ဆွေမျိုးတော်စပ်မှုကို အသိအမှတ်ပြုခြင်း
Vol. 8 Ch. 79
ဝမ်ကုန်းကုန်းက ဆက်လျှောက်တင်လိုက်သည်။
"ဒီနှစ်ပေါင်းများစွာအတွင်း မင်းသားကြီးရှစ်က သူ့ရဲ့ အကြီးဆုံးသားကို လိုက်ရှာနေခဲ့တာပါ၊ ဒါပေမယ့် ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး၊ စစ်သူကြီးကျိုးက တခြားသူတွေရဲ့ လက်ထဲမှာ ကြီးပြင်းလာခဲ့ရတယ်ဆိုပေမယ့် သူက တကယ်ပဲ မင်းသားကြီးရှစ်ရဲ့ သား ဟုတ် မဟုတ်ဆိုတာကတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး"
ဧကရာဇ်က ထပ်ပြောလာပြန်သည်။
"ငါကိုယ်တော်ရဲ့ စိတ်ထဲမှာတော့ သူတို့ရဲ့ ပုံစံချင်းက တော်တော်လေး ဆင်နေတယ်လို့ ခံစားနေရတယ်"
ဝမ်ကုန်းကုန်းက သက်ပြင်းချရင်း ထပ်လျှောက်တင်လိုက်သည်။
"ရုပ်ချင်းဆင်တဲ့သူတွေ အများကြီးရှိပါတယ်၊ စစ်သူကြီးကျိုးက မင်းသားကြီးရှစ်ရဲ့သားလို့ ဘယ်သူက အတည်ပြုပေးနိုင်မှာလဲ၊ အရှင်မင်းမြတ်၊ ဒီကိစ္စကို အထူးသတိထားပြီး ကိုင်တွယ်ဖို့ လိုအပ်တော်မူပါတယ်"
ဧကရာဇ်ကလည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။
"မောင်မင်းမှာ အကြံကောင်း တစ်ခုခု ရှိလား၊ ငါကိုယ်တော်က ဦးရီးတော်ရှစ် အပေါ် အမြဲတမ်း အကြွေးတင်နေတယ်လို့ ခံစားနေရတယ်။ ဦးရီးတော်ရှစ်က ဒီနှစ်တွေအတွင်း အဲ့ကိစ္စကို ဘာမှ ထုတ်မပြောခဲ့ပေမယ့် ငါကိုယ်တော်ရဲ့ စိတ်ထဲမှာ ခံစားချက်တစ်ခုအဖြစ် ထင်ကျန်နေတုန်းပဲ"
ဝမ်ကုန်းကုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် အကြံတစ်ခု ပေးလာခဲ့သည်။
"အခု ချင်းယွမ်ဥယျာဉ်ထဲမှာ ကြာပန်းတွေ အစွမ်းကုန် ဖူးပွင့်နေကြပါပြီ၊ လူတစ်ချို့ကို ကြာပန်းကြည့်ဖို့ ဖိတ်ခေါ်ပြီး သူတို့ချင်း ဆုံတွေ့နိုင်အောင် စီစဉ်ပေးလိုက်ရင် မကောင်းဘူးလား၊ မိခင်နဲ့ သားသမီးကြားက သံယောဇဉ်က ဖြတ်လို့ မရဘူးလို့ ပြောကြတယ်၊ အရှင်မင်းမြတ် စိုးရိမ်နေစရာမလိုဘဲ မင်းသားကြီးရှစ်နဲ့ ကြင်ယာတော်တို့က သူ့ကို မှတ်မိသွားတာလည်း ဖြစ်နိုင်ပါတယ်"
...........။.........။........
တစ်ဖက်တွင်လည်း ကျိုးယိနိုက စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနရှိ သူ၏တာဝန်များကို လွှဲပြောင်းပေးခဲ့ပြီး စုန့်တင်းရှန်းနှင့်အတူ အိမ်ပြန်ရန် စီစဉ်နေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ဧကရာဇ်မင်းက နန်းတွင်းအရာရှိများနှင့် တော်ဝင်ဆွေမျိုးတော်များကို ချင်းယွမ်ဥယျာဉ်သို့ ကြာပန်းကြည့်ရန် ဖိတ်ကြားသည့် အမိန့်တော် ထုတ်ပြန်လိုက်သည်။
ချင်းယွမ်ဥယျာဉ်က နန်းတော်၏ အပြင်ဘက်တွင် တည်ရှိသော ငြိမ်သက်အေးချမ်းသည့် နေရာတစ်ခုဖြစ်ပြီး နန်းတွင်းဥယျာဉ်ထက်ပင် ပိုမို ကြီးမားကာ ခန့်ညားထည်ဝါလှသည်။ ကျယ်ပြောလှသော ရေပြင်ကြီးကြောင့် လှေစီးအပန်းဖြေနိုင်သလို၊ လက်ရာမြောက်လှသော တောင်တန်းအတုလေးများ၊ ဆောင်းဦးရာသီတွင် ပွင့်တတ်သော ဆီးပန်းများနှင့် နွေရာသီတွင် ကြာပန်းများ ဖူးပွင့်လေ့ရှိသောကြောင့် တစ်နှစ်ပတ်လုံး ရင်သပ်ရှုမောဖွယ် မြင်ကွင်းများကို ပေးစွမ်းနိုင်သည်။ သဘာဝ၏အလှတရားနှင့် လူသားတို့၏ အနုပညာ ပေါင်းစပ်ထားသော ဤဥယျာဉ်က ဧကရာဇ်နှင့် အမတ်မင်းများအတွက် အုပ်ချုပ်ရေး ဝန်ထုပ်ဝန်ပိုးများမှ ခေတ္တရုန်းထွက်ကာ သဘာဝ၏ အလှတရားကို ခံစားခွင့်ရနိုင်သည့် နေရာတစ်ခု ဖြစ်သည်။
ထို့အပြင် ချင်းယွမ်ဥယျာဉ်ကို တစ်နှစ်လျှင် နှစ်ကြိမ် ပြည်သူများအတွက် ဖွင့်လှစ်ပေးလေ့ရှိပြီး ထိုအချိန်တွင် အလွန်စည်ကားသော ပွဲတော်တစ်ခု ဖြစ်နေတတ်သည်။
ယခုနွေရာသီနှောင်းပိုင်း ဖြစ်နေပြီ ဖြစ်သော်လည်း ချင်းယွမ်ဥယျာဉ်ရှိ ကြာပန်းများက အစွမ်းကုန် ပွင့်လန်းနေကြဆဲ ဖြစ်သည်။ အဝေးမှ ကြည့်လျှင် ၎င်းတို့၏ နူးညံ့သော ပန်းရောင်နှင့် အဖြူရောင်ပွင့်ဖတ်များပေါ်သို့ နေရောင်ခြည်ကို ဖြာကျနေပြီး အလွန်အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်ပေါ်စေသည်။
ဤကြာပန်း ရှုစားပွဲက လူတိုင်း စိတ်လက်ပေါ့ပါးစေပြီး အပန်းဖြေနိုင်ရန်ဟု ဧကရာဇ်က မိန့်ကြားခဲ့သည်။ မြို့တော်အတွင်းရှိ စတုတ္ထအဆင့်နှင့် အထက်အရာရှိများကို သူတို့၏ မိသားစုများနှင့်အတူ တက်ရောက်ခွင့် ပြုခဲ့သည်။
စုန့်တင်းရှန်းကတော့ ကြာပန်းကြည့်ရသည်ကို အထူးတလည် စိတ်မဝင်စားပေ။ သူမ၏ အိမ်တွင်လည်း ကြာကန်အကြီးကြီး ရှိနေပြီး နှစ်တိုင်း မြင်နေရသည်။ သို့သော်လည်း ဧကရာဇ်က သူမတို့၏ မိသားစုကို ဆုလာဘ်များ ချီးမြှင့်ထားရုံသာမက သူမကိုလည်း မင်းသမီးဘွဲ့ ပေးအပ်ထားသောကြောင့် သူမ မသွားဘဲနေလျှင် မသင့်တော်ဟု တွေးခဲ့မိသည်။
ဧကရာဇ်မင်းက သူမတွင် လှပသော ဝတ်စုံများ သိပ်မရှိသည်ကို သိနေပုံရပြီး အဝတ်အစားအစုံအလင်ကို အထူးပေးပို့ခဲ့သည်။ ဦးခေါင်းအဆင်တန်ဆာမှ စ၍ ဖိနပ်အထိ ခြေဆုံးခေါင်းဆုံး အားလုံးကို အဆင်သင့် ပြင်ဆင်ပေးထားသောကြောင့် ဤကြာပန်းရှုစားပွဲတွင် သူမကို တက်ရောက်စေချင်မှန်း သိသာလှသည်။
ကျိုးယိနိုကလည်း ဤတာဝန်ကို ရှောင်လွှဲ၍ မရသောကြောင့် သူ၏ တရားဝင် အရာရှိဝတ်စုံကို ဝတ်ဆင်ကာ သူ့၏ချစ်ဇနီးလေးနှင့်အတူ လိုက်ပါခဲ့ရသည်။
ချင်းယွမ်ဥယျာဉ်၏ အဝင်ဝတွင် ဝေါယာဉ်များနှင့် မြင်းရထားများစွာ ဆိုက်ရောက်နေပြီး မိန်းမစိုးများနှင့် ကိုယ်ရံတော်တပ်သားများလည်း အလုပ်ရှုပ်နေကြသည်။ စုန့်တင်းရှန်းတစ်ယောက် ဧကရာဇ် ပေးအပ်ထားသော မင်းသမီးသုံး ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် စပ်စုချင်သော အကြည့်ပေါင်းများစွာ၏ ဝိုင်းဝန်းကြည့်ရှုခြင်းကို ခံလိုက်ရသည်။
မြို့တော်အတွင်းတွင် ဧကရာဇ်မင်းမြတ်က လယ်သမားမိသားစုမှ ရွာသူလေးတစ်ယောက်ကို 'ကောင်တီမင်းသမီး' ဘွဲ့ အပ်နှင်းလိုက်သည့်သတင်းကလည်း အလွန် ဟိုးလေးတကျော်ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် ထိုဘွဲ့ထူးမျိုးက တော်ဝင်ဆွေမျိုးများနှင့် မှူးမတ်မျိုးနွယ်ဝင် သမီးပျိုများအတွက်သာ သီးသန့်ဖြစ်ပြီး ယခုကဲ့သို့ ရွာသူလေးတစ်ယောက် ရရှိသွားခြင်းကြောင့် လူတိုင်း မအံ့ဩဘဲ မနေနိုင်ကြချေ။
စုန့်တင်းရှန်းက ထိုအကြည့်များကို သတိမထားမိဟန် ဟန်ဆောင်နေရင်း ပြုံးပြုံးလေးဖြင့် ကျိုးယိနိုနောက်မှ လိုက်ပါသွားခဲ့သည်။ သူမတို့ဇနီးမောင်နှံက မိန်းမစိုးတစ်ယောက်၏ လမ်းညွှန်မှုနှင့်အတူ ဥယျာဉ်ထဲသို့ ဝင်လာခဲ့ကြသည်။
ကျိုးယိနိုက အရပ်ရှည်ပြီး ခန့်ညားသူဖြစ်သလို အသက်နှစ်ဆယ်ကျော်လေးနှင့် စတုတ္ထအဆင့် စစ်သူကြီး ဖြစ်နေခဲ့သည်။ သူထံ၌ အိမ်ထောင်ရှိနေသည်က နှမြောစရာ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် မြို့တော်ရှိ သမီးပျိုတိုင်း လိုချင်သည့် အိမ်ထောင်ဘက်ကောင်း ဖြစ်လာမည်မှာ အသေအချာပင်။
ကျက်သရေရှိပြီး ခန့်ညားသည့် စစ်သူကြီးကျိုးနှင့် သူ့နောက်မှ လိုက်ပါလာသည့် လှပသော ရွာသူဇနီးလေးကို ကြည့်နေသည့် လူတော်တော်များများက မနာလိုအားကျဖြစ်နေကြသည်။
'ဒီလယ်သမားမိသားစုက ဧကရာဇ်မင်းမြတ်ရဲ့ မျက်စိထဲရောက်အောင် ဘယ်လိုကံကောင်းမှုမျိုး ရှိခဲ့တာလဲ'
.........။........။......
