← Chapters

ဆုလာဘ်

Vol. 8 Ch. 78

ဆုလာဘ်

Vol. 8 Ch. 78

ဧကရာဇ်မင်းမြတ်က ခေတ္တမျှ စဉ်းစားပြီးနောက် မိန်းမစိုးဝမ်ဘက်သို့ လှည့်ကာ မိန့်ကြားလိုက်သည်။

"ကလေးတွေကို နန်းတော်ဝင်းထဲ ခေါ်သွားပြီး ကစားခိုင်းလိုက်ပါ"

ဝမ်ကုန်းကုန်းက ခေါင်းညိတ်ပြပြီး စုန့်မိသားစုဝင်များကို အပြုံးဖြင့် ပြောလာခဲ့သည်။

"လာကြပါ၊ တင်းတန်၊ ကလေးတွေကို ဥယျာဉ်ထဲ ခေါ်သွားပြီး ကစားခိုင်းလိုက်ပါ၊ အခုအချိန် ပန်းလေးတွေ ပွင့်နေတော့ အရမ်းလှနေပြီ"

စုန့်မိသားစုဝင်များ အနည်းငယ် စိုးရိမ်နေကြသော်လည်း ကလေးများကို သူတို့နှင့် ထည့်ပေးလိုက်ရသည်။ ဟူထောင်ကလည်း မတ်တပ်ထရပ်ရင်း ပြောလာခဲ့သည်။

"ကျွန်တော်မျိုး၊ ကျွန်တော်မျိုးကလည်း ကလေးပါပဲ၊ သူတို့နဲ့အတူ ကစားခွင့်ပေးပါ"

ဧကရာဇ်က အပြုံးဖြင့် ခွင့်ပြုလိုက်သည်။

"သွားပါ၊ သူတို့အတွက် မုန့်တွေ ပြင်ဆင်ပေးလိုက်ကြ၊ ဟိုဟိုဒီဒီ လျှောက်မပြေးစေနဲ့"

လူငယ်လေး တစ်ပိုင်းဖြစ်နေသည့် ဟူထောင်ပါသွားသောကြောင့် ကလေးငယ်များကလည်း ကြောက်စိတ်နည်းသွားပြီး လှပသော နန်းတွင်းအစေခံမလေးနောက်သို့ လိုက်သွားကြသည်။ မကြာမီပင် ကလေးများ၏ ရယ်မောသံများကို ကြားလိုက်ရသည်။

ဧကရာဇ်မင်းက သက်ပြင်းချရင်း မိန့်ကြားလာပြန်သည်။

"တကယ်တော့ စောစောက ပြောတဲ့ စကားတွေကို ကလေးတွေ မကြားသင့်ပါဘူး၊ ငါကိုယ်တော်ရဲ့ ဒေါသက ဒါကို တစ်ခဏတာလောက် လျစ်လျူရှုလိုက်မိတယ်၊ ရှချမ်းက ခွင့်လွှတ်ပေးလို့ မရနိုင်တဲ့ အပြစ်ကြီးကို ကျူးလွန်ခဲ့တယ်၊ စုန့်ထောင်ဟုန်... မယ်မင်းအတွက်ကတော့ သိရဲ့လား၊ မယ်မင်း အိမ်ပြန်သွားရင်တောင် မယ်မင်းရဲ့အသက်ကို အာမခံနိုင်မှာ မဟုတ်ဘူးဆိုတာ မယ်မင်း သိရဲ့လား"

စုန့်ထောင်ဟုန်က ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူမ၏ ပုံစံက သတိလွတ်နေပုံရသည်။

ဧကရာဇ်မင်းက ဆက်ပြီး မိန့်ကြားနေခဲ့သည်။

"မယ်မင်း အိမ်ကို ပြန်သွားတာနဲ့ ရှချမ်းက မယ်မင်းတို့အိမ်ကို စာပို့လိမ့်မယ်၊ မယ်မင်း ပြန်သွားရင်တောင် သေရုံပဲရှိမှာပဲ၊ သူက အရမ်းယုတ်မာလွန်းတယ်၊ ဒီလောက် ရက်စက်တာမျိုး ငါကိုယ်တော် တစ်ခါမှ မမြင်ဖူးဘူး၊ စုန့်ထောင်ဟုန်၊ မယ်မင်းက ဒီအိမ်ထောင်ရေးထဲကို ဝင်နိုင်ဖို့ အကွက်ချခဲ့တယ်၊ အခုတော့ မယ်မင်းကိုယ်တိုင် ထိခိုက်ရုံ မဟုတ်တော့ဘူး။ ကလေးကိုပါ ဒုက္ခရောက်စေခဲ့ပြီ၊ မယ်မင်းမှာ ဘာပြောစရာ ရှိသေးလဲ"

စုန့်ထောင်ဟုန်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ရုတ်တရက် ပြောလာခဲ့သည်။

"တကယ်လို့ ကျွန်တော်မျိုးမသာ ရှချမ်းနဲ့ လက်မထပ်ခဲ့ရင် ကျွန်တော်မျိုးမရဲ့ ခင်ပွန်းက ကျိုးထျဲကျူး ဖြစ်နေမှာပါ"

"ကျိုးထျဲကျူး ဟုတ်လား"

ဧကရာဇ်က အံ့အားသင့်သွားပြီးမှ ခပ်ပြုံးပြုံးတုံ့ပြန်လိုက်သည်။

"ငါကိုယ်တော် မေ့နေတာပဲ၊ ငါကိုယ်တော်ရဲ့ အမတ်မင်းကျိုး၊ မင်းကို အရင်က အဲဒီလို ခေါ်ခဲ့ကြတာ မဟုတ်ဘူးလား"

ကျိုးယိနိုက အပြုံးဖြင့် ပြန်လျှောက်တင်လိုက်သည်။

"မှန်လှပါ အရှင်မင်းမြတ်၊ ဒါပေမယ့် တင်းရှန်းက ကျွန်တော်မျိုးကို နာမည်အသစ်တစ်ခု ပေးခဲ့ပါတယ်၊ အဲဒီနာမည်ကို ကျွန်တော်မျိုး အရမ်းသဘောကျပါတယ်"

ဧကရာဇ်မင်းက နှစ်ခါလောက် ရယ်မောလိုက်ပြီးမှ ချီးကျူးစကားမြွတ်ကြားလာသည်။

" မဆိုးဘူး၊ ပြောတာ ကောင်းတယ်၊ ပြောတာ ကောင်းတယ်၊ ပညာမရှိတဲ့ အမျိုးသမီးကမှ အကျင့်စာရိတ္တကောင်းတဲ့သူလို့ ပြောလေ့ရှိကြတယ်၊ ဒါပေမယ့် လောကမှာရှိတဲ့ အမျိုးသမီးတွေအားလုံးသာ စုန့်မိသားစုက စုန့်တင်းရှန်းလို ဖြစ်နေမယ်ဆိုရင် ဒါက တကယ့်ကို ကြီးမြတ်တဲ့ အကျင့်သီလပဲ"

စုန့်တင်းရှန်းလည်း ကမန်းကတန်း လျှောက်တင်လိုက်ရသည်။

"အရှင်မင်းမြတ်က ချီးမွမ်းလွန်းနေပါပြီ၊ တကယ်တော့ အမျိုးသမီးတော်တော်များများက ကျွန်တော်မျိုးမထက် အကျင့်သီလ ပိုကောင်းမွန်ပြီး အရည်အချင်း ပိုရှိကြပါတယ်၊ ဒါပေမယ့် အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် အိမ်မှာ ဇနီးအဖြစ်၊ မိခင်အဖြစ်ပဲ ကန့်သတ်ခံထားရလို့ပါ၊ တကယ်လို့ သူတို့ရဲ့ မိသားစုတွေကသာ သူတို့ကို နားမလည်ပေးဘူးဆိုရင် သူတို့ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ မျက်ကွယ်ပြုခံရမှာပါ၊ ကျွန်‌တော်မျိုးမ အခုလို ချီးကျူးခံရတာကလည်း မိသားစုက ပံ့ပိုးပေးပြီး နားလည်ပေးခဲ့ကြလို့ပါ"

သူမက အမျိုးသမီးများအားလုံး အမျိုးသားများထက် မနိမ့်ကျကြောင်းနှင့် အခွင့်အရေး ရခဲ့လျှင် ကြီးမြတ်သော အရာများကို သေချာပေါက် အောင်မြင်အောင် လုပ်နိုင်ကြောင်း ပြောချင်နေခဲ့သည်။ သို့သော်လည်း ဤခေတ်က ရှေးခေတ်ဖြစ်နေသောကြောင့် သူမ၏ စကားများက ဧကရာဇ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကိုလည်း သူမ စိုးရိမ်နေပြီး ထိုအတွေးများကို မဖော်ပြဘဲ ဆင်ခြင်လိုက်သည်။

ဧကရာဇ်မင်းက ဘာမှ ထပ်မမိန့်တော့ပေ။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သော စုန့်ထောင်ဟုန်ကို သူ မေ့သွားပုံရသည်။

သူက စုန့်ရှင်းယိနှင့် စုန့်တင်းရှန်းတို့ကို ကျေးလက်ကိစ္စများအကြောင်း၊ မကြာသေးမီက မိုးခေါင်မှုက အမှန်တကယ် ပြေလည်သွားခြင်း ရှိ မရှိနှင့် သူတို့အိမ်မှ သီးနှံများ၏ အခြေအနေ စသည် မေးခွန်းများ ‌မေးမြန်းနေပြန်သည်။

သစ်သီးပင်များအကြောင်း စကားရောက်သွားချိန်တွင် စုန့်တင်းရှန်းက သကြားစိမ်သစ်သီးအိုးလုပ်နည်းကိုပါ မျှဝေလိုက်သည်။ ဧကရာဇ်က အတော်လေး စိတ်ဝင်စားသွားပြီး ရေးမှတ်ထားရန် မိန့်တော်မူလိုက်သည်။

"ဒါက တကယ်ကို ကောင်းတာပဲ၊ ဆောင်းတွင်းမှာ လတ်ဆတ်တဲ့ သစ်သီးတွေ စားရဖို့က ရှားပါးလွန်းတယ်၊ တကယ်လို့ ငါကိုယ်တော် လတ်ဆတ်တဲ့ သစ်သီးတွေ စားချင်တယ်ဆိုရင်တောင် ကြိုးစားအားထုတ်မှု တော်တော်လိုပြီး ကုန်ကျစရိတ်လည်း အများကြီး ရှိနိုင်တယ်၊ အခုလိုနည်းလမ်းမျိုး ရှိနေပြီဆိုတော့ ဆောင်းတွင်းမှာတောင် သစ်သီးတွေ စားသုံးနိုင်ပြီပေါ့"

