အိမ်ပြန်ခြင်း
Vol. 8 Ch. 80
မင်းသားကြီးရှစ် ပျောက်ဆုံးနေသည့် သူ့သားကြီးကို ပြန်တွေ့ရသည့်သတင်းက မြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး လယ်သူမလေးအား မင်းသမီးဘွဲ့ ပေးအပ်ခဲ့သည့် သတင်းကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ စုန့်တင်းရှန်းကတော့ ဤကိစ္စများအားလုံး အလွန် အလျင်စလို ဖြစ်လွန်းနေသည်ဟု ခံစားနေရသော်လည်း မင်းသားကြီးရှစ်နှင့် ကြင်ယာတော်မင်းသမီးတို့ကို မည်သို့မျှ မတားဆီးနိုင်ခဲ့ပေ။ နောက်တစ်နေ့မှာပင် မင်းသားကြီးရှစ်က သူ့၏ အကြီးဆုံးသားကို လူတိုင်းနှင့် မိတ်ဆက်ပေးရန် ခမ်းနားသည့် ဂုဏ်ပြုစားပွဲကြီးတစ်ခုကို ကျင်းပရန် ပြင်ဆင်နေခဲ့သည်။
လူငယ်ဇနီးမောင်နှံနှစ်ဦးလည်း မတတ်သာတော့ဘဲ ထိုအခြေအနေကြီးထဲသို့ တွန်းပို့ခံလိုက်ရသည်။ လိမ္မာပါးနပ်သည့် လီရှီးပင်လျှင် ထိုကိစ္စကို မည်သို့ စီမံရမည်မှန်း မသိတော့ပေ။ မူလက နတ်ဘုရားများနှင့် ဗုဒ္ဓကို သိပ်မယုံကြည်သည့် လီရှီတစ်ယောက် ယခု အိမ် မြန်မြန် ပြန်ရစေရန် ရှိသမျှ နတ်ဘုရားများနှင့် ဗုဒ္ဓထံ အကြိမ်ကြိမ် ဆုတောင်းပြီး တစ်နေကုန် ရွတ်ဖတ်နေရှာသည်။
‘သေလောက်အောင် ကြောက်ဖို့ကောင်းတဲ့ ဒီမြို့တော်ကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး’
ဂုဏ်ပြုပွဲက အလွန်ခမ်းနားပြီး ဧကရာဇ်မင်းကိုယ်တိုင် လူမသိအောင် ကြွရောက်လာခဲ့သည်။ အမှန်တကယ်တွင် ဧကရာဇ်ကိုယ်တိုင်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူက သူ့၏ဦးရီးတော်ရှစ်ကို အခြေအနေ ကြည့်ခိုင်းရုံသာ ဖြစ်ပြီး မင်းသားကြီးရှစ်က မည်သည့်အတွက်ကြောင့် ဤမျှမြန်မြန် သားအဖြစ် အသိအမှတ်ပြုချင်နေမှန်း သူ စဉ်းစားမရ ဖြစ်နေခဲ့သည်။
အစပိုင်းတွင် ကျိုးယိနိုက မင်းသားကြီးရှစ်ကို အတင်းတွယ်ကပ်နေသည်ဟု သူ ထင်ခဲ့ပြီး စုံစမ်းကြည့်ခဲ့သော်လည်း ကျိုးယိနိုက ဤနေရာတွင် နေရန် စိတ်ကူး လုံးဝမရှိကြောင်း သိခဲ့ရသည်။ ထိုဇနီးမောင်နှံနှစ်ယောက်က အိမ်ပြန်ချင်လွန်းလို့သောကြောင့် စိတ်ညစ်နေသည်ဟုလည်း သူ သိခဲ့ရသည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ"
ဧကရာဇ်က တိုးတိုးလေး ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် မင်းသားကြီးရှစ်က ဘာကြောင့် ကျိုးယိနိုကို သားအဖြစ် အသည်းအသန် အသိအမှတ်ပြုချင်နေမှန်း သူ နားလည်သွားပုံရသည်။ သို့သော် သူ မတားခဲ့ပေ။ ဆွေမျိုးတော်စပ်မှုကို အသိအမှတ် ပြုနိုင်သော်လည်း မျိုးနွယ်စုစာရင်းတွင် ထည့်သွင်းရန်ကတော့ အတည်ပြုရန် လိုအပ်နေသေးသည်။ ၎င်းက ခိုင်မာသော မိသားစုစည်းမျဉ်းတစ်ခု ဖြစ်သည်။
အနည်းဆုံးအနေဖြင့် သူမ၏သားကို ပြန်တွေ့လိုက်ရသည့်အတွက် ကြင်ယာတော်မင်းသမီးရှစ်က စိတ်အေးသွားရပြီး သားအကြောင်းတွေးတိုင်း ငိုနေရသည့်ဘဝမှ လွတ်မြောက်သွားခဲ့သည်။ ထို့အပြင် ကျိုးယိနိုကိုယ်တိုင်ကလည်း အရည်အချင်းရှိသူဖြစ်ပြီး မိဘမဲ့ဖြစ်နေသောကြောင့် သူက မင်းသားကြီး၏ သားအရင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုကဲ့သို့ ဆွေမျိုးတော်စပ်လိုက်ခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းမွန်သည်ဟု ဧကရာဇ်က သတ်မှတ်လိုက်သည်။
ကျိုးယိနိုက တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မဝတ်ဖူးသော တန်ဖိုးကြီးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းဆံထိုးကို ဆင်မြန်းထားသည်။ အစေခံများက သူ့ကို တင့်တယ်အောင် ပြင်ဆင်ပေးခဲ့ပြီး မင်းသားကြီးရှစ်နှင့် ကျိုးယွီလင်းတို့က သူ့ကို အပြင်သို့ ဆွဲထုတ်သွားကြသည်။
သူ့ပတ်ဝန်းကျင်မှ လူတိုင်းက သူ့ကို ချီးကျူးစကားပြောနေချိန်တွင် သူက သူ့ကိုယ်သူ ရုပ်သေးရုပ်တစ်ရုပ်လို ခံစားနေရပြီး တောင့်တောင့်ကြီး ပြန်ပြုံးပြနေသည်။ ကမ်းပေးသမျှ သောက်၊ ကျွေးသမျှ စားရင်း လုံးဝ နေရခက်နေခဲ့သည်။
ခဏ နားခွင့်ရသည့် အချိန်တွင် ပန်းစင်တစ်ခု၏ နောက်သို့ အမြန်သွားပုန်းလိုက်ပြီး သူ့ကျောပြင်တစ်ခုလုံးတွင် ချွေးများ စိုရွဲနေခဲ့သည်။ ရန်သူ့ဘုရင်ကို လုပ်ကြံရန် ပြင်ဆင်နေချိန်မှာပင် သူ ဤမျှလောက် မတုန်လှုပ်ခဲ့ဖူးချေ။
"စစ်သူကြီးကျိုး၊ ညီအစ်ကိုကျိုး"
ဝမ်တုန်းက အပြုံးဖြင့် ရောက်လာပြန်သည်။
"ဂုဏ်ပြုပါတယ်"
ကျိုးယိနိုလည်း ဝမ်တုန်းကို မြင်မှ သက်ပြင်းချနိုင်တော့သည်။
"အစ်ကိုဝမ်ရာ... ကျွန်တော့်ကို မနောက်ပါနဲ့"
ဝမ်တုန်းက အလေးအနက် ပြောလာခဲ့သည်။
"ငါ တကယ် ဂုဏ်ပြုတာပါကွ၊ ညီလေးကျိုးရ၊ အရင်တုန်းက ကံမကောင်းလွန်းလို့ ဘာမှ မရှိတဲ့သူတစ်ယောက်က အခုလို မြင့်မြတ်တဲ့ အဆင့်အတန်းကို ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ကျိုးယိနိုက သူ့ကို ဘေးတစောင်း စိုက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ဝမ်တုန်းက ရယ်မောရင်း ထပ်ပြောလာပြန်သည်။
"ဟုတ်ပါပြီကွာ၊ ငါ မနောက်တော့ပါဘူး၊ ဒီနေ့က မင်းအတွက် မလွယ်ဘူးဆိုတာ ငါ သိပါတယ်"
ကျိုးယိနိုက ဘေးဘီကို သေချာအကဲခတ်လိုက်ပြီး လူမရှိကြောင်း သေချာမှ တိုးတိုးလေး ပြန်မေးလာခဲ့သည်။
"အစ်ကိုဝမ်၊ အစ်ကိုက အမြဲတမ်း ဉာဏ်ကောင်းပြီး တော်တော်များများကို သိတဲ့သူပါ၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး နှစ်ရက်လုံး စဉ်းစားတာတောင် မင်းသားကြီးရှစ်က ဘာလို့ ဒီလောက်အလျင်စလို ဖြစ်နေရတယ်ဆိုတာ ကျွန်တော်တို့ အဖြေရှာလို့ မရခဲ့ဘူး"
ဝမ်တုန်းက ခေတ္တတုံ့ဆိုင်းသွားပြီးမှ အပြုံးဖြင့် ပြန်မေးလိုက်သည်။
"မင်းတို့က ဘာလို့ အဲဒီလောက်အထိ အများကြီး စဉ်းစားနေရတာလဲ"
ကျိုးယိနိုက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
"ရုတ်တရက် ဒီလောက်ကြီးမားတဲ့ ကံကောင်းမှုကြီး ရလာတော့ ကျွန်တော် ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မှာလဲ၊ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် သေသေချာချာ မသိရသေးရင် ကျွန်တော့်ရင်ထဲမှာ ရတက်မအေးဖြစ်နေမှာပဲ"
ဝမ်တုန်းက ပြန်မေးလိုက်သည်။
"ကြင်ယာတော်မင်းသမီးကြီးရှစ်က ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ မင်း သိလား"
ကျိုးယိနိုက ခေတ္တစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"လေးဆယ်ကျော်ပြီလို့တော့ ကြားတယ်"
"ဟုတ်တယ်၊ သူ့အသက်က လေးဆယ့်သုံးနှစ် ရှိပြီ၊ လူ့သက်တမ်းဆိုတာ လေးဆယ့်သုံးနှစ် ဘယ်နှစ်ခါများ ရှိလို့လဲ၊ ငါ ငါ့အဖေ ပြောပြတာကို ကြားခဲ့ဖူးတယ်၊ ကြင်ယာတော်မင်းသမီးကြီးရှစ်က ကလေးပျောက်သွားကတည်းက အမြဲတမ်း ဝမ်းနည်းပူဆွေး နေခဲ့ရတာ၊ နောက်ပိုင်း သားသမီး နှစ်ယောက် ထပ်ရခဲ့ပေမယ့် အဲဒီကလေးရဲ့ နေရာကိုတော့ ဘယ်သူကိုမှ အစားမထိုးနိုင်ခဲ့ဘူး၊ သူ အဲ့ဒီကလေးကို ရှာနေခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ကျော်နေပြီ"