ချင်းယွမ်ဥယျာဉ်က ဥယျာဉ်ဟု ခေါ်သော်လည်း အမှန်တကယ်တွင် ကုန်းတွင်းမြစ်တစ်စင်းကို အမှီပြုပြီး တည်ဆောက်ထားသော နေရာဖြစ်သည်။ မြစ်ထဲတွင် ကြာပန်းများက ပန်းကော်ဇောကြီးသဖွယ် ပြည့်နှက်နေပြီး မြစ်၏တစ်ဖက်တစ်ချက်စီတွင် မြင့်မားသည့် ရှုခင်းကြည့်စင်များနှင့် ပြဇာတ်စင်များ ရှိသည်။
ထို့အပြင် အနားယူရန်အတွက် ဝင်းခြံများလည်း အများအပြား ရှိနေပြီး စားသောက်ဖွယ်နှင့် အဖျော်ယမကာများ အပြည့်အစုံ တည်ခင်းပေးထားသောကြောင့် ဤနေရာ၌ ရက်အတော်ကြာ တည်းခိုရန်ပင် အဆင်ပြေနိုင်သေးသည်။
"စစ်သူကြီးကျိုး၊ ကျိုးသခင်မ"
မိန်းမစိုးဝမ်က အပြုံးဖြင့် နှုတ်ဆက်လာသည်။
"အရှင်မင်းမြတ်က အခုလေးတင် စစ်သူကြီးကျိုးတို့အကြောင်း မေးမြန်းနေသေးတယ်၊ ကျိုးသခင်မကို ယင်းဟုန်ခြံဝင်းဆီ ခေါ်သွားပေးဖို့ မိန့်ကြားထားပါတယ်၊ အဲဒီနေရာက တိတ်ဆိတ်ပြီး ကိုယ်ပိုင်ပြဇာတ်စင်လည်း ရှိပါတယ်၊ အခု အရှင်မင်းမြတ်က အဲဒီနေရာမှာ အကအလှတွေ ကြည့်ရှု ခံစားနေပါတယ်"
"ဝမ်ကုန်းကုန်းကို ဒုက္ခပေးမိပါပြီ"
ကျိုးယိနိုက မိန်းမစိုးဝမ်ကို တရိုတသေ ပြန်နှုတ်ဆက်လိုက်သောကြောင့် မိန်းမစိုးဝမ်က အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
"ဒုက္ခမရှိပါဘူးဗျာ၊ ကြွပါ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ"
ယင်းဟုန်ဝင်းခြံက အကြီးဆုံးနှင့် အတွင်းအကျဆုံး ဝင်းခြံ ဖြစ်ပြီး မြင်ကွင်း အကောင်းဆုံးနေရာလည်း ဖြစ်သည်။ အပျော်စီးလှေတစ်စီး ဘေးတံခါးမှ တိုက်ရိုက် ဝင်လာနိုင်ပြီး ဧည့်သည်များကို တင်ဆောင်ကာ ထိုခြံဝင်းထဲတွင် ပတ်ပတ်လည် လှည့်ပတ်ကာ ပြန်ထွက်သွားနိုင်သည်အထိ ကျယ်ဝန်းသည်။ ဥယျာဉ်ခြံဝင်းထဲတွင် နန်းဆောင်များ၊ ပွဲကြည့်စင်အမြင့်များ၊ တံတားလေးများနှင့် စီးဆင်းနေသည့် ရေလှိုင်းများကို မြင်နိုင်ပြီး မြောက်ပိုင်း၏ ခန့်ညားမှုနှင့် တောင်ပိုင်း၏ လှပမှုတို့ကို ပေါင်းစပ်ထားသလို ဖြစ်နေသောကြောင့် စုန့်တင်းရှန်းကိုပင် ငေးမောသွားစေခဲ့သည်။
မိန်းမစိုးဝမ်၏ ဦးဆောင်မှုနှင့်အတူ ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့ ရှုခင်းကြည့်စင်ပေါ်သို့ ရောက်ရှိလာကြသည်။ ဧကရာဇ်က သူတို့ကို ချက်ချင်း မြင်သွားပြီး အပြုံးဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ဦးရီးတော်သုံး၊ အရီးတော်သုံး၊ ဦးရီးတော်ရှစ်၊ အရီးတော်ရှစ်... ဒါက မကြာသေးမီက အသစ်ခန့်အပ်ထားတဲ့ ရွှမ်ဝေစစ်သူကြီးနဲ့ ဝေ့နဥ်မင်းသမီးတို့ပဲ"
သူတို့နှစ်ယောက်ကလည်း အလျင်အမြန် တရိုတသေ ဂါရဝပြုလိုက်ကြသည်။
နှုတ်ဆက်အရိုအသေပေးပြီးနောက် စုန့်တင်းရှန်းက ထိုလူများကို တစ်ချက် အကဲခတ်လိုက်သည်။
မင်းသားကြီးသုံးက အသက်ငါးဆယ်ဝန်းကျင် ရှိပြီး ကျန်းမာရေး သိပ်မကောင်းပုံရသော်လည်း သူ့၏ကြင်ယာတော်မင်းသမီးကတော့ လန်းဆန်းဖျတ်လတ်ကာ ဝိုင်းစက်စက်မျက်နှာနှင့် ကြင်နာတတ်သော သွင်ပြင်မျိုး ရှိသည်။
မင်းသားရှစ်က အသက်လေးဆယ်ဝန်းကျင် ဖြစ်ပြီး အလွန်ခန့်ညားကာ တည်ကြည်သည့် လူလတ်ပိုင်းတစ်ယောက် ဖြစ်သည်။ မင်းသမီးရှစ်ကတော နူးညံ့လှပပြီး စုန့်တင်းရှန်းကို ကြင်နာစွာ ပြုံးပြနေသည်။ သူမ၏မျက်လုံးများက တောက်ပနေပြီး စုန့်တင်းရှန်းကို ကြည့်နေသည့် အကြည့်များကလည်း နူးညံ့လှသည်။
ထိုဇနီးမောင်နှံက အမှန်တကယ် ခန့်ညားသည့် အမျိုးသားနှင့် လှပသော အမျိုးသမီး စုံတွဲဖြစ်သည်။ အသက်အရွယ်ရလာသည့်တိုင် မင်းသားကြီးရှစ်၏ ကြင်ယာတော်မင်းသမီးက ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ ၎င်းက အားကျစရာကောင်းလွန်းလှသည်။
ဧကရာဇ်က ထိုင်ခုံများကို မည်သို့စီစဉ်ထားမှန်း မသိသော်လည်း ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့က မင်းသားကြီးရှစ်၏မျက်စောင်းထိုး နေရာတွင် ထိုင်ခွင့်ရခဲ့သည်။ စုန့်တင်းရှန်း ဝင်ထိုင်လိုက်သည်နှင့် နန်းတွင်းအစေခံမလေးတစ်ယောက်က လက်ဖက်ရည် လာငှဲ့ပေးသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်အပြင် ရာသီစာ သစ်သီးများ၊ လက်ရာမြောက်သည့် နန်းတွင်းအဆာပြေမုန့်များ ရှိနေပြီး ချိုမြိန်သည့်ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည်။
သူတို့၏ညာဘက်တွင် ပြဇာတ်စင်ရှိပြီး ကပြဖျော်ဖြေမှုများ ပြုလုပ်နေကြသည်။ စုန့်တင်းရှန်းက ပြဇာတ်ကြည့်ရသည်ကို ဝါသနာမပါပေ။ သို့သော် စပ်စုချင်သောကြောင့် အတော်ကြာအောင် ကြည့်နေခဲ့ပြီး ဘာသီချင်းဆိုနေမှန်းပင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ကပြဖျော်ဖြေမှုများ ပြီးဆုံးသွားပြီးနောက် ညစာစားချိန် ရောက်လာခဲ့သည်။ ညစာစားပြီးချိန်တွင် ဥယျာဉ်တစ်ခုလုံး၌ မှိန်ပျပျ မီးအိမ်ရောင်များ ထွက်ပေါ်လာပြီး ဧကရာဇ်ကလည်း စိတ်လှုပ်ရှားနေပုံရကာ မြစ်အတွင်း လှေစီးအပန်းဖြေရန် စီစဉ်ခိုင်းနေသည်။
ဤဧကရာဇ်ကို ကြည့်ရသည်မှာ ဇာတ်လမ်းတွဲများကလို တင်းကြပ်လွန်းသည့် ပုံစံမျိုးမဟုတ်ဘဲ အလွန်ပင် ရင်းနှီးပွင့်လင်းသည်ဟု စုန့်တင်းရှန်း ခံစားနေမိသည်။ ယခုအနားယူ အပန်းဖြေနေချိန်ဖြစ်သလို ဧကရာဇ်ကလည်း အသက်သိပ်မကြီးသေးသောကြောင့် တက်ကြွလှုပ်ရှားမှုအပြည့်ဖြင့် သူ့စွမ်းအင်များကို ပြသနေပုံရသည်။
