက်ပိုင်းစစ်တပ်က စစ်သည်အများစုက ကြိမ်ချပ်ဝတ်တွေကို အကာအကွယ်အဖြစ် သုံးနေကြပြီ၊ ဒါကလည်း မယ်မင်းရဲ့ ကြိုးပမ်းမှုကြောင့်ပါ"
စုန့်တင်းရှန်းက တစ်ဖန်ပြန် ထရပ်လိုက်ပြီး လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးမအနေနဲ့ အဲ့လိုချီးကျူးမှုကို မခံယူရဲပါဘူး၊ အဲဒီအချိန်တုန်းက ခင်ပွန်းဖြစ်သူရဲ့ ဘေးကင်းလုံခြုံရေးကိုပဲ အဓိကထား စဉ်းစားခဲ့တာပါ၊ နောက်ပိုင်း အစားအသောက်တွေ ပို့ပေးခဲ့တာကလည်း ကျွန်တော်မျိုးမရဲ့ ခင်ပွန်း စစ်တပ်ထဲမှာ အသိမိတ်ဆွေ သိပ်မရှိဘူးလို့ ထင်မိလို့ပါ၊ ကျွန်တော်မျိုးမတို့ မိသားစုက ပို့ပေးတဲ့ အစားအသောက်တွေကို စားပြီးတဲ့နောက် အခြားသူတွေက သူ့ကို နည်းနည်းလောက် ဂရုစိုက်ပေးကြဖို့ မျှော်လင့်ခဲ့မိတာပါ"
"မယ်မင်းက ဒီလိုဂုဏ်ပြုမှုကို မယူရဲဘူးဆိုပေမယ့် မယ်မင်းက အလုပ်ကောင်းကောင်း လုပ်ခဲ့တာပါပဲ၊ အမြဲတမ်း ဂုဏ်ပြုမှုရဖို့ပဲ စဉ်းစားနေတဲ့သူတွေကတော့... ဟင်း၊ မယ်မင်း တကယ်ပဲ ကောင်းကောင်း လုပ်ဆောင်ခဲ့ပါတယ်၊ ငါကိုယ်တော် စိတ်ကျေနပ်တယ်၊ လူတိုင်းသာ မင်းတို့လို၊ စစ်သူကြီးကျိုးတို့လို ဖြစ်နေမယ်ဆိုရင် တိုင်းပြည် တည်ငြိမ်ရေးအတွက် ငါကိုယ်တော် စိုးရိမ်နေစရာ မလိုလောက်တော့ဘူး၊ ဒါပေမယ့် မယ်မင်း မသိတာ တစ်ခုရှိသေးတယ်၊ မယ်မင်းက မြောက်ပိုင်းက စစ်သည်တွေအတွက် လက်အိတ်တွေ၊ ခြုံစောင်တွေ အပူတပြင်း လုပ်ပေးနေချိန်မှာ တစ်စုံတစ်ယောက်ကတော့ မင်းရဲ့ အတတ်ပညာ အသုံးချပြီး ပြည်သူတွေရဲ့ အသက်ကို ဂရုမစိုက်ဘဲ ကိုယ်ကျိုးအတွက် အမြတ်အစွန်းတွေ အများကြီး ရှာနေခဲ့တယ်"
စုန့်တင်းရှန်းက ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုးမ သုံးခဲ့တဲ့ ရက်လုပ်နည်းက ကျွန်တော်မျိုးမတို့ ကံကောင်းပြီး တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့တာပါ၊ သိုးမွှေးတစ်ကျင်းကနေ ထွက်နိုင်တဲ့ သိုးမွှေးချည် ပမာဏ၊ ချည်တစ်ငင်ကနေ ရနိုင်မယ့် လက်အိတ် အရေအတွက် အဲ့လိုမျိုး အသေးစိတ်တွေကို ကျွန်တော်မျိုးမတို့အားလုံး သတ်သတ်မှတ်မှတ် မှတ်သားထားပါတယ်၊ လက်အိတ်အားလုံးကို မြောက်ပိုင်းကို ပို့ခဲ့တာပါ၊ ကျွန်တော်မျိုးမတို့ မိသားစု ဝတ်ခဲ့တာတွေကတောင် သိုးမွှေးအကြမ်းတွေနဲ့ ရောပြီးလုပ်ထားတဲ့ လက်အိတ်အကြမ်းတွေပါ၊ လက်အိတ်တွေ လုပ်ပြီး အမြတ်ထုတ်တယ် ဆိုတာမျိုးကို ကျွန်တော်မျိုးမတို့ လုံးဝ မလုပ်ဝံ့ပါဘူး"