ကျိုးယိနိုက ဘာမှပြန်မပြောဘဲ ငြိမ်နေခဲ့ပြီး ဝမ်တုန်းက ဆက်ပြောနေသည်။
"မင်းက အဲဒီတုန်းက ကလေး ဟုတ် မဟုတ်ဆိုတာ မင်းသားကြီးရှစ်နဲ့ ကြင်ယာတော်မင်းသမီးကြီးအတွက် အရေးမကြီးဘူး၊ တကယ်လို့ ဟုတ်နေရင်တော့ အကောင်းဆုံးပေါ့၊ မဟုတ်ခဲ့ရင်တောင် မင်းမှာလည်း မိဘရင်းချာတွေ မရှိတော့ဘူး၊ မင်းကို သူတို့ရဲ့ မွေးစားသားအဖြစ် သတ်မှတ်လိုက်ရင်တောင် နောက်ပိုင်းမှာ ကျိုးယွီလင်းနဲ့ ဆက်ဆံရေးက မင်းအတွက် အကျိုးရှိစေလိမ့်မယ်၊ ဒါပေမယ့် ခုန မင်းသားကြီးရှစ်နဲ့ ကျိုးယွီလင်းတို့ ဘေးမှာ မင်း ရပ်နေတာကို မြင်လိုက်ရတော့ တကယ့်ကို မိသားစုတစ်စုတည်းလိုပဲ"
ကျိုးယိနိုက ထပ်မေးလိုက်သည်။
"ဒါဆိုရင် ဆွေမျိုးတော်စပ်မှုကို အတည်ပြုဖို့ ဘာလို့ သွေးစစ်တာမျိုး မလုပ်ကြတာလဲ"
ဤမေးခွန်းကို မနေ့က စုန့်တင်းရှန်းလည်း မေးခဲ့ဖူးသည်။ သူမအနေဖြင့် ထိုနည်းလမ်းက သိပ်စိတ်မချရဘူးဟု ယူဆထားသော်လည်း ရှေးလူကြီးများ သုံးခဲ့သည့် အသုံးအများဆုံး နည်းလမ်းဟု ယူဆသောကြောင့် မေးခဲ့ခြင်းပင်။
ဝမ်တုန်းက သူ့ကို အမြန်တားလိုက်ပြီး ဘေးဘီကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"ညီလေး... စကားကို သတိထားပြော၊ ငါတို့ ဘိုးဘေးတွေတုန်းကလည်း အလားတူ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးတယ်၊ သွေးသားရင်းချာကို ပစ်ပယ်မိပြီး သူစိမ်းကလေးကို တော်ဝင်မျိုးနွယ်အဖြစ် မွေးမြူမိတဲ့ အမှားမျိုးပေါ့၊ အဲ့အဖြစ်မှန် ပေါ်လာပြီးနောက်ပိုင်းမှာ ဘိုးဘေးတွေက အတော်လေး ဒေါသထွက်ခဲ့ကြတယ်၊ အဲဒီအချိန်ကစပြီး တော်ဝင်မိသားစုက ဒီနည်းလမ်းကို သုံးပြီး ဆွေမျိုးအတည်ပြုတာမျိုး လုံးဝ မလုပ်တော့ဘူး"
ကျိုးယိနိုတစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်ပြန်သည်။
ဝမ်တုန်းက ဆက်ပြောလိုက်သည်။
"အခု မင်းက ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ရွှမ်ဝေစစ်သူကြီး ဖြစ်နေပြီ၊ အိမ်တော်တစ်ခုလည်း ဆုချီးမြှင့်ခံထားရတယ်၊ ဒါက မှူးမတ်မျိုးနွယ်တွေ ကြားထဲမှာတောင် ကြီးမားတဲ့ အောင်မြင်မှုမျိုးပဲ၊ မင်း လုပ်ရမှာက သူတို့ကို မိဘလို့ သဘောထားပြီး သားကောင်းပီသဖို့ပဲ၊ တခြား ဘာမှ တွေးနေစရာ မလိုဘူး"
ကျိုးယိနိုက ခေါင်းခါလိုက်ပြန်သည်။
"ကျွန်တော် စိုးရိမ်တာက ကျွန်တော့်ဇနီးအတွက်ပါ၊ ကြင်ယာတော်မင်းသမီးကြီးက တင်းရှန်းကို သိပ်သဘောမကျဘူးလို့ ကျွန်တော် ခံစားနေရတယ်"
ဝမ်တုန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဒါက သဘာဝပဲလေ၊ ယောက္ခမနဲ့ ချွေးမကြားမှာ ဒီလိုတွေ ရှိတတ်တာ ပုံမှန်ပဲ၊ ဒါပေမယ့် မင်းရဲ့ဇနီးကလည်း ဧကရာဇ်ကိုယ်တိုင် ဘွဲ့ပေးအပ်ထားတဲ့ ကောင်တီမင်းသမီးလေ၊ မင်းသားတွေ၊ မြို့စားတွေရဲ့ သမီးတော်တွေတောင်မှ ဒီလို ဘွဲ့ထူးမျိုး ရဖို့ မလွယ်ဘူး။ ဒါက ကြီးမားတဲ့ ဂုဏ်ယူစရာဆိုတာ ကြင်ယာတော်မင်းသမီးလည်း ငြင်းနိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် မင်း စိတ်အေးအေးထားပါ"
"ကျွန်တော် စိတ်မအေးနိုင်ဘူး"
ကျိုးယိနိုက အလောတကြီး ထပ်ပြောလိုက်ပြန်သည်။
"သူတို့တွေ တင်းရှန်းကို ဒီမှာ နေခဲ့ခိုင်းဖို့ အတင်းအကျပ် လုပ်မှာကိုလည်း ကျွန်တော် ကြောက်တယ်၊ ကျွန်တော် စစ်တပ်ထဲမှာ ခြောက်နှစ်တောင် နေခဲ့ရတာလေ၊ အခုမှ ပြန်လာပြီး ဇနီးသည်နဲ့ တွေ့ရတာ... ကျွန်တော်... ကျွန်တော်..."
သူ့၏ပူပန်နေသော မျက်နှာကို မြင်နေရသည့် ဝမ်တုန်းကတော့ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဘာတွေ စိုးရိမ်နေတာလဲ၊ စောင့်ကြည့်လိုက်ပါ၊ သူတို့ မင်းရဲ့ဇနီးကို ခေါ်ထားမှာ မဟုတ်ပါဘူး"
တစ်ဖက်တွင်လည်း စုန့်တင်းရှန်း၏အခြေအနေက ကျိုးယိနိုထက် ပိုဆိုးနေခဲ့သည်။ ကျိုးယိနိုက အနည်းဆုံးအနေဖြင့် ဝမ်တုန်းနှင့် စစ်သူကြီးကျုံးကဲ့သို့ မိတ်ဆွေဟောင်းများ ရှိပြီး စကားပြောဖော်ရှိနေသေးသည်။ သူမကတော့ ခမ်းနားတင့်တယ်သည့် အမျိုးသမီးများ၊ သမီးပျိုများကြားတွင် တစ်ယောက်တည်း အထီးကျန်နေရသည်။
အမျိုးသမီးကြီးများ စုဝေးထိုင်နေသည့် နေရာမှ ကြင်ယာတော်မင်းသမီးကြီးရှစ်က စုန့်တင်းရှန်းကို လှမ်းခေါ်ပြီး လူတိုင်းနှင့် မိတ်ဆက်ပေးနေခဲ့သည်။ ဟိုတိုင်းပြည်မှ မင်းသမီး၊ ဟိုအိမ်တော်မှ ဇနီးကြီး၊ ဟိုမင်းသား၏ သမီး၊ ချွေးမ... စသည်ဖြင့် နာမည်များက များလွန်းသောကြောင့် စုန့်တင်းရှန်းတစ်ယောက် ခေါင်းမူးနေပြီ ဖြစ်သည်။
ထိုအပြင် ထိုအမျိုးသမီးများထံမှ လွင့်ပျံ့နေသော အမွှေးနံ့များကြောင့် သူမ မေ့မြောလုနီးပါး ဖြစ်နေကာ လက်ဝတ်ရတနာများကြောင့်လည်း မျက်စိပြာနေပြီ ဖြစ်သည်။ နောက်ဆုံးမှသာ သူမ နားနားနေနေ ထိုင်ခွင့်ရခဲ့သည်။
အမျိုးသမီးများကြားထဲမှ စကားဝိုင်းက အမျိုးသားတွေထက် အများကြီး ပိုရှုပ်ထွေးသည်။ အမျိုးသမီးတစ်ယောက်က သွယ်ဝိုက်သည့်လေသံဖြင့် ပြောလာခဲ့သည်။
"အကြီးဆုံးသခင်လေးကို ပြန်တွေ့တာက တကယ့်ကို ဝမ်းသာစရာပဲနော်၊ ဒါပေမယ့် ဒီလောကမှာ ဘယ်အရာကမှ ပြည့်စုံတယ်ရယ်လို့ မရှိဘူးနော်၊ ကြင်ယာတော်မင်းသမီးကြီးအနေနဲ့ အကြီးဆုံးသခင်လေးအတွက် လက်တွဲဖော်ကောင်း ရှာမပေးနိုင်တော့တာက တကယ်ကို နှမြောစရာပဲ"
စုန့်တင်းရှန်းက ထိုအမျိုးသမီးကို စိုက်ကြည့်နေပြီး စိတ်ထဲမှ ခေါင်းအစခြေအဆုံး တစ်တစ်ခွခွ ကျိန်ဆဲနေခဲ့သည်။
ကြင်ယာတော်မင်းသမီးကြီးကတော့ အပြုံးဖြင့် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"ဒီမင်းသမီးကတော့ အဆင်ပြေတယ်လို့ ထင်တာပဲ၊ ဇနီးမယား ရွေးချယ်တယ်ဆိုတာ ပညာရှိရှိ ရွေးချယ်ရတာမျိုးလေ၊ ငါ့ချွေးမက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဘွဲ့အပ်နှင်းထားတဲ့ ကောင်တီမင်းသမီးလေ၊ အကျင့်သီလနဲ့ ပြည့်စုံသလို တိုင်းပြည်အတွက်လည်း အကျိုးပြုနိုင်တဲ့ ဂုဏ်ထူးဆောင်မင်းသမီးတစ်ပါးပဲ၊ ဒီမင်းသမီးရဲ့ချွေးမက ဘာဖြစ်လို့ အကြီးဆုံးသားအတွက် မသင့်တော်ဘူးလို့ မင်းက ယူဆနေရတာလဲ"
ထိုအမျိုးသမီးက သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ မခို့တရို့ ရယ်မောရင်း စကားကို လျောချလိုက်သည်။
"ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ မြို့တော်မှာဆိုရင် ဂီတ၊ စစ်တုရင်၊ စာပေနဲ့ ပန်းချီပညာတွေကို ကျွမ်းကျင်တဲ့ မြင့်မြတ်တဲ့ သမီးပျိုတွေ အများကြီး ရှိနေတာကို ပြောတာပါ၊ တကယ်လို့ အကြီးဆုံးသခင်လေး..."