"တကယ်တော့ မြောက်ပိုင်းရော တောင်ပိုင်းမှာပါ သစ်သီးပင်တွေ အများကြီး ရှိပါတယ်၊ တောင်ပိုင်းကတော့ ဆောင်းတွင်းပိုင်း သိပ်မအေးတော့ လတ်ဆတ်တဲ့ သစ်သီးတွေ ရှာဖို့ မခက်ခဲဘူးလို့ ကျွန်တော်မျိုးမ ကြားဖူးပါတယ်၊ ဒါပေမယ့် မြောက်ပိုင်းရဲ့ အေးခဲနေတဲ့ ဆောင်းရာသီကတော့ အကောင်းဆုံးသစ်သီးတွေကိုတောင် ကြာရှည်မခံအောင် သိမ်းဆည်းဖို့ မလွယ်ပါဘူး၊ ဆောင်းတွင်းရောက်ရင် အေးခဲနေတဲ့ တည်သီးနဲ့ သစ်တော်သီးတွေကိုပဲ စားခွင့်ရပြီး တခြားအသီးတွေကတော့ အလွယ်တကူ ပုပ်သိုးသွားတတ်ကြပါတယ်၊ ဟင်းသီးဟင်းရွက်တွေဆိုရင်လည်း ဟင်းရွက်ချဉ်လုပ်ပြီး သိမ်းဆည်းရပါတယ်၊ အဲ့ဒါကြောင့် ဟင်းရွက်ကိုတောင် သိမ်းနိုင်တာ သစ်သီးတွေကိုရော ဘာလို့ မသိမ်းနိုင်ရမှာလဲလို့ ကျွန်တော်မျိုးမ တွေးမိခဲ့တာပါ၊ မိသားစုနဲ့ တိုင်ပင်ပြီး စမ်းသပ်ကြည့်ခဲ့ကြတယ်၊ နောက်ဆုံးမှာ အံ့သြစရာကောင်းလောက်အောင် အချိန်အတော်ကြာ သိုလှောင်ထားနိုင်တာကို တွေ့ခဲ့ရပါတယ်"

"အင်း၊ ကြိုးစားကြည့်ဖို့ ဆန္ဒရှိရင် မထင်မှတ်ထားတဲ့ အကျိုးအမြတ်တွေ ရနိုင်တာပဲ၊ ဒါနဲ့ မယ်မင်းရဲ့ဦးလေး စုန့်ကျစ်ရွှမ်းဆီကနေ ကြားခဲ့ရတာ တစ်ခုရှိတယ်၊ မြေကို နက်နက်ထွန်ယက်တာနဲ့ လယ်ကွင်းတွေကို မီးရှို့တာက ကျိုင်းကောင်ကပ်ဘေးကို ကာကွယ်နိုင်တယ်ဆိုတာ ဟုတ်သလား"

"ဒါက ကျွန်တော်မျိုးမလို နိမ့်ကျတဲ့ သာမန်အရပ်သူတစ်ယောက်ရဲ့ ရုတ်တရက် ပေါ်လာတဲ့ စိတ်ကူးလေးတစ်ခုပါ၊ ကျိုင်းကောင်တွေရဲ့ ဥတွေက မြေအောက်မှာ ရှိနေတတ်ပြီး မိုးခေါင်ပြီးတဲ့နောက်မှ ပေါက်ဖွားလာတတ်ကြတာပါ၊ မိုးခေါင်တဲ့နှစ်တွေက သီးနှံမထွက်လို့ လယ်မြေအများစု အလကားဖြစ်နေချိန်မှာ မြေကို နက်နက်ထွန်ယက်တာနဲ့ မီးရှို့တာက ကျိုင်းကောင်ဥတွေကို သေစေနိုင်မယ်လို့ ကျွန်တော်မျိုးမ တွေးခဲ့မိတာပါ၊ ဒါကို မြို့ထဲက သူကြွယ်ကြီးဝမ်ကို တစ်ခါ ပြောပြခဲ့ဖူးပါတယ်၊ သူကလည်း ဒီစိတ်ကူးက ဖြစ်နိုင်တယ်လို့ ယူဆပြီး ဒေသခံအရာရှိတွေနဲ့ တိုင်ပင်ခဲ့တာကြောင့် အကောင်အထည်ပေါ်လာခဲ့တာပါ၊ ဒါပေမယ့် ဒီနှစ်တွေအတွင်း ကျွန်တော်မျိုးမတို့ဘက်မှာ ကျိုင်းကောင်ဘေး မကျရောက်ခဲ့လို့ ဒီနည်းလမ်းက အမှန်တကယ် ထိရောက်မှု ရှိ၊ မရှိဆိုတာတော့ မသေချာသေးပါဘူး"

"သူကြွယ်ကြီးဝမ် ဟုတ်လား"

ဧကရာဇ်က ဝမ်ကုန်းကုန်းကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ကုန်းကုန်းက ရှင်းပြလိုက်သည်။

"သူက စူးကျိုး ဝမ်မိသားစုရဲ့ မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ မိသားစုပါ၊ အကြောင်းအမျိုးမျိုးကြောင့် ပင်မမိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီး ဝေ့ခရိုင်ကို ပြောင်းရွှေ့သွားခဲ့တာပါ၊ သူက ရာထူးဝယ်ထားတဲ့ အရာရှိတစ်ဦး ဆိုပေမယ့် 'သူတော်ကောင်းကြီးဝမ်' လို့ လူသိများတဲ့အထိ ပြည်သူတွေကြားမှာ နာမည်ကောင်းရှိပါတယ်"

"ကြည့်ရတာ သူက မောင်မင်းနဲ့ ဆွေမျိုးတော်နေပုံပဲ၊ ကျေးလက်က သာမန်အိမ်ထောင်ရှင်မတစ်ယောက်နဲ့ ရာထူးဝယ်ထားတဲ့ သူဌေးတစ်ယောက်ကတောင် ပြည်သူတွေနဲ့ တိုင်းပြည်အတွက် စဉ်းစားပေးနိုင်ကြတယ်၊ ဒါပေမယ့် စာပေတွေ သင်ကြားထားတဲ့ ငါကိုယ်တော်ရဲ့ အမတ်တွေကတော့ မိုးခေါင်တာနဲ့ ကျိုင်းကောင်ဘေးအတွက် ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခုတောင် မပေးနိုင်ကြဘူး၊ ဟင်း... ငါကိုယ်တော် တကယ် စိတ်ပျက်မိတယ်"

စုန့်တင်းရှန်းက တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်၊ တကယ်တော့ ကျွန်တော်မျိုးမ လျှောက်တင်ချင်တာ တစ်ခုရှိပါတယ်၊ အရှင်မင်းမြတ် အပြစ်မယူဖို့ မျှော်လင့်ပါတယ်"

ဧကရာဇ်က မျက်ခုံးတစ်ဖက် ပင့်လျက် ခေါင်းညိတ်ကာ လျှောက်တင်ခွင့်ပြုလိုက်သည်။

"လွတ်လွတ်လပ်လပ် ပြောပါ၊ ငါကိုယ်တော် အပြစ်မယူပါဘူး"

စုန့်တင်းရှန်းက ဦးညွှတ်ဒူးထောက်ပြီးမှ လျှောက်တင်လိုက်သည်။

"စာသင်သားတွေအတွက် ပညာသင်ကြားရတာက ဘယ်တုန်းကမှ မလွယ်ကူခဲ့ပါဘူး၊ အထူးသဖြင့် ဆင်းရဲတဲ့ လယ်သမားမိသားစုတွေမှာပါ၊ တကယ်လို့ မိသားစုထဲက တစ်ယောက်ယောက် စာသင်နိုင်ပြီဆိုရင် တစ်မိသားစုလုံးက ဒါမှမဟုတ် တစ်ရွာလုံးက ဝိုင်းပြီး ထောက်ပံ့ပေးကြရတာပါ၊ ဆင်းရဲတဲ့ မိသားစုတွေတင် မကပါဘူး၊ ချမ်းသာတဲ့ မိသားစုက စာသင်သားတွေလည်း အတူတူပါပဲ၊ သူတို့က ပြင်ပကိစ္စတွေကို ဘာမှ မသိတော့ဘဲ စာပေတွေကိုပဲ အာရုံစိုက် သင်ယူကြရတာပါ၊ ဒါပေမယ့် ဒီလိုစာသင်သားမျိုးတွေက ဝန်ထုပ်ဝန်ပိုးတွေကို မထမ်းဆောင်နိုင်သလို ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကိုလည်း နားမလည်နိုင်ကြပါဘူး၊ ပြည်သူတွေရဲ့ ဒုက္ခတွေကိုလည်း မသိကြပါဘူး၊ အဲ့ဒီလိုစာသင်သားတွေ အရာရှိဖြစ်လာတဲ့အခါ သာမန်ပြည်သူတွေရဲ့ ဘဝကို တကယ်ပဲ ထည့်သွင်းစဉ်းစားပေးနိုင်ပါ့မလား"

ဧကရာဇ်မင်း၏ မျက်နှာအမူအရာ တည်တင်းသွားပြီး မည်းမှောင်သော မျက်နှာဖြင့် ပြောလာခဲ့သည်။

"မယ်မင်းက တလောကလုံးမှာ ရှိတဲ့ စာသင်သားတွေအားလုံးကို ဝေဖန်နေတာလား၊ ငါကိုယ်တော်က ခုနတင်ပဲ မယ်မင်းရဲ့ဦးလေးကို ချီးမွမ်းခဲ့တာလေ"

ဧကရာဇ်က ထိုသို့မိန့်ကြားလိုက်သောကြောင့် စုန့်မိသားစုဝင် အားလုံး၏ မျက်နှာများ ဖြူလျော်သွားခဲ့သည်။ အထူးသဖြင့် စုန့်ရှင်းယိက ဒူးထောက်မတတ် ဖြစ်နေပြီး တုန်တုန်ရင်ရင်ဖြင့် စုန့်တင်းရှန်းကို ကြည့်နေကာ သူမ ဧကရာဇ် စိတ်ဆိုးစေမည့် စကားမျိုး ထပ်မပြောမိစေရန် မျှော်လင့်နေရှာသည်။