ဧကရာဇ်နှင့်အတူ အသက်အရွယ်ချင်းတူသော ဧကရီလည်း လိုက်ပါလာခဲ့သည်။ မိဖုရားခေါင်ကြီး၏ ရုပ်ရည်က သာမန်မျှသာ ဖြစ်သော်လည်း သူမက ထူးခြားသော စိတ်နေစိတ်ထား ရှိပုံပေါ်သည်။ သူမ၏ အမူအရာများက အလွန်ပင် ကျက်သရေရှိလှပြီး အပြုံးနှင့် အမူအရာတိုင်းက တိုင်းပြည်၏ မိခင်အဖြစ် အမှန်တကယ် ထိုက်တန်လွန်းသည်ဟု ဆိုရပေမည်။
အမှန်အတိုင်းပြောရလျှင် စုန့်တင်းရှန်းက အတော်လေး စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ အရာရှိကြီးများစွာ ရှိနေသည့်အချိန်တွင် ဧကရာဇ်က သူမတို့ကို အဘယ်ကြောင့် သူအနားတွင် ခေါ်ထားမှန်း သူမ နားမလည်နိုင်ဖြစ်နေခဲ့သည်။ မကြာသေးမီက ဘွဲ့ထူးနှင့် အခွင့်အရေးများ ချီးမြှင့်ခြင်းကြောင့်ဆိုလျှင် ဤလောက၏ ထိုကဲ့သို့သော အခွင့်အရေးများက အလွန်အကျွံဖြစ်နေပုံရသည်။
သို့သော်လည်း ဧကရာဇ်ပေးသမျှက ကောင်းချီးမင်္ဂလာဖြစ်သောကြောင့် သည်းခံကာ လက်ခံရုံသာ ရှိတော့သည်။
အပန်းဖြေလှေပေါ်တွင် နန်းတွင်းအစေခံမလေးများက ပိပါတီးခတ်နေကြပြီး သာယာသော တေးဂီတကို သီကျူးနေကြသည်။ မြစ်ကမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော မီးအိမ်များ လင်းထိန်နေပြီး ကြာပန်းများပေါ်သို့ ထူးခြားသော အလှတရားများကို ဖြန်းပက်နေသောကြောင့် စုန့်တင်းရှန်းတစ်ယောက် ခေတ္တမျှ ငေးမောသွားခဲ့ရသည်။
"စစ်သူကြီးကျိုးက ငယ်ငယ်ကတည်းက မိသားစုနဲ့ ကွဲကွာခဲ့ရတယ်လို့ ကြားမိတယ် အဲ့ဒါ အမှန်ပဲလား"
ကြင်ယာတော်မင်းသမီးရှစ်က နူးညံ့ပြီး ကျန်းနန်၏ ဆွဲဆောင်မှု အနည်းငယ် ပါရှိသော အသံဖြင့် မေးမြန်းရင်း မသိမသာ ချဉ်းကပ်လာသည်။
"စစ်သူကြီးကျိုး ဒီနှစ်ထဲမှာ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ မေးလို့ ရမလား"
ကျိုးယိနိုလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဓလေ့ထုံးတမ်းနှင့်အညီ ဦးညွှတ်ပြီး တလေးတစား ပြန်ဖြေလိုက်သည်။
"ကြင်ယာတော်မင်းသမီးကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုးက ဒီနှစ်ထဲမှာ အသက် နှစ်ဆယ့်သုံးနှစ် ရှိပါပြီ"
"နှစ်ဆယ့်သုံး... နှစ်..."
ကြင်ယာတော်မင်းသမီးရှစ်၏ အသံက အနည်းငယ် တုန်ယင်သွားသော်လည်း သူမကိုယ်သူမ အမြန် ပြန်ထိန်းလိုက်သည်။ သူမက အပြုံးလေးဖြင့် ထပ်ပြောလာပြန်သည်။
"စစ်သူကြီးကျိုး၊ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာရှိတဲ့သူပဲ၊ မင်းရဲ့ အောင်မြင်မှုတွေက တိုင်းပြည်အတွက် အများကြီး အကျိုးရှိစေခဲ့တယ်။ မြောက်ပိုင်းက စစ်သည်တွေအတွက် ကျိုးသခင်မ လုပ်ဆောင်ပေးခဲ့တာတွေကိုလည်း ဒီမင်းသမီး ကြားခဲ့ရပါတယ်၊ တကယ်ပဲ ကျေးဇူးတင်မိတယ်"
စုန့်တင်းရှန်းက အလျင်အမြန် ဦးညွှတ်ရင်း ပြန်ပြောလိုက်သည်။
"ဒါက သေးငယ်တဲ့ လုပ်ရပ်လေးတစ်ခုပါ၊ ကြင်ယာတော်မင်းသမီးရဲ့ ချီးမွမ်းစကားတွေအတွက် ကျွန်တော်မျိုးမ ဂုဏ်ယူမိပါတယ်"
ကြင်ယာတော်မင်းသမီးရှစ်က ဘာမှ ထပ်မပြောတော့ဘဲ ကျိုးယိနိုကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။ ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့ကတော့ ကြင်ယာတော်မင်းသမီးရှစ်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ကျန်နေခဲ့ကြသည်။
နောက်ဆုံးတွင် ကြာပန်းရှုစားပွဲ ပြီးဆုံးသွားပြီး ဇနီးမောင်နှံနှစ်ယောက်လည်း တည်းခိုဆောင်သို့ ပြန်ရောက်လာခဲ့ကြသည်။ စုန့်တင်းရှန်းက သူမ၏ ခြေလက်များကို နှိပ်နယ်ရင်း ညည်းတွားလိုက်သည်။
"ဒါက တစ်နေ့လုံး လယ်ထဲမှာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းတယ်၊ အိမ်ပြန်ရောက်ရင် မြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး"
"ကိုယ်လည်း ဒီမှာနေရတာ ကျင့်သားမရသေးဘူး၊ အသက်ရှူကျပ်သလိုပဲ၊ အိမ်ကမှ တကယ် အေးချမ်းတာ၊ ကိုယ်တို့ ဘာမဆို လုပ်နိုင်တယ်၊ လူတိုင်းကို ဦးညွှတ်နေစရာလည်း မလိုတော့ဘူး"
ကျိုးယိနိုက သူ့ဇနီးလေး၏ ပုခုံးကို အသာအယာ နှိပ်နယ်ပေးရင်း ထောက်ခံနေသည်။ သူ၏ အထိအတွေ့က နှစ်သိမ့်မှုနှင့် နူးညံ့မှုတို့ ပြည့်နှက်နေသည်။ သူက တည်းခိုဆောင်မှ အစေခံတစ်ဦးကို ရေနွေး ပြင်ဆင်ခိုင်းလိုက်ပြီး နှစ်ဦးသား အေးအေးလူလူ အနားယူရန် ပြင်ဆင်လိုက်ကြသည်။
သူတို့ ပြန်ရောက်လာချိန်တွင် သူတို့ တည်းနေသည့်ခြံဝင်းအတွင်းမှ လူတိုင်း အိပ်မောကျနေကြပြီ ဖြစ်သည်။ ရေချိုးသန့်စင်ပြီးနောက် နှစ်ယောက်သားက ကုတင်ပေါ်တွင် လဲလျောင်းရင်း အိမ်မှာကဲ့သို့ပင် လက်ချင်းတွဲကာ လွတ်လွတ်လပ်လပ် စကားပြောနေကြရင်း အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့ နံနက်တွင် အစေခံတစ်ဦးဖြစ်ဟန်တူသည့် လူတစ်ယောက်က စာတစ်စောင် ကိုင်ပြီး ဝင်လာခဲ့သည်။
"စစ်သူကြီးမင်းကျိုး၊ ကျိုးသခင်မ၊ မင်းသားကြီးရှစ်က လူကြီးမင်းတို့နှစ်ယောက်ကို တွေ့ချင်လို့ မင်းသားကြီးအိမ်တော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်"
ကျိုးယိနို၊ စုန့်တင်းရှန်း : "….."