"မယ်မင်း၊ မကြောက်ပါနဲ့၊ ငါကိုယ်တော်က မယ်မင်းကို ရည်ညွှန်းတာ မဟုတ်ပါဘူး၊ မယ်မင်း လုပ်ခဲ့တဲ့ အရာတွေက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိစေခဲ့ပါတယ်၊ တစ်ဖက်မှာ လူတချို့က နေရာတိုင်းအတွက် ကောင်းမှုတွေ လုပ်နေချိန်မှာ တခြားလူတွေကတော့ ပြည်သူတွေကို ခေါင်းပုံဖြတ်ဖို့နဲ့ ဖိနှိပ်ဖို့ပဲ အမြဲ ကြိုးစားနေတာကို ငါကိုယ်တော် ဒေါသထွက်မိလို့ပါ၊ အဲဒီလူကို... မယ်မင်းလည်း အဲ့လူကို သိလိမ့်မယ်လို့ ငါကိုယ်တော် ထင်တယ်"
စုန့်တင်းရှန်းက ခေါင်းငုံ့ထားလျက် တိတ်ဆိတ်နေလေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်က ဆက်ပြီး မိန့်ကြားလာခဲ့သည်။
"ကန်းနင်က ခရိုင်အမတ်တစ်ယောက်က သိုးမွှေးကို သုံးပြီး စိတ်ဝင်စားစရာ တစ်ခုခု လုပ်ခဲ့တယ်လို့ တစ်ယောက်ယောက် လျှောက်တင်တာကို ငါကိုယ်တော် ကြားခဲ့ရတယ်၊ ပြီးတော့ အဲဒါကို ငါကိုယ်တော်ဆီ ဆက်သခဲ့တယ်၊ စစ်ဆေးကြည့်တော့ မြောက်ပိုင်းက စစ်သည်တွေ သုံးနေတဲ့ သိုးမွှေးလက်အိတ်တွေ ဖြစ်နေတာကို တွေ့ခဲ့ရတယ်၊ အဲဒါတွေက သေးငယ်ပေမယ့် ရက်လုပ်တဲ့ နည်းလမ်းက ထူးခြားတယ်လေ၊ ကန်းနင်က ဝေ့ခရိုင်ကနေ လီပေါင်းများစွာ ဝေးတယ်၊ ဘာလို့ အဲဒီလောက် ဆင်တူတဲ့ ပစ္စည်းတွေ ရှိနေရတာလဲ၊ ငါကိုယ်တော်က သိချင်စိတ်ကြောင့် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်တယ်၊ တချို့အရာတွေကို တကယ်ပဲ တွေ့ခဲ့ရတယ်၊ အဲဒီအမျိုးသမီးကို အထဲ ခေါ်လာခဲ့စမ်း"
အပြင်ဘက်မှ တစ်စုံတစ်ယောက်က ပြန်ထူးလိုက်ပြီး ခဏအကြာတွင် မိန်းမစိုးငယ်လေးက ပိန်ချုံးပြီး အားနည်းချည့်နဲ့နေသော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ထိုအမျိုးသမီးက ဝင်လာသည်နှင့် ဒူးထောက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
"ကျိုးရှီ၊ ဒီလူကို မယ်မင်း သိလား"
စုန့်တင်းရှန်းက မော့ကြည့်လိုက်ပြီး ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးကလည်း စုန့်တင်းရှန်းကို သေချာကြည့်ပြီးနောက် မျက်လုံးများ ဝိုင်းသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"စုန့်တင်းရှန်း"
"စုန့်ထောင်ဟုန်"
စုန့်တင်းရှန်းတစ်ယောက် အလွန်အမင်း အံ့အားသင့်သွားရသည်။
"နင် ရှချမ်းကို သွားရှာတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး၊ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"