စုန့်တင်းရှန်းက ဆက်လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုးမရဲ့ အငယ်ဆုံးဦးလေး စာ စသင်တဲ့အချိန်မှာ ကျွန်တော်မျိုးမရဲ့ အဖိုးက ဦးလေး စာဖတ်တတ်ဖို့နဲ့ ရေးတတ်ဖို့ပဲ လိုချင်ခဲ့တာပါ၊ 'စာတတ်ရင် အရာရာကို နားလည်နိုင်မယ်' ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ၊ အဲ့ဒါကြောင့် အငယ်ဆုံးဦးလေးက စာသင်နေချိန်မှာတောင် စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်ဆိုရင် ကျောင်းကနေ ခွင့်ယူပြီး လယ်ထဲမှာ ကူညီပေးခဲ့ပါတယ်၊ ပြီးမှ စာသင်ဖို့ မြို့ကို ပြန်တာပါ၊ ဒါက ကျွန်တော်မျိုးမတို့ မိသားစုမှာ အငယ်ဆုံးဦးလေးကို ပညာသင်ပေးနိုင်တဲ့ ပိုလျှံတဲ့ ငွေကြေးရှိလို့ ဖြစ်နိုင်သလို၊ ဦးလေးကိုယ်တိုင်ကလည်း လယ်ယာလုပ်ငန်းရဲ့ အရေးပါမှုကို နားလည်ထားလို့လည်း ဖြစ်နိုင်ပါတယ်၊ ဒီအကြောင်းကြောင့်ပဲ အငယ်ဆုံးဦးလေးက အရှင်မင်းမြတ် နှစ်သက်စေမယ့် ဆောင်းပါးတစ်စောင်ကို ရေးနိုင်ခဲ့တာ မဟုတ်ပါလား"

ဧကရာဇ်၏ မျက်နှာအမူအရာက မပြေလျော့သေးဘဲ ထပ်မိန့်ကြားလိုက်သည်။

“ဆက်ပြောပါဦး"

စုန့်တင်းရှန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"စာသင်တာက ကောင်းတဲ့အရာပါ၊ ဒါပေမယ့် အပြင်ဗဟုသုတ မရှိတဲ့အထိတော့ တချိန်လုံး စာဖတ်နေဖို့ မသင့်တော်ပါဘူး၊ တချို့လူတွေက စာမေးပွဲတွေ အောင်မြင်ခဲ့ကြပေမယ့် စာအုပ်ထဲက စာတွေကလွဲရင် တခြား ဘာကိုမှ မသိကြပါဘူး၊ သူတို့ အရာရှိဖြစ်လာတဲ့အခါမှာလည်း လက်တွေ့အနေနဲ့ ဘာလုပ်ရမလဲဆိုတာ မသိကြတော့ပါဘူး၊ တချို့ကတော့ စာသင်ရုံတင်မကဘဲ ဖတ်သမျှ စာတွေရဲ့ အဓိပ္ပာယ်ကို တကယ်နားလည်ပြီး သူတို့ နားလည်ထားတဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ တိုင်းပြည်ရဲ့အကျိုးအတွက် အသုံးချကြပါတယ်၊ အဲ့ဒါကမှ စစ်မှန်တဲ့ ပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းလို့ ကျွန်တော်မျိုးမ ယုံကြည်ထားပါတယ်"

"ငါကိုယ်တော်က ဒီအကြောင်းတွေကို မသိဘဲ ဘယ်နေပါ့မလဲ၊ ဒါပေမယ့် စာမေးပွဲ အဖြေလွှာတွေပေါ်တင် ကြည့်ပြီးတော့ အဲဒီလူတွေက မယ်မင်းပြောသလို စစ်မှန်တဲ့ ပညာရှင် ဟုတ် မဟုတ် ဘယ်လို ဆုံးဖြတ်နိုင်မှာလဲ"

"ကျွန်တော်မျိုးမက အမြဲတမ်း အတွေးလွန်တတ်တဲ့ အကျင့်ရှိပါတယ်၊ တစ်ရက်မှာတော့ တချို့လူတွေက လယ်ယာလုပ်ငန်းက ကျွမ်းကျင်ပြီး တချို့က လက်မှုပညာမှာ တော်ကြတယ်ဆိုတာကို တွေးမိခဲ့ပါတယ်၊ တကယ်လို့ လယ်ယာလုပ်ငန်း ကျွမ်းကျင်တဲ့သူက လက်မှုပညာသည်တွေအတွက် စစ်ဆေးတဲ့ စာမေးပွဲကို သွားဖြေရင် ရလဒ်က ဆိုးဝါးသွားလိမ့်မယ်၊ လက်မှုပညာရှင်က လယ်ယာလုပ်ငန်းအတွက် စာမေးပွဲဖြေမိရင်လည်း ရလဒ်က အတူတူပါပဲ၊ ကျွန်တော်မျိုးမ တွေးမိတာက အရှင်မင်းမြတ်အနေနဲ့ လိုအပ်တဲ့ အရည်အချင်းတွေကို ကဏ္ဍအသီးသီး ခွဲခြားလိုက်ပြီး နောက်ဆုံးစာမေးပွဲမှာ ပညာရှင်တစ်ဦးချင်းစီရဲ့ အထူးချွန်ဆုံးကဏ္ဍအလိုက် စစ်ဆေးမယ်ဆိုရင် ရလဒ်တွေက ပိုပြီး ရှင်းလင်းသွားလိမ့်မယ် ကျွန်တော်မျိုးမ ယုံကြည်ပါတယ်"

အမှန်တကယ်တွင် ၎င်းက ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များအား ခွဲခြားသလို ရိုးရှင်းသော်လည်း ရှေးခေတ်စာမေးပွဲစနစ်တွင် ထိုသို့ ခွဲခြားထားခြင်း မရှိသေးပေ။

ဧကရာဇ်မင်း၏ မျက်နှာအမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီးမှ မိန့်ကြားလိုက်ပြန်သည်။

"ဥာဏ်ကောင်းတယ်၊ တကယ်ကို ဥာဏ်ရည်ထက်မြက်ပါပေတယ်၊ မယ်မင်းလို အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုနည်းလမ်းမျိုး စဉ်းစားမိတာက တကယ်ကို အံ့ဩစရာပဲ၊ ဒါပေမယ့် ဒီနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဖို့ကတော့ ခက်ခဲနိုင်လိမ့်မယ်"

စုန့်တင်းရှန်းက ထပ်လျှောက်တင်လိုက်ပြန်သည်။

"အသစ်အဆန်းတစ်ခုကို စတင်ဖို့ဆိုတာ အမြဲတမ်း ခက်ခဲပါတယ်၊ လယ်ယာစိုက်ပျိုးတာလည်း အတူတူပါပဲ၊ လူတိုင်းက အာလူးနဲ့ ကန်စွန်းဥစိုက်တာကိုပဲ ကျင့်သားရနေကြတော့ ရုတ်တရက်ကြီး တခြားသီးနှံ ပြောင်းစိုက်ရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေပါ့မလဲ၊ ကျွန်တော်မျိုးမကတော့ ဟင်းအသစ်တစ်မျိုး လုပ်တဲ့အခါတိုင်း ချက်ချင်း မရောင်းပါဘူး၊ အဲဒီအစား နမူနာအနေနဲ့ အခမဲ့ အရင် မြည်းစမ်းခိုင်းခဲ့ပါတယ်၊ တစ်ယောက်ယောက်က သဘောကျရင် ဝယ်ဖို့အတွက် သူတို့ဘာသာ ရောက်လာကြပါလိမ့်မယ်၊ တစ်ယောက်က ဝယ်ပြီဆိုရင် ကျန်တဲ့သူတွေလည်း လိုက်ဝယ်ကြတာပါပဲ"

ဧကရာဇ်က သေချာပေါက် နားလည်သွားပြီး စုန့်တင်းရှန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ကာ သက်ပြင်းချလိုက်ပြန်သည်။

"တကယ်ကို နှမြောစရာပဲ"

‘ဒီလောက် ထက်မြက်တဲ့သူက အမျိုးသမီးတစ်ယောက် ဖြစ်နေတယ်။ ကံကောင်းတာက သူမကို ထောက်ပံ့ပေးမယ့် မိသားစုရှိနေတာပဲ။ အဲ့လိုမဟုတ်ရင် သူမ ဒီလောက်အထိ လုပ်ဆောင်နိုင်ခဲ့မှာ မဟုတ်ဘူး။

စစ်သူကြီး ကျိုးယိနိုကလည်း ဒီလို ပညာရှိတဲ့ ဇနီးသည်ကို ရထားတာ ကံကောင်းလွန်းလှတယ်။ မဟုတ်ရင်တော့...အခြေအနေက ကွဲပြားသွားနိုင်တယ်’

"ကျိုးရှီ၊ ထပါ၊ မယ်မင်းရဲ့ စကားတွေက ငါကိုယ်တော်ရဲ့ နှလုံးသားကို တကယ် ထိမိစေခဲ့တယ်"

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရသည့် စုန့်ထောင်ဟုန်ကလည်း အတွေးများဖြင့် ရှုပ်ထွေးနေခဲ့သည်။ သူမက သူမကိုယ်သူမ စုန့်တင်းရှန်းထက် ပိုသာသည်ဟု အမြဲ ထင်ထားခဲ့သည်။

‘ငါ့ရဲ့ မျက်နှာက ပိုလှသလို ခန္ဓာကိုယ်ကောက်ကြောင်းကလည်း ပိုလှတယ်၊ ငါ့က သူ့ထက် ပိုပြီး ကံကောင်းခဲ့တာ မဟုတ်ဘူးလား၊ ဒါပေမယ့် အခုတော့ စုန့်တင်းရှန်းက ဧကရာဇ်မင်းမြတ်နဲ့ စကားပြောနိုင်ရုံတင်မကဘဲ ဧကရာဇ်မင်းမြတ်ဆီကနေ အတိုင်းထက်အလွန် ကျေနပ်စေတဲ့ ချီးမွမ်းစကားတွေပါ ရနေပြီ၊ ငါကိုယ်တိုင်ကျတော့ရော... ကလေးကိုလည်း ဆုံးရှုံးခဲ့ရတယ်၊ ငါ့ကိုယ်တိုင်လည်း ကိုယ်အသက်ကိုတောင် မနည်း ပြန်လုခဲ့ရတယ်’

‘ငါသာ ရှချမ်းနဲ့ နီးစပ်ဖို့ မကြိုးစားဘဲ မိဘတွေစီစဥ်တဲ့အတိုင်း ကျိုးထျဲကျူးနဲ့သာ ရိုးရိုးသားသား အိမ်‌ထောင်ပြုခဲ့ရင် အခု ငါ့ကိုလည်း ကျိုးသခင်မလို့ ခေါ်နေကြမှာလား’

‘အဲဒီလိုသာဆိုရင် စုန့်တင်းရှန်းက ရှချမ်းရဲ့လက်ထဲမှာ ငါ ခံစားနေရတဲ့ ကံကြမ္မာမျိုးနဲ့ ကြုံရပြီး ထွက်ပြေးဖို့ လမ်းတောင် ရှိမှာ မဟုတ်ဘူး’