‘ဘာတွေ ဖြစ်ကုန်တာလဲ? ဒါတွေက ဘယ်တော့မှ မပြီးတော့ဘူးလား’
မနက်စာ အနည်းငယ် စားပြီးနောက် အဝတ်အစားလဲနေရင်း နှစ်ဦးသား သက်ပြင်းချနေကြပြန်သည်။ ထို့နောက် အောင့်သက်သက် အပြုံးများဖြင့် မင်းသားကြီးရှစ်၏ အိမ်တော်သို့ ထွက်ခွာလာခဲ့ကြရသည်။
မင်းသားရှစ်၏အိမ်တော်က တကယ်ကို လှပလွန်းလှပြီး ကြင်ယာတော်မင်းသမီးရှစ်က ကျန်းနန်ဒေသမှ ဖြစ်သောကြောင့် အိမ်တော်၏ဗိသုကာလက်ရာများတွင် ကျန်းနန်၏ ထူးခြားသောဟန်ပန်များ အထင်းသား ပေါ်လွင်နေသည်။ စုန့်တင်းရှန်းကတော့ ထိုအလှအပများအား ခံစားကြည့်ရှုရန်ပင် စိတ်မပါနိုင်ခဲ့ပေ။
သူမ လမ်းတစ်လျှောက်လုံး အတွေးများ နေခဲ့သည်။
'ဘာအကြောင်းရင်းမှ မရှိဘဲ မင်းသားကြီးရှစ်က ငါတို့ကို ဘာလို့ စကားပြောဖို့ ဆင့်ခေါ်ရတာလဲ၊ မနေ့က ကြင်ယာတော်မင်းသမီးရှစ်က ကျူးဇီကောနဲ့ စကားပြောခဲ့လို့ မင်းသားကြီးရှစ်က မနာလို ဖြစ်နေတာများလား’
‘ဒါမျိုးက ဖြစ်နိုင်ပါ့မလား’
မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးတို့က ရေစပ်မှ နားနေဆောင်လေးတစ်ခုတွင် ထိုင်နေကြသည်။ ကြင်ယာတော်မင်းသမီးက လက်ရန်းကို မှီရင်း ငါးစာများကို ရေထဲသို့ ကြဲပက်နေသည်။
ချက်ချင်းဆိုသလိုပင် ရေထဲမှ ရွှေရောင်၊ အဖြူရောင်နှင့် အနီရောင် ရွှေငါးလေးများက ငါးစာလုရန် ရောက်ရှိလာသည်။ ၎င်းတို့က ၎င်းတို့၏ ဝဖြိုးဖြိုး ခန္ဓာကိုယ်လေးများကို လှုပ်ယမ်းပြီး ရောက်ရှိလာကြရာ ရေပြင်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့သည်။ ၎င်းတို့၏ ပါးစပ်များက လက်သီးဆုပ်နီးပါး ကျယ်နေသည်ကို မြင်လိုက်ရသောကြောင့် စုန့်တင်းရှန်းတစ်ယောက် ခေတ္တမျှ ကြောင်ကြည့်နေမိသည်။
"မင်းသားကြီး၊ ကြင်ယာတော်မင်းသမီးကြီး.... စစ်သူကြီးကျိုးနဲ့ ကျိုးသခင်မ ရောက်ရှိလာပါပြီ"
ကြင်ယာတော်မင်းသမီးရှစ်က ခေါင်းမော့ကြည့်ကာ သူတို့နှစ်ဦးကို ပြုံးပြရင်း လက်လှမ်းပြနေသည်။
"လာကြ၊ ဒီမှာ ထိုင်၊ မနေ့က ကြာပန်းရှုစားပွဲမှာ မင်းတို့ကို မြင်ကတည်းက ရင်းနှီးနေသလို ခံစားရလို့ ပိုပြီး သိကျွမ်းချင်လို့ပါ၊ မင်းတို့က နေရပ်ကို ပြန်ဖို့ ပြင်နေတယ်လို့ ကြားတာနဲ့ စကားပြောဖို့ အလောတကြီး ဖိတ်လိုက်ရတာ"
ဇနီးမောင်နှံနှစ်ဦးက အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး ထိုင်ခုံအစွန်းလေးတွင် ကပ်ထိုင်နေကြသည်။ မင်းသားကြီးနှင့် ကြင်ယာတော်မင်းသမီးတို့က ဘာကို ရည်ရွယ်နေမှန်း သူတို့ မသိနိုင်ကြသေးချေ။
မင်းသားကြီးရှစ်က နေ့စဉ်လူမှုကိစ္စများအကြောင်း အနည်းငယ်လောက် မေးမြန်းလိုက်ပြီး ကျိုးယိနို၏ နောက်ခံအကြောင်းဘက်သို့ စကားလမ်းကြောင်း လွှဲလိုက်သည်။
"စစ်သူကြီးကျိုးက ဝေ့ခရိုင်မှာ ကြီးပြင်းခဲ့တာလား"
ကျိုးယိနို ပြောပြနေသည့် သူ့အကြောင်းကို နားထောင်ပြီးနောက် မင်းသားကြီးရှစ်က မျက်မှောင်ကြုတ်ရင်း သူ့ဘာသာသူ ညည်းညူသလို ပြောနေပြန်သည်။
"အသက်အရွယ်ချင်းက ကိုက်ညီနေပေမယ့် အကွာအဝေးကတော့ အရမ်းဝေးလွန်းနေတယ်"
စုန့်တင်းရှန်းက ပတ်ဝန်းကျင်ကို အကဲခတ်နေသော်လည်း ပါးနပ်စွာဖြင့် ငြိမ်နေခဲ့ပြီး သူမလက်ထဲမှ ပုတီးစေ့လေးတွေကိုသာ ကစားနေခဲ့သည်။
ကျိုးယိနိုက ထပ်ရှင်းပြလိုက်သည်။
"အဲဒီတုန်းက ကျွန်တော်မျိုးလည်း အရမ်းငယ်သေးတော့ ဘာကိုမှ သိပ်မမှတ်မိပါဘူး၊ ဒါကြောင့် အရှင်မင်းသားကြီး ရှာနေတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ မသိပါဘူး၊ တကယ်လို့ အဲဒီလူမှာ ထူးခြားတဲ့ မွေးရာပါ အမှတ်အသားတစ်ခုခု ရှိရင်တော့ ကျွန်တော်မျိုးတို့ စုံစမ်းပေးလို့ ရပါတယ်"
ကြင်ယာတော်မင်းသမီးရှစ်က သက်ပြင်းချရင်း ဝင်ပြောလာသည်။
"အဲဒီကလေးက... သူ့မှာ ဘာမွေးရာပါ အမှတ်အသားမှ မရှိခဲ့ဘူး"
‘အစကတော့ သူမ သန့်ရှင်းစင်ကြယ်တဲ့ ကလေးလေးတစ်ယောက် ရထားလို့ ဝမ်းသာနေတာခဲ့လေ၊ ကလေးပျောက်သွားတဲ့အခါမှ သူက ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားပြနိုင်မယ့် အမှတ်အသားတစ်ခုမှ မရှိခဲ့တာကို နောင်တရနေမိတယ်’
"အဲဒီအချိန်တုန်းက မင်းဆီမှာ ဆောင်ထားတဲ့ ပစ္စည်းတစ်ခုခုများ ပါလာခဲ့သေးလား"
မင်းသားရှစ်ကြီးက အရှုံးမပေးသေးဘဲ ထပ်မေးလာပြန်သည်။
ကျိုးယိနိုက စုန့်တင်းရှန်းကို တစ်ချက်ကြည့်လိုက်သည်။ စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"ကျွန်တော်မျိုးမရဲ့ ခင်ပွန်း ကိုယ်ပေါ်မှာ ပါလာတဲ့ ပစ္စည်းအတော်များများကို သူတို့ သိမ်းယူခဲ့တာပါ၊ အဖိုးတန်ပစ္စည်းတွေ အားလုံးကို ပိုက်ဆံနဲ့ လဲလှယ်ပြီး ငွေတွေကိုလည်း သုံးဖြုန်းလိုက်ကြပါပြီ၊ ကျောက်စိမ်းဆွဲပြားလေး တစ်ခုပဲ ကျန်ပါတော့တယ်၊ ဒါပေမယ့် သူက စစ်မှုထမ်းဖို့ သွားနေတာဆိုတော့ ပျောက်သွားမှာစိုးလို့ အဲဒါကို ကိုယ်နဲ့မကွာ ဆောင်ထားဖို့ မဖြစ်နိုင်ပါဘူး၊ အိမ်မှာပဲ သိမ်းထားခဲ့ပါတယ်"
ကြင်ယာတော်မင်းသမီးကြီးရှစ်က အလောတကြီး ဝင်မေးလာသည်။
"အဲဒီကျောက်စိမ်းဆွဲပြားရဲ့ ပုံစံကို မှတ်မိသေးလား"
ကျိုးယိနိုက စုန့်တင်းရှန်းကို ကြည့်လိုက်ပြန်သည်။
စုန့်တင်းရှန်းက သက်ပြင်းချရင်း ပြောပြလိုက်သည်။
"အဲ့ဒီကျောက်စိမ်းဆွဲပြားရဲ့ အရှေ့ဘက်မှာ 'ကြာပန်းနဲ့ ရွှေငါးကြင်း'ပုံလေး ပုံဖော်ထားတယ်၊ အနောက်ဘက်ကတော့ 'ကျိုး' ဆိုတဲ့ စာလုံးကို တံဆိပ်နှိပ်ထားတဲ့ ပုံစံမျိုးပါ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်မျိုးမရဲ့ ခင်ပွန်းသည်ကို မွေးစားခဲ့တဲ့ မိသားစုရဲ့ မျိုးရိုးအမည်ကလည်း ကျိုး ဖြစ်နေတော့..."
ထိုစကားကို ကြားလိုက်သည်နှင့် ကြင်ယာတော်မင်းသမီးကြီးရှစ်က ရုတ်တရက် မျက်ရည်များ စီးကျလာပြီး တုန်တုန်ရင်ရင်ဖြင့် ပြောလာခဲ့သည်။
"တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ တော်ဝင်မျိုးနွယ်ရဲ့ မျိုးရိုးအမည်ကလည်း 'ကျိုး' ဆိုတာကို မင်းတို့ သိကြရဲ့လား"
စုန့်တင်းရှန်း : "..."
‘သူမအနေနဲ့ တော်ဝင်မျိုးနွယ်ရဲ့ မျိုးရိုးက 'ကျိုး' ဖြစ်တာကို သိတာပေါ့၊ ဒါပေမယ့် 'ကျိုး' ဆိုတဲ့ မျိုးရိုးအမည်က ရှားပါးတာမှ မဟုတ်တာ၊ တာ့ကျန်းတစ်ပြည်လုံးမှာ ကျိုးမျိုးနွယ်တွေ အများကြီး ရှိနေတာပဲလေ’
‘ဒါပေမယ့်... အခု အခြေအနေကတော့.....’
"အရှင်မင်းသမီး... ကျွန်တော်မျိုးမရဲ့ခင်ပွန်းက အရှင်မင်းသားကြီးနဲ့ အရှင်မင်းသမီးတို့ ရှာနေတဲ့သူလို့ တကယ် ယုံကြည်နေကြတာလားဟင်"
ကြင်ယာတော်မင်းသမီးရှစ်က ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေပြီ ဖြစ်ကာ ရုတ်တရက် ထရပ်လိုက်ပြီး ကျိုးယိနိုဘေးနားသို့ လျှောက်သွားလိုက်သည်။ သူမက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း တဖွဖွ ခေါ်နေပြန်သည်။
"ရှန်းအာ... ရှန်းအာ ငါ့သားလေး"
စုန့်တင်းရှန်း : "....."
‘ဘာတွေ ဖြစ်ကုန်တာလဲဟ....’
မင်းသားကြီးရှစ်၏ မျက်လုံးများကလည်း နီရဲလာပြီး အသံတုန်တုန်ဖြင့် ရေရွတ်နေရှာသည်။
"ဒီလောက်နှစ်တွေ အများကြီး လိုက်ရှာခဲ့တာတောင်... ဘယ်သူက ထင်မှာလဲ... ရှန်းအာ၊ မင်း မြောက်ပိုင်းကို ရောက်သွားမှန်းသာ အဖေ သိခဲ့ရင် ဘယ်လိုပဲဖြစ်ဖြစ် လိုက်ရှာမိမှာပါ၊ ဒါပေမယ့်... ဒါပေမယ့် မင်း ပျောက်သွားတာက တောင်ပိုင်းမှာလေ၊ အဲဒါကြောင့် ငါတို့ ဘယ်လိုမှ မတွေးမိခဲ့ကြတာ..."
စုန့်တင်းရှန်း : "....."
‘ဒါကြီးက တကယ့်ကို ပြဇာတ်ဆန်လွန်းနေပြီဟ...’