ကြင်ယာတော်မင်းသမီးကြီးရှစ်၏ မျက်နှာက မည်းမှောင်သွားပြီး ထပ်မေးလိုက်ပြန်သည်။
"အဲ့ဒီလို ထူးချွန်တဲ့ အမျိုးသမီးပျိုတွေထဲက ဘယ်သူ့ကို ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ကောင်တီမင်းသမီးဘွဲ့ ပေးထားခဲ့လို့လဲ"
ကြင်ယာတော်မင်းသမီးကြီးရှစ်က ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး နန်းတွင်းစည်းစိမ်များကြားထဲ၌ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမက လူမှုရေးနှင့်ပတ်သက်ပြီး အသေးစိတ် နားမလည်သော်လည်း သူမ၏အကြီးမားဆုံး စရိုက်လက္ခဏာက "မိမိလူကို အသေအလဲ ကာကွယ်ခြင်း" ပင်။
လယ်သမားမိသားစုမှ ဆင်းသက်လာသော စုန့်တင်းရှန်း၏နောက်ခံကို သူမကိုယ်တိုင် သဘောမကျသည်က သူမ၏ကိစ္စ ဖြစ်သည်။ သို့သော်လည်း စုန့်တင်းရှန်းက သူမ သား၏ဇနီးဖြစ်သလို ဧကရာဇ်ကိုယ်တိုင် အသိအမှတ်ပြုထားသည့် ဂုဏ်ထူးဆောင်မင်းသမီးလည်း ဖြစ်နေသောကြောင့် အပြင်လူတစ်ယောက်မှ လာရောက်ဝေဖန်သည်ကိုတော့ သူမ လုံးဝ ခွင့်မပြုနိုင်ပေ။ ထိုအမျိုးသမီးလည်း မျက်နှာပျက်သွားရပြီး စကားလမ်းကြောင်း ချက်ချင်း ပြောင်းလိုက်တော့သည်။
စုန့်တင်းရှန်းက ဘာမှမကြားသလို ဟန်ဆောင်ရင်း ကြင်ယာတော်မင်းသမီးကြီးအတွက် လက်ဖက်ရည်နွေးနွေးလေး တစ်ခွက် ငှဲ့ပေးလိုက်ကာ ချိုချိုသာသာ လှမ်းပြောလိုက်သည်။
"အမေ... အခုက ဆောင်းဦးရာသီဆိုတော့ လေထုက ခြောက်သွေ့နေပြီ၊ လက်ဖက်ရည်လေး သောက်ပါဦးရှင့်"
ကြင်ယာတော်မင်းသမီးကြီးက သူမ၏ ကျက်သရေရှိသော အမူအရာပြန်ဖြစ်အောင် ပြင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီးနောက် သူမက နူးနူးညံ့ညံ့ ပြောလာပြန်သည်။
"သမီး... မင်းက ဂီတတို့ စစ်တုရင်တို့ မကျွမ်းကျင်ချင် နေပါစေ၊ စိတ်ထား နူးညံ့သိမ်မွေ့တဲ့ နေရာမှာတော့ ဘယ်သူကမှ မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
စုန့်တင်းရှန်း : "..."
‘ဒါက ချီးကျူးတာလား၊ နှိမ်နေတာလား မသဲကွဲတော့ဘူးဟ’
မည်သို့ပင် ဖြစ်စေ စုန့်တင်းရှန်းက အပြုံးလေးဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"အမေကလည်း ကျွန်မကို မြှောက်ပင့်နေပြန်ပါပြီ"
နန်းတွင်းအရာရှိကြီးများ၏ ဇနီးများကြားမှ စကားဝိုင်းက တစ်ဦးကိုတစ်ဦး သွယ်ဝိုက် ပုတ်ခတ်နေကြသောကြောင့် စုန့်တင်းရှန်းလည်း အိပ်ငိုက်လာတော့သည်။ သူတို့နှင့်ယှဉ်လျင် သူမ၏မိခင်အိုကြီး ဖန့်ရှီကမှ ပိုပြီး ပွင့်လင်းကာ ရိုးသားပြီး ချစ်စရာကောင်းသည်ဟု သူမ တွေးနေပြန်သည်။
ဧည့်သည်အများစုက အပေါ်ယံက ဂုဏ်ပြုစကား ပြောနေကြသော်လည်း ပြန်လှည့်ထွက်သွားချိန်တွင် သူတို့၏မျက်နှာပေါ်မှ မနာလိုဖြစ်မှုနှင့် အလွန်အမင်း မကျေမနပ်ဖြစ်မှုတို့က သိသာနေသည်။ သူတို့အမြင်တွင် ကျိုးယိနိုနှင့် စုန့်တင်းရှန်းတို့က မထင်မှတ်ဘဲ ဖီးနစ်ငှက် ဖြစ်သွားသည့် စာကလေးနှစ်ကောင် ဖြစ်နေခဲ့သည်။
‘အခုတော့ ဒီကိစ္စက သူတို့ကို မထိခိုက်စေဖို့ပဲ ဂရုစိုက်ရတော့မယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူက ဘယ်လို သက်တောင့်သက်သာ ရှိနိုင်မှာလဲ၊ ဒါပေမယ့် မကျေနပ်ရင်တောင် သူတို့ရဲ့ အာဏာနဲ့ အဆင့်အတန်းကြောင့် မဖြစ်မနေ သည်းခံရမှာပေါ့လေ’
အနှောင့်အယှက်ပေးချင်သူအချို့က ကျိုးယွီလင်းဆီသို့ ရောက်သွားပြီး သွေးထိုးပေးရန် ကြိုးစားကြသည်။ သို့သော်လည်း ကျိုးယွီလင်းက မြို့တော်တွင် ကြီးပြင်းလာပြီး ပါးနပ်သူဖြစ်သောကြောင့် ထိုသူများကို အလွယ်တကူ ပြန်လည်တုံ့ပြန်လိုက်ပြီး သူတို့၏ အမည်များကိုပါ မှတ်ထားလိုက်သည်။
‘သူ့ဖခင်က ကျိုးယိနိုကို လက်ခံလိုက်ပြီဆိုမှတော့ အဲ့လူက သူရဲ့ အစ်ကိုအရင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ့ရဲ့ အမွေဆက်ခံသူနေရာကို မခြိမ်းခြောက်သရွေ့ သူ ကျေနပ်တယ်။ ပြီးတော့ လက်ရှိ ကျိုးယိနိုက သူ့အတွက် အင်အားတစ်ခု ဖြစ်လာမှာလေ’
‘ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က စစ်သူကြီးကျိုးကို မြင်တာနဲ့ ဘယ်လောက်ပြုံးနေတယ်ဆိုတာကို သူတို့ မမြင်ကြဘူးလား၊ ဒီလို အင်အားကြီးတဲ့ အစ်ကိုကြီးတစ်ယောက် ရှိနေတာ သူ ဘာကို ကြောက်နေရဦးမှာလဲ’
ထိုအကြောင်းကို စဥ်းစားပြီးနောက် ကျိုးယွီလင်းက သူ့အစ်ကိုကို ရှာရန် ချက်ချင်း လှည့်ထွက်လာခဲ့သည်။
‘အစ်ကို ဒီမှာ ရှိနေတုန်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု မြန်မြန်တည်ဆောက်မှပဲ၊ နောက်ပိုင်းဆိုရင် အရာအားလုံး နောက်ကျသွားနိုင်တယ်’
လူမှုရေးပွဲအတွက် နှစ်ရက်ကြာ လုံးပန်းပြီးနောက်တွင် အိမ်ပြန်ရန် အချိန်သတ်မှတ်နိုင်ခဲ့သည်။ စုန့်တင်းရှန်းကတော့ ဝမ်းသာလွန်းလို့ ငိုတောင် ငိုချင်နေလေသည်။
ကြင်ယာတော်မင်းသမီးကြီးကတော့ ခွဲခွာရန် တွန့်ဆုတ်နေခဲ့သည်။ သူမက စုန့်တင်းရှန်းနှင့် ကျိုးယိနိုကို ဖက်ထားပြီး သူမ၏ အဖိုးတန်ကလေးများဟု ညည်းညူငိုယိုရင်း ပစ္စည်းများ ထည့်ပေးနေခဲ့သည်။