‘အစတုန်းက ငါ ဘာလို့ မမြင်ခဲ့တာလဲ၊ နောက်ဆုံးမှာ ကျိုးထျဲကျူးက ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုမျိုး ရလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်ခဲ့ပါမလဲ’

‘နောင်တရတယ်၊ ငါ တကယ်ကို နောင်တရနေပြီ’

သို့‌သော် သူမ ကျိုးထျဲကျူးနှင့် လက်ထပ်ခဲ့လျှင်ပင် သူမ မည်သည့်အရာကို ရင်ဆိုင်ရမည်ကို သူမ လုံးဝ ထည့်မတွေးခဲ့ပေ။ ထိုအရာက သူမ ကျိုးမိသားစုတစ်ခုလုံးကို အလုပ်အကျွေးပြုရမည် ဖြစ်ပြီး ခါးသီးမှုနှင့် မကျေနပ်မှုများကို သည်းခံရမည် ဖြစ်သည်။ ထိုအချိန်တွင် ခရိုင်တရားသူကြီးကတော် ဖြစ်သွားသည့် စုန့်တင်းရှန်းကိုလည်း မနာလိုဖြစ်နေရဦးမည်သာ ဖြစ်သည်။

(T/N: ရာထူးကနေ Etranမှာ ခရိုင်အမတ်/အုပ်ချုပ်ရေးမှူး/တရားသူကြီး အဲ့လိုတွေ အမျိုးမျိုးရေးနေတယ်၊ တကယ်တော့ သူတို့ခေတ်အနေနဲ့ဆိုရင် ခရိုင်အမတ်က ခရိုင်တစ်ခုလုံးကို တာဝန်ယူရတယ် ထင်တယ်၊ အုပ်ချုပ်တာလဲ သူပဲ၊ တရားစီရင်တာလဲသူပဲ)

စုန့်ထောင်ဟုန်က ထိုနေရာတွင် ဆက်လက်ဒူးထောက်နေခဲ့ရပြီး ဧကရာဇ်က အစားအစာများ ပြင်ဆင်ရန် အမိန့်ပေးချိန်တွင်တော့ မိန်းမစိုးတစ်ယောက်က သူမကို အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

‘ငါတို့အားလုံးက စုန့်မျိုးနွယ်တွေ ဖြစ်ကြပေမယ့်လည်း သူတို့ကတော့ ဧကရာဇ်မင်းမြတ်နဲ့အတူ ထိုင်ပြီး စားသောက်နိုင်ကြတယ်၊ ငါကတော့ ကယ်ဆယ်ရေးဆောင်ကို ပြန်ပြီး မုန့်ပေါင်းအခြောက်တွေနဲ့ ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကိုပဲ ပြန်စားနေရတယ်၊ စုန့်ဆိုတဲ့ စာလုံးက တူညီနေတာတောင် သွေးသားတော်စပ်မှုအကြောင်း ဘာလို့ မပြောကြတာလဲ”

‘သူတို့ ငါ့ကို ဘယ်တုန်းက ဆွေမျိုးလို ဆက်ဆံခဲ့ဖူးလို့လဲ’

စုန့်ထောင်ဟုန်က ပြောင်းဖူးမုန့်ပေါင်းကို ဒေါသတကြီး ဝါးနေရင်း သူမ၏ ရင်ထဲမှ ကျိန်ဆဲနေပြန်သည်။ သူမက လက်ရှိအခြေအနေကို လက်မခံနိုင်သေးပေ။

စုန့်မိသားစုနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီးနောက် ဧကရာဇ်က သူတို့ကို တည်းခိုဆောင်သို့ ပြန်ပို့စေခဲ့ပြီး စုန့်မိသားစုအား မည်သည့်ဆုလာဘ် ချီးမြှင့်သင့်သည်ကို ဆွေးနွေးရန် အမတ်အချို့ကို ဆင့်ခေါ်လိုက်သည်။

"အတိတ်ကာလရဲ့ ဓလေ့ထုံးတမ်းတွေအရဆိုရင် အရှင်မင်းမြတ်အနေနဲ့ စစ်သူကြီးကျိုးရဲ့ ဇနီးကို ဘွဲ့ထူးအဆင့်အတန်းတစ်ခု ပေးသနားတော်မူသင့်ပါတယ်"

ဧကရာဇ်က ထိုစကားကို ပြောလိုက်သော အမတ်ကို တစ်ချက်ကြည့်လိုက်ပြီး မိန့်တော်မူလိုက်ပြန်သည်။

"အရင်တုန်းက ဘွဲ့ထူးတွေ ရခဲ့တဲ့ အမျိုးသမီးတွေက ဒီလိုကိစ္စမျိုးတွေ လုပ်နိုင်ခဲ့လို့လား၊ သူတို့ရဲ့ ဘွဲ့ထူးတွေဆိုတာ အမျိုးသားတွေအပေါ် မှီခိုပြီး ရလာတာ မဟုတ်ဘူးလား၊ ဒါပေမယ့် စစ်သူကြီးကျိုးရဲ့ ဇနီးကတော့.... သူရဲ့ အသိပညာက စစ်သူကြီးကျိုးထက် မနိမ့်ကျဘူး၊ အမတ်မင်းတို့ရော ဘယ်လိုထင်ကြလဲ"

‘ကျွန်တော်မျိုးတို့ ဘယ်လိုထင်လဲ ဟုတ်လား?’

‘ဘယ်လိုထင်ရမှာလဲ’

‘စုန့်မိသားစု တစ်ခုလုံးက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်လို့ပဲ ထင်ကြတာပေါ့၊ သူတို့က ဘာလို့ ဒီလောက် ထူးဆန်းတဲ့ စိတ်ကူးတွေ အများကြီး ရှိနေရတာလဲ၊ အမျိုးသမီးဆိုတာ အိမ်ထဲမှာ ပဲနေ၊ မိသားစုကို ပြုစုစောင့်ရှောက်ပြီး သားသမီးတွေကို ဆုံးမရုံပဲ မဟုတ်ဘူးလား’

အခြားအမတ်တစ်ဦးကလည်း လျှောက်တင်လာပြန်သည်။

"ရှေးယခင်ကတည်းက အမျိုးသမီးတစ်ဦး လက်ထပ်ပြီးတဲ့နောက် ရရှိလာတဲ့ ဆုလာဘ်တွေက သူ့ရဲ့ ခင်ပွန်းမိသားစုဆီကနေပဲ ရောက်လာတာ သဘာဝပါပဲ၊ ဒါက မသင့်တော်တာမျိုး မဟုတ်ပါဘူး"

ဧကရာဇ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။ အမတ်များကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြောရမှန်း မသိဖြစ်နေကြသည်။

ရုတ်တရက် အခြားအမတ်တစ်ဦးက လျှောက်တင်လာပြန်သည်။

"အရှင်မင်းမြတ်၊ ကျွန်တော်မျိုးကတော့ သီလရှိတဲ့ ဇနီးတစ်ဦးက သူ့ရဲ့ခင်ပွန်းအတွက် ဒုက္ခတွေ နည်းပါးစေတယ်လို့ ယုံကြည်ပါတယ်၊ လောကမှာရှိတဲ့ အမျိုးသမီးတွေအားလုံးသာ ကျိုးသခင်မလို ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ဉာဏ်ရည် ထက်မြက်ကြမယ်ဆိုရင် သူတို့ရဲ့ခင်ပွန်းသည်တွေကို ပညာရှိရှိနဲ့ ပိုရဲရင့်လာအောင် လှုံ့ဆော်ပေးနိုင်ရုံသာမက သူတို့ကိုယ်တိုင်လည်း ကြီးကျယ်တဲ့အရာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်၊ ကျိုးသခင်မကြီး အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ မိသားစုကို စည်းလုံးအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်၊ စုန့်မိသားစုက လူကြီးတွေက ကြင်နာတတ်ပြီး နားလည်မှုရှိကြသလို ကလေးတွေကလည်း ဖျတ်လတ်ပြီး လိမ္မာကြပါတယ်၊ ဒါက လောကမှာ ရှားပါးတဲ့ စံပြမိသားစုပါ၊ ကျွန်တော်မျိုး အကြံပြုချင်တာကတော့ အရှင်မင်းမြတ်အနေနဲ့ ကျိုးသခင်မကို ဆုချီးမြှင့်ရုံတင်မကဘဲ စုန့်မိသားစု တစ်ခုလုံးကိုပါ ဆုချီးမြှင့်သင့်ပါတယ်"

သူ ထိုစကားကို ပြောပြီးသည်နှင့် သူ့၏လုပ်ဖော်ကိုင်ဖက် အမတ်များထံမှ စိုက်ကြည့်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

ဧကရာဇ်မင်းက အားရပါးရ ရယ်မောပြီးမှ ပြန်မေးလိုက်သည်။

"ပြောတာ ကောင်းတယ်၊ ငါကိုယ်တော် သူတို့ကို ဘယ်လို ဆုချီးမြှင့်သင့်တယ်လို့ အမတ်မင်း တွေးမိလဲ"

"ကျိုးသခင်မက မြောက်ပိုင်းက စစ်သည်တွေအတွက် ကြိမ်ချပ်ဝတ်တွေ၊ လက်အိတ်တွေ၊ သိုးမွှေးစောင်တွေ ပို့ပေးခဲ့သလို ငတ်မွတ်ခေါင်းပါးတဲ့နှစ်မှာလည်း မြောက်ပိုင်းကို မိုးခေါင်ဒဏ်ခံနိုင်တဲ့ မျိုးစေ့လှည်းနှစ်စီး ပို့ပေးခဲ့ပါတယ်၊ အဲဒီ လုပ်ရပ်တွေက တကယ်ကို မွန်မြတ်လှပါတယ်၊ ဒီလို ကြီးမြတ်တဲ့ သီလနဲ့ဆိုရင် သူ့ကို 'ခရိုင်မင်းသမီး' ဘွဲ့ အပ်နှင်းတာက အလွန်အကျွံ မဟုတ်ပါဘူး၊ ဒါက လောကမှာ ရှိနေတဲ့ အမျိုးသမီးတွေကိုလည်း အမျိုးသမီးဖြစ်နေရင်တောင် တိုင်းပြည်နဲ့ ပြည်သူအတွက် အလုပ်အကျွေးပြုမယ်ဆိုရင် ဖခင် ဒါမှမဟုတ် အစ်ကိုမောင်တွေအပေါ် မမှီခိုဘဲ အရှင်မင်းမြတ်ဆီကနေ ဆုလာဘ်တွေ ရနိုင်တယ်ဆိုတာကို ပြသရာ ရောက်ပါတယ်"