သူမအနေဖြင့် ကျိုးယိနို၏နောက်ခံက ချမ်းသာသည့်သူဌေးများ ဖြစ်လိမ့်မည်ဟု တွေးခဲ့ဖူးသည်။ အသက်နှစ်နှစ်အရွယ် ကလေးတစ်ယောက်က ရွှေ၊ ငွေများ ဝတ်ဆင်ထားပြီး သူဝတ်လာသည့် အဝတ်အစားများကလည်း ဈေးကြီးလွန်းလှသည်။ ထိုအရာကြောင့် သူက သာမန်မိသားစုမှ မဟုတ်နိုင်ဟု ယူဆခဲ့ခြင်းပင်။ သို့သော် သူ့ကိုယ်ပေါ်တွင် နဂါးပုံ၊ ဖီးနစ်ပုံလိုမျိုး တော်ဝင်အမှတ်အသားများ မပါလာခဲ့ပေ။
အကယ်၍ ထိုကဲ့သို့တော်ဝင်အမှတ်အသားမျိုး ပါလာခဲ့လျှင်လည်း ကျိုးလာစန်းက ပေါင်နှံရန် ချက်ချင်းယူသွားမည် ဖြစ်ပြီး ထိုစဥ်ကတည်းက အဖမ်းခံရရန် သေချာသလောက်ပင်။ ထို့ကြောင့် စုန့်တင်းရှန်းက သူ တော်ဝင်မိသားစုနှင့် ပတ်သက်နေလိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။
သို့သော် တချို့ကိစ္စများက အမှန်တကယ်ကို ပြဇာတ်ဆန်လွန်းလှသည်။
ကျိုးယိနိုလည်း ဘာလုပ်ရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေရှာသည်။ သူ ကြင်ယာတော်မင်းသမီးကြီးရှစ်ကို ပြန်ဖက်ထားရမည်လား တွန်းထုတ်ရမည်လား သူ မသိတော့ပေ။ သူ့ရင်ခွင်ထဲတွင် ငိုနေသည့် အမျိုးသမီးကြီးကို ဘယ်လိုနှစ်သိမ့်ရမှန်း မသိသောကြောင့် သူ ချွေးစေးများ ထွက်လာတော့သည်။ သူက အကူအညီမဲ့နေဟန်ဖြင့် သူ့ဇနီးသည်ကို လှမ်းကြည့်နေသည်။
စုန့်တင်းရှန်းက ထရပ်လိုက်ပြီး ကြင်ယာတော်မင်းသမီးကြီးရှစ်ကို တွဲကူပေးရင်း အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"အရှင်မင်းသမီး... ကျွန်မရဲ့ခင်ပွန်းက တကယ်ပဲ အရှင်မင်းသမီးရဲ့ သားဆိုရင် ဒါက ဝမ်းသာစရာ ကိစ္စပါ၊ မငိုပါနဲ့တော့နော်၊ အရှင်မင်းသမီး ငိုလွန်းလို့ နေမကောင်းဖြစ်သွားရင် အရှင်မင်းသားကြီးလည်း စိတ်မကောင်း ဖြစ်ရမှာပေါ့"
ကြင်ယာတော်မင်းသမီးရှစ်က သူမ၏မျက်ရည်များကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပြီးမှ ရှိုက်သံများကို ပြန်ထိန်းလိုက်သည်။ သူမက ကျိုးယိနိုဘေးတွင် ထိုင်နေပြီး သားဖြစ်သူ၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
"အမေက ဝမ်းသာလွန်းလို့ပါ၊ နှစ်ပေါင်းနှစ်ဆယ်ကျော်အောင် ရှာခဲ့ရတာလေ... မျက်စိမှိတ်လိုက်တိုင်း မင်းအကြောင်းပဲ တွေးနေခဲ့တာ... နှစ်ပေါင်း ၂၀ ကျော်တောင်..."
စုန့်တင်းရှန်းကတော့ အခြေအနေကို လက်တွေ့ကျကျ တွေးတောနေဆဲဖြစ်ရာ မင်းသားကြီးရှစ်ဘက်သို့ လှည့်လိုက်ပြီး ထပ်မေးလိုက်ပြန်သည်။
"အရှင်မင်းသားကြီး... အရှင် ခုနက ပြောတော့ အရှင့်ရဲ့ အကြီးဆုံးသားက တောင်ပိုင်းမှာ ပျောက်သွားတယ်လို့ ပြောခဲ့တယ်နော်၊ ဒါပေမယ့် ကျွန်တော်မျိုးမရဲ့ ခင်ပွန်းက သူ အသက်နှစ်နှစ်အရွယ်ထဲက ဝေ့ခရိုင်ကို ရောက်လာပြီး အဲဒီမှာပဲ ကြီးပြင်းခဲ့တာပါ၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းက အတော်လေး ဝေးတာဆိုတော့... တစ်စုံတစ်ယောက်က အကြီးဆုံးသားရဲ့ ပစ္စည်းတွေကို တမင်တကာ လဲလှယ်ထားတာမျိုးရော ဖြစ်နိုင်မလား"
မင်းသားကြီးရှစ် မဖြေရသေးခင်မှာပဲ ကြင်ယာတော်မင်းသမီးကြီးရှစ်က အလျင်အမြန် ကြားဖြတ်ပြောလာခဲ့သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါက ငါ့ရင်သွေးကို ဘယ်လိုလုပ် မှားမှတ်မိနေမှာလဲ၊ ရှန်းအာက ငယ်ငယ်ကတည်းက ပါးချိုင့်လေးရှိတယ်၊ ပြီးတော့ သူ ပြုံးလိုက်ရင် ငါနဲ့ အရမ်းတူတယ်၊ မနေ့က ကြာပန်းရှုစားပွဲမှာ သူ့ကို မြင်ကတည်းက ရင်းနှီးနေတယ်လို့ ခံစားခဲ့ရတာ၊ အသက်ကို သေသေချာချာ မေးကြည့်တော့လည်း အကုန်ကိုက်ညီနေတယ်၊ သူသာ ငါ့သားမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ"
စုန့်တင်းရှန်းလည်း ဘာမှ ထပ်မပြောနိုင်တော့ဘဲ ပါးစပ်ပိတ်နေလိုက်ရုံသာ တတ်နိုင်တော့သည်။
ရှေးယခင်ကတည်းက ယောက္ခမနှင့် ချွေးမကြားမှ ဆက်ဆံရေး အဆင်ပြေရန်က ခက်ခဲသောအရာဖြစ်သည်။ မူလက သူမထံတွင် ပြုစုရမည့် ယောက္ခမများ မရှိသောကြောင့် သူမ ကျေနပ်နေခဲ့ခြင်းပင်။ ယခု ဤမျှအရှိန်အဝါကြီးမားသည့် ယောက္ခမနှစ်ယောက် ရုတ်တရက်ကြီး ပေါ်လာခြင်းက သူမကို ခေါင်းများပင် မူးနောက်သွားစေခဲ့သည်။
မင်းသားကြီးရှစ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး စုန့်တင်းရှန်းကို လှမ်းပြောလိုက်သည်။
"စိတ်ထဲမထားပါနဲ့၊ မင်းသမီးကြီးက သူ့သားကို အရမ်းလွမ်းနေလို့ပါ၊ စစ်သူကြီးကျိုးက တကယ်ပဲ ငါတို့ရဲ့ အကြီးဆုံးသားဆိုရင် မင်းကလည်း ငါတို့နှစ်ယောက်ရဲ့ ချွေးမပါပဲ၊ ငါတို့အားလုံးက မိသားစုဝင်တွေပဲ"
သို့သော် စုန့်တင်းရှန်းကတော့ ဤမိသားစုကြီးထဲတွင် ပါဝင်ဖို့ ဆန္ဒမရှိလှပေ။ မည်သို့ပင်ဖြစ်စေ သူမ ဘာပြောရမှန်းမသိသောကြောင့် အောင့်သက်သက် ပြုံးနေလိုက်ရုံသာ တတ်နိုင်တော့သည်။
ကြင်ယာတော်မင်းသမီးကြီးရှစ်ကတော့ ကျိုးယိနိုအား သူ့၏ငယ်ဘဝအကြောင်း ပြောပြရန် အတင်းတိုက်တွန်းနေပြီး ဝမ်းသာလိုက်၊ ဝမ်းနည်းလိုက်၊ ငိုလိုက်၊ ရယ်လိုက် ဖြစ်နေလေသည်။
စုန့်တင်းရှန်းလည်း သူမကို ကြည့်နေရင်း မကြည့်ရက်ဖြစ်လာသောကြောင့် မင်းသားကြီးရှစ်ကို တောင်းဆိုလိုက်သည်။
"အရှင်မင်းသားကြီး... ဒီကိစ္စကို ထပ်ပြီး စုံစမ်းစစ်ဆေးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်၊ ကလေးကို အရှင်မင်းသားတို့ဆီကနေ အတင်းအဓမ္မ ခွဲယူသွားပြီး ဒီလောက်နှစ်ပေါင်းများစွာ ဝေးကွာအောင် လုပ်ခဲ့တဲ့သူက တကယ်ကို ရက်စက်တဲ့သူပဲ။ ဒီကိစ္စက လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတယ်၊ ဒါကို မဖြေရှင်းနိုင်ရင် နောက်ပိုင်းမှာ ဘာတွေ ထပ်ဖြစ်လာဦးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"
မင်းသားကြီးရှစ်က ခေါင်းညိတ်ရင်း တွေးတွေးဆဆ ပြောလာခဲ့သည်။
"မင်းပြောတာ မှန်တယ်"
ထို့နောက် သူက စုန့်တင်းရှန်းကို ကြည့်ကာ ချီးကျူးလာပြန်သည်။
"ဧကရာဇ်မင်းမြတ်က မင်းရဲ့ အကျင့်သီလရှိမှုနဲ့ ထက်မြက်မှုကို ချီးမွမ်းတာ မမှားဘူးပဲ၊ မင်းရဲ့ ဉာဏ်ပညာက ရိုးရှင်းမှုတွေကြားထဲမှာ တောက်ပနေတယ်၊ အစတုန်းကတော့ မင်းကို ကျေးလက်တောရွာက မိန်းကလေးတစ်ယောက်လို့ပဲ ထင်ခဲ့တာ၊ ဧကရာဇ်မင်းမြတ်ရဲ့ မျက်စိထဲကို ဒီလောက်အထိ ရောက်ခဲ့တာက ကံကောင်းမှုကြောင့်လို့ ထင်ထားခဲ့တာ၊ အခုကြည့်ရတာတော့ မင်းက ငါ့သားအတွက် တကယ်ကို သင့်တော်တဲ့ လက်တွဲဖော်ပဲ"
စုန့်တင်းရှန်း : "..."
‘ဒီစကားကို ငါက ဘာပြန်ပြောရတော့မှာလဲဟယ်....’