မူလက စုန့်မိသားစု ဝယ်ထားသည့် ပစ္စည်းအပေါစားလေးများကို သူမ အထင်သေးနေသော်လည်း သူမတို့က ဆွေမျိုးများ ဖြစ်သွားပြီ ဖြစ်သောကြောင့် လွှင့်မပစ်ဘဲ မမြင်ချင်ယောင်ဆောင်ကာ သိမ်းပေးနေရသည်။ ထိုအစား သူမက ပိုကောင်းသည့် ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးခဲ့သောကြောင့် သေတ္တာများ အထပ်လိုက် ဖြစ်နေခဲ့သည်။
စုန့်မိသားစု မြို့တော်သို့ လာခဲ့စဥ်က ရထားလုံးအနည်းငယ်၊ မြည်းလှည်း အနည်းငယ်နှင့် ကိုယ်ပိုင်ပစ္စည်း အနည်းငယ်သာ ပါလာခဲ့သည်။ သို့သော် ယခု ပစ္စည်းများအပြည့် တင်ဆောင်ထားသည့် မြင်းလှည်းအစီး နှစ်ဆယ်ကျော်၊ လိုက်ပါစောင့်ရှောက်မည့် စစ်သည်တစ်ရာကျော်နှင့်အတူ ကောင်တီမင်းသမီးတစ်ပါး၏ ခန့်ညားထည်ဝါသော အိမ်ပြန်ခရီးကို စတင်ခဲ့သည်။
မင်းသားကြီးရှစ်စေလွှတ်လိုက်သည့် စုံစမ်းရေးအဖွဲ့လည်း လိုက်ပါလာခဲ့သည်။
မြို့တော်၏ တင်းကျပ်လှသော စည်းကမ်းများနှင့် ဟန်ဆောင်မှုကြားမှ လွတ်မြောက်လာခဲ့သည့် စုန့်မိသားစုဝင်အားလုံးကတော့ လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ငှက်ကလေးများကဲ့သို့ ပေါ့ပါးလန်းဆန်းနေကြသည်။
မင်းသားကြီးရှစ်က စိတ်မချနိုင်ဖြစ်နေပြီး ထိုယာဉ်တန်း၏နောက်သို့ သူ့၏ ကိုယ်ပိုင်ကိုယ်ရံတော်တပ်ဖွဲ့ဝင်တချို့ ထည့်ပေးလိုက်သေးသည်။
မြို့တော်၏နယ်နိမိတ်မှ လုံးဝထွက်လာပြီးမှသာ တစ်မိသားစုလုံး သက်ပြင်းချနိုင်ကြတော့သည်။
ကျိုးယိနိုက မြင်းပေါ်မှ ဆင်းလာပြီး သူ့ဇနီးရှိရာ ရထားလုံးထဲကို ဝင်လာခဲ့သည်။ လှည်းထဲတွင် ဖန့်ရှီ၊ စုန့်ယွိလန်နှင့် စုန့်ဟူထောင်တို့က စုန့်တင်းရှန်းကို မေးခွန်းပေါင်းစုံ မေးနေကြပြီး အတော်လေး ဆူညံနေကြသည်။
ကျိုးယိနို လှည်းထဲသို့ ဝင်လာချိန်တွင် စုန့်ဟူထောင်က သူ့ကို လှမ်းစနောက်နေပြန်သည်။
"ယောက်ဖ... အခု ယောက်ဖကို 'မင်းသားလေး' လို့ ခေါ်ရတော့မှာလား"
ကျိုးယိနိုက လက်ယမ်းပြလိုက်သည်။
"လျှောက်မပြောနဲ့၊ ငါက မင်းသားမဟုတ်ဘူး၊ ငါက မင်းရဲ့ယောက်ဖပဲ၊ မင်း အဲဒီလို ထပ်ပြောရင်တော့ ခြေလက်အင်္ဂါတွေ အားလုံး နာကျင်တဲ့အထိ အရိုက်ခံရမယ်"
စုန့်ဟူထောင်ကတော့ လုံးဝမကြောက်ဘဲ ရယ်မောလျှက် ထပ်ပြောနေပြန်သည်။
"ကျွန်တော် ကြားတာကတော့ အစ်မရဲ့ အဆင့်အတန်းက ယောက်ဖထက် ပိုမြင့်တယ်ဆို၊ ယောက်ဖ ပြဿနာရှာချင်တယ်ဆိုရင် သတိထားနော်၊ ကျွန်တော် အစ်မကို ပြောပြီး ယောက်ဖကို ပြန်ရိုက်ခိုင်းမှာ"
"သွားစမ်းပါကွာ"
ကျိုးယိနိုက သူ့ကို မျက်လုံးပြူးဖြင့် ကြည့်ကာ မေးလိုက်ပြန်သည်။
"မင်း ဘာလို့ ဒီမှာ လာထိုင်နေတာလဲ၊ ကလေးတွေ ရှိတဲ့လှည်းကို သွားလေ"
"မသွားဘူး"
စုန့်ဟူထောင်က လျှာထုတ်ပြီး စနောက်နေပြန်သည်။
ဖန့်ရှီက သက်ပြင်းချရင်း ညည်းညူလိုက်သည်။
"လူတိုင်းက မြို့တော်က ကောင်းတယ်၊ စည်ကားတယ်လို့ ပြောကြပေမယ့် ငါတော့ ဒီတစ်သက် နောက်တစ်ခါ မသွားချင်တော့ဘူး၊ အဲဒီမှာ အစစအရာရာ ဈေးကြီးလွန်းတယ်၊ ငါ လျှောက်ကြည့်ရုံပဲ တတ်နိုင်တယ်၊ ဝယ်ဖို့ မတတ်နိုင်ဘူး၊ သူတို့က ငါတို့ကို မင်းသားအိမ်တော်မှာ အတင်းနေခိုင်းကြတယ်၊ အဲဒီက အစေခံမလေးတွေ ဝတ်ထားတာက ငါတို့ရွာက သူဌေးသမီးတွေထက်တောင် ပိုပြီး ကျက်သရေရှိနေသေးတယ်၊ ငါ ဆိုရင် အသက်တောင် ဝဝမရှူရဲဘူး၊ အပြင်ထွက်လည်ချင်ပေမယ့်လည်း သွားလေရာကို နောက်ကနေ လိုက်ကြပြန်ရော၊ ကိုယ့်ပိုက်ဆံနဲ့ ဝယ်စရာမလိုတာ မှန်ပေမယ့် နေရတာတော့ တကယ်ကို စိတ်မသက်သာဘူး၊ ငါတို့အိမ်ကမှ ပိုကောင်းတယ်၊ ပိုသက်သောင့်သက်သာ ရှိတယ်"
စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဘယ်သူက ထပ်သွားချင်မှာလဲ အမေရယ်၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် စကားပြောရတာနဲ့တင် လယ်ထဲမှာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းနေပြီ။ အဲဒီလူတွေက စကားကို ကွေ့ပတ်ပြောနေကြနော်၊ တချို့စကားတွေဆိုရင် ဘယ်လိုပြန်ပြောရမှန်းတောင် မသိလို့ ငတုံးလိုပဲ ပြုံးနေခဲ့ရတယ်"
ဖန့်ရှီက ရယ်မောရင်း ပြောနေပြန်သည်။
"ငါလည်း နားမလည်ဘူး၊ အဲဒီ အစေခံတွေက ငါ့ထက်တောင် အသက်ကြီးနေတာကို ငါ့ကို 'အဖွား’လို့ လာခေါ်ကြတယ်၊ ငါ တွေးနေတာ၊ ငါ့ထက်ကြီးတဲ့သူတွေက ငါ့ကို ဘာလို့ အဲဒီလို ခေါ်နေကြတာလဲလို့ပေါ့၊ နောက်မှ သိရတာက သူတို့က လူအတော်များများကို ဒီလိုပဲ ခေါ်နေကြတာကိုး၊ ငါတို့ဆီမှတော့ အကြောင်းပြချက်မရှိဘဲ လူကို ဒီလိုကြီးမားတဲ့ ဂုဏ်ပုဒ်နဲ့ ခေါ်တာက ကံဆိုးတတ်တယ်လို့ ယူဆကြတယ်လေ"
စုန့်တင်းရှန်းကတော့ အထိန်းအကွပ်မရှိ ရယ်မောနေခဲ့သည်။
မြို့တော်မှ ဝေးလာသည်နှင့်အမျှ လှည်းတန်းကြီးကို ခွဲလိုက်ကြရသည်။ ရထားလုံးများက မြင်းဖြင့် ဆွဲသော မြင်းရထားများ ဖြစ်နေသောကြောင့် အပြန်ခရီးက အလာတုန်းကထက် အများကြီး ပိုမြန်နေခဲ့သည်။ ဤမြင်းရထားများက မြို့တော်ရှိ အရာရှိကြီးများနှင့် မှူးမတ်များ၊ မင်းမျိုးမင်းနွယ်များအတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သောကြောင့် အတွင်းပိုင်းက ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိလှသည်။ ပင်ပန်းလာရင် စားပွဲခုံကို အပြင်ထုတ်ပြီး၊ ခြေထောက်တင်ခုံများကို ဆွဲထုတ်လိုက်ရုံဖြင့် ကုတင်အဖြစ် ပြောင်းလဲအိပ်စက်နိုင်သည်။