အခြားအမတ်တစ်ဦးက မကျေမနပ်ဖြင့် ဒေါသတကြီး ကန့်ကွက်လိုက်သည်။

"အဓိပ္ပါယ်မရှိဘူး၊ တကယ်လို့ အဲဒီလိုသာ ဖြစ်လာရင် လောကမှာရှိတဲ့ အမျိုးသမီးတွေထဲက ဘယ်သူက ယောက္ခမတွေကို လုပ်ကျွေးပြုစုပြီး သားသမီးတွေကို ကျွေးမွေးတော့မှာလဲ၊ ဘယ်သူက အိမ်တော်ကို စီမံခန့်ခွဲတော့မှာလဲ"

ထိုအကြံဉာဏ်ကို စပေးသောအမတ်က ရယ်မောလျက် ပြန်ပြောလိုက်သည်။

"အမတ်မင်းကျန်း၊ အမတ်မင်း ပြောတာ မှားနေပြီ၊ ကျိုးသခင်မမှာ ပြုစုရမယ့် ယောက္ခမတွေ မရှိပေမယ့် သူက သူ့ရဲ့ အဖိုးအဖွားတွေနဲ့ မိဘတွေကိုတော့ ပြုစုခဲ့တာပဲ၊ ကျိုးသခင်မက ရွာထဲမှာ အလုပ်ရုံတစ်ခု တည်ထောင်ပြီး အမျိုးသမီးတွေကို အလုပ်ပေးခဲ့တယ်၊ ဒါမှ သူတို့ အားလပ်ချိန်မှာ မိသားစုအတွက် ပိုက်ဆံရှာနိုင်မှာပေါ့၊ ဒါကိုကြည့်ရင် ကျိုးသခင်မက အိမ်ထောင်ကို စီမံခန့်ခွဲနိုင်စွမ်းမရှိဘူး၊ သီလမရှိဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ၊ သားသမီးကိစ္စကတော့ ကျိုးသခင်မ လက်ထပ်တုန်းက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်၊ စစ်သူကြီးကျိုးကလည်း မြောက်ပိုင်းမှာ စစ်တိုက်နေရတာဆိုတော့ သူတို့မှာ ကလေးမရှိတာ သဘာဝပဲ၊ အခု သူတို့နှစ်ယောက်လုံး အရွယ်ကောင်းတုန်းဆိုတော့ နောင်မှာ သားသမီးတွေ အပြည့်နဲ့ အိမ်ထောင်စုကြီး ဖြစ်လာမှာ သေချာပါတယ်"

အမတ်မင်းကျန်းက နှာခေါင်းရှုံ့လျက် ပြောလာပြန်သည်။

"တကယ်လို့ ဂုဏ်ပြုမှုတွေအားလုံးက အမျိုးသမီးတွေဆီပဲ ရောက်ကုန်ရင် ကျုပ်တို့ အမျိုးသားတွေက ဘာလုပ်ရတော့မှာလဲ"

"အမျိုးသားတစ်ယောက်အနေနဲ့ သူ့ဇနီးရဲ့ အောင်မြင်မှုက သူ့ထက် သာသွားမှာကို ကြောက်နေတယ်ဆိုရင်တော့ အဲဒီအမျိုးသားကလည်း သိပ်ပြီး အရည်အချင်းရှိတဲ့သူ မဖြစ်နိုင်တော့ဘူး၊ ဟုတ်တယ်မလား၊ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်၊ သူတို့ရဲ့ လုပ်ရပ်တွေက တိုင်းပြည်အတွက် အကျိုးရှိသရွေ့ အရှင်မင်းမြတ်က ဆုလာဘ်တွေ ပေးသနားမယ်လို့ ကျုပ် ယုံကြည်တယ်၊ အရည်အချင်းရှိသူတွေ များလာလေလေ၊ ကျုပ်တို့ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ် ပိုခိုင်မာတောင့်တင်းလာလေလေ ဖြစ်လာမှာ မဟုတ်ဘူးလား"

အမတ်မင်းကျန်းက ထပ်ပြောလာပြန်သည်။

"ရိုးရှင်းတဲ့ ကိစ္စလေးတွေ လုပ်ပေးရုံနဲ့ ခရိုင်မင်းသမီးဘွဲ့ ပေးအပ်ဖို့ ထိုက်တန်ပါ့မလား၊ အမတ်မင်းလီ၊ အဲဒီအမျိုးသမီးကို အလွန်အကျွံမချီးကျူးပါနဲ့"

"ရိုးရှင်းလှပါတယ်ဆိုတဲ့ ကြိမ်ချပ်ဝတ်တစ်ခုက စစ်သည်တော်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တယ်၊ ကျုပ်က နှစ်ပေါင်းများစွာ စာပေသင်ကြားခဲ့ပေမယ့် ဒီလိုနည်းလမ်းမျိုးကို မစဉ်းစားမိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရှက်ရမိပါတယ်၊ အမတ်မင်းကျန်းရော သံ သံချပ်ကာတွေအစား အစားထိုးဖို့ တခုခုကို စိတ်ကူးမိတာမျိုးများ ရှိဖူးပါလား"

"ခင်ဗျား... ခင်ဗျား! ကျုပ်က အရပ်ဘက် အရာရှိတစ်ယောက်ပဲ၊ ဒီလိုစစ်ရေးကိစ္စတွေကို ဘယ်လိုစဉ်းစားမိမှာလဲ"

အမတ်မင်းကျန်းက ဒေါသထွက်လွန်း၍ တုန်ယင်နေလေသည်။

အမတ်မင်းလီက ဆက်ပြောနေပြန်သည်။

"ကျိုးသခင်မက ရွာသူတစ်ယောက်ပဲ၊ ဒါပေမယ့် စစ်မြေပြင်သွားတော့မယ့် ခင်ပွန်းကို ကူညီဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားပေးနိုင်ခဲ့တယ်၊ ကျုပ်ကတော့ သူထက်တောင် အများကြီး နိမ့်ကျနေသေးတယ်"

ဧကရာဇ်က သူ၏အမတ်များ ငြင်းခုံနေကြသည်ကို အပြုံးဖြင့် ကြည့်နေပြီးမှ မိန့်ကြားသည်။

"ကျိုးသခင်မက စာမေးပွဲတွေ စစ်ဆေးတဲ့အခါ ငါကိုယ်တော် လိုအပ်တဲ့ အရည်အချင်းတွေကို ကဏ္ဍအလိုက် ခွဲခြားစစ်ဆေးဖို့လည်း အကြံပြုခဲ့တယ်၊ အဲ့လို ဆောင်ရွက်လိုက်ရင် ငါကိုယ်တော်အတွက် အရည်အချင်းရှိတဲ့သူတွေကို အလွယ်တကူ ရွေးချယ်နိုင်လိမ့်မယ်လို့ လျှောက်တင်ခဲ့တယ်"

အမတ်မင်းကျန်းက ဒေါသတကြီး ထခုန်မတတ် ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။

"ကြက်မ တွန်လို့ မိုးလင်းရင် တိုင်းပြည် ပျက်သွားလိမ့်မယ်"

သို့သော် အမတ်မင်းလီ၏ မျက်လုံးများက တောက်ပလာပြီး ဧကရာဇ်ကို လေးလေးနက်နက် ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုးတို့လည်း အရှင်မင်းမြတ်ရဲ့ ဦးဆောင်မှုအောက်မှာ ပညာရှင်တွေ ရွေးချယ်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ဖူးပါတယ်၊ အကြိမ်တိုင်းက တိုင်းပြည်အတွက် အကျိုးရှိခဲ့တာပါပဲ၊ ဒီအကြံဉာဏ်က ကျိုးသခင်မဆီက လာတာဆိုပေမယ့် တကယ်ကို ကျိုးကြောင်းသင့်တော်တဲ့ နည်းလမ်းတစ်ခုပါ၊ တကယ်လို့ အမတ်မင်းကျန်းသာ ဒီစိတ်ကူးကို ရခဲ့ရင်ရော ကြက်မတွန်တယ်လို့ ပြောနေဦးမှာလား"

"ခင်ဗျားရဲ့စကားတွေက ယုတ္တိမဲ့လွန်းနေပြီ"

အမတ်မင်းကျန်းက ဒေါသကြောင့် သွေးအန်မတတ် ခံစားနေရသည်။

ထို့နောက် အမတ်မင်းလီက ဧကရာဇ်အား ထပ်လျှောက်တင်နေပြန်သည်။

"ကျွန်တော်မျိုး ယုံကြည်တာကတော့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အဆိုပြုချက်မျိုးဆိုရင် အမျိုးသား၊ အမျိုးသမီး မရွေးဘဲ လူကြီးနဲ့ ကလေးတွေ ဆီကလာရင်တောင် အကောင်အထည်ဖော်သင့်ပါတယ်၊ ဒါပေမယ့် ဒါကို ဘယ်လို စနစ်တကျ လုပ်ဆောင်မလဲဆိုတာကတော့ အရှင်မင်းမြတ်ရဲ့ စဉ်းစားချင့်ချိန်မှုအပေါ်မှာပဲ မူတည်ပါတယ်၊ အရှင်မင်းမြတ်အနေနဲ့ ဂရုတစိုက် တွေးခေါ်ဖို့ လိုအပ်တော်မူပါတယ်"

ဧကရာဇ်မင်းက ခေါင်းညိတ်ရင်း ပြန်မိန့်တော်မူလိုက်သည်။

"ငါကိုယ်တော်ရဲ့ အမတ်မင်း ပြောတာ မှန်တယ်၊ အခု နန်းတွင်းမှာ အရည်အချင်းရှိတဲ့ အရာရှိတွေ ရှားပါးနေပြီး ဌာနအသီးသီးမှာလည်း ရာထူးတွေ ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အချိန်ဖြစ်နေတယ်၊ ဒီအဆိုပြုချက်က ငါကိုယ်တော်ရဲ့ စိုးရိမ်မှုကို ဖြေရှင်းပေးနိုင်တယ်။ အမတ်မင်းတို့အားလုံးက ငါကိုယ်တော် ယုံကြည်ရတဲ့သူတွေမို့ ဒီအစီအစဉ်ကို ပိုပြီး စနစ်တကျဖြစ်အောင် စဉ်းစားပေးနိုင်ကြမယ်လို့ ငါကိုယ်တော် ယုံကြည်ပါတယ်။ ကဲ... မူရင်းအကြောင်းအရာကို ပြန်သွားရအောင်၊ စုန့်မိသားစုကို ဘယ်လို ဆုချီးမြှင့်သင့်လဲဆိုတာ အားလုံး ဆုံးဖြတ်ပြီးကြပြီလား"

..........။........။........