ရှချမ်း၏ အမည်ကို ကြားလိုက်ရချိန်တွင် စုန့်ထောင်ဟုန်က ပို၍ပင် တုန်ယင်လာပြီး အက်ရှရှ အသံဖြင့် ကြေကွဲစွာ ပြောလာခဲ့သည်။
"ရှချမ်း၊ ရှချမ်းက ငါ့ကို သတ်ချင်နေတာ၊ ကျင်းပေါင်ကတော့၊ သေသွားပြီ၊ ငါ့ရဲ့ ကျင်းပေါင်လေး၊ သူ... သူ သေသွားပြီ"
စုန့်တင်းရှန်းက လုံးဝ မှင်သက်သွားပြီး ဧကရာဇ်မင်းကို တစ်လှည့်၊ ကျိုးယိနိုကို တစ်လှည့် ကြောင်စီစီဖြင့် လှမ်းကြည့်နေသည်။
သူမ တစ်ယောက်တည်းမဟုတ်ဘဲ စုန့်ရှင်းယိနှင့် တခြားလူများကလည်း စုန့်ထောင်ဟုန်ကို လှမ်းမြင်လိုက်ရပြီး ရင်ထဲတွင် ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုများ ပြည့်လာခဲ့သည်။
‘ကန်းနင်ခရိုင်ကို သွားခဲ့တဲ့ စုန့်ထောင်ဟုန်က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေရတာလဲ၊ ကျင်းပေါင် သေသွားပြီလို့ ပြောတာကရော ဘာကို ဆိုလိုတာလဲ’
ဧကရာဇ်မင်းက ဖြည်းဖြည်းချင်း မိန့်ကြားလာပြန်သည်။
"ငါကိုယ်တော် အသက်နှစ်ဆယ့်တစ်နှစ်မှာ ထီးနန်းကို ဆက်ခံခဲ့တယ်၊ အဲဒီနောက်ပိုင်းကစပြီး လူငယ်တွေနဲ့ အလားအလာရှိတဲ့ အရာရှိတွေကို မြှင့်တင်ပေးရတာကို နှစ်ခြိုက်တော်မူခဲ့တယ်၊ ငါကိုယ်တော်က ငါကိုယ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာ စည်ပင်ဝပြောတဲ့ တိုင်းပြည်ကြီး ဖြစ်တည်လာဖို့ မျှော်လင့်ခဲ့တာ၊ အစပိုင်းမှာ ပညာသင်ကြားဖို့ ခက်ခဲခဲ့တဲ့ ဆင်းရဲသား စာသင်သားတွေက အရာရှိအဖြစ် အမှုထမ်းခွင့် ရကြပြီး သူတို့ ဒီအခွင့်အရေးကို တန်ဖိုးထားကြလိမ့်မယ်လို့ ငါကိုယ်တော် ထင်မြင်ခဲ့ဖူးတယ်၊ စစ်သူကြီးကျိုးယိနိုတို့လို လူငယ်တော်တော်များများကလည်း ငါကိုယ်တော်ရဲ့ ထင်မြင်ချက် မှန်ကန်တယ်လို့ သက်သေပြခဲ့ကြတယ်၊ ဒါပေမယ့် ခရိုင်အမတ်အဖြစ် အုပ်ချုပ်ရေးအာဏာကို ရလာတဲ့အခါ ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုးအတွက် ပြည်သူတွေကို ခေါင်းပုံဖြတ်ဖို့ပဲ ကြိုးစားတဲ့သူတွေလည်း ရှိတယ်ဆိုတာ သိလာရတယ်၊ သူတို့က ကိုယ်ပိုင် တိုးတက်မှုအတွက် ကိုယ့်မိသားစုကိုတောင် စတေးပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့အထိ လုပ်ရဲကြတယ်၊ ဒီအကြောင်းကို သိလိုက်ရတဲ့အချိန်မှာ ငါကိုယ်တော် တကယ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်"