ကျိုးယိနိုက ရထားလုံးထဲတွင် သူ့ဇနီးလေးနှင့် စကားပြောပြီးနောက် မြင်းပေါ်သို့ ပြန်တက်သွားပြန်သည်။ ကလေးများကလည်း ခန့်ညားသော မြင်းကြီးကို ကြည့်ပြီး အားကျနေကြသည်။ ကျိုးယိနိုက သူတို့၏ ဆူညံသံများကို စိတ်မတိုဘဲ သူ့လက်အောက်ငယ်သားများအား ကလေးတချို့ကို မြင်းပေါ်တင်စီးရန် အချက်ပြလိုက်သည်။ ထို့နောက် သူနှင့် သူ့ဇနီးက ယာဉ်တန်းရဲ့ အရှေ့ဆုံးမှ မြင်းအတူစီးလာခဲ့ကြသည်။ ထိုအရာက စုန့်တင်းရှန်းအတွက် အထူးအဆန်းဖြစ်သလို ပျော်ရွှင်စေခဲ့သည်။
ဤစစ်သည်တစ်ရာကျော်က ကျိုးယိနို၏တပ်စခန်းအတွက် လိုက်ပါလာသူများ ဖြစ်သည်။ သူတို့ထဲမှ အများစုက မြောက်ပိုင်းနယ်စပ်တွင် ကျိုးယိနိုနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်ရဲဘက်များဖြစ်ပြီး တစ်ယောက်အကြောင်းကို တစ်ယောက်သိကာ ယုံကြည်နိုင်သူများဖြစ်သည်။
လဝက်ခန့် ခရီးနှင်ပြီးနောက်တွင် လှည်းတန်းကြီးက ဝေ့ခရိုင်သို့ ဆိုက်ရောက်လာခဲ့သည်။ ခရိုင်အမတ်မင်းက သတင်းကြိုရထားပြီး ကိုယ်တိုင် ထွက်ကြိုနေခဲ့သည်။
ရထားလုံးများပေါ်မှ ဆင်းလာသည့် မိသားစုကို ကြည့်နေရင်း သူ့စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေခဲ့သည်။
‘အရင်တုန်းက ဒီမိသားစုက ဝမ်မိသားစုရဲ့ အကာအကွယ်ကို ယူခဲ့ရတဲ့ သာမန်လယ်သမားလေးတွေလေ၊ အခုတော့ မြို့တော်ကို သွားလိုက်တဲ့ ဒီခရီးစဥ်ကနေ သူကိုယ်တိုင်တောင်မှ ဦးညွှတ်ဂါရဝပြုရမယ့် အဆင့်အတန်းအထိ ရောက်ရှိသွားကြပြီတဲ့လား’
စုန့်တင်းရှန်းနှင့် သူမ၏ခင်ပွန်းက ခရိုင်အမတ်မင်း၏ ဂုဏ်ပြုစားပွဲ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့ကြသည်။ သူတို့က လူမှုရေးပွဲများနှင့် ပွဲတော်များကို တက်ရောက်ရန် ရည်ရွယ်ချက်မရှိဘဲ သူတို့ ခရီးပန်းလာသောကြောင့် နားချင်သည်ဟုသာ အကြောင်းပြချက်ပေးခဲ့ကြသည်။
မြို့တော်မှ တန်ဖိုးကြီး ဟင်းလျာများကိုလည်း သူတို့ ငြီးငွေ့နေကြချေပြီ။ ကိုယ့်အိမ်ကိုယ့်ယာ၏ မီးဖိုဘေးတွင် ထိုင်ပြီး ရွှေအိုရောင်ဗန်းမုန့်လေးကို ပဲငပိလေးအနှစ်လေးဖြင့် တို့ကာ ကြက်သွန်မြိတ်လေးဖြင့် တွဲစားရခြင်းကိုသာ ပိုမက်မောနေကြသည်။ သူတို့အတွက် နှမ်းဆီတစ်စက်နှစ်စက်သာ ထည့်နိုင်သည့် ဖက်ထုပ်ဟင်းရည်ပူပူလေးတစ်ပန်းကန်က နန်းတွင်းမှ စားစရာများထက် ပို၍ စားမြိန်စေသည်။
သူတို့ နေထိုင်သည့် လမ်းကြားထဲသို့ ချိုးကွေ့ဝင်လိုက်သည်နှင့် လျိုတကွေ့က ထွက်ကြိုနေသည်။
"အိုး... သခင်ကြီးတို့၊ နောက်ဆုံးတော့ ပြန်လာကြပြီ’
သူက မြင်းပေါ်မှ ကျိုးယိနိုကို ကြည့်ပြီး တွေးနေပြန်သည်။
'ဒီခမ်းနားတဲ့ပုဂ္ဂိုလ်က အရှိန်အဝါ တကယ်ရှိတာပဲ၊ ဧကရာဇ်မင်းမြတ်က သခင်ကြီးတို့ကို အိမ်ပြန်ပို့ဖို့ စေလွှတ်လိုက်တဲ့ စစ်သူကြီးမင်းပဲ ဖြစ်ရမယ်'
စုန့်တင်းရှန်းက ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး အိမ်ထဲ မဝင်ခင် ချက်ချင်း လှမ်းမေးလိုက်သည်။
"ကျွန်မတို့ မရှိတုန်း အိမ်မှာ တစ်ခုခု ဖြစ်ခဲ့သေးလား"
လျိုတကွေ့က ပြန်ဖြေလိုက်သည်။
"ဖြစ်တာပေါ့၊ တစ်ခုတောင် မဟုတ်ဘူး၊ အများကြီးပဲ၊ ဒါနဲ့ ဒုတိယသခင်မလေးရဲ့ ပဉ္စမအဖွားနဲ့ ဆဋ္ဌမအဘိုးတို့ရဲ့ မိသားစုတွေလည်း ဒီမှာ ယာယီလာတည်းနေကြတယ်၊ ကျွန်တော် သူတို့ကို အနောက်ဘက် ဝင်းထဲမှာ နေရာချပေးထားပါတယ်"
စုန့်တင်းရှန်း အံ့ဩတကြီး ပြန်မေးလိုက်သည်။
"သူတို့ ဘာလို့ ဒီကို ရောက်လာတာလဲ"
လျိုတကွေ့၏မျက်နှာတွင် ‘မပြောချင်တော့ပါဘူး’ ဟူသည့် အမူအရာမျိုး ပေါ်လာခဲ့သည်။ သို့သော် သူက တုံ့ဆိုင်းဆိုင်းဖြင့် ပြောလာခဲ့သေးသည်။
"ဒုတိယသခင်မလေး... ရှမိသားစုအကြောင်း သိပြီးပြီမလား"
စုန့်တင်းရှန်း အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး ညွှန်ကြားလိုက်သည်။
"အထဲရောက်မှ စကားပြောကြတာပေါ့၊ အရင်ဆုံး ပါလာတဲ့ ပစ္စည်းတွေကို အထဲ အရင် ရွှေ့လိုက်ဦး"
စစ်သည်များ၏ အကူအညီဖြင့်ပင် မြင်းလှည်းနှစ်ဆယ်ကျော်ပေါ်မှ ပစ္စည်းများကို ရွှေ့ပြောင်းရန် နေ့တစ်ဝက်လောက် အချိန်ယူခဲ့ရသည်။ စုန့်တင်းရှန်းက အဖွားနှစ်ယောက်ကို အရင် နှုတ်ဆက်လိုက်ပြီး စစ်သည်များအတွက် စားစရာ အမြန် ပြင်ခိုင်းလိုက်သည်။
"အိမ်က ထွက်သွားရင် ဖက်ထုပ်၊ ပြန်လာတော့ ခေါက်ဆွဲ" ဆိုသည့် ဆိုရိုးအတိုင်း မီးဖိုချောင်တွင် အမျိုးသမီးများက ခေါက်ဆွဲလုပ်သူလုပ်၊ ဟင်းရည်ပြင်သူပြင်နှင့် အလုပ်ရှုပ်နေကြသည်။ နောက်ဆုံးတွင် ခေါက်ဆွဲပန်းကန်ကြီးများကို စစ်သည်များ၏ရှေ့သို့ ချပေးလိုက်ကြသည်။
အစပိုင်းတွင် စစ်သည်များက စားရန် တွန့်ဆုတ်နေကြသော်လည်း ကျိုးယိနိုက ရယ်ရယ်မောမော တိုက်တွန်းလိုက်သည်။
"ဒီရောက်ရင် အားလုံးက မိသားစုဝင်တွေပဲ၊ ဘာလဲ... မင်းတို့က ကောင်တီမင်းသမီး လုပ်ပေးတဲ့ ခေါက်ဆွဲကို မစားချင်လို့လား?"