တစ်ဖက်တွင်လည်း စုန့်တင်းရှန်းက နန်းတွင်း၏ ခန့်ညားထည်ဝါမှုများကြားမှ ထွက်လာခဲ့ပြီး သူမ၏ မိသားစုနှင့်အတူ မြို့တော်၏ အဖိုးတန် အချိန်များကို ကုန်ဆုံးနေခဲ့သည်။ ကျိုးယိနိုကလည်း သူ့ဇနီးသည်အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကြောင့် သူမ လိုချင်သမျှ လိုက်လံဖြည့်ဆည်းပေးရန် ခွင့်ရက်ယူထားခဲ့သည်။ သူတို့၏ နေ့ရက်များက ရယ်မောသံများ၊ ချစ်ခြင်းမေတ္တာများနှင့် လွှမ်းခြုံနေပြီး ဤလှပသော မြို့တော်ကြီးတွင် အတူတကွ ဖြတ်သန်းရသော အတွေ့အကြုံသစ်များ ပြည့်နှက်နေခဲ့သည်။

စုန့်တင်းရှန်းက အိမ်တွင်မရှိသော လှပသည့် ပိတ်စအချို့ကို ဝယ်ယူခဲ့ပြီး ခြင်ပြေးဆေးအိတ်များကိုလည်း ဝယ်ယူခဲ့သည်။ လမ်းဘေးမုန့် အမျိုးမျိုးကိုလည်း မြည်းစမ်းကြည့်ခဲ့ပြီး အရသာပိုကောင်းစေမယ့် ဟင်းချက်နည်းအသစ်များ ဖန်တီးရန် စဉ်းစားနေခဲ့သည်။

သူမ၏ လက်ထဲတွင် ဆော့စ်ချက်နည်းများစွာ ရှိနေပြီး အချိန်တန်လျှင် တစ်ခုချင်းစီကို ထုတ်ဖော်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေခြင်းပင်။

သို့သော် မြို့တော်ရှိ ပစ္စည်းများက အလွန်ဈေးကြီးလှသည်။ ဆိုင်ခန်းအသေးလေးတစ်ခုကပင် အနည်းဆုံး ငွေလျန်ငါးရာ ပေးရပြီး ဝင်းခြံကျဉ်းကျဉ်းလေးတစ်ခုကတော့ လျန်ငါးရာမှ ခြောက်ရာအထိ ပေးရသောကြောင့် စုန့်တင်းရှန်းကို ဆွံ့အသွားစေခဲ့သည်။

သူမ၏ အိတ်ကပ်ထဲမှ ငွေများက သူမ၏ ဇာတိရွာတွင် သက်တောင့်သက်သာ နေနိုင်ခဲ့သော်လည်း ဤနေရာတွင် သူမကိုယ်သူမ ဆင်းရဲသားတစ်ယောက်လို ခံစားနေရသည်။ ထို့ကြောင့် မြို့တော်သို့ ပြောင်းရွှေ့နေထိုင်မည့် စိတ်ကူးကို လုံးဝစွန့်လွှတ်လိုက်ပြီး မိသားစု၏လုပ်ငန်းကို တိုးချဲ့ရန်သာ အာရုံစိုက်လိုက်တော့သည်။

"ဧကရာဇ်မင်းမြတ်က ကိုယ်ကို ခရိုင်က ခြံဝင်းကျယ်ကြီးတစ်ခု ဆုချီးမြှင့်ထားတယ်၊ ဒါပေမယ့် ကိုယ်လည်း ဘယ်နေရာဆိုတာတောင် မသိရသေးဘူး"

ကျိုးယိနိုက ပြောနေရင်း စားပွဲပေါ်သို့ ဝမ်တန်ပန်းကန် တင်လိုက်ကာ သူ့၏ ချစ်ဇနီးလေးနှင့်အတူ စားသောက်နေသည်။

"အရင်တုန်းက ကိုယ်က အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ဖြစ်ခဲ့ဖူးတယ်၊ အခုတော့ ကိုယ်တို့မှာ အနားယူနိုင်မယ့် နေရာတစ်ခုနဲ့ အိမ်တစ်လုံး ရှိနေပြီ၊ မင်း စိတ်အေးအေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်တော့မှာပါ”

"အိမ်တွေ အများကြီး ရှိနေရင်လည်း ကျွန်မတို့ ဘယ်လို သွားနေနိုင်မှာလဲ၊ အဲဒါတွေကို အမြဲ သန့်ရှင်းရေးလုပ်ပြီး စီမံခန့်ခွဲနေရတာကလည်း အလုပ်ရှုပ်တာပဲ၊ တကယ်လို့ ကျွန်မတို့ အိမ်ငှားဖို့ ဆုံးဖြတ်လိုက်ရင်တော့ တစ်မျိုးပေါ့"

"စိတ်မပူပါနဲ့၊ ကိုယ်တို့အားလုံး စစ်သူကြီးအိမ်တော်မှာ အတူတူနေကြမယ်၊ ဘယ်သူက ကိုယ်တို့ကို အနိုင်ကျင့်ရဲဆိုတာ ကြည့်ကြသေးတာပေါ့၊ မင်းရဲ့ အိမ်ဟောင်းကိုတော့ အလုပ်ရုံအဖြစ်ပဲ ဆက်ထားလိုက်လေ၊ အဲဒါက ငါတို့ပိုင်တဲ့ပစ္စည်းပဲ၊ ဘယ်သူ့ကိုမှ ငှားနေစရာ မလိုပါဘူး"

"ရှင်က အားလုံးကို ကြိုတင် ကြံစည်ထားတာပဲ"

စုန့်တင်းရှန်းက ကျိုးယိနို၏ ပါးကို မနာအောင် လိမ်ဆွဲလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ကြင်နာမှုများ ပြည့်နှက်နေသော်လည်း ထိုအပြုအမူလေးက အနည်းငယ် စနောက်ရာ ရောက်နေသည်။

ကျိုးယိနို၏ မျက်နှာက ယခင်ကလို နူးညံ့မှုမျိုးမရှိတော့ဘဲ သူက ပြတ်သားထက်မြက်သည့် အသွင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုအသွင်အပြင်က ဆွဲဆောင်မှုရှိသလို သူမ မှတ်မိနေသော နူးညံ့မှုမျိုးနှင့်တော့ အနည်းငယ် ကွာခြားနေခဲ့သည်။

ကျိုးယိနိုက ရယ်မောရင်း ထပ်ပြောနေပြန်သည်။

"ဟဲ ဟဲ... ကိုယ်က မင်း ဦးဆောင်တဲ့နောက်က လိုက်ရုံပါပဲ၊ ဒါက မိသားစုအတွက် လုပ်ပေးရမယ့် အလုပ်ပဲလေ"

သူ့အတွက် ခွင့်ရက်များ ရထားသောကြောင့် ယခု သူ အလွန်တမ်းတခဲ့ရသော ချစ်ဇနီးနှင့်အတူ ညဉ့်နက်သည်အထိ အချိန်ကုန်ဆုံးနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း စုန့်တင်းရှန်းကို ပထမဦးဆုံးအကြိမ် ချစ်တင်းနှောရသည့် ဝန်ထုပ်ဝန်ပိုးမျိုး မပေးချင်ဘဲ တွန့်ဆုတ်နေမိပြန်သည်။ သူက နှစ်ဦးသား ချစ်ခြင်းမေတ္တာများ လွတ်လွတ်လပ်လပ် ပွင့်လန်းနိုင်မည့်၊ နွေးထွေးမှုများ ပြည့်နှက်နေမည့် သူတို့နှစ်ဦး၏ ကိုယ်ပိုင်အိမ်သို့ ပြန်ရောက်ချိန်မှသာ ထိုသို့သော အဖိုးတန်အခိုက်အတန့်ကို ဖန်တီးချင်နေခြင်းပင်။

တည်းခိုဆောင်ကဲ့သို့သော သူစိမ်းပြင်ပြင်နေရာမျိုးတွင် ထိုကဲ့သို့ အဖိုးတန်လှသော အချိန်ကို အလဟဿ မဖြုန်းတီးချင်ပေ။ သူတို့နှစ်ဦး အတူတကွ ရှိနေမည့်၊ ခရီးသွားလာရသည့် အကန့်အသတ်များ မရှိတော့မည့် အနာဂတ်ကို သူ ပုံဖော်ကြည့်နေမိပြန်သည်။ သူတို့၏ အချစ်က နုနယ်သော ပန်းလေးတစ်ပွင့်ကဲ့သို့ဖြစ်နေသောကြောင့် သူတို့၏ မျှော်လင့်ချက်များ ထင်ဟပ်နေမည့် နေရာမျိုးတွင်သာ သူ ဂရုတစိုက် ပျိုးထောင်လိုခြင်းပင်။

စုန့်တင်းရှန်းက ဝမ်တန်ကို ဖြည်းဖြည်းချင်း တစ်ငုံစီ သောက်နေရင်း ပြန်ပြောလိုက်သည်။

"ဧကရာဇ်မင်းမြတ်က ကျွန်မတို့ကို ဘာတွေပဲ ဆုလာဘ်ချီးမြှင့်ပါစေ၊ ကျွန်မကတော့ ဂရုမစိုက်ပါဘူး၊ ကျွန်မတို့မိသားစု အားလုံး စည်းစည်းလုံးလုံးနဲ့ အေးအေးချမ်းချမ်း နေရဖို့ပဲ လိုချင်တာပါ၊ ပိုက်ဆံဆိုတာ ဖြည်းဖြည်းချင်း ရှာလို့ရပေမယ့် စည်းလုံးမှု မရှိရင်တော့ ပိုက်ဆံရှာတာကလည်း အဓိပ္ပာယ် မရှိတော့ဘူးလေ"

"မင်း အရမ်းတော်တာကို ကိုယ် သိပါတယ်၊ ဒါပေမယ့် အိမ်ပြန်ရောက်ရင် ကိုယ် မင်းကို ကူညီပေးနိုင်တော့မှာပါ၊ ပြဇာတ်တွေထဲမှာ 'ဇနီးမောင်နှံ နှစ်ယောက် အတူတူ ကြိုးစားပြီး အိမ်ကလေး တည်ဆောက်ကြတယ်' ဆိုတာ ကြားရတိုင်း ကိုယ့်ရင်ကို နွေးထွေးစေတယ်၊ အခုတော့ ကိုယ်တို့နှစ်ယောက် အတူတူ အိမ်ထောင်စုတစ်ခု တည်ဆောက်နိုင်ပြီပေါ့"

စုန့်တင်းရှန်းက ပြုံးရုံသာ ပြုံးပြပြီး ဝမ်တန်တစ်ခုကို သူ၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

“မြန်မြန် စား"

.......။........။......