ကြင်ယာတော်မင်းသမီးရှစ်ကတော့ ကျိုးယိနို၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပြန်မလွှတ်ပေးတော့ပေ။ 'ကျိုးယိနို' ဆိုသည့် အမည်ကို စုန့်တင်းရှန်း ပေးထားခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရချိန်မှသာ သူမတွင် ချွေးမတစ်ယောက် ရှိနေပြီဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။
"ဒီနာမည်က နာမည်ကောင်းပဲ"
ကြင်ယာတော်မင်းသမီးရှစ်က နူးညံ့စွာ ပြုံးရင်း ထပ်ပြောလာပြန်သည်။
"အဲဒီတုန်းက ရှန်းအာရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး၊ သူ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ကြုံရလိမ့်မယ်လို့ ဟောကိန်းထုတ်ခံခဲ့ရတယ်၊ အဲ့ဒါကြောင့် တော်ဝင်နာမည်တစ်ခုရဲ့ ဝန်ထုပ်ဝန်ပိုးကို သူ မခံနိုင်မှာ ငါတို့ ကြောက်ခဲ့ကြတယ်၊ အဲဒါကြောင့် သူ့အဖေနဲ့ ငါက သူ့ကို နဂါးပုံတွေ ဖီးနစ်ပုံတွေပါတဲ့ အဝတ်အစားတွေ၊ အဆောင်အယောင်တွေကို မဝတ်ပေးရဲခဲ့ကြဘူး၊ သူ့ကို ရှန်းအာလို့ပဲ ခေါ်ခဲ့ကြတယ်၊ ကလေးက သတိရှိရှိနဲ့ တည်တည်ငြိမ်ငြိမ် နေထိုင်ပြီး မြန်မြန်ကျန်းမာလာဖို့ မျှော်လင့်ခဲ့တာပါ၊ ကျိုးယိနို... ရွှေစင်တစ်ထောင်တန်တဲ့ ကတိစကား၊ ယောကျ်ားကောင်းဆိုတာ ဒီလိုပဲ ဖြစ်ရမယ်"
ထိုသို့ပြောရင်း သူမ၏ မျက်ဝန်းမှ မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။
မိခင်တစ်ယောက်အနေဖြင့် သူမက ကလေးကြီးပြင်းလာသည်အထိ ဘေးနားမှ မစောင့်ရှောက်ပေးနိုင်ခဲ့ပေ။ ယခု သူမ၏သားက အရွယ်ရောက်ကာ အိမ်ထောင်ကျခဲ့ပြီး၊ စာပေတတ်မြောက်ကာ ယဉ်ကျေးသူဖြစ်လာခဲ့သည်။ နာမည်အသစ်နှင့် ဘဝသစ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့သော် ထိုအရာများအားလုံးထဲတွင် သူမနှင့် ပတ်သက်သည့် အရာတစ်ခုမျှ မပါဝင်ခဲ့ပေ။
ထိုအချက်ကို တွေးမိတိုင်း သူမ၏ ရင်ကို ဆူးနှင့်ထိုးနေသလို ခံစားရသည်။
ကျိုးယိနိုကလည်း စိတ်လှုပ်ရှားနေပြီး သူမကို 'အမေ' ဟု ခေါ်ရမလား၊ 'အရှင်မင်းသမီး' ဟု ခေါ်ရမလားပင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူက ယောင်ဝါးဝါးသာ ပြန်ပြောလိုက်သည်။
"အခု ကျွန်တော် ကျန်းမာပြီး ကြံ့ခိုင်သန်စွမ်းပါတယ်၊ ခွန်အားလည်း ရှိတယ်၊ အရာရာအားလုံး အဆင်ပြေပါတယ်"
"ကောင်းတယ်၊ ကောင်းတယ်"
ကြင်ယာတော်မင်းသမီးရှစ်က ထပ်မံ ငိုကြွေးနေပြန်သည်။
ကျိုးယိနိုက သူ့တစ်ကိုယ်လုံး ရှိန်းတိန်းတိန်း ဖြစ်လာသလို ခံစားနေရပြီး သူ့ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့သည်။
‘သူ ရင်းနှီးခဲ့ဖူးတဲ့ အမေနှစ်ယောက် ရှိခဲ့တယ်၊ တစ်ယောက်က ကျိုးလောင်စန်းရဲ့ ဇနီး၊ သူမက အနိုင်ကျင့်တတ်ပြီး လောဘကြီးတဲ့သူ၊ နောက်တစ်ယောက်ကတော့ ဖန့်ရှီ၊ သူမကတော့ ပွင့်လင်းရိုးသားပြီး အမြဲတမ်း ပျော်ပျော်နေတတ်တဲ့သူ....
အခုတော့ အမေအသစ်တစ်ယောက် ရှိလာပြန်ပြီ၊ သူမကတော့ အရမ်းနုနယ်ပြီး မျက်ရည်လွယ်တယ်၊ သူ ဘယ်လိုကိုင်တွယ်ရမှန်း မသိတော့ဘူး။’
မင်းသားကြီးရှစ်က ကျိုးယိနိုတစ်ယောက် စုန့်တင်းရှန်းကို 'ကယ်ပါ' ဟူသော အကြည့်ဖြင့် ခဏခဏ လှမ်းကြည့်နေသည်ကို သတိပြုမိပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်။ သူက သားဖြစ်သူအတွက် ဝင်ပြောပေးလိုက်သည်။
"ဝမ်အာ... မင်းက အရမ်းငိုနေတော့ ရှန်းအာ ကြောက်သွားပါဦးမယ်"
"ကျွန်မက ဘယ်လိုလုပ်ပြီး သူ့ကို ခြောက်လှန့်မှာလဲ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က သူမ၏ မျက်ရည်များကို အမြန်သုတ်နေရင်း ထပ်ပြောလိုက်သည်။
"ကျွန်မ ဝမ်းသာလွန်းလို့ပါ၊ တကယ်ကို ပျော်လွန်းလို့ ငိုမိတာပါ၊ ရှန်းအာ၊ မင်းတို့ ဒီနေ့ပဲ အိမ်တော်ကို ပြောင်းလာကြပါလား၊ ဒီမှာက ကျယ်ဝန်းပြီး တည်းခိုဆောင်ထက် အများကြီး ပိုသက်သောင့်သက်သာ ရှိတယ်။ မင်းရဲ့ ယောက္ခမတွေကိုလည်း လာနေခိုင်းလိုက်လေ၊ ဒီမှာ နေရာတွေ အများကြီး ရှိတယ်"
ကျိုးယိနိုက အလျင်အမြန် ငြင်းဆန်လိုက်သည်။
"အရှင်မင်းသမီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုးကို နယ်စပ်ကို စောင့်ကြပ်ဖို့ အမိန့်ပေးထားပါတယ်၊ အခု ထွက်ခွာဖို့ ပြင်ဆင်ရမှာ၊ ထပ်ပြီး မနှောင့်နှေးသင့်တော့ပါဘူး"
ကြင်ယာတော်မင်းသမီးကြီးရှစ်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံလာပြီး မေးလာပြန်သည်။
"သား... သားက အမေ့ကို 'အမေ' လို့ မခေါ်နိုင်ဘူးလား"
ကျိုးယိနို : "..."
"အမေ..."
နောက်ဆုံးတွင် ကျိုးယိနိုက အားတင်းပြီး ခေါ်လိုက်သည်။
"အမေ၊ ကျွန်တော်... ကျွန်တော် ဒီမှာဆက်နေဖို့ တကယ် မဖြစ်လို့ပါ"
ကြင်ယာတော်မင်းသမီးကြီးကလည်း ခေါင်းမာမာဖြင့် ငြင်းခံနေဆဲပင်။
"ဘာလို့ မဖြစ်ရမှာလဲ၊ ငါ ဧကရီမယ်မယ်နဲ့ သွားတွေ့ပြီး ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ခိုင်းလိုက်မယ်၊ ငါ့သားကို အခုမှ ပြန်တွေ့တာလေ၊ ဘာလို့ ငါ့ဘေးမှာ မနေနိုင်ရမှာလဲ၊ မင်းက ဒီအိမ်တော်ရဲ့ အကြီးဆုံးသခင်လေးပဲ၊ နောင်ကျရင်..."
သူမက ပြောနေရင်းဖြင့် ရုတ်တရက် စကားရပ်သွားသည်။
မင်းသားကြီးရှစ်လည်း ခေတ္တမျှ မှင်သက်သွားပြီး သက်ပြင်းချလိုက်သည်။
‘သူက သူရဲ့ အငယ်ဆုံးသားကို 'ရှီဇီ' အဖြစ် ခန့်အပ်ဖို့ တောင်းဆိုထားရုံပဲရှိသေးတယ်။ အခုတော့ မထင်မှတ်ဘဲ အကြီးဆုံးသားကို ပြန်ရှာတွေ့ခဲ့တယ်၊ တကယ်လို့ အကြီးဆုံးသားက အရည်အချင်းမရှိတဲ့သူရင်လည်း တစ်မျိုးပေါ့၊ အခုတော့ သူက သတ္တိရှိပြီး အောင်မြင်မှုတွေ ရထားတဲ့သူ၊ ဧကရာဇ်ရဲ့ ဆုလာဘ်တွေတောင် ရထားတဲ့သူ မဟုတ်လား’
‘သူက 'ရှီဇီ' ရာထူးနဲ့ တကယ်ထိုက်တန်တဲ့သူပဲ၊ ဒါပေမယ့် အဲ့လို ပြောင်းလဲလိုက်ရင်လည်း အငယ်ဆုံးသားအတွက် ဘယ်လိုဖြစ်သွားမလဲ’
သူတို့၏ အငယ်ဆုံးသားကလည်း အလွန်ထက်မြက်သူဖြစ်ပြီး သူနှင့် မင်းသမီးတို့၏ သားရတနာလေး ဖြစ်နေပြန်သည်။
စုန့်တင်းရှန်းက မင်းသားကြီးရှစ်နှင့် ကြင်ယာတော်မင်းသမီးကြီးတို့ ရုတ်တရက် စကားတန့်သွားရသည့် အကြောင်းရင်းကို အပြည့်အဝ နားမလည်သော်လည်း လူကဲခတ် အလွန်တော်သူ ဖြစ်သည်။
သူမက အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။
"ရှေ့လျှောက်လည်း သူက အရှင်မင်းသားကြီးနဲ့ အရှင်မင်းသမီးတို့ရဲ့ အကြီးဆုံးသားအဖြစ် ရှိနေမှာပဲလေ။ အရှင်မင်းသားကြီးနဲ့ အရှင်မင်းသမီးတို့အတွက် ဂုဏ်ယူပါတယ်ရှင့်၊ အကြီးဆုံးသားက ကိုယ်ပိုင်အရည်အချင်းနဲ့ စစ်သူကြီး ဖြစ်နေပြီ၊ ဒုတိယသားကလည်း အနာဂတ်မှာ အောင်မြင်မှုတွေရဖို့ သေချာနေပြီ၊ ဒါက တကယ့်ကို ဝမ်းသာစရာ မင်္ဂလာသတင်းပါပဲ"
မင်းသားကြီးရှစ်က အားရပါးရ ရယ်မောလိုက်သည်။
"မင်းက တကယ်ကို ထက်မြက်တာပဲ၊ ကဲ... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်၊ ရှန်းအာ... မင်းမှာ ညီတစ်ယောက်နဲ့ ညီမတစ်ယောက် ရှိသေးတယ်၊ မင်းရဲ့ညီက ဒီနှစ် အသက်ဆယ့်ကိုးနှစ် ရှိပြီ၊ သိပ်မကြာသေးခင်ကပဲ သူ့ကို 'ရှီဇီ'အဖြစ် ခန့်ဖို့ ငါ လျှောက်ထားခဲ့တယ်၊ မင်းရဲ့ညီမကတော့ အိမ်ထောင်ကျပြီး ကျန်းနန်ဘက်ကို လိုက်သွားတော့ဆိုတော့... အခုချက်ချင်း တွေ့ဖို့ ခက်ခဲလိမ့်မယ်၊ မင်းရဲ့ညီကတော့ အခုတလော အလုပ်ရှုပ်နေလို့ အိမ်သိပ်မပြန်ဖြစ်ဘူး၊ ဒါပေမယ့် မနက်ဖြန်ကျရင်တော့ မင်းတို့ ညီအစ်ကိုနှစ်ယောက် တွေ့ဆုံနိုင်အောင် အမိန့် ထုတ်ထားပြီးပြီ"
"တကယ်တော့ ဒီ 'ရှီဇီ' ရာထူးက..."