ထိုစကားကြောင့် လူငယ်တစ်ရာကျော်က အားရပါးရ စားသောက်ကြတော့သည်။
စားသောက်ပြီးနောက်တွင် ကျိုးယိနိုက အနားမယူနိုင်သေးဘဲ သူ၏လူများနှင့်အတူ သတ်မှတ်ထားသော စစ်စခန်းသို့ ထွက်ခွာသွားခဲ့သည်။ စုန့်တင်းရှန်းက သူတို့ကို အပြင်အထိ လိုက်နှုတ်ဆက်ခဲ့သည်။
နောက်ဆုံးတွင် အဖွားနှစ်ဦးနှင့် စကားပြောရန် အချိန်ရလာခဲ့သည်။
"ငါတို့လည်း ဒီကို မလာချင်ပါဘူးဟယ်"
ပဉ္စမအဖွားက သက်ပြင်းချရင်း စပြောလာသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ရှမိသားစုကို ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် ရောက်လာတယ်လို့ ပြောကြတယ်။ အဲဒီ ရှချန်းဆိုတဲ့ကောင်က ပြည်သူတွေကို နှိပ်စက်တယ်၊ သူ့ဇနီးနဲ့ ကလေးကို အဆိပ်ခတ်တယ်လို့ ရေးထားတယ်တဲ့၊ အသေးစိတ်တော့ မသိပါဘူးအေ၊ ဒါပေမယ့် သူကတော့ မြို့တော်မှာ ကွပ်မျက်ခံရမှာတဲ့၊ ရှမိသားစု တစ်စုလုံးကိုလည်း အရာရှိရာထူးတွေအတွက် ယှဉ်ပြိုင်ခွင့် လုံးဝ ပိတ်ပင်လိုက်တယ်။ အဲဒီမှာတင် အကုန် ဗြောင်းဆန်ကုန်တာပဲ၊ စုန့်ထောင်ဟုန်လည်း ပြန်ရောက်လာပြီ၊ ဒါပေမယ့် အိမ် မပြန်ရဘဲ နန်ရှန်းမှာရှိတဲ့ သီလရှင်ကျောင်းကို အပို့ခံလိုက်ရတယ်။ ဧကရာဇ်မင်းမြတ်က သူ့ကို သူတို့ ကလေးအတွက် ဆုတောင်းပေးဖို့ အမိန့်ပေးလိုက်တာတဲ့"
လီရှီးက နားမလည်ဟန်ဖြင့် ဝင်မေးလိုက်သည်။
"အဲဒါက ငါတို့မိသားစုနဲ့ ဘာဆိုင်လို့လဲ"
ပဉ္စမအဖွားက စုန့်တင်းရှန်းကို ကြည့်ကာ ထပ်ပြောလာပြန်သည်။
"အခု နင့်မြေးမက အရာရှိဖြစ်နေပြီ မဟုတ်လား? တတိယခဲအိုရဲ့မိသားစုက အကူအညီတောင်းဖို့ လာခဲ့ကြတယ်လေ၊ ရှမိသားစုတောင် ရောက်လာသေးတယ်၊ ဒါပေမယ့် သူတို့ကို ဝမ်အိမ်တော်ကရော၊ ခရိုင်ရုံးကပါ ဒီအိမ်ထဲ အဝင်မခံဘဲ မောင်းထုတ်လိုက်တော့ သူတို့က ငါတို့ဆီ လာပြီး သောင်းကျန်းကြရော၊ အဲဒါကြောင့် ဆဋ္ဌမယောင်းမတို့နဲ့ တိုင်ပင်ပြီး အေးအေးဆေးဆေး နေရအောင် ဒီကို ထွက်လာခဲ့ကြတာ၊ ဒါပေမယ့် ရွာထဲမှာ တတိယခဲအိုရဲ့ မိသားစုနဲ့ ပတ်သက်ပြီး တခြားကိစ္စတစ်ခု ထပ်ဖြစ်ခဲ့သေးတယ်"
စုန့်တင်းရှန်းက ချက်ချင်း ပြန်မေးလိုက်သည်။
"စုန့်ကျောင်းရှင်းကြောင့်လား"
ပဉ္စမအဘွားက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အဲဒီကလေးမကတော့ တကယ်ကို ရူးသွားပြီ ထင်တာပဲ၊ သူ ဘာလုပ်ခဲ့သလဲလို့ ငါ ပြောရင် နင်တို့ ယုံတောင် ယုံမှာ မဟုတ်ဘူး"
“ မပြောရင်လည်း ကျွန်မတို့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"
ဆဋ္ဌမအဘွားက သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"တတိယခဲအိုနဲ့ တတိယယောင်းမက သူတို့ရဲ့သားသမီးတွေကို ဘယ်လိုများ ဆုံးမခဲ့သလဲ မသိတော့ပါဘူး၊ ဒီမိန်းကလေး နှစ်ယောက်ကတော့..."
ပဉ္စမအဘွားက ဆက်ပြောပြနေသည်။
"စုန့်ကျောင်းရှင်းက အရင်တုန်းက သူနဲ့ စေ့စပ်ထားတဲ့ မိသားစုဆီကို သွားပြီး သူတို့ လုပ်ထားသမျှ မကောင်းတဲ့ အရှုပ်ထုပ်ကို အကုန်ဖွင့်ချလိုက်တယ်လေ၊ အဲဒီလူတွေက ဒေါသထွက်ပြီး အိမ်တံခါးဝအထိ လာသောင်းကျန်းကြတာပေါ့၊ ဒါက အရမ်းအရှက်ရစရာကောင်းတဲ့ ကိစ္စဆိုတော့ ရွာသားတွေကလည်း မမြင်ချင်ယောင်ဆောင်နေခဲ့ကြတယ်၊ နင်တိုရဲ့ဆဋ္ဌမအဖိုးကလည်း ဒီကိစ္စထဲ ဝင်မပါချင်တာနဲ့ မြို့က ငါ့အိမ်ကို လာနေကြတာ၊ အဲဒီအချိန်မှာ ကျောင်းရှင်းက အားလုံးရှုပ်ယှက်ခတ်နေတာကို အခွင့်ကောင်းယူပြီး သူတို့အိမ်က ကလေးတွေကို ပြန်ပေးဆွဲသွားတော့တာပဲ"
"ဘာ"
လီရှီးတစ်ယောက် သူမ၏ရင်ဘတ်ကို ဖိထားရင်း မျက်လုံးများ ပြူးထွက်လုမတတ် အံ့သြနေခဲ့သည်။
"ကလေးတွေ အကုန်လုံးကို ဖမ်းခေါ်သွားတာလား၊ အခု ပြန်တွေ့ပြီလား"
ပဉ္စမအဘွားက ခေါင်းခါရင်း ညည်းညည်းညူညူ ပြောလာခဲ့သည်။
"လူအတော်များများကတော့ စုန့်ကျောင်းရှင်း လှည်းတစ်စီးကို မောင်းပြီး မြစ်ထဲကို တည့်တည့်မောင်းချသွားတာကို မြင်လိုက်ရတယ်တဲ့၊ သူ အဲဒီလှည်းကို ဘယ်ကရလာသလဲဆိုတာလည်း ဘယ်သူမှ မသိကြဘူး၊ ဟူး...."
ရင်ထဲမှ ဆစ်ခနဲ နာကျင်မှုကြောင့် စုန့်တင်းရှန်းလည်း စိုးရိမ်တကြီး ထပ်မေးလိုက်သည်။
"လှည်းမောင်းသွားတယ်၊ ကလေးဘယ်နှစ်ယောက် ပါသွားလဲ"
"တကယ့်ကို အဖြစ်ဆိုးကြီးပါပဲဟယ်၊ ကလေး ခုနစ်ယောက်၊ ရှစ်ယောက်လောက် ပါသွားတာ။ ငါနဲ့ နင်တို့ရဲ့ဆဋ္ဌမအဖွားဆို အဲဒီသတင်းကြားကတည်းက တစ်ညလုံး အိပ်လို့ တောင်မရဘူး"
"အို ဘုရားရေ"
အခန်းထဲမှ လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
စုန့်ရှင်းယိက အစပိုင်းတွင် မှင်သက်နေပြီးမှ ဒေါသတကြီး ထအော်လိုက်သည်။
"စုန့်ကျောင်းရှင်း... သူက ဘယ်လိုတောင် ဒီလိုကိစ္စမျိုးကို လုပ်ရဲတာလဲ"
ဆဋ္ဌမအဘိုးက ဝင်ပြောလာပြန်သည်။
"ဘာလို့ မလုပ်ရဲရမှာလဲ၊ အဲဒီကလေးမက ရည်မှန်းချက်ကြီးသူဖြစ်အောင် ပြုစုပျိုးထောင်ခံခဲ့ရတာ၊ သူတို့က ငယ်ငယ်တည်းက အလိုလိုက်ခံခဲ့ရတာလေ၊ အခု မိဘတွေရဲ့အချစ်ကို မခံရတော့တဲ့ အခြေအနေကို ရောက်သွားတယ်၊ သူ ဘယ်လိုလုပ်ပြီး မနာလို မဖြစ်ဘဲ နေနိုင်မှာတုန်း၊ အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုတို့ရဲ့ မိသားစုတွေကလည်း အဲဒီကိစ္စမှာ ဝင်ပါခဲ့ကြသေးတယ်၊ သူက ကလဲ့စားမချေဘဲ မနေဘူးလေ။ အခုတော့ အစ်ကို သုံးယောက်စလုံးရဲ့ မိသားစုတွေ အကြီးအကျယ် ရန်ဖြစ်ကြပြီး လက်ပါတဲ့အထိ ဖြစ်နေကြပြီ၊ ငါ့ကိုတောင် လာပြီး အကူအညီတောင်းခဲ့ကြသေးတယ်၊ ငါက ဘာလုပ်ပေးနိုင်မှာလဲ၊ အဲဒီကို သွားဖို့တောင် ငါ ရှက်လွန်းလို့ မသွားရဲဘူး"