ရက်အနည်းငယ် ကြာပြီးနောက်တွင် ဧကရာဇ်မင်းမြတ်၏ အမိန့်တော် ရောက်ရှိလာခဲ့သည်။

အမိန့်တော်ကို လာရောက်ပို့ဆောင်သူက ဧကရာဇ်၏ ယုံကြည်ရသော ဝမ်ကုန်းကုန်း ဖြစ်သည်။ သူက အမိန့်တော်ကို ကိုင်ဆောင်ထားပြီး နွေးထွေးစွာ ပြုံးနေကာ စုန့်မိသားစုအား အမိန့်တော် လက်ခံရန် ညွှန်ကြားနေသည်။

ရှေးခေတ် အမိန့်တော်များက ခက်ခဲနက်နဲသော စကားလုံးများဖြင့် ရေးသားထားခြင်း ဖြစ်သည်။ စုန့်တင်းရှန်းက ဒူးထောက်ပြီး နားထောင်နေရင်းမှ နောက်ဆုံးတွင် အဓိပ္ပာယ်ကို နားလည်သွားကာ ထိတ်လန့်ဝမ်းသာ ဖြစ်သွားခဲ့သည်။

ဧကရာဇ်မင်းက ဤမျှ ကြီးမားသော ဆုလာဘ်ကို ချီးမြှင့်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမ အံ့သြသွားရသလို၊ ကျိုးယိနို၏ အောင်မြင်မှုများကြောင့် မဟုတ်ဘဲ သူမကိုယ်ပိုင် ကြိုးစားအားထုတ်မှုများကြောင့် ဤဘွဲ့ထူးကို ရရှိခဲ့သည့်အတွက်လည်း အလွန်ပင် ဝမ်းသာနေမိသည်။ ဤခွဲခြားမှုက သူမအတွက် အလွန်အရေးကြီးသည်။ ခင်ပွန်းဖြစ်သူ၏ ဂုဏ်ကြောင့် ရရှိသော ဘွဲ့ထူးက ခင်ပွန်း၏ အရည်အချင်းကို မှီခိုနေရသည်ဟု အဓိပ္ပာယ်ရသောကြောင့်ပင်။

ဧကရာဇ်ထံမှ တိုက်ရိုက်ရရှိသော ဤဆုလာဘ်ကတော့ သူမ၏ ကိုယ်ပိုင်အောင်မြင်မှုများကို အမှန်တကယ် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။

ရာထူးကို လက်ခံလိုက်သော်လည်း စုန့်တင်းရှန်းတစ်ယောက် အံ့သြမဆုံး ဖြစ်နေဆဲပင်။

မိန်းမစိုးကြီးဝမ်က အပြုံးဖြင့် စုန့်တင်းရှန်း၊ စုန့်ရှင်းယိနှင့် လီရှီတို့ကို ထူမပေးရင်း ပြောလာပြန်။

"ကျိုးသခင်မ၊ စုန့်သခင်ကြီးနဲ့ စုန့်သခင်မကြီးတို့ကို ဂုဏ်ပြုပါတယ်ခင်ဗျာ"

စုန့်ရှင်းယိကတော့ လုံးဝ ကြောင်အနေရှာသည်။

"နန်းတွင်းအရာရှိကြီး၊ ကျွန်တော် ကြားခဲ့တာ မှန်ရဲ့လား၊ ကျွန်တော်လည်း အရာရှိဘွဲ့ ရတာလား၊ ကျွန်တော်က ဘာမှ မသိတဲ့ လူလေဗျာ"

ဝမ်ကုန်းကုန်းက စုန့်ရှင်းယိကို ခန်းမထဲတွင် ထိုင်စေပြီးမှ ရှင်းပြလိုက်သည်။

"စုန့်သခင်ကြီး၊ ဒီ လက်ထောက်အမတ်ဆိုတဲ့ ရာထူးက ဂုဏ်ထူးဆောင်ဘွဲ့ တစ်ခုသက်သက်ပါပဲ၊ ဧကရာဇ်မင်းမြတ်က ဒီလောက် ထူးချွန်တဲ့ မြေးမလေးနဲ့ သားဖြစ်သူကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့ စုန့်သခင်ကြီးနဲ့ သခင်မကြီးတို့ရဲ့ အရည်အချင်းကို အတော်လေး နှစ်ခြိုက်တော်မူလို့ ဒီဘွဲ့ကို အထူးပေးသနားတော်မူခဲ့တာပါ၊ ဒါက ငွေပေးပြီး ဝယ်ထားတဲ့ ဘွဲ့တွေထက်တော့ အများကြီး ပိုပြီး ဂုဏ်သိက္ခာရှိတာပေါ့၊ ဒါ့အပြင် ဧကရာဇ်မင်းမြတ်က စုန့်သခင်မကြီးကိုလည်း 'ရူရန်'ဘွဲ့ တိုက်ရိုက် ပေးသနားတော်မူလိုက်တယ်၊ အခုဆိုရင် အဖိုးနဲ့အဖွားတို့ နှစ်ယောက်လုံး အိမ်မှာ သက်တောင့်သက်သာနဲ့ အနားယူနိုင်ပြီ၊ ဘယ်သူကမှ ခင်ဗျားတို့နှစ်ယောက်ကို မရိုမသေ လုပ်ရဲတော့မှာ မဟုတ်ဘူး"

စုန့်ရှင်းယိက မျက်ရည်များ စီးကျလာရင်း ငိုရှိုက်ကာ ပြောနေရှာသည်။

"ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုးတို့ကို ဒီလောက်အထိ တန်ဖိုးထားလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့မိပါဘူး၊ ကျွန်တော်မျိုး... ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို အရိုအသေပေးရမယ်"

သူက ကြမ်းပြင်ပေါ်သို့ လျောဆင်းလိုက်ပြီး နန်းတော်ရှိရာ အရပ်သို့ မျက်နှာမူကာ တရိုတသေ ဒူးထောက်လိုက်သည်။ ထို့နောက် သူက စုန့်မိသားစုတစ်ခုလုံးကို ဦးဆောင်ကာ "ဒုန်း... ဒုန်း..." ဟု အသံထွက်သည်အထိ သုံးကြိမ်တိုင်တိုင် ဦးတိုက် ဂါရဝပြုနေလေသည်။

မိန်းမစိုးဝမ်က စုန့်ရှင်းယိကို ပြန်ထူမပေးလိုက်သည်။

"ကျိုးသခင်မနဲ့ စုန့်သခင်ကြီးတို့ကို ဂုဏ်ပြုပါတယ်၊ အငယ်ဆုံးသားရော မြေးမလေးရော နှစ်ယောက်လုံးက ဧကရာဇ်မင်းမြတ်က သဘောကျတော်မူတယ်။ အခုဆိုရင် ကျိုးသခင်မကို 'ဝေ့နဉ်ရှန်းကျူ' ဆိုတဲ့ အမည်နာမနဲ့ ကောင်တီမင်းသမီးအဖြစ် အပ်နှင်းလိုက်ပြီ၊ ဒီအဆင့်အတန်းက စစ်သူကြီးကျိုးထက်တောင် ပိုပြီး အဆင့်မြင့်မားပါတယ်"

ဖန့်ရှီကလည်း မှင်သက်သွားရသည်။ ကျိုးယိနိုက စတုတ္ထအဆင့်ရှိ စစ်သူကြီးတစ်ဦး ဖြစ်ကြောင်း သူမ သိထားခဲ့သော်လည်း ယခုအခါ သူမ၏ သမီးဖြစ်သူက စတုတ္ထအဆင့် စစ်သူကြီးထက်ပင် ရာထူးအဆင့်အတန်း မြင့်မားသွားပြီဟု ပြောနေခြင်းပင်။

မိန်းမစိုးဝမ်က ဆက်ရှင်းပြနေသည်။

"ဧကရာဇ်မင်းမြတ်က ယောကျာ်း၊ မိန်းမ မရွေးဘဲ အရည်အချင်းရှိသူတွေကို တန်ဖိုးထားလေ့ရှိပါတယ်၊ တိုင်းပြည်အတွက် အကျိုးပြုနိုင်သရွေ့ ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်နိုင်တယ်၊ ဧကရာဇ်မင်းမြတ်ကလည်း ဒီလိုအရည်အချင်းရှိသူတွေကို ရရှိတဲ့အတွက် ဝမ်းမြောက်တော်မူနေတယ်၊ သခင်မကျိုး... မဟုတ်သေးဘူး၊ ဝေ့နဉ်မင်းသမီးအနေနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူတော်ကို လက်ခံပြီး ဧကရာဇ်မင်းမြတ် စိတ်မပျက်ရအောင် ဆက်လက် ဆောင်ရွက်လိမ့်မယ်လို့ ကျွန်‌တော်မျိုး မျှော်လင့်ပါတယ်"

"ဧကရာဇ်မင်းမြတ်ရဲ့ အသိအမှတ်ပြုမှုနဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်၊ နန်းတွင်းအရာရှိကြီးရဲ့ လမ်းညွှန်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုးမအနေနဲ့ တခြားဘယ်ရည်ရွယ်ချက်မှ မရှိဘဲ တိုင်းပြည်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး သစ္စာစောင့်သိသွားပါ့မယ်"

စုန့်တင်းရှန်းက အမိန့်တော်စာကို တင်းတင်းဆုပ်ကိုင်ထားပြီး သူမ စိတ်လှုပ်ရှားလွန်းသောကြောင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

ဘွဲ့ထူးများအပြင် ဧကရာဇ်က ရွှေစင် လျန်နှစ်ရာ၊ ငွေလျန်သုံးထောင်၊ ပိုးထည်အမျိုးမျိုး အလိပ်နှစ်ဆယ်နှင့် ကျောက်စိမ်းရူယီတစ်ခုတို့ကိုလည်း ဆုချီးမြှင့်ခဲ့သည်။ အခြားသော ဆုလာဘ်များစွာလည်း ပါဝင်ပြီး ဝင်းခြံတစ်ခုလုံး ပြည့်လျှံသွားသည်အထိ စုပုံနေလေသည်။

စုန့်မိသားစုကို ဆုချီးမြှင့်ပြီးနောက် ဧကရာဇ်က ရှမိသားစုကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အမိန့်တော် ထုတ်ပြန်လိုက်သည်။

ရှချမ်းက ကိုယ်ကျင့်တရား ယိုယွင်းပျက်စီးပြီး လောဘဇောများကြောင့် မလျော်ကန်သော လုပ်ရပ်များကို လုပ်ခဲ့သည်ဟု သတ်မှတ်ခံလိုက်ရသည်။ သူ့ကို သေဒဏ်ပေးရန်နှင့် ရှမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူရန် အမိန့်ချမှတ်လိုက်သည်။ ရှချမ်း၏ ပြစ်မှုများကြောင့် ရှမိသားစုဝင်များကိုလည်း အစိုးရအမှုထမ်းအဖြစ် လုပ်ကိုင်ခွင့် ထာဝရ ပိတ်ပင်လိုက်သည်။