ဧကရာဇ် မယုံနိုင်အောင် ဖြစ်နေသည်က မထူးဆန်းဘဲ စုန့်တင်းရှန်းကိုယ်တိုင်လည်း မယုံနိုင် ဖြစ်နေခဲ့သည်။ ရှချမ်းက လောဘကြီးပြီး ကာမဂုဏ်လိုက်စားတတ်သူမှန်း သူမ သိထားသော်လည်း ဤမျှအထိ ယုတ်မာအောက်တန်းကျလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးမိခဲ့ပေ။
ကျိုးယိနိုက လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ်၊ စိတ်လျှော့တော်မူပါ၊ အရင်တုန်းက ရှချမ်းက ကျွန်တော်မျိုးရဲ့ဇနီးသည် တင်းရှန်းနဲ့ စေ့စပ်ထားသူပါ၊ ဒါပေမယ့် သူက တင်းရှန်းရဲ့ ဝမ်းကွဲညီမနဲ့ ဖောက်ပြန်ခဲ့ပြီး ကလေးတောင် ရခဲ့ပါတယ်၊ သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်ဖို့အတွက် အေးစိမ့်တဲ့ ဆောင်းဦးရာသီကြီးမှာ တင်းရှန်းကို မြစ်ထဲ တွန်းချခဲ့ကြပါတယ်၊ ကံကောင်းလို့ ကျွန်တော်မျိုးက အဲဒီနားကနေ ဖြတ်သွားရင်း တင်းရှန်းကို အချိန်မီ ကယ်တင်နိုင်ခဲ့တာပါ၊ ရှချမ်းက တင်းရှန်းရဲ့ ဖြူစင်မှု ပျောက်ဆုံးသွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ စေ့စပ်ကြောင်းလမ်းမှုကို ချက်ချင်းဖျက်သိမ်းလိုက်ပြီး ဘယ်သူမှ မမျှော်လင့်ထားတဲ့ ဝမ်းကွဲညီမ စုန့်ထောင်ဟုန်နဲ့ လက်ထပ်ခဲ့ပါတယ်၊ ဒါပေမယ့် ရှချမ်း ဒီလိုလုပ်ခဲ့လို့လည်း ကျွန်တော်မျိုး သူ့ကို ကျေးဇူးတင်မိပါတယ်၊ မဟုတ်ရင် ကျွန်တော်မျိုးရဲ့ ဇနီးကို ဆုံးရှုံးရနိုင်လို့ပါ"
ဧကရာဇ်မင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး မိန့်တော်မူလိုက်ပြန်သည်။
"အင်း၊ သူက မောင်မင်းကို အကျိုးပြုလိုက်တာပဲ၊ အဲဒီတုန်းက ရှချမ်းက ငယ်ရွယ်ပြီး အရည်အချင်း ရှိတယ်၊ ဆင်းရဲတဲ့ မိသားစုက လာပေမယ့် အလားအလာရှိတယ်လို့ ငါကိုယ်တော် ထင်ခဲ့မိတာ၊ ဘယ်သူ ထင်မှာလဲ... စစ်သူကြီးကျိုး၊ ငါကိုယ်တော် ဘာလို့ မောင်မင်းတို့မိသားစုကို ဒီအထိ ဆင့်ခေါ်ခဲ့လဲဆိုတာ မင်း သိလား"
ကျိုးယိနိုက ဦးညွှတ်ပြီး ပြန်လည်လျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုး မသိပါဘူး၊ အရှင်မင်းမြတ် မိန့်တော်မူပါ"
"မောင်မင်း မသိဘူးလား၊ ဘာကို မသိတာလဲ၊ မောင်မင်းက တကယ့်ကို အရည်အချင်းရှိသူပါပဲ၊ ငါကိုယ်တော်က မောင်မင်းနဲ့ မောင်မင်းရဲ့မိသားစုကို ဘယ်လို မတရားမှုမျိုးမှ မခံစားစေချင်ဘူး"
ဧကရာဇ်က သူ့ကို စိုက်ကြည့်နေသောကြောင့် ကျိုးယိနိုက အခြေအနေကို ရိပ်မိသွားပြီး ချက်ချင်း ဒူးထောက်ကာ ဦးညွှတ်ရင်း ထပ်လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ်ရဲ့ ဂရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်"