စုန့်ရှင်းယိကတော့ ဒေါသထွက်လွန်းလို့ မူးလဲချင်နေပြီဖြစ်သည်။
"ငါတို့ စုန့်မိသားစု.... ငါတို့ စုန့်မိသားစု ဘယ်လိုဖြစ်လို့ ဒီလောက်အထိ အရှက်ကွဲရတဲ့ အခြေအနေအထိ ရောက်သွားရတာလဲ၊ ငါတို့အိမ်က တင်းရှန်းက ဒီလောက် ထက်မြက်ပြီး အရည်အချင်းရှိသလောက်... ဟိုဘက်အိမ်ကတော့... ဟူး"
ဆဋ္ဌမအဘိုးက ဆက်ပြောနေခဲ့သည်။
"တတိယအစ်ကိုရဲ့ မိသားစုကလည်း လုံးဝ ပြိုကွဲသွားပြီ၊ အကြီးဆုံးမြေးကတော့ ဒေါသထွက်လွန်းလို့ ရူးမတတ်ဖြစ်နေတယ်၊ သူက အထုပ်အပိုးပြင်ပြီး သူ့မိန်းမရဲ့အိမ်ကို လိုက်သွားပြီ၊ ဘယ်တော့မှ ပြန်မလာဘူးတဲ့၊ ဒုတိယသားရဲ့ သားနှစ်ယောက်ကလည်း အဲ့ဒီဝင်းထဲမှာ နေရတာ ရွံဖို့ ကောင်းတယ်ဆိုပြီး အိမ်ခွဲထွက်ဖို့ လုပ်နေကြပြီ"
စုန့်ရှင်းယိက ရုတ်တရက် မျက်ရည်ကျလာခဲ့သည်။
"ကံကောင်းထောက်မလို့ ငါတို့မိဘတွေ ဆုံးသွားကြပြီ.... ငါတို့ မိဘတွေသာ ရှိနေသေးရင် ဒါတွေကို မြင်ရတာနဲ့ သူတို့ ရူးသွားကြမလားပဲ၊ အရင်က တတိယအစ်ကိုရဲ့မိသားစုဆီမှာ ဒီလိုအမူအရာမျိုးတွေ တစ်ခါမှ မတွေ့ခဲ့ရပါဘူး၊ အခုတော့ ဘာတွေဖြစ်ကုန်တာလဲ"
စုန့်လောင်လျိုက သက်ပြင်းချရင်း ပြောလာပြန်သည်။
"အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုရဲ့ မိသားစုတွေကလည်း ဆူဆူပူပူ ဖြစ်နေတာပါပဲ၊ မရီးတွေဘက်က အမျိုးတွေ လာသောင်းကျန်းနေကြတယ်တဲ့၊ သူတို့က တင်းရှန်း ကောင်တီမင်းသမီး ဖြစ်သွားတာကို သိတော့ တင်းရှန်းက သူ့တိုကို လာဖမ်းမယ်တောင် အော်ဟစ်နေကြသေးတယ်။ အရမ်းရှုပ်ထွေးနေတာ... တင်းရှန်း၊ ရွာကိုတော့ ပြန်မသွားနဲ့ဦး၊ အဲဒီလူတွေ တကယ်ပဲ စိတ်လွတ်နေကြပြီ"
စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်မ ပြန်သွားရင်တောင် ကျူးဇီကောကို ခေါ်သွားမှာပါ၊ ပြီးတော့ ကျွန်မ သူတို့ကို မကြောက်ပါဘူး၊ ကျွန်မတို့ အိမ်ခွဲနေကြတာ ကြာပြီလေ၊ သူတို့ဘဝတွေ ဒီလိုပျက်စီးသွားတာက ကျွန်မကြောင့်မှ မဟုတ်တာ၊ သူတို့ဘာသာ အရာအားလုံး ရှုပ်ထွေးအောင်လုပ်ထားကြတာလေ၊ ကျွန်မက သူတို့ကို တောင်းပန်ရမှာလား"
"သူတို့က နင့်ဆီကနေ ပိုက်ဆံညှစ်ဖို့ ကြိုးစားကြလိမ့်မယ်"
ဆဋ္ဌမအဘိုးက သတိပေးလာသောကြောင့် စုန့်တင်းရှန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
"အဲဒါဆိုရင် ကျွန်မ ပိုတောင် မကြောက်တော့ဘူး၊ အခု ကျွန်မက ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဒုတိယအဆင့် ဝေ့နဥ်မင်းသမီးပဲ၊ တစ်ယောက်ယောက်က ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်စေရင် ကျွန်မကလည်း ညှာတာနေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ကိစ္စတွေ ကြီးထွားမလာအောင် အရင်ဆုံး သူတို့ကို သတိပေးစကားတော့ ပြောရမှာပေါ့"
ဆဋ္ဌမအဘိုးက ရယ်မောရင်း ပြောလာပြန်သည်။
"မင်းရဲ့ ဦးနှောက်ကတော့ တကယ်ကို လူတကာထက် သာပါတယ်"
စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။
"ကျွန်မတို့က ကိုယ့်ဘဝနဲ့ ကိုယ် အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာပါ၊ ဒါပေမယ့် အေးအေးနေချင်တယ်ဆိုတာနဲ့ ပြဿနာကို ကြောက်နေမှာ မဟုတ်ဘူး၊ အခု ကျွန်မတို့ မိသားစုမှာ စစ်သူကြီးတစ်ယောက်ရှိတယ်၊ ကောင်တီမင်းသမီးတစ်ပါး ရှိတယ်၊ တခြားလူတွေကတော့ မနာလိုဖြစ်ရုံပဲ တတ်နိုင်တော့မှာလေ"
ဆဋ္ဌမအဘိုးက ခေါင်းညိတ်နေပြန်သည်။
"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ ဒါပေမယ့် ငါတို့ကိုတော့ အခြေအနေတွေ ငြိမ်သက်သွားတဲ့အထိ ကောင်တီမင်းသမီးရဲ့ အိမ်တော်မှာ ဆက်နေခွင့်ပေးပါဦး၊ ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် ငါ အစကတည်းက အရာအားလုံးကို ရောင်းချပြီး မြို့ပေါ်ကိုပဲ ပြောင်းလာခဲ့ပါတယ်၊ အခုတော့ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ"
နှစ်ရက်ခန့် အနားယူပြီးနောက် စုန့်တင်းရှန်းက မင်းသားကြီးရှစ်လွှတ်လိုက်သော လူများကို ခေါ်တွေ့လိုက်သည်။
"ဒါက ကျွန်မ ခင်ပွန်းဆီမှာရှိတဲ့ ကျောက်စိမ်းဆွဲပြားရဲ့ ပုံစံတူ ပန်းချီကားချပ်ပါ၊ ဒီကျောက်စိမ်းဆွဲပြား အစစ်ကိုတော့ ယူသွားလို့ မရဘူး၊ တကယ်လို့ လမ်းမှာ ပျောက်ဆုံးသွားရင် နောက်ပိုင်းကျ နားလည်မှုလွဲတာတွေ ဖြစ်ကုန်မှာ စိုးရိမ်လို့ပါ"
ထိုလူကလည်း တလေးတစား ပြန်ပြောလာခဲ့သည်။
"ကျွန်တော် နားလည်ပါတယ်ခင်ဗျာ၊ မင်းသားကြီးကလည်း ဒီပုံစံကို မြင်ရရင်ပဲ ရပါပြီလို့ မှာကြားထားပါတယ်"
စုန့်တင်းရှန်းက နူးညံ့သော ပိုးဖြူစကို ခေါက်လိုက်ပြီး သူမ၏ လက်မကို အနီရောင်ပြဒါးရိုင်းထဲသို့ နှစ်ကာ ထိုပိတ်စပေါ်တွင် လက်ဗွေ နှိပ်လိုက်သည်။ ထို့နောက် ထိုပိုးစကို ကတ်ကြေးဖြင့် တစ်ဝက်တိတိ ဖြတ်တောက်လိုက်သည်။ သူမက ပိုးစတစ်ဝက်ကို သေတ္တာထဲသို့ ထည့်ရင်း ထပ်ရှင်းပြလိုက်သည်။
"ခရီးက ဝေးတော့ မတော်တဆမှုတွေ ဖြစ်မှာကို ကျွန်မ စိုးရိမ်တယ်၊ ဒီပိုးစတစ်ဝက်ကို မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးဆီ အရင်ပြလိုက်ပါ။ တကယ်လို့ သူတို့က နောက်တစ်ဝက်ကို ကြည့်ချင်တယ်ဆိုရင် ဒီပိုးစနဲ့ လာလဲလှယ်ရလိမ့်မယ်။ ပုံစံချင်း တိုက်ကြည့်လို့ ကိုက်ညီတယ်ဆိုမှ ကျွန်မ နောက်တစ်ဝက်ကို ပေးမှာပါ၊ တကယ်လို့ မကိုက်ညီဘူးဆိုရင်တော့..."