စုန့်ထောင်ဟုန်အတွက်ကတော့ သူမလည်း သနားစရာကောင်းသူတစ်ဦး ဖြစ်နေသော်လည်း ကံမကောင်းသူများတွင် ကိုယ်ပိုင်အမှားများ ရှိတတ်စမြဲပင်။ ဧကရာဇ်က သူမကို အိမ်ပြန်ခွင့်ပြုလိုက်သော်လည်း သူမ၏ဇာတိမြေအနီးရှိ သီလရှင်ကျောင်းတစ်ခုတွင် တစ်သက်လုံးနေထိုင်ကာ သူမနှင့် သူမ၏သားလေးအတွက် ဆုတောင်းရန် အမိန့်ပေးလိုက်သည်။

ဤသတင်းကို ကြားလိုက်ရချိန်တွင် စုန့်ထောင်ဟုန်တစ်ယောက် ရူးမတတ် ဖြစ်သွားရသည်။

သူမက အရာရှိ၏ဇနီးဟူသော ရာထူးကိုသာမက သူမ၏ ကလေးကိုပါ ဆုံးရှုံးခဲ့ရပြီး ယခုဆိုလျှင် အိမ်သို့ပင် ပြန်ခွင့်မရတော့ပေ။ အခြားသူတစ်ယောက်နှင့် နောက်အိမ်ထောင်ပြုရန် အခွင့်အလမ်းကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

‘သီလရှင်အဖြစ် နေထိုင်ရတာထက်စာရင် သေလိုက်တာကမှ ပိုတောင်ကောင်းဦးမယ်’

သို့သော် သူမ ထိုသို့တွေးလိုက်ရုံမျှဖြင့်ပင် သူမတစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာကာ ဇောချွေးများ ပြန်လာပြန်သည်။

ဧကရာဇ်ကလည်း သူမတူအောင် စိတ်ကြည်လင်နေပြီး လူတိုင်းကို ကရုဏာမျက်လုံးဖြင့် ကြည့်နိုင်ခဲ့သည်။ ထိုညတွင် သူ သူ့၏ နူးညံ့သိမ်မွေ့သော ကိုယ်လုပ်တော်နှင့်အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် ရုတ်တရက် အိပ်မက်မက်ခဲ့သည်။

"ငါကိုယ်တော် ဦးရီးတော်ရှစ်အကြောင်း အိပ်မက်မက်ခဲ့တယ်"

နံနက်ခင်း ညီလာခံအပြီးတွင် ဧကရာဇ်က ဝမ်ကုန်းကုန်းကို မေးလိုက်သည်။

“အခုတလော ဦးရီးတော်ရှစ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"

ဝမ်ကုန်းကုန်းက ပြန်လျှောက်တင်လိုက်သည်။

"မင်းသားကြီးရှစ်က အရင်အတိုင်းပါပဲ၊ ဒါပေမယ့် သူက သူ့သားကို 'ဆက်ခံသူ' အဖြစ် ခန့်အပ်ပေးဖို့ လျှောက်တင်လွှာ ဆက်သထားပါတယ်"

ဧကရာဇ်က သက်ပြင်းချရင်း တိုးတိုးလေး ပြောလိုက်သည်။

"ငါကိုယ်တော် မှတ်မိသလောက်ဆိုရင် ဦးရီးတော်ရှစ်မှာ အကြီးဆုံးသားတစ်ယောက် ရှိခဲ့ဖူးတယ်၊ ဒါပေမယ့် နောက်ပိုင်း သူက... ငါကိုယ်တော်ကြောင့် အဲဒီသားကို ဆုံးရှုံးခဲ့ရတာ"

ဝမ်ကုန်းကုန်းက အလန့်တကြား ပြန်လျှောက်တင်လိုက်သည်။

"ဒါက ဘယ်လို့ လုပ်ပြီး ဧကရာဇ်မင်းရဲ့ အပြစ် ဖြစ်ရမှာလဲ"

"ဘာလို့လဲဆိုတော့ ဦးရီးတော်ရှစ်က ငါကိုယ်တော်ကို ထောက်ခံအားပေးခဲ့လို့ တစ်စုံတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားခဲ့တယ်၊ အဲဒီတုန်းက ငါကိုယ်တော်က ငယ်သေးတယ်၊ ငါကိုယ်တော်ရဲ့ မယ်တော်က ဧကရီ ဖြစ်ပေမယ့် တော်ဝင်ကြင်ယာတော်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ အချိန်လေ"

ဧကရာဇ်က အတိတ်ကို ပြန်တွေးရင်း အဖြစ်အပျက်များကို သတိရသွားကာ သူ့မျက်နှာက မည်းမှောင်သွားပြန်သည်။

ဝမ်ကုန်းကုန်းက ဧကရာဇ် စိတ်မကောင်းဖြစ်ပြီး သူ့၏ကျန်းမာရေးကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။

"မင်းသားကြီးရှစ်က သူ့သားကို ရှီဇီအဖြစ် ခန့်အပ်ဖို့ တောင်းဆိုထားတာကို မြင်လိုက်လို့ အရှင်မင်းမြတ် အိပ်မက်မက်တာ ဖြစ်မှာပါ၊ မင်းသားကြီးကို နန်းတော်ထဲ ဖိတ်ခေါ်ပြီး စကားစမြည် ပြောကြည့်သင့်ပါတယ်..."

ရုတ်တရက် ဧကရာဇ်က သူ့ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး ထအော်လိုက်သည်။

"ဝမ်တန်းအာ... မောင်မင်းရော သတိမထားမိဘူးလား၊ ကျိုးယိနိုရဲ့ပုံစံက အရီးတော်ရှစ်ရဲ့ မျက်နှာနဲ့ တော်တော် ဆင်နေတာ မဟုတ်ဘူးလား"

ဝမ်ကုန်းကုန်းလည်း အံ့အားသင့်သွားပြီး ချက်ချင်း ပြန်လျှောက်တင်လိုက်သည်။

"ဒါ... ဒါကို ဘယ်လိုပြောရမလဲ၊ ဒါပေမယ့် အရှင်မင်းမြတ် မိန့်တော်မူမှပဲ ဒီအစေခံအိုကြီးလည်း သတိထားမိပါတော့တယ်၊ တကယ်ပဲ နည်းနည်းတော့ ဆင်တူနေသလိုပဲ... အထူးသဖြင့် သူ ပြုံးလိုက်တဲ့ အချိန်မျိုးပေါ့၊ ကျွန်တော်မျိုး မှတ်မိသလောက်ဆိုရင် မင်းသမီးရှစ် ပြုံးလိုက်တိုင်း ဘယ်ဘက်ပါးမှာ ပါးချိုင့်လေး တစ်ဖက် ပေါ်လာတတ်ပါတယ်၊ သိပ်မထင်ရှားပေမယ့် အခု စစ်သူကြီးကျိုးမှာလည်း အဲဒီလို ပါးချိုင့်လေး ရှိနေပုံရတယ်"

"ငါကိုယ်တော် မှတ်မိသလောက်ဆိုရင် ကျိုးယိနိုကလည်း တစ်ယောက်ယောက်က ကောက်ယူမွေးစားခံရတဲ့သူ မဟုတ်ဘူးလား၊ အခု ချက်ချင်း သွားပြီး... ကျိုးယိနိုကို စုံစမ်းစစ်ဆေးတုန်းက ရခဲ့တဲ့ အစီရင်ခံစာတွေကို သွားယူခဲ့၊ တကယ်လို့ သူသာ ဦးရီးတော်ရှစ်ရဲ့ သားဖြစ်နေမယ်ဆိုရင် သူက ငါကိုယ်တော်ရဲ့ ဝမ်းကွဲတော် ဖြစ်နေမှာ မဟုတ်ဘူးလား"

ဧကရာဇ်က အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။

"အရှင်မင်းမြတ်... အရှင်မင်းမြတ် မေ့တော်မူနေတာ တစ်ခုရှိပါတယ်၊ မင်းသားကြီးရှစ်က သိပ်မကြာသေးခင်ကတင် သူ့ရဲ့သားကို ရှီဇီအဖြစ် ခန့်ဖို့ လျှောက်ထားတာပါ၊ တကယ်လို့ စစ်သူကြီးကျိုးက မင်းသားကြီးရဲ့သား ဖြစ်နေမယ်ဆိုရင် ရှီဇီ ရာထူးက..."

မိန်းမစိုးဝမ်က စိုးရိမ်တကြီး သတိပေးလိုက်သည်။

(T/N: ရှီဇီဆိုတာ ဆက်ခံသူကို ပြောတာပါ၊ သူတို့ရဲ့ ရာထူးတွေမှာ သားသမီးက ဆက်ခံခွင့်ရှိတဲ့ ရာထူး၊ ဆက်ခံခွင့်မရှိတဲ့ ရာထူးဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်၊ တချို့ကြတော့လည်း မျိုးဆက်ဘယ်နှဆက်အထိပဲ ဆက်ခံခွင့်ရမယ်ဆိုပြီး သတ်မှတ်တာမျိုးလည်း ရှိပါတယ်၊ ဆက်ခံသူကို သတ်မှတ်ဖို့ ဧကရာဇ်ဆီမှာ ခွင့်တောင်းရပါတယ်)

ထိုစကားကို ကြားလိုက်ချိန်တွင် ဧကရာဇ်လည်း မှင်သက်သွားရသည်။

"ဟုတ်သားပဲ... တကယ်လို့ သူသာ သားအရင်း ဖြစ်နေမယ်ဆိုရင် ငါကိုယ်တော် ဘာလုပ်သင့်လဲ"

ဝမ်ကုန်းကုန်းက ခေတ္တမျှ စဉ်းစားပြီးမှ အကြံပြုလိုက်သည်။

"အရှင်မင်းမြတ်အနေနဲ့ မင်းသားကြီးရှစ်ရဲ့ သဘောထားကို အရင်မေးမြန်းသင့်တယ်လို့ ကျွန်တော်မျိုး မြင်မိပါတယ်၊ ပြီးမှ စစ်သူကြီးကျိုးကို မေးသင့်တာပါ၊ စစ်သူကြီးကျိုးက သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အသိအမှတ်ပြုခံထားရတာဖြစ်လို့ ဒီကိစ္စကို သေချာမကိုင်တွယ်ရင် သူ့အတွက် မကောင်းတဲ့ အတင်းအဖျင်းတွေ ထွက်လာနိုင်ပါတယ်၊ အရှင်မင်းမြတ် သေချာ စဉ်းစားတော်မူပါ"

ထိုစကားကို ကြားပြီးနောက် ဧကရာဇ်၏ မျက်နှာလည်း တည်ကြည်လေးနက်သွားခဲ့သည်။

All Chapters