ကြင်ယာတော်မင်းသမီးကြီးရှစ်က ကျိုးယိနိုကို ကြည့်ကာ မျက်ရည်များ ဝဲလာပြန်သည်။
"အရှင်မင်းသမီး၊ ကျွန်တော်မျိုးမ အထင်တော့ အခုအခြေအနေက အကောင်းဆုံးပါပဲ။ အကြီးဆုံးသားက စစ်သူကြီး၊ ဒုတိယသားက ရှီဇီ... ဒီထက်ကောင်းတာ ဘာရှိဦးမှာလဲ"
စုန့်တင်းရှန်းက ကြင်ယာတော်မင်းသမီးကြီးရှစ်ထံမှ 'ရှီဇီ ရာထူးကို ကျိုးယိနိုကိုပဲ ပေးချင်တယ်' ဟု ပြောထွက်လာမည်ကို အလွန်စိုးရိမ်နေခဲ့သည်။
‘သူမတို့ကိုယ်တိုင်က မြို့တော်မှာ မနေချင်တာကို အသာထားဦး၊ တကယ်လို့ မင်းသားကြီးရဲ့ လက်ရှိ သားဖြစ်သူသာ ဒါကို ကြားသွားရင် မတွေ့ရသေးခင်ကတင် ပြဿနာတွေတက်ပြီး ကောင်းတဲ့အခြေအနေကနေ ဆိုးတဲ့ဘက်ကို ဦးတည်သွားနိုင်တယ် မဟုတ်ဘူးလား’
မင်းသားကြီးရှစ်ကလည်း ခေါင်းညိတ်ရင်း ထပ်ပြောလာသည်။
"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်က တောင်တစ်လုံးလို လေးလံတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဧကရာဇ်ကို အတင်းအကျပ် တောင်းဆိုဖို့ မဖြစ်နိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် မြို့တော်က အရမ်း စည်ကားတယ်၊ မင်းတို့မိသားစုတစ်ခုလုံး မြို့တော်ကို ပြောင်းလာကြပါလား၊ နောင်ကျရင် မင်းတို့ညီအစ်ကိုနှစ်ယောက် အပြန်အလှန် ဖေးမပေးလို့ ရတာပေါ့"
စုန့်တင်းရှန်း၏ မျက်နှာက တောင့်တင်းသွားသည်။
'နောက်ဆုံးတာ့ ငါ အကြောက်ဆုံးအရာက ရှေ့တည့်တည့်ကို ရောက်လာပြီ၊ နေ့တိုင်း မြို့တော်မှာနေရင် ဘယ်ညာ လှည့်ပြီး ဒူးထောက်ဝပ်တွားခစားနေရမှာတွေ၊ တစ်နေကုန် ပရိယာယ်တွေနဲ့ လုံးပန်းနေရမှာကို ငါ ဘယ်လိုမှ စိတ်တောင် မကူးရဲဘူး’
ကျိုးယိနိုကလည်း ချက်ချင်း ငြင်းဆန်လိုက်သည်။
"အရှင်မင်းသားကြီး... အဲ... အဖေ၊ ကျွန်တော် မြို့တော်မှာ မနေချင်ဘူး။ ကျွန်တော် ဒီနေရာနဲ့ နေသားမကျဘူး၊ နေရတာလည်း သက်တောင့်သက်သာ မဖြစ်ဘူး၊ ပြီးတော့ ကျွန်တော်က စစ်သူကြီး ဖြစ်လာပြီဆိုတော့ တိုင်းပြည်ရဲ့အရေးကို ဦးစားပေးရမယ်"
မင်းသမီးက ငိုရှိုက်ရင်း ပြောလာပြန်သည်။
"ရှန်းအာ... မင်းက မင်းအမေရဲ့ အနားမှာ မနေချင်ဘူးလား"
ကျိုးယိနိုက တွန့်ဆုတ်နေပြီးမှ ထပ်ပြောလိုက်သည်။
"တကယ်တော့ ဧကရာဇ်မင်းမြတ်က ကျွန်တော့်ကို အိမ်တစ်လုံး ဆုချီးမြှင့်ထားတယ်၊ အဲဒါက ကျွန်တော့်ဇာတိရွာ... မဟုတ်သေးဘူး... ဝေ့ခရိုင်မှာပါ။ ဝေ့ခရိုင်က မြောက်ပိုင်းဆိုတော့ နွေရာသီရောက်ရင် မြို့တော်လို မပူဘူးလေ၊ တကယ်လို့ အမေ... စိတ်မရှိဘူးဆိုရင် နွေရာသီ အပူရှောင်ဖို့ အဲဒီကို လာလည်လို့ ရပါတယ်”
“တင်းရှန်းက အဲဒီမှာ ကြာကန်တွေ အများကြီး တူးထားတယ်၊ နွေရာသီဆို ကြာပန်းတွေ အပြည့်နဲ့ အရမ်းလှတာ၊ အိမ်မှာ သစ်သီးခြံတွေလည်း အများကြီးရှိတယ်၊ မက်မွန်သီးတွေ၊ ပန်းသီးတွေ၊ စပျစ်သီးတွေဆိုတာ စားလို့တောင် မကုန်နိုင်ဘူး..."
"အိုး... ဆိုလိုတာက မင်းကတော့ အမေ့နားမှာ မနေချင်ဘူးပေါ့လေ"
ကြင်ယာတော်မင်းသမီးကြီးက နှုတ်ခမ်းဆူနေပြန်သည်။
စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ကူပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်မှာလဲရှင်၊ အခုက ယိနိုက ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်မှုကို ရထားပြီး သူ့အရည်အချင်း ပြသခွင့်ရမယ့် နေရာကို ရှာတွေ့ထားတာလေ၊ အရှင်မင်းသားကြီးနဲ့ အရှင်မင်းသမီး... သားဆိုတာ လွတ်လွတ်လပ်လပ် ပျံသန်းရမယ့် လင်းယုန်ငှက်တွေနဲ့ အတူတူပါပဲ၊ သူ့ကို အိမ်ထဲမှာပဲ ပိတ်လှောင်ထားရင် သူတို့ ပျံသန်းနိုင်မှာ မဟုတ်တော့ပါဘူး"
ကြင်ယာတော်မင်းသမီးက နှုတ်ခမ်းကို ဖိထားရင်း စုန့်တင်းရှန်းကို ကြည့်ကာ ထပ်မေးလိုက်သည်။
"ဒါဆိုရင်... မင်းကရော ငါ့အနားမှာနေပြီး အဖော်လုပ်ပေးမှာလား"
စုန့်တင်းရှန်း : "..."
‘မနေချင်ပါဘူးရှင်... လုံးဝ မနေချင်ဘူး’
စုန့်တင်းရှန်း မနေချင်မှန်း ရိပ်မိသွားသည့် ကြင်ယာတော်မင်းသမီးကြီးက နှုတ်ခမ်းလေး တုန်ယင်လာပြီး ထပ်ငိုတော့မည့် အသွင်ဖြစ်လာခဲ့သည်။
စုန့်တင်းရှန်းလည်း အတော်လေး နေရခက်လာသောကြောင့် အသံတိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။
"အရှင်မင်းသမီး၊ ကျွန်တော်မျိုးမက ရွာသူလေး တစ်ယောက်ပါ၊ မြို့တော်ရဲ့ စည်းကမ်းတွေကိုလည်း သေချာ နားမလည်ပါဘူး၊ တကယ်လို့ ကျွန်တော်မျိုးမက အမှတ်မထင် မြင့်မြတ်တဲ့သူတွေကို စော်ကားမိပြီး မိသားစုကို ဒုက္ခရောက်အောင် လုပ်မိရင် ဘယ်လိုလုပ်ကြမလဲ"
ကြင်ယာတော်မင်းသမီးကြီးက ရှုံ့မဲ့လျက် ပြန်ပြောလာသည်။
"မင်းလည်း ကောင်တီမင်းသမီးပဲလေ၊ ဘယ်သူက မင်းကို စော်ကားရဲမှာလဲ"
စုန့်တင်းရှန်းက ထပ်ပြောလိုက်သည်။
"မြို့တော်မှာက မြင့်မြတ်တဲ့သူတွေ အများကြီးပဲလေ၊ ကျွန်တော်မျိုးမလို အာဏာမရှိတဲ့ ကောင်တီမင်းသမီးလေးတစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ဒါပေမယ့် အိမ်ပြန်ရင်တော့ လူတိုင်းက ကျွန်မကို လေးစားကြမှာ..."