ဧကရာဇ်မင်းက တစ်ဖန် ရယ်မောပြီး မိန့်ကြားလိုက်ပြန်သည်။
"မင်းတို့အားလုံးက ခရိုင်တစ်ခုတည်းကဖြစ်ပြီး ဆွေမျိုးတွေလည်း တော်စပ်နေကြသေးတယ်၊ ဒါပေမယ့် တချို့လူတွေက ရိုးသားဖြောင့်မတ်စွာ နေထိုင်ပြီး မြောက်ပိုင်းက စစ်သည်တွေကို ရင်ထဲ ထည့်ထားကြတယ်၊ မိုးခေါင်ရေရှားဖြစ်ပြီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတာတောင် ရိက္ခာလှည်းနှစ်စီးစာ လှူဒါန်းဖို့ ဆန္ဒရှိကြသေးတယ်၊ ဒါပေမယ့် အချို့လူတွေကျတော့... ငါကိုယ်တော်ကို စက်ဆုပ်ရွံရှာစေပြီး စိတ်ပျက်စေခဲ့တယ်၊ စုန့်ထောင်ဟုန်၊ ပြောစမ်းပါဦး၊ ရှချမ်းက မယ်မင်းကို ဘယ်လို နစ်နာအောင် လုပ်ခဲ့သလဲ"
ဧကရာဇ်က လက်အိတ်ကိစ္စ စုံစမ်းရန် လူလွှတ်လိုက်ပြီး ထိုအရာက စုန့်ထောင်ဟုန်အတွက် ကံကောင်းခြင်း ဖြစ်လာခဲ့သည်။ ထိုအရာရှိကလည်း ကြင်နာတတ်သော နှလုံးသား ရှိသူဖြစ်သည်။
သူ စုံစမ်းပြီး ပြန်လာစဉ် လမ်းပေါ်၌ စုန့်ထောင်ဟုန်က သေဆုံးသွားသော သူမ၏ ကလေးငယ်ကို ပွေ့ဖက်ရင်း ငိုယိုနေသည်ကို တွေ့ခဲ့ရသည်။ သူက ရထားလုံးပေါ်မှ ဆင်းပြီး ကြင်နာစွာ မေးမြန်းခဲ့သည်။
ထိုမေးခွန်းတစ်ခုက တုန်လှုပ်ဖွယ်ရာ အမှုတစ်ခုကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
ရှချမ်းက ကျေးလက်မှ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့ရခြင်းအပေါ် အစဉ်အမြဲ မကျေမနပ် ဖြစ်နေကြောင်း ပေါ်ပေါက်လာခဲ့သည်။ သူက အရာရှိတစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့် သူ၏ဇနီးက ဂုဏ်သရေရှိ အမျိုးသမီးငယ်တစ်ဦး ဖြစ်သင့်သည်ဟု သူ ထင်နေခဲ့သည်။
သူနှင့် စုန့်ထောင်ဟုန်တို့၏ ဖောက်ပြန်မှုကလည်း သူ့ဘဝ၏ အမည်းစက်ဖြစ်နေခဲ့ပြီး တစ်စုံတစ်ယောက်က ထိုအကြောင်းအား ဖော်ထုတ်လာမည်ကို သူ အမြဲ စိုးရိမ်နေခဲ့ရသည်။ သူက စုန့်ထောင်ဟုန်နှင့် ကွာရှင်းရန် အမြဲကြံစည်နေခဲ့ပြီး စုန့်ထောင်ဟုန် သူ့ကို ရှာရန် ကန်းနင်သို့ လာနေသည်ဟု ကြားလိုက်သည်နှင့် သူ အစီအစဥ်တစ်ခု ကြိုဆွဲထားခဲ့သည်။
စုန့်ထောင်ဟုန်က ကျင်းပေါင်ကို ခေါ်ကာ ကျူးရှီး ခိုးယူခဲ့သော လက်အိတ်များနှင့် သူမ၏ လက်အိတ်ရက်လုပ်နိုင်စွမ်းအပေါ် အားကိုးလျက် သူမ၏ ခင်ပွန်းသည်ကို တွေ့ရန် အားတက်သရော သွားခဲ့သည်။