ထိုလူက အမြန်ခေါင်းညိတ်ရင်း အာမခံလိုက်သည်။
"ဝေ့နဥ်မင်းသမီး စိတ်ချပါ၊ ကျွန်တော် ဒီပိုးစ ဘာမှမဖြစ်အောင် အသက်နဲ့လဲပြီး ကာကွယ်သွားပါ့မယ်"
စုန့်တင်းရှန်းက သတိထပ်ပေးလိုက်သည်။
"အဲ့လို လုပ်တာက အကောင်းဆုံးဆိုတာ ရှင်လည်း သိမှာပါ၊ တကယ်လည်း ဒါက အသက်နဲ့ရင်းပြီး စောင့်ရှောက်ရမယ့် ပစ္စည်းပဲ၊ တကယ်လို့ ပျောက်သွားရင် မင်းသားကြီးနဲ့ ကြင်ယာတော်မင်းသမီးကြီးလည်း ရှင့်ကို ခွင့်လွှတ်မှာမဟုတ်သလို၊ ကျွန်မကလည်း အလွှတ်ပေးမှာ မဟုတ်ဘူး"
ဤနည်းလမ်းကို သူမ တစ်ညလုံး စဉ်းစားခဲ့ခြင်းပင်။ အစပိုင်းတွင် သူမ ထိုလူအား ကျောက်စိမ်းဆွဲပြားအစစ် ပေးရန်ပင် တွေးခဲ့သေးသည်။
သို့သော် ကျိုးယိနိုအတွက် သူ့၏မျိုးရိုးကို သက်သေပြနိုင်မည့် ပစ္စည်းက ထိုတစ်ခုသာ ရှိခဲ့သည်။ ထိုအရာ ပျောက်သွားလျှင် ဘာသက်သေမှ ကျန်တော့မည် မဟုတ်ပေ။ ယခုခေတ်က အွန်လိုင်းပေါ်မှ ဓာတ်ပုံပို့နိုင်သည့်ခေတ်လည်း မဟုတ်ပေ။ လူကြုံနှင့် သတင်းပို့ရချိန်တွင် ခရီးလမ်း၌ အားလုံး ချောမွေ့နေမည်ဟု မည်သူမျှ အာမ မခံနိုင်ပေ။
ယခု ပိုးထည်စတွင်ပင် ကျောက်စိမ်းဆွဲသီး၏ပုံစံကို တစ်ဝက်သာ ပြထားကြောင့် တစ်စုံတစ်ယောက်က အတုရန် ကြိုးစားလျှင်ပင် ပုံစံတူအောင် လုပ်နိုင်မည် မဟုတ်ပေ။ နောက်တစ်ဝက်ကို ကြည့်ချင်လျှင် ဤနေရာသို့ ထပ်လာပြီး ပိုးထည်စချင်း လဲလှယ်ရမည်ဖြစ်သည်။ ထိုအချိန်တွင်လည်း ခေါက်ရာပေါ်မှ လက်ဗွေကို တိုက်ကြည့်စစ်ဆေးမည် ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က အစိတ်အပိုင်းနှစ်ခုလုံး ရသွားပြီး ကျောက်စိမ်းဆွဲပြားအတု လုပ်ရန် ကြိုးစားလျှင်ပင် သူမတို့ဘက်မှ တစ်လှမ်းသာနေဦးမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပန်းချီကားက ပန်းချီကားသာဖြစ်သည်။ မင်းသားကြီးရှစ်နှင့် ကြင်ယာတော်မင်းသမီးက ဤပုံကို ကြည့်ရုံဖြင့် မှတ်မိနိုင်ပေလိမ့်မည်။ တခြားလူများကတော့ ပန်းချီကို ကြည့်ရုံဖြင့် ကျောက်စိမ်းဆွဲပြား၏ မူရင်းအတိုင်း တထပ်တည်းတူအောင် ပြုလုပ်ဖို့က လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
ထိုလူကို နှုတ်ဆက်ပြီးနောက် စုန့်တင်းရှန်းက ဧကရာဇ်နှင့် မင်းသားကြီးတို့ ဆုချီးမြှင့်လိုက်သော ပစ္စည်းများကို စတင်စာရင်းပြုစုနေသည်။ ထိုပစ္စည်းများကို အနောက်ဘက်ဝင်းရှိ အခန်းလွတ်အချို့တွင် ပုံထားရပြီး ကံကောင်းသည်က ထိုဝင်းထဲတွင် လူနေထိုင်ခြင်းပင်။ ထိုသို့မဟုတ်လျှင် ဤမျှလောက်တန်ဖိုးရှိသည့် ပစ္စည်းများအား စိတ်ချလက်ချ ပုံထားနိုင်မည် မဟုတ်ပေ။
အစပိုင်းတွင် စုန့်တင်းရှန်းက အနောက်ဘက်ဝင်းကို ရှင်းလင်းပြီး အလုပ်ရုံအဖြစ် ပြောင်းလဲရန် စီစဉ်ထားခဲ့သည်။ သို့သော် ယခု သူမလက်ထဲတွင် ငွေသားအမြောက်အမြား ရှိနေသောကြောင့် အလုပ်ရုံတည်ဆောက်ရန် မြေလွတ်မြေရိုင်းများ အလွယ်တကူ ဝယ်နိုင်နေပြီဖြစ်သည်။
လက်မှုလုပ်ငန်းများ ရှိလာလျှင် ပတ်ဝန်းကျင်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးနိုင်မည် ဖြစ်သလို၊ သူမတို့ မိသားစု၏ ရာစုနှစ်ချီ သက်တမ်းရှိမည့် "ပဲငံပြာရည်" အမှတ်တံဆိပ်ကို စဉ်းစားမိရင်း စုန့်တင်းရှန်းတစ်ယောက် စိတ်လှုပ်ရှားနေခဲ့သည်။
‘အခု သူမက ကောင်တီမင်းသမီးတစ်ပါး ဖြစ်လာတာကြောင့် ကျေးကျွန်ဝယ်တာ၊ အလုပ်သမားငှားယမ်းတာနဲ့ အလုပ်ရုံတည်ထောင်တာတွေအတွက် ဘာကန့်သတ်ချက်မှ မရှိတော့ဘူး။ အရင်က သူမကိုယ်တိုင် ကျေးလက်တောရွာက မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့် လုပ်ငန်း တိုးချဲ့လိုက်ရင် ကိုယ့်လုပ်ငန်းကို မကာကွယ်နိုင်တော့မှာအတွက် စိုးရိမ်ခဲ့ရဖူးတယ်။’
‘ဒါပေမယ့် အခုတော့ အခြေအနေတွေက လုံးဝကွဲပြားသွားပြီ။ ကောင်တီမင်းသမီးတစ်ပါးမှာ ကိုယ်ပိုင်လုပ်ငန်းရှိတာက သဘာဝကျသလို၊ ဘယ်သူကမှ သူမကို လာပြီး ပြဿနာရှာရဲတော့မှာ မဟုတ်ဘူး။ သူမ ပဲငံပြာရည်လုပ်ငန်းကို အပိုင်းပိုင်း အစိပ်စိပ် ခွဲပြီး မိသားစုဝင်တွေကို စီမံခန့်ခွဲခိုင်းဖို့ စီစဉ်ထားတယ်။ အခုတော့ သူမမှာ အာဏာကြီးမားတဲ့ ယောက္ခမတွေ ရှိနေပြီဆိုပေမယ့် မိခင်မိသားစုကိုတော့ တစ်နည်းမဟုတ်တစ်နည်း အားကိုးနေရဦးမှာပဲ။’
‘ဒါပေမယ့် ကိုယ့်မိသားစုဘက်ကိုပဲ ဦးစားပေးလွန်းနေရင်လည်း မကောင်းတဲ့အမြင်တွေ ထွက်လာနိုင်တယ်၊ သူမက ပဒေသရာဇ်ခေတ်ရဲ့ အခြေအနေတွေကို ကောင်းကောင်းသိထားပြီးသားပါ’
စုန့်တင်းရှန်းက လျိုတကွေ့ကို ခေါ်လိုက်ပြီး သူကြွယ်ကြီးဝမ်နှင့် သူ့ဇနီးအား ထမင်းလက်ဆုံစားရန် ဖိတ်ခေါ်ခိုင်းလိုက်သည်။
‘မိတ်ဆွေများလေလေ လမ်းကြောင်းပွင့်လေလေပဲ။ အစတုန်းက သူမတို့ အဆင်ပြေဖို့ ဝမ်မိသားစုဆီကနေ အကာအကွယ်ယူခဲ့ရတာ မှန်ပေမယ့် နှစ်တွေကြာလာတဲ့အခါ သူတို့ဆီက အကူအညီတွေ အများကြီး ရခဲ့တယ်။ အခု သူမမှာ ချမ်းသာကြွယ်ဝမှုတွေ ရှိလာပြီဆိုပေမယ့် အရင်က ကူညီခဲ့ဖူးတဲ့ မိတ်ဆွေတွေကိုတော့ မေ့ပစ်လို့ မရဘူး။ ပြီးတော့ ဒီခေတ်မှာ စကားတစ်ခွန်းရှိတယ်လေ၊ "ဒေသခံမြွေက အပြင်ဘက်က နဂါးတွေထက်တောင် တန်ခိုးထွားတယ်"တဲ့’
လျိုတကွေ့ အပြေးအလွှား ထွက်သွားပြီးနောက် စုန့်တင်းရှန်းက အိမ်ထဲမှ ပစ္စည်းများကို စာရင်းဆက်လုပ်နေခဲ့သည်။ ပိုးထည်သေတ္တာလေးတစ်လုံးကို ဖွင့်ကြည့်လိုက်ချိန်တွင်တော့ သူမ အံ့သြသွားပြီး ပြုံးမိသွားရသည်။
သေတ္တာထဲတွင် ပန်းပွင့်ပုံစံ ဆပ်ပြာလေးတွေ ရှိနေပြီး သင်းပျံ့သည့် ရနံ့လေး ထွက်နေသည်။ ၎င်းက သာမန်ဆပ်ပြာမဟုတ်ဘဲ သူမကိုယ်တိုင် သူကြွယ်ကြီးဝမ်ကို ပေးခဲ့သည့် နည်းလမ်းအတိုင်း ပြုလုပ်ထားသည့် ဆပ်ပြာများ ဖြစ်သည်။
ယခု ဤဆပ်ပြာများက မြို့တော်အထိ ရောက်ရှိသွားပြီး အတော်လေး ရေပန်းစားနေပုံရသည်။
........။.......။........
စာရေးသူ၏ မှတ်ချက်
ကျိုးယိနို : “ဇနီးလေး... ကိုယ်တို့ အိမ်ပြန်ရောက်ပြီ...”
စုန့်တင်းရှန်း : “သိတယ်လေ”
ကျိုးယိနို : “ကိုယ်တို့ အိမ်ပြန်ရောက်ပြီဆိုတော့... ဟိုလေ...”
စုန့်တင်းရှန်း : “.....”
ကျိုးယိနို : “သိတယ်မဟုတ်လား... အဟမ်း....”
စုန့်တင်းရှန်း : “......”