"မင်းက ငါ့အနားမှာ မနေချင်ဘူးပဲ၊ ရှန်းအာကလည်း မနေချင်ဘူး၊ ဒါက ငါ့နှလုံးသားကို နာကျင်စေတယ်"
ကြင်ယာတော်မင်းသမီးကြီးရှစ်က တိုးတိုးလေး ညည်းညူနေပြီး သူမ၏မျက်ရည်များကို သုတ်နေပြန်သည်။
မင်းသားကြီးရှစ်က ချောင်းအနည်းငယ်ဟန့်ပြီး ဝင်ပြောလိုက်သည်။
"အဟမ်း... ဒါက ငါတို့အားလုံး မရင်းနှီးသေးလို့ပါ၊ ဝမ်အာ... မင်း သိပ်ပြီး အလောမကြီးပါနဲ့ဦး၊ ဒါပေမယ့် ချွေးမပြောတာလည်း မှန်တယ်၊ ငါတို့သားက လင်းယုန်ငှက်လိုပဲ၊ လွတ်လွတ်လပ်လပ် ပျံသန်းသင့်တယ်၊ သူက မြို့တော်မှာ ကြီးပြင်းလာတာ မဟုတ်ဘူး၊ သူ့ညီလို ဒီက အင်အားစုတွေနဲ့ သိပ်ပြီး အကျွမ်းတဝင် မဖြစ်ဘူးလေ၊ ဒီမှာနေရင်း သူ တိုက်ခိုက်ခံရပြီး ဒုက္ခများလိမ့်မယ်၊ ဒါနဲ့ ဝေ့ခရိုင်မှာ ဘယ်လိုအိမ်ကြီးအိမ်ကောင်းတွေ ရှိလို့လဲ၊ ဧကရာဇ်ကတော့ တကယ်ကို ကပ်စေးနဲတာပဲ၊ နောင်ကျရင် အဖေ မင်းအတွက် အိမ်တော်အကြီးကြီး ဆောက်ပေးမယ်၊ ပြီးတော့ မိန်းမ နောက်ထပ် ဆယ်ယောက်၊ အယောက်နှစ်ဆယ်လောက် ထပ်တောင်းပေးမယ်"
ထိုစကားပြောထွက်လာသည်နှင့် တစ်ပြိုင်နက် မင်းသားကြီးရှစ်တစ်ယောက် ဝိုင်းကြည့်ခြင်း ခံလိုက်ရတော့သည်။
ကြင်ယာတော်မင်းသမီးကြီးရှစ်က လေသံအေးအေးလေးဖြင့် မေးလိုက်သည်။
"မင်းသားကြီးက နောက်ထပ် မိန်းမ ဆယ်ယောက်၊ အယောက်နှစ်ဆယ်လောက် ထပ်ယူချင်လို့လား၊ ကျွန်မ ဘာများ အမှားလုပ်မိလို့လဲ"
စုန့်တင်းရှန်း၏ မျက်နှာကတော့ ဖြူလျော်သွားပြီး သူမ၏မျက်ဝန်းများက နီရဲလာသည်။
‘တောက်... တကယ်လို့ ကျိုးယိနိုသာ တခြားမိန်းမယူရဲရင်တော့ ငါ သူ့ကို ချက်ချင်း ကွာရှင်းပစ်မယ်! မင်းသားကြီးလည်း ဂရုမစိုက်ဘူး၊ မင်းသမီးကြီးလည်း ဂရုမစိုက်ဘူး၊ မင်းသမီးဘွဲ့လည်း ဂရုမစိုက်ဘူး၊ ဒီလိုကိစ္စမျိုးကိုတော့ လုံးဝ သည်းမခံနိုင်ဘူး’
"ဒီမင်းသား... ဒီမင်းသားက နောက်တာပါ"
မင်းသားကြီးရှစ်က ခပ်အုပ်အုပ် ရယ်မောရင်း ချောင်းဟန့်ကာ ထပ်ပြောလာပြန်သည်။
"ဘာပဲဖြစ်ဖြစ်၊ နောက်ထပ် ရက်နည်းနည်းလောက်တော့ ထပ်နေကြပါဦး"
ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့လည်း လောလောဆယ် သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
........။.......။......
မင်းသားကြီးရှစ်က ကျိုးယိနိုကို တော်ဝင်မျိုးနွယ်အဖြစ် အသိအမှတ်ပြုရန် ဧကရာဇ်ထံမှ အမိန့်တော်ရရှိလာပြီး သူ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူက တွေ့သည့် လူတိုင်းကိုလည်း ကြွားဝါနေခဲ့သည်။
"ဒီမင်းသားရဲ့ အကြီးဆုံးသားက ခက်ခဲတဲ့အချိန်တွေကို ကြုံတွေ့ခဲ့ရတယ်၊ သူ ငယ်ငယ်လေးတည်းက အခိုးယူခံလိုက်ရပြီး ဆင်းဆင်းရဲရဲ နေထိုင် ဖြတ်သန်းခဲ့ရတယ်၊ ဒါပေမယ့် အခုတော့ သူ့အရည်အချင်းနဲ့သူ စစ်သူကြီး ဖြစ်လာပြီ။ ဒါက တကယ်ကို... မလွယ်ကူလှပါဘူးလေ.... ဟား ဟား"
ဘေးနားမှ နားထောင်ရသည့် လူများကတော့ သူ့ရယ်သံကို နားငြီးနေသော်လည်း စိတ်ထဲမှသာ ပြန်ပြောရဲကြသည်။
'ဒါက ဘာများ ထူးဆန်းနေလို့လဲ၊ စတုတ္ထအဆင့် စစ်သူကြီးတစ်ယောက် ဖြစ်ရုံတင် မဟုတ်ဘူးလား’
သို့သော်လည်း ပြန်စဉ်းစားကြည့်လိုက်ချိန်တွင်တော့ သူတို့၏သားများက ထိုကဲ့သို့ အရည်အချင်းမရှိသောကြောင့် တပါးသူက အမှန်တကယ် ချီးကျူးစရာ ဖြစ်နေသည်။ ထို့ကြောင့် သူတို့အားလုံး ဒေါသကို မျိုသိပ်ပြီး သူတို့၏သားများကို ဆုံးမရန် အိမ်ပြန်သွားကြသည်။
ကျိုးယွီလင်းလည်း သူ့၏လုပ်ဖော်ကိုင်ဖက်များထံမှ သူ့၏အစ်ကိုကြီး ပြန်ရောက်လာပြီ ဖြစ်ကြောင်း ကြားသိရခဲ့ပြီး ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူ အိမ်သို့ ပြန်ရောက်ချိန်တွင် သူ့၏ အမေက ခန့်ညားသော အမျိုးသားတစ်ဦးအား ဖက်ထားသည်ကို မြင်လိုက်ရသည်။ ထိုသူက အခြားသူမဟုတ်ဘဲ ယခုတလော ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးခြင်းခံနေရသော နာမည်ကျော် စစ်သူကြီး ကျိုးယိနို ဖြစ်နေခဲ့သည်။
နီးကပ်လာသည်နှင့်အမျှ သူနှင့် ကျိုးယိနိုတို့က အမှန်တကယ် တစ်နည်းနည်းဖြင့် ဆင်တူနေကြောင်း သူ သဘောပေါက်လာရသည်။ သို့သော် ထိုသူက ပိုမိုသန်မာသောကြောင့် သူက အားနည်းသောပညာရှင်တစ်ဦးကဲ့သို့ ထင်ရစေသည်။ အဆုံးတွင် ကျိုးယိနိုက စာပေနှင့် ကိုယ်ခံပညာ နှစ်မျိုးလုံးတွင် ကျွမ်းကျင်သူ ဖြစ်သည်။
ကျိုးယိနို၏ဘေးတွင် ရွာသူလေးမှ မင်းသမီးဘွဲ့ရသည့် မြို့တော်၏ နာမည်ကျော် စုန့်တင်းရှန်း ရှိနေသည်။ ယခု သူမက သူ့၏မရီး ဖြစ်လာခဲ့ပြီး စစ်သူကြီးကျိုး တစ်ချိန်လုံး "ကျွန်တော့်ဇနီး... ကျွန်တော့်ဇနီး" ဟု တဖွဖွပြောနေခဲ့သည့် လူအစစ်ကို ယခုမှ မြင်ဖူးရတော့သည်။ သူမက အတော်လေးလှပသည်။
ညီအစ်ကိုနှစ်ဦး နှုတ်ဆက်စကား အနည်းငယ် ပြောဆိုကြနောက် ဘာဆက်ပြောရမှန်းမသိတော့ဘဲ တိတ်ဆိတ်သွားကြသည်။
"အစ်ကို၊ မြို့တော်မှာပဲ နေဖို့ စီစဉ်ထားလား"
နောက်ဆုံးတွင် ကျိုးယွီလင်းက မေးလာခဲ့သည်။
ကျိုးယိနိုက အမြန်ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။
"မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးကို ပြောပြီးပြီ၊ ငါ နောက်ရက်အနည်းငယ်အတွင်း အိမ်ပြန်တော့မှာ"
ကြင်ယာတော်မင်းသမီးက မကျေမနပ် ဝင်ပြောလိုက်သည်။
"ရှန်းအာ၊ ဒါက မင်းရဲ့အိမ်လေ... ပြီးတော့ မင်း အမေလို့ ခေါ်သင့်တယ်"
ကျိုးယိနိုက အားနာဟန်ဖြင့် 'အမေ' ဟု ထပ်ခေါ်လိုက်ပြီး သူ့နဖူးပေါ်တွင် ချွေးသီးများ ထွက်လာပြန်သည်။
ကျိုးယွီလင်းက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးနေရင်း ပြောလာခဲ့သည်။
"ဒီကနေ ဝေ့ခရိုင်ကို မြင်းနဲ့သွားရင် ဆယ့်ငါးရက်လောက်ပဲ ကြာတာပါ၊ ကျွန်တော် ခွင့်ယူပြီး အစ်ကိုဆီကို မကြာခဏ လာလည်ပါ့မယ်"
ကျိုးယိနိုကလည်း ဝမ်းသာအားရ သဘောတူလိုက်ပြီး သူ့အိမ်မှ ကြာကန်များနှင့် သစ်သီးခြံများအကြောင်း ထပ်ကြွားလိုက်ပြန်သည်။
ထို့နောက် သူတို့အားလုံး တိတ်ဆိတ်သွားပြီး ပြန်ထိုင်လိုက်ကြပြန်သည်။
စုန့်တင်းရှန်းကတော့ ဘေးနားတွင် ထိုင်နေပြီး သူမ၏နဖူးကို အားကိုးရာမဲ့ ပွတ်သပ်နေခဲ့သည်။
‘ကျူးဇီကောက အိမ်ပြန်ဖို့ ဇွတ်အတင်းပြောနေလို့ တော်သေးတယ်၊ မဟုတ်ရင် ဒီပျင်းစရာကောင်းတဲ့ မြို့တော်မှာ ဆက်နေရလို့ ငါ ရူးသွားနိုင်တယ်’
........။..........။........
စာရေးသူ၏ မှတ်ချက်
ကျိုးယိနို : ကျွန်တော် အိမ်ပြန်ချင်ပြီ၊ ဗြဲ... ဒါက ကျွန်တော့်အိမ် မဟုတ်ဘူး။
ကြင်ယာတော်မင်းသမီးကြီးရှစ် : ငါ့သားက ခေါင်းမာပြီး သူ့အမေရဲ့ ရင်ကို နာကျင်စေတယ်၊ ဟင့် ဟင့်....
စုန့်တင်းရှန်း : ... ကျွန်မ ဘာပြောရမလဲ.... ကျွန်မလည်း သေလောက်အောင် စိတ်ညစ်နေတာနော်။
မင်းသားကြီးရှစ် : ဟဲ ဟဲ၊ ဟား ဟား....