သူမ ရောက်သွားပြီး အရာရှိကတော် ဖြစ်ပြီဟု တွေးကာ ဝမ်းသာနေသော်လည်း ရှချမ်းက သူမကို အပြင်သို့ ပေးမထွက်ဘဲ ကန်းနင်က ဘေးမကင်းကြောင်းနှင့် သူမ ကောင်းကျိုးအတွက်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့နောက် အခြားသူများကို လက်အိတ်ရက်နည်း သင်ပေးရန် သူမကို တောင်းဆိုခဲ့သည်။
သူ ယုံကြည်ရသော လက်အောက်ငယ်သားက ထိုနည်းလမ်းကို တတ်မြောက်သွားသည်နှင့် ရှချမ်း၏ သတ်ဖြတ်ချင်စိတ်က ဗူးပေါ်သလို ပေါ်ပေါက်လာခဲ့သည်။ သူက စုန့်ထောင်ဟုန်နှင့် ကျင်းပေါင်တို့၏ စားစရာများထဲတွင် အဆိပ်ကို တစ်ကြိမ်လျှင် အနည်းငယ်စီ ထည့်ပြီး ကျွေးခဲ့သည်။ သူတို့ နယ်မြေသစ်တွင် ဖျားနာသွားသည်ဟူသော အကြောင်းပြချက်ကို သုံးပြီး သူတို့ကို ဖယ်ရှားပစ်ရန် ကြံစည်ခဲ့ခြင်းပင်။
ထိုအချိန်တွင် သူက ခရိုင်မြို့အတွင်းရှိ ရှီမျိုးရိုး အမည်ရှိ ချမ်းသာသော ကုန်သည်ကြီး၏ သမီးနှင့် ပတ်သတ်နေပြီ ဖြစ်သည်။ စုန့်ထောင်ဟုန် သေသွားသည်နှင့် သူက လှပသော အမျိုးသမီးငယ်တစ်ဦးနှင့် လက်ထပ်ပြီး သားသမီးများ ရရှိရန်ကလည်း သူ့အတွက် လွယ်ကူသော ကိစ္စဖြစ်နေလေသည်။
စုန့်ထောင်ဟုန်က နေ့စဉ်နှင့်အမျှ ခေါင်းမူးဝေနေပြီး အားအင်ချည့်နဲ့ကာ နေမကောင်းဖြစ်နေခဲ့သည်။ တစ်ညတွင် အပြင်ဘက်မှ အစေခံများနှင့် အလုပ်သမားများ အတင်းအဖျင်း ပြောဆိုနေကြသည်ကို သူမ မတော်တဆ ကြားခဲ့ရသည်။
သူတို့က သူမနှင့် ကျင်းပေါင်တို့အကြောင်း ပြောနေကြခြင်းဖြစ်ပြီး ထိုစကားများက သူမကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူမက ရှချမ်းကို ရင်ဆိုင်မေးမြန်းချင်သော်လည်း သူမအား ရန်ပြုလိုသည့် သူ၏စိတ်ဆန္ဒကို တွေးမိသည်နှင့် မေးမြန်းလိုက်ခြင်းက သူ့အား တိုက်ရိုက်သတ်ဖြတ်ရန် အခွင့်အရေးပေးလိုက်သလို ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။
ထို့ကြောင့် ရှချမ်း သတိလက်လွတ်ဖြစ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အကြောင်းပြချက်တစ်ခုပေးပြီး ကျင်းပေါင်ကို ခေါ်၍ ကန်းနင်မှ ထွက်ပြေးလာခဲ့သည်။
သူမတို့သားအမိ အဆိပ်မိထားကြပြီး ဖြစ်ရာ ကုသစရိတ်နှင့် စားစရိတ်အတွက် သူမတွင်ရှိသမျှ ရတနာအားလုံးကို ငွေဒင်္ဂါးများနှင့် လဲလှယ်ခဲ့ရသည်။ သိပ်မဝေးလွန်းသော ခရီးကို ရောက်ချိန်မှာပင် သူမထံ၌ ဘာမှမကျန်တော့ပေ။
လမ်းတစ်လျှောက်တွင် သူမ တောင်းရမ်းစားသောက်ခဲ့ရသည်။ ကျင်းပေါင်က ငယ်ရွယ်ပြီး အားနည်းနေသူဖြစ်ရာ အစားအစာပြတ်လပ်မှု၊ အအေးဒဏ်နှင့် အဆိပ်ဒဏ်တို့ကို မခံစားနိုင်တော့ဘဲ နောက်ဆုံးတွင် လမ်းပေါ်၌ အသက်ပျောက်သွားခဲ့ရသည်။
စုန့်ထောင်ဟုန်က စိတ်နှလုံး ကြေကွဲနေပြီး ကျင်းပေါင်၏ ရုပ်အလောင်းကို ရက်အတော်ကြာ ပွေ့ဖက်ထားခဲ့သည်။ အရာရှိတစ်ဦးက သူမအား ကယ်တင်ခဲ့ချိန်အထိ သူမက ကျင်းပေါင်၏ရုပ်အလောင်းကို ပွေ့ဖက်ထားဆဲပင်။
ဤအကြောင်းကို သိရှိရချိန်တွင် ဧကရာဇ်က အလွန်အမင်း အမျက်ထွက်သွားပြီး စုန့်ထောင်ဟုန်ကို ဆေးကုသပေးရန်နှင့် ရှချမ်းအား အသေအချာ စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်မှာပင် မြောက်ပိုင်းဒေသမှ စစ်အောင်နိုင်သည့် သတင်းစကား ရောက်ရှိလာသောကြောင့် ဧကရာဇ်၏ ရင်ထဲမှ ဝမ်းမြောက်မှုများက ဒေါသကို ခေတ္တမျှ ဖုံးလွှမ်းသွားခဲ့သည်။
သို့သော်လည်း ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့အကြောင်းကို ကြားလိုက်ရချိန်တွင် သူ၏ဒေါသက တစ်ဖန် ပြန်လည် မြင့်တက်လာပြန်သည်။
စစ်သူကြီး ကျိုးယိနိုကဲ့သို့သော သူရဲကောင်းနှင့် စုန့်တင်းရှန်းကဲ့သို့သော ထက်မြက်သည့် အမျိုးသမီးကို မွေးထုတ်ပေးသည့် ဤနယ်မြေကပင်လျှင် စုန့်ထောင်ဟုန်နှင့် ရှချမ်းကဲ့သို့သော ယုတ်မာသည့် လူစားမျိုးကိုလည်း မွေးထုတ်ပေးခဲ့သည်။
ဧကရာဇ်က စိတ်ကူးတစ်ခုကြောင့် စုန့်မိသားစုကို မြို့တော်သို့ ဆင့်ခေါ်ခဲ့သည်။ သူက စုန့်တင်းရှန်းအား ဆုလာဘ်များ ချီးမြှင့်ချင်နေပြီး ရှချမ်းကိုလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးရန် ကြိုတင်တွေးဆထားခဲ့သည်။ ဤသည်ကလည်း သူ၏ လက်အောက်ခံ ပြည်သူများအား သူ၏ ဘက်လိုက်မှုကင်းမဲ့ခြင်းနှင့် အကျင့်ပျက်ခြစားသော အရာရှိများကို အမြစ်ပြတ်ချေမှုန်းမည့် ပြတ်သားမှုကို ပြသရန် နည်းလမ်းတစ်ခုလည်း ဖြစ်နေပြန်သည်။
စုန့်ထောင်ဟုန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း သူမ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကို ပြောပြနေသည်။ ဧကရာဇ်က ထိုစကားများကို နားထောင်ပြီးနောက် လှောင်ပြုံးပြုံးကာ မိန့်ကြားလိုက်သည်။
"မယ်မင်း မသိသေးတာ တစ်ခုရှိတယ်၊ မယ်မင်း ထွက်ပြေးလာပြီး သိပ်မကြာခင်မှာပဲ ရှချမ်းက ရှီမျိုးနွယ်စုရဲ့ သမီးနဲ့ လက်ထပ်လိုက်ပြီ"
စုန့်ထောင်ဟုန်၏ မျက်နှာက ဖြူလျော်သွားပြီး မျက်ရည်များ ခြောက်ကပ်သွားသည်။ သူမ၏ မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် နာကျည်းမှုများ ပြည့်နှက်လာပြန်သည်။